အခန်း (၅၃၆-၅၄၀)
Vol. 22 Ch. 536-540
အပိုင်း(၅၃၆) ခင်ဗျားလည်းလွတ်လပ်သွားခဲ့ပြီ
“အင်မော်တယ် တက်လှမ်းခြင်း အဆင့် ရောက်တဲ့ တစ်နေ့ နင့်ကိုလွှတ်ပေးမယ်လို့ ငါပြောခဲ့တယ်လေ” ရန်ကိုင်က နန်ရှန်းရဲ့ သင်္ကာမကင်းဖြစ်နေတဲ့ မျက်နှာကို ကြည့်ရင်း ခင်မင်ရင်းနှီးစွာဖြင့် ရယ်မောလိုက်ပြီး “အခု ငါ့ကတိကို ဖြည့်ဆည်းပေးရမယ့် အချိန်ပဲ”
လန်ရှန်း မျက်ဝန်းအစုံ မျှော်လင့်ချက် အရိပ်အယောင် တို့ဖြင့် တလက်လက် တောက်ပသွားခဲ့တယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ် သီးခြားကမ္ဘာထဲ အတွေ့အကြုံ ရှာထွက်တုန်းက ရန်ကိုင်က သူ့ဝိဥာဉ် အမှတ်အသား တစ်ခုကို သူမနဲ့ကျိမိုတို့ရဲ့ ဝိဥာဉ်အပေါ် ရိုက်နှိပ်ထားခဲ့ပါတယ်။ ထိုအချိန်တုန်းက သူမနဲ့ ကျိမို နှစ်ယောက်စလုံး ရန်ကိုင် ထိန်းချုပ်မှုကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမယ့် အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရ ပြီးနောက် ရန်ကိုင်အပေါ် သူမသဘောထားက တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။
နောက်ပိုင်း မိစ္ဆာလိုဏ်ဂူ၌ ပြန်တွေ့တဲ့အခါ ရန်ကိုင်က သူမနဲ့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေကို ကယ်တင်ပေးခဲ့ပါတယ်။ ထိုအချိန်ကတည်းကစပြီး ရန်ကိုင် အပေါ် သူမရဲ့ သဘောထား လုံးဝ ပြောင်းလဲသွားခဲ့ရတာပါ။
အမွေခံတိုက်ပွဲစနေပြီဆိုတဲ့ သတင်း ကြားလိုက်တာနဲ့ ရန်ကိုင်အပေါ် အကြွေးတင်ခဲ့တဲ့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေကိုခေါ်ပြီး အကြီးအကဲတွေရဲ့ အမိန့်ကို ဖီဆန်ကာ စစ်ပွဲမြို့တော်ဆီ ခရီးနှင်ခဲ့ကြပါတယ်။
ဒါပေမယ့် ရန်ကိုင် ဝိဥာဉ်အမှတ်အသား ကိစ္စကို သူမ ဂရုမစိုက်တော့ပါဘူး။ တကယ်တော့ သူမသူ့ကို ဆန့်ကျင်ဖို့ ကြိုးစားခဲ့တုန်းက တစ်ခါကလွဲလို့ ရန်ကိုင်က ထိုဝိဥာဉ် အမှတ်အသားကို သုံးပြီး သူမအား ဒုက္ခပေးဖို့ တစ်ခါမှ မကြိုးစားခဲ့ပါဘူး။
ဒါပေမယ့် ရန်ကိုင်က ထိုဝိဥာဉ် အမှတ်အသားကို ဖယ်ပေးတော့မယ်လို့ ပြောတော့ လန်ရှန်း ပျော်သွားမိ ခဲ့ပါတယ်။
ဒီလူက ပြောတဲ့အတိုင်း လုပ်တဲ့လူပဲ။
ရန်ကိုင် အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။ လန်ရှန်းလည်း သူ့ရှေ့ ထိုင်ချလိုက်တယ်။
“စိတ်လျှော့ထားလိုက်” သူမ မျက်နှာထက်က စိုးရိမ်နေသည့် အမူအရာကို မြင်တွေ့လိုက်တာနဲ့ ရန်ကိုင်က ယဲ့ယဲ့လေး ရယ်မောလိုက်ရင်း ပြောလိုက်တယ်။
ထို့နောက် အားကောင်းတဲ့ ကောင်းကင်စိတ်အာရုံ တစ်ခုက လန်ရှန်းစိတ်ထဲ တိုးဝင်လာခဲ့တယ်။
အခုအချိန်၌ လန်ရှန်းက အစစ်အမှန်ဒြပ်စင်အဆင့်၉ ကျင့်ကြံသူတစ်ယောက်ပဲ ရှိပါသေးတယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်ပြီး အသိစိတ်ပင်ယ်ကို မဖွင့်လှစ်ရသေးပေမယ့် သက်ရှိသတ္တဝါဖြစ်တာနဲ့အညီ သူမမှာ ဝိဥာဉ်ရှိပါတယ်။
သူ့ရဲ့ အားကောင်းတဲ့ ကောင်းကင်စိတ်အာရုံက လန်ရှန်း စိတ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့တယ်။ သူ့ရဲ့ ဝိဥာဉ်စွမ်းအင်နဲ့ တူညီတဲ့ စွမ်းအင်လှိုင်းတွေ ရန်ကိုင် ရုတ်တရက် အာရုံခံမိလိုက်တယ်။
ထိုအရာက လွန်ခဲ့တဲ့နှစ်တွေတုန်းက ရန်ကိုင်စိတ်ထဲ ခတ်နှိပ်ခဲ့တဲ့ သူ့ရဲ့ ဝိဥာဉ်အမှတ်အသားပါ။
ရန်ကိုင်က သူ့ရဲ့ စိတ်စွမ်းအင်ကို သေသေချာချာ ထုတ်ယူလိုက်ပြီး ကောင်းကင်စိတ်အာရုံထဲ ဖြည့်သွင်း လိုက်တယ်။
ဒီဖြစ်စဉ်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ရောက်နေတဲ့ ရန်ကိုင်အတွက်တော့ အရမ်းမခက်ခဲ လှပါဘူး။
လက်ဖက်ရည် ခွက်တစ်ဝက်စာလောက် ကြာပြီးတဲ့ အချိန်၌ ရန်ကိုင်က သူ့ရဲ့ ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်လိုက်ပြီး ပြုံးကာ ပြောလိုက်တယ် “ပြီးသွားပြီ”
လန်ရှန်း ဖြည်းဖြည်းချင်း မျက်တောင် ခတ်လိုက်ရင်း ရန်ကိုင်ကို ကြည့်လိုက်တယ်။
ကိုယ်ပိုင်လွတ်လပ်မှု ပြန်ရလိုက်တာက တကယ်ကို ပျော်ရွှင်စရာ ကိစ္စတစ်ခုပါ၊ ရန်ကိုင်ရဲ့ ဝေဝါးပါးလျလွန်းတဲ့ တည်ရှိမှုက သူမနား တည်ရှိနေတယ်လို့ အချိန်အတော် ကြာအောင် ခံစားလာခဲ့ရပြီးနောက် အခုအချိန်၌ သူမစိတ်ထဲ တစ်ခုခု လစ်ဟာနေသလိုမျိုး လန်ရှန်း ခံစားနေခဲ့ရတယ်။ သူမမှာ အနည်းငယ် အနေရခက်နေခဲ့ပါတယ်။
“ကျေးဇူးပါ” လန်ရှန်းက ခပ်မြန်မြန်ပဲ အသိပြန် ဝင်လာခဲ့ပြီး မတ်တပ်ရပ်လိုက်ကာ ရန်ကိုင်ကို ကျေးဇူးတင် စကားဆိုလိုက်တယ်။
အခုအချိန်ကစပြီး သူမနဲ့ ရန်ကိုင်တို့ ဆက်စပ်ခြင်း မရှိတော့ပါဘူး။ အမွေခံတိုက်ပွဲပြီးတာနဲ့ သူမရဲ့ ဂိုဏ်းသား တွေနဲ့အတူ တစ္ဆေဘုရင်တောင်ကြားဆီ ပြန်ပြီး ဗဟိုမြို့တော်နဲ့ စစ်ပွဲမြို့တော်ဆီ ဘယ်တော့မှ နောက်တစ်ကြိမ် ခြေချတော့မှာ မဟုတ်ပါဘူး။
“ငါလုပ်သင့်တာပဲလေ” ရန်ကိုင် အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။
လန်ရှန်း မဲ့ပြုံးပြုံးလိုက်ပြီး ခေါင်းပြန်ညိတ်ပြလိုက်ကာ အခန်းထဲကနေ ထွက်သွားလိုက်တယ်။
ခန်းမအဘက်၌ ရှိနေသည့် နတ်ဆိုးအိုကြီး ရယ်မောလိုက်ပြီး “လန်မိန်းကလေး၊ ဂုဏ်ယူပါတယ်”
ဒါပေမယ့် လန်ရှန်းကတော့ သူ့ကို အေးစက်စက် အကြည့်နဲ့ ပြန်စိုက်ကြည့်လိုက်တယ်။ သူမရဲ့ အမူအရာကြောင့် နတ်ဆိုးအိုကြီး စိတ်ရှုပ်သွားခဲ့ရတယ်။ သူ့စိတ်ထဲမှာလည်း ‘ငါ ဒီမိန်းကလေးကို ဘယ်တုန်းကများ ရန်စမိလိုက်လို့လဲ’ လို့ တွေးတောနေခဲ့ပါတယ်။
“နတ်ဆိုးအိုကြီး ဝင်လာခဲ့” ရန်ကိုင်က အခန်းထဲကနေ ရုတ်တရက် အော်ခေါ်လိုက်တယ်။
နတ်ဆိုးအိုကြီးလည်း အခန်းထဲ အလျင်စလို ပြေးဝင်သွားလိုက်ပြီး မေးလိုက်တယ် “သခင်လေး အခြား ဘာများ ညွှန်ကြားစရာ ရှိသေးလို့လဲ”
“ထိုင်လိုက်”
“အာ…” နတ်ဆိုးအိုကြီး ထိတ်လန့်တုန်လှုပ် သွားခဲ့ပြီး ရန်ကိုင် ဘာလုပ်ဖို့ စီစဉ်နေလဲ ဆိုတာကို ရုတ်တရက် နားလည်လိုက်တယ်။ ဖုံးဖိမရနိုင်သည့် စိတ်လှုပ်ရားတဲ့ အရိပ်အယောင်တို့ သူ့မျက်နှာထက် လျှံတက်လာခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ စပြောလိုက်တယ် “သခင်လေး…”
“ထိုင်ဆိုထိုင်လိုက်၊ စကားကြော ရှည်မနေနဲ့တော့”
နတ်ဆိုးအိုကြီးလည်း နာနာခံခံနဲ့ ရန်ကိုင်ရှေ့ ထိုင်ချ လိုက်တယ်။ သူ့ကိုယ်သူ အကောင်းဆုံး တည်ငြိမ်အောင် လုပ်ရင်း နောက်ဖြစ်ပျက်လာမယ့် အရာကို စောင့်ဆိုင်း နေခဲ့တယ်။
“ခင်ဗျားရဲ့ အသိစိတ်ပင်လယ် အကာအကွယ်ကို ဖြေလျော့ထားလိုက်” ရန်ကိုင်က မတိုးမကျယ်လေသံနဲ့ ပြောလိုက်တယ်။
နတ်ဆိုးအိုကြီးလည်း ပြောတဲ့အတိုင်း ခပ်မြန်မြန်ပဲ လုပ်လိုက်တယ်။
ထို့နောက် ရန်ကိုင်ရဲ့ ကောင်းကင်စိတ်အာရုံက နတ်ဆိုးအိုကြီးရဲ့ အသိစိတ်ပင်လယ်ထဲ တိုးဝင်သွားခဲ့ပြီး သူ့ရဲ့ စိတ်စွမ်းအင် အမှတ်အသားကို စတင် ရှာဖွေ ပါတော့တယ်။
တစ်ခဏကြာပြီးနောက် ရန်ကိုင်နဲ့ နတ်ဆိုးအိုကြီးတို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်း မျက်တောင် ခတ်လိုက် ကြတယ်။ ရန်ကိုင်က နတ်ဆိုးအိုကြီး ထူထူးဆန်းဆန်နဲ့ စိုက်ကြည့်နေခဲ့တယ်။
“ဟဲ ဟဲ…” ရန်ကိုင်က သွားပေါ်အောင်ပြုံးလိုက်ရင်း နတ်ဆိုးအိုကြီးကို စိုက်ကြည့်ကာ “ကြည့်ရတာ မယုံနိုင်စရာ တစ်ခုခုကို ငါမြင်ခဲ့လိုက်ရတဲ့ပုံပဲ”
နတ်ဆိုးအိုကြီးရဲ့ အသိစိတ်ပင်လယ်ထဲ တိုးဝင်သွားခဲ့ တုန်းက သူပထမဆုံး မြင်လိုက်ရတာက သွေပင်လယ်ကြီးပါ။
နတ်ဆိုးအိုကြီးရဲ့ အသိစိတ်ပင်လယ် တစ်ခုလုံး သွေးတွေနဲ့ ပြည့်နေခဲ့ပြီး အားကောင်းလှတဲ့ နတ်ဆိုး စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေခဲ့ပါတယ်။
သူ့အသိစိတ်ပင်လယ်ထဲ စူးစမ်းနေတုန်း နတ်ဆိုးအိုကြီးရဲ့ အတိတ်မှတ်ဥာဏ်အချို့ကို သူဖတ်မိ ခဲ့ပါတယ်။ သူ့ဆီကနေ လွတ်မြောက်ဖို့ကြိုးစားပြီး သူ့ကို လက်စားပြန်ချေချင်တဲ့ စိတ်ဆန္ဒတွေကိုပါ သူတွေ့ရှိ ခဲ့ရပါတယ်။
ဒါပေမယ့် အားလုံးမှာ ကိုယ်ပိုင်အတွေးတွေနဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာ ဖြစ်တဲ့အတွက် ရန်ကိုင်လည်း တစ်ဖက်သူရဲ့ လျှို့ဝှက်ချက်တွေကို အများကြီး မလေ့လာ ရဲခဲ့ပါဘူး။ တော်ကြာ မမြင်တာကောင်းတဲ့ အရာတစ်ခုခုကို မြင်လိုက်ရမှဖြင့်၊ သူ့ရဲ့ ကောင်းကင်စိတ်အာရုံ အမှတ်အသားကို ရှာတွေ့လိုက်တာ ပြန်ယူလိုက်ပြီး အလျင်စလို ပြန်ထွက်လာလိုက်တယ်။
နတ်ဆိုးအိုကြီး အမူအရာ ဖြူလျော်သွားခဲ့ပြီး “သခင်လေး၊ ဒေါသထိန်းပါဦး။ အဲ့အတွေးတွေက အစေခံအိုကြီး ဟိုးအရင်တုန်းက တွေးခဲ့ဖူးတဲ့ အတွေးတွေပါ။ အခု အစေခံအိုကြီးက သခင်လေးကို လုံးဝ သစ္စာရှိနေပါပြီ။ ကမ္ဘာကြီးပျက်စီးပြီး၊ နေနဲ့လ ပျောက်ကွယ် သွားရင်တောင် ဒီအစေခံအိုကြီးက သခင်လေးကို သစ္စာရှိနေ မှာပါ”
“ကောင်းပြီ၊ ကောင်းပြီ” ရန်ကိုင် မတ်တပ်ရပ်လိုက်ပြီး သူ့လက်ကို ဝှေ့ရမ်းလိုက်ကာ “ကျုပ်ကို မျက်နှာချိုသွေးဖို့ လုပ်မနေတော့နဲ့။ ကျုပ်သာ ခင်ဗျားကို မယုံရင် အစကတည်းက လွှတ်ပေးဖို့ စဉ်းစားခဲ့မှာ မဟုတ်ဘူး”
“သခင်လေးက ကြင်နာမှု အရှိဆုံးလူပါပဲ” နတ်ဆိုးအိုကြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်ပြီး “ဒီနေ့ကစပြီး နတ်ဆိုးအိုကြီးက သခင်လေးကို အပြည့်အဝ သစ္စာရှိရှိ ထောက်ပံ့သွားမယ်လို့ ကျိန်ဆိုပါတယ်”
ရန်ကိုင်က အသာအယာလေး ခေါင်းပြန်ညိတ်ပြ လိုက်ပြီး ဘာမှထပ်ပြောမနေတော့ပါဘူး။
နတ်ဆိုးအိုကြီးက ချက်ချင်း ထထွက်မသွားပါဘူး။ အဲ့အစား လက်နှစ်ဖက်ကို ပွတ်သပ်နေရင်း တစ်ခုခုကို ပြောဖို့ လုပ်နေတဲ့ပုံပါပဲ။
ရန်ကိုင်လည်း ထိုအခြင်းအရာကို သတိပြုမိလိုက်ပြီး နတ်ဆိုးအိုကြီး ပြောလာမှာကို စောင့်ဆိုင်းနေခဲ့တယ်။
“သခင်လေး၊ အရင်တုန်းက သခင်လေးကို စိတ်ဆိုးအောင် လုပ်မိခဲ့တာတွေကို အသိပေးရဦးမယ်” နတ်ဆိုးအိုကြီးက စိုးရိမ်တကြီးနဲ့ ပြောလိုက်တယ်။
“ခင်ဗျားရဲ့ အရင်အတွေးတွေ ကိစ္စဆိုရင် ဆက်ပြော နေစရာ မလိုတော့ဘူး”
“မဟုတ်ဘူး၊ အခြားတစ်ခု” နတ်ဆိုးအိုကြီးက ရှက်ရှက်နဲ့ ခေါင်းခါရမ်းလိုက်ပြီး “သခင်လေး အခြား သူတွေကို ထိန်းချုပ်တဲ့ နည်းလမ်းနဲ့ ပက်သက်ပြီး ပြောမလို့ပါ”
“ခင်ဗျားရဲ့ နည်းလမ်းကို ပြောချင်တာလား”
“ဟုတ်တယ်၊ ဟုတ်တယ်၊ အစေခံအိုကြီးရဲ့ နည်းလမ်းတွေကို ပြောချင်တာ” နတ်ဆိုးအိုကြီးက ခေါင်းညိတ်ပြလိုက်တယ်။ သူကိုယ်တိုင်ဖြစ်စေ၊ လန်ရှန်း ဖြစ်စေ၊ ကျိမိုဖြစ်စေ၊ နတ်ဆိုးအိုကြီး အကြံပေးခဲ့လို့ပဲ သူတို့တွေကို ရန်ကိုင် ထိန်းချုပ်နိုင်ခဲ့တာပါ။
ထိုအချိန်တုန်းက ရန်ကိုင်က ကောင်းကင်စိတ်အာရုံ တစ်မျှင်ကိုသာ ပေးခဲ့ပြီး ကျန်တဲ့ကိစ္စတွေ အကုန်လုံးကို နတ်ဆိုးအိုကြီးက လုပ်သွားခဲ့တာပါ။
ထိုအချိန်တုန်းက ရန်ကိုင်ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းကို နိမ့်ကျလွန်းနေခဲ့တဲ့အတွက် သူ့စိတ်စွမ်းအင်ကို သုံးပြီး အခြားသူတွေရဲ့ ဝိဥာဉ်အပေါ် အမှတ်အသား မရိုက်နှိပ် နိုင်ခဲ့ပါဘူး။
“အစေခံအိုကြီး ပြောချင်တာက… ဒီနည်းလမ်းက အားသာချက်ရော၊ အားနည်းချက်တွေရော ရှိတယ်လို့” နတ်ဆိုအိုကြီး ရန်ကိုင်ဆီကို တစ်ချက်ချောင်းကြည့်လိုက်ပြီး ရန်ကိုင် အမူအရာက ပုံမှန်အတိုင်းပဲ ရှိနေတာကို မြင်မှာ စိတ်သက်သာရာ ရသွားခဲ့ပြီး ခပ်မြန်မြန်ပဲ ဆက်ပြော လိုက်တယ် “အကြီးမားဆုံး အားသာချက်က ဒီနည်းလမ်းက အသုံးပြုဖို့ လွယ်ကူတာပဲ။ သခင်လေးလည်း နားလည် လောက်မှာပေါ့။ အစေခံအိုကြီးရဲ့ အကူအညီနဲ့ ကောင်းကင် စိတ်အာရုံကို တစ်မျှင်သုံးလိုက်ရုံနဲ့တင် အခြားသူတွေကို ထိန်းချုပ်လို့ ရတယ်လေ”
“ပြီးတော့ ဘေးထွက်ဆိုးကျိုးကကော” ဒီအချက်ကို နတ်ဆိုးအိုကြီး တစ်ခါမှ မပြောခဲ့ဖူးမှန်း ရန်ကိုင် စဉ်းစားမိလိုက်တယ်။
နတ်ဆိုးအိုကြီးက ကိုးယိုးကားယား အမူအရာနဲ့ ခေါင်းကုတ်လိုက်ပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ် နေပြီးနောက် “ဒီနည်းလမ်းရဲ့ အားနည်းချက်က တစ်ယောက် ခံစားရတာနဲ့ အခြားတစ်ယောက်လည်း ခံစားရတာပဲ…”
“ရှင်းရှင်းပြော” ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့တယ်။
“ထိန်းချုပ်ခံထားရတဲ့လူရဲ့ ဝိဥာဉ် ဖျက်စီးခံလိုက်ရရင် သခင်လေးရဲ့ ဝိဥာဉ်လည်း ဒဏ်ရာရသွားနိုင်တယ်…” နတ်ဆိုးအိုကြီးက အံတင်းတင်းကြိတ်ပြီး ရှင်းပြလိုက်တယ်။
ရန်ကိုင် ကြောင်သွားခဲ့ပြီး အလျင်စလို ပြန်မေးလိုက်တယ် “ကျုပ်ရဲ့ ကောင်းကင်စိတ်အာရုံ အမျှင်တန်းက သူတို့ရဲ့ ဝိဥာဉ်နဲ့ပါ တစ်ခါတည်း ရောဖျက်စီး ခံလိုက်ရတာကြောင့်လား”
“အင်း၊ အမှန်ပဲ။ အစေခံအိုကြီးနဲ့ လန်မိန်းကလေးတို့ နှစ်ယောက်စလုံး တစ်ချိန်လုံး လုံခြုံနေခဲ့တာ ကံကောင်း သွားတယ်” နတ်ဆိုးအိုကြီးက သူ့နဖူးထက်က ချွေးအေးတွေ ကိုသုတ်လိုက်ပြီး ဆက်ပြောလိုက်တယ် “ဒါပေမယ့်… ဖြစ်နိုင်တာက… အဲ့မိန်းကလေး ကျိမိုသာ အန္တရာယ် တစ်ခုခု ကြုံတွေ့ခဲ့ရင်…”
နတ်ဆိုးအိုကြီး ဘာပြောချင်နေလဲ ဆိုတာကို နားလည် လိုက်တာနဲ့ ရန်ကိုင် ကြိတ်ရယ်လိုက်တယ်။
“သခင်လေး၊ ဒီကိစ္စက သခင်လေးကို စိတ်ပူစေတယ် ဆိုရင် အစေခံအိုကြီး တန်းလန်မင်းဆက်ဆီ ချက်ချင်း သွားလိုက်ပြီး အဲ့မိန်းကလေးကို ဒီနေရာဆီ ခေါ်လာ ခဲ့မယ်လေ” နတ်ဆိုးအိုကြီးက ခပ်မြန်မြန်ပဲ ပြောလိုက်တယ်။
“ခင်ဗျားမှာ အဲလိုလုပ်နိုင်လို့လား” ရန်ကိုင် နတ်ဆိုးအိုကြီး စိုက်ကြည့်ကာ ပြန်မေးလိုက်တယ်။
တန်းလန်မင်းဆက် ဟန်မင်းဆက်လောက် အားမကောင်းပေမယ့် ထိုနေရာမှာ စုဝေးနေတဲ့ ကျင့်ကြံသူတွေ အများကြီး ရှိနေပါသေးတယ်။ ကျိမိုတို့ ရှိနေတဲ့ ဆန်းလော့ဘုရားကျောင်းဆိုတာ တန်းလန်မင်းဆက်ရဲ့ မဟာအင်အားစုကြီး တစ်ခုပါ။ ထိုနေရာမှာ တစ်ယောက်ထက်မကတဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်များစွာ ရှိနေမှာ အသေအချာပါပဲ။
နတ်ဆိုးအိုကြီးရဲ့ ကျင့်ကြံခြင်းက အားကောင်းပြီး သူ့ရဲ့ နည်းလမ်းတွေက နက်နဲဆန်းကြယ်ပေမယ့် ဆန်းလော့ ဘုရားကျောင်းဆီကနေ လူတစ်ယောက်ကို လုယူဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။
နတ်ဆိုးအိုကြီးက ဒီနည်းလမ်းကို သူ့အား အရင်တုန်းက မပြောပြခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူက ဒီနည်းလမ်းကို သုံးပြီး လွတ်မြောက်ဖို့ ကြံရွယ်ထားလို့ပါ။ ဒါပေမယ့် နတ်ဆိုးအိုကြီးမှာ အဲ့လိုလုပ်ဖို့ ရည်ရွယ်ချက် မရှိတော့ပါဘူး။ နတ်ဆိုးအိုကြီး သူ့ကို အခုလိုမျိုး ပြောပြတာကို ကြည့်ရင် နတ်ဆိုးအိုကြီးရဲ့ သစ္စာရှိမှုကို သိမြင်နိုင်ပါတယ်။
ပြီးတော့ ရန်ကိုင်ရဲ့ အမြငအရ ဒီအားနည်းချက်က အရမ်းကြီးလည်း မဆိုးပါဘူး။
ကျိမိုသာ မသေသရွေ့ သူလည်း ဒဏ်ရာရမှာ မဟုတ်ပါဘူး။
“အဲ့ကိစ္စကို ထားလိုက်ဦး၊ နောက်မှရှင်းကြမယ်” ရန်ကိုင်က ပြောလိုက်တယ်။
“ဟုတ်ကဲ့ပါ” နတ်ဆိုးအိုကြီးက ကိုးယိုးကားယား အမူအရာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ကောင်းကင်စိတ်အာရုံက အခြားတစ်ယောက်ရဲ့ စိတ်ထဲ ရှိနေတဲ့ ကိစ္စက အခြားသူတွေ ဖြေရှင်းရမယ့် ကိစ္စမဟုတ်ပါဘူး။ အမွေခံတိုက်ပွဲ ပြီးတော့မှပဲ ကျိမိုကို သွားရှာပြီး ဒီကိစ္စကို ပြန်ဖြေရှင်း ရပါမယ်။
ထိုလက်ရဲဇက်ရဲ နိုင်တြ့ မိန်းကလေးအကြောင်း ပြန်တွေးမိ လိုက်တာနဲ့ ရန်ကိုင်အမူအရာ အနည်းငယ် ထူးဆန်းသွားခဲ့တယ်။
အဲ့တုန်းက ငါနဲ့သူ နီးနီးလေးပဲ…
ထိုအကြောင်းကို ပြန်စဉ်းစားမိလိုက်တာနဲ့ ရန်ကိုင် ခေါင်းသာ ခါရမ်းလိုက်တယ်။
……………..
