ငရဲရိတ်တံခါး
Vol. 159 Ch. 2383
“အဲဒီလူက ပကတိမိစ္ဆာတစ်ဦးတကယ်ရော ဟုတ်ရဲ့လား... အဲဒါကတောင်မှ သူ့ကိုမသတ်နိုင်ဘူးလား”
မိစ္ဆာများက ထိုသည်ကိုတွေ့မြင်သောအခါ တုန်လှုပ်စွာဖြင့် အကြည့်ချင်းဖလှယ်ပြီး သူတို့က ရင်တစ်ချက်ထိတ်သွားကြ၏။
ယန်ကျစ်က လေးနက်သောအသံဖြင့်ပြောလိုက်သည်။
“အဲဒီလူက ဒဏ်ရာအပြင်းအထန်ရပြီးသွားပြီး သူက ဒီကပ်ဘေးကနေ ရှင်သန်နိုင်ခဲ့မယ်ဆိုရင်တောင် ငါတို့က အခွင့်အလမ်းကို ချိန်ဆပြီး တိုက်ခိုက်လိုက်တာနဲ့ သူက သေချာပေါက်သေရမယ်”
ငရဲဖိနှိမ်မီးဖိုအောက်မှာ...။
ယန်ပေးချန်၊ မင်းကျန်နှင့် အခြားသူများက ဘာမှမတတ်နိုင်ဘဲ စောင့်ကြည့်နေရ၏။
“သခင်က ဒီနေရာမှာတော့ မသေလောက်သေးဘူးမလား”
ကောင်းကင်ဘုံဝံပုလွေကလည်း မသေမချာသောပုံစံဖြင့် တီးတိုးရေရွတ်နေ၏။
လွမ်းဆွေးနေသော အမူအရာတစ်ခုနှင့်အတူ ကူထုံယိုက ညင်သာစွာသက်ပြင်းချလိုက်၏။
“အခုချိန်မှာ နောက်ထပ်မိုးကြိုးပုံရိပ်ယောင်တွေ ထပ်ပြီးရောက်မလာပါစေနဲ့လို့သာ ငါတို့ဆုတောင်းပေးနိုင်တော့မယ်”
ငရဲဖိနှိမ်မီးဖိုအောက်မှာ မိုးကြိုးဧကရာဇ်ဖုန့်စန်းထျန်က တင်ပျဥ်ခွေထိုင်ပြီး လျှို့ဝှက်ဆန်းကြယ်သောအခြေအနေတစ်ခုမှာ ကျဆင်းသွားသည့်အလား သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထား၏။
သူ၏ အသိစိတ်ထဲမှာ တလိပ်လိပ်ထိုးတက်နေသော မိုးကြိုးလျှပ်စီးပင်လယ်က အဆက်မပြတ်ကျုံ့ဝင်လာခဲ့သည်။
သူ၏ ခွန်အားကို အဆက်မပြတ်စုဆောင်းနေပြီး သူသည် ကမ္ဘာတုန်လောက်မည့် ရုတ်ရုတ်သဲသဲအခြေအနေတစ်ခုအတွက် စွမ်းအင်ကို အဆက်မပြတ်ဖိနှိမ်နေသည့်အလားပင်။
တိုက်ပွဲနယ်မြေမှာ..။
သိုင်းတာအိုပင်မခန္ဓာသည် မိုးကြိုးပုံရိပ်ယောင် ၆ခု၏ ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုအောက်မှာ နောက်ဆုတ်စရာနေရာ မရှိတော့ပေ။
“အား..”
