နောက်ဆုံးနှုတ်ဆက်ခြင်းမဟုတ်
Vol. 40 Ch. 550
နဝမတောင်ထွတ်။
ကျန်းလန် ခြံဝင်းဆီသို့ ပြန်လာခဲ့သည်။
သားရဲဥလေးမှာလည်း တောက်ပြောင်လျှက်ရှိပြီး ရေသဖန်းပင်လေးမှာလည်း သန့်ရှင်းလျှက်ရှိသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားရသည်။
ကျန်းလန်က ရှောင်ယွိကို လှည့်ကြည့်ရင်း…
“သူတို့ ဘယ်လိုဖြစ်လို့ သန့်ရှင်းနေကြတာလဲ”
နှစ်ပါင်း (၁၀၀)ခန့် အချိန်ကြာမြင့်ခဲ့ပြီးနောက် ယခု လုန်ယွိသည် ရှောင်ယွိအသွင်နှင့် ပြန်လည်သေးငယ်နေပြီ ဖြစ်သည်။
“လုန်မန်က ဒါလေးတွေ ညစ်ပတ်နေလို့ဆိုပြီး ရေဆေးလိုက်တာတဲ့”
ပြောရင်း ရှောင်ယွိက သားရဲဥလေးကို လက်ဖြင့်အသာခေါက်ကြည့်လိုက်သည်။
အသံကိုနားထောင်ပြီးနောက် သူမက ဆက်ပြောသည်။
“ပြီးတော့ အဲဒီလို သန့်ရှင်းပေးထားရင် အကောင်ပေါက်လာနိုင်တယ်လို့လည်း လုန်မန်က ပြောသေးတယ်”
ကျန်းလန် : “……”
ထိုအချိန်…
“ဘုန်း”
အဆုံးမဲ့ကောင်းကင်ယံမှ ကျယ်လောင်သည့် အသံတစ်သံထွက်ပေါ်လာသည်။ ရှေးဟောင်းဧကရာဇ်နန်းတော် အနည်းငယ်နိမ့်ဆင့်သွားသည်ကို ကျန်းလန် ခံစားလိုက်ရသည်။
နန်းတော်တစ်ခုလုံး ပြိုကျဆင်းသက်လာမည်ဆိုလျှင် အမှောင်ထုသည်လည်း ထွက်ပေါ်လာမည် ဖြစ်သည်။
ထိုအသံနက်ကြီးကို ကြားလိုက်ရသည်နှင့် ကျန်းလန် ပထမတောင်ထွတ်သို့ လှမ်းကြည့်လိုက်သည်။ ပထမတောင်ထွတ်မှ ဂိုဏ်းတူမောင်နှမများ အတော်လေး အဆင်မပြေနိုင်ကြောင်း ကျန်းလန် ရှင်းရှင်းလင်းလင်းပင် ခံစားရသည်။
ကောင်းကင်ဘုံပြိုလဲသည့်အခါ ခွန်လွန်တောင်၏ ပထမတောင်ထွတ်က အရင်ဦးဆုံး ပြင်းထန်စွာခံစားရမည် ဖြစ်သည်။ အကျိုးသက်ရောက်မှု မည်မျှကြီးမားသည်ကိုတော့ ကျန်းလန် မသိရှိသေးပေ။
နဝမတောင်ထွတ်သည်လည်း သက်ရောက်မှုရှိမည်ဖြစ်သည့်တိုင် ပြဿနာများစွာ မရှိနိုင်သေးပေ။ သို့ပေသိ နောက်ဆုံးအခိုက်အတန့်တွင် သူက နဝမတောင်ထွတ်မှ ထွက်ခွာရမည်ဖြစ်ရာ ဘာဆက်ဖြစ်လာမည်ကို မည်သူမှ မသိရှိနိုင်ပေ။
ကျန်းလန် ထိုကိစ္စကို အများကြီး မစဉ်းစားတော့ပေ။ ဆယ်စုနှစ်များစွာ အချိန်ရသေးသည်ဖြစ်ရာ စိတ်ပူပန်ခြင်းလည်းမရှိသလို စိတ်ဂယောက်ဂယက်ဖြစ်စရာလည်း မလိုပေ။ မဟုတ်ပါက သူ့ရှေ့မှလမ်းကြောင်းကိုတွေ့မြင်ရန် ခက်ခဲသွားမည် ဖြစ်သည်။
လွန်ခဲ့သည့် (၂)နှစ်အတွင်း သူက သူတော်စင်လမ်းကြောင်းကို နားလည်သဘောပေါက်လာအောင် ကျင့်ကြံခဲ့ခြင်း မရှိခဲ့ပေ။ သူက ရှောင်ယွိနှင့်သာ အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းနေခဲ့သည်။
ထို့ပြင် အဋ္ဌမမင်းသားထံ မကြာခဏသွားရောက်ပြီး နဂါးဓားသိုင်းတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့သည်။ ကောင်ငယ်လေးသည်လည်း လုန်မန်နည်းတူ နဂါးဓားသိုင်းကို ကောင်းစွာနားလည်နိုင်ခဲ့သည်။
ကောင်းငယ်လေးသည် အခြားသူများနှင့်မတူဘဲ အလွန်ထူးခြားသူဖြစ်ကြောင်း ကျန်းလန် ရိပ်မိခဲ့သည်။ ထို့ပြင် နှစ်ပေါင်းရာနှင့်ချီကြာမြင့်ခဲ့သည့်တိုင် ကောင်ငယ်လေးက ကြီးပြင်းမလာဘဲ ဤပုံစံအတိုင်းလေးသာ ရှိနေသည်မှာလည်း အကြောင်းရင်းတစ်ခု ရှိရပေမည်။ ချုန်ချီသားရဲဆိုလျှင်တောင်မှ အသက်ကတော့ အနည်းငယ် ကြီးပြင်းလာရမည် ဖြစ်သည်။