နှစ်ရက်ကြာပြီး၊ မနက်ပိုင်းတစ်ခု၊ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရန်ကိုင်စံအိမ်ရှေ့သို့ ရောက်ရှိလာခဲ့တယ်။
အစောင့်တွေလည်း ထိုလူတွေ ရောက်လာတာကို ကပျာကယားနဲ့ ရန်ကိုင်ဆီ လာသတင်းပေးခဲ့တယ်။ ခဏကြာပြီးနောက် အဓိကခန်းမထဲ ရန်ကိုင် ရောက်ရှိ လာခဲ့တယ်။ ရောက်လာတာနဲ့ စားပွဲဝိုင်းမှာ ထိုင်နေကြတဲ့ ရန်မိသားစု အကြီးအကဲခန်းမက ခေါင်းဆောင် အကြီးအကဲ ရန်ကျန်းကို တွေ့လိုက်ရတယ်။
ရန်ကျန်းနဲ့ ရန်ကိုင် တစ်ခါမှ နှုတ်မဆက်ခဲ့ဖူးတဲ့ လူတွေပါ ပါလာခဲ့ပါတယ်။ ဒါပေမယ့် ထိုလူတွေ အားလုံးမှာ တူညီတဲ့အချက်တစ်ခု ရှိနေပါတယ်။ ထိုအချက်က အကုန်လုံး အရမ်းကို သန်မာကြတာပါပဲ။ တစ်ယောက်ချင်းစီ တိုင်းက အနည်းဆုံး အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်သို့ ရောက်ရှိနေခဲ့ကြပါတယ်။
ပညာရှင်၅ယောက်က တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတယ်။
မျက်မှောင်ကြုံ့ရင်း ရန်ကိုင် ရှေ့ထွက်လိုက်ပြီး လက်သီးဆုပ်ကာ ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက် လိုက်တယ် “အကြီးအကဲကျန်းကို နှုတ်ဆက်ပါတယ်”
ရန်ကျန်း အသာအယာလေး ခေါင်းပြန်ညိတ်ပြ လိုက်တယ်။ သူ့အမူအရာ တော်တော်လေး တည်ကြည် နေခဲ့ပါတယ်။
“အကြီးအကဲချန်း၊ ဒီလူတွေက…” ရန်ကိုင်က အခြား ထိုင်နေတဲ့လူတွေကို ကြည့်လိုက်ပြီး မေးလိုက်တယ်။
“ရန်မိသားစုက အကြီးအကဲတွေပဲ” ရန်ကျန်းက ရှင်းပြလိုက်တယ်။
ရန်မိသားစု အကြီးအကဲခန်းမထဲမှာ ရှိနေတဲ့ လူအိုကြီး တော်တော်များများကို ရန်ကိုင် တွေ့ခဲ့ပြီးသွားပါပြီ။ ထိုအကြီးအကဲတွေ အကုန်လုံးက ရန်မိသားစုအတွက် နှစ်ပေါင်းများစွာကြအောင် တာဝန်ထမ်းဆောင် လာခဲ့တာပါ။ အခု မီးစာကုန်တော့မယ့် အခြေအနေကို နီးကပ်လာနေတဲ့အတွက် အကြီးအကဲရာထူးပေးပြီး အကြီးအကဲခန်းမထဲ ထိုင်အနားယူစေခဲ့တာပါ။ ဟိုစစ၊ ဒီစစ ကိစ္စလေးတွေကလွဲလို့ သူတို့ရဲ့ အချိန်အများစုကို သိုင်းတာအိုအား လေ့လာရင်းနဲ့သာ ကုန်ဆုံးနေခဲ့ကြပါတယ်။
ဒါပေမယ့် ရန်မိသားစုရဲ့ အရေးကိစ္စတွေကို အဓိက ကိုင်တွယ်ဆောင်ရွက်တဲ့ အားကောင်းသန်မာလှတဲ့ အခြား အကြီးအကဲတွေ ရှိပါသေးတယ်။
သူ့ရှေ့မှာရှိနေတဲ့ အကြီးအကဲတွေက ထိုအကြီးအကဲ တွေပါ။
ထိုအချက်ကို နားလည်လိုက်တာနဲ့ သူတို့ တစ်ယောက် ချင်းစီကို ရန်ကိုင် အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။
ဒါပေမယ့် သူတို့ထဲက ဘယ်သူကမှ ပြန်ပြီး မတုန့်ပြန် ခဲ့ပါဘူး။ အထက်စီးဆန်ဆန် အမူအရာနဲ့ပဲ ထိုင်နေမြဲ ထိုင်နေခဲ့ကြတယ်။
ရန်ကိုင်လည်း ထိုလူတွေကို စိတ်ထဲမထားတော့ပါဘူး။ ရန်မိသားစုရဲ့ ခေါင်းကြီးပိုင်းတွေ အကုန်လုံးက ဒီလိုပါပဲ။ ကျန်တဲ့ မိသားစုကြီး ရှစ်ခုက အကြီးအကဲတွေလည်း ထိုနည်းလည်းကောင်းပါပဲ။
“ဒီလိုအချိန်မျိုးမှာ ကျုပ်အိမ်ကို အကြီးအကဲတွေ ဘာအကြောင်းကြောင့် ရောက်လာရလဲ ဆိုတာကို မေးလို့ ရမလား” ရန်ကိုင်က မေးလိုက်တယ်။ သူ့စိတ်ထဲ မကောင်းတဲ့ ခံစားချက်တို့ ရနေခဲ့ပါပြီ။
အရင်တစ်ခါတုန်းက သွေးစစ်သည်တော် ကိစ္စကြောင့် မိသားစုဆီ ဆင့်ခေါ်ခံခဲ့ရပါတယ်။ အခုတော့ အကြီးအကဲ တော်တော်များများက သူ့ဆီ ကိုယ်တိုင်ကိုယ်ကျ လာရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီတစ်ကြိမ် ကိစ္စက အရင်ကထက် ပိုပြီး လေးနက်အရေးကြီးမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။
“သိပြီးသားပဲကို ဘာလို့ မေးနေရသေးတာလဲ” ရန်ကျန်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်တယ် “မင်းက နန်နဲ့ ရှန်မိသားစုရဲ့ ဆက်ခံသူ နှစ်ယောက်ကို လူသောင်းကျော်ရှေ့မှာ သတ်ဖြတ်ခဲ့တာလေ။ ဒီလိုမျိုး ဥပဒေမဲ့တဲ့ လုပ်ရပ်မျိုး လုပ်ရအောင် မင်းကိုယ်မင်း ကောင်းကင်ထက်တောင် ပိုမြင့်တယ်လို့ ထင်နေတာလား”
“အဲ့ကိစ္စလား” ရန်ကိုင်က ရန်ကျန်းကို တစ်ခဏ ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် ရယ်မော လိုက်ကာ “အဲ့ကိစ္စလေးအတွက်နဲ့ အကြီးအကဲတွေ အများကြီး ရောက်လာရတယ်လို့ဗျာ၊ ကိန်းကြီးခန်းကြီး နိုင်လိုက်တာ၊ ဘာမဟုတ်တဲ့ ကိစ္စလေးကို ပုံကြီးချဲ့လို့”
“ပုံကြီးချဲ့တယ်၊ ဟုတ်လား” အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ လူကြီးက ရုတ်တရက် ထအော်ပြော လိုက်တယ် “သူတို့တွေက ပထမအဆင့် မိသားစုတွေရဲ့ ဆက်ခံသူတွေ၊ မင်းသတ်ချင်တိုင်း သတ်လို့ရတဲ့ လမ်းဘေးက ခွေးတွေ၊ ကြောင်တွေ မဟုတ်ဘူးကွ”
Martial Peak
အပိုင်း(၅၃၇) မင်းတကယ်ပဲ ဘာလုပ်ချင်နေတာလဲ
“ကျုပ်အတွက်တော့ အဲ့ကောင်တွေက လမ်းဘေးက ခွေးတွေ၊ ကြောင်တွေနဲ့ ဘာမှမခြားဘူး” ရန်ကိုင်က စကားပြောလိုက်တဲ့ လူဘက်လှည့်ပြီး လှောင်ပြုံးပြုံးရင်း ပြန်ပြောလိုက်တယ်။
“ရဲတင်းတယ်” ထိုလူကြီးက အေးစက်စက်နဲ့ နှာခေါင်း ရှုံ့လိုက်တယ်။ အခန်းထဲမှာ ရှိနေတဲ့ ကျန်တဲ့လူအားလုံး ကတော့ စိတ်ပျက်ပျက်နဲ့ ခေါင်းခါလိုက်ကြတယ်။
ဗဟိုမြို့တော်မှာ နေနေတယ်ဆိုပေမယ့် စစ်ပွဲမြို့တော်က အခြေအနေတွေကို အစဉ်မပြတ် အာရုံစိုက် နေခဲ့တာပါ။ ရန်ကိုင်ရဲ့ အရင်စွမ်းဆောင်မှုတွေကအရ မိသားစုခေါင်းဆောင် ရာထူးကို ဆက်ခံနိုင်ဖို့အတွက် အားကိုးရတဲ့ လူတစ်ယောက် ထွက်ပေါ်လာပြီလို့ အကြီးအကဲတွေ ထင်နေခဲ့ကြတာပါ။
ဒါပေမယ့် အခုလူချင်းတွေ့ပြီးတဲ့ အချိန်၌ ဒီကောင်စုတ်လေးက ကောင်းကင်ဘယ်လောက် မြင့်လဲ ဆိုတာကို မသိတဲ့ သွေးနားထင်ရောက်နေသည့် လူတစ်ယောက်သာ ဖြစ်ကြောင်း သူတို့တွေ့လိုက်ရတယ်။ ဒီကောင်စုတ်လေးက ဘယ်သူ့ကိုမှ မျက်လုံးထဲ မထည့်ပါဘူး။ သူ့ရဲ့ အပြုအမူက သူတို့တွေကို စိတ်ပျက် သွားစေခဲ့တာ အသေအချာပါပဲ။
ရန်မိသားစုရဲ့ ပင်ကိုယ်သဘာဝကကို မောက်မာပြီး အထက်စီးဆန်ပေမယ့် ပြဿနာကို မီးမောင်းထိုး လိုက်ရှာနေတဲ့ လူတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် ရန်ကိုင်က ပထမအဆင့် အင်အားစုနှစ်ခုရဲ့ ဆက်ခံသူ နှစ်ယောက်ကို သတ်လိုက်တာက သည်းခံနိုင်တဲ့ အတိုင်းအတာကို သွားကျော်လိုက်သလို ဖြစ်သွားခဲ့ပါပြီ။
ဒီအဖြစ်အပျက်ကြောင့် နောက်တစ်ကြိမ် အမွေခံတိုက်ပွဲ ကျင်းပတဲ့အခါက ဘယ်မိသားစုကများ သူတို့ရဲ့ အရေးပါတဲ့လူတွေကို စေလွှတ်ရဲပါတော့မလဲ။ မိသားစုကြီးတွေက သခင်လေး၊ သခင်မလေးတွေ အသက်အန္တရာယ် မရှိတဲ့အတွက်ကြောင့်သာ သူတို့တွေကို အမွေခံတိုက်ပွဲဆီ စေလွှတ်ရဲတာပါ။ တကယ်တော့ အမွေခံတိုက်ပွဲက သူတို့ရဲ့ ကိုယ်ရည်ကိုသွေးဖို့၊ အဆက်အသွယ်ကောင်းတွေ တည်ဆောက်ဖို့ အခွင့်အရေးကောင်းတစ်ခုလေ။
ဒါပေမယ့် ရန်ကိုင် ထိုအစဉ်အလာကို ချိုးဖျက်ခဲ့ပါတယ်။ ရန်မိသားစုက လက်သင့်ခံနိုင်လောက်တဲ့ ဖြေရှင်းချက်တစ်ခုကို မပေးခဲ့ရင် အခုကနေစပြီး အမွေခံတိုက်ပွဲကို လက်ခံကျင်းပနေတာက ဘာအကျိုးရှိတော့မှာလဲ။
“ရန်မိသားစု သခင်လေးဆိုတဲ့ အဆင့်အတန်းကို မှီခိုပြီး ပထမအဆင့် အင်အားစုနှစ်ခုရဲ့ ဆက်ခံသူနှစ်ယောက်ကို သတ်လိုက်တာက ကျန်တဲ့ အင်အားစုတွေ ကြောက်လန့် သွားစေခဲ့သလို ရန်မိသားစုကိုလည်း ကျဉ်းထဲကြပ်ထဲ ရောက်သွားစေခဲ့တယ်” အသက်၄၀လောက် ရှိမယ့် သက်လတ်ပိုင်း အမျိုးသမီးက ရန်ကိုင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်နေရင်း လေသံအက်အက်နဲ့ ပြောလိုက်တယ်။
ထိုမိန်းကမ ရုပ်မဆိုးပါဘူး။ သူမက သက်လတ်ပိုင်း အရွယ်ရောက်နေပြီ ဆိုပေမယ့် သူမပုံစံက တစ်မျိုးတစ်ဖုံ နှစ်လိုဖွယ်ကောင်းနေခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အသံအက်အက်ကြီးက အခြားသူတွေကို စိတ်မသက်မသာ ဖြစ်စေတာတော့ အမှန်ပါပဲ။
(ဒီစာစဉ်မှာ ရုပ်ဆိုးတဲ့ မိန်းမဆိုတာ တကယ်ကို မရှိတော့ဘူး…)
(တကယ်ကို လှပတဲ့လူတွေကတော့ အလှထွတ်ခေါင်၊ အလှဘုရင်မတွေပေါ့… သူက မဆိုဘူး၊ လှပါတယ် ဆိုတဲ့ လူတွေကတော့ ရုပ်ဆိုးတဲ့လူတွေပေါ့… ဒီလောကကြီးရဲ့ အလှအပအပေါ် စံသတ်မှတ်ချက်ပါ…)
“ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက် မဟုတ်ရင်တောင် သူတို့နှစ်ကောင်က ကျုပ်ကို ရန်စရဲမှတော့ သေရမယ့် ကံကြမ္မာကနေ ဘယ်လိုမှ ပြေးလွတ်မှာ မဟုတ်ဘူး” ရန်ကိုင် မျက်ဝန်းအစုံက ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်တို့ဖြင့် တလက်လက် တောက်ပသွားခဲ့တယ်။
အကြီးအကဲတွေ တော်တော်များများ ခေါင်းသာ ခါရမ်းလိုက်ကြတယ်။ သက်လတ်ပိုင်း မိန်းမကြီးက ရေရွတ်လိုက်တယ် “နင်က လုံးဝကို နောင်တမရဘူးပဲ။ အကြီးအကဲကျန်း၊ ဒီကိစ္စကို အကြီးအကဲဆီပဲ လက်လွှဲ လိုက်တော့မယ်”
ရန်ကျန်းက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “ရန်ကိုင်၊ ဒီတစ်ကြိမ်တော့ မင်းတော်တော်လေး များသွားတယ်။ မင်းက ငယ်ရွယ်ပြီး တဇွတ်ထိုး လုပ်တတ်တယ်။ ဒီလူအိုကြီးလည်း ငယ်ရွယ်တဲ့ အချိန်တုန်းက မင်းလိုမျိုးပဲ၊ ဒါကြောင့် မင်းကို အပြစ်မတင်ဘူး။ ဒါပေမယ့် ယောကျာ်းတစ်ယောက် အနေနဲ့ မင်းလုပ်ခဲ့တာတွေက တာဝန်ယူကို ယူရမယ်”
“အကြီးအကဲကျန်းက ဘယ်လိုမျိုး တာဝန်ယူစေချင်လို့လဲ” ရန်ကိုင် ပြန်ပြီး လှောင်ပြောင် လိုက်တယ် “မိသားစုနှစ်ခုက ကျုပ်အသက်နဲ့ ပြန်ပြီး ပေးဆပ်စေချင်တာလား”
ရန်ကျန်းက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ပဲ နန်နဲ့ရှန်မိသားစုက လူတွေ ဗဟိုမြို့တော်ဆီ ရောက်လာပြီး တန်ရာတန်ကြေး လာတောင်းတယ်”
“မိသားစုရဲ့ ရည်ရွယ်ချက်ကကော” ရန်ကိုင် နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့တယ်။
“မိသားစုက လက်သင့်မခံနိုင်တဲ့ တောင်းဆိုချက်ကို ဘယ်လိုလုပ်ပြီး လက်ခံမှာလဲ၊ ငြင်းလိုက်တာပေါ့” ရန်ကျန်းက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး “ကိုယ့်အဆင့် ကိုယ်မသိပဲ ငါတို့ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်ကိုများ လာတောင်းဆိုရဲတယ်၊ သူတို့တောင်းတိုင်း ပေးရအောင် ငါတို့က စောက်ရူးတွေမှ မဟုတ်တာ”
ရန်ကိုင်အမူအရာ နည်းနည်းလေးမှ ပြောင်းလဲ မသွားခဲ့ပါဘူး။ မိသားစုက ငြင်းဆန်လိုက်တာက သူ့ကို ကာကွယ်ချင်လို့ မဟုတ်ပါဘူး။ လက်ခံလိုက်ရင် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားနိုင်လို့ပါ။ ဒီအချက်နဲ့ ပက်သက်ပြီး ရန်ကိုင် ကောင်းကောင်း သိထားပါတယ်။
သူသာမဟုတ်၊ အခြား ရန်မိသားစု သခင်လေး တစ်ယောက်သာ အခုလိုလုပ်ရပ်မျိုး ကျူးလွန်ခဲ့ရင် မိသားစုက သူတို့ကို ကာကွယ်ပေးဦးမှာပါ။
ဒီတော့ ရန်ကိုင်အနေနဲ့ သွားပြီး ကျေးဇူးတင်စကား ပြောနေစရာ မလိုပါဘူး။
“ဒါပေမယ့် ဖြေရှင်းချက် တစ်ခုခုတော့ ပြန်ပေးရမှာပေါ့။ မဟုတ်ရင် မိသားစုရဲ့ ဂုဏ်သတင်း ပျက်စီးသွားနိုင်တယ်” ရန်ကျန်းက ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “မင်းအနေနဲ့ မိသားစုနှစ်ခုကို တောင်းပန်ရမယ်လို့ မိသားစုက အမိန့်ပေးလိုက်တယ်”
“တောင်းပန်ရမှာလား” ရန်ကိုင် မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့တယ်။
“အင်း”
“မတောင်းပန်ဘူးဆိုရင်ရော”
“ဒါက မိသားစုက အမိန့်ပဲ” အပြာရောင်ဝတ်ရုံနဲ့ လူကြီးက အော်ပြောလိုက်တယ် “မင်းငြင်းရဲလား”
“မိသားစုက အမိန့်ဖြစ်တော့ရော ဘာဖြစ်လဲ” ရန်ကိုင်က အေးစက်စက်နဲ့ ပြန်ပြီး လှောင်ပြောင်သရော် လိုက်တယ်။
“မောက်မာတဲ့ ကောင်စုတ်လေးပဲ” ထိုလူကြီးက ဒေါသတကြီး အော်ဟစ်လိုက်တယ် “မင်းက အထိန်းအကွပ်မဲ့ပြီး အကြီးတွေကို ရိုသေလေးစားမှု မရှိမှန်း ငါသိပေမယ့် ကောလဟာလတွေက အမှန်အတိုင်း ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ငါတို့ကိုယ်တိုင် ရောက်လာခဲ့တာက မင်းလို ဂျူနီယာတစ်ယောက်ကို မျက်နှာသာပေးရာ ရောက်နေပြီ။ မင်းက မီးနဲ့ကစား ချင်နေမှတော့ အလောင်ခံဖို ပြင်ထားသင့်တာပေါ့”
ပြောပြီးတာနဲ့ သူ့အရှိန်အဝါ ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင်ကို ဖိနှိပ်လိုက်တယ်။
ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ မရေမတွက်နိုင်တဲ့ အရမ်းကို အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံ တွေက ခန်းမတစ်ခုလုံး အရပ်ရှစ်မျက်နှာမှ လွှမ်းခြုံ လာခဲ့တယ်။
