တိုက်ခိုက်မှုမှာပြိုလဲခြင်း
Vol. 159 Ch. 2373
“သတိထား”
ဖုန့်စန်းထျန်က ဟိန်းဟောက်လိုက်ပြီး သူ၏ နတ်ဆိုးနှိမ်နှင်းလှံကို ဝေ့ယမ်းကာ နောက်ဆုံးတိုက်ပွဲအတွက် သူ၏ အသက်ဓာတ်ကို လောင်ကျွမ်းစေဖို့ ပြင်ဆင်လိုက်၏။
သူ၏ အထွတ်အထိပ်အခြေအနေမှာပင်လျှင် သူသည် ဤကဲ့သို့သောတိုက်ခိုက်မှုတစ်ရပ်ကို မခုခံနိုင်ပေ။
ဒါ့အပြင် ထျန်ဟွမ်ဂိုဏ်းချုပ်၏ ကပ်ဘေးဆင်းသက်ခြင်းက ယခုအချိန်ထိ မပြီးဆုံးသေးပေ။
“ဂါး...”
ရုတ်တရက်... သိုင်းတာအိုပင်မခန္ဓာက သူ၏ ပါးစပ်ကိုဖွင့်ဟပြီး အဆုံးမဲ့စွမ်းပကားဖြင့် ပြည့်နှက်နေသည့် ဟိန်းဟောက်သံတစ်သံကို ထုတ်ဖော်လိုက်၏။
ထိုဟိန်းဟောက်သံမှာ သန်းနှင့်ချီသော သက်ရှိများ၏ အော်ဟစ်သံများပါဝင်နေပုံရပြီး မမြင်နိုင်သော ဝဲဂယက်တစ်ခုက အဘက်ဘက်ကိုဖြန့်ကြက်သွား၏။
အသံပိုင်းလျှို့ဝှက်အတတ် အသင်္ချေသက်ရှိများအသံ။
သိုင်းတာအိုပင်မခန္ဓာသည် အစစ်အမှန်သိုင်းတာအိုခန္ဓာကို စုဖွဲ့ပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်သည် ပို၍ပင်ကြောက်စရာကောင်းသောအဆင့်တစ်ခုထိ ရောက်ရှိလာခဲ့ပြီး ထိုလျှို့ဝှက်အတတ်၏ စွမ်းအားကလည်း ဆပွားတိုးလာခဲ့၏။
အသင်္ချေသက်ရှိများအသံသည် ကောင်းကင်ဘုံကပ်ဘေး၏ မိုးကြိုးသံတဝုန်းဝုန်းကိုပင် အုပ်မိုးသွား၏။
ပကတိမိစ္ဆာပညာရှင်လေးယောက်က ဆတ်ခနဲတုန်ယင်သွားကြ၏။
ယန်ကျစ်၊ နဂါးမိစ္ဆာနှင့် လီပိုထျန်တို့မှာ သန်မာသောကိုယ်ကာယများနှင့် မျိုးဆက်သွေးများရှိကြသည်။ သူတို့သည် အနည်းငယ်ပိုမိုကွာဝေးသော်လည်း ထိုအသံက အရမ်းကိုစူးရှလွန်းသည်ဟု ခံစားရဆဲဖြစ်ပြီး သူတို့၏ မျက်နှာများပေါ်မှာ နာကျင်နေသော အမူအရာများထွက်ပေါ်လာ၏။
နတ်မိမယ်ခရမ်းရောင်မြစ်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက ပို၍အားနည်းလေသည်။ သူမ၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး သူမ၏ နားထဲကနေ သွေးများက စိမ့်ကျလာ၏။
ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်မှ ပညာရှင်များပင်လျှင် ဤကဲ့သို့ အင်အားကြီးမားသောရိုက်ချက်တစ်ခုကို ကြုံတွေ့ရသည်ဆိုပါက ဘေးပတ်လည်မှာရှိသော ပကတိမိစ္ဆာများ၏ အခြေအနေက ပို၍ပင်ဆိုးဝါးနေ၏။
ရှေ့မှာ သိုင်းတာအိုပင်မခန္ဓာနှင့် အနီးဆုံးမှာရှိသော ပကတိမိစ္ဆာများသည် ကြောက်စရာကောင်းသောရိုက်ခတ်မှုကို ခံနိုင်ရည်မရှိဘဲ အပိုင်းပိုင်းပေါက်ကွဲထွက်ကာ သွေးများက ဖိတ်စင်ပြန့်ကျဲသွား၏။
အဲ့ဒီမှာ ထုံထိုင်းသွားသောအကြည့်များနှင့် အမူအရာများအေးခဲတောင့်တင်းသွားသော ပကတိမိစ္ဆာများလည်းရှိနေ၏။ သူတို့က ဇက်ကျိုးကျပြီး လေထဲကနေ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာ၏။
သူတို့၏ အမြုတေစိတ်ဝိညာဥ်များက သူတို့၏ အသိစိတ်များထဲမှာ ကြေမွသွားခဲ့ပြီဖြစ်၏။
“အမ်..”
