နောက်ဆက်တွဲ (၂)
Vol. 40 Ch. 560
ဆဋ္ဌမတောင်ထွတ်။
လုန်ယွိက သူမ၏နဂါးဥလေးကို ပွေ့ချီလျှက် ကျန်းလန်နှင့်အတူ စမ်းချောင်းလေးအတိုင်း လမ်းလျှောက်လာသည်။ ဤနေရာက ဆရာဒေါ်လေးချန်ရှီနေထိုင်သည့် နေရာဖြစ်သည်။
ကျန်းလန်နှင့် လုန်ယွိတို့ ပဉ္စမတောင်ထွတ်သို့ ရောက်ရှိသည့်အခါ ဆရာဒေါ်လေးမြောင်ယွဲ့က ဆဋ္ဌမတောင်ထွတ်သို့သွားသည်ဆိုသောကြောင့် သူတို့ (၂)ယောက် လိုက်လာကြခြင်း ဖြစ်၏။
ဆဋ္ဌမတောင်ထွတ်၏တောင်သခင်မ ချန်ရှီက အစကတည်းက တောင်ပေါ်မှကိစ္စများကို အရေးစိုက်သူ မဟုတ်ပေ။ ထို့ကြောင့် သူမ သေဆုံးသွားပြီး ပြန်လည်ရှင်သန်လာသည့်တိုင် အခြေအနေက အရင်ကနှင့် ခြားနားခြင်း မရှိပေ။
တောင်သခင်က မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း မည်သည့်ပြဿနာမှ မရှိပေ။ အချိန်တစ်ခုရောက်လျှင် တောင်သခင်များအားလုံး မူလအခြေအနေအတိုင်း အထွတ်ထိပ်သို့ ပြန်လည်ရောက်ရှိလာကြမည်ကို လူတိုင်း သိရှိကြသည်။
သူတို့သည် နှစ်ပေါင်း (၁၀၀၀)ကျော်လျှင် တာအိုအင်မော်တယ်အဆင့်သို့ ပြန်လည်ချဉ်းကပ်နိုင်ကြမည်ဖြစ်ပြီး သူတို့၏ ကျင့်စဉ်လမ်းက ဖြောင့်ဖြူးလျှက်ရှိသည်။ တာအိုကို တစ်ကြိမ်နားလည်ခဲ့ပြီး ဖြစ်လေရာ ထပ်မံနားလည်အောင်ကြိုးစားရန် မလိုအပ်တော့ဘဲ ကျင့်ကြံရန်သာ လိုအပ်တော့သည်။
လမ်းတွင် လုန်ယွိက မေးခွန်းထုတ်သည်။
“ဆရာဒေါ်လေးမြောင်ယွဲ့နဲ့ ဆရာဒါ်လေး ချန်ရှီတို့က ၊ သားရဲဥလေးလိုပဲလား ၊ အနှစ် (၁၀၀၀) ကျင့်ကြံပြီးရင် တာအိုအင်မော်တယ် ဖြစ်လာမှာလား”
ကျန်းလန်က ခဏမျှ စဉ်းစားလိုက်ရင်း…
“တကယ်တော့ အဲဒီလိုမဟုတ်ဘူး ၊ သားရဲဥလေးက ပညာဉာဏ်နဲ့အတူမွေးဖွားလာတာ ၊ ပြီးတော့ သူက ရှေးဟောင်းဧကရာဇ်ရဲ့ တာအိုတရားတွေပေါင်းစပ်ထားတဲ့ တာအိုသစ်သီးကိုလည်း ရရှိခဲ့တယ် ၊ အဲဒါကြောင့် အနှစ် (၁၀၀၀)အတွင်း တာအိုအင်မော်တယ် ဖြစ်လာတာပဲ ၊ ဆရာဒေါ်လေးမြောင်ယွဲ့နဲ့ တခြားတောင်သခင်တွေကတော့ တာအိုအင်မော်တယ်တွေဖြစ်ခဲ့ကြပေမယ့် အရင်အခြေအနေအတိုင်း ပြန်ဖြစ်ဖို့ အနှစ် (၁၀၀၀) ကျော်ကြာလိမ့်မယ်”
လုန်ယွိက…
“ဒါဖြင့် ကျွန်မတို့ ကလေးကရော”
ကျန်းလန်က…
“သူကတော့ အနှစ်တစ်ထောင်နေမှ ဥကပေါက်လာရင်တောင် တာအိုအင်မော်တယ်မပြောနဲ့ မွေးရာပါအင်မော်တယ်ဖြစ်လာရင်တောင် ကံကောင်းပဲ”
“ဝှစ်…”
နဂါးဥလေးက သူ့ကို အနှစ်တစ်ထောင် ဥခွံထဲတွင်နေခိုင်သည့်အတွက် မကျေမနပ်ဖြစ်သည့်အလား တဖျတ်ဖျတ်ထခုန်သည်။
လုန်ယွိက နဂါးဥလေးကို နှစ်ချက်ခန့် အသာပွတ်သပ်ချော့မော့လိုက်ရင်း…
“ကျွန်မတို့ကလေးက သမီးလေးဖြစ်မယ်ဆိုတာ သေချာတယ် ၊ စကားနည်းနည်းပြောလိုက်ရင်ကို ဆတ်ဆတ်ထိမခံဘူး”
လုန်ယွိက နဂါးဥလေးကို ပွတ်သပ်လိုက်သည်နှင့် ထိုနေရာမှ အလင်းရောင်များ ပိုမိုတောက်ပလာသည်။ အထဲမှ ကလေးငယ်က မိခင်ဖြစ်သူ၏လက်ကို လှမ်းပြီးထိကိုင်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်သည်။
