နှစ်တစ်ထောင် တံခါးပိတ်ကျင့်ကြံပြီးနောက်
Vol. 40 Ch. 553
မော့ကျန်းသုန့် ထွက်လာခဲ့သည်။
သူထွက်လာသည်နှင့် မိုးကုတ်စက်ဝိုင်းတစ်ခုလုံး လျှပ်စီးများလင်းလက်သွားပြီး ထောင်ပေါင်းများစွာသော မိုးကြိုးစွမ်းအားများက လောကတစ်ခုလုံးသာမက သွေးနီရောင်ပင်လယ်ကောင်းကင်ပြင်ထိတိုင် ရောက်ရှိသွားသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် မော့ကျန်းသုန့်က မြေအောက်နတ်ဆိုးများရှိရာနေရာသို့ ရောက်ရှိလာပြီး လျှပ်စီးတန်ခိုးစွမ်းအားက အလယ်ဗဟိုသို့ တည့်တည့်မတ်မတ်ဝင်ရောက်တိုက်ခိုက်လိုက်သည်။
“ဘုန်း”
မြေအောက်နတ်ဆိုးဘိုးဘေးထံမှ နတ်ဆိုးတန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး လျှပ်စီးတန်ခိုးစွမ်းအားများကို စုပ်ယူသွားသည်။
“ဝှစ်”
အနက်ရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး အနက်ရောင်အလင်းတန်းများ လင်းလက်တောက်ပလာသည်။
ထို့နောက် အနက်ရောင်အလင်းတန်းများက အနက်ရောင်သံချပ်ကာဝတ်စုံကိုဝတ်ဆင်ထားသည့် မြေအောက်နတ်ဆိုးဘိုးဘေးအဓိပတိကြီးအဖြစ် ပြောင်းလဲသွားပြီး မော့ကျန်းသုန့်ရှေ့သို့ ရောက်ရှိလာသညည်။
သူက မော့ကျန်းသုန့်ကို မထီမဲ့မြင်အမူအရာဖြင့်ကြည့်လိုက်ရင်း…
“မင်းတို့မှာ တာအိုအင်မော်တယ်ဆိုလို့ မင်းတစ်ယောက်ပဲ ရှိတော့တာလား ၊ ဟက်… ခွန်လွန်တောင်က မင်းကို သေဖို့အတွက် ကျုပ်ဆီပို့လိုက်တာလား”
ထိုအချိန် မော့ကျန်းသုန့်ဘေးသို့ အဘိုးအိုတစ်ယောက် ရောက်ရှိလာသည်။ သူက သတ္တမတောင်ထွတ်၏တောင်သခင် ချီရွှင်ပင် ဖြစ်သည်။
သူက…
“ကျုပ်တို့မှာ တာအိုအင်မော်တယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သေချာပါတယ် ၊ ဒါပေမဲ့ မင်းကို ရင်ဆိုင်မယ့်သူကတော့ မော့ကျန်းသုန့်ပဲ ၊ ကျုပ်ကတော့ တခြား တာအိုအင်မော်တယ်တွေကို ရှင်းပစ်မယ်”
ထို့နောက် အဘိုးအိုက မြေပြင်ထက်သို့ဆင်းသက်သွားပြီး အခြားသော နတ်ဆိုးမျိုးနွယ်တာအိုအင်မော်တယ်များထံ ချဉ်းကပ်သွားသည်။
တစ်ချိန်တည်းမှာပင် မြေအောက်နတ်ဆိုးမျိုးနွယ် (၆)ယောက်ထွက်ပေါ်လာပြီး ချီရွှင်ကို ဝိုင်းရံထားလိုက်ကြသည်။
ချီရွှင်က ပြုံးလိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်၏။
“ဂိုဏ်းတူညီမလေးမြောင်ယွဲ့ ၊ မင်း ကျုပ်ဘက်က စောင့်ကြည့်ပေးထားမယ်မဟုတ်လား”
“ကောင်းပြီ ဂိုဏ်းတူအစ်ကိုချီရွှင်”
မြောင်ယွဲ့ကဆိုသည်။
သူမက အစီအရင်ပညာကျွမ်းကျင်သူဖြစ်လေရာ တိုက်ပွဲအလယ်တွင် မတ်တတ်ရပ်လျှက် အစီအရင်ပညာကို အသုံးပြုကာ တိုက်ပွဲကိုထိန်းချုပ်ပြီး ချီရွှင်အတွက် လမ်းကြောင်းများအားလုံးကို ပံ့ပိုးပေးနေသည်။
ချီရွှင်က ချက်ချင်းပင် တန်ခိုးစွမ်းအားများကို ထုတ်ဖော်ပြီး သူ့ကို ဝိုင်းရံထားသည့် တာအိုအင်မော်တယ် (၆)ယောက်ကို စတင်တိုက်ခိုက်လိုက်သည်။
တစ်ချိန်တည်းမှာပင် မော့ကျန်းသုန့်သည်လည်း ရှေ့သို့ခြေတစ်လှမ်းတိုးကာ မြေအောက်နတ်ဆိုးဘိုးဘေးကို တိုက်ခိုက်လိုက်သည်။
“ဘုန်း”
တာအိုအင်မော်တယ်များကြားမှ တိုက်ပွဲများ အစပျိုးခဲ့ပြီ ဖြစ်၏။
နေရာပေါင်းစုံမှ မြေအောက်နတ်ဆိုးများ ထွက်ပေါ်လာပြီး ခွန်လွန်တောင်ကို တိုက်ခိုက်ကြသည်။
“သတ်…”
မြေအောက်နတ်ဆိုးများသာမက အခြားဘက်တွင်တွင်လည်း ဘီလူးဝိညာဉ်မျိုးနွယ်များက မြေပြင်တစ်ခုလုံ တုန်ခါသွားစေသည့် အမြန်နှုန်းဖြင့် ခွန်လွန်တောင်သို့ ချီတက်လာကြသည်။
ခွန်လွန်တောင်မှ တပည့်များကလည်း သူတို့၏ မှော်ဝင်ပစ္စည်းများကို တင်းတင်းဆုပ်ကိုင်ကာ ချီတက်လာသည့် ဘီလူူးဝိညာဉ်မျိုးနွယ်များကို စတင်တိုက်ခိုက်လိုက်ကြသည်။
“ဘုန်း”
“ဘုန်း”
တန်ခိုးစွမ်းအားများ နေရာအနှံ့တွင်စီးဆင်းပေါက်ကွဲသွားပြီး မီးတောက်များနှင့် ဓားအရိပ်များက ကောင်းကင်ထက်တွင် ဝဲပျံလျှက် သတ်ဖြတ်လိုသည့်အငွေ့အသက်များ မြင့်တက်လာကြသည်။
ပေါက်ကွဲသံများ နေရာအနှံ့ထွက်ပေါ်လာပြီး ခွန်လွန်တောင်အပြင်ဘက်မှ တောင်းတန်းများ အက်ကွဲကြေမွကုန်ကာ မြစ်ချောင်းများသည်လည်း အပိုင်းပိုင်းပြတ်တောက်ကုန်ကြသည်။ ခွန်လွန်သည် အရင်ကလို သာယာပျော်ရွှင်စရာ နယ်မြေတစ်ခု မဟုတ်တော့ဘဲ အဖျက်စွမ်းအားများဖြင့် လွှမ်းခြုံလျှက် ရှိသည်။
