← Chapters

ကျုပ်ကိုသူတော်စင်တစ်ယောက်ဖြစ်လာအောင်ကူညီပါ

Vol. 40 Ch. 552

ကျုပ်ကိုသူတော်စင်တစ်ယောက်ဖြစ်လာအောင်ကူညီပါ

Vol. 40 Ch. 552

“သူတော်စင်ရာထူးရာဖို့ တိုက်ပွဲဝင်ရမတဲ့လား”

ယွင်ရှောင်းက သူ့ဘေးနားမှ အကြီးအကဲကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး အနောက်ဘက်စွန့်ပစ်နယ်မြေရှိရာသို့ လှမ်းကြည့်လိုက်သည်။

“သူတော်စင်တစ်ယောက်လျှောက်ရမယ့်လမ်းဆိုတာ မလွယ်ကူပါဘူး ၊ တကယ်တော့ သူတော်စင်ဖြစ်ချင်တယ်ဆိုရင် လူပေါင်းများစွာကို စတေးပြီး ခွန်လွန်တောင်ကို စစ်ချီရလိမ့်မယ် ၊ တိုက်ပွဲက ထွက်ပေါ်လာတဲ့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါတွေကို မိုးနဲ့မြေမှာ ဖြည့်ဆည်းပေးဖို့ လိုအပ်တယ် ၊ ဒါပေမဲ့ လက်ရှိမှာ သူတော်စင်ဖြစ်လာဖို့ အခွင့်အလမ်းအများဆုံးသူက ဧကရာဇ်ရှီးဟယ်ပါပဲ ၊ ကျုပ်က အခြားသူတွေထက်ပိုပြီး တန်ခိုးစွမ်းအားမြင့်မားပေမယ့် သူ့ထက်တော့ အားနည်းတယ်”

နတ်လူသားမျိုးနွယ်အကြီးအကဲက…

“ဒါဖြင့် သူတော်စင်ရာထူးအတွက် တိုက်ပွဲဝင်ကြတာ မမှန်ဘူးလို့ ဆိုချင်တာလား”

ယွင်ရှောင်းက တည်ငြိမ်စွာဖြင့်…

“အမှန်ပဲ ၊ ဒါပေမဲ့ သူတော်စင်ဖြစ်လာရင် ဘာလုပ်ရမယ်ဆိုတာ မင်းသိသလား”

ယွင်ရှောင်းက တစ်ဖက်လူပြန်ဖြေသည်ကို မစောင့်ဘဲ သွေးနီးရောင်ကောင်းကင်ကြီးကို မော့ကြည့်ရင်း စကားဆက်ပြောသည်။

“သူတော်စင်ဖြစ်လာပြီဆိုတာနဲ့ အဲဒီလူက သူ့ပခုံးနဲ့ ကောင်းကင်ဘုံကို ထမ်းထားပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးကို ကာကွယ်ရလိမ့်မယ်”

သူတော်စင်ဖြစ်ခြင်းသည် သေခြင်းတရားကို ရင်ဆိုင်ရခြင်းပင် ဖြစ်သည်။

သူက နတ်လူသားမျိုးနွယ်အကြီးအကဲကို စိုက်ကြည့်ရင်း မေးခွန်းထုတ်သည်။

“အဲဒါက ခင်ဗျားစိတ်ထဲက ဖြစ်စေချင်တဲ့ သူတော်စင်လား”

ထို့နောက် သူက ဆက်ပြောသည်။

“ဒါမှမဟုတ် ခင်ဗျားက နတ်လူသားမျိုးနွယ်တစ်ယောက် သူတော်စင်ဖြစ်သွားတယ်ဆိုတဲ့ ဂုဏ်သိက္ခာကို လိုချင်တာလား”

အကြီးအကဲက အဖြေမပေးသည့်အခါ ယွင်ရှောင်းက ပြုံးလိုက်ပြီး အဝေးတစ်နေရာသို့ ညွှန်ပြလိုက်သည်။

“ဟိုမှာကြည့်လိုက်…”

သူ ညွှန်ပြလိုက်သည့်နေရာက သားရဲများက ဝိုင်းဝန်းတိုက်ခိုက်ခံနေရသည့် အလွင်ပိုင်းလွင်ပြင်ဒေသမှ မြို့တစ်မြို့ ဖြစ်သည်။ မြို့က ပြိုလဲတို့မည်ဖြစ်၏။

ထိုအချိန် တစ္ဆေတံခါးပွင့်လာပြီး အခြားကမ္ဘာမှ တစ္ဆေစစ်သည်တော်များ ထွက်လာသည်ကို တွေ့မြင်လိုက်ကြရသည်။ တစ္ဆေကျင့်ကြံသူများက သားရဲများကို ဒေါသတကြီးသတ်ဖြတ်ပြီးနောက် တစ္ဆေတံခါးပိတ်သွားကာ နောက်ထပ် ဘေးဒုက္ခကြုံနေရသည့်တစ်နေရာကို သွားရောက်ကူညီပြန်သည်။

တစ္ဆေတိုင်းပြည်သည် ပျက်သုဉ်းတစ်စပြင်လောကတစ်ခုလုံးတွင် တိုက်ပွဲဝင်လျှက် ရှိသည်။ ထိန်းမနိုင်သိမ်းမရ ကြမ်းတမ်းနေသော သားရဲများအားလုံးကို သုတ်သင်ရှင်းလင်းပြီး သက်ရှိအားလုံး၏ အကျပ်အတည်းကို ဖြေရှင်းပေးလျှက် ရှိသည်။

“အဲဒါ ဘာလို့ထင်လဲ”

ယွင်ရှောင်းက မေးခွန်းထုတ်လိုက်သည်။

နတ်လူသားမျိုးနွယ်အကြီးအကဲက…

“တစ္ဆေတိုင်းပြည်က သက်ရှိတွေဒုက္ခမရောက်ရအောင် သားရဲဆိုးတွကို ရှင်းပစ်နေတာ မဟုတ်လား”

ယွင်ရှောင်းက ပြုံးပြီးခေါင်းခါယမ်းလိုက်သည်။

“မဟုတ်ဘူး”

“တစ္ဆေတိုင်းပြည်ကလူတွေရဲ့ စိတ်ထားက ရိုးရှင်းတယ် ၊ သူတို့မှာ ရှုတ်ထွေးတဲ့စိတ်ထားတွေ မရှိသလို ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုတဲ့ အတွေးမျိုးလည်း မရှိဘူး ၊ သူတို့က တခြားသူတွေက ကမ္ဘာကြီးကို တတ်စွမ်းသမျှ ကယ်တင်နေတာတွေ့တော့ သူတို့လည်းလုပ်မှဖြစ်မယ်ဆိုပြီး လိုက်လုပ်နေတာ ၊ ဒါပေမဲ့ အဲဒီလုပ်ရပ်ကြောင့်ပဲ မရေမတွက်နိုင်တဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တယ်”