ဖုန့်စန်းထျန်၏ အတွေ့အကြုံနှင့်ပင်လျှင် သူက တုန်လှုပ်သွား၏။
ငရဲဖိနှိမ်မီးဖိုအောက်မှာ ကူထုံယိုနှင့် အခြားသူများကလည်း မယုံကြည်နိုင်ဖြစ်နေကြ၏။
ပကတိမိစ္ဆာပညာရှင် တစ်ရာကျော်သည် ထျန်ဟွမ်ဂိုဏ်းချုပ်၏ ဟိန်းဟောက်သံကြောင့် သေဆုံးကုန်ကြ၏။
ကျန်ရှိနေသော ပကတိမိစ္ဆာများကလည်း အတော်အတန်ကြီးမားသည့်ရိုက်ချက်နှင့်တွေ့ကြုံခဲ့ရ၏။
ပကတိမိစ္ဆာတချို့က သွေးများကို ထွေးထုတ်လိုက်ရပြီး တချို့သူများ၏ အသားများက ပွင့်ထွက်ကုန်၏။ သွေးများက ပန်းထွက်လာပြီး ချောက်ချားစရာကောင်းသောမြင်ကွင်းတစ်ခု ဖြစ်နေသည်။
“အသံပိုင်းလျှို့ဝှက်အတတ်တစ်ခုက ရာနဲ့ချီတဲ့ ပကတိမိစ္ဆာတွေကို တွန်းလှန်ထုတ်နိုင်တယ်ဆိုတော့... ဒီလိုမျိုးနည်းလမ်းတွေကတော့...”
ချိုးစစ်လောက အံ့အားတသင့် ရေရွတ်လိုက်၏။
အစကတော့... အန္တိမပကတိအင်မော်တယ်နှင့် အန္တိမပကတိမိစ္ဆာကြား ထူးခြားအံ့မခန်းတိုက်ပွဲသည် လုံလောက်အောင် တုန်လှုပ်စရာကောင်း၍ မေ့ဖျောက်၍မရနိုင်ဟု သူမက တွေးထင်ထားခဲ့၏။
ယခု... စောစောကမြင်ကွင်းသည် သူ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေပေါ် နောက်တစ်ဖန်ကြီးမားသည့် ရိုက်ချက်တစ်ခုဖြစ်လာခဲ့၏။
ဤကဲ့သို့သော နည်းလမ်းများသည် သူတို့၏ နားလည်နိုင်စွမ်းနှင့် စိတ်ကူးစိတ်သန်းထက် ကျော်လွန်နေပြီဖြစ်သည်။
သူတို့မြင်နေရသောအရာသည် သိုင်းတာအိုပင်မခန္ဓာ၏ ရေခဲတောင်ထိပ်ဖျားမျှသာဖြစ်သည်ကို သူတို့နှစ်ယောက်က ယခုအချိန်ထိ သဘောမပေါက်ကြသေးပေ။
သိုင်းတာအိုပင်မခန္ဓာသည် အသင်္ချေသက်ရှိများအသံကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် ပထမကောင်းကင်ဘုံကပ်ဘေး၏ ဒုတိယရိုက်ချက်က ဆင်းသက်လာခဲ့၏။
မိစ္ဆာတစ်သန်းစစ်တပ်ထဲမှာ ကောင်းကင်ဘုံကပ်ဘေး၏ ပထမရိုက်ချက်ကနေ ရှင်သန်နိုင်ခဲ့သောလူ သုံးရာထက်ပိုမရှိတော့ပေ။
သို့သော်... ယခုအခါ ကောင်းကင်ဘုံကပ်ဘေး၏ ဒုတိယရိုက်ချက်က ဆင်းသက်လာပြီး ကျန်ရှိနေသောမိစ္ဆာကျင့်ကြံသူများက အဲ့ဒါကို လုံးဝမခုခံနိုင်ဘဲ ချောက်ချားစရာကောင်းသော အော်ဟစ်သံများကြားမှာ လောင်ကျွမ်းပြာကျသွား၏။
