← Chapters

အခန်း (၅၂၁-၅၂၅)

Vol. 21 Ch. 521-525

အခန်း (၅၂၁-၅၂၅)

Vol. 21 Ch. 521-525

အပိုင်း(၅၂၁) စိတ်စွမ်းအင်နယ်ပယ်

ထိုပေါက်ကွဲအားကို တောင့်ခံနေရသည့် ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူတွေရဲ့ မျက်နှာထက် အရမ်းကို ဖိအားဒဏ်ခံနေရသည့် အမူအရာတို့ ထွက်ပေါ် လာခဲ့တယ်။

တောင်ကြီးတစ်လုံးက သူတို့ရင်ဘတ်ပေါ် ဖိချနေသည့် အလား အသက်ရှူဖို့တောင် ခက်ခဲလာခဲ့တယ်၊ ဒူးတွေလည်း မခိုင်ချင်တော့၊ မြေကြီးပေါ်သာ ဒူးထောက်ချပစ်လိုက်ချင် တော့တဲ့အထိ ဖြစ်လာခဲ့တယ်။

နတ်ဆိုးအိုကြီး တစ်ယောက်ပဲ လှောင်ပြုံးပြုံးနေခဲ့တယ်။ သူ့မျက်ဝန်းထဲ ချီးကျူးသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ညစ်ပြုံးတစ်ခု သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့တယ်။

ဒီပြင်းထန်ပြီး မိစ္ဆာဆန်တဲ့ လေထုက သူ့အကြိုက်နဲ့ ကွက်တိပါပဲ။

“ပြေး၊ ပြေးကြတော့”

“အနက်ရောင် အငွေ့တွေဆီကနေ ဝေးရာကို ထွက်ပြေးကြ”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာပဲ။ သခင်ငယ်လေးက ဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့ စွမ်းအားကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားတာလဲ။ ငါပဲ အိမ်မက် မက်နေတာလား”

ရန်ကျောင်းစံအိမ်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး ထအော်ကြပါတော့တယ်။ ရန်ကိုင် ရှိနေသည့် နေရာသို့ မယုံကြည်နိုင်သည့်၊ ကြောက်လန့် တုန်လှုပ်နေသည့် အမူအရာတို့ဖြင့် ငေးစိုက်ကြည့်နေရင်း နတ်ဆိုးချီတိုက်စားခံရခြင်းမှ ကင်းလွတ်နိုင်ဖို့အတွက် မြင်မြင်ရာ အရပ်ဆီ ကျားဝင်ဆွဲခံရတဲ့ သိုးတစ်သိုက်ပမာ ထွက်ပြေးကြပါတော့တယ်။

ထိုရုတ်တရက် ပေါက်ကွဲထွက်လာတဲ့ စွမ်းအင်တွေက ခြံဝန်းတစ်ခုလုံးကို ပြန့်နှံ့သွားပြီးနောက်၊ အနက်ရောင်နဂါးက သူ့ပါးစပ်ကို ဖွင့်ပြီး စတင်ပြီး ရှူသွင်းပါတော့တယ်။ အနက်ရောင်ဝဲကတော့ တစ်ခု ဖြစ်တည်လာခဲ့ပြီး ရန်ကျောင်းနဲ့ သူ့သွေးစစ်သည်တော်ကို စတင်ဆွဲငင်ပါတော့တယ်။

အခုလိုဆွဲအားနဲ့ ရင်ဆိုင်ရတဲ့အခါ ရန်ကျောင်းမှာ နွံ့အိုင်ထဲ ကျသွားတဲ့ ကြောင်လေးတစ်ကောင်လို ဘာမှ မလုပ်နိုင်တော့ပါဘူး။ သွေးစစ်သည်တော်ကြောင့်သာ မဟုတ်ရင် နဂါးပါးစပ်ထဲရောက်ပြီး အရိုးတစ်ခြား အသားတစ်ခြား ဖြစ်နေ လောက်ပါပြီ။

သူနဲ့ သူ့ရဲ့ ကိုးယောက်မြောက်ညီလေးရဲ့ ခွန်အားက ဘယ်လောက်တောင် ကွာခြားမှန်း အခုမှပဲ ရန်ကျောင်း နားလည်သွားလိုက်တယ်။

ကောင်းကင်နဲ့ မြေပြင်နှစ်ခု ထိကပ်မရအောင် ကွာခြားနေသလို သူ့တစ်ဘဝလုံး ကြိုးစားရင်တောင် ကိုးယောက်မြောက် ညီလေးကို လိုက်မှီနိုင်မှာ မဟုတ်ဘူးလို့ ရန်ကျောင်း‌ တွေးလိုက်မိတယ်။

အငယ်ဆုံးညီငယ်လေးရဲ့ လောင်ရိပ်အောက် တစ်သက်လုံး နေထိုင်ရတော့မယ့် အကြောင်း စဉ်းစား မိလိုက်တာနဲ့ ရန်ကျောင်း စိတ်ဓါတ်ကျသွားခဲ့တယ်။ ခုခံရုန်းကန်နေရင်း၊ အမွေခံတိုက်ပွဲရော၊ ရန်မိသားစုပါ သူ့အတွက် ဘာအဓိပ္ပါယ်မှ မရှိတော့သလို ရန်ကျောင်း ခံစားလိုက်ရတယ်။

“ဒုတိယသခင်လေး” ရန်ကျောင်းရဲ့ ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေကို သတိပြုမိလိုက်တာနဲ့ သွေးစစ်သည်တော် အော်ဟစ်လိုက်တယ်။

“မိစ္ဆာချီရဲ့ သက်ရောက်မှု မခံရစေနဲ့” သွေးစစ်သည်တော်က အလျင်စလို သတိပေးလိုက်တယ်။

စိတ်ဓါတ်ကျနေသည့် အခြေအနေကနေ ရုန်းထွက် လာနိုင်ပြီးနောက် ရန်ကျောင်းတစ်ကိုယ်လုံး ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့တယ်။ သူက အလွယ်တကူ ရှုံးနိမ့်ကြောင်း ဝန်ခံမယ့် လူတစ်ယောက် မဟုတ်ပါဘူး။ အခုလိုမျိုး အဆိုးမြင် အတွေးတွေ တွေးလိုက်မိတာက မိစ္ဆာချီတွေရဲ့ သက်ရောက်မှု ခံလိုက်ရလို့ပါ။

သွေးစစ်သည်တော်ကြောင့် အသိပြန်ဝင်လာပြီးနောက် အခုလိုမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်ရစေဖို့ သူ့အသိစိတ်ကို သေချာကာကွယ်ထားလိုက်တယ်။

“ယုရှန်း” ရန်ကိုင် လှမ်းအော်လိုက်တယ်။

ကောင်းကင်ထက် တိုက်ပွဲရင်ဆိုင်နေတဲ့ တန်ယုရှန်း သူမပြိုင်ဘက်ကို အသာအယာလေး ပြုံးပြလိုက်ပြီး အံ့အားသင့်ဖွယ် ကောင်းကာ သန့်စင်သိပ်သည်းလှတဲ့ စိတ်စွမ်းအင်ထုကြီးကို ထုတ်လွှတ်လိုက်တယ်။ ထိုစိတ်စွမ်းအင်ထုကြီးက သူမရဲ့ ပြိုင်ဘက်ကိုသာမက အောက်ဘက်ရှိ တိုက်ပွဲကွင်းပြင်တစ်ခုလုံးကိုပါ ဖုံးလွှမ်းသွားခဲ့တယ်။

“အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉လား” တန်ယုရှန်းနဲ့ တိုက်ခိုက်နေတဲ့ သွေးစစ်သည်တော်က ထိတ်လန့်တကြား အော်ပြောလိုက်တယ်။

“အာ၊ နင်မြင်သွားပဲ” တန်ယုရှန်းက ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်မောလိုက်ပြီး “ငါက ခဏလောက်ကြာအောင် ထပ်ဖုံးထားချင်တာကို”

“ဒါပေမယ့် ဘယ်လိုလုပ်ပြီးတော့လဲ” သွေးစစ်သည်တော်က တန်ယုရှန်းကို အထက်အောက်စုံဆန် ကြည့်လိုက်ပြီး သူ့ရှေ့မှာ ရှိနေတဲ့လူက သူသိတဲ့လူဆိုတာ သေချာအောင် ကြိုးစားကြည့်နေသယောင်။ “နင်ဘယ်လို လုပ်ပြီး အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ကို ချိုးဖျက်သွားနိုင်ရတာလဲ”

သွေးစစ်သည်တော်တွေ အကုန်လုံးက ညီရင်းအစ်ကို၊ မောင်နှမအရင်းပမာ ချစ်ခင်ကြတာပါ။ သူတို့တွေ အကုန်လုံးက တစ်ယောက်ခွန်အား၊ ပါရမီအကြောင်း ကောင်းကောင်း သိနားလည်ထားကြပါတယ်။ တန်ယုရှန်းရဲ့ အရည်အချင်းနဲ့ဆိုရင် သူမအနေနဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ကို ချိုးဖျက်အတွက် အချိန်အများကြီး ယူရမှာ အသေအချာပါပဲ။

ဒါပေမယ့် အခု သူမရဲ့ စိတ်စွမ်းအင်ကို ထုတ်လွှတ်လိုက်တဲ့ အချိန်မှာပဲ သူမ အဆင့်ချိုးဖျက် သွားပြီမှန်း သူနားလည်လိုက်တယ်။

“နင်ဘယ်လိုလုပ်လိုက်တာလဲ” ထိုလူက သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်တယ်။ သူ့အရည်အချင်းနဲ့ ခွန်အားက တန်ယုရှန်းနဲ့ အတူတူလောက်ပါပဲ။ ဒါပေမယ့် အခုတော့ သူမက သူ့ထက်ခြေတစ်လှမ်း သာသွားခဲ့ပါပြီ။ သူမအတွက် ပျော်မိပေမယ့် စိုးလည်း စိုးရိမ်မိပါတယ်။

သူရဲ့ ညီအစ်မလို ချစ်ခင်ရတဲ့ တန်ယုရှန်း အဆင့်ချိုးဖျက်သွားနိုင်ခဲ့တာကို ပျော်ပေမယ့် သူမနောက် ပြတ်ကျကျန်ရစ်ခဲ့မှာကို စိုးရိမ်မိပါတယ်။

“မပြောဘူး” တန်ယုရှန်းက ချိုသာစွာ ပြုံးလိုက်တယ်။

သူမရဲ့ ကလေးဆန်ဆန် အပြုအမူကိုကြည့်ရင် ထိုလူ ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ခါးခါးသီးသီး ပြုံးလိုက်ကာ “ယုရှန်း၊ သခင်လေးနောက် လိုက်ပြီး နင့်ရဲ့ စိတ်ပိုင်းဆိုင်ရာပါ ငယ်ရွယ်သွားတဲ့ပုံပဲ။ အရင်တုန်းက နင်အခုလိုမျိုး မဆိုးသွမ်းပါဘူးလားလို့”

တန်ယုရှန်းရဲ့ ပြုံးနေတဲ့ မျက်နှာလေး သုန်မှုန် သွားခဲ့ပြီး သူမမျက်ဝန်းထဲ အေးစက်စက် အလင်းရိပ်တို့ ဖြတ်ပြေး သွားခဲ့ကာ “ဘာ၊ နင်ဘာပြောလိုက်တာလဲ။ ငါက အိုနေပြီလို့ စောင်းပြောချင်နေတာပေါ့၊ ဟုတ်လား”

ထိုလူ ရုတ်တရက် ထိတ်လန့်သွားခဲ့တယ်။ မပြောသင့်တာကြီးကို ပြောလိုက်မိပြီမှန်း နာလည်လိုက်တာနဲ့ ထိတ်လန့်တကြားနဲ့ အလျင်အမြန် သူ့လက်ကို ဝှေ့ရမ်းပြလိုက်ပြီး “ယုရှန်း၊ နင်မလုပ်… ငါ ပြောချင်တာက… ငါဘယ်တော့မှ မပြောခဲ့ဘူး…”

“ဟွန့်၊ ငါက နင့်ကို အရမ်းအရှက်ရအောင် မလုပ်ချင်လို့ ကြည့်နေတာ။ ကြည့်ရတာ နင်ကို သင်ခန်းစာ ကောင်းကောင်း ပေးမှ ရတော့မယ်နဲ့တူတယ်” တန်ယုရှန်းက စိတ်ပျက်လက်ပျက်နဲ့ ညီးတွားလိုက်ပြီး သူမခွန်အားကို ဆက်ပြီး ထိန်ချန်မထားတော့ပါဘူး။ အားကုန်သုံးကာ တစ်ဖက်ပြိုင်ဘက်ကို စိတ်ရှိလက်ရှိ ရိုက်နှက်ပါတော့တယ်။

အဆင့်လေးတစ်ဆင့်သာ ခြားတယ်ဆိုပေမယ့် ဒီအဆင့်လေး တစ်ဆင့်ကပဲ တန်ယုရှန်းကို သူ့အပြိုင်ဘက်အား ပြန်မလှန်နိုင်အောင် ဖိနှိပ်နိုင်ခွင့် ပေးခဲ့ပါတယ်။

သူမတိုက်ပွဲကို ရင်ဆိုင်တိုက်ခိုက်နေတဲ့အချိန် စိတ်စွမ်းအင်ကို ထုတ်လွှတ်ပြီး ရန်ကိုင်ကိုလည်း လှမ်းကူညီ ပေးနေခဲ့ပါသေးတယ်။

တန်ယုရှန်းရဲ့ အကူအညီကြောင့် ရန်ကိုင်လည်း တဖြည်းဖြည်းနဲ့ အသာရလာခဲ့တယ်။

“သခင်ငယ်လေး၊ ကျုပ်ကို ခွင့်လွှတ်ပေးပါ” ရန်ကျောင်းကို ကာကွယ်ပေးနေတဲ့ သွေးစစ်သည်တော်က ရုတ်တရက်‌ အော်ပြောလိုက်တယ်။ ပြီးတာနဲ့ ရန်ကျောင်းကို လွှတ်လိုက်ပြီး အစစ်အမှန်ချီကို စုစည်းလိုက်ပြီး မိုးပြာရောင် အလင်းတန်ကြီးတစ်ခုကို ရန်ကိုင်ဆီ ပစ်လွှတ်လိုက်တယ်။

“ဟတ်” အလင်းတန်းက ရန်ကိုင်ဆီ မရောက်ခင်မှာပဲ ရန်ကိုင်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အနက်ရောင် ချီအလင်းတန်းတစ်ခုကို ပြန်ပစ်လွှတ်လိုက်တယ်။ စွမ်းအင် အလင်းတန်းနှစ်ခု ထိပ်တိုက်တွေ့သွားခဲ့ပြီး တစ်ဖက် ပြိုင်ဘက်ဆီ မရောက်ခင်မှာပဲ ပျက်ပြယ်သွားခဲ့ရတယ်။

ရန်မိသားစု သွေးစစ်သည်တော်ရဲ့ အမူအရာ တဖြည်းဖြည်း လေးနက်တည်ကြည်လာခဲ့တယ်။ သူ့ရဲ့ ခွန်အားအကုန်အစင်ကို ထုတ်မသုံးခဲ့ရင်တောင် အခု သုံးလိုက်တဲ့တိုက်ခိုက်မှုက တကယ်ကို အားကောင်းပါတယ်။ ဒါကိုတောင် ရန်ကိုင်က ထိုတိုက်ကွက်ကို တားဆီး နိုင်ခဲ့ပါတယ်။

အားလုံး ထိတ်လန့်တုန်လှုပ် သွားခဲ့ကြတယ်။ အခု ရန်ကိုင်က ဘယ်လောက်တောင် အားကောင်း နေတာလဲလို့ တွေးမိလိုက်ရတဲ့အထိ အကုန်လုံး အံ့အားသင့်နေခဲ့ကြတယ်။

အပြန်အလှန်အနေနဲ့ မိစ္ဆာအသွင်ပြောင်းလဲခြင်းက သူ့ရဲ့ သွေးစွမ်းအားနဲ့ ခွန်အားကို တစ်ဟုန်ထိုး ခုန်ပေါက် တိုးတက်သွားစေပေမယ့် ရန်ကိုင်ကတော့ မျက်မှောင် ကြုံ့နေတုန်းပါပဲ။

အခုတစ်ကြိမ် ထိပ်တိုက်တွေ့ဆုံမှု၌၊ သူ့ပြိုင်ဘက်ကို အနိုင်ယူဖို့ မဖြစ်နိုင်မှန်း ရန်ကိုင် နားလည်သွားလိုက်တယ်။

ရန်မိသားစုရဲ့ သွေးစစ်သည်တော်ဆိုတဲ့ ခေါင်းစဉ်က အလှသက်သက် မဟုတ်ပါဘူး။ လက်ရှိ အခြေအနေရယ်၊ တန်ယုရှန်းရဲ့ အကူအညီနဲ့ရယ်တောင် သူ့ရှေ့မှာ ရှိနေတဲ့ ပညာရှင်ကို ဖိနှိပ်ဖို့ ရန်ကိုင် မစွမ်းနိုင်သေးပါဘူး။

ရန်ကျောင်းကို ကာကွယ်ဖို့ လိုအပ်နေတာကြောင့်သာ မဟုတ်ရင် အခုအချိန်လောက်ဆို သူအနိုင်ယူခံရပြီး လောက်ပါပြီ။

အခုအချိန်၌ သူက သွေးစစ်သည်တော်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်သေးပါဘူး။

သူ့စိတ်ထဲ အတွေးပေါင်း မြောက်မြားစွာတို့ ဖြတ်သန်း ပြေးလွှားနေခဲ့တယ်။ နောက် အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး အနက်ရောင်နဂါးနဲ့ ပြန့်ကျဲနေတဲ့ မိစ္ဆာချီ အားလုံးကို ပြန်ဆင့်ခေါ်လိုက်ကာ သူ့ကိုယ်ထက် ထူထဲတဲ့ အကာအရံတစ်ခုကို ဖန်တီးလိုက်တယ်။

လက်ကောက်ဝတ်ကို လှုပ်ခါလိုက်တာနဲ့ ဓါးတိုလေး တစ်ချောင်း သူ့လက်ထဲ ထွက်ပေါ်လာခဲ့တယ်။

ထိုလက်နက်က ကောင်းကင်အဆင့် ဝိဥာဉ်အမျိုးအစား လက်နက်တစ်ခု ဖြစ်ပါတယ်။

သန့်စင်ပြီးကတည်းက အခုအချိန်အထိ ထိုလက်နက်နဲ့ တစ်သားတည်း မကျနိုင်သေးပါဘူး။ ဒါပေမယ့် အခု ရှန်ချူနဲ့ နန်ရှန်းကို သတ်နိုင်ဖို့အတွက် ဒီဓါးတိုလေးကို သုံးဖို့ ရန်ကိုင် ဆုံးဖြတ်လိုက်တယ်။ အောင်မြင်မှု၊ ဒါမှမဟုတ် ရှုံးနိမ့်မှုကို နောက်တစ်ချက်က ဆုံးဖြတ်သွားပါလိမ့်မယ်။

ရန်ကျောင်းကို ကျော်ပြီး သူ့နောက်မှာ ရှိနေတဲ့ အမုန်းတရားတို့ဖြင့် ပြည့်နေတဲ့ ရှန်ချူနဲ့ နန်ရှန်းတို့ နှစ်ယောက်ရဲ့ မျက်နှာကို လှမ်းကြည့်လိုက်တယ်။

“ငါပြောခဲ့တယ်၊ မင်းတို့ကို ဘယ်သူပဲ ကာကွယ် နေပါစေ၊ မင်းတို့ သေကိုသေရမယ်”

လေထဲဝဲနေရင်း ရန်ကိုင်က အော်ဟစ် ကြုံးဝါး လိုက်တယ်။

ထိုကြက်သွေးရောင် မျက်ဝန်းအစုံကို ငေးစိုက် ကြည့်နေရင်း ရှန်ချူနဲ့ နန်ရှန်းတို့ ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့တယ်။ အလိုလို နောက်ပြန်ဆုတ်ဖို့ ဒါမှမဟုတ် သူတို့ကို ကာကွယ်ပေးနိုင်တဲ့ တစ်ယောက်ယောက်ကို ရှာဖို့ ကြိုးစားလိုက်တယ်။

ကံမကောင်းစွာနဲ့ ရှန်နဲ့နန်မိသားစုက ပညာရှင် အားလုံးဟာ ရန်ကိုင် သတ်ပစ်လို့ သေသွားခဲ့ရပါပြီ။ သူတို့ ခေါ်လာတဲ့ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့် ပညာရှင်နှစ်ယောက်ကလည်း ဘယ်ရောက်လို့ ရောက်နေမှန်း မသိရသေးပါဘူး။

