← Chapters

အခန်း (၅၁၁-၅၁၅)

Vol. 21 Ch. 511-515

အခန်း (၅၁၁-၅၁၅)

Vol. 21 Ch. 511-515

အပိုင်း(၅၁၁)

ဆန်းကြယ်အဆင့် လက်နက်ကို အသက်သွင်းလိုက် တာနဲ့ စုယန်ရဲ့ အရှိန်အဝါက အပြောင်းကြီး ပြောင်းလဲ သွားခဲ့တယ်။ သူမက သူတို့ရှေ့မှာသာ ရပ်နေပေမယ့် ပညာရှင်လေးယောက်ရဲ့ အမြင်မှာတော့ စုယန်က နေရာတိုင်းမှာ ရှိနေခဲ့ပါတယ်။ တစ်နည်းဆိုရရင်၊ အခုအချိန်၌ စုယန်က ဒီဆန်းကြယ်အဆင့် လက်နက်နဲ့ တစ်သားတည်း ဖြစ်သွားခဲ့ပါပြီ။

ပညာရှင်လေးယောက်စလုံး ကြက်သေသေ သွားခဲ့ကြတယ်။ ဘာလို့ အခုလိုတွေ ဖြစ်နေရတာလဲ ဆိုတာကို သူတို့ လုံးဝကို နားမလည်နိုင်အောင် ဖြစ်နေခဲ့တယ်။

ဒီဆန်းကြယ်အဆင့် လက်နက်ကို ရန်ကိုင်က ဆင့်ခေါ် အသက်သွင်းခဲ့တာလေ။ အဲ့ဒါကို လက်နက် ထွက်ပေါ် လာတာနဲ့ ဒီမိန်းမရဲ့ အရှိန်အဝါက ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့ရတာလဲ။

ရန်ကိုင်နဲ့ စုယန်တို့လည်း ထိုထူးဆန်းတဲ့ ဖြစ်စဉ်ကို သတိပြုမိပါတယ်။ နှစ်ယောက်စလုံး ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြတယ်။

လက်နက်ကို ဆင့်ခေါ်လိုက်တာနဲ့ အခုလိုမျိုး ဖြစ်လာ လိမ့်မယ်လို့ ရန်ကိုင် မမျှော်လင့်ထားခဲ့ပါဘူး။

ဒါပေမယ့် အခု သူနားလည်သွားခဲ့ပါပြီ။

စုယန်နဲ့ သူက ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို လေ့ကျင့်ထားကြပါတဲ့အတွက် သူတို့ရဲ့ အစစ်အမှန်ချီ လှည့်ပတ်ပုံက တစ်မျိုးတစ်ဖုံ တူညီနေခဲ့ပါတယ်။ ထို့ကြောင့် သူ့ရဲ့ အစစ်အမှန်ချီနဲ့ သန့်စင်လိုက်တဲ့ လက်နက် မှန်သမျှကို စုယန်က အတိုင်းအတာအထိ အသုံးပြုနိုင်သလို သူလည်း စုယန်နဲ့ ထို့အတူပါပဲ။

ဒါက လက်နက်တစ်ခုကို လူနှစ်ယောက် မျှသုံးတာနဲ့ အတူတူပါပဲ.

အထူးသဖြင့် ဒီကြေးမုံက အအေးစွမ်းအင် အမျိုးအစား လက်နက်တစ်ခုပါ။ စုယန်ရဲ့ အစစ်အမှန်ချီ ကလည်း အအေးဓါတ် အမျိုးအစားပါပဲ။ ထို့ကြောင့် လက်နက်နဲ့ စုယန်က ကိုယ်နဲ့တိုင်းပြီး ချုပ်ထားတဲ့ ဝတ်စုံတစ်စုံလို လုံးဝကို လိုက်ဖက်နေခဲ့ပါတယ်။

ရန်ကိုင်က ဒီလက်နက်ကို အသုံပြုနိုင်တယ် ဆိုပေမယ့် လက်နက်ရဲ့ အမျိုးအစား ဓါတ်သဘာဝနဲ့ သူ့ရဲ့ အစစ်အမှန်ချီက ဆန့်ကျင့်ဘက် ဖြစ်နေတဲ့အတွက် လက်နက်ရဲ့ စွမ်းရည်အပြည့်အဝကို မထုတ်သုံးနိုင် ဖြစ်နေခဲ့ရပါတယ်။ စုယန်ကတော့ ဒီလက်နက်ရဲ့ စွမ်းရည် ၁၀၀ရာခိုင်နှုန်းကို အပြည့်အဝ အသုံးချနိုင်ပါတယ်။

ပိုကျင်းနေရကန် လက်နက်လုပွဲတုန်းက ဒီလက်နက်ရဲ့ အဆင့်က အခြားလက်နက်တွေထက် ပိုမြင့်နေမှန်း ခံစားမိလိုက်တဲ့အတွက် ဒီလက်နက်ကို ဦးစားပေး လုယူခဲ့တာပါ။

“ဒီလက်နက်က အတားအဆီး ဖန်တီးတဲ့ လက်နက် အမျိုးအစားတစ်ခုပဲ” ရုတ်တရက် ပြောင်းလဲသွားတဲ့ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်ပြီးနောက် ခန်မိသားစုက ပညာရှင်တစ်ယောက်က အော်ပြော လိုက်တယ်။ ကျန်တဲ့ လူသုံးယောက်လည်း သုန်မှုန်နေတဲ့ အမူအရာနဲ့ ပြန်ခေါင်းညိတ်ပြလိုက်တယ်။ သူတို့အားလုံးက အတွေ့အကြုံ ရင့်ကျက်တဲ့ လူတွေ ဖြစ်ကြတဲ့အတွက် ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်ကို မြင်လိုက်တာနဲ့ ရန်ကိုင် ဘယ်လိုလက်နက်မျိုး သုံးလိုက်လဲ ဆိုတာကို သူတို့ ချက်ချင်း တန်းခန့်မှန်း နိုင်ခဲ့ပါတယ်။

ဒီလက်နက်က အမိုးခုံးနဲ့တူတဲ့ အရံအတား တစ်ခုကို ထုတ်လွှတ်ကာ ပြင်ပကမ္ဘာနဲ့ ထိတွေ့ခြင်းမရှိတဲ့ သီးခြား ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးလိုက်ပါတယ်။ အရံအတားကို မချိုးဖျက်နဲ့ ဒီသီးခြားကမ္ဘာကြီးထဲကနေ ထွက်လို့ရမှာ မဟုတ်ပါဘူး။

ဒါပေမယ့် အရံအတားကို ချိုးဖျက်ဖို့က ရန်ကိုင်နဲ့ စုယန်တို့ နှစ်ယောက်ကို ရင်ဆိုင်ရဦးမှာ ဖြစ်တဲ့အတွက် လွယ်ကူမယ့် ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါကို ပညာရှင်လေးယောက်က ဘယ်လိုလုပ်ပြီး မဆင်မခြင် လှုပ်ရှားရဲပါ့မလဲ။ အေးစက်စက် လေပြင်းတွေက တဝှီဝှီ မြည်အောင် တိုက်ခတ်နေခဲ့ပြီး မြေပြင်တစ်ခုလုံးကတော့ အဆက်မပြတ် ကျဆင်းနေတဲ့ နှင်းပွင့်လေးတွေကြောင့် ဖြူဖွေးစွတ်နေခဲ့တယ်။

ရုတ်တရက် သူတို့ရဲ့ အစစ်အမှန်ချီတွေက တဖြည်းဖြည်းနဲ့ အေးခဲစ ပြုလာတာကို ပညာရှင် လေးယောက်စလုံး သတိပြုမိလိုက်တယ်။ သူတို့ရဲ့ အစစ်အမှန်ချီကို အရူးအမူး လှည့်ပတ်လိုက်ပေမယ့် အအေးဓါတ်ကို အပြည့်အဝ မခုခံနိုင်ခဲ့ပါဘူး။ တစ်ခဏလေးအတွင်းမှာပဲ သူတို့ရဲ့ ဆံပင်တွေနဲ့ အဝတ်အစားတွေကို နှင်းဖုံးသွားခဲ့တယ်။

“နင်ဘယ်လို ခံစားရလဲ” ရန်ကိုင်က ပညာရှင် လေးယောက်ကို အရေးမစိုက်ပဲ စုယန်ဘက် လှည့်ပြီး မေးလိုက်တယ်။

“ငါ့အရမ်း အားကောင်လာသလို ခံစားရတယ်။ ဘယ်လိုလဲဆိုတော့… ဘာမဆို ငါလုပ်နိုင်တယ်လို့ ခံစားနေရတယ်” စုယန်က ချိုချိုသာသာလေးနဲ့ ပြန်ပြောလိုက်တယ်။ သူမလည်း အအေးဓါတ်ကို ခံစားမိပေမယ့် ထိုအအေးဓါတ်က သူမအတွက် အရမ်းကို သက်သောင့်သက်သာ ရှိလှပါတယ်။

စုယန်က ချဲ့ကားပြီး ကြွားပြောနေတာ မဟုတ်ပါဘူး။ သူမက အခုလို ပြောနေမှတော့ သူမက ဒီအရံအတားထဲ ရှင်ဘုရင်မလို့ ဆိုလိုက်တာနဲ့ အတူတူပဲ မဟုတ်ပါလား။

ရန်ကိုင်လည်း အားရပါးရ ရယ်မောလိုက်ပြီး “ကောင်းတယ်၊ ဒါဆိုရင် အခုကပြီး ဒီလက်နက်က နင့်အပိုင် ဖြစ်သွားပြီ”

“အင်း” စုယန်က နည်းနည်းလေးတောင် မကန့်ကွက်ပဲ ခေါင်းညိတ် လက်ခံလိုက်တယ်။ သူမ ချစ်သူက ပေးတဲ့ လက်ဆောင်ပဲကို ဘာတွေ မူပြရဦးမှာလဲ။

လူငယ်လေး နှစ်ယောက် ပြောနေတာကို ကြားလိုက် တာနဲ့ ပညာရှင်လေးယောက်စလုံးရဲ့ အမူအရာတွေ သုန်မှုန်သွားခဲ့တယ်။ ဆန်းကြယ်အဆင့် လက်နက်က တကယ်ကို အားကောင်းတာ မှန်ပေမယ့် သူတို့ထဲက ဘယ်သူကကော အားနည်းနေလို့လဲ။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး ဂျူနီယာနှစ်ယောက် လျစ်လျူရှုတာကို ခံနေရတာလဲ။

“ငါကြိုးစားကြည့်မယ်” စုယန်က တိုးတိုး၊ ညင်ညင်နဲ့ ပြောလိုက်ပြီး ပညာရှင်လေးယောက် ရှိနေတဲ့ဘက်ဆီ ဖြစ်သလို လက်ဝှေ့ရမ်းလိုက်တယ်။

ချက်ချင်းဆိုသလို၊ လေအေးတွေက အရင်ကထက် အဆများစွာ ပိုအေးလာခဲ့ပြီး ပညာရှင်လေးယောက် စလုံးကို ထိတ်လန့် ကြောက်ရွံ့သွားစေခဲ့တယ်။ မြေကြီးပေါ် ရပ်နေနိုင်ပေမယ့် ရုတ်ချည်း တိုးများလာတဲ့ အေးစက်စက် ဖိအားကြောင့် သူတို့ရဲ့ ဆံပင်တွေနဲ့ အဝတ်အစားတွေတောင် စတင် အေးခဲလာခဲ့ပါပြီ။

ပညာရှင်လေးယောက်စလုံး ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကုန်ကြပြီး သူတို့ရဲ့ အစစ်အမှန်ချီကို အရူးအမူး လှည့်ပတ်ကြပါတော့တယ်။ ဒါပေမယ့် အဲ့လိုလုပ်တာတောင် သူတို့ကိုယ်ထဲ စိမ့်ဝင်လာနေတဲ့ အအေးဓါတ်တွေကို မတားဆီးနိုင်ခဲ့ပါဘူး။ မကြာခင်မှာပဲ သူတို့တစ်ကိုယ်လုံး အေးစက်မှုကြောင့် တုန်ရီလာခဲ့ကြတယ်။

စုယန် မျက်ခုံးပင့်သွားခဲ့ပြီး နောက် မျက်ခုံး ပြန်ကျုံ့လိုက်တယ်။ သူမကြည့်ရတာက လက်နက် စွမ်းအားနဲ့ အသားကျဖို့ ကြိုးစားနေတဲ့ ပုံပါပဲ။ သူမရဲ့ အစစ်အမှန်ချီနဲ့ ရေခဲကမ္ဘာကြားက ဆက်နွှယ်မှုက တဖြည်းဖြည်း ပိုပြီးခိုင်မြဲလာခဲ့တယ်။ ဝုန်းခနဲ မြည်သံနဲ့အတူ နှင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ မြေပြင် တစ်ခုလုံး တုန်ခါသွားခဲ့ပြီး ထောင်ပေါင်းများစွာသော ရေခဲဓါးသွားတွေက လေပေါ်ပျံတက်သွားခဲ့ပြီး ကြောက်မက်ဖွယ် နှင်းမုန်တိုင်းကြီး တစ်ခုကို ဖြစ်ပေါ်လာစေခဲ့တယ်။

လေပေါ်လည်း မပျံနိုင်၊ မြေလည်း မလျှိုးနိုင် ဖြစ်သွားနဲ့ ပညာရှင်လေးယောက်စလုံး အလွန်အမင်း စိတ်ဓါတ်ကျသွားခဲ့ကြတယ်။ သူတို့ရဲ့ အစစ်အမှန်ချီတွေ တဖြည်းဖြည်း အေးခဲလာနေခဲ့ပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေ ကလည်း တဖြည်းဖြည်းနဲ့ နှေးကွေးလာနေခဲ့တယ်။ စုယန်ရဲ့ တိုက်ခိုက်မှုတွေကို သိုင်းပညာရပ်တွေ၊ လက်နက် တွေကို သုံပြီး ခုခံနိုင်သေးတယ် ဆိုပေမယ့် အသက်တောင် မရှူရသေးခင်မှာပဲ စုယန်ရဲ့ နောက်တစ်သုတ် တိုက်ခိုက်မှုတွေက ထပ်မံ ရောက်ရှိလာခဲ့ပါတယ်။

ဘေးပတ်ပတ်လည်ရှိ ရေခဲတောင်တွေမှ အလင်းတန်းတွေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး လေထုကို ထိုးခွင်းကာ ပညာရှင်လေးယောက်ဆီ တိုးဝင်သွားခဲ့တယ်။

စုယန်ရဲ့ တိုက်နေတာကို ကြည့်ရင်း၊ ဘေးကနေ ရပ်ကြည့်နေတဲ့ ရန်ကိုင်၊ နှလုံးခုန် မြန်သွားခဲ့တယ်။

ဒီဆန်းကြယ်လက်နက်ရဲ့ အကူအညီနဲ့ စုယန်ရဲ့ ခွန်အား ဒီလောက်အထိ မြင့်တက်သွားလိမ့်မယ်လို့ ရန်ကိုင် မထင်ထားခဲ့ပါဘူး။ အခုဆို သူမတစ်ယောက်တည်းနဲ့တင် ဗဟိုမြို့တော် မိသားစုကြီး ရှစ်ခုမှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ ပညာရှင် လေးယောက်ကို ပြန်မလှန်နိုင်အောင် အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့ပါတယ်။

လက်နက်က စုယန်တိုက်ခိုက်ဖို့အတွက် အကောင်းဆုံး တိုက်ပွဲကွင်းပြင်ကို ဖန်တီးပေးလိုက်တဲ့ ပုံပါပဲ။ ဒီကမ္ဘာကြီးထဲ သူမက အရှင်သခင်ပါ။

လက်နက်ပိုင်ရှင်ဖြစ်တဲ့ သူကိုယ်တိုင်တောင် ပွဲကြည့် ပရိတ်သတ် ဖြစ်သွားခဲ့ရပါတယ်။

လက်နက်ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာ ကောင်းသလို စုယန်ရဲ့ ခွန်အားကလည်း မေးခွန်း ထုတ်စရာမလိုလောက်တဲ့အထိပါ။ နှစ်ခုလည်း ပေါင်းသွားရော၊ အခုလိုမျိုးတွေ ဖြစ်လာပါတော့တယ်။

သူမအနေနဲ့ ထိုလေးယောက်ကို အနိုင်ယူဖို့ အချိန်ပဲ လိုအပ်ပါတယ်။ အရုပ်သစ်နဲ့ ဆော့ကစားနေဟန်ရတဲ့ စုယန်ကိုကြည့်ရင်း ရန်ကိုင် ပျော်ရွှင်စွာ ပြုံးလိုက်တယ်။

အပြင်ဘက်မှာတော့ ခန်ကျန်းနဲ့ ချူဇိရိုက သူတို့ရဲ့ အင်အားစုတွေကို ခေါ်ပြီး အရံအတားကို တိုက်ခိုက်ဖို့ လုပ်လိုက်ပေမယ့် ဘယ်သူကမှ အရံအတားရဲ့ မီတာ တစ်ရာအတွင်းသို့ မချဉ်းကပ်နိုင် ဖြစ်နေခဲ့ပါတယ်။

အရံအတားက ထုတ်လွှတ်နေတဲ့ အအေးဓါတ်က အရမ်းကို ပြင်းထန်လွန်းတဲ့အတွက် မီတာ၁၀၀ အကွာအဝေးကနေတောင် သူတို့ရဲ့ ကျင့်စဉ်ကို လှည်ပတ်ပြီး ခုခံနေခဲ့ရပါတယ်။

“ချိုးဖျက်စမ်း” ခန်ကျန်းက အခုအချိန်ထိ အမွေခံတိုက်ပွဲမှာ ထုတ်မသုံးခဲ့ဖူးသေးတဲ့ ဆန်းကြယ် အဆင့်လက်နက်ကို ထုတ်ယူလိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ကာ အရံအတားကို တိုက်ခိုက်လိုက်တယ်။

ထိုတိုက်ခိုက်မှုကြောင့် တည်ငြိမ်နေတဲ့ ကန်ရေပြင်ထဲ ခဲတစ်လုံး ကျသွားခဲ့သလို အရံအတား မျက်နှာပြင်ထက် လှိုင်းတွန့်တွေ ဖြစ်ပေါ်လာခဲ့တယ်။

ပထမတစ်ချက် ပြီးတာနဲ့ ခန်ကျန်းရဲ့ အသက်ရှူသံ လေးလံသွားခဲ့တယ်။ သူ့ခွန်အားက အရမ်းကြီး မမြင့်လှတဲ့အတွက် ဆန်းကြယ်အဆင့် လက်နက်တစ်ခုကို အကြိမ်ရေအများကြီး အသုံးမပြုနိုင်ခဲ့ပါဘူး။ ကံကောင်း စွာနဲ့ပဲ ချူဇိရိုမှာ သူ့လိုမျိုး ဆန်းကြယ်အဆင့် လက်နက် တစ်ခု ရှိနေခဲ့ပါတယ်။ ပြီးတော့ သူတို့အဖွဲ့သားတွေ အကုန်လုံးကလည်း အရံအတားကို တိုက်ခိုက် နေခဲ့ကြပါတယ်။

ပထမတစ်ကြိမ် တိုက်ခိုက်ပြီးတာနဲ့ အရံအတားက အနည်းငယ် အားနည်းသွားတဲ့ပုံပါပဲ။ ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရတဲ့ အလား ခန်ကျန်းက စိတ်လှုပ်ရှားတကြီးနဲ့ အမိန့်ပေး လိုက်တယ် “မရပ်နဲ့၊ ဒီအရံအတား ပျက်စီးတဲ့အထိ ဆက်ပြီး တိုက်ခိုက်နေကြ”

အချိန်ပိုဆွဲနေလေ၊ သူတို့ ဒုက္ခရောက်နိုင်ချေ ပိုများလေပါပဲ။ သူတို့ရဲ့ ပညာရှင်အများစုက ရင်းဂျုကို ထိန်းချုပ်ဖို့ကြိုးစားရင်း အလုပ်ရှုပ်နေခဲ့ကြပါတယ်။ ထို့ကြောင့် မိသားစုကြီးရှစ်ခုမှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေသာ အနိုင်ယူခံလိုက်ရရင် ရန်ကိုင်ကို ဘယ်လို ဖမ်းရမလဲ ဆိုတာကို ခန်ကျန်း လုံးဝ မတွေးတတ်တော့ပါဘူး။

ဒီတာဝန်ရဲ့ ခေါင်းဆောင် ဖြစ်တာနဲ့အညီ သူက အခြားသူတွေထက် ပိုပြီး စိုးရိမ်နေခဲ့ပါတယ်။

အရံအတားကို ချိုးဖျက်နိုင်ဖို့အတွက် အားလုံးက ရှိရှိသမျှ စွမ်းအင်အကုန်အစင်ကို ထုတ်သုံးကာ တိုက်ခိုက် နေခဲ့ကြတယ်။

ရုတ်တရက် အဝေးတစ်နေရာဆီမှ အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့တယ်။ အသံထွက်လာရာဆီ လှည့်ကြည့် လိုက်တဲ့အခိုက် ခန်ကျန်းမျက်နှာ ပြာနှမ်းသွားခဲ့ပြီး ဒေါသတကြီး လှမ်းအော်လိုက်တယ် “ရှန်ချူ၊ နန်ရှန်း။ မင်းတို့ ကောင်တွေ ဘာလုပ်နေကြတာလဲကွ”

သူလှမ်းကြည့်နေတဲ့ နေရာဆီသို့၊ ရှန်ချူနဲ့ နန်ရှန်းက သူတို့ရဲ့ အင်အားစုတွေကို ဦးဆောင်ခေါ်ပြီး ကောင်းကင်စံအိမ် အဖွဲ့သားတွေ ရှိနေတဲ့နေရာဆီ ဘယ်သူမှ မသိအောင် ခိုးထွက်သွားခဲ့ကြပါတယ်။

