ဒီနေ့ ကျုပ် သူတော်စင်ဖြစ်ပြီ
Vol. 40 Ch. 555
တိုက်ခိုက်မည့်သူများ နောက်သို့ ပြန်လည်ဆုတ်ခွာသွားကြသည်။
ထိုသစ်ပင်ကြီးက ကောင်းကင်ထက်မှ သွေးပင်လယ်ကြီးထံ ထိုးဖောက်ဝင်ရောက်သွားသည်ကို သူတို့အားလုံး ခံစားသိရှိလိုက်ကြသည်။
သတ်ဖြတ်ချင်နေသည့် ရန်သူများအားလုံး၏ ခေါင်းထဲသို့ ပိုင်းခြားစိတ်ဖြာနိုင်စွမ်းတစ်ခု ဝင်ရောက်လာသည်။ ထိုသစ်ပင်ကို ဖျက်စီးမပစ်ရန် သူတို့၏မသိစိတ်က သူတို့ကို လှုံ့ဆော်ပေးနေသည်။
ခဏအကြာတွင် အသက်ဓာတ်စွမ်းအားများ ခမ်းခြောက်နေပြီဖြစ်သော သေရည်ဆိုင်ရှင်အဘိုးအိုသည် သစ်ပင်ကြီးရှေ့သို့ ရောက်ရှိလာသည်။
သူ့လက်ထဲတွင် သေဆုံးနေပြီဖြစ်သော တာအိုအင်မော်တယ် (၂)ယောက်ကို ဆွဲခေါ်လာ၏။ ထို့နောက် လက်ကိုဝှေ့ယမ်းလိုက်ရာ တာအိုအင်မော်တယ် (၂)ယောက်၏ အလောင်းများ ပေါက်ကွဲထွက်သွားပြီး ဖန်ဆင်းခြင်းသစ်ပင်ထက်သို့ သွေးစများ စွန်းထင်းသွားသည်။
“ဒီတာအိုအင်မော်တယ်သွေးတွေကို စုပ်ယူပြီး ကောင်းကင်ကို ထမ်းထားပေးပါ ၊ ပြီးရင်တော့ အသက်ရှင်သန်နိုင်အောင် ကြိုးစားပါ ကောင်လေး”
သေရည်ဆိုင်ရှင်အဘိုးအိုက သစ်ပင်ကြီး၏ ဗဟိုမဏ္ဍိုင်တွင် နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေသည့် လူငယ်လေးကိုကြည့်ရင်း ရေရွတ်လိုက်သည်။
လူငယ်က သာမန်လူတစ်ယောက်မဟုတ်ပေ။ မွေးဖွားလာစဉ်ကပင် မူလတည်ထောင်ခြင်းဝိညာဉ်၏ လက်ကျန်တန်ခိုးစွမ်းအားကို ရရှိခဲ့သူ ဖြစ်သည်။
သို့သော် ထိုသို့ ထူးခြားသည့်တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားခြင်းက ကလေးတစ်ယောက်အတွက် အလွန်တရာ အန္တရယ်များသည်။ ထို့ကြောင့် ချုန်ချီသားရဲက ကလေးငယ်၏တန်ခိုးစွမ်းအားများကို ခန္ဓာကိုယ်ထဲတွင် တံဆိပ်ခတ်ကာ ချိတ်ပိတ်ထားခဲ့သည်။
ချုန်ချီတန်ခိုးစွမ်းအားများကြောင့် ကောင်ငယ်လေး၏ အပြင်ပန်းရုပ်ခန္ဓာသည် ဘယ်သောအခါမှ အရွယ်ရောက်မလာဘဲ ငယ်ရွယ်နေခဲ့သည်။ ဘယ်သောအခါမှ ကြီးပြင်းမလာခဲ့ပေ။ ဆိုင်ရှင်အဘိုးအို ကောင်ငယ်လေးကို ရှာတွေ့သည့်အချိန်တွင် အတွင်းထဲ၌ စည်းတံဆိပ်ခတ်ထားသည့် ကောင်ငယ်လေး၏ဝိညာဉ်နှင့် တန်ခိုးစွမ်းအားကို ဖောက်ထွက်ခွင့်မပြုပါဟု ချုန်ချီသားရဲကို ကတိပေးခဲ့သည်။
အဘိုးအိုသည် ကောင်ငယ်လေးကို နှစ်ထောင်ပေါင်းများစွာ ကြိုးစားစောင့်ရှောက်ပေးခဲ့သည်။ ရေခဲပုစဉ်းရင်ကွဲတောအုပ်မှတစ်ဆင့် ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံး နေရာစုံသို့ သွားလာခဲ့ပြီး ကောင်ငယ်လေး၏ခန္ဓာကိုယ်ထဲမှ တန်ခိုးစွမ်းအားကို ဖိနှိပ်ထားရန် မှော်ဝင်ပစ္စည်းများ ၊ ရတနာဆေးပင်များကို ရှာဖွေခဲ့သည်။
နောက်ဆုံး ကောင်ငယ်လေး၏ခန္ဓာကိုယ်တွင်းမှ တန်ခိုစွမ်းအားသည် လုံးဝငြိမ်သက်လျှက် တိတ်ဆိတ်သွားသည်။ သို့ပေသိ ယနေ့တော့ ဇာမဏီကောင်မလေး ဟုန်ယာကြောင့် တစ်သက်လုံး ဖိနှိပ်ခံလာရသည့် ထိုတန်ခိုးစွမ်းအားက ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်ငယ်လေး၏ အစစ်အမှန်အသွင်သဏ္ဍန် ထွက်ပေါ်လာခဲ့သည်။
“မင်း ဆက်လက်ပြီးတိုးတက်နေပါစေ ၊ ရှေ့ဆက်ရမယ့်ခရီးက ဝေးလွန်းသေးတယ် ၊ အဘိုးကတော့ နောက်ဆုံးကျန်တဲ့ တန်ခိုးစွမ်းအားလေးနဲ့ မင်းကို လိုက်ပို့ပေးပါရစေ”
စကားဆုံးသွားသည်နှင့် သေရည်ဆိုင်ရှင်အဘိုးအို၏ခန္ဓာကိုယ်က ကွဲအက်လာသည်။ သူ၏ အသက်ဓာတ်စွမ်းအားများက ခမ်းခြောက်နေပြီဖြစ်လေရာ ကောင်ငယ်လေးအတွက် သူ့ကိုယ်သူ စတေးမခံလျှင်တောင်မှ အခြားသူများ သတ်ဖြတ်သည်ကို ခံရမည်ပဲ ဖြစ်သည်။
သူက မြေးဖြစ်သူအတွက် တတ်နိုင်သလောက် ကူညီပေးချင်သလို သူတော်စင်လမ်း ဖွင့်လှစ်ရန်အတွက်လည်း အုတ်တစ်ချပ်သဲတစ်ပွင့်ပါဝင်ချင်သည်။
“ဘုန်း”
သေရည်ဆိုင်ရှင်အဘိုးအိုသည် နေရာတွင်ပင်ပေါက်ကွဲထွက်သွားပြီး သူ၏သွေးစွမ်းအားများက ဖန်ဆင်းခြင်းသစ်ပင်အတွင်းသို့ ဝင်ရောက်သွားသည်။ သစ်ပင်၏ဗဟိုမဏ္ဍိုင်တွင်ရှိနေသည့် လူငယ်သည် တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် မျက်လုံးများကို ဖွင့်ကြည့်ရန် ကြိုးစားနေသော်လည်း မတတ်နိုင်ခဲ့ပေ။
တာအိုအင်မော်တယ် (၃)ယောက်၏ သွေးစွမ်းအားများကြောင့် ဖန်ဆင်းခြင်းသစ်ပင်က အလျှင်အမြန်ကြီးထွားလာသည်။
