အပြောင်းအလဲ
Vol. 159 Ch. 2371
ထိုအသံ ထွက်ပေါ်လာသောအခါ အဲဒါက အဝေးမှာ ရှိနေဆဲဖြစ်၏။
နောက်ဆုံးစကားသံ ပြီးဆုံးသွားသည့်အချိန်မှာ ပုံရိပ်တချို့က ရောက်ရှိလာခဲ့ပြီဖြစ်ပြီး မိစ္ဆာတစ်သန်းစစ်တပ်ကို ဖြတ်ကျော်ကာ မိုးကြိုးလေပြေနန်းတော်ဆီသို့ ဦးတည်သွား၏။
“အဲဒါ ဘယ်သူတွေလဲ”
ပကတိမိစ္ဆာပညာရှင်တချို့က ရှေ့သို့ ထွက်ရပ်ပြီး အော်ပြောလိုက်၏။
“သူတို့ သွားပါစေ”
ယန်ကျစ်က ညင်သာစွာ လက်ကာပြပြီး ဝင်ရောက်လာသူများကို တည်ငြိမ်စွာ ကြည့်နေ၏။
သူတို့ကြားမှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ပါလေသည်။ သူတို့သည် အစက မိုးကြိုးလေပြေနန်းတော်မှဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဖြစ်၏။ ယခု သူတို့က ပြန်လည်ရောက်ရှိလာကြသည်။
ကျန်ရှိနေသော အနက်ရောင်ဝတ်အမျိုးသားနှင့် ငယ်ရွယ်သော ကိုယ်တော်လေးတစ်ပါးသည် အနိမ့်တန်းကောင်းကင်အင်မော်တယ်များသာဖြစ်ပြီး ကြောက်စရာ မရှိပေ။
လမင်းဝါးမျိုကောင်းကင်ဘုံဝံပုလွေကို စီးနင်းလာသည့် ငွေရောင်မျက်နှာဖုံးနှင့် ခရမ်းရောင်ဝတ်အမျိုးသားတစ်ယောက်ကသာလျှင် ထူးခြားအံ့မခန်းဖြစ်သည့်ပုံပေါ်ပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်ကို ထောက်လှမ်း၍ မရနိုင်ပေ။
“မင်းတို့တွေ ဘာလို့ပြန်လာကြတာလဲ”
ဖုန်စန်းထျန်က ကူထုံယိုနှင့် ချိုးစစ်လောကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“နန်းတော်အရှင်… ကျုပ်တို့တွေက ကူညီမယ့်သူတချို့ကို ရှာတွေ့ခဲ့တယ်”
ချိုးစစ်လောက သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်၏။ သူမက မလုံမလဲခံစားနေရပြီး သူမ၏ အသံက တိုးညင်းသွား၏။
ကောင်းကင်ဘုံဝံပုလွေ အပါအဝင် သူတို့မှာ ခြောက်ယောက်သာလျှင် ရှိ၏။ သို့သော်လည်း သူတို့နှင့် မိစ္ဆာတစ်သန်းစစ်တပ်အကြား ကွာဟချက်က အရမ်းကို ကြီးမားလွန်းနေ၏။
ဖုန်စန်းထျန်၏ အကြည့်က သိုင်းတာအိုပင်မခန္ဓာ၊ ယန်ပေးချန်နှင့် မင်းကျန်တို့အပေါ် ရောက်ရှိသွား၏။ သူက ကြိတ်၍ သက်ပြင်းချလိုက်၏။ အဲဒါက မည်သည့်အပြောင်းအလဲကိုမှ ဖြစ်စေလိမ့်မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာ သူသာလျှင် သေဆုံးရမည်သာမက ထိုသူများကလည်း အလကားသက်သက် သေရပေလိမ့်မည်။
“စီနီယာ မိုးကြိုးဧကရာဇ်”
ယန်ပေးချန်က သူ၏ ကျိတုဆေဘာကို ဆွဲထုတ်ပြီး သူ၏ ရင်ဘတ်ရှေ့မှာ ကန့်လန့်ဖြတ်ထားကာ လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ကျုပ်က ယန်ပေးချန်ပဲ… ကျုပ်ကလည်း ထျန်ဟွမ်ကုန်းမြေတိုက်ကပဲ… ဒီနေ့ ကျုပ်က ခင်ဗျားနဲ့ ရင်ဘောင်တန်း တိုက်ခိုက်ဖို့ ဒီနေရာကို ရောက်လာတာ”