ကောင်ငယ်လေးနှင့် ဟုန်ယာသည်လည်း တိုက်ပွဲကြားတွင် ရျိနေလေသည်။ သူတို့ပတ်ပတ်လည်တွင် အစစ်အမှန်အင်မော်တယ် ရန်သူများစွာ ရှိနေပြီး သွေးစများလည်း ပျံ့ကျဲလျှက်ရှိသည်။
သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုကတော့ သတ္တမတောင်ထွတ်၏တောင်သခင်ချီရွှင်နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည်။
နတ်မိစ္ဆာများက ပထမတောင်ထွတ် ၊ ဒုတိယတောင်ထွတ်နှင့် တတိယတောင်ထွတ်များကို ပစ်မှတ်ထားကြပြီး ဘီလူးဝိညာဉ်မျိုးနွယ်များကတော့ စတုတ္ထတောင်ထွတ် ၊ ဆဋ္ဌမတောင်ထွတ်နှင့် အဋ္ဌမတောင်းထွတ်များကို ပစ်မှတ်ထားတိုက်ခိုက်ကြသည်။
မြေအောက်နတ်ဆိုးများကိုတော့ သတ္တမတောင်ထွတ်၏တောင်သခင် ၊ နဝမမေတာင်ထွတ်၏တောင်သခင်နှင့် သေရည်ဆိုင်ရှင်အဘိုးအိုတို့က တိုက်ခိုက်နေကြသည်။
ပဉ္စမတောင်ထွတ်၏ တောင်သခင်မ မြောင်ယွဲ့ကတော့ အစီအရင်ပညာကို အသုံးပြုကာ ရန်သူများ ခွန်လွန်တောင်ထဲအထိ ထိုးဖောက်ဝင်ရောက်မလာစေရန် ကာကွယ်ပေးထားသည်။ သူမ၏လက်ထဲတွင် ခုခံကာကွယ်ရေး အစီအရင်၏ ဗဟိုမဏ္ဍိုင်ကို ကိုင်ဆောင်ထား၏။
မြေအောက်နတ်ဆိုးတစ်ယောက်က…
“ချီရွှင် ၊ ကျုပ်တို့က မင်းကို နှိမ်တာတော့ မဟုတ်ပါဘူး ၊ မင်းက ငယ်ငယ်တုန်းကတော့ အတော်လေး နာမည်ကြီးတဲ့သူတစ်ယောက်ပါပဲ ၊ ဒါပေမဲ့ အခု အသက်ကြီးလာပြီလေ ၊ (၆)ယောက် (၁)ယောက် တိုက်ခိုက်မယ်ဆိုရင် မင်း ဘယ်လောက်တန်ခိုးစွမ်းအားမြင့်မားပါစေ ၊ ကျုပ်တို့လက်မှာ သေရမှာပဲ”
ထို့နောက် နတ်ဆိုး (၆)ယောက်က တစ်ပြိုင်နက်တည်း ချီရွှင်ကို ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
“ဘုန်း”
ချီရွှင်က ချက်ချင်းပင် ရန်သူများ၏တိုက်ခိုက်မှုကို ခုခံကာ တိုက်စစ်ဆင်ရန် ကြိုးစားသည်။ သို့သော် သူ ဘယ်လောက်ပင် ကြိုးစားပါစေ နတ်ဆိုး (၆)ယောက်က သူ့ကို ဖိနှိပ်ထားသည်။
“ဘုန်း”
တာအိုတန်ခိုးစွမ်းအားတစ်ခုက ချီရွှင်၏လက်မောင်းကို ထိမှန်သွားပြီး ပေါက်ကွဲထွက်သွားသည်။
“ဘန်း”
တစ်ချိန်တည်းမှာပင် နောက်ထပ် မြေအောက်နတ်ဆိုးတစ်ယောက်က ချီရွှင်၏ခါးကို ဓားဖြင့်နှစ်ပိုင်းပိုင်းပစ်လိုက်သည်။
“ရွှမ်း”
ချီရွှင် တစ်ချက်တည်းဖြင့် ပွဲချင်းပြီး သေဆုံးသွားရတော့သည်။
ချီရွှင်ကို သတ်ဖြတ်ပြီးသည်နှင့် မြေအောက်နတ်ဆိုး (၆)ယောက် မျက်မှောင်များ ကြုတ်သွားကြသည်။ တစ်ခုခုမှားနေပြီဖြစ်ကြောင်း သူတို့ သတိပြုလိုက်မိသည်။
“နောက်ဆုတ်…”
ပြင်းထန်လွန်းသည့် တန်ခိုးစွမ်းအားတစ်ခုက သူတို့ထံသို့ ဝင်ရောက်လာသည်။
သူတို့အားလုံး နောက်ဆုတ်ရှောင်တိမ်းလိုက်ချိန်…
“ဘုန်း”
ပတ်ဝန်းကျင်တစ်ခုလုံး မှန်တစ်ချပ်ပမာ ကွဲအက်သွားသည်။
ထို့နောက် မှန်ချပ်များ၏နောက်ကွယ်မှ တာအိုအင်မော်တယ် အဘိုးအို (၂)ယောက် ထွက်ပေါ်လာသည်။ ထို (၂)ယောက်မှာ သတ္တမတောင်ထွတ်တောင်သခင် ချီရွှင်နှင့် သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုပင် ဖြစ်သည်။
“နာမ်ဝိညာဉ်ရောင်ပြန်ပညာ အသုံးပြုထားတာပဲ”
မြေအောက်နတ်ဆိုးတစ်ယောက် အော်ဟစ်လိုက်သည်။
ချီရွှင်က…
“ဒါပေါ့ ၊ မဟုတ်ရင် မင်းတို့တွေ ကျုပ်ကို ဒီလောက်လွယ်လွယ်နဲ့ သတ်ဖြတ်နိုင်မတဲ့လား ၊ မင်းတို့ထဲက နှစ်ယောက်သုံးယောက်လောက်ကို ငရဲမပို့ပေးနိုင်သရွေ့ ကျုပ်လည်း မသေသေးဘူးကွ ၊ မြဲမြဲမှတ်ထား”
သေရည်ဆိုင်ရှင်အဘိုးအိုက ပြုံးလိုက်ရင်း…
“ကျုပ်ရောက်နေတဲ့နေရာမှာ ပုံရိပ်ယောင်တွေကို သတိထားပါ ၊ မင်းဘေးနားကလူကတောင် အတုဖြစ်နေနိုင်တယ်”
မြေအောက်နတ်ဆိုးတစ်ယောက်က လှောင်ပြောင်ဟန်ဖြင့် “ဟွန့်” ကနဲ နှာခေါင်းရှုံ့သည်။
“တာအိုအင်မော်တယ်တွေကြားမှာ တန်ခိုးစွမ်းအား ကွာခြားချက်တွေရှိတယ်ဆိုပေမယ့် ကျုပ်တို့ မြေအောက်နတ်ဆိုးတွေကလည်း စက္ကူနဲ့လုပ်ထားတဲ့ အရုပ်တွေမဟုတ်ဘူး ၊ မင်းတို့နှစ်ယောက်လည်း ဒီတိုက်ပွဲမှာ သေချာပေါက် သေရမယ်”
