ခွန်လွန်တောင်မှ လောကပထမသူတော်စင်
Vol. 40 Ch. 556
ဧကရာဇ်ရှီးဟယ် သူတော်စင်တစ်ယောက် ဖြစ်မလာနိုင်တော့ပေ။
ထိုအချိန်…
ကျန်းလန် မျက်လုံးဖွင့်ကြည့်လိုက်သည်။
အပြင်ဘက်သို့လှမ်းကြည့်လိုက်သည်နှင့် ကောင်းကင်ထက်ရှိ သွေးနီရောင်ပင်လယ်ဆီ ဦးတည်နေသော သူတော်စင်လမ်းကို တွေ့မြင်ရသည်။ ထို့နောက် သူတော်စင်တစ်ယောက်ဖြစ်လာရန် ကျရှုံးခဲ့သည့် ဧကရာဇ်ရှီးဟယ်ကိုလည်း တွေ့မြင်ရသည်။
ခွန်လွန်တောင်တစ်လျှောက် မရေမတွက်နိုင်သောသူများ သေဆုံးလျှက် သွေးများက အိုင်ထွန်းနေသည်။ အရင်က သူ့စိတ်အာရုံတွင် ထင်ဟပ်ခဲ့ဖူးသည့် လူသေအလောင်းများပုံနေသည့် မြင်ကွင်းမျိုးပင် ဖြစ်သည်။
ထိုအချိန် ကျန်းလန် တစ်စုံတစ်ခုကို နားလည်သွားသည်။
“လက်စသတ်တော့ ငါလိုအပ်နေတဲ့ အခွင့်အရေးက ဒါကိုး”
နောက်ဆုံးတော့ သူတော်စင်တစ်ယောက်ဖြစ်လာရန် အခွင့်အလမ်းကို ကျန်းလန် ရှာတွေ့သွားခဲ့သည်။ သူက ပထမဆံးသူတော်စင်ဖြစ်လာရန်အတွက် လမ်းကြောင်းကို သိရှိခဲ့သော်လည်း လိုအပ်နေသည့် နောက်ဆုံးအခွင့်အလမ်းကို ရှာမတွေ့ခဲ့ပေ။
ရှာတွေ့နိုင်မည်ဟု ယူဆထားခဲ့သော်လည်း ရေရေရာရာ နားလည်ခြင်းမရှိသလို ထိုအခွင့်အရေးကို အချိန်တိုတိုဖြင့် ရှာတွေ့ရန်မှာလည်း မဖြစ်နိုင်ပေ။
ယခုတော့ ထိုအခွင့်အလမ်းကို သိရှိသွားပြီ ဖြစ်သည်။
သူတောင်စင်ဖြစ်လာရန်အတွက် ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးကို အားကိုးရန် လိုအပ်သည်။ ပျက်သုဉ်းတစ်စပြင်လောကကြီးရှိ မရေမတွက်နိုင်သော သက်ရှိများ၏ အသွေးအသားများဖြင့် ပြုလုပ်ထားသော သူတော်စင်လမ်းပေါ်တွင် လျှောက်လှမ်းနိုင်မှသာ လောကပထမ သူတော်စင် ဖြစ်လာမည် ဖြစ်သည်။
ကျန်းလန် မတ်တတ်ထရပ်လိုက်သည်။
လူ့အသက်ပေါင်းများစွာ စတေးခံရခြင်းမှ ဖြစ်တည်လာသည့် သူတော်စင်လမ်းကိုတွေ့မြင်သည့်အခါ သူ့နှလုံးသားထဲတွင် ခါးသက်သွားသည်။ သူလိုချင်သည့်ပန်းတိုင်ကို ရောက်ရှိရန်အတွက် အသက်ပေါင်းများစွာ စတေးခံခဲ့ရသည်။
ထို့နောက် ကျန်းလန်သည် နေရာတွင် ပျောက်ကွယ်သွားပြီး နဝမတောင်ထွတ်အစွန်းတွင် ပြန်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်မှ သူတော်စင်ရောင်ဝါများထွက်ပေါ်လာပြီး ထိုရောင်ဝါများက သူတော်စင်လမ်းနှင့် ထပ်တူကျသွားသည်။ ထို့အတူ သူ၏တာအိုလမ်းစဉ်သည်လည်း ပျက်သုဉ်းတစ်စပြင်လောကကြီးနှင့် ထပ်တူကျသွားသည်။
ရှေ့ဆက်ရမည့်လမ်းကြောင်းက တောက်ပလာပြီး အမှောင်ထုကို ဖြိုခွင်းသွားသည်။ ကျန်းလန်က အောက်ဘက်မှလူအများကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ယခုအချိန်တွင် သူ့အကြောင်း အခြားသူများသိရှိသွားမည်ကို စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။ သူက ထိုသူများအားလုံးအတွက် မျှော်လင့်ချက်တစ်ခု ပေးအပ်ချင်မိသည်။
“ဒီနေ့ ကျုပ် သူတော်စင်ဖြစ်သွားပြီ”
ကျန်းလန်သည် သူတော်စင်လမ်း၏အောက်ခြေတွင် မတ်တတ်ရပ်နေပြီး တိုက်ပွဲဆီသို့ လှမ်းကြည့်လိုက်သည်။
ပျက်စီးယိုယွင်းနေသည့် ဖန်ဆင်းခြင်းသစ်ပင် ၊ သားရဲဥလေး ၊ ရေသဖန်းပင် ၊ လဲကျသတိလစ်နေသည့် ဟုန်ယာ ၊ သေလုမျောပါးတိုက်ပွဲဝင်နေသည့် လုကျန်း ၊ ခန္ဓာကိုယ်များကွဲအက်နေပြီဖြစ်သည့် ကျင်းထင် ၊ သစ်ပင်တစ်ပင်ထက်တွင် ဓားတစ်လက်ဖြင့် ထိုးစိုက်ခံထားရပြီး အသက်ကိုပင် မနည်းရှူနေရသည့် လင်စီးယာ။
ခွန်လွန်တောင်မှ တောင်သခင်များစွာ ကျဆုံးခဲ့ရပြီး ဂိုဏ်းတူညီအစ်ကိုမောင်နှများ အများအပြားလည်း အသက်ဆုံးခဲ့ရသည်။ ပြီးတော့ ရန်သူများဘက်တွင်လည်း လူအနည်းငယ်သာ ကျန်ရှိတော့သည်။
ဧကရာဇ်တုန်းချင် ၊ သေရည်ဆိုင်ရှင်အဘိုးအိုနှင့် ဆရာဒေါ်လေးမြောင်ယွဲ့တို့သည်လည်း ကျဆုံးသွားခဲ့ကြပြီ ဖြစ်သည်။
ကျန်းလန်က တိုက်ပွဲဆီမှအကြည့်ကို လွှဲဖယ်လိုက်ပြီး ပျက်သုဉ်းတစ်စပြင်လောကကြီးဆီသို့ လှမ်းကြည့်လိုက်သည်။
မျက်လုံးများကို ဖွင့်ထားလျှက် တိုက်ခိုက်နိုင်စွမ်းများကုန်ခမ်းကာ ဒူးထောက်လဲကျနေပြီဖြစ်သည့် အဋ္ဌမမင်းသား ၊ မြေအောက်ဗဟိုမဏ္ဍိုင်တွင် ပျောက်ကွယ်သွားပြီဖြစ်သည့် ယန်ရှီးယွင် ၊ လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း သေဆုံးသွားခဲ့ပြီဖြစ်သော ချင်းမု။
ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် မျိုးနွယ်စုများ၏ အရေအတွက်များ သိသိသာသာ လျော့နည်းသွားသည်ကို တွေ့မြင်ရသည်။ သို့သော် အချို့သော သက်ရှိများနှင့် လူသားများကတော့ အန္တရယ်ကင်းရာတွင် ရောက်ရှိနေဆဲ ဖြစ်၏။
ကျန်းလန် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သွေးပင်လယ်ကြီးက တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ရာ တုံ့ဆိုင်းနေ၍ မဖြစ်တော့ပေ။
သူ့ခြေထောက်အောက်တွင် သွေးများက မြစ်များသဖွယ်စီးဆင်းနေသည်။ သူလှမ်းသည့်ခြေလှမ်းတိုင်းက စုပုံနေသည့် အလောင်းကောင်များထက်သို့ နင်းမိနေသည်။
ကျန်းလန် သူတော်စင်တစ်ယောက် ဖြစ်လာခြင်းသည် သူ့တစ်ယောက်တည်း၏ အောင်မြင်မှု မဟုတ်ပေ။ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံး၏ အောင်မြင်မှုဖြစ်သည်။
“ဒုတ်…”
ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူတော်စင်လမ်းပေါ်သို့ တက်လိုက်သည်။
“ဘုန်း”
ကျန်းလန်၏ သူတော်စင်ရောင်ဝါက မိုးမြေတစ်ခုလုံး လင်းထိန်တောက်ပသွားစေပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖြန့်ကျက်သွားသည်။ ကမ္ဘာမြေပြင်တစ်ခုလုံး တုန်ခါသွားပြီး သူ၏ သူတော်စင်ရောင်ဝါသည် ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးတွင် ထင်ရှားထွက်ပေါ်လာသည်။
ကျင့်ကြံသူများသာမက သာမန်လူသားများသည်ပင် မသိစိတ်ဖြင့် ခွန်လွန်တောင်ရှိရာသို့ လှမ်းမျှော်ကြည့်မိကြသည်။
ခွန်လွန်တောင်တွင် ပုံရိပ်တစ်ခုကို တွေ့မြင်နိုင်ပြီး ထိုပုံရိပ်မှ တောက်ပလင်းလက်သည့် ရောင်ဝါများ ထွက်ပေါ်လျှက် ရှိသည်။ တစ်ချိန်က ကောင်းကင်လှေကားကို တက်လှမ်းခဲ့သည့်အလား ယခုလည်း ကျန်းလန်သည် သူတော်စင်လမ်းကို တက်လှမ်းလျှက် ရှိသည်။
အဋ္ဌမမင်းသား၏မျက်ဝန်းများတွင် မျက်ရည်များ ဖုံးလွှမ်းသွားသည်။
ယောက်ဖ ၊ နောက်ဆုံးတော့ သူ့ယောက်ဖ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး သူတော်စင်တစ်ယောက် ဖြစ်သွားခဲ့ပြီ။
ဘိုးဘေးနဂါးက ကျန်းလန်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
ကောင်းကင်ဘုံအရှင် ဧကရာဇ်လွန်လင်သည် အမှန်တကယ်ပင် သူတော်စင်တစ်ယောက် ဖြစ်လာခဲ့လေပြီ။
သို့သော်…
သွေးပင်လယ်ကောင်းကင်ထဲတွင် သူတော်စင် (၆)ယောက် ရှိနေသေးသည်။ ထိုသူတော်စင် (၆)ယောက်ကို ကျန်းလန် အနိုင်ယူနိုင်ပါမည်လား မသေချာပေ။
“ကျုပ်ယောက်ဖ သေချာပေါက် အောင်မြင်မှာပါ ၊ ဘယ် သူတော်စင်မှ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး ၊ သူက လောကပထမ သူတော်စင်ပဲ”
သူ့စကားသံကို မည်သူမှ မကြားနိုင်သည့်တိုင် လုန်မန် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ သို့သော် သူ့စကားသံကို ဘိုးဘေးနဂါးနှင့် နဂါးဧကရီရန်ကျင်းတို့ ကြားလိုက်ရသည်။
ယောက်ဖ…တဲ့။
“နဝမတောင်ထွတ်က ကျန်းလန်”
ရန်ကျင်း ရေရွတ်လိုက်သည်။
ခွန်လွန်တောင်တွင်တော့ သေလုမျောပါးဖြစ်နေကြသည့် လုကျန်း ၊ ကျင်းထင်နှင့် လင်စီးယာတို့ သူတော်စင်လမ်းရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။
သူတော်စင်လမ်းကို လျှောက်လှမ်းနေသူသည် သူတို့နှင့် အလွန်ရင်းနှီးသည့်ပုံရိပ်တစ်ခု ဖြစ်နေခဲ့သည်။ သူတို့တစ်ခါမှ မျှော်လင့်မထားခဲ့သည့်တိုင် ဂိုဏ်းတူညီလေးကျန်းလန်သည် သူတော်စင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ကျူးချင်က ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။ အရင်အချိန်များကတည်းက မှန်းဆချက်အချို့ရှိခဲ့သော်လည်း ယခုလို ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည့်အခါ တုန်လှုပ်ရသည်တော့ အမှန်ပင်။
လော့ချောင်နှင့် အခြားသူများမှာ တာအိုအင်မော်တယ်တစ်ယောက်က “သခင်” ဟု ခေါ်ထိုက်သူ မည်သူဖြစ်ကြောင်း နားလည်သွားကြသည်။
မိုးမြေဝန်ရိုးစွန်း (၄)ခုတွင်ရှိနေသည့် နတ်လူသားမျိုးနွယ် ယွင်ရှောင်းက သူတော်စင်လမ်းတည်ရှိရာ ကောင်းကင်ထက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။