ဘေးပတ်လည်ကို လိုက်ပတ်ကြည့်လိုက်ပြီးနောက် အားကိုးအားထား ပြုလို့ရမယ့် တစ်ယောက်မှ မရှိမှန်း သူတို့ သတိပြုမိလိုက်တယ်။ ရန်ကိုင်ရဲ့ အေးစက်စက် မျက်ဝန်းအစုံနှင့် ပြင်းထန်လှသည့် သတ်ဖြတ်လိုစိတ် အရှိန်အဝါနဲ့ ရင်ဆိုင်ရအချိန် နှစ်ယောက်စလုံး အဆုံးမဲ့ ကပ်ဆိုးဝဲကတော့ကြီးထဲ ကျဆင်းသွားခဲ့ရသလို ခံစားလိုက်ရတယ်။

ရန်ကိုင်ရဲ့ ခွန်အားက အားလုံး မျှော်မှန်းထားတာ ထက်ကို ကျော်လွန်နေခဲ့ပါတယ်။ ရန်ကိုင်က သူတို့ နှစ်ယောက်နောက်ကို တောက်လျှောက်လိုက်လာပြီး ဒုတိယသခင်လေးကိုတောင် မျက်နှာသာမပေးပဲ ရန်ကျောင်း စံအိမ်ထဲ အတင်းအကြပ် တိုးဝင်လာကာ သူတို့ကို သတ်မယ်တကဲကဲ လုပ်နေခဲ့ပါတယ်။

“ငါတို့တွေက ပထမအဆင့် မိသားစုတွေရဲ့ ဆက်ခံသူတွေပဲ။ ရန်ကိုင်၊ ငါ့တို့ကို သတ်လိုက်တာနဲ့ မင်းနောင်တ ရလိမ့်မယ်နော်” နန်ရှန်း သွေးပျက် ချောက်ချားသွားခဲ့ပြီး သွေးရူးသွေးတန်းနဲ့ ပြန်အော်ပြော လိုက်တယ်။

ဒါပေမယ့် ရန်ကိုင်ကတော့ သူတို့ရဲ့ ခြိမ်းခြောက် စကားကို အမှုမထားပဲ ခေါင်းခါရမ်းလိုက်ပြီး ကြုံးဝါးကြေညာ လိုက်တယ် “ပထမအဆင့် မိသားစုတွေရဲ့ ဆက်ခံသူတွေ ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ငါသောက်ဂရုကို မစိုက်တာ။ ထိပ်တိုက်ရင်ဆိုင်လို့ ဒဏ်ရာရသွားခဲ့ရင် ငါဘာမှပြောမှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းတို့က ငါနောက်ကွယ်မှာ သူတို့တွေကို အကွက်ချကြံစည် ရဲမှတော့ တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရမှာပေါ့”

ပြောပြီးတာနဲ့ ရန်ကိုင် မျက်ခုံးပိတ်ချလိုက်တယ်။

ဝှီ…

တစ်ယောက်ယောက်က ထုရိုက်နေသည့်အလား ဓါးလေးဆီမှ တုန့်ပြန်သံထွက်ပေါ်လာခဲ့တယ်။

ထူးခြားဆန်းကြယ်တဲ့ အရှိန်အဝါတစ်ခုက ရန်ကိုင်ကို ဗဟိုပြု၍ သူ့ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့တယ်။

“သူ့ကိုတားကြစမ်း” အခြေအနေ မဟန်တော့တာကို မြင်လိုက်တာနဲ့ ရန်ကျောင်းက သူ့ရဲ့ ဆန်းကြယ်အဆင့် လက်နက်ကို အလျင်အမြန်ပဲ ထုတ်ယူလိုက်တယ်။

ရန်ကျောင်းလက်ထဲ ရွှေရောင်လက်စွပ်တစ်ကွင်း ထွက်ပေါ်လာခဲ့တယ်။ ထိုလက်နက်ကို ပိုကျင်းရေကန် မှာတုန်းက သူရခဲ့တာပါ။

ရွှေရောင်လက်စွမ်းထဲ အစစ်အမှန်ချီတွေကို ရူးသွပ်လောက်ဖွယ် အမြန်နှုန်းဖြင့် ဖြည့်သွင်းလိုက်ပြီး ပစ်လွှတ်လိုက်တယ်။ ပျံသန်းနေရင်း တစ်ကွင်းမှ နှစ်ကွင်း၊ နှစ်ကွင်းမှလေးကွင်း၊နောက် ရှစ်ကွင်း…

မျက်တောင်တစ်ခတ် အတွင်းမှာပဲ များပြားလှတဲ့ လက်စွပ်ကွင်းတွေက ရန်ကိုင်ဆီ တိုးဝင်သွားခဲ့တယ်။

အနက်ရောင်နဂါးက ဟိန်းဟောက်လိုက်ပြီး သူ့ကိုယ်လုံးနဲ့ ရန်ကိုင်ကို ရစ်ပတ်ကာကွယ် ထားလိုက်တယ်။

“သွေးရူးသွပ်ခြင်း ပညာရပ်” တစ်ချိန်တည်းမှာပဲ၊ တန်ယုရှန်းက သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံး လိုက်ပြီး ကောင်းကင်ပေါ်ကနေ ထိုးဆင်းလာခဲ့ကာ ရန်ကိုင်ရှေ့ ပိတ်ရပ်နေလိုက်တယ်။

ရန်ကျောင်းဘက်က သွေးစစ်သည်တော် နှဏ်ယောက်လည်း အလောတကြီး ပြေးဝင်လာခဲ့တယ်။

သွေးစစ်သည်တော် သုံးယောက် ထိပ်တိုက် တွေ့သွားခဲ့တယ်။

မြင်ကွင်းတစ်ခုလုံးက ဖရိုဖရဲတွေ ဖြစ်နေခဲ့တယ်။

ရန်ကိုင်တစ်ယောက်သာ လှုပ်ရှားခြင်းမရှိတဲ့ ကျွန်းကြီး တစ်ခုပမာ တည်ငြိမ်နေခဲ့ပြီး ဘေးပတ်ဝန်းကျင်က တိုက်ပွဲဆူသံတွေနဲ့ ပြင်းထန်တဲ့ စွမ်းအင်လှိုင်းတွေက သူ့အပေါ် အကျိုးသက်ရောက်မှု မရှိတဲ့ပုံပါပဲ။ နေရာမှာပဲ တည်တည်ငြိမ်ငြိမ်၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ရပ်နေခဲ့တယ်။

ရုတ်တရက် သူ့ဝိဥာဉ်လှုပ်ခတ်သွားခဲ့တယ်၊ မသိရတဲ့ အကြောင်းပြချက် အချို့ကြောင့် သူ့စိတ်စွမ်းအင်က ဓါးတိုလေးထဲ စီးဝင်သွားတဲ့အခါ နှစ်ခုသားက အရင် မရောက်ခဲ့ဖူးတဲ့ တစ်သားတည်း အခြေအနေထဲ ရောက်ရှိသွားခဲ့တယ်။

တစ်ချိန်တည်းမှာပဲ သူ့ဝိဥာဉ်က ဓါးတိုလေးထဲ ရောဝင်ပေါင်းစပ်သွားသလို ရန်ကိုင် ခံစားလိုက်ရတယ်။

ရွှစ်…

ဓါးတိုလေးက အလင်းတန်းတစ်ခုအသွင် ပြောင်းလဲ သွားခဲ့ပြီး ရန်ကိုင်လက်ထဲမှ တစ်ဟုန်ထိုး ပြေးထွက် သွားခဲ့တယ်။ ဓါးတိုလေးရဲ့ အမြန်နှုန်းက မြန်လွန်းလို့ သာမန် မျက်စိနဲ့မမြင်နိုင်တော့ရုံမက ကောင်းကင် စိတ်အာရုံနဲ့တောင် အာရုံမခံနိုင်တော့ပါဘူး။

သူ့အသိစိတ်ထဲက ဓါးတိုးလေးထဲ ပေါင်းစပ်သွားတဲ့အခါ တန်ယုရှန်းက သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးပြီး ရန်ကျောင်းရဲ့ သွေးစစ်သည်တော် နှစ်ယောက်နဲ့ ယှဉ်ပြိုင် တိုက်ခိုက်နေတာကို ရန်ကိုင်‌ တွေ့လိုက်ရတယ်။ သင်းပျံ့တဲ့ ချွေးစက်ကလေးတွေက သူမရဲ့ ရွှန်းစိုတောက်ပနေတဲ့ ဆံရှည်တွေထက် ရစ်ဝဲနေတာကို သတိပြုမိလိုက်တယ်။

အနက်ရောင်နဂါးက ရန်ကျောင်းရဲ့ ဆန်းကြယ်အဆင့် ရွှေရောင်လက်စွမ်လေးတွေနဲ့ တိုက်ခိုက်နေတာကိုလည်း ရန်ကိုင် တွေ့ခဲ့ရတယ်။

ဘေးကနေ ပွဲကြည့်နေကြတဲ့ လူအုပ်ကြီးကလည်း ပါးစပ်အဟောင်းသားနဲ့ ငေးကြောင် ကြောင်ကြည့် နေတာကိုလည်း သူတွေ့ခဲ့ရတယ်။

ချူရီမန်က စိုးရိမ်နေတဲ့ မျက်ဝန်းအစုံနဲ့ သူ့အား စိုက်ကြည့်နေတာကိုလည်း ရန်ကိုင် တွေ့ခဲ့ရတယ်။

မီာတာ၁၀၀၀ အကွာအဝေးရှိ လက်ဖက်ရည် အိမ်တော် တစ်ခုအတွင်း၌ ရန်ဝေနဲ့ လျူချင်းယောင်တို့က ပြတင်းပေါက် တစ်ခုမှ သူတို့တိုက်ပွဲအား လှမ်းကြည့်နေတာကိုတောင် ရန်ကိုင် တွေ့ခဲ့ရပါတယ်။

အခုအချိန်၌ ကမ္ဘာကြီးတစ်ခုလုံး နှေးကွေး သွားသည့်အလား သူ့ရဲ့ တွေးတောစဉ်းစားနိုင်စွမ်းတို့က အရင်ကထက် ပိုပြီး ကြည်လင်လာခဲ့ပါတယ်။

အရင်က တစ်ခုမှ မခံစားခဲ့ဖူးတဲ့ ဆန်းကြယ် နက်နဲတဲ့ ခံစားချက်တစ်ခုက သူ့နှလုံးသား ဟိုးအတွင်းပိုင်ဆီမှာ တိုးထွက်လာတာကို ရန်ကိုင် ခံစားမိလိုက်တယ်။ ထိုခံစားချက်ထဲ နစ်မြောနေရင်း သူ့နှလုံးသားနဲ့ ဝိဥာဉ်ထံမှ တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးတဲ့ ကြည်နူးမှုကို ခံစား မိလိုက်တယ်။

သူ့စိတ်ထဲက အချုပ်အနှောင်တို့ ကျိုးပျက်သွားသည့် အလား သူ့တစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးသွားသလို၊ ပင်လယ်ထဲကနေ ခုန်ထွက်ပြီး ကောင်းကင်ထက် ပျံသန်းသွားသည့် ငါးတစ်ကောင်လို ရန်ကိုင် ခံစားလိုက်ရတယ်။

ဓါးတိုလေးရဲ့ အမြန်နှုန်းက တစ်ဟုန်ထိုး တိုးတက်သွားခဲ့တယ်။

ကောင်းကင်ယံထက် တိမ်မည်းတွေ စုဝေးလာခဲ့ပြီး စစ်ပွဲမြို့တော် တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့တယ်။ တိမ်မည်းတွေ စုဝေးလာတာနဲ့အမျှ ကောင်းကင်ယံဆီမှ သူတို့ ခံစားနေရသည့် ဖိအားကလည်း ပိုပြီး ပြင်းထန်လာခဲ့တယ်။

ထိုထူးဆန်းတဲ့အခြေအနေထဲ ဈာန်ဝင်စား နေတာတောင် သူ့ပစ်မှတ်ဖြစ်တဲ့ နန်ရှန်းကို မျက်ခြေမပြတ်‌ သွားခဲ့ပါဘူး။

Martial Peak

အပိုင်း(၅၂၂) ကောင်းချီးလား၊ ဘေးကပ်ဆိုးလား

ဘာဖြစ်တော့မယ်မှန်း နားလည်လိုက်တာနဲ့ နန်ရှန်း တုန်လှုပ်ချောက်ချားသွားခဲ့ပြီး ကြောက်လန့်တကြားနဲ့ အော်ဟစ် အကူအညီတောင်းပါတော့တယ် “ကယ်ကြပါ၊ ကျုပ်ကို ကယ်ကြပါ”

ရန်ကျောင်းဆီ လှမ်းအကူအညီ တောင်းနေတာပါ။

ရန်ကျောင်းလည်း သူအော်ဟစ် အကူအညီ တောင်းနေတာကို ကြားပါတယ်။ ဒါပေမယ့် သူလုပ်နိုင်တာ ဘာမှ မရှိခဲ့ဘူးလေ။

ရန်ကိုင်ကို ဖိနှိပ်နိုင်ဖို့ရာ ရသမျှ အစီအစဉ်၊ နည်းစနစ်တွေနဲ့ ပစ္စည်းတွေကို အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် သူအကောင်းဆုံး လုပ်နိုင်တာဆိုလို့ အနက်ရောင် နဂါးရဲ့ ခံစစ်တစ်ချို့တစ်လေကိုသာ ချိုးဖျက်နိုင်တာ ဖြစ်ပြီး ရန်ကိုင်နားကိုလည်း နည်းနည်းလေးမှ မချဉ်းကပ်နိုင်ခဲ့ပါဘူး။ သူ့ကိုယ်တိုင်တောင် သူ့ကိစ္စနဲ့ တိုင်ပတ်နေတာကို နန်ရှန်းကို ဘယ်လိုလုပ်ပြီး သွားကူညီ‌ ပေးနိုင်ပါ့မလဲ။

သွားကူညီပေးနိုင်ရင်တောင် အရမ်းကို နောက်ကျ သွားခဲ့ပါပြီ.

တစ်ခဏအတွင်းမှာပဲ မမြင်နိုင်တဲ့ လက်ကြီးတစ်ဖက်ရဲ့ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည့်အလား နန်ရှန်းမှာ သွေးပျက် ချောက်ချားဖွယ် အော်သံကြီးနဲ့ အော်ဟစ်လိုက်တယ်။

ရှန်ချူလည်း နန်ရှန်းဆီ ကြောက်လန့်တကြား လှည့်ကြည့်လိုက်တယ်။ မြင်လို်ကရတဲ့ မြင်ကွင်းကြောင့် သူ့တစ်ကိုယ်လုံးကလည်း ထိန်းမရအောင် တုန်ရီ သွားခဲ့တယ်။

သူ့မျက်စိရှေ့ တည့်တည့်မှာပဲ သူ့အစ်ကိုရဲ့ အသက်စွမ်းအင်တွေက တဖြည်းဖြည်းချင်း ပျောက်ကွယ် သွားခဲ့တယ်။

ရွှစ်… နန်ရှန်းခေါင်းထက်ကနေ အလင်းတန်းတစ်ခု ပျံသန်းထွက်လာခဲ့ပြီး ရန်ကိုင်လက်ထဲ ပြန်လည် ရောက်ရှိသွားခဲ့ကာ ဓါးတိုလေးတစ်ချောင်း အဖြစ် ပြောင်းလဲသွားခဲ့တယ်။

နန်ရှန်း မျက်လုံးပွင့်လျက်သားနဲ့ မြေကြီးပေါ် လဲကျသွားခဲ့တယ်။ သူ့မျက်ဝန်းအစုံက ကောင်းကင်ပေါ်ကို ကြောင်ကြည့်နေပေမယ့် မျက်ဝန်းထဲမှ အလင်းရောင်တို့ ကတော့ မှေးမှိန်ပျောက်ကွယ် သွားခဲ့ပါပြီ။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ အားလုံး သွေးဆုတ် ဖြူလျော်သွားခဲ့တယ်။

အဆင့်မြင့် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်အချို့ကလွဲလို့ ဓါးတိုလေးက နန်ရှန်းကို တိုက်ခိုက်ခဲ့မှန်း ဘယ်သူမှ မမြင်နိုင်ခဲ့ပါဘူး။

အဖြစ်အပျက် တစ်ခုလုံးကို မြင်တွေ့ခဲ့တဲ့ လူတွေတောင် ရန်ကိုင်ရဲ့ ဝိဥာဉ်လက်နက်သုံး တိုက်ခိုက်မှုက သူတို့ကို လာရောက်ထိမှန်ခဲ့ရင် ခုခံနိုင်ပါ့မလားလို့ တွေးရင်း မျက်မှောင်ကျုံ့နေခဲ့ကြတယ်။

ဝိဥာဉ်အမျိုးအစား လက်နက်တွေက သာမန် လက်နက်တွေနဲ့ မတူပဲ စိတ်စွမ်းအင်ကိုသုံးပြု အသုံးပြုရတာ ဖြစ်ပြီး လူတစ်ယောက်ရဲ့ ဝိဥာဉ်နဲ့ အသိစိတ်ပင်လယ်ကိုသာ ထိခိုက်အောင် လုပ်နိုင်ပါတယ်။

ဝိဥာဉ်လက်နက်တစ်ခုရဲ့ စွမ်းအားက လက်နက်အဆင့်၊ ပိုင်ရှင်ရဲ့ စိတ်စွမ်းအင်နဲ့ ဆက်စပ်နေပါတယ်။ အသုံးပြုသူရဲ့ ဝိဥာဉ်က ပိုပြီးသန်မာလေ၊ လက်နက်က ပိုပြီး အစွမ်းထက်လေ ပါပဲ။

ဓါးတိုလေးက ကောင်းကင်အထွတ်အထိပ်အဆင့် လက်နက် တစ်ခုသာ ဖြစ်နေပေမယ့် အသုံးပြုသူရဲ့ ကောင်းကင်စိတ်အာရုံကို အရမ်းကို အားကောင်းလှတဲ့ အတွက် ပြသလိုက်တဲ့အစွမ်းက အရမ်းကို ကြောက်မက်ဖွယ် ကောင်းနေခဲ့ပါတယ်။

ရန်ကိုင်ရဲ့ အားကောင်းလှတဲ့ တိုက်ခိုက်မှုကို မြင်တွေ့ လိုက်ရပြီးနောက် တန်ယုရှန်းနဲ့ တိုက်ခိုက်နေတဲ့ သွေးစစ်သည်တော် နှစ်ယောက်စလုံး တုန့်ဆိုင်းခြင်းမရှိ ရန်ကျောင်းဘေးနား ပြန်ပြေးသွားလိုက်တယ်။

ရန်ကိုင် ပြသလိုက်တဲ့ အသေသတ်တိုက်ကွက်ကို သူတို့ တော်တော်လေး ကြောက်လန့်သွားတယ်လို့ ပြောရင် မှားလိမ့်မယ် မထင်ပါဘူး။ သူသာ အစောပိုင်းတုန်းက တိုက်ကွက်ကို သုံးပြီး ဒုတိယသခင်လေးကိုသာ တိုက်ခိုက်ခဲ့ရင် သူတို့တောင် ကာကွယ်ရ တော်တော်လေး ခက်ခဲပါလိ့မ်မယ်။

တန်ယုရှန်းက သူတို့နောက် ဆက်မလိုက်ခဲ့ပါဘူး။ အဲ့အစား သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး ရန်ကိုင် ဘေးနားကိုသာ ပြန်သွားလိုက်တယ်။

အနက်ရောင်နဂါးလည်း ရန်ကိုင်ခေါင်းထက်ဆီ ပြန်သွားလိုက်တယ်။ လေထဲ ရစ်ခွေနေရင်း ဧရာမ ခေါင်းကြီးနဲ့ ကြက်သွေးရောင် တောက်နေတဲ့ မျက်ဝန်းအစုံက လူအုပ်ထဲရှိ ရှန်ချူ ငုံ့ကြည့်နေခဲ့တယ်။

နန်ရှန်း ရုတ်တရက် သေသွားတဲ့အခါ ရှန်ချူ သွေးပျက် ချောက်ချားသွားခဲ့တယ်။ ရန်ကျောင်းရဲ့ ကာကွယ်မှုနောက်၌ ပုန်းအောင်နေတာတောင် ရန်ကိုင်ရဲ့ သေမင်းလက်သည်း ဆီမှ ပြေးမလွတ်နိုင်ခဲ့ပါဘူး။

အခုအချိန်၌ တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးတဲ့ ကြောက်ရွံ့မှုကို သူခံစားနေခဲ့ရပါပြီ။ ဘယ်အချိန်ကများ သူ့ရဲ့ နောက်ဆုံးအခိုက်အတန့် ဖြစ်သွားမလဲ ဆိုတာကို တွေးတောရင်း ရန်ကိုင်ဆီ လှမ်းကြည့်လိုက်တယ်။

အကာအကွယ် ရလိုရငြား တစ်ယောက်ယောက်ကို လိုက်ရှာချင်ပေမယ့် သူ့ဘေးပတ်လည်ကို လိုက်ပတ် ကြည့်လိုက်တဲ့အခါ အားလုံးက သူနဲ့ဝေးရာဆီ ရှောင်တိမ်းသွားတာကို ရှန်ချူတွေ့လိုက်ရတယ်။ သူတို့ မျက်နှာတွေက ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေခဲ့ပြီး ရှန်ချူအား ကပ်ပါးကောင်တစ်ကောင်ကို ကြည့်သလို ငေးကြည့် နေခဲ့ကြတယ်။