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်၏။ သူက လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲလှုပ်ရှားလိုက်ပြီး သူ၏ နောက်ဘက်မှာ အနက်ရောင်ချီများလွှမ်းခြုံထားသည့် ဧရာမတံခါးတစ်ချပ်ပေါ်ထွက်လာ၏။
ထိုတံခါးက အဆုံးမဲ့သောချောက်နက်တစ်ခုနှင့်တူနေပြီး တစ်ချိန်တည်းမှာပင် ၎င်းသည် အရာရာတိုင်းကိုဝါးမျိုနိုင်သည့် ဧရာမတောကောင်တစ်ကောင်၏ ပါးစပ်ပေါက်တစ်ပေါက်နှင့်လည်းတူနေသည်။
အဲဒါသည် သိုင်းတာအိုပင်မခန္ဓာ ငရဲဖိနှိမ်မီးဖိုကိုရရှိ၍ အဝီစိကိုထိန်းချုပ်ပြီးနောက် ဆင့်ကဲပြောင်းလဲလာသည့် သူ၏ ဓမ္မတာအိုတစ်ခုဖြစ်၏။
ငရဲဂိတ်တံခါး...။
ငရဲဂိတ်တံခါး၏ ဘေးပတ်လည်မှာ တလိပ်လိပ်ထိုးတက်နေသော အနက်ရောင်ချီသည် အရာရာတိုင်းကိုတိုက်စား၍ သက်ရှိများအားလုံးကို စွန်းထင်းစေနိုင်သည့် ပကတိမိစ္ဆာချ်ီဖြစ်၏။
“မင်းတို့တွေအားလုံး လာခဲ့ကြလေ”
သိုင်းတာအိုပင်မခန္ဓာက ဟိန်းဟောက်လိုက်ပြီး ငရဲဂိတ်တံခါးကို မြှောက်တင်ကာ မိုးကြိုးပုံရိပ်ယောင်၆ခုပေါ် အုပ်မိုးစေလိုက်၏။ မိစ္ဆာချီက ကောင်းကင်တစ်ခွင်အုပ်မိုး၍ ဖုံးလွှမ်းသွား၏။
ငရဲဂိတ်တံခါးက အဝီစိကိုဦးတည်နေသည်။
သိုင်းတာအိုပင်မခန္ဓာက မိုးကြိုးပုံရိပ်ယောင်၆ခုကို အဝီစိမှာ ဖိနှိမ်ချင်လေသည်။
စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုက ငရဲဂိတ်တံခါးကနေ ပစ်လွင့်ထွက်ပေါ်လာပြီး မိုးကြိုးပုံရိပ်ယောင်၆ခုကို ဆွဲယူသွင်းလိုက်၏။
သူတို့က အန္တရာယ်ကို အာရုံခံမိသွားသည့်အလား ငရဲဂိတ်တံခါးကနေ ရုန်းထွက်ချင်လိုပြီး အဝီစိမိစ္ဆာချီနှင့် ဆန့်ကျင်တိုက်ခိုက်ရန် သူတို့၏ အမျိုးမျိုးသော ဓမ္မတာအိုများနှင့် ဓားနည်းစနစ်များကို ထုတ်ဖော်လိုက်ကြ၏။
ဇီ... ဇီ...
ဘန်း....ဘုန်း....
