← Chapters

ပြန်လာမည်ကိုစောင့်နေသူ

Vol. 40 Ch. 557

ပြန်လာမည်ကိုစောင့်နေသူ

Vol. 40 Ch. 557

ခွန်လွန်တောင် ၊ နဝမတောင်ထွတ်။

ခြံဝင်းကို ပြန်လည်ပြုပြင်ထားပြီး မက်မွန်တောကိုလည်းမူလအခြေအနေအတိုင်း ပြန်လည်ပြင်ဆင်ထားသည်။ သို့သော် အစီအရင်များကတော့ ပျက်စီးသွားပြီဖြစ်ရာ ဖုံးကွယ်ထားသည့် အစီအရင်အချို့သာ ကျန်ရစ်တော့သည်။

လုန်ယွိသည် ပန်းပင်များအစွန်းတွင် မတ်တတ်ရပ်ရင်း သတင်းကိုစောင့်မျှော်နေသည်။

ယနေ့ သူမ၏ ဆရာဖြစ်သူနှင့် အခြားသောတောင်သခင်များ ကောင်းကင်ဘုံသို့ သွားကြသည်။ ထို့ကြောင့် ကျန်းလန်နှင့်ပတ်သက်သည့် သတင်းတစ်ခု ရရှိကောင်းရရှိနိုင်သည်။

သူမ၏အမူအရာက တည်ငြိမ်နေသည့်တိုင် စိတ်ထဲတွင်တော့ မသက်မသာ ခံစားနေရသည်။

ညနေပိုင်းတွင်တော့…

နဝမတောင်ထွတ်သို့ ကျူးချင်ရောက်ရှိလာ၏။

လုန်ယွိက မျှော်လင့်ချက်အပြည့်မျက်ဝန်းများဖြင့် သူမကို ကြည့်နေသည်။ ကျူးချင်က သက်ပြင်းချလိုက်ရင်း ယနေ့ ကောင်းကင်ဘုံတွင်တွေ့မြင်ရသည့်အခြေအနေများကို ပြောပြလိုက်သည်။

ကမ္ဘာဟောင်း၏ ပုံပျက်ပန်းပျက်တန်ခိုးစွမ်းအားများ လုံးလုံးလျားလျား ပျက်စီးသွားပြီဖြစ်သော်လည်း ကျန်းလန်ကတော့ ပြန်ရောက်မလာခဲ့ပေ။ ကောင်းကင်ဘုံတွင် မည်သူမှ မရှိတော့ပေ။

လုန်ယွိ၏ မျက်ဝန်းများတွင် မျက်ရည်များဝဲလာသည့်တိုင် သူမ ပြုံးလိုက်သည်။ ကျန်းလန်က ပြန်မလာတော့ခြင်းမဟုတ်ဘဲ ပြန်မလာသေးခြင်းသာဖြစ်ကြောင်း သူမ အခိုင်အမာ ယုံကြည်သည်။

ကျူးချင်က လုန်ယွိအတွက် စိတ်ပူပန်သွားပြီး နဝမတောင်ထွတ်တွင် (၂)ရက်ခန့် နေထိုင်ကာ လုန်ယွိကို အဖော်ပြုပေးသည်။ ကျူးချင်ပြန်သွားချိန်တွင်တော့ နဝမတောင်ထွတ်တွင် လုန်ယွိတစ်ယောက်မှလွဲပြီး မည်သူမှ မရှိတော့ပေ။

မော့ကျန်းသုန့်သည်လည်း နဝမတောင်ထွတ်သို့ ပြန်မလာခဲ့ပေ။ မည်သည့်နေရာသို့ ရောက်နေသည်လဲ မည်သူမှ မသိနိုင်ပေ။

လုန်ယွိကတော့ နဝမတောင်ထွတ်ကို သန့်ရှင်းရေးလုပ်ပေးပြီး ခြံဝင်းထဲတွင် ပန်းပင်လေးများကို ထပ်မံစိုက်ပျိုးသည်။

ပန်းပင်လေးများကိုကြည့်ရင်း သူမ၏မျက်ဝန်းများတွင် မျက်ရည်များဝဲလာပြန်သည်။

“ဂိုဏ်းတူမောင်လေး… ကျွန်မတို့ နောက်တစ်ခါ စိန်ခေါ်ပွဲလုပ်ဖို့ သဘောတူထားခဲ့ကြတာလေ ၊ ဒီတစ်ခေါက် ကျွန်မ သေချာပေါက်နိုင်မှာလို့ ပြောခဲ့တာလေ”

ပြောရင်း လုန်ယွိက ပန်းပင်များကြားတွင်ပေါက်နေသည့် မြက်ပင်များကို ဆွဲနှုတ်နေသည်။

သူမ နှလုံးသားထဲတွင် တောင်းဆုတစ်ခုသာလျှင် ရှိလေသည်။ ထိုတောင်းဆုက စိန်ခေါ်ပွဲတွင် သူမ အနိုင်ရယူလိုခြင်း မဟုတ်ခဲ့ပေ။

ကျန်းလန်ကို သူမအနားတွင် အမြဲတမ်းရှိနေစေချင်သည်မှာ သူမ၏ တစ်ခုတည်းသောတောင်းဆုသာလျှင် ဖြစ်သည်။

သို့သော်…

သူမ၏ဆုတောင်းများ ပြည့်လာနိုင်ပါမည်လား မသေချာပေ။

***

နွေရာသီကုန်ဆုံးကာ ဆောင်းဦးသို့ ရောက်ရှိလာခဲ့ပြီး ရာသီအလီလီပြောင်းလဲသွားခဲ့သည်။

လုန်ယွိသည် အစီအရင်နှင့်ပတ်သက်သည့်စာအုပ်များကို စတင်ဖတ်ရှုလေ့လာခဲ့ပြီး နဝမတောင်ထွတ်ရှိ အစီအရင်များကို စတင်ပြုပြင်သည်။ အစီအရင်များအားလုံး ပြုပြင်ပြီးသွားလျှင် ကျန်းလန် ပြန်လာကောင်း ပြန်လာနိုင်သည်ဟု သူမ မျှော်လင့်ထားသည်။

