ထာဝရဒဏ်ခတ်ခြင်း
Vol. 159 Ch. 2379
ကောင်းကင်ဘုံကပ်ဘေး၏ အဋ္ဌမမြောက် ရိုက်ချက်အပြီး၌ နဝမမြောက် ရိုက်ချက်က အတန်ကြာသည်အထိ ပေါ်ထွက်မလာခဲ့ပေ။
ကောင်းကင်ထက်ရှိ ကပ်ဘေးတိမ်စိုင်များကလည်း ယခုအချိန်ထိ ပျက်ပြယ်မသွားသေးဘဲ သူတို့သည် နောက်ဆုံးခွန်အားကို စုစည်း၍ အချိန်မရွေး ပေါက်ကွဲထွက်ပေါ်လာနိုင်သည့်အလားပင်။
“တာအိုရောင်းရင်း… ဒီနောက်ဆုံးကပ်ဘေးမှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုက ဆင်းသက်လာလောက်တယ်… ခင်ဗျား မဆင်မခြင် မလုပ်မိစေနဲ့”
ဖုန့်စန်းထျန်က သတိပေးလိုက်၏။
“အဲဒါကို ခုခံရင်းနဲ့ အထဲမှာ ပါဝင်တဲ့ နက်နဲသိမ်မွေ့မှုတွေကိုလည်း နားလည်ဆင်ခြင်ဖို့ မမေ့လိုက်နဲ့”
အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ဆင်းသက်လာသည်နှင့် သိုင်းတာအိုပင်မခန္ဓာနှင့် ဖုန့်စန်းထျန်သည် ဘေးပတ်ဝန်းကျင်မှာရှိသော လူများထက် ပို၍ နားလည်ဆင်ခြင်နိုင်ပေလိမ့်မည်။
“အနှိုင်းမဲ့နတ်ဘုရားစွမ်းအားလား”
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးက ဝင်းလက်သွား၏။
အစစ်အမှန်သိုင်းတာအိုခန္ဓာအပေါ် မှီခိုရင်း သူသည် နတ်ဘုရားစွမ်းအားများ သို့မဟုတ် လျှို့ဝှက်အတတ်များကို တိုက်ခိုက်ခြင်းမှာ အသုံးပြုခဲလေသည်။ သူက ရှေ့သို့ တက်လှမ်းသွားသည်နှင့်အမျှ မည်သူကမှ သူ့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာကို ရရှိလာပြီးတာတောင် သိုင်းတာအိုပင်မခန္ဓာက သူတို့ကို ကျင့်ကြံခဲပြီး ထိုအရာများကို သိုင်းတာအိုမီးဖိုထဲ ထည့်သွင်းပေါင်းစည်း၍ သူတို့၏ အနှစ်သာရများကို ထုတ်ယူရုံမျှသာ ဖြစ်၏။
သို့သော်လည်း အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကတော့ ကွဲပြားခြားနားလေသည်။
သူက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်ပြီဆိုလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ မြင့်တက်လာပေလိမ့်မည်။
ကပ်ဘေးတိမ်စိုင်များ၏ စွမ်းပကားက သိပ်သည်းအားကောင်းလာ၏။
နောက်ဆုံးမှာတော့ ကပ်ဘေးတိမ်စိုင်များ၏ စွမ်းအားက ၎င်း၏ အထွတ်အထိပ်ထိ သိပ်သည်းကျစ်လျစ်လာခဲ့ပြီး အဲဒါက ပေါက်ကွဲထွက်ပေါ်လာ၏။
မိုးကြိုးတစ်စင်းက ဆင်းသက်လာပြီး တလိပ်လိပ် တိုးဝင်လာသော ဆူနာမီတစ်ခုအဖြစ် ပြောင်းလဲသွား၏။
မိုးကြိုးလျှပ်စီး ဒီရေလှိုင်းထဲမှာ ကောင်းကင်ဘုံကပ်ဘေး၏ မတူညီသော စွမ်းအားများစွာကလည်း ရောထွေးပါဝင်နေ၏။ သူတို့ထဲက အချို့မှာ မီးတောက်များဖြစ်ပြီး အချို့က အော်မြည်တိုက်ခတ်နေသော မုန်တိုင်းများဖြစ်ကာ အချို့က နတ်ဘုရားလက်နက်များ ဖြစ်နေ၏။