ထို့နောက် သူက သူ၏မျိုးနွယ်များကို ပြောလိုက်၏။
“ဒီလူက အရင်တုန်းက ကောင်းကင်လှေကားကို အဆုံးထိ တက်နိုင်ခဲ့တဲ့သူပဲ ၊ မင်းတို့ ယုံကြလားတော့မသိဘူး ၊ သူက ဧကရာဇ်ကျမ်းစာကို ဘယ်တုန်းကမှ မကျင့်ကြံခဲ့ဘူး ၊ ဒါပေမဲ့ သူက လူတိုင်းရဲ့ရှေ့မှာ လျှောက်လှမ်းနေဆဲပဲ ၊ ကျုပ်တို့ တန်ဖိုးထားတဲ့အရာဟာ သူ့အတွက်တော့ ဘာမှမဟုတ်ခဲ့ဘူး”
ပတ်ဝန်းကျင်မှ နတ်လူသားမျိုးနွယ်များ ရှက်ရွံ့လျှက် ခေါင်းငုံ့ထားကြသည်။ အရင်က သူတို့ မုန်းတီးရန်ငြိုးထားခဲ့သူသည် ယခုတော့ သူတို့အားလုံး၏ မျှော်လင့်ချက် ဖြစ်လာခဲ့သည်။
သို့သော် ထိုသူသည် သွေးနီရောင်ပင်လယ်ကောင်းကင်ပြင်မှ သူတော်စင် (၆)ယောက်၏ နာကျည်းမုန်းတီးမှု ၊ အမျက်တရားများကို တွန်းလှန်နိုင်ပါမည်လား။
ကျန်းလန် သူတော်စင်လမ်းထက်သို့ တက်လှမ်းသွားသည်ကို အားလုံး စိတ်ပူပန်စွာဖြင့် ကြည့်နေကြသည်။ ကမ္ဘာဟောင်းမှ သူတော်စင် (၆)ယောက်က ရင်ဆိုင်ရန် ခက်ခဲလှ၏။
ကျန်းလန် တည်ငြိမ်စွာပင် သူတော်စင်လမ်းတွင် လျှောက်လှမ်းနေခဲ့သည်။ သူက သွေးနီရောင်ပင်လယ်ထဲမှ သူတော်စင်များ၏ အမျက်တရားများကို အရေးမစိုက်ပေ။
သူ၏ တည်ငြိမ်သည့်အသံက ခွန်လွန်တောင်အနှံ့သို့ ပျံ့နှံ့သွားသည်။
“ကျုပ် လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ခွန်လွန်ကို ရောက်ခဲ့တယ် ၊ ဂိုဏ်းရဲ့ ကာကွယ်ပေးမှု ၊ ဆရာ့ရဲ့ စောင့်ရှောက်ပေးမှုနဲ့အတူ မဟာတာအိုရဲ့ လက်ဆောင်ကို ရရှိခဲ့တယ် ၊ အဲဒီ အရာအားလုံး ပေါင်းစပ်အသုံးပြုခဲ့ပြီး အခုဆိုရင် ကျုပ်ဟာ သူတော်စင်တစ်ယောက် ဖြစ်လာခဲ့ပြီ”
စကားဆုံးသွားသည်နှင့် ကျန်းလန်က သူ့အင်္ကျီရင်ဘတ်ထဲမှ ပစ္စည်း (၂)ခုကို ထုတ်ယူလိုက်သည်။ တစ်ခုကတော့ ဘာမှန်းမသိသော ထူးဆန်းသည့် ပစ္စည်းတစ်ခု ဖြစ်ပြီး နောက်တစ်ခုကတော့ စာအုပ်တစ်အုပ်ဖြစ်သည်။
ထူးဆန်းသည့် ပစ္စည်းမှာ သူတော်စင်အခွင့်အရေးဟုခေါ်ဆိုသည့် “စနစ်” ဖြစ်ပြီး နောက်တစ်ခုကတော့ “ပညာရှိကျမ်းစာ” ဖြစ်သည်။ ထိုအရာ (၂)ခုလုံးက သူတော်စင်တစ်ယောက်ဖြစ်လာရန် လိုအပ်သည့်အရာများ ဖြစ်သည်။
ကျန်းလန်က ထိုပစ္စည်းများကို ခွန်လွန်တောင်အဓိကခန်းမဆောင်ရှိရာသို့ ပစ်ချလိုက်သည်။ ထို့နောက် ဧကရာဇ်ရှီးဟယ်ကို စူးစိုက်ကြည့်လိုက်၏။ သူ့အကြည့်များက သူလုပ်ဆောင်ရမည့်အရာတစ်ခုကို ပြီးမြောက်အောင် ကူညီပေးပါရန် တောင်းဆိုနေသည့်အလား ဖြစ်သည်။
ထို့နောက် အကြည့်များကို ရုတ်သိမ်းလိုက်ပြီး ကောင်းကင်ဆီသို့ ဆက်လျှောက်သွားသည်။ ကျန်းလန်က သူတော်စင်လမ်းကိုဖြတ်ကျော်ကာ ကောင်းကင်ထက်သို့တက်လာသည်ကို တွေ့သည့်အခါ သွေးနီရောင်ပင်လယ်ထဲမှ သူတော်စင်များ စတင်လှုပ်ရှားလိုက်ကြသည်။
သူတော်စင်တစ်ယောက်က ကျန်းလန်ကို စတင်တိုက်ခိုက်လိုက်သည်။
လူတိုင်းက ကျန်းလန်ကို စူးစိုက်ကြည့်နေကြပြီး ကျရှုံးမည်ကို ကြောက်ရွံ့နေကြသည်။ သို့သော် မကြာမီ သူတို့အားလုံး အံ့အားသင့်သွားကြရသည်။
ကျန်းလန်သည် သာမန်သူတော်စင်တစ်ယောက် မဟုတ်ကြောင်း သူတို့နားလည်လိုက်ကြသည်။
သူတော်စင် (၆)ယောက်၏ အမျက်ဒေါသမျာက ပိုမိုများပြားလာသည်။ သူတို့အနားသို့ရောက်သည့်အခါ ကျန်းလန်က သူတော်စင်များကို တိုက်ခိုက်ရန် လက်သီးကိုမြှောက်လိုက်သည်။
ထို့နောက် ပြင်းထန်သည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။
“ဘုန်း”
သူတော်စင်တစ်ယောက် မကျေမနပ်အော်ဟစ်ရင်း တစ်စစီကွဲကြသွေားသည်။
မာနကြီးပြီး အမျက်ဒေါသပြင်းထန်နေသည့် ထိုသူတော်စင်သည် ကျန်းလန်၏လက်သီးချက်ကို ခံနိုင်ရည်မရှိဘဲ ရွှံ့ရုပ်တစ်ရုပ်ပမာ တစ်စစီ ပျက်စီးသွားတော့၏။
ပျက်သုဉ်းတစ်စပြင်လောကကြီး၏ ပထမဆုံသူတော်စင် တန်ခိုးစွမ်းအားသည် မိုးမြေတစ်ခုလုံးကို လွှမ်းခြုံထားသည်။
“ပျက်သုဉ်းတစ်စပြင်လောကကြီးက ပေးအပ်တဲ့ ကောင်းချီးလက်ဆောင် ၊ ရှေးဟောင်းအနောက်နန်းတော်နဲ့ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်တွေက ပေးအပ်တဲ့ ကောင်းချီးလက်ဆောင် ၊ မိုးကောင်းကင်တာအိုက ပေးအပ်တဲ့ ကောင်းချီးလက်ဆောင်… ၊ ဒီအရာတွေအားလုံးအတွက် ဒီနေ့ ကျုပ်ထမ်းဆောင်ရမယ့်တာဝန်ကို ကျေပွန်စေမယ်”
ကျန်းလန်က သူ့ခြေထောက်အောက်မှ သူတော်စင်လမ်းကို ငုံ့ကြည့်ပြီး ရေရွတ်လိုက်သည်။
