အစစ်အမှန်သိုင်းကောင်းကင်ဘုံကပ်ဘေး
Vol. 159 Ch. 2375
တစ်ဖက်မှာတော့ သိုင်းတာအိုပင်မခန္ဓာသည် ယန်ပေးချန်နှင့် အခြားသူများကို ကာကွယ်ဖို့အတွက် ငရဲဖိနှိမ်မီးဖိုကို ထုတ်ဖော်လိုက်ခြင်းဖြစ်၏။ တစ်ဖက်မှာတော့ အဲဒါသည် ငရဲဖိနှိမ်မီးဖိုကို ကောင်းကင်ဘုံကပ်ဘေး၏ ဆေးကြောသန့်စင်မှုကို ခံယူစေလိုသောကြောင့်လည်း ဖြစ်၏။
ငရဲဖိနှိမ်မီးဖိုက ဒဏ်ရာအပြင်းအထန်ရရှိထားပြီးနောက် ၎င်း၏ ကျင့်ကြံမှုနယ်ပယ်က ကျဆင်းသွားခဲ့၏။
မီးဖိုပေါ်ရှိ အက်ကွဲကြောင်းများက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း တကယ်တမ်းမှာတော့ ငရဲဖိနှိမ်မီးဖိုသည် အစစ်အမှန် အသိစိတ်ဓမ္မရတနာတစ်ခုအဖြစ် ပြန်လည်မရောက်ရှိသေးပေ။
ဤတစ်ခေါက် ကပ်ဘေးဆင်းသက်ခြင်းသည် ငရဲဖိနှိမ်မီးဖိုကို ပြန်လည်ပြုပြင်မွမ်းမံဖို့အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်၏။
ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာပြီး ငရဲဖိနှိမ်မီးဖိုက မိုးကြိုးများဖြင့် ဆေးကြောသန့်စင်မှုကို ခံယူနေ၏။ တိုက်ပွဲကြောင့် စွမ်းအားများစွာ ဆုံးရှုံးခဲ့ရပြီးနောက် အစက အိပ်မောကျသွားခဲ့သော မီးဖိုနံရံပေါ်ရှိ အထွတ်အမြတ်ဝိညာဉ်လေးခုက နောက်တစ်ဖန် နိုးထလာပြီး အလွန်တရာ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ကြ၏။
စိတ်ဝိညာဉ်ရတနာများစွာကို ဝါးမျိုရုံမျှနှင့် သူတို့သည် သူတို့၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိနိုင်မည် မဟုတ်ပေ။
လက်ရှိကောင်းကင်ဘုံကပ်ဘေးသည် သူတို့အနေဖြင့် စွမ်းအင်များကို စုပ်ယူပြီး သူတို့၏ အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိဖို့ အကောင်းဆုံး အခွင့်အလမ်းဖြစ်၏။
ငရဲဖိနှိမ်မီးဖိုသည် လေထဲမှာ လွင့်မျောနေပြီး ဆင်းသက်လာသော ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားကို လုံးလုံးလျားလျား စုပ်ယူနေ၏။ အထွတ်အမြတ်ဝိညာဉ်လေးခု၏ အော်ရာကလည်း မြင့်တက်လာ၏။
ယန်ပေးချန်နှင့် အခြားသူများကတော့ သူတို့သည် ငရဲဖိနှိမ်မီးဖိုအောက်မှာ ပုန်းကွယ်နေပြီး မိုးကြိုးလျှပ်စီးများဖြင့် ထိမှန်ခံရခြင်း မရှိပေ။
သို့သော် ယခုအချိန်မှာ အခြေအနေက ရုတ်တရက် ပြောင်းလဲသွား၏။