လုန်ယွိက သူမ၏ကလေးကိုကြည့်လိုက်ပြီး သဘောကျစွာဖြင့် ရယ်မောလိုက်သည်။ ကျန်းလန်ကတော့ လမ်းလျှောက်နေရင်း မိန်းမနှင့် ကလေးကို ကြည့်နေလေသည်။
သူသည် သားရဲဥလေးကို နှစ်ပေါင်းတစ်ထောင်ကြာ မွေးမြူခဲ့ရသည်။ ယခု နောက်ထပ် ဥတစ်လုံးကို အနှစ်တစ်ထောင်ခန့် ထပ်မံ မမွေးမြူချင်တော့ပေ။ အထဲမှကောင် အမြန်ဆုံး အပြင်ထွက်လာလေ သူက ဝမ်းသာလေပဲ ဖြစ်သည်။
ခဏအကြာတွင်တော့…
သူတို့ (၂)ယောက် စမ်းချောင်းလေးနံဘေးမှ ဝါးအိမ်လေးသို့ ရောက်လာကြသည်။
ဝါးအိမ်လေးရှေ့တွင် မြောင်ယွဲ့နှင့် ချန်ရှီ စကားပြောနေကြသည်။ ချန်ရှီက တစ်စုံတစ်ခုကို မကျေမနပ် ဖြစ်နေဟန် ရှိသည်။
ချန်ရှီက အတော်လေး ကူရာကယ်ရာမဲ့နေသည့် လေသံဖြင့်…
“ငါက အင်မော်တယ်တောင် မဖြစ်သေးဘူး ၊ မင်းက ငါ့ကို ဒီလိုမျိုး ညှင်းဆဲချင်တယ်ပေါ့လေ ၊ ကြယ်တွေကောင်းကင်ထက်က ဆင်းသက်လာတဲ့ပုံစံလုပ်ဖို့ဆိုတာ လွယ်တယ်လို့ ထင်သလား”
မြောင်ယွဲ့က မျက်လုံးများ မှေးမှိတ်သွားသည်အထိ ပြုံးရယ်လိုက်ရင်း…
“ကျွန်မ မင်္ဂလာပွဲအတွက် ကူညီပေးပါ ဂိုဏ်းတူအစ်မရယ် နော်လို့… ၊ ဂိုဏ်းတူအစ်မက အင်မော်တယ် မဖြစ်သေးဘူးဆိုတော့ အစ်မကို ဂရုစိုက်ပေးဖို့ ဂိုဏ်းတူညီမလေးကျူးချင်ကို ကျွန်မ ပြောပေးပါ့မယ်”
ချန်ရှီ : “……”
ချန်ရှီမှာ မြောင်ယွဲ့၏စကားကို မည်သို့ငြင်းဆန်ရမည်မသိ ဖြစ်နေစဉ် ကျန်းလန်နှင့် လုန်ယွိ ရောက်လာသည်ကို တွေ့လိုက်ရလေရာ ချက်ချင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဟိုမှာ ဧည့်သည်လာနေတယ်”
“ဆရာဒေါ်လေးတို့ကို ဂါရဝပြုပါတယ်”
“ဆရာဒေါ်လေးတို့ကို ဂါရဝပြုပါတယ်”
ကျန်းလန်နှင့်လုန်ယွိတို့ ဦးညွှတ်အရိုအသေပြုကာ နှုတ်ဆက်လိုက်ကြသည်။
မြောင်ယွဲ့က မေးကိုလက်ဖြင့်ထောက်ရင်း ကျန်းလန်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
“ငါ့ကို ဆရာဒေါ်လေးလို့ ခေါ်နေတုန်းပဲဆိုတော့ ကြည့်ရတာ မင်းရဲ့ဆရာနဲ့လက်ထပ်မှာကို အသိအမှတ်မပြုသေးဘူးထင်တယ်”
ကျန်းလန် ခေါင်းငုံ့လိုက်ပြီး အခေါ်အဝေါ်ကို ပြန်ပြင်လိုက်သည်။
“ဆရာကတော်”
“ဟားဟား…”
မြောင်ယွဲ့က ရယ်မောလိုက်သည်။
ချန်ရှီကတော့ မြောင်ယွဲ့ကိုကြည့်ရင်း စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းသည်။
ကျန်းလန် : “……”
နောက်ဆုံးတော့ ဆရာနှင့် ဆရာဒေါ်လေးကို လက်ဆက်ပေးနိုင်ခဲ့ပြီး တောင်သခင်အဖြစ်မှ အနားယူစေနိုင်ခဲ့ပြီ ဖြစ်သည်။
မြောင်ယွဲ့က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း…
“ရှောင်ယွိ ၊ ဒီနားလာပါဦး ၊ မင်းရဲ့ကလေးကို ကြည့်ရအောင်”
ရှောင်ယွိက မြောင်ယွဲ့နှင့် ချန်ရှီအနားသို့ လျှောက်သွားပြီး နဂါးဥလေးကို စားပွဲပေါ်တင်လိုက်သည်။ ဆရာဒေါ်လေး (၂)ယောက်က နဂါးဥလေးကို နှစ်ကြိမ်မျှ ပွတ်သပ်ကြည့်ကြသည်။ နဂါးဥလေးက ပျော်ရွှင်သည့်အလား အလင်းရောင်များ တောက်ပလာသည်။
သူက သစ်သားဓားဖြင့် စ နောက် စဉ်ကတော့ ဒီအကောင်လေးက ဒီလောက်ပျော်ရွှင်ပုံမရဟု ကျန်းလန်က တွေးလိုက်သည်။
