← Chapters

နောက်ဆက်တွဲ (၆)

Vol. 40 Ch. 564

နောက်ဆက်တွဲ (၆)

Vol. 40 Ch. 564

ဧကရာဇ်ရှီးဟယ် တာအိုတရားဟောကြားခြင်း ပြီးဆုံးသွားသည်။

သူက ထိုင်ရာမှ မတ်တတ်ရပ်လိုက်ပြီး ရှေ့သို့ တိုးလာသည်။

ကောင်းကင်တစ်ခုလုံးတွင် ကြယ်စင်များက တောက်ပလျှက် ရှိသည်။ ဧကရာဇ်ရှီးဟယ်က ကြယ်စင်များကို လှမ်းကြည့်လိုက်သည့်အခါ တစ်စုံတစ်ယောက်က ကြယ်စင်ကောင်းကင်ကို ဆွဲချလိုက်သည့်အလား ကြယ်စင်များက ဆင်းသက်လာသည်။

ထို့နောက် ကြယ်စင်ကောင်းကင်က ပတ်ဝန်းကျင်မှ အစီအရင်နှင့် ချိတ်ဆက်သွားသည်။

ဤသည်က ဧကရာဇ်ရှီးဟယ်၏ တန်ခိုးစွမ်းအားမဟုတ်ပေ။ ကျန်းလန်၏ အစီအရင်နှင့် ချန်ရှီ၏ တန်ခိုးစွမ်းအား ပေါင်းစပ်ထားခြင်း ဖြစ်သည်။

“ခွန်လွန်တောင်ရဲ့ ပျော်ရွှင်စရာ မင်္ဂလာအချိန်အခါသမယမှာ ရောက်ရှိလာကြတဲ့ ဧည့်ပရိတ်သတ်များအားလုံးလည်း ပျော်ရွှင်ကြမယ်လို့ ယုံကြည်ပါတယ်”

စကားဆုံးသွားသည်နှင့် ဧကရာဇ်ရှီးဟယ်က လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရာ ကြယ်စင်မြစ်တစ်စင်းက ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်မှ ပဉ္စမတောင်ထွတ်သို့ စီးဆင်းသွားသည်။

တစ်ချိန်တည်းမှာပင် အခြားသော ကြယ်စင်မြစ်တစ်စင်းကလည်း နဝမတောင်ထွတ်ထွတ်ဆီသို့ စီးဆင်းထွက်ခွာသွားသည်။

ကောင်းကင်တစ်ခွင်လုံး ကြယ်စင်ရောင်များ လင်းလက်တောက်ပနေသည်ကို လူတိုင်း တွေ့မြင်ကြရသည်။ ပဉ္စမတောင်ထွတ်နှင့် နဝမတောင်ထွတ်တို့သည် ကြယ်စင်ကောင်းကင်၏ အစိတ်အပိုင်းတစ်ခုပမာ ထင်မှတ်ရသည်။

မော့ကျန်းသုန့်က နဝမတောင်ထွတ်သို့ စီးဆင်းရောက်ရှိလာသည့် ကြယ်စင်မြစ်ထက်တွင် လမ်းလျှောက်လာပြီး မြောင်ယွဲ့ကတော့ ပဉ္စမတောင်ထွတ်သို့ စီးဆင်းရောက်ရှိလာသည့် ကြယ်စင်မြစ်အတိုင်း လမ်းလျှောက်လာသည်။

ကျန်းလန်က ထောင့်တစ်နေရာတွင် မတ်တတ်ရပ်ပြီး လမ်းလျှောက်လာသည့် ဆရာဖြစ်သူနှင့် ဆရာကတော်ကို ကြည့်နေသည်။ ဆရာကတော်မြောင်ယွဲ့က လက်ထပ်မင်္ဂလာပွဲအတွက် အများကြီး ကြိုးစားအားထုတ်ခဲ့သည်ဟု ခံစားရသည်။

ယနေ့ မင်္ဂလာပွဲနေ့ရက်ဖြစ်သော်လည်း ဆရာဖြစ်သူနံဘေးတွင် ဆရာဦးလေးကျိုးကျုန်းထျန်း ရှိနေသဖြင့် ကျန်းလန်က အဖော်ပြုပေးစရာ မလိုတော့ပေ။