ထိုသို့ဖြင့် ပြင်းထန်သည့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။
လုန်ယွိက ကျောက်စိမ်းရေကန်မှ ခွန်လွန်တောင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မိုးကောင်းကင်ကြီး တဖြည်းဖြည်းနိမ့်ဆင်းလာနေသည်ကို တွေ့မြင်ရသလို ခွန်လွန်တောင်ထိပ်တွင်လည်း ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခု တဖြည်းဖြည်းစုစည်းနေသည်ကို တွေ့ရသည်။
သူမ သိပ်ပြီးနားမလည်သော်လည်း ခွန်လွန်တောင်တိုက်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ ထိုကံကြမ္မာအခွင့်ကောင်းရောင်၀ အစပျိုးလာရန်ဖြစ်ကြောင်း သိရှိထားသည်။
ခွန်လွန်တောင်က အခြားနေရာများနှင့် မတူညီပေ။ ကောင်းကင်ဘုံနှင့်လည်း ချိတ်ဆက်ထားနိုင်သလို မရဏလောကနှင့်လည်း ဆက်သွယ်ထားသည်။ ဘုံသုံးခု ဆက်စပ်နေရာ နေရာတစ်ခု ဖြစ်ပြီး အစနှင့်အဆုံးလည်း ဖြစ်သည်။
ထို့ကြောင့် တန်ခိုးစွမ်းအားရှင်များ၏ အသွေးအသားများ စတေးခံရလေ ကံကြမ္မာအခွင့်ကောင်းရောင်ဝါက ပိုမိုထွက်ပေါ်လာလေပဲ ဖြစ်သည်။ သို့သော် လုံလောက်သည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါရရှိရင် အချိန်မည်မျှကြာမည်ကို မည်သူမှ မသိနိုင်ကြပေ။
လုန်ယွိက ကျောက်စိမ်းရေကန်၏ တန်ခိုးစွမ်းအားကို အသုံးပြုကာ ပထမတောင်ထွတ်ကို ဖိနှိပ်ထားသည်။ ကျောက်စိမ်းရေကန်မှ အဆုံးမဲ့ တန်ခိုးစွမ်းအားစီးကြောင်းက ခွန်လွန်တောင်တစ်ခုလုံးကို လှည့်ပတ်စီးဆင်းနေသည်ကို သူမ ခံစားရသည်။
ကျောက်စိမ်းရေကန်၏ တန်ခိုးစွမ်းအားက အခြားတောင်ထွတ်မှားကို လွှမ်းမိုးကာကွယ်ပေးနိုင်သော်လည်း နဝမတောင်ထွတ်ကိုတော့ ကာကွယ်ပေးနိုင်စွမ်း မရှိပေ။
“ဂိုဏ်းတူမောင်လေး”
နဝမတောင်ထွတ်ဆီ လှမ်းကြည့်လိုက်ပြီး လုန်ယွိ တိုးလျစွာရေရွတ်လိုက်သည်။
***
နဝမတောင်ထွတ်။
မော့ကျန်းသုန့်က မဖြစ်၍သာ တိုက်ပွဲအတွင်းသို့ ထွက်ခွာသွားရသော်လည်း ငရဲတံခါးက မတည်မငြိမ် ဖြစ်နေခဲ့သည်။ ငရဲတံခါးမှ မရဏလောကသားများ အချိန်မရွေး ထွက်လာနိုင်သည်။
သို့ပေသိ ခွန်လွန်မှ တာ့လော်အင်မော်တယ်အချို့က ငရဲတံခါးကို စောင့်ကြပ်ရန် ရောက်ရှိနေကြသည်။ သက်လတ်ပိုင်းလူရွယ် (၂)ယောက်နှင့် ချောမောလှပသော မိန်းမပျိုတစ်ယောက် ဖြစ်သည်။ သူတို့က ငရဲတံခါးကို တိတ်တိတ်လေး စောင့်ကြည့်နေကြသည်။
သူတို့က ခွန်လွန်တောင်အပြင်ဘက်သို့ လှမ်းမျှော်ကြည့်နေကြပြီး တိုက်ပွဲသို့ ဝင်ရောက်ကာ ရန်သူများကို သတ်ဖြတ်ပစ်ချင်နေကြသည်။ သို့သော် သူတို့က ငရဲတံခါးကို စောင့်ကြပ်နေကြရသဖြင့် တိုက်ပွဲမဝင်နိုင်ခဲ့ကြပေ။
ထို့ပြင် သူတို့က နဝမတောင်ထွတ်မှတပည့်ကို တစ်ခါမှ မတွေ့မြင်ဖူးကြသဖြင့် အလွန်သိချင်နေကြသည်။ ထိုသူက အစီအရင်ပညာ အံ့သြစရာကောင်းလောက်အောင်တော်သည်ဟု ကြားဖူးကြသည်။ ထိုသူသာ ယခုအချိန် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး သူတို့နှင့်ပူးပေါင်းပါက ငရဲတံခါးကို ကာကွယ်ရသည်မှာ ပိုမိုလွယ်ကူမည် ဖြစ်သည်။
နဝမတောင်ထွတ်မှတပည့်က တိုက်ပွဲမဝင်ဘဲ အဘယ့်ကြောင့် တံခါးပိတ်ကျင့်ကြံနေရပါသနည်းဟု တောင်သခင်များကို မေးကြည့်သော်လည်း မည်သည့်အဖြေမှ မရခဲ့ပေ။ ဘာ့ကြောင့်မှန်းမသိ နဝမတောင်ထွတ်မှတပည့်အကြောင်းကို တောင်သခင်များကလည်း လျှို့ဝှက်ထားလိုဟန် ရှိသည်။ လျှို့ဝှက်ပြဿနာတစ်ခုခု ရှိနေသောကြောင့် ဖြစ်နိုင်သည်။
ဓားကိုင်ထားသည့်လူရွယ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
“ဒီနေရာပတ်ဝန်းကျင်မှာလုပ်ထားတဲ့ အစီအရင်တွေကတော့ တကယ့်ကို အံ့သြစရာပါပဲ”
သံချပ်ကာဝတ်ဆင်ထားသည့် လူရွယ်က ပေါ့ပေါ့ပါးပါးပင် သဘောတူလိုက်သည်။
ချောမောလှပသည့် မိန်းမပျိုက…
“အမှန်ပဲ ၊ ဒါပေမဲ့ အစီအရင်အချို့က ကျွန်မတို့ အသက်သွင်းလို့မရဘူး”
သူတို့ (၃)ယောက်သည် မရဏဂူနှင့် မနီးမဝေးတစ်နေရာတွင် ရပ်စောင့်နေကြသည်။
နဝမတောင်ထွတ်ဆီသို့ လေပြေတစ်ချက် တိုက်ခတ်လာပြီး ပန်းပွင့်လေးများ ယိမ့်နွဲ့လှုပ်ရှားသွားကြသည်။ ရေသဖန်းပင်လေးသည်လည်း လေပြေနှင့်အတူ လှုပ်ခတ်သွားသည်။
