အခန်း (၃၆၇)
Vol. 25 Ch. 367
“ဘယ်သူလဲ” ရီချင်းမင်သည် ဇဝေဇဝါ ဖြစ်သွားမိ၏။ သူသည် အပြင်ဘက်တံခါးဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။
လက်ရှိအချိန်မှာတော့ လူနှစ်ယောက်သည် ဘေးချင်းကပ်ကာ မတ်တပ်ရပ်လျက် ရှိနေ၏။ တစ်ယောက်သည် အနီရောင်ဆံပင်၊ အနီရောင်မျက်လုံးများနှင့် သွေးနတ်ဆိုးကလန်၏ သင်္ကေတများကို ထုတ်ဖော်ပြသနေ၏။ ၎င်း၏မျက်နှာသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ခွင့်ရရန် အလျင်စလို ဖြစ်နေသည့် ပုံပန်းသွင်ပြင်မျိုးပင်။ သို့ပေမဲ့ မမြင်ရသည့် အတားအဆီးကြီး တစ်ခုသည် သူ့ကို သေသေ ချာချာ တားဆီးထား၏။ အပြင်ဘက်တွင် တစ်လျက်ရှိသည် ဖြစ်သောကြောင့် ကြောင်အအနှင့် စောင့်နေရန်သာ ရှိတော့သည်။
“စီနီယာ ဒီလူက ရှန်းတုရှင်း များလား”
ရီချင်းမင်သည် မြန်မြန်ဆန်ဆန်နှင့် ကောင်းကင်မူလလောကကြီးထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်သော သွေးနတ်ဆိုးလောကမှ လူနှစ်ယောက်အကြောင်းကို စဉ်းစားလိုက်မိ၏။ အင်ပါရီယာ ဆက်ခံသူစာရင်း၏ ဒုတိယနေရာတွင် တည်ရှိနေသည့် ရှန်းတုရှင်းဆိုသည်မှာ ထိုသူပင် ဖြစ်ပေလိမ့်မည်။
“အမှန်ပဲ” လီယွင်က ခေါင်းညိတ်လိုက်၏။
“ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ” ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် အေးစက်စက်ဖြင့် ပြောလိုက်သည်။
သွေးနတ်ဆိုးကလန်သည် ကောင်းကင်မူလလောကကြီးကို ထပ်တလဲလဲ ကျူးကျော်ခဲ့သည် ဖြစ်သောကြောင့် သွေးနတ်ဆိုးကလန်မှ လူများအပေါ် ကောင်းမွန်သည့် စိတ်ထားမျိုး မရှိကြချေ။ အထူးသဖြင့် အင်ပါယာ ကျန်းထျန်သည် ကောင်းကင် မူလလောကကြီးကို ပစ်မှတ်ထားနေသည် မဟုတ်ပါလား။
“အင်း ... ခင်ဗျားတို့နဲ့ တူညီသည့် အကြောင်းအရာပဲ” လီယွင်က ပြောလိုက်၏။
ဤလူသုံးယောက်တို့၏ အမူအယာက အေးခဲသွားခဲ့၏။ အင်ပါရီယာ လင်းကလန်၏ ခေါင်းဆောင်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ “ရှန်းတုရှင်းက ဒီကို တစ်ယောက်တည်း လာရတယ်ဆိုတော့ သူက အင်ပါယာကျန်းထျန်ရဲ့ဘက်မှာ ရှိတာ မဟုတ်လောက်ဘူး။ သူ့ကို ဝင်ခွင့်ပေးမှာလား စီနီယာ”
လီယွင်က မဖြေခဲ့ချေ။ သူသည် တခြားသော နှစ်ယောက်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ရီချင်းမင်နှင့် ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်တို့သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာဖြင့် မထွက်ခွာချင်သည့် ပုံစံမျိုးကို ပြသနေ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူတို့သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေတုန်းပင်။
ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် သူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် တည်ရှိသည်ဆိုပါက အရာအားလုံးကို ဝယ်ယူနိုင်ခွင့်ရှိ၏။ စီနီယာကို လှုပ်ရှားတိုက်ခိုက်စေခြင်းသည် ကြီးမားလှသည့် အရင်းအမြစ် ပမာဏကို ပေးအပ်ရမည်ဖြစ်ကြောင်း သိရှိပြီးဖြစ်၏။
ရှန်းတုရှင်းသည် အနောက်မှ ရောက်ရှိလာခဲ့သည် ဖြစ်သော်လည်း ရှန်းတုရှင်းနှင့် တော်ဝင်အင်ပါယာ ကျန်းထျန်တို့၏ ကြားထဲတွင် မည်မျှကြီးမားလှသည့် ရန်ငြိုးရန်စ ရှိသည်ကို မည်သူမျှမသိရှိကြချေ။ သို့ပေမဲ့ ဤနေရာတွင် ရှိနေသည့် လူပေါင်းများစွာထက် ပိုမိုကာ သာလွန်မည်ဆိုသည်မှာတော့ သေချာသည်။
စီနီယာကို အကူအညီတောင်းခံမည်ဆိုပါက ကြီးမားသည့် ကုန်ကျစားရိတ်ကို သူတို့ ပေးအပ်ရပေမည်။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ရှန်းတုရှင်း ရောက်ရှိလာပြီ ဖြစ်သောကြောင့် တချို့သော သူတို့၏ ဖိအားများသည် ကျဆင်းသွားခဲ့သည်ဟု သတ်မှတ်ရပေလိမ့်မည်။
လီယွင်သည် ၎င်းတို့၏ စဉ်းစားတွေးခေါ်မှုများကို လှမ်းကာမြင်နေရ၏။ သို့ပေမဲ့ ထိုအကြောင်းနှင့် ပတ်သက်၍ ဘာတစ်ခုမှမပြောချေ။ သူ၏ အင်္ကျီလက်ကို အသာယမ်းခါကာဖြင့် ပြောလိုက်၏။ “သူ့ကို ဝင်ခိုင်းလိုက်တော့”
ဤစကားစုထွက်ပေါ်လာချင်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်ရှိ ရှန်းတုရှင်း၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ သူ တုံ့ပြန်၍ မရနိုင်ခင်မှာပင် အားကောင်းလွန်းလှသည့် ဆွဲအားတစ်ခုက သူ့အပေါ်တွင် ဖြစ်တည်လာခဲ့၏။ သူ သတိပြန်ဝင်လာသည့်အချိန်မှာတော့ သူသည် ရှေးဆန်လွန်းလှပြီး ကောင်းကင်တာအို၏ နိယာမများ ထွက်ပေါ်လျက် ရှိနေသည့် တည်နေရာတစ်ခုထဲသို့ ရောက်ရှိလျက် ရှိနေကြောင်းကို သူကမြင်လိုက်ရသည်။
သူ၏ ဘေးတစ်ဘက်တွင် လူသားနှစ်ယောက်နှင့် မွန်းစတားတစ်ကောင်တို့ မတ်တပ်ရပ်လျက် ရှိနေ၏။ ၎င်းတို့၏ အမူအယာများသည် အေးစက်လျက် ရှိနေပြီး မည်သည့် ဖော်ရွေမှုကိုမှ မပြသကြချေ။
မနီးမဝေးတွင်တော့ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က ထိုင်လျက်ရှိနေ၏။ ၎င်း၏ ဆံနွယ်များသည် အောက်သို့ ရစ်သိုင်းကာ ကျလျက်ရှိနေပြီး ကြယ်တာရာ၏ အလင်းတန်းများကဲ့သို့ပင် တောက်ပနေ၏။
“ကျုပ် သွေးနတ်ဆိုးလောကရဲ့ ရှန်းတုရှင်းက နန်းဆောင်သခင်ကို ဂါရဝပြုပါတယ်”
