အခန်း (၃၆၄)
Vol. 25 Ch. 364
“သူက ကောင်းကင်မူလလောကကြီးမှာရှိတဲ့ အရာအားလုံးကို လိုချင်နေတာလား။ သူက ဒီလို အခြေအနေက နေပြီးတော့ အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းချင်နေတာလား” ရီစုန်သည်လည်း ဘာတွေ ဖြစ်နေသည်ကို အဖြေရှာမိပြီဖြစ်၏။ ထို့ကြောင့် လေးလေးနက်နက်ဖြင့် ပြောဆိုလိုက်၏။
သွေးနတ်ဆိုးလောကကြီး တစ်ခုလုံးကို အတွေ့အကြုံ ရယူခဲ့ပြီးပြီဖြစ်သော တော်ဝင်အင်ပါယာ ကျန်းထျန်သည် သွေးနတ်ဆိုးလောကကြီးသည် သူ့အတွက် အကန့်အသတ် ဖြစ်နေသည်ကို သိရှိပြီးဖြစ်၏။ ထို့ကြောင့် ကောင်းကင်မူလလောကကြီးထဲသို့ ရောက်ရှိလာပြီး အရာအားလုံးကို သိမ်းပိုက်ရန် ကြိုးစားခဲ့ခြင်းသာလျှင် ဖြစ်၏။ ကောင်းကင်မူလလောကကြီးထဲသို့ မဝင်ရသေးခင်မှာပဲ အထဲတွင် ရှိနေသည့် တည်နေရာ တော်တော်များများကို ဖျက်ဆီးကာ စတေးမှု ပြုလုပ်နေသည်။
ရွှီး ရွှီး
ရောင်စဉ်အလင်းတန်းများ ထိုးတက်လာပြီးသည့်နောက် ကောင်းကင်နှင့် မြေကြီးတွင် ရှိနေသည့် နိယာမများ အားလုံးတို့သည် လောကကြီး တစ်ခုလုံးကို လှိုင်းထန်စေခဲ့၏။ ကောင်းကင်နှင့် မြေကြီးအတွင်းရှိ စွမ်းအင် အားလုံးတို့သည် တော်ဝင်အင်ပါယာ ကျန်းထျန်ဆီသို့ စုစည်းကာ ဝင်ရောက်နေခဲ့၏။
ထိုအရာ အားလုံးသည် ကောင်းကင်နှင့် မြေကြီး၏ အဆီအနှစ်များပင် ဖြစ်လေသည်။ လောကကြီး တစ်ခုလုံး၏ မူလအရင်းအမြစ်လည်း ဖြစ်လေသည်။ ထိုအရာများ အားလုံးကိုသာ တော်ဝင်အင်ပါယာ ကျန်းထျန် ယူဆောင် သွားသည်ဆိုပါက ကောင်းကင်မူလလောကကြီး တစ်ခုလုံးသည် ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိမှာ သေချာသည်။
အလုံးစုံသော ပျက်စီးခြင်းအဖြစ်သို့ ဦးတည်လျက် ရှိနေလေ၏။ ကောင်းကင်မူလလောကကြီးသည် သွေးနတ်ဆိုး လောကကြီး၏ လမ်းစဉ်ဟောင်းအတိုင်း လိုက်ပါရမည်လား။
“ဒီလို အခြေအနေမျိုးနဲ့ အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီလို လုပ်ခြင်းအားဖြင့် ကောင်းကင်မူလလောကကြီး တစ်ခုလုံး တပ်လန့်သလို ဖြစ်သွားလိမ့်မယ်” ရီစုန်သည် လက်ရှိဖြစ်တည်နေသည့် အပျက်အစီးများကို လှမ်းကာ ကြည့်ရှုရင်း သူ၏ သွေးချီများ ဆူဝေလာခဲ့တော့၏။ ဆံနွယ်ရှည်များသည် လေထဲသို့ လွင့်စင်လာခဲ့ပြီး လက်ရှိအခြေအနေတွင် သူသည် ကျင့်ကြံခြင်းအဆင့်ကို ထိပ်ဆုံးအထိ ထုတ်ဖော်လိုက်လေ၏။
“ကျုပ်တို့ သူ့ကို တားဆီးလို့ မရနိုင်ဘူး”
ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် ခေါင်းကို ခါယမ်းလိုက်၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အစစ်အမှန် အင်မော်တယ်အဆင့်သို့ တက်လှမ်းခြင်းဆိုသည်မှာ သာမန်လူများ အနေဖြင့် တွေးပင်တွေးရဲသည့် အရာမျိုး မဟုတ်ချေ။