“ဘူး”
နွားရိုင်းအော်သံကြီးတစ်သံထွက်ပေါ်လာပြီး တောင်နှင့်မြစ်ရေများကို ကွဲကြေစေသော နွားရိုင်းကြီးတစ်ကောင်က ဗလာနယ်ကို ဖြတ်ကျော်လျှောက်လှမ်းလာသည်။
ပြင်းထန်လှသည့် နွားရိုင်းကိုးကောင်စွမ်းအားသည် ပုံပျက်ပန်းပျက်ဖြစ်နေသည့် ကမ္ဘာဟောင်းတန်ခိုးစွမ်းအားများဆီသို့ တစ်ရှိန်ထိုးဝင်ရောက်သွားသည်။
ကမ္ဘာဟောင်းမှ ပုံပျက်နေသည့် သူတော်စင်များက ကျန်းလန်ရှိရာသို့ ခုန်ဝင်လာကြပြီး ကျန်းလန်ကလည်း သူတို့ရှိရာ မိုးကုတ်စက်ဝိုင်းဆီ ပျံသန်းထွက်ခွာသွားသည်။
သူတော်စင်များ၏ အမျက်ဒေါသက ပိုမိုပြင်းထန်လာပြီး သူတို့က တိုက်ခိုက်မှုက ပြင်းထန်ထွန်းသည်။
ကျန်းလန် မျက်ခုံးများ တွန့်ချိုးထားသည်။
“ဟူး”
သူ၏ မျက်လုံးထဲတွင် သူ့ထံသို့ ဝင်ရောက်လာသည့် တန်ခိုးစွမ်းအား (၅)ခုကို တွေ့မြင်ရသည်။
“ဘန်း”
“ဘန်း”
ထို တန်ခိုးစွမ်အား (၅)ခုက သူတော်စင် (၅)ယောက်ထံမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ကျန်းလန်ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။
“ဘုန်း”
သူတော်စင်များ၏ အမျက်ဒေါသများက ပြင်းထန်လာချန် ထိုတန်ခိုးစွမ်းအားများကို ခုခံရန် နွားရိုင်းကိုးကောင်စွမ်းအားက လေထုထဲသို့ ဖြတ်ကျော်ဝင်ရောက်လာပြီး သူတော်စင်များရှိရာသို့ ထိမှန်သွားသည်။
“ဘန်း”
ဧရာမနွားရိုင်းကြီးများသည် ရှေ့သို့ခုန်တက်သွားပြီး တောင်နှင့်မြစ်ရေများကို နင်းဖြတ်ကာ ဗလာနယ်ထဲသို့ ရောက်ရှိသွားကာ သူတောင်စင်များကို နင်းချေပစ်ကြသည်။
ကျန်ရှိသည့် သူတော်စင် (၅)ယောက်မှာ ပုံပျက်ပန်းပျက်ဖြင့် တစ်စစီကွဲကြေသွားကြတော့၏။
ကျန်းလန်က ပုံပျက်နေသည့် သူတော်စင်များကိုကြည့်လိုက်ရင်း…
“ပျက်သုဉ်းတစ်စပြင်လောကကြီး ၊ ရှေးဟောင်းဧကရာဇ်နန်းတော်နဲ့ မိုးကောင်းကင်တာအိုတွေက ကောင်းချီးလက်ဆောင်တွေကို ရရှိခဲ့တယ် ၊ ဒီနေ့ ကျုပ် သူတောင်စင်ဖြစ်လာတယ် ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးအတွက် ကျုပ်ရဲ့တာဝန် ကျေပွန်အောင်ထမ်းဆောင်မယ် ၊ မင်းတို့ရဲ့ ကမ္ဘာဟောင်းကို ကျုပ်ထိုးခွဲပစ်မယ်”
ကျန်းလန်၏ စကားသံ အဆုံးသတ်သွားသည်နှင့် သွေးနီရောင်တောက်ပနေသည့် ကောင်းကင်ကြီးက ကျန်းလန်ထံသို့ ကျဆင်းလာကာ ဖိနှိပ်ထားလိုက်သည်။ ကမ္ဘာဟောင်းမှ စွမ်းအားများသည် သူတော်စင်များထက်သာလွန်ပြီး မိုးမြေကိုပင် ဖျက်စီးပစ်နိုင်သည်။
သို့ပေသိ ကျန်းလန်ကတော့ လက်တစ်ဖက်ကိုသာ ပင့်မြှောက်လိုက်သည်။
“ဘုန်း”
ကျန်းလန်က လက်တစ်ဖက်တည်းဖြင့် သွေးနီရောင်ကောင်းကင်ကို ပင့်မထားလိုက်သည်။
“ဘုန်း”
သွေးနီရောင်ပင်လယ်ကောင်းကင်ပြင်ကြီးက ဖြည်းဖြည်းချင်း အထက်သို့ ပြန်တက်သွားသည်။
ပျက်သုဉ်းတစ်စပြင်လောကကြီးမှ လူတိုင်း ဖြည်းညင်းစွာမတ်တတ်ထရပ်လိုက်ကြပြီး မိုးကောင်းကင်ကို လက်တစ်ဖက်တည်ဖြင့် ပင့်တင်ထားသည့် သူတောင်စင်ကို မော့ကြည့်နေကြသည်။
“ဘုန်း”
“ကောင်းကင်ဘုံအရှင် ဧကရာဇ်လွန်လင်”
ကျန်းလန်၏ နတ်ဘုရားရာထူးနာမည်ကိုကြားသည့်အခါ သူတို့၏စိတ်နှလုံးများ တဒိန်းဒိန်းခုန်လာကြသည်။
သမိုင်းတစ်လျှောက် ခွန်လွန်တောင်မှ ထွက်ပေါ်လာသည့် လောကပထမသူတော်စင်ဖြစ်သည်။
ကောင်းကင်ထက်မှ သွေးနီရောင်ပင်လယ်ကြီးက ဆူပွက်လျှက်ရှိသည်။ ထိုအရာကြီးက အဆုံးမရှိသည့် တွင်းနက်ကြီးတစ်ခုအလား ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးကို ဝါးမြိုတော့မည့်အလား ထင်မှတ်ရသည်။
သူတော်စင်ဖြစ်လာသည့် ကောင်းကင်ဘုံအရှင် ဧကရာဇ်လွန်လင်သည်ပင် ထိုသွေးနီရောင်ပင်လယ်ကြီး၏ တန်ခိုးစွမ်းအားများအောက်တွင် အသက်ရှင်ရန် အခွင့်အလမ်း နည်းပါးသည်။
ကျန်းလန်က သွေးနီရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူတောင်စင်တစ်ယောက် ဖြစ်လာသည့်တိုင် ကမ္ဘာဟောင်း၏ မိုးကောင်းကင်အင်မော်တယ်က သူထင်ထားသလောက် မရိုးရှင်းပေ။
သွေးနီရောင်ကောင်းကင်ကြီးကို လက်ဖြင့်ပင့်မတွန်းတင်ပြီး ထွက်ခွာမသွားခင် ကျန်းလန်က ပျက်သုဉ်းတစ်စပြင်လောကကြီးကို တစ်ချက်ငုံ့ကြည့်လိုက်သည်။
ကျောက်စိမ်းရေကန်ရှိရာသို့ လှမ်းကြည့်ချင်သော်လည်း အဆုံးသတ်တွင်တော့ မကြည့်ရဲခဲ့ပေ။