ရှန်တုရှင်းသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ မည်သူဖြစ်သည်ကို အတည်ပြုပြီးသည့်နောက် လီယွင်အား ဂါရဝ ပြုလိုက်တော့၏။ ဤကဲ့သို့သော သုံးသပ်ရခြင်းသည် ခက်ခဲလှသည်တော့ မဟုတ်ချေ။ လီယွင်မှလွဲ၍ ကျန်သောသူ သုံးယောက်တို့သည် သူတော်စင်အဆင့်သာရှိ၏။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များအား သူ၏ ရှေ့တွင် ဖုံးကွယ်ထား၍ မဖြစ်နိုင်ချေ။
“အင်း... အင်း”
လီယွင်သည် ထူးမခြားနားသလို ခေါင်းညိတ်လိုက်၏။ သူ၏ရှေ့မှာတော့ ရှန်းတုရှင်းနှင့် ပတ်သက်သော သတင်းအချက်အလက်၊ ကိုယ်ရေးအကျဉ်းက ပေါ်ပေါက်လျက် ရှိနေသည်။
[နာမည် - ရှန်းတုရှင်း
အားအင်အဆင့် - ကွာစီအင်ပါယာ ထိပ်ဆုံးအဆင့်
အော်ရာ - သွေးနတ်ဆိုးလောကကြီး၏ ကံကြမ္မာသားတော်]
“ဪ”
မူလအားဖြင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သို့ ဝင်ရောက်ခဲ့သည့် လူပေါင်းများစွာတို့သည် အနည်းငယ်သော သူများသည်သာ ကံကြမ္မာ၏သားတော်အဖြစ် ခေါင်းစဉ်တပ်ခြင်းကို ခံရ၏။ ဤလူသည် ဖန်းဟန်ပြီးနောက် စနစ်က ကံကြမ္မာသားတော်အဖြစ် မှတ်ချက်ပေးခဲ့သည့် ဒုတိယမြောက်လူပင် ဖြစ်ပေလိမ့်မည်။
သွေးနတ်ဆိုးလောကကြီးတွင် ရှန်းတုရှင်းသည် များပြားလွန်းလှသည့် လူဆိုးများနှင့် ရင်ဆိုင်ရပေလိမ့်မည်။ အထူးသဖြင့် တော်ဝင်အင်ပါယာကျန်းထျန်ပင် ဖြစ်၏။ ကံဆိုးစွာဖြင့် ကံကြမ္မာသားတော်ဖြစ်သော ရှန်တုရှင်း သည် ကျရှုံးခဲ့၏။ အဓိကဇာတ်ကောင် တစ်ယောက်သည် နောက်ဆုံးအချိန်ထိ မသေဆုံးသေးဘူး ဆိုပါက အရာအားလုံးကို ပြောင်းပြန်လှန်နိုင်စွမ်း ရှိနေသည့် လူမျိုးပင် ဖြစ်၏။ ရှန်တုရှင်းသည် တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ သို့သော်ငြား ကွာစီအင်ပါယာအဆင့်ကို ရောက်ရှိခဲ့သည် ဆိုလျှင်တောင်မှ အင်ပါယာကျန်းထျန်နှင့် ယှဉ်ပြိုင်နိုင်သည့် အခြေအနေမျိုးတော့ မဟုတ်သေးချေ။
“အမှန်ပဲ။ လောကကြီးတစ်ခုလုံး ဖျက်ဆီးခံရတဲ့ အခြေအနေကနေပြီးတော့ လွတ်မြောက်လာပြီးတော့ ကောင်းကင်မူလလောကကို ရောက်ရှိခဲ့တယ်။ ချက်ချင်းပဲ အင်ပါရီယာဆက်ခံသူစာရင်းမှာ ဒုတိယနေရာ ရောက်သွားခဲ့တဲ့ ဒီရှန်းတုရှင်းက အရည်အချင်း တချို့တော့ ရှိနေမှာပဲ” လီယွင်က တွေးတောလိုက်မိ၏။
သူ၏ မျက်လုံးထဲတွင် ရှန်းတုရှင်းသည် လုပ်နိုင်ကိုင်နိုင်စွမ်း တော်တော်များများ ရှိသည့် လူတစ်ယောက် ဖြစ်၏။ ကံကြမ္မာသားတော်သည် လောကကြီး၏ ထောက်ပံ့မှုကို ဆုံးရှုံးခဲ့ပြီးဖြစ်သော်လည်း ဖန်းဟန်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ကွာခြားချက်များ ရှိနေ၏။ ၎င်း၏ အနာဂတ် အောင်မြင်မှုများသည် အံ့အားသင့်မှုများ နှင့် ပြည့်နှက်နေမှာ သေချာသည်။
“စီနီယာ... ကျန်းထျန်က ကောင်းကင်မူလလောကကြီးထဲကို ရောက်နေပြီ။ မကြာတော့တဲ့အချိန်မှာ ....”