“ကျုပ်က ထျန်ဟွမ်ကုန်းမြေတိုက်က မင်းကျန်ပဲ… ကျုပ်ကလည်း ခင်ဗျားနဲ့အတူ ယှဉ်တွဲပြီး တိုက်ခိုက်လိုပါတယ် မိုးကြိုးဧကရာဇ်”
မင်းကျန်က သူ၏ ဘယ်ဘက်လက်ထဲမှာ ပုတီးတစ်ကုံးကို ကိုင်စွဲထားပြီး သူ၏ ညာဘက်လက်ထဲမှာ ဧကရာဇ် အာနန္ဒာ ချန်ထားရစ်ခဲ့သည့် မိစ္ဆာနှိမ်နင်းတောင်ဝှေးကို ကိုင်စွဲထား၏။ သူ၏ အမူအရာက တည်ငြိမ်၍ အကြောက်အလန့် ကင်းမဲ့နေ၏။
“လက်စသတ်တော့ မင်းတို့တွေကလည်း ထျန်ဟွမ်ကုန်းမြေတိုက်ကပဲကိုး”
ဖုန်စန်းထျန်သည် ဝမ်းနည်းသွားသော်လည်း တစ်ချိန်တည်းမှာပင် သူက စိတ်ခံစားချက် မြင့်တက်လာပြီး သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လိုက်၏။
“ကောင်းတယ်ကွာ… ကောင်းတယ်… ကောင်းတယ်… ငါက ထျန်ဟွမ်ကုန်းမြေတိုက်က လူတွေနဲ့ အထက်ဘုံလောကမှာ ပြန်လည်ပေါင်းစည်းနိုင်ပြီဆိုတော့… ငါက နောင်တမရှိဘဲ သေနိုင်ပြီ… ဒီနေ့ ငါတို့တွေက ရှိသမျှအကုန်ထုတ်ဖော်ပြီး အားလုံးစိတ်ကျေနပ်အားရတဲ့အထိ သတ်ဖြတ်ကြမယ်”
ကူထုံယိုက သိုင်းတာအိုပင်မခန္ဓာကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“နန်းတော်အရှင်… သူက ထျန်ဟွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ”
ဖုန်စန်းထျန်က ခေါင်းညိတ်ပြလိုက်၏။
“မင်းက ထျန်ဟွမ်ဂိုဏ်းကို တည်ထောင်ခဲ့တယ်ဆိုမှတော့ မင်းကလည်း ထျန်ဟွမ်ကုန်းမြေတိုက်ကပဲ ဖြစ်ရမယ်”
“စီနီယာ မိုးကြိုးဧကရာဇ်… ကျုပ်က အထီးကျန်သိုင်းသခင်ပါ”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်လား”
ဖုန်စန်းထျန်က ထိုနာမည်ကို တစ်နေရာရာမှာ ကြားဖူးသည့်အလား ရင်းနှီးနေသလို ခံစားရပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သို့သော်လည်း အခြေအနေက သေရေးရှင်ရေးဖြစ်နေပြီး သူက အဲဒါနှင့် ပတ်သက်၍ များစွာစဉ်းစားတွေးတောနေဖို့ အာရုံမရပေ။
“ငါ ရှိနေရင် ဒီနေ့ သူသေမှာ မဟုတ်ဘူးလို့ ပြောခဲ့တာ ဘယ်သူလဲ”
ယန်ကျစ်က သိုင်းတာအိုပင်မခန္ဓာကို ကြည့်ပြီး ဖြည်းဖြည်းချင်း မေးလိုက်၏။
ရောက်ရှိလာသော လူများကြားမှာ ဤခရမ်းရောင်ဝတ် ကျင့်ကြံသူကိုသာလျှင် သူတို့က ထွင်းဖောက်မမြင်ရပေ။
သူထင်တာ မမှားဘူးဆိုလျှင် ဤလူက ထိုစကားကို ပြောခဲ့သောသူ ဖြစ်ပေလိမ့်မည်။
ယန်ကျစ်သည် သိုင်းတာအိုပင်မခန္ဓာကို ထွင်းဖောက်မမြင်နိုင်သလို နတ်မိမယ် ခရမ်းရောင်မြစ်နှင့် အခြားနှစ်ယောက်ကလည်း မမြင်နိုင်ပေ။ ထို့ကြောင့် သူတို့က မဆင်မခြင် မပြုမူသေးဘဲ သတိထားနေ၏။