ကြည့်ရသည်မှာ ကောင်ငယ်လေး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် တန်ခိုးစွမ်းအားတစ်ခုကို ဖိနှိပ်ခံထားရသည့်အတွက် အသက်ကြီးမလားခြင်းဖြစ်နိုင်သည်ဟု ကျန်းလန်တွေးမိသည်။ ထိုတန်ခိုးစွမ်းအားက ရှေးဟောင်းဧကရာဇ်နန်းတော်နှင့်များ တစ်စုံတစ်ခု ပတ်သက်နေမည်လား။
အဋ္ဌမမင်းသားက စိတ်ရှုတ်ထွေးစွာဖြင့် ကျန်းလန်ကိုကြည့်လိုက်ရင်း…
“ယောက်ဖ ၊ ကျုပ်က ဘာလို့ နဂါးဓားသိုင်းကို အဆက်မပြတ်လေ့ကျင့်နေဖို့ လိုအပ်ရတာလဲ”
ကျန်းလန်က အေးဆေးသည့်လေသံဖြင့်…
“မင်း အဲဒါကို အသုံးပြုရမှာမို့လို့ပဲ”
ပျက်သုန်းတစ်စပြင်လောကကြီးတွင် ဘေးအန္တရယ်ကပ်ဆိုးကြီး ကျရောက်လာမည် ဖြစ်သည်။ ထိုအချိန်တွင် နဂါးမျိုးနွယ်များက အဋ္ဌမမင်းသားကို လိုအပ်လာမည်ဖြစ်ပြီး ခွန်လွန်တောင်ကလည်း အဋ္ဌမမင်းသားကို နဂါးနန်းတော်သို့ ပြန်စေမည် ဖြစ်သည်။
ကျန်းလန်က…
“ချီလင်ကောင်မလေး မရှိဘူးလား”
ကောင်ငယ်လေးက…
“သူ တစ်နေရာမှာ လမ်းပျောက်နေမှာပေါ့”
ကျန်းလန်က သေရည်ဆိုင်ထဲမှ လူ (၃)ယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…
“သူ့ကို သွားရှာပေးကြပါလား ၊ ကျုပ်က တံခါးပိတ်ကျင့်ကြံတော့မှာဆိုတော့ သူ့အတွက် တစ်ခုခု ချန်ထားပေးခဲ့ချင်တယ်”
ထိုးစကားကိုကြားသည့်အခါ ဟုန်ယာက အနည်းငယ် ထူးဆန်းသလို ခံဏားလိုက်ရသည်။ ကျန်းလန်၏လေသံက အကြီးအကဲတစ်ယောက်၏ လေသံမျိုး ဖြစ်နေသည်။ သူမစိတ်ထဲ ပဟေဠိ ဖြစ်သွားသည်။
လုန်မန်က…
“ယောက်ဖ ခဏစောင့် ၊ ကျုပ်သွားရှာလိုက်မယ်”
ပြောပြီးသည်နှင့် အဋ္ဌမမင်းသား ပျောက်ကွယ်သွားသည်။
ရှောင်ယွိကတော့ ကျန်းလန်ဘေးနားတွင်ထိုင်ကာ မည်သည့်စကားမှမဆိုဘဲ အပြင်ဘက်သို့ ငေးကြည့်နေသည်။ ကျန်းလန် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာလျှင် ကြီးကြီးမားမား ပြဿနာတစ်ခုဖြစ်လာမည်ကို သူမ သိရှိနေသည်။ ထိုပြဿနာကို ကျန်းလန်သည်ပင် ပြောင်းလဲပေးနိုင်ပါမည်လား မသေချာပေ။
ခဏကြာပြီးနောက်…
ယန်ရှီးယွင်ကိုခေါ်ပြီး အဋ္ဌမမင်းသား ပြန်ရောက်လာသည်။
ယန်ရှီးယွင်က တအံ့တသြဖြင့်…
“ဟမ် ကျွန်မ အဝေးကြီးရောက်နေပြီထင်တာ သေရည်ဆိုင်နဲ့ မဝေးသေးဘူးပဲ”
ဟု ရေရွတ်လိုက်သည်။
ကျန်းလန်က သူမကိုကြည့်လိုက်ရင်း…
“ကျုပ် မင်းကို မေးခွန်းနည်းနည်လောက်မေးချင်တယ်”
“ဟုတ် အစ်ကိုကြီး ၊ ဘာမေးမလို့လဲ”
ထို့နောက် သူမက အဋ္ဌမမင်းသားနှင့် ဟုန်ယာကို တစ်ချက်လှမ်းကြည့်လိုက်ရင်း…
“အစ်ကိုနဲ့မောင်ငယ်လေးက ကျွန်မကို ခဏခဏရိုက်တတ်လို့ သတိထားနေရတယ်”
အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေး : “……”
ကျန်းလန်က သိမ်မွေ့သည့်လေသံဖြင့်…
“မင်းက ချီလင်မျိုးနွယ်ဖြစ်ပြီး ကမ္ဘာမြေကြီးရဲ့ မျက်နှာသာပေးခြင်းကို ခံရတယ် ၊ တကယ်လို့ ကမ္ဘာမြေကြီးက တစ်နေ့မှာ မင်းကိုလိုအပ်လာရင် မင်း သူ့ကို ကူညီမှာလား”
ယန်ရှီးယွင်က ကျန်းလန်၏စကားကိုနားမလည်သော်လည်း ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့…”
ကျန်းလန်က…
“အဲဒါက မင်းအတွက် ပြန်လမ်းမရှိတဲ့အလုပ်ဆိုရင်ရော ဘယ်လိုလုပ်မလဲ”
