အခန်း (၃၇၀)
Vol. 25 Ch. 370
"ကောင်းကင်မူလလောကကြီးမှာ အင်မော်တယ်တွေ ရှိနေတယ်ဆိုတာ မဖြစ်နိုင်ဘူး"
အင်ပါယာကျန်းထျန်သည် မျက်လုံးများကို ဖွင့်ကာဖြင့် ကောင်းကင်မူလလောကကြီး၏ အတွင်းဘက်သို့ လှမ်းကာကြည့်ရှုလိုက်၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ရလဒ်သည် သူ့အား စိတ်ပျက်စေခဲ့၏။ ဤအရာအားလုံး၏ နောက်ကွယ်တွင် ရှိနေသောသူသည် သူ့ထက်ပိုမိုကာ အားကောင်းပုံပေါ်ပြီး သူ ရှာဖွေမတွေ့ရှိခဲ့ချေ။
"ကျုပ်ကို ရှာနေတာလား"
ထိုအချိန်မှာတေ့ ကြည်လင်ရှင်းလင်းလှသည့် အသံတစ်ခုသည် ကောင်းကင်နှင့် မြေပြင်ကြားတွင် ပေါ်ပေါက်လာပြီး သက်ရှိများ၏ နားထဲသို့ ထိုအသံသည် ဝင်ရောက်လာခဲ့၏။
လူပေါင်းများစွာတို့သည် ထိုအသံကို ကြားရသည့် အခါမှာတော့ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားခဲ့ကြ၏။ အားလုံးသောသူတို့သည် အသံပိုင်ရှင်ကို ကြည့်ရှုချင်စိတ်များ ပေါ်လာကြတော့၏။ ထို့ပြင် လူပေါင်းများစွာတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိလာစဉ်ကတည်း ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို မြင်ဖူးကြသူများ မရှိကြချေ။
ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွင်းသို့ နတ်အရှင်အဆင့်အောက်လူများ ဝင်ခွင့်မရှိဟူသော သတ်မှတ်ချက် တည်ရှိနေသောကြောင့်ပင်။ ထိုအရာကို နောက်ပိုင်းမှ သတ်မှတ်ထားခြင်း ဖြစ်၏။ လူများသည် ဤစည်းမျဉ်းကို လိုက်နာကြ၏။ တကယ်တမ်းမှာတော့ ထိုအရာသည် လီယွင် သေသေချာချာ စဉ်းစားပြီး ဖန်တီးထားသော ကန့်သတ်ချက် တစ်ခုသာလျှင် ဖြစ်သည်။
ကောင်းကင်လျှို့ဝှက် နန်းဆောင် ပိုမိုကျော်ကြားလာသည်နှင့် တပြိုင်နှက် သူ့ဆီမှ သတင်းအချက်အလက် ဝယ်ချင်သူများသည်လည်း ပိုမိုများလာ၏။ ထိုသူများသည် အားအင်အဆင့် နိမ့်ကျသူများ ဖြစ်ပါက တကယ်ပင် စိတ်ပျက်စရာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် ထိုသူတို့၌ လုံလောက်သည့် အရင်းအမြစ်များလည်း တည်ရှိလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့်ပင်လျှင် သူသည် နတ်အရှင်အဆင့်အောက် ကျင့်ကြံသူများကို အထဲသို့ မဝင်ခိုင်းခဲ့ခြင်းပင် ဖြစ်၏။ ကောင်းကင်မူလလောကကြီးတွင် နတ်အရှင်အဆင့်အောက်၌ ကျင့်ကြံခြင်းအဆင့် ကိုးခု တည်ရှိလို့နေ၏။ ထို့ကြောင့် ထိုသူတို့အားလုံးသည် နတ်အရှင်အဆင့်သို့ ချိုးဖျက်ရောက်ရှိခြင်း မရှိပါက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် နှင့် မျက်နှာခြင်းဆိုင် တွေ့ရလိမ့်မည် မဟုတ်ချေ။
