← Chapters

နောက်ဆက်တွဲ (၄)

Vol. 40 Ch. 562

နောက်ဆက်တွဲ (၄)

Vol. 40 Ch. 562

ခွန်လွန်တောင် ၊ နဝမတောင်ထွတ်။

"အစ်မ ၊ အရမ်းစောမနေလွန်းဘူးလား"

အဋ္ဌမမင်းသားက မြေပြင်ထက်ဒူးထောက်ရင်း ညှိနှိုင်းနိုင်မည်လား မျှော်လင့်ချက်ဖြင့် လုန်ယွိကို မော့ကြည့်လိုက်သည်။

လုန်ယွိက လုန်မန်ကို ဆွဲထူရင်း…

“အမြန်ထစမ်းပါ ၊ နဂါးမျိုးနွယ်ရဲ့ အဋ္ဌမမင်းသားက ဘယ်လိုလုပ် လွယ်လွယ်နဲ့ ဒူးထောက်နေရတာလဲ ၊ အမြန်ထ”

သူမ ဘယ်လိုပဲထူထူ လုန်မန်က တုတ်တုတ်မှ မလှုပ်လေရာ လုန်ယွိက ခြေထောက်ဖြင့် နှစ်ချက်မျှ ကန်ပစ်လိုက်သည်။

“ဘယ်လိုတောင် အသုံးမကျတဲ့ သတ္တဝါလေးလဲ”

အဋ္ဌမမင်းသားက မိုးကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်သည်။ သူလိုချင်တာ မရဘူးဆိုလျှင် ဒူးထောက်ရာမှ မထရန် ဆုံးဖြတ်ထားသည်။

“မဟုတ်ဘူး ၊ အစ်မက မင်္ဂလာကိစ္စကို ညှိနှိုင်းမပေးဘူးဆိုရင် ကျွန်တော် မထဘူး”

လုန်ယွိက နဂါးဥလေးကို ပွေ့ချီရင်း အဋ္ဌမမင်းသားရှေ့တွင် ထိုင်လိုက်သည်။

“ကောင်းပြီ ၊ ဒါဖြင့် ဒီမင်္ဂလာကိစ္စအကြောင်းကို သေသေချာချာ ဆွေးနွေးကြရအောင်”

လုန်ယွိက စကားဆက်ပြောသည်။

“ဆိုတော့… မင်းက ဒီမင်္ဂလာကိစ္စကို သဘောမကျတာလား ၊ ယန်ရှီးယွင်ကို သဘောမကျတာလား”

အဋ္ဌမမင်းသားက ခဏမျှ စဉ်းစားလိုက်ရင်း…

“မင်္ဂလာကိစ္စကို သဘောမကျတာပါ ၊ ဒီကိစ္စ မသင့်တော်ဘူးလို့ ထင်ပါတယ်”

လုန်ယွိက ကျန်းလန်ကို သူမနံဘေးတွင် ဝင်ထိုင်ရန် အချက်ပြလိုက်ပြီး စကားဆက်ပြောသည်။

“ဒါဖြင့် နောက်ထပ် မေးခွန်းတစ်ခု မေးမယ် ၊ ငါက မင်းကို မိန်းမ မပေးစားဘူးဆိုရင် မင်းစိတ်တိုင်းကျ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်နိုင်မယ်လို့ ထင်သလား”

ကျန်းလန်ကတော့ သူတို့ (၂)ယောက် စကားပြောနေသည်ကို အရေးမစိုက်ဘဲ လုန်ယွိ ပွေ့ချီထားသည့် သူ့ကလေး နဂါးဥလေးကို ပွတ်သပ်ပေးနေသည်။

အဋ္ဌမမင်းသားက သေသေချာချာ စဉ်းစားနေရင်း ထိုကိစ္စကို သူ တစ်ခါမှ မစဉ်းစားဖူးကြောင်း သဘောပေါက်သွားသည်။

“မထင်ပါဘူး”

အနာဂတ်တွင် သူ့စိတ်တိုင်းကျ သဘောကျသည့် မိန်းကလေးတစ်ယောက်ကို လက်ထပ်ရန်မှာ မဖြစ်နိုင်ပေ။

နဂါးမျိုးနွယ်မှ မဟုတ်ပေ။ မျိုးနွယ်စုတိုင်းမှ တော်ဝင်သွေးများသည် ကိုယ်သဘောကျသူကို ကိုယ်တိုင်ရွေးချယ်ခွင့် မရှိပေ။

ဘိုးဘေးဇာမဏီနတ်ဘုရားက စိတ်ထားရှင်းလင်းသည့်အတွက် ဟုန်ယာက အနည်းငယ် ကံကောင်းသွားခြင်း ဖြစ်သည်။ ထို့ပြင် သေရည်ဆိုင်မှ လူငယ်၏နောက်ခံက အထင်ကြီးလောက်စရာဖြစ်သည်။ လူငယ်၏နောက်တွင် ကောင်းကင်ဘုံအရှင်ကိုယ်တိုင် ရှိနေရုံသာမက လူငယ်၏ အဘိုးသည်လည်း ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်ခဲ့သည်။