ထိုလူတွေထဲက တော်တော်များများက ရှန်ချူ၊ နန်ရှန်းတို့နဲ့ ညီအစ်ကိုရင်း၊ မောင်နှရင်းတွေလို ပျော်ပျော် ရွှင်ရွှင်နဲ့ ဝိုင်းဖွဲ့စားသောက်ခဲ့ကြတဲ့ လူတွေပဲ ဖြစ်ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အားလုံက ရှန်ချူအား ဘေးကပ်ဆိုးတစ်ခုလို ရှောင်ခွါနေခဲ့ကြပါတယ်။ ရှန်ချူနဲ့ တပူးပူးတတွဲတွဲနေနေလို့ အဆစ်သေသွားရမှာကို သူတို့အားလုံး ကြောက်လန့်နေခဲ့ကြတာပါ။

ရေကို သောက်လိုက်တဲ့လူကပဲ ရေက အေးလား၊ ပူလား ဆိုတာကို အသိဆုံးပါ။

ရှန်ချူ စိတ်အားငယ်သွားခဲ့ပြီး ခါးသီးသွားခဲ့တယ်။ သူ့နားကနေ ရှောင်ခွါသွားတဲ့ လူတွေကို စိတ်ပျက်ပျက်နဲ့ လှည့်ပတ်ကြည့်လိုက်ရင်း အရေးကြုံရင် ထွက်ပြေးသွားတဲ့ သူ့ရဲ့ သာပေါင်းညာစား သူ့ရဲ့မိတ်ဆွေကြီးတွေကို လှောင်ပြောင်နေခဲ့တယ်။

တစ်ဖက်မှာတော့ ရန်ကိုင်က သူရပ်နေတဲ့ နေရာမှာပဲ မတ်တပ်ရပ်နေခဲ့တယ်။ ဓါးတိုလေးကို ဆိတ်ကြည့်၊ တို့ကြည့် လုပ်နေရင်း မျက်မှောင်ကြုံ့လိုက်ပြီး သူ့ကိုယ်ကနေ အစစ်အမှန်ချီတို့ ဆူဝေတက်လာခဲ့တယ်။

ဝုန်း… ဝုန်း… ဝုန်း…

ကောင်းကင်ယံတစ်ခွန် မိုးချုန်းသံတို့ မြည်ဟည်း သွားခဲ့တယ်။ မိုးမြေတစ်ခွင်ကို တုန်ခါသွားစေနိုင်တဲ့ ဧရာစည်တော်သံကြီးတစ်ခု အလား အားလုံးရဲ့ နားစည်နဲ့ နှလုံးသားကို တုန်ခါသွားစေခဲ့တယ်။

လေပြင်းတွေ တိုက်ခတ်လာခဲ့ပြီး စစ်ပွဲမြို့တော်ထက် စုဝေးနေတဲ့ တိမ်မည်းတွေကလည်း အရင်ကထက် ပိုပြီး သိပ်သည်းလာခဲ့တယ်။ တဖြည်းဖြည်းနဲ့ စစ်ပွဲမြို့တော် တစ်ခုလုံး အလင်းရောင်မှိန်မှိန်လေးတောင် မမြင်ရတော့တဲ့ အထိ မည်းမှောင်လာခဲ့ပါတယ်။

ရုတ်တရက် အနက်ရောင်ခြုံလွှာတစ်ခုနဲ့ လွှမ်းခြုံ ခံလိုက်ရသည့်အလား ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို ဘယ်သူမှ မသိမမြင်နိုင်တော့။ ကျင့်ကြံသူတွေ အားလုံးဟာ အနက်ရောင် ကောင်းကင်ယံကို စိုးရိမ်မှု၊ ကြောက်ရွံ့မှု တို့ဖြင့် မော့ကြည့်နေရင်း အချင်းချင်း တီးတိုး ပြောနေခဲ့ကြတယ်။

မန်ဝူရက လက်နာက်ပစ်ကာ လေထဲဝဲနေရင်း ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေကို သေချာ စောင့်ကြည့်နေခဲ့တယ်။ လှုပ်ရှားမှုမရှိတဲ့ ရန်ကိုင်ကို လှမ်းကြည့်လိုက်တဲ့အခါ သူ့မျက်ဝန်းထဲ တောက်ပတဲ့ အလင်းရောင်တစ်ချို့ ဖြတ်ပြေးသွားခဲ့ပြီး သူ့မျက်နှာထက် မျှော်လင့်စောင့်စားနေသည့် အရိပ်အယောင်တို့ ထွက်ပေါ် လာခဲ့တယ်။

“ဆရာ၊ ဆရာ” ရှနနင်းချန်က မန်ဝူရဆီ အမောတကာ ပြေးလာရင်း အော်ခေါ်လိုက်တယ်။

မန်ဝူရက ရှနင်းချန်ဆီ လှမ်းကြည့်လိုက်ပြီး သူ့ပါးစပ်ကို လက်ညိုးလေးနဲ့ ပိတ်ထားသည့် ပုံစံလုပ်ပြလိုက်တယ်။

ရှနင်းချန်လည်း ရှက်ရှက်နဲ့ လည်ပင်လေး ကျုံ့လိုက်ပြီး တိုးလျတဲ့ လေသံလေးနဲ့ မေးလိုက်တယ် “ဆရာ၊ ဂျူနီယာ မောင်လေး ဘာဖြစ်နေတာလဲဟင်”

“ငါလည်းမသိဘူး၊ ကြည့်ရတာ မိစ္ဆာကျင့်စဉ်နဲ့ တူတယ်။ ဒါပေမယ့် သူ့အသိစိတ်က အကောင်းပကတိ ရှိသေးတယ်။ အဲ့ကောင်စုတ်လေး ဘာတွေ ဖြစ်နေလဲဆိုတာကို ငါတကယ် နားမလည်နိုင်တော့ဘူး။ ဒီကောင် အခြားသူတွေကို စိတ်ပူအောင် လုပ်ရတာ တော်တော်လေး ကြိုက်တယ်နဲ့ တူတယ်” မန်ဝူရက စိတ်ဓါတ်ကနေတဲ့ လေသံနဲ့ တိုးတိုးလေး ပြောလိုက်တယ်။

စစ်ပွဲမြို့တော်ကို ရောက်လာကတည်းက ရန်ကိုင်ကို အကြိမ်တော်တော်များများ ကူညီပေးခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အမွေခံတိုက်ပွဲမှာ ဝင်ပါမှာမဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် ရန်ကိုင် အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့ အခါကျ သူ့အနေနဲ့ ဝင်ပါရပြန်ပါတယ်။

“ဒီတော့ ဂျူနီမောင်လေး အခြေအနေက အဆင်ပြေရဲ့လား” ရှနင်းချန်ရဲ့ ရန်ကိုင်အား စိုးရိမ်တကြီး ငေးစိုက်ကြည့်ရင်း မန်ဝူရအား မေးလိုက်တယ်။

“သူအဆင်ပြေမှာပါ” မန်ဝူရ ဖြည်းဖြည်းချင်း ခေါင်းခါ လိုက်တယ်။ သူ့အမူအရာက အနည်းငယ် နက်နဲသွားခဲ့ပြီး “သူအဆင်ပြေရုံမကလို့ သူ့လက်ရှိ အခြေအနေက သူနောက်တစ်ဆင့်ကို ချိုးဖျက်တော့မယ့်ပုံပဲ”

“အဆင့်ချိုးဖျက်တော့မှာလား” ရှနင်းချန်က သူမရဲ့ ပါးစပ်လေးကို လက်လေးနဲ့အုပ်ရင်း ထိတ်လန့်တကြား ပြောလိုက်တယ်။ မဲနက်နေတဲ့ တိမ်စိုင်တိမ်တိုက်တွေကို မော့ကြည့်လိုက်တဲ့အခိုက် ထိုတိမ်တိုက်တွေကြားထဲ စုဝေးနေတဲ့ ပြင်းထန်တဲ့ အဖျက်စွမ်းအားကို ခံစား မိလိုက်တာနဲ့ ရှနင်းချန် ဖြူလျော်သွားခဲ့တယ်။ ဘာတွေ ဖြစ်နေလဲ ဆိုတာကို ရုတ်တရက် နားလည်လိုက်တာနဲ့ “ဆရာ၊ ဒီတိမ်တိုက်တွေက ဂျူနီယာမောင်လေး အဆင့် ချိုးဖျက်တော့ဖို့ လုပ်နေလို့ ဖြစ်လာတာလို့ ပြောချင်တာပေါ့”

“အဲ့လိုမျိုး ဖြစ်လောက်မယ်” မန်ဝူရ ကိုယ်တိုင်လည်း ထိတ်လန့်နေခဲ့ပါတယ်။

အင်မော်တယ် တက်လှမ်းခြင်း အဆင့်တက်လှမ်းတဲ့ ကျင့်ကြံသူတွေ ဒီလောက်အဖျက်စွမ်းအား ကြီးမားတဲ့ အတားအဆီးကို ဖန်တီးတာမျိုး သူတစ်ခါမှ မကြားဖူးသလို မြင်လည်း မမြင်ဖူးပါဘူး။

ထိုတိမ်နက်တွေထဲ စုဝေးနေတဲ့ အဖျက်စွမ်းအင်က သာမန်အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကိုင်တွယ်နိုင်တဲ့ စွမ်းအင်မျိုး မဟုတ်ပါဘူး။ သူ့ရဲ့ လက်ရှိ အခြေအနေနဲ့တောင် ကျဆင်းလာမယ့် ထိုစွမ်းအင်ကိုကို ခုခံနိုင်မလား မန်ဝူရ အတပ်မပြောရဲပါဘူး။

“များလိုက်တဲ့စွမ်းအင်တွေ။ ဂျူနီယာမောင်လေး တောင့်ခံနိုင်ပါ့မလား” ရှနင်းချန်က စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။

ကျင့်ကြံသူတစ်ယောက် အဆင့်ကြီးတစ်ဆင့် ချိုးဖျက်တိုင်း သူတို့ရဲ့ ဘေးပတ်ဝန်ကျင်းကို တစ်ခဏတာ ပြောင်းလဲသွားစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ထိုကဲ့သို့ အဆင့်ကြီးတစ်ဆင့် ချိုးဖျက်တိုင်း အနီးအနား ပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအင်တွေကို သူတို့ကိုယ်ထဲ စုပ်ယူရလို့ပါပဲ။

ထိုအချိန်အတောအတွင်း ကျင့်ကြံသူတစ်ယောက်ရဲ့ မိုးမြေစွမ်းအင်ကို စုပ်ယူနိုင်စွမ်းက အရင်ကထက် ပိုမို မြန်ဆန်လာမှာဖြစ်ပြီး ထိုစွမ်းအင်တွေကို သုံးကာ သူ့တို့ကိုယ်သူတို့ ပိုပြီး သန်မာလာအောင် လုပ်ကြတာပါ။ ဒါပေမယ့် ကျင့်ကြံသူတိုင်းရဲ့ အရည်အချင်းနဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ကွဲပြားခြားနားတာ ဖြစ်လို့ သူတို့ ရရှိတဲ့ အကျိုးအမြတ် ပမာဏကလည်း အမျိုးမျိုး ကွဲပြား ခြားနားသွားခဲ့ပါတယ်။

အရည်အချင်းပိုကောင်းလေ၊ သူတို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပိုပြီးကောင်းမွန်လေ၊ သူတို့ရရှိတဲ့ အကျိုးအမြတ် ကလည်း ပိုပြီး များပြားလေပါပဲ။

ရှနင်းချန် အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ကျော်ဖြတ်တုန်းက အခုလို ဖြစ်စဉ်မျိုးကို ကြုံတွေခဲ့ရပါတယ်။ ဒါပေမယ့် ထိုအချိန်တုန်းက သူမဆွဲယူ နိုင်ခဲ့တဲ့ မိုးမြေစွမ်းအင် ပမာဏက အခုလက်ရှိ ရန်ကိုင် ခေါင်းထက် စုဝေးနေတဲ့ စွမ်းအင်တွေရဲ့ ဆယ်ပုံတစ်ပုံ လောက်ပဲ ရှိပါတယ်။

ဒါကြီးကို ကောင်းကင်ဘုံရဲ့ ကောင်းချီးလို့ မခေါ်ထိုက် တော့ပဲ ဘေးကပ်ဆိုးလို့သာ ခေါ်သင့်ပါတော့တယ်။

“သူ့ကံပေါ်ပဲ မူတည်လိမ့်မယ်” မန်ဝူရက ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ်။ သူလည်းပဲ တော်တော်လေး စိုးရိမ်နေခဲ့ပါတယ်။ သူ့ရဲ့ အဖိုးတန် ချစ်တပည့်လေးက ထိုသူတောင်းစားကောင်ကို တော်တော်လေး နှစ်သက် စွဲလန်းနေပါတယ်။ ထိုကောင်သာ တစ်ခုခု ဖြစ်သွားခဲ့ရင် သူ့ရဲ့ ချစ်တပည့်လေး ရင်ကွဲပက်လက် ဖြစ်ရပါလိမ့်မယ်။

ပြီးတော့ သူကိုယ်တိုင်လည်း ထိုကောင်စုတ်လေးကို နည်းနည်းပါးပါးတော့ နှစ်သက်ပါတယ်။ ဒီလောက် အရည်အချင်းရှိတဲ့ လူငယ်လေး တစ်ယောက် အသက်ငယ်ငယ်လေးနဲ့ အဆင့်ချိုးဖျက် တက်ရင်း သေသွားခဲ့ရင် တော်တော်လေး ရှက်စရာ ကောင်းမှာပါ။

ဒီကောင် ဒီလောကကြီးရဲ့ အချုပ်အနှောင် တွေကို ချိုးဖျက်ပြီး အထက်ဘုံကို တက်လှမ်းနိုင်မှာ အသေအချာပဲ

ရန်ကိုင် ဘယ်လောက်အထိ ခရီးပေါက်မလဲ မန်ဝူရလဲ တော်တော်လေး စိတ်ဝင်စားမိပါတယ်။

“အန္တရာယ်တွေ ပတ်လည်ဝိုင်းနေတဲ့ အချိန်မှာမှ ဘယ်လိုလုပ်ပြီး အဆင့်ချိုးဖျက်ဖို့ ကြိုးစားနေရတာလဲလို့” ရှနင်းချန်ရဲ့ မျက်ရည်ဝဲနေတဲ့ မျက်ဝန်းလေးတွေနဲ့ ရန်ကိုင်ကို လှမ်းကြည့်နေရင်း ငိုသံလေးနဲ့ ပြောလိုက်တယ်။

ရန်ကိုင်က တိုက်ပွဲအလယ်ထဲ ရောက်နေသလို များပြားပြင်းထန်တဲ့ စွမ်းအင်တွေကိုလည်း ဂရုစိုက် ရပါဦးမယ်။ သူသာ နှောင့်ယှတ်ခံလိုက်ရရင် အကျိုးဆက် မခန့်မှန်းနိုင်အောင် ဖြစ်သွားပါလိမ့်မယ်။

“တိုက်ခိုက်နေရင်း ဥာဏ်အလင်းပွင့်သွားလို့ အခုလိုမျိုး အဆင့်ချိုးဖျက်လိုက်နိုင်တာ ဖြစ်မယ်” မန်ဝူရ သက်ပြင်း ချလိုက်တယ်။ ဒီလို အခွင့်အရေးမျိုးက ရှာဖွေလို့ မရသလို ထိန်းချုပ်လို့လည်း မရပါဘူး။ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ကျော်လွှားနိုင်ပြီးမှ ဒီလိုအခွင့်အရေးမျိုး ရန်ကိုင် ရခဲ့တာပါ။

ဒီလို ကောင်းချီးမျိုးကို နောက်မှ အသုံးပြုမယ် ဆိုပြီး ဖိနှိပ်ထားလို့ မရပါဘူး။ တစ်ခုတည်းသော ရွေးချယ်စရာက သူ့လားရာအတိုင်း လိုက်ပါစီးမျော သွားဖို့ပါပဲ။ ပြောနေရင်းနဲ့ တစ်ချက်ရပ်လိုက်ပြီး မန်ဝူရက တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြောလိုက်တယ် “စိတ်အေးအေးသာနေ၊ အခြေအနေ မဟန်ရင် ဆရာဒီအတိုင်း ထိုင်နေမှာ မဟုတ်ပါဘူး”

“အင်း” ရှနင်းချန်က ခရစ်စတယ်လို ကြည်လင်တဲ့ မျက်ဝန်းအစုံနဲ့ ရန်ကိုင်ဆီ လှမ်းငေးကြည့်နေရင်း အသာအယာလေး ပြန်ခေါင်းညိတ်ပြလိုက်တယ်။

နေရှောင်ပျောက်ကွယ် သွားပြီး စစ်ပွဲမြို့တော် တစ်ခုလုံး မှောင်အတိ ကျသွားခဲ့ပေမယ့် အားကောင်းတဲ့ ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားတဲ့လူတွေကတော့ ဘာတွေ ဖြစ်နေလဲ ဆိုတာကို မြင်နိုင်ပါသေးတယ်။

ဘာတွေ ဖြစ်နေလဲ ဆိုတာကို နားလည်လိုက်တာနဲ့ ရန်ကျောင်းက ရန်ကိုင်ကို ထူးထူးဆန်းဆန်းနဲ့ ငေးစိုက် ကြည့်ရင် အော်ပြောလိုက်တယ် “ကိုးယောက်မြောက် ညီလေး၊ ဒီမှာပဲ အဆင့်ချိုးဖျက်ဖို့ မင်းကြိုးစားနေတာလား”

ရန်ကိုင်က ရန်ကျောင်းဆီ လှမ်းကြည့်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူက ခေါင်းညိတ်ပြလိုက်တယ်။

ရုတ်တရက် ပြောင်းလဲသွားသည့် အခြေအနေကြောင့် တန်ယုရှန်းလည်း တော်တော်လေး ထိတ်လန့် သွားခဲ့ရတယ်။

ရန်ကျောင်းက ခါးခါးသီးသီး ပြုံးလိုက်ရင်း လှောင်ပြောင် ရယ်မောလိုက်ပြီး လက်သီးတင်းတင်းဆုပ် အံတင်းတင်းကြိတ်ရင်း ပြောလိုက်တယ် “ဒုတိယအစ်ကိုက မင်းကို ဒီမှာ အဆင့်တက်ခွင့်ပေးမယ်လို့ မင်းထင်နေတာလား”

“မထင်ဘူးလေ” ရန်ကိုင် ခေါင်းရမ်းပြလိုက်ပြီး “ဒုတိယ အစ်ကို ငါ့ကို ရပ်တန့်ချင်တယ် ဆိုရင်တော့ ကြိုးစား ကြည့်လိုက်ပေါ့။ … ဒါပေမယ့် နောက်ဆက်တွဲ အကျိုးဆက်ကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေဖို့တော့ လိုလိမ့်မယ်”

ရန်ကျောင်းအမူအရာ အေးစက်သွားခဲ့တယ်။ သူ့မျက်ဝန်းထဲ ကြောက်ရွံ့သည့်၊ တုန့်ဆိုင်းသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။ ရန်ကိုင်ကို ဒီမှာ တိုက်ခိုက်ရမလား၊ မတိုက်ခိုက်ရဘူးလား ဆိုတာကို သူချက်ချင်း မဆုံးဖြတ်နိုင် ဖြစ်နေခဲ့တယ်။

သွေးစစ်သည်တော် နှစ်ယောက်နဲ့တောင် ရန်ကိုင် နန်ရှန်းအား သတ်သွားတာကို သူမတားနိုင်ခဲ့ပါဘူး။

အခုလောလောဆယ် ကျင့်ကြံခြင်း အဆင့်နဲ့တောင် ရန်ကိုင်ရဲ့ ခွန်အားက အရမ်းကို ကြောက်မက်ဖွယ် ကောင်းနေခဲ့ပါပြီ။ သူ့ကိုသာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ချိုးဖျက်ခွင့် ပေးလိုက်ရင် ရန်ကိုင်အနေနဲ့ ပိုပြီး အားကောင်းလာဖို့ပဲ ရှိပါတယ်။ သူ့အနေနဲ့ ရန်ကိုင်ကို ဘယ်တော့မှ လိုက်မှီနိုင်တော့မှာ မဟုတ်ပါဘူး။

အခုအခွင့်အရေးက နောက်တစ်ကြိမ် ပြန်မရနိုင်တဲ့ ရှားမှာရှားတဲ့ အခွင့်အရေးတစ်ခုပါ။ သူလက်လွှတ် လိုက်တာနဲ့ သူ့တစ်ဘဝလုံး နောင်တရနေရပါလိမ့်မယ်။

ဝုန်း… ဝုန်း… ဝုန်း…

မိုးချိန်းသံတွေ နောက်တစ်ကြိမ် မြည်ဟည်းသွားခဲ့ပြီး ရန်ကိုင်အမူအရာလည်း လေးနက်တည်ကြည် သွားခဲ့တယ်။