တစ်ယောက်ယောက်အနေဖြင့် လက်ရှိအခြေအနေအရ ဖုန်စန်းထျန်ကို ကာကွယ်ပေးဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။
ဝင်ရောက်လာသူက မိစ္ဆာဘုရင်တစ်ပါး မဖြစ်သရွေ့ပေါ့။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် မိစ္ဆာဘုရင်နယ်ပယ်မှာရှိသော ပညာရှင်များသည် ကမ္ဘာမြေအဆင့်ဂိုဏ်းများအကြား တိုက်ပွဲတစ်ခုမှာ ကြားဝင်စွက်ဖက်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း နတ်မိမယ် ခရမ်းရောင်မြစ်နှင့် အခြားသူများသည် သိုင်းတာအိုပင်မခန္ဓာကို မခန့်မှန်းနိုင်သည့်အတွက် မသေမချာဖြစ်နေကြ၏။
“အဲဒါကို ငါပြောတာ”
သိုင်းတာအိုပင်မခန္ဓာက ပြန်ဖြေလိုက်၏။
ယန်ကျစ်က ညင်သာစွာ ပြောလိုက်သည်။
“ဒီနေရာမှာ ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်က ပညာရှင်လေးဦးရယ်… ရာနဲ့ချီတဲ့ ပကတိမိစ္ဆာပညာရှင်တွေရယ်… သန်မာတဲ့ မိစ္ဆာတစ်သန်းစစ်တပ်ရယ် ရှိနေတယ်… ဒီလိုမျိုး အစုအဖွဲ့နဲ့ဆို မင်းက ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ ရှိမနေသရွေ့ မင်းက ငါတို့ကို ခုခံနိုင်မှာ မဟုတ်ဘူး”
ခဏမျှ ရပ်တန့်ပြီးနောက် သူက သူ၏ မျက်လုံးကို မှေးကျဉ်းကာ မေးလိုက်၏။
“မင်းက ဘယ်ကျင့်ကြံမှုနယ်ပယ်မှာလဲ”
နတ်မိမယ် ခရမ်းရောင်မြစ်နှင့် အခြားသူများကလည်း တိတ်တဆိတ် နားစွင့်နေကြ၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး ကောင်းကင်ကို ကြည့်နေ၏။ သူက ဘာကို ကြည့်နေသည်ကို မသိရသော်လည်း သူ၏ စိတ်က အခြားတစ်နေရာကို ရောက်ရှိနေသည့်အလား ပြန်မဖြေပေ။
ယန်ကျစ်က ကြိတ်၍ လှောင်ရယ်လိုက်ပြီး အကဲဖြတ်မှုတစ်ခု ပြုလုပ်လိုက်ပြီဖြစ်၏။ သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ကျင့်ကြံမှုနယ်ပယ်ကို ဖုံးကွယ်ထားတဲ့ မင်းရဲ့ လျှို့ဝှက်အတတ်က တကယ်ကို ပြောင်မြောက်တာပဲ… ဒါပေမဲ့ ငါထင်တာ မမှားဘူးဆိုရင် မင်းရဲ့ ကျင့်ကြံမှုက ပကတိဧကနယ်ပယ်မှာပဲ ရှိနေမယ်”
သိုင်းတာအိုပင်မခန္ဓာက ယန်ကျစ်ကို အရေးမလုပ်သည့်အလား အသံတိတ်နေ၏။
“ခင်ဗျား အဲဒါကို ဘယ်လိုပြောနိုင်တာလဲ”
နဂါးမိစ္ဆာက တည်တံ့စွာ မေးလိုက်၏။
ယန်ကျစ်က ယုံကြည်မှုရှိရှိဖြင့် ပြန်ဖြေလိုက်လေသည်။
“ပထမအချက်… မိစ္ဆာမဟာနယ်မြေမှာ ဒီလိုမျိုး ငွေရောင်မျက်နှာဖုံးတပ်ထားတဲ့ မိစ္ဆာဘုရင်တစ်ယောက်ယောက် ရှိတာကို ငါမကြားဖူးဘူး”
“ဒုတိယအချက်… မိစ္ဆာဘုရင်တွေက ကမ္ဘာမြေအဆင့်ဂိုဏ်းတွေကြားက တိုက်ပွဲတွေမှာ ဝင်မပါတတ်ဘူး”
