← Chapters

အခန်း (၃၆၁)

Vol. 25 Ch. 361

အခန်း (၃၆၁)

Vol. 25 Ch. 361

“စီနီယာ... ရီကလန်ရဲ့ ကျုပ်တို့ဘိုးဘေးက ကျန်းထျန်နဲ့ တိုက်ခိုက်မယ်ဆိုရင် အနိုင်ရဖို့ အခွင့်အရေး ရှိလား” ရီချင်းမင်သည် နှလုံးသားထဲတွင် မသက်မသာ ခံစားမှုမျိုးကို ခံစားနေရ၏။ ထို့အပြင် ၎င်းတို့၏ ဘိုးဘေးသည် သွေးနတ်ဆိုးလောက၏ ဘိုးဘေးတည်နေရာဆီသို့ သွားရောက်ခဲ့ဖူး၏။

“ခင်ဗျားမေးခွန်းရဲ့ အဖြေကို ပြောရမယ်ဆိုရင်”

လီယွင်သည် ရီချင်းမင်နှင့် တခြားသောသူများကို လှမ်းကြည့်လိုက်သည်။ “သုည ရာခိုင်နှုန်း”

ကျန်းထျန်သည် ၎င်း၏ ကိုယ်ပိုင်အရည်အချင်းကို မှီခိုပြီး အင်ပါယာ ဖြစ်လာခဲ့သူ တစ်ယောက်ဖြစ်၏။ ထို့အပြင် တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်တွင် တည်ရှိနေပြီး အင်မော်တယ်အဆင့်ကို မည်ကဲ့သို့ ချိုးဖြတ်ရမည် ဆိုသည်ကို ထပ်ကာတလဲလဲ မဆုတ်မနစ် ကြိုးစားနေသူတစ်ယောက်လည်းဖြစ်၏။

တခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် ရီကလန်၏ ဘိုးဘေးသည် အားနည်းသည် မဟုတ်လျှင်တောင်မှ သူ၏ လမ်းညွှန်မှုအောက်မှာမှ အင်ပါယာ တစ်ယောက် ဖြစ်လာသူသာဖြစ်၏။ အင်ပါယာဖြစ်ခဲ့သည်မှာ တစ်နှစ်ပင် မကြာသေးချေ။ ကံကြမ္မာ၏ ကောင်းချီးကို ခံစားခဲ့ရသောကြောင့်သာလျှင် အင်ပါယာ ဖြစ်လာခဲ့သူ တစ်ယောက် ဖြစ်သည်။

ထို့ကြောင့် ကျန်းထျန်နှင့် နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင် တိုက်ခိုက်သည်ဆိုပါက အနိုင်ရရန် အခွင့်အရေးသည် သုညရာခိုင်နှုန်းသာလျှင်ဖြစ်၏။ အသက်ရှင်လျက် ထွက်ပြေးနိုင်ဖို့ ဆိုသည်ကပင်လျှင် ကံကြမ္မာပေါ် မူတည်လျက် ရှိနေ၏။

“ဒါဆိုရင်”

ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် ခဏလောက် စဉ်းစားကာ ပြောလိုက်သည်။ “ဒါဆို ကျုပ်ရဲ့ ဘိုးဘေးဆိုရင်လည်း တူတူပဲလား”

“အင်း... သုညရာခိုင်နှုန်းပဲ”

လီယွင်သည် စိတ်မပါ၊ လက်မပါဖြင့် ပြန်ဖြေလိုက်၏။ “သွေးနတ်ဆိုးလောကကြီးရဲ့ ကျန်းထျန်လက်ထဲမှာ သေခဲ့တဲ့အင်ပါယာတွေက အလကားသက်သက်လူတွေလို့ ခင်ဗျားတို့နှစ်ယောက် ထင်နေတာလား”

“ကျန်းထျန်က တကယ့်ကို သွေးနတ်ဆိုးလောကကြီးကို လွှမ်းမိုးနိုင်စွမ်း ရှိနေတဲ့ စွမ်းအားမြင့် အင်ပါယာ တစ်ယောက်လေ။ သွေးနတ်ဆိုးလောကကြီးထဲမှာ အင်ပါယာ ဘယ်လောက်များများရှိလဲ။ အနည်းဆုံး နှစ်ယောက်၊ သုံးယောက်၊ ဒါမှမဟုတ် ခုနှစ်ယောက်၊ ရှစ်ယောက်လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲလူတွေ အကုန်လုံး ပေါ်မလာခဲ့ဘူး ထင်လား။ ဒီလူတွေ အကုန်လုံးက ဝိုင်းဖွဲ့ပြီး တိုက်ခိုက်တာတောင် ကျန်းထျန်ကို အနိုင်ယူ မတိုက်ခိုက်နိုင်ခဲ့တာပဲဖြစ်မယ်။

ရီကလန်ရဲ့ဘိုးဘေးနဲ့ ရွှေကျီးကန်းကလန်ရဲ့ ဘိုးဘေးတို့က အတူတကွ တိုက်ခိုက်ပြီး အဲလိုလူမျိုးကို အနိုင်ယူနိုင်မယ်လို့ ခင်ဗျားတို့ ထင်နေတုန်းလား”

“စီနီယာ... ကျန်းထျန်က ကျုပ်တို့လောကထဲကို ဘယ်အချိန် ခြေချမှာလဲ”

လင်းကလန်၏ ခေါင်းဆောင်က မေးမြန်းလိုက်သည်။ သူသည် နောက်ဆုံးမေးခွန်းကို မေးမြန်းလိုက်ခြင်း သာလျှင်ဖြစ်သည်။

“အင်း...”