ထို့ပြင် သူမက နဝမတောင်ထွတ်ကိုလည်း နှစ်စဉ်နှစ်တိုင်း သန့်ရှင်းရေး ပြုလုပ်ပေးသည်။

အချိန်ကာလကြာရှည်ခဲ့ပြီး ကောင်းကင်ထက်မှ ကြယ်စင်များ ရွေ့လျားပြောင်းလဲသွားသည်။

လျှပ်တပြက်အတွင်း နှစ်ပေါင်း (၁၀၀) ဆိုသည့်အချိန်က ကုန်ဆုံးသွားသည်။

လုန်ယွိသည် နဝမတောင်ထွတ်မှ တစ်ဖဝါးမှမခွာဘဲ နှစ်ပေါင်း (၁၀၀) လုံးလုံးနေထိုင်ခဲ့သည်။ သူမက အခြားသူများနှင့်လည်း စကားမပြောဘဲ တစ်ခါတစ်ရံ မိုးကုတ်စက်ဝိုင်းဆီသို့ ငေးမျှော်ကြည့်နေတတ်သည်။ သူမ၏ ကိုယ်ပိုင်ကမ္ဘာထဲတွင်သာ ရှင်သန်လျှက် ရှိလေသည်။

နှစ်ပေါင်း (၁၀၀) ကြာမြင့်ခဲ့ပြီးနောက် သူမသည် အတိတ်တစ်ချိန်က ကျန်းလန်၏ပုံစံကဲ့သို့ ဖြစ်လာသည်။

နံနက်နေထွက်ချိန် ၊ ညနေ နေဝင်ချိန်များကို ကြည့်ရှုသည်။ နေ့တိုင်း စာကြည့်တိုက်သို့သွားကာ စာအုပ်များကို ဖတ်ရှုပြီး ညဘက်တွင် ကြယ်စင်ကောင်းကင်ကို ငေးမျှော်နေတတ်သည်။

သို့သော်… နေ့စဉ် နံနက်တိုင်း ၊ ညနေတိုင်း ကျန်းလန် ပြန်လာလေမည်လားဟု မက်မွန်တောအုပ်ဆီ အစဉ်အမြဲ လှမ်းမျှော်ကြည့်တတ်သည်။

ကျန်းလန် သေချာပေါက် ပြန်လာမည်ဟု သူမ ယုံကြည်ထားလေသည်။

ထိုသို့ဖြင့်…

နှစ်တစ်နှစ်အရောက်တွင်တော့  မော့ကျန်းသုန့်သည် ခွန်လွန်ဗလာနယ်တံခါးဆီသို့ ထွက်ခွာသွားပြီး ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။ ယနေ့ ခွန်လွန်ဗလာနယ်ထဲမှ တစ်စုံတစ်ယောက် ထွက်လာမည်ကို သိရှိနေသည့်အလား ဖြစ်သည်။

မွန်းတည့်ချိန်…

အလွန်ချောမောလှပသည့် မိန်းမပျိုတစ်ယောက် ခွန်လွန်ဗလာနယ်ထဲမှ ဖြည်းညင်းစွာ ထွက်ခွာလာလေသည်။ သူမသည် နို့နှစ်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နှုတ်ခမ်းအစုံက ပြုံးလျှက်ရှိသည်။

တောက်ပသောမျက်ဝန်း ၊ ဖြူစင်လှပသည့်အသားအရေ ၊ ကျော့ရှင်းသည့်ခန္ဓာကိုယ်တို့ဖြင့်  အလွန်တရာ ချောမောလှပသူလေး ဖြစ်သည်။

သူမ၏မျက်နှာလေးသည် လပြည့်ဝန်းပမာ လှပပြီး စွဲဆောင်နိုင်စွမ်းရှိသည့် ပန်းလေးတစ်ပွင့်နှင့်ဆင်တူသည်။

နေရောင်ခြည်က သူမခန္ဓာကိုယ်ထက်ဖြာကျလျှက်ရှိပြီး မော့ကျန်းသုန့်ကိုတွေ့သည်နှင့် သူမက ပြုံးရယ်ရင်း နှုတ်ဆက်လိုက်သည်။

“ဂိုဏ်းတူအစ်ကို ၊ မတွေ့တာကြာပြီနော်”

မော့ကျန်းသုန့်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

“မင်း အသက်ရှင်လျက် ပြန်လာမယ်ဆိုတာ ငါ ယုံကြည်နေတယ် ညီမလေး…”

အနှီမိန်းမပျိုလေးသည်ကား အခြားသူမဟုတ်ပေ။ သေဆုံးသွားပြီးနောက် ခွန်လွန်ဗလာနယ်ထဲတွင် ပြန်လည်အသက်ရှင်သန်လာသည့် မြောင်ယွဲ့ပင် ဖြစ်သည်။

ထို့နောက် သူတို့ (၂)ယောက် ဘေးချင်းယှဉ်လျှက် ခွန်လွန်တောင်သို့ လမ်းလျှောက်ပြန်လာကြသည်။

မြောင်ယွဲ့က…

“ကျန်းလန်ရော… ဘယ်လိုလဲ”

မော့ကျန်းသုန့်က…

“သူ ပြန်မလာသေးဘူး”

သူမက ကျန်းလန်ကို မေးလိုက်သည်မှာ သူမအတွက် အောင်သွယ်ပေးရန်ဖြစ်သည်။ ယခု ကျန်းလန် ပြန်မရောက်သေးရာ ကိုယ်တိုင်ပင် လှုပ်ရှားရပေတော့မည်။

မြောင်ယွဲ့က ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်ရင်း…

“ဂိုဏ်းတူအစ်ကို ပေးထားတဲ့ကတိကို မှတ်မိသေးလား”

မော့ကျန်းသုန့်က သူမ၏မေးခွန်းကို တိုက်ရိုက်မဖြေခဲ့ပေ။

“မင်းက အခုမှ ရွှေပြဒါးအမြုတေအဆင့်ပဲ ရှိသေးတာလေ ၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့် အရင်အတိုင်းပြန်ဖြစ်လာအောင်လုပ်ဖို့က ပိုပြီးအရေးမကြီးဘူးလား”

“ဘာလဲ… ဂိုဏ်းတူအစ်ကိုက စကားမတည်ချင်တာလား”

“မဟုတ်ပါဘူးဗျာ”

“ဒါနဲ့ အခု ပဉ္စမတောင်ထွတ်ရဲ့ တောင်သခင်က ဘယ်သူလဲ”

