အခန်း (၅၆၆-၅၇၀)
Vol. 23 Ch. 566-570
အပိုင်း(၅66) မင်းဘာလို့ ဒီလောက်သွေးအေးပြီး အသည်းမာရတာလဲကွာ
~~~~~~~~~~~~~~~~~~~~~~~~~
ယခုတစ်ကြိမ်တော့ ကျိန်းသေ မလွတ်မြောက်နိုင်တော့ ဟု ရီရှင်းရို့ တွေးတောနေခဲ့ခြင်းဖြစ်၏။ သိုသော်ငြား နောက်ဆုံးအခိုက်အတန့်၌ ရန်ကိုင်က ပညာရှင် တစ်အုပ်ကြီးကို ဦးဆောင်၍ ရန်ကျောင်းနှင့် ရန်ဝေတို့ကို လာကယ်လိမ့်မည်ဟု ရီရှင်းရို့ မထင်မှတ် ထားခဲ့ချေ။
ယခုအချိန်တွင် ယင်တစ္ဆေဘုရင်နှင့် အဆိပ်ဘုရင် တို့သည် လင်းတိုင်ရှု၊ လီယွမ်ချွန်နှင့် အလုပ်များနေသည် ဖြစ်ရာ သူမနှင့်ခန်ကျန်းတို့အား အာရုံမစိုက်နိုင် ဖြစ်နေခဲ့၏။ ထိုကြောင့် ယခုအချိန်သည် ထွက်ပြေးဖို့ရာ အကောင်းဆုံး အချိန်ဖြစ်၏။
ထွက်ပြေးချင်သော်ငြား လှုပ်ရှားမရနိုင်ခဲ့။ မလှုပ်ချင်၍ မဟုတ်၊ အဆိပ်ဘုရင်က အမည်မသိ နည်းလမ်းတစ်ခုအား အသုံးပြု၍ သူမ၏ အစစ်အမှန်ချီနှင့် ကြွက်သားများအား ထုံကျင်အောင် ပြုလုပ်ထားခဲ့သောကြောင့်ပင် ဖြစ်၏။ သူမ အနေဖြင့် လမ်းလည်း မလျှောက်နိုင်သလို၊ ပြေးလည်း မပြေးနိုင်သည့်အတွက် ရန်ကိုင်ကိုသာ လှမ်း၍ အော်ဟစ် အကူအညီ တောင်းရလေတော့၏။
သို့သော်ငြား ရန်ကိုင်က ရီရှင်းရို့အား သွားမကယ်ရုံမက သူမအား အေးစက်စက် အကြည့်စူးစူးဖြင့် ပြန်၍ပင် စိုက်ကြည့်လိုက်၏။
ရန်ကိုင်၏ အကြည့်စူးစူးအား ခံစားမိလိုက်သည်နှင့် ရီရှင်းရို့ တစ်ကိုယ်လုံး တုန်ရီသွားခဲ့လေ၏။ ယခုမှပင် သူမနှင့် ရန်ကိုင်တို့ကြားမ မကျေအေးနိုင်သည့် ရန်ငြိုး၊ ရန်ကြွေးတို့ ရှိနေသည်ကို သူမ ပြန်အမှတ်ရလိုက်လေ၏။ အစောပိုင်းတုန်းကပင် ရသမျှနည်းလမ်းအစုံသုံး၍ ရန်ကိုင်အား စွပ်စွဲပြစ်၊ လှောင်ပြောင်ရှံ့ချ၊ ရပ်တန်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်၏။ ယခုမူ သူ့ဆီက အကူအညီ သွားတောင်းနေသည်မှာ လွန်စွာကို ရယ်ဖွယ်ကောင်းလေ၏။
အဆိပ်ဘုရင်က ချက်ချင်းဆိုသလိုပင် အဆိပ်မြူအား ပို့လွှတ်၍ ရီရှင်းရို့နှင့် ခန်ကျန်းအား အပြင်ကမ္ဘာမှ ခွဲထုတ်ထားလိုက်လေ၏။