လက်ရှိပကတိမိစ္ဆာပညာရှင်များစွာက ဘာမှမတတ်နိုင်ဘဲ စောင့်ကြည့်နေရ၏။
ကောင်းကင်ဘုံကပ်ဘေး၏ ဒုတိယရိုက်ချက်သည် သိုင်းတာအိုပင်မခန္ဓာ၊ ယန်ကျစ်နှင့် အခြားသူများအပေါ် ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။ တကယ်ဆို သူတို့က အဲ့ဒါကို အရေးပင်လုပ်မနေပေ။
ဝေါ...
ယန်ကျစ်က ငေးငိုင်ရာကနေ အရင်ဆုံးနိုးထလာခဲ့၏။ သူ၏ ဧရာမချိန်းကြိုးက အနာကွန်ဒါတစ်ကောင်ကဲ့သို့ ချက်ချင်းပင်ရောက်ရှိလာပြီး သိုင်းတာအိုပင်မခန္ဓာကို အပတ်ရေအနည်းငယ် ရစ်ပတ်ကာ တင်းကျပ်လာ၏။
ချိန်းကြိုးပေါ်ရှိ မရေမတွက်နိုင်သောဆူးချွန်များက သိုင်းတာအိုပင်မခန္ဓာ၏ အသားကို ထိုးဖောက်ကာ သူ့ကို ချုပ်နှောင်ထားချင်၏။
သို့သော်လည်း ယန်ကျစ်က သူ၏ ခွန်အားကို မည်သို့ပင်ပို့လွှတ်သည်ဖြစ်စေ ဆူးချွန်များက သိုင်းတာအိုပင်မခန္ဓာ၏ အရေပြားကို ထိုးဖောက်နိုင်ခြင်းမရှိပေ။
တကယ်ဆို... သတ္တုချင်းကြိတ်ချေသည့်အသံကပင် အလွန်တရာစူးရှစွာထွက်ပေါ်လာခဲ့၏။
ငွေရောင်မျက်နှာဖုံးအောက်မှာ သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာပေါ်တွင် လှောင်ပြောင်သရော်လိုသောအကြည့်တစ်ခုပေါ်ထွက်လာ၏။
နတ်မိမယ်ခရမ်းရောင်မြစ်က ဆန်းကြယ်ယင်မိခင်ကလေးအောင်လံတံခွန်ကို ဝေ့ယမ်းလိုက်ပြီး တစ္ဆေကလေးငယ်များနှင့် ကြောက်မက်ဖွယ်ရာကောင်းသော အမျိုးသမီးတစ္ဆေများက တစ်ခုပြီးတစ်ခုရုန်းထွက်လာပြီး သိုင်းတာအိုပင်မခန္ဓာထံသို့ပြေးဝင်သွား၏။
သို့သော်လည်း တစ္ဆေကလေးငယ်များနှင့် ကြောက်မက်ဖွယ်ရာကောင်းသော အမျိုးသမီးတစ္ဆေများက သိုင်းတာအိုပင်မခန္ဓာရှေ့သို့ ရောက်လာသည့်ခဏမှာပင် သူတို့က အလွန်တရာတုန်လှုပ်သွားသည့်အလား တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်ပြီး ရှေ့သို့မတက်လှမ်းရဲတော့ပေ။
နတ်မိမယ်ခရမ်းရောင်မြစ်က သူမ၏ လျှို့ဝှက်အတတ်ကို ဘယ်လိုပင်လှည့်ပတ်သည်ဖြစ်စေ တစ္ဆေကလေးငယ်များနှင့် အမျိုးသမီးတစ္ဆေများက အလွန်ဆုံး သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှာသာ လှည့်ပတ်နေပြီး တိုက်ခိုက်ရဲခြင်းမရှိပေ။