ကျန်းလန်က…
“ဆရာကတော်က မင်္ဂလာပွဲအတွက် ဘာအစီအရင်တွေများလုပ်ချင်သေးလဲ သိချင်လို့ ၊ လာမေးတာပါ”
မြောင်ယွဲ့က စာရွက်တစ်ရွက်ကို ကျန်းလန်ထံသို့ လှမ်းပေးလိုက်သည်။
“ဒီ အစီအရင်မျို ငါက လုပ်ချင်တာ”
ကျန်းလန်က စာရွက်ပေါ်တွင် ရေးသားထားသည့် အစီအရင်ကို ဖတ်ကြည့်လိုက်သည်။
အလွန်ကြီးမားခမ်းနားသည့် အစီအရင်တစ်ခု ဖြစ်ပြီး ထိုအစီအရင်ကို ပြုလုပ်ရန် မိုးနှင့်မြေကို ချိတ်ဆက်ရမည် ဖြစ်သည်။ ထို့ပြင် ကောင်းကင်ထက်မှ ကြယ်စင်များဆင်သက်လာသည့် မြင်ကွင်းပြုလုပ်ရန်အတွက် ကြယ်စင်ကောင်းကင်ကိုလည်း အသုံးပြုရမည် ဖြစ်၏။
ကျန်းလန်က…
“ဆရာကတော်က ညဘက်မှာ မင်္ဂလာဆောင်ချင်တာလား”
စောစောက သူတို့ရောက်လာစဉ်ကပင် ဆရာကတော်က ဆရာဒေါ်လေးချန်ရှီကို ကောင်းကင်ထက်မှ ကြယ်စင်များဆင်းသက်လာသည့်ပုံစံပြုလုုပ်ပေးရန် တောင်းဆိုနေကြောင်း ကြားခဲ့ရသည်။
မြောင်ယွဲ့က ခေါင်းညိတ်လိုက်ရင်း…
“အင်း… ညဘက်မှာ မင်္ဂလာပွဲ ကျင်းပချင်တာ ၊ အစီအရင်ကရော ဘာအခက်အခဲ ရှိနိုင်လဲ”
ကျန်းလန်က…
“အခက်အခဲတော့ မရှိပါဘူး ၊ ရက်နည်းနည်းလောက်တော့ အချိန်ယူရမယ်”
အစီအရင်က ခက်ခဲလွန်းခြင်းမရှိသော်လည်း အချိန်အနည်းငယ်တော့ ယူရမည် ဖြစ်သည်။ ကျန်းလန်က အစီအရင်တည်ဆောက်ပေးရန်သာလိုအပ်ပြီး မည်သည့်အရာမှ ထပ်ထည့်ပေးရန် မလိုအပ်ပေ။
ကျန်းလန်က ချန်ရှီကို လှမ်းကြည့်လိုက်ရင်း…
“ကျွန်တော်က အစီအရင်ကို အကောင်းဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားပါ့မယ် ၊ ဒါပေမဲ့ ဆရာဒေါ်လေးချန်ရှီရဲ့ တန်ခိုးစွမ်းအားက အပြည့်အ၀ ပြန်မရသေးဘူးဆိုတော့ ကြယ်စင်ကောင်းကင်ရဲ့ အလင်းရောင်ကို ဆွဲချပေးနိုင်ပါ့မလား”
ချန်ရှီက မကျေမနပ်ဖြင့်…
“အမယ်… ငါက အင်မော်တယ်မဖြစ်သေးလို့ မင်းက ငါ့ကို နှိမ်နေတာလား”
ကျန်းလန် ချက်ချင်းခေါင်းခါလိုက်သည်။
ယခုဆိုလျှင် သူမ၏ ကျင့်ကြံခြင်းအဆင့်က ဆရာဒေါ်လေးများထက်ပင် မြင့်မားနေကြောင်း လုန်ယွိ သဘောပေါက်သွားသည်။
“မင်းတို့ရဲ့ ကလေး နဂါးဥလေးကို နာမည်ပေးထားကြသေးလား”
ချန်ရှီက ရုတ်တရက်မေးလိုက်သည်။
ကျန်းလန်က လုန်ယွိကို လက်ညှိုးညွှန်ပြလိုက်ရင်း…
“ဂိုဏ်းတူအစ်မတော့ နာမည်ပေးထားတာ… ကျန်းကို့တန့် တဲ့”
“ဝှစ် ဝှစ်”
နဂါးဥလေးထံမှ အလင်းရောင်များထွက်ပေါ်လာပြီး နာမည်ကို သဘောမကျသည့်ဟန်ဖြင့် စားပွဲထက်တွင် လူးလှိမ့်လျှက် ရှိသည်။
မြောင်ယွဲ့က ရယ်မောလိုက်ရင်း…
“ဘယ်လို အမေမျိုးလဲ ၊ ဒီလောက် ဆိုးဝါးတဲ့နာမည်ကြီးပေးထားတာ ၊ မင်း နာမည်ပြောင်းမှ ဖြစ်မယ်လေ”
လုန်ယွိက…
“ကျန်းတျဲ့ကျူးဆိုရင်ရော ဘယ်လိုလဲ”
ကျန်းလန် : “……”
နောက်တစ်မျိုး လာပြန်ပြီ။
မြောင်ယွဲ့ : “……”
ချန်ရှီ : “……”
နဂါးဥကတော့ မျက်ရည်တောက်တောက်ကျနေပြီ ဖြစ်သည်။
မြောင်ယွဲ့က…