တိုက်ပွဲစကတည်းက ထိုလူတွေက ထိုနေရာမှာ ဒီအတိုင်းလေးပဲ ရပ်ကြည့်နေခဲ့တာပါ။ ရန်ကိုင်နဲ့ ခန်ကျန်း သဘောတူထားခဲ့သလို တိုက်ပွဲကို နည်းနည်းလေးတောင် ဝင်မရှုပ်ခဲ့ပါဘူး။

ဒါပေမယ့် နှင်းရေခဲ အရံအတား ထွက်ပေါ်လာတာနဲ့ ရှန်ချူနဲ့နန်ရှန်းတို့က ကောင်းကင်စံအိမ် အဖွဲ့သားတွေ ရှိရာဆီ ဘယ်သူမှမသိအောင် ခိုးထွက်သွားခဲ့ပါတယ်။

အော်သံတွေ ကြားတော့မှပဲ နန်ရှန်းနဲ့ ရှန်ချူတို့ ဘာလုပ်နေလဲ ဆိုတာကို ခန်ကျန်း နားလည် သွားခဲ့တယ်။

နန်ရှန်းက ခန်ကျန်း အော်ပြောနေတာကို လုံးဝ လျစ်လျူ ရှုထားလိုက်ပြီး လှောင်ပြုံးပြုံးလိုက်ကာ “နာနာခံခံနဲ့ အရှုံးပေးလိုက်နော်။ ခင်ဗျားတို့ ခုခံမယ်ဆို ကျုပ်လည်း ခင်ဗျားတို့နဲ့ ကစားပေးဖို့ ပြဿနာ မရှိဘူး”

ကောင်းကင်စံအိမ်က လူကြီးမျိုးဆက်ဝင်တွေက သုန်မှုန်နေတဲ့ အမူအရာတွေနဲ့ လူငယ်မျိုးဆက် တပည့်တွေရှေ့ ရပ်နေခဲ့ကြတယ်။ သူတို့တွေက ဒေါသထွက်နေပေမယ့် ပြန်ပြီး မတိုက်ခိုက်ရဲတဲ့အတွက် ခပ်မြန်မြန်သာ ပြန်ပြောလိုက်တယ် “သခင်လေးတို့ နှစ်ယောက်၊ အခုလေးတင်ပဲ ကျုပ်ရဲ့ ဂိုဏ်းတူ တူလေးက မင်းတို့ ခေါင်းဆောင်နဲ့ သဘောတူညီချက် လုပ်ထားခဲ့တာလေ။ မင်းတို့က ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းတော့မလို့လား”

နန်ရှန်းက ကြိတ်ရယ်လိုက်ပြီး “သဘောတူထား ခဲ့တာလား။ ကျုပ်ကို အဲ့အကြောင်းတွေ လာပြောမနေနဲ့။ ဘယ်သူက ရန်ကိုင်နဲ့ သဘောတူညီချက် လုပ်ခဲ့တယ် ဆိုတာကို ဘာလို့ လက်ညိုးထိုးညွှန်မပြတာလဲ။ ခင်ဗျားတို့ ကောင်းကင်စံအိမ်က အမှိုက်တွေကို ထိလို့မရဘူးလို့ ထင်နေကြတာလား။ ဒီသခင်လေး ခင်ဗျားတို့အားလုံးကို နင်းခြေပြီးတာနဲ့ ရန်ကိုင် ဘာပြောနိုင်ဦးမှာလဲ”

“မင်းလွန်သွားပြီနော်”

“လွန်သွားတာလား” နန်ရှန်း ရယ်မောလိုက်ပြီး “လွန်သွားပြီ ဆိုတဲ့ အဓိပ္ပါယ်ကို ခင်ဗျားတို့ရဲ့ ရန်ကိုင် သိမလား သွားမေးကြည့်ပါလား”

ပြောပြီးတာနဲ့ သူ့အမူအရာ အေးစက်သွားခဲ့ပြီး သူ့နောက်မှာ ရှိနေတဲ့လူတွေကို အော်ပြောလိုက်တယ် “သူတို့အားလုံးကို ဖမ်းထားလိုက်၊ ခုခံတဲ့လူမှန်သမျှကို သတ်ပစ်လိုက်။ ရန်ကိုင်က ခင်ဗျားတို့ကို တော်တာ်လေး ဂရုစိုက်တဲ့ပုံပဲ။ ခင်ဗျာတို့ သူ့အတွက် ဘယ်လောက်တောင် အဖိုးတန်လဲ ဆိုတာကို ကြည့်ရ သေးတာပေါ့”

ချက်ချင်းဆိုသလို နန်နဲ့ရှန်မိသားစုဝင်တွေ အကုန်လုံး ရက်စက်ကြမ်းကြုတ်တော့မယ့် အမူအရာတွေနဲ့ ကောင်းကင် စံအိမ် အဖွဲ့သားတွေကို ဝိုင်းလိုက်ကြတယ်။

ကောင်းကင်စံအိမ် အဖွဲ့ဝင်တွေ၊ အထူးသဖြင့် လူငယ် မျိုးဆက်ကလူတွေ ဒေါသထွက်သွားခဲ့ကြတယ်။ အခြေအနေ မကောင်းတော့တာကို သတိပြုမိ လိုက်တာနဲ့ ခန်ကျန်း နန်ရှန်းတို့ဆီ အလျင်စလို ပြေးသွားလိုက်ပြီး နန်ရှန်းရဲ့ အင်္ကျီကော်လာကို ဖမ်းဆွဲလိုက်ကာ သွားကြားထဲကထွက်တဲ့ လေသံနဲ့ ဒေါသတကြီး မေးလိုက်တယ် “မင်းဘာလုပ်နေမှန်း သိရောသိရဲ့လား”

နန်ရှန်းက ခန်ကျန်းရဲ့ ဒေါသကို စိတ်ထဲမထားပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ သွားပေါ်အောင် ပြန်ပြုံးပြလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်တယ် “သခင်လေးခန်၊ မင်းတို့ ခန်မိသားစုနဲ့ ချူမိသားစုက ပညာရှင်တွေ သက်သက်နဲ့တင် အဲနှင်းရေခဲ အရံအတား ထဲမှာ ရှိနေတဲ့ ရန်ကိုင်ကို ဖမ်းမိနိုင်မယ်လို့ ထင်နေတာလား”

ခန်ကျန်း မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး သူ့မျက်ဝန်းထဲ မကျေနပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ကာ အေးစက်စက်နဲ့ နှာခေါင်း ရှုံ့လိုက်တယ် “အဲ့ဒါက မင်းအခုလုပ်နေတာနဲ့ ဘာဆိုင်လို့လဲ”

“ဆိုင်တာပေါ့ သခင်လေးခန်ရဲ့” နန်ရှန်းက အေးအေး သက်သာနဲ့ ပြန်ပြောလိုက်တယ် “အဲ့ပညာရှင် လေးယောက်သာ ရန်ကိုင်ကို မဖမ်းနိုင်ရင်၊ ဒီတစ်ကြိမ် တာဝန်က ရှုံးနိမ့်သွားပြီပဲ။ ဒီလောက် လူအများလွှတ်ပြီး လူသုံးယောက်ကိုတောင် အနိုင်မယူနိုင်တဲ့ သတင်းသာ ပျံ့သွားခဲ့ရင်… ဟဲဟဲ၊ သခင်လေးခန်၊ အကျိုးဆက်တွေက ဘယ်လိုတွေ ဖြစ်မလဲဆိုတာကို ကျုပ်ရှင်းပြစရာ မလိုတော့ဘူးမလား”

“မင်းဘာပြောချင်နေတာလဲ” ခန်ကျန်း တဖြည်းဖြည်းနဲ့ တည်ငြိမ်သွားခဲ့တယ်။ အစောပိုင်းတုန်းက နန်ရှန်းနဲ့ ရှန်ချူက ကောင်းကင်စံအိမ် အဖွဲ့သားတွေအပေါ် လှုပ်ရှားနေတာမြင်တော့ သူတို့ရဲ့ ဒေါသကို ဖောက်ထုတ်ဖို့အတွက် ကောင်းကင်စံအိမ် အဖွဲ့သားတွေကို သတ်ဖို့ကြံရွယ်နေတာလို့ သူထင်သွား ခဲ့တာပါ။

ထိုကဲ့သို့ တွေးမိတော့ သူဒေါသထွက်သွားခဲ့တာ ဘာမှ မဆန်းပါဘူး။ ပထမအနေနဲ့ ရှန်ချူနဲ့ နန်ရှန်းက သူ့မျက်နှာကို နည်းနည်းလေးတောင် မထောက်ထားပဲ ပြုမူလှုပ်ရှားလိုက်တယ်လို့ ပြောလို့ရပါတယ်။ ဒုတိယ အနေနဲ့ ဖြစ်နိုင်ရင်၊ ရန်ကိုင်ကို သူရန်မစချင်ပါဘူး။

ဒါပေမယ့် အခုလောလောဆယ် ဒဏ်ရာရတဲ့လူ၊ သေတဲ့လူ တစ်ယောက်မှ မရှိတဲ့အတွက် နန်ရှန်း ရှင်းပြတာကို နားထောင်လိုက်လို့ မမှားပါဘူး။

ပြီးတော့ သူတို့ရဲ့ လက်ရှိ အခြေအနေကလည်း ကောင်းတာ မဟုတ်ပါဘူး။ သူသာ ရန်ကိုင်ကို လွတ်မြောက်ခွင့် ပေးလိုက်ရင်၊ ရန်ကျောင်းကို ဘယ်လို သွားရှင်းပြရမှာလဲ။ သူ့အဆင့်အတန်းက ရီရှင်းရို့အောက် နိမ့်ကျနေရတဲ့ကြားထဲ၊ ဒီတစ်ကြိမ် တာဝန်ကိုသာ မအောင်မြင်လိုက်ဘူး ဆိုရင်တော့ ဟိုးမြောင်းထဲ ရောက်သွားဖို့ပဲ ရှိပါတော့တယ်။

Martial Peak

အပိုင်း(၅၁၂)

“အခြား ဘာအဓိပ္ပါယ်ရှိသေးလို့လဲ” ခန်းကျန်း မေးခွန်းထုတ်နေတာကိုတောင် အေးစက်စက်ပြုံးရင်းနဲ့သာ ပြန်ပြောလိုက်တယ် “ကျုပ်တို့လက်ထဲမှာသာ ဝှက်ဖဲတွေ ရှိနေသရွေ့ ကျုပ်တို့ စီနီယာတွေ ရှုံးနိမ့်သွားခဲ့ရင်တောင် ရန်ကိုင်ကို ထိန်းချုပ်ထားလို့ ရသေးတယ်လေ။ ရန်ကိုင်က သူတို့ကြောင့် လက်လျှော့အရှုံးပေးမှာ မဟုတ်ပေမယ့် ကျုပ်တို့လည်း လုံလုံခြုံခြုံနဲ့ ပြန်ထွက်သွားလို့ ရမှာကတော့ အသေအချာပဲ။ အဲ့ဆန်းကြယ်အဆင့် လက်နက်ရဲ့ စွမ်းအားကို သခင်လေးခန်လည်း မြင်တာပဲ။ ရန်ကိုင်သာ ကျုပ်တို့အားလုံး ဒီမှာပဲ နေရစ်စေချင်တယ် ဆိုရင် ကျုပ်တို့ ခုခံနိုင်မှာလား”

နန်ရှန်းပြောတာကို နားထောင်ရင်း ခန်ကျန်းရဲ့ အမူအရာ တဖြည်းဖြည်းနဲ့ တည်ကြည်လေးနက် သွားခဲ့တယ်။ သူကိုယ်တိုင်လည်း နန်ရှန်းပြောတာကို ပြန်ပြီး မငြင်းဆိုနိုင်မှန်း တွေ့လိုက်ရတယ်။

ရန်ကိုင် ထိုကောင်းကင်စံအိမ် အဖွဲ့သားတွေကို အရမ်း ဂရုစိုက်မှန်း ဒီမှာရှိနေတဲ့ လူတွေ အကုန်လုံး သိထား ကြပါတယ်။ မဟုတ်ရင် သူ့ဘက်ကစပြီး သဘောတူညီချက် တစ်ခုကို လုပ်ခဲ့မှာ မဟုတ်ပါဘူး။ သူပြသခဲ့တဲ့ ခွန်အားနဲ့ သူ့စိတ်နေစိတ်ထားအရ တစ်ယောက်ယောက်သာ သူ့လမ်းကို သွားပိတ်ခဲ့ရင် သူက လေကြောမရှည်ပဲ ချက်ချင်း တိုက်ခိုက်မယ့် လူစားမျိုးပါ။

ထိုလူတွေကိုသာ သူတို့ရဲ့ ဝှက်ဖဲအဖြစ် ထားလိုက်ရင် ရန်ကိုင် လက်လျှော့လိုက်မှာလား။ မဖြစ်နိုင်ပါဘူး၊ ဒါပေမယ့် လုံလုံခြုံခြုံနဲ့ ပြန်ထွက်သွားဖို့ကတော့ ပြဿနာ တစ်ခု မဟုတ်တော့ပါဘူး။

“သခင်လေးခန်၊ ရန်ကိုင်နဲ့ စကားပြောပြီး လုပ်ထားတဲ့ သဘောတူညီချက် တစ်ခုကို စိုးရိမ်မနေသင့်ဘူး” ခန်ကျန်း တုန့်ဆိုင်းနေတာကို မြင်တော့ နန်ရှန်းက လှောင်ပြောင် ပြောဆိုလိုက်တယ်။

ခန်ကျန်း အမူအရာ အရုပ်ဆိုးသွားခဲ့တယ်။ ဒါပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။ စကားနဲ့ပဲ သဘောတူထားတာ ဆိုပေမယ့် ဗဟိုမြို့တော် မိသားစုကြီး ရှစ်ခုမှ သခင်းလေး တစ်ယောက်အနေနဲ့ ပြောပြီးသား စကားကို ဘယ်လိုလုပ်ပြီး ပြန်ရုတ်သိမ်းလို့ ကောင်းပါ့မလဲ။ မဟုတ်ရင် သူမျက်နှာ ပျက်ရမှာပေါ့။ ကောင်းကင်စံအိမ် အဖွဲ့သားတွေကို မတိုက်ခိုက်ဘူးလို့ သဘောတူထားပြီးမှ အခြေအနေမဟန်လို့ ထိုလူတွေအပေါ် လှုပ်ရှားလိုက်ရင် သူ့ဂုဏ်သတင်း ပျက်စီးသွားနိုင်ပါတယ်။

“သခင်လေးခန်၊ အခုအနေက အရမ်းကို အရေးကြီး နေတယ်လေ။ ရန်ကိုင်က ဆန်းကြယ်အဆင့် လက်နက်ကို သုံးပြီး ကျုပ်တို့အားလုံးကို အနိုင်ယူတာကို သခင်လေးခန် မြင်ချင်နေတာလား” နန်ရှန်းက သံကို ပူနေတုန်း ပြင်းပြင်းလေး ထုရိုက်ပေးလိုက်တယ်။

ရှန်ချူလည်း ဝင်ပြီး ထောက်ကူပေးလိုက်တယ် “သခင်လေးခန်၊ ကျေးဇူးပြုပြီး ပိုကောင်းမယ့် ရွေးချယ်မှုကို လုပ်ပေးပါ။ ရန်ကိုင်ကို ကျုပ်အရမ်း မုန်းတီးတယ်ဆိုတာကို မငြင်းလိုဘူး။ ဒါပေမယ့် ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို ထည့်မတွက်ရင်တောင် အခုလက်ရှိ အခြေအနေက ဒါက ကျုပ်တို့ ဦးစားပေး ရွေးချယ်သင့်တဲ့ အရာပဲ”

အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သက်ပြင်း အရှည်ကြီးတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ခန်းကျန်းက သန္နိဠာန်ချလိုက်တဲ့ အမူအရာနဲ့ ခေါင်းညိတ်လိုက်တယ် “အဲ့လိုဆိုမှတော့ လုပ်သာလုပ်လိုက်တော့”

သူ ရန်ကိုင်ကို တကယ်ပဲ ကြောက်ပါတယ်။ ပြီးတော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်တွေ ရန်ကိုင်ကို အနိုင်ယူနိုင်မယ်လို့ မျှော်လင့်ချက် မရှိလှပါဘူး။

ထိုစကားကို ကြားလိုက်တာနဲ့ နန်ရှန်းနဲ့ ရှန်တို့ရဲ့ မျက်နှာ သကြားလုံးရလိုက်တဲ့ ကလေးလေး တစ်ယောက်လို ပြုံးဖြီးသွားခဲ့ကြတယ်။

အမွေခံတိုက်ပွဲမှာ စဝင်ပြိုင်ကတည်းက၊ နောက်ဆုံး ဒီနေ့အချိန်အခါမှာတော့ ရန်ကိုင်ကို လက်စား ပြန်ချေနိုင်မယ့် အခွင့်အရေး တစ်ခုကို သူတို့ ရရှိသွားခဲ့ပါပြီ။

“သူတို့ကို အရမ်းအရှက်ရအောင် မလုပ်နဲ့။ လူနှစ်ယောက်ကိုသာ ဆွဲခေါ်လာခဲ့” ခန်ကျန်း မျက်မှောင် ကြုံ့ပြီး အမိန့်ပေးလိုက်တယ်။

“ကောင်းပြီ” နန်ရှန်း ခေါင်းညိတ်လိုက်ပြီး နှာခေါင်း ရှုံ့လိုက်ကာ ကောင်းကင်စံအိမ် အဖွဲ့သားတွေအား ပုရွက်ဆိတ်တွေကို ကြည့်သလို ဝေ့ကြည့်လိုက်တယ်။ နောက် လူကြီး မျိုးဆက်ထဲက တစ်ယောက်ကို လက်ညိုးထိုးညွှန်ပြလိုက်ပြီး တစ်ယောက်ယောက်ကို သွားခေါ်လာခိုင်းလိုက်တယ်။

ထိုသက်လတ်ပိုင်းလူကြီးက ပြန်ပြီး မခုခံခဲ့ပါဘူး။ လူငယ်မျိးဆက်တွေကိုတောင် အလျင်စလို မလှုပ်ရှားဖို့ သတိပေးနေလိုက်ပါသေးတယ်။

အခုလောလောဆယ် သူတို့ရှေ့မှာ ရှိနေတဲ့ ရန်သူက အရမ်းကို အားကောင်းလွန်းနေပါတယ်။ သူတို့သာ ပြန်ပြီး တုန့်ပြန်လိုက်ရင် မီးပုံထဲ တိုးဝင်းနေတဲ့ ပိုးဖလံကောင်တွေနဲ့ ဘာမှ ခြားသွားမှာ မဟုတ်ပါဘူး။ ထို့ကြောင့် တည်တည် ငြိမ်ငြိမ်နဲ့ ပြောတဲ့အတိုင်းလိုက်လုပ်တာ အကောင်းဆုံးပါပဲ။

ကောင်းကင်စံအိမ်က ဘယ်သူကမှ ပြန်ပြီး ခုခံဖို့ မကြိုးစားတာကိုမြင်တော့ နန်ရှန်းနဲ့ ရှန်ချူတို့ နှစ်ယောက် စလုံး စိတ်ပျက်သွားခဲ့ကြကာ ချက်ချင်း ဆဲဆိုလှောင်ပြောင် ပါတော့တယ် “ငကြောက်တွေ”

ကောင်းကင်စံအိမ် အဖွဲ့သားတွေကို ဒေါသမထွက် ထွက်အောင် လုပ်နေတဲ့ နန်ရှန်းရဲ့ လုပ်ပုံကိုင်ပုံကို ကြည့်ရင်း ခန်ကျန်း မျက်မှောင် ကြုံ့လိုက်တယ်။ ဒါပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။

နန်ရှန်းက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး သင့်တော်လောက်မယ့် ပစ်မှတ်တစ်ခုကို လိုက်ရှာလိုက်တယ်။ သူ့ကို ဒေါသတကြီး စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကို တွေ့လိုက်တာနဲ့ လှောင်ပြောင်လိုက်ပြီး “သူ့ကို‌ ခေါ်လာခဲ့”

ပြောပြီးတာနဲ့ နန်မိသားစု ပညာရှင်တစ်ယောက်က လူအုပ်ထဲ ပြေးဝင်သွားခဲ့ပြီး နန်ရှန်းပြောတဲ့လူကို ဆွဲခေါ်လာခဲ့တယ်။

ထိုလူက အသက်အရမ်း မကြီးသေးပါဘူး။ ရန်ကိုင် ထက်တောင် ငယ်ပါသေးတယ်။ ဒါပေမယ့် သူ့ခွန်အားက မဆိုးလှပါဘူး။ အစစ်အမှန်ဒြပ်စင်အဆင့်၅ကိုတောင် ရောက်နေခဲ့ပါပြီ။ သူ့အရည်အချင်းက တော်တော်လေး ကောင်းလှတာ အသေအချာပါပဲ။

ထိုအချက်တွေကြောင့်ပဲ နန်ရှန်း သူ့ကို ရွေးခဲ့တာပါ။

ကောင်းကင်စံအိမ် တပည့်နှစ်ယောက်ကို နန်ရှန်းဆီ ခပ်မြန်မြန်ပဲ ခေါ်လာခဲ့တယ်၊ တစ်ယောက်က လူငယ် မျိုးဆက်ထဲက ဖြစ်ပြီး တစ်ယောက်က လူကြီးမျိုးဆက် ထဲက ဖြစ်ပါတယ်။ လူကြီးမျိုးဆက်က ဒေါသထွက်တဲ့ ပုံမပြသလို နှိမ့်လည်းမနှိမ့်ချပဲ တည်တည်ငြိမ်ငြိမ်နဲ့သာ ရှိနေခဲ့ပေမယ့် လူငယ်လေးကတော့ သွားပေါ်အောင် ပြုံးကာ နန်ရှန်းကို လှောင်ပြုံးပြုံးပြနေခဲ့ပါတယ်။

“မင်းမျက်လုံးက ကောင်းလှချည်လား” ပြောပြီးတာနဲ့ လူငယ်လေး မျက်နှာကို ဖြတ်ရိုက်ချလိုက်တယ်။

ဖြန်း….