သူ့ခေါင်းထက်၌ ရှိနေသည့် အနက်ရောင် တိမ်တိုက်တွေက ဧရာမ ဝဲကတော့ကြီး တစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့တယ်။ ပြီးတာနဲ့ ရန်ကိုင်ဆီမှ ရပ်တန့်မရနိုင်တဲ့ စုပ်အားတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်က မိုးမြေစွမ်းအင် တွေကို စတင်စုပ်ယူပါတော့တယ်။

ဒေါသ၊ ရူးသွပ်မှု၊ ရက်စက်မှု၊ သွေးဆာမှု၊ ပြင်ထန်တဲ့ သတ်ဖြတ်လိုစိတ်၊ ထိုမကောင်းတဲ့ အရှိန်အဝါမျိုးစုံက ရန်ကိုင်နေရာမှ ပေါက်ကွဲထွက်လာခဲ့ပြီး စစ်ပွဲမြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့တယ်။ စစ်ပွဲမြို့ကြီး တစ်ခုလုံး ငရဲခန်းအဖြစ် ပြောင်းလဲသွားသလားလို့တောင် ထင်မှတ် ရပါတယ်။

စစ်ပွဲမြို့တော်ထဲ ရှိနေသည့် လူတစ်သောင်းအနက်၊ ၆၀ရာခိုင်နှုန်းလောက်သော လူတွေရဲ့ နှလုံးခုန်သံ မြန်ဆန် သွားခဲ့တယ်။ သူတို့ ဟိုးစိတ်နှလုံးသား အတွင်းပိုင်းထဲ ခိုအောင်း၊ ပုန်းအောင်းနေတဲ့ စိတ်ဆန္ဒရိုင်းတွေ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူတို့ရဲ့ စိတ်နေစိတ်ထားကိုပါ သက်ရောက် သွားခဲ့တယ်။

တစ်ခဏကြာပြီးနောက် ရန်ကိုင်ဟာ မီတာပေါင်း များစွာအမြင့်သို့ မြင့်တက်သွားခဲ့တယ်။

အနက်ရောင်တိမ်တိုက် ဝဲကတော့ကလည်း အရင်ကထက် ပိုပြီး မြန်မြန်ဆန်ဆန်ဖြင့် လှည့်ပတ် လာခဲ့ပါတယ်။

ရုတ်တရက် အနက်ရောင်စွမ်းအင်တို့ဖြင့် ဖွဲ့စည်းထားသည့် မိုးကြိုးသွားတစ်စင်း ရန်ကိုင်ကို ရိုက်ခတ်သွားခဲ့တယ်။

မာန်သွင်းအော်ဟစ်သံနှင့်အတူ ရန်ကိုင် တစ်ကိုယ်လုံးက အဆုံးမရှိတဲ့ ဝဲကတော့ကြီး တစ်ခုအလား ထိုအနက်ရောင် မိုးကြိုးသွားကို မျက်တောင်တစ်ခတ် အတွင်း စုပ်ယူပစ်လိုက်တယ်။

ရန်ကျောင်းမျက်နှာ ထိတ်လန့်မှုကြောင့် ဖြူလျော် သွာခဲ့တယ်။

ဒီလောက်ပြင်းထန်တဲ့ မိုးမြေစွမ်းအင်တွေကို အလွယ်တကူ စုပ်ယူပစ်လိုက်နိုင်မယ်လို့ ရန်ကျောင်း မထင်ထားခဲ့ပါဘူး။ သူ့မျက်ဝန်းထဲက တုန့်ဆိုင်းနေမှုတို့က ပြတ်သားမှုအဖြစ် ပြောင်းလဲသွားခဲ့တယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရှန်ချူက စိုးရိမ်တကြီးနဲ့ အော်ပြောလိုက်တယ် “ဒုတိယသခင်လေး၊ ဒါက နောက်တစ်ကြိမ် ပြန်မရနိုင်တဲ့ အခွင့်အရေး တစ်ခုနော်။ ဒုတိယသခင်လေး ဒီအတိုင်းပဲ လက်လွှတ် ခံလိုက်မှာလား”

နန်ရှန်းက သူ့မျက်စိရှေ့တည့်တည့်မှာပဲ သေသွား ခဲ့ရတာပါ။ သူလည်း မကြာခင်မှာပဲ နန်ရှန်းခြေရာ အတိုင်း လိုက်နင်းရမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် အခုအချိန်၌ ရန်ကိုင်က နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားနေခဲ့ပါတယ်။ မျှော်လင့်ချက် အရိပ်အယောင် ရေးတေးတေးလေးကို မြင်တွေ့လိုက်ရတာနဲ့ ရှန်ချူလည်း ရန်ကျောင်းကို ရန်ကိုင်အား တိုက်ခိုက်ဖို့ ဆွဲဆောင် စည်းရုံးပါတော့တယ်။

ရန်ကိုင်သာ မသေသရွေ့ အနှေးနဲ့အမြန်ဆိုသလို သူသေရလိမ့်မယ်မှန်း ရှန်ချူ နားလည်ထားပါတယ်။ ရန်မိသားစုရဲ့ ကိုးယောက်မြောက် သခင်လေးက ပြောတဲ့အတိုင်း လုပ်တတ်တဲ့လူပါ။

ပြီးတော့ ရန်ကိုင် အဆင့်ချိုးဖျက်နေတဲ့အချိန် သူ့တို့ဆီ အာရုံလှည့်ဖို့ အချိန်မရှိပါဘူး။ ထိုအချက်ကို နားလည် လိုက်တာနဲ့ ရှန်ချူလည်း ရန်ကျောင်းကို တွန်းအားပေးဖို့ တုန့်ဆိုင်းမနေတော့ပါဘူး။

Martial Peak

အပိုင်း(၅၂၃) ငါတို့အကြွေးအားလုံး ကြေသွားပြီ

ရန်ကျောင်း အမူအရာ ပြောင်းလဲသွားတာကို မြင်လိုက် တာနဲ့ ချူရီမန်နဲ့ ကျန်တဲ့သူတွေ အကုန်လုံး စိုးရိမ်သွားခဲ့ကြတယ်။

ပြီးတော့ ရန်ကိုင်ဆီကနေ ဖြာထွက်နေတဲ့ မိစ္ဆာချီရဲ့ လွှမ်းမိုးမှုကြောင့် ရန်ကျောင်းရဲ့ စိတ်အခြေအနေက မတည်မငြိမ် ဖြစ်နေခဲ့ရပါတယ်။ ထို့ကြောင့် သူ့အနေနဲ့ ဘာကိုမှ ကျိုးကြောင်းဆက်စပ်ပြီး မစဉ်းစား တတ်တော့ပါဘူး။

သူ့စိတ်အခြေအနေက မိစ္ဆာချီရဲ့ လွှမ်းမိုးခြင်းကို ခံနေရပါပြီ။

နှစ်ယောက်စလုံးက ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တွေပါ။ တစ်ယောက်က ဒုတိယအကြီးဆုံးဖြစ်ပြီး တစ်ယောက်က အငယ်ဆုံး ဖြစ်ပါတယ်။ အခုအချိန်၌ သူ့ရဲ့ အောင်မြင်မှုတွေက ရန်ကိုင်အောက် မလွဲမသွေ နိမ့်ကျနေတယ် ဆိုတာကို ရန်ကျောင်း နားလည်သွားခဲ့ပြီး သူ့စိတ်ထဲ မနာလိုစိတ်တို့ ပေါက်ဖွားလာခဲ့ရပါတယ်။ ဒီမကောင်းတဲ့ စိတ်ခံစားချက်တွေကို ဘေးပတ်ဝန်းကျင်က မိစ္ဆာချီတွေက လောင်စာထည့်ပေးလိုက်တဲ့အခါ ရန်ကျောင်းတဲ့ မျက်ဝန်းအစုံက အနီရောင် တောက်လာ ခဲ့ရပါတယ်။

“ဒုတိယသခင်လေး၊ ကျုပ်တို့သာ သူ့ကိုနှောင့်ယှတ် နိုင်ရင် သူအဆင့်ချိုးဖျက်တာ လုံးဝကို ကျရှုံးသွားလိမ့်မယ်” ရှန်ချူက အေးစက်စက်လေသံနဲ့ လှမ်းအော်ပြောလိုက်တယ်။ သံကို ပူတုန်းရိုက်ထားမှ ရပါမယ်။

နောက်ဆုံး ရန်ကျောင်း စိတ်ဒုံးဒုံးချလိုက်တယ်။ လေးတိလေးပင်နဲ့ ခေါင်းညိတ်လိုက်ပြီး သူ့လက်ကို ဝှေ့ရမ်း လိုက်ကာ ရက်စက်တော့မယ့်လေသံနဲ့ အော်ပြောလိုက်တယ် “ရသမျှ နည်းလမ်းအကုန်သုံးပြီး သူ့ကို ရအောင်တားကြ”

ရန်ကျောင်းဘေးမှာ ရှိနေတဲ့ သွေးစစ်သည်တော် နှစ်ယောက်စလုံး စိတ်ဓါတ်ကျသွားခဲ့ကြတယ်။

သူတို့ထဲက တစ်ယောက် ပြောခဲ့သလိုပဲ၊ သွေးစစ်သည်တော် ခန်းမက သွေးစစ်သည်တော်တွေ အကုန်လုံးက ရန်ကိုင်ကို ကျေးဇူးတင်လေးစား နေခဲ့ကြတာပါ။ ဒါပေမယ့် အခုအချိန်၌ ရန်ကျောင်းက ရန်ကိုင် အဆင့်ချိုးဖျက်တက်နေတာကို နှောင့်ယှတ် လာခဲ့ပါပြီ။ ထိုတစ်ခဏအတွင်း သူတို့ နှစ်ယောက်စလုံး ဘာလုပ်လို့ လုပ်ရမှန်း မသေချာ ဖြစ်သွားခဲ့တယ်။

ရန်ကိုင်က အရမ်းအရေးကြီးတဲ့ အခိုက်အတန့်မှာ ရောက်ရှိနေခဲ့တာပါ။ သူသာ နှောင့်ယှတ်ခံလိုက်ရလို့ အဆင့်တက်တာ ကျရှုံးသွားခဲ့ရင် သေတောင် သေသွား နိုင်ပါတယ်။ မသေရင်တောင် သူ့ကျင့်ကြံခြင်းက အစစ်အမှန်ဒြပ်စင် အဆင့်၉မှာပဲ ရပ်တန့်နေမှာပါ။

သွေးစစ်သည်တော် နှစ်ယောက်က ဘယ်လိုလုပ်ပြီး အဲ့လို လုပ်ချင့်ပါ့မလဲ။

သူတို့ စိတ်ထဲမကျေနပ်ပေမယ့်၊ အခုလို လုပ်ရမှာကို စိတ်ပျက်နေပေမယ့် ရန်ကျောင်းက သူတို့ရဲ့ လက်ရှိ ခေါင်းဆောင် ဖြစ်နေပါတယ်။ ထို့ကြောင့် မလုပ်ချင်ရင်တောင် လုပ်ဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိပါဘူး။

“ဒီလူအိုကြီးကို မရှိသလို မှတ်နေကြတယ်ပေါ့” နတ်ဆိုးအိုကြီးက မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး ဝမ်းခေါင်းသံ ကြီးနဲ့ ရယ်မောလိုက်တယ်။ အခြေအနေက ဒီအတိုင်းအတာထိ ဖြစ်ပျက်လာတာကို မြင်လိုက်ရတာနဲ့ နတ်ဆိုးအိုကြီးရဲ့ သွေးတွေဆူပွက် လာခဲ့ရတယ်။ ရန်ကျောင်းက အဆင်အခြင်မဲ့စွာဖြင့် အခုလိုမျိုး အမိန့်မျိုး ထုတ်လိုက်တဲ့အတွက် နတ်ဆိုးအိုကြီးလည်း တန်ယုရှန်းနဲ့ အတူ တိုက်ပွဲထဲ ဝင်ပါလာခဲ့ပါတယ်။

“ရန်ကျောင်း နင်ရူးနေပြီ” ချူရီမန်က ဒေါသတကြီး အော်ဟစ်လိုက်တယ်။ သူမနောက်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံးကို အချက်ပြလိုက်တယ်။ ထိုကျင့်ကြံသူတွေ အကုန်လုံး ရန်ကိုင်အား လူသားတံတိုင်း တစ်ခုပမာ ဝန်းရံထားလိုက်ကြတယ်။

“ငါလမ်းပိတ်တဲ့လူမှန်သမျှ သေရမယ်” ရန်ကျောင်းက သူ့မဟာမိတ်တွေ အကုန်လုံးကို အစွမ်းကုန်ထုတ် တိုက်ခိုက်ဖို့အတွက် နောက်တစ်ကြိမ် အမိန့်ပေးလိုက်တယ်။ သူ့စိတ်တစ်ခုလုံးကို‌ အမှောင်ဖုံးနေပြီဖြစ်တဲ့အတွက် ရန်ကျောင်းလည်း ဘာကိုမှ ဆက်ပြီး ဂရုမစိုက် နိုင်တော့ပါဘူး။

ထိုမြင်ကွင်းကို ကြည့်ရင်း ရှန်ချူက အေးစက်စက်နဲ့ ရယ်မောနေခဲ့တယ်။

ရန်ကိုင်လည်း ရှန်ချူ ရယ်မောနေတာကို မြင်ပါတယ်။ ရှန်ချူရှိနေတဲ့ နေရာဆီ လှမ်းကြည့်လိုက်ပြီး အေးစက်စက် လေသံနဲ့ ပြောလိုက်တယ် “နန်ရှန်း သေသွားခဲ့ပြီ။ မင်းလည်း သေရမယ့် ကံကြမ္မာကနေ ပြေးလွတ်မှာမဟုတ်ဘူး”

ရှန်ချူမှာ ရန်ကိုင်ရဲ့ အေးစက်စက် စကားကြောင့် ဒယီးဒယိုင် ဖြစ်သွားခဲ့ရတယ်။ ခြေလှမ်းတော်တော်များများ နောက်ဆုတ်ပြီးတော့မှပဲ ခြေခိုင်ခိုင်နဲ့ မတ်တပ်ရပ်နိုင် ခဲ့တယ်။ ချက်ချင်းပဲ အောက်ကျမခံ ပြန်ပြောလိုက်တယ် “ရန်ကိုင်၊ ငါ့ကို လာခြောက်ဖို့ ကြိုးစားမနေနဲ့။ မင်းကိုယ်မင်းသာ အရင်ဂရုစိုက်လိုက်ဦး။ စကားကြီး စကားကျယ်တွေ လာပြောမနေနဲ့”

နှစ်ဖက်စလုံးက ကျင့်ကြံသူတွေ အကုန်လုံး တိုက်ပွဲကြီး တစ်ခုကို စတင်ဆင်နွှဲနေခဲ့ကြပါပြီ။ နတ်ဆိုးအိုကြီးနဲ့ တန်ယုရှန်းတို့ နှစ်ယောက်စလုံး သွေးစစ်သည်တော် နှစ်ယောက်နဲ့ အခြားအင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေကို ခုခံဖို့အတွက် တိုက်ပွဲထဲ ဝင်ပါလာခဲ့ ကြတယ်။

ချူရီမန်နဲ့ ရန်ကိုင် မဟာမိတ်တွေဘက်က လူအရေအတွက် နည်းပေမယ့် သူတို့အားလုံးက ရန်ကိုင်နား စုဝေးနေခဲ့ကြတာပါ။ ထို့ကြောင့် သူတို့အချင်းချင်း ပူးပေါင်း လုပ်ဆောင်နိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီ ဖေးမပေးနိုင်ကြပါတယ်။ လက်နက်တွေ၊ သိုင်းပညာရပ် တွေဆီမှ ထွက်ပေါ်လာတဲ့ အလင်းရောင်တွေက အမှောင်ထုထဲ တဖိတ်ဖိတ် လင်းလက်နေခဲ့တယ်။

ပြင်းထန်တဲ့ တိုက်ပွဲကြီး ဖြစ်ပွါးတာနဲ့ ပေါက်ကွဲသံတွေ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

လက်ဖက်ရည်အိမ်တော်ထဲ ရှိနေတဲ့ ရန်ဝေက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “ဒီတစ်ကြိမ်တော့ ဒုတိယညီလေး အရမ်းကို လွန်သွားပြီ”

လျူချင်းယောင်လည်း ခေါင်းညိတ်လိုက်တယ်။ အမွေခံတိုက်ပွဲက ရက်စက်မှုကို အားပေးပေမယ့်၊ အခုအချိန်က ရန်ကိုင်အတွက် အရမ်းကို အရေးပါလှပါတယ်။ မတော်တဆ တစ်ခုခုသာ ဖြစ်သွားခဲ့ရင် သူ့လက်ကျန် တစ်ဘဝလုံးကို သက်ရောက်သွားမှာပါ။

ပြောပြီးတာနဲ့ ရန်ဝေ ခပ်မြန်မြန် မတ်တပ်ရပ်လိုက်ပြီး ခြုံထားတဲ့ ဝတ်ရုံကြီးကို လွှင့်ပစ်လိုက်တယ်။

“အကြီးဆုံးသခင်လေးက ဝင်ပါတော့မလို့လား” လျူချင်းယောင်က မျက်လုံးမှေးစဉ်းလိုက်ပြီး လေသံတိုးတိုးနဲ့ မေးလိုက်တယ်။

“အင်း” ရန်ဝေက ပြန်ခေါင်းညိတ်ပြလိုက်ပြီး “ရန်မိသားစုရဲ့ အကြီးဆုံးသခင်လေး တစ်ယောက်အနေနဲ့ ငါဝင်ကိုဝင်ပါရမယ်”

ပြောပြီးတာနဲ့ သူ့ရဲ့ သွေးစစ်သည်တော်နှင့်အတူ လက်ဖက်ရည်အိမ်တော်ထဲကနေ ခုန်ထွက်သွားလိုက်တယ်။

လျူချင်းယောင် ရုတ်တရက် ရယ်မောလိုက်ပြီး “အကြီးဆုံး သခင်လေးက တကယ်ကို လေးစားစရာ ကောင်းတဲ့ လူတစ်ယောက်ပါလား”

ရန်ဝေက ရန်မိသားစုရဲ့ အကြီးဆုံး သခင်လေး တစ်ယောက်အနေနဲ့ ဝင်ပါတော့မယ်လို့ ပြောသွားခဲ့ပါတယ်။ သူဆိုလိုတာက သူက ပြိုင်ဘက်တစ်ယောက်အနေနဲ့ ဝင်ပါမှာ မဟုတ်ပဲ ရန်မိသားစုဝင် တစ်ယောက်အနေနဲ့ ဝင်ပါတော့မယ်လို့ ပြောသွားခဲ့တာပါ။

ရန်ဝေက ဒီအခွင့်အရေးကိုယူပြီး ရန်ကိုင်ရဲ့ စံအိမ်ကို သွားတိုက်ခိုက်လို့ ရပါတယ် ဒါမှမဟုတ် ရန်ကျောင်းရဲ့ မဟာမိတ်တွေနဲ့ သွားပူးပေါင်းလို့ ရပါတယ်။

ဒါပေမယ့် သူအဲ့လို မလုပ်ခဲ့ပါဘူး။ သူက အခွင့်ရေး ယူရမယ့်အစား အခြေအနေတွေကို တည်ငြိမ်အောင် လုပ်ဖို့ ဦးစားပေးခဲ့ပါတယ်။ ထို့ကြောင့် သူဆုံးဖြတ်ချက်ကို လျူချင်းယောင် လုံးဝကို လေးစားသွားခဲ့တာပါ။

တစ်ခဏကြာပြီးနောက် ရန်ကိုင် အင်အားစုတွေနားသို့ ရန်ဝေ ရောက်ရှိလာခဲ့တယ်။ ရန်ဝေ ရောက်လာတာကို သတိပြုမိလိုက်တာနဲ့ ချူရီမန် အထိတ်တလန့် ဖြစ်သွားခဲ့ပြီး လှမ်းအော်မေးလိုက်တယ် “အကြီးဆုံးသခင်လေး ဘာလာ လုပ်တာလဲ”

သူမမျက်ဝန်းထဲက သံသယကို မြင်လိုက်တာနဲ့ ရန်ဝေ ဘာမှ ပြန်မပြောခဲ့ပဲ သူ့နောက်မှာရှိနေတဲ့ သွေးစစ်သည်တော်ကိုသာ ခေါင်းညိတ်ပြလိုက်တယ်။ သွေးစစ်သည်တော်လည်း ရန်ကျောင်းရဲ့ အင်အားစုတွေဆီ တိုးဝင်သွားခဲ့တယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ချူရီမန် ရှက်သွားခဲ့ပြီး လေးလေးစားစားနဲ့ ပြန်ပြောလိုက်တယ် “အကြီးဆုံး သခင်လေးရဲ့ အကူအညီအတွက် ကျေးဇူး အများကြီးတင်ပါတယ်”

