နောက်ဆက်တွဲ (၁)
Vol. 40 Ch. 559
အချိန် (၃)နှစ်ကြာခဲ့ပြီ ဖြစ်သည်။
ကျန်းလန်သည် ခြံဝင်းထဲရှိ ကျောက်စားပွဲတွင်ထိုင်နေသည်။
ကျောက်စားပွဲထက်တွင်တော့ ဝါးခြင်းတောင်းတစ်ခုရှိနေပြီး ခြင်းတောင်းထဲတွင် စောင်တစ်ထည်ဖြင့် ထုပ်ထားသည့် အပြာနုရောင် သားရဲဥတစ်လုံး ရှိနေသည်။
ထိုသားရဲဥလေးက ကလေးတစ်ယောက် အရွယ်ပမာဏခန့် ရှိသည်။
ဥခွံမျက်နှာပြင်တွင် အလင်းရောင်တစ်ခု စီးဆင်းနေပြီး အသက်ရှူနေသည့်အလား မှိန်လိုက်လင်းလိုက်ဖြင့် တောက်ပနေသည်။
ကျန်းလန်က သစ်သားဓားကိုကိုင်ကာ သားရဲဥလေးအနီးသို့ ဖြည်းညှင်းစွာ တိုးကပ်လာသည်။ သစ်သားဓားက သားရဲဥလေးအနီးသို့ ရောက်လာသည်နှင့် သားရဲဥလေးက ကြောက်လန့်တခြားတုန်ခါသွားပြီး အသက်ရှူသံမြန်လာသည်။
ကျန်းလန်က သားရဲဥလေးကိုကြည့်လိုက်ရင်း…
“ဟွန်း… မင်းက နဂါးတစ်ကောင်အတိုင်းပဲ”
ယခင်က သူမွေးထားသည့် သားရဲဥလေးဆိုလျှင် နဂါးသုတ်သင်ဓားကို ကြောက်ရွံ့ခြင်း မရှိပေ။ သို့သော် သူ့သားသမီးဖြစ်သည့် ဤနဂါးဥကတော့ နဂါးသုတ်သင်ဓားကို ကြောက်ရွံ့လေသည်။
သို့သော် ဤနဂါးဥလေးက သာမန်နဂါးဥတစ်လုံးဖြင့် မတူညီပေ။ ဥခွံတွင် တန်ခိုးစွမ်းအားများ စီးဆင်းနေပြီး အန္တရယ်အားလုံးမှာ ကာကွယ်ပေးထားဟန် ရှိသည်။ ထိုတန်ခိုးစွမ်းအားက ကျန်းလန်၏ တန်ခိုးစွမ်းအားပင် ဖြစ်သည်။
“ဂိုဏ်းတူမောင်လေး ၊ ကလေးကို သစ်သားဓားနဲ့ ခြောက်လှန့်နေပြန်ပြီလား”
လုန်ယွိက ချက်ချင်း အနားရောက်လာပြီး ကျန်းလန်လက်ထဲမှ သစ်သားဓားကို အမြန်လုယူလိုက်သည်။ သစ်သားဓားကို မသိမ်းဆည်းမီ နဂါးဥလေးများ တစ်ခုခု ထိခိုက်သွားသည်လားဟု သူမက စစ်ဆေးကြည့်နေသေးသည်။
ကျန်းလန် : “……”
ထို့နောက် သူမက နဂါးဥလေးကို ပွေ့ပိုက်ရင်း ကျန်းလန်ဘေးနားတွင် ဝင်ထိုင်လိုက်သည်။
“(၃)နှစ်တောင်ရှိပြီနော် ဂိုဏ်းတူမောင်လေး ၊ ကျွန်မတို့ကလေးက ဘယ်တော့များမှ ဥခွံထဲက ထွက်လာမှာလဲ မသိဘူး”
ကျန်းလန်က မသေမချာဖြင့်…
“မကြာခင် ထွက်လာမယ်ထင်တယ်”
လုန်ယွိက ကျန်းလန်ခေါင်းကို လှမ်းပုတ်လိုက်ရင်း…
“ကောင်းကင်ဘုံအရှင် သူတော်စင်ကြီးက ဒါတောင် မသိနိုင်ဘူးလား ၊ ကြည့်ရတာ ထပ်ပြီး ကြိုးကြိုးစားစား ကျင့်ကြံဖို့ လိုဦးမယ်ထင်တယ်”