ခန်းမတစ်ခုလုံး တုန်ခါသွားခဲ့ပြီး ထိုအားကောင်းလှတဲ့ ဖိအားအောက်၌ ဖြည်းဖြည်းချင်း အက်လာခဲ့ရတယ်။
ထိုကြောက်မက်ဖွယ် ဖိအားအောက်၌ အပြာရောင် ဝတ်ရုံလူကြီး ထုတ်လွှတ်လိုက်တဲ့ ဖိအားက နေလာ နှင်းပျောက်ဆိုသလို ချက်ချင်း ပျောက်ကွယ် သွားခဲ့ရပါတယ်။
ခန်းမထဲမှာ ရှိနေတဲ့ ကျန်တဲ့ အကြီးအကဲတွေလည်း ဖြူလျော်သွားခဲ့တယ်။ ရန်ကိုင်စံအိမ်ထဲ အားကောင်းလှတဲ့ ပညာရှင်တွေ အများကြီးရှိနေတာကို သူတို့ ရုတ်တရက် ပြန်အမှတ်ရလိုက်တယ်။ ရန်ကိုင်က အားသုံးပြီး သွားဖိအားပေးဖို့ ကြိုးစားတာက မတောက်တခေါက် စွမ်းရည်နဲ့ ပညာရှင်ကြီးရှေ့ ဆရာသွားလုပ်နေတာနဲ့ အတူတူပါပဲ။
“အားလုံး ပြန်ဆုတ်လိုက်” ရန်ကိုင်က အော်ပြော လိုက်တယ်။
ထိုကြောက်မက်ဖွယ်ဖိအား ချက်ချင်း ပျောက်ကွယ် သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံ အားလုံးလည်း ပြန်လည် ပျောက်ကွယ်သွားခဲ့တယ်။
အပြာရောင်ဝတ်ရုံ အကြီးအကဲ နဖူးထက် ချွေးသီးတို့ဖြင့် စိုရွှဲနေခဲ့ပြီး ရှုပ်ထွေးသည့် အမူအရာဖြင့် ရန်ကိုင်အား စိုက်ကြည့်နေခဲ့တယ်။
သူက ရန်မိသားစုရဲ့ အကြီးအကဲ တစ်ယောက်ဖြစ်ပြီး စွမ်းအားကို လက်ဝယ် ကိုင်ဆောင်ထားနိုင်တဲ့ လူတစ်ယောက်ပါ။ သူအဆင့်အတန်းအရ၊ သူနဲ့ အဆင့်တူ စကားပြောနိုင်တဲ့လူဆိုလည်း နည်းနည်းလောက်ပဲ ရှိပါတယ်။ ရန်ကိုင်နဲ့ စကားပြောဖို့ စေလွှတ်ခြင်း ခံရတာက ဘာမမဟုတ်တဲ့ ကိစ္စလေးတစ်ခုပါလို့ တွေးနေခဲ့တာပါ။ အခုမှပဲ ဒီတာဝန်က အရမ်းကို အန္တရာယ်များတဲ့ တာဝန် တစ်ခုမှန်း သူတို့ သိလိုက်တယ်။
စံအိမ်ထဲ စုဝေးနေတဲ့ အမျိုးမျိုးသော ပညာရှင်တွေရဲ့ စိတ်ထဲရှိ ဒီကောင်စုတ်လေးရဲ့ အဆင့်အတန်းက တုဖက်ကင်းတဲ့ အဆင့်တစ်ခုအထိ ရောက်ရှိနေခဲ့ပါပြီ။
မိသားစုခေါင်းဆောင်က ဒီကောင်စုတ်လေးနဲ့ စကား ပြောဖို့အတွက် အကြီးအကဲတွေ အများကြီး စေလွှတ်လိုက်တာ အံ့ဩစရာ မဟုတ်တော့ပါဘူးလေ။ အစတုန်းကတော့ ရန်ရင်ဟောင်က ဘာမဟုတ်တဲ့ ကိစ္စလေးကို ဇာချဲ့နေတယ်လို့ ထင်နေခဲ့တာပါ။ ဒါပေမယ့် မိသားစုခေါင်းဆောင်က အခုလိုဖြစ်လာမယ်မှန်း ကြိုပြီး ခန့်မှန်းပြီးတဲ့ ပုံပါပဲ။
သူတစ်ယောက်တည်းသာ လာခဲ့ရင် မိသားစုအမိန့်ကို သယ်လာခဲ့ရင် ဒီကောင်စုတ်လေးက သူ့ကို လူကိုယ်တိုင် လက်ခံတွေ့ဆုံမှာတောင် မဟုတ်လောက်ပါဘူး။
“အကြီးအကဲနာမည် ဘယ်လိုခေါ်လဲ” ရန်ကိုင်က ထိုအကြီးအကဲကို စိုက်ကြည့်လိုက်ပြီး မေးလိုက်တယ်။
“ဝေ့ချင်”အပြာရောင်ဝတ်ရုံဝတ် အကြီးကဲက ရန်ကိုင် မေးလာတာကို ကြားလိုက်တာနဲ့ အလိုလို ပြန်ဖြေ မိလိုက်တယ်။ အသိပြန်ဝင်လာတာနဲ့ သူ့မျက်နှာ နီမြန်းသွားခဲ့ရတယ်။
ခန်းမထဲမှာ ရှိနေတဲ့ ကျန်တဲ့ အကြီးအကဲတွေ အကုန်လုံး မျက်လုံး မှေးစဉ်းလိုက်ကြတယ်။ ဝေ့ချင်ကို သူတို့ တော်တော်လေး အထင်သေးသွားခဲ့လေပြီ။
“အကြီးအကဲဝေ့…” ရန်ကိုင်က ရေရွတ်လိုက်တယ်။ သူ့မျက်ဝန်းထဲ အထင်သေးသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး အေးစက်စက်လေသံနဲ့ မှတ်ချက် ပေးလိုက်တယ် “ကျုပ်အိမ်ထဲမှာ ခွန်အားလာပြဖို့ မကြိုးစားနဲ့။ ခင်ဗျားသိတဲ့အတိုင်း ကျုပ်အိမ်ထဲ အန္တရာယ်များတဲ့ လူတွေ အများကြီးရှိနေတာ ဆိုတော့လေ”
ဂျူနီယာတစ်ယောက်ရဲ့ အထင်သေးခြင်း ခံလိုက်ရတဲ့ အတွက် ဝေ့ချင်အမူအရာ ရှုံ့မဲ့အရုပ်ဆိုးသွားခဲ့တယ်။
“တော်လောက်ပြီ” ရန်ကျန်းက မှုန်ကုပ်နေတဲ့ အမူအရာနဲ့ ရန်ကိုင်ကို စိုက်ကြည့်ရင်း အော်ပြောလိုက်တယ် “အကြီးအကဲဝေ့ မျိုးရိုးနာမည်က ရန်မဟုတ်ပေမယ့်၊ သူက မိသားစုအတွက် နှစ်ပေါင်းများစွာကြာအောင် တာဝန် ထမ်းဆောင်လာခဲ့တာ။ မဟုတ်ရင် အကြီးအကဲဆိုတဲ့ ရာထူး ပေးအပ်တာ ခံရမှာမဟုတ်ဘူး။ သူ့ကို အထင်သေး လိုက်တာက အကြီးအကဲခန်းမကို အထင်သေးလိုက်တာနဲ့ အတူတူပဲ။ နောက်ထပ် ပြဿနာတစ်ခုကို မီးထွန်း ရှာချင်နေတာလား”
ရန်ကိုင်က ပြောနေတာ ရပ်တန့်လိုက်ပြီး မထုံတက်တေး အမူအရာနဲ့ ရပ်နေလိုက်တယ်။
“လာရင်းအကြောင်းအရာကို သွားကြတာပေါ့” သက်လတ်ပိုင်း မိန်းမကြီးက အလျင်စလို ဝင်ပြောလိုက်တယ်။ သူတို့ အခုရောက်လာရတဲ့ အကြောင်းအရင်းက ရန်ကိုင်နဲ့ စကားစမြည် ပြောဖို့ မဟုတ်ပဲ ရန်ကိုင်ကို ဖိအားပေးဖို့တာကို အားလုံးအား ပြန်အသိပေးလိုက်တယ်။ ထိုစကား ကြားလိုက်တော့မှပဲ အကြီးအကဲတွေ အသိပြန်ဝင်လာခဲ့ကြပြီး အချို့ရဲ့ မျက်နှာက နီမြန်းသွားခဲ့ကာ အချို့မျက်နှာတွေကတော့ မဲမှောင်သွားခဲ့တယ်။ ငါးယောက် တစ်ပြိုင်တည်း ရောက်လာခဲ့တာတောင် လာရင်းကိစ္စကို မေ့လျော့လုနီးပါး ဖြစ်သွားခဲ့ကြပါတယ်။
ရန်ကိုင်က စကားလမ်းကြောင်း လွှဲတဲ့နေရာမှာ ဒီလောက်တော်မှန်း သူတို့တွေ တကယ်ကို မမျှော်လင့် ထားခဲ့ကြပါဘူး။ စကားလေး နည်းနည်းလောက် ပြောလိုက်ရုံနဲ့တင် သူတို့တွေ အကုန်လုံး ဦးတည်ရာ လွဲမှားရောက်ရှိ သွားခဲ့ရပါတယ်။
ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူတို့ဆီ ပေးလိုက်တဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။
ဒီကောင်စုတ်လေးက စကားလမ်းကြောင်း လွှဲတဲ့ နေရာမှာ တကယ်တော်တာပဲ သက်လတ်ပိုင်း အမျိုးသမီး လည်း ရန်ကိုင်ကို တစ်ဖန်ပြန်လည် ချင့်တွက်ရပြန်လေပြီ။ ဒီလို ရန်စစော်ကားခံရတော့ ဝေ့ချင်း စိတ်မထိန်းနိုင် ဖြစ်သွားတာလည်း အံ့ဩစရာ မဟုတ်ပါဘူးလေ။
မိသားစုရဲ့ အမိန့်ကို လွန်ဆန်ပြီး အကြီးအကဲ တစ်ယောက်ကို အထင်အမြင်သေး ရှုံ့ချရဲတဲ့ ရန်မိသားစုဝင် တစ်ယောက်ကို ရန်မိသားစုဝင်လို့ ခေါ်ထိုက်ပါဦးမလား။
“အင်း၊ အဓိကကိစ္စကို အရင်ဖြေရှင်းသင့်တယ်” ရန်ကျန်းလည်း အနည်းငယ် အံ့အားသင့်သွားခဲ့တယ်။ အာရုံ ပြန်စိုက်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်တယ် “နန်နဲ့ရှန်မိသားစု ကိစ္စကို ခဏလောက် ဘေးဖယ် ထားကြတာပေါ့။ ရန်ကိုင်၊ ငါမင်းကိုမေးမယ်၊ မင်းအိမ်ထဲမှာ အားကောင်းတဲ့ နတ်ဆိုးတစ်ကောင် ရှိနေတယ်ဆိုတာ အမှန်ပဲလား”
“အမှန်ပဲ”
“သူက တိမ်မိစ္ဆာနယ်မြေကလား”
“မဟုတ်ဘူး၊ ဒီကိစ္စကို စည်းတံဆိပ်တော် ဘုရားကျောင်းက အကြီးအကဲချုပ်နဲ့ ဂျူနီယာ ဆွေးနွေး ပြီးသွားပါပြီ”
ရန်ကျောင်း ခပ်ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး “မင်းနဲ့ အကြီးအကဲချုပ်လီတင်းတို့ ဆွေးနွေးပြောဆိုခဲ့တာကို ငါတို့လည်း သိတာပေါ့။ တိမ်မိစ္ဆာနယ်မြေဆီ လူလွှတ်ပြီးတော့လည်း စုံစမ်းပြီးသွားပြီ။ ငါတို့ရခဲ့တဲ့ သတင်းတွေအရ တိမ်မိစ္ဆာနယ်မြေက သူ့လိုလူမျိုး တကယ်ပဲ မရှီဘူး။ ဒါပေမယ့် သတင်းတွေဆိုတာ အတုလုပ်လို့ ရတယ်လေ။ ဘာပဲဖြစ်ဖြစ်၊ သူက တိမ်မိစ္ဆာနယ်မြေက လူတစ်ယောက် မဟုတ်ဘူးလို့ မင်းက ပြောနေမှတော့၊ ဒါဆိုရင် သူဘယ်ကလာတာလဲ”
“ကျုပ်လည်း မသိဘူး” ရန်ကိုင် ခေါင်းခါလိုက်တယ်။
ဒီတစ်ကြိမ်တော့ ဝေ့ချင်း အသံမထွက်ရဲတော့ပါဘူး။ ဒါပေမယ့် အဝါရောင်ဝတ်ရုံနဲ့ အကြီးအကဲက အေးစက်စက်နဲ့ နှာခေါင်းရှုံ့ပြောလိုက်တယ် “သူဘယ်ကလာလဲ ဆိုတာကို မင်းမသိဘူး၊ ဟုတ်လား။ မင်းနဲ့ သူ့ကြားက ဆက်ဆံရေး သခင်၊ အစေခံ ဆက်ဆံရေးလို့ ငါကြားခဲ့ရသလားလို့”
“အခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက် တွေကို လိုက်စပ်စုတဲ့ အကျင့်မျိုး ကျုပ်မှာမရှိဘူး။ အားလုံးမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိတယ်၊ အကြီးအကဲတွေမှာကော မရှိလို့လား။ ကျုပ်သာ အကြီးအကဲတွေရဲ့ လျှို့ဝှက်ချက်တွေကို မေးမယ် ဆိုရင်ကော အကြီးအကဲတွေက လိုလိုလားလားနဲ့ အကုန်လုံးကို ပြောပြပေးမှာလား”
“ရိုင်းလိုက်တာ” အဝါရောင်ဝတ်ရုံနဲ့ လူကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ထိုက်ခုံလက်ရန်းကို ရိုက်ချလိုက်တယ်။
ရန်ကျန်းက သူ့လက်ကို ဆန့်တန်းလိုက်ပြီး ထိုလူကို ခပ်မြန်မြန်ပဲ ဟန့်တားလိုက်တယ်။ စကားအရာက အခုရောက်လာတဲ့ ဘယ်အကြီးအကဲကမှ ရန်ကိုင် ပြိုင်ဘက်မဟုတ်မှန် ရန်ကျန်း သိထားပါတယ်။ ထိုကောင်စုတ်လေးက တကယ်ကို လျှာစောင်းထက် လှပါတယ်။ သူနဲ့သာ ဆက်ပြီးငြင်းခုံနေမယ်ဆိုရင် နောက်တစ်ကြိမ် စကားလမ်းကြောင်း လွဲသွားနိုင်ပါတယ်။
“ဒီအကြောင်းပြောတာ ခဏရပ်ထား ကြရအောင်၊ ရန်ကိုင်၊ မင်းကောင်းကင်စံအိမ်က လာတယ်ဆိုတာ အမှန်ပဲလား”
“အမှန်ပဲ” ရန်ကျန်း ဘာပြောချင်နေလဲ နားလည် လိုက်တာနဲ့ ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့တယ်။
“ပြီးတော့…. ကျန်တဲ့ ကောင်းကင်စံအိမ် နတ်… အဟမ်း… အဲ့လူတွေက မင်းအိမ်ထဲမှာ မလား”
“အမှန်ပဲ”
“ကောင်းကင်စံအိမ်က မိစ္ဆာဂိုဏ်းအဖြစ် နာမည် တပ်ထားခြင်း ခံရတဲ့ ဂိုဏ်းတစ်ခု၊ ပြီးတော့ မင်းအိမ်ထဲမှာ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေအပြင် မိစ္ဆာ ကျင့်ကြံသူတွေ အများကြီး ကိန်းအောင်းနေတယ်၊ ဒါတွေ အားလုံးကို ထည့်တွက်စဉ်းစားပြီးနောက် ငါမင်းကို နောက်တစ်ကြိမ် ထပ်မေးမယ်… မိစ္ဆာကျင့်စဉ်ကို မင်းလေ့ကျင့်ခဲ့ဖူးလား” မေးခါန်းအစုံကို ရောက်တာနဲ့ ရန်ကျန်းရဲ့ မျက်ဝန်းအစုံ ထက်ရှသွားခဲ့ပြီး ရန်ကိုင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်တယ်။
ဒါပေမယ့် ရန်ကိုင် နှုတ်ခမ်းအစုံက လှောင်ပြုံး တစ်ခုအဖြစ် ကွေးတက်သွားခဲ့ပြီး ပြန်ပြောလိုက်တယ် “မိစ္ဆာကျင့်စဉ်ကို ဂျူနီယာ ယောင်လို့တောင် မလေ့ကျင့် ဖူးဘူးလို့ ပြောရင်ရော အကြီးအကဲက ယုံမှာမို့လို့လား”
အကြီးအကဲငါးယောက်စလုံး ခေါင်းခါပြလိုက်တယ်။
လွန်ခဲ့တဲ့ဆယ်ရက်၊ အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ရန်ကိုင် ချိုးဖျက်တုန်းက သူ့ကိုယ်ကနေ ထွက်ပေါ်လာတဲ့ နတ်ဆိုးချီတွေက စစ်ပွဲမြို့တော် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်။ ထိုအဖြစ်အပျက်က လူများစွာရဲ့ အာရုံစိုက်စရာ ဖြစ်ခဲ့ရပါတယ်။
အခုဆို ရန်ကိုင်က မိစ္ဆာကျင့်စဉ်တစ်ခုကို လေ့ကျင့် ထားတယ်လို့ အားလုံးက ယုံကြည်နေကြပါပြီ။ သူဘက်က ငြင်းရင်တောင် ဘယ်သူမှ ယုံကြလိမ့်မှာ မဟုတ်ပါဘူး။
“အဲ့လိုဆိုရင် ကျုပ်မှာလည်း ပြောစရာဘာမှ မရှိတော့ဘူး”
သူမိစ္ဆာကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားတယ်လို့ သူတို့ ဘက်က စွဲမှတ်ယုံကြည်နေမှတော့ ပါးစပ်ဟပြီး ငြင်းနေရင်တောင် နွားကို ပလာတာကျွေးသလိုပဲ ဖြစ်နေမှာပါ။
“အဲ့လိုဆိုတော့ ဟုတ်တယ်လို့ပဲ မှတ်လိုက်ကြတာပေါ့…” ရန်ကျန်း အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး စိတ်ပျက်နေတဲ့လေသံနဲ့ “ရန်ကိုင်၊ အမှန်အတိုင်း ပြောရရင်၊ အမွေခံတိုက်ပွဲစတုန်းက ဒီတိုက်ပွဲကို မင်းနိုင်လိမ့်မယ်လို့ ဒီလူအိုကြီး မထင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ မင်းရဲ့ တစ်မူထူးခြားတဲ့ ရွေးချယ်မှုရယ်၊ မဟာမိတ်ကင်းမဲ့တာရယ်ကြောင့်ပဲ။ ဒါပေမယ့် မင်းက ဆန်းကြယ်မှု တစ်ခုပြီးတစ်ခုကို လုပ်ပြသွားပြီး ငါတို့ အားလုံးရဲ့ မျှော်လင့်ခန့်မှန်းထားတာတွေ အားလုံးကို ရိုက်ချိုးပြသွားခဲ့တယ်။ ဒီတော့ ရန်မိသားစုကို မင်းဆက်ခံ နိုင်လိမ့်မယ်လို့ ဒီလူအိုကြီး ထင်လာခဲ့တယ်။ ရန်မိသားစုက မဟာအင်အားစုကြီး တစ်ခုပဲ။ ထူးချွန်တဲ့လူတွေ ရှိမှပဲ ဒီမိသားစုကို ထပ်ပြီး တိုးတက်အောင် လုပ်ဆောင်နိုင်မှာ၊ မင်းက အဲ့လိုလူတစ်ယောက်ပဲ”
“အကြီးအကဲကျန်းက ကျုပ်ကို အရမ်း အထင်ကြီး နေတာပဲ” ရန်ကိုင်လည်း အနည်းငယ်လောက် အံ့အားသင့်သွားခဲ့ရတယ်။
“ဒါပေမယ့် အခု၊ ဒီလူအိုကြီးမှာ မေးစရာမေးခွန်း တစ်ခုရှိတယ်” ရန်ကျန်း သက်ပြင်းတစ်ချက် ချလိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ မေးလိုက်တယ် “ရန်ကိုင်၊ မင်းဘာလုပ်ချင်နေတာလဲ”
ရန်ကိုင်က ရန်ကျန်းကိုသာ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်စိုက်ကြည့်နေလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပါဘူး။