“အဲဒီမှာ တောင်သခင် မရှိသေးဘူး ၊ ဒုတိယတောင်ထွတ် ၊ စတုတ္ထတောင်ထွတ် ၊ ပဉ္စမတောင်ထွတ် ၊ ဆဋ္ဌမတောင်ထွတ်နဲ့ သတ္တမတောင်ထွတ်တွေမှာ တောင်သခင်နေရာတွေ လွတ်နေဆဲပဲ”

“ဒါနဲ့ ဂိုဏ်းတူအစ်ကို ၊ မိန်းကလေးတစ်ယောက်ဘေးနားမှာ အိပ်ဖူးလား”

“မအိပ်ဖူးဘူး ၊ ဒါပေမဲ့ နောက်ဆိုရင် အိပ်ရတော့မှာပါ”

ခွန်လွန်တောင်သို့ ပြန်ရာလမ်းတစ်လျှောက်တွင် သူတို့ (၂)ယောက် ရောက်တက်ရာရာစကားများ ပြောဆိုလာကြသည်။

နောက်တစ်နှစ်တွင်တော့…

သေရည်ဆိုင်တွင် လူငယ်လေးတစ်ယောက်က ရေသဖန်းပင်လေးနှင့် သားရဲဥလေးကို ဝိညာဉ်ဆေးရည်များလောင်းပေးနေသည်။

ထိုလူငယ်လေးက အရင်က ကောင်ငယ်လေးနှင့် မတူညီတော့ဘဲ ရုပ်ရည်ချေမောပြေပြစ်ပြီး မျက်ဝန်းများက တောက်ပနေသည်။ အသက်အရွယ်အားဖြင့် (၁၆)နှစ် (၁၇)နှစ်ခန့် ရှိပြီ ဖြစ်သည်။

ထိုအချိန်…

အစိမ်းရောင်အသားအရေ ၊ ချွန်ထက်သည့်သွားများနှင့် သန်မာသည့် အရိုးများကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာအချို့ရထားသည့် အမျိုးသမီးတစ်ယောက် သေရည်ဆိုင်ရှေ့သို့ ရောက်ရှိလာသည်။ သူမကို ကြည့်ရသည်မှာ အနည်းငယ် ဝမ်းနည်းနေဟန် ရှိသည်။ ထိုအမျိုးသမီးက တစ္ဆေတိုင်းပြည်မှ ချင်းမု၏ အမေပင် ဖြစ်သည်။

လူငယ်က ထိုအမျိုးသမီးကိုကြည့်လိုက်ရင်း…

“ဘာများကူညီပေးရမလဲ”

အမျိုးသမီးက…

“ဒါက ခွန်လွန်တောင်လား”

လူငယ်က ခေါင်းညိတ်ရင်း…

“ဟုတ်တယ် ၊ ဒီနေရာက ခွန်လွန်တောင်ခြေပါ”

အမျိုးသမီးက သနားစဖွယ်မျက်နှာထားဖြင့်…

“ငါ ဒီနေရာမှာ ခဏလောက် နေထိုင်ခွင့်ရနိုင်မလား ၊ ပြီးတော့ အသက်မွေးဖို့ အလုပ်လေးဘာလေးလည်း လိုချင်ပါတယ်”

ထိုအချိန်မှစပြီး တစ္ဆေတိုင်းပြည်မှ အမျိုးသမီးသည် ခွန်လွန်တောင်ခြေတွင် နေထိုင်ခဲ့လေသည်။

သူမ၏ခင်ပွန်းနှင့် သားဖြစ်သူတို့ ခွန်လွန်ဗလာနယ်ထဲမှ ပြန်ထွက်လာမည့်အချိန်ကို သူမက လာရောက်စောင့်မျှော်ခြင်း ဖြစ်သည်။ သူမ၏သားဖြစ်သူက တစ္ဆေတိုင်းပြည်မှ နံပါတ် (၁) လက်သီးစွမ်းအားရှင် “ချင်းမု” ဖြစ်ပြီး ကပ်ဆိုးကြီးကျရောက်သည့်အချိန်တွင် တိုက်ပွဲဝင်ရင်း အိမ်သို့ပြန်ရောက်မလာခဲ့တော့ပေ။

နောက်တော့ ခွန်လွန်တောင်တွင် ခွန်လွန်တောင်ဗလာနယ်ဆိုသည့် နယ်မြေတစ်ခုရှိကြောင်း သိရှိခဲ့ရပြီး ဗလာနယ်တံခါးမှ ပြန်ထွက်လာမည့် သားဖြစ်သူကို သူမက လာရောက်စောင့်မျှော်ခြင်း ဖြစ်သည်။

ခွန်လွန်တောင်သို့ လာရောက်ရန်အတွက် မရေမတွက်နိုင်သည့်အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး နှစ်ပေါင်း (၁၀၀)ကျော် အချိန်ယူခဲ့ရသည်။

နောက်ဆုံးတော့ လူငယ်လေးက သူမကို သေရည်ဆိုင်တွင် မျက်နှာချင်းဆိုင်ရှိ တောင်တစ်လုံးထက်တွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသည့်အလုပ်ပေးလိုက်ကာ သေရည်ဆိုင်တွင်ပင် တည်းခိုနေထိုင်ခွင့်ပေးခဲ့သည်။ ဤနည်းအားဖြင့် သူမ ခွန်လွန်တောင်တွင် နေထိုင်ခွင့်ရခဲ့သည်။

ထို့နောက် လူငယ်လေးက သေရည်ဆိုင်တွင် ဆက်လက်အလုပ်လုပ်ရင်း အဘိုးဖြစ်သူ ပြန်လာမည့်အချိန်ကို စောင့်နေသည်။

အဘိုးဖြစ်သူ ချန်ထားခဲ့သည့် နာမ်ဝိညာဉ်ရောင်ပြန်ပညာကို ကြိမ်ဖန်များစွာလေ့လာခဲ့ပြီး နာမ်ဝိညာဉ်သေရည်ဆိုင်ကိုလည်း တဖြည်းဖြည်း ထိန်းချုပ်နိုင်ခဲ့သည်။ ရေခဲပုစဉ်းရင်ကွဲတောအုပ်မှတစ်ဆင့် ကမ္ဘာအရပ်ရပ်သို့ သွားနိုင်သည့်နည်းလမ်းကိုလည်း သူ သိရှိခဲ့သည်။

