အခန်း (၃၆၆)
Vol. 25 Ch. 366
အသင်္ချေများပြားသော လောကကြီးထဲတွင် လောကများသည် ဂင်္ဂါမြစ်ထဲမှ သဲမှုန်လေးများကဲ့သို့ပင် များပြားလှ၏။ လက်ရှိအချိန်တွင် လောကအားလုံးတို့သည် ပျက်စီးသွားခြင်း၊ ပြန်လည်မွေးဖွားလာခြင်းဖြင့် လည့်ပတ်လျက် ရှိနေ၏။ ထိပ်တန်းအဆင့်တွင် ရပ်တည်နေသော လောကအချို့မှလွဲလျှင် တခြားသော လောကအသီးသီးတို့သည် ဖျက်ဆီးခံရရန် ဖြစ်နိုင်ချေ တည်ရှိလို့နေ၏။
အတွင်းတွင် ဖြစ်သွားခဲ့သည့် ပဋိပက္ခများ သို့မဟုတ် အပြင်ဖက်မှ ဖြစ်တည်လာခဲ့သည့် ကျူးကျော်မှု ပဋိပက္ခများ …. ထိုအရာများကြောင့် လောကကြီးများသည် ပျက်စီးခြင်းသို့ ရောက်ရှိကုန်၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက် နန်းဆောင် တည်ရှိနေသောကြောင့် ကောင်းကင်မူလလောကကြီးသည် လုံခြုံမှုကို ခံစားမိကြသည်။
မြေအင်မော်တယ်လောကမှ လူများသည် သူတို့ကို မျက်စိကျလျက် ရှိနေသည် ဆိုလျှင်တောင်မှ ဖျက်ဆီးခံရသည်မည် ကို သူတို့စိတ်မပူကြချေ။ သူတို့စိတ်ပူပန်သည်မှာ သူတို့၏ နောက်ခံကျောရိုးဖြစ်သော ကောင်းကင်လျှို့ဝှက်နန်းဆောင် ပျောက်ကွယ်သွားမည်ကိုပင်။
"အင်း … သွေးနတ်ဆိုးလောကထဲမှာ ကောင်းကင်လျှို့ဝှက် နန်းဆောင် တည်ရှိမယ် ဆိုရင် "
ရှန်းတုရှင်း၏ မျက်နှာတစ်ခုလုံးသည် ညိုးငယ်သွားခဲ့၏။ သူ၏ နှုတ်ခမ်းပါးများ၌ မချိပြုံးတစ်ခုက ဖြစ်တည်လာခဲ့၏။ စကားကို ပြီးအောင် မပြောရသေးခင်မှာပဲ သူ၏ အမူအရာတစ်ခုလုံးသည် ပြောင်းလဲသွားခဲ့၏။ အနောက်ကို လှည့်ကြည့်ပြီးသည့်နောက် သူ၏ မျက်နှာတစ်ခုလုံးသည် အရောင်အဆင်း ကင်းမဲ့သွား၏။ မျက်ဝန်းထဲတွင် ခြောက်ခြားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့ပြီး သူကတီးတိုးရေရွတ်လိုက်သည်။ "ဘာလို့ အဲလောက်မြန်ရတာလဲ"
"စီနီယာရှန်း ဘာဖြစ်လို့လဲ" ပိုင်ချမ်းဟန်သည် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ ဘာတွေဖြစ်နေသည်ကို နားမလည်ချေ။
" သူလာနေပြီ" ရှန်းတုရှင်း သည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။
အစောတုန်းက ကောင်းကင်မူလ လောကကြီးတွင် ရင်းနီးနေသည့် အော်ရာတစ်ခုကို သူကအာရုံခံမိ၏။ ဤအော်ရာသည် သွေးနတ်ဆိုးလောကမှ သက်ရှိများသာလျှင် ပိုင်ဆိုင်သည့် အော်ရာမျိုးဖြစ်၏။ သွေးနတ်ဆိုးလောကထဲရှိ လူပေါင်းများစွာတို့သည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူနှင့် အင်ပါယာကျန်းထျန် မှလွဲ၍ အကုန်လုံးသည် သေဆုံးသွားခဲ့သည်ဟု ပြောဆိုလျှင် ပိုမိုကာ မှန်ပေလိမ့်မည်။ ရင်းနီးနေသည့် အော်ရာကို အာရုံခံမိသောကြောင့် အင်ပါယာကျန်းထျန် မှလွဲလျှင် တခြား မည်သူမှ မဖြစ်နိုင်ချေ။