ထို့နောက် အရင်အတိုင်းပြန်လည်ငြိမ်သက်သွားပြီး မည်သည့်ထူးခြားချက်မှ ဖြစ်မလာခဲ့ပေ။
အိမ်ထဲတွင် ကျန်းလန် မျက်လုံးများကို မှေးမှိတ်ကာ ကျင့်ကြံနေသည်။ သူက မျက်လုံးများကို တင်းတင်းကျပ်ကျပ်မှိတ်ထားပြီး ရှေးဟောင်းအနောက်နန်းတော်မှ ရရှိသည့် ကောင်းချီးလက်ဆောင်နှင့် သေမျိုးလူသားလောကမှ သိရှိနားလည်ခြင်းများကို ပေါင်းစပ်နေသည်။
သေမျိုးလူသားလောကမှ သိရှိနားလည်ခဲ့သည့်အရာများက လူသားတစ်ယေက်၏ မသိမှုတရားကို ချိုးဖျက်ပြီး နှောင်ကြိုးများကို ဖြတ်တောက်ပစ်ခဲ့သည်။ သို့မှသာ သူတော်စင်တစ်ယောက် ဖြစ်လာမည် ဖြစ်သည်။
ကျန်းလန်သည် ရှေ့ဆက်ရမည့်လမ်းကို တွေ့မြင်နေသည့်တိုင် လမ်းအဆုံးကို မတွေ့မြင်ရပေ။ ထို့ကြောင့် သူတက်လှမ်းရမည့် လောကပထမသူတော်စင်နေရာကိုလည်း တွေ့မြင်ရခြင်း မရှိသေးပေ။
ဆယ်စုနှစ်များစွာ ကျင့်ကြံနေခဲ့ပြီးနောက် သူ၏ အမြင်အာရုံက ပိုမိုကြည်လင်လာပြီး သူလျှောက်လှမ်းသည့် လမ်းကြောင်းကလည်း ပိုမိုရှင်းလင်းလာသည်။ သို့တိုင် လမ်းအဆုံးကို မတွေ့မြင်နိုင်သေးပေ။ သူလျှောက်လှမ်းနေသည့်လမ်းသည် သူတော်စင်တစ်ယောက် ဖြစ်လာနိုင်ပါမည်လား မသေချာပေ။
သို့သော် အဆုံးကို မတွေ့မြင်နိုင်သေးသရွေ့ ကျန်းလန်က လက်လျှော့မည် မဟုတ်ပေ။ လမ်းက အလှမ်းဝေးလွန်းပြီး လမ်းဆုံးအထိ လျှောက်လှမ်းနိုင်လျှင် သူတော်စင်အဆင့်သို့ တက်ရောက်နိုင်ကောင်းပေမည်။
ကျန်းလန် တည်ငြိမ်စွာဖြင့် ရှေ့ဆက်လျှောက်နေခဲ့သည်။
ဤလမ်းက လျှောက်လှမ်းရအလွန်ခက်ခဲသည်။ ရေခဲတုံးတစ်တုံးပေါ်တွင် လမ်းလျှောက်ရသည်နှင့်တူညီပြီး တစ်ချက်သတိလွတ်သွားသည်နှင့် ခြေချော်သွားနိုင်သလို လမ်းသည်လည်း ကြေမွသွားနိုင်သည်။
အချိန်ကာလကို မေ့ဖျောက်ပြီး ကျန်းလန် တစ်လှမ်းချင်း လမ်းလျှောက်လာခဲ့သည်။ ရှေးဟောင်းအနောက်နန်းတော်မှရရှိသည့် ကောင်းချီးလက်ဆောင်များ ကုန်ဆုံးသွားသည့်တိုင် လမ်းအဆုံးကို သူ မတွေ့မြင်နိုင်သေးပေ။
ဤလမ်းက မည်သို့သောလမ်းမျိုးလဲဟု တစ်ခါတစ်ရံ စဉ်းစားမိသည်။
သူတော်စင်အဆင့်သည် မည်သို့သော အဆင့်မျိုး ဖြစ်ပါသနည်း။ မည်မျှ မြင့်မြတ်ပါသနည်း။
ကောင်းချီးလက်ဆောင်များကုန်ဆုံးသွားသည့်အခါ ကျန်းလန်သည် ကိုယ့်အားကိုယ်ကိုးကာ ရှေ့ဆက်လျှောက်လှမ်းသည်။ သူ့အရှိန်အဟုန်က နှေးကွေးနေသည့်တိုင် မှန်မှန်နှင့် စည်းစနစ်တကျ ဆက်လက်လျှောက်လှမ်းနေဆဲ ဖြစ်သည်။
တဖြည်းဖြည်း လမ်းမထက်တွင် အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ လမ်းမထက်မှ ထွက်ပေါ်လာသည့်အလင်းရောင်မဟုတ်ဘဲ ကျန်းလန်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် အလင်းရောင် ဖြစ်သည်။ ထိုအလင်းရောင်က သူ၏တာအိုတရားဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို တောက်ပနေစေသည်။
ကျန်းလန်၏စိတ်ထဲတွင် တစ်စုံတစ်ခုခံစားလိုက်ရပြီး ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ သူရှေ့ဆက်လျှောက်လေ သူ့ခန္ဓာကိုယ်တွင်ထွက်ပေါ်နေသည့် အလင်းရောင်က အားကောင်းလာလေပဲ ဖြစ်သည်။
မကြာခင် သူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
သူ့ရှေ့တွင် တာအိုသစ်သီးတစ်လုံးရှိနေပြီး ထိုတာအိုသစ်သီးထဲတွင် အဆုံးမရှိသော ကမ္ဘာအသစ်တစ်ခု တည်ရှိနေသည်။ ထိုကမ္ဘာက အရာအားလုံးကို လွှမ်းခြုံထားပြီး တန်ခိုးစွမ်းအားများအားလုံးကို ပေါင်းစုထားသည်။
ထိုအရာက ပျက်သုဉ်းတစ်စပြင်လောကကြီးအပြင်ဘက်မှ တန်ခိုးစွမ်းအားတစ်ခုရှိသည်။ ထိုတာအိုသစ်သီးကို ဆွတ်ယူနိုင်လျှင် ထိုတန်ခိုးစွမ်းအားကို ကျန်းလန် ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
ကျန်းလန် ထိုတာအိုသစ်သီးကိုကြည့်လိုက်သည်။
“ငါ အခု လမ်းဆုံးကို တွေ့မြင်နိုင်သွားပြီ ၊ ဒါပေမဲ့ …”
သူတော်စင်လမ်းခရီးအဆုံးသို့ သူ ရောက်ရှိခဲ့ပြီဖြစ်ပြီး ရှေ့ဆက်လျှောက်ရန် မဖြစ်နိုင်တော့ပေ။ သို့သော် ကျန်းလန် သူတော်စင်တစ်ယောက် ဖြစ်မလာသေးပေ။ သူတော်စင်ဖြစ်လာရန်အတွက် အခွင့်အလမ်းတစ်ခု လိုအပ်နေသည်။