ရန်ဝေက ခေါင်းသာညိတ်ပြလိုက်ပြီး ပြန်နောက်ဆုတ် နေလိုက်တယ်။

ရန်ကိုင်လည်း ထိုမြင်ကွင်းကို မြင်လိုက်ကာ သူ့စိတ်ထဲ အနည်းငယ် နွေးထွေးသွားခဲ့ရတယ်။ သူ့ရဲ့ အစ်ကို အကြီးဆုံးကို ကျေးဇူးတင်တင်နဲ့ ခေါင်းညိတ်ပြလိုက်တယ်၊ ညီအစ်ကိုနှစ်ယောက် တိတ်တဆိတ် အကြည့်ချင်းသာ ဖလှယ်လိုက်ကြပြီး ဘာအပိုစကားမှ ပြောမနေခဲ့ပါဘူး။

အောက်ဘက်မှာတော့၊ ရှန်ချူက အဖွဲ့နှစ်ဖက်ကြား အချင်းများအောင် မီးလောင်ရာ လေပင့်နေခဲ့တယ်။ အဲ့လိုလုပ်နေရင်း ရန်ကိုင် စိတ်အခြေအနေ ပျက်ပြားပြီး အဆင့်ချိုးဖျက်တာ မအောင်မြင်အောင်လို့လည်း ရန်ကိုင်ကို အဆက်မပြတ် လှောင်ပြောင်နေခဲ့ပါသေးတယ်။

ရန်ကိုင်နဲ့ ထိပ်တိုက် မရင်ဆိုင်ရဲတဲ့အတွက် အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးပြီးတော့ပဲ သူ့ဒေါသကို ဖွင့်ထုတ်နေခဲ့ရပါတယ်။ အခုအချိန်၌ ရန်ကိုင် စိတ်အာရုံပျက်ပြားပြီး အဆင့်ချိုးဖျက်တာ ကျရှုံးပါစေလို့ သူ့စိတ်ထဲ ကြိတ်ပြီးဆုတောင်းနေခဲ့တယ်။

ရှန်ချူရဲ့ ခွေးစကားတွေကို နားထောင်ရင်း ရန်ကိုင်ဘက်မှာ ရှိနေတဲ့ လူအားလုံး ဒေါသထွက်သွား ခဲ့ကြတယ်။ ဒါပေမယ့် ဘယ်သူမှ သူ့ခွေးပါးစပ်ကို သွားမပိတ်နိုင်သေးတဲ့အတွက် ရှန်ချူလည်း သူ့စိတ်ကြိုက်ကို ဆဲဆို၊ လှောင်ပြောင် ထေ့ငေါ့ နေခဲ့ပါတယ်။

ရှန်ချူကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ရင်း ရန်ကိုင်က မိုးပြာရောင်ဆံပင်နဲ့ လုပ်ထားတဲ့ အရုပ်လေးတစ်ရုပ်ကို ရုတ်တရက် ထုတ်ယူလိုက်တယ်။ ပြီးတာနဲ့ အရုပ်လေးရဲ့ နဖူးကို ဖွဖွလေး တောက်ချလိုက်တယ်။

အဝေးတစ်နေရာက လူအုပ်ကြီးထဲ၊ အနက်ရောင် ဝတ်ရုံ ခြုံထားတဲ့ ကိုယ်လုံးကိုယ်ပေါက် ကျစ်လစ်တဲ့ မိန်းကလေးမှာ ရုတ်တရက်ကြီး နာနာကျင်ကျင်နဲ့ ထအော်လိုက်ပါတယ်။ ထို့နောက် နဖူးလေးကို လက်နဲ့ပွတ်ရင်း ရန်ကိုင်ရှိနေတဲ့ အရပ်ဆီ မုန်းမုန်းတီးတီးနဲ့ လှမ်းကြည့်လိုက်တယ်။

ရန်ကိုင်က အရုပ်ကို နောက်တစ်ကြိမ် ထပ်တောက်ဖို့ လုပ်နေတာမြင်တော့ သူမလည်း ဆက်ပြီး တုန့်နှေး မနေရဲတော့ပဲ “ငါရောက်ပြီ၊ မတောက်နဲ့တော့”

ထိုအသံကို ကြားလိုက်တာနဲ့ ရန်ကိုင် လှုပ်ရှားမှုတို့ ရပ်တန့်သွားခဲ့တယ်။

ရန်ကိုင်က အရုပ်ကို ထပ်တောက်ဖို့ မလုပ်တာကို မြင်လိုက်ရတော့မှပဲ ရွှေးလင် စိတ်သက်သာရ ရသွားခဲ့ပြီး စူပုပ်နေတဲ့မျက်နှာနဲ့ ရန်ကိုင်ကို စူးရဲစွာစိုက်ကြည့်လိုက်ပြီး အံတင်းတင်းကြိတ်ကာ ပြောလိုက်တယ် “နင်ဘာလုပ်ချင် ပြန်ပြီလဲ”

“ဒီတစ်ကြိမ် ငါ့ကိုကူညီပေးရင် ဒါနင့်အပိုင်ပဲ” ရန်ကိုင်က အရုပ်လေးကို မြှောက်ပြရင်း လှမ်းအော်ပြော လိုက်တယ်။

“တကယ်လား” ရွှေးလင် အူမြူးသွားခဲ့တယ်။ သူမ မျက်ဝန်းအစုံက ရန်ကိုင်နဲ့ အရုပ်ကြား ကူးကလန် ခတ်နေခဲ့တယ်။

သူ့မအမူအရာကို မြင်လိုက်တာနဲ့ ရန်ကိုင် အရုပ်လေးကို သူမဆီ လှမ်းပစ်ပေးလိုက်တယ်။ ရွှေးလင်က အရုပ်လေးကို အသာအယာလေး လှမ်းဖမ်းလိုက်ပြီး အရမ်းကို အဖိုးတန်းလွန်းတဲ့ ရတနာတစ်ခုကို ရလိုက်သည့်အလား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ပျော်ရွှင်စွာနဲ့ အော်ဟစ်ရယ်မောလိုက်တယ်။

ဝိဥာဉ်ချုပ်နှောင်ခြင်း ကျိန်စာရဲ့ နှိပ်စက်ကို ခံစားရပြီး ကတည်းက ရွှေးလင်က ဒီအရုပ်လေးကို အမုန်းကြီးမုန်းတီး နေခဲ့တာပါ။ သူမအနေနဲ့ ဒီအရုပ်ကို ရန်ကိုင်ဆီကနေ ဘယ်လို ခိုးယူရမလဲဆိုတာကို အမြဲတစေ စဉ်းစား နေခဲ့တာလို့ပြောရင်တောင် မှားမယ်မထင်ပါဘူး။

ဒီအရုပ်လေးကို ခိုးယူနိုင်ဖို့အတွက် စစ်ပွဲမြို့တော်မှာ နေရင်း အခွင့်အရေးကို တိတ်တဆိတ် ချောင်းမြောင်း နေခဲ့တာပါ။

ဒါပေမယ့် အချိန်အတော် ကြာပြီးတာတောင် ဘာအခွင့်အရေးမှ ထွက်ပေါ်မလာခဲ့ပါဘူး။ ရန်ကိုင်စံအိမ် ထဲလည်း အလွယ်တကူ ခြေမချရဲတဲ့အတွက် သူမမှာ တော်တော်လေး စိတ်ညစ်နေခဲ့ရတာပါ။ ဒါပေမယ့် သူမ အသည်းအသန် လိုချင်နေတဲ့ ပစ္စည်းကို ရုတ်တရက်ကြီး အလွယ်တကူ ရလိုက်ပါတယ်။

သူမကို ရစ်ပတ်ထားတဲ့ မမြင်နိုင်တဲ့ အချုပ်အနှာင်တွေ ရုတ်တရက်ကြီး ပျောက်ကွယ်သွားသလို ရွှေးလင် ခံစားလိုက်ရတယ်။ သူမနဲ့ အရုပ်လေးကြားက ဆက်သွယ်မှု ပျောက်ကွယ်သွားခဲ့ပါပြီ. အခုကနေစပြီး သူမတစ်ဖန် ပြန်လည် လွတ်လပ်သွားခဲ့ပါပြီ။

သူအရုပ်လေးကို သူမအိတ်ထဲ ဣန္ဒြေရှိရှိနဲ့ ကောက်ထည့်လိုက်တယ်။ ပြီးတာနဲ့ သူမရဲ့ ကဆုတ်ပေါက်နေတဲ့ စိတ်လေးကို တည်ငြိမ်အောင် လုပ်လိုက်ပြီး ရန်ကိုင်ဆီ သိချင်စိတ်ပြင်းပြစွာဖြင့် လှမ်းကြည့်လိုက်ကာ လှောင်ပြောင်လိုက်တယ် “ဒါကို ယူပြီးတာနဲ့ ငါထွက်ပြေးသွားမှာကို နင်မကြောက်ဘူးလား”

“ပြေးလေ၊ ပြေးချင်ရင် ပြေးလို့၇တယ်။ နင့်အကူအညီ မပါရင်တောင် ငါဘက်က အဆင်ပြေနေတုန်းပဲ။ ဒါပေမယ့် ငါ့ကို သစ္စာဖောက်တဲ့ လူတွေရဲ့ အဆုံးသတ်က ဘယ်တော့မှ ကောင်းမွန်လေ့ မရှိဘူးဆိုတာကိုတော့ နင်သိထားလိုက်” ရန်ကိုင်က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။

ရွှေးလင်က အထင်အမြင် သေးသေးနဲ့ ပြန်ပြီး နှာခေါင်း ရှုံ့လိုက်တယ် “ဒီလိုအချိန်မျိုးမှာတောင် လေတစ်လုံး၊ မိုးတစ်လုံး မပြောပဲ မနေနိုင်သေးဘူး၊ ဟန့်”

အဲ့လို ပြောလိုက်ပေမယ့် တစ်ခဏကြာပြီးနောက် ရွှေးလင်က ဆက်ပြောလိုက်တယ် “ဒါပေမယ့် နင်ကံကောင်း သွားတယ်။ နင်မမှားခဲ့ဘူး။ ဒီကောင်မလေးက အကြွေးကို ပြန်မဆပ်တတ်တဲ့ လူမျိုးမဟုတ်ဘူး”

ထိုညတုန်းက ရန်ကိုင်က သူမအား နှိပ်စက်ခဲ့တယ် ဆိုပေမယ့် သေသေချာချာ ချင့်တွက်ပြီး လုပ်ခဲ့တာပါ။ သူမကို နည်းနည်းလေးပဲ နာကျင်သွားအောင် လုပ်ခဲ့တာ ဖြစ်ပြီး ဒဏ်ရာရသွားအောင် တစ်ခါမှ မလုပ်ခဲ့ပါဘူး။ ပြီးတော့ ဒီလောက်အချိန်ကြာပြီးတာတောင် ရန်ကိုင်က အရုပ်လေးကို သုံးပြီး သူမအား တွန်းအားပေးခိုင်းစေဖို့ တစ်ခါမှ မကြိုးစားခဲ့ပါဘူး။ သူသာ သူမကို အရှက်ရအောင်၊ သူ့အတွက် အလုပ်လုပ်ခိုင်းစေချင်ရင်တောင် သူမအနေနဲ့ ခုခံနိုင်မှာမဟုတ်မှန်း ရွှေးလင်သိထားပါတယ်။

အချိန်တွေ ကြာလာတာနဲ့ ရန်ကိုင်က စက်ဆုပ်ရွံရှာဖွယ် ကောင်းတဲ့ လူဆိုးတစ်ယောက် မဟုတ်မှန်း ရွှေးလင် သိလာခဲ့တယ်။ သူက သူမပြဿနာရှာမှာ ဆိုးတဲ့အတွက် သူမကို ထိန်းချုပ်ရုံပဲ ထိန်းချုပ်ထားချင်တာပါ။

“ပြော၊ ငါနင့်အတွက် ဘာလုပ်ပေးရမလဲ” ရွှေးလင်က မေးလိုက်တယ်။

“အဲ့ကောင်ကို ဖမ်းပေး”

ရန်ကိုင်က ရှန်ချူကို လှမ်းကြည့်ရင်း ပြောလိုက်တယ်။

“ဒါလေးများ” ရွှေးလင်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူမရဲ့ လက်ကောက်ဝတ်ကို လှုပ်ခါ လိုက်တယ်။ ဖောက်ထွင်းလုလု မြင်နေရတဲ့ ရေစီးကြောင်း တစ်ခုက သူမလက်ထဲကနေ ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့တယ်။ ထိုရေစီးကြောင်းက အသိစိတ်ရှိတဲ့ ကြိုးတစ်ချောင်းအလား ပရမ်းပတာ ဖြစ်နေတဲ့ လူအုပ်ကြီးကို ကျော်ဖြတ်ပြီး ရှန်ချူဆီ တိုးဝင်ခဲ့တယ်။ ပစ်မှတ်ဆီရောက်တာနဲ့ အဆက်မပြတ် ကျိန်ဆဲနေသေးတဲ့ ရှန်ချူကို ချက်ချင်း ရစ်ပတ်လိုက်တယ်။

ရှန်ချူ ထိတ်လန့်တုန်လှုပ် သွားခဲ့ပြီး အစစ်အမှန်ချီကို လှည့်ပတ်ကာ ခုခံဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် လက်ရွေးစင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ ပညာရှင်တစ်ယောက်ရဲ့ နည်းလမ်းတွေကို သူလို့မျိုး ဘာမဟုတ်တဲ့ကောင်က ဘယ်လိုလုပ်ပြီး ခုခံနိုင်ပါ့မလဲ။

သူဘယ်လိုပဲ ကြိုးစားကြိုးစား သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားတဲ့ ရေးစီးကြောင်းကို ပျက်ပြယ်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။

“ဒီကိုလာခဲ့” ရွှေးလင်းရဲ့ တိုလျလျ အော်သံနဲ့အတူ ရေးစီးကြောင်းက သူမဆီ ပြန်ဆုတ်လာခဲ့တယ်။ တုန်လှုပ် ချောက်ချားနေတဲ့ ရှန်ချူမှာ ကူကယ်ရာမဲ့နေတဲ့ ယုန်သူငယ် ပမာ သူမရှေ့သို့ ဆွဲခေါ်သွားခံ ခဲ့ရပါတယ်။

“ရုန်းနေတာ ရပ်လိုက်တော့၊ မဟုတ်ရင်” ရွှေးလင်က မျက်မှောင်ကြုံ့လိုက်ပြီး နှာခေါင်းရှုံ့လိုက်တယ်။ ရှန်ချူကို ပုခုံးကနေ ဆွဲကိုင်ပြီး အမှိုက်ထုတ်ကို လွင့်ပစ်သလို ရန်ကိုင်ဆီ လှမ်းပစ်ပေးလိုက်တယ်။ ရန်ကိုင် တောင်းဆိုတဲ့ ကိစ္စက သူမအတွက် အရမ်းကို လွယ်ကူ ရိုးရှင်းလှပါတယ်။

ရန်ကိုင်ရဲ့ အေးစက်စက် အမူအရာကို မြင်တွေ့ လိုက်တာနဲ့ ရှန်ချူမျက်နှာတစ်ခုလုံး သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး အလျင်စလို အော်ပြောလိုက်တယ် “ကိုယောက်မြောက် သခင်လေး၊ ကျေးဇူးပြုပြီး… ကျုပ်ကို ခွင့်လွှတ်ပေးပါဗျာ”

ရန်ကိုင်က ပြန်ပြီး လှောင်ပြောင်လိုက်တယ် “အခုမှ နောင်တရနေတာလား။ အရမ်းနောက်ကျသွားပြီ”

ဂျုန်း…

ကောင်းကင်ယံထက်က တိမ်မည်းတွေဆီမှ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်စီးကြောင်းတစ်ခု ရန်ကိုင်ဆီ ကျဆင်းလာခဲ့တယ်။ ဒေါသမုန်တိုင်းထန်နေတဲ့ မိုးမြေစွမ်းအင်မောက်၌ ရန်ကိုင်က အစစ်အမှန်ချီ ပိတ်ဆို့ထားခြင်း ခံရတဲ့ ရှန်ချူက သူနဲ့တိုက်ရိုက် ပူးကပ်ထားလိုက်တဘ်။

စွမ်းအင်တန်း ထိမှန်းခြင်း ခံလိုက်ရတာနဲ့ ရှန်ချူ တစ်ကိုယ်လုံး ဖောင်းတက်လာခဲ့ပြီး အက်ရာတို့ သူ့အရေပြားထက် ထွက်ပေါ်လာခဲ့တယ်။ စွမ်းအင်တန်းက ပြင်းထန်လွန်းတဲ့အတွက် ရှန်ချူမျက်လုံးတို့ ပြုတ်ထွက် လုမတတ် ပြူးကျယ်နေခဲ့ပြီး သူ့အသားတွေဆိုရင်လည်း စတင်ပဲ့ကြွေကျလာပါတော့တယ်။ ဒါပေမယ့် ဒီလို ထိတ်လန့်အော့အန်ဖွယ် ကောင်းတဲ့မြင်ကွင်းက တဒင်္ဂတာလောက်ပဲ ကြာမြင့်ခဲ့ပါတယ်။

ဘုန်းဆိုတဲ့ မြည်သံနဲ့အတူ ရှန်ချူတစ်ကိုယ်လုံး သွေးမြူတွေအဖြစ် ပေါက်ကွဲသွားခဲ့တယ်၊ အရိုးတောင် မကျန်ခဲ့ပါဘူး။

တိုက်ပွဲသံတွေ တဒင်္ဂလောက် ရုတ်တရက် ရပ်တန့် သွားခဲ့တယ်။ အားလုံးက လေထဲဝဲနေတဲ့ သွေးတိမ်တိုက် ကြီးကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေခဲ့ကြတယ်။

နန်ရှန်း အရင်သတ်ခံခဲ့ရပါတယ်။ အခုတော့ ရှန်ချူလည်း အလောင်းတောင်မကျန်ပဲ သေသွားခဲ့ရ ပြန်ပါပြီ။ ရန်ကိုင်… ပြောတဲ့အတိုင်းပဲ တကယ်ကို လုပ်ခဲ့ပါတယ်။

ရန်ကျောင်းတောင် ထိုလူနှစ်ယောက်ကို မကာကွယ် ပေးနိုင်ခဲ့ပါဘူး။

“ငါတို့အကြွေး ကြေသွားပြီနော်” ရွှေးလင်က သကြားလုံး ရလိုက်တဲ့ ကလေးတစ်ယောက်လို ပျော်ရွှင် အူမြူးစွာနဲ့ ပြောလိုက်တယ်၊ ရန်ကိုင် ခေါင်းညိတ်ပြလိုက်ပြီး ဖြည်းဖြည်းချင်း မျက်လုံးပိတ်လိုက်တယ်။ သူ့အဆင့် ချိုးဖျက်မှုက ရောက်ရှိလို့လာခဲ့ပါပြီ။ အခြားကိစ္စတွေကို အာရုံစိုက်ဖို့ သူ့မှာ အချိန်မရှိတော့ပါဘူး။ အခုအချိန်၌ သူ့ကိုယ်ထဲ စီးဝင်လာမယ့် မိုးမြေစွမ်းအင်တွေအား ခုခံနိုင်ဖို့ကိုသာ အာရုံစိုက်နိုင်ပါတော့တယ်။

တစ်ချိန်တည်းမှာပဲ အသိစိတ်ပင်လယ်အား ဖွင့်လှစ်ပြီး အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်တစ်ယောက် တရားဝင်ဖြစ်လာနိုင်မယ့် အခွင့်အရေးကို စောင့်စား ရပါမယ်။

Martial Peak

အပိုင်း(၅၂၄) ဂုဏ်တောင် ယူသင့်နေသေးတယ်

ရှန်ချူ အသတ်ခံလိုက်ရပြီးနောက် တိမ်မည်းတွေထဲ စုဝေးနေတဲ့ အဖျက်စွမ်းအားက လုံးဝကို အသက်ဝင် သွားတဲ့ပုံပါပဲ။ အဆုံးမရှိတဲ့ ရေစီးကြောင်း တစ်ခုပမာ စွမ်းအင်တန်းတွေက ရန်ကိုင်ပေါ် တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့တယ်။ ထိုမြင်ကွင်းကို ကြည့်ရင်း အကုန်လုံး နှလုံးခုန်မြန်သွားခဲ့ကြတယ်။

ရန်မိသားစုရဲ့ အငယ်ဆုံး သခင်လေးကပဲ ထိုသိပ်သည်းလှတဲ့ စွမ်းအင်ထုကြီးကို ကောင်းချီးအဖြစ် ပြောင်းလဲနိုင်မှာလား၊ စွမ်းအင်တွေကပဲ ဘေးကပ်ဆိုးတစ်ခုအဖြစ် ပြောင်းလဲပြီး ရန်မိသားစုရဲ့ အငယ်ဆုံး သခင်လေးကို ဖျက်စီးသွားမှာလား ဆိုတာကို တွေးတောရင်း အကုန်လုံး ရင်ခုန်၊ စိတ်လှုပ်ရှား၊ စိုးရိမ် နေခဲ့ကြတယ်။