ကောင်းကင်ဘုံကပ်ဘေးများစွာသည် အမျိုးမျိုးသော ရှေးဟောင်းမှော်စာလုံးများအဖြစ် အသွင်ပြောင်းလဲသွားကာ သိပ်သည်းများပြားစွာဖြင့် ဆင်းသက်လာခဲ့၏။
ကောင်းကင်ဘုံကပ်ဘေးကိုးခုမှာ ရိုက်ချက် ၈၁ချက် ရှိနေ၏။
သိုင်းတာအိုပင်မခန္ဓာ၏ မြင်ကွင်းထဲမှာ ထောင်နှင့်ချီသော ကောင်းကင်ဘုံကပ်ဘေးများက တလိပ်လိပ် တိုးဝင်လာခဲ့၏။
ကောင်းကင်ဘုံကပ်ဘေးတစ်ခုချင်းစီက ကွဲပြားခြားနားနေလေသည်။
ကောင်းကင်ဘုံကပ်ဘေးတစ်ခုချင်းစီမှာ ပါဝင်သော စွမ်းအားက မနှိုင်းယှဉ်သာအောင် ကြောက်စရာကောင်းနေ၏။
ကောင်းကင်ဘုံကပ်ဘေးများကနေ ဆင့်ခေါ်ထားသည့် ရှေးဟောင်းမှော်စာလုံး အများစုသည် သိုင်းတာအိုပင်မခန္ဓာနှင့် စိမ်းသက်နေပြီး သူက ထိုအရာများကို တစ်ခါမှ မမြင်ဖူး မကြားဖူးပေ။
“အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၊ ထာဝရ ဒဏ်ခတ်ခြင်း”
ဖုန့်စန်းထျန်က တုန်လှုပ်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။
“ဟားဟားဟားဟား”
အခြားတစ်ဖက်မှာ ယန်ကျစ်က ထိုသည်ကို တွေ့မြင်သောအခါ ဟားတိုက်ရယ်မောလိုက်၏။
“ကောင်းကင်ဘုံက ငါ့ဘက်မှာ တကယ်ရှိနေပြီပဲ… အဲဒါက ထာဝရဒဏ်ခတ်ခြင်း ဖြစ်နေတယ်ဆိုတော့… အထီးကျန်သိုင်းသခင်ကတော့ ဒီနေ့ သေချာပေါက် သေရတော့မယ်”
“အဲဒီ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားက စွမ်းအားကြီးမားလို့လား”
နတ်မိမယ် ခရမ်းရောင်မြစ်က မေးလိုက်၏။
ယန်ကျစ်က ပြုံးပြလိုက်သည်။
“ပထမအချက်… ထာဝရ ဒဏ်ခတ်ခြင်းမှာ ကောင်းကင်ဘုံကပ်ဘေး တစ်သောင်းပါဝင်တယ်… ကပ်ဘေးဆင်းသက်ခြင်းကို ခံယူနေတဲ့လူက တစ်ချိန်တည်းမှာ ဆင်းသက်လာတဲ့ ကောင်းကင်ဘုံကပ်ဘေးတွေ အားလုံးကို နားလည်ဆင်ခြင်နိုင်မှာ မဟုတ်ဘူး”
“ဘာလို့လဲဆိုတော့ လူတစ်ယောက်က အဲဒီကပ်ဘေးတွေ အားလုံးကို နားလည်ဆင်ခြင်နိုင်မှပဲ အဲဒီအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ထုတ်ဖော်နိုင်မှာမို့လို့ပဲ။ ဒါပေမဲ့ အခုလို တိုတောင်းတဲ့ ကပ်ဘေးဆင်းသက်ခြင်းဖြစ်စဉ်အတွင်းမှာ ဘယ်သူကမှ ကောင်းကင်ဘုံကပ်ဘေးတွေ အားလုံးကို နားလည်ဆင်ခြင်နိုင်မှာ မဟုတ်ဘူး”
နတ်မိမယ် ခရမ်းရောင်မြစ်နှင့် အခြားသူများက ခေါင်းညိတ်လိုက်ပြီး အဝေးကနေ သိပ်သည်းများပြားလွန်းသည့် ကပ်ဘေးမှော်စာလုံးများကို ကြည့်ကာ သူတို့ကို နားလည်ဆင်ခြင်ဖို့ လက်လျှော့လိုက်၏။
ယန်ကျစ်က ပြောလိုက်၏။
“ဒုတိယအချက်… ဒီအနှိုင်းမဲ့နတ်ဘုရားစွမ်းအားမှာ ဒဏ်ခတ်ခြင်းဆိုတဲ့ အဓိပ္ပာယ်က… ရလာတဲ့ ဒဏ်ရာတွေကို ဘယ်တော့မှ ပြန်ပြီး မကုသနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ”
