သူတော်စင်ဖြစ်လာရန် လမ်းကြောင်းတည်ဆောက်ရန်
Vol. 40 Ch. 549
ကျန်းလန်နှင့် ရှောင်ယွိကို ဂါရဝပြုပြီးနောက် လျိုတာ့ဟူတို့မိသားစု ထိုနေရာတွင် အချိန်အတန်ကြာနေကြပြီးမှ ထွက်ခွာသွားခဲ့ကြသည်။
အုတ်ဂူများတစ်ဝိုက်တွင် မည်သူမှမရှိတော့ဘဲ ဆောင်းဦးလေပြေလေးသာ တိုက်ခတ်လျှက် အဖော်ပြုပေးနေခဲ့သည်။
အုတ်ဂူထဲတွင် ကျန်းလန်နှင့်ရှောင်ယွိတို့ တိတ်ဆိတ်ငြိမ်သက်စွာ အိပ်စက်နေကြပြီး အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားလေသည်။
သူတို့၏ ရုပ်အလောင်းများ တဖြည်းဖြည်းပုပ်ပွဆွေးမြေ့သွားကြသည်။ အချိန်ကာလများစွာ ကြာမြင့်ပြီးနောက် ကျန်းလန်၏ ရုပ်ခန္ဓာမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းက ရှောင်ယွိ၏ ရုပ်ခန္ဓာကိုပါ ဖုံးလွှမ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။
အလင်းရောင်က ပိုမိုတောင်ပလာပြီး ကျန်းလန်နှင့် ရှောင်ယွိ၏ ရုပ်အလောင်းများသည်လည်း တောက်ပလာကြသည်။ ထို့နောက် ရုပ်အလောင်းများထဲမှ ဝိညာဉ်အခိုးအငွေ့များ ထွက်ပေါ်လာပြီး မြေဆီလွှာနှင့် မြက်ပင်ပေါင်းပင်များကို ဖြတ်သန်းကာ ကောင်းကင်ထက်သို့ တက်သွားသည်။
ဝိညာဉ်အခိုးအငွေ့များက တဖြည်းဖြည်းအသွင်ပြောင်းသွားပြီး လူငယ်တစ်ယောက်နှင့် မိန်းကလေးတစ်ယောက်အသွင် ပြောင်းလဲသွားသည်။ သူတို့က ကျန်းလန်နှင့် လုန်ယွိမှလွဲပြီး အခြားသူများ မဟုတ်ကြပေ။
သူတို့၏သေမျိုးလူသားရုပ်အလောင်းများက မြေကြီးထဲတွင ်ယခုအချိန်ထိ တိတ်ဆိတ်ငြိမ်သက်စွာ အိပ်စက်နေကြဆဲ ဖြစ်သည်။
မြက်ပင်ပေါင်းပင်များဖြင့်ပြည့်နက်နေသည့် အုတ်ဂူများကို ကျန်းလန် ခေါင်းငုံ့ကြည့်လိုက်သည်။ ထိုနေရာက သူတို့ကို မြှုုပ်နှံထားရာနေရာနှင့်ပင်မတူတော့ဘဲ သာမန်တောင်တစ်လုံးအလားပင် ထင်မှတ်ရသည်။ အချိန်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် မည်သူမှ သူတို့ကို မမှတ်မိကြတော့ပေ။
မိသားစုများသည်လည်း အတိတ်ကိုသတိရနေကြမည်ဖြစ်သည့်တိုင် နှစ်ပေါင်းကြာရှည်လာသည်နှင့်အမျှ သေဆုံးသွားကြသူများကို မေ့ပျောက်ပြီး ကိုယ့်ဘဝကိုယ် ဆက်လက်လျှောက်လှမ်းသွားကြမည် ဖြစ်သည်။
ကျန်းလန်ဘေးနားတွင် မတ်တတ်ရပ်နေသည့် လုန်ယွိကတော့ မျက်ရည်များဝဲလျှက်ရှိသည်။ သူမသည် သေမျိုးလူသားလောက၏ နာကျင်မှု ၊ ပျော်ရွှင်မှုနှင့် စိတ်ခံစားချက်များကို အပြင်းထန်ဆုံး ခံစားခဲ့ရသူ ဖြစ်သည်။ ကျန်းလန်က လုန်ယွိ၏ပခုံးလေးကို အသာပွေ့ဖက်ထားရင်း မည်သည့်စကားမှ မဆိုပေ။
ကျင့်ကြံသူများဖြစ်ကြသည့် ကျန်းလန်နှင့် ရှောင်ယွိတို့က မသေနိုင်ကြသော်လည်း အခြားသော သာမန်လူသားများကတော့ သေဆုံးကြရမည် ဖြစ်သည်။
ကျန်းလန်က တာအိုလမ်းစဉ် အဆုံးထိ လျှောက်လှမ်းနိုင်ခဲ့ပြီဖြစ်သော တာအိုအင်မော်တယ်တစ်ယောက် ဖြစ်သည်။ သူက လွတ်မြောက်ပြီးသူတစ်ယောက် ဖြစ်သောကြောင့် သေမျိုးလူသားလောက၏ နာကျင်စရာများ ၊ ပျော်ရွှင်စရာများနှင့် စိတ်ခံစားချက်များကို ခံစားခဲ့ခြင်း မရှိပေ။
သို့သော် အစစ်အမှန်အင်မော်တယ်အဆင့်သာရှိသေးသည့် လုန်ယွိကတော့ သေမျိုးလူသားလောက၏ အနိမ့်အမြင့်အတက်အကျ လောကဓံတရားများကို နားလည်ခံစားခဲ့ရသည်။