သူက အလယ်ပိုင်းလွင်ပြင်ဒေသသို့သွားခဲ့ပြီး ဟုန်ယာ၏သတင်းများကိုလည်း စုံစမ်းခဲ့သည်။ ဟုန်ယာသည် ဇာမဏီမျိုးနွယ်များ၏ ဧကရီသခင်မ ဖြစ်လာတော့မည်ဆိုသည့်သတင်းကို ကြားသိခဲ့ရသည်။

ဇာမဏီဧကရီဖြစ်လာမည်ဆိုလျှင် သူမသည် ဝူထုန်တောင်တွင်ပင်နေထိုင်ရင်း ကောင်းကင်ကိုးခု၏ မဟာတာအိုကို နားလည်အောင် ကျင့်ကြံရမည် ဖြစ်သည်။

ထိုသတင်းများကိုကြားသည့်အခါ လူငယ်လေး သက်ပြင်းချမိသည်။ ဟုန်ယာကို နောက်တစ်ခေါက်တွေ့ဆုံရန် သူ့အတွက် အခွင့်အရေး မရှိနိုင်တော့ပေ။

ဝူထုန်တောင်တွင် ထာဝရနေထိုင်မည့် ဇာမဏီဧကရီအနေဖြင့် အခြားသူတစ်ယောက်ဖြင့် လက်ထပ်ဖို့နေနေသာသာ သူမနေထိုင်ရာနေရာကိုပင် စွန့်ခွာရန် ခက်ခဲသည်။

လူငယ်လေးက ဟုန်ယာနှင့်တစ်ခါလောက်ထပ်တွေ့ချင်သည့်တိုင် သူမက ဝူထုန်တောင်ပေါ်မှ ဆင်းမလာခဲ့တော့ပေ။

***

ဝူထုန်တောင်။

“ဘာ… ဇာမဏီဧကရီ မဖြစ်ချင်ဘူး ဟုတ်လား”

ဒေါသတကြီး အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက ဘိုးဘေးဇာမဏီနတ်ဘုရား၏ အသံဖြစ်သည်။

“မင်းက နောက်ဆုံးအဆင့်ကိုရောက်နေပြီ ၊ မင်းအနာဂတ်က ဒီလောက်တောက်ပနေတာ ၊ ဘာလို့ ရုတ်တရက်ကြီး စွန့်လွှတ်ချင်ရတာလဲ"

ဟုန်ယာက…

“ကျွန်မ ဝူထုန်တောင်ကို ပြန်ရောက်ကတည်းက မေးခွန်းတစ်ခုကို စဉ်းစားနေခဲ့တယ်”

ဟုန်ယာ၏အသံက ထူးထူးခြားခြားတည်ငြိမ်နေသည်။ သူမကိုကြည့်ရသည်မှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်နေဟန် ရှိသည်။

ဘိုးဘေးဇာမဏီနတ်ဘုရားက…

“ဘာမေးခွန်းလဲ”

ဟုန်ယာက…

“ကျွန်မရဲ့အနာဂတ်နဲ့ ကျွန်မရဲ့ဘ၀ ဘယ်ဟာက ပိုအရေးကြီးသလဲဆိုတာ ကျွန်မတွေးနေခဲ့တာ”

ဘိုးဘေးဇာမဏီနတ်ဘုရားက တိုးလျသည့်အသံဖြင့်…

“မင်း အဖြေရှာတွေ့ခဲ့သလား”

အနာဂတ်နှင့်ဘဝ။

လူအချို့က သူတို့၏ အနာဂတ်ကို စွန့်လွှတ်တတ်ကြပြီး အချို့ကတော့ ဘဝကို စွန့်လွှတ်တတ်ကြသည်။ အနာဂတ်သည် မီးရှူးမီးပန်းများပမာ တောက်ပနေသည့်တိုင် ဘဝကတော့ တိုတောင်းလွန်းသည်။

အနာဂတ်နှင့်ဘ၀ မည်သည်က ပိုအရေးကြီးသည်လဲဆိုသည်က ထင်ရှားသည့်အဖြေတစ်ခု ရှိနေသော်လည်း အငြင်းပွားဖွယ်လည်း ရှိနေဆဲ ဖြစ်သည်။

ဟုန်ယာက ခေါင်းညိတ်လိုက်ရင်း…

“အဖြေရှာတွေ့ခဲ့တယ် ၊ ကျွန်မအတွက်တော့ ဘဝက အရေးကြီးတယ်”

သူမက ဆက်ပြောသည်။

“ကျွန်မအတွက်တော့ အနာဂတ်ကို စွန့်လွှတ်လိုက်ရတာက ဝမ်းနည်းစရာ မဟုတ်ပါဘူး ၊ ရှေ့ဆက်လျှောက်လှမ်းဖို့ အချိန်တွေအများကြီး ရှိပါသေးတယ် ၊ ကျွန်မဘဝကို စွန့်လွှတ်လိုက်ရင်သာ ကျွန်မအတွက် ဘာမှအဓိပ္ပါယ်ရှိမှာ မဟုတ်တော့ဘူး”

ဘိုးဘေးဇာမဏီနတ်ဘုရားက ခဏမျှစဉ်းစားလိုက်ရင်း…

“မင်း ဒီလိုဆုံးဖြတ်လိုက်တာ အဓိပ္ပါယ်ရှိသလား ၊ မင်း ကောင်းကင်ကိုးထပ်စည်းတံဆိပ်ကို လက်ခံပြီးရင် ဇာမဏီမျိုးနွယ်တွေရဲ့ ခေါင်းဆောင် ၊ ဇာမဏီဧကရီ ဖြစ်လာမှာပဲ ၊ ပြီးရင် ငါရရှိထားတဲ့ နတ်ဘုရားရာထူးကိုလည်း မင်းကို ပေးအပ်မယ် ၊ ဒါဆိုရင် မင်းအတွက် ဘဝရော အနာဂတ်ရော နှစ်ခုလုံး ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးလား”

ဟုန်ယာက ခေါင်းခါယမ်းလိုက်ရင်း…

“အဲဒီလို မဟုတ်ဘူး”

ဘိုးဘေးဇာမဏီနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်ရင်း…

“အဲဒီလိုမဟုတ်ဘူး ၊ ဟုတ်လား”