လူငယ်လေး မျက်နှာထက် လက်ဝါးရာကြီး ထင်သွား ခဲ့တယ်။ သွားတစ်ချောင်း ကျွတ်ထွက်သွားခဲ့ပြီး ပါးစပ် ထောင့်စွန်းမှ သွေးတွေ စီးကျသွားခဲ့ရတယ်။

သို့ပေမယ့် လူငယ်လေးက စကားတစ်ခွန်းတောင် ပြန်မပြောခဲ့၊ နန်ရှန်းကိုသာ အေးစက်စက် မျက်ဝန်းအစုံနဲ့ ပြန်ပြီး စိုက်ကြည့်နေခဲ့ပါတယ်။

နန်ရှန်း နဖူးထက် သွေးကြောကြီးတွေ ထောင်တက် လာခဲ့တယ်။ ထိုလူငယ်လေးက ဒီလောက်အထိ ခေါင်းမာ လိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။ လူငယ်လေး မျက်နှာ ထက်က ပြောင်ပြောင်းတင်းတင်း ရန်စနေတဲ့ အမူအရာကို ကြည့်ရင်း နန်ရှန်း ဒေါသထွက်သွားခဲ့ပြီး လူငယ်လေး မျက်နှာကို နောက်တစ်ကြိမ် ထပ်ရိုက်ချကာ အော်ပြော လိုက်တယ် “ခွေးသူတောင်းစားကောင်”

နှစ်ကြိမ်တိုင်တိုင် အားပြင်းပြင်းနဲ့ အရိုက်ခံလိုက်ရတာ ကြောင့် လူငယ်လေးရဲ့ ပါးနှစ်ဖက်စလုံး ဖူးရောင်နေခဲ့ပြီး သူ့ပါးစပ်တစ်ခုလုံးကလည်း သွေးတွေနဲ့ ရဲနေခဲ့ပါတယ်။ ဒါပေမယ့် သူ့မျက်နှာ အမူအရာကတော့ နည်းနည်းလေးတောင် ပြောင်းလဲမသွားခဲ့ပါဘူး။ ကြောက်ရွံ့သည့် အရိပ်အယောင် နည်းနည်းလေးတောင် မပြပဲ နန်ရှန်းကိုသာ‌ အေးစက်စက်နဲ့ စိုက်ကြည့်နေခဲ့ပါတယ်။

ထိုကောင်းကင်စံအိမ် တပည့်ကိုကြည့်ရင် ခန်ကျန်း စိတ်လှုပ်ရှားသွားခဲ့တယ်။

“မင်းနာမည်ဘယ်လိုခေါ်လဲ” ခန်ကျန်း မေးလိုက်တယ်။

လူငယ်လေးက ခန်းကျန်ကို စိုက်ကြည့်လိုက်ရင်း ဂုဏ်ယူဝံ့ကြွားသည့် အမူအရာနဲ့ ပြန်ပြောလိုက်တယ် “စုမူ”

“စုမူလား…” ခန်ကျန်း အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ခေါင်းညိတ်ရင်း တိုးတိုးလေး ပြောလိုက်တယ် “ကောင်းကင်စံအိမ်က တကယ်ကို ပုံမှန် မဟုတ်ဘူးပဲ”

လူငယ်လေး တစ်ယောက်ရဲ့ စိတ်နေစိတ်ထားကတောင် အခုလိုမျိုး ဖြစ်နေခဲ့ရင် ကျန်တဲ့ လူတွေဆိုရင်ကော။ သူတို့တွေ အကုန်လုံးကို ‘မင်းတို့အားလုံး အညံ့ခံရင်ခံ၊ မခံရင် သတ်ပစ်မယ်လို့’ သွားပြောရင်တောင် သူတို့တွေက အသက်ချမ်းသာပေးဖို့ ဦးညွှတ်တောင်းပန်ပါ့မလား။

ထိုအကြောင်းကို စဉ်းစားနေလိုက်ရင်း နောက်ဆုံး သူရလိုက်တဲ့အဖြေကတော့ တောင်းကိုမတောင်းပန်တာပါ။

စုမူက ပြန်ပြီးတော့ လှောင်ပြောင်လိုက်ပါတယ် “မင်းတို့တွေက ငါ့ရှေ့မှာသာ ဟိတ်ကြီးဟန်ကြီး လာလုပ်ပြရဲနေတာပါကွာ။ ငါ့ရဲ့ စီနီယာအစ်ကိုရန် ထွက်လာရင် မင်းတို့တွေ ချီးတောင်ပေါက်ရဲကြတာ မဟုတ်ဘူး”

ခန်ကျန်း အမူအရာ ချက်ချင်း မှုန်ကျသွားခဲ့တယ်။ စုမူပြောခဲ့သလိုပဲ ရန်ကိုင်ရှေ့မှာသာ ဆိုရင် သူအခုလိုမျိုး ရက်ရက်စက်စက် မပြုမူရဲပါဘူး။ ရန်ကိုင် မရှိလို့သာ လုပ်ရဲတာပါ။

နန်ရှန်းက ပိုပြီးတော့တောင် ဒေါသထွက်သွား ပါသေးတယ်။ စုမူခြေထောက်တွေကို ရက်ရက်စက်စက် ကန်ကျောက်လိုက်ပြီး ပါးကို တစ်ချက်ပြီးတစ်ချက် ဆင့်ရိုက်လိုက်တယ်။

ခန်းကျန်မှာ တားတောင်မတားရသေးခင်မှာပဲ နန်ရှန်းက ပါးအချက်ရေ ဒါဇင်ကျော်လောက် ရိုက်ပြီးသွားပါပြီ။

ဖြန်း… ဖြန်း… ဖြန်း… ဖြန်း… ပါးရိုက်သံတို့ မြည်ဟည်း သွားခဲ့တယ်။

ကောင်းကင်စံအိမ်က ဘယ်သူမှ မလှုပ်ရှားခဲ့ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ အသက်ရှူသံတွေက တဖြည်းဖြည်းနဲ့ ကြမ်းတမ်းလာနေခဲ့ကာ သူတို့ရဲ့ မျက်ဝန်းတွေကလည်း သားရဲတွေရဲ့ မျက်လုံးတွေကို နီရဲလာနေခဲ့ပါတယ်။

သူတို့ မလှုပ်ရှားပဲ တိတ်တိတ်လေး ငြိမ်နေတာက မုန်တိုင်းမလာခင် လေပြေသွေးနေတာပါ။ ခန်ကျန်း မျက်မှောင်ကြုံ့သွားခဲ့ပြီး ခပ်မြန်မြန်ပဲ အော်ပြောလိုက်တယ် “တော်လောက်ပြီ”

ခန်ကျန်း အော်သံကို ကြားတာနဲ့ နန်ရှန်းလည်း ရပ်တန့်လိုက်တယ်။ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ် လိုက်ပြီး စုမူရဲ့ မျက်နှာကို ဖမ်းဆွဲလိုက်ကာ လည်ပင်းကို ဓါးနဲ့ထာက်လိုက်ပြီး “မင်းကိုငါမသတ်ရဲဘူးလို့ ထင်နေတာလား”

“မင်းမှာ အဲ့လိုလုပ်ရဲတဲ့ သတ္တိကော ရှိလို့လား” စုမူရဲ့ မျက်နှာတစ်ခုလုံး ဖူရောင်ကိုင်းနေခဲ့ပြီး သွေးတွေနဲ့ ရဲရဲနီနေခဲ့ပါတယ်။ ဒါပေမယ့် သေရမှာကို မကြောက်သည့် အလား သူ့မျက်နှာထက်က လှောင်ပြုံးကတော့ တစ်ခဏ လေးတောင် ပျောက်ကွယ်သွားခြင်း မရှိခဲ့ပါဘူး။

နန်ရှန်းမျက်နှာ ရှုံ့မဲ့သွားခဲ့ကာ သူ့မျက်နှာထက် တုန့်ဆိုင်း၊ လွန်ဆွဲနေသည့် အရိပ်အယောင်တို့ ဖြတ်ပြေး သွားခဲ့တယ်။ သူ့ဓါးက စုမူလည်ပင်းထဲ တိုးဝင်သွား ခဲ့ပေမယ့် အဆုံးထိ တိုးဝင်သွားခြင်းတော့ မရှိခဲ့ပါဘူး။

သူသာ စုမူကို သတ်ချင်ရင် အလွယ်လေး သတ်လိုက်လို့ ရပါတယ်။

ဒါပေမယ့် ရန်ကိုင် လက်စားပြန်ချေမှာကို စဉ်းစား မိလိုက်တာနဲ့ သူ့စိတ်ထဲ ကြောက်ရွံ့တုန်လှုပ် သွားခဲ့မိတယ်။

စုမူကတော့ နန်းရှန်းနဲ့ ဆန့်ကျင်ဘက် ဆိုသလို လုံးဝကို တည်ငြိမ်နေခဲ့ပါတယ်။ သူ့မျက်နှာထက် ကြောက်ရွံ့သည့် အရိပ်အယောင် နည်းနည်းလေးတောင် မရှိမနေခဲ့ပါဘူး။ နန်ရှန်း ရန်ကိုင်ကို ကြောက်နေတယ် ဆိုတာကို သူပြောနိုင်ပါတယ်။

“သူ့ကို သွားခွင့်ပေးလိုက်” ခန်ကျန်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းခါ ရမ်းလိုက်တယ်။ နန်ရှန်းက အပြင်မှာသာ ဆောင့်ကြွား ဆောင့်ကြွား လုပ်နေပေမယ့် သတ္တိကတော့ ပဲမြစ်လောက်ပဲ ရှိတာပါ။

နန်ရှန်းမျက်နှာ မဲ့ရွဲ့သွားခဲ့ပြီး အံတင်းတင်း ကြိတ်လိုက်တယ်။ သူ့ရှေ့မှာရှိနေခဲ့တဲ့ ကောင်စုတ်ကို အပိုင်းတစ်ထောင်လောက်အထိ အပိုင်းပိုင်းဖြစ်အောင် နန်ရှန်း ခုတ်ပိုင်းချင်နေတာ တစ်ပိုင်းသေနေပါပြီ။ ဒါပေမယ့် ထိုကောင့်ကို သတ်လိုက်လို့ ဖြစ်လာမယ့် အကျိုးဆက် ကိုလည်း သူကြောက်နေပါသေးတယ်။

ခန်ကျန်း ထိုစကားကို ပြောလိုက်တာနဲ့ သူ့အဖြစ်က ကျာပေါ်တက်ခွစီးနေသလို ဖြစ်နေပြီမှန်း နန်ရှန်း နားလည်လိုက်တယ်။ သူသာ ထိုကောင်စုတ်လေးကို လွှတ်ပေးလိုက်ရင် ‘ငါက ငကြောက်ပါ’ ဆိုပြီး ဝန်ခံလိုက်တာနဲ့ အတူတူပဲ ဖြစ်သွားပါမယ်။ ပထမအဆင့် အင်အားစု တစ်ခုရဲ့ သခင်လေးတစ်ယောက် အနေနဲ့ သူ့ဂုဏ်သတင်း အခုလိုမျိုး ပျက်စီးသွားရမှာကို နန်ရှန်း လက်ခံနိုင်ပါ့မလား။

နန်ရှန်း မျက်ဝန်းထဲ ရက်စက်သည့် အလင်းရောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး တုန့်ဆိုင်းခြင်း မရှိတော့ပဲ စုမူကို ဓါးနဲ့ ထိုးချလိုက်တယ်။

စွက်…. သွေးတွေ ပန်းထွက်သွားခဲ့တယ်။

သူ့ဓါးက စုမူရဲ့ ရင်ဘတ်ညာဘက်ခြမ်းကို ထိုးဖောက် သွားခဲ့ပါတယ်။

နန်ရှန်းက ရက်စက်ကြမ်းကြုတ်တဲ့ အမူအရာနဲ့ စုမူကို လွင့်ပစ်လိုက်တယ်။

ကောင်းကင်စံအိမ်က ကျန်တဲ့ အဖွဲ့သားတွေ အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ရှေ့ပြေးတက်သွားကာ စုမူကို သွားထောက်ကူပေးလိုက်ကြတယ်။

“ငါမင်းကို မသတ်ရဲဘူးလို့ တကယ်ပဲ ထင်နေတယ်ပေါ့၊ ဟုတ်လား” နန်ရှန်းက ဒေါသလွှမ်းနေတဲ့ မျက်နှာနဲ့ အော်ပြောလိုက်တယ်။

“ခွေးသူတောင်းစား” ခန်ကျန်းလည်း ထိတ်လန့်တုန်လှုပ် သွားခဲ့တယ်။ ဒေါသတကြီး အော်ဟစ်လိုက်ပြီး နန်ရှန်းကို အားပါပါနဲ့ ဆောင့်ကန်ချလိုက်တယ်။

နန်ရှန်း စုမူကို ပါးရိုက်နေတုန်းက သူမတားခဲ့ပါဘူး။ ဘာလို့လဲ ဆိုတော့ စုမူက အရိုက်ခံရရုံပဲ ရှိတာပါ၊ တကယ် ဒဏ်ရာမရသွားခဲ့ပါဘူး။ ရက်နည်းနည်းလောက် ကုသ လိုက်ရုံနဲ့ အရင်အတိုင်း ပြန်ကောင်းသွားနိုင်ပါတယ်။ ဒါကြောင့် ရန်ကိုင်လည်း အဲ့ကိစ္စကို အရမ်း ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဓါးထိုးခံလိုက်ရတဲ့ ကိစ္စကတော့ ပြဿနာသေးသေးလေး တစ်ခု မဟုတ်တော့ပါဘူး။

ကံကောင်းစွာနဲ့ နန်ရှန်းက ထိုကောင်ကို တကယ် မသတ်ရဲခဲ့ပါဘူး။

သူက စုမူရဲ့ ညာဘက်ရင်အုံကိုသာ ဓါးနဲ့ ထိုးချလိုက်တာပါ။ သူသာ နှလုံးသားတည့်တည့်ကို ဓါးနဲ့ ထိုးချလိုက်မယ် ဆိုရင် စုယူ ချက်ချင်း သေသွားပါလိမ့်မယ်။

ကောင်းကင်စံအိမ် အဖွဲ့သားတွေဆီမှ ဒေါသတကြီး အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့ပြီး ဘာကိုမှ ဂရုမစိုက် တော့ပဲ ရှန်နဲ့ နန်မိသားစုက ပညာရှင်တွေကို စတင်ပြီး တိုက်ခိုက်ကြပါတော့တယ်။

“မင်းတို့ ခွေးသူတောင်းစားကောင်တွေ တစ်ယောက်မှ ပြန်မတိုက်နဲ့နော်” ခန်ကျန်းက မိသားစုနှစ်ခုမှ ပညာရှင် တွေကို လှမ်းအော်ပြောလိုက်တယ်။ နောက် အလျင်စလို ရှေ့ပြေးတက်သွားလိုက်ပြီး သူ့အင်္ကျီလက်ထဲက ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ယူလိုက်တယ်။ ပြီးတာနဲ့ ကုသရေးဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်ပြီး စုမူရဲ့ သွေးတွေနဲ့ ရဲရဲနီနေတဲ့ ပါးစပ်ထဲ ထည့်ပေးလိုက်တယ်။

အဲ့လိုလုပ်ဖို့အတွက် ကောင်းကင်စံအိမ် အဖွဲ့သားတွေဆီမှ တိုက်ခိုက်မှုပေါင်း များစွာကို ခံလိုက်ရပါသေးတယ်။ ကံကောင်းစွာနဲ့ အဆင့်မြင့် အကာအကွယ် လက်နက်ကို ဝတ်ဆင်ထားတဲ့အတွက် တကယ် ဒဏ်ရမရသွားခဲ့ပါဘူး။

သူ့ရည်ရွယ်ချက်ကို သတိပြုမိလိုက်တာနဲ့ ကောင်းကင် စံအိမ်မှ အဖွဲ့သားတွေလည်း ခန်ကျန်း တိုက်ခိုက်နေတာကို ရပ်တန့်လိုက်တယ်။ လူကြီးမျိုးဆက်က အဖွဲ့ဝင်တွေက သူတို့ရဲ့ အစစ်အမှန်ချီကို အလျင်စလို လှည့်ပတ်လိုက်ကြပြီး စုမူကို စတင် ကုသပေးလိုက်ပါတယ်။

ခရက်…

အဝေးတစ်နေရာမှ အက်ကွဲသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

ခန်ကျန်း လှည့်ကြည့်လိုက်တဲ့ အချိန်မှာပဲ ဆန်းကြယ်အဆင့် လက်နက် ဖန်တီးထားတဲ့ အရံအတား ရုတ်တရက် ပျောက်ကွယ်သွားတာကို တွေ့လိုက်ရတယ်။

ကျန်ရှိနေတဲ့ နှင်းပွင့်လေးတွေကတော့ ကောင်းကင်ထက်မှ မြေပြင်ထက်ဆီသို့ ဖြည်းဖြည်းချင်း ကျဆင်းနေခဲ့တယ်။

အရံအတား ရှိခဲ့ဖူးတဲ့ နေရာမှာတော့ ရန်ကိုင်ရဲ့ မိန်းမပျိုလေးတို့ မတ်တပ်ရပ်ခေဲ့တယ်။

သူတို့နဲ့ မီတာအနည်းငယ် အကွာ၌ ရေခဲရုပ်ထုကြီး လေးခုက ထူးဆန်းတဲ့ ပုံစံတွေနဲ့ ရှိနေခဲ့ကြတယ်။

ထိုရေခဲရုပ်ထုတွေက ခန်နဲ့ချူမိသားစုက ပညာရှင် လေးယောက်ပါပဲ။

သူတို့ မျက်နှာထက်က အမူအရာတွေက ဖြစ်ပျက်နေတာကို မယုံနိုင်အောင် ဖြစ်နေတယ် ဆိုတာကို အားလုံးအား ရှင်းရှင်းလင်းလင်း သတိပြုမိသွားစေခဲ့တယ်။

ခန်ကျန်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး သူ့မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့တယ်။

အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင် လေးယောက် ရန်ကိုင်ကို မဖမ်းနိုင်ဘူးလို့ ရေးတေးတေးလေး ခံစားနေခဲ့ရပေမယ့် အခုလိုမျိုး တစ်ဖက်သတ်တိုက်ပွဲကြီး ဖြစ်ခဲ့လိမ့်မယ်လို့တော့ သူတစ်ခါမှ မထင်ထားခဲ့ပါဘူး။

ရန်ကိုင်နဲ့ စုယန်တို့ ပြန်ထွက်ပေါ်လာတာကို မြင်တွေ့ လိုက်တာနဲ့ အရံအတား စုဝေးနေတဲ့ ပညာရှင်တွေ အကုန်လုံး ထိတ်လန့်ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် နောက်သို့ ခုန်ဆုတ် လိုက်ကြတယ်။

သူတို့ထဲ အားကောင်းတဲ့ ပညာရှင် များများစားစား မရှိတော့ပါဘူး။ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်တွေ ရှိနေသေးရင်တောင် ထိုလူတွေက သာမန် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၄၊ အဆင့်၅ ပညာရှင်တွေပါပဲ။

မိသားစုကြီး ရှစ်ခုက လက်ရွေးငစင်တွေတောင် ရေခဲရုပ်ထု အဖြစ် ဘဝပြောင်းသွားရတာကို သူတို့ထဲက ဘယ်သူကများ ထိုနှစ်ယောက်ကို သွားစိန်ခေါ်ရဲဦးမှာလဲ။

ချူဇိရိုမျက်နှာလည်း သွေးဆုတ်ဖြူလျော် သွားခဲ့ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်တယ်။ သူ့နှလုံးသား တစ်ခုလုံးကတော့ ကြောက်ရွံ့တုန်လှုပ်မှုတို့ဖြင့် ပြည့်နေခဲ့ပါပြီ။

ရန်ကိုင်က သူ့ဆီလှမ်းကြည့်လိုက်ပြီး မတိုးမကျယ် လေသံနဲ့ ပြောလိုက်တယ် “သူတို့ သေမှာမဟုတ်ဘူး။ ဒါပေမယ့် အဲ့ရေခဲရုပ်ထုကနေ လွတ်ချင်တယ် ဆိုရင်တော့ အနည်းဆုံး နေ့တစ်ဝက်လောက် အချိန်ယူရလိမ့်မယ်”

ချူဇိရိုက အိပ်ရာမှ ကယောင်းကတမ်း ထလာတဲ့ အမူအရာမျိုးနဲ့ “ကိုးယောက်မြောက် သခင်လေးရဲ့ ညှာတာမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်”

ရန်ကိုင်က ပြန်ပြီးတော့သာ ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ ထပ်မပြောခဲ့ပါဘူး။

ထိုလူတွေက မိသားစုကြီးရှစ်ခုက လူတွေပါ။ သူတို့တွေက သင်ခန်းစာကောင်းကောင်း ပေးနိုင်သလို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင်လည်း လုပ်နိုင် ပါတယ်။ ဒါပေမယ့် သူတို့တွေကို သတ်လိုက်တာ ဒါမှမဟုတ် ဒုက္ခိတ ဖြစ်အောင် လုပ်လိုက်ရင် ဒီလောက် လွယ်လွယ်နဲ့ အဆုံးသတ်သွား လိမ့်မှာ မဟုတ်ပါဘူး။

