← Chapters

တိုက်ခိုက်ခြင်း

Vol. 159 Ch. 2376

တိုက်ခိုက်ခြင်း

Vol. 159 Ch. 2376

ကပ်ဘေးတိမ်စိုင်များက ထူပိန်းနေပြီး ဒုတိယမြောက် ကောင်းကင်ဘုံကပ်ဘေးက အဆုံးသတ်သွားစဉ်မှာပင် မိုးကြိုးအရောင်က ပြောင်းလဲသွား၏။

ဖျောက်….

အစိမ်းရောင်မိုးကြိုး၏ တတိယအချီက ဆင်းသက်လာပြီး လောကကို ဆုတ်ဖြဲပစ်လိုက်၏။ အဲဒါက  ပို၍ပင် စွမ်းအားကြီးမားပြီး တုန်လှုပ်စရာကောင်းနေ၏။

သိုင်းတာအိုပင်မခန္ဓာက လေထဲမှာ မလှုပ်မယှက်ရပ်ပြီး လျှပ်စီးများဖြင့် လွှမ်းခြုံကာ သူ၏ ခန္ဓာကိုယ်ကို မီးဆေးဖို့အတွက် ကောင်းကင်ဘုံကပ်ဘေး၏ မိုးကြိုးစွမ်းအားကို အသုံးချနေ၏။

သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ကပ်ဘေးဆင်းသက်ခြင်းကို ခံယူပုံက ရိုးရှင်းသည်ဟု ထင်ရသော်လည်း ငရဲဖိနှိမ်မီးဖိုအောက်မှာ ပုန်းကွယ်နေသော ကူထုံယိုနှင့် အခြားသူများသည် ဤကောင်းကင်ဘုံကပ်ဘေးက ဘယ်လောက်တောင် ကြောက်စရာကောင်းသည်ကို သိရှိထား၏။

မိုးကြိုးလျှပ်စီးကြောင်းများက ငရဲဖိနှိပ်မီးဖိုကို တစ်ခုပြီးတစ်ခု ထိမှန်ကျဆင်းပြီး ကျိန်းစပ်နေသော အလင်းများ ဖြာထွက်ကာ လျှပ်စီးလျှပ်ပန်းများက လေထဲမှာ ကခုန်နေ၏။

ငရဲဖိနှိပ်မီးဖို၏ ခုခံပေးမှုကြောင့် မဟုတ်လျှင် သူတို့သည် ပျက်စီးပေါက်ကွဲထွက်သွားသည်မှာ ကြာနေလောက်လေပြီ။

“အဲဒီလူရဲ့ နောက်ခံက ဘာလဲ… သူက ဘာဓမ္မပညာရပ် ဘာနတ်ဘုရားစွမ်းအားကိုမှ မသုံးဘဲ ပကတိဧကကောင်းကင်ဘုံကပ်ဘေးကို ခံယူနေတာလား… သူက ကိုယ်ကာယ၊ မျိုးဆက်သွေးသက်သက်နဲ့ အရာရာတိုင်းကို ခံယူနေရုံပဲလား”

“အဲဒီလူရဲ့ ကိုယ်ကာယက အရမ်းကို သန်မာတယ်… သူ့ရဲ့ ရုန်းကုန်ပေါက်ကွဲအားကလည်း ပြင်းထန်ကြမ်းတမ်းတယ်… မိစ္ဆာဆေဘာလီပိုထျန်တောင်မှ သူ့ရဲ့ ထိုးချက်တစ်ချက်တည်းနဲ့ သတ်ဖြတ်ခံခဲ့ရတယ်”

ကျန်ရှိနေသော ပကတိမိစ္ဆာ ၂၀၀ကျော်ကျော်က ကောင်းကင်ဘုံကပ်ဘေး၏ စက်ကွင်းအပြင်ဘက်မှာ ပုန်းကွယ်နေကြ၏။ ထိုသည်ကို တွေ့မြင်သောအခါ သူတို့က စိုးရိမ်ထိတ်လန့်သော အမူအရာများဖြင့် တိတ်တဆိတ် ဆွေးနွေးပြောဆိုနေကြ၏။