ဟုန်ယာက ခေါင်းငုံ့လိုက်ပြီး ခပ်တိုးတိုးလေသံဖြင့်…

“ဘာဖြစ်လို့လဲဆိုတော့…  ကျွန်မအတွက် အသက်တောင်ပေးရဲတဲ့သူတစ်ယောက်အတွက် ကျွန်မရဲ့ အနာဂတ်ကို စွန့်လွှတ်ချင်တာပါ ၊ မေတ္တာတရားကို ဘယ်လိုပြန်ပေးဆပ်နိုင်မလဲ ၊ သူ့စေတနာတွေကိုသာ ပြန်မဆပ်နိုင်ဘူးဆိုရင် ကျွန်မ သေရင်တောင် သူ့ရှေ့မှာ ကျွတ်လွတ်နိုင်မယ် မထင်ဘူး ၊ ဒါကြောင့် ကျွန်မရဲ့တောင်ပေါ်က ဆင်းသွားတာ အကောင်းဆုံးပါပဲ ၊ သူ့ကျေးဇူးကိုသတိရပြီး တစ်သက်လုံးနောင်တရနေမယ့်အစား အခုပဲ ကျွန်မ သူ့ဆီကိုသွားရမယ်”

ဘိုးဘေးဇာမဏီနတ်ဘုရားက သက်ပြင်းချလိုက်ရင်း…

“မင်း လူတွေနဲ့နေတာကြာလို့ စိတ်ခံစားမှုတွေ ရှုတ်ထွေးလာပြီထင်တယ်”

ခဏနားပြီးမှ သူမက အလေးအနက် သတိပေးစကားဆိုသည်။

“မင်း သေချာစဉ်းစားပါ ၊ တောင်ပေါ်ကဆင်းသွားတာနဲ့ စိတ်ပြောင်းပြီး တောင်ပေါ်ပြန်လာချင်ရင်တောင် ဇာမဏီဧကရီ မဖြစ်နိုင်တော့ဘူးနော် ၊ ဝူထုန်တောင်မှာပဲ နေမယ်ဆိုရင် ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးမှာ သြဇာရှိတဲ့လူတစ်ယောက် ဖြစ်လာလိမ့်မယ် ၊ ဒါပေမဲ့ ထွက်သွားရင်တော့ ဘာမှ မရရှိနိုင်တော့ဘူး ၊ အနာဂတ်မှာ မင်းဟာ သာမန်ဘဝနဲ့ပဲ နေထိုင်သွားရလိမ့်မယ်”

သို့သော်…

နောက်တစ်နေ့တွင်တော့ ဟုန်ယာသည် ဝူထုန်တောင်ပေါ်မှ ဆင်းသွားခဲ့လေသည်။

နောက်ပိုင်းတွင် ဇာမဏီမျိုးနွယ်များသည်လည်း ဇာမဏီဧကရီနေရာတွင် အခြားသူတစ်ယောက်နှင့် အစားထိုးလိုက်ကြသည်။

***

ပင်လယ် (၄)ခု ဒေသ။

အဋ္ဌမမင်းသား နဂါးနန်းတော်မှ ထွက်ခွာလာသည်။

သူက ပင်လယ်ပြင်ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း သက်ပြင်းချလိုက်သည်။

“ဟူး… နောက်ဆုံးတော့ ငါ ထွက်လာနိုင်ပြီပဲ”

နဂါးနန်းတော်မှ ထွက်လာသည်နှင့် လုန်မန်တစ်ယောက် အနောက်ဘက်စွန့်ပစ်နယ်မြေသို့ ဦးတည်လာခဲ့သည်။

ပျက်သုဉ်းတစ်စပြင်လောကကြီးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များစွာ လုပ်ဆောင်စရာရှိသေးသော်လည်း သူနှင့်မသက်ဆိုင်တော့ပေ။ သူက ကောင်းကင်နဂါးဓားကို အသုံးပြုနိုင်သော်လည်း ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလေရာ များစွာအသုံးမဝင်လှပေ။

“ဦးလေးလုန်ရဲ့လည်း ခွန်လွန်ဗလာနယ်ထဲက ထွက်လာတော့မယ် ၊ သူ့ကို သွားကြိုရမယ်”

ရေရွတ်ရင်း အဋ္ဌမမင်းသား ရယ်မောလိုက်သည်။ ထို့နောက် လျှပ်စီးများလင်းလက်လာပြီး နေရာမှာပင် ပျောက်ကွယ်သွားသည်။

လပေါင်းများစွာ ကြာမြင့်ခဲ့ပြီးသည့်နောက်…

ခွန်လွန်ဗလာနယ်ထဲမှ မိန်းကလေးငယ်တစ်ယောက်၏ ဦးခေါင်းထွက်လာသည်။ ဤနေရာက မည်သို့သောနေရာဖြစ်သည်ကို စူးစမ်းနေသည့်အလား ဖြစ်သည်။

ထို့နောက် သူမ ခွန်လွန်ဗလာနယ်ထဲမှ အပြင်သို့ ထွက်လာသည်။

ဘေးအန္တရယ်ကပ်ဆိုးကြီး ပြီးဆုံးသွားသည်မှာ နှစ်ပေါင်းရာချီခဲ့ပြီ ဖြစ်သည်။

သူမ၏ ကျင့်ကြံခြင်းအဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့်သာ ရှိသေးသည်။ ထိုမျှ နိမ့်ပါးသေးသည့် ကျင့်ကြံခြင်းအဆင့်က ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် လှည့်လည်သွားလာရန်မှာ အလွန်အန္တရယ်များသည်။

သူမ မြေပြင်ထက်ခြေချလိုက်သည်နှင့် ကမ္ဘာမြေက သူမကို ကြိုဆိုသည့်အလား ပန်းပွင့်များပွင့်လန်းလာသည်။ သူမဝတ်ဆင်ထားသည့် အဝါရောင်ဖျော့ဖျော့ဝတ်စုံသည် နေရောင်ခြည်အောက်တွင် လင်းလက်လျှက် ရှိသည်။

ကမ္ဘာမြေက သူမပြန်လာသည်ကို ကြိုဆိုလျှက် ရျီလေသည်။

သူမသည် ကမ္ဘာမြေ၏ အကာအကွယ်ကို ရရှိထားပြီး ခွန်လွန်ဗလာနယ်ထဲမှ ပြန်လည်ရှင်သန်လာသည့် ချီလင်မျိုးနွယ် ယန်ရှီးယွင် ဖြစ်သည်။