“နာမည်တစ်ခုဆိုတာ သေသေချာချာ စဉ်းစားပြီးမှ ပေးသင့်တယ် ၊ ကျန်းကို့တန့်နဲ့ ကျန်းတျဲ့ကျူးဆိုတဲ့နာမည်တွေကိုတော့ ဘေးဖယ်ထားလိုက်ကြရအောင်”
ခဏစဉ်းစားပြီးမှ မြောင်ယွဲ့က ဆက်ပြောသည်။
“အင်း… သူ ဥကပေါက်တဲ့အချိန် ငါ့ဆီလာခဲ့ ၊ နာမည်လှလှလေးပေးဖို့ ငါ တာဝန်ယူတယ်”
ချန်ရှီက ခေါင်းညိတ်လိုက်ရင်း…
“အဲဒီအချိန်ဆို ငါလည်း အထွတ်ထိပ်အဆင့် ပြန်ရောက်နေလောက်ပြီ”
ကျန်းလန် : “……”
ဒီအတိုင်းဆိုလျှင် သူ့ကလေးက နှစ်ပေါင်း (၁၀၀၀)ကြာမှ ဥကပေါက်မည်ဟု ဆရာဒေါ်လေးက ဆိုလိုခြင်းလား။
လုန်ယွိက…
“ဒါနဲ့ ဆရာဒေါ်လေးတို့ ၊ မင်္ဂလာကိစ္စကြောင်းလမ်းတဲ့အခါ ဘယ်လိုမျိုး အဆိုပြုချက်တွေလုပ်ရလဲဆိုတာ သိချင်လို့ပါ”
သူမ၏ကစားကြောင့် မြောင်ယွဲ့ရော ချန်ရှီပါ အံ့အားသင့်သွားကြသည်။
လုန်ယွိက သူမစိတ်ကူးကို အမှန်အတိုင်းရှင်းပြလိုက်သည့်အခါ သူမတို့ (၂)ယောက် ပိုပြီး အံ့အားသင့်သွားကြသည်။
ဤမျှအရေးကြီးသည့်ကိစ္စကို ဒီကောင်မလေးက လုပ်ရဲသလား။
သို့သော် သူမ အောင်မြင်နိုင်ခြေရှိသည်။
လုန်မန်နှင့် ယန်ရှီးယွင်ကိုသာ ပေးစားမည်ဆိုလျှင် နဂါးမျိုးနွယ်များနှင့် ချီလင်မျိုးနွယ်များ မည်သို့ရှိကြမည်ကို ချက်ချင်းပင် သူတို့ သိချင်သွားသည်။
ထို့နောက် ကျန်းလန်နှင့် လုန်ယွိတို့ ဆဋ္ဌမတောင်ထွတ်မှ ထွက်ခွာလာခဲ့ပြီး သေရည်ဆိုင်သို့ ဦးတည်ခဲ့ကြသည်။
မော့ကျန်းသုန့်နှင့် မြောင်ယွဲ့၏ မင်္ဂလာပွဲအတွက် အကောင်းစားသေရည်မှာယူရမည် ဖြစ်သည်။ ထို့ပြင် သူတို့၏ နဂါးဥလေးကိုလည်း အခြားသူများနှင့် စိမ်းမနေစေရန် အပြင်သို့ခေါ်လာခြင်း ဖြစ်သည်။
“လက်ထပ်ဖို့ကြောင်းလမ်းတာကို မျိုးနွယ် (၂)ခုလုံးက သဘောတူပြီဆိုတောနဲ့ မင်္ဂလာခန်းဝင်လက်ဖွဲ့အကြောင်း ဆွေးနွေးလို့ရပြီလား ၊ ဖြစ်နိုင်ပါ့မလား”
သေရည်ဆိုင်နားရောက်ခါနီးမှ လုန်ယွိက မေးလိုက်သည်။
သူမက ဆရာဒေါ်လေးမြောင်ယွဲ့နှင့် ဆရာဒေါ်လေးချန်ရှီတို့ ပြောသည့်စကားများကို စဉ်းစားရင်း ပြန်မေးနေခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းက အနည်းငယ်ရိုးရှင်းသည်ဟု ခံစားနေရသည်။
ကျန်းလန်ကတော့ သားရဲဥနှင့်ဆင်တူသည့် သူ့ကလေး နဂါးဥကို ပွေ့ချီထားရင်း ခေါင်းညိတ်လိုက်သည်။
“အင်း… ဖြစ်နိုင်ပါတယ်”
စိတ်ထဲကတော့ တွေးလိုက်သည်မှာ…
“ဒီနဂါးမလေးက သူလုပ်ချင်ရာတွေ လုပ်နေပြီးမှ အစီအစဉ်တကျ ထုံးတမ်းစဉ်လာအတိုင်း ဖြစ်ချင်နေသေးတယ်”
အမှန်ဆိုလျှင် လုန်မန်နှင့် ယန်ရှီးယွင်တို့ လက်ထပ်ရန် မဖြစ်နိုင်ပေ။ သူတို့ (၂)ယောက်လုံးက မျိုးနွယ်မတူသည့် အခြားသူတစ်ယောက်ကို လက်ထပ်ထိမ်းမြားခွင့် မရှိပေ။
သို့သော် လုန်ယွိက လုန်မန်နှင့် ယန်ရှီးယွင်ကို သင့်တော်သည်ဟု ယူဆခဲ့သည်။ သို့သော် နှစ်ဦးနှစ်ဖက်ကို ကြောင်းလမ်းပေးပြီးလျှင် သူမ၏တာဝန် ပြီးဆုံးပြီ ဖြစ်သည်။
အခြားအသေးစိတ်ကိစ္စများကို ကာယကံရှင် မျိုးနွယ် (၂)ခုက ဆွေးနွေးကြမည်ဖြစ်လော သူမနှင့် ဘာမှမပတ်သက်တော့ပေ။