ထို့နောက် ယွင်ရှောင်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြန်သည်။

“သူတို့ရော ဘာလုပ်နေကြတယ်လို့ ထင်လဲ”

ယခုတစ်ကြိမ် တွေ့မြင်ရသည့်မြင်ကွင်းကတော့ ကောင်းကင်မှကျလာသည့် မီးတောက်များကို ဇာမဏီများက ကောင်းကင်ထက်တွင်ပျံသန်းရင်း ခုခံကာကွယ်ပေးနေခြင်း ဖြစ်သည်။ ထို့နောက် ကောင်းကင်မီးတောက်များက ပျက်သုဉ်းတစ်စပြင်လောကကြီးအတွင်း ကျရောက်ခြင်းမရှိတော့ဘဲ သက်ရှိများ အသက်ချမ်းသာရာရကြသည်။

နတ်လူသားမျိုးနွယ်အကြီးအကဲက…

“သူတို့က ဒီကမ္ဘာပေါ်က သက်ရှိတွေကို ကယ်တင်နေတာပါ”

ယွင်ရှောင်းက ခေါင်းညိတ်လိုက်ရင်း ပင်လယ် (၄)ခုဆီသို့ ညွှန်ပြလိုက်သည်။

“အမှန်ပါပဲ ၊ ပင်လယ်ဒေသကိုလည်း ကြည့်လိုက်ပါဦး”

နဂါးမျိုးနွယ်များက ပင်လယ် (၄)ခုကို စောင့်ကြပ်နေကြပြီး မရေမတွက်နိုင်သည့် နဂါးမျိုးနွယ်များက ပင်လယ်မျက်လုံးကို တိုက်ခိုက်နေကြသည်။ ငယ်ရွယ်သည့် အဋ္ဌမမင်းသားသည် နဂါးမျိုးနွယ်များအားလုံးကို ဦးဆောင်လျှက် တိုက်ပွဲကို ကြံ့ကြံ့ခံရင်ဆိုင်လျှက် ရှိပြီး သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နက်လျှက် ရှိသည်။

ယခုတစ်ကြိမ်မှာတော့ နတ်လူသားမျိုးနွယ်အကြီးအကဲက မည်သည့်စကားမှ မဆိုတော့ပေ။

ယွင်ရှောင်းကလည်း အကြီးအကဲက စကားပြန်မပြောသည်ကို အရေးမစိုက်ဘဲ အရှေ့ဘက်စွန့်ပစ်နယ်မြေကို လက်ညှိုးညွှန်ပြလိုက်သည်။

“သူတို့ကို ကြည့်လိုက်”

ယခုတစ်ကြိမ်မြင်ကွင်းကတော့ မြေကြီး၏ဗဟိုမဏ္ဍိုင်သို့ ဝင်ရောက်သွားသည့် ယန်ရှီးယွင်ကို တွေ့မြင်ကြရသည်။ သူမက ကမ္ဘာမြေကြီးကို ကာကွယ်ပေးရန်အတွက် သူမ၏ ခန္ဓာကိုယ်ကို အသုံးပြုထားသည်။ တုန်လှုပ်နေသည့် ကမ္ဘာမြေကြီးကို ဝိုင်းဝန်းကာကွယ်ပေးကြရင်း အသက်ဆုံးကြရသည့် ချီလင်မျိုးနွယ်များလည်း အများအပြားရှိ၏။

“ပြီးတော့ သူတို့လည်း ရှိသေးတယ်”

ယွင်ရှောင်းက ရွာတစ်ရွာကို ညွှန်ပြလိုက်သည်။ ထိုနေရာတွင် သာမန်လူများကို သဘာဝဘေးအန္တရယ်မှ ကယ်တင်ပေးနေသည့် မှော်ဝိညာဉ်တောင်မှ မှော်ဆရာများကို တွေ့ရသည်။ သူတို့က လူသားများကို သဘာဝဘေးအန္တရယ်များမှ ကယ်တင်သွားပြီး စိုက်ပျိုးစားနိုင်သည့် မြေနေရာများရှိရာသို့ လမ်းပြခေါ်ဆောင်သွားကြသည်။

ယွင်ရှောင်းက သူ၏အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်ရင်း…

“ဒီလူတွေကလွဲရှု် မြောက်ပိုင်းစွန့်ပစ်နယ်မြေက နတ်မိစ္ဆာတွေ ၊ တောင်ပိုင်းစွန့်ပစ်နယ်မြေက မြေအောက်နတ်ဆိုးတွေ ၊ အရှေ့ဘက်စွန့်ပစ်နယ်မြေက ဘီလူးဝိညာဉ်မျိုးနွယ်တွေကတော့ နောက်ဆုံးတိုက်ပွဲအတွက် ခွန်လွန်တောင်ကို စစ်ချီကြလိမ့်မယ်”

သူက ဆက်ပြောသည်။

“သူတော်စင်လမ်းကို ဖော်ဆောင်ဖို့အတွက် သူတို့အားလုံးရဲ့ အသွေးအသားတွေ စတေးကြရလိမ့်မယ် ၊ ခွန်လွန်တောင်တိုက်ပွဲမှာ သူတောင်စင်တစ်ယောက် မွေးဖွားလာလိမ့်မယ် ၊ အဲဒီသူတော်စင်က ဧကရာဇ်ရှီးဟယ် ၊ ဒါမှမဟုတ် ဧကရာဖ်ချုန်းကိုးဖြစ်လိမ့်မယ် ၊ ကျုပ်က ခွန်လွန်တောင်တိုက်ပွဲမှာပါဝင်မယ်ဆိုရင်တော့ ဧကရာဇ်ရှီးဟယ် ၊ ဒါမှမဟုတ် ကျုပ်ကိုယ်တိုင် သူတော်စင်ဖြစ်လာလိမ့်မယ် ၊ ဘယ်လိုလဲ … ကျုပ် တကယ်သွားရမှာလား”

ယွင်ရှောင်းက နတ်လူသားမျိုးနွယ်အကြီးအကဲကို မေးခွန်းထုတ်သည်။

နတ်လူသားမျိုးနွယ်အကြီးအကဲက…

“သွားရင်လည်း ဖြစ်တာပဲမဟုတ်လား”

ယွင်ရှောင်းက တိုးလျသည့်လေသံဖြင့်…

“ဒါပေမဲ့ ဘာလို့သွားမလဲလေ ၊ ကျုပ်သွားရင် သူတော်စင်ဖြစ်လာနိုင်တယ် ၊ ပြီးတော့ ကျုပ်ရဲ့ ခန္ဓာကိုယ်နဲ့ မိုးကောင်းကင်ကိုထမ်းထားပြီး ကမ္ဘာကြီးတစ်ခုလုံးကို ကယ်တင်ဖို့လည်း ဆန္ဒရှိပါတယ် ၊ ဒါပေမဲ့…”