ဟုန်ယာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ မည်သည့်နေရာသို့ ဦးတည်ရမှန်းမသိဖြစ်နေသော ဖန်ဆင်းခြင်းသစ်ပင်၏ အခြေအနေကို သဘောပေါက်လိုက်ပြီး ဘာလုပ်ရမည်ကို သူမ နားလည်သွားသည်။
ချက်ချင်းပင် ဇာမဏီငှက်အသွင်ပြောင်းလဲလိုက်ပြီး ဖန်ဆင်းခြင်းသစ်ပင်ကို လှည့်ပတ်ကာ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည်။
“ကျွန်မနောက် လိုက်ခဲ့ပါ”
ဟုန်ယာက သွေးနီရောင်တောက်ပနေသည့် ကောင်းကင်ပင်လယ်ဆီသို့ ဦးတည်ပျံသန်းသွားသည်။ ကောင်းကင်နှင့်နီးလာလေ သေမတတ် နာကျင်မှုဝေဒနာကို ခံစားရလေဖြစ်သည်။ သို့သော် ဖန်ဆင်းခြင်းသစ်ပင်ကို ဤနည်းလမ်းဖြင့်သာ ကူညီပေးနိုင်ကြောင်း သူမ နားလည်သည်။
ဇာမဏီငှက်အော်သံသည် ကောင်းကင်တစ်ခုလုံးတိုင် ပျံ့နှံ့သွားသည်။ ဖန်ဆင်းခြင်းသစ်ပင်သည်လည်း ဟုန်ယာနောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာသည်။
ဖန်ဆင်းခြင်းသစ်ပင်သည် သွေးပင်လယ်ကောင်းကင်ပြင်ကို ထောက်ထားပေးနိုင်မည် ဖြစ်သည်။ ဤနည်းအားဖြင့် ပျက်သုဉ်းတစ်စပြင်လောကကြီး ပျက်စီးမသွားအောင် အချိန်ဆွဲထားပေးနိုင်ပေလိမ့်မည်။
ဖန်ဆင်းခြင်းသစ်ပင်က သွေးပင်လယ်ကောင်းကင်ပြင်ကို ပြိုကျမလာစေရန် ထောက်ပံ့ပေးထားနိုင်မည်ဖြစ်၏။ တစ်ချိန်တည်းမှာပင် သွေးနီရောင်ကောင်းကင်အတွင်းမှ သွေးများပေကျံနေသည့် အနီရောင်လက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး ဖန်ဆင်းခြင်းသစ်ပင်ကို ဖမ်းဆုပ်ထားလိုက်သည်။
သွေးနီရောင်လက်ကြီး ဖန်ဆင်းခြင်းသစ်ပင် ကြီးထွားလာခြင်းကို ရပ်တန့်စေလိုက်သည်။ ကျင့်ကြံသူအချို့က ဖန်ဆင်းခြင်းသစ်ပင်ဘက်မှ ကူညီတိုက်ခိုက်ပေးလိုသော်လည်း မည်သူမှ သွေးပင်လယ်ကောင်းကင်ယံအနီးသို့ မချဉ်းကပ်ဝံ့ကြပေ။
နတ်လူသားမျိုးနွယ်များရှိနေလျှင်တော့ ကူညီပေးနိုင်မည်ဖြစ်သော်လည်း နတ်လူသားမျိုးနွယ်များက နောက်ဆုံးတိုက်ပွဲတွင် မပါဝင်ဘဲ မိုးမြေဝန်ရိုးစွန်း (၄)ခုကို ပြုပြင်ပေးနေခဲ့သည်။
ဟုန်ယာကတော့ သွေးရောင်တောက်ပနေသည့် ကောင်းကင်ကြီးကို သတ္တိရှိရှိ စူးစိုက်ကြည့်လိုက်ပြီး ဖန်ဆင်းခြင်းသစ်ပင်ထက်မှ လူငယ်လေးကို လမ်းပြပေးနေသည်။
ငရဲတံခါးတွင်တော့…
မရဏလောကမှထွက်လာသည့် မရေမတွက်နိုင်သော တန်ခိုးစွမ်းအားရှင်များကို သားရဲဥလေးက တိုက်ခိုက်သတ်ဖြတ်နေသည်။
ငရဲတံခါးအတွင်းမှ အသံတစ်သံထွက်ပေါ်လာတော့မှသာ သူက တိုက်ခိုက်မှုကို ရပ်တန့်လိုက်၏။
“မင်း ဆက်ပြီး မတိုက်ခိုက်ပါနဲ့တော့ ၊ ကျုပ်တို့တွေလည်း ထွက်မလာကြဖို့ ဆုံးဖြတ်လိုက်ပြီ ၊ ပြီးတော့ သဘောတူညီချက်ကို နားမထောင်တဲ့သူတွေသာ အပြင်ကိုထွက်ကြတာပါ ၊ အခု သူတို့အားလုံးလည်း အသတ်ခံလိုက်ကြရပြီ ၊ ကျုပ်တို့လို အကြီးအကဲတွေဘဲ ဒီဘက်ပိုင်းမှာ ကျန်ရစ်တော့တယ် ၊ ကျုပ်တို့ရဲ့ သဘောတူညီချက်အရ မရဏလောကနဲ့ ပတ်သက်တဲ့ပြဿနာတွေကိုပဲ ဖြေရှင်းတော့မယ် ၊ ကပ်ဘေးကြီးပြီးရင် ကျုပ်တို့မရဏလောကပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်လာအောင် ပြုလုပ်ပေးပါ ၊ ကျုပ်တို့မရဏလောကကို မင်းတို့လောကရဲ့ အစိတ်အပိုင်းဖြစ်လာအောင် ပြုလုပ်ပေးပါ”
ထိုစကားသံက ငရဲတံခါးမှ ထွက်ပေါ်လာသည့် စကားသံဖြစ်သည်။
“ကောင်းပြီ ၊ မင်းကို ဘယ်သူက ကတိပေးထားပါစေ ကျုပ် သဘောတူတယ်”
ထို့နောက် သားရဲဥလေးက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်သို့ တက်သွားသည့် ဖန်ဆင်းခြင်းသစ်ပင်ကို တွေ့မြင်လိုက်ရသည်။
သွေးနီရောက်လက်ကြီးတစ်ဖက်က ဖန်ဆင်းခြင်းသစ်ပင်ကို ဖျက်စီးရန် ကြိုးစားနေလေရာ အလွန်အန္တရယ်များသည့် အနေအထား ဖြစ်သည်။
သားရဲဥလေးက သူ့ခန္ဓာကိုယ်ထက်မှ ရေသဖန်းပင်လေးကို ဖယ်ရှားလိုက်ပြီး ဖန်ဆင်းခြင်းသစ်ပင်ကို သွားရောက်ကူညီရန် ဟန်ပြင်လိုက်သည်။
“အစ်ကို ဥ ၊ ဘယ်သွားမလို့လဲ”
ရေသဖန်းပင်လေးက မေးလိုက်သည်။
သားရဲဥလေးက…