လီယွင်သည် ချက်ချင်း မဖြေခဲ့ချေ။ အရှေ့တွင် ရှိနေသည့် စနစ်ဆီမှ အ ချက်အလက်ကို လှမ်းကြည့်ကာဖြင့် ပြောလိုက်၏။ “ကျန်းထျန်က ထွက်လာနေပြီ”

အင်ပါယာတစ်ယောက်၏ အမြန်နှုန်းသည် မည်မျှ မြန်ဆန်လေသနည်း။ ဖော်ညွှန်းပြောဆို၍ပင် မရချေ။ ခြေတစ်လှမ်းသည် မိုင်သန်းနှင့်ချီသည့် အကွာအဝေးသို့ ရောက်ရှိနိုင်စွမ်း ရှိနေ၏။ ခြေနှစ်လှမ်း၊ သုံးလှမ်း လှမ်းလိုက်ရုံဖြင့် လောကပေါင်းများစွာကို ဖြတ်သန်းနိုင်ဖို့ ဆိုသည်မှာ ၎င်းတို့အတွက် စားခြင်း၊ သောက်ခြင်း ကဲ့သို့ပင် လွယ်ကူလွန်းလှချေသည်။

ကျန်းထျန်အနေနှင့် အစောကတည်းက ထွက်ခွာလာခဲ့သည် ဖြစ်သောကြောင့် ခဏအတွင်းမှာပဲ တည်နေရာ လမ်းကြောင်းဆီသို့ ရောက်ရှိကောင်း ရောက်ရှိလာပေလိမ့်မည်။ ထိုတင်မကသေးချေ။ ကောင်းကင်မူလ လောကထဲသို့ ရောက်လျှင် ရောက်နေနိုင်၏။

ထိုအရာကို တွေးမိပြီးသည့်နောက် ရီချင်းမင်နှင့် ရွှေကျီးကန်း ကလန်၏ ခေါင်းဆောင်တို့အားလုံးသည် ကျောရိုးမကြီးများပင် စိမ့်တက်သွားခဲ့ကြ၏။ ၎င်းတို့သည် ကြောက်မက်ဖွယ်ရာကောင်းသည့် ခံစားချက်များကို ခံစားနေမိကြသည်။

ကျန်းထျန်၏ အားအင်အဆင့်ကို သူတို့သည် ခုဏတုန်းက မေးမြန်းခဲ့၏။ သို့ပေမဲ့ စီနီယာသည် သေသေချာချာ ပြန်လည်ကာ မဖြေဆိုခဲ့ချေ။ လောကကြီးတစ်ခုလုံးကိုပင် စတေးမှု ပြုလုပ်ခဲ့သည့် ကြမ်းတမ်းလွန်းလှသော စရိုက် သဘာဝရှိသူတစ်ယောက်အတွက် အင်ပါယာတစ်ယောက်၊ နှစ်ယောက်တို့နှင့် တားဆီး၍ ရနိုင်မည့်လူမျိုး မဟုတ်သည်မှာ သေချာ၏။

ထို့အတူ ယခုမှ အင်ပါယာ ဖြစ်လာခဲ့သော လူများအနေနှင့် တစ်ဖက်လူများကို သွားရောက်တိုက်ခိုက်ရန် ဘယ်တော့မှ ဖြစ်နိုင်လိမ့်မည် အရာမျိုး မဟုတ်ချေ။ နှစ်ဖက်သား တကယ်တမ်း တိုက်ခိုက်မည်ဆိုပါက ရွှေကျီးကန်းကလန်နှင့် ရီကလန်တို့၏ ဘိုးဘေးတို့သည် ဘာမှမတိုက်ခိုက်ရသေးခင်မှာပင် ရှုံးနိမ့်သွားမှာ သေချာသည်။

မျိုးနွယ်စုများ အားလုံး စုပေါင်း၍ အသုဘအခမ်းအနား ကျင်းပဖို့က ပိုမို၍ ဖြစ်နိုင်၏။

ထိုအရာကို တွေးကြည့်ပြီးသည့်နောက်မှာတော့ ၎င်းတို့နှစ်ယောက်သည် ကျောက်စိမ်းပြားများကို ထုတ်ယူကာဖြင့် သတင်းစကားများကို ပေးပို့လိုက်၏။ ပါဝင်သည့် အကြောင်းအရာသည် “ဘိုးဘေး... မြန်မြန် နောက်ဆုတ်တော့”