ထို့ကြောင့် ဟုန်ယာနှင့် လူငယ်လေး၏ လက်ထပ်ပွဲကို တားဆီးလိုလျှင်ပင် ဘိုးဘေးဇာမဏီနတ်ဘုရားအနေဖြင့် နှစ်ကြိမ်ခန့် စဉ်းစားရမည် ဖြစ်သည်။

သူတို့ (၂)ယောက်က အဆင့်အတန်းတူညီသူများ ဖြစ်နေသည် မဟုတ်ပါလား။

လုန်မန်အနေဖြင့်လည်း မိခင်ဖြစ်သူက သူ့ကို အိမ်ထောင်ချပေးတော့မည်ဟု ပြောလာလျှင် ငြင်းဆန်းနိုင်မည် မဟုတ်ပေ။ ထိုကိစ္စက ရှောင်လွှဲမရသည့်ကိစ္စတစ်ခု ဖြစ်သည်။

လုန်ယွိနှင့် ကျန်းလန်သည်လည်း ထိုသို့ပင်ဖြစ်သည်။ အကြီးအကဲများ စီစဉ်ပေးသည်ကို မငြင်းဆန်နိုင်ဘဲ လက်ထပ်ခဲ့ရခြင်းပင်။

လုန်ယွိက အဋ္ဌမမင်းသားကို ကြည့်ရင်း စကားဆက်ပြောသည်။

“အဲဒါဆို နောက်နှစ်နည်းနည်းလောက်ဆိုရင် အမေက မင်းအတွက် သတို့သမီး ရှာပေးတော့မယ်”

“အဲဒီ အိမ်ထောင်ဖက်က နဂါးမျိုးနွယ်က ဂုဏ်သရေရှိ မိန်းကလေးတစ်ယောက် ဖြစ်မှာပဲ ၊ အမေက မင်းအတွက် ချောချောလှလှလေးတစ်ယောက်တော့ ရွေးပေးမှာ အမှန်ပဲ ၊ ဒါပေမဲ့ သူ့ရဲ့ စိတ်နေစိတ်ထား ၊ ဝါသနာ ၊ ဘာတွေကို စိတ်ဝင်စားလဲဆိုတာ မင်း ဘာမှ သိမှာ မဟုတ်ဘူး ၊ အမေက အဲဒါတွေကို လုံး၀ အရေးစိုက်မှာ မဟုတ်ဘူး ၊ ဒီတော့ မှားယွင်းတဲ့သူတစ်ယောက်နဲ့ လက်ထပ်မိရင် တစ်သက်လုံးနာကျင်ခံစားရပြီး ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

တစ်နည်းဆိုရသော် နဂါးမျိုးနွယ်များမှ ပေးစားသူနှင့် လက်ထပ်ခြင်းက လောင်းကစားသကဲ့သို့ ဖြစ်သည်။ ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ ကံတရားအပေါ်တွင်သာ မူတည်သည်။

အဋ္ဌမမင်းသား အတွေးနက်နေသည်ကို တွေ့သည်နှင့် လုန်ယွိက စကားဆက်ပြောသည်။

“ဒါဆို ယန်ရှီးယွင်အကြောင်း ပြောရအောင် ၊ သူက မလှဘူးလား”

အဋ္ဌမမင်းသားက…

“မဆိုးပါဘူး”

လုန်ယွိက ထပ်မေးသည်။

“သူ့ရဲ့ စိတ်နေစိတ်ထားကလည်း မဆိုးဘူး မဟုတ်လား”

အဋ္ဌမမင်းသားက…

“ဟုတ်… မဆိုးပါဘူး”

လုန်ယွိက…

“သူက မင်းနဲ့ လိုက်ဖက်မညီတာရော ရှိလို့လား”

သူတို့ (၂)ယောက်ကြားတွင် ဘာပြဿနာမှ မရှိသည်ကို လုန်မန် သိရှိလေသည်။

“တကယ်တော့ မရှိပါဘူး”

“မင်း သူ့ကို မုန်းနေသလား”

“ကျွန်တော် သူ့ကို မမုန်းပါဘူး”

လုန်ယွိ ပြုံးလိုက်သည်။

“ကောင်းပြီ… ၊ အခုမင်းမှာ ရွေးချယ်စရာ (၂)ခုရှိတယ် ၊ ပထမတစ်ခုက အမေစီစဉ်ပေးတဲ့ ဘယ်သူမှန်းမသိတဲ့ အိမ်ထောင်ဖက်ကို ရွေးချယ်ဖို့ပဲ ၊ အဲဒီသူက နဂါးမျိုးနွယ်တော့  ဖြစ်လိမ့်မယ် ၊ ရုပ်ရည်လည်း ချောမောလိမ့်မယ် ၊ ဒါပေမဲ့ သူ့ရဲ့ စိတ်နေစိတ်ထား ဘယ်လိုရှိမလဲ မင်း မသိနိုင်ဘူး ၊ သူက မင်းနဲ့ သင့်တော်တဲ့သူ ဖြစ်မလား ၊ သူကရော မင်းကို သဘောကျပါ့မလားဆိုတာ ဘာတစ်ခုမှ မသိနိုင်ဘူး”

