← Chapters

အခန်း (၃၆၂)

Vol. 25 Ch. 362

အခန်း (၃၆၂)

Vol. 25 Ch. 362

ဘုတ် ဘုတ်

အမဲရောင်ဝတ်စုံနှင့်လူသည် ရှေ့ဆီသို့ လှမ်းကာလျှောက်လိုက်၏။ သွေးနတ်ဆိုးကလန်၏ တည်နေရာ အတွင်းပိုင်းဆီသို့ ရောက်သည့်အချိန်မှာတော့ ၎င်းသည် ရပ်တန့်လိုက်၏။ သူ၏ အရှေ့တွင်တော့ ဆန်းကြယ် လွန်းလှသည့် ကျောက်စိမ်းဖြူရောင် စင်မြင့်တစ်ခုက တည်ရှိနေပြီး ထိုစင်မြင့်ကြီးသည် တိမ်ကို ထိုးခွင်းလုမတတ် မြင့်မားလျက်ရှိ၏။

မယုံကြည်လောက်အောင် မာကျောသော အင်မော်တယ်ပစ္စည်းများနှင့် ဖန်တီးပြုလုပ်ထားသည်ဟု ထင်မှတ်စရာ ရှိသော ဤစင်မြင့်ကြီးဆီမှ ဆန်းကြယ်လွန်းလှသည့် အော်ရာများ ထွက်ပေါ်လျက်ရှိ၏။ ကျောက်စိမ်းဖြူရောင် စင်မြင့်ကြီးအထက်တွင် တည်နေရာ အက်ကွဲကြောင်းကြီးတစ်ခု တည်ရှိလို့ နေခဲ့ပြီး ရေတွက်လို့မရအောင် များပြားလှသည့် နှစ်ပေါင်းများစွာ ကတည်းက တည်ရှိခဲ့သည့် အရာပင် ဖြစ်၏။ ထိုအရာသည် တခြားသော လောကတစ်ခုဆီသို့ ဦးတည်ကာ သွားနိုင်သည့် လမ်းကြောင်းတစ်ခုပင် ဖြစ်သည်။

ရွှီး

တိမ်များ လွင့်စင်သွားခဲ့သည့် အသံက ထွက်ပေါ်လာခဲ့လေ၏။ မြေပြင်၏ အဆုံးဘက်တွင် စူးရှတောက်ပလွန်း လှသည့် နောက်ထပ် နေလုံးကြီးတစ်ခုက ထွက်ပေါ်လာခဲ့သည်။ ထိုအရာသည် ရွှေရောင်အလင်းတန်းများ ထုတ်ဖော်လျက် ရှိနေပြီး အရာအားလုံးသည် ပိုမိုကာ လင်းလက် ပူလောင်လာခဲ့၏။

အသစ်ပေါ်ပေါက်လာခဲ့သည့် နေ၏အတွင်းထဲမှာတော့ ခြေသုံးချောင်း အတောင်ပံတည်ရှိသည့် သတ္တဝါ တစ်ကောင်က ပေါ်ပေါက်လာ၏။ ထိုအရာသည် ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်ကာ ပျံသန်းလျက် ရှိနေပြီး ရွှေရောင်အလင်းတန်းများ အားလုံးကို ထုတ်ဖော်နေသည်။

“လာပြီလား”

ရီစုန်သည် ပြောဆိုလိုက်၏။ သူ၏ အသံသည် တိုးလျှလွန်းသလို စိတ်ခံစားချက်များကိုလည်း ဖုံးကွယ်ထား၏။ သွေးနတ်ဆိုးလောကထဲတွင် ကွာစီအင်ပါယာအဖြစ် တိုက်ခိုက်ခဲ့သည့် နောက်ဆုံးအချိန်တုန်းက သူနှင့် ရွှေကျီးကန်း ကလန်တို့ အတူပူးပေါင်းပြီးသည့်နောက် တိုက်ခိုက်ခဲ့ဖူး၏။ ယခု တူညီသည့် နေရာသို့ ပြန်လာသည့် အချိန်မှာတော့ သူတို့၏ အားအင်အဆင့်သည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