“ဖုန်စန်းထျန်က ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက လာခဲ့တာပဲ… သူက ဒီနေရာကို ရောက်လာတာ နှစ်ပေါင်းထောင်ဂဏန်းတချို့ပဲ ရှိသေးတယ်… သူ့အနေနဲ့ မိစ္ဆာမဟာနယ်မြေက မိစ္ဆာဘုရင်တွေနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ဆိုတာ မလွယ်ဘူး”
“စတုတ္ထအချက်… ဒီလူကလည်း ထျန်ဟွမ်ကုန်းမြေတိုက်ကပဲ… သူက ဖုန်စန်းထျန်ကို စီနီယာလို့တောင်မှ ခေါ်နေသေးတယ်… အဲဒါ သူက ဖုန်စန်းထျန်ရဲ့ ဂျူနီယာတစ်ယောက်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
“ဖုန်စန်းထျန်တောင် ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို အခုချိန်ထိ မတက်လှမ်းနိုင်သေးပဲနဲ့ အဲဒီလူကလည်း အဲဒါကို လုပ်နိုင်ဖို့ မဖြစ်နိုင်ဘူး”
နတ်မိမယ် ခရမ်းရောင်မြစ်နှင့် အခြားသူများက သဘောတူစွာ ခေါင်းညိတ်ပြီး သူတို့၏ မျက်လုံးများက ဝင်းလက်သွား၏။
ယန်ကျစ်က ကောင်းကင်ဘုံဝံပုလွေကို လက်ညှိုးထိုးကာ ဆက်ပြောလိုက်၏။
“ပဉ္စမအချက်ကတော့ အရေးကြီးဆုံးပဲ… ခရမ်းရောင်ဝတ်အမျိုးသားရဲ့ အစီးအနင်းတောကောင်က အဆင့်-၄ ကောင်းကင်အင်မော်တယ်တစ်ဦးပဲ”
“အဲဒီလူက မိစ္ဆာဘုရင်တစ်ပါးဆိုရင် သူ့အစီးအနင်းတောကောင်ရဲ့ ကျင့်ကြံမှုနယ်ပယ်က အဲ့လောက်ထိ နိမ့်ကျမနေနိုင်ဘူး”
နဂါးမိစ္ဆာက ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တာပေါ့”
“အတိအကျပဲ”
မိစ္ဆာဆေဘာ လီပိုထျန်ကလည်း ချီးကျူးလိုက်၏။
“အစ်ကိုရန်… အထင်ကြီးစရာပဲ… ခင်ဗျားက တကယ့်ကို အထင်ကြီးစရာပဲဗျို့”
သိုင်းတာအိုပင်မခန္ဓာ၏ သူ၏ ကျင့်ကြံမှုနယ်ပယ်ကို ဆက်လက်၍ ဖုံးကွယ်မထားနိုင်တော့ဘူးဆိုတာကို ကူထုံယို တွေ့မြင်သောအခါ သူက ဖုန်စန်းထျန်ကို အလောတကြီး ပြောလိုက်၏။
“နန်းတော်အရှင်… ကျုပ်တို့တွေထဲမှာ ထျန်ဟွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်ကိုပဲ ပကတိဧကနယ်ပယ်က ပညာရှင်တစ်ဦးလို့ ဆိုနိုင်မယ်”
“သူက အားမနည်းဘူး… သူက ကျုပ်တို့ကို ကယ်တင်ဖို့အတွက် စန်းယန်နဲ့ ရှဲ့ဖုန်ကို သတ်ဖြတ်ပေးခဲ့တယ်”
“အို… ဟုတ်လား”
ယန်ကျစ်က မျက်ခုံးအနည်းငယ်ပင့်ကာ သရော်လိုက်၏။
“လက်စသတ်တော့ မင်းက စန်းယန်နဲ့ ရှဲ့ဖုန်ကို သတ်ဖြတ်နိုင်ခဲ့တာကိုး… မဆိုးဘူးပဲ”
ဖုန်စန်းထျန်သည် သိုင်းတာအိုပင်မခန္ဓာ ဘေးသို့ ရောက်ရှိလာပြီး တည်ကြည်လေးနက်စွာ ပြောလိုက်၏။
“ညီအစ်ကို အထီးကျန်သိုင်းသခင်… ငါက ယန်ကျစ်၊ နတ်မိမယ် ခရမ်းရောင်မြစ်… နဂါးမိစ္ဆာနဲ့ လီပိုထျန်ကို တားပေးထားမယ်… ကျန်တဲ့ ပကတိမိစ္ဆာတွေကိုတော့ မင်းကိုပဲ လွှဲပေးရလိမ့်မယ်”
တကယ်တော့ ပကတိမိစ္ဆာလေးယောက်ထဲမှာ မည်သည့်တစ်ယောက်မဆို ကျန်ရှိနေသော ပကတိမိစ္ဆာများ ပေါင်းစည်းထားသည်ထက် ပို၍ ကြောက်စရာကောင်းလေသည်။