တကယ်ဆို သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ အဝတ်စကိုပင် ထိတွေ့ရဲခြင်း မရှိပေ။
ငရဲဖိနှိမ်မီးဖို၏ အကူအညီနှင့်အတူ သိုင်းတာအိုပင်မခန္ဓာသည် အဝီစိကို စဦးထိန်းချုပ်မှုရရှိထားခဲ့ပြီဖြစ်၏။
အဝီစိသည် အထီးကျန်ဝိညာဥ်များနှင့် ဆိုးယုတ်တစ္ဆေများကို ဖိနှိမ်ထားသည်။
အဝီစိမှာရှိသော ဆိုးယုတ်တစ္ဆေများက နတ်မိမယ်ခရမ်းရောင်မြစ်၏ အောက်လမ်းနည်းစနစ်ဖြင့် သန့်စင်မွန်းမံထားသော တစ္ဆေကလေးငယ်များထက် များစွာပိုမိုသန်မာလေသည်။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် မကြာသေးခင်ကမှ အဝီစိကနေပြန်ရောက်လာခဲ့ပြီး သူ့ထံကနေ မကောင်းဆိုးဝါးဆန်ဆန်အော်ရာတစ်ခုဖြာထွက်နေ၏။
သူက ငရဲမီးကို ထိန်းချုပ်ထားနိုင်သည့်အချက်နှင့်အတူ ထိုတစ္ဆေအမျိုးအစား ဆိုးယုတ်သက်ရှိများက သူနားသို့ ချဥ်းကပ်လာရဲခြင်းမရှိပေ။
နတ်မိမယ်ခရမ်းရောင်မြစ်က ဒေါသထွက်သွားပြီး အဲ့ဒါကို ပို၍ပြင်းထန်ကြမ်းတမ်းစွာ အသက်သွင်းလိုက်၏။
တစ္ဆေကလေးငယ်များနှင့် အမျိုးသမီးတစ္ဆေများကတော့ သူတို့က ရှေ့သို့တက်လှမ်းရဲခြင်း မရှိသေးပေ။ ထိုအစား သူတို့သည် အဆက်မပြတ်နောက်ပြန်လှည့်လာပြီး နတ်မိမယ်ခရမ်းရောင်မြစ်ကို စူးစူးဝါးဝါးအော်ဟစ်နေ၏။
ဆန်းကြယ်ယင်မိခင်ကလေးအောင်လံတံခွန်ကဲ့သို့ ဆိုးယုတ်ဓမ္မရတနာတစ်ခုသည် အဲ့ဒါကို အောင်မြင်စွာသန့်စင်မွန်းမံနိုင်သည်နှင့် အလွန်တရာ စွမ်းအားကြီးမားလာပေလိမ့်မည်။
သို့သော်လည်း လူတစ်ယောက်က အဲ့ဒါကိုကောင်းကောင်းမထိန်းချုပ်နိုင်ဘူးဆိုလျှင် အဲ့ဒါက တန်ပြန်ရိုက်ခတ်လာနိုင်သည့် အန္တရာယ်လည်းရှိနေ၏။
ယခုအချိန်မှာ နတ်မိမယ်ခရမ်းရောင်မြစ်သည် သူတို့ကို ဖိအားလွန်စွာပေးနေ၏။ ဆန်းကြယ်ယင် မိခင်ကလေးအောင်လံတံခွန်၏ စိတ်ဝိညာဥ်များက သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်ရဲခြင်းမရှိဘဲ သူတို့၏ သခင်ကို ခုခံငြင်းဆန်ကာ သစ္စာဖောက်တော့မည့် လက္ခဏာများပြသလာပြီဖြစ်၏။
ရွှစ်...