တစ်ခါတစ်ရံကျ မင်းရဲ့ ခွန်အားကို ပြသဖို့ အကောင်းဆုံးနည်းလမ်းက သက်ညှာမှုပြပြီး သူတို့စိတ်ထဲ ကြောက်စိတ်ရိုက်သွင်းပေးလိုက်တာပါပဲ။ ထို့ကြောင့် ရန်ကိုင်က စုယန်အား ထိုလူတွေရဲ့ အသက်ကို ချမ်းသာပေးဖို့ ပြောခဲ့တာပါ။ အဲ့လိုဆိုရင်တောင် ရေခဲရုပ်ထုထဲကနေ လွတ်မြောက်လာပြီးနောက် အပြည့်အဝ ပြန်သက်သာဖို့ ဆိုရင် အနည်းဆုံး တစ်လ၊ နှစ်လလောက် အချိန်ယူရ ပါလိမ့်မယ်။

Martial Peak

အပိုင်း(၅၁၃) ပြန်ထုတ်လွှတ်နိုင်တာလား

လှည့်ပတ်ကြည့်လိုက်တဲ့အခိုက် ကောင်းကင်စံအိမ် အဖွဲ့သားတွေ နေရာမှာ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။ စစချင်တော့ ဘာဖြစ်နေမှန်း မသိပေမယ့် တစ်ခုခု မှားယွင်းနေပြီ ဆိုတာကိုတော့ သူချက်ချင်း သိလိုက်တယ်။ ချက်ချင်းဆိုသလို သူ့အမူအရာ သုန်မှုန်သွားခဲ့တယ်။

“စီနီယာအစ်ကိုရန်၊ စီနီယာအစ်မစု” လီယွမ်ထျန်းက မျက်ရည်ဝဲနေတဲ့ မျက်ဝန်းအစုံနဲ့ သူတို့ နှစ်ယောက်ဆီ လှမ်းကြည့်လိုက်ပြီး အော်ပြောလိုက်တယ် “အစ်ကိုစု… အစ်ကိုစု ဓါးထိုးခံလိုက်ရပြီ”

စုယန်ရဲ့ မျက်နှာလှလှလေး ရုတ်တရက် ဖြူလျော်သွားခဲ့ပြီး ချက်ချင်းပဲ လူအုပ်ကြီးဆီ ပြေးသွားလိုက်တယ်။ ရန်ကိုင်လည်း သူမနောက်ကနေ အနီးကပ် လိုက်ပါသွားခဲ့တယ်။

သူ့ရှေ့က အခြေအနေကို ကြည့်ရင်း ရန်ကိုင် မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ပြီး သူ့မျက်နှာထက် ဒေါသရိပ်တို့ ရစ်သိုင်းလာခဲ့တယ်။

လူအုပ်ကြီးရဲ့ အလယ်၌ စုမူက အားအင်ကင်းမဲစွာဖြင့် မြေကြီးထက် ဒူးထောက်နေခဲ့တယ်၊ သူ့မျက်နှာကလည်း သွေးမရှိတော့သည့်အလား စွတ်စွတ်ကို ဖြူနေခဲ့ပါတယ်။ ဓါးတစ်ချောင်းက သူ့ညာဘက်ရင်အုံမှ ကျောဘက်အထိ ဖောက်ထွက်နေခဲ့တယ်။ သူ့ပါးစပ်နဲ့ ဒဏ်ရာဆီမှ သွေးတစိမ့်စိမ့် စီးကျနေခဲ့ပြီး အသက်တစ်ခါရှူဖို့အရေး တော်တော်လေး ရုန်းကန်နေခဲ့ရတယ်။ သူ့မျက်နှာတစ်ခုလုံး နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့ပြီး မအော်မိအောင် အံတင်းတင်း ကြိတ်နေခဲ့တယ်။

ကောင်းကင်စံအိမ်မှ ဂိုဏ်းအတူ အကြီးအကဲ တစ်ယောက်က သူ့နောက်ကနေထိုင်ပြီး စုမူကိုယ်ထဲ အစစ်အမှန်ချီတို့ကို ပို့လွှတ်ပေးနေခဲ့တယ်။

စုမူပုံစံကို ကြည့်ရင်း စုယန် မျက်ရည်ဝဲသွားခဲ့တယ်။

သူမနဲ့စုမူက မောင်နှမအရင်းတွေပါ။ သူမရဲ့ မောင်လေး အခုလိုဖြစ်နေတာကို မြင်ရတော့ စုယန် ဝမ်းမနည်းပဲ ဘယ်နေပါ့မလဲ။

ရန်ကိုင်က လူအုပ်ကြီးထဲ ဖြတ်ကျော်ပြီး စုမူဆီ တိုးဝင်သွားလိုက်တယ်။ ရောက်တာနဲ့ သူ့လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်ပြီး အခြေအနေကို တစ်ချက် စစ်ဆေးကြည့်လိုက်တယ်။ ပြီးတာနဲ့ စုမူ ပါးစပ်ကို ဟလိုက်ပြီး ဆေးပေါင်း အဆီအနှစ်အချို့ တိုက်ကျွေးလိုက်တယ်။

ထို့နောက် သူ့ညာဘက်ရင်အုံထဲ စိုက်ဝင်နေတဲ့ ဓါးကို ဆွဲနှုတ်ပစ်လိုက်တယ်။ စွက်ကနဲ မြည်သံနဲ့အတူ သွေးတွေ ပန်းထွက်လာခဲ့တယ်။

ဓါးကို ဆွဲထုတ်ပြီးတာနဲ့ အစစ်အမှန်ချီကိုသုံးကာ ချက်ချင်းပဲ ဒဏ်ရာကို သွေးတိတ်သွားအောင် လုပ်လိုက်တယ်။ ထို့နောက် စုယန်ဆီ လှည့်လိုက်ပြီး ညင်ညင်သာသာနဲ့ နှစ်သိမ့်စကားဆိုလိုက်တယ် “သူအဆင်ပြေသွားမှာပါ”

စုယန်က အသာအယာလေး ခေါင်းပြန်ညိတ် ပြလိုက်တယ်။

ဆေးပေါင်းအဆီအနှစ် တိုက်ကျွေးပြီးသွားပြီ ဖြစ်တဲ့ အတွက် စုမူ အသက်အန္တရာယ် မရှိတော့ပါဘူး။ ဒီကပ်ဆိုးကို ကံကောင်းမှုအဖြစ်တောင် ပြောင်းကောင်း ပြောင်းပစ် လိုက်နိုင်ပါတယ်။ အနည်းဆုံးတော့ သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့ သူ့ခွန်အား ကျိန်းသေ တိုးတက်လာပါလိမ့်မယ်။ ဒါပေမယ့်… ရန်ကိုင်နဲ့ စုယန်တို့ ခပ်မြန်မြန် ထွက်ပေါ်လာနိုင်တာ ကြောင့်သာ မဟုတ်ရင်၊ သူတို့သာ နောက်ထပ် နာရီဝက်လောက် နောက်ကျနေခဲ့ပါက၊ အခြေအနေတွေက အခုနဲ့ တူညီတော့မှာမဟုတ်ပါဘူး။

စုမူမသေရင်တောင် ဒုက္ခိတဖြစ်သွားနိုင်ပါတယ်။

ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး အရမ်းကို တည်ငြိမ်အေးဆေးစွာဖြင့် အနားမှာ ရပ်နေတဲ့ ခန်ကျန်းဆီ လှမ်းကြည့်လိုက်တယ်။

သူ့ပါးစပ်တစ်ခုလုံး ခြောက်သွေ့နေသလို ခန်ကျန်း ခံစားလိုက်ရတယ်။ ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ သူ့ကို စိုက်ကြည့်နေတာကို မြင်လိုက်တာနဲ့ ဒီကိစ္စ ရိုးရိုးရှင်းရှင်းနဲ့ အဆုံးသတ်တော့မှာ မဟုတ်မှန်း သူသိလိုက်တယ်။

“ဘယ်သူလုပ်ခဲ့တာလဲ” ရန်ကိုင်က ခန်ကျန်းကို စိုက်ကြည့်လိုက်ရင်း တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်တယ်။

ခန်ကျန်း တံတွေးတစ်လုတ် မြိုချုလိုက်ပြီး တုန့်ဆိုင်း တုန့်ဆိုင်းနဲ့ ပြန်ပြောလိုက်တယ် “ကိုးယောက်မြောက် သခင်လေး၊ ဒါက မတော်တဆသက်သက်ပါကွာ…”

“ဘယ်သူလုပ်ခဲ့တာလဲ”

ခန်ကျန်း မျက်မှောင် ကြုံ့သွားခဲ့တယ်။ ရန်ကိုင်ရဲ့ ခွန်အားက အရမ်းကို ကြောက်ဖို့ကောင်းမှန်း သူသိထား ပေမယ့် ဒီတစ်ကြိမ် တာဝန်ရဲ့ ခေါင်းဆောင်တစ်ယောက် လည်းဖြစ်၊ ဗဟိုမြို့တော် မိသားစုကြီး ရှစ်ခုမှ သခင်လေး တစ်ယောက်လည်းဖြစ်တဲ့ အတွက်ကြောင့် အရမ်းကြီး ကြောက်ရွံ့နေပြလို့ မကောင်းပါဘူး။

ထို့ကြောင့် ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “ကိုးယောက်မြောက် သခင်လေး၊ ဒါက အမွေခံတိုက်ပွဲ လေကွာ။ တစ်ယောက်၊နှစ်ယောက် သေတာ၊ ဒဏ်ရာရတာ ရှိတာ သဘာဝပဲလေ။ မင်းနဲ့ငါက ရန်သူတွေ၊ ပြီးတော့ မင်းမိတ်ဆွေကလည်း အသက်အန္တရာယ် ရှိနေတာလည်း မဟုတ်ဘူး။ သူသေသွားခဲ့ရင်တောင် ဘာဖြစ်လို့လဲ။ ကိုးယောက်မြောက်သခင်လေးက ဒီတိုက်ပွဲမှာ အသက်ပေါင်း များစွာကို မင်းမသတ်ခဲ့ဖူးလို့လား”

“ဟုတ်တယ်၊ ငါတကယ်ပဲ အသက်ပေါင်းများစွာကို သတ်ခဲ့ဖူးတယ်” ရန်ကိုင်က ခန်ကျန်း ပြောတာကို မငြင်းဆိုခဲ့ပါဘူး “အသတ်ခံလိုက်ရတဲ့ လူတွေရဲ့ အမျိုးတွေ၊ မိတ်ဆွေ ငါ့ကို လက်စားချေချင်တယ်ဆိုရင် ငါဘက်က အချိန်မရွေးပဲ အဆင်သင့်ပဲ။ အဲ့လိုပဲ ငါ့မိတ်ဆွေတွေ ဒဏ်ရာရသွားပြီ ဆိုရင်လည်း ငါက သူ့အတွက် လက်စားပြန်ချေပေးရမယ်။ ဒါကြောင့် ဘယ်သူလုပ်ခဲ့လဲ ဆိုတာကို ငါသိရမှ ဖြစ်မယ်”

ခန်ကျန်း ရုတ်တရက်‌ အေးခဲသွားခဲ့တယ်။ မကျေနပ်ချက်၊ ရန်ကြွေးတွေရှိရင် လက်စားချေတယ် ဆိုတာလည်း ရှိလာမှာပါပဲ။ ဒဏ်ရာရတာတွေ၊ သေဆုံးမှု တွေက အမွေခံတိုက်ပွဲမှာ သဘာဝပါပဲလို့ သူပြောခဲ့ပြီး မှတော့ ရန်ကိုင်ကို သွားတားဖို့ သူ့မှာ အခွင့်အရေး ရှိသေးလို့လဲ။ ပြီးတော့ ကောင်းကင်စံအိမ် အဖွဲ့သားတွေသာ တိုက်ပွဲထဲ ဝင်မပါသရွေ့ သူတို့ကို ထိခိုက်အောင် မလုပ်ရဘူးလို့ ရန်ကိုင်နဲ့ သူသဘောတူ ထားခဲ့သေးတယ်လေ။

အခု ကောင်းကင်စံအိမ်က တစ်ယောက်ယောက်က တိုက်ပွဲထဲဝင်မရှုပ်ပဲ ပြင်းပြင်းထန်ထန် ဒဏ်ရရအောင် တိုက်ခိုက်ခံလိုက်ရပြီ ဖြစ်တဲ့အတွက် အစောပိုင်းတုန်းက သဘောတူညီချက်ကို ချိုးဖောက်သလို ဖြစ်သွားခဲ့ပါပြီ။ ခန်ကျန်းအနေနဲ့ ရန်ကိုင်ကို ဆရာကြီး သွားလုပ်ဖို့ ဘာအခွင့်အရေးမှ မရှိတော့ပါဘူး။

ခန်ကျန်းမှာ စုပ်လည်းဆူး၊ စားလည်းဆူး ဖြစ်နေခဲ့တယ်။ သူ့ဘက်က လူတစ်ယောက်ကိုသာ ရန်ကိုင်ဆီ ရောင်းစားလိုက်ရင် သူ့ကိုယ်သူ ငကြောက်လို့ ဝန်ခံလိုက်တာနဲ့ အတူတူပဲ ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် သူသာ ဆက်ပြီး မသိချင်ယောင် ဆောင်နေရင် ရန်ကိုင် စိတ်ထဖောက်မှာကိုလည်း ကြောက်နေရပါသေးတယ်။

“သူတို့ပဲ” လီယွမ်ထျန်းက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အဝေးတစ်နေရာမှာ ရှိနေတဲ့ လူအုပ်ကြီးဆီ လက်ညိုးထိုးပြလိုက်ကာ “အဲ့နှစ်ဖွဲ့က လူတွေက အစ်ကိုစုကို သတ်ချင်နေတာ”

လီယွမ်ထျန်း ညွှန်ပြတဲ့ဘက်ဆီ လှမ်းကြည့်လိုက်တဲ့ အချိန် လက်သည်တရားခံတွေ ဖြစ်ကြတဲ့ ရှန်ချူနဲ့နန်ရှန်း တို့နှစ်ယောက်ကို ရန်ကိုင်‌ တွေ့လိုက်ရတယ်။

ခန်ကျန်းလည်း ထိုနှစ်ယောက်ဆီ လှမ်းကြည့်လိုက်တဲ့ အခိုက် မျက်မှောင်ကြုံ့သွားခဲ့တယ်။ ရှန်နန်းနဲ့ ရှန်ချူတို့ နှစ်ယောက်စလုံး အခြားအဖွဲ့သားတွေ ရှိရာဆီ ပြန်ရောက်နေမှန်း အခုမှပဲ သူသတိပြုမိလိုက်ပါတယ်။

နှစ်ယောက်စလုံးက သူတို့ ရှုပ်ထားခဲ့တဲ့ အရှုပ်ထုပ်တွေကို သူ့ဆီပဲ ပုံချပစ်ခဲ့ကာ အခြား အဖွဲ့သားတွေဆီ တန်းနေအောင် ထွက်ပြေးသွားခဲ့ပါတယ်။ ထိုအချက်ကို စဉ်းစားမိလိုက်တာနဲ့ ခန်ကျန်း ဒေါသထွက်သွားခဲ့တယ်။

“သူတို့လား၊ ဟင့်… ငါနားလည်ပြီ” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ခန်ကျန်းဆီ အကြည့်ပြောင်းလိုက်ကာ အေးစက်စက်လေသံနဲ့ ပြောလိုက်တယ် “သခင်လေး၊ ဒီတိုက်ပွဲမှာ ငါတို့ ကောင်းကင်စံအိမ်က လူတွေ ဝင်မပါတာ မင်းကောင်းကျိုး အတွက်လို့ ငါပြောခဲ့တယ်နော်။ ကြည့်ရတာ သူတို့သာ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါ့စိတ်ငါမထိန်းနိုင်ပဲ မင်းကို သတ်မိလိမ့်မယ်လို့ ငါပြောခဲ့တာကို မင်းမယုံတဲ့ပုံပဲ”

ခန်ကျန်း ကြက်သေသေသွားခဲ့ပြီး သူ့မျက်ဝန်းအစုံက ကြောက်ရွံ့မှုတို့ဖြင့် ပြည့်သွားခဲ့တယ်။

ရန်ကိုင်ဆီကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါက သွေးဆာမှု၊ ကြမ်းရမ်းမှုတို့ဖြင့် ရုတ်တရက် ပြည့်နှက် သွားခဲ့ကာ ထူးထဲသိပ်သည်းလှသည့် သတ်ဖြတ်လိုစိတ် တို့ကလည်း ထိန်းချုပ်မရအောင် ထွက်ပေါ်နေတာကို ခန်ကျန်း ရုတ်တရက် သတိပြုမိလိုက်တယ်။

ရန်ကိုင်ကို သူ့ကို စူးစူးရဲရဲနဲ့ စိုက်ကြည့်နေတာကို မြင်တော့ ခန်ကျန်း အလိုလို နောက်ဆုတ် မိသွားခဲ့တယ်။ ရန်ကိုင်က သူ့လက်ကို မြှောက်လိုက်ပြီး စုမူရဲ့ ညာဘက်ရင်အုံထဲ စိုက်ဝင်နေခဲ့တဲ့ ဓါးနဲ့ ခန်ကျန်း ရင်ဘတ်တည့်တည့်ကို ထိုးချလိုက်တယ်။

ခန်ကျန်းမျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့တယ်။ ရန်ကိုင်က သူပြောခဲ့တဲ့အတိုင်း သူ့ကိုသတ်လိမ့်မယ်လို့ ခန်ကျန်း အိမ်မက်ထဲမှာတောင် ထည့်မမက်ခဲ့ဖူးပါဘူး။ အစစ်အမှန်ချီကို အလျင်စလို လှည့်ပတ်လိုက်ပြီး အားအကောင်းဆုံး သိုင်းပညာရပ်ကိုသုံးကာ ခုခံဖို့ လုပ်လိုက်ပေမယ့် ရန်ကိုင်ရဲ့ အားကောင်းလှတဲ့ ထိုးချက်အောက်၌ သူ့ရဲ့ ခံစစ်က စက္ကူတစ်ရွက်ပမာ စုတ်ပြဲကျိုးပျက် သွားခဲ့ရတယ်။

ဖူး…

သူ့ညာဘက်ရင်အုံထဲ ဓါးစိုက်ဝင်သွားတာနဲ့ ခန်ကျန်း သွေးတစ်ပွက် အန်ထုတ်လိုက်တယ်။ ဓါးချက်ရဲ့ ပြင်းထန်လှတဲ့ အရှိန်အဟုန်ကြောင့် ခန်ကျန်းမှာ ခြေလှမ်းဒါဇင်ကျော်လောက် ဒယီးဒယိုင်နဲ့ နောက်ဆုတ် ပြီးတော့မှပဲ သူ့ကိုယ်နေဟန်ထားကို ထိန်းလိုက်နိုင်ခဲ့တယ်။

သူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီနေခဲ့တယ်၊ ခန်ကျန်းက မယုံကြည်နိုင်တဲ့ မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား ပြန်ငေးကြည့်လိုက်တယ်။

လူအုပ်ကြီးတစ်ခုလုံး သုဿန်တစ်စပြင်အလား တိတ်ဆိတ်သွားခဲ့တယ်၊ အကုန်လုံးရဲ့ မျက်နှာထက် ဖုံးဖိမရနိုင်သည့် ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။

အမွေခံတိုက်ပွဲ၌၊ ပထမဆုံးအကြိမ်အဖြစ် မိသားစုကြီး ရှစ်ခုမှ သခင်လေးတစ်ယောက် ဒဏ်ရာရသွားခဲ့လေပြီ၊ ရိုးရိုး ဒဏ်ရာရသွားခဲ့တာတောင် မဟုတ်ပါဘူး၊ ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရသွားခဲ့တာပါ။

အမွေခံတိုက်ပွဲ၌ မိသားစုကြီးရှစ်ခုမှ သခင်လေးတွေ အနေနဲ့ အသက် အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ဒဏ်ရာရဖို့ မပြောနဲ့ နည်းနည်းပါးပါးလေးတောင် ဒဏ်ရရကြတာ မဟုတ်ပါဘူး။ ဘယ်သူကမှလည်း သူတို့ကို မသတ်ရဲကြပါဘူး၊ အများဆုံးမှ သူတို့တွေကို လက်လျှော့သွားအောင် အနိုင်ယူရုံလောက်ပါပဲ။

ဒါပေမယ့် အခုအချိန်၌ ရန်ကိုင်ဟာ နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် ထိန်းသိမ်းလာခဲ့တဲ့ အစဉ်အလာဟောင်းကြီးကို ချိုးဖျက်လိုက်ပါပြီ။

ခန်ကျန်း ဖြည်းဖြည်းချင်း ခေါင်းငုံ့လိုက်ပြီး သူ့ရင်ဘတ်ထဲ စိုက်ဝင်နေခဲ့ ဓါးရှည်ကို ငုံ့ကြည့်လိုက်တယ်။ ဒဏ်ရာကနေမှတစ်ဆင့် နာကျင်ကိုက်ခဲမှုက သူ့ကိုယ်အနှံ့ ပျံ့နှံ့လာခဲ့တယ်။ ရန်ကိုင် သူကို ဓါးနဲ့ထိုးရဲလိမ့်မယ်လို့ ခန်ကျန်း တကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး။ ရန်ကိုင်ရဲ့ သတ္တိက ကောင်းကင်ကိုတောင် မကြောက်တဲ့ အဆင့်ထိ ရောက်နေခဲ့ပါပြီ။