“အစ်ကိုယန်… သူ့ရဲ့ မျိုးဆက်သွေးနဲ့ ကိုယ်ကာယက ဘယ်ဓမ္မတာအိုနဲ့ ဘယ်အမွေအနှစ်ကို ဆက်ခံရရှိထားတယ်ဆိုတာ ရှင်ပြောနိုင်လား”

နတ်မိမယ်ခရမ်းရောင်မြစ်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။

ယန်ကျစ်၏ အမူအရာက သုန်မှုန်နေပြီး သူက နှုတ်ဆိတ်နေ၏။

နတ်မိမယ်ခရမ်းရောင်မြစ်က ပြောလိုက်၏။

“ကျွန်မ သိရသလောက်ဆိုရင် အန္တိမ ကိုယ်ကာယနဲ့ မျိုးဆက်သွေးတွေနဲ့ မွေးဖွားလာတဲ့ နဂါးမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်လို မျိုးနွယ်စုတချို့ကပဲ သူတို့ရဲ့ ကိုယ်ကာယနဲ့ ကောင်းကင်ဘုံကပ်ဘေးကို ခံယူနိုင်လိမ့်မယ်”

“ဟမ့်”

ယန်ကျစ်က ထိုစကားကို ကြားသောအခါ သူက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“လောစရာ မလိုပါဘူး… သူ ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမလဲ ကြည့်ရသေးတာပေါ့”

“နဂါးမျိုးနွယ်နဲ့ နတ်ဘုရားမျိုးနွယ်မှာတောင် ပဉ္စမမြောက်နဲ့ ဆဋ္ဌမမြောက် ကောင်းကင်ဘုံကပ်ဘေး​တွေ ဆင်းသက်လာရင် သူတို့က အဲဒါကို ခုခံဖို့အတွက် သူတို့ရဲ့ ဓမ္မရတနာလက်နက်​တွေကို ဆင့်ခေါ်ပြီး သူတို့ရဲ့ နတ်ဘုရားစွမ်းအားတွေနဲ့ လျှို့ဝှက်အတတ်တွေကို ထုတ်ဖော်ရလိမ့်မယ်”

“အဲဒီလူက ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက ခြောက်ခုကို သူ့ရဲ့ ခန္ဓာကိုယ်သက်သက်နဲ့ ခုခံပြီး ရှင်သန်နိုင်လိမ့်မယ်လို့ ငါမယုံဘူး”

သိပ်မကြာခင် တတိယမြောက် ကောင်းကင်ဘုံကပ်ဘေးက အဆုံးသတ်သွား၏။

ထို့နောက် ချက်ချင်းပင် အပြာရောင် မိုးကြိုးလျှပ်စီးက ကပ်ဘေးတိမ်စိုင်များထဲမှာ တဖျတ်ဖျတ်လက်ပြီး သိုင်းတာအိုပင်မခန္ဓာနှင့် ဖုန်စန်းထျန်၏ ဦးခေါင်းထက်မှာ အပြာရောင် မိုးကြိုးလျှပ်စီးပင်လယ်တစ်ခုကို တဖြည်းဖြည်း​ ဖြစ်ပေါ်လာစေ၏။

ဝေါ…

ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ရေခဲမြစ်တစ်စင်းကဲ့သို့ မိုးကြိုးလျှပ်စီးရေများက ရွာသွန်းကျဆင်းလာပြီး သိုင်းတာအိုပင်မခန္ဓာနှင့် ဖုန်စန်းထျန်က ချက်ချင်းပင် နစ်မြုပ်သွား၏။

ခဏနေပြီးနောက် မိုးကြိုးလျှပ်စီးပင်လယ်က ဖျော့တော့သွားသောအခါ သိုင်းတာအိုပင်မခန္ဓာနှင့် ဖုန်စန်းထျန်၏ ပုံရိပ်များက ပြန်လည်ပေါ်ထွက်လာ၏။