နက်မှောင်၍ထက်ရှသော ဆေဘာတစ်လက်က မွန်းကျပ်ဖွယ်ရာကောင်းသော သေခြင်းအော်ရာတစ်ခုနှင့်အတူ ခုတ်ပိုင်းကျဆင်းလာ၏။
အဲ့ဒါက မိစ္ဆာဆေဘာဖြစ်လေသည်။
ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်မှာ ဆေဘာကိုအသုံးပြုသော လူတစ်ယောက်တည်းသာလျှင်ရှိပြီး အဲ့ဒါကလီပိုထျန်ဖြစ်သည်။
မိစ္ဆာမဟာနယ်မြေ၏ ပကတိမိစ္ဆာများကြားမှာ လီပိုထျန်တစ်ယောက်တည်းကသာလျှင် မိစ္ဆာဆေဘာဘွဲ့ကိုခံယူရဲသောသူဖြစ်၏။
သူ၏ ဓမ္မတာအိုများအားလုံးကို ဤမိစ္ဆာဆေဘာထဲမှာ စုဖွဲ့ထားလေသည်။
ယခုအချိန်မှာ သိုင်းတာအိုပင်မခန္ဓာ၏ လက်နှစ်ဖက်က ယန်ကျစ်၏ ချိန်းကြိုးဖြင့် တုပ်နှောင်ခံထားရသည်ကို သူတွေ့မြင်သောအခါ ထိုခုတ်ချက်ကျဆင်းလာသည်နှင့် ဤလူကသေချာပေါက် သေရတော့မည်ဟု သူကတွေးထင်ထား၏။
ဖြောက်... ဖြောက် ဖြောက်...
ရုတ်တရက်ဆိုသလို...။
သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ကနေ အက်ကွဲသံများ ထွက်ပေါ်လာ၏။
ထို့နောက်ချက်ချင်းပင် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်နှစ်ဖက်ကို ရုန်းကန်လိုက်ပြီး သူ့ကိုချုပ်နှောင်ထားသည့် တုတ်ခိုင်သောချိန်းကြိုးက အပိုင်းပိုင်းကြေမွကာ လေထဲမှာပြန့်ကျဲသွား၏။
ဟာ...
ယန်ကျစ်၏ သူငယ်အိမ်နှစ်ဖက်က အနည်းငယ်တင်းကျပ်သွား၏။
သူ၏ နဂါးဖိနှိမ်ချိန်းကြိုးသည် သန့်စင်ယန်စိတ်ဝိညာဥ်ရတနာတစ်ခုမဟုတ်သော်လည်း အဲ့ဒါက ကပ်ဘေးခုနှစ်ခု စိတ်ဝိညာဥ်ရတနာတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ဖျက်ဆီး၍မရနိုင်ပေ။ ယခု... တစ်ယောက်ယောက်က အဲ့ဒါကို သူ၏ ကိုယ်ကာယဖြင့် ချိုးဖျက်လိုက်နိုင်သည်ဆိုတော့...။
ထိုသို့ပြုလုပ်ဖို့ ဘယ်လောက်တောင်သန်မာတဲ့ ရုန်းကန်ပေါက်ကွဲအားကို လိုအပ်မလဲ။
အန္တိမပကတိအင်မော်တယ်ပင်လျှင် သူ၏ လက်ဗလာဖြင့် အဲ့ဒါကို ပြုလုပ်နိုင်မည်မဟုတ်ပေ။
ဖောက်...