သိုင်းတာအိုပင်မခန္ဓာက ယန်ကျစ်နှင့် နတ်မိမယ် ခရမ်းရောင်မြစ်ထံသို့ ပြေးလိုက်သွားစဉ် ကျန်ရှိနေသော ပကတိမိစ္ဆာပညာရှင် ၃၀၀ကျော်ကျော်က သူတို့၏ ပစ်မှတ်များကို ပြောင်းလဲကာ ယန်ပေးချန်နှင့် အခြားသူများထံသို့ ပြေးဝင်လာခဲ့ပြီဖြစ်၏။
“သေစမ်း”
ဖုန့်စန်းထျန်၏ လက်ထဲရှိ မိစ္ဆာနှိမ်နင်းလှံက အလျားလိုက် ပြေးထွက်သွားပြီး ပကတိမိစ္ဆာတစ်ဦး၏ ရင်ဘတ်ကို ချက်ချင်းပင် ထိုးဖောက်လိုက်၏။
ထိုသူ၏ အမြုတေစိတ်ဝိညာဉ်က ထွက်မပြေးနိုင်ခင်မှာပင် နတ်ဆိုးဖိနှိမ်လှံကနေ ပေါက်ကွဲထွက်ပေါ်လာသော မိုးကြိုးစွမ်းအားက သူ၏ အသိစိတ်ကို ဖျက်ဆီးပစ်လိုက်၏။
ထိုလူ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးသွားပြီး သူက နေရာမှာပင် သေဆုံးသွား၏။
သို့သော်လည်း ဖုန့်စန်းထျန်က ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူ့မှာ တိုက်ခိုက်ရည်ခွန်အားများစွာ မကျန်ရှိတော့ဘဲ သူ၏ လမ်းဆုံးခါနီးသို့ ရောက်ရှိနေပြီဖြစ်၏။
လေထဲမှာ တစ်ယောက်တည်း မတ်တတ်ရပ်နေရင်း သူသည် ပကတိမိစ္ဆာပညာရှင်များ အားလုံးကို ခုခံတိုက်ခိုက်ဖို့အတွက် သူ့ကိုယ်သူ နှစ်ကိုယ် သုံးကိုယ် ခွဲမထုတ်နိုင်ပေ။
ပကတိမိစ္ဆာတချို့က သူ့ကို လှည့်ပတ်ပြီး ငရဲဖိနှိမ်မီးဖိုထံသို့ ပြေးဝင်လာကြ၏။
တစ်ခဏချင်းမှာပင် ပကတိမိစ္ဆာပညာရှင်များစွာက ငရဲဖိနှိမ်မီးဖိုရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
လူတစ်ယောက်က မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်၏။
“ပုရွက်ဆိတ်တွေ သေစမ်း”
ဖောင်း…
ထိုသူက ထိုသို့ပြောလိုက်သည့် ခဏမှာပင် သူ၏ ဦးခေါင်းက ထိုးချက်တစ်ချက်ဖြင့် ကြေမွသွားပြီး သူက နေရာမှာပင် သေဆုံးသွား၏။
သိုင်းတာအိုပင်မခန္ဓာသည် ယန်ကျစ်နှင့် နတ်မိမယ် ခရမ်းရောင်မြစ်ကို လောလောဆယ်မှာ လက်လျှော့နိုင်လေသည်။ သို့သော်လည်း သူက ယန်ပေးချန်နှင့် အခြားသူများကို ထိခိုက်ခွင့်မပေးနိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာက ဆင်းသက်လာပြီးနောက် သူက လူအုပ်ထဲသို့ ခုန်ဝင်သွားပြီး ဘယ်ညာလှုပ်ရှားကာ သူက လူပုံသဏ္ဌာန် သတ်ဖြတ်ခြင်းစက်တစ်ခု ဖြစ်လာခဲ့၏။
မည်သည့် ပကတိမိစ္ဆာပညာရှင်ကမှ သိုင်းတာအိုပင်မခန္ဓာ၏ လှုပ်ရှားမှုများကို မတားဆီးနိုင်ပေ။