“ကိုးယောက်မြောက် သခင်လေး…” ခန်ကျန်း ရေရွတ်လိုက်တယ်။ သူ့ပါစပ်ကနေ သွေးတွေ အဆက်မပြတ် စီးကျနေခဲ့ပြီး သူ့အသက်ရှူသံကလည်း တဖြည်းဖြည်းနဲ့ နှေးကွေးလေးလံ လာခဲ့တယ်။

ရန်ကိုင်က ခန်ကျန်းကို အေးစက်စက်နဲ့ ပြန်စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ် “မင်း မိသားစုကြီးရှစ်ခုက သခင်လေးတစ်ယောက် ဖြစ်နေတာ ကံကောင်းတယ်မှတ်လိုက်၊ မဟုတ်ရင် ငါမင်းကို တစ်ခါတည်း အသေသတ်ပစ်လိုက်မှာ”

အေးစက်စက်လက်ကြီး တစ်ဖက်က သူ့နှလုံးသားကို ဆုပ်ကိုင်လိုက်သည့်အလား ခန်ကျန်းမျက်နှာ ဖြူလျော်သွားခဲ့တယ်။ နောက်ထပ် စကားတစ်ခွန်းမှ ထပ်မပြောရဲတော့ပါဘူး။ ခပ်မြန်မြန်ပဲ မြေကြီးပေါ် ထိုင်ချလိုက်ပြီး အဆင့်မြင့် ကုသရေးဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်ကာ ချက်ချင်း မျိုချပစ်လိုက်တယ်။

လေတွေ တဝှီဝှီ တိုက်ခတ်နေခဲ့ပြီး တိုက်ပွဲကွင်းပြင်က လုံးဝဥဿုံ တိတ်ဆိတ်နေခဲ့ကာ ရန်ကိုင်ရဲ့ တစ်လှမ်းခြင်း လှမ်းနေတဲ့ ခြေသံတွေကိုသာ ကြားနေခဲ့ရတယ်။ ရန်ကိုင် ဆီကနေ ထုတ်လွှတ်နေခဲ့ ဖိအားကြောင့် တောင်ကြီးတစ်လုံးက သူတို့ပေါ် ဖိချနေသလို၊ နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေရသလို အားလုံး ခံစားနေခဲ့ရတယ်။

ရန်ကျောင်းလွှတ်လိုက်တဲ့ လူတွေထဲ၊ တင်ပလင်ခွေ ထိုင်ပြီး ဒဏ်ရာကို ကုသနေတဲ့ ခန်ကျန်း၊ အဝေး တစ်နေရာမှာ ရှိနေတဲ့ ရေခဲရုပ်ထု လေးခုနှင့် ရင်းဂျုနဲ့ ရင်ဆိုင်နေတဲ့ ပညာရှင်တွေအပြင် ကျန်တဲ့လူတွေ အကုန်လုံးက တစ်နေရာတည်းမှာ စုဝေးနေခဲ့ကြတာပါ။

ထိုလူတွေ အကုန်လုံးကို ချူဇိရို ဦးဆောင်ထားခဲ့ပြီး ခေါင်းဆောင်နေတဲ့ ချူဇိရိုကိုယ်တိုင်ရဲ့ မျက်နှာဟာလည်း ကြောက်ရွံ့တုန်လှုပ်မှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။ သူ့နောက်လိုက်တွေ ဆိုရင်တော့ ပြောစရာတောင် မလိုတော့ပါဘူး။

“ငါဘာလုပ်သင့်လဲ၊ ငါဘာလုပ်ရမလဲ” ခန်ကျန်း အရူးမီးဝိုင်း ဖြစ်နေခဲ့တယ်။ သူ့မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်နေခဲ့ပြီး သူ့ဘေးနားမှာ လူတွေကို သွေးရူးသွေးတန်းနဲ့ လိုက်မေးနေခဲ့တယ်။

ဒီတစ်ကြိမ် တာဝန်ကို ခန်ကျန်းက ဦးဆောင်တာပါ။ ဒါပေမယ့် အခုတော့ ခန်ကျန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပါပြီ။ ထို့ကြောင့် အားလုံးကို ဦးဆောင်ရမယ့် တာဝန်က ချူဇိရိုခေါင်းပေါ် ရောက်လာခဲ့ပါတယ်။

ရန်ကိုင်လို အားကောင်းပြီး ရက်စက်တဲ့လူ… ခန်ကျန်းကိုတောင် ဓါးနဲ့ထိုးဖို့ တုန့်ဆိုင်းမနေတဲ့ လူမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ ချူဇိရိုမှာ ခုတောင်မခုံရဲတော့ပါဘူး။ သူသာ အသည်းအသန် ခုခံဖို့ ကြိုးစားခဲ့ရင် ခန်ကျန်းလို အဖြစ်မျိုးနဲ့ ကြုံရမှာကို ကြောက်နေခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ သူကတောင် ဘာလုပ်ရမှန်း မသိမှတော့ ကျန်တဲ့လူတွေကော သိပါဦးမလား။

“နန်ရှန်း၊ ဒါတွေအားလုံး မင်းမွှေလို့ ဖြစ်လာရတာပဲ။ ငါတို့ အခုဘာလုပ်သင့်လဲ၊ ပြောလေကွာ” ချူဇိရိုက နန်ရှန်းဘက်လှည့်ပြီး အော်လိုက်တယ်။

အစောပိုင်းတုန်းက ကောင်းကင်စံအိမ်က လူတွေကို ငကြောက်တွေလို သွားလှောင်နေတဲ့ နန်ရှန်း၊ လူကြမ်းဂိုက် ဖမ်းနေခဲ့တဲ့ နန်ရှန်း၊ အခုအချိန်မှတော့ သေးထွက်လုမတတ် ကြောက်လန့်နေခဲ့ပြီး ဘာမှတောင် မပြောနိုင်တော့ပါဘူး။

ချူဇိရိုရဲ့ ဘာလုပ်ရ၊ ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ အမူအရာကိုကြည့်ရင်း ရှန်ချူမျက်လုံးထဲ အထင်အမြင်သေး၊ ရန်လိုသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ပြောလိုက်တယ် “သခင်လေးချူ၊ ရန်ကိုင်က လူတစ်ယောက် တည်းပဲလေ။ ဘာကြောက်နေစရာ ရှိလို့လဲ။ သူနဲ့ သခင်လေးခန် ပြောတာလည်း မှန်တာပဲ၊ အမွေခံတိုက်ပွဲမှာ လူတစ်ယောက်၊ နှစ်ယောက် သေတာ၊ ဒဏ်ရာရတာ ဘာမှ မှားတာမှ မဟုတ်တာ။ ပြီးတော့ အဲ့ကလေးကလည်း သေသေးတာမှ မဟုတ်တာကို။ ရန်ကိုင်က ဘာမှဟုတ်တဲ့ ကိစ္စလေးအတွက် ပုံးကြီးချဲ့နေတာပဲ။ သူ့မှာ ကျုပ်တို့ရဲ့ လုပ်ရပ်ကို ဝေဖန်ပြောဆိုဖို့ အခွင့်အရေးမရှိဘူး။ အခုက ရန်ကိုင်ကို အမွေခံတိုက်ပွဲကနေ ရှင်းထုတ်ပစ်ဖို့ အချိန်ကောင်းပဲ။ သခင်လေးချူအနေနဲ့ ပြတ်ပြတ်သားသားနဲ့ ရလာတဲ့ အခွင့်အရေးကို ဖမ်းဆုပ်သင့်တယ်နော်။ ကျုပ်တို့ အားလုံးက သခင်လေးရဲ့ အမိန့်ကို စောင့်ဆိုင်းနေကြတာ”

“လီးစကားတွေ လာပြောမနေနဲ့” ချူဇိရိုက ပြန်ပြီး အော်ဟစ်လိုက်တယ် “ရန်ကိုင်နဲ့ သခင်လေးခန် နှစ်ယောက် စလုံး ကောင်းကင်စံအိမ် အဖွဲ့သားတွေကို မထိဖို့ မင်းတို့ နှစ်ယောက်စလုံးကို အမိန့်ပေးခဲ့တယ်။ ပြီးတော့ ရန်ကိုင်က ငါတို့လူတွေကိုတောင် မသတ်ပဲ ညှာတာပေးခဲ့တယ်။ ဒါပေမယ့် မင်းတို့ကတော့… မင်းတို့ ဘိုးဘေးရှစ်ဆက်လုံးကို လီးပဲ”

ရှန်ချူ အမူအရာ မဲမှောင်သွားခဲ့ပြီး သွေးကြောင်လွန်းတဲ့ ချူဇိရိုရဲ့ အပြုအမူနဲ့ပက်သက်ပြီး အရမ်းကို စိတ်ပျက် သွားခဲ့တယ်။

သူတို့နှစ်ယောက် စကားပြောနေစဉ်အတွင်း ရန်ကိုင်က လူအုပ်ကြီးဆီမှ ဆယ်မီတာအကွာသို့ ရောက်ရှိလာခဲ့ပါပြီ။ အင်အားစုခုနှစ်ခုကို သူတစ်ယောက်တည်း ရင်ဆိုင်နေရတယ် ဆိုပေမယ့် သူ့မျက်နှာထက် ကြောက်ရွံသည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။

ရန်သူ့ဘက်က ထိပ်ဆုံးပညာရှင် ၁၀ယောက်က ရင်းဂျုက လှုပ်မရသေးပေမယ့် သူရင်ဆိုင်ရမယ့် လူအရေအတွက်က အများကြီး ရှိနေပါသေးတယ်၊ ထိုလူတွေထဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် များစွာတောင် ပါနေပါသေးတယ်။

“ချူဇိရို” ရန်ကိုင်က လှမ်းအော်ပြောလိုက်တယ် “မင်းက ချူရီမန်ရဲ့ မောင်လေးဖြစ်လို့ ငါမင်းကို ထိခိုက်အောင် မလုပ်ချင်ဘူး၊ ဒါကြောင့် ဘေးဖယ်နေလိုက်”

ချူဇိရိုမျက်နှာ ဝင်းပသွားခဲ့ပြီး ပါးစပ်ဟကာ သဘောတူဖို့ လုပ်နေတုန်းမှာပဲ ချက်ချင်း ပါးစပ်ပိတ်လိုက်ပြီး မျက်မှောင်ကြုံ့ကာ ခေါင်းခါလိုက်တယ် “ကိုးယောက်မြောက် သခင်လေးရဲ့ ကြင်နာမှုက ဒီချူက ငြင်းဆန်ရပါလိမ့်မယ်”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်ပြီး “မင်းမှာ ဘောမရှိတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူးပဲ”

စကားအပိုတွေ ထပ်ပြောမနေတော့ပဲ အရိုးဒိုင်းတစ်ခု သူ့လက်ထဲ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

“အဲ့ဒါ အဲ့ဆန်းကြယ်အဆင့် လက်နက်မလား” ချူဇိရိုနဲ့ ကျန်တဲ့လူတွေ အကုန်လုံး စိတ်ရှုပ်သွားခဲ့ကြတယ်။

ရန်ကိုင် ဒီဆန်းကြယ်အဆင့် လက်နက်ကို ရန်ခန်းနဲ့ တိုက်ခိုက်တုန်းက ထုတ်သုံးခဲ့တာ သူတို့ မြင်ဖူးပါတယ်။ ဒီလက်နက်ရဲ့ ခုခံနိုင်စွမ်းက အရမ်းကို အားကောင်းပြီး အစစ်အမှန်ချီကို အားပြုပြီး တိုက်ခိုက်လာတဲ့ တိုက်ကွက် တွေကိုလည်း စုပ်ယူနိုင်တာကို သူတို့အားလုံး သိထားကြပါတယ်။ ဒီလက်နက်နဲ့ဆိုရင် ရန်ကိုင်ရဲ့ ခံစစ်က တိုးမပေါက်နိုင်တော့ဘူးလို့တောင် ပြောလို့ ရပါတယ်။

ဒါပေမယ့် အခုအချိန်ကြီးမှာ ရန်ကိုင်က အဲ့လက်နက်ကို ဘာလို့ ထုတ်ယူလိုက်ရတာလဲ။ သူ့အပြုအမူက အားလုံးကို ဇဝေဇဝါ ဖြစ်သွားစေခဲ့တယ်။ ရန်ကိုင်က မတိုက်ခိုင်ခင် သူ့ခံစစ်ကို ခိုင်မာသွားအောင် လုပ်ချင်နေတာလား။

သေသေချာချာ မစဉ်းစား၊ မတွေးတော ရသေးခင်မှာပဲ အန္တရာယ်များလှတဲ့ အရှိန်အဝါတစ်ခုက လေထုတဲ စိမ့်ဝင် ပျံ့နှံ့လာခဲ့တယ်။

လျှပ်စီးမျှင်လေးတွေ အရိုးဒိုင်းရဲ့ မျက်နှာပြင်ထက် လက်နေခဲ့ပြီး ပြင်းထန်တဲ့ စွမ်းအင်တစ်ခုက အရိုးဒိုင်းရဲ့ ပွင့်အာနေတဲ့ ပါးစပ်မျက်နှာပြင်မှ ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့တယ်။

၁မီတာလောက်လုံးပတ်ရှိတဲ့ လျှပ်စီးနဂါးတစ်ကောင် အရိုးဒိုင်းရဲ့ ဟနေတဲ့ပါးစပ် မျက်နှာပြင်မှ ပေါက်ကွဲ ထွက်လာခဲ့ပြီး လေထဲရစ်ခွေနေခဲ့တယ်။ မီတာပေါင်း များစွာအရှည်ထိ ရောက်ရှိသွားတာနဲ့ သိပ်သည်းလှတဲ့ အဖျက်စွမ်းအင် အရှိန်အဝါတစ်ခုက နဂါးဆီမှ ဖြာထွက်လာခဲ့ပြီး အောက်မှာရှိနေတဲ့ အင်အားစု ခုနှစ်ခုမှ ပညာရှင်တွေကို ငုံ့ကြည့်လိုက်တယ်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ချူဇိရို ထိတ်လန့်တကြား အော်ပြောလိုက်တယ်။

လက်နက်အမျိုးအစား များစွာရှိပြီး အကြမ်းဖျင်း သုံးမျိုးခွဲခြားနိုင်ပါတယ်… တိုက်ခိုက်ရေး၊ ကာကွယ်ရေးနဲ့ အထောက်အကူ လက်နက်တို့ပါ။ ရန်ကိုင် အသုံးပြုတဲ့ အရိုးဒိုင်းက အကာအကွယ် လက်နက်တစ်ခုပါ။ အဲ့ဒါကို ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အဖျက်စွမ်းအား ပြင်းထန်တဲ့ တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်နိုင်ရတာလဲ။

ပြီးတော့ ဒီလျှပ်စီးနဂါးကို တစ်နေရာရာမှာ သူတို့ မြင်တွေ့ခဲ့ဖူးတဲ့ပုံပါပဲ။

“အဲ့နဂါးက ရန်ခန်းရဲ့ ဆန်းကြယ်အဆင့် လက်နက်က ထွက်လာတဲ့ အကောင်ကြီးပဲ” ရှန်ချူ ထအော်လိုက်တယ်။ ရန်ကိုင်ရဲ့ အရိုးဒိုင်းက တိုက်ခိုက်မှုတွေကို စုပ်ယူ နိုင်ရုံမကလို့ စုပ်ယူထားတဲ့ တိုက်ခိုက်မှုတွေကို သိုလှောင် ထားပြီး ပြန်လည်ထုတ်လွှတ်နိုင်မှန်း အခုမှပဲ ရှန်ချူ နားလည်သွားခဲ့တယ်။

ဒီလျှပ်စီးနဂါးက ရန်ခန်းရဲ့ ဆန်းကြယ်အဆင့် လက်နက်ကနေ ထွက်လာတဲ့ နဂါးကြီးပါ။

ထိုအချိန်တုန်းက လျှပ်စီးနဂါးကြီးက ရန်ကိုင့် အရိုးဒိုင်းရဲ့ စုပ်ယူခြင်းကို ခံလိုက်ရပါတယ်။ အခု ရန်ကိုင်က ထိုလျှပ်စီးနဂါးကြီးကို ပြန်လွှတ်ပေးဖို့ ပြင်နေခဲ့ပါပြီ။

Martial Peak

အပိုင်း(၅၁၄) ငါမင်းတို့ကို ဒီအတိုင်း လွတ်ပေးလိမ့်မယ်လို့ ထင်နေကြတာလား

ဒီမှာရှိနေတဲ့လူတွေထဲက ဘယ်သူကများ ဆန်းကြယ်အဆင့် လက်နက်တစ်ခုရဲ့ စွမ်းအားကို ခုခံနိုင်မှာလဲ။

သူတို့မှာ ဆန်းကြယ်အဆင့် အကာအကွယ် လက်နက် တစ်ခု၊ ဥပမာ အရိုးဒိုင်းလို လက်နက်တစ်ခု ရှိနေမှပဲ ဒီတိုက်ခိုက်မှုကို ခုခံနိုင်ပါလိမ့်မယ်။

အရိုးဒိုင်းကနေ ထွက်ပေါ်လာတဲ့ လျှပ်စီးနဂါး အရေအတွက်က ရှစ်ကောင်အထိ ရောက်ရှိသွားတာနဲ့ နဂါးရှစ်ကောင်စလုံး မာန်ဖီလိုက်ပြီး လူအုပ်ကြီးဆီ ပြေးဝင်သွားခဲ့တယ်။ အောက်မှာရှိနေတဲ့ လူအုပ်ကြီး တစ်ခုလုံး ကြက်သေသေနေခဲ့ပြီး မရာဏခေါင်းလောင်းသံ ကိုကြားလိုက်ရသည့်အလား သူတို့ရဲ့ မျက်နှာတွေက မယုံကြည်နိုင်မှု၊ တုန်လှုပ်ချောက်ချားမှုတို့ဖြင့် ပြည့်နေခဲ့တယ်။

ရင်းဂျုနဲ့ အလုပ်ရှုပ်နေတဲ့ ပညာရှင်တွေသာ ရှိနေခဲ့ရင် ထိုပညာရှင်တွေကို အားကိုးပြီး ဒီလျှပ်စီးနဂါးတွေကို ခုခံနိုင်ပါလိမ့်မယ်။ ဒါပေမယ့် လွှတ်လိုက်တဲ့ ထိပ်တန်း ပညာရှင်တွေအားလုံးက ရင်းဂျုနဲ့ အလုပ်ရှုပ်ရင်ရှုပ်၊ မရှုပ်တဲ့ ပညာရှင်လေးယောက်ကလည်း ရေခဲတုံးတွေ ဖြစ်နေခဲ့ပါတယ်။ ထို့ကြောင့် လျှပ်စီးနဂါးတွေရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်တဲ့ ပညာရှင်တစ်ယောက်တောင် လူအုပ်ကြီးထဲမှာ ရှိမနေတော့ပါဘူး။

မကြာခင်မှာပဲ လူအုပ်ထဲက တစ်ယောက်က ထိတ်လန့် တကြားနဲ့ ထပြေးပါတော့တယ်။ တစ်ယောက်က စလိုက်တာနဲ့ ကျန်တဲ့လူတွေ အကုန်လုံး ကြောက်လန့် တကြားအော်ဟစ်ကြရင်း စတင် ထွက်ပြေးပါတော့တယ်။ လေပေါ်ပျံပြေးတဲ့လူကပြေး၊ မြေကြီးပေါ် ပြေးတဲ့လူက ပြေးနဲ့ အားလုံးက နဂါးအမျက်ကနေ လွတ်မြောက်နိုင်ဖို့ အတွက် အသည်းအသန် ကြိုးစားနေခဲ့ကြတယ်။

အခုအချိန်၌ ရှန်ချူရဲ့ စိတ်အစဉ်က လုံးဝကို ကြည်လင်နေခဲ့တယ်။ သူ့စိတ်ထဲမှာတော့ ထိုတိုက်ခိုက်မှုကို အားလုံး အတူပူးပေါင်းပြီး ခုခံစေချင်နေခဲ့တယ်။ ဒါပေမယ့် ပရမ်းပတာတွေ ဖြစ်နေတဲ့ လူအုပ်ကြီးကို ထိန်းသိမ်းဖို့ရာ သူ့မှာ စွမ်းအားမဲ့နေခဲ့တယ်။ ခေါင်းဆောင်ဖြစ်တဲ့ ချူဇိရိုတောင် ထွက်ပြေးနေမှတော့ ကျန်တဲ့လူတွေကကော ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရဲတော့မှာလဲ။

ဝုန်း ဝုန်း ဝုန်း …

ထိုလျှပ်စီးနဂါးတွေက အရာအားလုံးကို လွှမ်းမိုးနိုင်တဲ့ ဓါးသွားတွေအလား ပြိုင်ဘက်ကင်းတဲ့ အထွတ်အထိပ် စွမ်းအားကို ထုတ်ဖော်ရင်း လူအုပ်ကြီးထဲ မွှေနောက် သောင်းကျန်းနေခဲ့တယ်။ ကံကောင်းတဲ့လူတွေက လျှပ်စီးနဂါး ရိုက်ခတ်တာ ခံရပြီး မြေကြီးပေါ် တွန့်တွန့်လေး လဲသွားခဲ့ကြပေမယ့် ကံမကောင်းတဲ့ လူတွေကတော့ တစ်ခါတည်း နောက်ဘဝ မြန်းသွားရပါတယ်။

ကျန်ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်အနည်းငယ်က သူတို့ရဲ့ သခင်လေး၊ သခင်မလေး တွေကို အသည်းအသန် ခုခံကာကွယ်ပေးနေခဲ့ကြတယ်။ လျှပ်စီးနဂါးတွေကို အတတ်နိုင်ဆုံး ရှောင်ရှားရင်း အရိုက်ခံလိုက်ရတဲ့ ခွေးတွေလို ပြေးလွှားနေခဲ့ကြတယ်။