ယန်ရှီးယွင်က မျက်တောင်လေးများ ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ခဏမျှ စဉ်းစားနေသည်။
ပြီးမှ…
“ကျွန်မသေရမယ်ဆိုလည်း ကမ္ဘမြေကြီးကို ကူညီမှာပါပဲ”
ကျန်းလန်က…
“ဒီကိုလာပါ”
ယန်ရှီးယွင် အနားတိုးလာသည့်အခါ ကျန်းလန်က သူမ၏ မျက်ခုံးနှစ်ခုကြားကို လက်ဖြင့်အသာထိလိုက်သည်။
တစ်ချိန်တည်းမှာပင် ယန်ရှီးယွင်၏ မျက်ခုံးနှစ်ခုကြားတွင် အလင်းရောင်ဖျော့ဖျော့တစ်ခု လင်းလက်လာပြီး တောင်မြင့်ကြီးတစ်ခု၏ ပုံရိပ်ထွက်ပေါ်လာသည်။ ထိုပုံရိပ်က သူမ၏မျက်ခုံးများကြားသို့ စိမ့်ဝင်ပျောက်ကွယ်သွားသည်။ ထိုအရာက ယန်ရှီးယွင်နားလည်နိုင်သည်ထက်ကျော်လွန်သည့် တန်ခိုးစွမ်းအားတစ်ခု ဖြစ်၏။
“ဒီတောင်မြင့်ကြီးက မင်းကို ကာကွယ်ပေးလိမ့်မယ် ၊ တာအိုအင်မော်တယ်အဆင့်က တိုက်ခိုက်မယ်ဆိုရင်တောင် မင်း အသက်သေမှာ မဟုတ်ဘူး”
ကျန်းလန် စကားကြောင့် ယန်ရှီးယွင် အံ့အားသင့်သွားသလို ဟုန်ယာသည်လည်း မယုံကြည်နိုင် ဖြစ်သွားသည်။
နဝမတောင်ထွတ်မှတပည့်က အစစ်အမှန်အင်မော်တယ်တစ်ယောက် မဟုတ်ဘူးလား။
ကျန်းလန်က မိန်းကလေး (၂)ယောက် အံ့အားသင့်နေသည်ကို မသိချင်ယောင်ဆောင်ကာ လုန်မန်ကို လှမ်းကြည့်လိုက်သည်။
“မင်းလည်း အနားကိုလာပါ”
ကျန်းလန်က မည်သည့်မေးခွန်းမှ မမေးဘဲ အဋ္ဌမမင်းသား၏ မျက်ခုံး (၂)ခုကြားသို့ လက်ဖြင့်အသာထောက်လိုက်သည်။ လုန်မန်၏ မျက်ခုံးများကြားတွင် ဓားတစ်လက်ပုံသဏ္ဍန်ထွက်ပေါ်လာပြီး ပြန်လည်ပျောက်ကါယ်သွားသည်။
“ဒီဓားဝိညာဉ်က နဂါးဓားသိုင်း (၃)ကွက်ရဲ့ တန်ခိုးစွမ်းအားကို အစွမ်းကုန်ထွက်ပေါ်လာစေလိမ့်မယ်”
ကောင်ငယ်လေးက…
“အစ်ကိုကြီး ၊ ကျွန်တော်နဲ့ ဟုန်ယာအတွက်ရော”
ကျန်းလန်က ကောင်ငယ်လေးနှင့် ဟုန်ယာကိုကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။
“မင်းတို့ (၂)ယောက်က ခွန်လွန်မှာပဲ နေရလောက်တဲ့အတွက် ဘာပြဿနာမှ ကြီးကြီးမားမား မရှိနိုင်ဘူး”
ထို့နောက် သူက ယန်ရှီးယွင်ကို ကြည့်လိုက်သည်။
“မင်းကတော့ ခွန်လွန်တောင်က ထွက်သွားရဖို့ အခွင့်အလမ်းများတယ် ၊ မင်းရဲ့ ဒေသကနေ ပျက်သုဉ်းတစ်စပြင်လောကကြီးကို ထိန်းသိမ်းထားပေးဖို့လိုအပ်တယ်”
ကျန်းလန်၏ တန်ခိုးစွမ်းအားက ယန်ရှီးယွင်၏ ကံကြမ္မာအခွင့်ကောင်းရောင်ဝါနှင့် ပေါင်းစပ်သွားသည်။ ယန်ရှီးယွင်က သူ၏ နတ်ဘုရားရာထူးနာမည်အောက်တွင်ရှိနေသည့် အလင်းစက်ငယ်တစ်ခု ဖြစ်သည်။
ဟုန်ယာကတော့ ခွန်လွန်တောင်မှ ပြန်နိုင်မည် မထင်ပေ။ သူမနှင့် ကောင်ငယ်လေးက ခွန်လွန်တောင်တွင်ပင်နေထိုင်ရင်း ခွန်လွန်တောင်၏ နောက်ဆုံးတိုက်ပွဲကို ရင်ဆိုင်ကြုံတွေ့ကြရမည် ဖြစ်သည်။
ကျန်းလန်၏စိတ်ထဲတွင် ပို၍ရှင်းရှင်းလင်းလင်း သိမြင်လာသည်။ ခွန်လွန်သည့် အဆုံးသတ်ဗဟိုချက် ဖြစ်ပေလိမ့်မည်။ ခွန်လွန်သည် အစဖြစ်သလို ခွန်လွန်သည်ပင် အဆုံးသတ် ဖြစ်ရပေမည်။
ထို့နောက် ကျန်းလန်က ရှောင်ယွိနှင့်အတူ နဝမတောင်ထွတ်သို့ ပြန်သွားခဲ့သည်။
ကျန်းလန်ထွက်ခွာသွားသည်အထိ ယန်ရှီးယွင်သည် အံ့သြတုန်လှုပ်လျှက် ရှိနေသေးသည်။
ဟုန်ယာက…
“မင်း ဘာဖြစ်လို့ အဲဒီလောက် တုန်လှုပ်နေရတာလဲ”
ယန်ရှီးယွင်က အထစ်ထစ်အငေါ့ငေါ့ဖြင့်…