နတ်ဘုရားစွမ်းအားများဖြစ်စေ၊ လျှို့ဝှက်အတတ်များ၊ ဓမ္မရတနာများ သို့မဟုတ် အဆောင်လက်ဖွဲ့များဖြစ်စေ… မည်သည့်အရာကမှ သိုင်းတာအိုပင်မခန္ဓာထံမှ သာမန်ကာလျှံကာ ထိုးချက်တစ်ချက်ကို မခုခံနိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာ တိုက်ခိုက်လိုက်သည်နှင့်အမျှ ပကတိမိစ္ဆာတစ်ဦးက သေချာပေါက် သေဆုံးနေပေလိမ့်မည်။
အသက်ရှူချိန် အနည်းငယ်မျှနှင့် ပကတိမိစ္ဆာပညာရှင်များစွာသည် ငရဲဖိနှိမ်မီးဖို၏ အနီးအနားမှာ သိုင်းတာအိုပင်မခန္ဓာ၏ သတ်ဖြတ်ခြင်းခံရပြီး မည်သူကမှ မလွတ်မြောက်နိုင်ကြပေ။
ဖုန့်စန်းထျန်နှင့် တိုက်ခိုက်နေဆဲ ကျန်ရှိနေသော ပကတိမိစ္ဆာများက ကြောက်ရွံ့ထိတ်လန့်စွာဖြင့် နောက်သို့ ဆုတ်ခွာသွားပြီး ရှေ့သို့ တက်လှမ်းလာရဲခြင်း မရှိတော့ပေ။
ထိုအခိုက်အတန့်မှာ ပထမကောင်းကင်ဘုံကပ်ဘေးက ပြီးဆုံးလုနီးပါး ဖြစ်သွား၏။
အစကနေ ယခုအချိန်ထိ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ဦးခေါင်းထက်ရှိ ကောင်းကင်ဘုံကပ်ဘေးကို လျစ်လျူရှုထားပြီး သူ့ခန္ဓာကိုယ်ပေါ် ကျဆင်းလာသည့် မိုးကြိုးလျှပ်စီးကြောင်းများကို ဒီအတိုင်းခွင့်ပြုထား၏။ သိုင်းတာအိုပင်မခန္ဓာက အရာရာတိုင်းကို စုပ်ယူနေ၏။
အဲဒါသည် ဖုန့်စန်းထျန်အတွက်လည်း အတူတူပင်ဖြစ်၏။
ကောင်းကင်ဘုံကပ်ဘေးကနေ ဆင်းသက်လာသော မိုးကြိုးလျှပ်စီးက အခြားသူများအတွက် အလွန်တရာ ပျက်စီးထိခိုက်စေ၏။
သို့သော်လည်း အဲဒါက သူ့အတွက် မဟာအားဆေးဖြစ်သည်။
ပထမဆုံးကောင်းကင်ဘုံကပ်ဘေး အဆုံးသတ်သွားပြီးနောက် သူ၏ ထိခိုက်ဒဏ်ရာများက စတင်သက်သာလာသည်။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုနားမှာ မတ်တတ်ရပ်နေပြီး ခပ်ဝေးဝေးမှာ ရှိသော ယန်ကျစ်၊ နတ်မိမယ် ခရမ်းရောင်မြစ်နှင့် အခြားသူများကို ကြည့်နေ၏။ သူက စတင်၍ တိုက်ခိုက်ခြင်း မရှိတော့ပေ။
တကယ်တော့ သူ၏ အစွမ်းအစအရ သူက လုံးဝ ထိန်ချန်ထားခြင်း မရှိလျှင် သူသည် သူတို့နှင့် တွေ့ဆုံမိသည့် ခဏမှာပင် ပကတိမိစ္ဆာအဆင့်သတ်မှတ်ချက်ပေါ်မှ ပညာရှင်လေးဦးစလုံးကို သတ်ဖြတ်နိုင်လောက်၏။
ကံကြမ္မာမီးတောက်များ၊ ငရဲမီး၊ မျိုးဆက်သွေးနယ်မြေ…။