ရန်ကျန်း မတ်တပ်ရပ်လိုက်ပြီး ရန်ကိုင်ဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်ရင်း ပြောလိုက်တယ် “ကောင်းကင်စံအိမ်ရဲ့ နောက်ဆုံးလက်ကျန် အဖွဲ့သားတွေကို ခိုလှုံခွင့်ပေးထားတာရယ်၊ တစ္ဆေဘုရင် တောင်ကြားနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိတာရယ်၊ ဘယ်ကမှန်း မသိတဲ့ အားကောင်းတဲ့ မိစ္ဆာကျင့်ကြံသူ တစ်ယောက်ကို အစေခံအဖြစ် ထားရှိတာရယ်၊ နတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်ထားတာရယ်၊ မိစ္ဆာလမ်းစဉ်ထဲ ကျရောက်လုလု ဖြစ်သွားပေမယ့် ဒီလမ်းကိုပဲ ခေါင်းမာမာနဲ့ ဆက်လျှောက်နေသေးတယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို မင်းချိုးဖျက်သွားခဲ့တာ ဘယ်နှစ်ရက်မှ မကြာသေးဘူး။ အခု မင်းက အဆင့်၂ကို ရောက်နေခဲ့ပြီ။ မင်းရဲ့ မိစ္ဆာကျင့်စဉ် တိုးတက်တဲ့နှုန်းက… တကယ်ကို ကြောက်မခန်းလိလိပဲ”
“ရန်ကိုင်၊ ဒီလူအိုကြီးကိုပြော၊ မင်းတကယ်ပဲ ဘာလုပ်ချင်နေတာလဲ။ ဗဟိုမြို့တော်ကို အထက်အောက် ပြောင်းပြန်လှန်ပြီး မိသားစုကြီး ရှစ်ခုကို ဆန့်ကျင့်နေချင် တာလား” ရန်ကျန်းက ရန်ကိုင်ဆီ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားလိုက်ရင်း သူ့မျက်ဝန်း တည့်တည့်ကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။
Martial Peak
အပိုင်း(၅၃၈) ခံနိုင်ရည်ရှိမှာ မဟုတ်တဲ့ အကျိုးဆက်များ
ဗဟိုမြို့တော် တစ်ခုလုံးကို အထက်အောက် မှောက်လှန်ပြီး မိသားစုကြီး ရှစ်ခုကို ဆန့်ကျင်ရမှာလား။
ရန်ကိုင် တစ်ခါမှ အခုလိုမျိုး မတွေးဖူးပါဘူး။ ရန်မိသားစုကို မခင်တွယ်ပေမယ့် သူ့ဂိုဏ်းနာမည်ဆိုးကိုပဲ ရှင်းလင်းချင်တာပါ၊ ပုန်ကန်ချင်တာ မဟုတ်ပါဘူး။
ရန်ကျန်း မေးတာကို နားထောင်ရင်း ရန်ကိုင် တစ်ခုခုကို နားလည်လိုက်တယ်။
“ဒါက ကျုပ်က အဲ့လိုမျိုးလို့… မိသားစုက တွေးနေတာလား” ရန်ကိုင်က သူ့ရှေ့မှာရှိနေတဲ့ ရန်ကျန်းကို စိုက်ကြည့်ပြီး မေးလိုက်တယ်။
ရန်ကျန်း မဆိုသလောက်ကလေး ဝမ်းနည်းသွားတဲ့ အမူအရာလေးနဲ့ ခေါင်းခါရမ်းလိုက်ပြီး “အခုလိုမျိုးတွေးလို့ မိသားစုကို အပြစ်မတင်သင့်ဘူး။ အပြစ်တင်ချင်ရင် မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တယ်။ အခုလိုမျိုး တွေးရတာကလည်း ဒီလအတွင်း မင်းလုပ်သွားခဲ့တဲ့ အရာတွေကြောင့်ပဲ။ မင်းက တကယ်ကို ကောင်းမွန်တဲ့ မျိုးစေ့လေး တစ်ခုဖြစ်တယ် ဆိုတာကိုတော့ ငြင်းလို့မရတာ မှန်တယ်။ ဒါပေမယ့် မျိုးစေ့ကောင်းတစ်ခုက နတ်ဆိုး အရှင်သခင်လို လူတစ်ယောက် ဖြစ်လာခဲ့ရင် ဂုဏ်သိက္ခာနဲ့ သန့်စင်မှုကို ထိန်းသိမ်းနိုင်ဖို့အတွက် မိသားစုက မင်းကို ရှင်းပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး”
တစ်ခဏလောက် ရပ်တန့်ပြီးနောက် ရန်ကျန်းက နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး “ဒါတွေ အားလုံးက မိသားစုရဲ့ စိုးရိမ်မှုသက်သက်ပဲ ဆိုရင် အခုလိုမျိုး စိုရိမ်နေစရာ လိုမှာမဟုတ်ဘူး။ မိသားစုထဲက အကြီးအကဲတွေက မင်းရဲ့ မိစ္ဆာချီကို ဖိနှိပ်ပေးလို့ရတယ်။ ဒါပေမယ့် ဒါက ငါတို့မိသားစု တစ်ခုတည်းတင် မဟုတ်ဘူး ဆိုတာကိုတော့ မင်းလည်း နားလည်မှာပေါ့”
ရန်ကိုင် အမူအရာ အေးစက်နေခဲ့လေပြီ။
“မင်းအဆင့်ချိုးဖျက်ပြီးတဲ့နောက် အခြားမိသားစု၇ခုက ငါတို့ရန်မိသားစုဆီ လူတွေ စေလွှတ်ခဲ့တယ်။ အားလုံးက မင်းက နတ်ဆိုးအရှင်သခင်လို လူမျိုးဖြစ်လာမှာကို ကြောက်နေကြတာ” ရန်ကိုင်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး “ဒါက ရမ်းသန်းပြီး ခန့်မှန်းနေတာလည်း မဟုတ်ဘူး။ အတွေ့အကြုံက ရလာတဲ့ သင်ခန်းစာတွေပဲ။ မင်းက ကောင်းကင်စံအိမ်ကလာတယ်၊ ပြိုင်ဘက်ကင်း မိစ္ဆာကျင့်စဉ်တစ်ခုကို လေ့ကျင့်တယ်၊ မင်းရဲ့ အရည်အချင်းကလည်း မွန်းစတားဆန်လောက်အောင်ကို မြင့်မားလွန်းတယ်။ နတ်ဆိုးအရှင်သခင်ကလည်း ကောင်းကင်စံအိမ်က တပည့်တစ်ယောက်ပဲ။ သူက အခုဆို တိမ်မိစ္ဆာနယ်မြေရဲ့ အကြွင်းမဲ့အရှင်သခင်တောင် ဖြစ်နေပြီ။ သူ့ရဲ့ ခွန်အားနဲ့ နည်းလမ်းတွေက အရမ်းကို ထူးခြား၊ ထူးဆန်းလွန်းတယ်။ ဒီလောကကြီးထဲမှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေ ကလွဲလို့ ဘယ်သူကမှ သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။ ပြီးတော့ မင်းတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဆရာတူဦးလေးနဲ့ ဆရာတူတူလေး ဆက်ဆံရေးမျိုးလေ”
“နတ်ဆိုးအရှင်သခင် တစ်ယောက်တည်းကတောင် မိသားစုကြီး ရှစ်ခုကို အခုလိုမျိုး ဖြစ်စေတာ၊ ဒုတိယ တစ်ယောက်သာ ထပ်ပေါ်လာခဲ့ရင်…” ရန်ကျန်း ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်တယ်။ သူ့မျက်နှာထက် ကြောက်ရိပ်တို့ လွှမ်းသွားခဲ့တယ်။ ထို့နောက် ရန်ကိုင်ဆီ ဝေ့ကြည့်လိုက်ပြီး “ဒါတွေအားလုံးကို ဆက်စပ်ပြီးမှတော့ ကျန်တဲ့လူတွေက မင်းကို စိတ်မပူပဲ ဘယ်နေပါတော့မလဲ”
“အားလုံးက ကျုပ်ဒုတိယနတ်ဆိုးအရှင်သခင် တစ်ယောက် ဖြစ်လာမှာကို စိုးရိမ်နေကြတာလား” ရန်ကိုင် စိတ်ခံစားချက် မရှိတဲ့ ပုံစံမျိုးနဲ့ မေးလိုက်တယ်။
“ဟုတ်တယ်၊ ငါတို့ နားလည်ရသလောက်ဆို မင်းရဲ့ အရည်အချင်းက နတ်ဆိုးအရှင်သခင်ဆိုတဲ့ လူထက်တောင် ပိုမြင့်သေးတယ်။ မင်းသာ သူ့အဆင့်ကို ရောက်သွားခဲ့ရင်…” ရန်ကျန်းက ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ပြီး ခေါင်းခါရမ်း လိုက်တယ်။
ရန်ကိုင်သာ ဒုတိယနတ်ဆိုးအရှင်သခင် ဖြစ်လာခဲ့ပြီး ဗဟိုမြို့တော်က မိသားစုကြီး ရှစ်ခုကို လာတိုက်ခိုက်ရင် သူတို့ ခုခံနိုင်မှာလား။
ခန်းမထဲမှာ ရှိနေတဲ့ အကြီးအကဲတွေ အားလုံးကလည်း ဗဟိုမြို့တော် ပျက်စီးသွားသည့် မြင်ကွင်းကို မြင်ယောင် ကြည့်နေခဲ့တယ်။
“နောက်ဆုံးတော့လည်း ဒါတွေအားလုံးက ခင်ဗျားတို့ရဲ့ ခန့်မှန်းချက်သက်သက်ပဲလေ” ရန်ကိုင်လည်း ခုခံပြောဆိုဖို့ရာ စိတ်ကုန်သွားခဲ့တယ်။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်းပဲ တိုက်ရိုက်ပြောချလိုက်တယ်။
မိသားစုကြီးရှစ်ခုက လူတွေက ထုံထိုင်းပြီး ခေါင်းမာ လွန်းလှပါတယ်။ သူတို့ထင်သာ အမှန်ဆိုပြီး တယူသန် ယုံကြည်နေကြတဲ့ သောက်ရူးတွေချည်းပါပဲ။ သူရှင်းပြနေလို့လည်း သူတို့ရဲ့ အထင်အမြင်၊ သံသယတွေကို ပြောင်းလဲနိုင်မှာမဟုတ်မှန်း ရန်ကိုင် သိထားပါတယ်။
အများဆုံးမှ တစ်ယောက်၊ နှစ်ယောက်လောက်ကိုပဲ နားဝင်အောင် ရှင်းပြနိုင်မှာပေါ့။ အဲ့လောက်လူလေးနဲ့ အားလုံးရဲ့ အထင်အမြင်ကို ပြောင်းလဲသွားစေဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ပါဘူး။
“မဖြစ်ခင်အရင်ရှင်းတဲ့၊ ဒီအကြောင်းပြချက်ကြောင့်ပဲ မိသားစုကြီးရှစ်ခုက ဗဟိုမြို့တော်မှာ နှစ်ပေါင်းများစွာ ကြာအောင် ရပ်တည်လာနိုင်တာ” ရန်ကျန်းက ဖုံးကွယ်ခြင်းမရှိပဲ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တယ် “မိသားစုကြီး ရှစ်ခုက မင်းကို ကျိန်းသေ ဆန့်ကျင်+ရလိမ့်မယ်”
“ကျုပ်လမ်းက ကျုပ်ကိုယ်တိုင် ထွင်းဖောက်လျှောက်တဲ့ လမ်းပဲ” ရန်ကိုင် ထေ့ငေါ့၊ လှောင်ပြောင်လိုတဲ့ အသံနေ အသံထားနဲ့ “ကျုပ်မွေးလာတုန်းက သိုင်းတောင် မကျင့်ကြံ နိုင်ဘူး။ ကျုပ်အဖေက ကျုပ်ရဲ့ ချို့ယွင်းချက်ကိုများ ပြုပြင်ပေးနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျုပ်နဂါးအသွင်ပြောင်းရေကန်ထဲ ဝင်နိုင်ဖို့အရေး မနားမနေ အလုပ်ကြိုးစားခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာအောင် ပင်ပင်ပန်းပန်း၊ မနားမနေပဲ အလုပ်လုပ်ခဲ့တယ်။ အကြီးအကဲခန်းမကိုလည်း အကြိမ်ပေါင်းများစွာ တောင်းဆို ခဲ့တယ်။ ဒါပေမယ့် အကြီးအကဲခန်းမကတော့ တောင်းဆိုတဲ့ အခါတိုင်းကို ငြင်းဆန်ခဲ့တယ်။ နဂါးအသွင်ပြောင်းရေကန်ထဲ ဝင်နိုင်လောက်အောင် မိသားစုအပေါ် အကျိုးပြုခဲ့ပေမယ့် အကြီးအကဲခန်းမက တစ်ခွန်းပဲ ပြန်ပြောခဲ့တယ် ‘အမှိုက်တွေက နဂါးအသွင်ပြောင်းရေကန်ထဲ မထိုက်တန်ဘူးတဲ့”
ရန်ကျန်းအမူအရာ ရုတ်ချည်း ကိုးယိုးကားယား ဖြစ်သွားခဲ့တယ်။ ရန်မိသားစု လေးယောက်မြောက် သခင်ကြီးရဲ့ တောင်းဆိုချက်တွေကို ငြင်းပယ်ခဲ့တာ သူကိုယ်တိုင်ပါ။ ရန်ကိုင်က အခုအချိန်ကြီး ဒီကိစ္စအကြောင်း ပြောလာတော့ သူလည်း မျက်နှာပူရတာပေါ့။
“အခု ကျုပ်တိုးတက်လာလည်း တိုးတက်လာရော၊ မိသားစုက ကျုပ်ကို ထိန်းချုပ်ချင်ပြန်တယ်။ ကျုပ် မလုပ်နိုင်တာတွေကို လာလုပ်ခိုင်းတယ်။ အကြီးအကဲကျန်း၊ ဒါက အရမ်းကို ရယ်စရာ ကောင်းမနေဘူးလား”
ရန်ကျန်းမျက်နှာ ပြာနှမ်းသွားခဲ့တယ်။ ရှက်လွန်းလို့ ပြန်တောင် မဖြေနိုင်တော့ပါဘူး။
ရန်ကိုင်က ဆက်ပြောလိုက်တယ် “လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက၊ အင်မော်တယ်တက်လှမ်းခြင်း အဆင့်ကို ကျုပ်ချိုးဖျက်နေတဲ့အချိန်၊ ကျုပ်ရဲ့ မိတ်ဆွေတွေနဲ့ အကြီးအကဲတွေ ရှေ့ထွက်ပေးတာ ကြောင့်သာ မဟုတ်ရင် ကိုယ့်မိသားစုက အကြီးအကဲချုပ် ပြန်သတ်တာခံရလို့ အသက်ပျောက်နေလောက်ပြီ။ ကျုပ်မသေရင်တောင် နောက်တစ်ကြိမ် ဒုက္ခိတ ထပ်ဖြစ်ရဦးမှာ။ မိသားစုက ကျုပ်လမ်းကိုပိတ်ပြီး ကျုပ်အနာဂတ်ကို ဖျက်စီးချင်နေတာလား။ အကြီးအကဲကျန်း၊ မိသားစုက အရမ်းလွန်နေပြီ မထင်ဘူးလား”
“မောက်မာလိုက်တာ” ရန်ကျန်းလည်း စိတ်ပျက်ပျက်နဲ့ ပြန်အော်လိုက်တယ် “မိသားစုက အရာရာပဲကွ၊ မိသားစုရဲ့ အကျိုးအမြတ်အတွက် စတေးလိုက်ရတော့ကော ဘာဖြစ်လဲ”
“အကြီးအကဲကျန်းရဲ့ မိသားစုအပေါ် ပေးဆပ်လိုစိတ်က တကယ်ကို ချီးကျူးစရာပါပဲ။ ဒီလိုနေရာမျိုးက ဂျူနီယာက အကြီးအကဲအောက် နိမ့်ကျတယ်ဆိုတာ ဝန်ခံပါတယ်။ တကယ်တော့ ဂျူနီယာက တစ်ကိုယ်ကောင်းဆန်တဲ့ လူစားပဲလေ” ရန်ကိုင် ရုတ်တရက် ရှေ့တက်လိုက်ပြီး သတ်ဖြတ်လိုစိတ် အပြည့်နဲ့ “ဒီလိုဆိုမှတော့ အခုရှိနေတဲ့ အကြီးအကဲငါးယောက်စလုံးကို ဂျူနီယာသတ်လိုက်မယ်။ ပြီးရင် မိသားစုဆီသွားပြီး အပြစ်ဝန်ခံလိုက်မယ်။ ဘာအပြစ်ပဲပေးပေး၊ ကျုပ်လက်ခံမယ်။ အဲ့လိုဆိရင် အကြီးအကဲတွေ အားလုံး မိသားစုအတွက် ပေးဆပ်လိုက် ရလို့ နောက်ဘဝမှာ စိတ်သက်သာရာ ရနိုင်တာပေါ့”
အကြီးအကဲငါးယောက်စလုံး ဖြူလျော်သွားခဲ့ပြီး ထိုင်ခုံကနေ အလျင်စလို ထခုန်လိုက်ကာ သတိ တကြည့်ကြည့်နဲ့ ရန်ကိုင်ကို စိုက်ကြည့်နေလိုက်ကြပြီး သူတို့ရဲ့ အစစ်အမှန်ချီကို တိတ်တဆိတ် စုဆောင်း နေလိုက်တယ်။
သူတို့ရဲ့ တုန်ပြန်မှုကို မြင်လိုက်တာနဲ့ ရန်ကိုင် ဝါးလုံးကွဲ ရယ်မောလိုက်ပြီး “ကြည့်၊ အကြီးအကဲတွေလည်း တစ်ကိုယ်ကောင်း ဆန်တဲ့လူတွေပါပဲလား…”
အကြီးအကဲတွေ အကုန်လုံး ရှက်သွားခဲ့တယ်။ ပါးစပ်ကသာ လွယ်လွယ်လေး ပြောထွက်နေကြတာ၊ သူတို့ကို စတေးခိုင်းလည်း စတေးခိုင်းရော၊ အကုန်လုံးက ရှောင်ပြေးချင်နေကြပါတယ်။
“အဓိကကိစ္စ၊ အဓိကကိစ္စဆီ ပြန်သွားကြတာပေါ့…” သက်လတ်ပိုင်း အမျိုးသမီးက ခေါင်းစဉ် ပြန်ပြောင်း လိုက်တယ်။
ရန်ကျန်းက ရန်ကိုင်ကို တစ်ခဏကြာတဲ့အထိ စိုက်ကြည့်နေပြီးနောက် အားတင်းပြုံးလိုက်ကာ ခေါင်းခါရမ်းလိုက်ရင်း “မင်းနဲ့ စကားပြောရတာက အရမ်းကို ခေါင်းခြောက်ဖို့ကောင်းတယ်။ ကောင်းပြီ၊ ဒီလူအိုကြီးလည်း ကွေ့ပတ်ပြောမနေတော့ဘူး။ ရှန်နဲ့နန်မိသားစုကို တောင်းပန်ခိုင်းတယ် ဆိုတာက ဟန်ပြပဲ။ ရန်မိသားစုက ဂျူနီယာတွေက ဘယ်တော့မှ အရှုံးပေးလေ့မရှိဘူး။ မိသားစုနှစ်ခုကို တောင်းပန်ချင်တယ် ဆိုရင်တောင် မိသားစုက အဲ့လိုလုပ်ခွင့်ပြုမှာ မဟုတ်ဘူး”
“ဒါဆိုရင် မိသားစုက ကျုပ်ကို ဘာလုပ်စေချင်တာလဲ”
“ဗဟိုမြို့တော်ဆီ ပြန်လာခဲ့၊ အကြီးအကဲတွေက မင်းကိုယ်ထဲက နတ်ဆိုးချီကို ဖယ်ရှားပေးမယ်။ အဲ့လိုဆိုရင် မိစ္ဆာလမ်းစဉ်ထဲ မင်းရောက်သွားမှာကို စိုးရိမ်စရာ မလိုတော့သလို ကျန်တဲ့ မိသားစုကြီး ခုနှစ်ခုလည်း မင်းကို ဘာမှလုပ်လို့ မရတော့ဘူး”
ရန်ကိုင် တိတ်ဆိတ်နေခဲ့တယ်။
ရန်မိသားစု အကြီးအကဲတွေဆီမှာ ရွှေရောင်အရိုးခြောက်ထဲက မိစ္ဆာစွမ်းအင်ကို ထုတ်ပယ် နိုင်မယ့် နည်းလမ်းမရှိမှန်း ရန်ကိုင် သိပါတယ်။ ရွှေရောင် အရိုးခြောက်ထဲက မိစ္ဆာစွမ်းအင်တွေက သူထုတ်ဖော် ပြသမှာသာ မြင်နိုင်တာပါ။
ပြီးတော့ ထိုမိစ္ဆာစွမ်းအင်တွေက သူ့အတွက် အန္တရာယ် ရှိတာလည်း မဟုတ်ပါဘူး။ ထို့ကြောင့် ထိုမိစ္ဆာစွမ်းအင် တွေကို ထုတ်ပယ်ဖို့လိုတယ်လို့ ရန်ကိုင် မထင်ပါဘူး။