ကျန်းလန်က တာအိုသစ်သီးထံမှ အကြည့်လွှဲဖယ်လိုက်ပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးဆီသို့ လှမ်းကြည့်လိုက်သည်။
သူ့အကြည့်များက ပင်လယ် (၄)ခုဆီသို့ ရောက်ရှိသွား၏။
ပင်လယ် (၄)ခု အလယ်ဗဟိုတွင် ပင်လယ်မျက်လုံးထွက်ပေါ်လာပြီး မရဏမိစ္ဆာများ ထိုအထဲမှ တွားသွားထွက်လာသည်ကို တွေ့မြင်ရသည်။
ပင်လယ်မျက်လုံးအထက်တွင် မရေမတွက်နိုင်သည့် နဂါးမျိုးနွယ်များသည် မိစ္ဆာများဖြင့် တိုက်ခိုက်နေကြသည်။ နဂါးမျိုးနွယ်များ၏ အလောင်းများသည်လည်း ပင်လယ်မျက်နှာပြင်ထက် မျောပါလျှက်ရှိကြောင်း တွေ့ရသည်။
အဋ္ဌမမင်းသား၏ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး ကောင်းကင်နဂါးဓားကို ဆုပ်ကိုင်ထားသည့် သူ့လက်တစ်ခုလုံး သွေးများရွှဲနစ်နေသည်။
သူက နဂါးဓားသိုင်းကို တတ်ကျွမ်းသူဖြစ်သောကြောင့် နဂါးမျိုးနွယ်တစ်ခုလုံး၏ဝန်ထပ်ဝန်ပိုးကို သူ့ပခုံးထက်ထမ်းထားရသည်။ အခြားသူများ လဲကျသွား၍ ဘာမှမဖြစ်သည့်တိုင် သူကတော့ လဲကျ၍ မဖြစ်ပေ။
သူ၏ နဂါးသွေးများက ဆူပွက်လျှက် ကောင်းကင်နဂါးဓားကို အဆက်မပြတ်ဝှေ့ရမ်းနေသည်။ လုန်မန် နဂါးဓားသိုင်း ထုတ်ဖော်လိုက်တိုင်း နဂါးမျိုးနွယ်များ၏ တိုက်ခိုက်လိုစိတ်များ မြင့်တက်လာပြီး သွေးများဆူပွက်လာကြသည်။
ပင်လယ် (၄)ခု ဒေသကို ကြည့်ပြီးသည်နှင့် ကျန်းလန်က အရှေ့ဘက်စွန့်ပစ်နယ်မြေသို့ လှမ်းကြည့်လိုက်သည်။ ကမ္ဘာမြေကြီးကို တည်ငြိမ်အောင် ကူညီပေးရင်း ခန္ဓာကိုယ်တွင် အက်ကွဲကြောင်းများထင်ဟပ်နေသည့် ချီလင်မျိုးနွယ်များကို တွေ့မြင်ရသည်။
ယန်ရှီးယွင်သည် သူမ၏ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားများအားလုံးကို အသုံးပြုပြီး ကမ္ဘာမြေကြီး၏ဗဟိုမဏ္ဍိုင်ကို ကာကွယ်ပေးနေသည်။ ကမ္ဘာမြေ၏ဗဟိုမဏ္ဍိုင်က တည်ငြိမ်နေသည့်တိုင် ယန်ရှီးယွင်ကတော့ နာကျင်မှုကြောင့် တုန်ယင်လျှက်ရှိ၏။
သို့သော် မည်မျှနာကျင်သည့်တိုင် သူမ၏သူငယ်ချင်း ကမ္ဘာမြေ အဆင်ပြေစေရန်အတွက် သူမသည် မျက်နှာလေးကို ပြုံးထားလေသည်။
ခဏအကြာတွင် ကျန်းလန် ချင်းမုကို တွေ့လိုက်ရသည်။ ချင်းမုက ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် လူသားများကို ဒုက္ခပေးနေသည့် မိစ္ဆာသားရဲများကို လက်သီးချက် ပြင်းပြင်းများဖြင့် သတ်ဖြတ်ပစ်နေသည်။ သူ၏လက်သီးချက် ကျရောက်ရာနေရာတိုင်းတွင် မိုးခြိမ်းသံများပမာ ပေါက်ကွဲသံများ ထွက်ပေါ်လျှက်ရှိသည်။ သို့ပေသိ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများရထားပြီး သွေးများလည်း ခမ်းခြောက်လုနီးပါး ဖြစ်နေလေပြီ။
“ကျုပ်က ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးမှာ နံပါတ်တစ်လက်သီးသိုင်းပညာရှင ်ဖြစ်ချင်တယ် ၊ အနာဂတ်မှာ ကျုပ်ဟာ တစ္ဆေတိုင်းပြည်ရဲ့ လက်သီးနတ်ဘုရား ဖြစ်လာလိမ့်မယ်”
ချင်းမု၏ ကြွေးကျော်သံက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ကျန်းလန် ချင်းမုထံမှ အကြည့်များကို လွှဲဖယ်လိုက်ပြီး ဇာမဏီမျိုးနွယ်များရှိရာသို့ လှမ်းကြည့်လိုက်သည်။ ဇာမဏီမျိုးနွယ်များက ကောင်းကင်ထက်မှကျဆင်းလာသည့် မီးတောက်များကို ကာကွယ်ပေးနေကြသည်။ သူတို့သည်လည်း တဖြည်းဖြည်းအရေအတွက် လျော့နည်းလာနေပြီဖြစ်သည်။
မှော်ဝိညာဉ်တောင်မှ မှော်ဆရာများကတော့ သက်ရှိလူသားများကို အန္တရယ်ကင်းရာသို့ အချိန်တိုင်း ပို့ဆောင်ပေးနေကြသည်။
မိုးမြေဝန်ရိုးစွန်း (၄)ခုဆီသို့ လှမ်းမျှော်ကြည့်လိုက်သည့်အခါမှတော့ နတ်လူသားမျိုးနွယ်များကို တွေ့လိုက်ရသည်။ သူတို့က သွေးနီရောင်ကောင်းကင်ပြင်နှင့် အနီးဆုံးနေရာတွင်ရှိနေပြီး ပြိုကျနေသည့် ဝန်ရိုးစွန်းများကို ပြုပြင်ပေးနေကြသည်။ သစ်ပင်ရှေ့ရွာမှ ရွာသားများပြီးလျှင် ဤအလုပ်ကို လုပ်ဆောင်နိုင်သူများမှာ နတ်လူသားမျိုးနွယ်များသာလျှင် ရှိကြသည်။