သို့မဟုတ် မျိုးနွယ် (၂)ခုလုံးက သူတို့၏ မျိုးရိုးမဆုံးရှုံးစေရန် လုန်ယွိစိတ်ပြောင်းသွားအောင် လှည့်ပတ်ကောင်း လှည့်ပတ်ကြပေလိမ့်မည်။
အတန်ကြာပြီးနောက်…
သူတို့ (၂)ယောက် သေရည်ဆိုင်သို့ ရောက်ရှိလာသည်။ သေရည်ဆိုင်က အရင်လိုပင် လူသူကင်းမဲ့ တိတ်ဆိတ်နေဆဲ ဖြစ်သည်။
နောက်ဆုံးတိုက်ပွဲတွင် ခွန်လွန်တောင်မှတပည့်များ မရေမတွက်နိုင်အောင် သေကျေခဲ့ရလေရာ ခွန်လွန်ဗလာနယ်ထဲမှ လူအချို့ပြန်ထွက်လာပြီး ခွန်လွန်တောင်တွင် တပည့်ခံကြသည့်တိုင် အရင်လို အထွတ်ထိပ်အဆင့် ပြန်ရောက်ရန် အလှမ်းဝေးနေသေး၏။
တိုက်ပွဲတွင် ကျဆုံးခဲ့ရသူများ ခွန်လွန်ဗလာနယ်ထဲမှ ထွက်လာကြသည်ဆိုသော်လည်း နှစ်စဉ် လူအမြောက်အမြားထွက်လာကြခြင်း မဟုတ်ပေ။ နည်းနည်းချင်းသာ ပြန်လည်ထွက်ခွာလာကြခြင်း ဖြစ်သည်။
ဆိုင်အနောက်ဘက်မှထွက်လာသည့် လူငယ်လေးက ကျန်းလန်နှင့် လုန်ယွိကို တွေ့သည်နှင့် နှုတ်ဆက်လိုက်သည်။
“အစ်ကိုကြီးနဲ့ အစ်မကြီး ၊ မင်္ဂလာပွဲအတွက် သေရည်မှာဖို့ ရောက်လာတာမဟုတ်လား ၊ ကျွန်တော် အကုန်လုံး ပြင်ဆင်ထားတယ်”
လုန်ယွိက…
“ဒါနဲ့… မင်းရော ဟုန်ယာနဲ့ မင်္ဂလာမဆောင်သေးဘူးလား”
ထိုအချိန် ဆိုင်အနောက်ဘက်မှ ထွက်လာသည့် ဟုန်ယာက…
“သူ့အဘိုး ခွန်လွန်ဗလာနယ်ထဲက ထွက်လာတဲ့အထိ စောင့်ပြီးမှ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်ထားကြတယ်”
စကားပြောနေစဉ် လုန်ယွိ၏အကြည့်က ကောင်တာဘေးမှ သားရဲဥလေးနှင့် ရေသဖန်းပင်လေးဆီ ရောက်ရှိသွားသည်။
“သားရဲဥလေးက မင်းနဲ့အတူရှိနေတာပဲ ၊ ငါတို့ကလေးကို သူတို့နဲ့ရင်းနှီးအောင် သူတို့နားမှာ ထားလိုက်မယ် ၊ တစ်ခုခု ထူးခြားချင်ထူးခြားမှာပေါ့”
ပြောရင်း လုန်ယွိက သူမ၏ နဂါးဥလေးကို သားရဲဥလေးနှင့် ရေသဖန်းပင်လေး ဘေးသို့ ချထားလိုက်သည်။ ရေသဖန်းပင်လေးက နဂါးဥလေးကို နှုတ်ဆက်သည့်အလား တစ်ချက်မျှ လှုပ်ခါသွားသည်။
ဟုန်ယာက နဂါးဥလေးနားသို့ ရောက်လာပြီး အက်ကွဲသွားမည်ကို စိုးရိမ်သည့်အလား လက်ဖြင့်အသာဖွဖွထိကိုင်လိုက်သည်။
နောက်ထပ် သားရဲဥတစ်လုံး ရောက်လာပြန်ပြီ။
ဇာမဏီမျိုးနွယ်များကလည်း ဥဥပြီး မျိုးပွားကြသည်ဖြစ်လေရာ သူမနှင့် လူူငယ်လေး လက်ထပ်ပြီးလျှင်လည်း ဇာမဏီဥ ဥမည်လားဟု ဟုန်ယာတွေးနေမိသည်။
“ဝှစ်”
နဂါးဥလေးက သူမကို နှုတ်ဆက်သည့်အလား အလင်းရောင်လေးများ မှိတ်တုပ်မှိတ်တုပ်လင်းလာသည့်အခါ ဟုန်ယာ ဝမ်းသာသွားသည်။
လုန်ယွိက…
“လုန်မန် ဒီမှာ မရှိဘူးလား”
လူငယ်က…
“သူ အပြင်ထွက်သွားတာ ပြန်မလာသေးဘူး ၊ အကင်ရောင်းဖို့ ကျွန်တော့်ဆီက ဆိုင်နေရာငှားမယ်လို့လည်း ပြောနေသေးတယ်”
လူငယ်က ကျန်းလန်ကို လှမ်းကြည့်လိုက်ပြီး…
“ဒါနဲ့… အစ်ကိုကြီးက ဘယ်လို သေရည်မျိုးလိုချင်တာလဲ ၊ ဆိုင်အနောက်ဘက် လိုက်ကြည့်ပါလား ၊ သေရည်အမျိုးအစားတွေ အများကြီးရှိတယ်”
ကျန်းလန်နှင့်လုန်ယွိ ဆိုင်အနောက်ဘက်သို့ လိုက်သွားကြစဉ်…
သားရဲဥလေးနှင့် ရေသဖန်းပင်လေးတို့က အချင်းချင်းဆက်သွယ်စကားပြောနေကြသည်။