“သခင်လေးရန်၊ ကျုပ်တို့ သွားသင့်ပြီနော်” လီယွမ်ချွန်က စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်လေ၏။ မိစ္ဆာဘုရင်(၂)အား ယှဉ်တိုက်နေရသည်မှာ လွန်စွာကိုပင် ဖိအားဝင်လှ၏။ ထိုပညာရှင်နှစ်ပါးသည် လွန်စွာကိုပင် အားကောင်းရုံမျှမက သူတို့၏ နည်းလမ်းများဟာလည်း ထူးဆန်းပြီး ရက်စက်လွန်းပေ၏။
ယခုအတိုင်းသာ ဆက်တိုက်နေမည်ဆိုလျှင် (၁၅)မိနစ် အတွင်း သူနှင့်လင်းတိုင်ရှု ဘဝတစ်ပါး ကူးပြောင်းသွားရ ပေလိမ့်မည်။
“ပြန်ဆုတ်မယ်” အမိန့်ပေးပြီသည်နှင့် ရန်ကိုင်လည်း အလျင်စလို ပြန်ဆုတ်လိုက်၏။ တန်ယုရှန်း၊ ကျုကောင်းရီ၊ ရန်ဝေနှင့် ရန်ကျောင်းတို့အား ကာကွယ်ပေးနေသည့် သွေးစစ်သည်တော် လေးယောက်ပါ အတူပြန်ဆုတ်လာခဲ့၏။
လင်းတိုင်ရှုနှင့် လီယွမ်ချွန်တို့မှာမူ ရန်ကိုင်နှင့် အခြားသူများ လုံလုံခြုံခြုံ ဆုတ်ခွါချိန် ရစေနိုင်ဖို့ရာ တစ်ဖက် ဘုရင်နှစ်ပါးအား ဆက်၍ အချိန်ဆွဲထားပေးခဲ့ပြီး ရန်ကိုင်တို့ တိုက်ပွဲကွင်းပြင်မှ ထွက်သွားပြီးမှသာ သူတို့လည်း ပြန်ဆုတ်သွားလေ၏။
လျှပ်တပြတ် တိုက်ခိုက်မှုနှင့် လူ(၆)ယောက်အား ရန်ကိုင် ကယ်တင်နိုင်ခဲ့လေ၏။
အဆိပ်ဘုရင်နှင့် တစ္ဆေဘုရင်တို့၏ မျက်နှာများမှာမူ မြင်မကောင်းအောင် အရုပ်ဆိုးနေခဲ့လေ၏။ မြေကြီးပေါ် ရောက်သည်နှင့် ရန်ကိုင်တို့ ဆုတ်ခွါသွားသည့် အရပ်ဆီ ကြည့်၍ လှောင်ပြောင်ပြောဆိုလိုက်လေ၏ “သူတို့ပြေးမယ် ဆိုရင်တောင် ဘယ်ကို ပြေးနိုင်မှာမို့လို့လဲ။ အရှင်သခင်က မကြာခင် ရောက်လာတော့မှာ”
အဆိပ်ဘုရင်က ရီရှင်းရို့နှင့် ခန်ကျန်းတို့အား ဖုံးကွယ်ထားသည့် အဆိပ်မြူများအား ဖယ်ရှားလိုက်ပြီး သွားပေါ်အောင် ပြုံး၍ ရီရှင်းရို့နှင့် ခန်ကျန်းတို့ နှစ်ယောက်အား လှောင်ပြောင်ပြောဆိုလိုက်လေ၏ “အဲ့ကောင်စုတ်လေးက ဒီကောင်မလေးကို တော်တော်လေး မျက်မုန်းကျိုးနေတဲ့ပုံပဲ။ မိန်းကလေး၊ ငါတို့ ဝင်မရှုပ် ခဲ့ရင်တောင် သူနင့်ကို ကယ်ပါ့မလား”
ရီရှင်းရို့ ကြက်သေသေသွားခဲ့ပြီး ထိုအကြောင်းအား စဉ်းစားမိပြီသည့်နောက် သူမ၏အမူအရာ ရှံ့မဲ့သွားလေ၏။
ရန်ကိုင်ဆိုသည် မြူတစ်မှုန်စာမျှသော ရန်ငြိုးအား လက်စားပြန်ချေတတ်သူမှန်း သတိရလိုက်၏။ သူ့စရိုက်အရ အဆိပ်ဘုရင် ဝင်မရှုပ်လျှင်ပင် သူမအား ကယ်ဖို့ ကြိုးစားခဲ့လိမ့်မည် မဟုတ်ချေ။
