အခန်း (၅၂၆-၅၃၀)
Vol. 22 Ch. 526-530
အပိုင်း(၅၂၆) ဒီလူအိုကြီးကိုပါ ထည့်တွက်ရင်ကော
သွေးစစ်သည်တော်၇ယောက် ရောက်ရှိလာတာကြောင့် ဒေါင်ချင်းဟန်နဲ့ ရန်ကိုင် မဟာမိတ်တွေ နည်းနည်း ပါးပါးလောက် စိတ်သက်သာရာ ရသွားခဲ့တယ်။
မိသားစုကြီးရှစ်ခုက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေကို သူတို့ လူငယ်လေး တစ်သိုက်သက်သက်နဲ့ ရင်ဆိုင်နေရတော့ သူတို့လည်း ကြောက်တာပေါ့။ ထို့ကြောင့် ထိုပညာရှင်၇ယောက်ပါ ရောက်ရှိလာတော့ သူတို့ရင်ဆိုင်ရတဲ့ ဖိအား လျော့ပါး သွားတာသဘာဝပါပဲ။
တန်ယုရှန်း တုဖုန်းဘေးနားသို့ အလျင်အမြန်ပဲ ရောက်ရှိလာခဲ့တယ်။
ပျောက်နေတဲ့ ရင်းဂျုကလွဲလို့ ကျန်တဲ့ သွေးစစ်သည်တော်တွေ အကုန်လုံး ဒီနေရာမှာ စုဝေးနေကြပါပြီ။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်၈ယောက်နဲ့ ရင်ဆိုင်နေရပေမယ့် ကြောက်ရွံ့တဲ့ အရိပ်အယောင် နည်းနည်းလေးတောင် မပြပါဘူး။
၈ယောက်နဲ့ ၈ယောက်။
အရေအတွက်တူပေမယ့် သူတို့ကြားက ခွန်အား ကွာခြားချက်က အရမ်းကို ကြီးမားလှပါတယ်။
တစ်ဖက်၌ ဒီလောကကြီးရဲ့ အထွတ်အထိပ် တည်ရှိမှုတွေ ဖြစ်ကြတဲ့ မိသားစုကြီး ရှစ်ခုမှ အကြီးအကဲချုပ်၈ယောက်။
အခြားတစ်ဖက်မှာတော့ သွေးစစ်သည်တော် ၈ယောက်၊ လေးယောက်သာ အင်မော်တယ် တက်လှမ်းခြင်း အင့်၉ကို ရောက်ထားပြီး ကျန်တဲ့ လေးယောက်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈မှာပဲ ရှိပါသေးတယ်။
“သွေးရူးသွပ်ခြင်းပညာရပ်” တုဖုန်းနဲ့ ကျန်တဲ့ သွေးစစ်သည်တော်တွေ ရောက်ရောက်ချင်း၊ သူတို့ရဲ့ ဝှက်ဖဲကို ချက်ချင်းပဲ ထုတ်သုံးလိုက်ပါတယ်။ ပြင်းထန်တဲ့ စွမ်းအင်တွေ သူတို့ကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ပြီး သူတို့ရဲ့ အသားအရေ အနည်းငယ် နီမြန်းသွားခဲ့ကာ သူတို့ရဲ့ သွေးစွမ်းအားက ရူးသွပ်လောက်ဖွယ် အမြန်နှုန်းဖြင့် မြင့်တက်လာခဲ့တယ်။
ရန်ကျောင်းနဲ့ အောက်ဘက်၌ ရှိနေသည့် ကျင့်ကြံသူတွေ အကုန်လုံး ကြက်သေသွားခဲ့ကြတယ်။
သွေးစစ်သည်တော် ၇ယောက်စလုံး သွေးရူးသွပ်ခြင်း ပညာရပ်ကို တစ်ပြိုင်တည်း ထုတ်သုံးလိုက်ကြတယ်၊ ဒီလောက် ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းမျိုး သူတို့ထဲက ဘယ်သူကများ မြင်ဖူးခဲ့လို့လဲ။
သွေးစစ်သည်တော်တွေက ‘အားကောင်းသန်မာတယ်’ ဆိုတဲ့ အမှတ်သင်္ကေတကို ကိုယ်စားပြုပါတယ်။ သူတို့ တစ်ယောက်ချင်းစီက အဆင့်အတူအတွင်းမှာ ပြိုင်ဘက်ကင်းကြပါတယ်။ သူတို့ထက် အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေကိုတောင် အနိုင်ယူနိုင်စွမ်း ရှိကြတဲ့လူတွေပါ။ ပြီးတော့ သွေးရူးသွပ်ခြင်း ပညာရပ် ဆိုတာကလည်း အရမ်းကို ခက်ခဲတဲ့အခြေအနေမျိုးမှပဲ ထုတ်သုံးလေ့ရှိတဲ့ သူတို့ရဲ့ အစွမ်းထက်ဆုံး သိုင်းပညာရပ် တစ်ခုပါ။
သွေးစစ်သည်တော် တစ်ယောက် သွေးရူးသွပ်ခြင်း ပညာရပ်အား ထုတ်သုံးတာကို မြင်ရခဲပါတယ်။ အခုတော့ သွေးစစ်သည်တော် ၇ယောက်က သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးနေခဲ့ပါတယ်။
သူတို့၇ယောက်စလုံး သွေးရူးသွပ်ခြင်း ပညာရပ်ကို ရုတ်တရက် ထုတ်သုံးလိုက်တဲ့ စစ်ပွဲမြို့တော်ကြီးကို ပိုပြီး ကျစဉ့်ကလျား ဖြစ်သွားစေခဲ့တယ်။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် လူအိုကြီးတွေတောင် အနည်းငယ် အံ့အားသင့် သွားခဲ့ကြတယ်။ အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ သူတို့လည်း မမျှော်လင့်ထားခဲ့ကြပါဘူး။
“ရိုင်းလိုင်တာ” ရန်လီတင်းက အော်ဟစ်လိုက်တယ် “မင်းတို့ ဘယ်သူလဲဆိုတာကို မေ့သွားကြတာလား”
“အကြီးအကဲချုပ်၊ ရိုင်းပြသွားမိတာရှိရင် ခွင့်လွှတ်ပေးပါ” တုဖုန်းက လေးလေးစားစားနဲ့ ပြန်ပြောလိုက်တယ် “အကြီးအကဲချုပ်က နဲ့ ကျုပ်တို့ သွေးစစ်သည်တော်တွေက ရန်မိသားစုဝင်တွေ ဖြစ်ကြပေမယ့် ကျုပ်တို့တွေက သခင်ငယ်လေးကိုပဲ သစ္စာစောင့်သိရမယ်လို့ အကြီးအကဲခန်းမက အမိန့်ထုတ်လိုက်တာ ဖြစ်တဲ့အတွက် ကျုပ်တို့အနေနဲ့ သခင်ငယ်လေး အကာအကွယ် လိုနေတဲ့အချိန် သူ့ကို ကာကွယ်ပေးတာ သဘာဝပဲလေ”
“မင်တို့မျက်လုံးထဲ၊ သူ့လုံခြုံရေးက မိသားစုရဲ့ ဂုဏ်သိက္ခာအတွက်တောင် ပိုပြီး အရေးပါတာလား” ရန်လီတင်းက အေးစက်စက်နဲ့ မေးလိုက်တယ်။
သွေးစစ်သည်တော် ရှစ်ယောက်စလုံး ချက်ချင်း ပြန်ခေါင်းညိတ်ပြလိုက်တယ်။ တန်ယုရှန်းက အားလုံး ကိုယ်စား ပြောလိုက်တယ် “အကြီးအကဲချုပ်၊ အကြီးအကဲ ခန်းမရဲ့ အမိန့်တော်အရ၊ ကျွန်မတို့က သခင်ငယ်လေးကို သစ္စာရှိပါတော့တယ်။ ဒါကြောင့် သူ့လုံခြုံရေးက မိသားစုရဲ့ ဂုဏ်သိက္ခာထက်တောင် ပိုပြီး အရေးပါပါတယ်။ သူအကူအညီ လိုနေတဲ့အချိန် ကျွန်မတို့တွေက ဘာမှမလုပ်ပဲ ဒီအတိုင်း ဘေးကနေထိုင်ကြည့်နေရမယ် ဆိုရင် ခွင့်လွှတ်လို့ မရနိုင်တဲ့ အပြစ်တစ်ခုကို ကျူးလွန်လိုက်သလို ကျွန်မတို့တွေ ခံစားရပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့ အကြီးအကဲချုပ်ကို ရိုင်းပြမိသလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးဖို့ ကြိုတင်တောင်းဆိုအပ်ပါတယ်။ အကြီးအကဲချုပ်လည်း နားလည်မယ်ထင်ပါတယ်”
“မင်းတို့ ဘယ်လိုတောင် လုပ်ရဲတာလဲ” ရန်လီတင် ဒေါသအမျက်ချောင်းချောင်း ထွက်သွားခဲ့ပြီး အသံကုန် အော်ဟစ်လိုက်တယ်။ သူ့မျက်နှာတစ်ခုလုံးကလည်း ဆေးခါးကြီးစားလိုက်ရသလို့ ရှုံ့မဲ့ မဲ့ရွဲ့နေခဲ့ပါတယ်။ သူ့ရဲ့ အဆင့်အတန်း၊ ခွန်အားကြောင့် ဘယ်သူကမှ သူ့ပြောတာကို မနာခံပဲ မနေရဲခဲ့ပါဘူး။ ရန်မိသားစုရဲ့ သွေးစစ်သည်တော် တွေက ရန်မိသားစုရဲ့ ရွှေရှောင်အမှတ်သညာ တစ်ခုပါ။ သစ္စာစောင့်သိမှုရဲ့ သင်္ကေတဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ ရန်မိသားစုရဲ့ ညာလက်မောင်း တစ်ခုအဖြစ် ပြုစုပျိုးထောင်လာခဲ့တဲ့ သွေးစစ်သည်တော် တွေက သူတို့အသက်ကို ပေးဆပ်ရမယ်ဆိုရင်တောင် သူ့အား ခုခံတိုက်ခိုက်ဖို့ လုပ်နေခဲ့ပါတယ်။
ပြီးတော့ သူတို့တွေအကုန်လုံး လူမြင်ကွင်းရှေ့ တည့်တည့်မှာ ထုတ်ဖော်ပြောခဲ့တာပါ။ သူ့ရဲ့ အာဏာ၊ ကြီးမြတ်မှုတွေအကုန်လုံး မြောင်းထဲရောက်သွားသလို ရန်လီတင်း ခံစားလိုက်ရတယ်။
“ရူးမိုက်နေတာပဲ” ရန်လီတင်းကို တိုက်တွန်းလိုက်တဲ့ လူအိုကြီးက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။ ထိုသွေးစစ်သည်တော်တွေရဲ့ သဘေားထားနဲ့ ပက်သက်ပြီး တော်တော်လေး မကျေမနပ် ဖြစ်နေတဲ့ပုံပါပဲ။ သူ့အမြင်မှာတော့၊ ရန်မိသားစုရဲ့ သွေးစစ်သည်တော်တွေက အားကောင်းပြီး သစ္စာရှိတဲ့ လူတွေဖြစ်သင့်တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ထိုကောင်တွေကတော့ ခေါင်းမာတဲ့ ငတုံးကောင်တွေနဲ့ ဘာမှမခြားတဲ့ ပုံပါပဲ။
“ကျုပ်တို့အနေနဲ့ အကြီးအကဲချုပ်တို့ကို မရိုင်းပြချင်ပါဘူး။ ဒါပေမယ့် စီနီယာတို့က သခင်လေးငယ် အဆင့်ချိုးဖျက်နေတာကို တားဆီးဖို့ ကြိုးစားမယ် ဆိုရင်တောင် ကျုပ်တို့ဘက်က စီနီယားတို့ကို ရပ်တန့်ဖို့ ကြိုးစားရပါလိမ့်မယ်” တုဖုန်းက သူ့ရှေ့မှာ ရှိနေတဲ့ လူအိုကြီး ရှစ်ယောက်ကို ငေးစိုက်ကြည့်လိုက်ရင်း ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်တယ်။
“မင်းတို့ ရှစ်ယောက်အတူ ပူးပေါင်းရင်တောင် ဒီအကြီးအကဲကို မရပ်တန့်နိုင်သေးဘူးကွ” ရန်လီတင်းက အထက်စီးကနေ ပြောလိုက်တယ်။ ဒီနေ့ ဘာတွေဖြစ်ဖြစ် ရန်ကိုင် အဆင့်တက်တာကို ရအောင်တားတော့မယ့် ပုံစံပါပဲ။
“ဒီလူအိုကြီးကို ထည့်တွက်ရင်ရော” တည်ငြိမ်တဲ့ အသံတစ်သံက အားလုံး နားထဲပျံ့လွင့်လာခဲ့တယ်။ အဝေးကနေ ပျံ့လွင့်လာတာ ဆိုပေမယ့် သူတို့နားနား ကပ်ပြောလိုက်သလို အားလုံး ခံစားလိုက်ရတယ်။
ထိုအသံကို ကြားလိုက်တာနဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေ အကုန်လုံး အသံထွက်ပေါ်လာရာ နေရာဆီ လှမ်းကြည့်လိုက်ကြတယ်။
အမှောင်ထုထဲဝယ်… ပုံရိပ်တစ်ခု ပေါ့ပေါ့ပါးပါး အမူအရာဖြင့် သူတို့ဆီသို့ လေပေါ်လမ်းလျှောက် လာနေခဲ့တယ်။ ထိုလူရဲ့ အသွင်အပြင်က လုံးဝကို တည်ငြိမ်လွန်းနေခဲ့ပါတယ်။
သူ့သွားနေတဲ့ပုံစံကို ကြည့်ရတာ အရမ်းမမြန်ပေမယ့် ခြေသုံးလှမ်းနဲ့တင် သူတို့ရှေ့ ရောက်လာခဲ့ပါပြီ။ ရည်ရွယ်ပြီး တော့ပဲလား၊ မရွယ်ပဲလား မသိပေမယ့် ထိုလူရပ်နေတဲ့ နေရာက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်တွေထက် အနည်းငယ် ပိုမြင့်နေခဲ့ပါတယ်။
လေထဲဝဲနေရင်း ပူပြန်ကြောင့်ကြမှု ကင်းတဲ့ အမူအရာဖြင့် ပညာရှင်ရှစ်ယောက်စလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ငုံ့ကြည့်နေခဲ့တယ်။
မန်ဝူရကို စိုက်ကြည့်နေရင်း အကြီးအကဲချုပ် ၈ယောက်စလုံး အမူအရာ လေးနက်သွားခဲ့ပြီး သူတို့ရဲ့ မျက်ခုံးကြောတို့ တဖြည်းဖြည်း တွန့်ကွေးလာခဲ့တယ်။
ထိုလူက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ် အဆင့်သာ ရှိသေးပေမယ့် မြင်ရသလောက် မရိုးရှင်းဘူလို့ အားလုံး ခံစားနေခဲ့ရတယ်။ သူလှမ်းလိုက်တဲ့ ခြေလှမ်း တစ်လှမ်းချင်းစီကတောင် ဆန်းကြယ်နက်နဲတဲ့ သဘောတရားတို့ ပါဝင်နေတဲ့ပုံပါပဲ။
ထိုဆန်းကြယ်နက်နဲတဲ့ ခံစားချက်ကို ဖမ်းဆုပ်ဖို့ နားလည်ဖို့ အသာထား၊ မြင်တွေ့ဖို့တောင် ခက်ခဲနေခဲ့ပါတယ်။
အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်မှာ ရှိနေတဲ့ ပညာရှင်တစ်ယောက်က သိုင်းတာအိုအကြောင်း ဘာလို့ ဒီလောက်တောင် နက်နက်နဲနဲ နားလည်နေရတာလဲ။ အကြီးအကဲချုပ် တစ်ယောက်ချင်းစီတိုင်း ထိတ်လန့် တုန်လှုပ်သွားခဲ့တယ်။
လူအိုကြီးရှစ်ယောက်စလုံး မန်ဝူရကို သိပါတယ်။ တကယ်တော့ မန်ဝူရ စစ်ပွဲမြို့တော်ကို ရောက်တာ ကြာခဲ့ပါပြီ။ သူတို့သိထားတဲ့ နောက်တစ်ချက် မန်ဝူရက အချိန်တိုင်း ကျင့်ကြံနေပြီး တကယ်လိုအပ်နေမှ ဝင်ပါလေ့ ရှိတယ်ဆိုတာကိုပါ။
မန်ဝူရက သာမန် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်လို့သာ သူတို့အားလုံး ထင်မှတ်နေခဲ့ကြတာပါ။
ဒါပေမယ့် အခုတော့ ဒီအင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်က ထင်သလောက် မရိုးရှင်းမှန်း လူအိုကြီးရှစ်ယောက်စလုံး နားလည်သွားခဲ့ပါပြီ။
မန်ဝူရနဲ့ ရင်ဆိုင်ရတဲ့အခါ ရန်လီတင်းလို့လူတောင် ဖိအားခံစားရပါတယ်။ သူတစ်ယောက်တည်းနဲ့ဆိုရင် ဒီလူအိုကြီးရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူးလို့ သူ့ရဲ့ မသိစိတ်က ပြောနေခဲ့ပါတယ်။
“ဒီလူအိုကြီးကိုပါ ထပ်ထည့်တွက်လိုက်” နောက်ထပ် အသံတစ်သံ ထပ်မံထွက်ပေါ်လာခဲ့တယ်။ ဒီတစ်ကြိမ် မှာတော့ မိသားစုကြီး ရှစ်ခုမှ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်ခုနှစ်ယောက်စလုံး လုံးဝကို ထိတ်လန့်သွားခဲ့ပါတယ်။
မန်ဝူရကို သူတို့ သိပါတယ်။ တကယ်တော့ ပညာရှင် ရှစ်ယောက်စလုံးက သူတို့ရဲ့ ကောင်းကင်စိတ်အာရုံကို စစ်ပွဲမြို့တော်အနှံ့ ဖြန့်ကျက်ထားခဲ့တာပါ။ ထို့ကြောင့် မန်ဝူရရဲ့ အရှိန်အဝါကို သူတို့အာရုံခံမိပါတယ်။
ဒါပေမယ့် အသစ်ရောက်လာတဲ့ လူက ဘာမှမရှိတဲ့ လေထဲကနေ ရုတ်တရက် ဖွါးခနဲထွက်ပေါ်လာသလိုပါပဲ။ သူ့အရှိန်အဝါ တစ်စွန်းတစ်စလေးတောင် ထွက်ပေါ် သွားခဲ့ခြင်းမရှိပါဘူး။ သူကိုယ်တိုင်သာ လူလုံးထွက်မပြရင် အကြီးအကဲချုပ် ရှစ်ယောက်စလုံး သူရှိနေလို့ ရှိနေမှန်းတောင် သတိပြုမိမှာ မဟုတ်ပါဘူး။
သူတို့ရဲ့ စုံစမ်းထောက်လှမ်းမှုအောက်ကနေ လုံလုံခြုံခြုံ ဖုံးကွယ်နေနိုင်တယ် ဆိုကတည်းက ထိုလူရဲ့ ကျင့်ကြံခြင်းနဲ့ ပက်သက်ပြီး ဘာမှထပ်စဉ်းစားနေစရာ မလိုတော့ပါဘူး။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်… အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်ပဲ အခုလိုမျိုး လုပ်နိုင်ပါလိမ့်မယ်။
အင်မော်တယ် တက်လှမ်းခြင်းအထက်အဆင့် ပညာရှင် တစ်ယောက်က စစ်ပွဲမြို့တော်ထဲ တစ်ချိန်လုံး ပုန်းအောင်း နေခဲ့ပါတယ်။
ဒီလူသာ စစ်ပွဲမြို့တော်ထဲ ရှိနေတဲ့ လူငယ်မျိုးဆက် အဖွဲ့ဝင်တွေကို ဒုက္ခပေးချင်တယ်ဆိုရင်၊ ဖြစ်ပျက်သွားမယ့် အကျိုးဆက်ကို စဉ်းစားမိလိုက်တာနဲ့ အကြီးအကဲချုပ် ရှစ်ယောက်စလုံး ချွေးပျံ့သွားခဲ့ကြတယ်။