ထိုတုန်းက တိုက်ခိုက်ခဲ့သည့် ကွာစီအင်ပါယာ သုံးယောက်တို့သည် လက်ရှိအချိန်မှာတော့ အင်ပါယာများ အားလုံး ဖြစ်သွားခဲ့၏။ မုန့်ရှင်းကျီသည်သာ ရောက်ရှိလာမည်ဆိုပါက အင်ပါယာသုံးယောက်တို့သည် အလုံးစုံ ပြည့်စုံသွားမှာ ဖြစ်သည်။

“မုန့်ရှင်းကျီက လာဖြစ်မှာ မဟုတ်ဘူး” ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် တည်နေရာတစ်ခုလုံးကို လှမ်းကြည့်ကာဖြင့် ပြောဆိုလိုက်၏။

“ကိစ္စမရှိဘူး” ရီစုန်သည် ထူးမခြားနားသလိုပင် ပြန်လည်ကာ ပြောဆိုလိုက်သည်။

မုန့်ရှင်းကျီ၏ လက်ရှိအခြေအနေသည် ကောင်းကင်မူလလောကကြီးတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူ လူပေါင်းများစွာတို့ သိရှိပြီးသား အကြောင်းအရာပင်ဖြစ်၏။ ၎င်းသည် ကိုယ့်ဒုက္ခကိုယ် ရှာခဲ့သည့် လူတစ်ယောက်ပင် ဖြစ်၏။ လက်ရှိအခြေအနေတွင် ရှုပ်ထွေးကြယ်ပင်လယ်ဆီသို့ ရောက်ရှိလျက် ရှိနေသေးသည်။ ရှုပ်ထွေးကြယ်ပင်လယ်ဆီမှ သွေးနတ်ဆိုးလောက၏ ဘိုးဘေးတည်နေရာဆီသို့ အလျင်စလို ရောက်ရှိလာဖို့ မပြောနှင့် အထဲတွင်ပင်လျှင် အသက်ရှင်သန်နိုင်ရန် မနည်းပင် ရုန်းကန်နေရမှ သေချာ၏။

ထို့အပြင် မုန့်ရှင်းကျီ၏ အနောက်တွင် လိုက်ပါလျက် ရှိနေသည့် အင်ပါယာများက များစွာရှိနေသေး၏။ ထိုသူများ ထဲတွင် လင်းရှောင်၊ ခရမ်းရောင်နက်နဲလောကမှ အင်ပါယာ အများအပြားနှင့် ကောင်းကင်မူလလောကကြီးနှင့် မြေအင်မော်တယ်လောကဆီမှ အင်ပါယာတချို့ပင်လျှင် ပါဝင်နေသေးသည်။

အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ် တည်နေရာတွင် ၎င်းသည် ၎င်း၏ ဘဝတစ်သက်တာလုံး အတွက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ကြီးမားသည့် ရန်သူများအားလုံးကို ရန်စကာ ဖန်တီးနိုင်ခဲ့လေ၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း အနေနှင့် လက်ရှိအချိန်ထိ တည်ရှိနေနိုင်ခြင်းမှာ အလွန်ပင် ကံကောင်းသည်ဟု ပြောဆိုရမှာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အနီးအနားသို့ ဂိုဏ်းကို တည်နေရာ ရွေ့ပြောင်းခဲ့သောကြောင့်ပင်။

နန်းဆောင်သခင်အနေနှင့် ဘာတစ်ခုမှ မပြောသည်ဆိုသော်လည်း ကောင်းကင်လျှို့ဝှက်နန်းဆောင် အနီးအနားတွင် တည်ရှိနေသည့် ဂိုဏ်းတစ်ခုကို မည်သူကမှ ဝင်ရောက်ကာ မဖျက်ဆီးရဲကြချေ။ အင်ပါယာ တစ်ယောက်သည် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို ဖျက်ဆီးချင်သည့် စိတ်ဆန္ဒဖြင့် နန်းဆောင်သခင်ကို ရန်ပြုမိသွားမည်ကို စိုးရွံ့မိပေလိမ့်မည်။