ထိုအချက်အား နားလည်လိုက်သည်နှင့် သူမ၏ နှလုံးသားထဲ ပြင်းထန်လှစွာသော အမျက်ဒေါသ၊ အမုန်းတရားတို့ ပေါက်ဖွါးလာခဲ့လေ၏။
ရီရှင်းရို့၏ တုန့်ပြန်မှုကို ကြည့်ပြီး တစ္ဆေဘုရင်နှင့် အဆိပ်ဘုရင်တို့ နှစ်ယောက်စလုံး ကြိတ်၍ ရယ်မောနေခဲ့၏။
-----------------------------------------------------------
စစ်ပွဲမြို့အတွင်းဝယ်၊ ရုန်းရင်းဆန်ခတ်တို့ ငြိမ်သက်သွားခဲ့လေပြီ။
ရန်ကိုင်နှင့် သူ့အဖွဲ့သားတို့ စံအိမ်ဆီ ပြန်ရောက်သည့် အခါ မရေမတွက်နိုင်သော လူများသည် မြို့တော်မှ အပြိုင် အဆိုင် ထွက်ပြေးနေကြသည်ကို မြင်တွေ့လိုက်ရ၏။
အမွေခံတိုက်ပွဲကြောင့် စစ်ပွဲမြို့တော်အတွင်း၌ လူပေါင်း သောင်းကျော် စုဝေးနေခဲ့၏။ ယခုမူ တိမ်မိစ္ဆာနယ်မြေ၏ ကျူးကျော်လာမှုကြောင့် ထိုကျင့်ကြံသူ များမှာ မြို့တော်ထဲ ဆက်ပြီး မနေနိုင်တော့ချေ။
ကံမကောင်းစွာဖြင့် သူတို့တစ်တွေ ထွက်မပြေးနိုင်သေး ခင်မှာပင် မရေမတွက်နိုင်သော မိစ္ဆာသားရဲများသည် မြို့နံရံများအား ချိုးဖျက်၍ တစ်ချိန်တစ်ခါက ခြောက်သွေ့ ခဲ့ဖူးသော လမ်းများအား သွေးမြစ်ဖြင့် စိုးရွှဲသွားစေခဲ့လေ၏။
ထိုမိစ္ဆာသားရဲလှိုင်းကို မိုးကြိုးသားရဲဘုရင်က ကျောင်းလာခဲ့တာ ဖြစ်၏။ သူသည် တိမ်မိစ္ဆာနယ်မြေ အတွင်းရှိ ရသမျှသော အဆင့်မြင့်မိစ္ဆာသားရဲများအား စုစည်း၍ စစ်ချီလာခဲ့ခြင်း ဖြစ်၏။
မိစ္ဆာသားရဲအုပ်ကြောင့် အဆောက်အုံရော၊ လူများပါ အတုံးအရုံး သေကြေပျက်စီးကြကုန်လျက် တစ်ချိန်က ငြိမ်းချမ်းခဲ့သော စစ်ပွဲမြို့တော်အား အနိဠာရုံ အဖြစ် ပြောင်းလဲသွားစေခဲ့၏။
လူပေါင်းသောင်းကျော် ရှိသည့်အနက် အနည်းစုသာ လုံလောက်သော ခွန်အားကို ပိုင်ဆိုင်းထားခဲ့၍ စစ်ပွဲမြို့မှ ထွက်ပြေးလွတ်မြောက် နိုင်ခဲ့ပြီး ကျန်သူများမှာမူ စစ်ပွဲမြို့တော်၌ပင် ထာဝရ အိပ်စက်လဲလျောင်း သွားခဲ့ရ၏။
မြို့တစ်ခုလုံးသည် သွေးနံတို့ဖြင့် လှိုင်ထနေခဲ့ပြီး သွေးနီရောင်သန်းနေခဲ့သည်။ နံရံများသည်လည်း အစိတ်စိတ် အမြွှာမြွှာ ဖြစ်နေခဲ့ပြီး အဆောက်အအုံ များသည်လည်း လောင်ကျွမ်း ဖျက်စီးခြင်း ခံရသည်။ မြေပြင်သည်လည်း ထောင်သောင်းချီသော မိစ္ဆာသားရဲတို့၏ ဒုန်ဆိုင်းဝင်လာမှုကြောင့် အက်ကွဲနေခဲ့ရလေသည်။ မြို့တစ်ခုလုံးသည်ကား ရစမရှိအောင် ဖျက်စီးထားခြင်း ခံရပေသည်။ ဤသည်ကား စစ်ပွဲ၏ အနိဠာရုံပေတည်း။