သူက အစားအသောက်နှင့် သေရည်များကိုသာ လိုလေသေးမရှိအောင် စီစဉ်ပေးနေသည်။

ဆရာဒေါ်လေးမြောင်ယွဲ့က အနီရောင် သတို့သမီးဝတ်စုံကို လှပစွာဝတ်ဆင်ထားပြီး ကြယ်ပွင့်များထက်တွင် လှပစွာ လျှောက်လှမ်းလာသည်။ သူမမျက်နှာကို ဖုံးကွယ်ထားလေ့ရှိသည့် အဖြူရောင်ပုဝါစသည် ယခုအချိန်မှာတော့ အနီရောင်ပုဝါစအဖြစ် ပြောင်းလဲသွားသည်။

ကျန်းလန် ဆရာဖြစ်သူကို လှမ်းကြည့်လိုက်သည်။

ဆရာဖြစ်သူကတော့ အလွန်အမင်း အလေးအနက်ထားနေဟန် မရှိပေ။ သို့သော် သူ့ကိုကြည့်ရသည်မှာ အနည်းငယ် အဆင်မပြေဟန် ဖြစ်နေသည်။

တာအိုအင်မော်တယ်အဆင့် အထွတ်ထိပ်သို့ ရောက်ရှိခဲ့ပြီး သူတော်စင်တစ်ပိုင်းအဆင့်တွင်ရှိသော ၊ နဝမတောင်ထွတ်၏ တန်ခိုးစွမ်းအားမြင့်မားလွန်းသည့် တောင်သခင်တစ်ပါး ဖြစ်သော်လည်း ယခုလိုအခြေအနေမျိုးကို သူ့ဘဝတွင် ပထမဆံး ရင်ဆိုင်ကြုံတွေ့ရခြင်း ဖြစ်သည်။

အတိတ်ကိုပြန်တွေးကြည့်ရင်း ကျန်းလန် ကူရာကယ်ရာမဲ့သလို ခံစားရသည်။

သူ နဝမတောင်ထွတ်သို့ တပည့်အဖြစ် စတင်ဝင်ရောက်ချိန်မှ အစပြုပြီး ယခုတော့ ဆရာဖြစ်သူ မင်္ဂလာဆောင်သည့်နေ့သို့ ရောက်လာခဲ့သည်။

ကြယ်စင်မြစ် (၂)စင်း ဆုံစည်းသွားသည်နှင့် မြောင်ယွဲ့က မော့ကျန်းသုန့် ရှေ့သို့ ရောက်ရှိလာသည်။

တစ်ယောက်ကိုတစ်ယောက် ခဏမျှ ကြည့်နေကြပြီး လက်ချင်းတွဲကာ ဧကရာဇ်ရှီးဟယ်ထံသို့ လျှောက်သွားကြသည်။

ဧကရာဇ်ရှီးဟယ်က မင်္ဂလာလက်ထပ်ပွဲကို သက်သေခံအတည်ပြုပေးမည် ဖြစ်သည်။

ဧကရာဇ်ရှီးဟယ်က ခွန်လွန်တောင် ၊ တောင်သခင် (၉)ပါး၏ ဂိုဏ်းတူအစ်ကိုကြီးဖြစ်သလို အနောက်ဘက်စွန့်ပစ်နယ်မြေတစ်ခုလုံးတွင် နာမည်ကျော်ကြားသူများ ဖြစ်လာစေရန် သူတို့ (၉)ယောက်လုံးကို သင်ပြပေးခဲ့သူလည်း ဖြစ်သည်။

ဆရာဖြစ်သူနှင့် ဆရာကတော လက်တွဲလမ်းလျှောက်လာသည်ကို ကြည့်နေစဉ် လုန်ယွိက သူ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာသည်။

ကျန်းလန် လုန်ယွိကို လှည့်ကြည့်ရင်း ပြုံးပြလိုက်သည်။

ထိုအချိန် ဧကရာဇ်ရှီးဟယ်ထံမှ စကားသံထွက်ပေါ်လာသည်။

“နဝမတောင်ထွတ်မှ မော့ကျန်းသုန့်နှင့် ပဉ္စမတောင်ထွတ်မှ မြောင်ယွဲ့တို့ရဲ့ မင်္ဂလာလက်ထပ်ပွဲကို မိုးမြေသက်သေပြုပြီး အတည်ပြုလိုက်ပါတယ်”

ထို့နောက် မော့ကျန်းသုန့်နှင့် မြောင်ယွဲ့တို့ ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ထဲသို့ ဝင်ရောက်သွားကြသည်။

လုန်ယွိက…

“သူတို့ ပြန်ထွက်လာဦးမှာလား”

ကျန်းလန်က…

“ကိုယ်တို့တုန်းကရော ပြန်ထွက်လာလို့လား”