ကံကောင်းစွာနဲ့ ထိုလူက ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်တဲ့ ပုံပါပဲ။
အသံထွက်ပေါ်ရာနေရာဆီ လှမ်းကြည့်လိုက်တဲ့အခါ နှင်းကဲ့သို့ ဖြူဖွေးနေတဲ့ မုတ်ဆိတ်ရှည်ကြီးတွေနဲ့ ကျောင်းတော်သားပုံစံ ဝတ်စားဆင်ယင်ထားတဲ့ လူအိုကြီး တစ်ယောက် သူတို့ဆီ လမ်းလျှောက်လာနေတာကို တွေ့လိုက်ရတယ်။
သူတို့ကို ပိုပြီးစိုးရိမ်သွားစေတာက အသစ်ရောက်လာတဲ့ လူရဲ့ ခြေလှမ်းတွေထဲ မန်ဝူရရဲ့ နက်နဲဆန်းကြယ်တဲ့ သဘောတရားတို့ ပါဝင်နေသယောင် ထင်ရတာပါပဲ၊ မန်ဝူရလောက်သာ မနက်နဲတာပါ။
ထိုလူက မန်ဝူရနဲ့ ခြေလှမ်းဒါဇင်ကျော် အကွာလောက်၌ ရပ်တန့်လိုက်ပြီး မန်ဝူရကို ပြုံးပြလိုက်တယ်။ မန်ဝူရလည်း ပြန်ပြုံးပြလိုက်ပြီး မဲ့ပြုံးပြုံးလိုက်ရင်း ခေါင်းခါရမ်း လိုက်တယ် “မင်းစစ်ပွဲမြို့ထဲ ရောက်နေမှန်း ငါသိတယ်။ မင်းနောက်ဆုံးမှ ရောက်လာတယ်နော်”
လူအိုကြီးက ဖွဖွလေး ရယ်မောလိုက်ပြီး တောင်းပန် လိုက်တယ် “အစ်ကိုမန်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီတစ်ကြိမ် ကျုပ်ထွက်လာဖို့ အဆင်မပြေတော့ အဲ့ကိစ္စနဲ့ ပက်သက်ပြီး အစ်ကိုမန်ကို အလုပ်ရှုပ်ခိုင်းခဲ့ရတယ်”
“ငါသိတယ်” မန်ဝူရက အသာအယာလေး ခေါင်းညိတ် ပြလိုက်တယ်။
“ကျုပ်နဲ့ သိုင်းတာအိုအကြောင်း နှစ်ပေါင်းများစွာ ကြာအောင် ဆွေးနွေးပေးလို့ အစ်ကိုမန်ကို ကျေးဇူး တင်ချင်နေတာ။ ကျုပ်အဆင့်ချိုးဖျက်ပြီးတုန်းက ဥာဏ်အလင်းရခဲ့ပေမယ့် ကျုပ်နားမလည်တဲ့ မေးခွန်းတွေ အများကြီး ရှိသေးတယ်”
“မလိုပါဘူး” မန်ဝူရက ပြုံးလိုက်ပြီး “မင်းနဲ့ငါ့ကြားမှာ ယဉ်ကျေးနေစရာမှ မလိုတာ”
ထိုလူအိုကြီးနှစ်ယောက်က သူတို့ကို လျစ်လျူရှုပြီး နှစ်ယောက်သားသား ပျော်ပျော်ပါးပါးနဲ့ စကားပြော နေတာကို ကြည့်ရင်း မိသားစုကြီး ရှစ်ခုမှ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေ အမူအရာ အရုပ်ဆိုးသွားခဲ့ကြတယ်။
သူတို့ အပြုအမူက သူတို့နှစ်ယောက်စလုံးက သူတို့ ရှစ်ယောက်ကို မျက်လုံးထဲ မထည့်ဘူးလို့ ပြောနေတာနဲ့ အတူတူပါပဲ။
သူတို့စိတ်ထဲ မကျေမနပ် ဖြစ်နေပေမယ့် ထိုနှစ်ယောက် စကားအသွားအလာထဲမှာ တစ်ခုခုကို သူတို့ သတိပြုမိ လိုက်ပါတယ်။
ထိုနှစ်ယောက်က အသိအကျွမ်း မိတ်ဆွေတွေ ဖြစ်ဖို့ များပါတယ်၊ ဒါပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူက မန်ဝူရကို စီနီယာ တစ်ယောက်လို ရိုရိုသေသေနဲ့ ဆက်ဆံနေခဲ့ပါတယ်။
ဘာတွေများ ဖြစ်နေခဲ့တာလဲ။ မန်ဝူရက တကယ်ပဲ ပညာရှင်ကြီး တစ်ယောက်လား။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်နဲ့ သိုင်းတာအိုအကြောင်း ဆွေးနွေးနိုင်ဖို့ ဘယ်လို အရည်အချင်းကိုများ သူပိုင်ဆိုင်ထားရတာလဲ။ သူ့ရဲ့ လမ်းညွှန်ပြသမှုအတွက်ကြောင့် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်က သူ့ကို ကျေးဇူးတင်နေခဲ့ပါတယ်။
မန်ဝူရကလည်း ထိုလူ ကျေးဇူးတင်တာကို နည်းနည်းလေးတောင် မငြင်းဆိုခဲ့ပါဘူး။
အင်မော်တယ် တက်လှ၎င်း်းခြင်း အထက်အဆင့် ပညာရှင်ရှစ်ယောက်စလုံး စိတ်ရှုပ်သွားခဲ့ကြတယ်။
“ဒီက ဆာနှစ်ယောက်ရဲ့ နာမည်ကိုများ သိလို့ရမလား မသိဘူး” ချူတောင်းရန်က တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်တယ်။
ထိုလူနှစ်ယောက်က အခြားဘာရည်ရွယ်ချက်မှ မရှိပဲ ရန်ကိုင်ကို ကာကွယ်ချင်တာကြောင့် သက်သက်သာ ထွက်ပေါ်လာတာ ဆိုပေမယ့် ဒီလောက် အားကောင်းတဲ့ ပညာရှင်တွေနဲ့ ရင်ဆိုင်နေရတော့ သူတို့လည်း ထိုလူ နှစ်ယောက် ဘယ်သူလဲ ဆိုတာကို သိချင်မိပါတယ်။
မန်ဝူရက ပြုံးကာ ပြန်ပြောလိုက်တယ် “ကောင်းကင်စံအိမ် ထောက်ပံ့ရေးခန်းမက ဘဏ္ဏာထိန်း မန်ဝူရ”
ထိုစကားကို ကြားလိုက်တာနဲ့ မန်ဝူရကို မသိတဲ့ လူအားလုံးရဲ့ မျက်နှာ မဲ့ရွဲ့သွားခဲ့ကြတယ်။
ထောက်ပံ့ရေးခန်မက ဘဏ္ဏာထိန်း… လာနောက်နေတာလား။ ဘာမဟုတ်တဲ့ ဘဏ္ဏာထိန်း တစ်ယောက်က ဒီလောက်အားကောင်းတဲ့ ကျင့်ကြံခြင်းကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားရတာလဲ။ ကောင်းကင်စံအိမ်က ပြောတဲ့အတိုင်း ပုန်းကွယ်နေတဲ့ နဂါးတွေ၊ ဝပ်နေတဲ့ ကျားတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုဆိုတာ တကယ်ပဲလား။
“ပြီးတော့ ခင်ဗျားကကော” အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ချူတောင်းရန်က တစ်ဖက်လူအိုကြီးဆီ လှမ်းကြည့်လိုက်ကာ မေးလိုက်တယ်။
ထိုလူက အသာအယာလေး ခေါင်းညိတ်ပြလိုက်ပြီး “ကောင်းကင်စံအိမ် ဂိုဏ်းချုပ်၊ လင်းတိုင်ရှု”
ထိုနာမည်ကို ကြားလိုက်တာနဲ့ မိသားစုကြီး ရှစ်ခုလုံးမှ ပညာရှင်ရှစ်ယောက်စလုံးရဲ့ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့တယ်။
ကောင်းကင်စံအိမ် ဂိုဏ်းချုပ်၊ လင်းတိုင်ရှုလား။
ဒီလူက ဘာမဟုတ်တဲ့ ဒုတိယအင်အားစု တစ်ခုကသာ လာတယ်ဆိုပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်သို့ ချိုးဖျက်ဝင်ရောက် နိုင်ခဲ့ပါတယ်။ ဟန်မင်းဆက် တစ်ခုလုံးမှာတောင် သူ့လိုလူမျိုး မရှိပါဘူး။
ဒုတိယအဆင့် အင်အားစုတစ်ခုကနေ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက် ထွက်ပေါ်လာတာမျိုး သူတို့ တစ်ခါမှ မကြးခဲ့ဖူးပါဘူး။ လူမိသားစုက လူစီတောင် လူမိသားစု ပထမအဆင့် အင်အားစုတစ်ခု ဖြစ်လာပြီးမှ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက်သွားနိုင်ခဲ့တာပါ။ သူချိုးဖျက် သွားနိုင်ခဲ့ရတာလည်း ချူမိသားစုရဲ့ အကူအညီကြောင့် အများကြီးပါပါတယ်။ မဟုတ်ရင် လူစီအနေနဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက် မဖြစ်နိုင်ပါဘူး။
လင်းတိုင်ရှု၊ ဒီနာမည်က တကယ်ကို ဒဏ္ဏာရီ တစ်ခုပါ။ သူကိုယ်တိုင်ကတည်း ဒဏ္ဏာရီလာ ဖြစ်တည်မှုတစ်ခုပါ။
ပြီးတော့ သူ့ထက်တောင် ပိုပြီးကျော်ကြားနေတဲ့ သူ့တပည့်တစ်ယောက် ရှိပါသေးတယ်။
သူ့ရဲ့ ဒုတိယတပည့်က လက်ရှိ နတ်ဆိုးအရှင်သခင်ပါ။ ထိုနတ်ဆိုးအရှင်က ကီလိုမီတာသောင်းပေါင်းများစွာ အကျယ်အဝန်ကို ထိန်းချုပ်ထားပြီး နတ်ဆိုးဘုရင် ၆ပါးကို နောက်လိုက်ငယ်သားအဖြစ် ထားရှိထားနိုင်ပါတယ်။
နတ်ဆိုးအရှင်သခင်ရဲ့ အမျက်နဲ့ ရင်ဆိုင်ရတဲ့အခါ ကောင်းကင်နဲ့မြေပြင်တောင် ဖြူလျော်သွားရပြီး ဒီလောကကြီးမှာ ရှိနေတဲ့ ဝိဥာဉ်တွေတောင် ကြောက်လန့် တုန်လှုပ်သွားရပါတယ်။
ထို့ကြောင့် လင်းတိုင်ရှုက သူ့နာမည်ကို ထုတ်ပြော လိုက်တဲ့အခါ အကြီးအကဲချုပ် ရှစ်ယောက်စလုံးရဲ့ စိတ်ထဲ စိုးရိမ်စိတ်တို့ ဝင်လာခဲ့ကြပါတယ်။ အထူးသဖြင့် ချူတောင်းရန်ပါ။ သူ့ရဲ့ ချူမိသားစုက ကောင်းကင်စံအိမ် တစ်ခုလုံးကို အပျက်အစီးပုံဖြစ်အောင် မီးလောင်ပြချ ပစ်ခဲ့တာလေ။ အခု ကောင်းကင်စံအိမ် ဂိုဏ်းချုပ်က ဒီကို ရောက်လာခဲ့ပါပြီ။ သူတို့ကြားက မကျေနပ်ချက်တွေကို ဖြေရှင်းကောင်း ဖြေရှင်းနိုင်ပါသေးတယ်။
သူတို့ကြားမှာသာ တိုက်ပွဲတစ်ခု ဖြစ်ပွါးခဲ့ရင် စစ်ပွဲမြို့တော် တစ်ခုလုံး ဖျက်စီးခံရပါလိမ့်မယ်။
ဒါပေမယ့် လင်းတိုင်ရှုက မကြာသေးခင်ကပဲ အဆင့်ချိုးဖျက်သွားတာကို သူ့ရဲ့ သိုင်းတာအိုအပေါ် ထိုးထွင်းနားလည်မှုက သူတို့ထက် ဘာလို့ ပိုသာနေလဲ ဆိုတာကိုတော့ ပညာရှင်ရှစ်ယောက်စလုံး နားမလည် နိုင်ခဲ့ကြပါဘူး။
အဲ့လိုသာ မဟုတ်ရင် လင်းတိုင်ရှုရဲ့ တည်ရှိမှုကို သူတို့ ဘယ်လိုလုပ်ပြီး သတိမပြုမိရတာလဲ။
သူတို့ တစ်ယောက်ချင်းစီတိုင်းက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ရောက်တာ နှစ်၅၀ကျော် ကြာသွားခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်၅၀အတွင်း သူတို့ရဲ့ ခွန်အား မတိုးတက်လာခဲ့ဘူးလို့ မပြောနိုင်ပေမယ့် လင်းတိုင်ရှုရဲ့ တိုးတက်မှုနဲ့ ယှဉ်လိုက်ရင်တော့ နေနဲ့လ ဘယ်ဟာ ပိုကြီးသလဲ ဆိုပြီး သွားယှဉ်နေသလို ဖြစ်သွားပါလိမ့်မယ်။
သူဘယ်လိုများလုပ်ခဲ့တာလဲ။
“ဒီတော့ ဒီက ညီအစ်ကိုလင်းပေါ့” ချူတောင်းရန်က သူ့အတွေးတွေကို အလျင်အမြန် ပြန်လည် စုစည်းလိုက်ပြီး အသာအယာလေး ခေါင်းညိတ်လိုက်ကာ “ကျုပ်က ညီအစ်ကိုလင်းနဲ့ တွေ့ချင်နေခဲ့တာ”
“ကျေးဇူးပါပဲ” လင်းတိုင်ရှုက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြုံးပြလိုက်တယ်။ နည်းနည်းလေးတောင် မောက်မာတဲ့ ဟန်မပြပဲ သူ့ကိုယ်သူတောင် နှိမ့်ချလိုက်ပြီး “အသက်ချင်း ယှဉ်လိုက်ရင် ခင်ဗျားတို့အားလုံးက ကျုပ်ရဲ့ စီနီယာတွေပဲလေ။ ကျုပ်ကို ညီအစ်ကိုလို့ တပ်ခေါ် နေတာတောင် ကျုပ်အတွက် ဂုဏ်ယူစရာ ဖြစ်နေပါပြီ”
Martial Peak
အပိုင်း(၅၂၇) ဘာလို့ နည်းနည်းလောက် ထပ်မစောင့် ရမှာလဲ
လင်းတိုင်ရှုရဲ့ ပြုမူပြောဆိုပုံကို မြင်တော့မှပဲ မိသားစုကြီး ရှစ်ခုက ပညာရှင်ရှစ်ယောက် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့တယ်။ ခပ်ဝဝလူအိုကြီးက ပြုံးကာ ပြောလိုက်တယ် “ညီအစ်ကိုလင်းက အရမ်းကို နှိမ့်ချလွန်းနေတာပဲ။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ရောက်နေတဲ့ လူတွေအနေနဲ့ စီနီယာ ဆိုတာကို စကားထဲ ထည့်ပြောနေစရာ မလိုပါဘူး။ ငါတို့ အားလုံးက အဆင့်တူတွေပဲလေ။ ငါတို့ထဲမှာတောင် မျိုးဆက်တွေက တော်တော်လေးကို ရှုပ်ထွေးနေတာ”
“အမှန်ပဲ”
နောက်တစ်ယောက်က ဝင်ပြောလိုက်တယ်။
စကားနည်းနည်းလောက် ပြောပြီးနောက် သူတို့ကြားက လေထုက အနည်းငယ် ပြေလျော့သွားခဲ့တယ်။
“ဒီတစ်ကြိမ် ညီအစ်ကိုလင်း ဘာလို့ ပေါ်လာရတာလဲ” ရန်လီတင်းက အေးစက်စက် အမူအရာကို ဆင်မြန်းထားရင်း အဖြေသိနေတဲ့ မေးခွန်းကို မေးလိုက်တယ်။
“ကျုပ်က ဒီကောင်စုတ်လေးအတွက် လာခဲ့တာလေ” လင်းတိုင်ရှုက ပြုံးကာ ရန်ကိုင်ကို ညွှန်ပြလိုက်ပြီး “ဘာပဲဖြစ်ဖြစ်၊ ကျုပ်က သူ့ရဲ့ ဆရာဖိုးဖိုး ဖြစ်နေတုန်းပဲလေ။ ကျုပ်ရဲ့ မြေးတပည့်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်နေတဲ့ အရေးကြီးတဲ့ အခိုက်အတန့်မှာ ရောက်နေတာလေ။ ဒါကြောင့် ကျုပ်သူ့ကို ထောက်ပံ့ပေးရမှာပေါ့”
“ဒီတော့ မင်းက သူ့ကို ကာကွယ်ပေးမှာပေါ့”
“ဟုတ်တယ်” လင်းတိုင်ရှုက အသာအယာလေး ခေါင်းညိတ်လိုက်တယ်။
အဖြစ်အပျက်တွေက စပြီးပြဿနာများလာပြီမှန်း ရန်လီတင်း ရုတ်တရက် နားလည်လိုက်တယ်။
လင်းတိုင်ရှုက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူတစ်ယောက်ပါ။ မန်ဝူရကလည်း ထူးဆန်းတဲ့ အရှိန်အဝါကို သူတို့အား ပေးစွမ်းနေခဲ့ပါတယ်။ နတ်ဆိုးအိုကြီးရဲ့ နတ်ဆိုးချီကလည်း ပုံမှန်မဟုတ်ပါဘူး။ သွေးစစ်သည်တော် ရှစ်ယောက်ကလည်း သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးထားပါတယ်… ဒီလူအုပ်ရဲ့ ခွန်အားက သူလျစ်လျူရှုထားလို့ ရတဲ့ခွန်အားမျိုး မဟုတ်ပါဘူး။
သွေးရူးသွပ်ခြင်း ပညာရပ်ကို ထုတ်သုံးထားတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ သွေးစစ်သည်တော်က သူတို့တွေနဲ့ တိုက်ကွက် အနည်းငယ်လောက် ဖလှယ်နိုင်ပါတယ်။ ဒီတော့ ဒီသွေးစစ်သည်တော် ရှစ်ယောက်ရဲ့ ခွန်အားကို သွားအထင်သေးလို့ မရပါဘူး။
လင်းတိုင်ရှုရဲ့ ခွန်အားကတော့ ပြောစရာကို မလိုပါဘူး။ သူသာ လင်းတိုင်ရှုနဲ့ တစ်ယောက်ချင်း ယှဉ်တိုက်မယ် ဆိုရင် အောက်စည်းရောက်သွားလိမ့်မယ်လို့ သူ့ရဲ့ မသိစိတ်က ပြောနေခဲ့ပါတယ်။ မန်ဝူရလား… သူကတော့ ပိုပြီးတော့တာင် နားလည်ရခက်ပါသေးတယ်။ မန်ဝူရကရဲ့ တိုက်ပွဲစွမ်းရည်ကို သူမတွက်ချက်တတ်ပါဘူး။ ပြီးတော့ နတ်ဆိုးအိုကြီးကလည်း ဘေးကနေ ရပ်ကြည့် နေပါသေးတယ်။
တိုက်ပွဲသာ ဖြစ်သွားခဲ့ရင်… သူအောင်မြင်နိုင်ချေ နည်းပါတယ်။ အနိုင်ရနိုင်မယ် ဆိုရင်တောင် စစ်ပွဲ မြို့တော်နဲ့ မြို့ထဲမှာ ရှိနေတဲ့လူအားလုံး သေကြေပျက်စီး ကုန်ကြမှာပါ။
ရန်လီတင်းရဲ့ မျက်ဝန်းအစုံ ထက်ရှသွားခဲ့ပြီး အနက်ရောင်ချီတွေ ဝန်းရံနေတဲ့ ရန်ကိုင်ဆီ လှမ်းကြည့် လိုက်တယ်။
သူ့မိသားစုက ဒီကောင်လေးက ဒီလောက်တောင် အားကောင်းတဲ့ ပညာရှင်တွေကို ဘယ်လို စုစည်းခဲ့မှန်း သူတကယ်ကို နားမလည်နိုင်ခဲ့ပါဘူး။
“ရောင်းရင်းတို့၊ ကျုပ်မှာအကြံတစ်ခု ရှိတယ်။ ခင်ဗျားတို့ နားထောင်ကြည့်ချင်လား” လင်းတိုင်ရှုက ရုတ်တရက် ကောက်ပြောလိုက်တယ်။