ယန်ရှီးယွင်က မြေပြင်ကို ထိကိုင်လိုက်ပြီး ပြုံးလိုက်သည်။

“ကမ္ဘာမြေပြင်တောင် အတော်လေး နေကောင်းလာပြီပဲ”

ထို့နောက် သူမက ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့်လုပ်လိုက်ရင်း…

“အိမ်ပြန်ခင် ခွန်လွန်တောင်ကိုသွားပြီး အင်မော်တယ်ဖြစ်အောင် အရင်လုပ်ရမယ်လို့ ပြောတယ် ၊ ဒါပေမဲ့ ဘယ်သူ့ကို သတင်းပို့ပြီး အဲဒီကို သွားရမှာလဲ”

သူမ ခွန်လွန်တောင်ကို မည်သို့သွားရမှန်းမသိဘဲလမ်းပျောက်နေသည်။

ထိုစဉ် အလင်းတန်းတစ်ခုကို သူမတွေ့မြင်လိုက်ရသည်။ သေရည်ဆိုင်မှထွက်ပေါ်နေသည့်အလင်းရောင်ဖြစ်လေသည်။ ယန်ရှီးယွင် ဝမ်းသာသွားပြီး အလျှင်အမြန်ပင် သေရည်ဆိုင်သို့ ပြေးသွားလိုက်သည်။

“ဆိုင်ရှင်လေး ၊ မင်းက အရမ်းနှေးတာပဲ ၊ မနေ့ကတည်းက ကြိုမှာထားတဲ့ အကောင်းစားသေရည်က အခုထိလည်း မရသေးဘူး”

လုကျန်းက စိတ်ပျက်လက်ပျက်ဖြင့် ကောင်တာကိုမှီရင်း ညည်းညူလိုက်သည်။

ထို့နောက် အဝတ်စတစ်စကို ပါးစပ်ဖြင့်ကိုက်ချီကာ စားပွဲများကို သုတ်နေသည့် ဖီရှိုးကို လှမ်းကြည့်လိုက်သည်။

“ဖီရှိုးတောင် တော်တော်ပိန်သွားပါလား ၊ အလုပ်ပင်ပန်းလို့နေမှာ”

ထိုစကားကိုကြားတော့ ဖီရှိုးက လုကျန်းကို မျက်ရည်ဝိုင်းနေသည့် မျက်လုံးကြီးများဖြင့် လှည့်ကြည့်လာသည်။ နောက်ဆုံးတော့ သူ အလုပ်ပင်ပန်းသည်ကို နားလည်သူတစ်ယောက် ရှိလာခဲ့ပြီ။ ဆိုင်ရှင်အသစ်က အလွန်ရက်စက်စွာ သူ့ကို မနားတမ်း ခိုင်းလေသည်။

လူငယ်ေးလက အကောင်းစားသေရည်အိုးကို လုကျန်းထံ လှမ်းပေးလိုက်ရင်း…

“ရော့… အကောင်းဆုံးတော့ လုပ်ထားတာပဲ”

လုကျန်းက သေရည်ကို အနည်းငယ်မြည်းကြည့်လိုက်ပြီး ခေါင်းတစ်ချက်ညိတ်လိုက်သည်။

“မဆိုးဘူး ၊ အဘိုးလက်ရာကို မှီခါနီးနေပြီ ၊ ဆက်ကြိုးစားပါ”

ထို့နောက် လုကျန်းက နှုတ်ဆက်ပြီးထွက်ခွာသွားသည်။

လူငယ်လေးက အဘိုးဖြစ်သူကို မမီသေးပေ။ ထို့ကြောင့် အမြဲတမ်း ကြိုးစားနေခဲ့ရလေသည်။ လုကျန်းကတော့ မကြာခဏ သေရည်လာရောက်ဝယ်ယူသည့်အတွက် လူငယ်လေး မည်မျှတိုးတက်လာသည်ကို အချိန်နှင့်အမျှ သိရှိနေသည်။

လုကျန်းပြန်သွားတော့မှ လူူငယ်က ကောင်တာပေါ်သို့ သေရည်တစ်အိုးတင်လိုက်ရင်း…

“ဟင်း… တစ်ယောက်တည်းအလုပ်လုပ်ရတာ ပင်ပန်းလိုက်တာ”

“ဒါဆိုဘာလို့ ဝန်ထမ်းမငှားတာလဲ”

တံခါးဝမှ အသံတစ်သံထွက်ပေါ်လာခြင်းပင်။ ထိုအသံက လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နက်နေသည်။

လူငယ် ခေါင်းမော့ကြည့်လိုက်တော့ သူ့ကို အထင်အမြင်သေးသည့်အကြည့်ဖြင့် ကြည့်နေသော အဋ္ဌမမင်းသားကို တွေ့လိုက်ရသည်။

လူငယ်က တအံ့တသြဖြင့်…

“နဂါးစုတ်… ၊ ခင်ဗျား မသေသေးဘူးလား ၊ ကျုပ်က ခင်ဗျားသေပြီထင်နေတာ”

အဋ္ဌမမင်းသားက ဒေါသတကြီးဖြင့်…

“မင်းတောင်မသေရင် ကျုပ်က ဘာကိစ္စသေရမှာလဲ”

ထို့နောက် လုန်မန်က သေရည်ဆိုင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရင်း…

“ဟို ဇာမဏီကောင်မလေး ဘယ်ရောက်သွားပြီလဲ ၊ သေသွားပြီလား”

လူငယ်က ဒေါသတကြီးဖြင့် ပြန်အော်သည်။

“ခင်ဗျားက သေသင့်တဲ့သူပဲ ၊ ကျုပ်မှမသေတာ ဟုန်ယာက သေစရာလား”

လုန်မန်က ခေါင်းခါယမ်းလိုက်ရင်း…

“အသုံးမကျတဲ့ ငတုံး ၊ မင်း ကျုပ်အစ်မဆီက ဘာလို့ မသင်ယူရတာလဲ”

ထို့နောက် သူက သက်ပြင်းချလိုက်ရင်း…

“ယောက်ဖလည်း ဘယ်တော့ပြန်လာမလဲ မသိဘူး ၊ ကျုပ် အစ်မကို သွားတွေ့တာ သူတော်တော်စိတ်မချမ်းမသာ ဖြစ်နေတယ်ကွာ”