“ဒုတိယအချက်ကတော့ ငါစီစဉ်ပေးတဲ့ အိမ်ထောင်ဖက်ကို ရွေးချယ်ဖို့ပဲ ၊ ယန်ရှီးယွင်က စိတ်ထားလည်းမဆိုးသလို ရုပ်ရည်လည်း ချောမောလှပတယ် ၊ နူးညံ့သိမ်မွေ့မှုလည်း ရှိတယ် ၊ မင်းကလည်း သူ့ကို မမုန်းဘူးဆိုရင် မင်းတို့ (၂)ယောက်ကြား ဘာပဋိပက္ခမှ ဖြစ်လာမှာမဟုတ်ဘူး ၊ ဘယ်လိုလဲ ၊ မင်း ဘယ်လမ်းကို ရွေးချင်လဲ”

လုန်ယွိ၏စကားအဆုံးသတ်သွားသည်နှင့် အဋ္ဌမမင်းသား၏ စိတ်ထဲတွင် အတွေးတစ်ချက် လက်ကနဲ တောက်ပသွားသည်။

အစ်မဖြစ်သူက သူ့အတွက် အကောင်းဆုံးလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ခဏလောက်တော့ လုန်မန် ခံစားလိုက်ရသည်။

တကယ်တော့ စေ့စပ်ထားရသည်ကလည်း ဆိုးဝါးသည့်အလုပ် မဟုတ်ပေ။

ကျန်းလန်လည်း အနည်းငယ် အံ့အားသင့်သွားမိသည်။ လုန်ယွိပြောသည့်စကားများက အတော်လေး အဓိပ္ပါယ်ရှိသည်ဟု ခံစားရသည်။

အဋ္ဌမမင်းသားရော ယန်ရှီးယွင်ပါ သူတို့၏ မျိုးနွယ်စုများမှ တော်ဝင်သွေးများဖြစ်ကြပြီး အရေးပါသောပုဂ္ဂိုလ်များလည်း ဖြစ်ကြသည်။

လူတစ်ယောက်က မျိုးနွယ်စုအတွက် အရေးပါလေလေ အိမ်ထောင်ရေးကို စိတ်တိုင်းကျ မဆုံးဖြတ်လေပဲ ဖြစ်သည်။ အမှန်တော့ အဋ္ဌမမင်းသားက သာမန်နဂါးမျိုးနွယ်တစ်ယောက်ကို မေတ္တာရှိသည်ဆိုလျှင်ပင် လက်ထပ်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် အဋ္ဌမမင်းသားရော ယန်ရှီးယွင်သည်ပါ အနာဂတ်တွင် မျိုးနွယ်စုများမှ စေ့စပ်ပေးသူများနှင့် လက်ထပ်ကြရမည် ဖြစ်သည်။ သို့သော် သူတို့ (၂)ယောက်ကို ယခုအချိန် စေ့စပ်ပေးထားမည်ဆိုပါက တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြသူများဖြစ်သည့်အတွက် ရှေ့လျှောက် အဆင်ပြေသည့် အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။

လုန်ယွိက ဤကိစ္စနှင့်ပတ်သက်လျှင် အတော်လေး အတွေ့အကြုံရှိသည်ဟု ကျန်းလန် တွေးလိုက်သည်။

သေမျိုးလူသားလောကတွင်နေထိုင်စဉ်က ယန်စုမင်ကို လက်ထပ်ရန်အတွက် လျိုရှောင်ရှောင်ကို အချိန်တန်သည်အထိ စောင့်ဆိုင်းစေခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။ အားလုံးက သူမ၏ အစီအစဉ်များသာ ဖြစ်သည်။

အတွေးလွန်နေရာမှ လုန်မန် သတိဝင်လာသည်။

“မဟုတ်ဘူး ၊ ဒါက နောက်ပိုင်းကိစ္စတွေပါ ၊ ကျွန်တော်က ငယ်ပါသေးတယ်”

လုန်ယွိက…

“မင်းက နှစ်တစ်ထောင်နဂါးဖြစ်နေပြီ ၊ ငယ်သေးတာလား”

သူမက ဆက်ပြောသည်။

“ချက်ချင်းကြီး လက်ထပ်ခိုင်းနေတာ မဟုတ်ပါဘူး ၊ စေ့စပ်ထားရုံပါပဲ ၊ အနည်းဆုံးတော့ အမေက မင်းကို တခြားသူနဲ့ လက်ထပ်မပေးနိုင်တော့ဘူးပေါ့ ၊ လက်ထပ်တာကတော့ မင်းတို့ (၂)ယောက် သင့်တော်တယ်လို့ထင်တဲ့အချိန်ကျမှ လက်ထပ်ကြပေါ့ ၊ လက်မထပ်ချင်လည်း အချိန်ဆွဲထားလို့ရတာပဲ ၊ အခြေအနေတွေက အခုနဲ့ ဘာမှထူးခြားသွားမှာမှ မဟုတ်တာ”