“အစ်… အစ်ကိုကြီး… သူ… သူက … ကောင်းကင်ဘုံအရှင် မဟုတ်လား”
ယန်ရှီးယွင်၏ မျက်ဝန်းအိမ်များ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူမစိတ်များ ပြန်လည်တည်ငြိမ်အောင် ကြိုးစားသော်လည်း မတည်ငြိမ်နိုင်ခဲ့ပေ။
သူလက်ခံနိုင်ရန် ခက်ခဲနေသည့်တိုင် ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါး ရှိနေကြသည့် ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားကိုကြည့်ပြီး ကျန်းလန်သည် အမှန်ကတယ်ပင် ကောင်းကင်ဘုံအရှင်ဖြစ်ကြောင်း သူမ လက်ခံလိုက်သည်။
ဟုန်ယာက ထုံးစံအတိုင်း ငြင်းခုံနေကြသည့် အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးကို လှမ်းကြည့်လိုက်သည်။
အဋ္ဌမမင်းသားက ကောင်ငယ်လေးကို ဒေါသတကြီးဖြင့်ကြည့်လိုက်ရင်း…
“ယောက်ဖက ကောင်းကင်ဘုံအရှင်လို့ သိရတာတောင် မင်းကဘာကိစ္စ မအံ့သြရတာလဲ ၊ မင်းကိုငါ တစ်ခါမှလည်း ပြောမပြဖူးပါဘူး”
လူငယ်က ခပ်အေးအေးအမူအရာဖြင့်…
“ဘာလို့ အံ့သြရမှာလဲ ၊ ဟုန်ယာက ကျုပ်ကိုပြန်ချစ်တယ်လို့ပြောမှ အံ့သြရမှာ မဟုတ်ဘူးလား”
“မဖြစ်နိုင်ဘူး ၊ မင်း ဒီအကြောင်းကို တစ်နေရာရာက သိထားတာ ဖြစ်ရမယ်”
“ကျုပ်က ဘာကိစ္စသိရမှာလဲ”
နှစ်ယောက်သား ငြင်းခုံလျှက် ဓားများဆွဲထုတ်ကာ တိုက်ခိုက်ကြမည့်ဟန် ပြင်တော့၏။
ဟုန်ယာ : “……”
ဤနှစ်ယောက်ကို သူမ နားမလည်နိုင်ပေ။
***
ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။
ယခုနှစ်ဆိုလျှင် သူ ဂိုဏ်းဝင်သက် (၉၃၂) နှစ် ရှိခဲ့ပြီ ဖြစ်သည်။ နောက်ရက်အနည်းငယ်ဆိုလျှင် သူ တံခါးပိတ်ကျင့်ကြံတော့မည်ဖြစ်ပြီး သူ့ဘဝတွင် နောက်ဆုံးအကြိမ် တံခါးပိတ်ကျင့်ကြံခြင်းလည်း ဖြစ်နိုင်သည်။
သူတော်စင်တစ်ယောက်ဖြစ်လာရန် အောင်မြင်မည်လား ၊ ကျရှုံးမည်လားဆိုသည်ကတော့ မသိနိုင်သည့်အချက် ဖြစ်၏။
ကျန်းလန် တောင်ပေါ်သို့ ပြန်ရောက်သည်နှင့် လုန်ယွိက ကျန်းလန်ဘေးတွင်ဝင်ထိုင်ရင်း သူမ၏လက်ပေါ်မှ အကြေးခွံများကို ပြလိုက်သည်။
“ဂိုဏ်းတူမောင်လေး ၊ ကြည့်ပါဦး ၊ ကျွန်မ အကြေးခွံတွေ သိပ်မရှိတော့ဘူး ၊ လူသားတစ်ယောက်လိုပဲ ထိန်းချုပ်နိုင်နေပြီ”
သူတို့ ချစ်ကြသည့်အချိန်တွင် လုန်ယွိခန္ဓာကိုယ်ထက်တွင် အရင်ကလောက် အကြေးခွံများ ထွက်ပေါ်လာခြင်း မရှိတော့ပေ။ နောက်ပိုင်းဆိုလျှင် သူမကိုယ်သူမ အပြည့်အ၀ ထိန်းချုပ်နိုင်တော့မည် ဖြစ်၏။
ကျန်းလန်က ခေါင်းညိတ်ရင်း လုန်ယွိ၏လက်ပေါ်မှ အကြေးခွံများကို အသာထိကိုင်လိုက်သည်။
“ဟုတ်တယ် ၊ ညက ကိုယ်လည်းသတိထားမိတယ်”
လုန်ယွိက အလေးအနက်လေသံဖြင့်…
“ဒီတစ်ခေါက် ဂိုဏ်းတူမောင်လေး တံခါးပိတ်ကျင့်ကြံပြီး ထွက်လာရင် ကျွန်မ အပြည့်အ၀ ထိန်းချုပ်နိုင်တော့မယ်ထင်တယ် ၊ အင်း… ကျွန်မ လူသားတွေလို ကလေးလေးမွေးမှာလား ၊ နဂါးတွေလို ဥပဲဥမှာလား မသိနိုင်ဘူး”
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
“ဟုတ်တယ် ၊ ကိုယ်တံခါးပိတ်ကျင့်ကြံတာက ပြန်ထွက်လာတဲ့အခါ ကိုယ်တို့ကလေးက ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
ရှောင်ယွိက…
“ဂိုဏ်းတူမောင်လေး ၊ ဘယ်နေရာမှာ တံခါးပိတ်ကျင့်ကြံမှာလဲ”