ခဏနားပြီးမှ ယွင်ရှောင်းက ဆက်ပြောသည်။

“ဒါပေမဲ့ မင်း သိသလား ၊ ဧကရာဇ်ရှီးဟယ်ဟာ သူတော်စင်ပလ္လင်ကိုသိမ်းပိုက်ဖို့ အချိန်ဘယ်လောက်ကြာအောင် ကြံစည်ထားသလဲဆိုတာ မင်း သိသလား ၊ သူက အစကတည်းက သူတောင်စင်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေခဲ့တာ ၊ သူတော်စင်ဖြစ်လာရင် မိုးကောင်းကင်ကိုထမ်းပြီး ကမ္ဘာကြီးကို ကယ်တင်ရမယ် ၊ သူ့အသက်ပေးဆပ်စွန့်လွှတ်ရမယ်ဆိုတာ သိသိကြီးနဲ့ သူက အဲဒီလမ်းကိုလျှောက်ဖို့ ရွေးချယ်ခဲ့တာ ၊ ကျုပ်တို့ နတ်လူသားမျိုးနွယ်တွေ သူ့လိုကြိုသိခဲ့မယ်ဆိုရင်တောင် အဲဒီအလုပ်ကို လုပ်မတဲ့လား”

နတ်လူသားမျိုးနွယ်အကြီးအကဲ နှုတ်ဆိတ်နေခဲ့သည်။

ယွင်ရှောင်းက…

“ကျုပ် ဧကရာဇ်ရှီးဟယ်ကို မယှဉ်နိုင်ဘူးဆိုတာ အလယ်ပိုင်းနန်းတော်ကို မသိမ်းပိုက်နိုင်ခဲ့လို့ မဟုတ်ဘူး ၊ ကျုပ်စိတ်ဓာတ်က သူ့လောက်မခိုင်မာလို့ပဲ ၊ ဒါကြောင့် ခွန်လွန်တောင်တိုက်ပွဲမှာ သူတော်စင်ဖြစ်လာဖို့ အနီးစပ်ဆုံးလူဟာ ဧကရာဇ်ရှီးဟယ်ဆိုတာ လူတိုင်းသိကြပါတယ် ၊ နတ်မိစ္ဆာတွေ ၊ ဘီလူးဝိညာဉ်မျိုးနွယ်တွေ ၊ မြေအောက်နတ်ဆိုးတွေ အားလုံးက ခွန်လွန်တောင်ကို စစ်ချီကြတယ်ဆိုတာ သူတော်စင်တစ်ယောက် ထွက်ပေါ်လာဖို့ စတေးခံခြင်းသက်သက်ပါပဲ ၊ ပြီးတော့ ခွန်လွန်တောင်က တောင်ထွတ် (၉)ခုဟာလည်း အသုံးချခံတွေပါပဲ ၊ စစ်ဗိုလ်ချုပ်တစ်ယောက်ရဲ့အောင်မြင်မှုဟာ အရိုးပေါင်းတစ်သောင်းနဲ့တည်ဆောက်ထားတယ်ဆိုတဲ့ စကားပုံကို ကြားဖူးတယ်မဟုတ်လား ၊ အခုလည်း အဲဒီလိုပါပဲ ၊ သူတော်စင်တစ်ယောက်ထွက်ပေါ်လာဖို့ အရိုးပေါင်းတစ်သောင်းမက စတေးခံရဦးမှာပဲ”

“ဆိုတော့… ကျုပ်တို့ နတ်လူသားမျိုးနွယ်တွေ ခွန်လွန်တောင်ကို စစ်ချီမယ်ဆိုရင်လည်း စတေးခံဖို့ သက်သက်ပဲ ဖြစ်လာမှာပဲ ၊ ကျုပ်အတွက် ဧကရာဇ်ရှီးဟယ်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး”

နတ်လူသားမျိုးနွယ်အကြီးအကဲက…

“ကြိုးစားမကြည့်တော့ဘူးလား”

ယွင်ရှောင်းက ပြုံးလိုက်ရင်း…

“နတ်မိစ္ဆာတွေ ၊ ဘီလူးဝိညာဉ်မျိုးနွယ်တွ ၊ မြေအောက်နတ်ဆိုးတွေ ၊ နောက်ဆုံးတိုက်ပွဲအတွက် ခွန်လွန်တောင်ကို ဘာလို့သွားကြသလဲ သိလား ၊ ဘာလို့လဲဆိုတော့ အဲဒီတိုက်ပွဲက ပျက်သုဉ်းတစ်စပြင်လောကကြီးကို ကာကွယ်ဖို့ သူတို့လုပ်ပေးနိုင်တဲ့ အကြီးမားဆုံးတန်ဖိုးတစ်ခု ဖြစ်လို့ပဲ ၊ ဒါပေမဲ့ ကောင်းကင်မီးတောက်တွေကို ကာကွယ်ပေးနေတဲ့ ဇာမဏီမျိုးနွယ်တွေ ၊ ပင်လယ် (၄)ခုကို ကာကွယ်ပေးနေတဲ့ နဂါးမျိုးနွယ်တွေ ၊ ကမ္ဘာမြေကြီးဗဟိုမဏ္ဍိုင်ကို ပြုပြင်ပေးနေတဲ့ ချီလင်မျိုးနွယ်တွေ ၊ လူသားတွေကို ကယ်တင်ပေးနေတဲ့ တစ္ဆေတိုင်းပြည် ၊ မှော်ဝိညာဉ်တောင်က မှော်ဆရာတွေကတော့ ပျက်သုဉ်းတစ်စပြင်လောကကြီးကို တည်ငြိမ်အောင်လုပ်ပေးရမယ့်တာဝန်အသီးသီးကို ယူထားကြလို့ နောက်ဆုံးတိုက်ပွဲကို သွားကြမှာမဟုတ်ဘူး ၊ ကျုပ်တို့ နတ်လူသားမျိုးနွယ်တွေမှာလည်း ကိုယ်ပိုင်တန်ဖိုးတစ်ခု ရှိပါတယ်ဗျာ ၊ ဒါကြောင့် ခွန်လွန်တိုက်ပွဲကို သွားစရာမလိုပါဘူး”

နတ်လူသားမျိုးနွယ်အကြီးအကဲက…

“ကျုပ်တို့ရဲ့ ကိုယ်ပိုင်တန်ဖိုး ဟုတ်လား”

ယွင်ရှောင်းက အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အရပ် (၄)မျက်နှာကို ညွှန်ပြလိုက်သည်။

“ဟိုမှာ… ဟိုမှာ… ဟိုမှာ… ဟိုမှာ…”