မိုးမြေဝန်ရိုးစွန်းများတွင် မရေမတွက်နိုင်သည့် အက်ကွဲကြောင်းများ ဖြစ်ပေါ်နေပြီး သွေးနီရောင်ကောင်းကင်ကြီးကို ထောက်ပင့်ပေးထားရန် ခက်ခဲနေပြီဖြစ်သည်။ လက်ရှိတွင် နတ်လူသားမျိုးနွယ်များသာလျှင် ဝန်ရိုးစွန်းများကို ကာကွယ်ပေးနိုင်သည့် တစ်ခုတည်းသော မျိုးနွယ်ဖြစ်၏။
ဝန်ရိုးစွန်း (၄)ခု၏ အထက်သို့ ကြည့်လိုက်သည့်အခါ နတ်လူသားမျိုးနွယ် ယွင်ရှောင်းကို တွေ့ရသည်။ ကျန်းလန်က လှမ်းကြည့်လိုက်သည်နှင့် ယွင်ရှောင်းက သတိထားမိသွားပြီး ကျန်းလန်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
ယွင်ရှောင်းက ကျန်းလန်ကို ပြုံးပြလိုက်ပြီး စကားတစ်ခွန်းမှ မဆိုခဲ့ပေ။
ကျန်းလန်က သူ့အကြည့်များကို ရုတ်သိမ်းလိုက်ပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးကို ကြည့်လိုက်သည်။
ဝန်ရိုးစွန်း (၄)ခုက ကြေမွနေပြီး စွန့်ပစ်နယ်မြေ (၉)ခုက စုတ်ပြတ်သတ်အောင် ပျက်စီးလျှက် ရှိသည်။ ကောင်းကင်သည် ပျက်စီးလျှက် မြေပြင်သည်လည်း တုန်လှုပ်နေသည်။ မီးတောက်များက အဆုံးမရှိလောင်ကျွမ်းနေပြီး ပင်လယ်တို့သည်လည်း မငြိမ်မသက်ဖြစ်နေသည်။
မှော်ဝိညာဉ်တောင်မှ မှော်ဆရာ ဖန်ဆင်းပေးထားသည့် ထူးခြားသည့်ဂူပေါက်ကြီးတစ်ခုအတွင်းတွင်တော့ သက်ရှိများစွာ အန္တရယ်ကင်းစွာ ခိုအောင်းနေကြသည်။ ကောင်းကင်ဘုံက သူတို့အပေါ် ညှာတာသောကြောင့် မဟုတ်ဘဲ ကြီးမားသောတာဝန်များကို ယူထားကြသူများကြောင့်သာ သာမန်လူသားများ အန္တရယ်ကင်းနေကြခြင်း ဖြစ်သည်။
ကျန်းလန်က အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ခွန်လွန်တောင်ဆီသို့ လှမ်းကြည့်လိုက်သည်။
ခွန်လွန်တောင်တွင် စွမ်းအားလှိုင်းများပြင်းထန်လျှက်ရှိပြီး အရာအားလုံးက ပြိုကျပျက်စီးလျှက် ရှိသည်။
ကောင်းကင်အမြင့်ထက်တွင် တာအိုအင်မော်တယ်များ တိုက်ခိုက်နေကြသည်။ တာအိုအင်မော်တယ်များအောက်တွင် တာ့လော်အင်မော်တယ်များ ၊ မိုးကောင်းကင်အင်မော်တယ်များ ၊ အစစ်အမှန်အင်မော်တယ်များ ၊ လူသားအင်မော်တယ်များနှင့် လူသားအင်မော်တယ်အောက် အဆင့်နိမ့်သူများပါမကျန် တိုက်ပွဲဝင်နေကြသည်။
မြေပြင်တစ်ခုလုံး သွေးအိုင်များဖြင့် ရွှဲနစ်လျှက် ရှိသည်။ သူ၏ဂိုဏ်းတူမောင်နှမများ သွေးအိုင်ထဲ လဲကျသေဆုံးသွားကြသည့် မြင်ကွင်များကိုလည်း တွေ့မြင်ရသည်။
ခွန်လွန်တောင်အထက်တွင်တော့ မိုးနဲ့မြေမှ စုစည်းထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခု ရှိနေသည်။
ရှေးဟောင်းဧကရာဇ်နန်းတော်က ပြိုကျလာပြီး သွေးနီရောင်ပင်လယ်ပြင် ကောင်းကင်ကြီးက စွန့်ပစ်နယ်မြေများဆီသို့ ဦးတည်ကျရောက်လာသည်။ ထိုပင်လယ်ကြီးထဲတွင် ပုံပျက်ပန်းပျက်ဖြစ်နေသည့် ပုံရိပ်များနှင့်အတူ အဖျက်တရားနှင့်ပေါင်းစပ်နေသည့် သူတော်စင်များကို တွေ့မြင်နိုင်သည်။
ပုံပျက်ခြင်း ၊ ဖရိုဖရဲဖြစ်ခြင်း ၊ ပျက်စီးခြင်းများဖြင့် ပြည့်နက်လျှက်ရှိ၏။
သူတော်စင်တစ်ယောက်ဖြစ်လာလျှင်ပင် အသုံးမဝင်ကြောင်း ကျန်းလန် ရှင်းရှင်းလင်းလင်း ခံစားရသည်။
ရှေးဟောင်းဧကရာဇ်နန်းတော်သည် အချိန်အတန်ကြာအောင် ကမ္ဘာဟောင်း၏အဖျက်စွမ်းအားများကို ထိန်းထားပေးခဲ့သည်။
ပျက်သုဉ်းတစ်စပြင်လောကကြီးသည် နှစ်ပေါင်းအတန်ကြာ သေမင်းတံခါးဝတွင် ရုန်းကန်ခွင့်ရရှိခဲ့သည်။ သို့သော် မည်သည့်သူတော်စင်မှ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။
ကျန်းလန် ကျောက်စိမ်းရေကန်သို့ လှမ်းကြည့်ရန်ဟန်ပြင်လိုက်ပြီးမှ အဆုံးသတ်တွင် မကြည့်ရဲခဲ့ပေ။ သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် သားရဲဥလေးကို အတန်ကြာ ကြည့်နေသည်။
“ကျုပ်ရဲ့ တန်ခိုးစွမ်းအားတွေကို ရုတ်သိမ်းပြီး လောကကြီးတစ်ခုလုံး တည်ငြိမ်အောင်လုပ်နိုင်မယ့်အခွင့်အလမ်းတစ်ခုရှာဖွေဖို့ တံခါးပိတ်ကျင့်ကြံနေတယ် ၊ နောက်ဆုံးအခွင့်အရေးကို ရှာတွေ့ဖို့ အချိန်နည်းနည်း ပေးပါ”
ကျန်းလန် စိတ်ထဲမှ ရေရွတ်လိုက်သည်။
ထို့နောက် တိတ်ဆိတ်ငြိမ်သက်သွားသည်။
နောက်ဆုံးသောအခွင့်အလမ်းတစ်ခုကို သူ ရှာဖွေချင်သည်။ ထိုအခွင့်အလမ်းက သူ့ကို သူတော်စင်တစ်ယောက်ဖြစ်လာရန် ကူညီပေးနိုင်သည်။