ရန်ကျောင်းက ကောင်းကင်ထက်ဆီသို့ သုန်မှုန်စွာဖြင့် ငေးစိုက်ကြည့်လိုက်ရင်း အော်ပြောလိုက်တယ် “အစ်ကိုကြီး၊ မင်းက ကိုးယောက်မြောက် ညီလေးဘက်မှာ ရပ်ချင်တာလား”

ရန်ဝေက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်တယ် “အစ်ကိုကြီးက ကိုးယောက်မြောက် ညီလေးဘက် ရပ်နေတာ မဟုတ်ဘူး။ ဒုတိယညီလေးကပဲ အရမ်းကို လွန်လွန်းနေတာ။ အသိပြန် ဝင်လာပြီး မင်းဘာလုပ်နေလဲ ဆိုတာကို သေချာပြန်စဉ်းစား ကြည့်လိုက်ဦး”

“အမွေခံတိုက်ပွဲကို အနိုင်ရဖို့အတွက် ကြိုက်တဲ့ နည်းလမ်းကို အသုံးပြုလို့ရတယ်။ ငါဘာလုပ်နေလဲ ဆိုတာကို ငါသိတယ်” ရန်ကျောင်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။

ရန်ဝေ အမူအရာ မှုန်ကျသွားခဲ့ပြီး သက်ပြင်းချကာ “ရှန်ချူနဲ့ နန်ရှန်းကို ကိုးယောက်မြောက်ညီလေး ဆီကနေ ကာကွယ်ပေးချင်တာကို အစ်ကိုကြီး ဘာမှ မပြောလိုဘူး။ ဒါပေမယ့် ကိုးယောက်မြောက် ညီလေးရဲ့ အနာဂတ်ကို ဖျက်စီးဖို့ ကြိုးစားနေတာကိုတော့ အစ်ကိုကြီးက ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး… အခု အခြေအနေသာ ပြောင်းပြန်ဖြစ်သွားခဲ့ရင်၊ ကိုးယောက်မြောက် ညီလေးက ဒုတိယညီလေး အဆင့်ချိုးဖျက်တာကို နှောင့်ယှတ်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်”

လျှပ်စစ်နဲ့ အတို့ခံလိုက်ရသည့်အလား ရန်ကျောင်း ကြောင်သွားခဲ့တယ်။ သူ့မျက်နှာတစ်ခုလုံး ရှက်ရွံ့မှုကြောင့် နီမြန်းသွားခဲ့ပြီး သူ့မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့တယ်။ ဒါပေမယ့် မကြာခင်မှာပဲ အစောပိုင်းက ရက်စက်မှုတို့က သူ့မျက်နှာထက် တစ်ဖန်ပြန်လည် အစားထိုး ဝင်ရောက်လာခဲ့ပါတယ်။

အခုအချိန်၌ သူ့စိတ်ကို တည်ငြိမ်အောင် မလုပ်နိုင်သေးပါဘူး။

သူသာ အသိစိတ်ရှိနေခဲ့ရင် သူ့အပြုအမူတွေက ဘယ်လောက်တောင် မိုက်မဲလဲဆိုတာကို ရန်ကျောင်း နားလည်လောက်မှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သူ့စိတ်ထဲ ရန်ကိုင်ကို အနိုင်ယူဖို့အတွေး တစ်ခုတည်းသာ ရှိနေခဲ့ပါတယ်။

ဝုန်း…

ညီအစ်ကိုနှစ်ယောက် စကားပြောနေစဉ် ဧရာမ ပေါက်ကွဲသံကြီးတစ်သံ ရုတ်တရက် မြည်ဟည်းသွားခဲ့တယ်။ မိုးချိန်းသံတမျှ ကျယ်လောက်တဲ့ ပေါက်ကွဲသံနဲ့အတူ အရင်ကထက် ပိုပြီးဆိုးညစ် သိပ်သည်းတဲ့ နတ်ဆိုးချီတို့ ရန်ကိုင်ခန္ဓာကိုယ်ကနေ စတင် ပေါက်ကွဲထွက်လာခဲ့တယ်။

ထိုအရှိန်အဝါကြောင့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ရောက်နေတဲ့ ကျင့်ကြံသူတွေတောင် သူတို့ရဲ့ အတွင်းစိတ်ရိုင်းတွေကို ဖိနှိပ်ဖို့ရာ တော်တော်လေး ခက်ခဲသွားခဲ့ရတယ်။

နတ်ဆိုးအိုကြီးတစ်ယောက်ပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်မောနေခဲ့ပါတယ်။ ထိုသိပ်သည်းလှတဲ့ နတ်ဆိုးချီထဲ သူ့စွမ်းအားက ပိုပြီးတော့တောင် တိုးတက်လာသလိုပါပဲ။

“ဒီကောင်စုတ်လေးနဲ့ ပက်သက်ပြီး ဘာတွေ ဖြစ်နေတာလဲ” အဝေးမှာ ရှိနေတဲ့ မန်ဝူရရဲ့ အမူအရာလည်း လေးနက်တည်ကြည် သွားခဲ့တယ်။

ရန်ကိုင်ခန္ဓာကိုယ်ထဲ ဘာလို့ဒီလောက် များပြားတဲ့ နတ်ဆိုးချီတွေ ရှိနေမှန်း နားလည်နိုင်ဖို့ရာ သူ့အတွက် တော်တော်လေး ခက်ခဲနေခဲ့ပါတယ်။ အရင်က အစစ်အမှန် ယန်ယွမ်ချီတွေ ဘယ်ရောက်ကုန်တာလဲ။ အဲ့ယန်ယွမ်ချီတွေက နတ်ဆိုးချီတွေရဲ့ အိမ်မက်ဆိုး ဖြစ်သင့်တာလေ။

“ဂျူနီယာမောင်လေး အန္တရာယ်ရှိလား၊ ဆရာ” ရှနင်းချန်က စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။ ဒီလောက် အဝေးကြီးကနေတောင် နတ်ဆိုးချီရဲ့ သက်ရောက်မှုကို ခံစားခဲ့ရပါတယ်။ ဒါပေမယ့် သူမနဖူးထက်က မိုးပြာရောင် ကျောက်မျက်လေးက အရောင်မှိန်မှိန်လေးကို ထုတ်လွှတ်ရင်း သူမပတ်လည် နတ်ဆိုးချီတွေကို ဖယ်ရှားပေးနေခဲ့ပါတယ်။

“ဆရာလည်းမသိဘူး” မန်ဝူရလည်း ဘာဖြစ်နေလို့ ဖြစ်နေမှန်း နားမလည်နိုင် ဖြစ်နေခဲ့တယ်။ “သူ့အသိစိတ်က သူ့စိတ်ထဲ လုံးဝကို ပေါင်းစပ်နစ်မြုပ်နေလို့ သူ့ကိုယ်ကနေ ပေါက်ကွဲထွက်လာနေတဲ့ စွမ်းအင်တွေကို မထိန်းချုပ်နိုင်တာ ဖြစ်မယ်”

ဒီတစ်ကြိမ် အဆင့်ချိုးဖျက်တာက အရင်တုန်းက အဆင့်ချိုးဖျက်တာတွေနဲ့ မတူပါဘူး။ ကျင့်ကြံသူ တစ်ယောက် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်တဲ့အခါ သူတို့ရဲ့ အစစ်အမှန်ချီကို ပိုပြီးသန့်စင် သွားစေဖို့က အခရာမကျပဲ အသိစိတ်ပင်လယ်ကို ဖွင့်လှစ်နိုင်ဖို့က အခရာကျပါတယ်။

အခုအချိန်၌ ရန်ကိုင်ရဲ့ အသိစိတ်က အသိစိတ်ပင်လယ် ဖွင့်လှစ်ဖို့ကို အာရုံစိုက်နေတဲ့အတွက် သူ့ခန္ဓာကိုယ်ကို သတိပြုမိတော့ပါဘူး။ ထို့ကြောင့် သူ့ကိုယ်ထဲက နတ်ဆိုးချီတွေကို မထိန်းချုပ်နိုင်ဖြစ်ကာ အထိန်းအကွပ် မဲ့သွားတဲ့ သိုးတစ်အုပ်လို ဘေးပတ်ဝန်းကျင်သို့ တစ်ဟုန်ထိုး ပြန့်နှံ့နေခဲ့တာပါ။

“အခြေအနေက ပိုဆိုးလာပြီ” တိုက်ပွဲက ပိုပိုပြင်းထန် လာတာကို မြင်လိုက်ရတာနဲ့ မန်ဝူရမျက်နှာထက် စိုးရိမ်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့တယ်။ ရန်ကိုင် ဒီတစ်ကြိမ် အောင်အောင်မြင်မြင်နဲ့ အဆင့်ချိုးဖျက် နိုင်မှာလား၊ မချိုးဖျက်နိုင်ဘူးလား ဆိုတာကို သူစိတ်မပူပါဘူး။ သူစိတ်ပူနေတာက နတ်ဆိုးချီ သက်ရောက်ခြင်း ခံလိုက်ရတဲ့ စစ်ပွဲမြို့တော်က လူတွေ ဘာဖြစ်သွားမလဲ ဆိုတာကိုပါ။

စစ်ပွဲမြို့တော်မှာ ရှိနေတဲ့ လူသောင်းကျော်က ရန်ကိုင်ရဲ့ မိစ္ဆာချီကြောင့် စိတ်လွတ်ပြီး အချင်းချင်း ထသတ်ကုန်ကြရင် ရန်ကိုင်က မဟာအပြစ်တော်သား တစ်ယောက် ဖြစ်သွားရမှာပါ။

သူ့ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်ကာ စစ်ဆေး ကြည့်လိုက်ပြီးနောက် မန်ဝူရဲ့ အမူအရာ ပိုပိုပြီး မည်းမှောင် သွားခဲ့တယ်။

စစ်ပွဲမြို့တော်ထဲ ဝရုန်းသုန်းကားတွေ ဖြစ်နေတာကို သူတွေ့ရှိလိုက်ရတယ်။ ထိုလူတွေ အကုန်လုံးက အမွေခံတိုက်ပွဲထဲ ဝင်ပြိုင်တဲ့လူတွေ မဟုတ်ပါဘူး။ အဲ့အစား ရန်ကိုင်ကိုယ်ထဲက နတ်ဆိုးချီကြောင့် စိတ်လွတ်ကုန်ကာ သူတို့ နှလုံးသားထဲ ဖိနှိပ်ထားတဲ့ စိတ်ရိုင်းတွေ၊ မကျေနပ်ချက်တွေကို မထိန်းချုပ်နိုင်တော့ပဲ အချင်းများ၊ ထသတ်ကုန်ကြတာပါ။

အခုအချိန်၌ စစ်ပွဲမြို့တော် တစ်ခုလုံး တုတ်ဆွဲ၊ ဓါးဆွဲနဲ့ နေရာအနှံ့ လူသတ်ပွဲတွေ ဖြစ်နေခဲ့ကြပါတယ်။

အချိန်တွေ ကုန်လာတာနဲ့အမျှ အခြေအနေတွေက ပိုပိုဆိုးလာခဲ့ပါတယ်။ ရန်ကိုင်သာ ထိုနတ်ဆိုးချီတွေကို သူ့ကိုယ်ထဲ ပြန်ပြီးမစုပ်ယူသရွေ့ အခြေအနေက ပြန်ပြင်လို့ မရတဲ့အထိ ဖြစ်သွားမှာပါ။

လူတစ်ယောက် အဆင့်ချိုးဖျက်သွားတာ တစ်မြို့လုံးကို သက်ရောက်သွားခဲ့ပါတယ်။ ဒါက ရှေးခေတ်တုန်းက ဒဏ္ဏာရီတွေလိုပါပဲ။ မန်ဝူရလည်း မထိတ်လန့်ပဲ မနေနိုင်အောင် ဖြစ်နေခဲ့ပါတယ်။

ရုတ်တရက်ကြီး သူ့အမူအရာ ပြောင်းလဲသွားခဲ့ပြီး စစ်ပွဲမြို့တော်ရဲ့ တစ်နေရာဆီ လှမ်းကြည့်လိုက်ကာ သက်ပြင်းချလိုက်တယ် “နောက်ဆုံးတော့ သူတို့တွေကို သတိပေးလိုက်သလို ဖြစ်သွားခဲ့ပြီ”

“ဘယ်သူတွေကိုလဲဟင်” ရှနင်းချန်က စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။

“တစ္ဆေအိုကြီးတွေလေ” မန်ဝူရက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး “တပည့်အရင်အိမ်ပြန်နှင့်။ ဒီနေရာမှ နေရင် မလုံခြုံမှာ စိုးရတယ်”

“တပည့်မပြန်ဘူး…” ရှနင်းချန်က ပေကပ်ကပ်နဲ့ အသည်းအသန် ခေါင်းခါရမ်းလိုက်တယ်။ ရန်ကိုင် ရှိရာဆီ လှမ်းကြည့်လိုက်ရင်း “ဂျူနီယာမောင်လေး အဲ့မှာ ရှိနေသေးတယ်”

“ပြန်နှင့်” မန်ဝူရက ရှနင်းချန်ကို နှစ်သိမ့်ပေးလိုက်တယ် “သူ့ကို စိတ်ပူမနေနဲ့။ ဆရာ ရန်ကိုင်ကို လုံလုံခြုံခြုံနဲ့ ပြန်ခေါ်လာမှာပါ”

ရှနင်းချန်လည်း တစ်ခဏတာအောင် တုန့်ဆိုင်း နေခဲ့ပြီးနောက် မညိတ်ချင်ညိတ်ချင်နဲ့ ခေါင်းလေး ညိတ်လိုက်ရင်း “ဆရာသူ့ကို ပြန်မခေါ်လာနိုင်ရင် တပည့်လည်း အသက်မရှင်ချင်တော့ဘူး”

ထိုနမိတ်မရှိတဲ့ စကားတွေကို ပြောပြီးတာနဲ့ ရှနင်းချန်က ရန်ကိုင်စံအိမ်ဆီ လှည့်ပြန်သွားလိုက်တယ်။

ရန်ကိုင်ကို ကူညီဖို့ သူမဘာမှ မလုပ်နိုင်ဘူး ဆိုတာကို ရှနင်းချန် သိပါတယ်။ သူမသာ ဆက်ပြီးခေါင်းမာနေမယ် ဆိုရင် သူမဆရာကိုပဲ ဝန်ပိုအောင် လုပ်မိသလို ဖြစ်သွား ပါလိမ့်မယ်။ ထို့ကြောင့် နာနာခံခံနဲ့ အိမ်ပြန်လိုက်တာပါ။

တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ သူချစ်တပည့်လေးကို ကြည့်ရင်း မန်ဝူရ ခါးခါးသီးသီး ပြုံးလိုက်တယ်။ အရင်ဘဝတုန်းက ရန်ကိုင်ကို ဘယ်လို အကြွေးများတင်ခဲ့လို့ အခုလိုမျိုး အတင်းအကြပ် ကူညီပေးနေရတာလဲလို့ တွေးလိုက်မိတယ်။

ဟိုးအဝေးဆီမှ ရန်ကိုင်ဆီ ပျံသန်းလာနေတဲ့ ပုံရိပ်ရှစ်ခုကို ကြည့်ရင်း မန်ဝူရ သက်ပြင်းချလိုက်ပြီး ရှေ့တက်သွားလိုက်တယ်။

ထိုပုံရိပ်ရှစ်ခုက စစ်ပွဲမြို့တော်ရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ တာဝန်ပေးအပ်ခြင်း ခံရတဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူ ၈ယောက်ပါ။ အားလုံးက အသက်ရာကျော်တွေချည်းတွေ ဖြစ်ကာ စည်းတံဆိပ်တော် ဘုရားကျောင်းမှာသာ နေပြီး အပြင်ကိစ္စတွေကို ဝင်ရှုပ်လေ့မရှိပါဘူး။ ဒီနေ့မနက်က တိုက်ပွဲကိုလည်း သူတို့ ဝင်မရှုပ်ခဲ့ပါဘူး။ ရန်ကိုင်နဲ့ ရန်ကျောင်းတို့ တစ်ယောက်ကိုတစ်ယောက် သတ်မယ် ဆိုရင်တောင် သူတို့ ဝင်ပါမှာ မဟုတ်ပါဘူး။

ဒါပေမယ့် အခုအခြေအနေက သူတို့ ဝင်မပါလို့ မရတဲ့ အခြေအနေ ဖြစ်နေပါပြီ။

စစ်ပွဲမြို့တော် တစ်ခုလုံးကို နတ်ဆိုးချီတွေ ဖုံးလွှမ်း နေခဲ့ပြီး လူတိုင်းလူတိုင်းက နတ်ဆိုးချီရဲ့ သက်ရောက်ခြင်း ခံနေရပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားနည်းတဲ့ လူတွေဆိုရင် နတ်ဆိုးချီကြောင့် စိတ်တွေလွတ်ပြီး အချင်းချင်း ထသတ် ကြပါတော့တယ်။

ပညာရှင် ရှစ်ယောက်စလုံးက ပုံမှန်မျက်နှာထားနဲ့ပဲ ရန်ကိုင်ဆီ ပျံသန်းလာနေခဲ့ကြတယ်။

ရန်ကိုင်ဆီ ရောက်တာနဲ့ ပညာရှင်၈ယောက်စလုံး ရပ်တန့်လိုက်ကြတယ်။

ထိုပညာရှင်ရှစ်ယောက် ရောက်လာတာကို ဘယ်သူမှ သတိမပြုမိခဲ့ပါဘူး။ ထို့ကြောင့် သူတို့တွေ ရုတ်တရက်ကြီး ထွက်ပေါ်လာတော့ အကုန်လုံး အငိုက်မိသွားခဲ့ရတယ်။

“တော်လောက်ပြီ” ရန်လီတင်း နှာခေါင်းရှုံ့လိုက်တယ်။ သူ့စကားသံထဲ မှော်ဆန်ဆန် စွမ်းအင်တွေ ပါဝင်နေသည့် အလား အကြမ်းပတမ်း တိုက်ခိုက်နေတဲ့ ရန်ကျောင်းနဲ့ ရန်ကိုင်ရဲ့ မဟာမိတ်အဖွဲ့သားတွေ အကုန်လုံး တိုက်ခိုက်နေတာကို ရပ်တန့်လိုက်ကြတယ်။

ရန်ဝေးလည်း အလျင်အမြန်ပဲ အသိပြန်ဝင်လာခဲ့ပြီး အလျင်စလို လက်သီးဆုပ်ကာ “စီနီယာရှစ်ယောက်ကို နှုတ်ဆက်ပါတယ်”

မျက်လုံးတွေနီနေတဲ့ ရန်ကျောင်းလည်း သူ့အမူအရာကို ခပ်မြန်မြန်ပဲ ပြန်ပြင်လိုက်ပြီး လေးစားတဲ့ အမူအရာနဲ့ လက်သီးဆုပ် နှုတ်ဆက်လိုက်တယ်။

ပညာရှင်၈ယောက်စလုံးကို နည်းနည်းလေးတောင် မရိုမသေ မလုပ်ရဲပါဘူး။

လက်ဖက်ရည်အိမ်တော်ထဲမှာ ရှိနေတဲ့ လျူချင်းယောင် လည်း အလျင်စလို ပြေးထွက်လာခဲ့ပြီး ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်လိုက်တယ်။

ရန်လီတင်းက ရန်ကျောင်းဆီ တစ်ချက် လှမ်းကြည့် လိုက်တယ်။ သို့ပေမယ့် သူ့မျက်နှာအမူအရာက နည်းနည်းလေးတောင် ပြောင်းလဲမသွားခဲ့ပါဘူး။ သူ့လက်ကို မြှောက်လိုက်ပြီး ရန်ကျောင်းဆီ စွမ်းအင်လှိုင်းတစ်လှိုင်း ပစ်လွှတ်လိုက်တယ်။

ထိုစွမ်းအင်ရဲ့ လွှမ်မိုးမှုကြောင့် နီရဲနေတဲ့ ရန်ကျောင်းရဲ့ မျက်ဝန်းတွေ တစ်ဖန်ပြန်လည် ကြည်လင်လာခဲ့တယ်။ သူဘာတွေလုပ်ခဲ့လဲ ဆိုတာကို ပြန်သတိရလိုက်တာနဲ့ သူ့နဖူးထက်မှ ပုတီးစေ့အရွယ်လောက်ရှိတဲ့ ချွေးသီးတွေ စီးကျလာခဲ့တယ်။

နောက်ဆုံးမှာတော့ သူအသိပြန်ဝင်လာခဲ့ပါပြီ။

“ဒီဘာမဟုတ်တဲ့ နတ်ဆိုးချီလေးကိုတောင် မခုခံနိုင်ဘူး။ ဒီလောက်ပျော့ညံ့တဲ့ စိတ်ဓါတ်နဲ့ ရန်မိသားစုရဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ထိုက်တန်ရဲ့လားဆိုတာ ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်လိုက်” ရန်လီတင်းက ပြောလိုက်တယ်။

ရန်ကျောင်းမျက်နှာ ချက်ချင်း ဖြူလျော် သွားခဲ့တယ်။ ခါးကို ကိုင်းနိုင်သမျှ ကိုင်းထားလိုက်ပြီး လက်သီးဆုပ်ကာ “အကြီးအကဲချုပ်ကို စိတ်ပျက်စေမိသွားခဲ့ပါပြီ”