ဤစကားစုသည် မြန်မြန်ဆန်ဆန်ပင် ရောက်ရှိသွား၏။ ၎င်းတို့သည် လက်ထဲတွင် ကျောက်စိမ်းပြားများကို ကိုင်ဆောင်ထားရင်း ၎င်းတို့၏ ဘိုးဘေးများ အင်ပါယာကျန်းထျန်နှင့် မတိုက်ခိုက်ရန် တိတ်တဆိတ်ဖြင့် ကြိတ်ကာ ဆုတောင်းနေမိကြသည်။ မဟုတ်လျှင် အရာအားလုံးသည် နောက်ကျ သွားမှာဖြစ်၏။

သွေးနတ်ဆိုးလောကကြီး၏ ဘိုးဘေးနယ်မြေ၊ စုတ်ပြတ်သတ်လျက် ရှိနေသည့် တည်နေရာကြီးတစ်ခု - ထိုတည်နေရာကြီး တစ်ခုလုံးရှိ မြေပြင်တစ်ခုလုံးသည် ပူလောင်လျက် ရှိနေပြီး တောင်များအားလုံး ကွဲကြေလျက် ရှိနေပြီး ချောင်းများအားလုံးသည်လည်း ခမ်းခြောက်လျက် ရှိနေသည်။

မိုင်တစ်သောင်းပတ်လည်အတွင်းတွင် မည်သည့် သတ္တဝါမှ မရှိချေ။ မြေပြင်တစ်ခုလုံးတွင် ကြက်သွေးရောင်များ တောက်ပလျက် ရှိနေပြီး ထိုအရာများသည် သွေးများ ဖြစ်လေ၏။ အရိုးများသည် နေရာအနှံတွင် ပျံ့ကျဲလျက် ရှိနေပြီး ခြောက်ခြားဖွယ်ရာ ကောင်းလှသည့် တည်နေရာကြီး တစ်ခုအဖြစ် တည်ရှိနေ၏။

ကြမ်းတမ်းလွန်းလှသည့် သတ်ဖြတ်လိုခြင်းဆန္ဒများသည် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံလျက် ရှိနေပြီး ကွာစီအင်ပါယာတစ်ယောက်ပင်လျှင် ထိုအထဲသို့ ဝင်ရောက်သည်ဆိုပါက ကြောက်လန့်မှုကို ခံစားရမှာ သေချာ၏။ ဤကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားဒဏ်ကြီး တစ်ခုလုံးသည် တည်နေရာ တစ်ခုလုံးကို ပျံ့နှံ့လျက် ရှိနေပြီး အားအင်နည်းပါးလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ထိုနေရာဆီသို့ ချဉ်းကပ်လိုက်သည် ဆိုသည်နှင့် ဝိညာဉ်တစ်ခုလုံး တုန်ခါသွားသည့် ခံစားချက်မျိုးကို ရရှိကြ၏။ သူတော်စင် တစ်ယောက်ပင်လျှင် ထိုအရာကို ခုခံရန် စိန်ခေါ်မှု ဖြစ်ပေလိမ့်မည်။

လက်ရှိအချိန်မှာတော့ စကြဝဠာ၏ မိုးကုတ် စက်ဝိုင်းအဆုံး တည်နေရာတွင်တော့ များပြားလွန်းလှသည့် နတ်ဘုရား စွမ်းအင်များ ထွက်ပေါ်လျက် ရှိနေ၏။

ဘုတ်

ခြေသံတချို့ ထွက်ပေါ်လာခဲ့ပြီး ထိုမိုးကုတ်စက်ဝိုင်း၏ အစွန်းတစ်ဖက်တွင် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က လှမ်းလျှောက်လာခဲ့၏။ ထိုသူသည် ဆံပင်များ ပွစာကျဲလျက် ရှိနေပြီး လက်နှစ်ဖက်ကို နောက်သို့ ပစ်ထား၏။ မျက်လုံးများသည် အဆုံးမဲ့သော ကြယ်တာရာများ ကဲ့သို့ပင် စူးရှတောက်ပလျက် ရှိနေသည်။

အင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒသည် ဒီရေလှိုင်းများ ကဲ့သို့ပင် တည်နေရာတစ်ခုလုံးကို တိုက်စားလျက် ရှိနေသည်။ နတ်ဘုရား အင်ပါယာ တစ်ယောက်သည် ၎င်း၏ အင်ပါယာနယ်မြေတစ်ခုလုံးကို ဝေ့ဝိုက်ကာ ကြည့်ရှု စစ်ဆေးနေသကဲ့သို့ပင်။ ၎င်းသည် ဘုံကိုးပါး၏ အထက်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး များပြားလွန်းလှသည့် လူများအားလုံးသည် ဒူးထောက်ကာ ခစားရမည့် အရှိန်အဝါမျိုးကို ထုတ်ဖော်လျက် ရှိနေ၏။

ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဖိအားဒဏ်နှင့်အတူ လောကကြီးတစ်ခုလုံးသည် တုန်ခါလာခဲ့သည်။

All Chapters