ရေသဖန်းပင်လေးက…
“အစ်ကို ဥ ၊ သခင်ငယ်လေးကလည်း အစ်ကို ဥ လိုပဲ သားရဲဥတစ်လုံးပဲ ၊ သူလည်း အစ်ကိုဥလို အချိန်အကြာကြီး တိတ်တိတ်လေးကျင့်ကြံပြီးမှ အပြင်ထွက်လာမှာလား”
သားရဲဥလေးက မာနကြီးစွာဖြင့် စကားပြန်ပြောသည်။
“သူက နဂါးဥတစ်ဥပဲ ၊ ကျုပ်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ၊ ကျုပ်က ဒီခေတ်သစ်မှာ အဓိကဇာတ်ဆောင်ဖြစ်လာပြီး မကြာခင် သူတော်စင်တစ်ယောက်လည်း ဖြစ်လာတော့မှာ”
ရေသဖန်းပင်လေးက…
“ဒါဆို သခင်ငယ်လေး မွေးဖွားလာရင်ရော သူက အဲဒီခေတ်ရဲ့ အဓိကဇာတ်ကောင်ဖြစ်လာမှာလား”
သားရဲဥလေးက…
“အဲဒတော့ မသိဘူး ၊ ဒါပေမဲ့ သူ့အခွံက သာမန်နဂါးဥခွံတော့ မဟုတ်ဘူး ၊ ကျုပ်တို့သခင်ရဲ့ တန်ခိုးစွမ်းအားတွေ ပါဝင်နေတယ် ၊ ဥခွံထဲမှာ အတော်ကြာကြာနေပြီးရင် မွေးရာပါအင်မော်တယ်အနေနဲ့ မွေးဖွားလာနိုင်တယ် ၊ ကျန်တာတော့ မသိတော့ဘူး ၊ ကဲ… ကဲ… အခွံထဲပဲ အေးအေးဆေးဆေး ဆက်နေရအောင်”
ရေသဖန်းပင်လေးက…
“သခင်ငယ်လေးက ဥက ပေါက်မလာရင် ဘယ်လိုလုပ်မလဲ”
“နဂါးဥက ဘယ်လိုလုပ် ဥခွံထဲ အချိန်ကြာကြာနေနိုင်မှာလဲ ၊ ကျုပ်ကို ဘယ်နည်းနဲ့မှ မမီနိုင်ဘူး”
သားရဲဥက နဂါးဥလေးကို အထင်ကြီးဟန် မရှိပေ။
“ဝှစ် ဝှစ်”
ကျန်းလန်၏ နဂါးဥလေးက ဘာကြောင့်မှန်းမသိ အလင်းရောင်များလင်းလာသည်ကို ဟုန်ယာ သတိထားလိကု်မိသည်။ သူမက စိတ်ဝင်တစားပင် နဂါးဥလေးကို ကြည့်နေသည်။
ရေသဖန်းပင်လေးက အနည်းငယ် စိတ်ပူပန်သွားဟန်ဖြင့်…
“အစ်ကို ဥ ၊ သခင်ငယ်လေးက ကျွန်မတို့ပြောတဲ့စကားတွေကို ကြားသွားတာလား မသိဘူး”
သားရဲဥလေးက…
“ဘယ်ကလာ ၊ မဖြစ်နိုင်ပါဘူး”
ထိုအချိန် သူတို့အနားမှ နဂါးဥလေးက မယုံကြည်နိုင်စရာကောင်းလောက်အောင် တုန်ခါလာသည်ကို သတိပြုလိုက်မိသည်။
သားရဲဥလေး : “……”
ရေသဖန်းပင်လေးက တုန်တုန်ယင်ယင်ဖြင့်…
“အစ်ကို ဥ ၊ ကျွန်မတို့တော့ ဒုက္ခရောက်ပြီ”
သူတို့ပြောသည့် စကားများကို သခင်ငယ်လေး ကြားသွားလျှင် သေချာပေါက် ဒုက္ခရောက်ပေမည်။
သားရဲဥလေးက ချက်ချင်းပင် သူ့ပတ်ဝန်းကျင်မှ ဥခွံနံရံများကို ပိတ်ဆို့ပစ်လိုက်သည်။
“ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်”
လုန်ယွိ ကောင်တာသို့ ပြန်ထွက်လာသည့်အခါ သားရဲဥလေး ဒေါသထွက်နေသည်ကို တွေ့မြင်လိုက်ရသည်။
“သူ တော်တော်ဒေါသထွက်နေတာပဲ ၊ ဘာများဖြစ်လို့ပါလိမ့်”
လုန်ယွိ စိတ်ရှုတ်ထွေးစွာဖြင့် နဂါးဥလေးကို လှည့်ပတ်ကြည့်ရှုလိုက်သည်။
ဟုန်ယာက အံ့အားသင့်သွားပြီး…
“ဆိုင်ထဲကို လူစိမ်းလည်း မလာပါဘူး”
လုန်ယွိက…
“တို့တွေ ဆိုင်အနောက်ဘက်သွားတာ သူ့ကိုခေါ်မသွားလို့ စိတ်ကောက်တာဖြစ်ရမယ်”
ထို့နောက် သူမက နဂါးဥလေးကို ပွေ့ချီလိုက်ပြီး ဆိုင်အနောက်ဘက်သို့ ပြန်သွားလိုက်သည်။
ဟုန်ယာက သားရဲဥလေးကို လှမ်းပုတ်လိုက်ပြီး…
“နောက်မှ မင်းနဲ့ကစားမယ်”
လုန်ယွိ နဂါးဥလေးကို ယူသွားသည်ကိုကြည့်ရင်း သားသမီးကို ဥဖြင့်မွေးရတာလဲ မဆိုးဘူးဟု ခံစားမိသည်။