“ပြီးတာနဲ့ အမွေခံတိုက်ပွဲကို မင်းဆက်ပြိုင်လို့ ရတယ်။ ဒါပေမယ့် ရန်မိသားစုခေါင်းဆောင် နေရာကိုတော့ မင်းဆက်ခံလို့ မရဘူး။ အမွေခံတိုက်ပွဲ ပြီးသွားတာနဲ့ ကောင်းကင်စံအိမ်ရဲ့ နာမည်ဆိုးကို သူကိုယ်တိုင် ရှင်းလင်း ပေးမယ်လို့ မိသားစုခေါင်းဆောင်က ပြောလိုက်တယ်။ မိသားစုရဲ့ အခက်အခဲတွေကို မင်းနားလည်ပေးနိုင်မယ်လို့ မိသားစုခေါင်းဆောင်က မျှော်လင့်ပါတယ်တဲ့”
မိသားစုက ရန်ကိုင်ကို သံသယဝင်လည်း၊ ကြောက်လည်း ကြောက်နေတာပါ။ ထို့ကြောင့် သူ့ကို မိသားစုခေါင်းဆောင် ထိုင်ခုံမှာ မထိုင်ခိင်းတာပါ။ တစ်နေ့ ရန်ကိုင်သာ နတ်ဆိုးအရှင်သခင်လိုလူမျိုး ဖြစ်လာခဲ့ရင် ရန်မိသားစု မျက်နှာလုံးလုံး ပျက်ရမှာပါ။
“ချက်ချင်းကြီး မငြင်းလိုက်နဲ့ဦး၊ မိသားစု အခုလို လုပ်ရတာက အခြားတစ်ချက်ကို ထည့်တွက်ပြီးတော့ပါ လုပ်ထားရတာ” ရန်ကျောင်း အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ထပ်ပြောလိုက်တယ်။
“ဘာတွေကို ထည့်တွက်ပြီးတော့လဲ’
“မင်းအိမ်ထဲက ပညာရှင်တွေရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အဆင့်တက်နှုန်းလေ” ရန်ကျန်းက ရန်ကိုင်ကို စိုက်ကြည့်နေရင်း တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။
အခန်းထဲမှာ ရှိနေတဲ့ အကြီးအကဲတွေ အကုန်လုံးရဲ့ အသက်ရှူသံတွေလည်း မြန်ဆန်လာခဲ့တယ်။
“မင်းဖုံးကွယ်ထားလို့ ရလိမ့်မယ်လို့ ထင်နေတာလား” ရန်ကျန်း မဲ့ပြုံးပြုံးလိုက်ပြီး “မင်းအိမ်ထဲမှာ ရှိနေတဲ့ ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းအဆင့်တွေ ဘာလို့ ဒီလောက်မြန်မြန် တိုးတက်လာလဲ ဆိုတာကို ဘယ်သူမှ မသိပေမယ့်၊ မင်းနဲ့တစ်ခုခု ဆက်စပ်နေလိမ့်မယ်လို့တော့ အားလုံး သဘောထူးထားကြတယ်။ မင်းလက်အောက်မှာ ရှိနေတဲ့ သွေးစစ်သည်တော်တွေ အကုန်လုံးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ကို တစ်ယောက်ပြီး တစ်ယောက် ချိုးဖျက်သွားကြတယ်၊ ဒီဖြစ်စဉ်က လုံးဝကို ပုံမှန်မဟုတ်ဘူး။ ပြီးတော့ မင်းရဲ့ မိသားစု ကိစ္စလည်း ရှိသေးတယ်…”
သူ့မိဘတွေအကြောင်း ပြောလိုက်တာနဲ့ ရန်ကိုင် မျက်ဝန်းထဲ အေးစက်စက် အလင်းရောင်တို့ ဖြတ်ပြေး သွားခဲ့တယ်။
“ရန်ရင်ဖုန်းက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃မှာ ရပ်တန့်နေတာ ကြာခဲ့ပြီ။ ဒါပေမယ့် အခုတော့ သူက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈ကို ချိုးဖျက် သွားခဲ့ပြီ။ အားလုံးက မင်းဗဟိုမြို့တော်ဆီ ပြန်လာပြီးမှ ဖြစ်ပျက်ခဲ့တာ။ အချိန်တိုအတွင်း ဒီလောက်မြန်မြန်နဲ့ သူတို့ခွန်အားတွေ တိုးတက်လာရတာ မင်းနဲ့ဘာမှ မသက်ဆိုင်ဘူးလို့ မင်းပြောချင်သေးတာလား။ ဒေါင်စုကျုရဲ့ ခွန်အားက ရန်ရင်ဖုန်းလောက် တိုးတက်တာ မမြန်ပေမယ့် အရင်ကထက်တော့ အများကြီး ပိုမြန်လာတယ်။ ငါတို့ ရန်မိသားစုတွေက ကန်းနေတယ်လို့ မင်းထင်နေတာလား”
ရန်ကိုင် အမူအရာ စိုးစဉ်းမျှ ပြောင်းလဲသွားခြင်း မရှိခဲ့ပါဘူး။
သူ့မိဘတွေဆီ ဆေးပေါင်းရည်နဲ့ ဆေးပေါင်း နို့နှစ်ကို မပေးခင် ဒီလိုကိစ္စတွေကို အရင်စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် သူတုန့်ဆိုင်းမနေပဲ ပေးခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့တွေက သူ့မိဘတွေ ဖြစ်ကြလို့ပါပဲ။ ရန်မိသားစုထဲမှာ သူ့ကို ဂရုစိုက်တဲ့လူဆိုလို့ သူ့မိဘတွေပဲ ရှိပါတယ်။
“မင်းခွန်အားက နတ်ဆိုးကျင့်စဉ်ကြောင့် တိုးတက်မှု မြန်တာကို ရှင်းပြလို့ ရသေးတယ်။ ဒါပေမယ့် မင်းမိတ်ဆွေ၊ မိသားစုနဲ့ မဟာမိတ်တွေရဲ့ ခွန်အားကို ဒီလောက် အမြန်နှုန်းနဲ့ တိုးတက်အောင် ဘယ်လိုနည်းလမ်းတွေကို မင်းအသုံးပြုခဲ့တာလဲ။ ဒါကို ငါတို့ ရန်မိသားစုတင် မကဘူး၊ ကျန်တဲ့ မိသားစုကြီး ခုနှစ်ခုကပါ ဂရုစိုက်နေတာ” ရန်ကျန်း အနည်းငယ် စိတ်ဓါတ်ကျသွားခဲ့ပြီး “မင်းကို ရှင်းထုတ်ဖို့ သက်သက်နဲ့တင် ကျန်တဲ့မိသားစုကြီး ခုနှစ်ခုက အတူတူ ပူးပေါင်းပြီး ငါတို့ရန်မိသားစုကို ဖိအားပေးလိမ့်မယ်လို့ မင်းထင်နေတာလား။ မင်းမှာ ဒုတိယနတ်ဆိုးအရှင်သခင် ဖြစ်လာဖို့ အလားအလာရှိပေမယ့် အခုအချိန်မှာ မင်းခွန်အားက ငါတို့မိသားစုကြီးရှစ်ခု ဂရုစိုက်ရလောက်တဲ့ အထိ အားမကောင်းသေးဘူး။ သူတို့တွေက အခုလို ဘာမဟုတ်တဲ့ ကိစ္စလေးကို ဂရုစိုက်နေမှာ မဟုတ်ဘူး”
အကျိုးအမြတ်နဲ့ ပက်သက်လာရင် ဘာမှ အရေးမကြီး တော့ပါဘူး။ ဗဟိုမြို့တော်က မိသားစုကြီးရှစ်ခုလည်း အတူတူပါပဲ။ သူတို့ လှုပ်ရှားရတာက သူတို့အတွက် အကျိုးအမြတ် လုံလုံလောက်လောက် ရှိနေလို့ပါပဲ။
ဆေးပေါင်းရည်ရဲ့ အကျိုးသက်ရောက်မှုက သူတို့ရဲ့ အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့ပါတယ်။
ကျင့်ကြံသူတစ်ယောက်ရဲ့ ခွန်အားကို ဒီလောက် မြန်မြန်နဲ့ တိုးတက်စေနိုင်တဲ့ နည်းလမ်းကို သူတို့လည်း မသိချင်ပဲ ဘယ်နေပါ့မလဲ။
“မင်းကို ဗဟိုမြို့တော်ဆီ ပြန်လာခိုင်းတာက မိသားစု မင်းအတွက် ထည့်စဉ်းစားထားလို့ပဲ။ ရန်မိသားစုဆီ ပြန်လာမှပဲ မိသားစုက ပညာရှင်တွေရဲ့ အကူအညီနဲ့ မင်းကို ကာကွယ်ပေးလို့ရမှာ”
“မိသားစုက ကျုပ်ရဲ့ လျှို့ဝှက်ချက်ကို အဓိက သိချင်နေတာ မဟုတ်ဘူးလား”
“ဒါနဲ့ ပက်သက်ပြီး ငါမငြင်းလိုဘူး” ရန်ကျန်းက တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းညိတ်ပြလိုက်ပြီး “ဒါပေမယ့် ဒီတစ်ကြိမ်တော့ မိသားစုဘက်ကလည်း အကောင်းဆုံး လုပ်ပေးပြီးသွားပြီ။ ဒါကြောင့် မင်းကို စာနဲ့ပို့မယ့်အစား လူကိုယ်တိုင် လာပြောတာပဲ။ စာပို့တာနဲ့၊ လူလာတာ၊ ဒီခြားနားချက်ကို မင်းလည်း နားလည်လောက်မှာပါ”
ရန်ကိုင် အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။
အကြီးအကဲ ငါးယောက်စလုံးက သူ့ကို ကိုယ်တိုင် ကိုယ်ကျ လာပြောတာက သူတို့ဘက်က ရိုးသားကြောင်း ပြသချင်လို့ပါ။ သူ့ဘက်က ပူးပေါင်းပေးလိမ့်မယ်လို့ မိသားစုဘက်က မျှော်လင့်နေပါတယ်လို့ ပြောချင်တာပါ။ ရန်ကိုင်က မိသားစုဆီ ပြန်ပြီး သူ့ရဲ့ လျှို့ဝှက်ချက်ကို ပြောပြရမယ်၊ အပြန်အလှန်အနေနဲ့ မိသားစုက သူ့ကို ကာကွယ်ပေးမယ်။
မိသားစုက သူ့ကို ပြန်လာဖို့ စာပို့ပြီး သူပြန်သွားလို့ သူ့ကို အကျဉ်းချထားလိုက်မယ်ဆိုရင် ရန်ကိုင်ကလည်း ငြိမ်နေမှာမှ မဟုတ်တာ။ အဲ့အခါကျ တောင်းပေါက်နဲ့ ဖားကောက်သလို ဖြစ်သွားရပါလိမ့်မယ်။
ရန်မိသားစုရဲ့ ခေါင်းဆောင်ပိုင်းတွေက ရန်ကိုင်ရဲ့ စိတ်နေစိတ်ထားကို အနည်းနဲ့အများ ဆိုသလို နားလည် ထားကြပါတယ်။ ထို့ကြောင့် သူတို့တွေက အားမသုံးပဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီကိစ္စကို ဖြေရှင်းချင်နေတာပါ။
“မင်းသေချာဆုံးဖြတ်” ပြောပြီးတာနဲ့ ရန်ကျန်းက ရန်ကိုင်အဖြေကို စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်တယ်။
ဒါပေမယ့် ရန်ကိုင်က အချိန်တစ်ခဏတာသာ ယူပြီး ပြတ်ပြတ်သားသား ခေါင်းခါလိုက်တယ် “အားလုံးကို သိပြီးမှတော့ ဗဟိုမြို့တော်ဆီ ပြန်ဖို့ ပိုပြီးတော့တောင် မဖြစ်နိုင်တော့ဘူး”
မိသားစုက သူ့ဆီကနေ ဆေးပေါင်းရည်ကို လိုချင်နေတာ ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး။ သူ့မှာရှိတဲ့ ဆေးပေါင်းရည်နဲ့ဆိုရင် မိသားစုဆီ နည်းနည်းလေး ပေးလိုက်ရလို့လည်း ဘာမှ ဖြစ်မသွားပါဘူး။ မိသားစုကို အရမ်းကြီး မခင်တွယ်ပေမယ့် နောက်ဆုံးတော့လည်း ရန်မိသားစုကပဲ သူ့အရည်အချင်းတွေကို ပြသခွင့် ပေးခဲ့တာလေ။ မိသားစုအတွက် ဆေးပေါင်းရည်လေး နည်းနည်းလေး ပေးလိုက်တာက ကျေးဇူးတင်တဲ့ သဘောပါပဲ။
ဒါပေမယ့် ဗဟိုမြို့တော် ရန်မိသားစုဆီ ပြန်ရောက် သွားပြီးနောက် မိသားစုဆီကနေ ဘယ်တော့မှ ပြန်ထွက်လာလို့ ရတော့မှာ မဟုတ်သလို သူ့ကျင့်ကြံခြင်း လည်း ဖျက်စီးခံရမယ်မှန်း ရန်ကိုင် သေချာ သိထားပါတယ်။
ရန်ကိုင်အတွက်တော့ ဒီအကျိုးဆက်တွေက လက်ခံနိုင်ဖွယ် မရှိပါဘူး။
Martial Peak
အပိုင်း(၅၃၉) ကိစ္စကြီးတစ်ခုခု ဖြစ်ပျက်သွားခဲ့ပြီ
ရန်ကိုင် အဖြေကို ကြားလိုက်ရပြီးနောက် ရန်ကျန်း နည်းနည်းလေးမှ အံ့အားသင့်မသွားခဲ့။ ရန်ကိုင် အခုလို တုန့်ပြန်လာမယ်မှန်း ကြိုတင်ခန့်မှန်းပြီးတဲ့ ပုံပါပဲ။ ခေါင်းသာ ပြန်ညိတ်ပြလိုက်ပြီး “ဒါက မင်းရဲ့ ရွေးချယ်ပိုင်ခွင့် ဖြစ်တဲ့အတွက် ဒီလူအိုကြီးလည်း ဘာမှမပြောတော့ဘူး။ ကျန်တဲ့ မိသားစုကြီး ခုနှစ်ခုက စတင်လှုပ်ရှားနေပြီ ဖြစ်လို့ပဲ ဒီလူအိုကြီးက မင်းကို သတိပေးခဲ့တာ။ သူတို့တွေက လွယ်လွယ်နဲ့ လက်လျှော့မှာမဟုတ်ဘူး။ မင်းအတွက် ငါတို့ ရန်မိသားစုက ကျန်တဲ့မိသားစုကြီး ခုနှစ်ခုနဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်မှာမဟုတ်ဘူး။ ငါတို့ပေးနိုင်တဲ့ တစ်ခုတည်းသော ကမ်းလှမ်းမှုက ဗဟိုမြို့တော်ဆီ ပြန်လာပြီး မိသားစုရဲ့ ကာကွယ်မှုအောက် လာရောက် ခိုလှုံဖို့ပဲ။ မဟုတ်ရင် မင်းရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို မင်းကိုယ်တိုင် ရင်ဆိုင်ရမှာ”
ပြောပြီးတာနဲ့ ရန်ကျန်း မတ်တပ်ရပ်လိုက်ပြီး ကျန်တဲ့ အကြီးအကဲတွေနဲ့အတူ ထွက်သွားလိုက်တယ်။
သက်လတ်ပိုင်း မိန်းမကြီးက မထွက်သွားခင် ရန်ကိုင်ဆီ ပြန်လှည့်ကြည့်လိုက်ပြီး တိုးတိုးလေး ပြောသွားလိုက်တယ် “မိသားစုဘက်က ကမ်းလှမ်းချက်ကို စဉ်းစားကြည့်လိုက်ဦး။ ဒါက ကမ်းလှမ်းချက်အဆိုးကြီးလည်း မဟုတ်ပါဘူး။ နင့်ရဲ့ ကျင့်ကြံခြင်း ပျက်စီးသွားရင်တောင် ရန်မိသားစုထဲမှာ အေးအေးဆေးဆေး နေလို့ရသေးတယ်လေ။ မိသားစုဆီက နင်လိုချင်တာကို ပွင့်ပွင့်လင်းလင်း တောင်းဆို ဆွေးနွေးကြည့်လို့ ရသေးတယ်လေ”
ရန်ကိုင်ကတော့ ထူးမခြားဟန်ဖြင့် အေးစက်စက်နဲ့သာ သူမကို ပြန်စိုက်ကြည့်နေလိုက်တယ်။
သက်လတ်ပိုင်း အမျိုးသမီးလည်း ခေါင်းခါရမ်းလိုက်ပြီး ဘာမှ ဆက်မပြောတော့ပါဘူး။ ကျန်တဲ့လူတွေနဲ့သာ စံအိမ်ထဲကနေ ခပ်မြန်မြန် ထွက်သွားလိုက်တယ်။
သူတို့ ထွက်သွားပြီးနောက် ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်ပြီး မောပန်းနွမ်းနွယ်သည့် အရိပ်အယောင်တို့ သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့တယ်။
သာမန်လူတစ်ယောက်က အပြစ်ကင်းစင်ပေမယ့် သူပိုင်ဆိုင်ထားတဲ့ ရတနာတွေကြောင့် ထိုလူက အပြစ်ရှိတဲ့လူ ဖြစ်သွားခဲ့ရတယ်။ ဒါကြောင့်ပဲ ဆေးပေါင်းရည်ကို ရန်ကိုင် အမြဲတမ်းဖုံးကွယ် ထားခဲ့တာပါ။ သူယုံကြည်ရတဲ့ လူအချို့ပဲ ဆေးပေါင်းရည်အကြောင်း သိထားကြပါတယ်။
ဒါပေမယ့် မိသားစုကြီးရှစ်ခုက သူနဲ့သူ့နားမှာ ရှိနေတဲ့ လူတွေကို စောင့်ကြည့်နေရင်း တစ်ခုခုကို ထောက်လှမ်း မိသွားနိုင်ခဲ့ပါတယ်။ ဒါက ရန်ကိုင် ရောင်ရှားလို့ မရတဲ့ အရာတစ်ခုပါ။
ဒါပေမယ့် ဒါက သူလုံးဝ မပြောချင်တဲ့ တစ်ခုခု ဆိုရင်လည်း မမှားပါဘူး။ ကံမကောင်းစွာနဲ့ တစ်ယောက်ယောက်က ပစ္စည်းကောင်း တစ်ခုကို ရလိုက်တာနဲ့ ကျန်တဲ့လူတွေက မေးကြလိမ့်မယ် ‘ဒီပစ္စည်းကို ဘယ်ကရတာလဲ’။ သူ့ကိုယုံဖို့ သူ့မိဘတွေကို သွားပြောရင်တောင် သူတို့စိတ်ထဲမှာတော့ သံသယ တစ်စွန်းတစ်စတို့ ရှိနေဦးမှာပါပဲ။
သူ့စံအိမ်ထဲမှာ ရှိနေတဲ့ လူအားလုံးရဲ့ ခွန်အားတွေ ဒုံးပျံအမြန်နှုန်းနဲ့ မြင့်တက်လာနေရတာက ရှနင်းချန်က ဆေးလုံးတွေ ဖော်စပ်ရာမှ ဆေးပေါင်းရည်ကို ထည့်သုံး ထားလို့ပါ။ ထို့ကြောင့် ဆေးလုံးတစ်လုံးချင်းစီတိုင်းရဲ့ အစွမ်းအာနိသင်က အရင်ကထက် ပိုမိုကောင်းမွန် သွားခဲ့ပြီး ဆေးလုံးတွေထဲ သောက်လိုက်တဲ့ သူရဲ့ ခန္ဓာကိုယ်ကိုပါ သန့်စင်ပေးနိုင်တဲ့ စွမ်းရည်ပါ ပါဝင်နေခဲ့တာပါ။
ဒါပေမယ့် သူတို့ရဲ့ ကျင့်ကြံနှုန်းက မြန်ဆန်လာတယ် ဆိုပေမယ့် အရမ်းကြီး မြန်ဆန်လာခဲ့တာ မဟုတ်ပါဘူး။ တကယ်တော့ သူတို့တွက ဆေးပေါင်းရည်ကို တိုက်ရိုက် သောက်သုံးနေကြတာမှ မဟုတ်တာ။
မိသားစုကြီးရှစ်ခုရဲ့ အပြုအမူကို ချင့်တွက်ရမယ် ဆိုရင် အခုကိစ္စက အရမ်းအရမ်းကို ပြဿနာများတဲ့ ဘေးကပ်ဆိုး တစ်ခု ဖြစ်လာမှာ မလွဲမသွေပါပဲ။
ခန်းမအပြင်ဘက်၌ ရန်ကိုင်က တုန်လှုပ်ချောက်ချား နေတဲ့ ချူရီမန်နဲ့ သွားတိုးခဲ့တယ်။