ကျန်းလန် ကောင်းကင်ထက်သို့ ခြေတစ်လှမ်းလှမ်းတက်လိုက်သည်နှင့် ကမ္ဘာမြေတစ်ခုလုံး မျှော်လင့်ချက် ယူဆောင်လာသည့်အလား မိုးကောင်းကင်တစ်ခုလုံး လင်းလက်သွားသည်။
ကမ္ဘာဟောင်းမှ ပုံပျက်ပန်းပျက် တန်ခိုးစွမ်းအားများသည် ပျက်သုဉ်းတစ်စပြင်လောကကြီးဆီသို့ ရောက်မလာတော့ပေ။
ကြောက်မက်ဖွယ်ရာ ကမ္ဘာဖျက်ကပ်ဆိုးကြီးကို ကျန်းလန်က သယ်ဆောင်သွားခဲ့သည်။ သူ ပြန်လာနိုင်မည်လား မည်သူမှ မသိရှိနိုင်သလို သူ့ကိုလည်း မည်သူမှ မတားဆီးနိုင်ကြပေ။
“ဟူး”
ကျန်းလန်က သွေးနီရောင်ပင်လယ်ထဲသို့ ခုန်ဝင်လိုက်ပြီး ကမ္ဘာဟောင်းမှ စွမ်းအားများကို ပျက်သုဉ်းတစ်စပြင်လောကကြီးမှ သယ်ဆောင်သွားခဲ့သည်။
သွေးနီရောင်မိုးကောင်းကင်ကြီး မိုးကုတ်စက်ဝိုင်းထဲသို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားချိန် ပင်လယ် (၄)ခု အလယ်ဗဟိုမှ ပင်လယ်မျက်လုံး ပျက်စီးသွားပြီး ကမ္ဘာမြေကြီးသည်လည်း ပြန်လည်ငြိမ်သက်သွားသည်။
ပျက်သုဉ်းတစ်စပြင်လောကကြီး ပြန်လည်ရှင်သန်လာပြီး သားရဲများ၏ ရူးသွပ်ဖောက်ပြန်နေသည့် စိတ်များသည်လည်း ပြန်လည်တည်ငြိမ်သွားကြ၏။ ကောင်းကင်မီးတောက်များသည်လည်း ရပ်တန့်သွားပြီး ဝင်ရိုးစွန်း (၄)ခုသည်လည်း ပြိုပျက်ခြင်း မရှိတော့ပေ။
ပျက်သုန်းတစ်စပြင်လောကကြီး… ကယ်တင်ခံလိုက်ရပြီ ဖြစ်သည်။
သို့သော် ကောင်းကင်ထက်တွင် အပေါက်ကြီးတစ်ခု ဖြစ်နေပြီး ထိုအပေါက်ကြီးကတော့ ပျက်သုဉ်းတစ်စပြင်လောကကြီးအပေါ် များစွာ သက်ရောက်မှုရှိသည်။
ထိုအပေါက်ကြီးမှာ ကမ္ဘာဟောင်းမှ အဖျက်စွမ်းအားများကြေင့် ကမ္ဘာသစ်ဖြစ်သော ပျက်သုဉ်းတစ်စပြင်လောကကြီး၏ မိုးကောင်းကင်တာအို ပျက်စီးသွားခြင်း ဖြစ်သည်။
လောကပထမသူတော်စင်က ပြိုကျလာသည့်ကောင်းကင်ဘုံကို ယူဆောင်သွားပြီးနောက် မိုးကောင်းကင်တာအိုကို ပြုပြင်ပေးနိုင်မည် မဟုတ်တော့ပေ။
ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ထဲတွင် ဧကရာဇ်ရှီးဟယ် ရှိနေလေသည်။ သူ့လက်ထဲတွင် ကျန်းလန်ပေးခဲ့သည့် သူတော်စင်အခွင့်အလမ်းနှင့် ပညာရှိကျမ်းစာကို ဆုပ်ကိုင်ထားသည်။
သူက ချက်ချင်း ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီး လောကကို ကြေငြာလိုက်သည်။
“ကမ္ဘာဟောင်းက အဖျက်စွမ်းအားတွေ ထွက်ခွာပျောက်ကွယ်သွားပေမယ့် ကျုပ်တို့လောကရဲ့ မိုးကောင်းကင်တာအိုက ပျက်စီးသွားပြီ ၊ ဒီနေ့ အဲဒီပျက်စီးသွားတဲ့ မိုးကောင်းကင်တာအိုကို ကျုပ်ရဲ့တာအိုနဲ့ ပေါင်းစပ်ပြုပြင်ပေးမယ် ၊ ကျုပ်ကိုယ်တိုင်က မိုးကောင်းကင်တာအိုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာစေမယ်”
စကားဆုံးသွားသည်နှင့် ကျန်းလန်ပေးခဲ့သည့် သူတော်စင်အခွင့်အရေးနှင့် ပညာရှိကျမ်းစာကို ဧကရာဇ်ရှီးဟယ်က စုပ်ယူလိုက်သည်။ သို့မှသာ သူက ဤလောက မိုးကောင်းကင်တာအို၏ အစိတ်အပိုင်းဖြစ်လာနိုင်မည် ဖြစ်သည်။
သူတော်စင်အခွင့်အရေးနှင့် ပညာရှိကျမ်းစာကို စုပ်ယူလိုက်ပြီးနောက် ဧကရာဇ်ရှီးဟယ်၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ တောက်ပစွာထွက်ပေါ်လာသည်။
ထို့နောက်…
“ဘုန်း”
ပေါက်ကွဲသံနှင့်အတူ မဟာတာအိုလမ်းစဉ် ထောင်ပေါင်များစွာတို့သည့် ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးသို ဖြန့်ကျက်ထွက်ခွာသွားသည်။
မဟာတာအိုလမ်းစဉ်အများစုက ပျက်စီးနေသည့် မိုးကောင်းကင်တာအိုအပေါက်ကြီးအတွင်းသို့ ဝင်ရောက်သွားကြပြီး အလွန်လျှင်မြန်သည့် အရှိန်အဟုန်ဖြင့် ပြုပြင်လိုက်ကြသည်။
ဆယ်စုနှစ်များစွာကြာပြီးနောက် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် လှပသည့်အပြာရောင်ကောင်းကင်ကြီးကို ပြန်လည်တွေ့မြင်ကြရသည်။
ကမ္ဘာပေါ်မှ သက်ရှိများအားလုံးက မျှော်လင့်ချက်များစွာဖြင့် နေ့သစ်တစ်ခု၏ ကောင်းကင်ပြင်ကို လှမ်းမျှော်ကြည့်ကြသည်။ ယနေ့သည် မျှော်လင့်ချက်များဖြင့်ပြည့်နေသည့် နေ့သစ်တစ်ခုပင် ဖြစ်သည်။
နေ့သစ်ကိုတွေ့မြင်ရသည့်အခါ ခွန်လွန်တောင်မှလူများအားလုံး မျက်ရည်များရစ်ဝဲလာကြသည်။