ကျန်းလန်က သူတို့နေထိုင်ရာအိမ်ကို လက်ညှိုးညွှန်ပြလိုက်ရင်း…
“အခန်းထဲမှာပဲ ကျင့်ကြံမှာ”
သူ့အနေဖြင့် မရဏဂူသို့ သွားရောက်ကျင့်ကြံရန် မလိုအပ်တော့ပေ။ ယခုအခြေအနေတွင် ကျန်းလန်အနေဖြင့် မည်သည့်နေရာတွင် ကျင့်ကြံပါစေ အတူတူပဲဖြစ်လေရာ နေရာရွေးချယ်နေစရာ မလိုတော့ပေ။
ရှောင်ယွိက ကျန်းလန်၏ခေါင်းကို တစ်ချက်ပွတ်သပ်လိုက်ပြီး ပြုံးလိုက်သည်။
“အင်း… အဲဒါကောင်းတယ် ၊ ကျွန်မ နဝမတောင်ထွတ်ကို ပြန်လာတိုင်း ဂိုဏ်းတူမောင်လေးကို တွေ့ခွင့်ရမှာပဲ”
ကျန်းလန်ကခေါင်းညိတ်လိုက်သည်။
“အင်း”
ထို့နောက် သူမက ကျန်းလန်၏ ပခုံးထက် ခေါင်းမှီလိုက်ရင်း…
“ဂိုဏ်းတူမောင်လေး ၊ နောက်တစ်ခုရှိသေးတယ် ၊ ဒီတစ်ခေါက် တံခါးပိတ်ကျင့်ကြံတာက ထွက်လာရင် ကျွန်မတို့ စိန်ခေါ်ပွဲလည်း ထပ်ပြီး ယှဉ်ပြိုင်ရဦးမယ်နော် ၊ ကျွန်မ အနိုင်ရရင် ရှင်က ကျွန်မကစကားကို အနှစ် (၁၀၀) နားထောင်ရမယ် ၊ ဒီတစ်ခါတော့ စိန်ခေါ်ပွဲကို ကျောက်စိမ်းရေကန်မှာလုပ်မယ် ၊ ကျွန်မ အနိုင်ရမှာသေချာတယ်”
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
“အင်း… ဒီတစ်ခေါက်တော့ ဂိုဏ်းတူအစ်မ အနိုင်ရမှာပါ”
ရှောင်ယွိ၏မျက်နှာက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နက်နေသည်။
“ကောင်းပြီ ၊ ဒါဆို ရှင် ကျွန်မစကားကို အနှစ် (၁၀၀) နားထောင်ရမယ်နော်”
ထို့နောက် သူမက ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး လုန်ယွိအသွင် ပြောင်းလဲသွားပြီး ကျန်းလန်အနားသို့ တိုးကပ်လာလေသည်။
***
ရက်အနည်းငယ်ကြာပြီးနောက်…
အိမ်ခန်းထဲမှာပင် ကျန်းလန် တံခါးပိတ်ကျင့်ကြံခြင်း စတင်လေသည်။
ယခုတစ်ကြိမ်ကျင့်ကြံခြင်းပြုလုပ်ရာတွင် ရှေးဟောင်းဧကရာဇ်အနောက်နန်းတော်မှ ရရှိသည့် ကောင်းချီးလက်ဆောင်ကို သေမျိုးလူသားလောကမျ သိရှိခဲ့သော အသိအမြင်များဖြင့် ပေါင်းစပ်ကျင့်ကြံရန်ဆုံးဖြတ်ထားသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် သူတော်စင်တစ်ယောက်ဖြစ်လာရန် လမ်းဖွင့်ပေးနိုင်စွမ်းရှိသည်။
တံခါးပိတ်ကျင့်ကြံခြင်းသို့ လုံးလုံးလျားလျား မဝင်ရောက်မီ ကျန်းလန်က ပညာရှိကျမ်းစာကို တစ်ချက်ကြည့်လိုက်သည်။ ဤကျမ်းစာသည် သူတောင်စင်ဖြစ်လာစေမည့် ကျမ်းစာတစ်ခုဖြစ်ကြောင်း သူ နားလည်ထားသည်။ အချိန်ကုန်ခံ ကျင့်ကြံစရာပင်မလိုဘဲ ချက်ချင်း ပင် သူတော်စင် ဖြစ်လာနိုင်ပေသည်။
သို့သော်…
ဤသည်က သူလိုချင်သည့်လမ်းကြောင်းလည်း မဟုတ်သလို မှန်ကန်သည့်လမ်းကြောင်းလည်း မဟုတ်ပေ။
သူလျှောက်သည့်လမ်းသည် ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးမှ သက်ရှိတိုင်းအတွက် မျှော်လင့်ချက် ဖြစ်သည်။ သို့သော် လက်ရှိလောက၏ မိုးကောင်းင်တာအိုတွင် သူတော်စင်လမ်း ပျက်စီးနေခဲ့သည်။ ရှေးဟောင်းဧကရာဇ်က သူတော်စင်ပလ္လင်ကိုပြုလုပ်ပြီး နောက်ဆုံးမျှော်လင့်ချက်အဖြစ် ထားရှိခဲ့သည်။
ထို့နောက် ကျန်းလန် တံခါးပိတ်ကျင့်ကြံခြင်း စတင်လိုက်သည်။ ယခုတစ်ကြိမ်တာ့ သူ အချိန်ကြာမြင့်စွာ တံခါးပိတ်ကျင့်ကြံရမည် ဖြစ်သည်။ သူ့ဘဝတစ်လျှောက်တွင် အကြာရှည်ဆုံး တံခါးပိတ်ကျင့်ကြံခြင်း ဖြစ်နိုင်သည်။