“ကျုပ်တာဝန်တွေကို ပြီးအောင်လုပ်ရမယ် ၊ ကျုပ်က ဒီခေတ်ရဲ့ အဓိကဇာတ်ကောင်အဖြစ် မွေးဖွားလာတာဆိုတော့ ဒီခေတ်ရဲ့ ဘေးအန္တရယ်တွေကို ခံနိုင်ရည်ရှိတယ် ၊ အခု သိုသိုသိပ်သိပ်ကျင့်ကြံနေရာကနေ ထွက်လာပြီဆိုတော့ ကျုပ်လုပ်ရမယ့်တာဝန်တွေကို ပြီးမြောက်အောင် လုပ်ရမယ် ၊ ကျုပ် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ တာအိုအင်မော်တယ် ဖြစ်နေပြီ ၊ ဒီတော့ ပုဆိန်ကိုကိုင်မြှောက်ပြီး ဒီဘေးဆိုးကြီးကို တားဆီးမယ်”
ပြောပြီးသည်နှင့် သားရဲဥလေးက ရှေ့ဆက်လျှောက်သွားသည်။ သခင်ဖြစ်သူကို ကာကွယ်ပေးပြီးပြီ ဖြစ်လေရာ လောကကြီးကို ကာကွယ်ပေးရပေဦးမည်။
ရေသဖန်းပင်လေးက သားရဲဥလေးပေါ်သို့ ခုန်တက်လိုက်ရင်း…
“အစ်ကို ဥ ၊ ကျွန်မလည်း ရှင်နဲ့လိုက်ခဲ့မယ် ၊ ကျွန်မရဲ့ ဆေးကုသနိုင်စွမ်းက ဘယ်လောက်တော်တယ်ဆိုတာ ရှင်သိတယ်မဟုတ်လား ၊ ကျွန်မက ရှင့်ကို အများကြီး ကူညီနိုင်ပါတယ်”
သားရဲဥလေးက…
“ဒီတိုက်ပွဲမှာ မင်းသေသွားနိုင်တယ်”
ရေသဖန်းပင်လေးက…
“သေပါစေပေါ့ ၊ အစ်ကို ဥ အတွက်ဆို ကျွန်မ အသေခံရဲပါတယ်”
ထို့နောက် သူတို့ (၂)ယောက်လုံး မည်သည့်စကားမှ မပြောတော့ဘဲ ကောင်းကင်ထက်ဆီ ပျံသန်းထွက်ခွာသွားကြသည်။
သွေးနီရောင်ကောင်းကင်ပြင်မှ လက်ကြီးတစ်ဖက်ထွက်ပေါ်လာပြီး ဖန်ဆင်းခြင်းသစ်ပင်ကို ဖိချေပစ်လိုက်သည်။ ဖန်ဆင်းခြင်းသစ်ပင် ထိခိုက်လုနီးပါးအချိန်တွင် ပုဆိန်တစ်လက်ပေါ်လာပြီး သွေးနီရောင်လက်ကြီးကို ဖြတ်တောက်ပစ်လိုက်သည်။
“ဘုန်း”
ထို့နောက် ဖန်ဆင်းခြင်းသစ်ပင်ဘေးတွင် ဒိုင်းလွှားကိုကိုင်ဆောင်ထားပြီး ပုဆိန်ကိုဝှေ့ယမ်းနေသည့် ပုံရိပ်တစ်ခု ပေါ်လာသည်။
“လာစမ်း…”
သားရဲဥက ကောင်းကင်ထက်သို့ မော့ကြည့်ပြီး အော်ဟစ်လိုက်သည်။ အားလုံးသိကြသည့်အတိုင် ဤဘေးအန္တရယ်ကပ်ဆိုးကြီးကို မရှောင်တိမ်းနိုင်ကြောင်း သိရှိသည်။
အချိန်ရမည်ဆိုလျှင် သူကိုယ်တိုင် သူတော်စင်ဖြစ်လာအောင် ကြိုးစားနိုင်မည် ဖြစ်သော်လည်း ယခုတော့ အချိန်မရှိတော့သည့်အတွက် သူတော်စင်တစ်ယောက်ထွက်ပေါ်လာရန် အချိန်ဆွဲထားပေးရုံသာ ရှိသည်။
“ဘုန်း”
သွေးနီရောင်ကောင်းကင်ပြင်ထက်မှ မရေမတွက်နိုင်သည့် သွေးနီရောင်လက်များထွက်ပေါ်လာပြီး သားရဲဥလေးကို ဝင်ရောက်တိုက်ခိုက်ကြသည်။ သားရဲဥလေးကလည်း ကျုံးဝါးသံပြုလုပ်ပြီး သွေးနီရောင်လက်များကို ပုဆိန်ဖြင့် ခုတ်ဖြတ်ပစ်သည်။
ပုန်ဆိန်နှင့် ဒိုင်းလွှားကို ဝှေ့ယမ်းတိုက်ခိုက်နေသည့် သားရဲဥလေး၏အသွင်က မယုံကြည်နိုင်စရာပင် ဖြစ်သည်။
သားရဲဥလေးက တိုက်ပွဲအတွင်း ဝင်ရောက်သွားသည်နှင့် ဟုန်ယာက ကောင်းကင်ထက်သို့ အရှိန်အဟုန်ဖြင့် ပျံတက်သွားသည်။ ဖန်ဆင်းခြင်းသစ်ပင်ကလည်း သူမနောက် လိုက်ပါသွားပြီး နောက်ဆုံးတော့ သွေးနီရောင်ကောင်းကင်ပြင်အားထိုးဖောက်ဝင်ရောက်သွားကာ ပြိုကျမလာစေရန် ထောက်မ ပေးထားလိုက်တော့၏။
ယခုဆိုလျှင် ပျက်သုဉ်းတစ်စပြင်လောကကြီးအတွက် အနည်းငယ်ပိုမိုပြီး အချိန်ဆွဲထားနိုင်မည ်ဖြစ်သည်။ ဟုန်ယာသည် ကမ္ဘာဖျက်စွမ်းအားများ၏ဒဏ်ကိုမခံနိုင်ဘဲ ကောင်းကင်ထက်မှ ပြုတ်ကျသွားသည်။
“ဝုန်း”
ဇာမဏီကောင်မလေးမှာ သစ်ပင်တစ်ပင်ထက်သို့ ပြုတ်ကျသွားပြီး သေလားရှင်လား မသိရပေ။
ဖန်ဆင်းခြင်းသစ်ပင်ကတော့ ပြိုကျလာမည့်မိုးကောင်းကင်ကို အချိန် (၁)နှစ်တိတိ ထောက်ပင့်ပေးထားနိုင်ခဲ့သည်။
အချိန် (၁)နှစ်ကြာပြီးသည့်နောက်…
သားရဲဥလေး၏ ပုဆိန်မှာ အသွားများပေါက်ပြဲစုတ်ပြတ်လျှက် ရှိပြီး ဒိုင်းကာမှာလည်း ယိုယွင်းနေပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှာလည်း ဒဏ်ရာဒဏ်ချက်များဖြင့် အက်ကွဲလျှက်ရှိပြီး ရေသဖန်းပင်လေးကြောင့်သာမဟုတ်လျှင် ယခုအချိန်ထိတိုင် ရပ်တည်နိုင်မည် မဟုတ်ပေ။ သို့သော် ယနေ့တွင်တော့ သူ၏ ခံနိုင်ရည်စွမ်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။
သူ့ထံသို့ တိုက်ခိုက်ရန်ဝင်ရောက်လာသည့် သွေးနီရောင်လက်များကိုကြည့်ရင်း သားရဲဥလေး စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
သခင်ဖြစ်သူကလည်း ယခုအချိန်ထိ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည့် အရိပ်အယောင် မရှိသေးပေ။ သခင်ဖြစ်သူက အခြေအနေများကို ပြောင်းပြန်လှန်နိုင်မလားဟု အမှန်တကယ် သိချင်နေမိသည်။
သို့သော် သူ တောင့်ခံနိုင်ခြင်း မရှိတော့ပေ။