"ဆိုးတာပဲ"
လူပေါင်းများစွာတို့သည် နှလုံးသားထဲ၌ ကြိတ်ကာ သက်ပြင်းချမိကြ၏။ ဤကဲ့သို့ ရှားပါးလှသော အခြေအနေတွင် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို သူတို့မမြင်ရသေးချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ မျက်နှာကို တစ်ချို့သော နိယာမများဖြင့် ဖုံးလွှမ်းထားသောကြောင့်ပင်။
"ခင်ဗျား"
သွေးနတ်ဆိုးလောက၏ အင်ပါယာသည် မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားခဲ့၏။ သူ့ပေါ်ရှိ ဖိအားကြီးသည် အဘယ့်ကြောင့် တဖြည်းဖြည်း လျော့ကျသွားကြောင်း သူသည် မသိရှိချေ။ လက်ရှိအချိန်မှာတော့ သူသည် စကားပြောဆိုနိုင်ပြီ ဖြစ်၏။
"ခင်ဗျား …. ခင်ဗျားဘယ်သူလဲ"
"ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်"
ထိုစကားစုသည် တော်ဝင်တာအိုများနှင့် ပြည့်နှက်နေသည့် အသံကဲ့သို့ပင်။ ထိုစကားစု ထွက်ပေါ်လာသည်နှင့် ရွှေရောင် အလင်းတန်းများ၊ မင်္ဂလာရှိလှသော တိမ်ထုများ ဖြစ်တည်လာခဲ့၏။ ကောင်းကင်မူလလောကကြီးသည် ချက်ချင်းပင် လှပသည့် တည်နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ဟုတ်လား"
"အတိကျပါပဲ" ထိုအသံက ထပ်မံကာ ထွက်ပေါ်လာခဲ့၏။
ရွှေရောင်နေ၏ အထက်တွင် အစိမ်းရောင်ဝတ်စုံနှင့်လူက မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်း၏ ဆံနွယ်များသည် လေထုထဲတွင် ကြည့်ကောင်းလှစွာဖြင့် လွင့်မျောနေ၏။ ထိုသူသည် ရှေ့ဆီသို့ တစ်လှမ်းချင်း လှမ်းလျှောက်လာသည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်းတွင် ခြေထောက်၏ အောက်၌ ရွှေရောင်ကြာပန်းများက ပွင့်လာခဲ့၏။ လောကကြီး၌ ထိုအစိမ်းရောင် ဝတ်စုံနှင့် လူသားသည်သာ တည်ရှိနေသလိုပင်။ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး ထိုသူနှင့် နှိုင်းယှဉ်လျှင် အရောင်အဆင်း မှေးမှိန်ကုန်၏။
လီယွင်၏ အဓိကခန္ဓာကိုယ်သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲမှ ထွက်ခွာ၍ မရချေ။ သို့ပေမဲ့ ၎င်း၏ နတ်ဘုရားသိစိတ်ဖြင့် ဖန်တီးထားသော ကိုယ်ပွားမှာတော့ အပြင်ဘက်သို့ ထွက်၍ရနိုင်၏။ သူသည် ကြောက်မက်ဖွယ်ရာကောင်းလှသော စွမ်းအင်ကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်၏။ အစစ်အမှန် အင်မော်တယ် တစ်ယောက်၏ စွမ်းအင်အဆင့်ကို ပိုင်ဆိုင်သောကြောင့် အင်ပါယာပေါင်းများစွာတို့အား အားအင်စိုက်ထုတ်မှု ကင်းစွာဖြင့် ဖိနှိပ်နိုင်စွမ်း ရှိသည်။