သူတံခါးပိတ်ကျင့်ကြံနေစဉ် အပြောင်းအလဲများစွာ ဖြစ်ကောင်းဖြစ်လာနိုင်ပြီး ထိုအပြောင်းအလဲများကို ခံနိုင်ရည်ရှိရန် လိုအပ်သည်။
လုန်ယွိကတော့ နဝမတောင်ထွတ်တွင် (၃)ရက်ခန့် နေထိုင်ပြီးနောက် ကျောက်စိမ်းရေကန်သို့ပြန်ကာ တံခါးပိတ်ကျင့်ကြံရန် စီစဉ်လိုက်သည်။
သို့သော် သူမက အချိန်ကြာမြင့်စွာ တံခါးပိတ်ကျင့်ကြံမည်မဟုတ်ဘဲ နဝမတောင်ထွတ်သို့ မကြာခဏလာရောက်ရန် ဆုံးဖြတ်ထားသည်။ ကျန်းလန် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်ဖြစ်စေ ၊ ထွက်မလာသည်ဖြစ်စေ သူမက နဝမတောင်ထွတ်သို့ သွားရောက်ကြည့်ရှုရမည် ဖြစ်သည်။
အချိန်များတဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီး လုန်ယွိ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည့်အခါ အချိန် (၈)နှစ်ကြာသွားခဲ့ပြီ ဖြစ်သည်။ (၈)နှစ်ဆိုသည်က အလွန်ရှည်လားသည့်ကာလတစ်ခုမဟုတ်သလို ကျန်းလန်သည်လည်း တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်မလာသေးပေ။
လုန်ယွိ နဝမတောင်ထွတ်သို့ ရောက်လာခဲ့သည်။ ကျန်းလန်ကျင့်ကြံနေသည်ကိုတွေ့သည့်အခါ သူမ အနှောက်အယှက်မပြုဝံ့ခဲ့ပေ။
သူမက နဝမတောင်ထွတ်ကိုတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပြီး ခြံဝင်းထဲတွင်ထိုင်ကာ စာဖတ်နေခဲ့သည်။
ထိုသို့သော အေးချမ်းသည့်နေ့ရက်များသည် အချိန် (၁)နှစ်တိတိ ကြာမြင့်ခဲ့သည်။ (၁)နှစ်ကြာပြီးသည့်နောက် လုန်ယွိ ကျောက်စိမ်းရေကန်သို့ပြန်သွားပြီး တံခါးပိတ်ကျင့်ကြံခြင်းကို ဆက်လက်ပြုလုပ်သည်။
ကျန်းလန် တံခါးပိတ်ကျင့်ကြံနေသည်မှာ အချိန် (၉)နှစ်ကျော်သွားခဲ့ပြီ ဖြစ်ပြီး ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၉၅၀) ရှိပြီ ဖြစ်သည်။ လုန်ယွိကတော့ ခွန်လွန်တောင်ရောက်သည်မှာ နှစ်ပေါင်း (၁၀၀၀) ကြာမြင့်ခဲ့ပေပြီ။
“ဘုန်း”
ရုတ်တရက် ကောင်းကင်ထက်မှ ကျယ်လောင်သည့် မိုးခြိမ်းသံကြီးတစ်သံထွက်ပေါ်လာသည်။ ဘာကြောင့်မှန်းမသိ ၊ ကောင်းကင်ထက်မှ တစ်ခုခု ပြုတ်ကျလာသည့်အလား လုန်ယွိ ခံစားလိုက်ရ၏။
“အဲဒါ ကောင်းကင်ဘုံပြိုကျတာလား”
သူမ ခန့်မှန်းလိုက်မိသော်လည်း အသေးစိတ်ကိုတော့ မသိနိုင်ခဲ့ပေ။
တတိယတောင်ထွတ်သို့ပြန်စဉ်က ဂိုဏ်းတူအစ်ကိုအစ်မများ ပြင်ပလောကအကြောင်း ပြောဆိုနေသည်ကို မကြာခဏ ကြားသိရသည်။ အထူးသဖြင့် ပင်လယ် (၄)ခုအနီးပတ်ဝန်းကျင်တွင် သဘာဝဘေးအန္တရယ်များ များစွာကျရောက်နေကြောင်း သိခဲ့ရသည်။
မြောက်ပိုင်းစွန့်ပစ်နယ်မြေနှင့် အလယ်ပိုင်းလွင်ပြင်ဒေသများတွင်လည်း သဘာဝဘေးဒဏ်များ ခံစားနေကြရသည်။ ငလျင်များ ၊ ရေလွှမ်းမိုးမှုများနှင့် ကောင်းကင်ထက်မှ မီးတောက်မိုးများရွာသွန်းခြင်းကို အပြင်းအထန် ခံစားနေကြရသည်။ လောကတစ်ခုလုံး ဘေးအန္တရယ်များ အတူတူခံစားနေကြရခြင်း ဖြစ်ပြီး နေရာတိုင်းတွင် ဒုက္ခရောက်လျှက် ရှိ၏။
ထိုအခြေအနေများကို ကြားသိရသည့်အခါ ဘေးအန္တရယ်များက အတော်လေးပြင်းထန်နေကြောင်း ခံစားရသည်။ ကံကောင်းသည်မှာ အနောက်ဘက်စွန့်ပစ်နယ်မြေတွင်တော့ ဆိုးဝါးသည့် ဘေးအန္တရယ်များ ကျရောက်ခြင်း မရှိသေးပေ။ အဘယ့်ကြောင့် ထိုသို့ဖြစ်ရသည်ကိုတော့ သူမလည်း မသိရှိပေ။