လူများ၏ အမုန်းတရား ၊ လက်မခံနိုင်ခြင်းမှသည် လက်ခံလာပြီး ခင်မင်တွယ်တာလာခြင်းများအထိ သူမ တွေ့ကြုံခံစားခဲ့သည်။ ပျော်ရွှင်ပြုံးပျော်ရခြင်းများနှင့် ဝမ်းနည်းမျက်ရည်ကျရခြင်းများကိုလည်း ရင်ဆိုင်ခဲ့ရသည်။
လုန်ယွိသည် ဆင်းရဲဒုက္ခများစွာကြားမှ ချိုမြိန်မှုကိုလည်း ရရှိခဲ့သည့်အတွက ်ဝမ်းသာမိသည်။
လူသားများသည် သေမျိုးလောက၏ ဒုက္ခပင်လယ်ထဲတွင် တစ်လျှောက်လုံး အသက်ရှင်သန်ခဲ့ကြသည်။ နောက်ဆုံး မျက်လုံးမှိတ်သွားသည့်အချိန်မှသာ စိတ်သက်သာရာ ရကြပေမည်။ စိတ်သက်သာရာမရကြသူများကတော့ ထွက်ခွာရန် တွန့်ဆုတ်နေကြမည် ဖြစ်သည်။
ကျန်းလန်ကတော့ သေမျိုးလူသားများ၏ ခံစားချက်များအတိုင်း မခံစားရသော်လည်း ရှောင်ယွိကတော့ အရာရာတိုင်းကို တုံ့ပြန်ခံစားခဲ့သည်။
သေမျိုးလူသားလောကသည် တိုတောင်းပြီး ခါးသက်သော်လည်း စိတ်လှုပ်ရှားဖွယ်ရာများနှင့် ပြည့်နက်နေသည့် လျှပ်တပြက်ရှင်သန်မှုသာ ဖြစ်သည်။ သေမျိုးလူသားလောကသည် လူတစ်ယောက်၏စိတ်နှလုံးကို ပျော့ပြောင်းလာစေသည်။ ဘဝကတိုတောင်းသောကြောင့်လေလားမသိ ၊ ရှင်သန်စဉ်ကာလအဖြစ်အပျက်များသည် မမေ့နိုင်စရာဖြစ်ခဲ့သည်။
ကျန်းလန် ကောင်းကင်ထက်မော့ကြည့်လိုက်သည်။
ကောင်းကင်ထက်တွင် တိမ်ညိုများအုံ့ဆိုင်းနေပြီး ထိုတိမ်ညိုများက လူတိုင်း၏ အမြင်အာရုံကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့နေသကဲ့သို့ ရှိသည်။
ထိုတိမ်တိုက်များသည် သူလျှောက်လှမ်းရည့်အနာဂတ်လမ်းကို ပိတ်ဆို့ဘောင်ခတ်ထားသည်ဟု ကျန်းလန် ခံစားရသည်။ ထိုသို့ပိတ်ဆို့ထားမှုက အထင်ကြီးလောက်စရာဖြစ်သော်လည်း ကျန်းလန်၏မျက်ဝန်းများကတော့ ပိတ်ဆို့မှုကို ဖောက်ထွင်းတွေ့မြင်နိုင်ခဲ့ပြီ ဖြစ်သည်။
သေခြင်းတရားနှင့် ဘဝ၏အနိမ့်အမြင့်အတက်အကျများက ရှေ့ဆက်ရမည့်လမ်းစဉ်ကို သိမြင်နိုင်ခဲ့ခြင်း မရှိပေ။ သို့သော် ရှေ့ဆက်ရမည့်လမ်းစဉ်၏ အခြေခံအုတ်မြစ်ကို ရှာဖွေတွေ့ရှိစေခဲ့သည်။
မရှိမှုတရားမှ သဘာဝတရား မွေးဖွားလာခဲ့သည်။ သဘာဝတရားက မဟာတာအိုကို မွေးဖွားပေးခဲ့သည်။ မဟာတာအိုသည် လူတစ်ယောက်၏ ဝိညာဉ်ချီစွမ်းအားကို မွေးဖွားပေးခဲ့ပြီး ထိုချီစွမ်းအားသည် ယင်နှင့်ယန်ဟု ကွဲပြားသွားသည်။
ယင်နှင့်ယန်သည် လောကကြီးပင်ဖြစ်ပြီး အရာအားလုံးသည် ထိုလောကကြီးတွင် မွေးဖွားလာကြသည်။ ဤသည်မှာ ဖန်ဆင်းခြင်း၏အရင်းအမြစ် ၊ သူတော်စင်ဖြစ်လာရန် လမ်းကြောင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။
ကျန်းလန်သည် အရာအားလုံး ပိတ်ဆို့ခံထားရသည်ကို သိရှိသည်။ အရာရာတိုင်းက ကန့်သတ်ချက်များရှိနေသည့်တိုင် သူက ထိုးဖောက်ထွက်ပြီး သူနှင့်သက်ဆိုင်သည့်လမ်းကို ရှာဖွေချင်သည်။
“ဘုန်း”
ကျန်းလန် လက်တစ်ဖက်ကို ကောင်းကင်ထက်သို့ ဆန့်တန်းလိုက်ပြီး ဝှေ့ယမ်းလိုက်သည်။
လေနှင့်တိမ်တိုက်များ ပြောင်းလဲသွားပြီး ကောင်းကင်ထက်တွင် လျှပ်စီးကြောင်းများစွာ ဟုန်းဟုန်ထ ထွက်ပေါ်လာသည်။ တိမ်မည်းများသည်လည်း ကြောက်မ်ကဖွယ်ရာအော်မြည်လျှက် ကျန်းလန်၏ တန်ခိုးစွမ်းအားကို လက်မခံချင်ဘဲ အော်ဟစ်ရုန်းကန်နေဟန် ရှိသည်။
ထို့နောက် တိမ်ညိုတိမ်မဲများသည် ဆန္ဒမရှိပါဘဲ ဘေးသို့ ရွေ့လျားသွားကြသည်။
“ဘုန်း”
ကျယ်လောင်သည့် မိုးခြိမ်းသံကြီးသည့် အနောက်ဘက်စွန့်ပစ်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