“အင်း... ဘယ်လို ဆက်လုပ်ဖို့ စီစဉ်ထားလဲ” ရွှေကျီးကန်းကလန်၏ ဘိုးဘေးက ပြောဆိုလိုက်၏။ ၎င်း၏ အသံသည် တကယ်ပင် ညှိညှိနှိုင်းနှိုင်း ဆွေးဆွေးနွေးနွေး ပြုလုပ်ချင်ပုံပင်။

“လောကဖြတ်သန်းတဲ့ တိုက်ပွဲ” ရီစုန်၏ စကားသည် တကယ်ပင် အဓိပ္ပာယ်ပါဝင်လို့ နေခဲ့၏။ သူ၏ မျက်လုံးများ သည် ငါးရောင်သော နတ်ဘုရားအလင်းတန်းများနှင့် တောက်ပလျက် ရှိနေပြီး ကြည့်ရှုနေသူများ အားလုံးသည် သူ့ကို တကယ်ပဲ ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက်ဟု ထင်မှတ်မှားစေခဲ့၏။

“ခင်ဗျား အဲကိုသွားမှာလား” ရွှေကျီးကန်းကလန်၏ ဘိုးဘေးက မျက်မှောင်ကုတ်လိုက်မိသည်။

သွေးနတ်ဆိုး လောက၏ တော်ဝင်အင်ပါယာသည် ၎င်းတို့နှင့် ခဏလေးသာ တွေ့ဆုံခဲ့ရသည် ဆိုသော်လည်း သူတို့သည်လည်း ကောင်းကင်မူလလောကကြီးမှ တော်ဝင်အင်ပါယာများ ဖြစ်သည်မို့ သိပ်ပြီး ခြားနားလှမည် မဟုတ်ချေ။ တစ်ဖက်လူ အနေနှင့် နိဗ္ဗာနဖြစ်စဉ်ကို အောင်အောင်မြင်မြင် ကျော်ဖြတ်သွားနိုင်သည် ဆိုလျှင်တောင်မှ သူတို့သည် သိပ်ပြီး ဂရုစိုက်လှလိမ့်မည် မဟုတ်ချေ။ ရီစုန်အနေနှင့် စဦး တိုက်ခိုက်ရန်ပင် စဉ်းစားထားခဲ့၏။

“အမှန်ပဲ”

ရီစုန်က ခေါင်းညိတ်လိုက်၏။ သူ၏ ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေလေ၏။ တိုက်ခိုက်လိုခြင်း ဆန္ဒများသည် ကောင်းကင်ယံတစ်ခုလုံးတွင် ပြည့်နှက်နေ၏။ သူက တီးတိုးပြောလိုက်သည်။ “အင်ပါယာတွေရဲ့ တိုက်ပွဲစတင်ပြီဆိုတာနဲ့ သန်းပေါင်းများစွာသော သတ္တဝါတွေရဲ့ သေဆုံးမှုက ရှောင်လွှဲလို့ မရနိုင်တော့ဘူး။ အဲအချိန်ကျရင် တောင်တွေ၊ ချောင်းတွေ အကုန်လုံးကလည်း ပျက်စီးသွားလိမ့်မယ်။ မျိုးနွယ်စုတွေ အကုန်လုံးလည်း သေဆုံးလိမ့်မယ်။ အဲလိုဖြစ်တာထက် သွေးနတ်ဆိုးလောကကြီးထဲမှာပဲ တိုက်ပွဲတည်နေရာကို ဖန်တီးတာ အကောင်းဆုံး မဟုတ်လား”