ထျန်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်ရှိ ပညာရှင်များကို မခုခံနိုင်မှာ ဖုန်စန်းထျန်က စိုးရိမ်ပူပန်နေ၏။ ထို့ကြောင့်ပင်လျှင် သူက ဤကဲ့သို့သော အစီအစဉ်တစ်ခုကို ပြုလုပ်ရခြင်းဖြစ်၏။
တကယ်တော့ သူသည်လည်းပဲ အဲဒါကို မခုခံနိုင်ပေ။ ဤကဲ့သို့သော ဆုံးဖြတ်ချက်တစ်ခုက ခဏတဖြုတ် အချိန်ဆွဲပေးနိုင်ရုံမျှသာ ဖြစ်ပေလိမ့်မည်။
“အဲ့လောက်ထိ ဒုက္ခခံနေစရာ မလိုတော့ဘူး”
သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို ညင်သာစွာ ခါပြီး သူ၏ နှာရောင်က တောက်ပလာကာ ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ထုတ်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာထံမှ အတွေးတစ်ချက်နှင့်အတူ ငရဲဖိနှိမ်မီးဖိုက ရုတ်တရက် ပျံသန်းသွားပြီး လေထဲမှာ ရစ်ဝဲနေ၏။
“ခင်ဗျားတို့တွေက အဲဒီမီးဖိုရဲ့ အောက်မှာ ပုန်းကွယ်နေလို့ရတယ်”
သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
“ဟမ့်”
“ခင်ဗျားပြောချင်တာက ဘာလဲ”
ဖုန်စန်းထျန်၊ ကူထုံယိုနှင့် အခြားသူများက တွေဝေရှုပ်ထွေးသွားကြ၏။
ယန်ကျစ်နှင့် အခြားသူများပင်လျှင် အနည်းငယ် မှင်တက်သွားပြီး ထျန်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဘယ်လိုပေါက်တတ်ကရစကားများကို ပြောဆိုနေသလဲ မသိတော့ပေ။
ဖျတ်ခနဲဆို သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ဘုံဝံပုလွေပေါ်ကနေ ခုန်ဆင်းပြီး ကောင်းကင်ထက်ကို လက်ညှိုးထိုးကာ မှင်သေသေဖြင့် ပြောလိုက်၏။
“လောကက ပြောင်းလဲတော့မယ်”
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် လူတိုင်းသည် ကြီးမားသော အရိပ်တစ်ခု သူတို့အပေါ် လွှမ်းခြုံလာသည်ကို ခံစားလိုက်ရ၏။
တစ်ခဏချင်းမှာပင် ပြင်းထန်ကြမ်းတမ်းသော လေပြင်းများက တိုက်ခတ်လာပြီး လောကက မှောင်မည်းလာခဲ့၏။
ဘုန်း… ဝုန်း… ဝုန်း…
မိုးကောင်းကင်ထက်မှာ မရေမတွက်နိုင်သော စစ်ရထားများက တုန်လှုပ်စရာကောင်းသော ပုံစံဖြင့် ပြေးလွှားလာသည့်အလား မိုးကြိုးသံများက အဝေးကနေ ချဉ်းကပ်လာနေ၏။
လူတိုင်းက သူတို့၏ ခေါင်းများကို မော့ကာ ကြည့်လိုက်ကြ၏။
နက်မှောင်နေသော တိမ်စိုင်များက ကောင်းကင်ထက်မှာ ပြည့်နှက်နေပြီး မင်ကဲ့သို့ ပိန်းပိတ်အောင် နက်မှောင်နေ၏။ ထူထဲသော တိမ်စိုင်များက တရုန်းရုန်းထကြွ၍ အဆက်မပြတ် တလိပ်လိပ်ထိုးတက်လာပြီး သိပ်သည်းပြင်းထန်ကြီးမားသော စွမ်းပကားတစ်ခုကို ထုတ်ဖော်ကာ မိစ္ဆာတစ်သန်းစစ်တပ်အပေါ် လွှမ်းခြုံသွားလေသည်။