ငရဲဂိတ်တံခါးက ကျယ်လောင်သောမြည်သံဖြင့် ပြင်းထန်စွာလှုပ်ခါသွား၏။
ငရဲဂိတ်တံခါးကနေ ပထမဆုံးလွတ်မြောက်လာသူက အနက်ရောင်ဝတ်အမျိုးသမီးဖြစ်၏။ သူမ၏ လက်ထဲရှိ လိပ်ကျောခွံက အလင်းရောင်ခြည်များဖြင့်တောက်ပနေပြီး ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ထွင်းဖောက်မြင်၍ သက်ရှိများအားလုံး၏ ကံကြမ္မာကို တွက်ချက်ပေးနိုင်သည့်အလား လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းမှော်စာလုံးများက ပေါ်ထွက်လာ၏။
တစ်ချိန်တည်းမှာပင် သူမသည် လျှို့ဝှက်ဆန်းကြယ်သောခြေနင်းကွက်ကို နောက်တစ်ဖန် ထုတ်ဖော်လိုက်၏။
ခြေတစ်လှမ်းနှင့်အတူ သူမ၏ ခြေဖဝါးအောက်မှာ လေးထောင့်ကျကျ အင်းကွက်တစ်ခုက ပေါ်ထွက်လာသည်။ အဲ့ဒါသည် အားလုံးကို ခြုံငုံမိပြီး ကောင်းကင်နှင့်မြေကြီးလျှို့ဝှက်ချက်များကို ထိန်းသိမ်းထားသည့်အလားပင်။
သူမ၏ လက်ထဲရှိ လိပ်ကျောခွံနှင့် လျှို့ဝှက်ဆန်းကြယ်သော ခြေနင်းကွက်ပေါ်မှီခိုရင်း အနက်ရောင်ဝတ်အမျိုးသမီးက ငရဲဂိတ်တံခါးကနေ ရုန်းထွက်လာခဲ့၏။
ထိုသို့ဆိုလျှင်တောင် သူမသည် ဤတစ်ခေါက်မှာ အတော်လေးကြီးမားသည့် ပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး သူမ၏ ပုံရိပ်ယောင်က သိသိသာသာဖျော့တော့ကာ ထွင်းဖောက်မတတ်ကြည်လင်လာ၏။
ဒုတိယမြောက်ရုန်းထွက်လာသူက နောက်ဆုံးမှပေါ်ထွက်လာသော အဖြူရောင်ဝတ်ဓားကျင့်ကြံသူဖြစ်လေသည်။
သူ့ဓား၏ ခုတ်ချက်တစ်ချက်က အဝီစိမိစ္ဆာချီကို ဆုတ်ဖြဲပြီး ငရဲဂိတ်တံခါးပေါ်မှာ ရှင်းလင်းသောဓားချက်တစ်ချက်ကို ဖြစ်ပေါ်လာစေ၏။
အဖြူရောင်ဝတ်ဓားကျင့်ကြံသူက လွတ်မြောက်လာသော်လည်း သူက အဝီစိမိစ္ဆာချီအတော်များများနှင့် စွန်းထင်းခံလိုက်ရဆဲဖြစ်၏။
သူသည် မိစ္ဆာချီများကို ကုန်စင်အောင်တွန်းဖယ်ထုတ်ပြီးနောက် စွမ်းအင်အမြောက်အမြားကို သုံးစွဲခဲ့ရသည့်အလား သူ၏ ပုံရိပ်ယောင်ကလည်း ဖျော့တော့သွား၏။
အဖြူရောင်ဝတ်ဓားကျင့်ကြံသူကြောင့် ငရဲဂိတ်တံခါးပေါ်မှာ အက်ကွဲကြောင်းတစ်ခုပေါ်ထွက်လာပြီး အဲဒါသည် ကျန်ရှိနေသော လူလေးယောက်ကို ဆက်လက်၍ပိတ်လှောင်မထားနိုင်တော့ပေ။
မျောက်ဝံအိုကြီးက သူ၏ တောင်ဝှေးကို လွှဲကာ ပစ်ရိုက်ချ၍ အဆက်မပြတ်ဖြန့်ကြက်လာသော ပင့်ကူအိမ်များကဲ့သို့ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည့် ငရဲဂိတ်တံခါးမှာ ကြီးမားသောတွင်းချိုင့်တစ်ခုကို ဖြစ်ပေါ်သွားစေ၏။ အဲဒါက လဲပြိုကျတာ့မည့်ဆဲဆဲ ဖြစ်သည်။