“ကောင်းကင်ဘုံပြိုလဲနေပြီ ၊ ကမ္ဘာဟောင်းက ပုံပျက်ပန်းပျက်တန်ခိုးစွမ်းအားတွေက ကျုပ်တို့လောကကို ဆင်းသက်လာတော့မယ် ၊ မိုးနဲ့မြေကို ထောက်ပံ့ပေးထားတဲ့ ဝန်ရိုးစွန်း (၄)ခုက ပျက်စီးသွားပြီး ၊ ဒါပေမဲ့ အဲဒီဝန်ရိုးစွန်းတွေအနားကို ရောက်အောင်သွားပြီး ပြန်လည်ပြုပြင်ပေးနိုင်စွမ်းရှိတဲ့ မျိုးနွယ်စုက တစ်ခုပဲရှိတယ် ၊ အဲဒီမျိုးနွယ်စုကတော့ ကျုပ်တို့ နတ်လူသားမျိုးနွယ်တွေပါပဲ”

နတ်လူသားမျိုးနွယ်အကြီးကဲက မည်သည့်စကားမှမဆိုဘဲ နှုတ်ဆိတ်နေသည်။

ယွင်ရှောင်းက ခွန်လွန်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်ရင်း…

“ကျန်းလန်ကို မှတ်မိသေးလား ၊ ခွန်လွန် နဝမတောင်ထွတ်က တပည့်လေ ၊ သူက ကောင်းကင်လှေကားထစ်ကို အဆုံးထိတက်ခဲ့လို့ နတ်လူသားမျိုးနွယ်တွေ လိုက်သတ်တာကို ခံရတဲ့သူလေ”

နတ်လူသားမျိုးနွယ်အကြီးအကဲက ခေါင်းညိတ်လိုက်သည်။

“မှတ်မိပါတယ် ၊ သူက ကောင်းကင်ဧကရာဇ်ကျမ်းစာကို မသိပေမယ့် သူသာ ကျင့်ကြံနိုင်သွားရင်တော့ ပြဿနာရှိတယ်”

ယွင်ရှောင်းက…

“ကျုပ်တို့ နတ်လူသားမျိုးနွယ်တွေက အမြင်ကျင်းလွန်းတယ် ၊ နဝမတောင်ထွတ်က ကျန်းလန်က ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံခဲ့တယ်ဆိုရင်တောင်မှ ကျုပ်တို့တွေနဲ့ ရန်သူဖြစ်လာစရာ အကြောင်းမရှိပါဘူး ၊ အခုလည်း သူက အဲဒီကျမ်းစာကို ကျင့်ကြံဖို့ စိတ်မဝင်စားပါဘူးလေ ၊ ကျုပ်တို့ နတ်လူသားမျိုးနွယ်တွေဟာ သာမန်သေမျိုးလူသားတွေလိုပဲ မနာလိုစိတ်များခဲ့ကြတာပဲ ၊ တကယ်တော့ သူရော ကျုပ်တို့ရော သေမျိုးလောကမှာ မွေးဖွားခဲ့ကြပြီး အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြတဲ့ တစ်ခရီးတည်းသွားတွေပဲ ၊ မလိုအပ်တဲ့ သတ်ဖြတ်မှုတွေကို လုပ်စရာအကြောင်းမရှိပါဘူး”

ယွင်ရှောင်းက မီးတောင်ကျွန်းကို ငုံ့ကြည့်လိုက်သည်။

“ရှေးဟောင်းဧကရာဇ်လကျ်ာနန်းတော်ထဲကို ကျုပ်ဝင်သွားတော့ အဲဒီမှာ လူပေါင်းများစွာရဲ့ ဝိညာဉ်တွေကို တွေ့ခဲ့ရတယ် ၊ သူတို့က ပျက်သုဉ်းတစ်စပြင်လောကကြီးကို ကာကွယ်ရင်းကျဆုံးခဲ့သူတွေရဲ့ ဝိညာဉ်တွေပဲ ၊ ဘာလို့ လောကကြီးကို ကာကွယ်ရတာလဲလို့ ကျုပ်ကမေးတော့ သူတို့က သူတို့လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ဖြစ်လို့ လုပ်ခဲ့ကြတာလို့ပဲ ပြန်ဖြေခဲ့တယ် ၊ သူတို့သာ အဲဒီအချိန်က ပျက်သုဉ်းတစ်စပြင်လောကကြီးကို ကာကွယ်မပေးခဲ့ဘူးဆိုရင် အခုချိန် ကျုပ်တို့တွေ ရှိလာနိုင်မှာတောင် မဟုတ်တော့ဘူး ၊ အဲဒီလူတွေမှာလည်း မိသားစုတွေရှိတယ် ၊ သားသမီးတွေ ရှိကြတယ် ၊ ဒါပေမဲ့ အရာအားလုံးကိုစွန့်လွှတ်ပြီး ကောင်းကင်ဘုံပြိုကျမလာအောင် ပင့်မ ပေးထားခဲ့ကြတယ်”

ယွင်ရှောင်းက နတ်လူသားမျိုးနွယ်အကြီးအကဲကို လှည့်ကြည့်လိုက်သည်။

“သူတော်စင်ဖြစ်ချင်တယ် ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးကို ကာကွယ်ချင်တယ်ဆိုရင်… တကယ့်သူတော်စင်ကြီး ဖြစ်လာမှ လုပ်နိုင်တဲ့အရာ မဟုတ်ပါဘူး ၊ ဒီ ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ တခြားမျိုးနွယ်တွေနည်းတူ ကျုပ်တို့မျိုးနွယ်လည်း ပါဝင်လို့ရပါတယ်ဗျာ”

ယွင်ရှောင်းက သူ့လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး အကြီးအကဲဖြစ်သူကို စိတ်ရင်းအမှန်ဖြင့် ကြည့်လိုက်သည်။

“အကြီးအကဲ… ၊ ကျုပ်ကို ဒီအတိုင်းပဲ သူတော်စင်တစ်ယောက်ဖြစ်လာအောင် ကူညီပါ”

သူတော်စင်တစ်ယောက် ၊ ပလ္လင်မရှိသည့် သူတော်စင်တစ်ယောက် သူ ဖြစ်ချင်သည်။

နတ်လူသားမျိုးနွယ်မှ အကြီးအကဲက ယွင်ရှောင်းကို စူးစိုက်ကြည့်နေရင်းမှ နောက်ဆုံးတွင် သက်သောင့်သက်သာရှိသည့် အပြုံးတစ်ချက် ထုတ်ဖော်လိုက်သည်။

နောက် (၃)ရက်တွင်တော့ နတ်လူသားမျိုးနွယ်များသည် ဝန်ရိုးစွန်း (၄)ခုကို ပြုပြင်ရန်အတွက် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အရပ် (၄)မျက်နှာသို့ အုပ်စု (၄)စုခွဲကာ ထွက်ခွာသွားကြသည်။