“အထီးကျန်သိုင်းသခင်က အဲဒီကနေ ရှင်သန်နိုင်ခဲ့မယ်ဆိုရင်တောင် ထာဝရ ဒဏ်ခတ်ခြင်းကနေ သူရထားတဲ့ ဒဏ်ရာတွေကို ကုသနိုင်မှာ မဟုတ်တော့ဘူး”
ဟာ…
မိစ္ဆာများက ပင့်သက်ကို ရှိုက်လိုက်ကြ၏။
ယန်ကျစ်က ရယ်မောကာ ပြောဆိုလိုက်၏။
“တကယ်တော့ သူက ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို တက်လှမ်းနိုင်ပြီး သူ့ရဲ့ ကောင်းကင်ဘုံလိုဏ်ဂူကို ဖွင့်လှစ်နိုင်မယ်ဆိုရင်တော့ သူက ထာဝရ ဒဏ်ခတ်ခြင်းရဲ့ စွမ်းအားကို ချေဖျက်နိုင်လိမ့်မယ်”
ယန်ကျစ်က ဆက်မပြောသော်လည်း လူတိုင်းက အဲဒါသည် မဖြစ်နိုင်ကြောင်း သိရှိလိုက်ကြ၏။
အထီးကျန်သိုင်းသခင်သည် ယခုအချိန်မှာ ကပ်ဘေးဆင်းသက်ခြင်းကိုသာ ဖြတ်ကျော်နေချိန်ဖြစ်၏။ သူ့အနေဖြင့် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ တက်လှမ်းဖို့က ဘယ်လောက်တောင် ကြာမြင့်ဦးမလဲ။
သူ၏ ယိုယွင်းပျက်စီးနေသော ခန္ဓာကိုယ်နှင့်အတူ သူက ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ တက်လှမ်းဖို့နေနေသာ… အနာဂတ်မှာ သူ၏ ကျင့်ကြံမှုက တိုးတက်လာနိုင်ပါ့မလားဆိုတာကိုပင် မသိရပေ။
ယန်ကျစ်နှင့် အခြားသူများက ဆွေးနွေးပြောဆိုနေစဉ် ထာဝရ ဒဏ်ခတ်ခြင်းက ဆင်းသက်လာခဲ့၏။
သူ၏ ဦးခေါင်းထက်မှ သိပ်သည်းများပြားသော ကပ်ဘေးမှော်စာလုံးများကို ကြည့်ရင်း သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က သိပ်သည်းစုဖွဲ့လာကာ သူက သူ၏ သွေးချီကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။
ချက်ချင်းပင် သူ၏ ပုံရိပ်က ပျောက်ကွယ်သွားပုံရ၏။
၎င်း၏ နေရာမှာ ဒေါသူပုန်ထနေသော မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် ဧရာမ မီးဖိုတစ်လုံး ပေါ်ထွက်လာ၏။
သိုင်းတာအိုပင်မခန္ဓာ၏ မျိုးဆက်သွေးနယ်မြေ၊ ကောင်းကင်နှင့်မြေကြီး မီးဖို…။
အရင်တုန်းက သူသည် အစစ်အမှန်သိုင်းနယ်ပယ်သို့ မဝင်ရောက်ခင်က ကောင်းကင်နှင့်မြေကြီး မီးဖို၏ စွမ်းအားကို လုံးလုံးလျားလျား မထုတ်ဖော်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် ပကတိဧကနယ်ပယ်၏ ပေါင်းစည်းခြင်းအဆင့်မှာသာ ရှိသော မိစ္ဆာကျင့်ကြံသူများကိုသာ သတ်ဖြတ်နိုင်ခဲ့သည်။
သို့သော် ယခု သိုင်းတာအိုပင်မခန္ဓာသည် အဆင့်တက်လာခဲ့ပြီး အစစ်အမှန်သိုင်းတာအိုခန္ဓာကို ဖန်တီးကာ သူ၏ သွေးစွမ်းအားကို ဆပွားများစွာ မြင့်တက်လာစေခဲ့သည်။
သူ့မျိုးဆက်သွေးနယ်မြေ၏ စွမ်းအားကလည်း တစ်ဆင့်ပြီးတစ်ဆင့် တိုးမြင့်လာပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုအဖြစ် လုံးလုံးလျားလျား အသွင်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
