← Chapters

အခန်း (၃၆၀)

Vol. 25 Ch. 360

အခန်း (၃၆၀)

Vol. 25 Ch. 360

“မဟုတ်ဘူး”

လီယွင်က ခေါင်းကို ခါယမ်းလိုက်၏။ သူ၏ရှေ့တွင် ရှိနေသည့် လူသုံးယောက်တို့၏ ဇဝေဇဝါ အမူအရာများကို ကြည့်ရှုပြီးသည့်နောက် သူ၏စိတ်ထဲတွင် ပျော်ရွှင်မှုများ ခံစားလာမိ၏။

တစ်ဖက်လူ သုံးယောက်တို့သည် သွေးနတ်ဆိုးလောကကြီးတွင် ကြီးမားလွန်းလှသည့် စစ်ပွဲကြီး ဖြစ်တည်ခဲ့ပြီး အရာအားလုံး ပျောက်ကွယ်သွားခဲ့သည်ဟု ထင်မှတ်နေကြောင်းကို သူက သေသေချာချာ သိသည်။ ကံဆိုးစွာဖြင့် ၎င်းတို့ ထင်မှတ်ထားသကဲ့သို့ မဟုတ်ပေ။

လီယွင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ထိုသူတို့ဆီသို့ အသာလျှောက်သွား၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “သွေးနတ်ဆိုးလောကကြီးထဲမှာ တကယ့်ကို ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားတို့ ထင်သလို မဟုတ်ဘူး”

“ဟမ်”

ရီချင်းမင်သည် မျက်ခုံးပင့်လိုက်မိ၏။ ပြီးနောက် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး ဉာဏ်အလင်းပြပါအုံး စီနီယာ”

တစ်ဖက်လူနှစ်ယောက်တို့သည်လည်း စိတ်ပါဝင်စားမှု အပြည့်ဖြင့် ကြည့်ရှု နေကြသည်။

“ကျုပ်ဆိုလိုတာ ခင်ဗျားတို့ သုံးယောက် နားလည်မှု လွဲနေတာပဲ။ သွေးနတ်ဆိုးကလန်ထဲကနေ အဲနှစ်ယောက်ပဲ ထွက်လာနိုင်တာ မဟုတ်ဘူး။ လောကကြီးမှာကို အဲနှစ်ယောက်ပဲ ကျန်တော့တာ”

လီယွင်၏ စကားလုံးများသည် မိုးကြိုးပစ်သံကဲ့သို့ပင် ၎င်းတို့၏ နားထဲသို့ ဝင်ရောက် လာခဲ့၏။

ဂလု

ရီချင်းမင်၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်သွားခဲ့သည်။ သူသည် တံတွေးကို မနည်းမျိုချကာ မေးမြန်းလိုက်သည်။ “စီနီယာ... သွေးနတ်ဆိုးလောကကြီးက ဘာတွေ ဖြစ်ခဲ့တာလဲ”

“ကိစ္စကြီးကြီးတော့ မဟုတ်ပါဘူး”

လီယွင်သည် လက်ကို ယမ်းခါကာ ထူးမခြားနားသလို ပြောလိုက်၏။ “သွေးနတ်ဆိုးလောကကြီးရဲ့ အင်ပါယာက လောကကြီး တစ်ခုလုံးကို သွေးစတေးမှု ပြုလုပ်ခဲ့တာပဲ”

“ဒါက”

ရီချင်းမင်သည် ကြောင်အသွားခဲ့သည်။ “သွေးနတ်ဆိုးလောကကြီးက သွေးစတေးမှုကို ပြုလုပ်ခဲ့ရတယ် ဟုတ်လား”

“ဟင်း...”

ဘေးတစ်ဖက်တွင် ရှိနေသည့် ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် သက်ပြင်းရှည်ကြီးကိုပင် ချလိုက်မိ၏။ သူ၏ မျက်နှာတစ်ခုလုံးသည် အမူအရာပျက်ရွင်းလို့နေ၏။။

လောကကြီး တစ်ခုလုံးကို စတေးမှု ပြုလုပ်ခြင်း ဆိုသည်မှာ တော်ရုံကိစ္စရပ်မျိုး မဟုတ်ချေ။ ဤအင်ပါယာသည် နှစ်ပေါင်းများစွာ အစီအစဉ် ချမှတ်ခဲ့ပြီးသည့်နောက် ဤကဲ့သို့ ကိစ္စရပ်မျိုးကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့အပြင် တစ်ကိုယ်ရည် ပိုင်ဆိုင်နိုင်သော အားအင်ကို ရရှိနိုင်ရန်အတွက် လောကကြီး တစ်ခုလုံးကို စတေးခဲ့ခြင်း ဆိုသည်မှာ မည်မျှ ကြမ်းတမ်းလိုက်သနည်း။ ၎င်းသည် ရူးသွပ်နေသူလည်း ဖြစ်နိုင်သည်။