မျောက်ဝံအိုကြီးက ခုန်ထွက်လာခဲ့၏။
ထို့နောက်ချက်ချင်းပင် အမှောင်နှင့်အလင်းကို ကိုယ်စားပြုသော လူနှစ်ယောက်ကလည်း ထွက်လာခဲ့၏။
အဖြူရောင်ဝတ်အမျိုးသမီးက နောက်ဆုံးမှထွက်လာခဲ့၏။
မိုးကြိုးပုံရိပ်ယောင် ၆ခုသည် ထွက်ပြေးလွတ်မြောက်လာသော်လည်း သူတို့က အထဲမှာ သေလုမတတ်ဖြစ်ခဲ့ရသည်။ ဒါ့အပြင် သူတို့သည် ဤတစ်ခေါက်မှာ ကြီးမားသောပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး သူတို့၏ အော်ရာအများစုက ယိုယွင်းပျက်စီးနေ၏။ သူတို့သည် ယခင်ကနှင့် ဆက်လက်၍မတူတော့ပေ။
ငရဲဂိတ်တံခါးသည် ဤကဲ့သို့ အင်အားကြီးမားသော စွမ်းပကားတစ်ခုကိုထုတ်ဖော်ပြီး မိုးကြိုးပုံရိပ်ယောင်၆ခုကို ဖိနှိမ်နိုင်ခဲ့သည့်အကြောင်းအရင်းမှာ ဤဓမ္မတာအိုမှာ ကောင်းကင်လိုဏ်ဂူတစ်ခု၏ စွမ်းအားတစ်စွန်းတစ်စ ပါဝင်နေပြီဖြစ်သောကြောင့်ပင်။
သိုင်းတာအိုပင်မခန္ဓာသည် အစစ်အမှန်သိုင်းနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်ပြီး ထိုစွမ်းအားနှင့် ထိတွေ့ခွင့်မရှိသင့်ပေ။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ဓမ္မတာအိုများနှင့် နတ်ဘုရားစွမ်းအားများစွာကို အရည်ဖျော်ချထားခဲ့၏။
ထို့နောက် သူသည် ငရဲဖိနှိမ်မီးဖိုကို ရရှိခဲ့ပြီး အဝီစိကို ထိန်းချုပ်နိုင်ခဲ့သည်။
သူသည် အဝီစိမှာ နှစ်တစ်ထောင်ကြာအောင်ပင် ပိတ်မိနေခဲ့ပြီး ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။
ထို့ကြောင့်ပင် သူသည် ကောင်းကင်လိုဏ်ဂူတစ်ခုနှင့် ဆင်တူသော တည်ရှိမှုတစ်ခုကို တုပနိုင်ခြင်းဖြစ်၏။
အတိအကျဆိုရလျှင် သိုင်းတာအိုပင်မခန္ဓာသည် ယခုအချိန်ထိ ကောင်းကင်လိုဏ်ဂူနယ်ပယ်၏ စွမ်းအားကို နားလည်ဆင်ခြင်နိုင်ခြင်း မရှိသေးပေ။
ငရဲဂိတ်တံခါးသည် အဝီစိကိုတုပခြင်းဖြင့် ဆင့်ကဲပြောင်းလဲလာသော ဓမ္မတာအိုတစ်ခုမျှသာဖြစ်၏။ အဲဒါသည် ကောင်းကင်လိုဏ်ဂူ၏ ပုံသဏ္ဌာန်မျှကိုသာ ယူနိုင်ပြီး ကောင်းကင်လိုဏ်ဂူ၏ စိတ်ဆန္ဒက ၎င်းမှာ မပါဝင်ပေ။
ထိုသို့ဆိုလျှင်တောင် သိုင်းတာအိုပင်ခန္ဓာသည် ကောင်းကင်ဘုံကပ်ဘေးကနေစုဖွဲ့လာသော မိုးကြိုးပုံရိပ်ယောင်၆ခုကို သတ်ဖြတ်နိုင်လုနီးပါးဖြစ်ခဲ့သည်။