အဋ္ဌမမင်းသား : “……”

ကြည့်ရသည်မှာ ဤကိစ္စက ပြဿနာမရှိလောက်ပေ။

အချိန်အတန်ကြာပြီးနောက် အဋ္ဌမမင်းသား နဝမတောင်ထွတ်ျွှ ထွက်ခွာသွားသည်။

မင်္ဂလာကိစ္စကို ခေါင်းထဲမထားတော့ဘဲ ခွန်လွန်တွင် အသားကင်ဆက်လက်ရောင်းချရန်သာ ဆုံးဖြတ်လိုက်သည်။ ပြီးတော့ သူ့တူဖြစ်သော နဂါးဥလေးကိုလည်း တောင်ခြေသို့ တစ်ရက်ခွဲခန့် ခေါ်သွားပြီး အတူတူ ဆော့ကစားနေခဲ့သည်။

***

လုန်ယွိက ကျန်းလန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ရင်း…

“ကျွန်မတို့ကလေးကို လုန်မန်ခေါ်သွားတော့လည်း ပျင်းစရာကောင်းလိုက်တာနော်”

ကျန်းလန်က သစ်သားဓားအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ထည့်သွင်းနေရင်း…

“ဂိုဏ်းတူအစ်မ ပျင်းတယ်ဆိုရင် နာမ်ဝိညာဉ်ခြံဝင်းထဲမှာ ဆော့လို့ရတယ်လေ”

လုန်ယွိက မကျေမနပ်ဖြင့် မတ်တတ်ထရပ်လိုက်ရင်း…

“ဂိုဏ်းတူမောင်လေး ၊ စကားပြောဆင်ခြင်ပါ ၊ ကျွန်မက ကလေးတစ်ယောက်အမေဖြစ်နေပြီ ၊ ဘာလို့ ကလေးဆန်တဲ့အပြုအမူတွေ လုပ်ရမှာလဲ”

လုန်ယွိကို မော့ကြည့်ရင်း ကျန်းလန် မျက်တောင်များ တဖျတ်ဖျတ်ခတ်လိုက်သည်။

အချိန်အတန်ကြာပြီးမှ…

“နာမ်ဝိညာဉ်ခြံဝင်းထဲမှာ ဆော့ကစားတာ ကလေးဆန်တယ်လို့ ပြောလို့မရပါဘူး”

“ဒါဆိုလည်းပြီးရော ကျွန်မ သွားကစားတော့မယ်”

ပြောပြီးသည်နှင့် လုန်ယွိက မျက်လုံးစုံမှိတ်ကာ နာမ်ဝိညာဉ်ခြံဝင်းကို အာရုံခံကြည့်နေလေသည်။

ကျန်းလန် : “……”

နောက်ပိုင်းတွင်တော့ ခွန်လွန်တောင်သို့ ဧည့်သည်များ တဖွဲဖွဲ ရောက်ရှိလာကြသည်။

ပျက်သုဉ်းတစ်စပြင်လောကကြီးမှ ကျော်ကြားသူ အတော်များများ ရောက်ရှိလာကြသည်။ အားလုံးက ဆရာဖြစ်သူနှင့် ဆရာဒေါ်လေး မြောင်ယွဲ့တို့၏ မင်္ဂလာပွဲတက်ရောက်ရန် လာရောက်ကြခြင်း ဖြစ်၏။

အချိန် (၇)ရက်ခန့် ကြာပြီးသည့်နောက်…

ချီလင်မျိုးနွယ်များလည်း ခွန်လွန်တောင်သို့ ရောက်လာကြသည်။ ကမ္ဘာမြေ၏မိခင်ကိုယ်တိုင် ခွန်လွန်တောင်သို့ ရောက်လာခဲ့လေသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူမက သေမျိုးလူသားလောကအလယ်သို့ သွားရောက်ပြီး သက်ရှိသတ္တဝါများအားလုံး ကျန်းမာစေရန်အတွက် ကမ္ဘာမြေကို ပိုမိုအသက်ဝင်အောင် ပြုလုုပ်ပေးခဲ့သည်။

ပျက်သုဉ်းတစ်ပြင်လောကကြီးသည်လည်း ပြောင်းလဲသွားပြီး လျှင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမသည်လ်း သူတော်စင်ဖြစ်လာရန် လမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

သူတော်စင်ဖြစ်ချင်သူများအနေဖြင့် ကိုယ့်မျိုးနွယ်မှာပင် နေထိုင်၍ မဖြစ်ပေ။ ပျက်သုဉ်းတစ်စပြင်လောကကြီးတစ်ခုလုံးသို့ လှည့်ပတ်ပြီး လုံလောက်သော အခွင့်အရေးကို ရှာဖွေရမည် ဖြစ်သည်။ သို့မှသာ သူတော်စင် ဖြစ်လာနိုင်သည်။