"သူလာပြီ ဟုတ်လား"
ပိုင်ချမ်းဟန်က တီးတိုးရေရွတ်လိုက်၏။ "သွေးနတ်ဆိုးလောကကြီးရဲ့ အင်ပါယာ ကျန်းထျန်လား"
"အမှန်ပဲ "
ရှန်းတုရှင်းက ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူသည် ခြေထောက်ကို မြောက်ကာဖြင့် တော်ဝင်သဲကန္တာရမြို့ထဲသို့ ဝင်လိုက်၏။ လှမ်းလျှောက်နေရင်းမှာပဲ သူက ပြောဆိုလိုက်သည်။ "အချိန်မရှိတော့ဘူး။ ခင်ဗျားပြောတဲ့ နန်းဆောင်သခင်က ဝင်ရောက်လှုပ်ရှားဖို့ စိတ်မပါဘူးဆိုရင် ကောင်းကင်မူလောကကြီး တစ်ခုလုံးက ပျက်စီးသွားနိုင်တယ်"
"အဲလောက်တော့လည်း မဆိုးနိုင်ပါဘူး။"
ပိုင်ချမ်းဟန်သည် ဇဝေဇဝါဖြင့် အနောက်မှ လိုက်သွားလိုက်၏။
လက်ရှိ ကောင်းကင်လျှို့ဝှက် နန်းဆောင် အတွင်းမှာတော့ ရီချင်းမင်နှင့်အခြားသော လူနှစ်ယောက်တို့သည် အဆင်မပြေသလို ခံစားနေမိ၏။ ဆယ့်ငါးမိနစ် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ မူလအားဖြင့် ၎င်းတို့သည် ရာစုနှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံမှုကို ပြုလုပ်ခဲ့ဖူးသည် ဖြစ်သောကြောင့် နှစ်ထောင်ပေါင်းများစွာ နေထိုင်ရသည်ကို အချိန်ကြာမြင့်သည်ဟု တစ်ခါမှ မတွေးတောခဲ့ဖူးချေ။ သို့ပေမဲ့ လက်ရှိ ဆယ့်ငါးမိနစ်သည် သူတို့ကို အစစ်အမှန်ပင် စိတ်မရှည်သလို ခံစားရစေ၏။
ဆယ့်ငါးမိနစ် အချိန်အတွင်း သူတို့သည် များပြားလှသော သတင်းစကားများကို ပေးပို့ခဲ့သည် ဆိုသော်လည်း ဘိုးဘေးများသည် နားမကြားသည့် လူများကဲ့သို့ပင် မည်သည့်တုံ့ပြန်မှုကိုမှ မပြုလုပ်ခဲ့ကြချေ။ သူတို့၏ ဘိုးဘေးများသည် သူတို့၏ အမှာစကားများကို မြင်ခဲ့သလား ဆိုသည်က မသေချာတော့ချေ။
အကယ်၍ မြင်ခဲ့ပါက ကံကောင်းပေလိမ့်မည်။ မမြင်ခဲ့ဘူး ဆိုပါက အခြေအနေသည် ဆိုးရွားသည့် ဘက်သို့ ရောက်ရှိသွားမှာ သေချာ၏။ လောကကြီးတစ်ခုလုံးကိုပင် သွေးစတေးမှု ပြုလုပ်ရဲသော တော်ဝင်အင်ပါယာ ကျန်းထျန်သည် တခြားသောသူများကို မည်သို့မှ အခွင့်အရေး ပေးလိမ့်မည် မဟုတ်ချေ။
"စီနီယာ"
ရီချင်းမင်သည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် ကွာစီအင်ပါယာအဆင့် ပစ္စည်းတစ်ခုကို လီယွင်၏ ရှေ့တွင် ချလိုက်၏။ သူက စုံစမ်းမေးမြန်းလိုက်၏။