ချူရီမန် အခုလိုမျိုး တုန်လှုပ်ချောက်ချားတာကို ရန်ကိုင် မြင်ရခဲပါတယ်။ ချူမိသားစုရဲ့ ပထမသခင်မလေးက အမြဲတမ်း တည်ငြိမ်တဲ့လူပါ။ အန္တရာယ် ကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရရင်တောင် အခုလို အမူအရာမျိုး လုပ်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် အခုတော့ သူမမျက်နှာထက် စိုးရိမ်ပူပန် ကြောက်ရွံ့နေသည့် အရိပ်အယောင်တို့ကို အထင်းသား မြင်တွေ့နေခဲ့ရပါတယ်။ မျက်လုံးကန်းနေတဲ့လူသာ မဟုတ်သရွေ့ သူမဘယ်လောက်တောင် စိုးရိမ်ပူပန် နေလဲဆိုတာကို မြင်နိုင်ပါတယ်။
“ရန်ကိုင်” ချူရီမန်က တုန်ရင်နေတဲ့ အသံနဲ့ ရန်ကိုင်ကို တိုးတိုးလေး အော်ခေါ်လိုက်တယ်။
ရန်ကိုင်က သူ့ကိုယ်သူ အကောင်းဆုံး တည်ငြိမ်အောင် လုပ်ထားရင်း သူမဆီ တည့်တည့်ကြည့်လိုက်ပြီး “ဘာဖြစ်လို့လဲ”
“မိသားစုဆီ ပြန်လာဖို့ ငါ့ကို့ စာပို့လိုက်တယ်” ချူရီမန်က ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ်။
“မြန်လိုက်တာ” ရန်ကိုင် ပြုံးလိုက်တယ်၊ ဒါပေမယ့် သူ့မျက်နှာနဲ့ အကြည့်တိုက ရေခဲတမျှ အေးစက်နေပါတယ်။
ရန်ကျန်းက သူ့အိမ်တံခါးကနေ ထွက်သွားရုံပဲရှိသေး၊ ချူမိသားစုက ချူရီမန်ကို ပြန်လာဖို့ ပြောတဲ့စာ ရောက်လာ ခဲ့ပါတယ်။ ကြည့်ရတာက မိသားစုကြီးရှစ်ခုက အတူတူ ပူးပေါင်းထားတဲ့ ပုံပါပဲ။
“နင်ဘာပြောချင်တာလဲ” ချူရီမန်က ရန်ကိုင်ကို သင်္ကာမကင်းနဲ့ ကြည့်လိုက်တယ်။ စာကိုရလိုက်တုန်းက ဘာတွေဖြစ်နေလဲ၊ သူမ ဘာဆက်လုပ်ရမလဲ၊ ချူရီမန် မတွေးတောနိုင်ခဲ့ပါဘူး။ ထို့ကြောင့် ထိတ်လန့်တကြားနဲ့ ရန်ကိုင်ဆီ ပြေးလာခဲ့တာပါ။ သူမ မိသားစုက ပြန်ခေါ်နေတဲ့ အကြောင်းပြောလိုက်တာတောင် ရန်ကိုင် အမူအရာက ပြောင်းလဲသွားခြင်း မရှိခဲ့ပဲ နားမလည်နိုင်တဲ့ စကားအချို့ ကိုသာ ပြောခဲ့ပါတယ်။ သူ့ရဲ့ ထူးဆန်းတဲ့ တုန့်ပြန်မှုက ချူရီမန်ကို ပိုပြီး စိုးရိမ်သွားစေခဲ့တယ်။
“ဘာမှမဟုတ်ပါဘူး” ရန်ကိုင်က ပြန်ပြုံးပြလိုက်ပြီး “နင်ဘယ်အချိန် ထွက်သွားမှာလဲ”
“မြန်နိုင်သမျှမြန်မြန်ပဲ” ချူရီမန်က သူမရဲ့ နှုတ်ခမ်းလေးကို ကိုက်ပြီး “ပြီးတော့ ဆောင်းဦးနှင်းစက် ခန်းမက လူတွေကိုပါ ငါနဲ့အတူ ပြန်ခေါ်လာဖို့ အဖေက အမိန့်ပေးထားတယ်”
ဆောင်းဦးမိုးစက်ခန်းမက ချူရီမန်ခေါ်လာတဲ့ လူတွေပါ။
“ငါနားလည်ပြီ”
ချူရီမန် ဖြည်းဖြည်းချင်း ခေါင်းခါလိက်ပြီး စိတ်ညစ်နေတဲ့ အမူအရာလေးနဲ့ “ငါတကယ်ကို နားမလည်တော့ဘူး။ အဲ့စာကို ရလိုက်တည်းက ငါ့စိတ်ထဲ မကောင်းတဲ့ ခံစားချက်တွေ ရနေခဲ့တာ။ ငါမသိလိုက်ပဲ တစ်ခုခု ကြီးကြီးမားမား ဖြစ်ခဲ့ပြီလို့ ငါ့ရဲ့ မသိစိတ်က ပြောနေတယ်။ ငါထွက်သွားရင်၊ ငါကြောက်မိတာ… ငါကြောက်မိတာက၊ ငါပြန်မလာနိုင်တော့မှာကိုပဲ”
ဆောင်းဦးမိုးစက်ခန်းမက လူတွေကိုပါ သူမနဲ့အတူ ပြန်ခေါ်လာဖို့ ပြောလိုက်ကတည်းက ဒီကိစ္စက ထင်သလောက် မရှိုးရှင်းတော့မှန်း သိသာနေပါပြီ။
ချူရီမန်က အရူးမဟုတ်ပါဘူး၊ သူမက အရမ်းကို ဥာဏ်ကောင်းတဲ့ မိန်းကလေး တစ်ယောက်ပါ။ ဒါကြောင့် တစ်ခုခု လွဲမှားနေတယ်ဆိုတာကို သူမ ကျိန်းသေ ခန့်မှန်းမိလိုက်ပါတယ်။
ဒါပေမယ့် ပြဿနာက ဘာလဲဆိုတာကို သူမ မသိ ဖြစ်နေခဲ့ပါတယ်။ ရန်ကိုင်ကို ကူညီဖို့ ဆုံးဖြတ်ခဲ့တုန်းက မိသားစုကနေ ယာယီခွဲထွက်လာခဲ့ပါတယ်။ ဒါက သူမ တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပါ။ ချူမိသားစုနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။
ချူမိသားစုရဲ့ အစစ်အမှန် မဟာမိတ်က ခြောက်ယောက်မြောက် သခင်လေးပါ။ ဒါပေမယ့် အခုတော့ အမွေခံတိုက်ပွဲ မပြီးသေးခင်မှာပဲ အကြောင်းပြချက် ရေရေရာရာ မရှိပဲနဲ့ ချူမိသားစုက သူမကို ရုတ်တရက် ပြန်ခေါ်နေခဲ့ပါတယ်။
“နင်အတွေးလွန်နေတာပါ” ရန်ကိုင် ပြုံးပြလိုက်တယ်။
ချူရီမန်က စိုးရိမ်တကြီးနဲ့ ရန်ကိုင်လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး ရန်ကိုင်အား တောင်းပန်တိုးလျှိုးသည့် အမူအရာဖြင့် တိုးတိုးလေး ပြောလိုက်တယ် “နင်တစ်ခုခုကို သိထားလား”
ရန်ကိုင် ခေါင်းခါရမ်းလိုက်ပြီး “နင်တို့ ချူမိသားစုရဲ့ အတွေးတွေကို ငါဘယ်လိုလုပ်ပြီး သိမှာလဲ”
“ဒီကိစ္စနဲ့ နင်တို့ရန်မိသားစုက အကြီးအကဲတွေ ရောက်လာတာနဲ့ တစ်နည်းနည်း ဆက်စပ်နေတာလား” ချူရီမန်က ဆက်မေးလိုက်တယ်။
ချူမိသားစု ပထမသခင်မလေးရဲ့ မြင်နိုင်စွမ်းက အမြဲတမ်းကို အံ့ဩဖို့ ကောင်းနေတာပါပဲ။
“ဘာမှမဆိုင်ဘူး” ရန်ကိုင်က ပြတ်ပြတ်သားသား ခေါင်းခါရမ်းပြလိုက်ပြီး “ဦးလေးချူက နင့်ကို မတွေ့ရတာ ကြာတော့ လွမ်းနေလို့ ဖြစ်မှာပေါ့။ ဒါကြောင့် သူနင့်ကို ပြန်ခေါ်လိုက်တာနေမယ်”
ချူရီမန်က ရန်ကိုင်ကို တစ်ခဏကြာတဲ့အထိ ငေးကြောင် ကြည့်နေလိုက်ပြီးနောက် သူ့လက်မောင်းကို ဖြည်းဖြည်းချင်း လွှတ်လိုက်ပြီး ခါးခါးသီးသီး ပြုံးလိုက်ရင်း “နင်အမြဲတမ်းဒီလိုပဲ၊ ငါ့ကို ဘာမှမပြောပြဘူး”
ရန်ကိုင်က သူ့ပါစပ်ကို ဟပြီး ပြောဖို့လုပ်လိုက်ပေမယ့် ဘာပြောလို့ပြောရမှန်းမသိ ဖြစ်နေခဲ့တယ်။
“အဲ့လိုဆိုမှတော့…” ချူရီမန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူမစိတ်ကို တည်ငြိမ်အောင် လုပ်လိုက်ကာ “အဲ့လိုဆိုရင်၊ ငါထပ်မမေးတော့ဘူး၊ နင့်ကိုယ်နင် ဂရုစိုက်ဦး”
“ဒီတစ်ကြိမ် နင်တော်တော်လေး အလုပ်ကြိုးစား ပေးခဲ့ပြီသွားပြီလေ။ ငါကိုယ်တိုင် နင့်ကို လိုက်ပို့ပေးမယ်” ရန်ကိုင် လေသံတိုးတိုးနဲ့ ပြောလိုက်တယ်။
စံအိမ်အပြင်ဘက်မှာတော့ ဆောင်းဦးမိုးစက်ခန်းမက အဖွဲ့သားတွေ အကုန်လုံး ထွက်ခွါဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။ ချူရီမန်နဲ့ ရန်ကိုင်တို့ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့ကြတယ်။ နှစ်ယောက်စလုံး စကားမပြောခဲ့ကြပါဘူး။ တစ်ယောက်ရဲ့ မျက်ဝန်းထဲ မျှော်လင့်တောင့်တနေသည့် အရိပ်အယောင်တို့ ရှိနေခဲ့ပြီး အခြားတစ်ယောက်ရဲ့ မျက်ဝန်းတွေကတော့ ထိုင်းမှိုင်း နေခဲ့ပါတယ်။
သူတို့ကြားက အခြေအနေက အနည်းငယ် ထူးဆန်းနေခဲ့ပါတယ်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးမှာတော့ ချူရီမန်ရဲ့ ဖြည်းဖြည်းချင်း မှိန်ကျသွားခဲ့တယ်။ စကားတစ်ခွန်းမှ မပြောတော့ပဲ ချူရီမန်က ဆောင်းဦးမိုးစက်ခန်းမ အဖွဲ့သားတွေနဲ့အတူ ဗဟိုမြို့တော်ဆီ လှည့်ထွက်သွားလိုက်တယ်။
အဆုံးရောက်သည့်တိုင် ရန်ကိုင်ဆီကနေ စကား တစ်ခွန်းတောင် မကြားခဲ့ရပါဘူး။
ရန်ကိုင်သာ သူမကို နေဖို့ ပြောခဲ့ရင် သူမအနေနဲ့ ချူမိသားစုရဲ့ အမိန့်ကို လွန်ဆန်ပြီး နေခဲ့မှာပါ။
ဒါပေမယ့် ရန်ကိုင်ကတော့ သူမထွက်သွားတာကို တိတ်တဆိတ်ပဲ စောင့်ကြည့်နေခဲ့ပါတယ်။
ချူရီမန် ပြန်လာမှာမဟုတ်မှန်း သူတို့ နှစ်ယောက်စလုံး သိထားကြပါတယ်။
ရန်ကိုင်နဲ့ ချူရီမန်တို့ ခွဲထွက်သွားတာနဲ့ လူသုံးယောက် ထွက်ပေါ်လာခဲ့တယ်။ ခေါင်းဆောင်လာတဲ့ လူက တည်ငြိမ်နေပြီး သူ့နောက်မှာ ရှိနေတဲ့ နှစ်ယောက်က အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်နှစ်ယောက်ပါ။ အားလုံးက သူတို့ရဲ့ အရှိန်အဝါကို အပြည့်အဝ ထိန်းချုပ်ထားခဲ့ကြကာ သူတို့ရဲ့ အမူအရာက အနည်းငယ် အထက်စီးဆန်သလို ဖြစ်နေခဲ့ပါတယ်။
ဒါက တကယ်ကို လွှမ်းမိုးနိုင်စွမ်း ကြီးမားတဲ့ လူတစ်ယောက်ရဲ့ ပုံစံမျိုးပါ။
ချူရီမန် ချက်ချင်း ရပ်တန့်လိုက်ပြီး အသစ်ရောက် လာတဲ့ လူသုံးယောက်ကို ငေးကြောင်ကြည့်နေလိုက်ကာ ခပ်မြန်မြန်ပဲ လက်သီးဆုပ်ပြီး ပြောလိုက်တယ် “ဦးလေးဟော်”
ဟော်မိသားစုခေါင်းဆောင် ဟော်ရှင်းချန်က ချူရီမန်ကို ပြန်ပြုံးပြလိုက်ပြီး အသာအယာလေး ခေါင်းပြန်ညိတ် ပြလိုက်ကာ “တူမလေးချူက ဗဟိုမြို့တော်ဆီ ပြန်တော့မလို့လား”
“အင်း” ချူရီမန်က တည်တည်ငြိမ်ငြိမ်လေး ပြုံးရင်း ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
“အင်း၊ကောင်းတယ်။ မြန်မြန်သာ ပြန်တော့၊ နင့်အဖေ နင့်ကို စောင့်နေတယ်”
ပြောပြီးတာနဲ့ ဟော်ကျန်းက ဟော်မိသားစုက ပညာရှင် နှစ်ယောက်ကို ဦးဆောင်ပြီး ရန်ကိုင်ဆီ ခြေလှမ်းကျဲကျဲဖြင့် လမ်းလျှောက်သွားလိုက်တယ်။
ချူရီမန်ကတော့ လုံးဝကို ထိတ်လန့် သွားခဲ့ရတယ်။
သူမကိုသာ ချူမိသားစု ပြန်ခေါ်ရုံမကလို့ ဟော်ရှင်းချန်ပါ မိသားစုဆီ ပြန်ခေါ်ခံရလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး။
ဟော်ကျန်း ထွက်ပေါ်လာတာက ဟော်ရှင်းချန် ကြောင့်ဆိုတာ အသိသာကြီးပါ။ ဟော်ကျန်းကလွဲပြီး ဟော်မိသားစုက ဘယ်သူကမှ ဟော်ရှင်းချန်ကို နာနာခံခံနဲ့ ပြန်လာအောင် မလုပ်နိုင်ပါဘူး။ ထို့ကြောင့် သူကိုယ်တိုင် လာရုံကလွဲပြီး အခြားရွေးချယ်စရာ မရှိခဲ့ပါဘူး။
အိမ်အပြင်ဘက်၌၊ ရန်ကိုင်က ထိုအသစ်ရောက်လာတဲ့ သုံးယောက်ကို ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်နေခဲ့တယ်။ ဒါပေမယ့် ဟော်ကျန်းကို ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက် လိုက်ပါသေးတယ်။
ဟော်ကျန်းက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ကို ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်လိုက်တယ်။
“သခင်လေးဟော်ကို ရှာနေတာမလား။ သူအထဲမှာ ရှိတယ်” ရန်ကိုင် တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ်။
“ကောင်းပြီ။ ငါကိုယ်တိုင် သွားရှာလိုက်မယ်” ဟော်ကျန်း ခေါင်းညိတ်လိုက်တယ်။ ဘာတစ်ခွန်းမှ ထပ်မပြောတော့ပဲ ပညာရှင်နှစ်ယောက်ကို ဦးဆောင်ကာ ရန်ကိုင်စံအိမ်ထဲ ဝင်သွားလိုက်တယ်။
တစ်ခဏကြာပြီးနောက် ပြုတ်ခံနေရတဲ့ ဝက်တစ်ကောင်လို အော်ဟစ်နေတဲ့ ဟော်ရှင်းချန်ရဲ့ အော်သံကို သူကြားလိုက်ရတယ်။ မကြာခင်မှာပဲ ဟော်ကျန်း ပြန်ထွက်လာခဲ့တယ်။ ဗဟိုမြို့တော်ရဲ့ မြေခွေးကိုတော့ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်က သယ်ထားခဲ့ပါတယ်။
“ဟေး၊ လူအိုကြီး ငါ့ကိုချပေးစမ်း” ဟော်ရှင်းချန်က ရုန်းကန်ရင်း အော်ဟစ်လိုက်တယ်။ ဒါပေမယ့် အချည်းနှီးပါပဲ။ သူ့ကို ဖမ်းထားတဲ့ ပညာရှင်က ဟော်ရှင်းချန်ကို လုံးလုံး လျစ်လျူရှုထားခဲ့ပါတယ်။
“မင်းအဖေဖြစ်တဲ့ ငါ့ကိုတောင် ရန်စရဲမှာတော့ မင်းသေပြီသာမှတ်။ ဒီအဖေက မင်းကို သင်းကွပ်ပြီး မင်းအသားကို ခွေးကျွေးပစ်မယ်ဆိုတာ မင်းယုံလား” ဟော်ရှင်းချန်က ဆက်ပြီး အော်ဟစ်လိုက်တယ်။
“မင်းဘာပြောလိုက်တာလဲ။ မင်းအဖေရှေ့မှာတောင် မင်းကိုယ်မင်း အဖေလို့ ခေါ်ရဲတယ်ပေါ့” ဟော်ရှင်းချန်က နာခံမှုမရှိတဲ့ သူ့သားကို စူးစူးရဲရဲ စိုက်ကြည့်လိုက်တယ်။
ဟော်ရှင်းချန်က ရိုးသားအပြစ်ကင်းစင်တဲ့ အပြုံးလေးနဲ့ ပြောလိုက်တယ် “အဖေကလည်း၊ ကျွန်တော်က အဖေ့ကို ပြောနေတာမှမဟုတ်တာ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပါဦး အဖေရာ၊ အကြောင်းပြချက်မရှိပဲ အသံအကျယ်ကြီးနဲ့ အော်ပြောနေတာ၊ ရှက်စရာ ကောင်းလိုက်တာဗျာ”
“မင်းသောက်ပါးစပ်ကို ပိတ်ပြီး ငါနဲ့အတူ ဗဟိုမြို့တော်ဆီ ပြန်လိုက်ခဲ့”
“ဟန်၊ ဘာလို့လဲ” ဟော်ရှင်းချန် စိတ်ရှုပ်သွားခဲ့တယ်။
“မင်းသောက်ပါးစပ် ပိတ်ထားဆို ပိတ်ထားလိုက်။ ဆက်ပြီး မဟုတ်တုတ်ကတွေ ဆက်ပြောနေမယ် ဆိုရင် ဒီအဖေက မင်းပါးစပ်ကို ရိုက်ပေးရလိမ့်မယ်”
“အခုလား၊ အခုဟုတ်လား။ အဖေ… လူကြီးလူကောင်း ဆိုတာ လက်မပါဘူး၊ ပါးစပ်နဲ့ပဲ ပြောတယ်။… ကောင်းပြီ၊ ကောင်းပြီ။ ဗဟိုမြို့တော်ဆီ ခင်ဗျားနဲ့အတူ ပြန်လိုက်ခဲ့မယ် ဟုတ်ပြီလား။ ဒါပေမယ့် မသွားခင်လေး သခင်လေးကိုင်နဲ့ နှစ်ယောက်တည်း သီးသန့်စကား နည်းနည်းလောက်တော့ ပြောခွင့်ပြုပါဦး။ ကျုပ်တို့ အတူရှိနေခဲ့တာ ကြာနေပြီ။ အခု ကျုပ်တို့ နှစ်ယောက်က တော်တော်လေးကို ခင်နေကြတာဗျ”
ဟော်ရှန်းက သူ့သားကိုတစ်လှည့်၊ ရန်ကိုင်ကိုတစ်လှည့် မျက်တောင်ကြုံ့ကာ ကြည့်လိုက်ပြီး အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။
ဟော်မိသားစုက ပညာရှင်က ဟော်ရှင်းချန်ကို ချက်ချင်းပဲ လွှတ်ပေးလိုက်တယ်။
“အဲ့မှာ ငါမင်းကိုစောင့်နေမယ်” ဟော်ကျန်း နှာခေါင်းရှုံ့လိုက်တယ်။
“အင်း” ဟော်ရှင်းချန်က ခေါင်းညိတ်ပြလိုက်တယ်။
ဟော်မိသားစုလူသုံးယောက် ထွက်သွားပြီးနောက် ဟော်ရှင်းချန်က ယဲ့ယဲ့လေးရယ်မောရင်း စိတ်ဝင်တစားနဲ့ ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်ပြီး “ကြည့်ရတာ… ကြီးကြီးမားမား တစ်ခုခု ဖြစ်ပျက်သွားခဲ့ပြီနဲ့ တူတယ်”