“ပြောလေ၊ ညီအစ်ကိုလင်း၊ ငါတို့လည်း နားထောင် ကြည့်ရတာပေါ့” ချူတောင်းရန်က ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ပြောလိုက်တယ်။ လင်းတိုင်ရှုက သူတို့နဲ့ အဆင့်တူ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် တစ်ယောက် ဖြစ်နေတဲ့အတွက် သူတို့ရဲ့ အဆင့်အတန်းကို သုံးပြီး အထက်စီးဆန်းဆန်နဲ့ သွားပြောလို့ မရတော့ပါဘူး။
သူ့ကျင့်ကြံခြင်းအရ လင်းတိုင်ရှုမှာ သူတို့ရဲ့ ရင်ဘောင်တန်း စကားပြောဖို့ အခွင့်အရေး ရှိနေခဲ့ပါပြီ။
“ရောင်းရင်းတို့၊ ခင်ဗျားတို့တွေ သူအဆင့်ချိုးဖျက် နေတာကို တားဆီးချင်ရတဲ့ အကြောင်းအရင်းက သူသာ အဆင့်ချိုးဖျက်ပြီးသွားတာနဲ့ မိစ္ဆာလမ်းစဉ်ထဲ ကျသွားမှာကို စိုးရိမ်လို့မလား”
ပညာရှင်ရှစ်ယောက်စလုံး ခေါင်းညိတ်ပြလိုက်ကြတယ်။
သူတို့တွေက တုန့်ဆိုင်းခြင်းမရှိ ခေါင်းညိတ်ပြတာကို မြင်တာနဲ့ နတ်ဆိုးအိုကြီးက မကျေမနပ်နဲ့ ရေရွတ်လိုက်တယ် “ကိုယ့်ခွန်းကို မထိန်းချုပ်နိုင်ပဲ မိစ္ဆာစွမ်းအားရဲ့ ကျွန်ပြုခြင်းခံရတဲ့ လူတွေကသာ နတ်ဆိုး အစစ်တွေပဲ။ နတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်တာ ဘာမှားလို့လဲ။ နတ်ဆိုးချီကို အသုံးပြုတာ ဘာမှားလို့လဲ။ ဒါက စွမ်းအားကို ရရှိဖို့ အသုံးပြုတဲ့ နည်းလမ်း တစ်ခုပဲလေ။ ကျင့်ကြံသူတစ်ယောက် ချင်းစီတိုင်းက သူတို့ရဲ့ စွမ်းအားကို နည်းလမ်းအမျိုးမျိုးနဲ့ ရရှိထားကြတာ။ မင်းတို့ရဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေကပဲ မှန်တယ်၊ ငါတို့ရဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေက မှားတယ်လို့ လာပြော နေကတည်းက မင်းတို့တွေက မသိမိုက်မဲတဲ့ အရူးတွေ ဆိုတာ သေချာသွားပြီ”
“ဟုတ်တယ်၊ ကျယ်ကျယ်လေး ပြောပြလိုက်” ဘယ်အချိန်တည်းကမှန်းမသိ သူ့ဘေးရောက်နေတဲ့ ရွှေးလင်က ရွှတ်တွတ်တွတ် နောက်တောက်တော်က ပုံစံနဲ့ ပြောလိုက်တယ် “ခင်ဗျားကြီးသာ အခုလိုမျိုး တိုးတိုးလေး ပြောနေလို့ကတော့ သူတို့တွေက ခင်ဗျားပြောတာကို ကြားမှာ မဟုတ်ဘူး”
သူမစကားထဲက ရွှတ်တွတ်တွတ် လေသံကို သတိပြု မိလိုက်တာနဲ့ နတ်ဆိုးအိုကြီးက ရွှေးလင်ဆီ လှမ်းကြည့် လိုက်ပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်တယ် “ကောင်မလေး၊ ဒီလူအိုကြီးနဲ့ လာပြီး မဆော့ကစား သင့်ဘူးနော်။ နင်ဘယ်က ရောက်လာလဲ ဆိုတာကို ဒီလူအိုကြီး မသိဘူး ထင်နေတာလား”
ထိုစကားကို ကြားလိုက်တာနဲ့ ရွှေးလင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်မေးလိုက်တယ် “ခင်ဗျားကြီး တကယ်ပဲ သိတာလား”
“ဟဲဟဲ၊ ဒီလူအိုကြီး ကျိန်းသေ သိတာပေါ့။ ဒီလူအိုကြီးတင် မဟုတ်ဘူး၊ အဲ့တစ္ဆေအိုကြီး မန်ဝူရလည်း သိတယ်။ ငါတို့အားလုံးက နယ်ပယ်တစ်ခုတည်းကပဲလေ” နတ်ဆိုးအိုကြီးက ဂုဏ်ယူဝံ့ကြွားစွာနဲ့ နှာခေါင်း ပြန်ရှုံ့လိုက်တယ်။
ရွှေးလင်းရဲ့ မျက်ဝန်းအစုံ တလက်လက် တောက်ပ သွားခဲ့တယ်။ နတ်ဆိုးအိုကြီးရဲ့ လက်မောင်းကို ဖမ်းကိုင် လိုက်ပြီး ခါးသီးမှုတွေ ပြည့်လျမ်းနေတဲ့၊ ငိုတစ်ဝက်၊ ပျော်တစ်ဝက် အမူအရာလေးနဲ့ တောင်းပန်တိုးလျှိုး လိုက်တယ် “စီနိယာ၊ ဘယ်လိုပြန်ရမလဲ ဆိုတာကို တကယ်ပဲ သိတာလား”
နတ်ဆိုးအိုကြီးက သူမကို ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်ပြီး မိစ္ဆာဆန်ဆန် ပြုံးကာ “ဘာလို့လဲ၊ ဘယ်လို ပြန်ရမလဲ ဆိုတာကို နင်မသိလို့လား”
“အင်း၊ ကျွန်မဒီနေရာမှာ ပိတ်မိနေတာ တော်တော်လေး ကြာသွားပြီ။ အခုထိ ပြန်လမ်း ရှာမတွေ့သေးဘူး။ စီနီယာ သိတယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်မကို ပြောပြပါနော်”
သူမရဲ့ ကူကယ်ရာမဲ့နေတဲ့ အမူအရာကို မြင်လိုက်တာနဲ့ နတ်ဆိုးအိုကြီးက ဝါးလုံးကွဲ အော်ရယ်လိုက်တယ်။ သူ့ရဲ့ ရယ်သံကြီးကို ကြားလိုက်တာနဲ့ ရွှေးလင်တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတို့ ထသွားခဲ့တယ်။ ဒါပေမယ့် ထိုအသံက ဘယ်လိုပဲ နားမခံသာ ဖြစ်နေပါစေ၊ အတတ်နိုင်ဆုံး သူမရဲ့ သနားစဖွယ် အမူအရာလေးကို ထိန်းသိမ်းထားရင်း နတ်ဆိုးအိုကြီး သနားသွားအောင် လုပ်ပြနေခဲ့တယ်။
“ငါနင့်ကို ပြောမှာမဟုတ်ဘူး” နတ်ဆိုးအိုကြီး ရုတ်တရက် ရယ်မောနေတာ ရပ်တန့်သွားခဲ့ပြီး သာမန်ကာလျှံကာနဲ့ ပြန်ပြောလိုက်တယ်။
ရွှေးလင်း တဒင်္ဂလောက် အေးခဲသွားခဲ့ပြီး စိတ်ပျက်ပျက်နဲ့ နှုတ်ခမ်းစူလိုက်ကာ “ဘာလို့လဲ”
နတ်ဆိုးအိုကြီးက ပခုံးတွန့်ပြလိုက်ပြီး “ဘာလို့လဲ ဆိုတော့ ဒီလူအိုကြီးက သခင်လေးကို စောင့်ရဦးမယ်လေ”
“သူ့ကို စောင့်ဖို့လား” ရွှေးလင်းက ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ပြီး “သူက ဒီလောကကြီးရဲ့ အချုပ်အနှောင်ကို ချိုးဖျက်နိုင်မယ်လို့ ရှင်ထင်လို့လား”
နတ်ဆိုးအိုကြီးက အထင်အမြင်သေးသေးနဲ့ နှာခေါင်း ရှုံ့လိုက်ပြီး “သခင်လေးသာ မချိုးဖျက်နိုင်ရင် ဘယ်သူကမှ ချိုးဖျက်နိုင်တော့မှာ မဟုတ်ဘူး”
ရွှေးလင်အမူအရာ အနည်းငယ် လေးနက်တည်ကြည် သွားခဲ့ပြီး ရန်ကိုင်ရှိရာဆီ လှမ်းကြည့်လိုက်တယ်။ အချိန် အတော်ကြာသွားပြီးနောက် သိမ်မွေ့ညင်သာ အမူအရာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ် “သူသာဆိုရင် သူကတယ်ပဲ လုပ်နိုင်လောက်တယ်…”
“ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင်၊ အနည်းဆုံး ၃နှစ်ကနေ အများဆုံး ၁၀နှစ်ပဲ” နတ်ဆိုးအိုကြီးက ယုံကြည်ချက်အပြည့်၊ မျှော်လင့်ချက် အပြည့်နဲ့ ပြောလိုက်တယ်။
တစ်ဖက်မှာတော့ ရွှေးလင်ရဲ့ အမူအရာ သုန်မှုန်း သွားခဲ့ပြီး စောဒကမတက်ပဲ မနေနိုင်အောင် ဖြစ်သွား ခဲ့တယ် “အကြာကြီးပဲ”
“ပြန်ချင်ရင် စောင့်ရမယ်လေ။ ဒါပေမယ့် သခင်လေးက သူနဲ့အတူ နင့်ကိုခေါ်သွားမယ် မခေါ်သွားဘူး ဆိုတာကတော့ ဒီလူအိုကြီး ပြောနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ တကယ်တော့ နှင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဒီလောက် ကောင်းတာလည်း မဟုတ်ဘူးလေ။ သခင်လေးကလေ… သူက အရမ်းကို အငြိုးကြီးတာ” နတ်ဆိုးအိုကြီးက ရွှေးလင်းကို မျက်လုံးမှေးစဉ်းကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းခါလိုက်တယ်။
ရွှေးလင် စဉ်းစားကြည့်လိုက်တော့ နတ်ဆိုးအိုကြီး ပြောတာလည်း ဟုတ်နေမှန်း သဘောပေါက် လိုက်တယ်။ ထိုလူရဲ့ သွေးအေးပြီး ရက်စက်တဲ့ စရိုက်နဲ့ ဆိုရင် သူဒီကနေ ထွက်သွားတဲ့အခါ သူမကို သနားလို့ပါဆိုပြီး တစ်ခါတည်း အတူခေါ်သွားမှာ မဟုတ်ပါဘူး။ ထို့ကြောင့် ခပ်မြန်မြန်ပဲ လက်သီးလေး ဆုပ်လိုက်ပြီး ယဉ်ယဉ်ကျေးကျေး၊ လေးလေးစားစားနဲ့ မေးလိုက်တယ် “စီနီယာ လမ်းညွှန်ပေးနိုင်မယ်လို့ ဂျူနီယာ မျှော်လင့်ပါတယ်”
နတ်ဆိုးအိုကြီးက ဆရာကြီးပုံစံနဲ့ ရယ်မောလိုက်ပြီး ခေါင်းညိတ်လိုက်ကာ “ကောင်းပြီလေ၊ ငါ လမ်းညွှန်ပေး ရတာပေါ့”
ရုတ်တရက် သူ့လေသံကို တိုးလိုက်ပြီး လေးနက်တဲ့ အမူအရာနဲ့ နတ်ဆိုးအိုကြီးက ဆက်ပြောလိုက်တယ် “သခင်လေးက အငြိုးကြီးပေမယ့် သူ့မိတ်ဆွေတွေကိုလည်း အရမ်း သစ္စာရှိတာ။ နင်စစ်ပွဲမြို့တော်မှာ တစ်ချိန်လုံး ပုန်းအောင်းနေတာ ကြာပြီဆိုတော့ သူ့စိတ်နေစိတ်ထားကို နားလည်လောက်မှာပေါ့”
ရွှေးလင် အသာအလေား ခေါင်းညိတ်လိုက်ပြီး သူမရဲ့ မျက်ဝန်းအစုံ တောက်ပသွားခဲ့တယ်။
ဒီမတော်တဆ အဖြစ်အပျက်က အကောင်းဆုံး ဥပမာပါပဲ။ အသေးစိတ် အချက်ကို မသိပေမယ့်၊ ဘာတွေ ဖြစ်ပျက်ခဲ့လဲ ဆိုတာကိုတော့ အပေါ်ယံကြောလောက် ရွှေးလင် နားလည်ထားပါတယ်။
ဒါတွေ အခုလို ဖြစ်ပျက်ခဲ့ရတာ ကောင်းကင်စံအိမ် အဖွဲ့သားတစ်ယောက် ဒဏ်ရာရသွားခဲ့လို့ပါပဲ။ ရှန်ချူကို သတ်နိုင်ဖို့အတွက်နဲ့ အရုပ်လေးကို သူမဆီ ပြန်ပေးဖို့တောင် ရန်ကိုင် တုန့်ဆိုင်းမနေခဲ့ပါဘူး။ ဒီအချက်နဲ့တင် ရန်ကိုင် ဆိုတာ ရန်သူတွေအပေါ် ရက်စက်ပြီး မိတ်ဆွေတွေအပေါ် သစ္စာရှိတယ် ဆိုတာကို ပြသနေခဲ့ပါတယ်။
“နင်နားလည်မှတော့ ဘာလုပ်ရမလဲ သိပြီမလား” နတ်ဆိုးအိုကြီးက ရွှေးလင်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်တယ်။
ရွှေးလင်းမျက်ခုံးကြောတို့ အနည်းငယ်လေး တွန့်ကွေး သွားခဲ့ပေမယ့် ခပ်မြန်မြန်ပဲ ခေါင်းညိတ်ပြလိုက်ပါတယ် “ကျွန်မသိသွားပြီ။ သူကျွန်မကို မိတ်ဆွေတစ်ယောက်အဖြစ် မြင်လာအောင် လုပ်ရမယ်”
သူမသာ သူနဲ့ မိတ်ဆွေဖြစ်လာသရွေ့ သူထွက်သွားတဲ့ အခါ သူမကိုပါ အတူမခေါ်သွားမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။
“ဟဲဟဲ…” နတ်ဆိုးအိုကြီးက လှောင်ပြုံးပြုံးလိုက်ပြီး “သခင်လေးက မိန်းကလေးတွေဆို အမြဲကြင်နာတယ်။ အထူးသဖြင့် မိန်းမလှလေးတွေပေါ့။ ပြီးတော့ နင်လည်း ဒီကိစ္စနဲ့ ပက်သက်ပြီး ပြဿနာမရှိဘူးလေ။ နင့်ရဲ့ ဇာစ်မြစ်နဲ့ဆိုရင် နင်လည်း သခင်လေးနဲ့ လိုက်ပါတယ်။ ကဲ၊ အလုပ်ကောင်းကောင်း ကြိုးစားတော့”
ရွှေးလင် မျက်နှာ ခရမ်းချဉ်သီးတစ်လုံးလို နီရဲ သွားခဲ့ပြီး အကျယ်ကြီး ပြန်အော်ပြောလိုက်တယ် “ရှင် ဘာမဟုတ် တာတွေ ပြောနေတာလဲ။ ဒီတောသားကောင်က ကျွန်မနဲ့ ဘယ်လိုလုပ်ပြီး ထိုက်တန်ပါ့မလဲ”
နတ်ဆိုးအိုကြီးက သူမစကားကြောင့် ဒေါသ ထွက်မသွားခဲ့ပါဘူး။ အဲ့အစား ပြန်ပြီးတော့သာ လှောင်ပြောင် ငြင်းဆိုလိုက်တယ် “ဆယ်နှစ်ပဲစောင့်၊ ဆယ်နှစ်ပြီးတာနဲ့ နင်အခုလိုထပ်ပြောဖို့ အရည်အချင်း မရှိတော့ဘူး”
ရွှေးလင် ကြက်သေသေသွားခဲ့တယ်။ နတ်ဆိုးအိုကြီးက ရန်ကိုင်အပေါ် အရမ်းကို အထင်စွတ်ကြီးလွန်းနေတယ်လို့ သူမစိတ်ထဲ ခံစားလာခဲ့ရတယ်။ ထပ်ငြင်းနေလို့လည်း အကျိုးမရှိန်မှန်း နားလည်လိုက်တာနဲ့ ပါးစပ်လေးကို ပိတ်ပြီးတော့သာ ရန်ကိုင်နဲ့ ဆက်ဆံရေးကောင်းတစ်ခု ဘယ်လို ထူထောင်ရမလဲ ဆိုတာကို စဉ်းစားနေလိုက်တယ်။
နှစ်ယောက်သား စကားပြောနေတဲ့ အချိန်၌ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေ ကြားက စကားဝိုင်းကလည်း ရပ်တန့်မနေခဲ့ပါဘူး။
လင်းတိုင်ရှုက ပြောလိုက်တယ် “ဒီလင်းရဲ့ အမြင်အရ၊ သူအင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက် သွားမယ်ဆိုရင် သူ့နှလုံးသားက မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားမှာ မဟုတ်ဘူး”
“မင်းဘာလို့ အဲ့လို ထင်ရတာလဲ” ရန်လီတင်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။
“ဘာလို့လဲ ဆိုတော့ သူက ကျုပ်ရဲ့ စောင့်ကြည့်မှု အောက်မှာ ကြီးပြင်းလာခဲ့တာလေ။ ခင်ဗျားတို့ အားလုံးထက် သူ့အကြောင်းကို ကျုပ်ပိုသိတယ်” လင်းတိုင်ရှုက အသာအယာလေး ပြုံးလိုက်တယ်။ သူက အခြားသူတွေနဲ့ မတူပါဘူး။ သူ့ရဲ့ နတ်ဆိုးချီကြောင့် တူညီတဲ့ အခြေအနေထဲ ရောက်နေတုန်းက ရန်ကိုင်နဲ့ တစ်ကြိမ် စကားပြောခဲ့ဖူးပါတယ်။ ဒါကြောင့် ရန်ကိုင်အပေါ် သူတော်တော်လေး ယုံကြည်ပါတယ်။
“ညီအစ်ကိုလင်း ပြောတာလည်း ဟုတ်တုတ်တုတ်ပဲ” ချူတောင်းရန်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်ရင်း တစ်ခဏလောက် စဉ်းစားနေလိုက်ပြီးနောက် “ဒါပေမယ့် အဖြစ်အပျက်တွေက ညီအစ်ကိုလင်း ထင်ထားသလို ဖြစ်မလာခဲ့ဘူးဆိုရင်ရော”
“အဲ့လိုသာ ဖြစ်လာခဲ့ရင် ခင်ဗျားတို့အားလုံး လှုပ်ရှားစရာ မလိုပါဘူး။ ဖြစ်လာတဲ့ ကိစ္စတွေကို ဒီလင်းကိုယ်တိုင် ကိုင်တွယ်လိုက်ပါမယ်” လင်းတိုင်ရှုက တည်တည်ငြိမ်ငြိမ် ပြတ်ပြတ်သားသားနဲ့ ပြန်ပြောလိုက်တယ်။ ပြီးနောက် သူ့အမူအရာက အနည်းငယ် ညိုးကျသွားခဲ့ပြီး “အခုလိုမျိုး တစ်ကြိမ် ဖြစ်ခဲ့ပြီးပြီ။ နောက်တစ်ကြိမ် ထပ်အဖြစ်ခံတော့မှာ မဟုတ်ဘူး”
မိသားစုကြီး ရှစ်ခုက အကြီးအကဲချုပ် ရှစ်ယောက်စလုံး မျက်မှောင် ကြုံ့လိုက်ကြတယ်။ လင်းတိုင်ရှုက လက်ရှိ နတ်ဆိုးအရှင်သခင်ကို ရည်ညွှန်းပြောဆိုနေတာမှန်း သူတို့ သိတာပေါ့။ သူ့ခံစားချက်ကို သူတို့နားလည်ပါတယ်။
“ဒီလိုဆိုမှတော့ ရှောင်းရင်းတို့လည်း ဘာလို့ ခဏလောက် မစောင့်ကြရတာလဲ” လင်းတိုင်ရှုက လူအိုကြီး ရှစ်ယောက်ကို ကပ်လှမ်းလိုက်တယ်။
“ကောင်းပြီလေ” ရန်လီတင်းက လက်ရှိအခြေအနေကို အာရုံစိုက်ကာ “ကျုပ်တို့ ညီအစ်ကိုလင်း ပြောတဲ့အတိုင်း လုပ်မယ်။ သူအဆင့်ချိုးဖျက်သွားလို့ သူ့စိတ်နေစိတ်ထား ပြောင်းလဲသွားခဲ့ရင် ညီအစ်ကိုလင်းကိုပဲ ကျုပ်တို့ ဒုက္ခပေးရတော့မယ်”