သားရဲဥကို သတ်ဖြတ်ပစ်ရန်အတွက် သွေးနီရောင်လက်များ အများအပြားထွက်ပေါ်လာသည်။ သားရဲဥလေးက ချဉ်းကပ်လာသည့် သွေးနီရောင်လက်များကို စောင့်ကြည့်နေသည်။
သွေးနီရောင်လက်များ သူထံသို့ ကျရောက်လာရန် တစ်လက်မခန့်အလိုတွင် သားရဲဥက ကျုံးဝါးသံတစ်သံ ပြုလုပ်လိုက်သည်။
“ယား”
“ဘုန်း”
“ဘုန်း”
သွေးနီရောင်လက်များ တစ်ခုပြီးတစ်ခု တစ်စစီဖြစ်သွားသည်။
တိုက်ပွဲဝင်ပုဆိန်ကို ကိုင်မြှောက်ထားသည့် သားရဲဥက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက အသက်သာသေသွားမည် ဘယ်သောအခါမှ လဲကျသွားမည် မဟုတ်သလို သူ၏ တိုက်ပွဲဝင်စိတ်ဓာသည်လည်း ပျက်စီးသွားမည် မဟုတ်ပေ။
သူက ဖန်ဆင်းခြင်းသစ်ပင်၏ သစ်ကိုင်းထက်တွင် မတ်တတ်ရပ်ရပ်ရင်း သွေးနီရောင်လက်များကို တစ်ခုပြီးတစ်ခု ခုတ်ဖြတ်ပစ်နေသည်။
ထိုအချိန်…
ခွန်လွန်တောင်ပတ်ဝန်းကျင်မှ အင်မော်တယ်များက တောင်တစ်ခွင်လုံးကို ကာကွယ်ပေးထားသည့် ပင်မအစီအရင်ကို စတင်တိုက်ခိုက်လာကြသည်။ ကြောက်မက်ဖွယ်ရာစွမ်းအားများက ပင်မအစီအရင်ကြီးတစ်ခုလုံးကို အဆက်မပြတ် တုန်လှုပ်သွားစေသည်။
“ဘုန်း”
ပတ်ဝန်းကျင်တစ်ခုလုံး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာပြီး ပင်မအစီအရင်က တောက်ပလာသည်။
“ဘုန်း”
အစီအရင်မှ ထွက်ပေါ်လာသည့် စွမ်းအားကြောင့် တာအိုအင်မော်တယ်တစ်ယောက် နေရာမှာပင် တစ်ကိုယ်လုံး အက်ကွဲကာ သေဆုံးသွားသည်။
သို့သော် မည်သူမှ ကြောက်စိတ်မရှိဘဲ ရှေ့သို့ချီတက်လာကြသည်။ ခွန်လွန်တောင်ကို အနိုင်ရလျှင် အရာအားလုံး ပြီးဆုံးသွားနိုင်သည်။
မြောင်ယွဲ့က တာအိုအင်မော်တယ်များကို ကြည့်လိုက်သည်။ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ပစ်နိုင်ရန်အတွက် သူမ၏ တန်ခိုးစွမ်းအားများအားလုံးကို ပင်မအစီအရင်ထဲသို့ ထည့်သွင်းလိုက်သည်။
“ဘုန်း”
“ဘုန်း”
မြောင်ယွဲ့၏တန်ခိုးစွမ်းအားများက ပင်မအစီအရင်မှတစ်ဆင့် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
“ဘန်း”
“ဘန်း”
အစီအရင်နားသို့ တိုးကပ်လာသည့် တာအိုအင်မော်တယ် (၂)ယောက် ပွဲချင်းပြီး အသက်ပျောက်သွားသည်။ သို့သော် တာအိုတန်ခိုးစွမ်းအားတစ်ခုကလည်း မြောင်ယွဲ့ကို ထိမှန်သွားသည်။
ပြင်းထန်သည့်တာအိုစွမ်းအားက သူမ၏အသက်ဓာတ်စွမ်းအားများကို ဖျက်စီးပစ်လိုက်ပြီး ဝိညာဉ်ကို ထိမှန်သွားသည်။
“ဝေါ့”
မြောင်ယွဲ့သွေးတစ်ချက်အန်ထုတ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းလဲကျသွားသည်။
မော့ကျန်းသုန့်က မြောင်ယွဲ့အနားသို့ ချက်ချင်းရောက်ရှိလာပြီး သူမခန္ဓာကိုယ်ထဲသို့ တန်ခိုးစွမ်းအားများထည့်သွင်းကာ ကုသပေးလိုက်သည်။
ထိုအချိန်…
“ဘုန်း”
ခပ်လှမ်းလှမ်းတစ်နေရာတွင် ဧကရာဇ်တုန်းချင်ကို ကျိုးကျုန်းထျန်းက သတ်ဖြတ်ပစ်လိုက်သည်။ သူက ဒဏ်ရာအပြင်းအထန်ရထားသည့်တိုင် မြေအောက်နတ်ဆိုးဘိုးဘေးထံသို့ ခုန်ဝင်တိုက်ခိုက်လိုက်သည်။
အဘယ်ကြောင့်ဆိုသော် မြေအောက်နတ်ဆိုးဘိုးဘေးက မြောင်ယွဲ့ကို ဆေးကုသပေးနေသည့် မော့ကျန်းသုန့်ကို တိုက်ခိုက်ရန် ဟန်ပြင်နေသောကြောင့် ဖြစ်၏။
မြေအောက်နတ်ဆိုးဘိုးဘေးသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့ပြီ ဖြစ်သည်။
မော့ကျန်းသုန်က နောက်ဆုံးအခိုက်အတန့်တွင် သူတော်စင်တစ်ဝက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး မြေအောက်နတ်ဆိုဘိုးဘေးကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ ထို့ကြောင့် မြေအောက်နတ်ဆိုးဘိုးဘေးမှာ ရှုံးနိမ့်လုမတတ်ပင် ဖြစ်နေရ၏။
ခွန်လွန်တောင်၏ တောင်သခင် (၉)ယောက်သည်ကား အလွန်ပင် တန်ခိုးစွမ်းအားမြင့်မားလှပြီး ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ လူသားများ၏ အရည်အချင်းများက အမှန်ကတယ်ပင် ကြောက်စရာ ကောင်းလွန်းသည်။
မော့ကျန်းသုန့်က မြောင်ယွဲ့ကို ပွေ့ထားလေသည်။
“ဂိုဏ်းတူညီမလေး”
မော့ကျန်းသုန့်က လျှပ်စီးတန်ခိုးစွမ်းအားများကို ထုတ်လွှတ်ပြီး သူတို့ (၂)ယောက်အနားသို့ တိုးကပ်လာသည့် တာအိုအင်မော်တယ်များကို တားဆီးထားသည်။
မြောင်ယွဲ့သည် မော့ကျန်းသုန့်ရင်ခွင်ထဲတွင်လဲကျလျှက် သူမတစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူမ၏ အသက်ဓာတ်စွမ်းအားကလည်း မှိန်ဖျော့လျှက်ရှိသည်။