ထိုအရာသည် ရွှေကျီးကန်းကလန် ဘိုးဘေး၏ စိတ်ထဲတွင် တည်ရှိနေသည့်အရာလည်း ဖြစ်လို့နေ၏။ ဤနေရာဆီသို့ မလာခင်တွင် သူ့၌လည်း ဤကဲ့သို့ အကြံအစည်မျိုး ရှိ၏။ တကယ်တမ်း ကောင်းကင်မူလ လောကကြီးထဲတွင် တိုက်ခိုက်သည်ဆိုပါက အခြေအနေသည် ထိန်းချုပ်ထားနိုင်သည်ထက် ပိုမိုကာ ခက်ခဲပေလိမ့်မည်။

လက်ရှိအခြေအနေမှာတော့ ကောင်းကင်မူလလောကကြီးသည် စွမ်းအားမြင့် ရန်သူများ၏ ဝိုင်းရံခြင်းကို ခံထားရ၏။ ထို့ကြောင့် တကယ်ပင် ခက်ခဲသည့် အခြေအနေမျိုးကို ကြုံဆုံနေရသည်ဟု ပြောဆိုရမည်ဖြစ်၏။ သွေးနတ်ဆိုးလောကကြီးသည် သူတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်သည်ဆိုပါက တကယ်ပင် ပြဿနာ ဖြစ်လာပေ လိမ့်မည်။ ထို့အပြင် ခရမ်းရောင်နက်နဲလောကမှ အင်ပါယာ အားလုံးကလည်း အခွင့်အရေးကို အရယူမှာ သေချာ၏။

“တည်နေရာလမ်းကြောင်းရဲ့ တခြားတစ်ဖက်မှာ ဘာရှိလဲဆိုတာ ကျုပ်တို့ မသိဘူး။ ဝင်သွားပြီဆိုရင် သတိ အပြည့်နဲ့ ပြုလုပ်ဖို့ လိုအပ်လိမ့်မယ်” ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။

မကြာသေးသော အချိန်က နဂါးအင်ပါယာ အောင်းရွှမ်သည် တည်နေရာလမ်းကြောင်း၏ တံခါးကို တားဆီးပြီး ခရမ်းရောင် နက်နဲလောကကြီးမှ အင်ပါယာ သုံးယောက်တို့ကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့၏။ ဤမြင်ကွင်း သည် သူတို့၏ မှတ်ဉာဏ်ထဲတွင် လတ်လတ်ဆတ်ဆတ် တည်ရှိနေသေးသည်။ သူတို့သည်လည်း ဤကဲ့သို့သော အခြေအနေ မျိုးကို ပြုလုပ်ရမှာဖြစ်၏။

ထို့အပြင် တည်နေရာ လမ်းကြောင်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် သွေးနတ်ဆိုးလောကကြီး၏ တော်ဝင် အင်ပါယာကသာ တည်နေရာလမ်းကြောင်းကို ဖျက်ဆီးလိုက်သည်ဆိုပါက သူတို့သည် ရှုပ်ထွေးလွန်းလှသည့် တည်နေရာလမ်းကြောင်းကြီးထဲတွင် ဘဝကို အဆုံးသတ် သွားနိုင်၏။ ဘယ်အချိန် ပြန်ရမှန်းပင် မသိတော့ဘဲ သေဆုံးသွားဖို့ အခြေအနေကလည်း တည်ရှိနေသေးသည်။

“စိတ်မပူနဲ့”

ရီစုန်သည် အမှတ်မထင် ပြန်လည်ကာ ပြောဆိုလိုက်၏။ သူသည် ခြေထောက်ကို အသာ မြှောက်ပြီးသည့်နောက် တည်နေရာလမ်းကြောင်းဆီသို့‌ လျှောက်သွား၏။