ထိုဝှက်ဖဲများ အားလုံးကို ထုတ်ဖော်လိုက်မည်ဆိုလျှင် အန္တိမ ပကတိမိစ္ဆာ ယန်ကျစ် အပါအဝင် လက်ရှိ ပကတိမိစ္ဆာရာချီထဲ အသက်ရှင်လျက် ထွက်ပြေးနိုင်မည့်လူက များစွာ မရှိလောက်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ထိုနည်းလမ်းများကို မထုတ်ဖော်သည့် အကြောင်းရင်းမှာ သူက အဲဒါကို ဖုံးကွယ်ထားချင်သောကြောင့် မဟုတ်ပေ။
တကယ်တော့ သူ့အတွက် အန္တိမ ပကတိမိစ္ဆာနှင့် အခြားသူများသည် ခြိမ်းခြောက်မှုများစွာ မရှိပေ။
ဤတစ်ခေါက် သူ့ကို အစစ်အမှန် ခြိမ်းခြောက်နေသည်မှာ ကောင်းကင်ဘုံကပ်ဘေး ဖြစ်နေဆဲပင်။
သူ၏ ဓမ္မတာအိုက အထက်ဘုံလောကမှ သက်ရှိများ အားလုံး၏ ကျင့်ကြံမှုနှင့် ကွဲပြားခြားနားနေ၏။
သူသည် သူ့ကိုယ်ပိုင်တာအိုကို ဖန်တီးပြီး အစစ်အမှန် သိုင်းနယ်ပယ်ကို တည်ဆောက်ကာ အစစ်အမှန် သိုင်းတာအိုခန္ဓာကို စုဖွဲ့ခဲ့၏။
အတိအကျဆိုရလျှင် သူဖြတ်ကျော်ရမည့် ကောင်းကင်ဘုံကပ်ဘေးသည် မကြုံစဖူး အစစ်အမှန်သိုင်းကောင်းကင်ဘုံကပ်ဘေး ဖြစ်လေသည်။
ဤတစ်ခေါက် ကောင်းကင်ဘုံကပ်ဘေးက ဘယ်လောက်အထိ ကြောက်စရာကောင်းလာမလဲ မည်သူကမှ မသိရပေ။
ဒါ့အပြင် သူသည် မိစ္ဆာတစ်သန်းစစ်တပ်ကြားမှာ ကပ်ဘေးဆင်းသက်ခြင်းကို ခံယူခဲ့ပြီး ဤတစ်ခေါက် ကပ်ဘေးဆင်းသက်ခြင်းမှာ မသေချာ မရေရာသော အကြောင်းတရားများ ထပ်ပေါင်းပါဝင်လာခဲ့၏။
ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားသည် မိုးကောင်းကင်၏ အနက်ပိုင်းထဲရှိ အမျိုးအမည်မသိရသော နေရာကနေ အရင်းခံ ဆင်းသက်လာခဲ့၏။
အဲဒါသည် မဟာလောကသုံးထောင်ကနေလာခြင်း ဖြစ်ဖို့များလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ဤကဲ့သို့ ဘာမှန်းမသိရသော အရာနှင့် ရင်ဆိုင်ရချိန်မှာ ပေါ့ပေါ့ဆဆ မပြုမူရဲပေ။
သူက ယန်ကျစ်၊ နတ်မိမယ် ခရမ်းရောင်မြစ်နှင့် အခြားသူများကို ကိုင်တွယ်ဖို့အတွက် သူ၏ ဝှက်ဖဲများစွာကို ထုတ်ဖော်လိုက်မည်ဆိုလျှင် သူသည် နောက်ပိုင်းဖြစ်လာနိုင်သည့် အပြောင်းအလဲတစ်ခုခုကို ခုခံနိုင်ချင်မှ ခုခံနိုင်ပေတော့မည်။
သိုင်းတာအိုပင်မခန္ဓာက ငရဲဖိနှိမ်မီးဖိုကို စောင့်ကြပ်နေစဉ် ယန်ကျစ်၊ နတ်မိမယ် ခရမ်းရောင်မြစ်နှင့် အခြားပကတိမိစ္ဆာများကလည်း မဆင်မခြင် တက်လှမ်းလာရဲခြင်း မရှိပေ။
သို့သော် သူတို့ထဲ မည်သူကမှ ဒီအတိုင်းထွက်ခွာသွားလိုစိတ် မရှိချေ။