ရန်ကိုင်၏ ခြံဝန်းမှာမူ မြို့တစ်ခုလုံးနှင့်ယှဉ်လျှင် ငရဲခန်းနှင့် သုခံဘုံအား ယှဉ်သလို ဖြစ်နေပေလိမ့်မည်။
မိစ္ဆာသားရဲများသည် ထက်ရှသော မသိစိတ်အာရုံကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ရန်ကိုင်စံအိမ်ထဲတွင် ရန်မစသင့်သည့် ပညာရှင်များစုဝေးနေသည်ကို သိသည့်ပုံပင်။ ထို့ကြောင့် ရန်ကိုင်စံအိမ်အား တမင်တကာကို ရှောင်ကွင်းသွားခဲ့ပြီး မြို့၏ တစ်ခြားသော နေရာများအား သွားတိုက်ခိုက်ကြလေ၏။
“သူတို့ရဲ့ ဒဏ်ရာတွေကို ကုသပေးလိုက်” ရန်ကိုင်က ရန်ဝေ၊ ရန်ကျောင်းနှင့် သွေးစစ်သည်တော် လေးယောက်ကို စံအိမ်ထဲခေါ်လာပြီးသည်နှင့် ချူရီမန်အား အမိန့်ပေးလိုက်၏။
ချူမိသားစု၏ ပထမသခင်မလေးသည် ရန်ကိုင် ပြောသည်အား ခေါင်းညိတ်၍ပင် အလျင်အမြန် စီမံဆောင်ရွက်လိုက်လေ၏။
ရန်ဝေနှင့် ရန်ကျောင်းတို့သည် ဒဏ်ရာရခဲ့ခြင်း မရှိသော်ငြား အဆိပ်ငွေ့နှင့် တစ္ဆေဝိဥာဉ်တို့၏ သက်ရောက်ခြင်း ခံခဲ့ရသည်ဖြစ်ရာ ရက်အနည်းငယ် ကြာအောင် ကုသအနားယူပြီးမှ ပြန်လည် ကောင်းမွန် လာပေလိမ့်မည်။
တစ်ဖက်တွင်မူ သွေးစစ်ည်တော် (၄)ယောက်သာ ရန်ဝေနှင့်ရန်ကျောင်းတို့အား ကာကွယ် ပေးနိုင်ဖို့အတွက်ဖြင့် တစ္ဆေဘုရင်နှင့် အဆိပ်ဘုရင်တို့၏ တိုက်ခိုက်မှုများကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်ဖြစ်ရာ ဆေးပေါင်းရည်အချို့ အသုံးမှပြသာ သူတို့၏ဒဏ်ရာ များအား အပြည့်အဝ ပြန်လည်သက်သာ ပျောက်ကင်း စေနိုင်မှာဖြစ်၏။
ရန်ဝေနှင့်ရန်ကျောင်းတို့အား သွားကယ်သည်မှာ (၁၅)မိနစ်၏ တစ်ဝက်မျှပင် ရှိသေးသော်လည်း ကောင်းကင် စိတ်အာရုံကို သုံး၍ အပြင်ဘက်ကို တစ်ချက် လှမ်းစစ်ဆေး ကြည့်လိုက်သည့်အခါ ရန်ကိုင်အမူအရာ မည်းမှောင် သွားခဲ့ရလေ၏။
စစ်ပွဲမြို့တော်၏ အပြင်ဘက်ရှိ စစ်ပွဲ ပြီးဆုံးသွားခဲ့လေပြီ။
အကြီးအကဲချုပ်(၇)ယောက်နှင့် မိစ္ဆာဘုရင် (၃)ယောက်ကြားက တိုက်ပွဲ ပြီးဆုံးသွားခဲ့လေပြီ။
အားကောင်းပြီး ရက်စက်သော အရှိန်အဝါတို့သည် ကျန်ရှိနေသေးသော်ငြား အကြီးအကဲချုပ်ထဲမှ တစ်ယောက် သည်သာ အသက်ရှင်တော့၏။ ထိုအသက်ရှင်ကျန်ရစ်သော သူသည် လွန်စွာကိုမှ အားနည်းနေပြီး သူတို့ဆီ မြန်ဆန်စွာ ချဉ်းကပ်လာနေခဲ့၏။