သူတို့၏ အဆင့်အနေနှင့် လောက၏ အတားအဆီးကို ကျော်ဖြတ်ကာ ရောက်ရှိနိုင်မည့်လမ်း မရှိချေ။ လက်ရှိ လောကကြီးသာ ပျက်စီးသွားပါက စိတ်ဝိညာဉ်စွမ်းအင်များ၏ ထောက်ပံ့မှုကို ရရှိလိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် အချိန်အတိုင်းအတာတိုအတွင်း ဘာအကျိုးသက်ရောက်မှုမှ မရှိဘဲ သက်တမ်းကုန်ဆုံး သွားပေလိမ့်မည်။
ကျန်းထျန်သည် လက်ရှိအချိန်မှာတော့ သဘာဝ၏ နိယာမများကို ဖယ်ခွာကာဖြင့် ၎င်း၏ ကိုယ်ပိုင်လမ်းစဉ်ကို ဖောက်လုပ်လျက် ရှိနေခြင်းပင်။ ရေတွက်လို့ မရအောင် များပြားလှသည့် လူများ၏ လောကအပေါ် ကြည့်ရှု နေသည့် အမြင်သည် လုံးဝကို ပျက်စီးသွားခဲ့၏။
“ကျန်းထန်ရဲ့ လှုပ်ရှားမှုကို တားဆီးဖို့ဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဝင်ရောက်ပြီး တားဆီးမှ ဖြစ်လိမ့်မယ်” ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် နောက်ဆုံးအခြေအနေကို သုံးသပ်ကာ ပြောဆိုလိုက်သည်။
ရီစုန်သည် ချက်ချင်းဆိုသလိုပဲ ကြောင်အသွား၏။ သူသည် လက်ထဲတွင် ရှိနေသည့် ပုဆိန်ကြီးကို တင်းတင်း ဆုပ်ကိုင်ထားခဲ့ပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများ အပြည့်ဖြင့် တစ်ဖက်လူကို ကြည့်ရှုနေ၏။
လက်ရှိအခြေအနေတွင် နှစ်ဖက်လုံးသည် မိုင်သန်းနှင့်ချီ ဝေးကွာလျက် ရှိနေသေး၏။ သာမန် ကျင့်ကြံသူများ အတွက် အလွန်အမင်း ဝေးကွာလှသည့် တည်နေရာ ဖြစ်သည်ဆိုလျှင်တောင်မှ တော်ဝင်အင်ပါယာများအတွက် ခဏအတွင်း ရောက်ရှိလာနိုင်သည့် အကွာအဝေးပင် ဖြစ်လေသည်။
သူတို့သာ တိုက်ခိုက်ချင်သည်ဆိုပါက အသက်တစ်ရှိုက်စာ အတွင်းတွင် တစ်ဖက်နှင့်တစ်ဖက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်စွမ်း ရှိနေသည်။ သို့ပေမဲ့ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဆိုလျှင်တောင်မှ တစ်ဖက် တည်နေရာထဲသို့ သွားရောက်ရန် ဆိုသည်မှာတော့ လွယ်ကူလှသည့်အရာ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အင်ပါယာကျန်းထျန်၏ အနားတွင် စွမ်းအားမြင့် ကျင့်ကြံသူ လေးယောက် ပေါ်ပေါက်လာခဲ့ပြီး တစ်ယောက်ချင်းစီတိုင်းသည် သာမန်ထက်ပိုသော တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်နေ သောကြောင့်ပင်။
အစစ်အမှန် နဂါးတစ်ကောင်သည် အော်ဟစ်လျက်ရှိ၏။ ဘုံကိုးပါး တစ်ခုလုံးကို တုန်ခါနိုင်စွမ်း ရှိနေလေ၏။