“စိတ်ချထားလိုက်ပါ။ အဲ့လိုဖြစ်လာခဲ့ရင် သူ့ရဲ့ ကျင့်ကြံခြင်းကို ကျုပ်ကိုယ်တိုင် ဖျက်စီးပစ်လိုက်မယ်”
“ကေင်းပြီ။ ကျုပ်လည်း သူ့အသက်ကို ယူချင်တာ မဟုတ်ဘူး” ရန်လီတင်းက နှာခေါင်းရှုံ့လိုက်ပြီး ငြိမ်ရပ်ကာ စောင့်နေလိုက်တယ်။ ကျန်တဲ့ လူအိုကြီး၇ယောက်လည်း ဘာတစ်ခွန်းမှ ဝင်မပြောတော့ပါဘူး။ အဆင့်ချိုးဖျက် သွားလို့ သူ့စိတ်နေစိတ်ထား ပြောင်းလဲသွားခဲ့ရင်တောင် သူက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ ကျင့်ကြံသူပဲ ဖြစ်နေဦးမှာပါ။ ဒီလောက် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူတွေ အများကြီး ရှိနေတာကို သူဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်မှာလဲ။
ထို့ကြောင့် နည်းနည်းလေး စောင့်လိုက်ရလို့လည်း ဘာမှမဖြစ်ပါဘူး။
လင်းတိုင်ရှုက လုံးဝကို စိတ်မပူတဲ့ပုံစံနဲ့သာ အသာအယာလေး ခေါင်းယမ်းလိုက်တယ်။ ရန်ကိုင် မိစ္ဆာလမ်းစဉ်ထဲ မကျရောက်သွားဘူးလို့ အပြည့်အဝ ယုံကြည်နေတဲ့ပုံပါပဲ။
နှစ်ယောက်စလုံး သဘောတူညီချက် ရသွားတော့မှပဲ ရန်ကိုင် အဖွဲ့သားတွေ ဖြစ်ကြတဲ့ သွေးစစ်သည်တော် ရှစ်ယောက်နဲ့ ဒေါင်ချင်းဟန်တို့ စိတ်သက်သာရာ ရသွားခဲ့တယ်။ အခုမှပဲ သူတို့တစ်ကိုယ်လုံး ချွေးအေးတွေနဲ့ စိုရွှဲနေပြီး အလိုလို တုန်ရီနေမိမှန်း သူတို့ သတိပြုမိလိုက်တယ်။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်ကို သူတို့ တစ်ခါမှ စိန်မခေါ်ခဲ့ဖူးပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်တွေကို တုန့်ဆိုင်းခြင်းမရှိ သူတို့ စိန်ခေါ်ခဲ့ပါတယ်။
လင်းတိုင်ရှုနဲ့ မန်ဝူရတို့ နှစ်ယောက်စလုံး ထိုလူတွေဆီ လှည့်ကြည့်လိုက်ပြီး အသာအယာလေး ခေါင်းညိတ် ပြလိုက်တယ်။ လူအုပ်ကြီးကလည်း အလျင်စလို လက်သီးဆုပ်ပြီး ကျေးဇူးတင်စကား ဆိုလိုက်တယ်။
ချူတောင်းရန်လည်း ချူရီမန်ကို ပြန်လွှတ်ပေး လိုက်တယ်။ ဟော်မိသားစုက အကြီးအကဲချုပ်လည်း ဟော်ရှင်းချန်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ လူငယ်နှစ်ယောက်စလုံး ရန်ကိုင်တို့ အဖွဲ့သားတွေဆီ ပြန်သွားလိုက်ပြီး အားလုံးကို နောက်ပြန်ဆုတ်နေကြဖို့ ညွှန်ကြားလိုက်ကြတယ်။
ရန်ကျောင်းရဲ့ အဖွဲ့သားတွေနဲ့ နောက်ဆုတ် သွားခဲ့ကြပြီး အဝေးတစ်နေရာကနေ အခြေအနေကို စူးစမ်းနေခဲ့ကြတယ်။
ခဏအကြာ၌ ရန်ကိုင်၊ လင်းတိုင်ရှု၊ မန်ဝူရနဲ့ မိသားစုကြီး ရှစ်ခုမှ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေသာ ကျန်ရစ်ပါတော့တယ်။
ကျင့်ကြံသူတွေအားလုံးက သူတို့ ဆွေးနွေးနေတာကိုပဲ အာရုံစိုက်နေခဲ့ကြတာပါ။ ရန်ကိုင်ကို ဘယ်သူမှ အာရုံ စိုက်မနေခဲ့ပါဘူး။ ဆွေးနွေး သဘောတူညီချက်တွေ လုပ်ပြီး တော့မှပဲ အားလုံးရဲ့ အာရုံက ရန်ကိုင်ဆီ တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့တယ်။ ရန်ကိုင်ဆီ ပြန်ကြည့်မိလိုက်တာနဲ့ သူ့ဆီ တိုးဝင်လာနေတဲ့ မိုးမြေစွမ်းအင် လှိုင်းတံပိုးတွေက ပိုပြီးတော့တောင် ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင့်ထိ ရောက်နေတာကို သူတို့တွေ တွေ့ရှိလိုက်ရတယ်။
များပြားလွန်းလှတဲ့ မိုးမြေစွမ်းအင်တွေက ဆူနာမနီ လှိုင်းလုံးတွေပမာ ရန်ကိုင်ဆီ တစ်ဟုန်ထိုး တိုးဝင် လာနေခဲ့ပါတယ်။ ထိုစွမ်းအင်လှိုင်းလုံးတွေက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကိုတောင် ထိတ်လန့်ချောက်ချား သွားစေ နိုင်ပါတယ်။
ဒါပေမယ့် ရန်ကိုင်ကတော့ ဝဲတော့ပမာ လှည့်ပတ်နေတဲ့ အနက်ရောင်တိမ်တိုက်တွေအောင် တိတ်တဆိတ် ငြိမ်သက်စွာဖြင့် ထိုင်နေရင်း မုန်တိုင်းထန်နေတဲ့ စွမ်းအင်တွေကို ရူးသွပ်ဖွယ်အမြန်နှုန်းဖြင့် စုပ်ယူနေခဲ့ပါတယ်။ စွမ်းအင်တွေ ဘယ်လောက်ပဲ သူ့ကိုယ်ထဲ တိုးဝင်သွားပါစေ၊ ရန်ကိုက်တော့ ထိုစွမ်းအင်တွေ အကုန်လုံးကို သက်သက်သာသာနဲ့ စုပ်ယူပစ်လိုက်ပါတယ်။
နည်းနည်းလေးတောင် လျှံထွက်လာတယ် ဆိုတာမျိုး မရှိပါဘူး။ သူ့မျက်နှာထက် နာကျင်နေသည့် အရိပ်အယောင် လည်း နည်းနည်းလေးမှ မတွေ့ရပါဘူး။
Martial Peak
အပိုင်း(၅၂၈) အင်မော်တယ်တက်လှမ်းခြင်းအဆင့်
အဲ့အပြင်ကိုမှ ရန်ကိုင်ဆီကနေ မိစ္ဆာစွမ်းအင်တွေကို ထုတ်လွှတ်နေပါသေးတယ်။
ရူးသွပ်လောက်ဖွယ် အမြန်နှုန်းဖြင့် မိုးမြေစွမ်းအင် တွေကို စုပ်ယူနေတဲ့အတွက် ထူးဆန်းတဲ့ မျှချေအခြေအနေ တစ်ခုသို့ ရောက်ရှိသွားခဲ့ရတယ်။
ကြည့်နေတဲ့လူအားလုံး ဖြူလျော်သွားခဲ့တယ်။ အချို့ဆိုရင် ကြောက်တောင် ကြောက်လန့် သွားခဲ့ပါတယ်။ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက် အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်တဲ့အခါ ဒီလိုမျိုး ရင်သက်ရှူမောဖွယ် အဖြစ်တစ်ခုအား ဘာလို့ ဖြစ်ပျက်သွားစေခဲ့ရတာလဲ ဆိုတာကို သူတို့ထဲက ဘယ်သူမှ နားမလည်နိုင်ခဲ့ကြပါဘူး။
“မျိုးစေ့ကောင်းပဲ၊ တကယ်ကို မျိုးစေ့ကောင်းပဲ” ဝဝနဲ့ လူအိုကြီးရဲ့ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး သူ့ဘာသာ ရေရွတ်လိုက်တယ်။ သူ့မိသားစုမှာ ဒီလိုမျိုး ထူးချွန်တဲ့ ဂျီးနီးယပ်တစ်ယောက် မရှိတာကို စိတ်ပျက်နေတဲ့ပုံပါပဲ။
ရန်လီတင်းရဲ့ သဘောထားတဲ့ နည်လမ်းတွေကို စဉ်းစားမိလိုက်တာနဲ့ ထိုလူဝကြီး ရန်ကိုင်အတွက် စိတ်မကောင်း ဖြစ်သွားခဲ့တယ်။
ရန်မိသားစုရဲ့ အေးစက်စက်နဲ့ အထက်စီးဆန်ဆန် ပြုအမူပြောဆိုပုံက ရန်ကိုင်အပေါ် အကြီးကြီး သက်ရောက်သွားခဲတာလာ ဆိုပြီး သူတွေးတော ကြည့်နေလိုက်တယ်။
ထိုကောင်စုတ်လေးသာ သူ့မျိုးဆက်တွေက တစ်ယောက် ဖြစ်ခဲ့ရင် တကယ့် အရှင်သခင် တစ်ပါးလို့ မြေတောင်မြှောက် ပြုစုပေးမှာပါ။ သူသိသမျှ၊ တတ်သမျှ ဗဟုသုတ၊ ပညာရပ်၊ အတွေ့အကြုံတွေကိုလည်း ပြန်ပြီး ပို့ချပေးဦးမှာပါ။ သူလိုသမျှ ကျင့်ကြံခြင်း အရင်းအမြစ် တွေကိုလည်း မိသားစုက ထောက်ပံ့ပေးဦးမှာပါ။
ရန်မိသားစုရဲ့ ခေါင်းဆောင်လား၊ ဘာအဖိုးတန်လို့လဲ။ အခုလက်ရှိ ရန်ကိုင်ရဲ့ ပုံစံအရ၊ သူသာ ကြီးထားလာတာနဲ့ တစ်နေ့ကျ ဒီကမ္ဘာကြီးရဲ့ အထွတ်အထိပ်ဆီ ရောက်ရှိမှာ မလွဲမသွေပါပဲ။ အဲ့အချိန်ကျ မိသားစုကြီးရှစ်ခု၊ အကြီးအကဲချုပ်တွေနဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေထဲက ဘယ်သူကမှ သူ့ကို စိန်ခေါ်ဝံ့ကြတော့မှာ မဟုတ်ပါဘူး။
လင်းတိုင်ရှုက ပုစွန်ဦးနှောက်နဲ့ ပြုမူနေတာပဲ။ ရူးမိုက်လွန်းလိုက်တာ ခပ်ဝဝ လူအိုကြီးက သူ့စိတ်ထဲ ကြိတ်ပြီး တွေးလိုက်တယ်။
ရန်ကိုင်ရဲ့ အသိစိတ်က သူ့ကိုယ်ထဲ နစ်မြုပ် နေတုန်းပါပဲ။ သူ့တစ်ကိုယ်လုံးကိုတော့ အမှောင်ထုက အပြည့်အဝ လွှမ်းခြုံထားခဲ့ပါတယ်။ စစ်ပွဲမြို့တော် တစ်ခုလုံးကို အနက်ရောင်တိမ်တိုက်တွေနဲ့ နတ်ဆိုးချီ တွေက အပြည့်အဝ လွှမ်းခြုံထားသလိုပေါ့။
တစ်ခုတည်းသော ခြားနားချက်က ရန်ကိုင်ရဲ့ အသိစိတ်က စစ်ပွဲမြို့တော်ထက်တောင် ပိုပြီး မည်းမှောင်နေတာပါပဲ။ အလင်းစက်လေး တစ်စက် ကိုတောင် မမြင်ရပါဘူး။
ကောင်းကင်နဲ့မြေပြင် မတည်ရှိခင် အချိန်ကလိုမျိုး ဒီနေရာတစ်ခုလုံးကို တိတ်ဆိတ်တဲ့ အမှောင်လေဟာနယ်က ကြီးစိုးနေခဲ့ကာ သက်ရှိတစ်ကောင်တစ်မြီးမှတောင် ရှိမနေခဲ့ပါဘူး။
ဒါပေမယ့် သေချာသာ အနီးကပ် စစ်ဆေးကြည့်မယ် ဆိုရင် သတိမပြုမိလောက်တဲ့ သေးငယ်တဲ့ ပြောင်းလဲမှု လေးတွေ ဖြစ်ပျက်နေတယ် ဆိုတာကို သတိပြုမိပါလိမ့်မယ်။ အမှောင်ထုထဲ၌ မြေကြီးထဲမှ အညှောင့်ထွက်လာသလို စွမ်းအင်တစ်မျိုးမျိုးက တိတ်တဆိတ် စုဝေးစုစည်းနေတဲ့ပုံပါပဲ။
အချိန်ဘယ်ရွေ့ဘယ်မျှ မသိအောင် ကုန်ဆုံးသွားပြီးတဲ့ အခါမှတော့ မှိန်ဖျဖျ ပိုးစုန်းကြူးလို့ အလင်းရောင်တစ်ခုက အမှောင်ထုထဲ ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့တယ်။ ထိုအလင်းရောင်မှာ မုန်တိုင်းထန်နေတဲ့ ပင်လယ်ထဲက လှေတစ်စင်းပမာ၊ လေပြင်းဒဏ်ရာကို ခံနေရတဲ့ ဆီမီးတိုင်လေး တစ်ခုပမာ၊ အရမ်းကို အားပျော့နေခဲ့တယ်။
ဒါပေမယ့် ထိုအလင်းစက်လေး တစ်စက်ကပဲ အမှောင်ထုကို စတင်ဖြိုခွဲခဲ့တာပါ။
သူ့အသိစိတ်ကို ထိုအလင်းစက်လေးပေါ် စုစည်းလိုက်တဲ့ အခါ တစ်ခုခုက သူ့ကိုဆွဲယူနေသလို ရန်ကိုင် ခံစားလိုက်ရတယ်။ ဆက်ပြီး အာရုံစိုက်နေတာနဲ့ ထိုအလင်းစက်လေးထဲ ဝေဝါးတဲ့ ပုံရိပ်တစ်ခု ရှိနေတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။
သိပ်မကြာခင်မှာပဲ နောက်ထပ်အလင်းတန်း တစ်ခု ထွက်ပေါ်လာခဲ့တယ်။ ထိုအလင်းရောင်ရဲ့ အရောင်က ပထမတစ်ခုနဲ့ မဆိုသလောက်ကလေး ကွဲပြားနေပါတယ်။
နောက်… ထိုအလင်းတွေ လက်သွားခဲ့တယ်။ ရန်ကိုင့် ဝိဥာဉ်တုန်ခါသွားခဲ့ပြီး ဆန်းကြယ်တဲ့ လှိုင်းတွန့်လေးတွေ စတင်ပေါက်ဖွားလာခဲ့တယ်။
တတိယတစ်ခု စတင်ထွက်ပေါ်လာခဲ့တယ်… နောက် လေးခုမြောက်… အဲ့နောက် ငါးခုမြောက်…
အလင်းစက် အရေအတွက်က ငါးခုအထိ ရောက်ရှိသွားတဲ့ အခါမှတော့ မိုးရွာပြီးနောက် အညှောင့်ထွက်လာသလို အတိမ်းအစောင်း ခံလို့မရတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့တယ်။ ဒါပေမယ့် ပျော့ပျောင်းပြီး ပျက်စီးလွယ်တဲ့ အညှောင့်က ကမ္ဘာလောငကြီးအသစ်ကို မြင်တွေ့နိုင်ဖို့ရ မြေဆီလွှာကို ထိုးဖောက်လာခဲ့ပါတယ်။ ထိုနည်းတူစွာပဲ အလင်းစက် လေးတွေက အဆုံးမရှိတဲ့ အမှောင်ထုကို အာခံကာ ထာဝရအမှောင်ထုကို စတင်တွန်းလှန် တိုက်ခိုက်ပါတော့တယ်။
ငါးရောင်စုံအလင်း တဖျတ်ဖျတ် လှုပ်ခတ်နေတဲ့ အမြန်နှုန်း၊ ကြိမ်နှုန်းက ပိုပြီးမြန်ဆန် ပြင်းထန် လာခဲ့တယ်။ တစ်ကြိမ်လက်သွားတိုင်း သူ့ဝိဥာဉ်ပြင်းပြင်းထန်ထန် လှုပ်ခါသွားတာကို ရန်ကိုင် ခံစားမိလိုက်တယ်။ မကြာခင်မှာပဲ အမှောင်ထုက ပြိုးပြိုးပျက်ပျက် လင်းလက်နေတဲ့ ထိုအလင်းရောင်စဉ်ကို မဖိနှိပ် နိုင်တော့ပါဘူး။ ငါးရောင်စဉ် အလင်းက နောက်ဆုံး တစ်ကြိမ် ပြိုးပြိုးပျက်ပျက် လင်းလက် တောက်ပသွားခဲ့ပြီး မှောင်မိုက်နေတဲ့ လေဟာနယ်ကြီးတစ်ခုလုံးကို အလင်းရောင် ဆောင်ကြဉ်းပေးလိုက်တယ်။
ရုတ်တရက် ငါးရောင်စဉ်အလင်းတန်က အရောင်ငါးရောင် ပါတဲ့ ကြာပန်းတစ်ခုအသွင်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားကာ ရန်ကိုင်မျက်ဝးန်ထဲ ညင်သာသိမ်မွေ့စွာ လွင့်မျောနေခဲ့တယ်။
ရန်ကိုင် ထိတ်လန့်သွားခဲ့သလို အံ့လည်း အံ့အားသင့်သွားခဲ့တယ်။
ငါးရောင်ခြယ်ကြာပန်း…
ဝိဥာဉ်ကို သန်မာအောင် လုပ်ဆောင်ပေးနိုင်တဲ့ မဟာရတနာတော်တွေထဲက တစ်ခုဖြစ်တဲ့ ငါးရောင်ခြယ် ကြာပန်း၊ နောက်ဆုံးမှာတော့ ကိုယ်ထင်ပြလာခဲ့လေပြီ။ ဝင်ရိုးကို ဗဟိုပြုရင်း ဖြည်းဖြည်းချင်း လည်ပတ်နေခဲ့တယ်။ ဒါပေမယ့် ညင်သာတဲ့စွမ်းအင်လှိုင်းတွေက ဘေးပတ်ပတ် လည်သို့ မယုံနိုင်ဖွယ် အမြန်နှုန်းဖြင့် ပြန့်နှံ့နေခဲ့တယ်။
စွမ်းအင်တွေ ပျံ့နှံ့လာတာနဲ့ အလျင်အမြန်ပဲ အနက်ရောင်ကို အဖြူရောင်ဆိုးသွားခဲ့ပါတယ်။ သက်ရှိ ကင်းမဲ့နေတဲ့နယ်မြေတစ်ခု မဟုတ်တော့ပဲ ရိုးတိုးရိပ်တိပ် အသက်စွမ်းအင်တို့ဖြင့် ပြည့်နေသည့် နယ်မြေတစ်ခု ဖြစ်သွားခဲ့ပါပြီ။
အလျင်အမြန် ပျံ့နှံ့နေတဲ့ စွမ်းအင်တွေက ရန်ကိုင်ရဲ့ ကိုယ်ပိုင်စိတ်စွမ်းအင်တွေပါ။ သူ့မသိစိတ်အရ နားလည် ထားတဲ့တစ်ချက်ပေါ့။
အစစ်အမှန်ဒြပ်စင်အဆင့်ကို မချိုးဖျက်ခင်ကတည်းက စိတ်စွမ်းအင်ကို ရန်ကိုင် လေ့ကျင့်နေခဲ့တာပါ။
ဒါပေမယ့် စိတ်စွမ်းအင်က မမြင်နိုင်သလို ထိတွေ့ ကိုင်တွယ်လို့လည်း မရပါဘူး၊ ပြီးတော့ အစစ်အမှန်ချီလိုပဲ သိုလှောင်ထားဖို့ နေရာတစ်ခု လိုအပ်ပါတယ်။ အစစ်အမှန်ချီကို သွေးကြောနဲ့ ဒန်တန်ထဲ သိုလှောင် ထားပေမယ့် စိတ်စွမ်းအင်ကိုတော့ အသိစိတ်ပင်လယ်ထဲ သိုလှောင်ထားပါတယ်။
အသိစိတ်မဖွင့်ခင်တုန်းက ငါးရောင်ခြယ် ကြာပန်းက စိတ်စွမ်းအင်တွေအတွက် ယာယီအိမ်တစ်ခုအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။
အခုအချိန်၌ ရန်ကိုင်က သူနှစ်ပေါင်းများစွာ လေ့ကျင့်စုဆောင်း လာခဲ့တဲ့ စိတ်စွမ်းအင်တွေအား သူ့အသိစိတ်ပင်လယ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့အတွက် အသုံးပြုနေခဲ့ပါတယ်။