ကျူးချင်လည်း သူတို့အနားသို့ ရောက်ရှိလာသည်။
မြောင်ယွဲ့က သူမ၏လက်ကို အနည်းငယ်မြှောက်လိုက်ပြီး ခွန်လွန်တောင်ကို ကာကွယ်ထားသည့် ပင်မအစီအရင်ဗဟိုမဏ္ဍိုင်ကို မော့ကျန်းသုန့်လက်ထဲ ထည့်ပေးလိုက်သည်။
မော့ကျန်းသုန့်က အစီအရင်ဗဟိုမဏ္ဍိုင်ကို ယူလိုက်ပြီး မြောင်ယွဲ့၏ ခန္ဓာကိုယ်ထဲသို့ တန်ခိုးစွမ်းအားများ ထည့်သွင်းကာ ဒဏ်ရာကို ကုသပေးနေသည်။
မြောင်ယွဲ့က မော့ကျန်းသုန့်ကို အချိန်အတန်ကြာ ကြည့်နေပြီးမှ အားနည်းဖျော့တော့သည့် လေသံဖြင့်…
“ဂိုဏ်း… ဂိုဏ်းတူအစ်ကို… နောက်ဘဝရှိခဲ့မယ်ဆိုရင် ကျွန်မ ရှင့်ကို လက်ထပ်ခွင့်ရနိုင်မလား”
မော့ကျန်းသုန့်က မြောင်ယွဲ့၏ ဒဏ်ရာကို ဆက်လက်ကုသပေးနေရင်း…
“နောက်ဘဝအတွက်မပြောပါနဲ့ ၊ အခု ရှင်သန်နိုင်အောင် ကြိုးစားပါ”
သို့သော် မြောင်ယွဲ့က ပြုံးလိုက်ပြီး မော့ကျန်းသုန့်ရင်ခွင်ထဲသို့ ခေါင်းငိုက်စိုက်ကျသွားလေသည်။ ထို့နောက် အသက်ဓာတ်စွမ်းအားများကုန်ဆုံးသွားကာ သူမ၏ တာအိုခန္ဓာက တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားသည်။
မော့ကျန်းသုန့် မယုံကြည်နိုင်စွာဖြင့် တစ်ခဏမျှ အံ့အားသင့်သွားသည်။ ထို့နောက် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်ပြီး တာအိုအင်မော်တယ်များဆီသို့ တိုက်ခိုက်ရန် ဝင်ရောက်သွားသည်။
တိုက်ပွဲအတွင်းသို့ မော့ကျန်းသုန့် ဝင်ရောက်လာသည်နှင့် လျှပ်စီးတန်ခိုးစွမ်းအားများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး လောကတစ်ခုလုံး တုန်လှုပ်သွားသည်။
“ဘုန်း”
ဧကရာဇ်ချုန်းကိုးက ပထမတောာင်ထွတ်၏တောင်သခင် ဖုန်းယီရှောက်နှင့် တိုက်ခိုက်နေပြီး သူ၏လက်မောင်းတွင် ဒဏ်ရာအပြင်းအထန် ရရှိထားသည်။ ဖုန်းယီရှောက်၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ် အားနည်းလျှက်ရှိသည်။
ဖုန်းယီရှောက်က ဧကရာဇ်ချုန်းကိုးကို ရင်ဆိုင်ရန်အတွက် သူတော်စင်တစ်ဝက်အဆင့်သို့ ရောက်ရှိစေရန် အတင်းအကျပ် အဆင့်တက်ခဲ့ရသဖြင့် သေလုမျောပါးဖြစ်နေလေသည်။
ဤအတိုင်းသာ ဆက်လက်တိုက်ခိုက်နေမည်ဆိုလျှင် သူတို့ (၂)ယောက်လုံး သေကြရမည် ဖြစ်သည်။
တိုက်ပွဲတွင် မရေမတွက်နိုင်သည့် ကျင့်ကြံသူများ သေဆုံးခဲ့ကြရသည်။ တာအိုအင်မော်တယ်များလည်း သေဆုံးခဲ့ကြပြီဖြစ်၏။
နတ်လူသားမျိုးနွယ်များသည်လည်း မိုးမြေဝန်ရိုးစွန်း (၄)ခုကို ထိန်းထားနိုင်ခြင်းမရှိတော့လေရာ ဖန်ဆင်းခြင်းသစ်ပင်သာ တောင့်ခံထားနိုင်ခြင်းမရှိတော့ပါက သွေးနီရောင်ကောင်းကင်ကြီး အတားအဆီးမရှိ ပြိုကျလာတော့မည် ဖြစ်သည်။
ပျက်သုန်းတစ်စပြင်လောကကြီး ပျက်စီးရတော့မည်။
သို့သော်…
သူတော်စင်လမ်းက ထွက်ပေါ်မလာသေးပေ။
“ဧကရာဇ်ရှီးဟယ် ၊ မင်း ဘာစောင့်နေတာလဲ ၊ မင်း ဘာကိုစောင့်နေတာလဲ”
ဧကရာဇ်ချုန်းကိုးက အော်ဟစ်လိုက်သည်။
ဒီအတိုင်း ဆက်သွားနေလျှင် သူလည်း သေမည်ပဲ ဖြစ်သည်။ သူ သေဆုံးသွားပါက ဧကရာဇ်ရှီးဟယ် သူတော်စင်လမ်းကို လျှောက်လှမ်းရန် ကျရှုံးသွားခဲ့လျှင် သူတော်စင်နေရာကို ဆက်ခံမည့်သူ ရှိတော့မည် မဟုတ်ပေ။
“ဘုန်း”
တာအိုအင်မော်တယ်များသည်လည်း တစ်ောက်ပြီးတစ်ယောက် ကျဆုံးနေဆဲပင်။
ထိုအချိန်…
ခွန်လွန်တောင်ထိပ်တွင် စုဝေးနေသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါက တဖြည်းဖြည်း ပြောင်းလဲသွားပြီး ခွန်လွန်ဝတ်ကျောင်းတော်မှ တန်ခိုးစွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာသည်။
ဧကရာဇ်ရှီးဟယ်က သူတော်စင်လမ်းကို စတင်ချုပ်ကိုင်လိုက်ပြီ ဖြစ်၏။
လူပေါင်းများစွာ စတေးခံရခြင်း၏ အသွေးအသားများမှ ကံကြမ္မာအခွင့်ကောင်းရောင်ဝါများ ဖြစ်တည်လာပြီး ထိုရောင်ဝါများက သူတော်စင်လမ်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ကံကြမ္မာအခွင့်ကောင်းရောင်ဝါများက ကျောက်သားများအဖြစ်ပြောင်းလဲသွားပြီး ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်တည်ရှိရာ တောင်ထိပ်သို့ လာရောက်ချိတ်ဆက်သည်။