ကမ္ဘာဟောင်းမှ ပုံပျက်ပန်းပျက်တန်ခိုးစွမ်းအားများ ပြိုကျခြင်းကို သူတို့အားလုံး ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပြီး ခွန်လွန်တောင်တွင် ထွက်ပေါ်လာမည့် သူတော်စင်အတွက် အချိန်ဆွဲထားပေးခဲ့ကြသည်။

ခွန်လွန်တောင်ရှိ အဓိကတောင်ထွတ်ကြီးများကတော့ နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်နေကြပြီ ဖြစ်၏။

မြောက်ပိုင်းမှ နတ်မိစ္ဆာများ ၊ အရှေ့ပိုင်းမှ ဘီလူးဝိညာဉ်မျိုးနွယ်များ ၊ တောင်ပိုင်းမှ မြေအောက်နတ်ဆိုးများက ခွန်လွန်တောင်သို့ ချီတက်လာကြသည်။

ခွန်လွန်တောင်က ကောင်းကင်ဘုံနှင့် အနီးကပ်ဆုံးနေရာ ဖြစ်လေရာ သူတော်စင်တစ်ယောက် ထွက်ပေါ်လာရန် ခွန်လွန်တွင် နောက်ဆုံးတိုက်ပွဲကို တိုက်ခိုက်ရန် လိုအပ်သည်။ နောက်ဆုံးတိုက်ပွဲကြောင့် နတ်ဘုရားရာထူးပိုင်ရှင်များသည်ပင် ကျဆုံးကောင်းကျဆုံးကြရပေလိမ့်မည်။

ပိုမိုများပြားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါများကို ရရှိနိုင်မှသာ သူတော်စင်လမ်းက ထင်ရှားထွက်ပေါ်လာမည် ဖြစ်သည်။ သူတော်စင်ပလ္လင်ရှိနေသည့်တိုင် သူတောင်စင်ပလ္လင်ဆီသို့ တက်လှမ်းနိုင်ရန် သူတော်စင်လမ်းကို ဦးစွာ ဖော်ထုတ်ရမည် ဖြစ်၏။

နတ်ဘုရားရာထူးပိုင်ရှင်များက သူတော်စင်ဖြစ်လာရန် နီးစပ်ကြသည့်တိုင် လမ်းကြောင်းတစ်ခု မဖြစ်မနေလိုအပ်သည်။ ထိုလမ်းကြောင်း ထွက်ပေါ်လာရန် ခွန်လွန်တောင်တွင် နောက်ဆုံးတိုက်ပွဲ ဆင်နွှဲရမည်သာပင်။

တိုက်ပွဲတွင် ခွန်လွန်တောင်မှ ရှုံးနိမ့်ခဲ့လျှင်တော့ ဧကရာဇ်ရှီးဟယ်က သူတော်စင်ဖြစ်လာတော့မည်မဟုတ်ပေ။ အခြားမျိုးနွယ်စုများမှ နတ်ဘုရားရာထူးပိုင်ရှင် တစ်ယောက်ယောက်က သူတော်စင်နေရာကို ရရှိမည် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ သူတော်စင်လမ်းသည် အသက် ၊ အသွေးအသားများစွာ စတေးခံရခြင်းဖြင့် ပြည့်နက်နေမည် ဖြစ်သည်။

အမုန်းတရားများမပါဝင်သည့်တိုင် လူတိုင်းတိုက်ပွဲဝင်ကြရမည် ဖြစ်သည်။

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ထဲတွင် လူငယ်တစ်ယောက် ရှိနေပြီး သူက ကောင်းကင်ထက်သို့ မော့ကြည့်နေသည်။ ကောင်းကင်ပြင်က သွေးပင်လယ်ကြီးပမာ ရဲရဲနီလျှက် ရှိ၏။

လူငယ်က…

“ရှေးဟောင်းဧကရာဇ်နန်းတော်ပြိုလဲကျလာပြီ”

ဟု ရေရွတ်လိုက်သည်။

ကျင့်ကြံခြင်းအဆင့်အားနည်းသူများဆိုလျှင် ကောင်းကင်သို့ပင် မော့မကြည့်ရဲကြတော့ပေ။ မဟုတ်ပါက စိတ်ဖောက်ပြန် ရူးသွပ်သွားနိုင်သည်။

ယခုအချိန်မှစတင်ပြီး ကြယ်ရောင်စုံသည့် ကောင်းကင်ကြီးကို မည်သူမှ မတွေ့မြင်ကြရတော့ပေ။ သာမန်လူများအတွက် အပြာရောင်ကင်းကင်ဆိုသည်မှာ ဒဏ္ဍာရီသဖွယ် ဖြစ်သွားခဲ့လေပြီ။

လူသားတစ်ယောက်၏ဘဝတွင် ကောင်းကင်ကိုမော့ကြည့်သည့်အကြိမ်အရေအတွက်သည် လက်တစ်ဖက်စာပင် မပြည့်ခဲ့ပေ။

လူငယ်ဘေးနားတွင်ရှိနေသည့် အဘိုးအိုက…

“နောက်ဆုံးတော့ အားလုံးသေကြရမှာပဲ မဟုတ်လား ၊ ဒီတော့ အချင်းချင်းသတ်ဖြတ်ရင်း အနာဂတ်အတွက် တိုက်ခိုက်ကြတာပေါ့”

လူငယ်က အဘိုးအိုကိုကြည့်လိုက်ရင်း…

“ခင်ဗျားစကားကလည်း အဘိုးကြီးဆန်လိုက်တာဗျာ ၊ တကယ်တော့ အချင်းချင်း သတ်ဖြတ်တာ မဟုတ်ပါဘူးဗျ ၊ ကျုပ်တို့အတွက် တိုက်ခိုက်ပေးမယ့် တစ်စုံတစ်ယောက်ကို ရှာဖွေတာပါ”

ထိုစဉ် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်အတွင်းသို့ မြောင်ယွဲ့ဝင်လာသည်။

“ဂိုဏ်းတူအစ်ကို (၂)ယောက် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာကြပါလား ၊ ထူးဆန်းလိုက်တာ”

လူငယ်က စတုတ္ထတောင်ထွတ်၏တောင်သခင် စစ်ကျယ်ဖြစ်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး အဆိပ်တန်ခိုးစွမ်းအားများဖြင့် ပြည့်နက်လျှက် ရှိသည်။

အဘိုးအိုကတော့ သတ္တမတောင်ထွတ်၏တောင်သခင် ချီရွှင်ဖြစ်သည်။ သူက အိုမင်းလာလေ တန်ခိုးစွမ်းအား မြင့်မားလာလေပဲ ဖြစ်သည်။

ချီရွှင်က မြောင်ယွဲ့ကို ပြုံးပြလိုက်ရင်း…

“ဂိုဏ်းတူညီမလေး မြောင်ယွဲ့  ၊ ခုထိ တစ်ကိုယ်တည်းပဲလား ၊ လက်မထပ်ရသေးဘူးလား”