လူတိုင်းကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ ကောင်းကင်ကြီး ကြည်လင်နေပါလျှက် အဘယ့်ကြောင့် မိုးခြိမ်းသံများထွက်ပေါ်လာသည်ကို မည်သူမှ နားမလည်ကြပေ။
***
ခွန်လွန်တောင်။
အဋ္ဌမမင်းသား ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
“ဒီနေ့ ဘာလို့ မိုးတွေခြိမ်းနေရတာလဲ ၊ ပြီးတော့ ဒီလျှပ်စီးတွေကိုကြည့်ရတာ တစ်ခုခု မူမမှန်သလိုပဲ”
ကောင်ငယ်လေးသည်လည်း စိတ်ရှုတ်ထွေးစွာဖြင့် ကောင်းကင်ထက်မော့ကြည့်လိုက်သည်။ တစ်စုံတစ်ခု မူမမှန်သည်ကို သိရှိသော်လည်း မည်သည့်အရာက မူမမှန်ကြောင်း မသိရှိပေ။
ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်။
တောင်သခင်များ စုရုံးပြီး အစည်းအဝေး ပြုလုပ်နေကြသည်။
ကောင်းကင်ထက်တွင် ထူးခြားသည့်လျှပ်စီးကြောင်းများ ထွက်ပေါ်လာခြင်းက သူတို့ကို ဆွဲဆောင်ခဲ့လေသည်။ ထိုလျှပ်စီးကြောင်းများက မည်သည့်အဓိပ္ပါယ်ရှိကြောင်း သူတို့အားလုံး နားလည်ကြသည်။
ကျူးချင်က လျှပ်စီးကြောင်းများကိုကြည့်ရင်း အံ့အားသင့်သွားသည်။
“ဒါက တာအိုအင်မော်တယ်အဆင့်အထက်မှာရှိတဲ့ လျှပ်စီးကြောင်းတွေပဲ ၊ တစ်ယောက်ယောက်က သူတော်စင်တစ်ပိုင်း ဖြစ်တော့မှာလား”
ဖုန်းယီရှောက်က မျက်မှောင်ကြုတ်လိုက်ရင်း…
“သူတော်စင်တစ်ပိုင်း မဟုတ်ဘူး ၊ အဲဒီထက်အဆင့်ပိုမြင့်တယ်”
ကျိုးကျုန်းထျန်းကတော့ ထိုလျှပ်စီးများကို ခံစားရလေ တုန်လှုပ်လေ ဖြစ်နေသည်။
“တစ်ယောက်ယောက်က ပြီးပြည့်စုံတဲ့ သူတော်စင်တစ်ယောက်ဖြစ်လာဖို့အတွက် လမ်းကြောင်းတစ်ခုကို ဖွင့်နေတာပဲ”
သူတော်စင်တစ်ပိုင်းဖြစ်ခြင်းက သူတို့အားလုံးကို အံ့အားသင့်စေမည်ဖြစ်သော်လည်း ပြီးပြည့်စုံသော သူတော်စင်ဖြစ်လာရန် လမ်းကြောင်းဖွင့်လှစ်ခြင်းကတော့ အံ့အားသင့်စေခြင်းသာမက တုန်လှုပ်စရာကောင်းသည့်ကိစ္စဖြစ်သည်။
“ဒါနဲ့ ကျန်းလန်နဲ့ရှောင်ယွိ တောင်ပေါ်ကဆင်းသွားတာ အနှစ် (၈၀)လောက်ရှိပြီနော် ၊ သူတို့ ပြန်လာကြတော့မယ်ထင်တယ်”
မြောင်ယွဲ့က ရုတ်တရက် ကျန်းလန်ကိုသတိရသွားပြီးပြောလိုက်သည်။ ထို့နောက် မော့ကျန်းသုန့်ကို အဓိပ္ပါယ်ပါပါဖြင့် လှမ်းကြည့်လိုက်၏။
“ဂိုဏ်းတူအစ်ကိုရော ဘယ်လိုထင်လဲ”
မော့ကျန်းသုန့်က ခပ်အေးအေးလေသံဖြင့်…
“အင်း… ဖြစ်နိုင်ပါတယ်”
ချန်ရှီက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရင်း…
“သူ အောင်မြင်မှာလား”
လျိုကျင်းက…
“ဒီမေးခွန်းက နည်းနည်းလွဲနေတယ် ၊ သူက သူတော်စင်ဖြစ်လာမယ့် လမ်းစဉ်ကို ဖွင့်ပေးနိုင်မလား ၊ ဒါမှမဟုတ် သူတော်စင်ဖြစ်လာနိုင်မလားလို့ မေးတာလား”
ခဏမျှစဉ်းစားပြီးမှ လျိုကျင်းက ဆက်ပြောသည်။
“သူ့အနေနဲ့ သူတော်စင်တစ်ယောက်တော့ ဖြစ်လာနိုင်မှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ရှေ့လမ်းစဉ်ကို ဖွင့်နိုင်မလားဆိုတာကတော့ ဖြစ်နိုင်ခြေရှိတယ်”
မြောင်ယွဲ့က ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“မကြာခင်ကပဲ ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ သဘာဝဘေးအန္တရယ်တွေ အများကြီးဖြစ်ပေါ်လာတယ် ၊ ငလျင်တွေးလည်းလှုပ်တယ် ၊ အခု အချိန်ကျနေပြီ မဟုတ်လား”
ချန်ရှီက တောင်သခင်အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