ဖီးနစ်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဝါမျိုးကို ထုတ်ဖော်ပြသနေပြီး ၎င်း၏ ဖီးနစ်အမွေးများသည် နတ်ဘုရားဓားကဲ့သို့ပင် ထက်ရှလျက် ရှိနေသည်။
ကျားဖြူသည် အော်ဟစ်လျက် ရှိနေပြီး အားလုံးသော သူများကို အံ့အားသင့်စေခဲ့၏။
မြင်းပျံသည် ကောင်းကင်နှင့်မြေပြင်တွင် ရှိနေသည့် စွမ်းအင်အရင်းအမြစ်များကို စုစည်းစုပ်ယူလျက် ရှိနေပြီး ကြည့်ရှုနေသည့် လူများ၏ မျက်လုံးများကို စူးရှစေခဲ့သည်။
ထိုခန့်မှန်း၍ မရနိုင်သည့် ဆန်းကြယ်သော သားရဲလေးကောင်တို့သည် အင်ပါယာကျန်းထျန်ကို ရစ်သိုင်းလျက် ရှိနေပြီး မယုံကြည်နိုင်ဖွယ်ရာပင်။ စိတ်ဝိညာဉ်စွမ်းအင်များသည် တဝုန်းဝုန်း တောက်လောင်လျက် ရှိနေပြီး ရောင်စဉ်အလင်းတန်းများ ထွန်းတောက်နေခဲ့၏။
“အင်း... ကျုပ်တို့ ထပ်ပြီး စောင့်နေလို့ မဖြစ်တော့ဘူး”
ရီစုန်သည် ပတ်ဝန်းကျင် လောကကြီး တစ်ခုလုံးကို ကြည့်ရှုလိုက်၏။ အချိန်အတိုင်းတာ အတောအတွင်း သန်းနှင့်ချီသော ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ခမ်းခြောက်လာခဲ့သည်။
ကောင်းကင်မူလလောကကြီး၏ တည်နေရာ တော်တော်များများသည် မျက်စိနှင့် မြင်နိုင်သည့် နှုန်းထားအတိုင်း ပျက်စီးလျက် ရှိနေ၏။ ဤအတိုင်းသာ ဆက်လက် လွှတ်ထားမည်ဆိုပါက ကောင်းကင်မူလလောကကြီး သည် တကယ်ပင် ပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိသွားပေလိမ့်မည်။
“တိုက်ခိုက်ရအောင်”
ရီစုန်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူသည် ရှေ့ဆီသို့ လှမ်းတက်လိုက်ပြီး တော်ဝင်အင်ပါယာ ကျန်းထျန်ကို တိုက်ခိုက်ရန် ပြင်ဆင်လေ၏။
တော်ဝင်အင်ပါယာ ကျန်းထျန်သည် ဤကဲ့သို့ အဆင့်ချိုးဖြတ်နေသည့် အချိန်အတိုင်းအတာအတွင်း ကြောက်မက်ဖွယ်ရာကောင်းသည့် နည်းစနစ်များကို ထုတ်ဖော်တိုက်ခိုက်နိုင်လိမ့်မည်ဟု သူက မယုံကြည်ချေ။
ပြိုင်ဘက်သည်သာ လှုပ်ရှားတိုက်ခိုက်သည်ဆိုပါက အဆင့်ကျော်ဖြတ်မှုကို တားဆီးသလို ဖြစ်ပေလိမ့်မည်။ အကယ်၍ ပြိုင်ဘက်ကသာ ငြိမ်ငြိမ်သက်သက် တည်ရှိနေသည် ဆိုပါက သူတို့အနေနှင့် တစ်ဖက်လူကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ရီစုန်၏ ရည်ရွယ်ချက်သည် ကျိန်းသေပေါက် အောင်မြင်မည့် အရာမျိုးပင်။
ဘုန်း ဘုန်း ဘုန်း