နာနာကျင်ကျင် အော်ဟစ်သံ၊ ကြောက်လန့်တကြား အော်ဟစ်သံတို့ ကွင်းပြင်ကြီးထဲ ဗလောင်ဆူနေခဲ့တယ်။ ဒါပေမယ့် ဒီဆန်းကြယ်အဆင့် လက်နက်ရဲ့ စွမ်းအား အောက်မှာတော့ ကျင့်ကြံသူတွေရဲ့ အသက်တွေက အရမ်းကို ဈေးပေါလှကာ ဂျုံပင်တွေလို အလွယ်တကူ ရိတ်သိမ်းခံနေခဲ့ရတယ်။

ထိုအော်သံတွေကို ကြားလိုက်တာနဲ့ ဓါးဒဏ်ရာကို ပြန်ကုသနေတဲ့ ခန်ကျန်း၊ ကြိုးစားပမ်းစားနဲ့ မျက်လုံးဖွင့်လိုက်ပြီး လှမ်းကြည့်လိုက်တယ်။ သက်ရှိတွေကို ကြေးချွတ်သန့်စင်ပေးတဲ့ ဘုံတစ်ခုထဲ ရောက်နေသယောင် ထင်ရတဲ့ မြင်ကွင်းကို တွေ့လိုက်ရတာနဲ့ သူ့တစ်ကိုယ်လုံး အေးစက်တုန်ရီသွားခဲ့တယ်။

အခုမှပဲ ရန်ကိုင် အမှန်ကို ပြောခဲ့တာမှန်း သူနားလည် သွားတော့တယ်။

ကောင်းကင်စံအိမ် အဖွဲ့သားတွေကို တိုက်ပွဲမှာ ဝင်မပါခိုင်းရတာက သူနဲ့သူ့အဖွဲ့သားတွေရဲ့ ကောင်းကျိုး အတွက်လို့ ရန်ကိုင်ပြောသွားခဲ့တာ တကယ်ကို မှန်ပါတယ်။ နန်ရှန်းက ကောင်းကင်စံအိမ် အဖွဲ့သားတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်လိုက်မိရုံနဲ့တင် ရန်ကိုင်ကို အခုလို ဖြစ်သွားစေခဲ့ပါတယ်။ ကောင်းကင်စံအိမ်က တစ်ယောက်ယောက်သာ တကယ် သေသွားခဲ့ရင်… ဒီမှာရှိနေတဲ့ လူတွေအကုန်လုံး စစ်ပွဲမြို့တော်ဆီ ပြန်နိုင်ပါဦးမလား။

ခန်ကျန်း ဆက်ပြီး မတွေးရဲတော့ပါဘူး။ အဲ့အစား မျက်လုံးလေး ပိတ်ပြီးတော့ပဲ ကြားနေရတဲ့ အော်ဟစ်သံ တွေကို လျစ်လျူရှုထားလိုက်တယ်။

တစ်ဖက်မှာတော့ ကောင်းကင်စံအိမ် အဖွဲ့သားတွေ အကုန်လုံး စိတ်လှုပ်ရှားနေခဲ့ပြီး လက်သီးတင်းတင်း ဆုပ်ရင်း အော်ဟစ်အားပေး နေခဲ့ကြတယ်။

သူတို့ မြိုသိပ်သည်းခံ ထားခဲ့ရတဲ့ စော်ကားရန်စမှု တွေကို အခုအချိန်၌ အဆတစ်ရာမက ပြန်လည် ပေးစွမ်းနိုင်ခဲ့ပါပြီ။

ရန်ကိုင်က သူတစ်ယောက်တည်းနဲ့ အင်အားစု၇ခုကို ခွေးပြေးဝက်ပြေး ပြေးသွားရစေခဲ့ပါတယ်။ သူတို့ထဲက ဘယ်သူကမှ ပြန်ပြီး မခုခံနိုင်ခဲ့ကြပါဘူး။ ပြန်တိုက်ဖို့ ဆိုရင်တော့ ပြောစရာကို မလိုတော့တာပါ။

တည်ငြိမ်နေတဲ့ ကန်ရေပြင်ထဲ ကျောက်တုံးကြီး တစ်တုံး ကျသွားသလို ခရမ်းရောင် လှိုင်းတွန့်တွေက လူအုပ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။

ထိုလှိုင်းတွန့်လေးတွေနဲ့အတူ မိစ္ဆာအရှိန်အဝါတို့ဖြင့် ပြည့်နေတဲ့ အေးစက်စက် ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုတစ်ခု လိုက်ပါလာခဲ့တယ်။

ဝိဥာဉ်ပညာရပ်… ရန်ကိုင်က လူအုပ်ကြီးတစ်ခုလုံးကို သူ့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ လွှမ်းခြုံ တိုက်ခိုက်လိုက်ပါတယ်။

ထိုစိတ်စွမ်းအင် ထိမှန်ခြင်း ခံလိုက်ရတဲ့ ကျင့်ကြံသူတိုင်း စူးစူးရှရှ၊ နာနာကျင်ကျင် အော်ဟစ်ရင်း ချက်ချင်း မြေကြီးပေါ် လဲပြိုကျသွားခဲ့ပါတယ်။

ခုခံနိုင်စွမ်း မရှိတော့တာနဲ့ ထိုကျင့်ကြံသူတွေမှာ လျှပ်စီးနဂါးတွေရဲ့ လွယ်ကူတဲ့ ပစ်မှတ်တွေ ဖြစ်သွားခဲ့ရတယ်။

ကျန်ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်အချို့ပဲ ထိုကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ထဲက ဘယ်သူကမှ နာကျင်မှုကို မခံစားရပဲ မနေခဲ့ပါဘူး။

နာနာကျင်ကျင် အော်ဟစ်သံတို့၊ အသားညှော်နံ့တို့ လေထုထဲ ပြည့်နှက်နေခဲ့တယ်။

အသက်ရှူရှိုက်စာ အကြိမ်ဒါဇင်ကျော်သွားတော့မှပဲ လျှပ်စီးနဂါးတွေ ပျောက်ကွယ်သွားခဲ့တယ်။ နောက်ဆုံး မှာတော့ ဆန်းကြယ်အဆင့်လက်နက်ရဲ့ စွမ်းအား ပျောက်ကွယ်သွားခဲ့လေပြီ။ တစ်ချိန်တည်းမှာပဲ ရန်ကိုင်ဟာ ဝိဥာဉ်ပညာရပ်အား အသုံးပြုနေတာကို ရပ်တန့်လိုက်တယ်။ အရိုင်းဆန်တဲ့ လွင်တီးခေါင်ပြင်ကြီးထဲ လူပေါင်းများစွာတို့ မြေကြီးထက် လဲလျောင်းနေခဲ့ကြတယ်။ အချို့က မူးမေ့သတိလစ် နေခဲ့ကြပြီး အချို့က ဒဏ်ရာရထား ခဲ့ကြကာ အချို့တွေကတော့ အသက်ပျောက်နေခဲ့ပါပြီ။

စုစုပေါင်း လူ၃၀၀ကျော်လောက် ရောက်လာခဲ့ပေမယ့် အခုအချိန်၌ လူ၂၀၀စွန်းစွန်းလေးပဲ အသက်ရှင် ကျန်ရစ်ပါတော့တယ်။

မီးသွေးခဲတုံးလို မဲတူးနေတဲ့ အလောင်းတွေ ကွင်းပြင်အနှံ့ ပြန့်ကျဲနေခဲ့တယ်။

ချူဇိရိုက မှုန်ထိုင်းနေတဲ့ မျက်ဝန်းအစုံနဲ့ မြေကြီးထက် ထိုင်နေခဲ့တယ်။ သူ့ခန္ဓာကိုယ်သာ တုန်ရီနေရုံမက သူ့သွားတွေပါ အအေးပတ်သွားသည့်အလား တဂတ်ဂတ်နဲ့ တုန်ရီနေခဲ့ပါတယ်။

သေမင်းပါးစပ်တွင်းမှ လွတ်မြောက်လာခဲ့ပြီးနောက် ချူဇိရိုရဲ့ စိတ်အခြေအနေက အနည်းငယ် ရှုပ်ထွေးနေခဲ့တယ်။

အခြားသူတွေနဲ့ယှဉ်ရင် သူက ဘာဒဏ်ရာမှ ရမထားခဲ့ပါဘူး။

အမွေခံတိုက်ပွဲမှာ စဝင်ပြိုင်ခဲ့တုန်းက ဘာကိုမှ သူမကြောက်ရွံ့ခဲ့ပါဘူး။ အခုလိုမျိုး သေမင်းခံတွင်းကနေ အသက်လုပြေးရမယ့် အဖြစ်မျိုး ကြုံတွေ့ရလိမ့်မယ်လို့ သူတစ်ခါမှ မထင်မှတ်ထားခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့ပြီးနောက် သူအဲ့လိုမျိုး ထပ်မတွေးရဲတော့ပါဘူး။

ရန်ကိုင်ကပဲ ချူရီမန် မျက်နှာကို ထောက်ထာ နေလို့လား၊ သူ့ကံကပဲ အရမ်းကို အံ့ဩဖွယ် ကောင်းနေလို့လား၊ မသိပေမယ့် လျှပ်စီးနဂါးတွေရဲ့ သားကောင်းအဖြစ်မှ သူလွတ်မြောက်နိုင်ခဲ့တယ် ဆိုတာကတော့ အမှန်တရားပါ။ သို့ပေမယ့် ဘယ်လိုပဲ ပြောပြော ရန်ကိုင် လူပေါင်းများစွာကို သတ်ဖြတ်နေတဲ့ မြင်ကွင်းက သူ့ကိုတကယ်ပဲ ထိတ်လန့် ကြောက်ရွံ့ သွားစေခဲ့ပါတယ်။

သူ့နှလုံးသားထဲ ရန်ကိုင်ကို ကြောက်ရွံ့သည့် စိတ်တို့ ခိုအောင်းသွားခဲ့လေပြီ။

“သခင်လေးချူ၊ ကျုပ်တို့ ဒီနေက ထွက်သွားရမယ်” ကြောင်အမ်းအမ်းနဲ့ ထိုင်နေတဲ့ ချူဇိရိုကို မြင်တော့ အင်အားစု ခုနှစ်ခုမှ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်တစ်ယောက်က သူ့ကို ဆွဲခေါ်ပြီး စစ်ပွဲမြို့တော်ဆီ ပျံသန်းသွားလိုက်ပါတယ်။

သွေးပျက်ချောက်ချားဖွယ် ကောင်းတဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရပြီးနောက် ဘယ်သူကမှ ရန်ကိုင်ကို ပြန်မတိုက် ရဲတော့သလို ဒီမှာလည်း ဆက်မနေရဲကြတော့ပါဘူး။ အခုအချိန်၌ အားလုံးက ဒီနေရာကနေ မြန်နိုင်သမျှ မြန်မြန်သာ ထွက်ပြေးနေချင်ခဲ့ကြတယ်။

ဒီမှာရှိနေတဲ့ လူတွေအကုန်လုံးက ခွန်အား အကုန်အစင်ကို ထုတ်သုံးကား နောက်ကနေ ကျားလိုက်နေသလို ထွက်ပြေးနေခဲ့ကြပါတယ်။

“မင်းတို့ဘာလို့ ထွက်ပြေးနေကြတာလဲ” ရှန်ချူက အော်ဟစ်လိုက်တယ် “သူ့လက်နက်ကို ထပ်ပြီး အသုံးပြုလို့ မရတော့ဘူးလေ။ ဒီလောက် တိုက်ခိုက်မှုကြီး လုပ်ပြီးမှတော့ သူလည်း အားကုန်လောက်ရောပေါ့။ အခုအချိန်က သူ့ကို ဖမ်းဖို့ အကောင်းဆုံးအချိန်ပဲကွ။ သခင်လေးချူ၊ သခင်လေးချူ၊ သခင်လေးချူ ဘယ်မှာလဲ”

အခုအချိန်၌ ဘယ်သူကမှ ရှန်ချူရဲ့စကားကို သောက်ဖက်လုပ် နားထောင်မနေကြတော့ပါဘူး။ ရှန်ချူက သူတို့တွေကို အမိန့်ပေးဖို့ ဘာအရည်အချင်း ရှိလို့လဲ။ သူ့မှာ အရည်အချင်း ရှိနေရင်တောင် ဒီငရဲကွင်းပြင်ကြီးထဲမှာ ဘယ်သူကမှ ဆက်မနေချင်တော့ပါဘူး။

အရူးတစ်ပိုင်း အော်ဟစ်နေစဉ်မှာပဲ ထက်ရှတဲ့ အကြည့်တစ်စုံက သူ့ပေါ် ရောက်ရှိလာတာကို ရှန်ချူ ရုတ်တရက် ခံစားမိလိုက်တယ်။

သူလှည့်ကြည့်လိုက်တဲ့ အခိုက် ရန်ကိုင်ရဲ့ အေးစက်စူးရဲသည့် အကြည့်နဲ့ ထိပ်တိုက်တွေ့သွားခဲ့တယ်။

သူ့နှလုံး လည်ချောင်းကနေ ခုန်ထွက်လုမတတ် ဖြစ်သွားကာ အလိုလို နောက်ဆုတ်မိလိုက်တယ်။

“ဂျူနီယာညီလေးရှန်၊ သွားကြစို့။ ငါတို့လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး” နန်ရှန်းက ရှန်ချူဆီပြေးသွားလိုက်ပြီး သူ့ကို ဆွဲခေါ်သွားလိုက်တယ်။

ရှန်ချူက ဒေါသတကြီး အံကြိတ်လိုက်ပြီး ရန်ကိုင်အား မြေပွေးတစ်ကောင်လို ပြန်စိုက်ကြည့်လိုက်ပြီးနောက် အော်ဟစ်အမိန့်ပေးလိုက်တယ် “ပြန်ဆုတ်ကြမယ်”

ငကြောက်တွေ၊ ဒီလောက် လူအများကြီးနဲ့ကို ဟိုကောင် ဘာလုပ်နိုင်မှာ မို့လို့လဲ ထိုက်ဖန်းတောင်မှာတုန်းက ရန်ကိုင်စိတ်ကွက်အောင် မလုပ်ခဲ့ပဲ သူသဘောကျအောင်သာ လုပ်ခဲ့ရင်၊ အခုအချိန်လောက်ဆို ရန်ကိုင်နောက်လိုက်ပြီး အောင်မြင်မှုအလီလီကို ဆွတ်ခူးနေနိုင်လောက်ပါပြီ။ ထိုအကြောင်းကို တွေးရင်း ရှန်ချ အလွန်အမင်း စိတ်ဓါတ် ကျသွားခဲ့တယ်။

ဒါပေမယ့် နောင်တအတွက် ဆေးမရှိပါဘူး။ အမြင်ကန်းပြီး ဒီလိုမွန်းစတားကောင်မျိုးကို ရန်စမိတဲ့ သူ့ကိုယ်သူ မုန်းရုံပဲ တတ်နိုင်ခဲ့ပါတယ်။

အင်အားစုခုနှစ်ခုက ကျင့်ကြံသူတွေ အကုန်လုံး ထွက်ပြေးရင်ပြေး၊ မပြေးရင် သေကုန်ကြပါပြီ။ မျက်တောင် တစ်ခတ်အတွင်းမှပဲ ကွင်းပြင်ကြီးထဲ ဘယ်သူမှ မရှိတော့ပါဘူး။

“ငါမင်းတို့ကို ဒီအတိုင်း လွတ်ပေးလိုက်မယ်လို့ ထင်နေကြတာလား” ရန်ကိုင်ရဲ့ အသံက အားလုံးရဲ့ နားထဲ ရုတ်တရက် မြည်ဟည်းသွားခဲ့တယ်။ ထိုအသံက မကျယ်ပေမယ့် မိုးချိန်းသံအောက်တော့ မနိမ့်ကျပါဘူး။

နန်ရှန်းနဲ့ ရှန်ချူတို့ နှစ်ယောက်စလုံး နောက်ပြန် လှည့်ကြည့်လိုက်ကြတယ်။ ဒါပေမယ့် ရန်ကိုင်က နေရာမှာသာ ရပ်နေသေးပြီး သူတို့နောက် လိုက်မလာတာကို တွေ့လိုက်ရတာနဲ့ နှစ်ယောက်စလုံး စိတ်သက်သာရာ ရသွားခဲ့တယ်။ ရန်ကိုင်က သူတို့အားလုံးကို ခြောက်လှန့်ဖို့ ကြိုးစားနေတဲ့ပုံပါပဲ။

မြန်နိုင်သမျှ အမြန်ဆုံးနှုန်းနဲ့ ပြေးလွှားနေရင်း စစ်ပွဲမြို့တော်က ရန်ကျောင်းစံအိမ်ဆီ ပြန်ရောက် နိုင်ဖို့ကိုသာ သူတို့ စိတ်စောနေခဲ့ကြတယ်။ ရန်ကျောင်း စံအိမ်ရောက်တာနဲ့ စံအိမ်ထဲ ပုန်းနေလိုက်ပြီး ရန်ကိုင် ဒေါသပြေမှာကို စောင့်လိုက်ရုံပါပဲ။ ဒါမှမဟုတ် ရန်ကျောင်းက ဒီကိစ္စကို ကြားဝင်ဖြန်ဖြေကောင်း ဖြန်ဖြေပေးနိုင်ပါသေးတယ်။

သတိလစ်နေတဲ့ စုမူနဲ့ ငိုထားလို့ မျက်လုံးတွေနီနေပြီး မို့အစ်နေတဲ့ စုယန်ဆီ လှည့်ကြည့်လိုက်ပြီး အသာအယာလေး ပြောလိုက်တယ် “နင်တို့အားလုံး ဒီမှာ နေ့တစ်ဝက်လောက် စောင့်ပြီးမှ လိုက်လာခဲ့။ အဲ့အချိန်ကျ စုမူလည်း ခရီးသွားလို့ ရလောက်ပြီ”

စုယန်က အံ့အားသင့်သွားတဲ့ အမူအရာနဲ့ ရန်ကိုင်ကို မော့ကြည့်လိုက်ပြီး ပြန်မေးလိုက်တယ် “နင်ကော”

“ငါတို့ဂိုဏ်းက လူတွေကို ထိခိုက်အောင် လုပ်သွားမှတော့ တန်ရာတန်ကြေး ပြန်ပေးရမှာပေါ့”

ပြောပြီးတာနဲ့ လျှပ်စီးတန်းတစ်ခုအလား ထွက်ပြေးသွားတဲ့လူတွေ ရှိနေတဲ့ နေရာဆီ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်ရင်း ပျံသန်းထွက်သွားခဲ့တယ်။

ကီလိုမီတာပေါင်း ရာကျော်လောက်အထိ ပျံသန်းလာပြီးနောက် အင်အားစု ခုနှစ်ခုလူက ခွေးပြေး၊ ဝက်ပြေး ပြေးနေတဲ့လူတွေ အကုန်လုံး တဖြည်းဖြည်းနဲ့ အရှိန်လျှော့လိုက်ကြတယ်။ ရန်ကိုင် လိုက်လာတာ မမြင်တော့မှ သူတို့အားလုံး စိတ်လျှော့လိုက်နိုင်ကြတယ်။

နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့လိုက်ရတဲ့ ကပ်ဆိုးအကြောင်း ပြန်စဉ်းစားမိလိုက်တာနဲ့ သူတို့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး အသက်ရှင်ခွင့် ပေးကမ်းခဲ့လို့ ကောင်းကင်ဘုံကို ခပ်မြန်မြန်ပဲ ကျေးဇူးတင်လိုက်ကြတယ်။

လူနှ၂၀ကျော်လောက်ရှိတဲ့ ထွက်ပြေးလာတဲ့ အဖွဲ့တစ်ဖွဲ့မှာ ရှိနေတဲ့လူတွေအကုန်လုံး တစ်ယောက်နဲ့ တစ်ယောက် လှည့်ပတ် ကြည့်လိုက်ကြတယ်။ ကျန်တဲ့ အဖွဲ့သားတွေ ဘယ်ရောက်နေလဲ သူတို့မသိတော့သလို ဘယ်လောက်အထိ ထွက်ပြေးလာခဲ့ပြီးပြီလဲ ဆိုတာကိုလည်း သူတို့ မသိတော့ပါဘူး။

“အခု အဆင်ပြေလောက်ပြီမလား” တစ်ယောက် ယောက်က စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။ ရန်ကိုင် လိုက်မလာပေမယ့် လုံးလုံးကြီးတော့ ရတက်မအေး နိုင်သေးပါဘူး။

“ကိုးယောက်မြောက် သခင်လေးက လူ့အသက်တွေကို လမ်းဘေးက ဂေါ်ဖီထုပ်တွေကလို သဘောထားနေတာပဲ…” ထိုစကားကို ကြားလိုက်တာနဲ့ အကုန်လုံး ပြိုင်တူ ခေါင်းညိတ်လိုက်ကြတယ်။

“အခုလို ဖြစ်ရတာတွေ အကုန်လုံးက နန်ရှန်းနဲ့ ရှန်ချူတို့ရဲ့ အပြစ်ပဲလေ။ အဲ့ခွေးသူတောင်းစား နှစ်ကောင် ကြောင့်သာ မဟုတ်ရင် အသက်ကို ဖက်နဲ့ထုပ်ပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရမှာ မဟုတ်ဘူး”

“မင်းဘာပြောလိုက်တာလဲ” တစ်ယောက်ယောက်က ဒေါသတကြီး ထရပ်လိုက်ပြီး “ငါတို့ နန်မိသားစု သခင်လေးက အခြေအနေအရ လုပ်ခဲ့တာကွ။ မင်းတို့က ဘာတွေကို မကျေမနပ် ဖြစ်နေကြတာလဲ။ ငါတို့ သခင်လေးနန်ကိုများ လာပြီး ကျိန်ဆဲနေရဲတယ်”