တစ်ခဏအတွင်းမှာပင် (၃)နှစ်ဆိုသောအချိန်က ကုန်ဆုံးသွားသည်။
အင်အားကြီးအုပ်စု (၃)ခုက ခွန်လွန်တောင်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည့်တိုင် ထိုးဖောက်နိုင်ကြခြင်း မရှိသေးပေ။ ခွန်လွန်တောင်တစ်ခုလုံးကိ လွှမ်းခြုံထားသည့် ပင်မအစီအရင်နှင့် ကျောက်စိမ်းရေကန်၏ တန်ခိုးစွမ်းအားတို့ကြောင့် ခွန်လွန်တောင်ဘက်မှ အားသာချက် ရှိနေခဲ့သည်။
သို့ပေသိ တိုက်ပွဲတွင် ခွန်လွန်တောင်ဘက်မှတပည့်များ ထက်ဝက်ကျော် သေဆုံး ဒဏ်ရာရာခဲ့ကြပြီး နတ်မိစ္ဆာများ ၊ မြေအောက်နတ်ဆိုးများနှင့် ဘီလူးဝိညာဉ်မျိုးနွယ်များဘက်မှတော့ သုံးပုံတစ်ပုံသာ သေဆုံးခဲ့ကြသည်။
သို့သော် အင်အားကြီးအုပ်စု (၃)ခုဘက်မှ တာအိုအင်မော်တယ်တစ်ယောက် ကျဆုံးခဲ့သည်။ ထိုအချက်က ခွန်လွန်၏ လက်ရှိအားသာချက်ပင် ဖြစ်၏။
နတ်မိစ္ဆာမျိုးနွယ်များဘက်မှ တာအိုအင်မော်တယ် တိကျင်းသည် အဆက်မပြတ်နိမ့်ဆင်းလာနေသည့် သွေးနီရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
မိုးမြေဝန်ရိုးစွန်း (၄)ခုကတော့ ပြိုကျလာခြင်း မရှိသေးပေ။
မျိုးနွယ်စု (၃)ခုက ခွန်လွန်ကို အမှုန့်ခြေပစ်ပြီး ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရယူရမည်။ မဟုတ်ပါက ခွန်လွန်က မျိုးနွယ်စု (၃)ခုကို အနိုင်ယူပြီး ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရယူရမည်။
အတိုချုပ်ပြောရလျှင် တိုက်ပွဲတွင် တစ်ဖက်ကတော့ ရှုံးနိမ့်ရမည်ပင်။
မျိုးနွယ်စုများအနေဖြင့် ခွန်လွန်တောင်ကို အနိုင်တိုက်ခိုက်နိုင်ခဲ့လျှင် သူတော်စင်ရာထူးကို ရရှိကောင်းရရှိနိုင်မည်။ မဟုတ်ပါက ခွန်လွန်တောင်တွင် သူတော်စင်တစ်ယောက်ထွက်ပေါ်လာရန် သူတို့ စတေးခံရမည်။
ပြင်းထန်သည့် တိုက်ခိုကိုစိတ်နှင့် ခွန်အားများရှိမှသာလျှင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါက ထွက်ပေါ်လာမည် ဖြစ်သည်။ အသွေးအသားများ စတေးမှသာလျှင် ကံကြမ္မာအခွင့်ကောင်းတစ်ခုကို ရရှိနိုင်ပေမည်။
ထို့ကြောင့်…
ရန်သူမှန်သမျှ ရှင်းပစ်ရန်သာရှိသည်။
တိကျင်း သူ၏ဓားကို ကိုင်မြှောက်လိုက်သည်။
“သတ်”
***
နဝမတောင်ထွတ်။
“နှစ်အနည်းငယ်တော့ ခွန်လွန်က စစ်မြေပြင်ဖြစ်နေဦးမှာပဲ”
ငရဲတံခါးကို စောင့်ကြပ်ရန်ရောက်နေသည့် တာ့လော်အင်မော်တယ်မိန်းမပျိုက ပြောလိုက်သည်။ သူမ၏မျက်ဝန်းများတွင် ကြေကွဲရိပ်များ ထင်ဟပ်လျှက်ရှိသည်။
ထိုအချိန် မရဏဂူထဲမှ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
“ဘုန်း”
လော့ချောင်က…
“သူတို့ထွက်လာကြပြီ ၊ ကျုပ်တို့ အသက်ပေးရမယ်ဆိုရင်တောင်မှ ဒီကောင်တွေကို သုတ်သင်ပစ်ရမယ်”
“ဘုန်း”
“ဘုန်း”
အစီအရင်မှ အလင်းရောင်များတောက်ပလာပြီး မရဏဂူအတွင်းသို့ တန်ခိုးစွမ်းအားများ စီးဆင်းသွားသည်။
“ဘုန်း”
တန်ခိုးစွမ်အားရိုက်ခတ်မှုများ ဖြစ်ပေါ်သွားပြီးနောက် မရဏဂူထဲတွင် ပေါက်ကွဲသံကြီးများထွက်ပေါ်လာပြီး (၃)ရက်ခန့် တုန်လှုပ်နေခဲ့သည်။
ထို့နောက် မရဏဂူထဲမှ တာ့လော်အင်မော်တယ် (၃)ယောက် ပြေးထွက်လာကြပြီး မရဏဂူအနီးတွင် စောင့်နေသည့် တာ့လော်အင်မော်တယ် (၃)ယောက်ကို ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။ လော့ချောင်တို့ (၃)ယောက် အံ့အားသင့်သွားကြသော်လည်း ချက်ချင်းပင် ပြန်လည်တိုက်ခိုက်လိုက်သည်။
လော့ချောင်က အော်ဟစ်လိုက်သည်။
“သူတို့ (၃)ယောက် ရုတ်တရက်ကြီးထွက်လာတာ တစ်ခုခုလွဲနေသလိုပဲ ၊ ဒါပေမဲ့ ဒီကောင်တွေကို သတ်ပစ်ပြီး ဒီနေရာကို စောင့်ရှောက်ကြမယ်”
“ဘုန်း”
သူတို့ (၆)ယောက် စတင်တိုက်ခိုက်ကြသည်။
မရဏလောကမှ တာ့လော်အင်မော်တယ် (၃)ယောက်မှာ အခြားတာ့လော်အင်မော်တယ်များထက် များစွာ တန်ခိုးစွမ်းအား မြင့်မားနေသည်။
လော့ချောင်နှင့် အခြား (၂)ယောက်မှာ မက်မွန်တောထဲသို့ လွင့်ထွက်သွားကြပြီး မက်မွန်တောထဲမှ အစီအရင်သည်ပင် တစ်စစီကွဲထါက်သွားသည်။
တာ့လော်အင်မော်တယ်တယ်မိန်းမပျိုဖြစ်သည့် မင်ရွှမ်က…
“မဟုတ်ဘူး ၊ ဒါက တာ့လော်အင်မော်တယ်အဆင့် တန်ခိုးစွမ်းအား မဟုတ်ဘူး”