ချူရီမန် ထွက်သွားဖို့ လုပ်နေတာကို မြင်ကတည်းက သူ့စိတ်ထဲ ဂနာမငြိမ် ဖြစ်နေတာပါ။ ထို့နောက် ဟော်မိသားစုက ပညာရှင်နှစ်ယောက်နဲ့ သူ့အဖေကိုယ်တိုင် ရောက်လာတော့ အခြေအနေက သူထင်ထားတာထက် ပိုလေးနက်မှန်း ဟော်ရှင်းချန် နားလည်လိုက်တယ်။
“ပြောဖို့ အဆင်မပြေဘူးလား” ဟော်ရှင်းချန်က ပခုံးတွန့်လိုက်ပြီး “မေ့လိုက်တယ်၊ ငါဘာမှမပြောခဲ့ဘူး လို့သာ သဘောထားလိုက်။ ဘာပဲဖြစ်ဖြစ်၊ ငါ့လူအိုကြီး ကိုယ်တိုင်ရောက်လာမှတော့ ငါလည်း နေလို့ မရတော့ဘူး။ အများကြီးသိထားတာ ငါ့အတွက် ကောင်းမှာ မဟုတ်ဘူး”
ရုတ်တရက် ဟော်ရှင်းချန်ရဲ့ မျက်နှာ လေးနက်သွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်တယ် “သခင်လေးကိုင်၊ မင်းက တကယ်ကို ကြီးမြတ်တဲ့လူတစ်ယောက် ဖြစ်ဖို့ မွေးဖွားလာခဲ့တာ။ ဒါကြောင့် စောစောမသေနဲ့ဦး။ ဒီတစ်ကြိမ် ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို ငါမသိပေမယ့် လာမယ့် ရက်တွေကတော့ မင်းအတွက် ခက်ခဲမယ် ဆိုတာကိုတော့ ငါသိတယ်။ ဒါပေမယ့် မင်းတောင့်ခံနိုင်ရမယ်။ အခြားသူတွေ မင်းအကြောင်း ဘယ်လိုပဲ တွေးပါစေ၊ ငါမင်းဘက်ကနေ ရပ်တည်ပေးမယ်။ မင်းသာ ငါ့ထက်စောစောသေသွားခဲ့ရင်း၊ ဟဲဟဲ… မင်းအလောင်းကိုတူး၊ ကြိုးနဲ့တုပ်ပြီး ကြာပွတ်နဲ့ နေ့တိုင်း အကြိမ်တစ်ရာလောက် ရိုက်ပေးမှာ… ငါဟော်ရှင်းချန်က တစ်ဘဝလုံး အခြားဘယ်သူ့ကိုမှ မလေးစားဖူးဘူး၊ ဒါကြောင့် ငါ့ကို စိတ်မပျက်စေနဲ့”
ဟော်ရှင်းချန်ရဲ့ ထိန်းမနိုင်သိမ်းမရ အမူအရာကို ကြည့်ရင်း ရန်ကိုင် နှုတ်ခမ်းအစုံ ကွေးတက်သွားခဲ့ပြီး “ထွက်သွားတော့၊ ငါမင်းကို လိုက်မပို့တော့ဘူး”
“ပြန်တွေ့ကြတာပေါ့” ဟော်ရှင်းချန်က ရယ်ရယ် မောမောနဲ့ အိမ်ထဲကနေ လမ်းလျှောက် ထွက်သွားလိုက်တယ်။
မိသားစုကြီးက လူငယ်မျိုးဆက် ခေါင်းဆောင် နှစ်ယောက် တစ်နာရီအတွင်းမှာပဲ ရန်ကိုင်အိမ်ကနေ ထွက်သွားခဲ့ပါပြီ။ သူတို့ထဲက တစ်ယောက်က ရန်ကိုင်ရဲ့ ညာဘက်ရုံးလို့တောင် ပြောလို့ရတဲ့လူပါ။
ဒီပြောင်းလဲမှုတွေက နွေဦးလေပြေလေးအလား အရမ်းကို မြန်ဆန်လှကာ ဘယ်သူ့ကိုမှ ပြင်ဆင်ချိန် လေးတောင် မပေးခဲ့ပါဘူး။
ချူရီမန်နဲ့ ဟော်ရှင်းချန်တို့ ပျောက်ကွယ် သွားတော့မှပဲ အားလုံး အသိပြန်ဝင်လာခဲ့တယ်။
တစ်ခဏကြာပြီးနောက် ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို အားလုံးက ရန်ကိုင်အား ဝိုင်းမေးကြပါတော့တယ်။
“အားလုံး တိတ်ကြစမ်း” ပန်းပေါင်းတစ်ထောင် နန်းတော်က ဟန်ရှောင်ဆီက မတ်တပ်ရပ်လိုက်ပြီး အခြေအနေကို ထိန်းလိုက်တယ် “နင်တို့အားလုံးက ဒီလောက် အော်နေမှတော့ ရန်ကိုင်က ဘယ်လို ပြန်ဖြေရတော့မှာလဲ’
လူငယ်လေးတွေ အကုန်လုံး တိတ်ဆိတ်သွားခဲ့တယ်။ အားလုံးက ရန်ကိုင်ကို ငေးကြည့်နေခဲ့ကြတယ်။
“အထဲအရင်သွားကြတာပေါ့။ အဲ့ကျမှ ငါရှင်းပြမယ်” ရန်ကိုင်က သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီး အိမ်ထဲ ဝင်သွားလိုက်တယ်။ အားလုံးလည်း သူ့နောက်ကနေ ပြေးလိုက်သွားခဲ့ကြတယ်။
Martial Peak
အပိုင်း(၅၄၀) မမြင်နိုင်တဲ့ ပြောင်းလဲမှုများစွာ
အဓိကခန်းမထဲ၌ ရန်ကိုင်က စားပွဲခုံထိပ်တွင် ထိုင်ရင်း အားလုံး ရောက်လာမှာကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်း နေခဲ့တယ်။
အချိန်တိုအတွင်းမှာပဲ အင်အားစုအသီးသီးရဲ့ ကိုယ်စားပြု လူငယ်တွေ ရောက်ရှိလာခဲ့တယ်။
ဟန်ရှောင်ချီက ရန်ကိုင်ကို အသိပေးလိုက်ပြီး ထိုင်ခုံတစ်ခုံ ယူထိုင်လိုက်တယ်။
ရန်ကိုင်လည်း တင်ပလင်ခွေ ထိုင်နေရာမှာ နိုးလားခဲ့ပြီး လူအုပ်ကြီးကို ဝေ့ကြည့်လိုက်တယ်။
ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်တဲ့အခိုက် ရင်းနှီးတဲ့ မျက်နှာများစွာကို မြင်တွေ့လိုက်ရတယ်။
ဒေါင်မိသားစုက ဒေါင်ချင်းဟန်၊ ခရမ်းဖန်းတောင်ကြားမှ ဖန်ဟောင်နဲ့ လော့ရှောင်မန်၊ လရောင်ပြန်ဂိုဏ်းမှ ချန်ယွဲ့ရှုနဲ့ စုရှောင်းယု၊ သန့်စင်နှလုံးသား နန်းတော်မှ ကျိုးဖန်၊ ငှက်မွှေးပျံနန်းတော်မှ ချူကျင်းရှန်၊ ပန်းပေါင်းတစ်ထောင် နန်းတော်မှ နတ်သမီးလေးယောက်၊ သွမ့်မူမိသားစုမှ စီနီယာငါးယောက်၊ သွေးတိုက်ပွဲဂိုဏ်းမှ ဟူကျောင်းအားနဲ့ ဟူမေးအာ၊ မုန်တိုင်းစံအိမ်မှ ဖန်ဇီကျိ၊ တစ္ဆေဘုရင် တောင်ကြားမှ လန်ရှန်းနဲ့ ချန်ရီ၊ ရှန်းယွမ်မြို့တော်မှ လျူဖေးရှန်…
အင်အားစု၁၁ခုမှ လူငယ်ခေါင်းဆောင် ၁၁ယောက်၊ ကောင်းကင်စံအိမ်မှ လူတွေကလွဲလို့ အခြားအင်အားစုတွေ အကုန်လုံးက လူငယ်ခေါင်းဆောင်တွေ အကုန်လုံး ဒီနေရာမှာ စုဝေးနေခဲ့ကြတယ်။
ဆေးဘုရင်တောင်ကြားက ချင်ကျဲသာမက၊ ရတနာဂိုဏ်းက ဝူရန်နဲ့ ထောင်ရန်၊ သွေးစစ်သည်တော်တွေ အကုန်လုံးပါ ရှိနေခဲ့ကြတယ်။
ဒီလူအင်အားက တကယ်ကို တောင့်တင်းလှပါတယ်။
ဒါပေမယ့် ရန်ကိုင်က သူတို့အားလုံးကို ဆင့်ခေါ်လိုက်တာကို ကြည့်ရင် အခြေအနေက ဘယ်လောက်တောင် အရေးကြီး၊ လေးနက်နေလဲ ဆိုတာကို သူတို့အားလုံး နားလည်သွားခဲ့ကြတယ်။ နဂိုတုန်းက အခုလိုမျိုး အစည်းအဝေးခေါ်မယ် ဆိုရင်တောင်မှ ဆေးဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းကလူတွေကို ဆင့်ခေါ်လေ့ မရှိပါဘူး။
ဒီအချက်ကို နားလည်လိုက်တာနဲ့ အကုန်လုံးက ရင်တမမနဲ့ ရန်ကိုင် ပြောလာမှာကို စောင့်ဆိုင်း နေခဲ့ကြတယ်။
“ဂျူနီယာညီလေးရန်၊ ပြောစရာရှိရင် ပြေသာပြောလိုက်။ ဆေးဖော်စပ်ခန်းမှာ လုပ်စရာ ကိစ္စတွေ အများကြီး ရှိသေးတယ်” ချင်ကျဲက စိတ်မရှည်တော့တဲ့ ဟန်နဲ့ ပြောလိုက်တယ်။ လွန်ခဲ့တဲ့လတွေအတွင်း ရှနင်းချန်ရဲ့ လက်အောက်မှာ ဆေးပညာနည်းလမ်းကို ဆည်းပူးလေ့လာခဲ့ပြီးနောက် ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေရဲ့ အရည်အချင်း တော်တော်လေး တိုးတက်လာခဲ့ပါတယ်။ အခုအချိန်ထိ ဆေးဖော်စပ်ခန်းမှ အပြင်ကို ထွက်ခဲ့တာဆိုလို့ တစ်ကြိမ်နှစ်ကြိမ်လောက်ပဲ ရှိပါတယ်။ ဆေးဘုရင်တောင်ကြား ကိုတောင် မပြန်တော့ပဲ ဒီမှာပဲ အခြေချရင် ကောင်းမလားလို့တောင် စဉ်းစားနေတာပါ။
ဆေးဘုရင်တောင်ကြားနဲ့ ယှဉ်ရင် ဒီနေရာက ဆေးပညာရှင်တွေအတွက် ထွတ်မြတ်နယ်မြေတစ်ခုဆိုတာ ယုံမှား သံသယရှိစရာ မလိုပါဘူး။
ရန်ကိုင် မတ်တပ်ရပ်လိုက်ပြီး ယဲ့ယဲ့လေး ပြုံးလိုက်ကာ “ဒီနေ့ ဖြစ်ပျက်သွားခဲ့တာတွေကိုလည်း မင်းတို့တော်တာ် များများ မြင်ပြီးလောက်မှာပေါ့။ ချူရီမန်နဲ့ ဟော်ရှင်းချန်တို့ ရုတ်တရက်ကြီး ဘာလို့ ထွက်သွားရလဲ ဆိုတာကို မင်းတို့ စိတ်ထဲတွေးနေမယ် ဆိုတာလည်း သံသယရှိစရာ မလိုဘူး”
စုဝေးနေတဲ့ လူတွေအကုန်လုံး ပြိုင်တူ ခေါင်းညိတ် ပြလိုက်ကြတယ်။
ရန်ကိုင်က ဆက်ပြောလိုက်တယ် “အသေးစိတ် အချက်အလက်တွေကိုတော့ မင်းတို့ကို ပြောပြလို့မရဘူး။ ဒါပေမယ့် အချက်အလက် အချို့ကိုတော့ မျှဝေလို့ရတယ်…”
အားလုံး အသက်အောင်းရင်း ရန်ကိုင် ပြောလာမှာကို တိတ်တဆိတ်နဲ့ စောင့်ဆိုင်းနေခဲ့ကြတယ်။
“ဒီနေရာက မကြာခင်မှာ ကပ်ဆိုးကြီးကို ရင်ဆိုင် ရတော့မယ်” ရန်ကိုင်က လေးနက်တဲ့ အမူအရာနဲ့ ခပ်မြန်မြန်ပဲ ပြောလိုက်တယ်။
လူအုပ်ကြီးတစ်ခုလုံး တဒင်္ဂလောက် ကြက်သေ သေသွားခဲ့ပြီး ချက်ချင်း ဝါးလုံးကွဲ ရယ်မောပါတော့တယ်။
ဒေါင်ချင်းဟန်က အရင်ဆုံး စပြောလိုက်တယ် “ငါက မင်းအိမ်ရောက်လာကတည်းက ပြဿနာမကြုံရတဲ့ အချိန် ဘယ်အချိန်ရှိလို့လဲ။ ဘယ်လိုအဖြစ်အပျက်ကများ ပြဿနာ ဖြစ်နိုင်မှာမို့လို့လဲ”
“အင်း၊ ဟုတ်တယ်” ကျိုးဖုန်လည်း ခေါင်းညိတ်လိုက်ပြီး “ဘာအခက်အခဲတွေပဲ ရင်ဆိုင်ရရ၊ ငါတို့အားလုံး အတူတူ ပူးပေါင်းပြီး အဲ့အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားလို့ ရတယ်လေ။ လုပ်စမ်းပါ၊ ပြောလိုက်စမ်းပါကွာ။ ဘယ်လို အခက်အခဲတွေကများ ငါတို့ကို စောင့်ကြိုနေလို့လဲ”
အားလုံးရဲ့ အမူအရာက လုံးဝကို ပေါ့ပါး နေခဲ့ပါတယ်။ သူတို့ မျက်နှာထက် စိုးရိမ်နေသည့် အမူအရာ နည်နးည်းလေးမှ မတွေ့ရပါဘူး။ ဒီပြဿနာ ဘယ်လောက် လေးနက်လဲ ဆိုတာကို သူတို့တွေ နားမလည်သေးတဲ့ ပုံပါပဲ။
“ဒီတစ်ကြိမ် မင်းတို့အားလုံး အသက်အန္တရာယ် ရှိနိုင်တယ်။ မင်းတို့ ဂိုဏ်းတွေ၊ မိသားစုတွေကိုတောင် သွားပြီး သက်ရောက်နိုင်တယ်” ရန်ကိုင်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး တည်ကြည်လေးနက်တဲ့ အမူအရာနဲ့ “ဒီလို ဖြစ်မယ်မှန်း သိနေတာတောင် မင်းတို့ ရယ်နေနိုင် တုန်းလား”
ဒီတစ်ကြိမ်တော့ အားလုံး မှင်သက်၊ တိတ်ဆိတ် သွားခဲ့တယ်။ အကုန်လုံးက လေးနက်တဲ့ အမူအရာနဲ့ ရန်ကိုင်ကို စိုက်ကြည့်နေခဲ့ကြတယ်။
“ငါက အားလုံးကို ခြောက်လှန့်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ အခြေအနေက အရမ်းကို မဆိုးရွားဘူး ဆိုပေမယ့် ပိုကောင်းမယ်ဆိုရင်တောင် အဲ့ထက် နည်းနည်းလေး ပိုကောင်းဖို့ပဲ ရှိတယ်၊ အများကြီး ပိုကောင်းမှာ မဟုတ်ဘူး”
“အခြေအနေက တကယ်ကို စိုးရိမ်ရတာလား” ချူကျင်းရှန် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “ငါတို့ အားလုံးက မင်းအမွေခံတိုက်ပွဲနိုင်အောင်လို့ လာပြီး ကူညီထောက်ပံ့ပေးကြတာလေ။ ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး ငါတို့ အသက်အန္တရာယ် ရှိသွားရတာလဲ. ပြီးတော့ ငါတို့ဂိုဏ်းတွေကိုတောင် သက်ရောက် သွားနိုင်တယ်ဆိုတော့ ဘယ်လိုတွေတောင် ဖြစ်နေလို့လဲ”
“ဘာလို့လဲဆိုတော့ မင်းတို့ ငါ့ကို ကူညီနေလို့ပဲ” ရန်ကိုင်က လူအုပ်ကြီးကို တောင်တောင်းပန်ပန်နဲ့ ကြည့်လိုက်ပြီး “ဒီတစ်ကြိမ် ပြဿနာက ငါနဲ့ဆက်စပ် နေတယ်”
ဟန်ရှောင်ချီက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ဝင်ပြောလိုက်တယ် “နင်အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်သွားတဲ့ ကိစ္စနဲ့ ပက်သက်နေတာလား”
ထိုစကားကို ကြားလိုက်တာနဲ့ အာလုံး မျက်မှောင် ကြုံ့လိုက်ကြတယ်။ ကြောက်မက်ဖွယ် နတ်ဆိုးချီနဲ့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ အကြောင်းကို ရုတ်တရက် ပြန်မှတ်မိလိုက်ကြတယ်။
အခုအချိန်ထိ ထိုကိစ္စနဲ့ပက်သက်ပြီး သူတို့တွေ အကုန်လုံး စိုးရိမ်နေကြတုန်းပါပဲ။
“အဲ့ကိစ္စက အဓိက အကြောင်းပြချက် မဟုတ်ပေမယ့် နည်းနည်းလေးပဲ ဆက်စပ်တယ်လို့ ပြောလို့ရပေမယ့်” ရန်ကိုင်က ဖုံးကွယ်ခြင်း မရှိ ဝန်ခံလိုက်ပြီး အကုန်လုံး အံ့အားသင့်သွားစေမယ့် စကားလုံးတွေကို ထပ်ပြောလိုက်တယ် “ဒီကိစ္စကြောင့်ပဲ ငါက ဗဟိုမြို့တော် မိသားစုကြီးရှစ်ခုရဲ့ ရန်သူ ဖြစ်လာတာလည်း တော်တော်လေး ဖြစ်နိုင်တယ်”
လူအုပ်ကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်။
ဗဟိုမြို့တော်က မိသားစုကြီးရှစ်ခုရဲ့ ရန်သူ ဖြစ်လာ ရယ်မယ့် အခြေအနေမျိုး သူတို့ တစ်ခါမှ မတွေးခဲ့ ဖူးပါဘူး။
ဒီလောကကြီးမှာ ရှိနေတဲ့ အင်အားစုတွေ အမွေခံတိုက်ပွဲမှာ ဝင်ပြိုင်ရတာက မိသားစုကြီးရှစ်ခုနဲ့ အဆက်အသွယ်ကောင်းတစ်ခု တည်ဆောက်ချင်လို့ပါ။ ဒါပေမယ့် ရန်ကိုင်အိမ်မှာ စုဝေးနေတဲ့လူတွေက ထိုအကြောင်းပြချက်ကြောင့် လာခဲ့တာ မဟုတ်ပေမယ့် တစ်နေ့ကျ ထိုအင်အားစုကြီးတွေနဲ့ တကယ်ပဲ ထိပ်တိုက် ရင်ဆိုင်ရလိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ မထင်ထား ခဲ့ပါဘူး။
ဒါက ကျောက်တုံးကို ကြက်ဥနဲ့ သွားပေါက်နေတာနဲ့ ဘာမှ မခြားတော့ပါဘူး။
များစွာသော မျက်ဝန်းအစုံတို့ တုန်ရင်သွားခဲ့ပြီး ရန်ကိုင်ဆီ ကြည့်လိုက်ကြတယ်၊ ရန်ကိုင် ဟာသလုပ်နေတာ ဟုတ်မဟုတ်ပေါ့။
ဒါပေမယ့် ရန်ကိုင် မျက်နှာအမူအရာက လုံးဝကို လေးနက်နေခဲ့ပါတယ်။
“ဒါကြောင့်ပဲ ချူရီမန်နဲ့ ဟော်ရှင်းချန်တို့ ထွက်သွား ခဲ့ရတာ” ရန်ကိုင် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး “မင်းတို့ အားလုံးကို ခေါ်လိုက်ရတာက အခုလို လာရောက် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ချင်လို့ပဲ။ မင်းတို့အားလုံးက ငါ့အတွက် တိုက်ခိုက်ပြီး ငါ့အတွက် သွေးမြေကျပေးခဲ့ရတယ်။ မင်းတို့အားလုံးကို ငါကတယ်ပဲ ကျေးဇူးတင်ပါတယ်။ နောက်တစ်ကြိမ် ထပ်တွေ့နိုင်မယ်လို့ လည်းငါမျှော်လင့်ပါတယ်”
“ရန်ကိုင်၊ ဒါဘာသဘောလဲ” ဟူကျောင်းအာ ရုတ်တရက် ထမတ်တပ်ရပ်လိုက်ပြီး ဒေါသတကြီးနဲ့ အော်ပြောလိုက်တယ် “နင်ငါ့တို့ကို မောင်းထုတ်နေတာလား”