“ငါပြောတာ မှားသွားလို့လား။ အခြေအနေအရ လုပ်ခဲ့တာလား။ လီးစကားတွေ လာပြောမနေတဲ့။ ရှန်ချူနဲ့ နန်ရှန်းတို့က သူတို့ဒေါသကို ဖောက်ထုတ်ဖို့ လုပ်နေတာ အသိသာကြီး။ မင်းတို့ ရှန်၊နန်မိသားစုနှစ်ခုနဲ့ ကိုးယောက်မြောက် သခင်လေးကြား မကျေနပ်ချက် အကြီးကြီး ရှိတယ်ဆိုတာကို ငါတို့မသိဘူးလို့ ထင်နေတာလား။ မင်းတို့ မိသားစုနှစ်ခုစလုံး ကိုးယောက်မြောက် သခင်လေးလက်ထဲမှာ အကွဲကွဲ အပြဲပြဲ ဖြစ်ခဲ့ရတာကိုရော ငါတို့ မသိတာမှတ်လို့။ မင်းတို့ အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ရတဲ့ အဓိကအကြောင်းအရင်းက ကိုးယောက်မြောက် သခင်လေးကို လက်တုန့် ပြန်ချင်တာကြောင့်ပဲမလား”

“မင်းရဲ့ ခွေးပါးစပ်ကို ပိတ်ထားလိုက်စမ်း”

“ငါက အမှန်ကို ပြောနေတာလေ။ ရှင်းရှင်း ပြောရရင် မင်းတို့ ရှန်နဲ့ နန်မိသားစု နှစ်ခုစလုံးက ဦးနှောက်ကော ရှိသေးရဲ့လား။ ရန်မိသားစုရဲ့ သခင်လေး တစ်ယောက်ကိုများ သွားပြီး လက်တုန့် ပြန်ချင်နေသေးတယ်။ မင်းတို့ ခွေးမျက်လုံးတွေကို သေချာဖွင့်ပြီး အမှန်တရားကို မြင်အောင် ဘာလို့ သေချာမကြည့်ကြည့်တာလဲ။ ဒုတိယသခင်လေး အမွေခံတိုက်ပွဲကို နိုင်သွားရင်တောင် မင်းတို့ ရှန်နဲ့နန် မိသားစုက ကိုးယောက်မြောက် သခင်လေးကို ဘာလုပ်နိုင်မှာ မို့လို့လဲ။ အများဆုံးမှာ မကျေမနပ်နဲ့ သူ့နောက်ကွယ်မှာ ကျိန်ဆဲနေရုံပဲ တတ်နိုင်မှာကို”

“မင်းက နန်မိသားစုကလား” သူတို့နှစ်ယောက် ငြင်းခုံနေတဲ့ အချိန်မှာပဲ အေးစက်စက်အသံတစ်သံက အားလုံး နားထဲ ပျံ့လွင့်လာခဲ့တယ်။

နန်ရှန်းဘက်က ခုခံပြောဆိုနေပေးတဲ့ ကျင့်ကြံသူက ခေါင်းမော့ပြီး အော်ပြောလိုက်လဲ “နန်မိသားစုက ဖြစ်တော့ ဘာဖြစ်လဲ”

ထိုစကားကို ပြေားပြီးလိုက်တာနဲ့ သွေးနီရောင် ပွင့်ချပ်တစ်ခုက သူ့ခေါင်းကို ဖောက်ထွက်သွားခဲ့တယ်။ အားလုံးက ထိုမြင်ကွင်းကို ငေးကြောင်ကြည့်နေခဲ့ပြီး ချက်ချင်းဆိုသလိုပဲ သူတို့အကုန်လုံးရဲ့ မျက်နှာတွေ သေးဆုတ်ဖြူလျော် သွားခဲ့ပါတော့တယ်။ သူတို့ရဲ့ နှလုံးထားထဲ မှတ်ကျောက်တင်ထားတဲ့ အိမ်မက်ဆိုးကြီးက အားလုံးခေါင်းထက် ဝဲနေခဲ့လေပြီ။

“က… ကို… ကိုးယောက်မြောက် သခင်လေး” နန်မိသားစုက ကျင့်ကြံသူကို သတ်လိုက်တဲ့ လူရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ပြီးနောက် အကုန်လုံး ကြောက်ရွံ့မှုကြောင့် တုန်ရီသွားခဲ့ကြပြီး ရန်ကိုင်ကို ကြောက်လန့်တကြား ငေးစိုက်ကြည့်လိုက်ကြတယ်။

ရန်ကိုင် သူတို့နောက်ကို လိုက်လာလိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ မထင်မှတ်ထားခဲ့ကြပါဘူး။

ထိုလူနှစ်ဆယ် အဖွဲ့ထဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ရောက်နေတဲ့ ပညာရှင် တစ်ယောက်ပဲ ရှိပါတယ်။ ပြီးတော့ ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်က အဆင့်၃ပဲ ရောက်သေးတဲ့ ကျပန်း အင်အားစု တစ်ခုကပါ။

ရန်ကိုင် ရုတ်တရက်ကြီး ထွက်ပေါ်လာတာကို မြင်တွေ့လိုက်တာနဲ့ အားလုံရဲ့ အကြည့်က အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်ဆီ ရောက်ရှိသွားခဲ့တယ်။

သို့ပေမယ့် ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်ကတော့ တုန်တုန်ရီရီနဲ့ တံတွေးတစ်လုတ် မျိုးချလိုက်ပါတယ်။

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်သာ ဖြစ်နေပေမယ့် သူ့ရဲ့ တိုက်ပွဲစွမ်းရည်က အရမ်းကို သာမန်ဆန်လွန်းပါတယ်။ လျူချင်းယောင်နဲ့ လက်ရည်တူ ယှဉ်တိုက်နိုင်တဲ့ ရန်ကိုင်ရှေ့မှာ သူဟာ စဉ်းတီတုံးပေါ် ရောက်နေတဲ့ ငါးတစ်ကောင်နဲ့ မခြားပါဘူး။

သူကို စိတ်သက်သာရာ ရသွားစေတဲ့ အချက်က ရန်ကိုင်က နန်မိသားစုက ကျင့်ကြံသူကို သတ်ပြီးတာနဲ့ ကျန်တဲ့လူတွေ အကုန်လုံးကို ဆက်မသတ်သေးတာပါပဲ။ ရန်ကိုင်က ထိုလူတွေကို စိုက်ကြည့်ကာ မေးလိုက်တယ် “နန်နဲ့ ရှန်မိသားစုက အခြား ဘယ်သူတွေ ရှိသေးလဲ”

ရန်ကိုင် ဘာလုပ်ချင်နေလဲ ဆိုတာကို လူနှစ်ဆယ်ကျော်စလုံး ရုတ်တရက် နားလည်သွားခဲ့တယ်။

မတရားမှုရှိရင် အပြစ်ပေးခံရနိုင်သလို အကြွေးရှိရင်လည်း ပြန်ဆပ်ရပါမယ်။ ကိုးယောက်မြောက် သခင်လေးက နန်နဲ့ရှန်မိသားစုက တစ်ယောက်မကျန်ကို သတ်ဖြတ်ချင်နေတဲ့ပုံပါပဲ။

ဘယ်သူမှ ပြန်မဖြေရဲခဲ့ပါဘူး။ အပိုစကားတွေ ပြောမိပြီး ရန်ကိုင် ဒေါသထွက်သွားမှာကို သူတို့အားလုံး ကြောက်လန့် နေခဲ့ကြပါတယ်။

Martial Peak

အပိုင်း(၅၁၅) လိုက်မှီလာပြီ

ရန်ကိုင် မေးတာကို ဘယ်သူမှ ပြန်မဖြေခဲ့ပါဘူး။ တိတ်ဆိတ်မှုထဲ ထိုလူတွေရဲ့ နှလုံးခုန်သံကိုသာ ကြားနေခဲ့ရတယ်။

တစ်ခဏကြာအောင် စောင့်နေပြီးနောက် ထိုလူတွေဆီက ပြန်ဖြေသံမကြားရတဲ့အတွက် ရန်ကိုင်လည်း စိတ်မရှည် နိုင်တော့ပဲ အေးစက်စက်နဲ့ ပြောလိုက်တယ် “ဘယ်သူမှ မပြောဘူးဆိုရင် ခင်ဗျားတို့ အားလုံး‌ သေရလိမ့်မယ်။ ပြောရင် အသက်ချမ်းသာပေးမယ်”

“သူ၊ သူက ရှန်မိသားစုကပါ” လူအုပ်ထဲမှာ ရှိနေတဲ့ တစ်ယောက်က အနားမှာရှိနေတဲ့ လူတစ်ယောက်ဆီ လက်ညိုးထိုးပြလိုက်တယ်။

ဖော်ထုတ်ခံလိုက်ရတာနဲ့ ထိုလူလည်း ကြောက်လန့် တကြားထအော်ပြီး ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။

ကံမကောင်းစွာနဲ့ ခြေတစ်လှမ်းပဲ လှမ်းပြီးတဲ့အချိန်၌ သွေးနီရောင်ပွင့်ချပ်တစ်ခုက သူ့နောက်စေ့ကို ဖောက်ထွက် သွားခဲ့တယ်။

ပြေးနေရင်း အရှိန်ကြောင့် ထိုလူ မြေကြီးပေါ် လဲကျတဲ့ အခါ နှစ်ပတ်သုံးလေးပတ်လောက် လှိမ့်သွားခဲ့ရပါတယ်။

“ထပ်ရှိသေးလား” ရန်ကိုင် နောက်တစ်ကြိမ် ထပ်မေးလိုက်တယ်။

အားလုံး ပြိုင်တူ ခေါင်းခါလိုက်ကြတယ်။ အဖွဲ့ထဲ မိသားစုနှစ်ခုက ပညာရှင်တွေ ထပ်မရှိတော့ကြောင်း သိလိုက်ရတာနဲ့ ရန်ကိုင်က လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အဝေးတစ်နေရာဆီ ချက်ချင်း ပျံသန်း ထွက်သွားလိုက်တယ်။

ရန်ကိုင်က သူ့စကားအတိုင်း ရှန်နန်မိသားစုက လူတွေကိုသာသတ်ပြီး သူတို့ကို အသက်ချမ်းသာပေးခဲ့မှန်း မြင်လိုက်ရတော့မှပဲ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အကုန်လုံး စိတ်သက်သာရာ ရသွားခဲ့ပြီး မြေကြီးပေါ် ခြေပစ်၊လက်ပစ် ထိုင်ချလိုက်ကြတယ်။ သူတို့နဖူးထက် ချွေးစေးတွေ တောက်တောက် ကျနေခဲ့ပြီး လေအေးတစ်ချက်က သူတို့ ခန္ဓာကိုယ်တွေကို မသိမသာလေး တုန်ရင်သွားစေခဲ့တယ်။

“စစ်ပွဲမြို့တော်မှာ နောက်တစ်ကြိမ် ထပ်မတွေ့ရစေနဲ့” အဝေးတစ်နေရာဆီမှ ရန်ကိုင်ရဲ့အသံ သူတို့နားထဲ ပျံ့လွင့်လာခဲ့တယ်။

လူအုပ်ကြီးက ထိုင်ရာကနေ ချက်ချင်း ထခုန်လိုက်ပြီး အလျင်အမြန် ခေါင်းညိတ်လိုက်ကာ “ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ။ ကျုပ်တို့ကို နောက်တစ်ကြိမ် ထပ်မတွေ့ရစေပါဘူး”

ဘေးကပ်ဆိုးကြီးကနေ ကပ်သီသီလေး လွတ်မြောက် လာခဲ့ပြီးနောက် ဘယ်သူကမှ စစ်ပွဲမြို့တော်ဆီ မပြန်ရဲ ကြတော့ပါဘူး။ ဒီသတ်ဖြတ်ခြင်း နတ်ဘုရားကို သူတို့ထဲက ဘယ်သူမှ နောက်တစ်ကြိမ် ထပ်ရင်မဆိုင်ချင်တော့ပါဘူး။

ရန်ကိုင်တစ်ယောက်တည်းသာ ဒီလောက် သန်မာနေရင် သူ့စံအိမ်မှာ ရှိနေတဲ့ ပညာရှင်တွေဆိုရင်ရော။ အစကတော့ ဒီလူတွေ အကုန်လုံး ရန်ကျောင်းကို တော်တော်လေး အထင်ကြီးကြတာပါ။ များပြားလှတဲ့ လူအင်အားပေါ် မှီခိုပြီး အမွေခံတိုက်ပွဲကို ရန်ကျောင်း အနိုင်ရနိုင်မယ်လို့ သူတို့တွေ ယုံကြည်နေကြတာပါ။

ဒါပေမယ့် အခုတော့ ဘယ်သူကမှ အဲ့လို ထပ်မတွေးရဲ ကြတော့ပါဘူး။

မကြာခင်မှာပဲ၊ ၇၀ကီလိုမီတာ အကွာ၌၊ ရန်ကိုင်က နန်ရှန်နဲ့ ရှန်မိသားစု နောက်ထပ်ပညာရှင် ၃ယောက်ကို ထပ်မံသတ်ဖြတ်ခဲ့တယ်။ ကြောက်လန့်တုန်လှုပ်နေတဲ့ ကျင့်ကြံသူအဖွဲ့တွေကို ထားရစ်ခဲ့ကာ မိုးကုတ်စက်ဝိုင်း အောက် နောက်တစ်ကြိမ် ထပ်မံပျောက်ကွယ် သွားခဲ့ပြန်တယ်။

ရန်ကိုင်က လူသတ်ရတာကို မပျော်မွေ့ပေမယ့် ရက်စက်ရမယ့် နေရာမှာ ရက်စက်ပြီး ညှာတာရမယ့် နေရာမျိုးမှာ ညှာတာပေးပါတယ်။

ချူနဲ့ခန်မိသားစုက အင်မော်တယ် တက်လှမ်းခြင်း အဆင့် ပညာရှင်လေးယောက်ကို မသတ်ဖို့ စုယန်အား တားခဲ့သလိုပေါ့။ အဲ့ဒါက မိသားစုကြီး ရှစ်ခုကြားက ရှုပ်ထွေးပွေလီလှတဲ့ ဆက်ဆံရေးကြောင့်လည်း ပါတယ်ဆိုရင် မမှားပါဘူး။

ဒါပေမယ့် ဒီတစ်ကြိမ်တော့ ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်ရဲ့ လုပ်ရပ်က သူ့သည်းခံနိုင်စွမ်းကို ကျော်လွန် သွားခဲ့ပါတယ်။

အမွေခံတိုက်ပွဲ စကတည်းက ထိုနှစ်ယောက်က သူနဲ့ သူ့အဖွဲ့သားတွေကို သီးသန့်ကြီး လိုက်ပစ်မှတ်ထား နေပေမယ့် အမွေခံတိုက်ပွဲမှာ ရန်သူအချင်းချင်း တွေ့တဲ့အခါ နှစ်ဖက်စလုံးမှာ အသေအပျောက်ဆိုတာ မလွဲမသွေ ရှိလာမှာ ဖြစ်တဲ့အတွက် ထိုနှစ်ယောက်ကို ရန်ကိုင် စိတ်ထဲမထားခဲ့ပါဘူး။

ဒါပေမယ့် ဒီတစ်ကြိမ်ကတော့ ကွာခြားသွားခဲ့ပါပြီ။ ထိုလူတွေက ကောင်းကင်စံအိမ်ရဲ့ နောက်ဆုံးလက်ကျန် အုတ်မြစ်ဖြစ်သလို ကောင်းကင်စံအိမ် ပြန်လည်ရှင်သန် လာနိုင်မယ့် မျှော်လင့်ချက်ကိုလည်း ကိုယ်စားပြုပါတယ်။

ပြီးတော့ တိုက်ပွဲမစခင်ကတည်းက ခန်ကျန်းနဲ့ သူသဘောတူထားခဲ့ပါတယ်။ ဒါကိုတောင် နန်ရှန်းနဲ့ ရှန်ချူက ထိုလူတွေအပေါ် လှုပ်ရှားခဲ့ပါတယ်။

ဘာတွေဖြစ်ပျက်ခဲ့မှန်း သိလိုက်တာနဲ့ ရှန်နဲ့နန် မိသားစုက ဘယ်သူ့ကိုမှ အသက်ရှင်လျှက် လွှတ်မပေးဘူးလို့ ရန်ကိုင် သန္နိဠာန်ချလိုက်တယ်။

ထိုမိသားစုနှစ်ခုကို အသုံးပြုပြီး ကောင်းကင်စံအိမ်ကို လာထိတဲ့လူမှန်သမျှ သူ့အမျက်ဒေါသကို ရင်ဆိုင် ရမယ်လို့ ဒီလောကကြီးမှာ ရှိတဲ့လူအားလုံးကို သတိပေးချင်နေတာပါ။

ထွက်ပြေးနေတဲ့ အမျိုးမျိုးသော အဖွဲ့ဝင်တွေနောက် လိုက်ရင်း လမ်းမှာတွေ့သမျှ ရှန်နဲ့နန် မိသားစုမှ ပညာရှင်တွေ အကုန်လုံးကို တစ်ယောက်မကျန် သတ်ပစ်ခဲ့ပါတယ်။ နည်းနည်းလေးတောင် မညှာတာ ပေးခဲ့ပါဘူး။ သူပျံသန်းသွားတဲ့ လမ်းတစ်လျှောက်ကို သွေးနဲ့ခင်းသွားခဲ့ပါတယ်။

တစ်ရက်လုံးလုံး လိုက်လံဖမ်းဆီးနေပြီး ကီလိုမီတာ ၃၀၀၀လောက် ပျံသန်းပြီးနောက်ဆုံးမှာတော့ ရှန်ချူနဲ့ နန်ရှန်းကို သူလိုက်မှီသွားခဲ့ပါတယ်။

နှစ်ယောက်စလုံး အဖွဲ့တစ်ခုနဲ့ စစ်ပွဲမြို့တော်ဆီ မနားတမ်း ပြေးလွှားနေခဲ့ကြပါတယ်။ အခုအချိန်၌ သူတို့ရဲ့ အစစ်အမှန်ချီတွေက ကုန်ဆုံးလုလု ဖြစ်နေပြီး သူတို့ရဲ့ အသက်ရှူသံတွေကလည်း တဖြည်းဖြည်းနဲ့ ကြမ်းတမ်း လာနေခဲ့ပါတယ်။

စစ်ပွဲမြို့တော်ဆီ ပြန်ရောက်တာနဲ့ သူတို့အသက်ကို လုံခြုံစိတ်ချရပြီလို့ ထင်ထားတဲ့အတွက်ကြောင့် ဘာမတော်တဆ အဖြစ်အပျက်မှ မဖြစ်ပျက်ရလေအောင် နည်းနည်းလေးတောင် အနားယူခြင်းမရှိပဲ တောက်လျှောက် ပြေးလွှားနေခဲ့ပါတယ်။ ဒါပေမယ့် စစ်ပွဲမြို့တော် မရောက်သေးခင်မှာပဲ ရန်ကိုင် သူတို့ကို လိုက်မှီလာလိမ့် မယ်လို့ ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်စလုံး မမျှော်လင့် ထားခဲ့ကြပါဘူး။

သူတို့ဆီ ချဉ်းကပ်လာနေတဲ့ သတ်ဖြတ်လိုသည့်၊ သွေးဆာနေသည့် အရှိန်အဝါကို ခံစားမိလိုက်တာနဲ့ အဖွဲ့ထဲမှာ ရှိနေတဲ့လူအားလုံး နောက်ပြန်လှည့်ကြည့် လိုက်တဲ့အခါ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အလန့်တကြား ထအော်ပါတော့တယ် “ကိုးယောက်မြောက် သခင်လေး ငါတို့ကို လိုက်မှီလာပြီ”

“ဘာ” နန်ရှန်းနဲ့ ရှန်ချူတို့ နှစ်ယောက်စလုံး ကြောက်ရွံ့မှုကြောင့် သွေးဆုတ်ဖြူလျော်သွားခဲ့တယ်။ လှည့်ကြည့်လိုက်တဲ့အခါ ရန်ကိုင်ပုံရိပ်ဟာ နီရဲနေတဲ့ ဥက္ကာပျံတစ်စင်းလို သူတို့ဆီ တစ်ဟုန်ထိုး ပျံသန်းလာနေတာကို ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်စလုံး တွေ့လိုက်ရတယ်။

“သူရူးသွားပြီလား” နန်ရှန်းက ရန်ကိုင်ပုံရိပ်ကို ငေးကြောင် စိုက်ကြည့်နေလိုက်ရင်း “ကောင်းကင်စံအိမ်က တပည့်လေးတစ်ယောက် ဒဏ်ရာရသွားရုံအတွက်နဲ့ ဒီလောက်တောင် ဖြစ်နေရလားကွာ”

ရှန်ချူရဲ့ အမူအရာလည်း မည်းမှောင်သွားခဲ့တယ်။ သူ့မျက်နှစ်တစ်ခုလုံး သွေးမရှိတော့သည့်အလား ဖြူလျော် နေခဲ့ပြီး အလိုလို ခေါင်းညိတ်လိုက်ရင်း “ဒီတစ်ကြိမ် သူ့ရဲ့ အောက်စည်းကို ငါတို့ ကျော်မိလိုက်ပြီနဲ့တူတယ်”

“ဂျူနီယာညီလေးရှန်၊ ငါတို့ အခုဘာလုပ်ကြမလဲ” နန်ရှန်းမျက်နှာ တစ်ခုလုံး ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့ပြီး “တစ်ခုခု မြန်မြန်တွေးပါဦး”

“စစ်ပွဲမြို့တော်ဆီ ပြန်ဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ဘူး။ ဒုတိယသခင်လေးစံအိမ်ဆီ ပြန်ရောက်သရွေ့ ငါတို့ အသက်ရှင်နိုင်သေးတယ်” ရှန်ချူက အံတင်းတင်း ကြိတ်လိုက်ပြီး သွားနေတဲ့အရှိန်ကို အသည်းအသန် မြှင့်တင်လိုက်တယ်။