“ဘန်း”
သူမ မက်မွန်ပင်များနှင့် ရိုက်ချခံလိုက်ရပြီး မက်မွန်ဝင်္ကပါသည်လည်း ပျက်စီးသွားသည်။
မရဏလောကမှ တာ့လော်အင်မော်တယ် (၃)ယောက်က မက်မွန်တောအုပ်တစ်ခုလုံးကို ဖျက်စီးပစ်လိုက်သည်။
“ဘုန်း”
“ဘုန်း”
မက်မွန်ပင်များကျိုးကျပြီး မက်မွန်ပွင့်များလည်း ကြွေကျကုန်သည်။
“ဟူး”
ပြင်းထန်လှသည့်တန်ခိုးစွမ်းအားက ရေသဖန်းပင်လေးဆီသို့ပင် အဖျားခတ်ကျရောက်လာပြီး ရေသဖန်းပင်လေး၏ သစ်ရွက်အချို့ ကြွေကျသွားသည်။
သစ်ရွက်များကြွေကျသွားသည်နှင့် ရေသဖန်းပင်လေးမှ အလင်းရောင်ဖျော့ဖျော့ လင်းလက်လာသည်။
“ဟားဟားဟား… တာ့လော်အင်မော်တယ် (၃)ယောက်က ကျုပ်ကို တားဆီးမလို့တဲ့လား”
စကားသံအဆုံးသတ်သွားသည်နှင့် မရဏလောကမှ တာ့လော်အင်မော်တယ် (၃)ယောက်က တစ်ယောက်တည်းအဖြစ် ပေါင်းစပ်သွားသည်။ ထို့နောက ်တာအိုအင်မော်တယ် အငွေ့အသက်များ ထွက်ပေါ်လာသည်။
“မင်းတို့တွေ ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်မထားကြဘူးမဟုတ်လား ၊ ကျုပ်တို့က ပေါင်းလို့လည်းရသလို ခွဲလို့လည်းရတယ် ၊ ကျုပ်တို့ ပေါင်းစည်းလိုက်ရင် တာအိုအင်မော်တယ်ပဲ ၊ ကျုပ်တို့ ခွဲထုတ်လိုက်ရင်တော့ တာ့လော်အင်မော်တယ်ဖြစ်တယ် ၊ ကဲ… အကုန် ငရဲသွားကြစမ်း ၊ ဒီနေရာကို မြေလှန်ပစ်မယ်”
တာအိုအင်မော်တယ်က ခြံဝင်းထဲသို့ တစ်လှမ်းချင်းဝင်ရောက်လာပြီး အိမ်ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။ အိမ်ထဲတွင် လူတစ်ယောက်ရှိနေကြောင်း ချက်ချင်း သိရှိသွားသည်။
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း…
“ပုရွက်ဆိတ်လို အသုံးမကျတဲ့ကောင် ၊ စိတ်ရှုတ်စရာကောင်းလိုက်တာ”
လော့ချောင်နှင့် အခြား (၂)ယောက်မှာ ထိုသူကို တားဆီးလိုသော်လည်း တန်ခိုးစွမ်းအား မညီမျှသဖြင့် မတားဆီးနိုင် ဖြစ်ရသည်။
အိမ်ထဲတွင် တစ်စုံတစ်ယောက် ရှိနေမည်ဟု သူတို့လည်း ထင်မထားကြပေ။ အိမ်ထဲတွင် ရှိသူမှာ နဝမတောင်ထွတ်မှ တပည့်များလား။ သူက အဘယ့်ကြောင့် ဤနေရာတွင် တစ်ယောက်တည်း ပုန်းအောင်းနေရပါသနည်း။
လော့ချောင်တို့အုပ်စု သူ့ကို ကယ်တင်ချင်သော်လည်း မတတ်နိုင်ကြပေ။
မရဏလောကမှ တာအိုအင်မော်တတယ်က လှောင်ပြောင်ရယ်မောလိုက်ရင်း…
“ဟက်… ပုရွက်ဆိတ်လိုလူတွေက ကယ်ဖို့တန်လို့လား”
လော့ချောင်နှင့် အခြားသူများ ဒေါသချောင်းချောင်းထွက်လာကြသော်လည်း တကယ်တမ်းတွင် မည်သို့မှ မတိုက်ခိုက်နိုင်ကြပေ။
မရဏလောကမှ တာအိုအင်မော်တယ်က အိမ်ကို ဖျက်စီးပစ်ရန် လက်ကို မြှောက်လိုက်သည်။
သို့ပေသိ သူ၏ လက်ဝါးရိုက်ချက်က ရုတ်တရက် လေထဲတွင် ရပ်တန့်သွားသည်။ လက်ဝါးရိုက်ချက်ကို တစ်စုံတစ်ခုက ပိတ်ဆို့ထားလိုက်ဟန် ရှိ၏။
တစ်ချိန်တည်းမှာပင် ရေသဖန်းပင်လေးနံဘေးမှ သားရဲဥလေးက ရုတ်တရက် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။ တောက်ပနေသည့် မျက်ဝန်းများက မိုးနဲ့မြေ၏ နက်နဲသော တာအိုတရားများဖြင့် ပြည့်ဝနေသည်။
လော့ချောင် အော်ဟစ်လိုက်သည်။
“နောက်ဆုတ်ကြ…”
“ဘုန်း”
ပြင်းထန်လွန်းသော တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး နေရာမှာပင် ပေါက်ကွဲသွားသည်။ မရဏလောကမှ တာအိုအင်မော်တယ်တယ်နှင့် လော့ချောင်တို့ (၃)ယောက်မှာ နောက်သို့ လွင့်ထွက်သွားကြသည်။
လူတိုင်း အံ့သြတုန်လှုပ်သွားကြသည်။
ဤနေရာတွင် တာအိုအင်မော်တယ်တစ်ယောက် ဘယ်အချိန်က ရောက်ရှိနေပါသနည်း။
ထိုအချိန် ဒေါသတကြီး အော်ဟစ်သံတစ်သံက နဝမတောင်ထွတ်တစ်ခုလုံးတွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“မင်းက အတော်သတ္တိကောင်းတာပဲ ၊ ကျုပ် သခင် တံခါးပိတ်ကျင့်ကြံနေတဲ့ နေရာကိုမှ လာပြီးတိုက်ခိုက်ရဲတယ်ပေါ့လေ”
ထိုအသံက မိုးကောင်းကင်တာအို၏ အမျက်ဒေါသအလား ကျယ်လောင်လွန်းလှပြီး ပတ်ဝန်းကျင်မှ အရာအားလုံးကိုပင် ကြေမွပျက်စီးသွားနိုင်စွမ်း ရှိလေ၏။
မရဏလောမှတာအိုအင်မော်တယ်နှင့် လော့ချောင်တို့ (၃)ယောက်မှာတော့ အံ့သြခြင်းမက အံ့သြလျှက် ရှိကြတော့သည်။
***