တာအိုကိုနားလည်ရုံမျှဖြင့် သူတော်စင်ဖြစ်လာမည် မဟုတ်ပေ။

ယခုအချိန်ထိ ပျက်သုဉ်းတစ်စပြင်လောကကြီး၏ ခေတ်သစ်ကာလတွင် သူတော်စင်ဖြစ်လာသူဆို၍ ယွင်ရှောင်းတစ်ယောက်သာ ရှိခဲ့သည်။

ကမ္ဘာမြေ၏မိခင်သည်လည်း သူတော်စင်လမ်းကြောင်းကို ရှာတွေ့ပြီဖြစ်သည့်တိုင် သူတော်စင်ဖြစ်လာရန် အတန်ကြာ အချိန်ယူရဦးမည် ဖြစ်သည်။

“ကမ္ဘာမြေရဲ့မိခင်ကိုယ်တိုင်ရောက်လာတယ်ဆိုတော့ သူလည်း သတင်းတစ်ခုခု ကြားလို့ ဖြစ်လိမ့်မယ်”

ကျန်းလန် ခန့်မှန်းကြည့်လိုက်သည်။

ယန်ရှီးယွင်သည် ချီလင်မျိုးနွယ်များအတွက် အလွန်အရေးပါသူ ဖြစ်လေရာ သူမကို ကမ္ဘမြေ၏မိခင်က အလွန်တန်ဖိုးထားသည်။

သို့မဟုတ် ချီလင်မျိုးနွယ်များဘက်မှ မင်္ဂလာကိစ္စကို ငြင်းဆန်မည်ဟု နဂါးမျိုးနွယ်များက မျှော်လင့်ထားခြင်းလည်း ဖြစ်နိုင်သည်။

အဋ္ဌမမင်းသားဘက်မှ ကြည့်မည်ဆိုလျှင် မင်္ဂလာကိစ္စက အတော်လေး အဆင်မပြေပေ။ ယန်ရှီးယွင်ဘက်မှ ကြည့်လျှင်တော့ သူမက အလွန်ငယ်ရွယ်သေးသည်။ သို့ပေသိ သူတို့နှစ်ယောက်က ခင်မင်သူများ ဖြစ်ကြသည်။

ခွန်လွန်တောင်တွင် မရေမတွက်နိုင်သည့် ကျင့်ကြံသူများ ရှိကြသည့်တိုင် ဟုန်ယာ ၊ ကောင်ငယ်လေး ၊ ယန်ရှီးယွင်နှင့် လုန်မန်တို့ (၄)ယောက်က အတူတူ တွဲဖြစ်ကြသည်မှာ ကံတရားအတိုင်းပင် ဖြစ်သည်။

ချီလင်မျိုးနွယ်များ ခွန်လွန်တောင်သို့ ရောက်လာသည်နှင့် ကျန်းလန်နှင့် လုန်ယွိက သွားရောက်တွေ့ဆုံရန် စီစဉ်ထားသော်လည်း ကမ္ဘာမြေ၏မိခင်က သူတို့ကို အရင်ဆုံး လာရောက်ရှာဖွေခဲ့သည်။

လုန်ယွိ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ နောက်ဆုံးတော့ ဤကိစ္စကို သူမ ထိပ်တိုက်ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ကမ္ဘာမြေ၏မိခင်က နဝမတောင်ထွတ်သို့ ရောက်ရှိလာသည်။ သူမက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပြေပြစ်စွာဖြင့် လမ်းလျှောက်လာသည်။

ကမ္ဘာမြေက သူမကို ကြိုဆိုသည့်အလား သူမ ခြေလှမ်းလိုက်တိုင်း ခြေထောက်အောက်တွင် ပန်းများ ပွင့်လန်းလာသည်။ သူမ၏ခန္ဓာကိုယ်မှ မြင့်မြတ်သည့်ရောင်ဝါတစ်ခုထွက်ပေါ်နေပြီး အလွန်ကျက်သရေရှိလှသည်။

သူမ ခြံဝင်းထဲသို့ ဝင်လာသည်နှင့် ခြံဝင်းထဲမှ ပန်းပင်များက မြေပြင်ထက်သို့ မြင့်တက်သွားပြီး ယိမ်းထိုးလှုပ်ခတ်သွားကြသည်။

ကျန်းလန်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ပန်းပင်များ မြေပြင်သို့ ပြန်လည်ကျရောက်သွားသည်။

ကမ္ဘာမြေ၏ မိခင်က အနည်းငယ် အံ့အားသင့်သွားပြီး ကျန်းလန်ကို ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ကောင်းကင်ဘုံအရှင်ကို နှုတ်ဆက်ပါတယ်”