ဝှစ် ဝှစ်
လီယွင်သည် ဖြေးညှင်းစွာ လှုပ်ရှားလိုက်၏။ သူ၏ ခြေလှမ်းတစ်ခုချင်းစီတိုင်းသည် သန်းထောင်နှင့်ချီသော အကွာအဝေးဆီသို့ ဖြတ်ကနဲ ရောက်ရှိနိုင်၏။ သူ၏ ရှေ့တွင် ရှိသမျှ အရာအားလုံးတို့သည် ဖယ်ရှားကာဖြင့် သူ့အား လမ်းအဖြစ် ဖန်တီးပေးကြ၏။ ရီစုန်နှင့် အစစ်အမှန်နဂါးပုံရိပ်ယောင်တို့သည် လူချင်းကွဲကွာသွားကြပြီ ဖြစ်ပြီး ၎င်းတို့သည် သူတို့အားဖြတ်ကာ လျှောက်သွားသည့် လူတစ်ယောက်အား အံ့အားသင့်စွာဖြင့် ကြည့်ရှုနေ၏။ ၎င်းတို့၏ နှလုံးသားထဲတွင် လှိုင်းကဲ့သို့ ဖြစ်တည်နေ၏။ အချိန်အတော်ကြာသည်အထိ တည်ငြိမ်နိုင်စွမ်း မရှိခဲ့ချေ။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အားအင်အဆင့်သည် ဤအရာပေသည်လား။ သူတို့သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို အရင်တည်းက မြင်ခဲ့ဖူး၏။ နန်းဆောင်သခင်သည် အလွန်ကို ကြင်နာနူးညံ့လှသည့် ပုံပန်းသွင်ပြင်မျိုးရှိပြီး ချမ်းသာသော ပညာတတ် လူရည်မွန်တစ်ယောက်ကဲ့သို့ပင်။ ဘဝတစ်လျှောက်လုံး စာပေများကိုသာ လိုက်စားခဲ့သူနှင့် တူညီ၏။
သို့ပေမဲ့ သူတို့၏ စိတ်ထဲတွင် မြင်နေရသည့် ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ ပုံရိပ်မှာတော့ အလုံးစုံ ခြားနားလျက် ရှိနေ၏။ ရှေးအင်ပါယာကြီးတစ်ယောက် ရုတ်တရက် ပြန်လည်ကာ အသက်ရှင်ကာဖြင့် အချိန်၏ မြစ်ရေစီးကြောင်းထဲမှ လျှောက်ထွက်လာသကဲ့သို့ပင်။ အလွန်ဆန်းကြယ်လှသည့် ဟိတ်ဟန်မျိုးကို ထုတ်ဖော်ပြသလျက် ရှိနေသည်။
လူပေါင်းများစွာတို့၏ နှလုံးသားထဲတွင် အတွေးတစ်ခုက ဖြစ်တည်လာခဲ့၏။ "အင်မော်တယ် ….. စီနီယာနန်းဆောင်သခင်က တကယ့်ကို အင်မော်တယ်ပဲ"
ဤအတွေးသည် ရီစုန့်နှင့် ရွှေကျီးကန်းကလန် ဘိုးဘေးတို့၏ နှလုံးသားထဲတွင် အမြင်တွယ် ဖြစ်တည်လာခဲ့၏။ သို့ပေမဲ့ သိပ်မကြာခင်မှာပဲ သူတို့သည် အသိပြန်ဝင်သွားခဲ့ကြ၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သည် တကယ်ပဲ ၎င်း၏ အင်ပြည့်အားပြည့် စွမ်းအင်ကို ထုတ်ဖော်ပြသခဲ့လေသည်လား။