ဝုန်း… ဝုန်း… ဝုန်း…

ပဉ္စမမြောက် ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာပြီး ခရမ်းရောင် မိုးကြိုးလျှပ်စီးကြောင်းများက အဆုံးမဲ့ စွမ်းပကားများနှင့်အတူ ကောင်းကင်ထက်ကနေ ကျဆင်း၍ သိုင်းတာအိုပင်မခန္ဓာကို အဆက်မပြတ် ရိုက်ခတ်လာ၏။

သူတို့ တစ်ကြိမ်ဆင်းသက်လာတိုင်း ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာတတ်၏။

ဖြစ်စဉ်တစ်လျှောက်လုံးမှာ သိုင်းတာအိုပင်မခန္ဓာသည် သူ့လက်ချောင်းတစ်ချောင်းကိုပင် လှုပ်ရှားခြင်း မရှိပေ။

သိပ်မကြာခင် ပဉ္စမမြောက် ကောင်းကင်ဘုံကပ်ဘေးက ပြီးဆုံးသွားပြီး ဆဋ္ဌမမြောက် ကောင်းကင်ဘုံကပ်ဘေးက ပစ်ချဖို့အတွက် အဆင်သင့်ဖြစ်နေ၏။ မီးခိုးရောင် မိုးကြိုးလျှပ်စီးမှာ သက်ရှိများ အားလုံးကို သတ်ဖြတ်နိုင်သည်ဟု ထင်ရသော သေခြင်းအော်ရာတစ်ခု ပါဝင်နေ၏။

ဘုန်း… ဘုန်း… ဘုန်း…

မီးခိုးရောင် မိုးကြိုးလျှပ်စီးကြောင်းများက တစ်ခုပြီးတစ်ခု ဆင်းသက်လာပြီး သိုင်းတာအိုပင်မခန္ဓာကို ပစ်ချလိုက်၏။

အကြိမ်အရေအတွက်များက စိပ်လာသည်နှင့်အမျှ မီးခိုးရောင် မိုးကြိုးလျှပ်စီးကြောင်းများက ပိုမိုတုတ်ခိုင်၍ ပို၍ တုန်လှုပ်စရာကောင်းလာ၏။

အစကတော့ သူတို့သည် လက်မောင်းလုံးအရွယ်လောက်သာ ရှိလေသည်။ နောက်ပိုင်းမှာ သူတို့သည် လျှပ်စီးများဖြင့် ရစ်ပတ်ထားသည့် နတ်ဘုရားကျောက်တိုင်များကဲ့သို့ဖြစ်လာပြီး အဆက်မပြတ် ပစ်တိုက်ကျဆင်းလာ၏။

သိုင်းတာအိုပင်မခန္ဓာက မလှုပ်မယှက် ရှိနေဆဲပင်။

“ကြည့်ရတာတော့ ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက ခြောက်ခုက သေချာပေါက် အဆုံးသတ် မဟုတ်ဘူး… အဲဒီမှာ နောက်ထပ် ကောင်းကင်ဘုံကပ်ဘေးတွေ သေချာပေါက် စုဖွဲ့လာလိမ့်မယ်”

“ဒီလူ့ရဲ့ နည်းလမ်းတွေအရဆိုရင် သူက နောက်ဆုံးမှာ ​ကောင်းကင်ဘုံကပ်ဘေး ဘယ်လောက်များများကို ဆင့်ခေါ်နိုင်မလဲ ငါသိချင်မိတယ်… အဲဒါက ဒဏ္ဍာရီလာ ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက ကိုးခုဖြစ်နေမလား”

ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲမှ ကိုးခုဟူသော စကားကို ကြားရချိန်မှာ မိစ္ဆာများက တုန်လှုပ်သွားကြ၏။

တစ်စုံတစ်ယောက်က ညင်သာစွာ ပြောလိုက်၏။

“ပေါက်ကရတွေ ပြောမနေနဲ့… ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက ကိုးခုကို ဆွဲဆောင်နိုင်တဲ့ ဘယ်သူမဆို ဧကရာဇ်တစ်ပါးရဲ့ ပါရမီအလားအလာနဲ့လူပဲ… အဲဒါက နှစ်တစ်သန်းမှာ တစ်ယောက် ပေါ်ထွက်မလာတတ်ဘူး”