ကျန်းလန်က တည်ငြိမ်စွာဖြင့်…

“ကျုပ်တို့ ခြံဝင်းထဲက ပန်းပင်တွေ မပျက်စီးပါစေနဲ့ ၊ ဒီပန်းပင်တွေကို ကျုပ်တို့ သေသေချာချာ စိုက်ပျိုးထားတာပါ”

ကမ္ဘာမြေ၏ မိခင်က ထပ်မံဦးညွှတ်ရင်း တောင်းပန်စကားဆိုလိုက်သည်။

“တောင်းပန်ပါတယ် ၊ ဒါက မရည်ရွယ်တဲ့ အမှားတစ်ခုပါ”

ကောင်းကင်ဘုံအရှင်က သူမကို နှိမ်ဖို့ကြိုးစားနေသည်လား ၊ သို့မဟုတ် အမှန်အတိုင်းပြောနေသည်လား  မသိရှိပေ။ သို့သော် ခြံဝင်းထောင့်တွင်ရှိနေသည့် သစ်ပင်စိုက်ပျိုးသည့် ပစ္စည်းကိရိယာမျာကို မြင်ရသည့်အခါ ကျန်းလန် အမှန်အတိုင်း ပြောနေသည်ဟု ခံစားလိုက်ရသည်။

ထို့နောက် ကျန်းလန်က မည်သည့်စကားမှ မဆိုတော့ဘဲ  ဘေးသို့အသာဆုတ်ခွာသွားပြီး သစ်သားဓားကို ထုတ်ယူကာ နဂါးဥလေးဖြင့် ဆော့ကစားနေတော့သည်။

နဂါးဥလေး : “……”

လုန်ယွိက ကမ္ဘာမြေ၏မိခင်ကို လေးလေးစားစားပင် ဦးညွှတ်အရိုအသေပေးလိုက်ရင်း…

“အကြီးအကဲ ၊ မင်္ဂလာကိစ္စအတွက် ဒီကိုရောက်လာတာလား”

ကမ္ဘာမြေ၏မိခင်က…

“ဒီကိစ္စကို ကျောက်စိမ်းရေကန်နတ်ဘုရားမ စီစဉ်ခဲ့တာလား”

လုန်ယွိက ခေါင်းညိတ်လိုက်ရင်း…

“ဟုတ်ပါတယ် ၊ ဒီကိစ္စက အကြီးအကဲအတွက် အခက်အခဲများ ရှိလို့လား”

ထို့နောက် ကျောက်စားပွဲထက်တွင် နှစ်ယောက်သား ထိုင်လိုက်ကြပြီး စကားစမြည် ပြောဆိုကြသည်။

ကမ္ဘမြေကြီး၏ မိခင်က…

“အဋ္ဌမမင်းသားနဲ့ ယန်ရှီးယွင်ကို ဘာလို့လက်ထပ်စေချင်ရတာလဲ ၊ အဲဒီအကြောင်း ပြောပြလို့ရမလား”

မင်္ဂလာကိစ္စကို နဂါးမျိုးနွယ်များက သူမထံ သတင်းပို့ခဲ့သည်။ သို့သော် တိုက်ရိုက်မပြောဘဲ သွယ်ဝိုက်သောနည်းဖြင့်သာ ပြောပြခဲ့ကြသည်။

ထိုသတင်းကိုကြားတော့ ကမ္ဘာမြေ၏မိခင် အလေးအနက် စဉ်းစားခဲ့သည်။ သို့သော် သူမက ထိုအစီအစဉ်ကို ငြင်းဆန်ရန် ဆန္ဒမရှိပေ။ အသေးစိတ်အကြောင်းအရာကို သိလိုသည့်အတွက်သာ နဝမတောင်ထွတ်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

လုန်ယွိက…

“လုန်မန်ရော ယန်ရှီးယွင်ရော ခွန်လွန်တောင်ကို ရောက်စတုန်းက အရမ်း အသက်ငယ်ကြသေးတယ် ၊ ဒါပေမဲ့ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီးတဲ့နောက် သူတို့တွေ အတော်လေး ရင်းနှီးလာကြတယ် ၊ သူတို့က သွေးရင်းသားရင်းမဟုတ်ကြပေမယ့် ငယ်သူငယ်ချင်းတွေလိုပါပဲ ၊ အခုချိန်မှာ သူတို့က တစ်ယောက်နဲ့တစ်ယောက် ထူးခြားတဲ့စိတ်ခံစားချက်တွေ မရှိကြသေးပေမယ့် တစ်နေ့နေ့ရောက်လို့ သူတို့စိတ်ကို နားလည်လာကြတဲ့ခါ အခြားသူတွေနဲ့ လက်ထပ်ရမယ့် အခြေအနေမျိုးဖြစ်နေမယ်ဆိုရင် စိတ်မကောင်းစရာ ဖြစ်လာနိုင်ပါတယ် ၊ ဒါကြောင့် အချိန်မီ သူတို့နှစ်ယောက်ကို နီးစပ်စေချင်တာပါ”