ထိုလမ်းသည် ကောင်းကင်ဘုံသို့သွားရာလမ်းဖြစ်သလို သူတော်စင်လမ်းလည်း ဖြစ်သည်။ သူတော်စင်လမ်းတစ်ခုလုံး ကြောက်မက်ဖွယ်ရာရောင်ဝါတစ်ခုက ဖုံးလွှမ်းထားလေရာ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်စေသည်။
ခဏမျှ တိုက်ပွဲရပ်တန့်သွားပြီး အားလုံးက သူတော်စင်လမ်းကို လှမ်းမျှော်ကြည့်လိုက်ကြသည်။
သူတော်စင်လမ်းအဆုံးသည် သွေးပင်လယ်ကောင်းကင်ပြင်နှင့် ချိတ်ဆက်နေဟန်ရှိပြီး လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရပေ။
ဧကရာဇ်ရှီးဟယ်က ခွန်လွန်ဝတ်ကျောင်းတော်အတွင်းမှ ထွက်လာသည်။
ဤနေ့သို့ ရောက်ရှိလာရန် သူက အချိန်ကြာမြင့်စွာ ပြင်ဆင်ထားခဲ့ရပြီး ကံကြမ္မာအခွင့်အလမ်းရောင်ဝါများစွာကို စုဆောင်းခဲ့ရသည်။ လူအများ တစ်ယောက်ပြီးတစ်ယောက် စတေးခံခဲ့ကြရသည်။
ဧကရာဇ်ရှီးဟယ်က သူတော်စင်လမ်းအစတွင် မတ်တတ်ရပ်ရင်း အဆုံးသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ဤလမ်းသည် သေခြင်းတရား၏လမ်းကြောင်းဖြစ်သလို မျှော်လင့်ချက်ကိုပေးသော လမ်းကြောင်းတစ်ခုလည်း ဖြစ်၏။
မရေမတွက်နိုင်သောလူများ၏ အသွေးအသားများဖြင့် တည်ဆောက်ထားသော လမ်းဖြစ်လေရာ သူ ကျရှုံး၍ မဖြစ်ပေ။
“ဒုတ်…”
ဧကရာဇ်ရှီးဟယ် သူတောင်စင်လမ်းကို စတင်ခြေချလိုက်သည့်အသံက ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ခွန်လွန်တောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျှက် ရှိသည်။
သူတော်စင်လမ်းကို လျှောက်လှမ်းနေသည့် ဧကရာဇ်ရှီးဟယ်ကို လူတိုင်းက စောင့်ကြည်နေကြသည်။
ဧကရာဇ်ရှီးဟယ်က သွေးနီရောင်ကောင်းကင်ကြီးကို ထမ်းပိုးပေးထားနိုင်ပါမည်လား။ သူတို့အားလုံး၏ မျှော်လင့်ချက်က ဧကရာဇ်ရှီးဟယ်ထံတွင် ရှိနေကြ၏။
သူတော်စင်တစ်ယောက်သာလျှင် ပျက်သုဉ်းတစ်စပြင်လောကကြီးကို ကယ်တင်နိုင်မည် ဖြစ်လေရာ လူတိုင်း အသက်ပင် မရှူနိုင်ကြပေ။ နောက်ဆုံးအခိုက်အတန့်တွင် မထင်မှတ်သည့် အဖြစ်အပျက်များ ဖြစ်လာမည်လား မည်သူမှ မသိနိုင်ပေ။
“ဘုန်း”
ဧကရာဇ်ရှီးဟယ် သူတော်စင်လမ်းသို့ တက်လှမ်းလိုက်သည်နှင့် ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံး တုန်လှုပ်သွားသည်။
အားလုံးက ဧကရာဇ်ရှီးဟယ်ကို မျှော်လင့်တကြီးဖြင့် ကြည့်နေကြသည်။
သူ၏ခြေလှမ်းများ ပိုမိုဝေးကွာသွားသည်နှင့်အမျှ ကောင်းကင်တစ်ခုလုံး သူတော်စင်ရောင်ဝါဖြင့် ပြည့်နက်လာသည်။ လူတိုင်းက မကြုံစဖူး ထူးခြားသည့် တန်ခိုးစွမ်းအားတစ်ခုကို ခံစားကြရသည်။
မိုးခြိမ်းသံကြီးများထွက်ပေါ်လာပြီး သွေးနီရောင်ပင်လယ်ကောင်းကင်ကြီး တုန်လှုပ်သွားသည်။ ဧကရာဇ်ရှီးဟယ်ကို သုတ်သင်ပစ်ရန်အတွက် သွေးပင်လယ်ကြီးအတွင်းမှ မရေမတွက်နိုင်သည့် သွေးနီရောင်လက်များ ထွက်ပေါ်လာကြသည်။
သို့သော် ဧကရာဇ်ရှီးဟယ်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် သူတော်စင်တန်ခိုးစွမ်းအားများ ထွက်ပေါ်လာကာ သွေးနီရောင်လက်များ အမှုန့်ဖြစ်သွားကြသည်။
“အောင်မြင်တော့မယ်…”
အားလုံးက မျှော်လင့်နေကြသည်။
သူ၏ရှေ့တွင် သူတော်စင်ပလ္လင်ရှိနေသည်ကို ဧကရာဇ်ရှီးဟယ်လည်း ခံစားသိရှီနိုင်သည်။ သူတော်စင်ရောင်ဝါများက သူ၏ခန္ဓာကိုယ်ထက်သို့ စတင်လွှမ်းခြုံလာသည်။
“ဘုန်း”
ခွန်လွန်တောင် ၊ နဝမတောင်ထွတ်မှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်လာသည်။
မြေပြင်တစ်ခုလုံးတုန်လှုပ်သွားပြီး မရဏအငွေ့အသက်များက ကမ္ဘာဟောင်း၏ အမိန့်ကို မလွန်ဆန်နိုင်စွာ သူတောင်စင်လမ်းကို ဝင်ရောက်တိုက်ခိုက်ကြသည်။
သို့သော် မရဏအငွေ့အသက်များက သူတော်စင်လမ်းသို့ မချဉ်းကပ်နိုင်မီ တန်ခိုးစွမ်းအားရှင်များက ထိုအငွေ့အသက်များကို တားဆီးနှိမ်နင်းလိုက်ကြသည်။
အရေးကြီးသည့်အခိုက်အတန့် ဖြစ်လေရာ မတော်တဆမှုတစ်ခုကြောင့် သူတော်စင်လမ်း ပျက်စီးသွားမည်ကို မည်သူမှ မဖြစ်စေလိုကြပေ။
ဧကရာဇ်ရှီးဟယ် သူတော်စင် ဖြစ်လာတော့မည်။ သူ အောင်မြင်ခဲ့လျှက် ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံး ကယ်တင်ခံရမည် ဖြစ်သည်။
နတ်လူသားမျိုးနွယ် ယွင်ရှောင်းသည် ဝန်ရိုးစွန်း (၄)ခု ပြိုမကျစေရန် သွေးနီရောင်ကောင်းကင်အထိ တက်ရောက်သွားပြီး ထိန်းပေးထားသည်။