များပြားလွန်းလှသည့် နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လျက် ရှိနေပြီး ရောင်စဉ်အလင်းတန်းများ သည် အရာအားလုံးကို ဖုံးလွှမ်းနေခဲ့၏။ ရီစုန်သည် သတ်ဖြတ်လိုခြင်း ဆန္ဒအပြည့်ဖြင့် တိုက်ခိုက်မှုကို စတင်ခဲ့၏။ ၎င်း ထုတ်ဖော်ခဲ့သည် လျှို့ဝှက်သိုင်းနည်းစနစ်များသည် လေထုထဲတွင် ပျံ့နှံ့လျက် ရှိနေပြီး ထိုသိုင်းနည်းစနစ်များ သည် စိတ်ဝိညာဉ်သားရဲ လေးကောင်ဆီသို့ ကျဆင်းလာခဲ့၏။ ဤမြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး ခြောက်ခြားဖို့လည်း ကောင်း၏။
ကြီးမားလွန်းလှသည့် ပုဆိန်ကြီးသည် ကောင်းကင်ယံကို ထိုးခွင်းပြီးသည့်နောက် ဖီးနစ်ငှက်ကို တိုက်ရိုက် ဆိုသလိုပဲ တိုက်ခိုက်၏။ များပြားလွန်းလှသည့် အမွေးများဆီမှ အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံတွင် ဖီးနစ်၏ သွေးများ စွန်းထင်းသွားသည်။
“ရီစုန်”
ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် အော်ဟစ်လိုက်သည်ဆိုသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်၏။ ရီစုန်သည် စတင်ကာ တိုက်ခိုက်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် တိုက်ပွဲဆီမှ ပြန်လည်ကာ ဆုတ်ခွာဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။
“အဆင်ခြင်မဲ့လွန်းတာပဲ”
ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်မိ၏။ အင်ပါယာကျန်းထျန်ကို မပြောနှင့် ၎င်း၏ ဘေးနားတွင် ရှိနေသည့် စိတ်ဝိညာဉ်သားရဲ လေးကောင်သည်ပင်လျှင် အထင်အမြင်သေး၍ ရနိုင်သည့် သတ္တဝါမျိုး မဟုတ်ချေ။ ၎င်းတို့လေးကောင်သည် သက်ရှိသတ္တဝါမျိုး ဖြစ်ပုံ မပေါ်သော်လည်း ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်များဖြင့် ဖန်တီးထားသည့် သတ္တဝါများ ဖြစ်ပေလိမ့်မည်။
တစ်ကောင်ချင်းစီတိုင်းသည် တော်ဝင်အင်ပါယာအဆင့်၏ အားအင်ကို ပိုင်ဆိုင်လျက် ရှိနေ၏။ အင်ပါယာ ကျန်းထျန်အနေနှင့် ထိုစိတ်ဝိညာဉ်သားရဲ လေးကောင်ကို ရရှိရန်အတွက် မည်မျှ ခက်ခဲကြမ်းတမ်းသည့် အရာများကို ကျော်ဖြတ်ရမည် ဆိုသည်ကပင် ခန့်မှန်းရန် ခက်ခဲလို့နေ၏။
တစ်ဖက်လူ၏ အခြေအနေနှင့် ဝှက်ဖဲများကို နားလည်မှုမရှိဘဲ သွားရောက်ကာ တိုက်ခိုက်ရန်ဆိုသည်မှာ ကျိန်းသေပေါက် ဆုံးရှုံးမှုကိုသာလျှင် ဦးတည်စေနိုင်သည့် အရာမျိုးပင်။
“စီနီယာနန်းဆောင်သခင် ဘက်မှာ ဘယ်လို အခြေအနေမျိုး ရှိလဲ ကျုပ်သိချင်မိတယ်”
ရွှေကျီးကန်းကလန်၏ ဘိုးဘေးသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ကျောက်စိမ်းပြားကို ကိုင်ဆောင်ထား၏။ သူသည် မနီးမဝေးတွင် ရှိနေသည့် တိုက်ပွဲကို လှမ်းကြည့်ကာဖြင့် ရေရွတ်လိုက်သည်။ “စီနီယာ နန်းဆောင်သခင်က အစောကြီးကတည်းက ဘာတွေဖြစ်နေလဲဆိုတာကို ကြိုသိရှိပြီးသား ဖြစ်လိမ့်မယ်”