“ဟုတ်တယ် ၊ အချိန်ကုန်ခါနီးနေပြီး ၊ နှစ်ပေါင်းတစ်ရာအတွင်း ငါတို့တွေ အားလုံးပြင်ဆင်ထားသင့်တယ်”
ခဏနားပြီးမှ သူမက ဆက်ပြောသည်။
“လုပ်ချင်တဲ့အလုပ်တွေ ပြောချင်တဲ့စကားတွေရှိရင် ဒီနှစ်ပိုင်းအတွင်း ပြောထား လုပ်ထားကြပါ ၊ ဘဝမှာ နောင်တတွေ မကျန်ခဲ့စေနဲ့”
ကျိုးကျုန်းထျန်းက သေရည်တစ်ငုံမော့သောက်လိုက်ရင်း…
“ဂိုဏ်းတူညီမလေး ၊ မင်းစကားက နောက်ထပ်နှစ်ပေါင်း (၁၀၀)နေရင် ကျုပ်တို့တွေအကုန် သေရတော့မယ်ဆိုတဲ့လေသံဖြစ်နေတယ်”
ချန်ရှီက အခြားသူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး မည်သည့်စကားမှမဆိုတော့ပေ။
မြောင်ယွဲ့ကတော့ မျက်လုံးများကို အသာမှေးစင်းရင်း မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်သည်။ အခြားသူများကတော့ ဖြစ်ချင်သည့်ဆန္ဒများလည်း သိပ်မရှိသလို နောင်တရစရာများလည်း မရှိကြသဖြင့် စိတ်ထဲ သိပ်မထားကြပေ။
***
တိမ်ညိုတိမ်မဲများ လွင့်စင်သွားပြီးနောက် နေရောင်ခြည်က ကျန်းလန်နှင့် ရှောင်ယွိတို့၏ ခန္ဓာကိုယ်ထက်သို့ ကျရောက်လာသည်။
ထိုနေရောင်ခြည်က ကျန်းလန်၏ အနာဂတ်ပင် ဖြစ်သည်။
သေမျိုးလူသားလောက၏ ချည်နှောင်မှုများ ကွဲပျက်သွားပြီး အင်မော်တယ်လမ်းစဉ်သည့် သူ့အနောက်ဘက်သို့ ရောက်ရှိသွားသည်။ အရှေ့ဆီတွင်တော့ လမ်း (၂)သွယ်ကို တွေ့မြင်ရလေသည်။
တစ်လမ်းမှာ သူတော်စင်ပလ္လင်ဖြစ်သည်။
ဆန္ဒရှိ၍ ဤလမ်းကိုလျှောက်ချင်သည်ဆိုလျှင် ဆယ်စုနှစ် အနည်းငယ်အတွင်း အောင်မြင်စွာလျှောက်လှမ်းနိုင်ပြီး သူတော်စင်တစ်ယောက် ဖြစ်လာပေမည်။
သို့သော် သူတော်စင်ပလ္လင်ကို ရှေးဟောင်းဧကရာဇ်က ချန်ထားခဲ့ခြင်း ဖြစ်သည်။ ရှေးဟောင်းဧကရာဇ်သည်ပင် အန္တရယ်ကို မဖြေရှင်းနိုင်ခဲ့လေရာ ထိုလမ်းကိုလိုက်လျှောက်လျှင် သူသည်လည်း ပြဿနာကို ဖြေရှင်းနိုင်ပါမည်လား။
ကျန်းလန်ကတော့ သူတော်စင်ပလ္လင်ထက်သို့ မတက်ရောက်ချင်ပဲ အခြားလမ်းတစ်ခုကို လျှောက်လှမ်းချင်သည်။ ထိုလမ်းကြောင်းကို သိမြင်နေပြီဖြစ်သော်လည်း သူတော်စင် အမှန်တကယ်ဖြစ်လာမည်လားဆိုသည်ကတော့ အတိအကျ မသိရသေးပေ။ အချိန်အနည်းငယ်သာ ပိုမိုရရှိမည်ဆိုလျှင် ထိုလမ်းကြောင်းကို သိမြင်နိုင်ပြီး သူတော်စင်တစ်ယောက် ဖြစ်လာနိုင်မည် ဖြစ်သည်။
ကျန်းလန်က ကောင်းကင်ထက်မှ အကြည့်လွှဲဖယ်လိုက်ပြီး ရှောင်ယွိဆံပင်လေးများကို ညင်သာစွာနမ်းလိုက်သည်။
“ကိုယ်တို့ပြန်ကြရအောင်…”
ရှောင်ယွိက ပတ်ဝန်းကျင်မှ သစ်ပင်ပေါင်းပင်များကိုကြည့်လိုက်ရင်း…
“ကျွန်မတို့ ဒီမှာရှိနေတာ ဘယ်လောက်ကြာသွားပြီလဲ ၊ သချုႋင်းဂူတွေကို သန့်ရှင်းပေးမယ့်သူတောင် မရှိတော့ဘူး”
ကျန်းလန်က…
“ဆယ်စုနှစ်နည်းနည်းလောက်တော့ ကြာသွားပြီထင်တယ် ၊ အနီးပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတော့ဘူးလေ ၊ ရွာကလူတွေအားလုံး မြို့ကိုပြောင်းသွားကြပြီထင်တယ်”
ထို့နောက် ရှောင်ယွိနှင့်ကျန်းလန်တို့က သေမျိုးလူသားဘဝမှ သူတို့၏ရုပ်အလောင်းများကို ထားရစ်ခဲ့ကြပြီး ထိုနေရာမှ ပျောက်ကွယ်သွားကြကာ သေရည်ဆိုင်အနီးတွင် ပြန်ပေါ်လာကြလေသည်။
သူတို့၏အဝတ်အစားများက သာမန်လူသားအသွင်မဟုတ်တော့ဘဲ ခွန်လွန်တပည့်များ၏အဝတ်အစားများအဖြစ် ပြန်လည်ပြောင်းလဲသွားကြသည်။
လုန်ယွိက သူမ၏လက်ချောင်းများကိုကြည့်ရင်း…