“အမှန်ပဲ… အန္တိမ ပကတိမိစ္ဆာ ယန်ကျစ်တောင်မှ ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက ရှစ်ခုကိုပဲ ဆင့်ခေါ်နိုင်ခဲ့တယ်”

“အဲဒီလူရဲ့ တိုက်ခိုက်ရည်ခွန်အားက ယန်ကျစ်ထက် ပိုပြီးတော့​ သန်မာနေတဲ့ပုံပဲ”

လူတိုင်းက ဆွေးနွေးပြောဆိုနေစဉ်မှာပင် သတ္တမမြောက် ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာခဲ့ပြီဖြစ်၏။

ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ သတ္တမမြောက် ကောင်းကင်ဘုံကပ်ဘေး၏ အရောင်က ပို၍ ရင့်လာခဲ့၏။

ယခင် ကောင်းကင်ဘုံကပ်ဘေးက မီးခိုးရောင်ဖြစ်လေသည်။

သတ္တမမြောက် ကောင်းကင်ဘုံကပ်ဘေး၏ ပထမရိုက်ချက်ကတော့ အဲဒါက အနက်ရောင်ဖြစ်ပြီး အရမ်းကို ရုတ်ရင့်ကြမ်းတမ်းနေ၏။ အဲဒါသည် ကွေးညွှတ်ထားသော အနက်ရောင် လှံတစ်လက်ကဲ့သို့ ကောင်းကင်ထက်ကနေ ဆင်းသက်လာ၏။

အနက်ရောင် မိုးကြိုးလျှပ်စီးကြောင်းက လောကကို နှစ်ပိုင်းခွဲထုတ်လိုက်ပုံရလေသည်။

ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာက နောက်ဆုံး လှုပ်ရှားလာခဲ့၏။

သူက သူ၏ ဦးခေါင်းကို အနည်းငယ်မော့ပြီး သူ၏ လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ ဆင်းသက်လာသော အနက်ရောင် မိုးကြိုးလျှပ်စီးကြောင်းကို​ ပစ်ထိုးလိုက်၏။

ဘုန်း…

အနက်ရောင် မိုးကြိုးလျှပ်စီးကြောင်းက သိုင်းတာအိုပင်မခန္ဓာ၏ လက်ချောင်းနှင့် ထိတွေ့ရိုက်ခတ်ပြီး ကျယ်လောင်သော မြည်သံနှင့် ချက်ချင်းပင် ပေါက်ကွဲထွက်သွား၏။

သိုင်းတာအိုပင်မခန္ဓာက လှုပ်ရှားခြင်း မရှိဘဲ သူက လုံးဝ မထိခိုက်ပေ။

ထိုသည်ကို ယန်ကျစ် တွေ့မြင်သောအခါ သူ၏ နှုတ်ခမ်းက အထိန်းအကွပ်မဲ့စွာဖြင့် တဆတ်ဆတ် လှုပ်သွား၏။

အဲဒါသည် ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲမှ သတ္တမမြောက် ဖြစ်နေလျှင်တောင် ထျန်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် မည်သည့်​ ဓမ္မရတနာ သို့မဟုတ် မည်သည့် နတ်ဘုရားစွမ်းအားကိုမှ အသုံးပြုခြင်း မရှိသေးပေ။ သူက သူ၏ လက်ညှိုးတစ်ချောင်းကိုသာ ဆန့်ထုတ်ပြီး ကောင်းကင်ဘုံကပ်ဘေးကို ဖျက်ဆီးလိုက်ရုံသာ ဖြစ်၏။

သတ္တမမြောက် ကောင်းကင်ဘုံကပ်ဘေးနှင့် တိုက်ခိုက်စဉ်က သူသည် သူ၏ ဝှက်ဖဲများ အားလုံးကို ထုတ်ဖော်ခဲ့ရပြီး သူ၏ ခန္ဓာကိုယ်၏ အကန့်အသတ်နီးပါးအထိ ရောက်ရှိခဲ့၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာအတွက် ကပ်ဘေးဆင်းသက်ခြင်းက အရမ်းကို လွယ်ကူနေပုံရ၏။