မိုးကြိုးပုံရိပ်ယောင် ၆ခုဖြစ်စေ၊ သိုင်းတာအိုပင်မခန္ဓာဖြစ်စေ... သူတို့သည် ဤတိုက်ပွဲမှာ သူတို့၏ အကန်အသတ်သို့ ရောက်ရှိခဲ့ပြီးလေပြီ။
အခြားတစ်ဘက်မှာ ကြယ်ပုံရိပ်ယောင်နှင့် အထွတ်အမြတ်ဝိညာဥ်လေးခုကြား တိုက်ပွဲ၏ ရလဒ်ကိုလည်း မဆုံးဖြတ်နိုင်သေးပေ။
ထိုစဥ်မှာပင် ကပ်ဘေးတိမ်စိုင်များက နောက်တစ်ဖန်ပေါ်ထွက်လာ၏။
နောက်ထပ် မိုးကြိုးပုံရိပ်ယောင်တစ်ခုက ဆင်းသက်လာခဲ့လေသည်။
ငရဲဖိနှိမ်မီးဖိုအောက်မှာ ယန်ပေးချန်၊ မင်းကျန်နှင့် အခြားသူများက ရင်ထဲမှာ ဆို့နင့်သွားကြ၏။
စောစောကအခြေအနေသည် မျှခြေမှာရှိနေဆဲဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာမှာ အနည်းဆုံး တိုက်ခိုက်ဖို့အတွက် အခွင့်အရေးတစ်ခုရှိနေသေး၏။
နောက်ထပ်မိုးကြိုးပုံရိပ်ယောင်တစ်ခုရောက်ရှိလာခြင်းသည် ထိုမျှခြေကို လုံးလုံးလျားလျား ပျက်စီးသွားစေပေတော့မည်။
ဤနောက်ဆုံးပုံရိပ်ယောင်သည် သိုင်းတာအိုပင်မခန္ဓာ၏ အဆုံးသတ်ဖြစ်ဖို့များလေသည်။
အဲဒါသည် ရှေးဟောင်းသင်္ဃန်းတစ်ထည်ကို ခြုံရုံထားသည့် ဘုန်းကြီးတစ်ပါးဖြစ်ပြီး သူ၏ လက်ထဲမှာ စတုရန်းကြေးမီးဖိုတစ်လုံးကို ကိုင်ဆွဲထား၏။ အဲဒါက ငရဲဖိနှိမ်မီးဖိုနှင့် အတော်လေးဆင်တူနေ၏။
သို့သော်လည်း မီးဖို၏ နံရံလေးခုပေါ်မှာ အထွတ်အမြတ်ဝိညာဥ်လေးခု၏ ပုံသဏ္ဌာန်များမရှိပေ။
အခြားသူများက ထိုအရာဘာဖြစ်သည်ကို ပြောနိုင်ချင်မှ ပြောနိုင်ပေလိမ့်မည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက စတုရန်းကြေးမီးဖိုကို တွေ့မြင်သောအခါ သူက အဲဒါကို ချက်ချင်းပင်မှတ်မိသိရှိသွား၏။
အဲဒါက ငရဲဖိနှိမ်မီးဖိုပင်ဖြစ်လေသည်။
ပြောရမည်ဆိုလျှင် အဲဒါသည် ငရဲဖိနှိမ်မီးဖို၏ အစောပိုင်းပုံသဏ္ဌာန်ဖြစ်သည်။
စတုရန်းကြေးမီးဖိုက ငရဲဖိနှိမ်မီးဖိုဖြစ်မည်ဆိုလျှင် ဤဘုန်းကြီး၏ သရုပ်သကန်က သိသာထင်ရှားနေပြီဖြစ်သည်။
အဲဒါသည် အနန္တမဟာဧကရာဇ်ဖြစ်ရပေမည်။
သိုင်းတာအိုပင်မခန္ဓာသည် အနန္တမဟာဧကရာဇ်ကို အရင်က တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။
သူသည် အနန္တမဟာဧကရာဇ်၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို တစ်နေ့မှာတွေ့မြင်နိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဖူးပေ။
အစစ်အမှန်ခန္ဓာနှစ်ခုသည် ကီလိုမီတာသန်းချီကွာဝေးနေသော်လည်း သူတို့သည် ထိုဘုန်းကြီးကို တွေ့မြင်သည့်ခဏမှာပင် တုန်လှုပ်သွားကြ၏။