အချိန်အတော်ကြာပြီးသည့်နောက် လင်းကလန်၏ ခေါင်းဆောင်က သတိပြန်ဝင်လာခဲ့သည်။ သူ၏မျက်နှာသည် လေးနက်တည်ကြည်လျက် ရှိနေ၏။ ပြီးသည့်နောက် လေးလေးနက်နက်ဖြင့် ထပ်မံကာ ပြောဆိုလိုက်၏။ “တချို့ အင်ပါယာတွေက တကယ့်ကို ကြမ်းတမ်းတာပဲ။ အင်ပါယာ ဖြစ်နိုင်တဲ့လမ်းစဉ်မှာ အလောင်းပုံတွေ ထပ်နေတယ်။ သူတို့က တကယ့် သေခြင်း၊ ရှင်ခြင်းကြားမှာ ဘာကိုမှ ဂရုမစိုက်ခဲ့ဘဲနဲ့ လျှောက်လှမ်းခဲ့တဲ့ လူတွေပဲ။ အထူးသဖြင့် အမျိုးအဆွေတွေ၊ မိတ်ဆွေရောင်းရင်းတွေ မရှိတော့တဲ့ အချိန်မှာ သူတို့က တစ်ယောက်တည်း ကျန်ရှိခဲ့တာလေ။ ဒီတော့ ဘာတစ်ခုကိုမှ ညှာတာ ထောက်ထားနေမှာ မဟုတ်ဘူး။ အရှေ့ကို တစ်လှမ်းလှမ်းနိုင်မယ်ဆိုရင် လောကကြီး တစ်ခုလုံး သွေးစတေးမှု ပြုလုပ်တယ်ဆိုတာ မဖြစ်နိုင်စရာ မရှိဘူး”

“ဒါပေမဲ့ ဒါ အကြင်နာတရား ကင်းမဲ့လွန်းတယ်”

ရီချင်းမင်သည် လက်မခံနိုင်သလို ဖြစ်မိနေတုန်းပင်။ သူ့အနေနှင့် ချစ်ခင်နှစ်သက်ရသူ တစ်ယောက် ကျန်ရစ်ခဲ့သည် ဆိုလျှင်တောင်မှ အန္တရာယ်ကြားထဲသို့ ရောက်ရှိနေသည့် အချိန်တွင် လူသားမျိုးနွယ်အတွက် အဆုံးစွန် တိုက်ခိုက်သွားမှာဖြစ်၏။ လောကကြီးတစ်ခုကို သွေးစတေး မလားဟု မေးမြန်းလာသည် ဆိုပါက ကျိန်းသေပေါက် ထိုကဲ့သို့သော အရာမျိုးကို ပြုလုပ်မည် မဟုတ်ချေ။

“လူတိုင်းဆီမှာ ကိုယ်ရဲ့ အတွေးအမြင်ကိုယ် ရှိကြတာပဲ” လီယွင်က အမှုမဲ့ အမှတ်မဲ့ဖြင့် ဝင်ရောက်ကာ ပြောဆို လိုက်သည်။

လူတစ်ယောက်ချင်းစီ၏ အပြုအမူ၊ အပြောအဆို၊ လုပ်ပုံကိုင်ပုံနှင့် ရည်မှန်းချက်များသည် မတူညီခြားနားလွန်း လှ၏။ ကောင်းကင်မူလလောကကြီးထဲတွင် ကြမ်းတမ်းလွန်းလှသည့် အင်ပါယာများ တည်ရှိခဲ့၏။ ထို့ကြောင့် အင်ပါယာများ၏ လမ်းစဉ်သည် အမျိုးမျိုး အဖုံဖုံပင်။

“စီနီယာ... သွေးနတ်ဆိုးလောကကြီးမှာ တခြားအင်ပါယာတွေ ရှိနေသေးလား”

ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် သူ၏မုတ်ဆိတ်မွေးများကို အသာပွတ်သပ်ကာဖြင့် တွေးတွေးဆဆ အမူအရာမျိုးဖြင့် မေးမြန်းလိုက်၏။

“သွေးနတ်ဆိုးလောကကြီးက တကယ့်ကို ကြီးမားတယ် ဆိုပေမဲ့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ အသက်ရှင် ရပ်တည်နေတဲ့ အင်ပါယာတွေကတော့ ကျန်ရှိနိုင်သေးတယ်လေ။ ဘယ်လိုဖြစ်ပြီးတော့ လူတစ်ယောက်က လောကကြီး တစ်ခုလုံးကို သွေးစတေးမှု ပြုလုပ်တာကို ထိုင်ကြည့်နေနိုင်တာလဲ”