ရုတ်တရက်ဆိုသလို... သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ကိုဆန့်ထုတ်ပြီး ဝင်ရောက်လာသောမိစ္ဆာဆေဘာကို ဖမ်းဆွဲလိုက်၏။
“ဟမ်...”
လီပိုထျန်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
သူ၏ မိစ္ဆာဆေဘာသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးကို ထိခတ်သွားသည်မှာ သိသာသော်လည်း အဲ့ဒါက သိပ်သည်းပြင်းထန်သော ခုခံအားတစ်ရပ်နှင့်ကြုံတွေ့နေရ၏။ သူက ထိုသူ၏ အသားကိုသာ ဆုတ်ဖြဲနိုင်ပြီး သူ၏ လက်ဖဝါးပေါ်မှာ သွေးရောင်ဒဏ်ချက်တစ်ခုကျန်ရစ်ခဲ့၏။
အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
လီပိုထျန်ကို မပြောနှင့် ယန်ကျစ်နှင့် အခြားသူများပင်လျှင် တုန်လှုပ်သွားကြ၏။
လီပိုထျန်၏ ဆေဘာက ကပ်ဘေးကိုးခု သန့်စင်ယန်စိတ်ဝိညာဥ်ရတနာတစ်ခုဖြစ်လေသည်။
သို့သော် ယခုအချိန်မှာ စွမ်းအားပြည့်ခုတ်ချက်တစ်ချက်သည် တစ်ဘက်လူ၏ လက်ဖဝါးပေါ်မှာ လျစ်လျူရှု၍ရသလောက်နီးပါး အပေါ်ယံဒဏ်ရာတစ်ခုကိုမျှသာဖြစ်စေခဲ့၏။
သန့်စင်ယန်စိတ်ဝိညာဥ်ရတနာတစ်ခုကို ထိပ်တိုက်ရင်ဆိုင်နိုင်ရန် အဲ့ဒါက ဘယ်လိုကိုယ်ကာယမျိုးဖြစ်နေရမလဲ။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာ၏။
ရုတ်တရက်သူက ခွန်အားကို ပို့လွှတ်လိုက်ပြီး သူ၏ လက်ဖဝါးနှင့်အတူ ဓားသွားကို ဆောင့်ဆွဲယူလိုက်၏။
လီပိုထျန်က သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းအားကို လုံးဝမခုခံနိုင်သော်လည်း သူက မိစ္ဆာဆေဘာကို လက်လွှတ်ဖို့လည်း ငြင်းဆန်နေ၏။
သူက ထိုသူ့ထံသို့ အထိန်းအကွပ်မဲ့စွာဖြင့် တရွတ်တိုက်ပါသွား၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ဖဝါးကိုလွှတ်ပေးပြီး သူ၏ လက်ကို လက်သီးတစ်လုံးအဖြစ်ဆုပ်ကာ ပစ်ထိုးလိုက်၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ လီပိုထျန်သည် သန်မာသော ရန်သူပေါင်းများစွာနှင့်ကြုံတွေ့ခဲ့ရပြီး အရင်က အန္တိမပကတိမိစ္ဆာ ယန်ကျစ်နှင့်ပင် တိုက်ခိုက်ခဲ့ဖူး၏။
သို့သော်လည်း သူသည် ဤကဲ့သို့ ကြောက်စရာကောင်းပြီး မွန်းကျပ်ဖွယ်ရာကောင်းသည့် ထိုးချက်တစ်ချက်ကို တစ်ခါမှမတွေမြင်ဖူးခဲ့ပေ။