လင်းရှောင်းတစ်ယောက် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ မသွားခင်က ကောင်းကင်မူလလောကကြီးရှိ လူပေါင်းများစွာတို့သည် နန်းဆောင်သခင်မှာ တော်ဝင်အင်ပါယာအဆင့် အားအင်ကို ပိုင်ဆိုင်သည်ဟု ထင်မှတ်ခဲ့ကြ၏။ သို့ပေမဲ့ လင်းရှောင်သည် ကွာစီအင်ပါယာအဆင့်သာ ရှိနေခဲ့၏။ ထို့ကြောင့် ဤအခြေအနေကို ထိန်းချုပ်ရန်အတွက် စီနီယာနန်းဆောင်သခင်သည် အင်ပါယာအဆင့် အားအင်ကိုသာ ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ယခု အင်ပါယာကျန်းထျန်သည် အင်မော်တယ်တစ်ပိုင်း အားအင်ကို ပိုင်ဆိုင်၏။ထို့ကြောင့် စီနီယာ နန်းဆောင်သခင်သည် အစစ်အမှန် အင်မော်တယ်အားအင်ကို ထုတ်ဖော်ပြကာ ဖိနှိပ်ခဲ့ခြင်းပင်။ တွေးကြည့်လိုက်လျှင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ အချိန်တိုင်းလိုလိုပင် စီနီယာနန်းဆောင်သခင်သည် သူ၏ ရန်သူများထက် တစ်ဆင့်ပိုသော အားအင်ကို ထုတ်ဖော်ပြသလျက် ရှိနေ၏။
ဤအရာသည် ဘာကိုရည်ညွှန်းသနည်း။ ဆိုလိုသည်မှာ စီနီယာနန်းဆောင်သခင်၏ အစစ်အမှန် အားအင်အဆင့်မှာ ၎င်းတို့ထင်မှတ်ထားသည်ထက် အများကြီး သာလွန်လျက် ရှိနေခြင်းပင်။ လက်ရှိပေါ်ပေါက်နေသည့် အားအင်ကပင် အစစ်အမှန် ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ ၎င်း၏ အဆင့်သည် အင်မော်တယ်အဆင့်ပင် မကသေးချေ။ အင်မော်တယ်ထက် ပိုမိုကာမြင့်မားသော အဆင့်တစ်ခုသို့ပင် ရောက်ရှိကောင်း ရောက်ရှိနေနိုင်သည်။
"စီနီယာ နန်းဆောင်သခင်က တကယ့်ကို ခန့်မှန်းလို့ မရဘူးပဲ"
ရီစုန်၏ နှလုံးသားများသည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့၏။ သို့ပေမဲ့ သူသည် မကြာခင်မှာပဲ စိတ်သက်သာရာရသည့် ခံစားချက်များကို ရရှိနေ၏။ လက်ရှိ စီနီယာနန်းဆောင်သခင် ပါဝင်လာသောကြောင့် မြေအင်မော်တယ်လောကမှ လူများ အနာဂတ်တွင် လာရောက်ကာ တိုက်ခိုက်သည် ဆိုလျှင်တောင်မှ သိပ်ပြီး ကိစ္စရှိတော့မည် မဟုတ်ချေ။ စီနီယာ နန်းဆောင်သခင်သည်သာ အမိန့်ပေးလိုက်ပါက များပြားလှသော လောကကြီးထဲတွင် မည်သူက အဆင်ခြင်မဲ့ တိုက်ခိုက်ရဲတော့မည်နည်း။
ဟုတ်ပေ၏။ စီနီယာနနန်းဆောင်သခင်အနေဖြင့် ထိုအရာများကို ပြုလုပ်ပေးရန်တော့ လိုအပ်နေသေး၏။ လက်ရှိ အရေးကြီးသည်မှာ အင်ပါယာကျန်းထျန်ကို ရင်ဆိုင်ရန်ပင် ဖြစ်လေ၏။
"အင်မော်တယ် ဟုတ်လား" အင်ပါယာကျန်းထျန်သည် တကယ်ပင် တုန်လှုပ်သွားမိသည်။
မည်သို့ဖြစ်နိုင်မည်နည်း။ ဤလောကကြီးအကြောင်းကို သူသေသေချာချာ သိရှိနားလည်ခဲ့ပြီးသား ဖြစ်၏။ အင်မော်တယ်တစ်ယောက် မွေးဖွားလာရန် ဖြစ်လာနိုင်သည့် လောကမျိုး မဟုတ်ချေ။