သိမ်မွေ့ပြီး မမြင်နိုင်လုနီးပါး စိတ်စွမ်းအင်တွေက တည်ငြိမ်နဲ့ စီးကြောင်းအတိုင်း လှည့်ပတ်နေခဲ့တယ်။ စိတ်စွမ်းအင်တွေ တိုးပွါးလာနေတာကို ခံစားမိလိုက်တာနဲ့ သူ့စိတ်ထဲ တစ်နေရာရှိ အချုပ်အနှောင်တွေ ကျိုးပျက်သွားသလို ရန်ကိုင်ခံစားလိုက်ရတယ်။ အခုဆိုရင် သူ့ဝိဥာဉ်က အရင်ကထက် အဆများစွာ ပိုပြီး အားကောင်း လာခဲ့ပါပြီ။
ဝိဥာဉ်ကြာပန်းက မဟာရတနာတော် တစ်ပါး ဖြစ်ပေမယ့် ထိုရတနာက ရန်ကိုင်ရဲ့ စိတ်စွမ်းအင်ကို ယာယီသိုလှောင်ပေးထားတဲ့ ပြင်ပအကူပစ္စည်း တစ်ခု သက်သက်သာ ဖြစ်နေပါတယ်။
ဝိဥာဉ်ကြာပန်းကို ကြားခံအဖြစ် အသုံးပြုပြီး ကောင်းကင်စိတ်အာရုံကို သူအသုံးပြုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝိဥာဉ်ကြာပန်းက သူ့ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခု မဟုတ်တဲ့အတွက် ကောင်းကင်စိတ်အာရုံရဲ့ စွမ်းရည် အပြည့်အဝကို သူထုတ်မသုံးနိုင်ခဲ့ပါဘူး။ အခုတော့ ထိုကြားခံပစ္စည်းက သူ့တာဝန်ကို ကျေပွန်အောင် ထမ်းရွက် ပြီးသွားခဲ့ပြီ ဖြစ်တဲ့အတွက် အဓိကတာဝန်ရှိသူဆီ တာဝန်လွှဲပြောင်းပေးဖို့ အချိန်ရောက်ရှိလာခဲ့ပါပြီ။ အခုအချိန်ကနေ စပြီး သူ့ကောင်းကင်စိတ်အာရုံရဲ့ စွမ်းရည် အပြည်အဝကို ရန်ကိုင် ထုတ်သုံးသွားနိုင်ပါပြီ။
သူ့ဝိဥာဉ်မှ အလွန်အမင်း အားကောင်းလှတဲ့ စိတ်ဝိဥာဉ်လှိုင်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး စစ်ပွဲမြို့တော် တစ်ခုလုံးကို လှိုင်းဂယက် ရိုက်ခတ်သွားခဲ့တယ်။
ထိုကောင်းကင်စိတ်အာရုံရဲ့ စွမ်းအားကို ခံစားမိလိုက်တာနဲ့ ရန်ကိုင်နား စုးဝေးနေတဲ့ ပညာရှင် အားလုံးရဲ့ အမူအရာ ပြောင်းလဲသွားခဲ့တယ်။
မိသားစုကြီးရှစ်ခုမှ အကြီးအကဲတွေရဲ့ အမူအရာ အရမ်းကို သုန်မှုန်ခက်ထန် သွားခဲ့ကြပြီး မန်ဝူရနဲ့ လင်းတိုင်ရှုတို့ နှစ်ယောက်ကလည်း အံ့လည်း အံ့အားသင့်၊ စိတ်လည်း လှုပ်ရှားသွားခဲ့ကြတယ်။
ရန်ကိုင်ရဲ့ စိတ်စွမ်းအင်လှိုင်းတွေက သူ့လက်ရှိ ကျင့်ကြံခြင်းအဆင့်ကို အပြတ်အသတ် ချန်ထားရစ်ခဲ့ ပါတယ်။
သူ့စိတ်ထဲ၌… ငါးရောင်ခြယ်ကြာပန်းက အဆက်မပြတ် လည်ပတ်နေခဲ့ပြီး သိုလှောင်ထားတဲ့ စိတ်စွမ်းအင်တွေကို မဆုံးနိုင်သော ရေစီးကြောင်းတစ်ခုပမာ အဆက်မပြတ် ထုတ်လွှတ်ပေးနေခဲ့တယ်။
အချိန် တဖြည်းဖြည်းနဲ့ ကုန်ဆုံးသွားခဲ့တယ်။
နောက်ဆုံးမှာတော့ ငါးရောင်ခြယ်ကြာပန်းထဲ သိုလှောင်ထားတဲ့ စိတ်စွမ်းအင် အကုန်လုံးကို ထုတ်လွှတ်လို့ ပြီးသွားခဲ့ပါပြီ။
အစက မှောင်မိုက်နေခဲ့တဲ့ လေဟာနယ်ဟာ ဆိုရင်တော့ အခုအချိန်၌ မျက်စိတဆုံး မြင်နေရတဲ့ ပျော့ပျောင်းလှသည့် အလင်းအမျှင်တန်းလေးတွေနဲ့ ပြည့်နေခဲ့ပါပြီ။
ထိုအလင်းအမျှင်တန်းလေးတွေက ဆန်းကြယ်တဲ့ စွမ်းအင်တစ်ခုရဲ့ လွှမ်းမိုးမှုအောက်၌ ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတယ်။
အဆုံးမရှိဘူးလို့တောင် ထင်ရတဲ့စိတ်စွမ်းအင် အမျှင်တန်းလေးတွေက တဖြည်းဖြည်းချင် စုစည်းသိပ်သည်း သွားခဲ့တယ်။ ဘေးနားမှာ ရှိနေတဲ့ အလင်းအမျှင်တန်း တွေကို အဆက်မပြတ် ဆွဲပြီး ပိုပြီးအားကောင်း ထူထဲ သိပ်သည်းလှတဲ့ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ နေခဲ့တယ်။
တန်ယုရှန်းရဲ့ အသိစိတ်ပင်လယ်ထဲ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းကို ပြန်မြင်ယောင်ကြည့်လိုက်တယ်။ ဒါပေမယ့် သူမြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းနဲ့ သူ့ရှေ့မှာ ဖြစ်ပျက်နေတဲ့ မြင်ကွင်းနှစ်ခုက တော်တော်လေးကို ကွဲပြားနေခဲ့ပါတယ်။
တန်ယုရှန်း သူမရဲ့ အသိစိတ်ပင်လယ်ကို ဖွင့်လှစ် တုန်းက ဖြစ်စဉ်က နှေးကွေးလှပါတယ်။ မခက်ခဲပေမယ့် ‘မြန်တယ်’လို့လည်း ပြောလို့မရပါဘူး။
သူ့အခြေအနေကတော့ သူမက တောင်ဆိုရင် သူက မြောက်ပါ။ အခုအချိန်၌ သူ့စိတ်စွမ်းအင်တွေက ရူးသွပ်ဖွယ် အမြန်နှုန်းနဲ့ တိုးတက်နေခဲ့ပါတယ်။
တစ်ချိန်က ဗဟာဖြစ်ခဲ့တဲ့ လေဟာနယ်ထဲ စိတ်စွမ်းအင် ထုကြီးက ချောင်ကြိုချောင်ကြားမကျန် အလျင်အမြန် ပျံ့နှံ့နေခဲ့ပါတယ်။
ရုတ်တရက် ရေစီးသံတို့ ပျံ့လွင့်လာခဲ့တယ်။ ရန်ကိုင် လှမ်းကြည့်လိုက်တဲ့အခါ ကြည်လင်တဲ့ ရေစီးကြောင်း တစ်ခုက ညင်သာသိမ်မွေ့တဲ့ စမ်းချောင်းတစ်ခုပမာ ဗဟိုအရပ်တစ်ခုဆီမှ စီးဆင်းလာနေခဲ့တယ်။
စီးဆင်းရာအစပြုတဲ့ နေရာကတော့ ဝိဥာဉ်ကြာပန်းပါပဲ။
ထိုသေးငယ်လှတဲ့ စမ်းချောင်းလေးက အလျင်အမြန် ကြီးထွားလာခဲ့ပြီး မျက်တောင် တစ်ခတ်အတွင်းမှာပဲ မြစ်တစ်စင်း ဖြစ်သွားခဲ့တယ်။ ထို့နောက် ရေကန်ကြီး တစ်ကန်… နောက်ဆုံးမှာတော့ ကျယ်ပြန့်ပြီး အဆုံးမရှိတဲ့ ပင်လယ်ကြီးတစ်စင်း ဖြစ်လာခဲ့တယ်။
လေညင်းတသုန်သုန် တိုက်ခတ်နေခဲ့ပြီး လှိုင်းလုံးတွေကလည်း တစ်ခါရိုက်ခတ်လိုက်တိုင်း ပေပေါင်း များစွာ မြင့်တက်သွားခဲ့တယ်။ ဒါတွေအားလုံးကို ရန်ကိုင်ရဲ့ များပြားလှတဲ့ စိတ်စွမ်းအင်နဲ့ ဖန်တီးထားတာပါ။
ဝိဥာဉ်ကြာပန်းက ပင်လယ်ပြင်ထက် တိတ်တဆိတ် လွင့်မျောနေခဲ့တယ်။ မှိန်ဖျဖျ ငါးရောင်စဉ်ကို အဆက်မပြတ် ထုတ်လွှတ်နေရင်း ပင်လယ်တစ်ခုလုံးကို အလင်း ဆောင်ကြဉ်းပေးနေခဲ့တယ်။ အောက်ရှိ ‘ရေ’ အရောင်က ခရစ်စတယ်လို ကြည်လင်နေပြီး ရန်ကိုင်ရဲ့ အတွေးတွေနဲ့ လျော်ညီလိုက်ဖက်စွာ လှုပ်ရှားနေခဲ့တယ်။
မကြာခင်မှာပဲ ကျောက်စဉ်၊ ကျောက်တန်းတို့ အဘက်ဘက်၌ ဖြစ်ပေါ်လာခဲ့တယ်။
ပင်လယ်ပြင်ထဲ ထူးဆန်းသည့် ငါးအမျိုးမျိုးတို့ စတင် ထွက်ပေါ်လာခဲ့တယ်။ ထို့နောက် ကောင်းကင်ထက် ပျံဝဲနေကြတဲ့ ငှက်အမျိုးမျိုးလည်း ဖြစ်ပေါ်လာခဲ့တယ်။ တစ်ခဏကြာပြီးနောက် တစ်ခါက မှောင်မိုက်နေခဲ့တဲ့ ကမ္ဘာကြီးက သက်ရှိပေါင်းစုံတို့ဖြင့် လန်းဆန်း အသက်ဝင်လာခဲ့တယ်။
ပင်လယ်လေညင်းက တသုန်သုန် တိုက်ခတ်နေပြီး သန့်စင်ကာ သဘာဝဆန်တဲ့ ခံစားချက်က ရန်ကိုင် ကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့တယ်။
ရန်ကိုင်ရဲ့ ဝိဥာဉ်ပုံရိပ် ကိုယ်ပွါးက လေထဲရပ်နေရင်း ကမ္ဘာသစ်ကြီးကို တိတ်တဆိတ် ငုံးကြည့်နေခဲ့တယ်။
သူ့လက်ကို ဝှေ့ရမ်းလိုက်တဲ့အခါ လေထဲဝဲနေတဲ့ ငါးရောင်ခြယ်ကြာပန်းက ပင်လယ်ထဲရှိ ကျွန်းတစ်ခု အဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။ ထိုကျွန်းဆီမှ ထုတ်လွှတ်နေတဲ့ ငါးရောင်စဉ်က မျက်စိအာရုံကို တကယ်ပဲ ဖမ်းစားနိုင်လွန်းလှပါတယ်။
အားလုံးက ရန်ကိုင်ရဲ့ စိတ်စွမ်းအင်ဖြင့် ဖွဲ့စည်း ထားတာပါ။ ဒါကြောင့် ဒီလောကကြီးတစ်ခုလုံးကို သူစိတ်ရှိသလို ထိန်းချုပ်လို့ ရပါတယ်။
ရုတ်တရက် သူ့နှလုံးသား အတွင်းပိုင်းဆီမှာ တစ်ခုခုက ပင်လယ်ထဲ စိမ့်ဝင်ပျံ့သွားတာကို ရန်ကိုင် ခံစားမိလိုက်တယ်။
တစ်ခဏလောက် စစ်ဆေးကြည့်လိုက်ပြီးနောက် ထိုအရာက သူ့မှတ်ဥာဏ်တွေဖြစ်မှန်း ရန်ကိုင် တွေ့ရှိ လိုက်ရတယ်။
သူ့အသိစိတ်ပင်လယ်ထဲ ရှိနေတာက ရန်ကိုင်ရဲ့ အတွေ့အကြုံတွေနဲ့ မှတ်ဥာဏ်တွေပါ။ သူတွေ့ကြခဲ့ရသမျှ အတွေ့အကြုံတွေ၊ သင်ကြားခဲ့သမျှ သိုင်းပညာရပ်တွေ၊ ကျင့်စဉ်တွေနဲ့ သူခံစားခဲ့ရတဲ့ နာကျင်မှုတွေတောင် ပါဝင်နေခဲ့ပါတယ်။
ရေထဲကို ငုံကြည့်နေရင်း အတိတ်တုန်းဖြစ်က ဖြစ်ရပ်တွေကို ပြန်ကြည့်နေရသလို၊ အဖြစ်အပျက် တစ်ခုလုံးကို သူကိုယ်တိုင် ပြန်လည် တွေ့ကြုံနေရသည့် အလား မြင်ကွင်းအဖုံးဖုံကို သူ့ရှေ့ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရတယ်။
ကျင့်ကြံသူတစ်ယောက်ရဲ့ အသိစိတ်ပင်လယ်ထဲ သူတို့ရဲ့ လျှို့ဝှက်တွေ အကုန်လုံး ပါဝင်နေတဲ့အတွက် လုံးဝ ရွေးချယ်မရှိပဲနဲ့ အခြားတစ်ယောက်ကို သူတို့ရဲ့ အသိစိတ် ပင်လယ်ထဲ ဝင်ရောက်ခွင့်မပြုကြပါဘူး။
အဲ့လိုလုပ်လိုက်တာက တစ်ဖက်သားရှေ့ အဝတ်အစား ဗလာနဲ့ သွားရပ်နေပြလိုက်တာနဲ့ အတူတူပါပဲ။
သူမရဲ့ အသိစိတ်ပင်လယ်ထဲ ဝင်ခွင့်ပြုလိုက်တာကို ကြည့်ရင် ရှန်ချင်းလော့က ရန်ကိုင်ကို အပြည့်အဝ ယုံကြည်မှန်း မြင်နိုင်ပါတယ်။
အခု သူ့အသိစိတ်ပင်လယ် တကယ် ဖြစ်တည် လာခဲ့ပါပြီ။
အခုအချိန်၌ ထူးခြားတဲ့ခံစားချက်တစ်ခု ရန်ကိုင် ရင်ထဲ လှိုက်တက်လာခဲ့တယ်။
သိုင်းပညာလမ်းစဉ်ရဲ့ အထွတ်အထိပ်ဖြစ်ရာ တောင်ထိပ်ဆီ တက်နေတာကို မြင်နေရသလိုမျိုး ခံစား နေခဲ့ရတယ်။ ခရီးဆုံးကို ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်။ သူ့ရှေ့မှာ ရှည်လျားလှတဲ့ ခရီးတန်းကြီး ရှိနေပါသေးတယ်။
မျက်လုံးဖွင့်လိုက်တာနဲ့ သူ့မျက်ဝန်းထဲ တောက်ပတဲ့ အလင်းရောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး သူ့အကြည့်က သိမ်းငှက်အကြည့်ပမာ စူးရှသွားခဲ့တယ်။
သူ့နားမှာရှိနေတဲ့လူတိုင်း ထိတ်လန့်အေးခဲ သွားခဲ့ကြတယ်။
သူပထမဆုံး မြင်လိုက်ရတာက သူ့ကိုပြုံးပြီး ကြည့်နေတဲ့ လင်းတိုင်ရှုနဲ့ မန်ဝူရတို့ကိုပါ။
ထိုလူအိုကြီးနှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်ပြီး ပြန်ပြုံးပြလိုက်တယ်။
အဆင့်ချိုးဖျက်တဲ့နေရာမှာ ဈာန်ဝင်နေပေမယ့် သူတို့ ရောက်လာတာကို ရန်ကိုင် ခံစားမိပါတယ်။
ထိုလူတွေကို သူအရမ်း ကျေးဇူးတင်နေမိခဲ့တယ်။
သူ့ရဲ့ ဆရာဖိုးဖိုးက သူ့ကို အကြွင်းမဲ့ ယုံကြည်ပေးခဲ့ ပါတယ်။
အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး သူ့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ အရှိန်အဝါကို ပြန်ရုတ်သိမ်း လိုက်တယ်။ ရုတ်တရက်ဆိုသလို သူ့ပုံစံက သိုင်းပညာရပ်ကို တစ်ခါမှ မလေ့ကျင့်ဖူးတဲ့ သာမန်သေမျိုး တစ်ယောက်လို ဖြစ်သွားခဲ့တယ်။ တစ်ခုတည်းသော ခြားနားချက်က သူ့ကိုယ်ပတ် ဖြာထွက်နေတဲ့ ရေစီးကြောင်းပမာ မိစ္ဆာစွမ်းအင်တွေပါပဲ။
ကောင်းကင်ထက် စုဝေးနေတဲ့ တိမ်စိုင်တိမ်မည်းတွေက အခုထိ မပျောက်ကွယ်သေးပါဘူး။ ကြောက်မက်ဖွယ် မိုးမြေစွမ်းအင်တွေက ရန်ကိုင်ကိုယ်ထဲ အဆက်မပြတ် စီးဝင်နေခဲ့ပါတယ်။ အသိစိတ်ပင်လယ် ဖွဲ့စည်းလို့ ပြီးသွားပြီ ဆိုပေမယ့် သူ့ခန္ဓာကိုယ်ကို အားကောင်းသန်မာအောင် လုပ်နေတာတော့ မပြီးမြောက်သေးပါဘူး။
“မင်းက လူလား၊ နတ်ဆိုးလား” ရန်လီတင်းက မေးလိုက်တယ်။
ရန်ကိုင်က သူ့စကားကို လုပ်ရပ်နဲ့ပဲ ပြန်ဖြေခဲ့တယ်။
သူ့ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် သေသေချာချာ စစ်ဆေးကြည့်လိုက်တဲ့အခါ ရွှေရောင် အရိုးခြောက်ရဲ့ စုပ်ယူဝါးမြိုတဲ့ စွမ်းရည်က အရင်ကထက် အဆပေါင်းများစွာ ပိုအားကောင်းလာတာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။
ရန်ကိုင်ခန္ဓာကိုယ်ကို ဗဟိုပြုပြီး ဧရာမ ဝဲကတော့ကြီး တစ်ခု ဖြစ်တည်လာခဲ့တယ်။ ပြီးတာနဲ့ စစ်ပွဲမြို့တော် အနှံ့ပြန့်နှံ့နေတဲ့ နတ်ဆိုးချီတွေ အကုန်လုံးကို ပြန်လည် စတင်စုပ်ယူပါတော့တယ်။
ထိုဆွဲအားအောက် အားကောင်းလှတဲ့ မိုးမြေ စွမ်းအင်တွေတောင် ပြေးမလွတ်ခဲ့ပါဘူး။
ကြောက်မက်ဖွယ်လေပွေ တစ်ခုက ရန်ကိုင်ကို ဗဟိုပြုပြီး စတင်ဖြစ်တည် လာခဲ့တယ်။ မကြာခင်မှာပဲ ကောင်းကင်ထက်က တိမ်မည်းတွေ အကုန်လုံး ဝဲကတော့ထဲ စုပ်ယူခြင်း ခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့ရတယ်။
၁နာရီရဲ့ လေးပုံတစ်ပုံတောင် မရှိတတ်တဲ့ အချိန် အတွင်းမှာပဲ စစ်ပွဲမြို့တော်က အရင်အတိုင်း ပြန်လည် ကြည်လင်းသွားခဲ့တယ်။ ကီလိုမီတာ၁၀၀၀၀အတွင်း တိမ်စိုင်၊ တိမ်တိုက် တစ်ခုတောင် ရှိမနေတော့ပါဘူး။ မိုးသားကင်းစင်တဲ့ အပြာရောင် ကောင်းကင်ကြီးနဲ့ ညင်သာတဲ့ လေညင်းတသုန်သုန်က အားလုံးစိတ်ထဲမှ စိတ်ရိုင်းတွေကို ဆေးကြောပေးသွားခဲ့တယ်။
ပြင်းထန်လှတဲ့ စုပ်အားလည်း ရပ်တန့်သွားခဲ့ပြီး ဖုန်တွေလည်း တဖြည်းဖြည်းနဲ့ ရှင်းလင်းသွားခဲ့တယ်။
Martial Peak
အပိုင်း(၅၂၉) ထိချက်ပြင်းသွားခဲ့တယ်
ရန်ကျောင်းစံအိမ်ရှေ့၌ ရှိနေသည့် အားလုံး တိတ်ဆိတ် နေခဲ့ကြတယ်။
မရေမတွက်နိုင်တဲ့ မျက်ဝန်းအစုံက ရန်ကိုင်ကို စိုက်ကြည့်နေခဲ့တယ်။
ရန်ကိုင် အဆင့်ချိုးဖျက်သွားတဲ့ ဖြစ်စဉ်က တကယ်ကို မယုံကြည်နိုင်စရာပါ။
အားလုံးက မယုံကြည်နိုင်ခြင်း သံသယများစွာတို့ဖြင့် ရန်ကိုင်အား စိုက်ကြည့်နေခဲ့ကြတယ်။
အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ချိုးဖျက်ရာ၌ ကပ်ဘေးလို့တောင် ဆိုထိုက်တဲ့ စွမ်းအားတော် ချီးမြင့်ခြင်းကို တကယ်ပဲ ဖြစ်ပေါ်စေတာလား။
အသိစိတ်ပင်လယ်ကို စစဖွင့်ပြီးတဲ့ ကျင့်ကြံသူ တစ်ယောက်မှာ ဒီလိုမျိုး သိပ်သည်း ပေါကြွယ်ဝတဲ့ စိတ်စွမ်းအားတွေ ရှိတာလား။