“အသစ်ပြန်လည်မွေးဖွားလာသလို ခံစားရတယ်”
ထို့နောက် သူမက ကျန်းလန်ကို မော့ကြည့်လိုက်ရင်း…
“ယောကျ်ား ၊ စီးစီးတို့ ရှောင်ရှောင်တို့ အဆင်ပြေကြပါ့မလားဟင် ၊ သူတို့ ခက်ခဲကြမ်းတမ်းတဲ့ဘဝတွေများ ကြုံတွေ့ရမလား”
ပြောရင်းမျက်ရည်များဝဲလာသည့်လုန်ယွိကို ကျန်းလန်က ချက်ချင်းနှစ်သိမ့်လိုက်သည်။
“သေမျိုးလူသားလောကဆိုတာကတော့ ဒုက္ခသုက္ခတွေ ရှိတာပေါ့လေ ၊ ဒါပေမဲ့ သူတို့ အဆင်ပြေကြမှာပါ ၊ တစ်ခါတစ်လေတော့ အတိတ်အကြောင်းပြန်စဉ်းစားရင်း ဝမ်းနည်းနေကြမှာပေါ့”
ရှောင်ယွိက မျက်ခုံးများကို တွန့်ချိုးလိုက်ရင်း…
“ကျွန်မလည်း သူတို့ကို သတိရနေမှာပါ ၊ သူတို့နဲ့အတူနေရတဲ့ဘဝက ခွန်လွန်တောင်ကဘဝနဲ့ လုံးဝမတူဘူး”
ထိုစဉ်…
“အစ်မ… ခရီးကပြန်လာပြီလား”
အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
သူတို့ (၂)ယောက် ပြန်ရောက်လာသည်ကို တွေ့သွားပြီး အနားသို့ အပြေးအလွှားရောက်လာသည့် အဋ္ဌမမင်းသား၏ အသံပင် ဖြစ်သည်။
“အစ်မ ၊ ယောက်ဖ ၊ နှစ်ပေါင်း (၈၀)တောင်ကြာသွားပြီ ၊ နောက်ဆုံးတော့ ပြန်လာကြပြီပေါ့”
ကျန်းလန်နှင့်လုန်ယွိ ပြန်လာသည့်အတွက် လုန်မန်က စိတ်လှုပ်ရှားနေဟန်ရှိသည်။
လုန်ယွိက အဋ္ဌမမင်းသား၏ ခေါင်းလေးကို အသာပုတ်လိုက်ရင်း…
“အစ်မ ဒီမောင်လေးနဲ့ ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းမလာရတာ နှမျောစရာကောင်းလိုက်တာ”
လုန်မန်က ပါးစပ်အဟောင်းသားဖြင့် လုန်ယွိကို ကြည့်လိုက်သည်။
“အစ်မ ၊ ဘာဖြစ်နေတာလဲ ၊ အမေတောင် ကျွန်တော့်ကို ဒီလို ခံစားချက်အပြည့်နဲ့ စကားမပြောဖူးဘူး”
ရှောင်ယွိက အဋ္ဌမမင်းသား၏စကားကြောင့်ရှက်သွားပြီး နှုတ်ခမ်းဆူကာ သူ့ကို ကန်ထုတ်လိုက်သည်။
“အား… အစ်မ ၊ ဘာလုပ်တာလဲ”
အဋ္ဌမမင်းသားက နောက်သို့ခုန်ဆုတ်လိုက်ပြီး နာကျင်စွာဖြင့် သူ့ခြေထောက်ကို ဆုပ်ကိုင်လိုက်သည်။
လုန်ယွိက ဒေါသထွက်နေပြီး တစ်ချက်ကန်ရုံဖြင့် မလုံလောက်ဟု ယူဆကာ နောက်တစ်ချက် ထပ်ကန်လိုက်သည်။ လုန်မန် ဟန်ချက်ပျက်ကာ မြေပြင်ထက်လဲကျသွားသည်အထိ လုန်ယွိက မရပ်မနားဆက်ကန်သည်။
သူ့ရှေ့မှလူငယ်သည် သူမ နှစ်ပေါင်းရာနှင့်ချီပြီး သိကျွမ်းခဲ့သည့် သူမ၏မောင်အရင်ဖြစ်လေရာ သူမ ဘာလုပ်လုပ် လက်ခံလေ့ရှိသူဖြစ်သည်။ ဤသည်က သေမျိုးလောကနှင့် အင်မော်တယ်တယ်လောက မတူညီခြင်းပင် ဖြစ်၏။
သို့သော် သေမျိုးလူသားလောကကတော့ သူမအတွက် ခါးသီးလွန်းပြီး ခံစားချက်များစွာ ပေးလွန်းသည်။
လုန်မန်ကို ကန်နေရင်းမှ ရွာမှလူများအကြောင်း စဉ်းစားမိသောအခါ ရှောင်ယွိ မျက်ရည်များဝဲလာသည်။ နောက်ဆုံးတော့ သူမက အဋ္ဌမမင်းသားကို ဆက်မကန်တော့ဘဲ ကျန်းလန်ရင်ခွင်ထဲတိုးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
အဋ္ဌမမင်းသားက စိတ်ရှုတ်ထွေးသွားဟန်ဖြင့် ကျန်းလန်ကို လှည့်ကြည့်လိုုက်သည်။
“ယောက်ဖ ၊ ကျုပ် အစ်မကို ဘာမှမလုပ်ဘူးနော် ၊ သူကချည်းခြေထောက်နဲ့ကန်နေတာ”
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
လုန်မန်က လဲကျနေရာမှ မတ်တတ်ထရပ်လိုက်ရင်း…
“ယောက်ဖ ၊ ကျုပ်အစ်မ ဘာဖြစ်နေတာလဲဗျ ၊ အရင်ကနဲ့မတူတော့ဘူးလို့ ခံစားရတယ်”
ကျန်းလန်က…
“သူ တာအိုကို အကြမ်းဖျင်းနားလည်သွားတာလေ”
ရှောင်ယွိသည် သေမျိုးလူသားလောက၏ တာအိုကို နားလည်သွားခဲ့သည်။ ထို့ကြောင့် သူမ၏အနာဂတ်လမ်းသည် တောက်ပလျှက် ရှိသည်။