ဘယ်လိုလုပ်ပြီး ကောင်းကင်မူလလောကကြီးဆီမှ အင်မော်တယ်တစ်ယောက်သည် လမ်းလျှောက်ကာ ထွက်လာရသနည်း။ တခြားသော လောကမှ ဝင်ရောက်လာလျှင်ပင် ကောင်းကင်တာအိုသည် ထိုအရာကို သတိမပြုမိဖူးလား။ လောကကြီး၏ မူလအရင်းအမြစ်မှ ငြင်းပယ်ခံရပါက အင်မော်တယ်တစ်ယောက်ပင်လျှင် ကြီူမားသည့် ဖိအားကို ခံစားရမှာ ဖြစ်၏။ ထိုလောကကြီးကို ဖျက်ဆီးရန် သို့မဟုတ် ထွက်ခွာသွားရန်သာ တတ်နိုင်ပေလိမ့်မည်။ ဥပမာအားဖြင့် ထာဝရမြို့အနေဖြင့် ကောင်းကင်မူလလောကကြီး၏ အတွင်းပိုင်းသို့ ခြေချခွင့် မရှိကြချေ။
အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၌ အင်မော်တယ်တစ်ယောက် တည်ရှိနေသောကြောင့်ပင်။ ထို့ကြောင့်ပင်လျှင် ကောင်းကင်မူလလောကကြီး၏ အနီးရှိ ရှုပ်ထွေးသော တည်နေရာ လမ်းကြောင်းတစ်ခုထဲတွင် နေထိုင်ရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်၏။ ကောင်းကင်မူလလောကကြီး၏ ကောင်းကင်တာအိုနိယာမများ၏ ဖိနှိပ်မှုကို ရှောင်ရှားချင်သောကြောင့်ပင်။
"ခင်ဗျား ဘယ်လောကက လာခဲ့တာလဲ" အင်ပါယာကျန်းထျန်သည် လေးနက်သည့် အသံဖြင့် မေးမြန်းလိုက်၏။
သူ၏ ရှေ့တွင် ရှိနေသည့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ အော်ရာများသည် ချောက်နက်ကြီးကဲ့သို့ပင် နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ အစိမ်းရောင် ဝတ်စုံသည် တဟူးဟူးနှင့် လှုပ်ခါလျက် ရှိနေပြီး ၎င်း၏ အသွင်အပြင်တစ်ခုလုံးသည်ကလည်း ကျောက်စိမ်း ပန်းပုရုပ်တစ်ခုကဲ့သို့ပင် သပ်ရပ်ကာ ကြည့်ကောင်းလွန်းလှ၏။ ၎င်း၏ အစစ်အမှန်ပုံရိပ်သည် ဤတည်နေရာသို့ မရောက်လာသေးသော်လည်း အတိတ်၊ အနာဂတ်နှင့် ပစ္စုပ္ပန်တို့ကို ရည်ညွှန်းလျက် ရှိနေသည့် လူတစ်ယောက်ကဲ့သို့ပင်။
အင်ပါယာကျန်းထျန်သည် လီယွင်ကို လှမ်းကြည့်ပြီးသည့်နောက် တုန်လှုပ်မှုများနှင့် ဝမ်းမြောက်မှုများကို ခံစားနေမိ၏။ သူ့အနေဖြင့် ကောင်းကင်မူလလောကကြီးထဲတွင် အင်ပါယာတစ်ယောက် ရှိနေသည်ကို အမှန်ပဲ အံ့အားသင့်လို့ နေခဲ့၏။ ဝမ်းမြောက်ခြင်းဆိုသည်မှာ ကောင်းကင်မူလလောကကြီးထဲတွင် အင်မော်တယ် တစ်ယောက် တည်ရှိသောကြောင့် သူသည်လည်း ဤလောကကြီးထဲ၌ အင်မော်တယ် ဖြစ်မလာဘူး ဟု မပြောနိုင်ချေ။
ဤတည်နေရာသို့ ရောက်လာပြီ ဆိုမှတော့ တည်နေရာလမ်းကြောင်းကို ချန်ထားကာ ထွက်ခွာသွားပေရလိမ့်မည်။ တည်နေရာလမ်းကြောင်းကိုသာ တစ်ဖက်လူ မရှာဖွေနိုင်ပါက သူ့အနေဖြင့် အချိန်မရွေး ဤလောကသို့ ပြန်လာကာ အဆင့်တက်နိုင်ရန် ကြိုးစားနိုင်သည်။ ဤနည်းလမ်းဖြင့် သူ၏ အားအင်သည် တော်ဝင်အင်ပါယာအဆင့် ထိပ်ဆုံး၌ အကန့်အသတ် မဟုတ်နိုင်တော့ချေ။ အင်မော်တယ်ဖြစ်လာပြီးနောက် ပိုမိုတိုးတက်စရာများ ရှိလာနိုင်၏။