လုန်မန်၏စကားကြောင့် လူငယ်လေးလည်းစိတ်မကောင်း ဖြစ်သွားသည်။

ထိုအချိန် ကောင်တာပေါ်မှ ရေသဖန်းပင်လေးနှင့် သားရဲဥလေးကိုတွေ့သွားသည့် အဋ္ဌမမင်းသားက အော်ဟစ်လိုက်သည်။

“ဟာ… ဒီ ရေသဖန်းပင်နဲ့ သားရဲဥက ဘာလို့ မင်းဆီရောက်နေတာလဲ”

စိတ်မကောင်းဖြစ်နေသည့် လူငယ်က ချက်ချင်းပင် ပြန်အော်လိုက်သည်။

“ကျုပ်ဆီရောက်နေတော့ ဘာဖြစ်လို့လဲ ၊ ကျုပ်ရဲ့ သေရည်ဆိုင်အဝမှာ သူတို့လဲကျနေလို့ ကျုပ်မွေးထားတာလေ ၊ အစ်မကြီးကိုမေးကြည့်တော့လည်း သူတို့ကို ကျုပ်ဆီမှာထားလို့ရတယ်လို့ ပြောတယ် ၊ ဒါနဲ့… နဂါးစုတ် ၊ ခင်ဗျားပြန်လာတာ ကျုပ်ဆီမှာ ဝန်ထမ်းလုပ်မလို့လား”

အဋ္ဌမမင်းသားက မောက်မာသည့်လေသံဖြင့်…

“လုံးဝပဲ ၊ ကျုပ်က အစကတည်းက သူဌေးပဲဖြစ်ချင်တာ ၊ ဘယ်တော့မှ ဝန်ထမ်းမလုပ်ဘူး”

နဂါးနန်းတော်တွင်နေထိုင်ရန်လည်း မလိုအပ်လေရာ သူက ခွန်လွန်တောင်တွင် အခြေချပြီး စီးပွားရေးလုပ်ရန် ဆုံးဖြတ်ထားသည်။

သူ ခွန်လွန်တောင်မှာ နေချင်သည်ဆိုလျှင် နဂါးမျိုးနွယ်များကလည်း ငြင်းဆန်နိုင်မည် မဟုတ်ပေ။ ခွန်လွန်ဂိုဏ်းချုပ်က မိုးကောင်းကင်တာအိုနှင့် ပေါင်းစည်းထားသူဖြစ်ပြီး ပျက်သုန်းတစ်စပြင်လောကကြီးတစ်ခုလုံးကို ကယ်တင်ခဲ့သည့် ကောင်းကင်ဘုံအရှင်က ခွန်လွန်တောင်မှ တပည့်ဖြစ်သည်။

မျိုးနွယ်စုပေါင်းစုံမှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ခွန်လွန်ဗလာနယ်ထဲမှ ထွက်ခွာလာပြီးနောက် ခွန်လွန်တောင်တွင် တပည့်ခံကာ အင်မော်တယ်ဖြစ်လာသည်အထိ ကျင့်ကြံကြရသည်။ အင်မော်တယ်ဖြစ်လာမှသာ သက်ဆိုင်ရာ မျိုးနွယ်များဆီသို့ ပြန်ခွင့်ရှိသည်။

သို့ဖြစ်ရာ ခွန်လွန်တောင်သည် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် နံပါတ် (၁) ကျင့်ကြံသူဂိုဏ်းကြီး ဖြစ်နေဆဲ ဖြစ်၏။ လူတိုင်းက ခွန်လွန်တောင်တွင် ပညာသင်ယူလိုကြသည်။

ခွန်လွန်တောင်၏ နောက်ခံက နက်နဲလွန်းပြီး လုန်မန်၏ အစ်မက ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်သလို ယောက်ဖက ကောင်းကင်ဘုံအရှင် ဧကရာဇ်လွန်လင်ဖြစ်သည်။

ထို့ကြောင့် လုန်မန်သည်လည်း ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် အရှိန်အဝါကြီးမားသူတစ်ယောက် ဖြစ်လာခဲ့သည်။ ယခုတော့ သူသည်လည်း ယောက်ဖ ပြန်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။

အခြေအနေက မည်သို့ရှိပါစေ အကောင်းမြင်စိတ် ထားရမည် ဖြစ်သည်။

“ဒေါက် ဒေါက်”

တံခါးခေါက်သံ ထွက်ပေါ်လာသည်။

အဋ္ဌမမင်းသားကို ရေဖြင့်လောင်းကာမောင်းထုတ်ရန် ကြံစည်နေသည့် လူငယ်က တံခါးဝသို့ လှမ်းကြည့်လိုက်၏။

လူငယ်က ခဏမျှ အံ့သြမှင်တက်နေပြီးမှ…

“နဂါးစုတ်… ၊ ကျုပ်တော့ သွားပြီလား မသိဘူး ၊ အခု တံခါးဝမှာ ဟုန်ယာကို တွေ့နေရတယ်”

လုန်မန် လှည့်ကြည့်လိုက်တော့ တံခါးဝတွင်ရပ်နေသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ၏ အမူအရာက တည်ငြိမ်နေသော်လည်း အနည်းငယ် ရှက်ရွံ့နေဟန်ပင်။

အဋ္ဌမမင်းသား : “……”

သူလည်း ဟုန်ယာကို တွေ့မြင်ရသည်ဆိုတော့ လူငယ်တစ်ယောက်တည်း ထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်ပေ။

ဟုန်ယာက…

“ကျွန်မ အခန်းငှားချင်လို့ပါ”

အဋ္ဌမမင်းသားက လူငယ်ကို ခြေထောက်ဖြင့် စောင့်ကန်လိုက်ရင်း…

“အခန်းငှားချင်တယ်လို့ ပြောနေတယ်လေ ငတုံးကောင်ရဲ့”

“နဂါးစုတ်… ခင်ဗျား ကျုပ်ကို ကန်ရဲတယ်… ဟမ်”

လုန်မန်ကို ရန်တွေ့ရန်ဟန်ပြင်နေသည့် လူငယ်သည် ချက်ချင်းပင် မယုံကြည်နိုင်စွာဖြင့် ဟုန်ယာကို လှမ်းကြည့်လိုက်သည်။