အချိန် (၅)ရက်ကြာပြီးသည့်နောက်…
ကျန်းလန် အစီအရင် ပြုလုပ်ပြီးစီးသွားသလို အကောင်းစားသေရည်များလည်း ပြင်ဆင်ပြီးသွားပြီ ဖြစ်သည်။ မင်္ဂလာပွဲနေ့ရက်ကိုသာ စိတ်ရှည်ရှည်နှင့်စောင့်ဆိုင်းရန် လိုအပ်တော့သည်။
မင်္ဂလာပွဲမတိုင်ခင် ခွန်လွန်တောင်သို့ ဧည့်သည်တော်များ တဖွဲဖွဲ ရောက်ရှိလာကြသည်။
နဂါးမျိုးနွယ်မှ နဂါးဧကရီရန်ကျင်း ၊ လုန်စီးစီး ၊ လုန်လီတို့အပြင် လူပေါင်းများစွာ ရောက်ရှိလာကြသည်။
ယခုနောက်ပိုင်း နဂါးမျိုးနွယ်များသည်လည်း ခွန်လွန်တောင်သို့ မကြာခဏ လာရောက်ကြသည်။ ခွန်လွန်ဗလာနယ်ထဲမှ ထွက်လာသည့် နဂါးများက အင်မော်တယ်ဖြစ်သည်အထိ ခွန်လွန်တောင်တွင် ကျင့်ကြံနေကြလေရာ လာရောက်တွေ့ဆုံကြခြင်းပင် ဖြစ်သည်။
ရန်ကျင်းက သေရည်ဆိုင်တွင်ထိုင်ရင်း လုန်ရဲ့ကို မေးလိုက်သည်။
“အခု အင်မော်တယ်ဖြစ်နေပြီဆိုတော့ နဂါးနန်းတော်ကို ပြန်မလာသေးဘူးလား”
လုန်ရဲ့၏ ကျင့်ကြံခြင်းအဆင့်က လူသားအင်မော်တယ်အဆင့်မျှသာ ရှိတော့သော်လည်း သူက နဂါးနန်းတော်တွင် ဂုဏ်သရေရှိသူတစ်ယောက် ဖြစ်သည်။
လုန်ရဲ့က…
“အရင်က ကျင့်ကြံခြင်းအဆင့် ပြန်ရမှပဲ ပြန်လာတော့မယ်”
ထို့နောက် ရန်ကျင်းက အဋ္ဌမမင်းသားကို ကြည့်လိုက်သည်။ လုန်မန်က အလွန်နာခံမှုရှိသည့် သားတစ်ယောက်ပမာ ခေါင်းကိုငုံ့ထားသည်။
ယခုတစ်ကြိမ်လည်း ကောင်းကင်နဂါးဓားဖြင့် အသားကင်များလှီးဖြတ်နေသည်ကို မိခင်ဖြစ်သူ မိသွားသဖြင့် သူ စိတ်ညစ်နေသည်။ မိခင်ဖြစ်သူ ဤမျှအချိန်အစောကြီးရောက်လာလိမ့်မည်ဟု မထင်ခဲ့ပေ။
သူက သတိလက်လွတ်ဖြစ်သွားခဲ့ပြီး ဦးလေးလုန်ရဲ့ကလည်း သူ့ကို သတိမပေးဘဲ တမင်သက်သက် ဒုက္ခရောက်အောင် လွှတ်ထားပေးသည်။
ရန်ကျင်းက လုန်မန်ကိုကြည့်လိုက်ရင်း…
“စီးပွားရေး တော်တော်ကောင်းနေသလား”
အဋ္ဌမမင်းသား ပို၍ထိတ်လန့်သွားပြီး မည်သည့်စကားမှမဆိုဘဲ ခေါင်းသာငုံ့နေသည်။
“ခွန်လွန်တောင်က ငါတို့ နဂါးမျိုးနွယ်တွေအတွက်စီစဉ်ထားတဲ့နေရာမှာ သွားနေရမယ် ၊ အပြင်ထွက်ခွင့်မရှိဘူး”
ရန်ကျင်းက တည်ငြိမ်စွာဖြင့် ဆိုလိုက်ရာ လုန်မန်လည်း မငြင်းနိုင်ပေ။ အဋ္ဌမမင်းသားကတော့ အပြစ်ပေးခံရလေပြီ။ လုန်မန် မည်သို့မှ မတတ်နိုင်စွာ ခေါင်းညိတ်လိုက်သည်။
သေရည်ဆိုင်ရှင်မရှိသဖြင့် သေရည်ဆိုင်တွင် ရန်ကျင်း သက်သောင့်သက်သာ နေထိုင်နိုင်သည်။
သို့ပေသိ သေရည်ဆိုင်ရှင်လူငယ်သည်လ်း ခေသူမဟုတ်ပေ။ သူ့နောက်တွင် မည်သူရှိသည်ကို လူတိုင်း သိကြသည်။ ထို့ကြောင့် ဤနေရာတွင် မိုက်ရိုင်းစွာ ပြုမူလျှင်တော့ ဆိုးရွားသည့် တန်ဖိုးတစ်ခု ပေးဆပ်ရပေမည်။
မိုးကောင်းကင်တာအိုဟု သိထားကြသည့် ဧကရာဇ်ရှီးဟယ်ရော ၊ ပျက်သုဉ်းတစ်စပြင်လောကကြီး၏ လောကပထမ သူတော်စင်ပါ သေရည်ဆိုင်နှင့် ပတ်သက်ဆက်နွယ်နေသူများ ဖြစ်ကြသည်။