ဤကာလအတွင်း သူမက လုန်မန်ကိုလည်း မကြာခဏ သွားရောက်တွေ့ဆုံသည်။ လုန်မန်ကတော့ နဂါးဓားသိုင်းကို အပြင်းအထန်လေ့ကျင့်နေပြီး ခွန်လွန်တောင်၏ အပြင်ဘက်တွင် နဂါးဟိန်းသံထွက်ပေါ်နေသည်ကို နေ့တိုင်းလိုလို ကြားကြရသည်။
လုန်မန် ဓားသိုင်းလေ့ကျင့်နေသည်ကို တောင်သခင်များကလည်း စောင့်ကြည့်နေကြပြီး မည်သူကမှ တားဆီးခဲ့ကြခြင်း မရှိပေ။
သေရည်ဆိုင်ရှင်အဘိုးအိုကတော့ နေ့စဉ် အပြင်ထွက်လေ့ရှိပြီး ကောင်ငယ်လေးကတော့ အဘိုးဖြစ်သူသင်ပြပေးသည့် အသစ်သောကျင့်စဉ်များကို ကျင့်ကြံနေခဲ့သည်။
ယန်ရှီးယွင်နှင့် ဟုန်ယာကတော့ ခါတိုင်းလိုပင် အပြောင်းအလဲမရှိပေ။ ဟုန်ယာက ကောင်တာတွင် တိတ်ဆိတ်စွာထိုင်နေပြီး ယန်ရှီးယွင်မှာလည်း လမ်းပျောက်နေဆဲပင် ဖြစ်၏။
ထိုသို့ဖြင့် အချိန် (၁၀)နှစ်ကြာသွားလေသည်။
လင်စီးယာတစ်ယောက် လုန်ယွိထံသို့ သတင်းစကားတစ်ခုနှင့်အတူ ရောက်ရှိလာသည်။
“ဂိုဏ်းတူအစ်မ ၊ ဂိုဏ်းတူအစ်မရဲ့ အမေ ခွန်လွန်တောင်ကိုရောက်လာတယ်လို့ ဆရာက သတင်းပို့ခိုင်းလိုက်တယ်”
ထိုစကားကိုကြားသည့်အခါ ရှောင်ယွိ အနည်းငယ် ထိတ်လန့်သွားသည်။ သူမ လင်စီးယာနှင့်အတူ ကျောက်စိမ်းရေကန်မှထွက်ခွာကာ တတိယတောင်ထွတ်သို့ လိုက်ပါလာခဲ့၏။
တတိယတောင်ထွတ်သို့ရောက်သည့်အခါ ခွန်လွန်တောင်အဓိကခန်းမဆောင်သို့ သွားရောက်ရန်ပြင်ဆင်နေသည့် ဆရာဖြစ်သူကိုတွေ့ရသည်။ ကျူးချင်က လုန်ယွိကို သူမနှင့်အတူ အစည်းအဝေးသို့ ခေါ်ဆောင်သွားသည်။
ခန်းမထဲသို့ဝင်လိုက်သည်နှင့် လုန်ယွိ မိခင်ဖြစ်သူ နဂါးဧကရီကို တွေ့လိုက်ရသည်။ သူမ၏မိခင်က အရင်ကထက်ဆာလျှင် အနည်းငယ် ပျော့ပြောင်းသွားဟန် ရှိသည်။ လုန်ယွိကိုတွေ့သည့်အခါ သူမက ခေါင်းညိတ်နှုတ်ဆက်၏။
ထိုသို့သောအပြုအမူများက သူမတို့ (၂)ယောက်၏ ဆက်ဆံရေးကို ပိုပြီးဝေးကွာသွားစေသည်ဟု လုန်ယွိ ခံစားရသည်။ လုန်ယွိသည် မျက်ခုံးများကိုတွန့်ချိုးထားရင်း ဆရာဖြစ်သူဘေးနားတွင်ပင် မတ်တတ်ရပ်နေလေသည်။
ထို့နောက် တောင်သခင်များအားလုံး ရောက်ရှိလာကြသည်။
နဂါးဧကရီရန်ကျင်းက တောင်သခင်များအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…
“လာရင်းကိစ္စကို တိုတိုနဲ့လိုရင်းပဲ ပြောတော့မယ်”
“အခု ပင်လယ် (၄)ခု ဒေသတစ်ခုလုံး ပရမ်းပတာတွေ ဖြစ်နေတယ် ၊ ပင်လယ်လေးစင်းအောက်ကနေ မရဏလောကက သတ္တဝါတွေထွက်လာတယ် ၊ နဂါးမင်းချန်ယွမ်က အခုချိန်ထိ တံခါးပိတ်ကျင့်ကြံနေတုန်းပဲ ၊ ဒီတော့ အဲဒီသတ္တဝါတွေကို နှိမ်နင်းဖို့အတွက် အခက်အခဲရှိနေတယ် ၊ ဒါကြောင့် လုန်မန်ကို ပြန်ခေါ်သွားချင်တယ်”
ခဏနားပြီးနောက် ရန်ကျင်းက ဆက်ပြောသည်။
“ကျွန်မတို့ နဂါးမျိုးနွယ်တွေက ပင်လယ် (၄)ခု ဒေသကိုပဲ ကာကွယ်ဖို့ ဆုံးဖြတ်ထားတယ် ၊ ဒါကြောင့် နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ ခွန်လွန်တောင်တိုက်ပွဲမှာ ပါဝင်မှာ မဟုတ်ပါဘူး”
လုန်ယွိ အံ့အားသင့်သွားသည်။
မကြာမီကပင် ကျန်းလန်ပြောခဲ့သည့် စကားများကို သတိရသွားသည်။