မြောင်ယွဲ့က မျက်လုံးများ မှေးမှိတ်သွားသည်အထိ ရယ်မောလိုက်ရင်း…

“ဂိုဏ်းတူအစ်ကိုက နောက်နေပြန်ပါပြီ ၊ အခု လက်မထပ်ရသေးလည်း ဘာဖြစ်လဲ ၊ သွားရမယ့်ဘဝလမ်းက အရှည်ကြီးမဟုတ်လား”

ချီရွှင်နှင့် စစ်ကျယ်တို့ ပြုံးလိုက်ကြသည်။

ခွန်လွန်တောင်တွင် တန်ခိုးစွမ်းအားရှင် များစွာရှိသည့်တိုင်  စွန့်ပစ်နယ်မြေ (၃)ခုမှ စစ်သည်တော်များ ဝိုင်းဝန်းတိုက်ခိုက်သည့်အခါ အသာစီးရနိုင်ရန် မသေချာပေ။

နောက်ဆုံးတိုက်ပွဲတွင် ခွန်လွန်တောင်မှ တောင်သခင် (၉)ယောက်တွင် ဘယ်နှစ်ယောက် အသက်ရှင်ကျန်ရစ်နိုင်မည် မသိပေ။ တစ်ယောက်အသက်ရှင်နိုင်လျှင်ပင် ကံကောင်းသည်ဆိုရမည်။

တောင်ခြေသေရည်ဆိုင်။

သေရည်ဝယ်ရန်အတွက် လုကျန်း ရောက်ရှိလာသည်။

ဆိုင်ရှင်အဘိုးအိုက အကောင်းစားသေရည်တစ်အိုး လုကျန်းကို ပေးလိုက်သည်။

“နောက်ရက်တွေဆိုရင် အကောင်းစားသေရည်တွေ မရနိုင်တော့ဘူး”

လုကျန်းက…

“အင်း နှမျောစရာကောင်းလိုက်တာ”

လုကျန်းက အကောင်းစားသေရည်မသောက်ရတော့မည်ကို အမှန်တကယ်ပင် စိုးရိမ်နေသည်။

ခဏမျှတိတ်ဆိတ်နေပြီးမှ သူက စကားဆက်ပြောသည်။

“အဘိုး ၊ ဒီကပ်ဆိုးကြီးပြီးရင်တော့ အကောင်းစားသေရည် ဝယ်လို့ရဦးမယ်မလား”

သေရည်ဆိုင်ရှင်က လုကျန်းကို အချိန်အတန်ကြာ စူစိုက်ကြည့်နေပြီးမှ…

“အေး… ရနိုင်ပါတယ် ၊ ဒါပေမဲ့ မင်း လာဝယ်နိုင်ပါဦးမလားဆိုတာတော့ မသေချာဘူး”

လုကျန်းက ရယ်မောလိုက်ရင်း…

“ဟားဟား… ဟုတ်ပါ့ဗျာ ၊ သွားပြီဗျို့”

လုကျန်းက သေရည်ဆိုင်ရှင်ကို နှုတ်ဆက်စကားဆိုပြီး ခွန်လွန်တောင်သို့ ပြန်လာခဲ့သည်။

ခွန်လွန်တောင်တစ်ခုလုံးသည် သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ပြည့်နက်နေပြီး ကံကြမ္မာအခွင့်ကောင်းရောင်ဝါများ ခြောက်သွေ့နေသည်။

မြောင်ယွဲ့က တောင်တစ်ခုလုံးကို ကာကွယ်ရန် ကြီးမားပြင်းထန်သည့် အစီအရင်တစ်ခုကို အသက်သွင်းထားပြီး ခွန်လွန်တပည့်များက ကောင်းကင်ထက်တွင် တင်ပျဉ်ခွေထိုင်ကာ တိုက်ပွဲအတွက် အသင့်ပြင်ကာ စောင့်ဆိုင်းနေကြသည်။

အရှေ့ ၊ တောင်နှင့် မြောက်ဘက်တို့မှ အနက်ရောင်တိမ်တိုက်များ သူတို့ထံသို့ ရွေ့လျားလာသည်ကို ခံစားကြရသည်။

မုန်တိုင်းလာနေပြီ ဖြစ်သည်။

လုကျန်းက သွေးနီရောင်ကောင်းကင်ကြီးကို မော့ကြည့်ရင်း သက်ပြင်းချလိုက်သည်။

“ဒါတွေကြောင့်ပဲ မဟုတ်လား ၊ ငါ့မှာ မျိုးဆက်မှားပြီးမွေးလာတာ စိတ်မကောင်းစရာပဲ ၊ ဒီလိုမှမဟုတ်ရင် ဒီဘေးအန္တရယ်တွေကို ကာကွယ်ပေးတဲ့ သူတောင်စင်တစ်ယောက် ငါ ဖြစ်လာနိုင်မှာပဲ”

အချိန်သာရမည်ဆိုလျှင် သူက ဆရာဖြစ်သူကို ကျော်တက်သွားနိုင်သည်အထိ ကျင့်ကြံနိုင်မည်ဖြစ်သည်။ သို့ပေသိ ကံမကောင်းစွာပင် သူ့အတွက် အချိန်အလုံအလောက် မရရှိခဲ့ပေ။

လူပေါင်းများစွာ သေလုနီးပါး ဆင်းရဲဒုက္ခကို ရင်ဆိုင်နေကြရသည်။ သူက ထိုသူများအတွက် တိုက်ပွဲဝင်ရမည်ဖြစ်ပြီး သေရမည်ကို ဘယ်တုန်းကမှ မကြောက်ရွံ့ခဲ့ပေ။

လုကျန်း သေရည်တစ်ကျိုက်မော့သောက်လိုက်ပြီး ရယ်မောလိုက်သည်။

“ကောင်းလိုက်တဲ့သေရည်”

***

လုန်ယွိ ကျောက်စိမ်းရေကန်မှ ထွက်ခွာလာပြီး နဝမတောင်ထွတ်မှ ခြံဝင်းဆီသို့ ရောက်လာသည်။

သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များလောင်းပေးပြီးနောက် အခန်းထဲသို့ ဝင်ခဲ့သည်။ ကျန်းလန်က တစ်ယောက်တည်းကျင့်ကြံနေဆဲ ဖြစ်ပြီး လုန်ယွိကတော့ ဘယ်တော့မှ ကြည့်မဝသည့်အလား ချစ်ရသူ၏မျက်နှာကို ငေးစိုက်ကြည့်နေခဲ့သည်။