ဖြစ်ပျက်သွားတာ အားလုံးက သူတို့ရဲ့ အတွေးအမြင်ကို ကျော်လွန်နေခဲ့ပါတယ်။ လူပေါင်းများစွာက သူတို့ရှေ့က မြင်ကွင်းကိုကြည့်ရင်း ဘာလို့များအခုလို ဖြစ်လာရတာလဲလို့ ခေါင်းခြောက်အောင် စဉ်းစား နေခဲ့ကြတယ်။
ရှေးဟောင်းရေကန် တစ်ခုပမာ အမြဲတည်ငြိမ်နေတဲ့ လျူမိသားစုရဲ့ လျူချင်းယောင်တောင် နောက်ဆုံးမှာတော့ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလာခဲ့ရပါပြီ။ လက်ရှိရန်ကိုင်က သူ့အား အားကောင်းပြီး ပြိုင်ဘက်ကင်းတဲ့ ဖိအားကို ပေးစွမ်းနေခဲ့ပါတယ်။ ထိုလူငယ်လေးကို သူအနိုင်ယူနိုင် တော့မှာ မဟုတ်တော့ဘူးလို့လည်း သူ့ရဲ့ မသိစိတ်က ပြောနေခဲ့ပါတယ်။ တကယ်တော့ သူကိုယ်တိုင်က ရန်ကိုင်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့မှန်း ရေးတေးတေးလေး ခံစားမိပါတယ်။
ဆေးခါးကြီးစားထားရတဲ့ အမူအရာမျိုးနဲ့ လျူချင်းယောင်က ရန်ဝေကို တိုးတိုးလေး ပြောလိုက်တယ် “အကြီးဆုံးသခင်လေး၊ မင်းပြောတာအမှန်ပဲ။ မင်းရဲ့ ကိုးယောက်မြောက်ညီလေးရဲ့ အနာဂတ်က ငါ့ထက်တောင် အများကြီး ပိုသာလွန်နေခဲ့ပြီ”
ပြောပြီးတာနဲ့ ခေါင်းလေးတစ်ခါလိုက်ပြီး ပြောလိုက်တယ် “တကယ့်ကို မွန်းစတားကောင်ပဲ”
ရန်ဝေက ဂုဏ်ယူစွာနဲ့ ပြုံးဖြီးလိုက်တယ်။
မိသားစုကြီးမှ အကြီးအကဲချုပ် ရှစ်ယောက်စလုံးရဲ့ အမူအရာတွေကတော့ အရမ်းအရမ်းကို ခံညားတည်ကြည် နေခဲ့ပါတယ်။
ရန်ကိုင် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁သို့ ချိုးဖျက်သွားတာကို မြင်တွေ့ခဲ့တယ်ဆိုရင်တောင် ရန်ကိုင်ကို ဆက်ပြီး ဖောက်မမြင်နိုင်တော့ပါဘူး။ သူ့ရဲ့ ပုံမှန်မဟုတ်၊ အားကောင်းလှတဲ့ စိတ်စွမ်းအင်က ရန်ကိုင် ခန္ဓာကိုယ်အား အရံအတားတစ်ခုပမာ ကာကွယ်ပေးထား ခဲ့ပါတယ်။
ထို့ကြောင့် သူတို့ရဲ့ ကောင်းကင်စိတ်အာရုံကို သုံးပြီး ရန်ကိုင်ကို ဆက်ပြီး စစ်ဆေးကြည့်လို့ မရတော့ပါဘူး။ ဒါက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေ ဖြစ်ကြတဲ့ သူတို့ ရှစ်ယောက်ကို တော်တော်လေး ကသိကအောက် ဖြစ်သွားစေခဲ့တယ်။
သူတို့ရဲ့ ကောင်းကင်စိတ်အာရုံအား ပိတ်ဆိုနိုင်တယ် ဆိုကတည်းက ရန်ကိုင်ရဲ့ စိတ်စွမ်းအင်က သူတို့နဲ့ အဆင့်တူဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သူတို့ထက်တောင် ပိုပြီး အားကောင်းတယ်လို့ ပြသရာရောက်နေခဲ့ပါပြီ။
သူဘယ်လိုလုပ်လိုက်တာလဲ။
သူဘယ်လိုများ ကျင့်ကြံခဲ့တာလဲ။
တစ်ယောက်ချင်းစီတိုင်းက အသက်၁၀၀ကျော်တွေ ချည်းပါပဲ။ သူတို့ရဲ့ စိတ်စွမ်းအင်ကိုလည်း နှစ်ပေါင်းများစွာ ကြာအောင် လေ့ကျင့်လာခဲ့တာပါ။ ဒါပေမယ့် သူတို့ရဲ့ စိတ်စွမ်းအင်က အသက်၂၀တောင် မပြည့်သေးတဲ့ လူငယ်လေး တစ်ယောက်ရဲ့ စိတ်စွမ်းအင်ထက်တောင် ပိုပြီး အားနည်းနေခဲ့ပါတယ်။
လူအိုကြီး ရှစ်ယောက်စလုံး ကသိကအောက်လည်းဖြစ်၊ ရှက်လည်းရှက်သွားခဲ့ကြရတယ်။
“ဒီကောင်စုတ်လေးက နတ်ဆိုးလား၊ လူလား ဆိုတာကို ညီအစ်ကိုရန် သိလောက်ပြီထင်တယ်၊ ဟုတ်တယ်မလား” လင်းတိုင်ရှုက ပြုံးကာ ရန်လီတင်းကို ပြောလိုက်တယ်။
အခုအချိန်၌ ရန်ကိုင်က ဘာအရှိန်အဝါမှ မရှိတဲ့ သာမန် သေမျိုးတစ်ယောက်လိုပါပဲ။ သူ့ဆီကနေ အစစ်အမှန်ချီ နည်းနည်းလေးမှ ထွက်ပေါ်မနေခဲ့ပါဘူး။ အရမ်းကို ရက်စက်ပြင်းထန်တဲ့ နတ်ဆိုးချီဆိုရင်တော့ ပြောစရာတောင် မလိုတော့ပါဘူး။
ပြီးတော့ သူ့မျက်ဝန်းအစုံကလည်း သာမန်အတိုင်း ပြန်ဖြစ်သွားခဲ့ပါပြီ။ သူ့အကြည့်ထဲက ပုံမှန်မဟုတ်တဲ့ နက်နဲမှုတွေကလွဲလို့ ရန်ကိုင်က သာမန်သေမျိုး တစ်ယောက်နဲ့ ဘာမှမခြားပါဘူး။
ရန်ကိုင်ကိုသာ မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားတဲ့ နတ်ဆိုးကျင့်ကြံသူတစ်ယောက် အဖြစ် ခေါင်းစဉ်တပ်မယ် ဆိုရင် ရန်လီတင်း မျက်စိကွယ်နေလို့ပဲ ဖြစ်ရပါမယ်။
ရန်လီတင်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ရင်း မကျေမနပ်နဲ့ ပြန်ပြောလိုက်တယ် “သူ့အသိစိတ် ပြန်ရသွားတာ ကံကောင်းသွားလို့ပဲ ဖြစ်ရမယ်။ တစ်နေ့ သူ့ကိုယ်ထဲမှာ ရှိနေတဲ့ နတ်ဆိုးစွမ်းအင်ကို မထိန်းချုပ်နိုင်တဲ့ အခါကျ ဒီလူကြီးက သနားညှာတာမှာ မဟုတ်ဘူး”
ပြောပြီးသွားတာနဲ့ စည်းတံဆိပ်တော် ဘုရားကျောင်းဆီ ချက်ချင်း ပြန်လှည့်ထွက်သွားလိုက်တယ်။
ဒီနေရာနေ မြန်နိုင်သမျှ မြန်မြန် သူထွက်သွားချင် နေပါပြီ။ ရန်မိသားစုရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ ဒီတစ်ကြိမ်သူ့လုပ်ရပ်က သွေးအေးစဉ်းလဲရက်စက်တဲ့ လူတစ်ယောက်ပုံစံ ပေါက်သွားစေခဲ့ပါတယ်။
သူက ရန်မိသားစုရဲ့ ဂုဏ်သိက္ခာကိုပဲ စဉ်းစားတာပါ။ ရန်မိသားစုထဲမှ နတ်ဆိုးတစ်ကောင် မွေးဖွားလာတာကိုပဲ မမြင်ချင်တာပါ။ ဒါပေမယ့် ရန်ကိုင်စံအိမ်အား ရှင်းလင်းချင်တဲ့ သူ့ရည်ရွယ်ချက် အထမမြောက်ခဲ့ပဲ လူအများရဲ့ မျက်မုန်းကျိုးစရာ ဖြစ်ခဲ့ရပါတယ်။
ရန်လီတင်းက အထက်စီးဆန်ပြီး ပြင်ပအရေး ကိစ္စတွေကို အာရုံမစိုက်တော့ပေမယ့် သူလည်းလူပဲလေ၊ ရှက်တတ်တာပေါ့။
ရန်လီတင်း ထွက်သွားတာနဲ့ ကျန်တဲ့ လူအိုကြီး ၇ယောက်စလုံးလည်း လိုက်ပါထွက်သွားကြတယ်။
ချူတောင်းရန်က ရန်ကိုင်ကို မျက်မှောင်ကြုံ့ကာ ကြည့်လိုက်ပြီး မထွက်ခွါခင် တိုးတိုးလေး ပြောသွားခဲ့တယ် “အဲ့မိစ္ဆာကျင့်စဉ်ကို ဆက်ပြီး မလေ့ကျင့်နဲ့တော့”
ခပ်ဝဝလူအိုကြီးကလည်း ရန်ကိုင်ကို သတိပေးလိုက်တယ် “ငါတို့ သတိပေးတာကို ဂရုမစိုက်ပဲ မနေနဲ့။ မိစ္ဆာကျင့်စဉ်ကို လေ့ကျင့်လို့ မင်းအတွက် ကောင်းကျိုးရှိမှာ မဟုတ်ဘူး။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ဘယ်လိုကျင့်စဉ်ကိုပဲ လေ့ကျင့်လေ့ကျင့်၊ မင်းရဲ့ အနာဂတ် အောင်မြင်မှုတွေက နိမ့်ကျသွားမှာ မဟုတ်ဘူး။ ဒါကြောင့် ဖြတ်လမ်းနည်းတွေ လိုက်နေစရာ မလိုဘူး”
အသက်ငယ်ငယ်နဲ့ ဒီလောက်အားကောင်းတဲ့ စွမ်းအင် တွေကို ရန်ကိုင် ပိုင်ဆိုင်ထားရတဲ့ အကြောင်းအရင်းက မိစ္ဆာကျင့်စဉ်ကို လေ့ကျင့်တာကြောင့် ဖြစ်တယ်လို့ ထိုခပ်ဝဝ လူအိုကြီးက ထင်နေခဲ့တာပါ။
အမှန်တရားက သူတို့ထင်တာတွေနဲ့ တလွဲစီ ဖြစ်နေပေမယ့် သူက ရန်ကိုင်အတွက် စိုးရိမ်ပြီး သတိပေး ခဲ့တာပါ။ ဒါကြောင့် ရန်ကိုင်ကလည်း ပြန်ပြီး မငြင်းဆန်ခဲ့ပဲ အသာအယာလေးသာ ခေါင်းပြန်ညိတ်ပြလိုက်တယ်။
တကယ်တော့ မိစ္ဆာကျင့်စဉ်ကော၊ နတ်ဆိုးကျင့်စဉ် ကိုကော သူမလေ့ကျင့်ခဲ့ပါဘူး။ ထိုသိပ်သည်းလှတဲ့ နတ်ဆိုးချီတွေက ရွှေရောင်အရိုးခြောက်ထဲကနေ ထွက်ပေါ် လာခဲ့တာပါ။
ပြီးတော့ ဒီလောကကြီးက လူကောင်းဘက်နဲ့ လူဆိုးဘက် ဆိုပြီး သွားခွဲခြားလို့မရပါဘူး။ လူတိုင်းမှာ အမျိုးမျိုး ကွဲပြားတဲ့ ကိုယ်တိုင် အတွေးအမြင်တို့ ရှိကြပါတယ်။
လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းပေါ်မူတည်ပြီး ခွန်အား ဆိုတာ ဖြစ်တည်လာရတာပါ။ ရရှိလာတဲ့ ခွန်အားကို အသုံးချတဲ့ပေါ် မူတည်ပြီး လူကောင်း၊ လူဆိုးဆိုပြီး ကွဲပြားသွားတာပါ။
“ရန်ကိုင်၊ ဂုဏ်ယူပါတယ်” ချူရီမန်က ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်ပြီး ပြုံးကာ စကားအစချီ လိုက်တယ်။
ကျန်တဲ့လူတွေလည်း ရန်ကိုင်ဆီ အလျင်အမြန် ပြေးသွားလိုက်ပြီး ချီးကျူးစကားမျိုးစုံ ဆိုလိုက်ကြတယ်။
ရန်ကိုင်က လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး နွေးနွေးထွေးထွေးနဲ့ ပြန်ပြုံးပြလိုက်ကာ ပြောလိုက်တယ် “မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်”
အဆင့်ချိုးဖျက်နေတဲ့ အချိန်အတွင်း အပြင်မှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာကို သေချာမသိရရင်တောင်၊ ထိုလူတွေက သူ့ဘက်ကနေ တုန့်ဆိုင်းခြင်းမရှိ ရပ်တည် ပေးခဲ့တာကို ရန်ကိုင် အာရုံခံမိပါတယ်။ ရန်ကိုင်ရဲ့ ကျေးဇူးတင်စကား ကြားလိုက်ရတော့ အားလုံး မျက်နှာထက်က အပြုံးက ပိုပြီးကြီးမားလာခဲ့တယ်။
လူအုပ်ကြီး အပြင်ဘက်၌ ရပ်နေသည့် ပုံရိပ်ရှစ်ခုဆီ လှမ်းကြည့်လိုက်ပြီး အသာအယာလေး ခေါင်းညိတ် ပြလိုက်တယ်။
ပုံမှန်ဆိုရင် မြင့်မြတ်ပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အရှိန်အဝါကို ပိုင်ဆိုင်ထားတဲ့ သွေးစစ်သည်တော် ရှစ်ယောက်စလုံး၊ အခုလောလောဆယ်တော့ သူတိုရဲ့ အသာအရေက မဆိုသလောက်ကလေး ဖြူလျော်နေခဲ့ကြပြီး သူတို့ရဲ့ သွေးစွမ်းအားကလည်း တော်တော်လေး အားနည်းနေခဲ့တယ်။
ဒါက သွေးရူးသွပ်ခြင်းပညာရပ်ကို ထုတ်သုံးလိုက်လို့ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးပါ။ သွေးရူးသွပ်ခြင်းပညာရပ်ကို အကြီးအကဲရှစ်ယောက်နဲ့ မတိုက်ခိုက်ရပဲ အလကားသက်သက် ထုတ်သုံးလိုက်ရပေမယ့် သူတို့ရဲ့ မယိမ်းယိုင်တဲ့ စိတ်သဘောထားတဲ့ သွေးရူးသွပ်ခြင်း ပညာရပ်ကြောင့် အကြီးအကဲချုပ်တွေ တိုက်ခိုက်ဖို့ တုန့်ဆိုင်းသွားခဲ့တာလည်း ပါပါတယ်။
သူတို့သာ ရန်ကိုင်ဘက်နေ ပြတ်ပြတ်သားသား မရပ်တည်ပေးခဲ့ရင် အကြီးအကဲချုပ် ၇ယောက်နဲ့ ရန်လီတင်းတို့ ဒီလောက်လွယ်လွယ်နဲ့ လက်လျှော့သွားမှာ မဟုတ်ပါဘူး။
သူတို့ရဲ့ လက်ရှိအခြေအနေနဲ့တောင် သွေးစစ်သည်တော် ရှစ်ယောက်စလုံးက ပျော်ရွှင်စွာ ရယ်မောနေခဲ့ကြတယ်။
နောက်ဆုံးမှာတော့ ရန်ကိုင်က ရှေ့ထွက်လိုက်ပြီး လက်သီးဆုပ်ကာ လေးလေးစားစားဖြင့် မန်ဝူရနဲ့ လင်းတိုင်ရှုကို နှုတ်ဆက်လိုက်တယ် “ဆရာဖိုးဖိုး၊ ဘဏ္ဏာထိန်းမန်”
“ထတော့၊ ထတော့” လင်းတိုင်ရှုက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ရန်ကိုင်ပုံးကို ပုတ်လိုက်ကာ “မင်းလုံခြုံနေတာ ကောင်းတယ်”
ဘဏ္ဏာထိန်းမန်ကတော့ စိတ်ညစ်နေတဲ့ ပုံစံနဲ့ ညည်းတွားနှာခေါင်းရှုံ့လိုက်တယ် “ကောင်စုတ်လေး၊ ဒီလူအိုကြီးဆီ ပြဿနာတွေ ဖိတ်ခေါ်လာပေးနေတာ ရပ်ပါတော့ကွာ”
“ရပ်ရမှာပေါ့၊ ရပ်ရမှာပေါ့” ရန်ကိုင်က ပုတ်သင်ညိုလို ထပ်တလဲလဲ ခေါင်းညိတ်ပြလိုက်တယ်။ ဒီတစ်ကြိမ် သူသယ်လာတဲ့ ပြဿနာပေါင်းစုံကြောင့် မန်ဝူရလည်း ရှေ့ထွက်လာခဲ့ရပါတယ်။
ထို့နောက် လင်းတိုင်ရှုဘက် လှည့်လိုက်ပြီး ရန်ကိုင်က မေးလိုက်တယ် “ဆရာဖိုးဖိုး မထွက်သွားသေးဘူးမလား”
လင်းတိုင်ရှု စစ်ပွဲမြို့တော်ထဲ ပုန်းနေမှန်း ရန်ကိုင် မသိခဲ့သလို သူဘယ်အချိန်က ရောက်လာခဲ့တာလဲ ဆိုတာကိုလဲ သူမသိခဲ့ပါဘူး။ မန်ဝူရတစ်ယောက်သာ လင်းတိုင်ရှု ရောက်လာတာကို သိထားတာ ဖြစ်နိုင်ပါတယ်။ အချိန်အကြာကြီးမှ ပြန်တွေ့ရတာ ဖြစ်တဲ့အတွက် ရန်ကိုင်လည်း သူ့ဆရာဖိုးဖိုးနဲ့ ခွဲရမှာကို တုန့်ဆိုင်းနေမိပါတယ်။
လင်းတိုင်ရှုက ခေါင်းညိတ်ပြလိုက်ပြီး “ငါ့မှာ သွားစရာနေရာမှာ မရှိသေးတာ”
“အဲ့ဒါကောင်းတယ်” ရန်ကိုင် ပြုံးလိုက်ပြီး “စုယန်နဲ့ ကျန်တဲ့ ကောင်းကင်စံအိမ် အဖွဲ့သားတွေကို မကြာခင်ကပဲ တပည့်တွေ့ထားခဲ့တာ။ နောက်ရက်နည်းနည်းလောက်ဆို သူတို့လည်း စစ်ပွဲမြို့တော်ဆီ ရောက်လောက်ပြီ။ ဆရာဖိုးဖိုးသာ ဒီမှာနေပြီး သူတို့တွေကို စောင့်ကြည့် ညွှန်ကြားပေးမယ်ဆိုရင် တပည့် စိတ်ချထားလို့ရပြီ”
“အပိုစကားတွေ ပြောမနေပါစမ်းနဲ့ကွာ။ ဒီလူအိုကြီးလည်း ဒီမှာနေပြီး အစ်ကိုမန်နဲ့ စကားစမြည် ပြောချင်နေတာ” လင်းတိုင်ရှုက အသာအယာလေး ပြုံးလိုက်ပြီး ချူရီမန်ဆီ လှမ်းကြည့်လိုက်ကာ သူ့ရဲ့ မုတ်ဆိတ်ဖြူကြီးကို ပွတ်သပ်လိုက်ရင်း ရုတ်တရက် ကောက်ပြောလိုက်တယ် “ကောင်မလေး၊ နင့်အရှိန်အဝါက ရင်းနှီးနေသလိုပဲ။ ငါမှတ်မိတာသာ မှန်မယ်ဆိုရင်၊ နင့်က လူတွေခေါ်လာပြီး ငါ့ဂိုဏ်းကို မီးရှို့သွားတဲ့ တစ်ယောက် မလား”
မကောင်းတဲ့ အတိတ်ဇာတ်ကြောင်းတွေ ပြန်ဖော်ခံ လိုက်ရတဲ့အတွက် ချူရီမန်မှာ ရှက်လွန်းလို့ တွင်းတစ်တွင်း လောက်တူပြီးတော့သာ ပြေးပုန်းအောင်း လိုက်ချင် ပါတော့တယ်။ လော့ရှောင်မန်ကို သူမဆီ အလျင်စလို ဆွဲခေါ်လိုက်ပြီး ရှက်ရှက်နဲ့ “သူလည်း ပါတယ်”
လော့ရောင်မန် မျက်ရည် ဝဲသွားခဲ့တယ်။
ဘေးပတ်ပတ်လည်သို့ ကျီးကန်းတောင်းမှောက် လိုက်ကြည့်လိုက်ရင်း ထွက်ပြေးဖို့ အခွင့်အရေး တစ်ခု ရှာလိုက်တယ်။
ထိတ်လန့်ချောက်ချားနေတဲ့ မိန်းမငယ်လေး နှစ်ယောက်ကို ကြည့်ရင်း လင်းတိုင်ရှု ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ထိုကိစ္စအကြောင်း ဒီမှာတင် ရပ်တန့် ထားလိုက်တယ်။ တစ်ဖက်လူက အကြွေးရှင်းချင်လို့ ပြောနေတာ မဟုတ်ပဲ ဒီအတိုင်းလေးပဲ ပြောလိုက်တာ ဖြစ်မှန်း ချူရီမန်လည်း နားလည်ထားပါတယ်။