မရေမတွက်နိုင်သော ဆိုးယုတ်သက်ရှိများကို ဖိနှိမ်ဖို့ သူ၏ ခန္ဓာကိုယ်ကို ငရဲဘုံတစ်ခုအဖြစ် အသွင်ပြောင်းလဲလိုသည်ဟု ပြောဆိုခဲ့သော စွမ်းအားကြီးမားသည့် ဤမဟာဧကရာဇ်သည် ဤကဲ့သို့သော ပုံစံဖြစ်လိမ့်မည်ဟု ဆူဇီမိုက တစ်ခါမှ မတွေးမိခဲ့ဖူးပေ။
ဘုန်းကြီးမှာ နွေးထွေးသောအကြည့်တစ်ခုရှိနေပြီး သူကအလွန်တရာဖော်ရွေတတ်ပုံရ၏။
ဘုန်းကြီးက စတုရန်းကြေးမီးဖိုနှင့်အတူ ဆင်းသက်လာပြီးနောက် သူက ဘေးတစ်ဘက်မှာရှိသော ငရဲဖိနှိမ်မီးဖိုကို တွေ့မြင်သည့်အခါ အနည်းငယ်မှင်တက်သွား၏။
ထို့နောက် သူ၏ မျက်လုံးထဲရှိ နားလည်သဘောပေါက်မှု အရိပ်အယောင်တစ်ခုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ကြည့်နေ၏။
“အဲဒါကို အဆုံးသတ်လိုက်ကြတာပေါ့”
ဘုန်းကြီးက ညင်သာစွာပြုံးပြီး မလှမ်းမကမ်းမှာရှိသော မိုးကြိုးပုံရိပ်ယောင်၇ခုကို အနည်းငယ်ဦးညွှတ်ကာ ပြောလိုက်၏။
ထို့နောက်ချက်ချင်းပင် ဘုန်းကြီး၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး အဘက်ဘက်ကိုဖြန့်ကြက်သွားသည့် အရမ်းကိုကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုက ထွက်ပေါ်လာပြီး ထိုပုံရိပ်၇ခုကို ဆွဲယူသွင်းလိုက်၏။
ထိုပုံရိပ်ယောင် ၇ခု၏ မျက်နှာများပေါ်မှာ မည်သည့် အမျက်ဒေါသ၊ မကျေမချမ်းမှု၊ မုန်းတီးမှု သို့မဟုတ် အံ့အားသင့်မှုတို့မှ ရှိမနေပေ။
ဆန့်ကျင်ဘက်အနေဖြင့် ပုံရိပ်ယောင်၇ခုသည် သူတို့၏ မျက်လုံးထဲရှိ ချီးကျူးလိုမှုနှင့် စိတ်သက်သာရာရမှုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ကြည့်နေကြ၏။
ထို့နောက် ပုံရိပ်ယောင်၇ခုက ဖျော့တော့သွားပြီး လောကကနေ ပျက်ပြယ်ပျောက်ကွယ်သွားသည်။
စွမ်းအားက လုံးလုံးလျားလျားပျောက်ကွယ်မသွားဘဲ တိမ်စိုင်များကြားထဲတလိပ်လိပ်ထိုးတက်သွားပြီး ကောင်းကင်ထက်ရှိ ကပ်ဘေးတိမ်စိုင်များနှင့်အတူ လွင့်ပျယ်သွားလေသည်။
အရာအရာတိုင်းက ပုံမှန်အတိုင်းပြန်ဖြစ်လာပြီး လောကက တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိလာ၏။
စောစောက မြင်ကွင်းသည် အိပ်မက်တစ်ခုဖြစ်ခဲ့သည့်အလားပင်။
သိုင်းတာအိုပင်မခန္ဓာက နေရာမှာပင်တိတ်တဆိတ်ဖြင့်မတ်တတ်ရပ်နေ၏။
အတန်ကြာပြီးနောက် သူသည် ငေးငိုင်နေရာကနေ တဖြည်းဖြည်းနိုးထလာပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။