“ဟုတ်တယ်။ ရှိခဲ့တယ်”

လီယွင်သည် ကြားဖြတ်ကာ ပြောဆိုလိုက်သည်။ “ဒါပေမဲ့ နှစ်ယောက်ကြားရဲ့ ကွာခြားချက်က အရမ်းကို ကြီးမားနေရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ သွေးနတ်ဆိုးလောကရဲ့ အင်ပါယာကျန်းထန်က အချိန် အကြာကြီး အသက်ရှင် နေထိုင်ခဲ့တဲ့လူတစ်ယောက်ဖြစ်ပြီး နိဗ္ဗာနဖြစ်စဉ်ကို ဆယ်ကြိမ်တိတိ ကျော်ဖြတ်ခဲ့တာလေ။ သူက နှစ်ပေါင်းများစွာ အသက်ရှင် ရပ်တည်လာခဲ့တဲ့ လူတစ်ယောက်ပဲ။ ဒီလိုလူမျိုးက စောစောစီးစီး သေဆုံး သွားမယ်ဆိုရင် အားလုံးသောသူတို့ရဲ့ ရယ်ပွဲဖွဲ့စရာ ဖြစ်နေမှာပေါ့။ သူက အားနည်းတဲ့သူ မဟုတ်ဘူး။ ပြီးတော့ အရမ်းအားကောင်းတဲ့သူပဲ”

“နိဗ္ဗာနဖြစ်စဉ်ကို ဆယ်ကြိမ်တိတိ ကျော်ဖြတ်တာ ဟုတ်လား”

ဤစကားစုသည် ကလန်ခေါင်းဆောင် သုံးယောက်တို့၏ နှလုံးသားတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့၏။

သာမန်အင်ပါယာတစ်ယောက် အနေနှင့် နိဗ္ဗာန ဖြစ်စဉ်ကို တစ်ကြိမ် ကျော်ဖြတ်ဖို့ ဆိုလျှင်ပင် ကျရှုံးနိုင်ဖို့ အခွင့်အရေးက များပြားလွန်းလှ၏။ သို့ပေမဲ့ သွေးနတ်ဆိုးလောကကြီး၏ အင်ပါယာသည် ဆယ်ကြိမ်တိတိ ကျော်ဖြတ်ခဲ့၏။ မည်မျှ အံ့အားသင့်စရာ ကောင်းလှသည့် ပါရမီကို ပိုင်ဆိုင်နေသနည်း။ ထို့အပြင် မည်မျှပင် အားကောင်းလိုက်မည်နည်း။

“စီနီယာ.... သူ သူအစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်လာပြီလား”

ရီချင်းမင်သည် ခက်ခက်ခဲခဲဖြင့် မေးမြန်းလိုက်၏။ သူ့အနေနှင့် ဝန်မခံချင်ဘူး ဆိုလျှင်တောင်မှ ဤကဲ့သို့ ဖြစ်နိုင်ချေသည် များပြားလွန်းလှ၏။ နိဗ္ဗာနဖြစ်စဉ်ကို ဆယ်ကြိမ်တိတိ ကျော်ဖြတ်ပြီး လောကကြီး တစ်ခုလုံးကို သွေးစတေးမှု ပြုလုပ်ခဲ့သည် ဆိုခြင်းကြောင့် စွမ်းအားမြင့် အစစ်အမှန် အင်မော်တယ် ကျင့်ကြံသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။

“မဟုတ်ဘူး”

လီယွင်သည် ခေါင်းကို ခါယမ်းလိုက်၏။ သူ၏ အမြင်အရဆိုလျှင် သွေးနတ်ဆိုးလောကကြီး၏ အင်ပါယာသည် တကယ့်ကို ခန့်မှန်း၍ မရနိုင်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ဆိုခြင်းက အမှန်ပင်ဖြစ်၏။ ၎င်း၏ စိတ်နေစိတ်ထားနှင့် ပါရမီသည် တကယ်ကို ရင့်သန်လွန်းလှသည့် လူတစ်ယောက်ဖြစ်၏။

မြေအင်မော်တယ်လောက ကဲ့သို့သော တခြားသော လောကတစ်ခုခုတွင် မွေးဖွားလာမည်ဆိုပါက ကျိန်းသေပေါက် နိဗ္ဗာနဖြစ်စဉ်ကို ဆယ်ကြိမ်တိတိ ကျော်ဖြတ်စရာမလိုဘဲ၊ လောကကြီး တစ်ခုလုံးကို စတေးပစ်စရာ မလိုဘဲ အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်လာမှာ သေချာသည်။