“ခွန်လွန်က အရာအားလုံးရဲ့ အလယ်ဗဟိုဖြစ်သလို အစနဲ့အဆုံးလည်းဖြစ်တယ် ၊ ဒါကြောင့် နောက်ဆုံးတိုက်ပွဲဟာ ခွန်လွန်တောင်မှာ ဖြစ်ပေါ်လာလိမ့်မယ် ၊ ပင်လယ် (၄)ခု ဒေသမှာတော့ ဘေးအန္တရယ်တွေ ကျရောက်ပြီး အဲဒီကနေ မရဏလောကမှ မိစ္ဆာအချို့ ထွက်လာလိမ့်မယ် ၊ သူတို့ထွက်လာတာနဲ့ ပင်လယ် (၄)ခုက ရေတွေက လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားလိမ့်မယ်”
လျိုကျင်းက ရန်ျင်းကို လှမ်းကြည့်လိုက်ပြီး…
“ကောင်းပြီ ၊ မင်းတို့တွေ အဋ္ဌမမင်းသားကို ပြန်ခေါ်နိုင်ပါတယ် ၊ ဒါပေမဲ့ အချိန် (၁)လတော့ ပေးရလိမ့်မယ် ၊ လွန်ခဲ့တဲ့ရက်တွေက အဋ္ဌမမင်းသားက နဂါးဓားသိုင်း နောက်ဆုံးဓားကွက်ကို လေ့ကျင့်နေတယ ၊ အဲဒီဓားကွက်ရဲ့ သဘောတရားကို သူ နားလည်သွားရင် မင်းတို့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်နိုင်ပါတယ်”
ရန်ကျင်းခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ”
အချိန် (၁)လစောင့်ရသည်က ပြဿနာမရှိပေ။ အဋ္ဌမမ်းသားကို ပြန်ခေါ်သွားနိုင်ရန်သာ အရေးကြီးသည်။
လုန်ယွိကတော့ စိတ်ထဲမှပင် သက်ပြင်းချမိသည်။ ကျန်းလန်က ဤကိစ္စများအားလုံးကို ကြိုတင်သိမြင်ခဲ့ဟန်တူသည်။ နဂါးမျိုးနွယ်များသာမကဘဲ ချီလင်မျိုးနွယ်များလည်း မကြာခင် ခွန်လွန်တောင်သို့ ရောက်လာနိုင်သည်။
လုန်ယွိနှင့် ရန်ကျင်းတို့က အဋ္ဌမမင်းသား နောက်ဆုံးဓားကွက် လေ့ကျင့်နေသည်ကို (၁)လကြာ စောင့်ကြည့်နေခဲ့ကြသည်။
ဤကာလသည် လုန်ယွိက ရန်ကျင်းနှင့်အတူ အချိန်အများဆုံးပေးခဲ့သည့်ကာလဖြစ်ပြီး ဆက်ဆံရေးလည်း အရင်ကထက်ပိုကောင်းလာသလို ထင်မှတ်ရသည်။ သို့သော် သူမတို့ စကားသိပ်မပြောဖြစ်ကြပေ။
လုန်ယွိက…
“ဂိုဏ်းတူမောင်လေးနဲ့ လက်ထပ်ခွင့်ပြုလို့ ကျေးဇူးတင်ပါတယ်အမေ”
ရန်ကျင်းက ခေါင်းညိတ်ပြလေသည်။
အချိန် (၁)လကြာပြီးနောက်တွင်တော့ ရန်ကျင်းက လုန်မန်ကိုခေါ်ဆောင်ကာ နဂါးနန်းတော်သို့ ပြန်သွားသည်။
လုန်မန်က လက်ဝှေ့ယမ်းပြရင်း အော်ဟစ်နှုတ်ဆက်သည်။
“အစ်မ ၊ ကျွန်တော်ပြန်လာတဲ့အထိ စောင့်နေနော် ၊ ပင်လယ် (၄)ခု ငြိမ်သက်သွားရင် အစ်မအတွက် အသားကင်ပေးပြီး ကောင်းကင်နဂါးဓားနဲ့ လှီးဖြတ်ပေးမယ်”
“ကောင်စုတ်လေး ၊ ကျုပ်ပြန်လာတဲ့အချိန်ထိ ဇာမဏီကောင်မလေးရဲ့ အချစ်ကို မရသေးဘူးဆိုရင်တော့ မင်းက သုံးမရတဲ့ ငတုံးတစ်ကောင်ပဲ”
“ပြန်မလာနဲ့တော့”
ကောင်ငယ်လေးက အော်ဟစ်ရင်း လက်ဝှေ့ယမ်းနှုတ်ဆက်သည်။
ထိုနှစ်တွင်တော့ လုန်မန်တစ်ယောက် နဂါးနန်းတော်သို့ ပြန်လိုက်သွားရသော်လည်း သူက ခွန်လွန်တောင်သို့သာ ပြန်လာချင်နေသည်။
လုန်ရဲ့သည်လည်း သေရည်တစ်အိုးကိုယူကာ လုန်မန်နောက်သို့ လိုက်သွားသည်။
မသွားခင် သူက သေရည်ဆိုင်မှလူများကို ပြောခဲ့သည်။
“ကျုပ် အောင်ပွဲခံပြီးပြန်လာတဲ့အခါ (၃)ရက် (၃)ည မူးအောင်သောက်မယ် ၊ မင်းတို့တွေ ပြင်ဆင်ထားကြ ၊ အကောင်းစားသေရည်ကို (၃)ရက် (၃)ည သောက်ပစ်မယ်”
“ဖွီ ဖွီ”
ဖီရှိုးက သူ့ကို အထင်အမြင်သေးဟန်ဖြင့် နှာမှုတ်လိုက်သည်။
လုန်ယွိကလည်း လုန်မန် ၊ လုန်ရဲ့နှင့် ရန်ကျင်းတို့ကို လက်ပြနှုတ်ဆက်လိုက်သည်။
အားလုံး၏ စိတ်ထဲတွင် ဤနှုတ်ဆက်ခြင်းက နောက်ဆုံးနှုတ်ဆက်ခြင်းမဟုတ်ဟု မျှော်လင့်နေခဲ့ကြလေသည်။
***