လူများစွာမှာ တူညီသော အတွေးရှိနေ၏။ သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ ကပ်ဘေးဆင်းသက်ခြင်း အဆုံးသတ်သွားမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်၏။
သူက ကပ်ဘေးဆင်းသက်ခြင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့မည်ဆိုလျှင်တောင် ထျန်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သေချာပေါက် အလွန်တရာ အားနည်းသွားပေလိမ့်မည်။ အဲဒါက သူတို့အတွက် တိုက်ခိုက်ဖို့ အကောင်းဆုံး အခွင့်အလမ်း ဖြစ်ပေလိမ့်မည်။
သိပ်မကြာခင် ဒုတိယမြောက် ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာခဲ့၏။
အဝါရောင်မိုးကြိုးက အဆက်မပြတ် ဆင်းသက်လာပြီး သိုင်းတာအိုပင်မခန္ဓာနှင့် ဖုန့်စန်းထျန်ကို ပြင်းထန်စွာ ပစ်ချလိုက်၏။
သူတို့နှစ်ယောက်က လှုပ်ရှားယိမ်းယိုင်ခြင်း မရှိဘဲ မိုးကြိုးလျှပ်စီးများကြားမှာ ဆေးကြောသန့်စင်မှုကို ခံယူနေ၏။
ကောင်းကင်ဘုံကပ်ဘေး၏ အရောင်က ပို၍ နက်ရှိုင်းလာပေလိမ့်မည်။ နဝမမြောက် ကောင်းကင်ဘုံကပ်ဘေး ဆင်းသက်လာသည့်အချိန်မှာ အဲဒါသည် ရွှေရောင်အဖြစ် ပြောင်းလဲသွားပြီး ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ လောကကို ဆုတ်ဖြဲပစ်နိုင်သော ကျိန်းစပ်နေသည့် ရွှေရောင်အလင်းတစ်ခုနှင့်အတူ တောက်ပလာပေလိမ့်မည်။
ဘန်း… ဘန်း…
ထိုသို့ဆိုလျှင်တောင် သိုင်းတာအိုပင်မခန္ဓာနှင့် ဖုန့်စန်းထျန်က နောက်ဆုတ်ခြင်း မရှိပေ။
သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ဘုံကပ်ဘေးကို သူ၏ ခန္ဓာကိုယ်ထဲသို့ ဆွဲယူပြီး သူ၏ ကပ်ဘေးမီးကို သန်မာလာစေကာ သူ၏ ခန္ဓာကိုယ်၊ မျိုးဆက်သွေး၊ အရွတ်များ၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများကို မီးဆေးပြီး အစစ်အမှန်သိုင်းတာအိုခန္ဓာကို ပြီးပြည့်စုံအောင် ပြုလုပ်နေ၏။
ဖုန့်စန်းထျန်ကတော့ သူသည် မိုးကြိုးစွမ်းအားကို အသုံးချကာ သူ၏ ဒဏ်ရာများကို ကုသနေ၏။ တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးမှာ ပါဝင်သော တာအိုနှင့် ဓမ္မပညာရပ်များကို နားလည်ဆင်ခြင်နေ၏။
ဤကောင်းကင်ဘုံကပ်ဘေးသည် သိုင်းတာအိုပင်မခန္ဓာအတွက် အလွန်တရာ အရေးကြီးရုံသာမက အဲဒါသည် သူ့အတွက်လည်း ကြီးမားသည့် အခွင့်အလမ်းတစ်ခု ဖြစ်၏။