အရင်ကလည်း လုန်ယွိသည် အခြားသူများ၏ မင်္ဂလာကိစ္စများတွင် လျှို့ဝှက်စွာ ဝင်ရောက်စွက်ဖက်ခဲ့သည်။ ယခုလည်း အတူတူပင် ဖြစ်၏။

ကမ္ဘာမြေ၏ မိခင်က မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…

“ရှီးယွင်က ငယ်ငယ်ကတည်းက အပေါင်းအသင်း သိပ်မရှိဘူး ၊ ချီလင်မျိုးနွယ်က လူတွေနဲ့လည်း သူက သိပ်အဆင်မပြေဘူး ၊ ဒါပေမဲ့ သူ ဒုက္ခရောက်မှာကို ကျွန်မ ဘယ်တုန်းကမှ စိတ်မပူခဲ့ဘူး ၊ ဒါပေမဲ့ ခွန်လွန်တောင်မှာ သူငယ်ချင်းတွေ ရလာတဲ့အခါ ကျွန်မ ဝမ်းသာမိတာ အမှန်ပဲ”

သူမက ခပ်တိုးတိုးလေသံဖြင့် ဆက်ပြောသည်။

“ပုံမှန်ဆိုရင်တော့ နဂါးမျိုးနွယ်က အဋ္ဌမမင်းသားနဲ့ ချီလင်မျိုးနွယ်က ရှီးယွင်တို့ လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ၊ ဒါပေမဲ့… ကျောက်စိမ်းရေကန်နတ်ဘုရားမက တောင်းဆိုတယ်ဆိုရင်တော့ ဘယ်သူမှ ငြင်းဆန်နိုင်မှာ မဟုတ်ပါဘူး”

လုန်ယွိက အံ့အားသင့်သွားပြီး…

“ကမ္ဘာမြေရဲ့မိခင်က မင်္ဂလာကိစ္စကို မကန့်ကွက်ဘူးလား”

ကမ္ဘာမြေ၏မိခင်က ပြုံးလိုက်ရင်း…

“မကန့်ကွက်ပါဘူး ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမ စီစဉ်တဲ့မင်္ဂလာကိစ္စကို ကန့်ကွက်ရဲတဲ့သတ္တိလည်း မရှိပါဘူး”

ပွင့်လင်းသည့်စကားကြောင့် လုန်ယွိမှာ မျက်နှာပင် အနည်းငယ်ပူသွားသည်။ အမှန်တော့ ကောင်းကင်ဘုံအရှင်၏မျက်နှာဖြင့် နဂါးမျိုးနွယ်များရော ၊ ချီလင်မျိုးနွယ်များပါ မင်္ဂလာပွဲကို မငြင်းဆန်ရဲကြပေ။

လုန်ယွိက ခေါင်းညိတ်လိုက်ရင်း ကျေးဇူးတင်စကားဆိုသည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲ”

ကမ္ဘာမြေ၏ မိခင်က…

“မင်္ဂလာကိစ္စ စီစဉ်တာကတော့ ဟုတ်ပါပြီ ၊ အနာဂတ်မှာ သူတို့ (၂)ယောက် အဆင်မပြေကြလို့ မင်းကို အပြစ်တင်ရင် ဘယ်လိုလုပ်မလဲ”

လုန်ယွိက..

“ကျွန်မ တောင်ပေါ်မှာပုန်းနေမှာပေါ့ ၊ ဘယ်မှ မသွားတော့ဘူး”

ကမ္ဘာမြေ၏မိခင် မရယ်ဘဲမနေနိုင်တော့ပေ။

သူမ ကမ္ဘာမြေပြင်ကို ငုံ့ကြည့်လိုက်သည်။ ယန်ရှီးယွင်နှင့် အဋ္ဌမမင်းသား၏ မင်္ဂလာကိစ္စက မိုးကေင်းကင်မှ စီစဉ်ပေးသည့် ကိစ္စပင် ဖြစ်သည်။

အမှန်တော့ ယန်ရှီးယွင် မွေးဖွားလာကတည်းက ချီလင်မျိုးနွယ်များက သူမကို မစောင့်ရှောက်နိုင်ခဲ့ကြပေ။ ခွန်လွန်တောာင်တွင် နှစ်ပေါင်းတစ်ထောင်နီးပါး လမ်းပျောက်နေပြီး အဋ္ဌမမင်းသားနှင့် ဆုံတွေ့ခဲ့ရသည်။

ခွန်လွန်တောင်က ယန်ရှီးယွင်နေထိုင်ရမည့်ဒေသဟု ကမ္ဘာမြေက ဆုံးဖြတ်ထားလျှင် သူမ မည်သို့ ငြင်းဆန်နိုင်ပါမည်နည်း။

“ကျေးဇူးတင်ပါတယ်”