သူ၏မျက်ဝန်းများကတော့ အဝေးမှ ဧကရာဇ်ရှီးဟယ်ထံသို့ စူးစိုက်ကြည့်နေ၏။
ချန်ယွမ်နဂါးမင်း ၊ ကမ္ဘာမြေ၏မိခင် ၊ ဘိုးဘေးဇာမဏီနတ်ဘုရားနှင့် အခြားသူများအားလုံးသည်လည်း ဧကရာဇ်ရှီးဟယ် သူတော်စင်ဖြစ်လာရန် စောင့်မျှော်နေကြသည်။
ဧကရာဇ်ရှီးဟယ် ကောင်းကင်ထက် ခေါင်းမော့ကြည့်လိုက်သည်။ သူတော်စင်တန်ခိုးစွမ်းအားများ သူ၏ခန္ဓာကိုယ်မှ စတင်ထွက်ပေါ်လာသည်။
“ဘုန်း”
သူတော်စင်တန်ခိုးစွမ်းအားကို မကျေနပ်သည့်အလား သွေးပင်လယ်ကောင်းကင်ပြင်ကြီးမှ ဖိအားများ ထွက်ပေါ်လာပြီး ဧကရာဇ်ရှီးဟယ်ကို ဖိနှိပ်ထားလိုက်သည်။
ဧကရာဇ်ရှီးဟယ်က သွေးနီရောင်ကောင်းကင်ကြီးကို ပင့်မပေးရန် လက်ကို ဆန့်တန်းလိုက်၏။ သူတော်စင်တစ်ယောက်၏ တန်ခိုးစွမ်းအားသည်သာ ဤသွေးပင်လယ်ကောင်းကင်ကြီးကို ထောက်မပေးထားနိုင်သည်။
“ဝုန်း”
သွေးပင်လယ်ကြီး တုန်ခါသွားပြီး အနောက်သို့ ပြန်လည်ဆုတ်ခွာသွားသည်။
ပျက်သုဉ်းတစ်စပြင်လောကကြီးမှ သက်ရှိများအားလုံး မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်။ ခွန်လွန်တောင်ပတ်ဝန်ကျင်မှလူများအားလုံး၏ မျက်ဝန်းများတွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ထင်ဟပ်သွားကြသည်။
ဧကရာဇ်ရှီးဟယ်က သူတော်စင်တန်ခိုးစွမ်းအားဖြင့် သွေးနီရောင်ပင်လယ်ကောင်းကင်ပြင်ကို အဆက်မပြတ် ပင့်တင်သွားသည်။
သို့သော်…
ရုတ်တရက် သွေးနီရောင်ကောင်းကင်ကြီး ရပ်တန့်သွားပြီး အတွင်းထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုသူထွက်ပေါ်လာသည်နှင့် ကောင်းကင်တစ်ခုလုံး မှိန်ဖျော့သွားပြီး အလွန်ကြီးမားသည့် အန္တရယ်ကြီးတစ်ခုကို ခံစားလိုက်ရသည်။
ထိုသူ၏ခန္ဓာကိုယ်မှ ပုံပျက်နေသည့်သူတောင်စင်ရောင်ဝါများ ထွက်ပေါ်နေသည်။ ထိုသူက ကမ္ဘာဟောင်းတွင် ကျဆုံးခဲ့ပြီး ပျက်စီးသွားသည့် မိုးကောင်းကင်တာအိုနှင့်ပေါင်းစပ်ကာ ပုံပျက်နေသည့် သူတော်စင်တစ်ယောက် ဖြစ်သည်။
ထိုသူကိုတွေ့သည့်အခါ ဧကရာဇ်ရှီးဟယ်၏မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ ဤသည်က သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
ဧကရာဇ်ရှီးဟယ်က အရှိန်မြှင့်ပြီး သွေးနီရောင်ပင်လယ်ကို ပင့်တင်သွားချင်သော်လည်း ပုံပျက်နေသည့် သူတော်စင်က သူ့ကို ဓားဖြင့်လှမ်းခုတ်လိုက်သည်။
“မင်းရဲ့လမ်းကို ဖျက်စီးပစ်မယ်”
သူတော်စင်တစ်ယောက်၏တိုက်ခိုက်မှုက မိုးနဲ့မြေကိုပင် ဖျက်စီးပစ်နိုင်လေရာ သူတော်စင်လမ်းကိုလည်း ဖျက်စီးပစ်နိုင်သည်သာပင်။
“မဟုတ်ဘူး ၊ ဒီလမ်းကို ဘယ်တော့မှ ဖျက်စီးခွင့်မပြုနိုင်ဘူး”
ဧကရာဇ်ရှီးဟယ်က ကောင်းကင်ကို ပင့်မထားသည့်လက်ကို လွှတ်လိုက်ပြီး သွေးနီရောင်ပင်လယ်ထဲမှထွက်လာသည့် သူတော်စင်ကို တန်ပြန်တိုက်ခိုက်လိုက်သည်။
“ဘုန်း”
ဧကရာဇ်ရှီးဟယ်ထံမှ သူတော်စင်ရောင်ဝါများ ထွက်ပေါ်လာသည်။
“ကျုပ်ရဲ့ သူတော်စင်လမ်းကို ဖျက်စီးပစ်ဖို့ မင်းမှာ အရည်အချင်း မရှိဘူး”
“ဘန်း”
သွေးပင်လယ်ထဲမှထွက်လာသည့် သူတော်စင်သည် ချက်ချင်းပင် ဧကရာဇ်ရှီးဟယ်၏ တိုက်ခိုက်မှုအောက်တွင် ကျဆုံးသွားသည်။
သို့သော်…
သွေးနီရောင်ပင်လယ်ထဲမှ နောက်ထပ် သူတော်စင် (၆)ယောက် ထွက်ပေါ်လာပြန်သည်။ သူတို့အားလုံးထံမှ သူတော်စင်ရောင်ဝါများ ထွက်ပေါ်လျှက် ရှိသည်။
ထို သူတော်စင် (၆)ယောက်လုံးက ဧကရာဇ်ရှီးဟယ်၏ ခြေထောက်အောက်မှ သူတော်စင်လမ်းကို ဖျက်စီးပစ်ချင်နေကြသည်။
ဧကရာဇ်ရှီးဟယ် ခုခံနိုင်ပါမည်လား။
သူ၏မျက်ဝန်းများထဲတွင် ရူးသွပ်မှုများ ထင်ဟပ်လာပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ ရှိသမျှတန်ခိုးစွမ်းအားဖြင့် သူတော်စင် (၆)ယောက်ကို တိုက်ခိုက်လိုက်သည်။
သို့ပေသိ သူတော်စင် (၆)ယောက်၏ တန်ခိုးစွမ်းအားများက ချက်ချင်း မြင့်တက်လာသည်။
“ဘုန်း”
“ဘုန်း”
“ဘုန်း”
သူတို့၏တိုက်ခိုက်မှုက ဧကရာဇ်ရှီးဟယ်၏ တိုက်ခိုက်မှုကို ဖျက်စီးပစ်လိုက်သည်။
နောက်ထပ်တိုက်ကွက်တစ်ခုထပ်မံဝင်ရောက်လာပြီး ဧကရာဇ်ရှီးဟယ်ကို ဒဏ်ရာရသွားစေကာ သူတော်စင်လမ်းပေါ်မှ တွန်းချခံလိုက်ရသည်။
ထို့နောက် သူတော်စင် (၆)ယောက်က သူတော်စင်လမ်းကိုသာမက ကံကြမ္မာအခွင့်ကောင်းရောင်ဝါများကိုပါ ဖျက်စီးပစ်ရန် ကြိုးစားကြတော့သည်။