ယန်ကျစ်သည် ဖော်မပြတတ်သော မကျေမချမ်း ခံစားချက်တစ်ခုကို ရရှိလာ၏။

သို့သော်လည်း သိပ်မကြာခင် သူ့ကိုယ်သူ ဣန္ဒြေဆည်လိုက်၏။

ပကတိဧကကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားက နောက်ဆုံးမှာ ပို၍တိုးလာမည်ကို သူက သိရှိထားသောကြောင့်ဖြစ်၏။

သတ္တမမြောက် ကောင်းကင်ဘုံကပ်ဘေးနှင့် အဋ္ဌမမြောက် ကောင်းကင်ဘုံကပ်ဘေးတို့အကြား ကွာခြားချက်ကို မပြောနှင့်… ကောင်းကင်ဘုံကပ်ဘေး၏ ရိုက်ချက်တစ်ချက်ချင်းစီအကြား စွမ်းပကားကပင်လျှင် ဆင်းသက်လာသည်နှင့်အမျှ ဆပွားတိုးလာပေလိမ့်မည်။

ဘုန်း… ဘုန်း… ဘုန်း…

သိုင်းတာအိုပင်မခန္ဓာက လေထဲမှာ မတ်တတ်ရပ်ပြီး သူ၏ ဦးခေါင်းကို အနည်းငယ်​ မော့ထား၏။ သူက ကောင်းကင်ဘုံကပ်ဘေး၏ ရိုက်ခတ်မှုနှင့် ရင်ဆိုင်ရချိန်မှာ သူသည် ခြင်၊ ယင်များကို မောင်းထုတ်နေသည့်အလား သူ၏ လက်ကို သာမန်ကာလျှံကာ မြှောက်လိုက်၏။

စွမ်းအားကြီးမားသော ကောင်းကင်ဘုံကပ်ဘေးများက တစ်ခုပြီးတစ်ခု ပျက်ပြယ်သွားပြီး သူ့ကို မည်သည့်ပျက်စီးထိခိုက်မှုမှ မဖြစ်စေပေ။

ပကတိမိစ္ဆာပညာရှင်တစ်ဦးက အဲဒါကို လက်မခံနိုင်ဘဲ တစ်စုံတစ်ရာ လွဲမှားနေသည်ဟု ခံစားရ၏။

သူက စိတ်ပိုင်းဖြတ်ပြီး အကဲစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်၏။

ဖျတ်ခနဲဆို သူက သိုင်းတာအိုပင်မခန္ဓာ အနားသို့ ချဉ်းကပ်သွားပြီး တစ်ခဏချင်းမှာပင် ကပ်ဘေးတိမ်စိုင်များ၏ စက်ကွင်းထဲသို့ ဝင်ရောက်လာ၏။

ဖျောက်…

အနက်ရောင် မိုးကြိုးလျှပ်စီးကြောင်းတစ်ခုက ဆင်းသက်၍ ချက်ချင်းပင် ရောက်ရှိလာခဲ့၏။

“တော်တော်သန်မာတာပဲ”

ကောင်းကင်ဘုံကပ်ဘေးကို ကိုယ်တိုင်တွေ့ကြုံခံစားမိမှသာလျှင် အဲဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သူက သိရှိသွား၏။

ထိုလူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

ကံကောင်းထောက်မစွာဖြင့် သူက ကြိုတင်ပြင်ဆင်ထားပြီး သူ၏ စိတ်ဝိညာဉ်ရတနာကို အလောတကြီး ဆင့်ခေါ်ထုတ်လိုက်၏။ သူက သူ၏ လက်နက်ထဲသို့ အစစ်အမှန် အမြုတေကို ထိုးသွင်းပြီး ခုခံဖို့အတွက် သူ၏ ဦးခေါင်းထက်ကို မြှောက်တင်လိုက်၏။

တစ်ချိန်တည်းမှာပင် ထိုလူက သူ၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို လှည့်ပတ်ပြီး ကောင်းကင်ဘုံကပ်ဘေးကို တိုက်ခိုက်လိုက်၏။