ကံဆိုးစွာဖြင့် ၎င်းသည် သွေးနတ်ဆိုးလောကကြီးထဲတွင် မွေးဖွားခဲ့၏။ ထိုလောက၏ ထိပ်ဆုံး ကျင့်ကြံသူ သည် အင်ပါယာအဆင့်သာလျှင်ရှိ၏။ ထို့ကြောင့် ဆက်လက်ကာ အဆင့်တက်နိုင်သည့် အခြေအနေမျိုး မရှိခဲ့ချေ။ နည်းလမ်းပေါင်း မြောက်များစွာဖြင့် ကြိုးစားခဲ့သည် ဆိုလျှင်တောင်မှ ၎င်းသည် တော်ဝင်အင်ပါယာ ထိပ်ဆုံးအဆင့်ဆီသို့ ရောက်ရှိသွားခဲ့မည်ဖြစ်ပြီး အစစ်အမှန် အင်မော်တယ်အဆင့်သို့ ရောက်ရှိရန် ခြေလှမ်း အနည်းငယ် လိုအပ်လျက် ရှိနေသေး၏။ သို့ပေမဲ့ ၎င်းနှင့် တခြားသော အင်ပါယာများအကြား အားအင် ကွာခြားမှုကတော့ သိသိသာသာပင် ကြီးမားလို့ နေခဲ့၏။

“ဒါဆိုရင် တော်သေးတာပေါ့”

သုံးယောက်လုံးသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ တစ်ဖက်လူ အနေနှင့် အစစ်အမှန် အင်မော်တယ် မဖြစ်လာသေးသရွေ့ အရာအားလုံးကို သူတို့ ထိန်းချုပ်နိုင်စွမ်း ရှိနေသေး၏။ သူတို့ဘက်တွင် များပြားလှသည့် အင်ပါယာများ တည်ရှိနေသည် ဖြစ်သောကြောင့် အရေအတွက်အရ လွှမ်းခြုံကာ တိုက်ခိုက်အနိုင်ယူနိုင်စွမ်းတော့ ရှိနေသေးသည်။

“အရမ်းကြီး ပျော်ရွှင်မနေသေးနဲ့အုံး”

လီယွင်က ပြောလိုက်၏။ သူ၏ စကားလုံးများသည် တခြားသောသူများကို ရေခဲရေနှင့် ပက်လိုက်သလိုပင် အေးခဲသွားစေခဲ့၏။ “ကျန်းထျန်က အစစ်အမှန် အင်မော်တယ်တစ်ယောက် မဖြစ်လာသေးဘူးဆိုပေမဲ့ အင်ပါယာတွေ အကုန်လုံးကို ကျော်ဖြတ်နိုင်တဲ့လူတစ်ယောက် ဖြစ်တယ်လေ။ သူက အစစ်အမှန် အင်မော်တယ်တစ်ပိုင်းလို့တောင် ပြောလို့ရတယ်”

အစစ်အမှန် အင်မော်တယ်တစ်ပိုင်း - ဤအဆင့်သည် တကယ်တော့ ကျင့်ကြံခြင်းအဆင့်အဖြစ် တည်ရှိနေသည့် အရာမျိုး မဟုတ်ချေ။ လီယွင်က ကင်ပွန်းတပ်ခဲ့ခြင်းသာလျှင် ဖြစ်၏။ ကျန်းထျန်၏ ကျင့်ကြံခြင်းအဆင့်ကို မြင်နိုင်ရန်အတွက် ဖော်ညွှန်ပြသရမည်ဆိုလျှင် ထိုကဲ့သို့ ဖော်ညွှန်းပြသမှသာ အားလုံး၏ မျက်စိထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်မှာဖြစ်၏။

“အစစ်အမှန် အင်မော်တယ်တစ်ပိုင်း ဟုတ်လား” ကလန်ခေါင်းဆောင် သုံးယောက်တို့သည် ထိုစကားစုကို ပထမဆုံးအကြိမ် ကြားဖူးခဲ့ခြင်းသာ ဖြစ်၏။ သို့ပေမဲ့ အင်ပါယာအဆင့်နှင့် အစစ်အမှန် အင်မော်တယ်အဆင့် ကြားတွင်ရှိနေသည့် ကြောက်မက်ဖွယ်ရာကောင်းလွန်းသည့် စွမ်းအင်အဆင့် ဖြစ်ကြောင်းကိုတော့ အားလုံးသော သူတို့က မျက်စိထဲတွင် မြင်လာခဲ့ကြသည်။

All Chapters