နဂါးမျိုးနွယ်များ ၊ ဇာမဏီမျိုးနွယ်များ ၊ ချီလင်မျိုးနွယ်များ ၊ မှော်ဝိညာဉ်တောင်မှ မှော်ဆရာများ ၊ နတ်လူသားမျိုးနွယ်များနှင့် တစ္ဆေတိုင်းပြည်မှလူများသည်လည်း မျက်ရည်မကျဘဲ မနေနိုင်ခဲ့ကြပေ။
အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။
နေ့သစ်ကိုကြိုဆိုရန် ဆယ်စုနှစ်များစွာ သူတို့အားလုံး ကြိုးစားအားထုတ်ခဲ့ကြရသည်။
နတ်လူသားမျိုးနွယ်ယွင်ရှောင်းသည်လည်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ သူက ခံစားချက်ကင်းမဲ့သူတစ်ယောက် ဖြစ်သည့်အတွက် နေ့သစ်ကိုတွေ့မြင်သည့်တိုင် မည်သည့်ခံစားချက်မှ မရှိခဲ့ပေ။
ဧကရာဇ်ရှိးဟယ်က မိုးကောင်းကင်တာအိုကို ပြုပြင်ပေးခဲ့ပြီး မိုးကောင်းကင်တာအို၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။ သူကတော့ ထိုသို့ မပြုလုပ်နိုင်ခဲ့ပေ။ သူက သူတော်စင်တစ်ယောက်ဖြစ်လာနိုင်သော်လည်း မိုးကောင်းကင်တာအို၏ တစ်စိတ်တစ်ပိုင်းတော့ ဖြစ်မလာနိုင်ပေ။
ဧကရာဇ်ရှီးဟယ်သည် သူတော်စင်လမ်းကို လျှောက်လှမ်းပြီးမှ ကျရှုံးသွားခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူတော်စင်ဖြစ်မလာသည့်တိုင် မိုးကောင်းကင်တာအို၏ တစ်စိတ်တစ်ပိုင်းဖြစ်လာရန် အရည်အချင်း ပြည့်မီသူ ဖြစ်သည်။
ထို့ပြင် ကေင်းကင်ဘုံအရှင်ဧကရာဇ်လွန်လင်က သူတော်စင်အခွင့်အရေးနှင့် ပညာရှိကျမ်းစာကို ဧကရာဇ်ရှီးဟယ်အတွက် ထားရစ်ခဲ့သည်မှာ မိုးကောင်းကင်တာအိုကို ပြုပြင်ပေးရန် အကူအညီတောင်းခဲ့ခြင်း ဖြစ်၏။
ကောင်းကင်ဘုံအရှင်က ကမ္ဘာဟောင်းမှ ပုံပျက်နေသည့်သူတော်စင်များထက် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်ပြီး လူတိုင်းအတွက် မျှော်လင့်ချက်ကို ဆောင်ကြဉ်းကာ ဤလောကမှ ထွက်ခွာသွားခဲ့သည်။
ယခုတော့ ဧကရာဇ်ရှီးဟယ်က မိုးကောင်းကင်တာအိုကို ပြုပြင်ပေးပြီး မဟာတာအိုနှင့် ပြန်လည်ပေါင်းစည်းပေးခဲ့သည်။
ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် နေ့သစ်တစ်နေ့ ပထမဆုံး မွေးဖွားလာချိန်တွင် ကောင်းကင်ထက်မှ မဟာတာအို၏ ထူးဆန်းသည့် စကားသံ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ခွန်လွန်တောင်အစွန်းသို့ အလင်းတန်းတစ်ခု ကျရောက်လာပြီး တာအိုတန်ခိုးစွမ်းအားများဖြင့် ပြည့်နက်နေသည့် အင်းသေင်္ကတတစ်ခု ထွက်ပေါ်လာ၏။
“နေ့သစ် ၊ ဘဝသစ် အတွက် လက်ဆောင်အနေနဲ့ ခွန်လွန်တောင်အပြင်ဘက်မှာ ဗလာနယ်တစ်ခု ထွက်ပေါ်လာပြီး အဲဒီနေရာကို ခွန်လွန်ဗလာနယ်လို့ ခေါ်ကြရမှာ ဖြစ်ပါတယ် ၊ ဘေးအန္တရယ်ကပ်ဆိုးကြီးကြောင့် သေဆုံးသွားကြတဲ့ သက်ရှိအားလုံး ခွန်လွန်ဗလာနယ်ထဲကနေ နောက်တစ်ကြိမ် ပြန်လည်မွေးဖွားလာကြလိမ့်မယ် ၊ ဒါပေမဲ့ ပြန်လည်မွေးဖွားလာသူတိုင်းက လူသားအင်မော်တယ်အဆင့်အောက် ကျင့်ကြံခြင်းအဆင့်သာလျှင် ရှိလိမ့်မယ် ၊ သူတို့အားလုံး ခွန်လွန်တောင်မှာ အင်မော်တယ်ဖြစ်တဲ့အထိ ကျင့်ကြံပြီးရင် ကိုယ့်နေရပ်ကို ပြန်နိုင်ကြတယ်”
“နောက်တစ်ခုက တိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန်ရထားတဲ့သူတိုင်း ခွန်လွန်ဗလာနယ်ထဲကို ဝင်ရောက်ပြီး ဒဏ်ရာပျောက်ကင်းတဲ့အထိ ကုသနိုင်မှာ ဖြစ်တယ်”
မဟာတာအို၏အသံက ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။
“ဘေးအန္တရယ်ကပ်ဆိုးကြီး ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ပြန်လည်မွေးဖွားလာတဲ့ ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ လုပ်စရာတွေအများကြီးရှိပါတယ် ၊ ဒါကြောင့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ အလုံအလောက်ပိုင်ဆိုင်ပြီး မိုးမြေအသိအမှတ်ပြုမှုကို ရရှိမယ်ဆိုရင် သူတော်စင်တစ်ပိုင်းအဆင့်ကျင့်ကြံသူတွေနဲ့ တာအိုအင်မော်တယ်အဆင့်တွေဟာ သူတော်စင်အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်တယ်”
မဟာတာအို၏ စကားသံအဆုံးသတ်သွားသည်နှင့် လူပေါင်းများစွာ စိတ်လှုပ်ရှားသွားကြသည်။
နတ်လူသားမျိုးနွယ်ယွင်ရှောင်းက ကောင်းကင်ထက်သို့မော့ကြည့်ပြီး ရယ်မောလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ဉာဏ်ပညာရောင်ဝါများထွက်ပေါ်လာသည်။ သူတော်စင်လမ်းကြောင်းကို မဟာတာအိုက ခွင့်ပြုလိုက်ပြီ ဖြစ်လေရာ သူ့အနေဖြင့် သူတော်စင်ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည်။