လုန်ယွိက ပြုံးလိုက်ပြီး ကျန်းလန်၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။

“ဂိုဏ်းတူမောင်လေး ၊ ဒီည နဂါးတစ်ဝက်အသွင် ပြောင်းလိုက်မယ်ဆိုရင် သဘောကျမှာလား”

ကျန်းလန်က…

“ကိုယ်က ဂိုဏ်းတူအစ်မ ဖြစ်နေရင်ကို သဘောကျတယ်”

“ကျွန်မလည်းစားချင်တယ် ၊ စားလို့ရမလား”

သူတို့ဘေးမှ ယန်ရှီးယွင်၏ အသံဆာဆာလေး ထွက်ပေါ်လာသည်။

ကျန်းလန်နှင့် လုန်ယွိ လှည့်ကြည့်လိုက်တော့ စားပွဲထက်တွင် အစားအသောက်များ ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။

ကျန်းလန်က လုန်ယွိ၏ လက်ကိုဆုပ်ကိုင်လိုက်ရင်း…

“ကိုယ်တို့လည်း သွားထိုင်ရအောင် မိန်းမရေ”

လုန်ယွိက ပြုံးလိုက်ရင်း…

“ယောကျ်ားသဘော”

ဟုန်ယာက သူတို့၏ နဂါးဥလေးကို ပွေ့ချီထားသည်။

အခြားစားသောက်စားပွဲများတွင် ကျင်းထင် ၊ လင်စီးယာနှင့် မုရှိုးတို့ ရှိနေကြသည်။ အခြားစားပွဲတစ်ခုတွင်တော့ လုကျန်း ၊ ပေဖန်း ၊ ဟုန်လွမ်နှင့် လင်အန်းတို့ ရှိနေကြသည်။

လုန်ရဲ့ မူးပြီးရမ်းနေသည့် စားပွဲကို ကြည့်မိသည့်အခါ ကျန်းလန် ခြေလှမ်းများ တုံ့ဆိုင်းသွားသည်။ သူက ကျန်းလန်ကို တွေ့သည်နှင့် ခွေးချေးအတူတူစားပြီး ၊ မြင်းသေးအတူတူသောက်သည့် အစ်ကိုကြီးဟု ပြောဆိုဦးမည် ဖြစ်လေရာ လူကြားထဲတွင် မည်သည့်နည်းနှင့်မှ အဆင်မပြေနိုင်ပေ။

ကျန်းလန်က အဋ္ဌမမင်းသားတို့အုပ်စု ထိုင်နေသည့် စားပွဲတွင် ဝင်ထိုင်လိုက်ပြီး လုန်ယွိပန်းကန်ထဲသို့ စားသောက်စရာများ ထည့်ပေးလိုက်သည်။

ထိုအချိန် ဧကရာဇ်ရှီးဟယ်နှင် ယွင်ရှောင်းတို့ ကျန်းလန်ဘေးနားရှိ ထိုင်ခုံသို့ ရောက်လာကြသည်။

အဋ္ဌမမင်းသားနှင့် အခြားသူများ ချက်ချင်းပင် မတ်တတ်ရပ်လိုက်ကြသည်။

ဧကရာဇ်ရှီးဟယ်က ကျန်းလန် ၊ အဋ္ဌမမင်းသားနှင့် လူငယ်တို့ကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…

“ကျုပ်တို့ ဒီနေရာမှာ ထိုင်လို့ရတယ်မဟုတ်လား”

အဋ္ဌမမင်းသားနှင့် လူငယ်က…

“ရပါတယ်ဗျာ ၊ အကြီးအကဲက နောက်နေပြန်ပါပြီ”

သို့သော် စိတ်ထဲကတော့ “မထိုင်နဲ့ ၊ မထိုင်ပါနဲ့” ဟု အော်ဟစ်နေကြသည်။

ကျန်းလန်ကတော့ ပြုံးနေပြီး မည်သည့်စကားမှ မဆိုပေ။

သာယာအေးချမ်းသည့် ခေတ်သစ်လောကကြီးတွင် သူ့အတွက် လုပ်စရာအလုပ်များလည်း သိပ်မရှိတော့ပေ။

သူက ခွန်လွန်တွင်သာ နေထိုင်ပြီး လုန်ယွိနှင့်အတူ အေးချမ်းသာယာသည့် ဘဝတစ်ခုကို ဖြတ်သန်းချင်မိလေတော့သည်။

ပြီးပါပြီ

***

All Chapters