ရန်ကိုင်က မဲ့ပြုံးပြုံးလိုက်ပြီး ရန်ကျောင်းဆီ လှမ်းကြည့်လိုက်ကာ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ် “ဒုတိယအစ်ကို၊ ကိုးယောက်မြောက်ညီလေး သွားတော့မယ်”
ရန်ကျောင်းကတော့ ဖြူလျော်တဲ့ မျက်နှာနဲ့သာ ရန်ကိုင်အား ပြန်စိုက်ကြည့်နေခဲ့တယ်။ ဝိဥာဉ် ဆုံးရှုံး လိုက်ရသည့်အလား၊ ဘာကိုမှ မကြားလိုက်ရသည့်အလား ငူငူငိုင်ငိုင်နဲ့သာ ရန်ကိုင်အား စိုက်ကြည့်နေခဲ့တယ်။ ရန်ကိုင်နဲ့ သူ့အဖွဲ့သားတွေ ထွက်သွားပြီတာတောင် ရန်ကျောင်းဟာ နေရာမှာပဲ ရပ်ပြီး ငေးငိုင်နေတုန်းပါ။
ရန်ဝေက ရန်ကျောင်းဆီ တစ်ချက်လှမ်းကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်တယ်။ ဒီတစ်ကြိမ်တော့ သူ့ရဲ့ ဒုတိယညီလေးရဲ့ စိတ်ကို တော်တော်လေး ထိချက် ပြင်းသွားပြီမှန်း ရန်ဝေသိလိုက်တယ်၊ ဒီရလဒ်ကို လက်ခံနိုင်ဖို့အတွက် အချိန်အတိုင်းအတာ တစ်ခုအထိ သူလိုအပ်ပါလိမ့်မယ်။
နန်ရှန်းနဲ့ ရှန်ချူတို့ နှစ်ယောက်စလုံးကို သူမကာကွယ် နိုင်ခဲ့ပါဘူး။ ရန်ကိုင်က သူအသည်းအသန် ခုခံနေတဲ့ကြားမှ သူ့နောက်လိုက် နှစ်ယောက်ကို သူ့ရှေ့မှာတင်ပဲ သတ်ဖြတ် သွားခဲ့ပါတယ်။
ပြီးတော့ ကိုးယောက်မြောက်ညီလေး ပြသခဲ့တဲ့ ခွန်အားက ရန်ကျောင်းအား အမြှောက်ဆံမှန်ခံလိုက်ရသလို ခံစားသွားရစေခဲ့တယ်။
သေရေး၊ရှင်ရေး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အတွက် မရေမတွက်နိုင်တဲ့ လူတွေက သူ့ဘက်ကနေ ရပ်တည် ပေးခဲ့တယ်။ ဒီလိုမြင်ကွင်းမျိုး ဘယ်သူမြင်ခဲ့ဖူးလဲ။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် ရှစ်ယောက်နဲ့ ရင်ဆိုင်နေရတာတောင် ရန်ကိုင် အဖွဲ့သားတွေဟာ တစ်ချက်ကလေးမှ နောက်မတွန့် သွားခဲ့ပါဘူး။
သူ့အိမ်မှာရှိနေတဲ့ ကျင့်ကြံသူတွေက သူ့အတွက် ရန်ကိုင် အဖွဲ့သားတွေလို လုပ်ပေးမှန် မဟုတ်မှန်း ရန်ကျောင်း သိပါတယ်။ သူ့မဟာမိတ်တွေတောင် ရန်ကိုင် အဖွဲ့သားတွေလို ဆုံးဖြတ်ချက်မျိုး ချလိမ့်မယ်လို့ ရန်ဝေလည်း မယုံပါဘူး။
ဒီတစ်ကြိမ်တော့ ရန်ကျောင်း လုံးဝကို နစ်နေအောင် ခံစားသွားခဲ့ရပါပြီ။ ရန်ဝေလည်း တော်တော်ပြင်းပြင်းကို အထိနာသွားခဲ့ပါတယ်။ ဒါပေမယ့် သူက ဘေးကနေ ရပ်ကြည့်တဲ့လူ တစ်ယောက်သာသာပါ။ ထို့ကြောင့် ဒီရလဒ်ကို လက်ခံဖို့ သူ့အတွက် ရန်ကျောင်းလောက် မခက်ခဲပါဘူး။
ဒီအမွေခံတိုက်ပွဲက… ဆက်တိုက်ဖို့ရော လိုသေးရဲ့လား အမြဲလိုလို တည်ငြိမ်ပြီး ဆုံးဖြတ်ချက် ပြတ်သားတဲ့ ရန်ဝေ ရုတ်တရက် စိတ်ရှုပ်သွားခဲ့တယ်။
အမွေခံတိုက်ပွဲစတာ ရှစ်လ၊ ဒါမှမဟုတ် ကိုးလလောက် ရှိသွားခဲ့ပါပြီ။ အခုအချိန်ကနေစပြီး ကိုယ်ပိုင်နည်းလမ်းတွေ၊ ခွန်အား၊ အရည်အချင်း၊ အဆက်အသွယ်ပိုင်း အားလုံးမှာ ရန်ကိုင်က သူတို့အားလုံးကို ကျောသွားခဲ့ပါပြီ။
ရန်ဝေနဲ့ ရန်ကျောင်းတို့ နှစ်ယောက်စလုံး သူနဲ့ ဖက်ပြိုင်ဖို့ အရည်အချင်း မရှိတော့ပါဘူး။
အစပိုင်းမှာတုန်းကတော့ ညီအစ်ကိုနှစ်ယောက်က ရန်ကိုင်ထက် ရှေ့ကြိုရောက်နေခဲ့ပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ ရန်ကိုင်က သူတို့ထက် ပိုပိုပြီး သန်မာ လာခဲ့ကာ ပိုမိုများပြားတဲ့ အင်အားစုတွေကိုလည်း စုဆောင်း လာနိုင်ခဲ့ပါတယ်။ အချိန်တော်တော် ကြာသွားပြီးနောက် ရန်ကိုင် စံအိမ်က အရှင်သခင်တစ်ပါးအဖြစ် ကြီးထွား လာခဲ့တယ်။ သူ့ရဲ့ ဦးဆောင်မှုအောက်နဲ့ သူ့အဖွဲ့သားတွေ အကုန်လုံး လှုပ်ခါမရနိုင်အောင် စည်းလုံးလာခဲ့ကြတယ်။
ရန်မိသားစုက ဒီလိုလူမျိုးကို မိသားစုခေါင်းဆောင် အဖြစ် လိုအပ်နေတာပါ။
လက်ရှိအခြေအနေနဲ့ သူ့ခွန်အားအရ၊ အမွေခံတိုက်ပွဲကို ဆက်တိုက်ဖို့ တကယ်ကို မလိုတော့ပါဘူး။
သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် အမွေခံတိုက်ပွဲကို ဆက်တိုက်ချင်စိတ်တို့ ပျောက်သွား ခဲ့ရတယ်။ လျူချင်းယောင်နဲ့ စကားနည်းနည်းပါးပါး ပြောပြီးနောက် သူ့သွေးစစ်သည်တော်နဲ့အတူ အလျင်စလို ထွက်ခွါသွားလိုက်တယ်။
“ဒုတိယသခင်လေး၊ ပြန်ကြရအောင်” တန်ယုရှန်းနဲ့ အရင်တိုက်ခိုက်ခဲ့တဲ့ သွေးစစ်သည်တော်က အကြံပေးလိုက်တယ်။
ဒါပေမယ့် ရန်ကျောင်းက နည်းနည်းလေးတောင် မလှုပ်သွားခဲ့ပါဘူး။ အဝေးတစ်နေရာကိုသာ ငေးငိုင်စိုက်ကြည့် နေခဲ့တယ်။
“ဒုတိယသခင်လေး၊ ဒီအမွေခံတိုက်ပွဲကို ကျုပ်တို့ ဆက်ပြီး မပါဝင်နိုင်တော့တဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ” လူငယ်လေးတစ်ယောက် ခက်ခဲနေတဲ့ အမူအရာနဲ့ ရန်ကျောင်းဆီ လမ်းလျှောက်သွားလိုက်ပြီး ရုတ်တရက် ပြောလိုက်တယ်။
နန်ရှန်းနဲ့ ရှန်ချူတို့ နှစ်ယောက် ရန်ကိုင်အဖွဲ့သား တစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့မိလို့ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ ထိုအဖြစ်အပျက်ကို မြင်တွေ့ခဲ့ပြီးနောက် အမွေခံတိုက်ပွဲမှာ ဘာလို့ ဆက်ပြီး ဝင်ပြိုင်နေရဦးမှာလဲ။ ဘယ်သူကများ ရန်ကိုင်ရဲ့ ရန်သူ ဖြစ်ရဲတော့မှာလဲ။
သွေးစစ်သည်တော် နှစ်ယောက်စလုံးရဲ့ အမူအရာ ရေခဲတမျှ အေးစက်သွားခဲ့ပြီး ဒေါသတကြီး အော်ဖို့ လုပ်လိုက်ပေမယ့် သူတို့ကိုယ်သူတို့ ပြန်ထိန်းထား ခဲ့ပါတယ်။
တစ်ဖက်လူဘက်က ကြည့်မယ်ဆိုရင် သူအနေနဲ့ အခုလို ဆုံးဖြတ်ချက်ချဖို့ ဘယ်လောက်တောင် ခက်ခဲခဲ့မလဲ ဆိုတာကို သူတို့ နားလည်ပါတယ်။ အချိန်ရော၊ လူရော၊ အရင်းအမြစ်တွေရော ရင်းနှီးခဲ့ရပြီး နောက်ဆုံးအချိန်ကျမှ နှုတ်ထွက်လိုက်တဲ့အတွက် ဘာအကျိုးအမြတ်မှ မရရှိခဲ့ရုံမက သူတို့လာခဲ့တဲ့ အင်အားစုကလည်း ငကြောက်၊ သစ္စာဖောက်ဆိုပြီး ခေါင်းစဉ်တပ်ခံရဦးပါမယ်။ ဒါပေမယ့် ကိုယ့်အသက်နဲ့ယှဉ်ရင်၊ ဒါတွေကို ဘာလို့ ဂရုစိုက်နေ ရဦးမှာလဲ။
သွေးစစ်သည်တော် နှစ်ယောက်စလုံး သူတို့ရဲ့ သူရဲဘောကြောင်မှုကို အထင်သေးသနိုင်ပေမယ့် သူတို့ပါးစပ်တွေကို ဖွင့်ပြီး အနာပေါ်ဆားသိပ်လို့ မရပါဘူး။ အခုလို ဖြစ်နေတဲ့ရန်ကျောင်းကို မြင်လိုက်တဲ့လူတိုင်း တူညီတဲ့ ဆုံးဖြတ်ချက်ကိုပဲ ချကြမှာပါ။
“နှုတ်ဆက်ပါတယ်” ပြောပြီးတာနဲ့ ထိုလူငယ်လေးက သူ့လူတွေကိုခေါ်ပြီး အလျင်စလို ထွက်သွားလိုက်တယ်။
“ဒုတိယသခင်လေး၊ ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ၊ ကျုပ်တို့လည်း ဆက်ပြီး ဝင်မပြိုင်နိုင်တော့ပါဘူး” လူအုပ်ထဲက အခြားတစ်ယောက်က ရုတ်တရက် ရှေ့တက်လိုက်ပြီး ပထမတစ်ယောက် ခြေရာအတိုင်း လိုက်နင်းလိုက်တယ်။
လက်ဖက်ရည်တစ်အိုးစာ ဆူလောက်တဲ့ အချိန်ပြီးနောက်မှာတော့ ရန်ကျောင်းစံအိမ်မှာ ရှိနေတဲ့ ကျင့်ကြံသူအရေအတွက်က တစ်ဝက်တိတိ လျော့ကျ သွားခဲ့ပါပြီ။
မထွက်ခွါခင်မှာ အင်အားစုတစ်ခုစီတိုင်းက ကိုယ်စားပြု အသီးသီးက ရန်ကျောင်းကို လာတောင်းပန်ခဲ့ကြပေမယ့် ရန်ကျောင်းကတော့ ဆွံ့အနားမကြားပမာ ပြုမူနေခဲ့ပါတယ်။
“ဘယ်သူ ထပ်ပြီး ထွက်သွားချင်သေးလဲ။ ထွက်သွားချင်ရင် မြန်မြန် ထွက်သွားလိုက်” နောက်ဆုံး ဒေါသမထိန်းနိုင်တော့တဲ့အဆုံး သွေးစစ်သည်တော်တွေ ထဲက တစ်ယောက်က ရုတ်တရက် အော်ပြောလိုက်တယ်။
ထိုစကားကို ကြားလိုက်တာနဲ့ တုန့်ဆိုင်းနေတဲ့ အင်အားစု များစွာက လူတွေအကုန်လုံး ချက်ချင်း မတ်တပ်ရပ်လိုက်ကြတယ်။
“ထပ်ရှိသေးလား” သွေးစစ်သည်တော် နှစ်ယောက်က လူအုပ်ကြီးကို အေးစက်စက် မျက်ဝန်းအစုံနဲ့ ဝေ့ကြည့်လိုက် ကြတယ်။
ထိုနှစ်ယောက်ရဲ့ ကြောက်မယ်ဖိအားအောက်၌ အားလုံး ခပ်မတ်မတ် မတ်တပ်ရပ်လိုက်ကြတယ်။
“ကေင်းတယ်” သွေးစစ်သည်တော် နှစ်ယောက်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။ ဆက်နေဖို့ ရွေးချယ်လိုက်တဲ့ လူတွေကို ကြည့်ရင်း သူတို့ မျက်နှာထက် ချီးကျူးကျေနပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေး သွားခဲ့တယ်။
ကံမကောင်းစွာနဲ့ ရန်ကျောင်းက အသိစိတ်မဲ့နေတဲ့ လူပမာ ထိုနေရာမှာပဲ ရပ်နေခဲ့ပါတယ်။
Martial Peak
အပိုင်း(၅၃၀) ချစ်ဖို့မကောင်းတော့ဘူး
လူအုပ်ကြီးထဲ၌ ရှိနေသည့် ရီရှင်းရို့က ရန်ကျောင်းကို စိတ်ပျက်ပျက်နဲ့ ကြည့်လိုက်တယ်။ ရန်မိသားစုရဲ့ ဒုတိယ သခင်လေးက အခုလိုမျိုး ဖြစ်ပြီးသွားတဲ့နောက် အခုလိုမျိုး ပြုမူနေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပါဘူး။
ဘာကြောင့်မှန်း မသိပေမယ့် သူမစိတ်ထဲ သူ့ကို အထင်သေးမိတယ်။
ရန်ကျောင်းရဲ့ အလေးပေးမှုကို ရရှိဖို့အတွက် သူမ ပေးဆပ်နိုင်တာထက်ကို ပိုပြီး ပေးဆပ်ခဲ့ပါတယ်။ အခုတော့ သူအမွေခံတိုက်ပွဲကို နိုင်မယ်လို့ သူမ နည်းနည်းလေးမှ မမျှော်လင့်တော့ပါဘူး။
ရန်ကိုင်စံအိမ်ရှိတဲ့ အရပ်ဆီ လှမ်းကြည့်လိုက်ရင်း ရီရှင်းရို့ရဲ့ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး သူမ မျက်နှာက ထူးဆန်းသည့် အမူအရာအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။ သူမရဲ့ နှုတ်ခမ်းပါးလေးကို ကိုက်ရင်း အတွေးထဲ နစ်မြော သွားခဲ့တယ်။ တစ်ခုခုကို နားလည်သွားတာနဲ့ သူမရဲ့ မျက်ဝန်းအစုံ ရဲရဲနီသွားခဲ့တယ်။
နေ့တစ်ဝက်အတွင်းမှာပဲ ရန်ကိုင်စံအိမ်သို့ ကောင်းကင်စံအိမ်မှ လူ၁၀၀ကျော် ရောက်ရှိလာခဲ့တယ်။
ရန်ကိုင်လည်း အပြုံးကြီးပြုံးရင်း စံအိမ်ထဲကနေ ပြေးထွက်သွားလိုက်တယ်။
စုယန်နဲ့ ကျန်တဲ့လူတွေ အကုန်လုံး ရောက်ရှိ လာခဲ့တယ်။ ထိုသတင်းကို ရှနင်းချန် ကြားလိုက်တာနဲ့ ဆေးဖော်စပ်ခန်းကနေ ချက်ချင်း ပြေးထွက်လာခဲ့ပါတယ်။ သူမရဲ့ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေခဲ့ပါတယ်။
မိန်းကလေး နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် မတွေ့ခဲ့ရတာ အချိန်တော်တော် ကြာသွားခဲ့ပါပြီ။ အခုမှ သူမတို့ချင်း ပြန်တွေ့ရတာပါ။ သူမတို့ကြား ပြောစရာတွေ အများကြီး ရှိပါတယ်၊ အထူးသဖြင့် သူမတို့ချစ်ရတဲ့ ယောကျာ်းနဲ့ ပက်သက်ပြီးတော့ပေါ့။ ထိုခေါင်းစဉ်အကြောင်း ရောက်လာတာနဲ့ ရန်ကိုင်ဆီ ညွှန်ပြရင်း တိုးတိုးတိုးတိုးနဲ့ ပြောကြပါတော့တယ်။
ဆေးဘုရင်တောင်ကြားက ချင်ကျဲလည်း သူ့ဘာသာ ထွက်သွားလိုက်ရတယ်။ ရှနင်းချန်ကို ဆေးဖော်စပ်ခန်းဆီ ပြန်ခေါ်သွားချင်ပေမယ့် သူမပျော်နေတာ မြင်တော့ ဒီအတိုင်းပဲ ထားခဲ့လိုက်ပါတယ်။
ရှနင်းချန် သူမ မိတ်ဆွေတွေနဲ့ သွားပြန်တွေ့တာကို သူမနှောင့်ယှတ်ချင်ပါဘူး။ သူမှတ်မိသလောက် သူ့အသက် မကြီးသေးပေမယ့် အခုအချိန်ထိ မိတ်ဆွေမရှိသေးပါဘူး။ အားနေသမျှ အချိန်အများစုကို ဆေးဖော်စပ်ရင်း ကုန်ဆုံးနေခဲ့တာ ဖြစ်တဲ့အတွက် အခြားကိစ္စတွေအတွက် အချိန်မရှိ ဖြစ်ခဲ့ရပါတယ်။
သူမလို မိန်းမငယ်လေးအတွက် ဆေးပညာအပြင် အခြားအရေးကြီးတဲ့ ကိစ္စတွေလည်း ရှိသင့်ပါတယ်။
စံအိမ်တစ်ခုလုံး လူတွေနဲ့ ပြည့်နေခဲ့တယ်။ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်းစံအိမ်က လူတွေက ကောင်းကင်စံအိမ်က လူတွေနဲ့ တော်တော်လေး ရင်းနှီးကြပါတယ်။ မကြာခင်မှာပဲ အားလုံး တစ်ယောက်နဲ့ တစ်ယောက် သိသွားခဲ့ကြတယ်။
ရန်ကိုင်က ဘယ်သူမှ သတိမပြုမိအောင် မိန်ကလေး နှစ်ယောက်နား အနီးကပ်သွားရပ်နေခဲ့တယ်။ ဒါပေမယ့် သူမတို့ ပြောတာကိုပဲ တိတ်တိတ်လေး ငြိမ်နားထောင် နေခဲ့ပါတယ်။ သူချစ်ရတဲ့ မိန်းကလေးနှစ်ယောက် ပြုံးပြုံးရွှင်ရွှင်နဲ့ စကားစမြည် ပြောနေတာကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ နွေးထွေးသွားခဲ့ရတယ်။
“ယောက်ဖ” စုမူအော်ခေါ်လိုက်တယ်။ သူလမ်းလျှောက် လာတဲ့ပုံစံအရ သူ့ဒဏ်ရာတွေ အရှင်းပျောက်ကင်းသွားတဲ့ ပုံပါပဲ။ “စီနီယာအစ်မနဲ့ မင်းကြားက ဆက်ဆံရေးက ပုံမှန်မဟုတ်တဲ့ပုံပဲ”
ရန်ကိုင်က နှာခေါင်းရှုံ့လိုက်ပြီး စီနီယာလေသံနဲ့ ပြောလိုက်တယ် “ကလေးတွေက လူကြီးတွေကြားက ကိစ္စတွေကို မစပ်စုသင့်ဘူး”
စုမူက အထင်အမြင်သေးသေးနဲ့ ပြန်ပြောလိုက်တယ် “မင်းက ငါ့ထက်လည်း အသက် ဘယ်လောက်မှ ကြီးတာ မဟုတ်ပဲနဲ့”
ရန်ကိုင်က စုမူရဲ့ ခွန်းတုံ့စကားကို လျစ်လျူ ရှုထားလိုက်ပြီး တည်ကြည်တဲ့ မျက်နှာထားနဲ့ ပြောလိုက်တယ် “မင်းကို ဒဏ်ရာရအောင် လုပ်တဲ့လူက သေသွားခဲ့ပြီ။ နောက်ပိုင်းလည်း မင်းအခုလို ကြုံဦးမှာ။ မင်းသာ တောင့်မခံနိုင်ရင် အလွယ်လေး လက်လျှော့လိုက်လို့ ရတယ်။ နားလည်လား”