ရှန်းတုရှင်းက ဦးညွတ်လိုက်၏။ ပြီးနောက် အရှေ့ဆီသို့ အသာလှမ်းတက်ကာဖြင့် လက်ထဲတွင် ရှိနေသည့် အင်ပါရီယာကျမ်းစာနှင့် အင်ပါရီယာလက်နက်တစ်ခုကို လီယွင်၏ ရှေ့ဆီသို့ ချလိုက်၏။
မလာခင်ကတည်းက ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ စည်းမျဉ်းနိယာမများ အားလုံးကို ပိုင်ချမ်းဟန်ဆီမှ သူ လေ့လာသင်ယူ ခဲ့ပြီးပြီ ဖြစ်၏။ ထို့ကြောင့် ဤပစ္စည်းများကို ပေးအပ်သည့် နေရာတွင် တစ်ချက်ကလေးမှ မတွန့်ဆုတ်ခဲ့ခြင်းပင်။ တော်ဝင်အင်ပါယာကျန်းထျန်နှင့် ရင်ဆိုင်နိုင်သည်ဆိုပါက သူ့အနေနှင့် များပြား လှသည့် စတေးမှုများကို ပြုလုပ်ရမည်။ သူ၏အသက်ကို ပေးအပ်ရမည် ဆိုလျှင်တောင်မှ နှောင့်နှေးနေ လိမ့်မည် မဟုတ်ပေ။
“ကျေးဇူးပြုပြီး စီနီယာ… ကျန်းထျန် ဒုက္ခပေးနိုင်မဲ့ အခြေအနေကို ရပ်တန့်ပေးပါအုံး”
“ဟမ်”
ရှန်းတုရှင်း၏ စကားကိုကြားရသည့်အချိန်မှာတော့ ရီချင်းမင်နှင့် တခြားသောသူများ၏ မျက်နှာ များသည် ဝင်းလက်သွားခဲ့၏။ ထင်မှတ်ထားသည့် အတိုင်းပင်။ ရှန်းတုရှင်းသည် တော်ဝင်အင်ပါယာကျန်းထျန် နှင့် နက်နဲလှသည့် ရန်ငြိုးများ တည်ရှိလို့နေခဲ့၏။ အင်ပါရီယာကျမ်းစာနှင့် အင်ပါရီယာလက်နက်တစ်ခုကို ပေးအပ်ပြီးသည့်နောက် ၎င်း၏ လေးနက်မှုကို ထုတ်ဖော်ပြသလျက် ရှိနေ၏။ ထို့ကြောင့် သူတို့အပေါ်တွင် ရှိနေသည့် ဖိအားဒဏ်သည် အတော်အသင့် ကျဆင်းသွားခဲ့သည်ဟု ပြောဆိုရပေမည်။
“စီနီယာ.... ကျန်းထျန်ကို မသတ်နိုင်သရွေ့ ကောင်းကင်မူလလောကကြီးက ငြိမ်းငြိမ်းချမ်းချမ်း ရှိနေမှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး စီနီယာ... ဒီလူယုတ်မာကို ဖိနှိပ်ပေးပါ” ရီချင်းမင်သည် ဝင်ရောက်ကာ ပြောဆိုလိုက်၏။ တချိန်တည်းမှာပဲ သူသည် များပြားလှသည့် ကျင့်ကြံခြင်း နည်းစနစ်များကို လီယွင်ဆီသို့ ကမ်းပေးလိုက်၏။
ရှန်းတုရှင်း နှင့် ရီချင်းမင်တို့ ရှေ့ကာ ဦးဆောင်ကာ ထုတ်လိုက်သည့်အချိန်မှာတော့ တခြားသော သူနှစ်ယောက်တို့သည် လည်း လှစ်လျူရှု၍ မနေနိုင်တော့ချေ။ အသီးသီး မတ်တပ်ထရပ်လိုက်ပြီးသည့်နောက် ပစ္စည်းများကို ထုတ်ကာ ပေးလိုက်ကြသည်။
သို့ပေမဲ့ ရှန်းတုရှင်းသည် ရည်ရွယ်ချက် တစ်ခုသာလျှင်ရှိ၏။ အင်ပါရီယာကျန်းထန်ကို သတ်ဖြတ်ပစ်ရန်သာ ဖြစ်၏။