ထို့နောက် ကျန်းလန်က သေရည်ဆိုင်အတွင်းသို့ ဝင်လိုက်ပြီး အကောင်းစားသေရည်တစ်အိုး မှာယူလိုက်သည်။ ဆိုင်ရှင်အဘိုးပြန်လာသည်ကို စောင့်ဆိုင်းရင်း အဋ္ဌမမင်းသားနှင့် ပျက်သုဉ်းတစ်စပြင်လောကကြီး၏ အခြေအနေများကို ဆွေးနွေးဖြစ်ကြသည်။
အဋ္ဌမမင်းသားက မျက်မှောင်ကြုတ်လိုက်ရင်း…
“မကြာခင်ကပဲ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလံး မငြိမ်းချမ်းတော့ဘူ ၊ နေရာတိုင်းမှာ သဘာဝဘေးအန္တရယ်တွေ ကျရောက်လာတယ် ၊ ငလျင်တွေလှုပ်ပြီး တောင်တွေပြိုတယ် ၊ ကျုပ်တို့ ပင်လယ် (၄)ခု ဒေသမှာလည်း မတည်မငြိမ်တွေ ဖြစ်နေတယ် ၊ နဂါးမျိုးနွယ်တွေက ပင်လယ် (၄)ခုကို တည်ငြိမ်အောင် ထိန်းဖို့ကြိုးစားပေမယ့် မစွမ်းဆောင်နိုင်ဘူး ၊ ကြည့်ရတာ တစ်စုံတစ်ခုက အရာအားလုံးကို မွှေနှောက်နေသလိုပါပဲ”
ဟုန်ယာက…
“အလယ်ပိုင်းလွင်ပြင်ဒေသမှာရောပဲ ၊ ကောင်းကင်ပေါ်ကနေ မီးတောက်မိုးတွေရွာသွန်းလာပြီး နေရာတိုင်း ရေရှားပါးတဲ့ပြဿနာတွေ ဖြစ်နေတယ်”
ယန်ရှီးယွင်က အသားကင်များကို ပလုတ်ပလောင်းစားသောက်နေရင်းမှ ဝင်ပြောသည်။
“ခွန်လွန်တောင်အနီးပတ်ဝန်းကျင်မှာတော့ ဘာမှမဖြစ်သေးဘူး ၊ တစ်ခါတစ်ရံ အစားအသောက်ရှားပါးတာပဲ ရှိတာ”
စားစရာ ရှားပါးလာသည်က အမှန်ပင် ဖြစ်သည်။ သေရည်ဆိုင်တွင်သာ မနေထိုင်ရလျှင် သူမ ယခုလို စိတ်တိုင်းကျ စားသောက်နိုင်မည် မဟုတ်ပေ။
ကောင်ငယ်လေးက…
“အဘိုးပြောတာတော့ တစ်လောကလုံး မငြိမ်မသက်ဖြစ်နေတာတဲ့ ၊ ပင်လယ် (၄)ခုလည်း ကမောက်ကမတွေ ဖြစ်နေတယ် ၊ တောင်နဲ့မြစ်ရေတွေ တုန်ခါနေပြီး မိုးနဲ့မြေ ဝန်ရိုးစွန်း (၄)ခုလည်း အက်ကွဲနေတယ်တဲ့ ၊ ပြီးတော့ ကောင်းကင်ပေါ်မှာ အပြောင်းအလဲဖြစ်နေတယ်လို့ ပြောတယ်”
အဋ္ဌမမင်းသားက…
“အဲဒါ ဘာတွေဖြစ်နေတာလဲ ယောက်ဖ သိလား”
ကောင်းကင်ဘုံတွင် အပြောင်းအလဲဖြစ်ပေါ်နေသည်ကို ကျန်းလန် ခံစားမိသည်။
နတ်ဘုရားရာထူးပိုင်ရှင်များက နတ်ဘုရားရာထူးများနှင့် အပြည့်အ၀ ပေါင်းစပ်လာနိုင်သည်နှင့်အမျှ ရှေးဟောင်းဧကရာဇ်နန်းတော်သည်လည်း ကမ္ဘာမြေပြင်ဆီသို့ စတင်ဆင်းသက်လာပြီ ဖြစ်သည်။
ကမ္ဘာဟောင်းမှ အဖျက်တရားစွမ်းအားများ ပြိုကျလာသည့်အခါ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်လာပေလိမ့်မည်။ ထိုနေ့ရက်များက သူတို့အားလုံး၏ နောက်ဆုံးနေ့ရက်များ ဖြစ်လာမည်ဖြစ်သည်။
ကျန်းလန်က တည်ငြိမ်စွာဖြင့်…
“အင်း… ပြဿနာကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်နေပြီ”
ကျန်းလန် စကားကြောင့် အဋ္ဌမမင်းသား အံ့သြမှင်တက်သွားသည်။ သူလည်း ဘာဖြစ်နေသည်ကို ရိပ်မိသည့်တိုင် အသေးစိတ်ကိုတော့ မသိရှိပေ။ အချို့သောန်ခိုးစွမ်းအားရှင်များကတော့ ကမ္ဘာဖျက်ကပ်ဘေးကြီးကျရောက်ရန် အချိန်သိပ်မကျန်တော့ဟု ဆိုကြသည်။
ဤသဘာဝဘေးအန္တရယ်များသည် ကမ္ဘာဖျက်ကပ်မကျရောက်ခင် ရှေ့ပြေးဘေးအန္တရယ်များလေလား။
အဋ္ဌမမင်းသားက…
“ယောက်ဖ ၊ အဲဒီပြဿနာက ဘယ်လောက်ကြီးလဲ”
ကျန်းလန်က စကားကို မယုတ်မလွန်ပြောလိုက်သည်။
“တစ်ယောက်ယောက်က အဲဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်မယ်ဆိုရင်တော့ ကြီးမားတယ်လို့ မဆိုနိုင်ပါဘူး”