စုမူက နှာခေါင်းရှုံ့ပြီး ပြန်ပြောလိုက်တယ် “ငါသိတယ်”
နောက်တစ်ဖန် ခေါင်းခါရမ်းလိုက်ပြီး “ငါကိုယ်တိုင် လက်စားပြန်မချေလိုက်ရတာ ကံဆိုးသွားတယ်။ အခုတော့ နောက်ထပ် အခွင့်အရေး မရှိတော့တဲ့ပုံပဲ။ သူတို့ နှစ်ယောက်က အဲ့လောက်ကြီးလည်း သန်မာတဲ့ပုံ မပေါက်ပါဘူး”
“ကောင်းကင်အမွေအနှစ် လိုဏ်ဂူထဲမှာ အခွင့်အလမ်းတွေ ရခဲ့သေးလား” ရန်ကိုင်က စုမူကို ပြုံးကာ မေးလိုက်တယ်။
သူနဲ့စုယန်က ကောင်းကင် အမွေအနှစ်လိုဏ်ဂူရဲ့ နောက်ဆုံး အမွေအနှစ်ကို လက်ခံရရှိခဲ့ပါတယ်။ ဟူညီအစ်မ နှစ်ယောက်ကတော့ အမွှာစိတ်ဝိဥာဉ်ချီကျင့်စဉ်ကို လက်ခံရရှိ ခဲ့ပါတယ်။ လန်ချူးတျယ်တောင် တစ်ချို့တစ်လေ ရခဲ့ပါတယ်။
ဒီနှစ်အတောအတွင်း သူ့ကျင့်ကြံနှုန်းက အရမ်းကြီး မမြန်ဆန်တဲ့အတွက် ဘာအခွင့်အရေးမှ မရှိခဲ့တာ ဖြစ်နိုင်ပါတယ်။
စုမူက ယဲ့ယဲ့လေး ရယ်လိုက်ပြီး ခေါင်းလေးကိုကုတ်ရင်း ခေါင်းညိတ်လိုက်ကာ “တစ်ခုခုတော့ ရခဲ့တယ်။ အစ်မကြီးကို ဒီအကြောင်း ပြောပြီးသွားပြီ”
ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်ပြီး အသေးစိတ် ထပ်မမေးတော့ပါဘူး “ကြိုးစားထား။ အခွင့်အရေးကို မဖြုန်းတီးမိစေနဲ့။ ကောင်းကင်အမွေအနှစ် လိုဏ်ဂူထဲက အခွင့်အလမ်းတွေက သာမန်မဟုတ်ဘူး”
“မင်းဘာပြောချင်တာလဲ” စုမူက နားမလည်နိုင်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်။
“ဘာမှမဟုတ်ဘူး၊ မေ့ထားလိုက်တော့” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး ဆက်မရှင်းပြတော့ပါဘူး။
ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲက ဒီလောကကြီးရဲ့ အကန့်အသတ်ကို ကျော်လွန်နေတယ်လို့ ရန်ကိုင် ရေးတေးတေးလေး ခံစားမိနေခဲ့တယ်။ စုယန်ရဲ့ ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ဖြစ်စေ၊ ဟူညီအစ်မ နှစ်ယောက်ရဲ့ အမွှာစိတ်ဝိဥာဉ်ကျင့်စဉ်၊ ဒီလောကကြီးမှာ ရှိတဲ့ ဘယ်ကျင့်ကြံသူမှ ထိုကျင့်စဉ်မျိုး မဖန်တီးနိုင်ကြပါဘူး။
ချူရီမန်က ကောင်းကင်စံအိမ်က လူတွေအတွက် နေရာစရာတစ်ခု စီစဉ်ပေးလိုက်တယ်။
လင်းတိုင်ရှုနဲ့ ကောင်းကင်စံအိမ်ရဲ့ အကြီးအကဲချုပ် လေးယောက်စလုံး ရန်ကိုင်စံအိမ်ဆီ ဘယ်သူမှမတွေ့အောင် သွားလိုက်ကြတယ်။
နှစ်ရက်၊ သုံးရက်လောက် ဆူညံနေပြီးတောက် ငြိမ်းချမ်းမှုက စံအိမ်တစ်ခုလုံးကို တစ်ဖန်ပြန်လည် ကြီးစိုးသွားခဲ့တယ်။ အားလုံးက သူတို့ရဲ့ အလုပ်အတိုင်း ပုံမှန်အတိုင်း လုပ်ဆောင်နေခဲ့ကြတယ်။
ရက်အနည်းငယ်ကြာပြီးနောက် ခက်ခဲမှုတွေ၊ ခံစားခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေ အကုန်လုံး ပုံမှန် ဖြစ်သွားခဲ့တယ်။ ရန်ကိုင် လက်အောက်၌ ရှိနေသည့် အင်အားစုတွေအကုန်လုံး အရင်ကထက် ပိုပြီး စည်းလုံးလာခဲ့ကြတယ်။ ဂိုဏ်းချင်းမတူညီကြပေမယ့် အားလုံးက ညီအစ်ကိုမောင်နှမတွေလို ချစ်ခင်ရင်းနှီး နေကြပါပြီ။
ဆေးလုံးအသစ်တစ်သုတ် ထွက်လာတဲ့အခါ အားလုံးက သူ့ကိုပေးလိုက်ပါ၊ ဘယ်သူ့ကို ပေးလိုက်ပါဆိုပြီးတော့သာ ပြောနေခဲ့ကြပါတယ်။
ဒီရက်အတောအတွင်း ရန်ကိုင် တစ်ခုတည်းကိုသာ အာရုံစိုက်နေခဲ့တယ်။
ဝါးထုံးဂိုဏ်းကို ရှင်းလင်းရေး အလုပ်ပါ…
ကောင်းကင်စံအိမ် အဖွဲ့သားတွေ ပုန်းကွယ်နေတဲ့ နေရာ ပေါက်ကြားသွားရတဲ့ အကြောင်းအရင်းက ဝါးထုံးဂိုဏ်းကလူတွေ ထုတ်ပြောလိုက်လို့ပါ။ ဗဟိုမြို့တော်ဆီ ပြန်ရောက်တာနဲ့ ပန်ချီလည်း ထိုအကြောင်း ကြားလိုက်ရပြီး သစ္စာဖောက်ကောင်ကို စတင် ရှာဖွေပါတော့တယ်။ မကြာခင်မှာပဲ တရာခံက မူနန်းတုံ့ ဖြစ်နေတာကို ရှာဖွေတွေ့ရှိသွားခဲ့တယ်။
နောက်တစ်ရက်မှာတော့ မူနန်းတုံ့ရဲ့ ဦးခေါင်းကို ရန်ကိုင်စံအိမ်ဆီ ပန်ချီကိုယ်တိုင် လာရောက်ပို့ဆောင် ပေးခဲ့ပါတယ်။
ပန်ချီပြောခဲ့တဲ့ အကြောင်းအရာအရ မူနန်းတုံက သတင်းအချက်ကို ရီမိသားစုက ရီရှင်းရို့ပေးတဲ့ အကျိုးအမြတ်ရယ်၊ ရီမိသားစုက အစေခံလှလှလေး နှစ်ယောက်ရယ်နဲ့ လဲလှယ်ခဲ့တာပါတဲ့။
အစေခံနှစ်ယောက်က ရီမိသားစုထဲမှာ မွေးလာတာ ဖြစ်တဲ့အတွက် ပန်ချီသူတို့ကို မထိရဲခဲ့ပါဘူး။ ထို့ကြောင့် ထိုနှစ်ယောက်ကို ရန်ကိုင်ဆီကိုသာ ပို့ပေးလိုက်ပါတယ်။
မူနန်းတုံးလို ငကန်းတစ်ကောင်ကိုတော့ ရန်ကိုင် ဂရုမစိုက်ပါဘူး။ မူနန်းတုံ့က အသတ်ခံရပြီးသွားပါပြီ။ ထို့ကြောင့် ဘာမှ ထပ်ပြောနေစရာ မလိုပါဘူး။ အစေခံမလေး နှစ်ယောက်ကိုတော့ သူမသတ်ခဲ့ပါဘူး။ ဒါပေမယ့် သူမတို့ နှစ်ယောက်ကို စံအိမ်ထဲ၌ နေစေခဲ့ပါတယ်။
တကယ်တော့ သူမတို့ နှစ်ယောက်က ကျွဲတွေကြားက မြေစာပင် ဖြစ်ခဲ့ရတာလေ။ သူမတို့ ဘာမှားတာမှ မလုပ်ခဲ့ပါဘူး။
ပန်ချီက ဗဟိုမြို့တော်ဆီ ချက်ချင်း ပြန်သွားပြီး ရန်ကိုင်အတွက် အထောက်အပံ့တွေ စတင် စုဆောင်းပါတော့တယ်။
ပန်ချီထွက်သွားတာနဲ့ ချူရီမန်က ရန်ကိုင်ကို အခန်းတစ်ခန်းဆီ ဆွဲခေါ်သွားလိုက်ပြီး တံခါးနဲ့ ပြတင်းပေါက်တွေကို အကုန်လုံး ဂျက်ချထားလိုက်တယ်။
ချူရီမန်ရဲ့ စိုးရိမ်ပူပန်နေတဲ့ မျက်နှာလေးကို ကြည့်ရင်း ရန်ကိုင် ရယ်မောမိလိုက်တယ်။ ဒါကိုသာ အခြားလူတွေသာ မြင်သွားခဲ့ရင် ကျိန်းသေ နားလည်မှု လွဲသွားမှာပါ။
ချူရီမန်လည်း ဒီရက်အတောအတွင်း အလုပ်များနေ ခဲ့တာပါ။ စစ်ပွဲပြီးနောက် ရှင်းစရာ၊ ဖြေရှင်းစရာ ကိစ္စတွေ အများကြီး ရှိနေတယ်လေ။ ကျဆုံးသွားတဲ့လူတွေအတွက် စီစဉ်ပေးရသလို ကောင်းကင်စံအိမ်က လူတွေ အတွက်လည်း စီစဉ်ပေးရပါသေးတယ်။ အခြားကိစ္စတွေလည်း ရှိပါသေးတယ်။
အခန်းထဲကရှိ ထိုင်ခုံအသီးသီး၌ ထိုင်လိုက်ကြပြီးနောက် ရန်ကိုင်က သူမအတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်တယ်။ ချူရီမန်က တစ်ငုံစုပ်သောက်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ အခုပဲ ပိုပြီး စိတ်သက်သာရာ ရသွားတဲ့ပုံပါပဲ။
“နင်ဘာအကြောင်း ပြောချင်နေတာလဲ” ရန်ကိုင်က လက်ဖက်ရည် စုပ်သောက်နေရင်း ညင်ညင်သာသာလေး မေးလိုက်တယ်။
သက်ပြင်းတစ်ချက် ချလိုက်ပြီး ချူရီမန်က ပြောလိုက်တယ် “နန်ရှန်းနဲ့ ရှန်ချူတို့ရဲ့ ကိစ္စနဲ့ ပက်သက်ပြီးတော့လေ…”
“ငါအရမ်းလွန်သွားတယ်လို့ နင်ပြောချင်နေတာလား” ရန်ကိုင်က ကြားဖြတ်ပြောလိုက်တယ်။
ချူရီမန်က အသာအယာလေး ခေါင်းပြန်ညိတ် ပြလိုက်ပြီး အမှန်ကို ပြောလိုက်တယ် “သူတို့တွေက ပထမအဆင့် အင်အားစုတွေက အနာဂတ် မိသားစု ခေါင်းဆောင်တွေလေ။ နင်သူတို့တွေကို သတ်လိုက်တာက တဇွတ်ထိုးနိုင်သွားတယ်လို့ ပြောလို့ရတယ်။ နင်ဘယ်လို အဆုံးသတ်လိမ့်မယ်လို့ နင်တွေးခဲ့လား။ မိသားစုနှစ်ခုက ဒီအတိုင်း ငြိမ်နေမယ်လို့ နင်ထင်နေတာလား”
“သူတို့ ငြိမ်နေမှာမဟုတ်ဘူး” ရန်ကိုင် ခေါင်းခါလိုက်တယ်။ ရှန်ချူနဲ့ နန်ရှန်းကို သတ်ရင် အခုလိုမျိုး ဖြစ်လာလိမ့်မယ်မှန်း သူသိပါတယ်။ ဒါပေမယ့် ရအောင်ကို သတ်ခဲ့ပါတယ်။
“သူတို့ ငါ့ကို တိုက်ခိုက်မှာ မဟုတ်ဘူး” ရန်ကိုင်က ရယ်မောလိုက်ပြီး “သူတို့ တိုက်ခိုက်ရဲရင် သူတို့ရဲ့ သတ္တိကို ငါတကယ် လေးစားမိလိမ့်မယ်။ ဒါပေမယ့် သူတို့ တိုက်ခိုက်ရဲမှာ မဟုတ်ဘူး”
ရန်မိသားစုကို ဘေးဖယ်ထားရင်တောင် ရန်ကိုင်စံအိမ်ရှိ အင်အားစုတွေနဲ့တင် သူတို့နဲ့ ပြိုင်လို့ ရနေပါပြီ။ ရန်ကိုင် စုစည်းထားတဲ့ အင်အားစုတွေရဲ့ ခွန်အားက ပထမအဆင့် အင်အားစုတစ်ခုအောက် နိမ့်ကျမနေခဲ့ပါဘူး။
သွေးစစ်သည်တော် ရှစ်ယောက်၊ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် တစ်ယောက်၊ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် နှစ်ယောက်… မိသားစုနှစ်ခုက သူတို့ရဲ့ သေဆုံးသွားတဲ့ ဆက်ခံသူတွေအတွက် မကျေမနပ် ဖြစ်နေရင်တောင် သူတို့ လုပ်နိုင်မှာလား၊ မလုပ်နိုင်ဘူးလား ဆိုတာကို အရင်ပြန်စဉ်းစား ရပါဦးမယ်။
“နင်…” ချူရီမန်က ရန်ကိုင်ကို မုန်းလည်းမုန်း၊ ချစ်လည်းချစ်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်ကာ “ဒါပေမယ့် အမှန်အတိုင်း ပြောရမယ်ဆိုရင် ရှန်ချူနဲ့ နန်ရှန်းကို နင်သတ်လိုက်တုန်းက ငါတော်တော်လေး လန်းဆန်းသွားတယ်၊ သိလား။ အဲ့နှစ်ကောင်က အရမ်းကို ကောက်ကျစ်ပြီး အောက်တန်းကျလွန်းတယ်။ ပြီးတော့ သူတို့တွေက မိသားစုကြီး နှစ်ခုရဲ့ ဆက်ခံသူတွေ”
ရန်ကိုင်က နှာခေါင်းရှုံ့လိုက်တယ် “ဒီလိုလူမျိုးတွေက ငါမသတ်ရင်တောင် အခြားတစ်ယောက်သတ်လို့ သေမယ့် လူတွေပဲ”
“အို၊ အဲ့ဒါကို ငါပြောတာ။ ဒါပေမယ့် ပြဿနာက မိသားစုကြီး နှစ်ခုက ဒီအတိုင်း ငြိမ်နေမှာ မဟုတ်တာပဲ။ ရန်မိသားစု အမွေခံတိုက်ပွဲမှာ ပထမအဆင့် အင်အားစုရဲ့ ဆက်ခံသူတစ်ယောက် တစ်ခါမှ မသေဆုံးခဲ့ဖူးတဲ့အတွက် အခု အမွေခံတိုက်ပွဲမှာ ပါဝင်နေတဲ့သခင်လေးတွေ အကုန်လုံး ဖိအားခံစားနေရပြီ။ ရန်မိသားစုလို မောက်မာ အထက်စီးဆန်တဲ့ မိသားစုတောင် နင့်ကို ကာကွယ် ပေးလိမ့်မှာ မဟုတ်ဘူး”
“ဒီကိစ္စနဲ့ပက်သက်ပြီး ငါနားလည်တယ်”
ချူရီမန်က လေးနက်တည်ကြည်တဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ် “ငါသာ သူတို့ဆိုရင် အခွင့်အရေး တစ်ခုကို စောင့်ပြီး နင်နိမ့်ကျနေတဲ့အချိန် တစ်ခါတည်း အပြတ်ဖြတ်ပစ်လိုက်မှာ။ ဒါပေမယ့် နင်နိမ့်ကျသွားမယ့် အချိန်ကော ရှိလို့လား”
“ပြောလို့မရဘူး” ရန်ကိုင် ခေါင်းခါရမ်းလိုက်တယ်။
ချူရီမန်က ရန်ကိုင် မျက်ဝန်းတည့်တည့်ဆီ စိုက်ကြည့်လိုက်ပြီး ညင်ညင်သာသာဖြင့် ပြောလိုက်တယ် “ငါတို့နှစ်ယောက်စလုံး ပြသနာတစ်ခုတည်းကို စိုးရိမ်နေတာနဲ့ တူတယ်”
ရန်ကိုင်က အသာအယာလေး ပြုံးကာ “မိန်းမလှတွေက တော်လွန်း၊ ထက်လွန်းနေရင် ချစ်ဖို့ မကောင်းတော့ဘူး”
“အဲ့လိုဆိုရင်၊ နင်က တုံးအတဲ့ မိန်းမတွေကို ကြိုက်တာပေါ့” ချူရီမန်က မတ်တပ်ရပ်ကာ လှည့်ပြော လိုက်တယ် “ရှောင်မန်က တုံးအတယ်လေ၊ နင်သူ့ကို မကြိုက်ဘူးလား”
“ကြိုက်တာပေါ့ဟ၊ သူမရင်ဘတ်က ယုန်နှစ်ကောင်က အကြီးကြီးပဲ၊ ဆွဲညစ်ချင်စရာကြီး။ သူ့ပေါက်စီနှစ်လုံးက နင့်ထက် အများကြီးပိုကြီးတယ်” ရန်ကိုင်က အကြည့်လွှဲဖယ်ခြင်း ချူရီမန်ရဲ့ ရင်ဘတ်တည့်တည့်ကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။ မေးစေ့ကို လက်နဲ့ ပွတ်သပ်ရင်း အတွေးထဲမျောနေတဲ့ ပုံစံနဲ့ ပြန်ပြောလိုက်တယ် “ငါ့ခေါင်းကိုသာ အဲ့ပေါက်စီ နှစ်လုံးကြား ထည့်နှစ်ထားလိုက်ရင် အသက်ရှုကြပ် သေသွားမလား မသိဘူး”
ချူရီမန်ရဲ့ မျက်နှာလေး ငရုတ်သီးနီတစ်တောင့်လို ရဲရဲနီသွားခဲ့ပြီး ရင်ဘတ်ကို လက်နဲ့အုပ်ကာလိုက်ရင် အော်လိုက်တယ် “အာ့”
ဒါပေမယ့် ရန်ကိုင်က ဘယ်လိုမှ မတုန့်ပြန်ခဲ့ပါဘူး။ သူ့အမူအရာက ပိုပြီး လေးနက်လာခဲ့ပြီး ခေါင်းစဉ် ပြောင်းလိုက်တယ် “ဒီတစ်ကြိမ်၊ ငါအင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်တာ ဒီလိုမျိုး အဖြစ်အပျက်ကို ဖြစ်စေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
“နင်အရမ်း ဂရုမဲ့လွန်းတယ်” ချူရီမန်က ခါးခါးသီးသီး ပြုံးလိုက်တယ်။ သူမနဲ့ ရန်ကိုင်က ဒီကိစ္စနဲ့ပက်သက်ပြီး တော်တော်လေး စိတ်ပူနေခဲ့တာပါ။
မိသားစုကြီး ရှစ်ခုနဲ့ မိစ္ဆာကျင့်ကြံသူတွေက ရေနဲ့ မီးလိုပါပဲ။ ရန်ကိုင်ရဲ့ စွမ်းအားက သူတို့တွေကို မနာလို အားကျစေနိုင်သလို ကြောက်လည်း ကြောက်ရွံ့ စေနိုင်ပါတယ်။ မိသားစုကြီးရှစ်ခုမှ မိစ္ဆာကျင့်စဉ်ကို လေ့ကျင့်တဲ့ လူတွေအကုန်လုံး အဖျက်စီးခံရရင်ရ၊ အဖျက်စီးမခံရရင် စွန့်ပစ်ခံကြရပါတယ်။ ဒီတစ်ကြိမ် လင်းတိုင်ရှုကျေးဇူးကြောင့် ရန်ကိုင် အသက်ရှင် နိုင်ခဲ့ပါတယ်။
“ငါလည်း မတတ်နိုင်ဘူး” ရန်ကိုင် ခေါင်းခါရမ်းလိုက်ပြီး “ဒီလောကကြီးမှာ ထိုးဖောက်မရတဲ့ တံတိုင်းမှ မရှိတာ”
သူ့စွမ်းအားကို ဒီလောက်ကြာအောင် ဖုံးကွယ် ထားနိုင်တာနဲ့တင် ရန်ကိုင် တော်တော်လေး ကျေနပ်နေပါပြီ။ ထိုအချိန်တုန်းက အခြေအနေရ နတ်ဆိုးအသွင်ပြောင်းလဲကို အသုံးမပြုရင်တောင် အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ချိုးဖျက်တာနဲ့ ရွှေရောင်အရိုးခြောက်ထဲ စွမ်းအင်တွေက အထိန်းအကွပ်မရှိ လွတ်ထွက်လာမှာပါ။ အဲ့အချိန်ကျ ထိုလူရှစ်ယောက် စလုံး သတိပြုမိဦးမှာပါပဲ။