အခြားတဖက်တွင်ရှိနေသည့် ရီချင်းမင်နှင့် တခြားသောသူများမှာတော့ ကျန်းထျန် သေသေ၊ မသေသေ သိပ်ပြီး ကိစ္စမရှိကြချေ။ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်သည် ၎င်းတို့၏ ဘိုးဘေးများကို ကယ်တင်ရန်ပင် ဖြစ်၏။ တော်ဝင်အင်ပါယာကျန်းထျန် အသက်ရှင်ခြင်းပဲဖြစ်ဖြစ်၊ သေဆုံးခြင်းပဲဖြစ်ဖြစ် သူတို့၏ အဓိက ဦးတည်ချက်မဟုတ်ပေ။ စီနီယာသာ စိတ်ရှိသည်ဆိုပါက တော်ဝင်အင်ပါယာကျန်းထျန်ကို တခြားသော လောကတစ်ခုခုဆီသို့ စေလွှတ်လိုက်မည် ဆိုလျှင်လည်း လက်သင့်ခံနိုင်သည်။
“ကျန်းထျန် ဟုတ်လား”
လီယွင်သည် စားပွဲပေါ်တွင်ရှိနေသည့် ပစ္စည်းများကို လှမ်းကြည့်ပြီးသည့်နောက် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ တံခါးဆီသို့ လှမ်းလျှောက်သွားပြီး လေဟာနယ်ဆီကို လှမ်းကာ မော့ကြည့်လိုက်၏။
အချိန်အတိုင်းအတာ အတောအတွင်း သွေးနတ်ဆိုးကလန်၏ ဘိုးဘေးနယ်မြေထဲတွင် ဖြစ်ပျက်နေသည့် သတင်းအချက်အလက်များသည် ကောင်းကင်မူလလောကထဲသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်၏။ ကောင်းကင်ပေါ်တွင် ရှိနေသည့် အက်ကွဲကြောင်းများသည် ပိုမိုကာ ကြီးမားလာခဲ့ပြီး လောကကြီးတစ်ခုလုံးသည် ကွဲအက်နေ သကဲ့သို့ပင်။
ကောင်းကင်မူလလောကကြီးထဲမှာတော့ များပြားလှသော အသင်္ချေမျိုးနွယ်များသည် ထိတ်လန့် ကြောက်ရွံ့မှုများ ဖြင့် တုန်ယင်လျက်ရှိနေကြ၏။ တောင်ထဲတွင်တော့ ငှက်များ၊ သားရဲများသည် အလုအယက်နှင့် ပြေးလွှားလျက် ရှိနေပြီး တည်နေရာတစ်ခုလုံးသည် အုတ်အော်သောင်းနင်းနှင့် ရှုပ်ထွေးလျက်ရှိ၏။ လက်ရှိအခြေအနေမှာတော့ ထိုကဲ့သို့သော အခြေအနေမျိုးသည် ခရမ်းရောင်နက်နဲ လောကဆီသို့ပင် သက်ရောက်လာခဲ့၏။
“အင်း.. အချိန်ကျပြီပဲ” လီယွင်က တီးတိုးရေရွတ်လိုက်သည်။
တော်ဝင်အင်ပါယာကျန်းထျန် တစ်ယောက် မကြာခင်တွင် လှုပ်ရှားမည်ဖြစ်ကြောင်းကို သူက သိရှိပြီးဖြစ်၏။ သူ့အနေနှင့် ကြားဝင်လှုပ်ရှားချင်သည်ဆိုလျှင် တည်နေရာဖြတ်သန်း မလာခင်တည်းက သတ်ပစ်သင့်၏။ သို့သော် သူသည် စောင့်မျှော်နေရန်သာ ရွေးချယ်လိုက်တော့၏။ အဘယ့်ကြောင့်ဆိုသော် အင်ပါယာ ကျန်းထျန် သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာကို ပိုမိုက တိုးတက်သွားစေနိုင်သည့် သတ္တဝါဖြစ်နေသောကြောင့်ပင်။
ထိုသို့ဆိုလျှင် များပြားလွန်းလှသည့် မြေအင်မော်တယ်လောကဆီမှ သက်ရှိသတ္တဝါများ အားလုံးသည် သူ၏ လွှမ်းမိုးမှုအောက်သို့ အလိုအလျောက် ရောက်ရှိလာပေလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် သူသည် မြေအင်မော်တယ်လောကကြီးကို ဆွဲယူပြီးသည့်နောက် ကောင်းကင်မူလလောကကြီးနှင့် ပေါင်းစပ်ရန် ရည်ရွယ်ချက် ရှိနေသောကြောင့်ပင်။