“ဝုန်း”
ဧကရာဇ်ရှီးဟယ် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင် ရင်ပြင်ထက်သို့ လွင့်စင်ကျသွားပြီး သွေးများဆက်တိုက်အန်ထုတ်လိုက်သည်။
“မင်းတို့ရဲ့ အမျက်ဒေါသတွေက ဘာလို့ ဒီလောက်ကြီးမားရတာလဲ ၊ မင်းတို့က သူတော်စင်ဖြစ်ဖို့တောင် ထိုက်တန်ကြရဲ့လား”
ဧကရာဇ်ရှီးဟယ် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
သူ့ဘဝတစ်လျှောက်လုံး ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ပြီး အောင်မြင်မှု လက်တစ်ကမ်းအလိုရောက်မှ မထင်မှတ်သည့် ပြဿနာများနှင့် ကြုံတွေ့ခဲ့ရသည်။
ယခုတော့ သူတော်စင်ဖြစ်လာရန် ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်ခဲ့ရပြီ။
သူတော်စင်တစ်ယောက် ဖြစ်မလာတော့ရုံသာမက သူတော်စင်ဖြစ်လာရန် ကံကြမ္မာပါ ပျက်စီးခဲ့ရသည်။
သွေးနီရောင်ပင်လယ်ထဲမှ သူတော်စင် (၆)ယောက်၏ တိုက်ခိုက်မှုတန်ခိုးစွမ်းအားကြောင့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါများ ပျက်စီးသွားပြီး နတ်ဘုရားရာထူးပိုင်ရှင် (၁၂)ယောက်လုံး ဒဏ်ရာအပြင်းအထန် ရသွားကြသည်။
“ဝေါ့”
ဧကရာဇ်ချုန်းကိုး သွေးများအန်ထုတ်လိုက်သည်။
မြေအောက်နတ်ဆိုးဘိုးဘေး ၊ ချန်ယွမ်နဂါးမင်း ၊ ကမ္ဘာမြေ၏မိခင်နှင့် ဘိုးဘေးဇာမဏီနတ်ဘုရားတို့သည်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားကြသည်။
ပျက်သုဉ်းတစ်စပြင်လောကကြီး၏ ဘက်ညီမှုချိန်ခွင်လျှာ ပျက်စီးသွားပြီး ကောင်းကင်ဘုံ ပြိုကျလာသည်။
“အားလုံး ပြီးသွားပြီ”
ကောင်းကင်ထက်မှ ကျဆင်းလာသည့် သွေးနီရောင်ပင်လယ်ကြီးကိုကြည့်ရင်း လူအများ ရေရွတ်လိုက်ကြသည်။
အားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။
ဧကရာဇ်ရှီးဟယ် သူတော်စင်ဖြစ်မလာနိုင်တော့လေရာ ပျက်သုဉ်းတစ်စပြင်လောကကြီးသည်လည်း အဆုံးသတ်ရတော့မည်သာ။
သူတို့အားလုံး အချိန်ကြာမြင့်စွာ ကြိုးစားခဲ့ကြပါသော်လည်း…
ကျောက်စိမ်းရေကန်တွင်ရှိနေသည့် လုန်ယွိ၏မျက်ဝန်းများ မျက်ရည်ဖြင့် ပြည့်လျှံသွားသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လူတိုင်း ကြိုးစားခဲ့ကြသည်။ အောင်မြင်ခါနီးအချိန်ရောက်မှ အဘယ့်ကြောင့် ရုတ်တရက် ကျရှုံးရပါသနည်း။
မိုးနတ်မင်းက သူတို့ကို ဘာကြောင့် အခွင့်အရေး မပေးရပါသနည်း။
အဋ္ဌမမင်းသားသည် ပင်လယ်ရေပြင်ထက်လဲကျလျှက် သွေးပင်လယ်ကြီးပြိုကျလာသည်ကို ကြည့်နေသည်။ အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိရှိလိုက်သည်။
သူ့လက်ထဲတွင် ကောင်းကင်နဂါးဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသော်လည်း ဝှေ့ယမ်းနိုင်ခြင်း မရှိတော့ပေ။
သူလည်း သေရတော့မည် ဖြစ်သည်။
ဟုန်ယာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူမ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သည့်တိုင် အဆုံးမှာတော့ သူမ တွေ့မြင်ရသည်က ကျရှုံးခြင်းပင် ဖြစ်သည်။
လုကျန်း မကျေမနပ်ဖြင့် မြေပြင်ထက်သို့ လဲကျသွားသည်။
သူ ဒဏ်ရာအပြင်းအထန်ရနေပြီ ဖြစ်ပြီး မသေဆုံးခင်အချိန်လေးတွင် ခွန်လွန်ဂိုဏ်းချုပ် သူတော်စင်တစ်ယောက်ဖြစ်သွားသည်ကို တွေ့မြင်ချင်ခဲ့သည်။
ယခုတော့ သူ့ရင်ထဲတွင် နားမလည်နိုင်ခြင်းများဖြင့် ပြည့်နက်နေသည်။ ကမ္ဘာဟောင်းမှ သူတော်စင်များ၏ အမျက်ဒေါသများက ဘာကြောင့် ဒီလောက်ပြင်းထန်ရပါသနည်း။
လင်အန်းသည်လည်း မြေပြင်ထက်သို့ ဒူးထောက်လျှက်သား ကျသွားသည်။ အဆုံးထိ ကြိုးစားတိုက်ခိုက်ခဲ့သော်လည်း ပျက်သုဉ်းတစ်စပြင်လောကကြီးကို မကာကွယ်နိုင်ခဲ့ပေ။
ကျူးချင် ကောင်းကင်ထက်သို့ မကျေမနပ်ဖြင့် မော့ကြည့်လိုက်သည်။
“ဘာလို့ ဒီလိုဖြစ်ရတာလဲ”
သူမ၏ ဂိုဏ်းတူအစ်ကိုများနှင့် ဂိုဏ်းတူအစ်မများ အသက်စတေးခဲ့ကြသော်လည်း ပျက်သုဉ်းတစ်စပြင်လောကကြီးကို မကယ်တင်နိုင်ခဲ့ပေ။
လူတိုင်း ရုန်းကန်ခဲ့ကြရသည်။ သို့သော် မည်မျှပင်ရုန်းကန်ခဲ့ပါစေ ယခုတော့ အချည်းနှီးသာပင်။
ထိုအချိန်…
ခွန်လွန်တောင်ထက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“မပြီးသေးဘူး”
***