နတ်လူသားမျိုးနွယ်များ၏ အလိုဆန္ဒနှင့်အညီ သူက ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံခဲ့သည်။ ပြန်လည်မွေးဖွားလာသည့် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် သူက ပထမဆုံး သူတော်စင်ဖြစ်လာမည့်သူ ဖြစ်သည်။
ခွန်လွန်တောင်၏ လောကပထမသူတော်စင် ကောင်းကင်ဘုံအရှင် ဧကရာဇ်လွန်လင်က ပြန်လည်မွေးဖွားလာသည့် လောကကြီးတွင် သူတော်စင်ဖြစ်လာသူ မဟုတ်ပေ။ သူက ဘေးအန္တရယ်ကပ်ဆိုးကြီးလွှမ်းမိုးရာကာလတွင် သူတော်စင်ဖြစ်လာသူ ဖြစ်သည်။ ဧကရာဇ်ရှီးဟယ်သည်လည်း မိုးကောင်းကင်တာအိုနှင့် ပေါင်းစည်းသွားခဲ့သည့်အတွက် သူတော်စင်ဟု မယူဆနိုင်ပေ။
ထို့ကြောင့် ပြန်လည်မွေးဖွားလာသည့်နေ့သစ်တွင် သူသာလျှင် ပထမဆုံး သူတော်စင်ဖြစ်လာမည့်သူ ဖြစ်သည်။
“တိုက်ပွဲမှာ ကျဆုံးခဲ့သူတိုင်း ခွန်လွန်ဗလာနယ်ထဲက ထွက်လာကြလိမ့်မယ် ၊ ဒါဆို အနာဂတ်မှာ အင်မော်တယ်အားလုံးဟာ ခွန်လွန်တောင်ရဲ့ လက်အောက်ကပဲ ထွက်ပေါ်လာကြတော့မယ်”
ယွင်ရှောင်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် ခွန်လွန်ဗလာနယ်မှထွက်လာမည့် သူ၏မျိုးနွယ်များကို ကူညီပေးရန် တန်ခိုးစွမ်းအားများ ထုတ်လွှတ်လိုက်သည်။
ယခုတစ်ကြိမ်တော့ သူ၏မျိုးနွယ်ဝင်များ ပိုပြီးအမြင်ကျယ်လာမည်ဟု မျှော်လင့်မိသည်။
***
လုန်ယွိကတော့ ကျောက်စိမ်းရေကန်တွင် ငြိမ်သက်စွာ ထိုင်နေလေသည်။
သူမ အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ကောင်းကင်ထက်တွင် မည်သည့်အရာမှ မရှိတော့ပေ။
သို့သော် သူမ၏နှလုံးသားက ထူးဆန်းသည့် ခံစားချက်တစ်ခုဖြင့် နာကျင်နေသည်။
“ဘာမှ မဖြစ်နိုင်ပါဘူး ၊ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ သူတော်စင်တွေရဲ့ အမျက်ဒေါသတွေကိုတောင် ဂိုဏ်းတူမောင်လေးက အေးအေးဆေးဆေး အနိုင်ယူခဲ့တာပဲ ၊ သွေးနီရောင်ကောင်းကင်ကြီးတစ်ခုလုံးကိုလည်း သူ အနိုင်ယူနိုင်မှာပါ”
လုန်ယွိ ရေရွတ်လိုက်သည်။
ကျန်းလန် ပြန်လာမည့်နေ့ရက်ကို သူမ စောင့်ဆိုင်းနေခဲ့သည်။
နေ့သစ်ထွက်ပေါ်လာပြီး မိုးကောင်းကင်တာအိုသည်လည်း ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိသွားသည်။
ဧကရာဇ်ချုန်းကိုးသည်လည်း သူ့လူများနှင့်အတူ မြောက်ပိုင်းစွန့်ပစ်နယ်မြေသို့ ပြန်သွားပြီဖြစ်သလို ဘီလူးဝိညာဉ်မျိုးနွယ်များသည်လည်း သူတို့၏ အကြီးအကဲများနှင့်အတူ ပြန်လည်ဆုတ်ခွာသွားကြပြီ ဖြစ်သည်။ မြေအောက်နတ်ဆိုးများသည်လည်း မြေကြီးအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။
ခွန်လွန်တိုက်ပွဲသည်လည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဖန်ဆင်းခြင်းသစ်ပင်ထက်မှ နိုးထလာသည့် လူငယ်လေးကို ဟုန်ယာက ဆီးကြိုလျှက်ရှိသည်။
လူငယ်လေးက သေရည်ဆိုင်မှ ကောင်ငယ်လေးပင်ဖြစ်သော်လည်း အရင်ကလို ကောင်ငယ်လေးတစ်ယောက် မဟုတ်တော့ပေ။ ချောမောလှပသည့် အသက် (၁၆) (၁၇) အရွယ် လူငယ်လေး ဖြစ်နေလေပြီ။
လူငယ်အဆင်ပြေကြောင်းအတည်ပြုပြီးသည့်နောက် ရက်အနည်းအကြာတွင် ဟုန်ယာလည်း ဝူထုန်တောင်သို့ ပြန်သွားခဲ့သည်။ ကမ္ဘာဖျက်ကပ်ဘေးကြီးကိုကာကွယ်ရင်း ဇာမဏီမျိုးနွယ်များ အများအပြား ကျဆုံးခဲ့ရသည်ဖြစ်ရာ တောင်ပေါ်သို့ပြန်ကာ အကူအညီပေးရမည် ဖြစ်သည်။
လူငယ်ကတော့ ဟုန်ယာပြန်သွားသည်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။
ယခုတစ်ကြိမ် ခွဲခွာခဲ့ကြပြီးနောက် ပြန်လည်တွေ့ဆုံရန် မဖြစ်နိုင်တော့ပေ။ လူငယ်၏ဘေးတွင်လည်း ဖီရှိုးကောင်က စိတ်မကောင်းလေဟန်ဖြင့် ငုတ်တုတ်ထိုင်လျှက် ရှိ၏။
ဟုန်ယာထွက်ခွာသွားပြီးနောက် လူငယ်က ခွန်လွန်တောင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သေရည်ဆိုင်ထဲသို့ ဝင်လိုက်သည်။ ဆိုင်ကောင်တာနားတွင် ရေသဖန်းပင်လေးနှင့် သားရဲဥလေး ရှိနေသည်။
ထိုအချိန်…
“ဆိုင်ရှင်… အကောင်းစားသေရည် ရလား”
လုကျန်း၏အသံပင် ဖြစ်၏။