ဖုန့်စန်းထျန်က တစ်စုံတစ်ရာကို တွေးမိသွားပြီး ရင်တစ်ချက်ထိတ်သွား၏။
အထီးကျန်သိုင်းသခင်သည် မိစ္ဆာတစ်သန်းစစ်တပ်ကို ကိုင်တွယ်ချင်ရုံအတွက်နဲ့ ကပ်ဘေးဆင်းသက်ခြင်းကို ခံယူရန် ဤနေရာသို့ ရောက်ရှိလာခြင်း ဟုတ်နိုင်ပါ့မလား။
သူ၏ အစွမ်းအစအရ ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားမရှိလျှင်တောင် လက်ရှိမိစ္ဆာများထဲ ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲ။
သူ၏ တိုက်ခိုက်ရည်ခွန်အားအရ သူက ပြိုင်ဘက်ကင်းနေပြီဖြစ်၏။
အထီးကျန်သိုင်းသခင်သည် ဖုန့်စန်းထျန်ကို အခွင့်အလမ်းတစ်ခု ပေးလိုသောကြောင့် ကပ်ဘေးဆင်းသက်ခြင်းကို ခံယူရန် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်နေနိုင်၏။
ဖုန့်စန်းထျန်က မလှမ်းမကမ်းမှာ ရှိသော ငရဲဖိနှိမ်မီးဖိုကို ကြည့်လိုက်၏။ သူ၏ ရင်ထဲမှာ ချက်ချင်း မဖြေရှင်းနိုင်သည့် ကြီးမားသော မေးခွန်းတစ်ခု ရှိနေဆဲပင်။
ယုတ္တိကျကျ ပြောရလျှင် ဤရှေးဟောင်းဧကရာဇ်လက်နက်သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရှိ ဆူဇီမို၏ လက်ထဲမှာ ရှိနေသင့်သည်။ အဲဒါက အထီးကျန်သိုင်းသခင်၏ လက်ထဲကို ဘယ်လိုလုပ်ရောက်လာတာလဲ။
ဒါ့အပြင် သူက တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရသွား၏။
အထီးကျန်သိုင်းသခင်ဟူသော အမည်ကို ပကတိ ၁၀ ငရဲမှာတုန်းက ဆူဇီမိုက ထုတ်ဖော်ပြောဆိုခဲ့ဖူးပုံရလေသည်။
တကယ်ဆို အထီးကျန်သိုင်းသခင်က ဆူဇီမိုဖြစ်နေမလားဟုပင် ဖုန့်စန်းထျန်က တွေးမိနေ၏။
သို့သော်လည်း နောက်တစ်ဖန်ပြန်တွေးရင်း သူက ထိုထင်မြင်ယူဆချက်ကို ချက်ချင်းပယ်ချလိုက်၏။
ပထမတစ်ချက်… သူတို့၏ နည်းလမ်းများ၊ ဓမ္မတာအိုနှင့် အော်ရာ… အရာရာတိုင်းက ကမ္ဘာတစ်ခုစီ ကွဲပြားခြားနားနေ၏။
ဒုတိယအချက်… သူတို့နှစ်ယောက် လမ်းခွဲခဲ့စဉ်က ဆူဇီမိုသည် ကမ္ဘာမြေအင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်၏။
ဆူဇီမိုအနေဖြင့် နှစ်ပေါင်းထောင်ချီကာလအတွင်း ဤအဆင့်ထိ ကျင့်ကြံလာနိုင်ဖို့ သို့မဟုတ် သူ့ကို ယှဉ်နိုင်လာဖို့က မဖြစ်နိုင်ပေ။
အထီးကျန်သိုင်းသခင်သည် ငရဲဖိနှိမ်မီးဖိုကို ဆူဇီမို၏ လက်ထဲကနေ လုယူလာခဲ့ခြင်း မဟုတ်ပါစေနှင့်ဟုသာ သူက ဆုတောင်းနေမိ၏။
ဖုန့်စန်းထျန်က သူ့ဘာသာသူ တွေးတောနေခြင်း ဖြစ်လေသည်။