နောက်ဆုံးကောင်းကင်ဘုံကပ်ဘေးက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို စေလွှတ်ခဲ့သည်ဆိုမှတော့ သိုင်းတာအိုပင်မခန္ဓာကလည်း ခုခံဖို့အတွက် သူဖန်တီးထားသည့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို အသုံးပြုရပေလိမ့်မည်။
ယန်ကျစ်ပြောသည်မှာ မှန်လေသည်။ တိုတောင်းသော ကပ်ဘေးဆင်းသက်ခြင်းဖြစ်စဉ်အတွင်းမှာ သူသည် ကောင်းကင်ဘုံကပ်ဘေးများ အားလုံးကို နားလည်ဆင်ခြင်နိုင်စရာ အကြောင်းမရှိပေ။
သို့သော်လည်း သူသည် ကောင်းကင်နှင့်မြေကြီး မီးဖိုကို အသုံးချကာ ကောင်းကင်ဘုံကပ်ဘေးတစ်သောင်းစလုံးကို အရည်ဖျော်ချစုပ်ယူနိုင်၏။ သူ တံခါးပိတ်ကျင့်ကြံသည့်အခါ သူက အထဲမှာ ပါဝင်သော လေးနက်သိမ်မွေ့မှုများကို တဖြည်းဖြည်းချင်း နားလည်ဆင်ခြင်နိုင်ပေမည်။
“ကောင်းကင်နှင့်မြေကြီးက မီးဖိုဖြစ်လာပြီး ဖန်တီးခြင်းဖြစ်စဉ် ပေါ်ထွက်လာလိမ့်မယ်… ယင်နဲ့ယန်က လောင်စာဖြစ်လာပြီး သက်ရှိတွေ အားလုံးက ကြေးသတ္တု ဖြစ်လာလိမ့်မယ်”
ကောင်းကင်နှင့်မြေကြီး မီးဖိုအတွင်းကနေ သိုင်းတာအိုပင်မခန္ဓာ၏ အသံက ထွက်ပေါ်လာ၏။
လူတိုင်း၏ ရှေ့မှောက်မှာပင် ကောင်းကင်ဘုံကပ်ဘေးတစ်သောင်းက ကောင်းကင်နှင့်မြေကြီး မီးဖိုထဲသို့ တလိပ်လိပ် တိုးဝင်လာ၏။
ရွှစ်…
ကောင်းကင်နှင့်မြေကြီး မီးဖို၏ ဘေးပတ်လည်မှာ မီးတောက်ငါးခုက ပေါ်ထွက်လာ၏။
သိုင်းစိတ်ဝိညာဉ်မီး၊ နဂါးဖီးနစ်မီး၊ ကပ်ဘေးမီး၊ အနီရောင်ကြာပန်းကြမ္မာမီးနှင့် ငရဲမီး…။
မီးတောက်ငါးခု၏ ပေါင်းစည်မှုက ကောင်းကင်နှင့်မြေကြီး မီးဖို၏ စွမ်းအားကို အဆများစွာ မြင့်တက်လာစေ၏။
မီးဖိုတစ်ခုလုံးက လောင်ကျွမ်းနီရဲ၍ ထွင်းဖောက်မတတ် ကြည်လင်လာ၏။ အတွင်းမှာ ထောင်ပေါင်းများစွာသော ကပ်ဘေးမှော်စာလုံးများက လှည့်ပတ်ပြေးလွှားနေသော်လည်း သူတို့မှာ ပုန်းကွယ်စရာ နေရာမရှိသည်ကို လူတိုင်းက ခပ်ရေးရေး တွေ့မြင်နိုင်၏။
ကပ်ဘေးဆင်းသက်ခြင်ကို ခံယူနေသည်မှာ သိုင်းတာအိုပင်မခန္ဓာသာလျှင် မဟုတ်တော့ပေ။
အဲဒါသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကြား တိုက်ပွဲတစ်ခုလည်း ဖြစ်နေ၏။
ခဏနေပြီးနောက် ကပ်ဘေးမှော်စာလုံးများက ဆက်လက်၍ မရုန်းကန်တော့ဘဲ ရုတ်တရက် အတူတကွ စုစည်းကာ နီရဲနေသော အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွား၏။
ချွမ်း…
နီရဲနေသော အလင်းတန်းက ကောင်းကင်နှင့်မြေကြီး မီးဖိုကို ပြင်းထန်စွာ ပစ်ဆောင့်ချပြီး အဲဒါက တဆတ်ဆတ် တုန်ခါသွား၏။