ရန်လီတင်းက နှာခေါင်းရှုံ့လိုက်ပြီး ရန်ကျောင်းကို ထပ်ပြီး အာရုံမစိုက်တော့။ သူ့အပြုအမူကြောင့် ရန်ကျောင်းလည်း ကိုယ့်ကိုယ်ကို ထပ်ပြီး အပြစ်တင် မိလိုက်တယ်။ အခုလိုမျိုး ပွင့်ပွင့်လင်းလင်းကြီး ပစ်ပယ်ခံရတာကြောင့် သူ့မာနရိုက်ချိုးခံလိုက်ရသလို ခံစားသွားခဲ့ရပြီး သူက ကိုးယောက်မြောက်ညီလေးထက် တကယ်ပဲ ညံ့တာလားဆိုပြီး ရန်ကျောင်း စိတ်ထဲ စဉ်းစားမိလိုက်တယ်။

သူအတွေး သူ့စိတ်ထဲ ဖြတ်ပြေးသွားတာနဲ့ သူ့စိတ် နောက်တစ်ကြိမ် ထပ်လွတ်သွားမှာစိုးလို့ ထိုအတွေးကို သူ့ခေါင်းထဲကနေ ခပ်မြန်မြန်ပဲ ဖယ်ထုတ်ပစ်လိုက်တယ်။ အဲ့လိုသာ ဖြစ်ခဲ့ရင် ရန်မိသားစုထဲ သူ့အနာဂတ် မလွဲမသွေ နိမ့်ကျသွားတော့မှာပါ။

“မင်းမဆိုးဘူး” ရန်လီတင်းက ရန်ဝေဆီ လှမ်းကြည့် လိုက်ပြီး အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။

ရန်ဝေလည်း ရန်လီတင်းရဲ့ ချီးကျူးစကားကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “အကြီးအကဲချုပ်ရဲ့ ချီးကျူးစကား အတွက် ကျေးဇူးတင်ပါတယ်”

ရန်ကျောင်းက နတ်ဆိုးချီ လွှမ်းမိုးခြင်း ခံခဲ့ရပေမယ့် ရန်ဝေက တည်တည်ငြိမ်ငြိမ်ပဲ ရှိနေနိုင်ခဲ့အတွက် ရန်လီတင်းရဲ့ ချီးကျုးမှုကို ရလိုက်တာပါ။

“ဒီကောင်မလေးလည်း မဆိုးဘူး” နည်းနည်းဝတဲ့ လူအိုကြီးက ချူရီမန်ကို ကြည့်ပြီး ပြောလိုက်တယ်။ သူမက ရန်ကိုင်ရဲ့ နတ်ဆိုးချီ သက်ရောက်ခြင်း မခံရတဲ့ လူတွေထဲက တစ်ယောက်အပါအဝင်ပါပဲ။

“ဖြစ်ရမယ်လေ။ သူက ငါ့ချူမိသားစုဝင်ပဲကို” ချူတောင်းရန် မျက်နှာထက် ဂုဏ်ယူဝံ့ကြွားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။ ချူရီမန်ရဲ့ စွမ်းဆောင်ရည်က သူ့ကို တော်တော်လေး ကျေနပ် သွားစေခဲ့ပါတယ်။

“အကြီးအကဲချုပ်ကို နှုတ်ဆက်ပါတယ်” ချူရီမန်က ရှေ့တက်လိုက်ပြီး ချက်ချင်း ကောက်မေးလိုက်တယ် “စီနီယာတို့၈ယောက် ဘာလို့ ရောက်လာရတာလဲ ဆိုတာကို ဒီဂျူနီယာ သိလို့ရမလားမသိဘူး”

ပြောနေတဲ့အချိန် သူမမျက်နှာထက် စိုးရိမ်ရိပ်တို့ အထင်းသား ထွက်ပေါ်နေခဲ့ပါတယ်။ လူအိုကြီး ၈ယောက်စလုံးက အမွေခံတိုက်ပွဲအတွင်း လူမြင်ကွင်းထဲ တစ်ခါမှ မထွက်ပေါ်လာဖူးပါဘူး။ ထို့ကြောင့် သူတို့တွေ ရုတ်တရက် ထွက်ပေါ်လာရတာက ရန်ကိုင်ရဲ့ လက်ရှိ အခြေအနေကြောင့်ဆိုတာ ယုံမှာ သံသယရှိစရာ မလိုပါဘူး။

အခုအချိန်၌ ရန်ကိုင် အခြေအနေက တော်တော်လေးကို ပြဿနာများနေပါတယ်။ မိသားစုကြီး ရှစ်ခုနဲ့ တိမ်မိစ္ဆာနယ်မြေက ရေနဲ့မီးလို့ မတည့်ကြတာပါ။ အထူးသဖြင့် လူကြီးမျိုးဆက်က လူတွေပေါ့။ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေကို သူတို့တွေအကုန်လုံး အရမ်းကို ရွံ့ရှာမုန်းတီး ကြပါတယ်။ ထို့ကြောင့် အခုလို အခြေအနေမျိုးမှာ ချူရီမန်အနေနဲ့ မစိုးရိမ်ပဲ ဘယ်နေပါ့မလဲ။

ချူတောင်းရန်က အသာအယာလေး ပြုံးကာ ပြန်ပြောလိုက်တယ် “သိချင်ရင် ညီအစ်ကိုရန်ကိုသာ မေးကြည့်။ ဒါတွေအားလုံးက ရန်မိသားစုဝင် တစ်ယောက်ကြောင့် ဖြစ်လာရတာလေ”

ထိုစကားကို ကြားလိုက်တာနဲ့ ချူရီမန် ရန်လီတင်းဆီ ချက်ချင်း လှည့်ကြည့်လိုက်တယ်။

ရန်လီတင်းကတော့ ဘာတစ်ခွန်း ပြန်မပြောခဲ့ပဲ ရန်ကိုင်ကိုသာ စူးစိုက်ကြည့်နေခဲ့တယ်။ အဲ့လိုကြည့်နေရင်း သူ့အမူအရာက တဖြည်းဖြည်းနဲ့ အေးစက်လာခဲ့တယ်။

ချူရီမန်လည်း နှလုံးခုန် မြန်သွားခဲ့ရတယ်။

ရန်လီတင်းရဲ့ အမူအရာကို ကြည့်ရုံနဲ့တင် လက်ရှိ ရန်ကိုင်နဲ့ ပက်သက်ပြီး မကျေမနပ် ဖြစ်နေတယ်ဆိုတာ သိသာပါတယ်။ ရန်ကိုင်က ရန်မိသားစုဝင်တစ်ယောက် ဖြစ်နေလို့သာပေါ့၊ သူ့နေရာမှာသာ အခြားတစ်ယောက် ဆိုရင်၊ ချက်ချင်း တန်းအသတ်ခံလိုက်ရပါပြီ။

“ဟေး၊ လူအိုကြီး၊ အေးအေးဆေးဆေးသာ ထိုင်ကြည့် နေစမ်းပါ။ ငါ့သခင်လေးကို တစ်ခုခုလုပ်ဖို့ စဉ်းတောင် မစဉ်းစားနဲ့။ မဟုတ်ရင် ဒီလူအိုကြီးက ယဉ်ကျေးနေမှာ မဟုတ်ဘူး” နတ်ဆိုးအိုကြီးက သေခြင်းရှင်ခြင်းကို မသိနားမလည်သည့်အလား သွားပေါ်အောင် ပြုံးရင်း ရန်လီတင်းကို လှမ်းအော်ပြောလိုက်တယ်။

အားလုံးရဲ့ မျက်နှာအမူအရာ ရုတ်တရက် ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့တယ်။

တစ်ယောက်ယောက်က အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်ရှေ့မှာ ဆရာကြီး လာလုပ်နေရဲပါတယ်။

နတ်ဆိုးအိုကြီး ပြောတာကို ကြားလိုက်တာနဲ့ အကြီးအကဲချုပ် ရှစ်ယောက်စလုံး နတ်ဆိုးအိုကြီးဆီ လှည့်ကြည့်လိုက်ကြတယ်။ တစ်ချိန်တည်းမှာပဲ ကောင်းကင် စိတ်အာရုံရှစ်ခုက နတ်ဆိုးအိုကြီးကို ဖိနှိပ်လာခဲ့တယ်။ နတ်ဆိုးအိုကြီးက သူ့ရဲ့ မိစ္ဆာချီကို ပြန်လည်ပတ်လိုက်ပြီး ကောင်းကင်စိတ်အာရုံ ရှစ်ခုရဲ့ ဖိအားကို ခုခံလိုက်တယ်။

“သူ့ရဲ့ မိစ္ဆာကျင့်စဉ်ကို မင်းသင်ပေးခဲ့တာလား” ရန်လီတင်းက ထီမထင်ဟန်နဲ့ မေးလိုက်တယ်။ နတ်ဆိုးအိုကြီးကို မျက်လုံးထဲမထည့်တာ အသိသာကြီးပါ။

“ဟဲ ဟဲ၊ အဲ့ဒါနဲ့ပက်သက်ပြီး ခင်ဗျားမှားသွားပြီ” နတ်ဆိုးအိုကြီးက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး အကြောက်အလန့် မဲ့မဲ့နဲ့ ပြန်ပြောလိုက်တယ် “ဒီလူအိုကြီးမှာ သခင်လေးကို သင်ကြားပေးဖို့ အရည်အချင်း မရှိဘူး။ ဒါတွေအားလုံးက သခင်လေးရဲ့ ကိုယ်ပိုင် ကျင့်ကြံထားတာပဲ။ မင်းတို့ ရန်မိသားစုက သခင်လေးလို လူတစ်ယောက် ရထားတာကို ဂုဏ်ယူပြီး မြေတောင် မြှောက်ပေးသင့်သေးတယ်။ မင်းတို့ ရန်မိသားစုရဲ့ အနာဂတ်က သခင်လေးပေါ် ကျိန်းသေမှီခိုနေမှာ”

Martial Peak

အပိုင်း(၅၂၅) အားလုံးရောက်လာခဲ့လေပြီ

နတ်ဆိုးအိုကြီးက အကြောက်အလန့် ကင်းကင်းနဲ့ ရန်လီတင်းကို ဩဝါဒစကား ချွေလိုက်တယ်။ သူပြောတာကို ကြားလိုက်တာနဲ့ ရှိနေတဲ့လူအားလုံး နတ်ဆိုးအိုကြီးကို ထိတ်လန့်တကြားနဲ့ ငေးကြည့်လိုက်ကြတယ်။

“ရယ်စရာပဲ” ရန်လီတင်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ကို ဝှေ့ရမ်းလိုက်တယ်။

ထိုလက်ဝါးချက်နဲ့ ရင်ဆိုင်ရတဲ့အခါ နတ်ဆိုးအိုကြီး ဒူးမခိုင်ချင် ဖြစ်သွားခဲ့ပြီး မြေကြီးပေါ် ဒူးထောက်ကျလု မတတ် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် တစ်နည်းနည်းနဲ့ မတ်မတ်ရပ်နေနိုင်ခဲ့ပါတယ်။ သူသန့်စင်ထားတဲ့ သွေးနတ်ဆိုးရုပ်သေးရုပ်ကတော့ သွေးမြူတွေအဖြစ် ပေါက်ကွဲထွက်သွားခဲ့ပါတယ်။

နတ်ဆိုးအိုကြီးရဲ့ မျက်ဝန်းအစုံ အေးစက်စက် အလင်းရောင်တို့ဖြင့် လက်သွားခဲ့ပြီး ရန်လီတင်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်တယ်။

“ဟန်” အင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင် ရှစ်ယောက်စလုံးရဲ့ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့တယ်။ နတ်ဆိုးအိုကြီး ထိုတိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ မထင်မှတ်ထားခဲ့ပါဘူး။ ရန်လီတင်းက သူ့ခွန်အား အကုန်ကို အသုံးမပြုခဲ့ဘူး ဆိုရင်တောင် ဒီရိုက်ချက်က သာမန်အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက် ခုခံနိုင်တာမျိုး မဟုတ်ပါဘူး။ အနည်းဆုံးတော့ အရိုးကျိုးပြီး သွေးအန်ကာ မြေပြီးပေါ် ဒူးထောက်လျက်သား လဲကျသွားသင့်တာပါ။

ဒါပေမယ့် နတ်ဆိုးအိုကြီးတော့ အနည်းငယ်လေးသာ ဒယီးဒယိုင် ဖြစ်သွားခဲ့ပါတယ်။ ဒါက သာမန် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက် လုပ်နိုင်တာမျိုး မဟုတ်ပါဘူး။

နတ်ဆိုးအိုကြီးရဲ့ ခွန်အားကြောင့် ရန်လီတင်း စိတ်ပျက် သွားခဲ့ရပေမယ့် သူက ဒီလောကကြီးရဲ့ အထွတ်အထိပ် ပညာရှင်တွေကထဲက တစ်ယောက် ဖြစ်နေပါသေးတယ်။ တစ်ကြိမ်မအောင်မြင်လို့ နောက်တစ်ကြိမ် ထပ်တိုက်ဖို့ ကြိုးစားမယ်ဆိုရင် သူမျက်နှာပျက်ရမှာပါ။ ထို့ကြောင့် အေးစက်စက်နဲ့သာ နှာခေါင်းရှုံ့လိုက်ပြီး နတ်ဆိုးအိုကြီးကို လျစ်လျူရှုထားလိုက်တယ်။

ရန်လီတင်းရဲ့ လုပ်ရပ်ကို မြင်တွေ့လိုက်တာနဲ့ နတ်ဆိုးအိုကြီးက တိုးတိုးလေး ရယ်မောလိုက်ပြီး သူ့အရှိန်အဝါက တဖြည်းဖြည်းနဲ့ အန္တရာယ်များ လာခဲ့ကာ ရန်လီတင်းကို ဆက်ပြီး စူးစိုက်ကြည့်နေခဲ့တယ်။

သွေးနတ်ဆိုးရုပ်သေးရုပ်က သန့်စင်ဖို့ မလွယ်ကူပါဘူး။ ထို့ကြောင့် ရန်လီတင်းက သူ့သွေးနတ်ဆိုးရုပ်သေးရုပ်ကို ဖျက်စီးပစ်လိုက်တော့ နတ်ဆိုးအိုကြီး ဒေါသထွက်သွားတာ သဘာဝပါပဲ။

ဒါပေမယ့် လက်ရှိအခြေအကြောင့် နတ်ဆိုးအိုကြီး အနေနဲ့ သူ့ဒေါသကို မြိုသိပ်ထားရုံပဲ တတ်နိုင်ခဲ့ပါတယ်။ မလိုအပ်ပဲ တိုက်ပွဲမစချင်ပါဘူး။

“စီနီယာရန်…” ချူရီမန်က သတိထားရင်း လှမ်းအော်ခေါ်လိုက်တယ် “ရန်ကိုင်က အဆင့်ချိုးဖျက် နေတုန်းမိုလို့ ပြောစရာရှိရင် ဒီဂျူနီယာကို ပြောသွား ခဲ့ပါဘူး။ ကျွန်မကနေ ရန်ကိုင်ကို တစ်ဆင့် ပြန်ပြောပေးပါ့မယ်”

ရန်လီတင်း ဘာတွေတွေးနေလဲ ဆိုတာကို သူမစဉ်းစားမိပြီးပါပြီ။ ဒါပေမယ့် အတည်မပြုရဲပါဘူး။ ထို့ကြောင့် ရန်ကိုင်အတွက် အချိန်ဆွဲထားပေးနိုင်ရုံပဲ တတ်နိုင်ခဲ့ပါတယ်။ ရန်လီတင်းအနေနဲ့ မိသားစုဝင် ဖြစ်တာကို ထောက်ထားပြီး ဒီကိစ္စကို လျစ်လျူရှုပေး ဖို့ကိုသာ သူမဘက်က မျှော်လင့်ရပါတော့မယ်။

ကံမကောင်းစွာနဲ့ ရန်လီတင်းက သူမပြောတာကို တစ်ခွန်းတောင် ပြန်မဖြေခဲ့ပါဘူး။ သူ့က ရန်ကိုင်ကိုသာ စူးစိုက်မြဲ စူးစိုက်ကြည့်နေခဲ့တယ်။ ချူရီမန် နာလည်နိုင်တာ ဆိုလို့ ရန်လီတင်းရဲ့ အမူအရာက တဖြည်းဖြည်း သုန်မှုန် လာတယ်ဆိုတာပဲ ရှိပါတယ်။

ရန်ကိုင် အသိစိတ်က သူ့စိတ်ထဲ နစ်မြုပ်သွား ကတည်းက ရွှေရောင်အရိုးခြောက်ထဲရှိ စွမ်းအင်တွေက ရပ်တန့်ခြင်းမရှိ လွတ်ထွက်နေခဲ့တာပါ။ နတ်ဆိုးချီတွေက ရပ်တန့်သွားမယ့် အရိပ်အယောင် နည်းနည်းလေးမှ မပြပဲ အဆက်မပြတ် ကျယ်ပြန့်နေခဲ့ပါတယ်။

ရန်လီတင်း မျက်မှောင် ကြုံ့သွားခဲ့ပြီး ကျန်တဲ့ ပညာရှင်၇ယောက်စလုံးရဲ့ အမူအရာကလည်း အရမ်းကြီး မကောင်းလှပါဘူး။

“ညီအစ်ကိုရန်၊ ဒီကတေးက မိစ္ဆာလမ်းစဉ်ထဲ ကျသွားတော့မယ့်ပုံပဲ” ခပ်ဝဝနဲ့ လူအိုကြီးက သက်ပြင်း ချလိုက်ပြီး “ဒီလို မျိုးစေ့ကောင်းလေးက လမ်းမှား ရောက်သွားခဲ့တာ နှမြောစရာပဲ”

ရန်ကိုင်ကိုယ်ထဲရှိ နတ်ဆိုးချီကို ကူညီ ဖိနှိပ်ပေးဖို့ ရန်လီတင်းကို သူပြောကြည့်ပေမယ့် ရန်လီတင်းကတော့ ခေါင်းသာ မာနေခဲ့ပါတယ်။ အခုတော့ ပြန်လမ်း မရှိတဲ့ အခြေအနေအထိ ရောက်ရှိသွားခဲ့ပါပြီ။

“သူ့ကိုယ်ထဲမှာ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ နတ်ဆိုးချီတွေ ရှိနေရတာလဲ” နောက်ထပ်လူအိုကြီး တစ်ယောက်က မျက်မှောင်ကြုံ့ကာ ပြောလိုက်တယ်။

အစစ်အမှန်ဒြပ်စင် အဆင့်၉ ကျင့်ကြံသူ တစ်ယောက်မှာ ဒီလောက်များတဲ့ အစစ်အမှန်ချီ ရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူ့ဒန်တန်နဲ့ သွေးကြောတွေက အဆုံးမရှိတဲ့ အိုးတွေ မဟုတ်ကြပါဘူး။ ဒါကိုတောင် ရန်ကိုင် ကိုယ်ထဲ ရှိနေတဲ့ စွမ်းအင်တွေက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်မှာ ရှိနေတဲ့ ပမာဏအကုန်အစင်နဲ့တောင် တူညီနေခဲ့ပါတယ်။ ဒါတောင် သူ့ကိုယ်ထဲက စိမ့်ထွက်နေတဲ့ နတ်ဆိုးချီတွေက ရပ်တန့်မယ့် အရိပ်အယောင် မပြသေးပါဘူး။

“ဒီမိစ္ဆာကျင့်စဉ်ကို သူလေ့ကျင့်နေခဲ့တာ တော်တော်လေး ကြာနေပြီနဲ့တူယ်” နောက်ထပ် လူအိုကြီး တစ်ယောက်က ထပ်ပြောလိုက်တယ်။ ထို့နောက် ရန်လီတင်းဆီ လှည့်ကြည့်လိုက်ပြီး “ညီအစ်ကိုရန်၊ မင်းဘာလုပ်မှာလဲ။ လုပ်မယ်ဆိုရင် မြန်မြန်လုပ်နော်။ သူ့ကိုသာ ဒီအတိုင်းလွှတ်ပေးထားလိုက်ရင် စစ်ပွဲမြို့ထဲမှာ ရှိနေတဲ့ လူသောင်းဂဏန်းလုံး မိစ္ဆာလမ်းစဉ်ထဲ ရောက်သွား ရလိမ့်မယ်။ သူက ရန်မိသားစုဝင် တစ်ယောက်ဖြစ်ပေမယ့် ဒီလို ဆုံးရှုံးမှုမျိုးကိုတော့ လက်သင့်ခံလို့ မရဘူး”

“ငါ့ကို လာဆရာမလုပ်နဲ့” ရန်လီတင်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။ သူ့ကြည့်ရတာ ဆုံးဖြတ်ချက် ချပြီးတဲ့ ပုံပါပဲ။