ကျန်းလန် : “……”
ဒီ နဂါးမလေးကတော့ သူ့လို ဂုဏ်သရေရှိ သူတောင်စင်တစ်ယောကို မလေးမစားလုပ်ရဲတာလား။
ကျန်းလန် မည်သည့်စကားမှမဆိုဘဲ သက်ပြင်းတစ်ချက်သာ ချလိုက်သည်။
နဂါးဥလေးက ဘယ်အချိန် အကောင်ပေါက်လာမည်လဲ အမှန်တကယ် မသိရှိပေ။ သဘာဝအတိုင်း ပေါက်ချင်သည့်အခါမှ ပေါက်မည်ဟုသာ လွှတ်ထားရပေမည်။
ဥခွံပေါက်လာသည့်တစ်နေ့တွင်တော့ သူ့ကလေးက လူသားပုံစံလား ၊ နဂါးပုံစံလား ၊ လူသားတစ်ပိုင်းနဂါးတစ်ပိုင်းလားဆိုသည်ကို အလွန်သိချင်မိသည်။ လူသားပုံစံဖြစ်မည်ဟုတော့ မျှော်လင့်ထား၏။
တစ်နေ့နေ့တွင် အဖြေသိရပေလိမ့်မည်။
“ကျွန်မကလေးကို နာမည်ဘယ်လိုပေးရမလဲ”
လုန်ယွိက ခဏမျှစဉ်းစားနေပြီးနောက်…
“ကျန်းတန့်ရှန်း လို့ခေါ်ရင်ရော…”
ကျန်းလန် : “……”
မလှမပနာမည်ဖြစ်သော်လည်း ထားလိုက်ပါတော့ဟု တွေးလိုက်သည်။
ထိုစဉ်…
“ဟူး”
နဂါးဥက ရုတ်တရက် အသက်ရှူကျပ်လာဟန် အသံထွက်ပေါ်လာပြီး ဒေါသထွက်သကဲ့သို့ အလင်းတန်းများ လင်းလက်လာသည်။
ကျန်းလန်က လုန်ယွိကို လှမ်းကြည့်လိုက်သည်။
လုန်ယွိက…
“ကြည့်ရတာ သူက ဒီနာမည်ကို သဘောမကျဘူးထင်တယ် ၊ ဒါဆို ဘယ်လိုနာမည်ပေးရမလဲ ၊ သားလေးလား သမီးလေးလား မသိတော့ နာမည်က ပေးရခက်နေတာ”
ပြောရင်း သူမက ကျန်းလန်ပခုံးထက်ခေါင်းမီလိုက်ပြီး မေးဖျားကိုလက်ဖြင့်ပွတ်ရင်း စဉ်းစားနေသည်။
ခဏကြာမှ သူမက နာမည်ထပ်ပေးပြန်သည်။
“ကျန်းကို့တန့် ဆိုရင်ရော”
ကျန်းလန် : “……”
နဂါးဥလေးထံမှ ငိုတော့မည့်အသံထွက်ပေါ်လာပြီး မကျေမနပ်ဖြစ်ဟန် အလင်းရောင်များ တောက်ပလာပြန်၏။ နဂါးဥလေးက ပြင်းပြင်းထန်ထန်တုံ့ပြန်လေရာ လုန်ယွိမှာ မယုံကြည်နိုင်ဖြစ်သွားသည်။
“ဂိုဏ်းတူမောင်လေး ၊ ဒီလောက် ဆတ်ဆတ်ထိမခံ ဖြစ်နေတာ သမီးလေးများ ဖြစ်နေမလား”
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
“အင်း… ဟုတ်တယ် ၊ သမီးလေးဖြစ်နိုင်တယ်”
လုန်ယွိက စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်လိုက်ရင်း…
“ဘာလို့ ကျွန်မတို့မှာ နောက်ထပ် နဂါးဥတစ်လုံး မရှိရတာလဲ ၊ ဒါဆိုရင် သားလေးရော သမီးလေးရော တစ်ပြိုင်တည်းမွေးနိုင်မှာ မဟုတ်ဘူးလား”
နေမင်းကြီးက တောက်ပစွာထွန်းလင်းနေသည်။