ကမ္ဘာမြေ၏မိခင်က လုန်ယွိကို ရိုးရှင်းစွာပင် ကျေးဇူးတင်စကားဆိုလိုက်သည်။

***

တောင်ခြေသေရည်ဆိုင်။

အဋ္ဌမမင်းသားသည် စိတ်ဓာတ်ကျသည့်အမူအရာဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်နေသည်။

“အစ်ကိုကြီး ၊ ဒီအသားကင်တွေကိုစားဖို့ ကျွန်မ ကူညီပါရစေ”

ယန်ရှီးယွင်၏အသံကို ကြားလိုက်ရသည်။

အဋ္ဌမမင်းသားက လေသံပျော့ပျော့ဖြင့်…

“စားမယ်ဆိုရင် ပိုက်ဆံပေးရမယ်နော်”

ယန်ရှီးယွင်က…

“အကြွေးစားလို့ မရဘူးလား”

ထို့နေက် သူမက အရိုက်ခံရမည်စိုးသည့်အတွက် အသားကင်များကိုယူကာ ခပ်ဝေးဝေးသို့ ထွက်ခွာသွားသည်။

အဋ္ဌမမင်းသားက…

“မင်းတို့ မျိုးနွယ်စုကလူတွေ ဒီကိုရောက်နေကြတယ် ၊ သူတို့ဆီက ပိုက်ဆံတောင်းပေး”

ယန်ရှီးယွင်က သဘောတူလိုက်သည်။

“အင်း အင်း … ကျွန်မ ခွန်လွန်တောင်ကို ဝင်တဲ့အခါ သူတို့ဆီက တောင်းပေးမယ်”

အဋ္ဌမမင်းသား ရယ်မောလိုက်သည်။

ထိုအချိန် လူငယ် အနားသို့ ရောက်လာသည်။

“နဂါးစုတ် ၊ ကောင်းကင်ပေါ်မှာ ဘာရှိလို့ ကြည့်နေတာလဲ”

လုန်မန်က လူငယ်ကို လှည့်မကြည့်ဘဲ…

“အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ရမယ်”

“ဘယ်လို အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်မှာလဲ”

“ကျုပ်က ဒီခေတ်ရဲ့ အဓိကဇာတ်ကောင်ဖြစ်လာတော့မှာမို့လို့ ကျော်ကြားမှုနဲ့အညီ လိုက်လျောညီထွေနေနိုင်အောင် လုပ်ရမယ်လေ”

“ဟမ်… ခင်ျားက ဒီခေတ်ရဲ့ အဓိကဇာတ်ကောင် ဘယ်လိုလုပ်ဖြစ်လာမှာလဲ”

“ပျက်သုဉ်းတစ်စပြင်လောကကြီးရဲ့ လောကပထမသူတော်စင်က ဘယ်သူလဲဆိုတာ မင်းသိလား”

“အဲဒါ အစ်ကိုကြီးလေ ၊ မသိရှိမလား”

“ဒါပဲလေ ၊ ယောက်ဖငယ်ငယ်တုန်းက အခု ကျုပ်ရင်ဆိုင်နေရသလိုမျိုး စေ့စပ်တာကို ငြင်းလို့မရခဲ့ဘူး ၊ သူက ဘေးအန္တရယ်ကပ်ဆိုးခေတ်မှာ အဓိကဇာတ်ကောင် ဖြစ်လာခဲ့တယ် ၊ အခု ကျုပ် စေ့စပ်ရပြီဆိုတော့ ကျုပ်က နောက်မျိုးှဆက်ရဲ့ အဓိကဇာတ်ကောင် ဖြစ်လာတော့မယ်”

လုန်မန်၏ မျက်ဝန်များက မောက်မာမှုများဖြင့် တောက်ပနေသည်။

လူငယ်လေး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခွန်လွန်တောင်သို့ ပြေးထွက်သွားသည်။

အဋ္ဌမမင်းသားက အံ့အားသင့်သွားပြီး…

“ဟေ့ကောင် ၊ မင်း ဘယ်သွားမလို့လဲ”

“ကျုပ်ကိုလည်း ဟုန်ယာနဲ့ စေ့စပ်ပေးဖို့ အစ်ကိုကြီးကို သွားပြောမလို့ ၊ နောက်မျိုးဆက်ရဲ့ အဓိကဇာတ်ကောင်က ကျုပ်ပါ”

ထို့နောက် လူငယ်က ခွန်လွန်တောင်ရှိရာသို့ ပြေးထွက်သွားတော့သည်။

အဋ္ဌမမင်းသား : “…”

ဒီ ချီးထုပ်ကောင်က သူနဲ့ ပြိုင်ပြီး နေရာလုချင်နေတာလား။

နောက်မျိုးဆက်၏အဓိကဇာတ်ကောင်မှာ တစ်ယောက်ဆိုလျှင်လုံလောက်ပြီးဖြစ်လေရာ လူငယ်လေးကို တားဆီးရန်အတွက် လုန်မန်သည်လည်း နောက်မှ ပြေးလိုက်သွားလေတော့၏။

***

All Chapters