ဟုန်ယာက…

“ကျွန်မ အလုပ်လည်းလိုချင်လို့ ၊ ဆိုင်မှာ အလုပ်များ ခန့်နိုင်မလား”

လူငယ်က အထစ်ထစ်အငေါ့ငေါ့ဖြင့်…

“ငါ… ငါ… ငါ…”

အဋ္ဌမမင်းသားက ဟုန်ယာကို လှမ်းကြည့်လိုက်ပြီး လူငယ်ကို ခြေထောက်ဖြင့် ထပ်ကန်လိုက်သည်။

“သူက အလုပ်ခေါ်သလားလို့ မေးနေတယ်လေ”

“ဟမ်…”

လူငယ်က ဟုန်ယာကိုကြည့်ရင်း တဖြည်းဖြည်း သဘောပေါက်သွားသည်။

လူငယ်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့လိုက်ရင်း…

“ငါ… ငါက ယာယီဆိုင်ရှင်ပါ ၊ အဘိုးပြန်လာရင် ဆိုင်ရှင်မဟုတ်တော့ဘူး ၊ ဒါကြောင့် မင်းကလည်း ဆိုင်မှာ ယာယီဆိုင်ရှင် လုပ်လို့ရပါတယ် ၊ အဘိုးပြန်လာရင်တော့ ငါတို့အတူတူ ရာထူးကနေ ပြုတ်ကြတာပေါ့”

လူငယ်မှာ သူ့ကိုယ်သူလည်း ဘာတွေပြောနေမိမှန်း မသိတော့ပေ။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဟုန်ယာက…

“ဟုတ်ပါပြီ ၊ ဒါဖြင့် ကျွန်မက ဆိုင်မှာ ယာယီဆိုင်ရှင်လုပ်ဖို့ တကယ်အရည်အချင်း ရှိတာလား”

“ဟမ်…”

လူငယ်က အံ့အားသင့်စွာဖြင့် ခေါင်းမော့ကြည့်လိုက်ပြီးနောက် အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်သည်။

“အရည်အချင်းရှိတယ် ၊ တကယ်အရည်အချင်းရှိတယ် ၊ အရည်အချင်း အရှိဆုံးပဲ”

ဟုန်ယာက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရယ်မောလိုက်သည်။

“ဟွန့်… ကျွန်မတော့ မြောက်တော့မှာပဲ”

သူမက ဆက်ပြောသည်။

“ဒါဖြင့် ကျွန်မ အစွမ်းကုန်ကြိုးစားပါ့မယ် ၊ ဒါပေမဲ့ ကျွန်မက လူသားတစ်ယောက်မဟုတ်တဲ့အတွက် ရှင်ထင်သလိုတော့ ဖြစ်မလာနိုင်ဘူးနော် ၊ ကျွန်မက ဇာမဏီမျိုးနွယ်ဖြစ်လို့ ခံစားချက်တွေ သိပ်မထားတတ်ဘူး ၊ ဒါဆိုရင်ရော ယာယီဆိုင်ရှင် ဖြစ်ခွင့်ရဦးမှာလား”

လူငယ် အူကြောင်ကြောင် ဖြစ်သွားသည်။

တစ်ချိန်က နဝမတောင်ထွတ်ရှိ အစီအရင်ထဲတွင် ပုံရိပ်ယောင်ဟုန်ယာနှင့် တွေ့ခဲ့ရသည်ကို ပြန်သတိရမိသည်။ ယခုလည်း ဟုန်ယာအတုနှင့် တွေ့နေရသည်လား။

ထိုအချိန် လုန်မန်က လူငယ်ကို တွန်းထုတ်လိုက်ရာ လူငယ် အရှေ့သို့ အရှိန်လွန်ကျသွားပြီး ဟုန်ယာကို ပွေ့ဖက်မိလျှက်သား ဖြစ်သွားသည်။

ထူးဆန်းသည်မှာ ဟုန်ယာကလည်း သူ့ကို ပြန်ဖက်ထားလေသည်။

“သောက်ရူးကောင် ၊ နောက်ဆုံးတော့ ငါ့ကိုပဲ အားကိုးနေရတယ်”

အဋ္ဌမမင်းသား ရေရွတ်လိုက်သည်။

သူ့စကားကို နားထောင်ကာ ဟုန်ယာ၏ခေါင်းကို ရိုက်နှက်ခဲ့မည်ဆိုလျှင် ဟိုးအရင်ကတည်းက ကိစ္စပြတ်မည် ဖြစ်သည်။ ယခုတော့ အချိန်ကြာမြင့်ခဲ့ရသည်။

လူငယ်သည် အရင်ကောင်ငယ်လေးပုံစံမဟုတ်တော့ဘဲ အရွယ်ရောက်သည့်ပုံစံဖြစ်လာသည့်တိုင် လုံး၀ မတိုးတက်သေးပေ။

ထိုအချိန် သေရည်ဆိုင်ထဲသို့ မိန်းကလေးတစ်ယောက်ဝင်လာသည်။

“ဟင်… မောင်ငယ်လေး ညီမလေးကို ဘာလို့ ဖက်ထားတာလဲ”

ထိုမိန်းကလေးက ယန်ရှီးယွင်ပင် ဖြစ်၏။

“ဘန်း”

အဋ္ဌမမင်းသားက ယန်ရှီးယွင်ကို ကောင်းကင်နဂါးဓားဖြင့် လှမ်းရိုက်လိုက်ရာ ယန်ရှီးယွင်က ဟုန်ယာနောက်သို့ ဝင်ပုန်းလိုက်သည်။

“ဒီမိန်းကလေးက အချိန်အခါမဟုတ်ရောက်လာပြီး ပတ်ဝန်းကျင်မှာ ဘာဖြစ်နေလဲ နားမလည်ဘူး” ဟု လုန်မန်တွေးလိုက်သည်။

လူငယ်က ကြောက်လန့်တကြားဖြင့် ဟုန်ယာကို လွှတ်လိုက်သည်။

ဟုန်ယာက ရှက်ကိုးရှက်ကန်းဖြင့် ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ယန်ရှီးယွင်က  အခုမှ ခွန်လွန်ဗလာနယ်ထဲက ထွက်လာတာ ၊ ဒီလိုပြင်းထန်တဲ့ရိုက်ချက်ကို သူ ဘယ်လိုလုပ် ခံနိုင်မှာလဲ”

အဋ္ဌမမင်းသား : “……”

***

All Chapters