လုကျန်းက ဒဏ်ရာအပြင်းအထန်ရပြီး ခွန်လွန်ဗလာနယ်အတွင်း ဝင်ရောက်ကာ ဒဏ်ရာများ ကုသခဲ့ရသည်။ ယခုတော့ ဘေးကင်းစွာဖြင့် ခွန်လွန်တောင်သို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
သူနှင့်လင်အန်းသာ အသက်ရှင်သန်နိုင်ခဲ့ပြီး ဟုန်လွမ်နှင့် ပေဖန်းတို့ကတော့ အသက်ဆုံးခဲ့ကြသည်။ သို့သော် အချိန်ကြာသည်နှင့်အမျှ သူတို့ (၂)ယောက်သည်လည်း ခွန်လွန်ဗလာနယ်ထဲမှ ပြန်လည်မွေးဖွားလာနိုင်ခဲ့ကြသည်။ အင်မော်တယ်ဖြစ်လာရန်ကတော့ ထပ်မံကျင့်ကြံကြရမည် ဖြစ်သည်။
ခွန်လွန်ဗလာနယ်ထဲမှ ပြန်လည်မွေးဖွားလာသူများက ကျင့်ကြံခြင်းအဆင့်များ လုံးလုံးလျားလျား ပျက်စီးသွားခြင်းတော့ မရှိပေ။ မရှိမှုအာကာသအဆင့် ၊ မူလဝိညာဉ်အဆင့် ၊ ရွှေပြဒါးအမြုတေအဆင့် စသည့်အဆင့်များတွင် ရှိနေတတ်ကြသည်။
လူငယ်က လုကျန်းကို အူကြောင်ကြောင်ဖြင့်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ဟုတ်…”
အဘိုးဖြစ်သူမရှိသည့်နောက် သူက သေရည်ဆိုင်ရှင် ဖြစ်လာပေမည်။
နှစ်ပေါင်း (၁၀၀) ကြာခဲ့ပြီးသည့်နောက်…
ကောင်းကင်ဘုံသည်လည်း အမှောင်ထု ဖုံးအုပ်နေခြင်း မရှိတော့ပေ။ ထိုနေရာက ပိုင်ရှင်လည်းမရှိတော့ဘဲ ဗလာနယ်တစ်ခုပမာ တည်ရှိနေသည်။
ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် လုပ်စရာအလုပ်များစွာ ရှိနေသည့်အတွက် မည်သူမှ ကောင်းကင်ဘုံသို့ တက်မကြည့်နိုင်အားကြပေ။
ကောင်းကင်ဘုံဗလာနယ်ထဲတွင် ပျက်စီးနေသည့် နန်းတော်များကတော့ အရင်အတိုင်း တည်ရှိနေသည်။ ထိုနန်းတော်များက အတိတ်တစ်ချိန်က ရှေးဟောင်းဧကရာဇ်နန်းတော်ပင် ဖြစ်သည်။
ယနေ့တော့…
တန်ခိုးစွမ်းအားရှင်အချို့ ရှေးဟောင်းကရာဇ်နန်းတော်သို့ ရောက်ရှိလာကြသည်။
ထိုသူများမှာ ဧကရာဇ်ရှီးဟယ် ၊ မော့ကျန်းသုန့် ၊ ကျိုးကျုန်းထျန်း ၊ ဖုန်းယီရှောက် ၊ ကျူးချင် ၊ ဧကရာဇ်ချုန်းကိုး ၊ ဧကရာဇ်ယိုတု ၊ ဘိုးဘေးဇာမဏီနတ်ဘုရား ၊ နတ်လူသားမျိုးနွယ်ယွင်ရှောင်း တို့ ဖြစ်ကြသည်။
သူတို့က ရှေးဟောင်းအလယ်ပိုင်းနန်းတော်၏ ရင်ပြင်ထက်တွင် မတ်တတ်ရပ်ရင်း ကောင်းကင်ပြင်မှ အပြောင်းအလဲများကို စောင့်ကြည့်နေသည်။
ရှေးဟောင်းဧကရာဇ်နန်းတော်ကို ကျော်လွန်သွားသည့် အာကာသတစ်နေရာတွင် တဖြည်းဖြည်းဝေးကွာသွားသည့် သွေးနီရောင်ပင်လယ်ကြီးကို တွေ့မြင်ရသည်။ သွေးနီရောင်ပင်လယ်ထဲတွင် ကမ္ဘာဟောင်း၏ အဖျက်တရားစွမ်းအားများနှင့် ကျန်းလန်၏ တန်ခိုးစွမ်းအားများ အချင်းချင်း အားပြိုင်လျှက် ရှိသည်။
သွေးနီရောင်ပင်လယ်ပြင်က လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀)ခန့်ကထက် ပိုမိုသေးငယ်သွားသော်လည်း အဖျက်စွမ်းအားများက ပိုမိုပြင်းထန်လာသည်။
ယနေ့တွင်တော့ ရလဒ်ကို ဆုံးဖြတ်နိုင်ကြမည် ဖြစ်သည်။
သွေးနီရောင်ပင်လယ်ကြီး ပေါက်ကွဲမထွက်ခင် အချိန်တစ်ခဏတွင် သွေးနီရောင်ပင်လယ်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး တာအိုတန်ခိုးစွမ်းအားများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။
ရှေးဟောင်းဧကရာဇ်နန်းတော်တည်ရှိရာနေရာသည်ပင် တသိမ့်သိမ့်တုန်ခါသွားသည်။ တာအိုအင်မော်တယ်အောက် ကျင့်ကြံသူများဆိုလျှင် ဤတန်ခိုးစွမ်းအားကို ခံနိုင်ရန်ရှိမည် မဟုတ်ပေ။
“ခရက်…”
ဗလာနယ်တစ်ခုလုံး အက်ကြောင်းများဖြင့် ပြည့်နက်သွားသည်။
တာအိုအင်မော်တယ်များက တန်ခိုးစွမ်းအားများ ချက်ချင်းထုတ်လွှတ်ကာ မိမိကိုယ်ကိုယ် ကာကွယ်ထားလိုက်ကြသည်။ မဟုတ်ပါက တန်ခိုးစွမ်းအား လှိုင်းလုံးကြီးကြောင့် အားလုံး ဒဏ်ရာရရှိသွားနိုင်သည်။
ဧကရာဇ်ယိုတုက…
“ရလဒ်ကဘာလဲ”
သူက ဧကရာဇ်ရှီးဟယ်ကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။
ထိုအချိန် ကောင်းကင်ထက်မှ အသံတစ်သံထွက်ပေါ်လာသည်။
“ကမ္ဘာဟောင်းရဲ့ အဖျက်စွမ်းအားတွေ ပြိုကျပျောက်ကွယ်သွားပြီ ၊ ဘယ်သူမှ နောက်ထပ် တွေ့မြင်ကြရတော့မှာ မဟုတ်ဘူး”
မော့ကျန်းသုန့်က မယုံကြည်နိုင်ဟန် မျက်မှောင်ကြုတ်လိုက်၏။
သို့သော် တန်ခိုးစွမ်းအားလှိုင်းလုံးများ ပျောက်ကွယ်သွားခါနီးတွင် ရှေးဟောင်းဧကရာဇ်နန်းတော်တည်ရှိရာ ကောင်းကင်ဘုံတစ်ခုလုံး သွေးမိုးများ ကျဆင်းလာသည်။
ထိုသွေးများက သူတော်စင်တစ်ယောက်၏ သွေးများပင် ဖြစ်လေသည်။
***