ကောင်းကင်ထက်တွင် ရောင်စဉ်အလင်းတန်းများ ဖုံးလွှမ်းလျက် ရှိနေသော ရွှေကျီးကန်းကလန်၏ ဘိုးဘေး သည်လည်း ရွှေရောင်ဝတ်စုံဝတ် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်အဖြစ် အသွင်ပြောင်းကာ လေဟာနယ်ထဲမှ တစ်လှမ်းချင်း လျှောက်လာ၏။ ၎င်းသည် ရီစုန်နှင့်အတူ ဘေးချင်းယှဉ်ကာ မတ်တပ်ရပ်လျက် ရှိနေ၏။ ဤလူနှစ်ယောက်တို့သည် ဆန်းကြယ်လွန်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး ကောင်းကင်ယံ ထက်မှ ဆင်းသက်လာသည့် နတ်ဘုရားများကဲ့သို့ပင်။

၎င်းတို့ ခြေထောက်ကို မြှောက်ကာဖြင့် အထဲသို့ မဝင်ခင်မှာပဲ ရုတ်တရက် ရီစုန်၏ အမူအရာသည် ပြောင်းလဲသွား၏။ သူသည် ရုတ်တရက် ရပ်တန့်လိုက်၏။ လက်ထဲတွင် ရှိနေသည့်‌ ကျောက်စိမ်းပြားပေါ်တွင် ပါဝင်သည့် အကြောင်းအရာများကို ဖတ်ရှုပြီးသည့်နောက် သူ၏ မျက်နှာတစ်ခုလုံးသည် ဇဝေဇဝါ ဖြစ်လာခဲ့၏။ “ဘိုးဘေး... မြန်မြန်နောက်ဆုတ် ဟုတ်လား။ ဘာကို ဆိုလိုတာလဲ”

ရီစုန်သည် ခေါင်းကို အသာမော့ကာဖြင့် ဘေးတစ်ဖက်တွင် ရှိနေသည့် ရွှေကျီးကန်းကလန်၏ ဘိုးဘေးကို လှမ်းကာ ကြည့်ရှုလိုက်သည်။

ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည်လည်း သတင်းစကားကို လက်ခံရရှိခဲ့၏။ ထို့ကြောင့် ၎င်းတို့ နှစ်ယောက်သား သည် ဇဝေဇဝါ ဖြစ်လို့နေ၏။ ဘာတွေဖြစ်နေသည် ဆိုခြင်းကို ကောင်းကောင်း မသိကြချေ။ ၎င်းတို့ နှစ်ယောက် မတုံ့ပြန်နိုင်ခင်မှာပဲ ကျောက်စိမ်းပြားဆီမှ အလင်းတန်းများ တောက်ပလာခဲ့ပြီး သတင်းသစ်တစ်ခုက ပေါ်ပေါက် လာခဲ့၏။ သို့သော်ငြား သူတို့သည် ထိုအရာကို ဖတ်ရန် အချိန်မရှိသေးချေ။

ဒုန်း

ကောင်းကင်ယံဆီမှ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တည်နေရာလမ်းကြောင်း တစ်ခုလုံးသည် ပျက်စီးပြီး အလင်းပင်လယ်ကဲ့သို့ပင် ဖြစ်တည်သွားတော့၏။ လေဟာနယ်ကြီး တစ်ခုလုံးသည် မှန်ကဲ့သို့ပင် တစ်လက်မချင်း ကွဲကြေပြီး ကြီးမားလှသည့် တွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။

ရှုပ်ထွေးလွန်းလှသည့် မြူများ ဖြစ်တည်လာပြီး ထိုအရာကြီးသည် မိုးကုတ်စက်ဝိုင်းကြီး အဆုံးဘက်တွင် ရှိနေသည့် တွင်းနက်ကြီး တစ်ခုကဲ့သို့ပင်။ တွင်းနက်ကြီးဆီမှ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည့် အော်ရာများ ထွက်ပေါ်လျက် ရှိနေပြီး ထိုအော်ရာများ၏ ပိုင်ရှင်သည် နတ်ဘုရားလိုလို၊ နတ်ဆိုးလိုလို ပုံစံပေါ်၏။ ထိုလူသည် ရှေ့ဆီသို့ တစ်လှမ်းချင်း လှမ်းလျှောက်လာသည်။

All Chapters