လုန်မန်၏ကျင့်ကြံခြင်းအဆင့်ဖြင့် အလုပ်များစွာလုပ်နိုင်မည်မဖြစ်ရာ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်လျှင် စိတ်ပျက်အားလျော့သွားနိုင်သည်။ ဘာပဲဖြစ်ဖြစ် ပြိုကျလာသည့်မိုးကောင်းကင်ကို ထမ်းထားပေးနိုင်သည့် လူတစ်ယောက် ရှိကောင်းရှိလာပေလိမ့်မည်။
ကမ္ဘာဟောင်း၏အဖျက်စွမ်းအားများက အရင်ကထက်ပင် ပိုမိုမြင့်မားလာသည့်အတွက် ဘာဖြစ်မည်ကို မည်သူမှ မခန့်မှန်းနိုင်ခဲ့ကြပေ။ အဆုံးသတ်ကို မည်သူမှ သိမြင်နိုင်မည် မဟုတ်ပေ။
လုန်ယွိကလည်း အခြားသူများနှင့် စကားပြောနေလေသည်။ သေမျိုးလောကမှ ပြန်လာပြီးနောက်ပိုင်း သူမက လူကြီးဆန်လာခဲ့သည်။
နေ့လည်ခင်းတွင်တော့ သေရည်ဆိုင်ရှင်အဘိုးအို ပြန်ရောက်လာသည်။
သူက ကျန်းလန်ကို ပြုံးပြီးကြည့်လိုက်ရင်း…
“နှစ် (၁၀၀)အတွင်း မင်းက ဘာမှမပြောင်းလဲပေမယ့် ကျောက်စိမ်းရေကန်နတ်ဘုရားမက အများကြီးပြောင်းလဲသွားတယ် ၊ အဲဒါ ဘာဖြစ်လို့လဲ”
ကျန်းလန်က သေရည်အိုးကို လှမ်းယူလိုက်ရင်း…
“ကြည့်ရတာ ဂိုဏ်းတူအစ်မရဲ့ အတွေးအခေါ်တွေ ပြောင်းလဲသွားလို့နေမယ်”
သေရည်ဆိုင်ရှင်အဘိုးအိုက ဘာမှမပြောတော့ဘဲ ပြုံးရုံသာပြုံးနေသည်။
သေရည်ဆိုင်မှ ထွက်ခွာလာပြီးနောက် ကျန်းလန်နှင့် လုန်ယွိတို့ နဝမတောင်ထွတ်ဆီ ဦးတည်ထွက်ခွာလာကြသည်။ ခရီးမှ ပြန်ရောက်ပြီဖြစ်ကြောင်း ဆရာဖြစ်သူကိုလည်း အကြောင်းကြားရမည် ဖြစ်သည်။
“ဂိုဏ်းတူမောင်လေး ၊ ကျွန်မကိုယ်ကျွန်မ အသက်အရမ်းကြီးနေပြီလို့ ခံစားရတယ်”
လုန်ယွိက ဆိုသည်။
သူမမှလွဲပြီး အခြားသူများကို ကလေးငယ်များပမာ ခံစားနေရသည်။
ကျန်းလန်က မည်သည့်စကားမှမဆိုပေ။ အမှန်တကယ်လည်း လုန်ယွိက အသက်မငယ်တော့ပေ။
ယခုဆိုလျှင် ကျန်းလန် ခွန်လွန်တောင်သို့ရောက်သည်ျွှာ နှစ်ပေါင်း (၉၃၀) ရှိပြီ ဖြစ်ပြီး လုန်ယွိကတော့ နှစ်ပေါင်း (၉၈၀) ရှိပြီ ဖြစ်သည်။
သူမက အနှစ်တစ်ထောင်ပင် ပြည့်တော့မည်ဖြစ်ရာ နတ်မိစ္ဆာတစ်ယောက်ာဆိုလျှင် နှစ်တစ်ထောင်မိစ္ဆာဖြစ်နေလောက်ပေပြီ။
လုန်ယွိက…
“ဂိုဏ်းတူမောင်လေး ၊ တောင်ပေါ်ပြန်ရောက်ရင် တံခါးပိတ်ကျင့်ကြံဦးမှာလား”
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
“အင်း… ဟုတ်တယ် ၊ ကိုယ် တတ်နိုင်သမျှ ပိုမြင့်တဲ့အဆင့်ကို ရောက်ဖို့လိုတယ် ၊ ဒါပေမဲ့ အလျှင်လိုစရာတော့ မရှိပါဘူး”
ယခုမှ ခရီးက ပြန်လာသည်ဖြစ်ရာ လုန်ယွိနှင့် ကျောက်စိမ်းရေကန်သို့ တစ်နှစ်တန်သည် ၊ နှစ်နှစ်တန်သည် လိုက်ပါသွားရန် စဉ်းစားထားသည်။ သို့မှသာ လုန်ယွိသည်လည်း အနည်းငယ်စိတ်တည်ငြိမ်လာမည် ဖြစ်သည်။
လုန်ယွိက ယုံကြည်မှုအပြည့်ဖြင့်…
“ဒါဖြင့် ဂိုဏ်းတူမောင်လေး တံခါးပိတ်ကျင့်ကြံရင် ကျွန်မလည်း တံခါးပိတ်ကျင့်ကြံမယ် ၊ တစ်ခါတည်းနှင့် အဆင့် (၂)ဆင့် တက်ပစ်လိုက်မယ်”
“အင်း … ဖြစ်နိုင်ပါတယ်”
ထိုစကားက ကျန်းလန် စိတ်ထဲမှ ပြောလိုက်သည့်စကားဖြစ်သည်။ ယခုတစ်ကြိမ် လုန်ယွိ၏ တာအိုကိုနားလည်ခြင်းက အဆင့်မြင့်မားလာသည်ဖြစ်ရာ ကျင့်ကြံခြင်းအဆင့် အလျှင်အမြန်တက်သွားနိုင်သည်။
နဝမတောင်ထွတ်သို့ ရောက်သည်နှင့် ကျန်းလန်က ပတ်ဝန်းကျင်မှ အစီအရင်များကို တစ်ချက်စစ်ဆေးကြည့်လိုက်သည်။ အစီအရင်များအားလုံး အပျက်အစီးမရှိဘဲ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားသည်ကို တွေ့ရသည်။