ဘုန်း…

နက်မှောင်နေသော မိုးကြိုးက ဆင်းသက်လာခဲ့ပြီး ထိုသူ၏ စိတ်ဝိညာဉ်ရတနာကို ချက်ချင်းနီးပါးပင် ထိုးဖောက်ကာ သူ၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ဖျက်ဆီးပစ်နေ၏။

“ဖွီ…”

ပကတိမိစ္ဆာက ဆတ်ခနဲ တုန်ယင်သွားပြီး ပါးစပ်အပြည့် သွေးများကို ထွေးထုတ်လိုက်ရ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက နက်မှောင်နေသော မိုးကြိုးစီးကြောင်းဖြင့် ထိုးဖောက်ခံလိုက်ရပြီး လောင်ကျွမ်းတူးချစ်နေသော တုန်လှုပ်စရာကောင်းသည့် သွေးသံရဲရဲ အပေါက်တစ်ပေါက် ပေါ်ထွက်လာ၏။

မိုးကြိုး၏ သိပ်သည်းပြင်းထန်သော အဖျက်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှာ မွှေနှောက်သွားပြီး တစ်ခဏချင်းမှာပင် သူ၏ အသက်ဓာတ်ကို ဖျက်ဆီးပစ်လိုက်၏။

ကံကောင်းထောက်မစွာဖြင့် ဤလူသည် အခြေအနေမကောင်းတော့ဘူးဆိုတာကို သိမြင်ခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က တာအိုသစ်သီး၏ ကာကွယ်မှုနှင့်အတူ သူ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာလာခဲ့၏။ သူက ကပ်ဘေးတိမ်စိုင်များ၏ စက်ကွင်းကနေ ထွက်ပြေးလွတ်မြောက်လာပြီး သေရမည့်ဘေးကို ရှောင်လွှဲနိုင်ခဲ့၏။

ထိုသို့ဆိုလျှင်တောင် ဤလူ ထိခိုက်ခံစားခဲ့ရသည့် ပျက်စီးဆုံးရှုံးမှုများကို ဖာထေးနိုင်ဖို့ မလွယ်ကူပေ။

သူ၏ ခန္ဓာကိုယ်က သတ္တမမြောက် ကောင်းကင်ဘုံကပ်ဘေးကြောင့် လုံးလုံးလျားလျား ပျက်စီးသွားပြီး သူ၏ အသက်ဓာတ်အားက ပြတ်တောက်သွား၏။ သူက သွေးကနေ ပြန်လည်မွေးဖွားခြင်းကိုပင် အသုံးမပြုနိုင်တော့ပေ။

မိစ္ဆာများ၏ မျက်လုံးထဲမှာ ဤ​မြင်ကွင်းက သူတို့ကို ပို၍ပင် စိုးရိမ်ထိတ်လန့်လာစေ၏။

မိစ္ဆာများက တစ်ယောက်ပြီးတစ်ယောက် နောက်သို့ ဆုတ်ခွာပြီး မည်သူကမှ ရှေ့ကို မဆင်မခြင် မတက်လှမ်းရဲတော့ပေ။

သိပ်မကြာခင် သတ္တမမြောက် ကောင်းကင်ဘုံကပ်ဘေးက အဆုံးသတ်သွားသော်လည်း ကပ်ဘေးတိမ်စိုင်များက ပျက်ပြယ်မသွားပေ။

အဋ္ဌမမြောက် ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာတော့မည်ဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ကောင်းကင်ထက်ကို မော့ကြည့်လိုက်၏။ သူက နောက်ဆုတ်ရမည့်အစား ကောင်းကင်ထက်ကို ပျံတက်သွားပြီး ဆင်းသက်လာသော ကောင်းကင်ဘုံကပ်ဘေးကို ရင်ဆိုင်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံကပ်ဘေးကို ခုခံရုံသာ မဟုတ်ဘဲ ထိပ်တိုက်ရင်ဆိုင်ချင်နေ၏။

All Chapters