“စီနီယာ၊ ဘာလုပ်ဖို့ စီစဉ်နေတာလဲ” ချူရီမန်က ခပ်မြန်မြန်ပဲ ရှေ့တက်လိုက်တယ်။

ချူတောင်းရန် မျက်မှောင်ကြုံ့လိုက်ပြီး သူ့လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်တယ်။ မမြင်နိုင်တဲ့ အားတစ်ခုရဲ့ ဆွဲယူခြင်းခံလိုက်ရသည့်အလား ချူရီမန်မှာ ချူတောင်းရန်ဘေးဆီ ရောက်ရှိသွားခဲ့တယ်။

“အကြီးအကဲချုပ်…” ချူရီမန်ရဲ့ မျက်နှာလှလှလေး ဖြူလျော်သွားခဲ့တယ်။

“ဒါက ရန်မိသားစုကိစ္စပဲ၊ ဝင်မပါနဲ့” ချူတောင်းရန်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ချူရီမန်ရဲ့ ခန္ဓာကိုယ်လေးကို ဖြည်းဖြည်းပုတ်လိုက်တယ်။ ချူရီမန်မှာ နေရာကနေ ရွေ့မရ ဖြစ်သွားခဲ့တယ်။ ပါးစပ်ဟပြီးတော့တောင် စကားမပြောနိုင်တော့ပါဘူး။ သူမ မျက်ဝန်းထဲ စိုးရိမ်မှု၊ ကူကယ်ရာမဲ့မှုတို့ဖြင့် ပြည့်နေခဲ့တယ်။

“မင်းပါးစပ်ပိတ်ထားစမ်း ခွေးကောင်လေး” ဟော်ရှင်းချန်က စကားပြောဖို့ လုပ်နေတာကို မြင်တော့ ဟော်မိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်က လှမ်းအော်ပြောလိုက်တယ်။ ချက်ချင်းပဲ ဟော်ရှင်းချန်မှာ ချူရီမန်လိုဘဝ ရောက်သွားခဲ့ရတယ်။

သို့ပေမယ့် ဟော်ရှင်းချန်က ချူရီမန်လို နာနာခံခံ မရှိလှပါဘူး။ ထိုအကြီးအကဲချုပ်ကို မထုံတတ်တေးနဲ့ ပြန်ကြည့်လိုက်ပါတယ်။

မိသားစုကြီးရှစ်ခု မျိုးဆက်နှစ်ယောက်မှာ စကားလည်း ပြောလို့မရတော့သလို လှုပ်လည်း လှုပ်မရတော့ပါဘူး။ ရှိနေတဲ့ လူအားလုံး အခြေအနေက ဘယ်လောက်တောင် အရေးကြီးနေလဲ ဆိုတာကို ချက်ချင်း နားလည်သွားခဲ့တယ်။

“ညီအစ်ကိုရန်၊ အချိန်မနှောင်းခင် လှုပ်ရှားရင် ကောင်းမယ်နော်” လူအိုကြီးတွေထဲက တစ်ယောက်က စိတ်မရှည်တော့တဲ့ အမူအရာနဲ့ ပြောလိုက်တယ်။ ပုံမှန်ဆိုရင် ထိုလူအိုကြီးတွေက စည်းတံဆိပ်တော် ဘုရားကျောင်းမှာ နေပြီး နောက်တစ်ဆင့်ကို ချိုးဖျက် တက်လှမ်းနိုင်မယ့် အခွင့်အလမ်းကို ရှာဖွေနေကြတာပါ။ ဒါပေမယ့် ရန်ကိုင်က သူတို့ကို ငြိမ်းချမ်းမှုကို နှောင့်ယှတ် ဖျက်စီးခဲ့ပါတယ်။ ထို့ကြောင့် လူအိုကြီးတွေထဲက အချို့က ရန်ကိုင်ကို မကျေမနပ် ဖြစ်နေတာ မထူးဆန်းပါဘူး။

လူတိုင်းက ရန်ကိုင်လို မျိုးစေ့ကောင်းလေးတစ်ခုအား ဆုံးရှုံးသွားရမှာကို နှာမြော၊ ဂရုဏာသက်နေတဲ့ လူဝကြီးလို မဟုတ်ကြပါဘူး။

ရန်လီတင်းက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ရန်ကိုင် ဘေးနား စုဝေးနေကြတဲ့ အမျိုးမျိုးသော လူငယ် မျိုးဆက် အဖွဲ့ဝင်တွေကို ကြည့်ကာ ပြောလိုက်တယ် “ဘေးဖယ်နေလိုက်”

အခုလို အရေးကြီးတဲ့ အခိုက်အတန့်၌ ဒေါင်ချင်းဟန်မှာ ကြောက်လန့်စိုးရိမ်နေပေမယ့် ရပ်နေရာကနေ ခြေတစ်ဖဝါးတောင် မခွါခဲ့ပါဘူး။ နှိမ့်လည်းမနှိမ့်ချ၊ ဖားယားခြင်းလည်း မရှိသည့် အမူအရာနဲ့ ပြန်မေးလိုက်တယ် “စီနီယာဘာလုပ်ချင်နေတာလဲ ဆိုတာကို ဒီက ဂျူနီယာကို ကျေးဇူးပြုပြီး ရှင်းပြလို့ရမလား”

ဟူညီအစ်မ နှစ်ယောက်လည်း ချက်ချင်း ရှေ့တက် လိုက်ကြပြီး ဒေါင်ချင်းဟန်ဘေး ရပ်လိုက်ကာ ရန်လီတင်းကို စိုက်ကြည့်နေလိုက်တယ်။

ပန်းပေါင်းတစ်ထောင်နန်းတော်မှ မိန်းကလေး လေးယောက်၊ ခရမ်းဖန်းတောင်ကြားမှ လော့ရှောင်မန်၊ သန့်စင်နှလုံးသားနန်းတော်မှ ကျိုးဖန်၊ ငှက်မွှေးပျံ နန်းတော်မှ ချူကျင်းရှန်၊ တွမ့်မူမိသားစုမှ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်ငါးယောက်…

အားလုံး ရှေ့တက်လိုက်ကြတယ်။

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင် ၈ယောက်စလုံး ထိတ်လန့် အံ့အားသင့်သွားခဲ့ကြတယ်။ အခုလို အခြေအနေမျိုးမှာတောင် ရန်ကိုင်ဘက်ကနေ ရှေ့ထွက် ရပ်တည်ပေးမယ့် ရှိနေလိမ့်ဦးမယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး။

ချူရီမန်နဲ့ ဟော်ရှင်းချန်သာ သူတို့မိသားစုက အကြီးအကဲတွေရဲ့ ထိန်းသိမ်းထားခြင်း ခံရထာတာကြောင့်သာ မဟုတ်ရင် သူတို့လည်း ရှေ့တက်ပြီး ရန်ကိုင်ဘက်ကနေ ရပ်တည်ပေးလိမ့်မယ်လို့ သူတို့စိတ်ထဲ ရေးတေးတေးလေး ခံစားမိနေခဲ့တယ်။

ရန်လီတင်းက ခံစားချက်မဲ့နေသည့် အမူအရာနဲ့ ခေါင်းသာ ညိတ်ပြလိုက်ပြီး စိတ်ရှည်ရှည်နဲ့ ပြောလိုက်တယ် “သူအဆင့်ချိုးဖျက်နေတာကို ရပ်တန့်မလို့”

ထိုစကားကို ကြားလိုက်တာနဲ့ အားလုံးမျက်နှာ ဖြူလျော်သွားခဲ့ပြီး ဒေါင်ချင်းဟန်က ပြန်မေးလိုက်တယ် “ဘာလို့လဲ”

ရန်ကိုင် အဆင့်ချိုးဖျက်နေတာသာ အတင်းအကြပ် ရပ်တန့်ခြင်း ခံလိုက်ရရင် သူ့ကျင့်ကြံခြင်း ဖျက်စီးခံလိုက် ရနိုင်သလို သာမန်သေမျိုးတစ်ယောက်အဖြစ် ပြောင်းလဲ သွားနိုင်ပါတယ်။ ဘုရင်အဖြစ်မှ သူတောင်းဘဝ ရောက်သွားတဲ့ အဖြစ်မျိုးကို ဘယ်သူမှ တောင့်ခံနိုင်လိမ့်မှာ မဟုတ်ပါဘူး။

ရန်လီတင်းက မထူးခြားနားဟန်ဖြင့် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး “သူက မိစ္ဆာလမ်းစဉ်ထဲ ရောက်နေပြီ။ သူအင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ချိုးဖျက် သွားတာနဲ့ သူက မင်းတို့သိတဲ့ လူဟုတ်တော့မှာ မဟုတ်ဘူး”

ပြောနေရင်းနဲ့ နတ်ဆိုးအိုကြီးဆီ လက်ညိုးထိုး ညွှန်ပြလိုက်ပြီး ဆက်ပြောလိုက်တယ် “ငါတို့ မိသားစုကြီး ရှစ်ခု နတ်ဆိုးတွေနဲ့ ကမ္ဘာမကြေ ရန်သူတွေပဲ။ ငါတို့ မိသားစုထဲက မိစ္ဆာတစ်ယောက် ထွက်ပေါ်လာမှာကို ငါတို့ ဘယ်လိုမှ မခွင့်ပြုနိုင်ဘူး”

“ဒါက စီနီယာရဲ့ ခန့်မှန်းချက် သက်သက်ပဲမလား” ဒေါင်ချင်းဟန်က မျက်မှောင်ကြုံ့ကာ နောက်မတွန့်သွားပဲ ပြန်မေးလိုက်တယ်။

ဂျူနီယာတစ်ယောက်က သူ့ရဲ့အပြုအမူကို ထပ်ခါထပ်ခါ မေးခွန်းထုတ်နေတော့ ရန်လီတင်းလည်း စိတ်မရှည်တော့ပဲ အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ကာ “ဒါက အတွေ့အကြုံရ သိတာလို့ခေါ်တယ်။ ဒီလိုမျိုး ဖြစ်ပျက်သွားတာကို ငါတို့ အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူး ပြီးသွားပြီ”

မိသားစုကြီးထဲမှာ မိစ္ဆာကျင့်စဉ်ကို မလေ့လာဖူးတဲ့လူ မရှိတာ မဟုတ်ပါဘူး။ ဒါပေမယ့် ထိုမိစ္ဆာကျင့်စဉ်ကို လေ့ကျင့်လိုက်တဲ့ လူတိုင်း သူတို့ခွန်အား ဆထက်ထမ်းပိုး တိုးတက်လာတာအပြင်ကိုမှ သူတို့ရဲ့ စိတ်နေစိတ်ထားလည်း ပြောင်းလဲသွားကြပါတယ်။ ထိုလူတွေ အကုန်လုံး တဖြည်းဖြည်းနဲ့ ရက်စက်‌၊သွေးအေ သွေးဆာ လာခဲ့ကြပါတယ်။ ဒီလို လူတစ်ယောက် ပေါ်လာတိုင်း အနာဂတ် ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ် နိုင်ဖို့အတွက် သူတို့ကို တိုက်ရိုက် သတ်ပစ်ရင်ပစ်၊ မသတ်ပစ်ရင် သူတို့ရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပစ်မှ ရပါလိမ့်မယ်။

“အရင်တုန်းက ဖြစ်ခဲ့လို့ အခုဖြစ်မယ်လို့ မဆိုလိုဘူးလေ” ဒေါင်ချင်းဟန် ဒေါသပုန် ထသွားခဲ့တယ်။ သူတို့ရဲ့ တစ်ဖက်သတ် အယူအဆကြောင့် ရန်ကိုင့် အနာဂတ် ပျက်စီးသွားမှာကို သူဒီအတိုင်း ထိုင်ကြည့်မနေ နိုင်ပါဘူး။

သူလက်မခံနိုင်ပါဘူး။

“ဒီလူအိုကြီးက မင်းနဲ့ စကားနိုင် မလုချင်တော့ဘူး။ မင်းမှာ ငါ့ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ဖို့ အရည်အချင်း မရှိဘူး” ရန်လီတင်း ထပ်ပြီး စိတ်မရှည်နိုင်တော့ပါဘူး။ သူအခုလို ရှင်းပြနေရတာ ထိုလူတွေပြသခဲ့တဲ့ ရန်ကိုအပေါ် သစ္စာရှိမှုကို လေးစားလို့ပါ။

ဒါပေမယ့် အခုတော့ ကောင်စုတ်လေး တစ်သိုက် သူ့ဆုံးဖြတ်ချက်ကို လာပြီးမေးခွန်း ထုတ်နေခဲ့ပါတယ်။ ရန်မိသားစုရဲ့ အမဲစက်အား ရှင်းလင်းဖို့ လုပ်နေတာကို လာနှောင့်နှေးအောင် လုပ်နေတော့ ရန်လီတင်းလည်း စိတ်မရှည်နိုင်တော့ပါဘူး။

“ညီအစ်ကိုရန် စိတ်လွတ်သွားမှာ မဟုတ်ဘူးလို့ ဂျူနီယာယုံကြည်တယ်။ ပြီးတော့ မိစ္ဆာလမ်းစဉ်ထဲလည်း ရောက်သွားမှာမဟုတ်ဘူး” ဒေါင်ချင်းဟန်က ပြန်အော်ပြော လိုက်တယ်။

“ကျွန်မတို့လည်း ယုံကြည်တယ်” ဟူညီအစ်မ နှစ်ယောက်လည်း ချက်ချင်းပဲ ထောက်ခံလိုက်ကြတယ်။

“ကျုပ်တို့ရောပဲ…” တစ်ယောက်ပြီးတစ်ယောက်၊ တစ်သံပြီးတစ်သံ၊ ဘေးကနေ ကြည့်နေတဲ့ လူတွေတောင် ထိုလူငယ်လေးတွေရဲ့ သစ္စာရှိမှုကို လေးစားသွားခဲ့ကြတယ်။

ရန်ကျောင်းတောင် ‘ငါက ငါ့ညီငယ်လေးထက်တောင် နိမ့်ကျနေပါလား’ ဆိုပြီး တွေးမိလိုက်ပါတယ်။

သူ့ဘက်မှာရှိနေတဲ့ အင်အားစု အရေအတွက်က ရန်ကိုင်မှာ ရှိနေတဲ့ အင်အားစုတွေထက် အများကြီး ပိုများပါတယ်။ ဒါပေမယ့် သူသာ ရန်ကိုင်လို အခြေအနေထဲ ရောက်နေခဲ့ရင် သူ့ဘက်မှာ ရှိနေတဲ့ အင်အားစုတွေက ဒေါင်ချင်းဟန်၊ ဟူညီအစ်မနှစ်ယောက်နဲ့ ကျန်ရှိနေတဲ့ ရန်ကိုင်ရဲ့ မဟာမိတ်အင်အားစုတွေလို့ သူ့ဘက်ကနေ ပြတ်ပြတ်သားသားနဲ့ ရပ်တည်ပေးမှာ မဟုတ်ပါဘူး။

သူတို့ကြားက ဆက်ဆံရေးက အကျိုးအမြတ်ကြောင့် ဖြစ်လာတာပါ။

ကိုးယောက်မြောက် ညီလေးကို ထောက်ပံ့ပေးနေတဲ့ လူတွေက သူတို့စိတ်ရင်းအတိုင်း လုပ်နေကြတာပါ။ သူတို့တွေက ခွင့်မသာရင်တောင် စွန့်ပစ်မသွားမယ့် မိတ်ဆွေရင်းတွေပါ။

ထိုအခြင်းအရာတွေကို သတိထားမိလိုက်တာနဲ့ ရန်ကျောင်း ခါးခါးသီးသီး ပြုံးလိုက်တယ်။ နတ်ဆိုးချီတွေနဲ့ ဝန်ရံနေတဲ့ ရန်ကိုင်ကို လှမ်းကြည့်လိုက်ရင်း ရန်ကျောင်း မျက်ဝန်းထဲ မနာလိုသည့် အရိပ်အယောင်တို့ ဖြတ်ပြေး သွားခဲ့တယ်။

သူလည်း ဒီလို မိတ်ဆွေမျိုးတွေ ရချင်ပါတယ်။

ရန်ဝေတောင် မျက်မှောင်ကြုံ့ကာ ဝင်ပြောလာခဲ့ပါပြီ “အကြီးအကဲချုပ်၊ ကိုးယောက်မြောက်ညီလေးကို နတ်ဆိုးချီတွေ ဝန်းရံထားပေမယ့် သူ့မှာ အသိစိတ် ရှိနေသေးတာကို ဂျူနီယာ အသေအချာကို ကိုယ်တိုင် မြင်ခဲ့ပါဘူး။ သူ့စိတ်နေစိတ်ထားနဲ့ အပြုအမူကလည်း နည်းနည်းလေးမှ မပြောင်းသေးပါဘူး။ ဖြစ်နိုင်တာက…”

“ဒါက မင်းစကားပြောလို့ရတဲ့ နေရာမှဟုတ်ဘူး” ရန်လီတင်းက ခပ်ပြတ်ပြတ်ပဲ ပြောလိုက်တယ်။

“ဟုတ်ကဲ့ပါ” ရန်ဝေက ကူကယ်ရာမဲ့စွာဖြင့် နောက်ပြန်ဆုတ် သွားလိုက်ပြီး ဘေးမှာသာ တိတ်တိတ်လေး ရပ်နေခဲ့တယ်။

“စီနီယာအနေနဲ့ ရန်ကိုင် အဆင့်ချိုးဖျက်နေတာကို ရပ်တန့်ချင်တယ် ဆိုရင် ကျုပ်ကို အရင်ကျော်ဖြတ်သွားနိုင်မှ ရမယ်” ဒေါင်ချင်းဟန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး အတိအလင်း ကြေညာလိုက်တယ်။

သူတစ်ယောက်တည်းသာ ပြောလိုက်တယ် ဆိုပေမယ့် ရန်ကိုင် မဟာမိတ်တွေအားလုံး တူညီတဲ့ အမူအရာကိုပဲ ဆင်မြန်းထားခဲ့ကြပါတယ်။

စကားမပြောနိုင်ပေမယ့် သူမရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ချူရီမန် မျက်ဝန်းထဲ မျက်ရည်ဝဲတက် လာခဲ့တယ်။

ဟော်ရှင်းချန်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း သူ့သွေးတွေ ဆူပွက်လာသလို ခံစားလိုက်ရတယ်။

သူတို့တွေက လှည်းကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့ ဓါးခုတ်ကောင်တွေနဲ့ မခြားပါဘူး။ ရန်ကိုင်အတွက် သူတို့ထက် အားကြီးသူနဲ့ ရင်ဆိုင်နေရတာတောင် နောက်ဆုတ်မသွားခဲ့ပါဘူး။ ထိုလူတွေရဲ့ လုပ်ရပ်က ဟော်သခင်လေးကို စိတ်လှုပ်ရှားသွားစေခဲ့တယ်။ သူကိုယ်တိုင်လည်း ထိုလူတွေနဲ့အတူ ရပ်တည်ပြီး ရန်ကိုင်အတွက် ကူပြောပေးချင်နေခဲ့တယ်။

ထိုလူတွေနဲ့အတူ သွားရပ်မပေးနိုင်တာကို စဉ်းစားမိလိုက်တာနဲ့ ဟော်ရှင်းသခင်လေး အပြစ်ရှိသလို ခံစားလိုက်ရတယ်။

“မင်းတို့နဲ့တင်လား” ရန်လီတင်း ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်တယ်။ သူ့မျက်နှာအမူအရာက နည်းနည်းလေးတောင် ပြောင်းလဲမသွားခဲ့ပါဘူး။

“သူတို့နဲ့တင် မလုံလောက်သေးရင် ကျုပ်တို့ကိုပါ ထည့်တွက်လိုက်” လေတိုးသံတွေနဲ့ ပုံရိပ်ခုနှစ်ခု သူတို့ဆီ တိုးဝင်လာခဲ့တယ်။

ဝုန်း… ဝုန်း… ဝုန်း… ဝုန်း…

လူနှစ်ယောက်က ဥက္ကာပျံခုနှစ်စင်းအလား သူတို့ဆီ ပြေးဝင်လာနေခဲ့တယ်။ ရောက်တာနဲ့ ဒေါင်ချင်းဟန်နဲ့ ကျန်တဲ့လူတွေရှေ့ ရပ်လိုက်တယ်။

ထိုခုနှစ်ယောက်ကို မြင်လိုက်တာနဲ့ ဒေါင်ချင်းဟန်ရဲ့ မျက်ဝန်းအစုံ တောက်ပသွားခဲ့တယ်။ သူ့စိတ်ထဲက စိုးရိမ်ပူပန်မှုတို့သည်လည်း အတိုင်းအတာ တစ်ခုအထိ လျှော့ကျသွားခဲ့တယ်။

ထိုလူခုနှစ်ယောက်က အမွေခံတိုက်ပွဲမှာ ပါဝင်ခွင့် မရတော့တဲ့ သွေးစစ်သည်တော် ၇ယောက်ကလွဲပြီး အခြားမဟုတ်ပါဘူး။

တုဖုန်း၊ ကျုကောင်းရီ၊ ရှောင်ရှန်၊ လော့ဟိုင်၊ ရန်လင်ရှင်း၊ ဝူကျုနဲ့ ဖူချုန်းတို့ အားလုံး ရောက်လာ ခဲ့လေပြီ။

All Chapters