ကြည့်ရသည်မှာ ဆရာဒေါ်လေးမြောင်ယွဲ့က နဝမတောင်ထွတ်သို့ မကြာခဏလာရောက်ကာ အစီအရင်များကို ထိန်းသိမ်းစောင့်ရှောက်ပေးထားဟန် ရှိသည်။
ကျန်းလန်က နဝမတောင်ထွတ်အစွန်းသို့ ရောက်သည်နှင့် ဆရာဖြစ်သူကို သေရည်ဖြင့် ဂါရဝပြုလိုက်ပြီး သူသိချင်သည်ကို ချက်ချင်းမေးမြန်းလိုက်သည်။
“ဆရာ… ဆရာဒေါ်လေးမြောင်ယွဲ့နဲ့ အဆင်ပြေရဲ့လား”
ဆရာဖြစ်သူက တစ်ခွန်းသာ ပြန်ဖြေသည်။
“အစီအရင်ထိန်းသိမ်းခဆိုပြီး ပေးလိုက်ရတဲ့အဖိုးအခက နဝမတောင်ထွတ်တစ်ဝက်ကိုတောင် ဝယ်လို့ရနိုင်တယ်”
ကျန်းလန် : “……”
ဆရာဖြစ်သူကို မိန်းမပေးစားရန်မှာ အမှန်တကယ်ပင် မလွယ်ကူပေ။
ကျန်းလန် စကားအများကြီးမပြောတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
သူ တံခါးပိတ်ကျင့်ကြံသည်က အချိန်မည်မျှကြာမြင့်မည်ဖြစ်ကြောင်း မသိနိုင်သလို လောကကြီးသည်လည်း မည်သို့ ပြောင်းလဲသွားမည်ကို မသိရှိပေ။
အနှစ် (၁၀၀)အတွင်း သူတော်စင်ဖြစ်လာနိုင်ပါ့မလား မသေချာပေ။ ဖြစ်လာလျှင် ကောင်းနိုင်သော်လည်း မဖြစ်လာခဲ့လျှင်တော့ ရလဒ်ကို စိတ်ကူး၍ပင် မရနိုင်ပေ။
မော့ကျန်းသုန့်က…
“ဘာပဲဖြစ်ဖြစ် အကောင်းဆုံးကြိုးစားပါ”
ကျန်းလန် ခေါင်းညိတ်ပြလိုက်ပြီး ဆရာဖြစ်သူကို နှုတ်ဆက်ကာ နဝမတောင်ထွတ်အစွန်းမှ ပြန်လာခဲ့သည်။
ထို့နောက် ဆရာဒေါ်လေးကျူးချင်ကို နှုတ်ဆက်ရန်အတွက် လုန်ယွိကိုခေါ်ကာ တတိယတောင်ထွတ်သို့ ထွက်ခွာလာခဲ့သည်။
ကျူးချင်ကိုတွေ့သည်နှင့် လုန်ယွိက ဆရာဖြစ်သူကို ပြေးဖက်ပြီး ငိုကြွေးတော့သည်။
“ရှောင်ယွိ ၊ ဘာဖြစ်လာတာလဲ ၊ ကျန်းလန်က မင်းကို အနိုင်ကျင့်လို့လား”
ပြောပြီးသည်နှင့် သူမက ကျန်းလန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“မဟုတ်ပါဘူး…”
ကျန်းလန်က ရှင်းပြရန် ကြိုးစားလိုက်ရသည်။
သို့သော်…
“ဟုတ်တယ် ၊ ဟုတ်တယ် ၊ ဂိုဏ်းတူမောင်လေး ကျွန်မကို အနိုင်ကျင့်တယ်”
လုန်ယွိက အော်ပြောလိုက်သည်။
ကျန်းလန် : “……”
ကျူးချင်က လုန်ယွိခေါင်းလေးကို အသာပုတ်လိုက်ရင်း နှစ်သိမ့်လိုက်ပြီး ကျန်းလန်ကို စိုက်ကြည့်လိုက်သည်။
“ရှောင်ယွိက တခြားသူတွေနဲ့ မတူဘူး ၊ သူက လူသားတစ်ယောက်လို ခံစားတတ်တယ် ၊ သူ့ကို စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့”
လုန်ယွိက ကျူးချင်ကို မော့ကြည့်လိုက်ရင်း…
“ကျွန်မက တခြားသူတွေနဲ့မတူဘူးဆိုတော့ ဘာနဲ့တူနေတာလဲ”
ကျူးချင် : “……”
ကျူးချင်က တပည့်မလေး၏ခေါင်းကို လက်ဖြင့်အသာပုတ်လိုက်ရင်း…
“ဒါနဲ့ မင်း နဂါးနန်းတော်ကို ပြန်ချင်သလား”
လုန်ယွိက အံ့အားသင့်သွားပြီး…
“ဆရာက ဘာလို့ ကျွန်မကို နဂါးနန်းတော်ကို ပြန်စေချင်ရတာလဲ”
ကျူးချင်က…
“မင်း အမေကိုများ သွားတွေ့ချင်မလားလို့လေ”
လုန်ယွိ သဘောပေါက်သွားသည်။ ဘေးအန္တရယ်ကပ်ဆိုးကြီး ကျရောက်တော့မည်ဖြစ်ရာ သူမ နောင်တမရစေရန်အတွက် မိခင်ဖြစ်သူကို သွားရောက်တွေ့ဆုံစေလိုခြင်း ဖြစ်သည်။
ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လုန်ယွိ ခေါင်းခါယမ်းလိုက်သည်။
“မသွားတော့ပါဘူး ၊ ကျွန်မ ခွန်လွန်တောင်မှာပဲ နေတော့မယ်”
သူမ မိခင်ဖြစ်သူကို တွေ့ချင်သော်လည်း မတွေ့သင့်ဟု ခံစားမိသည့်အတွက် ခွန်လွန်တောင်တွင်ပင် ဆရာဖြစ်သူကို အဖော်ပြုပေးရန် ဆုံးဖြတ်လိုက်သည်။
***