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “အမှန်ပဲ၊ နင်တို့ ဒီမှာနေနေလို့ ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး”
“နင်သူတောင်းစားကောင်” ဟူကျောင်းအာက အံတင်းတင်းကြိတ်လိုက်ပြီး ဒေါသကို ချုပ်တည်းထားရင်း လှောင်ပြောင်လိုတဲ့လေသံနဲ့ အော်ပြောလိုက်တယ် “နင်ငါတို့ကို ဘယ်လိုမြင်တာလဲ။ နင်ခေါ်တဲ့အခါ လာရပြီး နင်အမိန့်ပေးတဲ့အခါကျ ထွက်သွားရမယ်ပေါ့။ နင်ပဲ ငါတို့ညီအစ်မ နှစ်ယောက်ကို နင့်အိမ်ဆီ အတင်းအကြပ် ဆွဲခေါ်ခဲ့တာလေ။ အခုတော့ ငါတို့ကို မောင်းထုတ်ချင် ပြန်ပြီပေါ့။ နင်ပြောတိုင်း ငါဘာလို့လုပ်ရမှာလဲ’
“အစ်မကြီး…” ဟူမေးအားက စိုးရိမ်တကြီးနဲ့ အော်ဟစ်လိုက်ပြီး ဟူကျောင်းအာရဲ့ လက်ကို ကိုင်ဆွဲ လိုက်ရင်း “ရန်ကိုင်က ကျွန်မတို့အတွက် လုပ်ပေးနေတာလေ”
“ငါသိတာပေါ့၊ ငါမျက်စိကန်းနေတာမှ မဟုတ်တာ…” ဟူကျောင်းအာက နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာ “ငါသည်းမခံနိုင်တာက သူလုပ်ချင်တာ လုပ်တဲ့ စရိုက်ကိုပဲ၊ ငါတို့ခံစားချက်တွေကို နည်းနည်းလေးတောင် ထည့်မစဉ်းစားပေးဘူး”
ဟူကျောင်းအာရဲ့ ကျားမားလေးလို စူးစူးရဲရဲ တု့န်ပြန်မှုကိုကြည့်ရင်း ရန်ကိုင် ခါးခါးသီးသီးနဲ့ပဲ ပြုံးလိုက်တယ်။
“ဘာအရေးကြီးတာများ ပြောတော့မလဲလို့” ချင်ကျဲက အထင်အမြင် သေးသေးဖြင့် “လတ်စသတ်တော့ ဘာမဟုတ်တဲ့ ကိစ္စလေးတွေ ဖြစ်နေတာပဲကိုး… ဂျူနီယာ ညီလေးရန်၊ ငါဘယ်ကိုမှ သွားမှာမဟုတ်ဘူး။ ဗဟိုမြို့တော်က မိသားစုကြီးရှစ်ခုလား။ သူတို့ကိုယ်သူတို့ ဘာမှတ်နေကြတာလဲ။ ငါတို့ ဆေးဘုရင်တောင်ကြားက လူတွေကို တိုက်ခိုက်ရဲမှာလား။ တိုက်ခိုက်ရဲမှာလည်း မဟုတ်ပါဘူး။ သူတို့မှာ ဒီထက်အဆပေါင်းများစွာပိုတဲ့ သတ္တိတွေ ရှိနေရင်တောင် ငါတို့ကို တိုက်ခိုက်ရဲမှာ မဟုတ်ဘူး”
ပြောပြီးတာနဲ့ ထိုင်ခုံကနေ ထလိုက်ပြီး ထွက်သွားလိုက်တယ်။ မိသားစုကြီးရှစ်ခုကို သူ့မျက်လုံးထဲ နည်းနည်းလေးတောင်မှ ထည့်မထားပါဘူး။
ထိုမြင်ကွင်းကို ကြည့်ရင်း အားလုံး ယဲ့ယဲ့လေး ရယ်ပြုံးလိုက်ကြတယ်။
ဒါပေမယ့် ထိုအကြောင်းကို စဉ်းစားမိလိုက်တာနဲ့ ချင်ကျဲက ဒီလိုစကားပြောဖို့ တကယ်ကို အရည်အချင်းရှိမှန်း နားလည်လိုက်တယ်။ ဆေးဘုရင်တောင်ကြားက ဒုတိယ အဆင့် အင်အားစုတစ်ခုသာ ဆိုပေမယ့် သူတို့ရဲ့ ဆေးဖော်စပ်တဲ့စွမ်းရည်ကြောင့် မိသားစုကြီးရှစ်ခုတောင် ဆေးဘုရင်တောင်ကြားက လူတွေကို အန္တရာယ် မပေးရဲပါဘူး။
“ရန်ကိုင် အခြေအနေက အရမ်းစိုးရိမ်ရလား” ဟန်ရှောင်ချီက တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်တယ်။
ရန်ကိုင် အသာအယာလေး ခေါင်းခါလိုက်ပြီး “ငါလည်း မသိဘူး။ မိသားစုကြီးရှစ်ခုရဲ့ ရန်သူဖြစ်လာဖို့ကတော့ တော်တော်လေးကို ဖြစ်နိုင်ချေများတယ်။ အချို့ အကြောင်းပြချက်တွေကြောင့် မိသားစုကြီးရှစ်ခုက ငါ့ကို အညံခံခိုင်းစေချင်ခဲ့တယ်။ ငါက ငြင်းလည်း ငြင်းလိုက်ရော အခုလိုမျိုးတွေ ဖြစ်လာတော့တာပဲ။ ဒါကြောင့် မင်းတို့ အားလုံးကို မြန်နိုင်သမျှ မြန်မြန် ထွက်သွားစေချင်တာ။ မင်းတို့နဲ့ငါသာ ဆက်ပြီး မစပ်စပ်တော့ရင် “ရုတ်တရက် ခန်းမနောက်ဘက်၌ ရပ်နေသည့် ပုံရိပ်ကိုးခုဘက် လှည့်ပြီး ဆက်ပြောလိုက်တယ် “သွေးစစ်သည်တော်တွေလည်း ပါတာပေါ့”
တုဖုန်းနဲ့ ကျန်တဲ့ သွေးစစ်သည်တော်တွေ အကုန်လုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စိတ်အားတက်ကြွစွာဖြင့် ရယ်မောလိုက်တယ်။
တန်ုယုရှန်းက ပြောလိုက်တယ် “သခင်ငယ်လေး၊ ကျွန်မပြောတာကို အထင်မသေးပါနဲ့။ ကျွန်မတို့က သခင်ငယ်လေး နောက်ကိုလိုက်ဖို့ ဆုံးဖြတ်ပြီးမှတော့ သခင်ငယ်လေးဆီကနေ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ထွက်ခွါသွားမှာ မဟုတ်ပါဘူး။ သခင်ငယ်လေး မေ့သွားပြီလား။ သွေးစစ်သည်တော်တွေ ဆိုတာ သစ္စာရှိမှုရဲ့ ပြယုဂ်တော်လေ”
“သေရင်တောင် ကျုပ်တို့ ထွက်ခွါမှာ မဟုတ်ဘူး” ရင်းဂျုက အေးစက်စက်လေသံနဲ့ ပြောလိုက်တယ်။
“ကျုပ်တို့က သခင်ငယ်လေးနဲ့ သေအတူရှင်မကွာ တည်ရှိနေမှာပါ” အားလုံး ပြိုင်တူအော်ဟစ်လိုက်ကြတယ်။
“အဲ့လိုဆိုမှတော့ ကျုပ်လည်း ဘာမှထပ်မပြော တော့ဘူး။ ထပ်ပြောရင် ခင်ဗျားတို့ကို စော်ကားနေသလိုပဲ ဖြစ်မှာ” ရန်ကိုင်က ခေါင်းညိတ်လိုက်တယ်။
“သွေးစစ်သည်တော်ခန်းမက စီနီယာတွေ မထွက်သွားဘူး။ ဒါကြောင့် ငါတို့လည်း ထွက်သွားမှာ မဟုတ်ဘူး” ဒေါင်ချင်းဟန်က ပြုံးလိုက်ပြီး “မင်းက ငါ့ရဲ့ ဝမ်းကွဲညီလေးလေ။ ကိုယ့်မိသားစုကိုတောင် စွန့်ပစ်လိုက်ရင် ငါဘာကောင် ဖြစ်သွားမလဲ”
“ရန်ကိုင်၊ ငါတို့အားလုံးက နင့်ကို အသက်ကြွေး တင်ထားကြတာ။ နင်အကူအညီ လိုနေပါတယ်ဆိုမှ ငါတို့က ဘာလို့ ထွက်သွားရမှာလဲ” ဟန်ရှောင်ချီက ကြင်နာရိပ်တို့ လွှမ်းနေသည့် အကြည့်ဖြင့် ရန်ကိုင်အား ကြည့်လိုက်ရင်း ပြောလိုက်တယ်။ အခုလို အခြေအနေမျိုးမှာ ဒီလို ဆုံးဖြတ်ချက်မျိုး ချဖို့ရာ ရန်ကိုင်အတွက် ဘယ်လောက်တောင် ခက်ခဲခဲ့မလဲ ဆိုတာကို သူမ သိပါတယ်။
“ကျေးဇူးကြွေးဆိုတာ ပြန်ကူညီပြီး ဆပ်ရသလို ရန်ငြိုးတွေကိုလည်း လက်စားချေပြီး ပြန်ဆပ်ရတယ်။ ငါတို့ သန့်စင်နှလုံးသားနန်းတော်ကလည်း မင်းဘက်ကနေ ရပ်တည်ပေးမယ်” ကျိုးဖန် ခပ်မြန်မြန်ပဲ အော်ပြောလိုက်တယ်။
ရန်ကိုင် သူတို့အသက်ကို ကယ်ခဲ့တာကို အသာထားဦး။ ရှနင်းချန် ဖော်စပ်ပေးခဲ့တဲ့ ဆေးလုံးကြောင့် သူ့စီနီယာအစ်ကို လီရှင်းယွမ်ရဲ့ ဒန်တန်ပြန်ကောင်းသွားတဲ့ ကျေးဇူးကြွေးတောင် ရှိပါသေးတယ်။
ကျိုးဖန်က ရန်ကိုင်အား အရမ်းကို ကျေးဇူးတင် နေမိခဲ့ပါတယ်။ ထို့ကြောင့် သူအကူအညီ လိုနေတဲ့အချိန်မှာ ရန်ကိုင်ကို ဘယ်လိုလုပ်ပြီး စွန့်ခွါသွားပါ့မလဲ။
“မင်းအိမ်ကို ရောက်လာကတည်းက ငါကျင့်ကြံနှုန်းက အမြန်အဆန်နဲ့ မြင့်တက်နေခဲ့တာ။ ဆေးလုံးတွေမရှား၊ အဆင်သင့်ပဲ၊ လိုချင်တဲ့ လက်နက်ဆိုရင်လည်း အလွယ်တကူ ရယူလို့ရတယ်။ ရှင်းရှင်းပြောရရင် ဒီနေရာကနေ ဘယ်တော့မှ ထွက်မသွားချင်ဘူးကွ” ဖန်ဇီကျိုက သည်းလှိုက်အူလှိုက် ရယ်မောလိုက်တယ်။
“သောက်ပျင်းကြီးတဲ့ကောင်” ဟူကျောင်းအာက ထိုသကောင့်သားကို စိုက်ကြည့်ရင်း အထင်အမြင် သေးသေးနဲ့ ပြောလိုက်တယ်။
“ငါအမှန်ကို ပြောနေတာ” ဖန်ဇိကျိက ပခုံးတွန့်ပြ လိုက်တယ်။
“ရန်ကိုင်၊ မင်းသာ ငါတို့ကို နှင်မထုတ်သရွေ့ ငါတို့လည်း ထွက်သွားမှာမဟုတ်ဘူး” စံအိမ်ထဲမှာ ရှိနေတဲ့ ကျင့်ကြံသူတွေအကုန်လုံး မတ်တပ်ရပ်လိုက်ကြပြီး ပြိုင်တူ အော်ပြောလိုက်တယ်။
ရန်ကိုင်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး နှစ်ထောင် အားရ ဝမ်းသာစွာဖြင့် ပြောလိုက်တယ်။ ထိုလူ တစ်ယောက် ချင်းစီတိုင်းက သူတို့စိတ်ထဲက လာတဲ့အတိုင်း ပြောနေတာ ဖြစ်မှန်း ရန်ကိုင် ပြောနိုင်ပါတယ်။ ဒါက သူများပြောလို့ သံယောင်လိုက်ပြောနေတာမျိုး မဟုတ်ပါဘူး။
ဒါပေမယ့် အခုအချိန်ထိ အခြေအနေက ဘယ်လောက်တောင် စိုးရိမ်စရာ ကောင်းနေလဲ ဆိုတာကို သူတို့ နားမလည်သေးဘူး ဆိုတဲ့ဖြစ်နိုင်ချေကိုပါ သူထည့်တွက်ထားတာပါ။
သို့ပေမယ့် အခုလက်ရှိ၌ ရန်ကိုင်အနေနဲ့ ထပ်ပြောလို့ မသင့်တော်ပါဘူး။ သူသာ သူတို့တွေကို အတင်းအကြပ် နှင်ထုတ်လိုက်ရင် သူက ထိုလူတွေကို မိတ်ဆွေတွေအဖြစ် မမြင်ဘူးလို့ အားလုံးကို အထင်မှားသွားစေနိုင်ပါတယ်။
အခုလို အခြေအနေထိ ဖြစ်လာမှတော့ ရန်ကိုင် ပြောနိုင်တာဆိုလို့ “မင်းတို့ရဲ့ စိတ်ရင်းကောင်းတွေ အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒီနေ့ ငါပြောခဲ့တဲ့ စကားတွေကို မှတ်ထားလိုက်၊ နောက်ပိုင်းကျ မင်းတို့ ဆက်ရှိနေဖို့ အဆင်မပြေတော့လို့ ထွက်သွားရမယ်ဆို ထွက်သာ ထွက်သွားလိုက်၊ ငါမင်းတို့လမ်းကို ပိတ်မတား သလို ပြစ်တင်စကား တစ်ခွန်းတောင်မှလည်း ပြောမှာ မဟုတ်ဘူး”
“ကောင်းပြီ၊ ကောင်းပြီ၊ ဆက်မပြောနဲ့တော့။ အများကြီး ပြောတာက ငါတို့ရဲ့ နှလုံးသားလေးကို နာကျင်စေတယ်ကွ” ဒေါင်ချင်းဟန်က အရွှန်းဖောက်လိုက်တယ်။
ဘာတွေဖြစ်နေလဲ ဆိုတာကို အားလုံး စတင်ပြီး မေးမြန်းကြပါတော့တယ်။ အားလုံက တစ်လှေတည်း စီးနေကြတာ ဖြစ်တဲ့အတွက် ဒါက အားလုံးသိရမယ့် အချက် ဖြစ်သွားခဲ့ပါပြီ။ သူနဲ့ရန်ကျန်းကြား ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို အားလုံးအား ရှင်းပြလိုက်တယ်။ ဆေးပေါင်းရည်နဲ့ ပက်သက်တဲ့ကိစ္စကိုတော့ ထိန်ချန်ထားလိုက်ပါတယ်။
သူရှင်းပြတာကို နားထောင်ပြီးနောက် အားလုံး မျက်မှောင်ကြုံ့လိုက်ကြတယ်။ အခြေအနေက ဘယ်လောက်တောင် စိုးရိမ်စရာကောင်းနေမှန်း အခုမှပဲ သူတို့ နားလည်သွားတော့တယ်။
သူက မိစ္ဆာကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားတာကြောင့် ရယ်၊ မိစ္ဆာကျင့်ကြံသူများစွာကို ခိုလှုံခွင့်ပေးထားတာရယ်၊ နတ်ဆိုးအရှင်သခင်နဲ့ နေရာတစ်ခုတည်းက ရောက်လာတာ ရယ်ကြောင့် မိသားစုကြီး ရှစ်ခုက ရန်ကိုင်အား သံသယလည်းဝင်၊ ကြောက်လည်း ကြောက်နေခဲ့ကြပါတယ်။ ထို့ကြောင့် အခုလို အခြေအနေမျိုးတွေ ဖြစ်လာခဲ့ရတာပါ။
အမွေခံတိုက်ပွဲမှာ မမျှော်လင့်ထားတဲ့ ပြောင်းလဲမှုတွေ စတင် ဖြစ်ပေါ်လာခဲ့ပါပြီ။
ရန်ကိုင်ဘက်မှ ထောက်ခံရပ်တည်ပေးခဲ့တဲ့လူတွေ ထဲကနေ ချူရီမန်နဲ့ ဗဟိုမြို့တော်ဆီ ပြန်ဆင့်ခေါ် ခံလိုက်ရပြီး ဟော်ရှင်းချန်ကိုတော့ သူ့အဖေကိုယ်တိုင် လာခေါ်သွားခဲ့ပါတယ်။
ဒီမတိုင်ခင် ရှန်မိသားစုက ရှန်ထန်းရှောင်လည်း ရန်ကိုင် စံအိမ်ကနေ ထွက်ခွါသွားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ရန်ကိုင်က နတ်ဆိုးတွေ၊ မွန်းစတားတွေနဲ့ ပူးပေါင်းနေတယ် ဆိုတဲ့သတင်းတွေ ပျံ့နှံ့လာခဲ့တယ်။
ရန်ကိုင်စံအိမ်ထဲ၌ ကောင်းကင်စံအိမ် အဖွဲ့သားတွေ အပြင် တစ္ဆေဘုရင်တောင်ကြားက တပည့်တွေပါ ရှိနေခဲ့ပါတယ်။ ပြီးတော့ သူကိုယ်တိုင်ကလည်း နတ်ဆိုးကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားပြီး မိစ္ဆာလမ်းစဉ်ထဲ ကျရောက်လုလု ဖြစ်သွားခဲ့ပါတယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်နေတုန်းက သူ့ကိုယ်ကနေ ထွက်ပေါ်လာတဲ့ မိစ္ဆာချီတွေက စစ်ပွဲမြို့တော် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါတယ်။
ပထမအဆင့် အင်အားစုနှစ်ခုမှ ဆက်ခံသူ နှစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီးနောက် မိသားစုကြီးရှစ်ခုမှ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်ရှစ်ယောက်နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ပါတယ်။ အဲ့အပြင်ကိုမှ သူနေခဲ့တဲ့ဂိုဏ်းက လက်ရှိ နတ်ဆိုးအရှင်သခင်နေခဲ့တဲ့ ဂိုဏ်းနဲ့ တစ်ဂိုဏ်းတည်း ဖြစ်နေခဲ့ပါတယ်။
အမျိုးမျိုးသော သတင်းတွေ ပြန့်နှံ့လာခဲ့ပြီး လူအများကြား သံသယစိတ်တို့ ကိန်းအောင်း လာခဲ့တယ်။
ရုတ်တရက် ရန်ကိုင်ကို အန္တရာယ်ရှိတဲ့ လူတစ်ယောက် အဖြစ် လူပေါင်းများစွာက သတ်မှတ်လိုက်ကြတယ်။
ရန်မိသားစုက ရန်ကိုင်ကို အမွေခံတိုက်ပွဲကနေ ထုတ်ပယ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ ကောလဟာလတွေ တောင် ထွက်လာပါတယ်။
စစ်ပွဲမြို့တော် တစ်ခုလုံး ပရမ်းပတာ ဖြစ်နေခဲ့ပြီး အခြေအနေတွေကလည်း စိုးရိမ်မှတ်အထိ ရောက်ရှိ လာခဲ့ရတယ်။
အမွေခံတိုက်ပွဲတစ်ခုလုံး ပရမ်းပတာ ဖြစ်သွား ခဲ့ရလေပြီ။
ရန်ကိုင်က လုံးဝကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အဆင့် တစ်ခုသို့ နှစ်ကြိမ်တိုင်တိုင် ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် အကြိမ်တိုင်းမှာ အမျိုးမျိုးသော အကြောင်းပြချက် တွေကြောင့် နောက်ဆုံးဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်က အချို့လူတွေကို သနားစိတ် ဝင်သွား စေခဲ့သလို့ သူများဒုက္ခရောက်တာကို ပျော်နေတဲ့ လူတွေအတွက်ကတော့ ဝမ်းသာစရာသတင်းတစ်ခု ဖြစ်သွားခဲံပါတယ်။
သူနောက်ဆုံးအောင်နိုင်သူ ဖြစ်မသွားခဲ့တာ ကံကောင်း သွားပါတယ်။ နတ်ဆိုးတစ်ကောင်သာ ရန်မိသားစုရဲ့ အနာဂတ်ခေါင်းဆောင် ဖြစ်လာခဲ့ရင် ဒါက အဖတ်ဆယ်လို့ မရအောင် သိက္ခာကျသွားမယ့် ရန်မိသားစုအတွက် သမိုင်းဝင် ဖြစ်ရပ်တစ်ခု ဖြစ်သွားရပါလိမ့်မယ်။