ကျန်းလန် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရင်း…
“ဆရာနဲ့ ဆရာဒေါ်လေးမြောင်ယွဲ့တို့ရဲ့ မင်္ဂလာပွဲကနီးလာပြီ ၊ ကိုယ်တို့ မင်္ဂလာပွဲအတွက် လိုအပ်တာတွေ ပြင်ဆင်ပေးကြရအောင်လေ”
လုန်ယွိက…
“ဘာတွေ ပြင်ဆင်ပေးရမှာလဲ”
သူမက မင်္ဂလာဆောင်ခဲ့ဖူးသည့်တိုင် မင်္ဂလာလက်ထပ်ပွဲအတွက် မည်သည့်အရာများ ပြင်ဆင်ရမည်ကို မသိရှိပေ။ သူမနှင့်ကျန်းလန်၏ မင်္ဂလာပွဲတွင် ခွန်လွန်တောင်က အစအဆုံး ပြင်ဆင်ပေးခဲ့သည် မဟုတ်လား။
“မင်္ဂလာပွဲအတွက် အစီအရင်တွေ ပြင်ဆင်ပေးဖို့ လိုမယ်ထင်တယ် ၊ ဆရာဒေါ်လေးမြောင်ယွဲ့က အခုမှ လူသားအင်မော်တယ်အဆင့်ပဲ ရောက်သေးတာဆိုတော့ အချို့အစီအရင်တွေကို သူကိုယ်တိုင်ပြုလုပ်နိုင်စွမ်း မရှိလောက်သေးဘူး ၊ အဲဒါ ကိုယ်က ကူညီပေးရမယ်လေ”
လုန်ယွိက သူမ၏ နဂါးဥလေးကို ကောက်ချီလိုက်ရင်း…
“ဒါဆို အရင်ဆုံး ပဉ္စမတောင်ထွတ်ကိုသွားကြမယ် ၊ ပြီးမှ မင်္ဂလာသေရည်အတွက် တောင်ခြေသေရည်ဆိုင်က ကောင်လေးကို ပြင်ဆင်ခိုင်းရမယ် ၊ ပြီးမှ အချိန်ရရင် ချီလင်ကောင်မလေးကို လုန်မန်နဲ့ လက်ထပ်ပေးမယ့်ကိစ္စပါ ဆက်လုပ်ရမယ်”
ထို့နောက် ကျန်းလန်နှင့်လုန်ယွိ နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့ကြသည်။
သူတို့က အထီးကျန်မန္တန်ကို အသုံးမပြုခဲ့ကြသော်လည်း ကျန်းလန်၏ တန်ခိုးစွမ်းအားက မြင့်မားလွန်းသဖြင့် အခြားသူများက သူတို့ (၂)ယောက်ကို တွေ့မြင်နိုင်ရန် ခက်ခဲနေကြဆဲပင်။
နဝမတောင်ထွတ်သို့ တပည့်အသစ်များ ရောက်ရှိလာခဲ့ခြင်း မရှိပေ။ သို့သော် ကျန်းလန်၏ ဂုဏ်သတင်းကတော့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အရင်က ဝေဖန်မှုများစွာခံခဲ့ရသည့်တိုင် ယခုတော သူတော်စင်တစ်ယောက်ကို မည်သူမှ မဝေဖန်ရဲတော့ပေ။
လုန်ယွိက…
“ချီလင်မျိုးနွယ်တွေနဲ့ မညှိနှိုင်းခင် လုန်မန်ရဲ့ မင်္ဂလာကိစ္စကို နဂါးမျိုးနွယ်တွေနဲ့ အရင်ဆုံးတိုင်ပင်သင့်သလား”
ကျန်းလန်က…
“ဆရာ့မင်္ဂလာပွဲကျရင် သူတို့အားလုံး လာကြမှာပဲလေ ၊ အဲဒီကျမှ စဉ်းစားကြည့်ကြတာပေါ့”
လုန်ယွိက…
“အင်း အင်း… ဆရာဦးလေးတို့ မင်္ဂလာပွဲပြီးမှ လုန်မန်တို့ကိစ္စကို ဖြည်းဖြည်းချင်း စီစဉ်ရမယ်”
***