ထို့ပြင် လူငယ်ကိုယ်တိုင်သည်လည်း မူလတည်ထောင်သူဝိညာဉ်၏ တန်ခိုးစွမ်းအားကိုလည်း ရရှိပိုင်ဆိုင်ထားလေရာ သေရည်ဆိုင်ပိုင်ရှင်အဘိုးအို ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ဂုဏ်သတင်းက များစွာထိုက်ခိုက်မည် မဟုတ်ပေ။
သေရည်ဆိုင်ရှင်အဘိုးအိုကတော့ ဘာကြောင့်မှန်းမသိ ခွန်လွန်ဗလာနယ်ထဲမှ ပြန်ထွက်လာခြင်း မရှိသေးပေ။
သေရည်ဆိုင်တွင် လုန်မန်နှင့် လုန်ရဲ့ကို လာရောက်တွေ့ဆုံပြီးနောက် ရန်ကျင်း ခွန်လွန်တောင်ရှိ သူမ တည်းခိုနေထိုင်ရာနေရာသို့ ပြန်လာသည်။
မင်္ဂလာပွဲလာရောက်သည့် ဧည့်သည်တော်များအားလုံးကို ပထမတောင်ထွတ်တွင် တည်းခိုနေထိုင်ရန် စီစဉ်ပေးထားသည်။
လမ်းတွင် လုန်စီးစီးက စကားဆိုသည်။
“အဋ္ဌမမင်းသားက တစ်နေ့တခြား ပိုပြီးအတင့်ရဲလာတယ်လို့ မထင်ဘူးလား”
အဋ္ဌမမင်းသားက တော်လွန်းသည်မှန်သော်လ်း ကောင်းကင်နဂါးဓားဖြင့် အသားကင်ခုတ်ပြီး မကြာခဏ နဂါးမျိုးနွယ်များကို သိက္ခာချလေ့ရှိသည်။
ရန်ကျင်းက သက်ပြင်းချလိုက်ရင်း…
“ဘယ်လိုလုပ်မလဲ ၊ သူကလည်း ခွန်လွန်တောင်မှာ ပျော်နေတာလေ ၊ ပြန်မှ မပြန်ချင်တာ”
ခဏနားပြီးမှ သူမက ဆက်ပြောသည်။
“အရင်ကတော့ ခွန်လွန်တောင်က သွေးစုပ်ဖုတ်ကောင်လိုပဲ ၊ လုန်မန်ကို အတင်းအကျပ် ခေါ်ထားခဲ့တာလေ ၊ ဒါပေမဲ့ အခုကျ သူ့ဟာသူကို ခွန်လွန်က မပြန်ချင်တော့တာ ၊ ဘာဆက်လုပ်ရမလဲ ၊ သူ့ဆီက ကောင်းကင်နဂါးဓားကို ပြန်သိမ်းလိုက်ရမလား”
လုန်စီးစီးက ချက်ချင်းပင် ခေါင်းခါယမ်းလိုက်ရင်း…
“အဲဒီလိုလည်း မဖြစ်ဘူး”
အဋ္ဌမမင်းသား၏ အောင်မြင်မှုက မြင့်မားလေရာ သူ့ထံမှ ကောင်းကင်နဂါးဓားကို ပြန်လည်သိမ်းယူရန်မှာ မဖြစ်နိုင်ပေ။
ကောင်းကင်နဂါးဓားကို အဋ္ဌမမင်းသား ပိုင်ဆိုင်ကြောင်း လူတိုင်း သိရှိကြသည်။ ဘေးအန္တရယ်ကပ်ဆိုးကြီး ကျရောက်ချိန်တွင် လုန်မန်သည် ထိုဓားကိုဝှေ့ယမ်းကာ နဂါးမျိုးနွယ်များအားလုံးကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် အဋ္ဌမမင်းသားနှင့် ကောင်းကင်နဂါးဓား၏ ပတ်သက်ဆက်နွယ်မှုက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လျှက် ရှိသည်။
ထို့ကြောင့် ရက်အနည်းငယ် အခန်းပိတ်ထားခြင်းမှလွဲပြီး အဋ္ဌမမင်းသားကို အခြားအပြစ်ပေးရန် နည်းလမ်းမရှိပေ။
သူတို့ နေထိုင်ရာ ပထမတောင်ထွတ်သို့ ရောက်လာကြပြီးနောက် သိပ်မကြာမီ နောက်ထပ် ခေါင်းကိုက်စရာ ကိစ္စတစ်ခုဖြင့် ရင်ဆိုင်လိုက်ရသည်။
နဝမတောင်ထွတ်မှ ကျန်းလန်နှင့် ကျောက်စိမ်းရေကန်နတ်ဘုရားမတို့က နဂါးဧကရီရန်ကျင်းကို လာရောက်တွေ့ဆုံကြခြင်းပင် ဖြစ်၏။
ရန်ကျင်းရော လုန်စီးစီးပါ ခဏမျှ အံ့အားသင့်သွားကြသည်။
လုန်စီးစီးကတော့ အလွန်စိုးရိမ်သွားဟန်ဖြင့်…
“သူတို့ ဘာလို့ ကျွန်မတို့ကို လာတွေ့ရတာလဲ”
ရန်ကျင်းလည်း အဖြေကို မသိရှိပေ။
ထို့ကြောင့် လက်ခံတွေ့ဆုံရန်သာ ရွေးချယ်လိုက်ရသည်။
ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ကျန်းလန်နှင့် လုန်ယွိကို ငြင်းဆန်ရဲသူ မည်သူ ရှိပါသနည်း။
***