သူမက ကျန်းလန် နိုးထလာမည်ကို စောင့်ဆိုင်းနေသည့်အလား ဖြစ်သည်။

သို့သော်…

ကျန်းလန်သည် မျက်လုံးဖွင့်လာမည့် အရိပ်အယောင် မပြခဲ့ပေ။

နောက်တစ်နေ့နံနက်တွင်တော့ ကျောက်စိမ်းရေကန်သို့ ပြန်ရတော့မည်ကို လုန်ယွိ သိရှိသည်။ ခွန်လွန်တောင်ကို ကာကွယ်ရန်အတွက် ကျောက်စိမ်းရေကန်၏တန်ခိုးစွမ်းအားနှင့် ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို သူမက ထိန်းချုပ်ပေးရမည်ဖြစ်လေရာ ကျောက်စိမ်းရေကန်ပြင်ပတွင် ကြာကြာနေ၍ မဖြစ်နိုင်ပေ။

အရှေ့ဘက် ၊ တောင်ဘက် ၊ မြောက်ဘက် စွန့်ပစ်နယ်မြေများမှ ရန်သူစစ်သည်တော်များ ချီတက်လာပြီဖြစ်ပြီး တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည် ဖြစ်သည်။ ဤတိုက်ပွဲက နောက်ဆုံးတိုက်ပွဲဖြစ်သလို သူတော်စင်ပလ္လင်အတွက် ယှဉ်ပြိုင်ရမည့်တိုက်ပွဲဖြစ်သည်။ အာဃာတ ၊ အငြိုးအတေးများရှိလျှင်လည်း ဤတိုက်ပွဲကြီးအတွင်း ပေါက်ကွဲထွက်ကြမည် ဖြစ်သည်။

ထို့ပြင် ဤတိုက်ပွဲက လူတစ်ယောက် သူတော်စင်ဖြစ်လာရန် လမ်းဖွင့်ပေးမည် ဖြစ်၏။

လုန်ယွိက ကျန်းလန်ကိုကြည့်နေရင်း ပြုံးလိုက်သည်။

“ဂိုဏ်းတူမောင်လေး ၊ နောက်ဆုံးတိုက်ပွဲစတင်တော့မယ် ၊ အချိန်ရရင် ကျွန်မ ရှင့်ကို လာတွေ့ပါ့မယ်”

ထိုစကားကို လုန်ယွိ စိတ်ထဲမှသာ ပြောလိုက်ခြင်း ဖြစ်သည်။

နောက်ထပ် လအနည်းငယ်ဆိုလျှင် ခွန်လွန်တောင်တွင် တိုက်ပွဲများ စတင်တော့မည် ဖြစ်သည်။ တိုက်ပွဲက မည်မျှအချိန်ကြာမည်ကို မသိနိုင်ကြပေ။

အခြားသောမျိုးနွယ်စုများက တတ်နိုင်သလောက် ကောင်းကင်ဘုံပြိုကျသည်ကို ထောက်မပေးထားကြသည်။ ထိုသူများ ထိန်းမထားနိုင်သည့်တစ်နေ့တွင် အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။ နောက်ဆုံးအချိန်ရောက်သည့်အခါ ခွန်လွန်တောင် သူတော်စင်တစ်ယောက် ထွက်ပေါ်လာမည် ဖြစ်သည်။

ထိုအကြောင်းများကို သူမက ကျန်းလန်လောက်တော့ သေသေချာချာ မသိရှိပေ။

ကျန်းလန်က ယခုအချိန်ထိ အဘယ့်ကြောင့် တံခါးပိတ်ကျင့်ကြံနေသည်ကို သူမ မသိရှိသော်လည်း ကျရောက်လာမည့် ကမ္ဘာဖျက်ကပ်ဘေးကြီးနှင့် ပတ်သက်နေသည်ကတော့ သေချာသည်။ ကျန်းလန် မကြာခင် ပြန်လည်နိုးထာလာရန်လည်း သူမ မျှော်လင့်မိသည်။

လုန်ယွိက တောက်ပစွာ ပြုံးလိုက်ရင်း…

“ဂိုဏ်းတူမောင်လေး ၊ ကျွန်မတို့ သဘောတူထားတာကို မမေ့ပါနဲ့ ၊ နောက်တစ်ခါ စိန်ခေါ်ပွဲမှာ ကျွန်မ ရှင့်ကို အနိုင်ယူမှာနော်”

ထို့နောက် လုန်ယွိ ကျောက်စိမ်းရေကန်သို့ ပြန်လာခဲ့သည်။

သူမက ခွန်လွန်တောင် တန်ခိုးစွမ်းအားကို မြှင့်တင်ပြီး ခွန်လွန်တောင်ကို ကာကွယ်ရမည် ဖြစ်သည်။ သူမက ကျောက်စိမ်းရေကန်ကို ထိန်းချုပ်ပြီး ခွန်လွနတောင်အပေါ်သက်ရောက်လာမည့် ကမ္ဘာဖျက်စွမ်းအားများကို ကာကွယ်ပေးနိုင်သည့် ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်သည်။

နောက် (၁)နှစ်။

ကျန်းလန် ခွန်လွန်တောင်သို့ ရောက်သည်မှာ (၉၉၃)နှစ် ရှိပြီ ဖြစ်သည်။

ခွန်လွန်တောင်၏ အထက်ကောင်းကင်ယံတွင် မျှော်စင်ကြီးများရှိနေပြီး မရေမတွက်နိုင်သည့် တန်ခိုးစွမ်းအားရှင်များက သူတို့၏ တန်ခိုးစွမ်းအားများကို ဖြန့်ကျက်ထားသည်။

သူတို့အားလုံးက တိုက်ပွဲကို ရင်ဆိုင်ရန် ရှေ့သို့ မျှော်ကြည့်နေကြသည်။ တိုက်ပွဲဝင်မည့်လူတိုင်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြသည်။

တစ်စုံတစ်ယောက်ကို မုန်းတီးခဲ့လျှင် လက်စားချေရန်အတွက် တိုက်ပွဲကို အခွင့်အရေးတစ်ခုအဖြစ် အသုံးပြုနိုင်သည်။ အမုန်းတရားနှင့် ရန်ငြိုးမရှိသူများကတော့ သူတော်စင်တစ်ယောက်ထွက်ပေါ်လာရန်အတွက် စတေးခံကာ တိုက်ပွဲကို ဆင်နွှဲရမည် ဖြစ်သည်။

အားလုံးက သေခြင်းတရားကို မကြောက်ရွံ့ဘဲ လက်ခံထားကြသည်။

ခွန်လွန်တောင်သို့ စစ်ချီလာကြသူများသည်လည်း နောင်တမရကြပေ။ ပျက်သုဉ်းတစ်စပြင်လောကကြီးကို ကယ်တင်ရန်အတွက် လူတိုင်းက စတေးခံခဲ့ကြရသည်ပဲ ဖြစ်သည်။ နောက်ဆုံးတိုက်ပွဲတွင် မပါဝင်သူများကလည်း သူတို့နည်းသူတို့ဟန်ဖြင့် လောကကြီးအတွက် စတေးခံနေကြဆဲ ဖြစ်သည်။