အလင်းရောင်က ပျက်ပြယ်သွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်ကလည်း ပြန်လည်ပေါ်ထွက်လာ၏။
ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုက နောက်ဆုံးမှာ ပြီးဆုံးသွားပြီဖြစ်၏။ ကောင်းကင်နှင့်မြေကြီး မီးဖို၏ အကူအညီနှင့်အတူ သိုင်းတာအိုပင်မခန္ဓာသည် ထာဝရ ဒဏ်ခတ်ခြင်းကို ပြီးပြည့်စုံလုနီးပါး စုပ်ယူသန့်စင်နိုင်ခဲ့ပြီး တံခါးပိတ်ကျင့်ကြံသည့်အချိန်မှာ အဲဒါကို နားလည်ဆင်ခြင်ဖို့သာ ကျန်တော့လေသည်။
အခြားတစ်ဖက်မှာ ဖုန့်စန်းထျန်၏ အခြေအနေကလည်း များစွာ အန္တရာယ်များနေ၏။
မည်သို့ပင်ဆိုစေ… သူသည် ယန်ကျစ်နှင့် အခြားသူများနှင့် အဆက်မပြတ် တိုက်ခိုက်ခဲ့ရပြီး ဒဏ်ရာအပြင်းအထန် ရရှိထား၏။ သူက ကောင်းကင်ဘုံကပ်ဘေး၏ ဆေးကြောသန့်စင်မှုကို ခံယူခဲ့သော်လည်း သူ၏ ဒဏ်ရာများက ယခုအချိန်ထိ မပျောက်ကင်းသေးဘဲ သူ၏ တိုက်ခိုက်ရည်ခွန်အားက ၎င်း၏ အထွတ်အထိပ်မှာ ရှိမနေပေ။
သူသည် ထာဝရ ဒဏ်ခတ်ခြင်း၏ ကပ်ဘေးမှော်စာလုံးများကို ခုခံရာမှာ ရုန်းကန်နေရပြီဖြစ်၏။
နောက်ဆုံးမှာတော့ ကပ်ဘေးမှော်စာလုံးများက နီရဲနေသော အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖုန့်စန်းထျန်ကို ပစ်တိုက်ချလိုက်၏။
သူ၏ နတ်ဆိုးနှိမ်နင်းလှံနှင့်ပင်လျှင် ဖုန့်စန်းထျန်က အဲဒါကို ခုခံဖို့အတွက် အရမ်းကို အားနည်းလွန်းနေဆဲဖြစ်ပြီး လှံက သူ၏ လက်ထဲကနေ စင်ထွက်သွား၏။
နီရဲနေသော အလင်းတန်းက ဖုန့်စန်းထျန်၏ ရင်ဘတ်ကို ချက်ချင်းပင် ထိုးဖောက်သွားပြီး ပန်းကန်လုံးတစ်လုံးအရွယ် အပေါက်တစ်ပေါက်ကို ကျန်ရစ်ခဲ့စေ၏။
ဖောက်…
သွေးများက အရှိန်အဟုန်ဖြင့် ပန်းထွက်လာ၏။
ပုံမှန်အခြေအနေမှာဆိုလျှင် ဤကဲ့သို့သော ဒဏ်ရာများက ပကတိအင်မော်တယ်တစ်ယောက်အတွက် ဘာမှ မဟုတ်ပေ။
သို့သော်လည်း ဖုန့်စန်းထျန်က သူ၏ အမြုတေစိတ်ဝိညာဉ်ကို မည်သို့ပင် လှည့်ပတ်သည်ဖြစ်စေ… သူ၏ ရင်ဘတ်မှာ ရှိသော အပေါက်က သက်သာပျောက်ကင်းခြင်း မရှိဘဲ သွေးများက အဆက်မပြတ် စီးထွက်နေသည်။
ကောင်းကင်ဘုံကပ်ဘေး တစ်သောင်းကြားမှာ ကောင်းကင်ဘုံကပ်ဘေး၊ အတွင်းစိတ်နတ်ဆိုးကပ်ဘေး၊ လက်နက်ကပ်ဘေး၊ ဝင်္ကပါကပ်ဘေး၊ နေထိုင်ရာကပ်ဘေး၊ ဖျက်ဆီးခြင်းကပ်ဘေးနှင့် ပျောက်ကွယ်ခြင်းကပ်ဘေး…. တို့ ပါဝင်နေ၏။
စွမ်းအားပေါင်းစုံက ရောထွေးနေပြီး ကပ်ဘေးမှော်စာလုံးများ အားလုံးက ဖုန့်စန်းထျန်၏ ဒဏ်ရာပေါ်မှာ စုဖွဲ့နေကြ၏။ အဲဒါကို ဘယ်လိုလုပ် ကုသနိုင်ပါ့မလဲ။
အဲဒါသည် ထာဝရ ဒဏ်ခတ်ခြင်း၏ ကြောက်မက်ဖွယ်ရာကောင်းမှုဖြစ်၏။
သူက အဲဒါကို ခုခံနိုင်ခဲ့သော်လည်း သူက ရရှိလာသည့် ဒဏ်ရာတစ်ခုခုကို ကုသနိုင်မည် မဟုတ်ပေ။