နန်ရှန်း ရက်ရက်စက်စက် ကြိတ်ကျိန်ဆဲလိုက်တယ်။ ရှန်ချူပြောတဲ့ မရှိတာနဲ့ ဘာမှ မခြားနားပါဘူး။ ဒါပေမယ့် အသံထွက်ပြီး အထွန့်တက်မနေခဲ့ပါဘူး။ အရေးအကြီးဆုံး အချက်က ရန်ကိုင် လိုက်ဖမ်းနေတာကနေ လွတ်မြောက် နိုင်ဖို့ပါ။

တစ်ရက်တိုင်တိုင် မရပ်မနား ပြေးလွှားခဲ့ကြပြီးနောက် ဒီအဖွဲ့သားတွေက ဆီကုန်နေတဲ့ မီးအိမ်တွေလို ဖြစ်နေပါပြီ။ အခုအချိန်၌ ရန်ကိုင်က သူတို့ကို မှီလာတော့မှာကို မြင်တော့ ရန်ကိုင် လိုက်မမှီခင် စစ်ပွဲမြို့တော်ကို ရောက်နိုင်လိမ့်မယ် လို့ သူတို့ထဲက ဘယ်သူမှ ယုံကြည်ချက် မရှိတော့ပါဘူး။

သူက ဘယ်လိုမွန်းစတားမျိုးလဲ၊ သူ့ရဲ့ အစစ်အမှန်ချီက အကန့်အကတ်ပဲ မရှိတာလား။ ဒီလောက် အချိန်အကြာကြီး လိုက်ပြီးနောက် သူ့ရဲ့ သတ်ဖြတ်လိုစိတ် က နည်းနည်းလေးတောင် အားမနည်းသွားခဲ့ပါဘူး။ တကယ်တော့ အရင်ကထက်ပိုပြီး ပြင်းထန်သွေးဆာ လာတယ်လို့ ပြောရင်တောင် မှန်ပါလိမ့်မယ်။ သူ့ရဲ့ တိုက်ခိုက်လိုစိတ်က အထွတ်အထိပ်အထိကို ရောက်ရှိ နေခဲ့ပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူက လက်လျှော့လိမ့်မှာ မဟုတ်ပါဘူး။

စောဒကတက်ဖို့ အချိန်မရှိတာနဲ့ နန်ရှန်းလည်း အစစ်အမှန်ချီ ပြန်ဖြည့်ဆေးလုံး အနည်းငယ်ကို အလျင်အမြန် ထုတ်ယူသောက်သုံးလိုက်ပြီးနောက် အရှိန်ကုန် တင်ကာ ထပ်ပြေးပါတော့တယ်။

“မင်းတို့ မလွတ်စေရဘူး” ရန်ကိုင်ရဲ့ အသံက သူတို့နောက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ ထိုအသံကို ကြားလိုက်တဲ့လူတိုင်း သူတို့နှလုံးသားကို လက်အေးကြီးတစ်ဖက်က ဆုပ်ကိုင်လိုက်သလို ခံစား လိုက်ရပြီး “ရှန်မိသားစု၊ နန်မိသားစု၊ မင်းတို့ထဲက ဘယ်သူကမှ အသက်မရှင်စေရဘူးကွ”

“ကိုးယောက်မြောက်သခင်လေး၊ ကျုပ်တို့တွေက ရှန်နဲ့န် မိသားစုဝင်တွေ မဟုတ်ကြပါဘူး” အင်အားစု ခုနှစ်ခုထဲက လူငယ်ခေါင်းဆောင်တစ်ယောက်မှာ ရန်ကိုင် ဆီကနေ ထွက်ပေါ်နေတဲ့ ထိတ်လန့်ကြောက်ရွံ့ဖွယ် ဖိအားကို ဆက်ပြီးမတောင့်ခံနိုင်တော့တာကြောင့် ခပ်မြန်မြန်ပဲ အော်ပြောလိုက်တယ်။

“အဲ့လိုဆိုရင် မင်းနားမှာ ရှိနေတဲ့ ရှန်နဲ့နန်မိစုသားစုက လူတွေကို သတ်ပစ်လိုက်။ ငါမင်းတို့အသက်ကို ချမ်းသာပေးမယ်”

ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်စလုံး သူတို့ဘေးနားက လူတွေကို အထိတ်တလန့်နဲ့ လှည့်ပတ်ကြည့်လိုက်ကြတယ်။ ထိုလူတွေက ရန်ကိုင်စကားကို နားထောင်ပြီး သူတို့တွေကို ထသတ်မှာကို ရှန်ချူနဲ့ နန်ရှန်းတို့ ကြောက်နေကြတာပါ။

ဒီတစ်ခေါက် တာဝန်အတွက် ရှန်နဲ့နန်မိသားစုက စုစုပေါင်း လူ၇၀လွှတ်လိုက်ပါတယ်။ ဒါပေမယ့် ရန်ကိုင်ရဲ့ လျှပ်စီးနဂါးတွေကြောင့် လူတော်တော်များများ သေဆုံး သွားခဲ့ကြပြီး အသက်ရှင်ကျန်ရစ်တဲ့လူတွေကလည်း မြင်မြင်ရာ အရပ်ဆီ တကွဲတပြား ထွက်ပြေးသွားခဲ့ပါတယ်။ ထို့ကြောင့် အခုအဖွဲ့ထဲ၌ ရှန်နဲ့နန် မိသားစုဝင် စုစုပေါင်း အယောက်၂၀ကျော်ပဲ ကျန်ရှိပါတော့တယ်။

ထိုလူတွေသာ ရန်ကိုင်ပြောတာကို နားယောင်ပြီး သူတို့ကို တိုက်ခိုက်မယ်ဆိုရင် ရှန်နဲ့နန်မိသားစုဝင်တွေ ကျိန်းသေ အသက်ရှင်သန်နိုင်လိမ့်မှာ မဟုတ်ပါဘူး။

ကံကောင်းသွားတာက ထိုလူတွေက ရန်ကိုင် ပြောတာကို ကြားလိုက်ပေမယ့် တုန့်ဆိုင်းနေမိ ကြပါသေးတယ်။ တကယ်တော့ ရှန်နဲ့နန် မိသားစုဝင် တွေဆိုတာ သူတို့တွေနဲ့ မဟာမိတ်တွေပဲလေ။ ရန်ကိုင်ရဲ့ စကားသက်သက်ကြောင့် သူတို့အဖွဲ့သားရဲ့ နောက်ကျောကို ဓါးနဲ့ပြန်ထိုးဖို့ တုန်ဆိုင်းနေမိတာ သဘာဝပါပဲ။

အားလုံးတုန့်ဆိုင်းနေတာကို မြင်လိုက်တာနဲ့ ရှန်ချူက အလျင်အမြန်ပဲ ပြန်အော်ပြောလိုက်တယ် “ရောင်းရင်းတို့၊ အစ်ကိုနန်နဲ့ငါက ပထမအဆင့် အင်အားစုတွေရဲ့ အမွေဆက်ခံသူတွေနော်။ မင်းတို့သာ ငါတို့ကို သတ်လိုက်မယ် ဆိုရင် ဘယ်လိုအကျိုးဆက်တွေကို ရင်ဆိုင်ရမလဲ ဆိုတာကို မင်းတို့ သိလောက်မှာပါ”

တုန့်ဆိုင်းနေတဲ့ လူတွေအကုန်လုံး ရှန်ချူစကားကြောင့် အသိပြန်ဝင်လာခဲ့တယ်။ သူတို့တွေက အစကတည်းက ရန်သူတွေဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် သတ်ကြရင် ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် သူတို့တွေ အကုန်လုံးက ရန်ကျောင်းရဲ့ မဟာမိတ်တွေဖြစ်နေကြပါတယ်။ သေရမှာကို ကြောက်လို့ အဖွဲ့သားအချင်းချင်းကို သစ္စာဖောက် နောက်ကျောကို ဓါးနဲ့ထိုးတဲ့ သတင်းသာ ပြန့်သွားခဲ့ရင် သူတို့ရဲ့ မိသားစုနဲ့ ဂိုဏ်းတွေကို ငကြောက်တွေ၊ သစ္စာဖောက်တွေအဖြစ် ခေါင်းစဉ်တပ်ကြပါလိမ့်မယ်။ သူတို့ထဲက ဘယ်သူကမှ အခုလိုမျိုး အဖြစ်မခံနိုင်ပါဘူး။

သူတို့ရဲ့ အသက်နဲ့ယှဉ်ရင် သူတို့ အင်အားစုတွေရဲ ဂုဏ်သိက္ခာက ပိုပြီးအရေးကြီးပါတယ်။

ပြီးတော့ သူတို့တွေ စစ်ပွဲမြို့တော် မရောက်ခင် ရန်ကိုင် သူတို့နောက်ကို လိုက်မှီလာလိမ့်မယ် ဆိုတဲ့အချက်က ပြောရခက်ပါတယ်။ မှီသွားခဲ့ရင်တောင် ရန်ကိုင်က နန်နဲ့ ရှန်မိသားစုက အဖွဲ့ဝင်တွေကို တိုက်ခိုက်နေတဲ့အချိန် လစ်ထွက်ပြေးလို့ ရပါသေးတယ်။

“သခင်လေးနန်၊ သခင်လေးရှန်၊ စိတ်ချထားပါ။ ကျုပ်တို့ ခင်ဗျားကို ဘယ်တော့မှ သတ်မှာမဟုတ်ပါဘူး” တစ်ယောက် ယောက်က အမှန်တရား ဘက်တော်သား တစ်ယောက်ရဲ့ လေသံမျိုးနဲ့ ပြောလိုက်တယ်။

“အရမ်းကောင်းတယ်” ရှန်ချူ ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ အခုမှတော့ သူတော်တော်လေး စိတ်သက်သာရာ ရသွားခဲ့တယ်။

နောက်မှာ ရှိနေတဲ့ ရန်ကိုင်က သူတို့ပြောတာတွေ အကုန်လုံးကို ကြားလိုက်ရသည့်အလား အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး ထပ်အော်ပြောလိုက်တယ် “မင်းတို့တွေက ရှန်နဲ့နန်မိသားစုက ခွေးတွေကို မသတ်ချင် မှတော့ ငါမင်းတို့ကို တွန်းအားမပေးတော့ပါဘူး။ မင်းတို့သာ ရှန်ချူနဲ့ နန်ရှန်းကို ထွက်မပြေးအောင်လို့ ဟန့်တားထား ပေးနိုင်ရင် ငါမင်းတို့ကို ပြဿနာရှာမှာ မဟုတ်ဘူး။ ငြင်းမယ် ဆိုရင်တော့ မင်းတို့ထဲက ဘယ်သူမှ မနက်ဖြန် နေထွက်တာကို မမြင်ရစေရဘူး”

ပြေလျော့သွားတဲ့ လေထုက နောက်တစ်ဖန် ထပ်မံ တင်းမာလာခဲ့ပြန်တယ်။

ဒီတစ်ကြိမ် ရန်ကိုင်ပေးတဲ့ ကမ်းလှမ်းချက်က ရိုးရှင်းရုံ မက လွယ်လည်းလွယ်ပါတယ်။ တကယ်တော့ သူတို့တွေက ရှန်ချူနဲ့ နန်ရှန်းကို အနည်းငယ်လေး နှောင့်နှေးသွားအောင် လုပ်ရုံပဲလေ။ သူတို့သာ ထိုလူတွေကို ကိုယ်တိုင် မသတ်သရွေ့ သစ္စာဖောက်ရာလည်း မကျတော့ပါဘူး။

ရှန်ချူနဲ့ နန်ရှန်းတို့လည်း ထိုအချက်ကို သတိပြုမိပါတယ်။ ထို့ကြောင့် သူတို့တွေကို ဦးဆောင်ပြီး ကျန်တဲ့အဖွဲ့သားတွေဆီကနေ အလျင်အမြန် ခွဲထွက် သွားလိုက်တယ်။

နန်ရှန်းက ဒေါသတကြီးနဲ့ ရန်ကိုင်ဆီ ပြန်အော်ပြော လိုက်တယ် “ရန်ကိုင်၊ မင်းကိုယ်မင်း အရမ်းကြီး ကြီးမြတ်တယ်လို့ ထင်နေတာလား။ မင်းရဲ့ အဆင့်အတန်း ကြောင့်သာ မဟုတ်ရင် ဒီသခင်လေးက မင်းအရှက်ခွဲတာကို ဒီအတိုင်း ငြိမ်ခံနေမယ်လို့ ထင်နေလား”

နန်ရှန်းပြောတာကို ကြားလိုက်တဲ့အခါ ရန်ကိုင်က အေးစက်စက်နဲ့သာ ပြန်ပြီး လှောင်ပြောင်လိုက်တယ် “ငါက မင်းထိုက်ဖန်းတောင်မှာတုန်းက သင်ပေးခဲ့တဲ့ အရာကိုပဲ ပြန်လုပ်ပြနေတာလေ။ မင်းနဲ့ ရှန်ချူက ငါ့ကို အကြိမ်ပေါင်း များစွာ အကွက်ချကြံစည်ပြီး ငါ့နားမှာ ရှိနေတဲ့လူအားလုံးကို စိတ်ကြိုက်အနိုင်ကျင့်နေတုန်းက ဘာလို့ ဒီစကား မပြောတာလဲ။ ထိုက်ဖန်းတောင်မှာတုန်းက မင်းတို့ကိုယ် မင်းတို့ နတ်ဘုရားတွေလို အထက်စီးဆန်ဆန်နဲ့ ဝံ့ကြွားနေကြတာ မဟုတ်ဘူးလား။ မင်းတို့ သတ်ချင်တဲ့လူရှိရင် သတ်ပစ်လိုက်တယ်၊ ဘာကို ဂရုစိုက်နေလို့လဲ။ အခု မိသားစုကြီးက သခင်လေး တစ်ယောက်နဲ့ ရင်ဆိုင်လည်း ရင်ဆိုင်ရရော မင်းတို့တွေ အကုန်လုံး အမြီးကုတ်ပြီး ထွက်ပြေးရုံပဲ တတ်နိုင်တော့တာ မလား”

ရန်ကိုင်ရဲ့ ချိုးချိုးဖဲ့ဖဲ့ လှောင်ပြောင်စကားကို ကြားလိုက်တဲ့အခါ နန်ရှန်း ဘာတစ်ခွန်းမှ ပြန်မပြော နိုင်တော့ပါဘူး။

ထိုက်ဖန်းတောင်မှာတုန်းက သူတကယ်ကို အထက်စီးဆန်ဆန်နဲ့ ပြုမူခဲ့ပါတယ်။ ရန်ကိုင်၊ မုန်တိုင်း စံအိမ်နဲ့ သွေးတိုက်ပွဲဂိုဏ်းက အဖွဲ့သားတွေကို အနိုင်ကျင့်၊ ဖိနှိပ်ရုံမကလို့ ဟူညီအစ်မနှစ်ယောက်ကိုပါ ရှန်ချူရဲ့ ကိုယ်လုပ်တော် လုပ်ခိုင်းလိုက်ပါသေးတယ်။

အဲ့အချိန်တုန်းက တုဖုန်းနဲ့ တန်ယုရှန်းတို့ အချိန်မှီ ရောက်လာပြီး ရန်ကိုင် ဘယ်သူလဲ ဆိုတာကို ဖော်ထုတ် လိုက်တာ ကံကောင်းသွားပါတယ်။ ထို့ကြောင့် နန်ရှန်းနဲ့ ရှန်ချူတို့ နှစ်ယောက်စလုံး အရင်ကလို မမောက်မာ နိုင်ကြတော့တာပါ။ မဟုတ်ရင် တိုက်ပွဲပြီးတဲ့နောက် သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ် နှစ်ခုလုံးလုံး ပြင်းပြင်း ထန်ထန်ကို အထိနာသွားမှာပါ။ ရန်ကိုင်တောင် လွတ်မြောက် နိုင်ခဲ့ရင် ပေးဆပ်ရတဲ့ တန်ဖိုးက သေးလိမ့်မှာ မဟုတ်ပါဘူး။

အခုအချိန်က ကြွေးမြီဟောင်းတွေကို ရှင်းဖို့ အချိန်ပါပဲ။ ထိုသောက်ရူးနှစ်ကောင်နဲ့ သူဆက်ပြီး ဇယားရှုပ်မနေချင် တော့ပါဘူး။

“မကောင်းတော့ဘူး၊ ကိုးယောက်မြောက် သခင်လေး လိုက်မှီလာပြီ” လူအုပ်ကြီးထဲက တစ်ယောက်ယောက်က အော်ပြောလိုက်တယ်။

ထိုစကားကို ကြားလိုက်တာနဲ့ အဖွဲ့ထဲမှာ ရှိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး ချက်ချင်း နောက်လှည့် ကြည့်လိုက်ကြတယ်။ ရန်ကိုင်နဲ့ နန်ရှန်းတို့ စကားပြောနေစဉ် အတွင်းမှာပဲ ရန်ကိုင်နဲ့ သူတို့ကြားက အကွာအဝေး သိသိသာသာ ကျဉ်းမြောင်းသွားခဲ့တာကို သူတို့ အကုန်လုံး သတိပြုမိလိုက်တယ်။ ဒီနှုန်းနဲ့ဆိုရင် စစ်ပွဲမြို့တော်ဆီ မရောက်သေးခင်မှာပဲ ရန်ကိုင် သူ့တို့ကို လိုက်မှီလာနိုင်ပါတယ်။

ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်စလုံး ထိတ်လန့် ချောက်ချားသွားခဲ့ကြတယ်။

ရန်ကိုင်က သူတို့အား တိုက်ခိုက်ပြင်နေတာကို ခံစား မိလိုက်တာနဲ့ အဖွဲ့ထဲမှာ ရှိနေတဲ့ လူအားလုံး ကူကယ်ရာ မဲ့သွားခဲ့ကြတယ်။ အရိုးဒိုင်းက ထုတ်လွှတ်လိုက်တဲ့ ကြောက်မက်ဖွယ်ရာ လျှပ်စီးနဂါးတွေကို သူတို့စိတ်ထဲ ထင်ထင်ရှားရှားကြီးကို မှတ်မိနေပါသေးတယ်။ အားလုံးက ကိုးယောက်မြောက်သခင်လေးရဲ့ အံ့ဩဖွယ်နည်းလမ်း တွေကို ကြောက်လန့်နေကြတာပါ။

ရွှစ်… ရွှစ်… ရွှစ်…

အားလုံးရဲ့ နောက်ဘက်မှ ပုံမှန်မဟုတ်တဲ့ ဓါးချီတို့ ပေါက်ကွဲထွက်လာခဲ့တယ်။

အစစ်အမှန်ချီဖြင့် ဖွဲ့စည်းထားသည့် ဓါးသွားပေါင်း ထောင်ကျော် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဧရာမ အစီအရင်ပုံစံ တစ်ခုအဖြစ် ဖွဲ့တည်သွားခဲ့ပြီး အောက်မှာ ရှိနေတဲ့လူတွေဆီ သားကောင်ကို သုတ်ချီတော့မယ့် သိမ်းငှက်တစ်ကောင်ပမာ ထိုးဆင်းလာခဲ့တယ်။

ဧရိယာတစ်ခုလုံးကိုပါ အကျိုးသက်ရောက်မှုရှိတဲ့ ဒီအကွာအဝေးရှည် တိုက်ခိုက်မှုက ထွက်ပြေးနေတဲ့ ပညာရှင်တွေ အားလုံးရဲ့ အမြန်နှုန်းကို နှောင့်နှေး သွားစေခဲ့တယ်။ အချို့ဆိုရင် နောက်ပြန်လှည့်ပြီး သူတို့ရဲ့ သိုင်းပညာရပ်တွေကိုသုံးကာ ထိုချီဓါးသွားတွေကို ခုခံလိုက်ရပါတယ်။

လှိုင်းလုံးပမာ တိုးဝင်လာတဲ့ ချီဓါးသွားတွေကို ခုခံပြီးနောက် အားနည်းတဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ကျင့်ကြံသူ များစွာက ဒဏ်ရာရရင်ရ၊ မရရင် ထွက်ပြေးဖို့အတွက် အရမ်းကို မောပန်းလွန်းနေလို့ မြေကြီးပေါ် လဲကျသွားခဲ့ရပါတယ်။

သူဘယ်လိုပဲပြေးပြေး ရန်ကိုင်ရဲ့ လက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်မှန်း သိလိုက်တာနဲ့ ရှန်ချူရဲ့ အမူအရာ ပိုပိုသုန်မှုန်သွားခဲ့တယ်။ သူတို့ရဲ့ အမြန်နှုန်းကြားမျာ ကွာဟချက် ကြီးကြီးမားမား ရှိနေခဲ့ပါတယ်။

“သူ့ကို အချိန်ဆွဲပေးဖို့ စီနီယာတို့ကိုပဲ အားနာနာနဲ့ တောင်းဆိုရတော့မယ်” အံတင်းတင်းကြိတ်ရင် ရှန်ချူက သူ့နားမှာရှိနေတဲ့လူတွေကို အော်ပြောလိုက်တယ်။

ထိုလူတွေက ရှန်နဲ့နန်မိသားစုက ခေါ်လာတဲ့ ပညာရှင်တွေထဲက နောက်ဆုံးလက်ကျန် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေပါ။ သူတို့ထဲက အားအကောင်းဆုံးတောင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပဲ ရောက်သေးပေမယ့် မိသားစုနှစ်ခုပေါင်း အရေအတွက်က စုစုပေါင်း လူ၇ယောက်အထိ ရှိနေခဲ့ပါတယ်။

All Chapters