ဤကမ္ဘာမြေတွင် သူတို့မွေးဖွားကြီးပြင်းခဲ့ကြသည်။ သူတို့သာ ဤကမ္ဘာမြေကိုကယ်တင်နိုင်မည်ဆိုလျှင် ဘဝပေါင်းများစွာသည် အရောင်အသွေး တစ်ဖန်ပြန်လည်စုံလင်လာကြပေလိမ့်မည်။

“ဟူး ဟူး”

လေပြင်းများ တိုက်ခတ်လာသည်။

မြောက်ပိုင်းစွန့်ပစ်နယ်မြေမှ နတ်မိစ္ဆာများ ကောင်းကင်ထက်မှ ဆင်းသက်လာကြသည်။

တာအိုအင်မော်တယ်တိကျင်းက ခွန်လွန်တောင်ကို လှမ်းကြည့်ရင်း ရှေ့သို့ဆက်လျှောက်သွားသည်။ ယခုတစ်ကြိမ်မှာတော့ သူက အသက်ကယ်နည်းလမ်းများစွာကို ပြင်ဆင်ထားပြီး လူအတော်များများကို သတ်ဖြတ်နိုင်ရန် စီစဉ်ထားသည်။

သူတို့က ခွန်လွန်တောင်သို့ စတေးခံသက်သက် ရောက်လာကြခြင်း မဟုတ်ပေ။ သူတို့တွင်လည်း ရည်မှန်းချက်များ ရှိသည်။

အကယ်၍ ခွန်လွန်တောင်မှ ဧကရာဇ်ရှီးဟယ်က သူတော်စင်ဖြစ်လာရန် ပျက်ကွက်ခဲ့ပါက နတ်မိစ္ဆာများ၏ ဧကရာဇ်ချုန်းကိုးက သူတောင်စင် ဖြစ်လာပေမည်။ ခွန်လွန်တောင်ကို အနိုင်ယူပြီး သူတော်စင်နေရာကို လုယူနိုင်လျှင်လည်း အကောင်းဆုံး ဖြစ်သည်။

သို့သော် ယခုတိုက်ပွဲက တစ်ရက်နှစ်ရက်နှင့် ပြီးဆုံးသွားမည့် တိုက်ပွဲမဟုတ်ပေ။

မြေအောက်နတ်ဆိုးမျိုးနွယ်များသည်လည်း မြေကြီးကို ထိုးဖောက်ပြီး ထွက်ပေါ်လာကြသည်။ မြေအောက်နတ်ဆိုးဘိုးဘေးက သူတော်စင်ဖြစ်လာနိုင်မည် မဟုတ်သော်လည်း သူတို့က ခွန်လွန်တောင်ကို အနိုင်ယူရန် အကောင်းဆုံး ကြိုးစားမည် ဖြစ်သည်။

ဤသည်က နောက်ဆုံးတိုက်ပွဲဖြစ်သည့်အတွက် တိုက်ခိုက်ရမည့်အတူတူ ခွန်လွန်တောင်မှလူများကို ရသလောက်သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်ထားသည်။ ထို့ပြင် တိုက်ပွဲသို့ရောက်လာမှတော့ အားလုံးက အသက်စွန့်ကြရန်လည်း အဆင်သင့်ပြင်ထားသည်။

ဘီလူးဝိညာဉ်မျိုးနွယ်များသည်လည်း တောင်များကဲ့သို့ ရွေ့လျားပြီး ခွန်လွန်တောင်သို့ ချီတက်လာကြသည်။ ချီလင်မျိုးနွယ်များကို ရှုံးနိမ့်ပြီးနောက် သူတို့သည်လည်း သိက္ခာကျဆင်းခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတိုက်ပွဲတွင် ပါဝင်ခြင်းဖြင့် သိက္ခာဆည်ရမည် ဖြစ်သည်။

ကောင်ငယ်လေးနှင့် ဟုန်ယာက ခွန်လွန်တောင်ရှေ့တွင် မတ်တတ်ရပ်နေသည်။

ခွန်လွန်တောင်ကို အရှေ့ ၊ တောင်နှင့် မြောက်ဘက်တို့မှ တိုက်ခိုက်ကြမည်ဖြစ်ရာ သူတို့သည်လည်း ပါဝင်တိုက်ခိုက်ရန် လိုအပ်သည်။

ခွန်လွန်တောင် ကျဆုံးသွားမည်လား ဆိုသည်ကတော့…

ထိုအကြောင်းကို မည်သူမှ မသိရှိသလို အရေးလည်းမစိုက်ပေ။

ယခုရင်ဆိုင်ရမည့်တိုက်ပွဲသည် အဆုံးမဲ့တိုက်ပွဲတစ်ခုဖြစ်ပြီး တိုက်ပွဲထဲတွင် မရှင်သန်နိုင်လျှင် သေချာပေါက် အသက်ပေးရပေမည်။

အင်အားကြီးအုပ်စု (၃)ခု ချီတက်လာသည်နှင့် ခွန်လွန်တောင်မှ ကျင့်ကြံသူများသည်လည်း ရှေ့သို့ချီတက်လာကြသည်။ တောင်သခင်များမှအစပြုပြီး ရွှေပြဒါးအမြုတေကျင့်ကြံသူများအထိ တိုက်ပွဲဝင်ကြ၏။

လုကျန်း ၊ လင်အန်း ၊ ပေဖန်း ၊ ဟုန်လွမ် ၊ ကျင်းထင် ၊ လင်စီးယာ ၊ မုရှိုး ၊ ကျိုးစူးနှင့် လုကျန်တို့အားလုံး တိုက်ပွဲထဲတွင် ရှိနေကြသည်။

ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက်…

မြေအောက်နတ်ဆိုးများက စတင်တိုက်ခိုက်လိုက်ကြသည်။

“သတ်”

“ဘုန်း”

မြေပြင်တစ်ခုလုံး တုန်လှုပ်သွားပြီး တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပွားခဲ့သည်။

“ဟက်… မြေအောက်နတ်ဆိုးဘိုးဘေးကို ကျုပ်သွားရင်ဆိုင်မယ်…”

စကားပြောသံနှင့်အတူ မော့ကျန်းသုန့် နဝမတောင်ထွတ်မှ ထွက်ခွာလာသည်။

တပည့်ဖြစ်သူကျန်းလန်က မြေအောက်နတ်ဆိုးဘိုးဘေး၏ ကိုယ်ခွဲတစ်ခုကို အနိုင်ယူဖူးသည်ဖြစ်ရာ သူက မြေအောက်နတ်ဆိုးဘိုးဘေးကိုယ်တိုင်ကို အနိုင်ယူရမည် ဖြစ်သည်။

တစ်ဖက်လူက နတ်ဘုရားရာထူးပိုင်ရှင်တစ်ယောက် ဖြစ်သော်လည်း မော့ကျန်းသုန့်က အရေးမစိုက်ပေ။

***

All Chapters