"ဘိုးဘေးက ဂျူနီယာ ပို့ပေးလိုက်တဲ့ သတင်းစကားကို မြင်ပါရဲ့လား။"
လက်ရှိ၌ နှောင့်နှေးရန် အချိန်မရှိတော့ချေ။ ဘိုးဘေးသည် သတိပေးမှုကို မြင်ရသလား မမြင်ရဘူးလား ဆိုသည်ကို အတည်ပြုရန်သာ လိုတော့၏။ ထိုအတွက် ရီချင်းမင်အနေဖြင့် ကွာစီအင်ပါယာအဆင့် ပစ္စည်းတစ်ခုကို ထုတ်ဖော်ရန် နှောင်းနှေးနေလိမ့်မည် မဟုတ်ချေ။ သူတို့ဘိုးဘေးသာ အသက်ရှင်နေသည် ဆိုပါက အရာအားလုံးသည် ညှိနှိုင်းဆွေးနွေး၍ရ၏။ ဘိုးဘေးကြီးသာ သေဆုံးသွားပါက သူ့လက်ထဲတွင် ရှိသော အရာအားလုံးတို့သည် သူလက်ထဲ၌ မရှိတော့သလိုပင် ဖြစ်ပေလိမ့်မည်။ အခြေအနေသည် အလုံးစုံ ဆုတ်ယုတ်သည့် အခြေအနေသို့ ရောက်ရှိသွားလိမ့်မည်။
"အင်း မြင်တာပေါ့" လီယွင်သည် လက်ကို ယမ်းခါပြီးသည့်နောက် အားလုံးကို စိတ်ငြိမ်ငြိမ်ထားရန် အချက်ပြလိုက်၏။
"ဒါဆိုရင် တော်သေးတာပေါ့"
သူတို့၏ ဘိုးဘေးသည်သာ သတင်းစကားကို မြင်ပါက ကျိန်းသေပေါက် လှုပ်ရှားရုန်းကန် နိုင်ပေလိမ့်မည်။ သူတို့၏ ဘိုးဘေးသည် အင်ပါယာအဆင့်သို့ တတ်လှမ်းထားသည်မှာ မကြာသေးသော်လည်း။ အင်ပါယာသည် အင်ပါယာတစ်ယောက်သာလျှင် ဖြစ်လေ၏။ တော်ဝင်အင်ပါယာ ကျန်းထျန်ကို ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ပြီး အောက်စည်းသို့ ရောက်သည်ဆိုလျှင်ပင် ထွက်ပြေးလွတ်မြောက်ရန်မှာတော့ ပြဿနာတစ်ခု မဟုတ်သေးပေ။
"ဒါပေမဲ့ ရီစုန် က မထွက်ခွာသွားဘူး"
လီယွင်သည် ရီချင်းမင်ကို လှမ်းကြည့်ကာဖြင့် ပြောလိုက်၏။ "သူက တော်ဝင်အင်ပါယာကျန်းထျန်ရဲ့ နောက်လိုက်တွေနဲ့ တိုက်ခိုက်နေတယ်"
ထိုစကားကို ကြားရသည့် အချိန်မှာတော့ အစောတုန်းက စိတ်သက်သာရာ ရသလို ခံစားနေရသော ရီချင်းမင်၏ စိတ်တစ်ခုလုံးသည် ပြန်လည်ကာ ပူလောင်လာခဲ့သည်။
ဘာတွေဖြစ်နေသနည်း။ အဘယ့်ကြောင့် ဘိုးဘေးက မထွက်ခွာရသနည်း။ သူသေသေချာချာ သတင်းပေးပို့ခဲ့ပြီးသား ဖြစ်လေ၏။ တစ်ဖက်လူ၏ အားအင်အဆင့်ကိုပါ ပြောဆိုခဲ့လေ၏။ အဘယ့်ကြောင့် ဘိုးဘေးသည် ခေါင်းမာမာနှင့် ဆက်လက်ကာ တိုက်ခိုက်နေရသနည်း။ ဘိုးဘေးသည် နဝေတိမ်တောင် ဖြစ်မိနေခြင်းသာ ဖြစ်ပေလိမ့်မည်။ ရိုးရှင်းလွန်းသော နိယာမကို လိုက်နာရန် မစဉ်းစားဘဲ အဘယ့်ကြောင့် အုတ်နံရံကို ခေါင်းနှင့်တိုက်ရန် စဉ်းစားနေရသနည်း။
"စီနီယာ ဒါဆိုရင် ကျုပ်တို့ဘိုးဘေးက ဘယ်လိုလဲ"
ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်က ဝင်ရောက်ကာ ပြောဆိုလိုက်၏။ နန်းဆောင်သခင်နှင့် ရီချင်းမင် တို့ ပြောဆိုခဲ့သည့် စကားများကို နားထောင်ပြီးနောက် သူ၏ နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ ရရှိလာခဲ့၏။ သူ၏ ဘိုးဘေးသည် ရီချင်းမင်၏ ဘိုးဘေးနှင့်အတူ ထွက်ခွာသွားခဲ့ခြင်း ဖြစ်၏။ ရီချင်းမင်၏ ဘိုးဘေးသည် တိုက်ခိုက်နေသည် ဆိုပါက သူတို့၏ ဘိုးဘေးသည်လည်း တိုက်ခိုက်နေမှာ သေချာ၏။
"သူလည်း ထွက်မသွားသေးဘူး" လီယွင်က ပြောလိုက်သည်။
"ဒါက"
ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် ဆွံ့အသွားမိ၏။ သူသည် တကယ်ပင် နဝေတိမ်တောင် ဖြစ်မိနေ၏။ အင်ပါယာနှစ်ယောက် အသင်းဖွဲ့ကာ တိုက်ခိုက်ခြင်းသည် ကောင်းမွန်လှသည့် အရာပင် ဖြစ်လေ၏။ မည်သူမှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ တစ်ဖက်မှ တိုက်ခိုက်နေမည့်သူ၏ အားအင်အဆင့်ကိုလည်း သုံးသပ်ရန် လိုအပ်နေသေး၏။ တစ်ဖက်လူသည် တော်ဝင်အင်ပါယာ ကျန်းထျန် ဖြစ်၏။ ထို့ကြောင့် ရလဒ်မှာ မသေချာတော့ချေ။
"စီနီယာ ဝင်ရောက်ပြီး ကျုပ်တို့ရဲ့ ဘိုးဘေးကို ကယ်တင်ပေးနိုင်မလား"
ရီချင်းမင်က ဝင်ရောက်ကာ ပြောဆိုလိုက်၏။ လက်ရှိအချိန်မှာတော့ ထိုအရာထက် ပိုကောင်းသည့် နည်းလမ်းကို သူသည် မစဉ်းစားနိုင်တော့ချေ။ အင်ပါယာကျန်းထျန် နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်သည့် သူ ရှိသည်ဆိုပါက ထိုသူသည် နန်းဆောင်သခင်ပင် ဖြစ်ပေလိမ့်မည်။
"ဘိုးဘေးကို ကယ်တင်ဖို့ ဟုတ်လား" လီယွင်က အသာရယ်မောလိုက်၏။
ပြီးနောက် သူ၏ရှေ့တွင် ရှိနေသည့် လူသုံးယောက်ကို အသာဝေ့ကြည့်လိုက်၏။ သူ့၌ ကူညီကယ်တင်ရန် အကြံအစည် ဘယ်တုန်းကမှ မရှိချေ။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကောင်းကင်မူလလောကကြီးကို ကယ်တင်ရမည်မှာ သူလုပ်ရမည် အလုပ်တော့ ဖြစ်နေသေး၏။ ကောင်းကင်မူလောကကြီးသည် သူ၏ အခြေခံ ဖြစ်၏။ တစ်စုံတစ်ယောက်သည် ထိုအရာကို ဖျက်ဆီးချင်သည် ဆိုပါက သူ့အနေဖြင့် ငြိမ်ငြိမ်သက်သက် ထိုင်နေ၍ မရနိုင်ချေ။ သို့ပေမဲ့ ကောင်းကင်မူလလောကကြီးသည် လက်ရှိအချိန်၌ အလုံးစုံ ဖျက်စီးခံရခြင်းဆီ ချက်ချင်းရောက်ရှိသွားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် မည်သည့်အချိန်တွင် မည်ကဲ့သို့ လှုပ်ရှားရမည်ကို သူသည် သေသေချာချာ စဉ်းစားရန် လိုအပ်နေသည်။
"စိတ်ပူမနေပါနဲ့"
လီယွင်သည် အပြင်လောကဆီသို့ လက်ညိုးညွှန်ကာ ပြောလိုက်သည်။
"တစ်ယောက်ယောက်က ကျုပ်ကို တွေ့ဖို့ စိတ်အားသန်နေတယ်နဲ့တူတယ်။ သူ ဒီကိုရောက်နေပြီ"