မော့ကြည့်လိုက်သည့် သွေးသံတရဲရဲနှင့် စုတ်ပြတ် ကျိုးကြေနေသည့် ခန္ဓာကိုယ်တစ်ခု ကောင်းကင်ထက်မှ ရန်ကိုင်စံအိမ် ရှေ့တည့်တည့်သို့ ပြုတ်ကျလာခဲ့လေ၏။
ရန်ကိုင် အပြင်သို့ ပြေးထွက်သွား၍ ထိုလူအား စံအိမ်ထဲသို့ ခေါ်လာခဲ့လေ၏။
အားလုံး၏ မျက်ဝန်းအစုံသည် ထိုလူရိပ်အား ဝမ်းနည်း ညိုးငယ်နေသည့် အမူအရာဖြင့် ငေးကြည့်နေခဲ့၏။
ထိုလူသည် ဟော်မိသားစုမှ လူဝဝကြီးမှလွဲ၍ အခြား မဟုတ်ချေ။ သူ့ခန္ဓာကိုယ်တစ်ဝက်လောက်က ပျက်စီး နေခဲ့လေပြီ။ ကိုယ်တွင်းအင်္ဂါတွေအကုန် ပျက်စီးနေပြီး ခြေထောက်များသည်လည်း ကျိုးကြေနေခဲ့၏။ သွေးထွက် များလွန်းသဖြင့် သူ့အသားအရေမှာ သွေးမရှိတော့သည် အထို ဖြူစွတ်နေခဲ့လေ၏။
သာမန်လူသာဆိုလျှင် သေသွားခဲ့သည်မှာ ကြာခဲ့လေပြီ။
သူ၏ ကျင့်ကြံခြင်းကြောင့်သာ နောက်ဆုံးပင့်သက်အား ရှူရှိုက်၍ ယခုနေရာသို့ အရောက်လာနိုင်ခဲ့ခြင်း ဖြစ်၏။
သူ၏ဘိုးဘေး ယခုလို အခြေအနေမျိုး ရောက်နေသည်ကို မြင်တွေ့လိုက်လျှင် ဟော်ရှင်းချန်မှာ လွန်စွာကို တုန်လှုပ်ချောက်ချားသွားခဲ့ပြီး ဆွံ့အငေးမှိုင် စွာဖြင့် နေရာတွင် ရပ်နေရုံသာ တတ်နိုင်ခဲ့၏။
“မိစ္ဆာဘုရင်တွေရဲ့ ခွန်အားက… ကျော်ကြားတဲ့ အတိုင်းပါပဲလား” လူဝကြီး၏ မျက်နှာသည် လုံးဝကို ဖြူလျော်နေခဲ့ပြီး အဆက်မပြတ် သွေးအန်နေခဲ့လေ၏။ မသေခင်အချိန်၌ ရန်ကိုင်၏ လက်အား ဖမ်းဆွဲလိုက်၍ “ရန်မိသားစုကောင်လေး၊ ဒီကပ်ဆိုးကနေ မြန်နိုင်သမျှသာ မြန်မြန်ပြေးတော့။ မင်းရဲ့ ခွန်အား အထွဋ်အထိပ်ကို ရောက်ရှိလာတဲ့အခါ ဒီလူအိုကြီးအတွက် လက်စားပြန်ချေပေးဖို့ မျှော်လင့်ပါတယ်”
သို့သော်ငြား ရန်ကိုင်က လူအိုကြီးအား မမှိတ်မသုံ စိုက်ကြည့်နေခဲ့လေ၏။ သူ့စိတ်ထဲ အနည်းငယ် နောင်တ ရချင်သလို ဖြစ်သွားသော်ငြား ခေါင်းသာ တွင်တွင်ခါလိုက်ပြီး “စီနီယာ၊ အမွေခံတိုက်ပွဲမှာ ဖြစ်ပြီးခဲ့တဲ့ ကိစ္စတွေကြောင့် မိသားစုကြီး(၈)ခုဟာ ဂျူနီယာနဲ့ ဘာဆိုဘာမျှ မသက်ဆိုင် တော့ပါဘူး”
ထိုစကားအား ကြားလိုက်သည်နှင့် လူအိုကြီး၏ မျက်ဝန်းထဲ ဒေါသရိပ်တို့ လက်သွားခဲ့ပြီး ရသမျှအားအင် အကုန်အစင်ကို စုစည်း၍ ပြန်အော်ပြောလိုက်လေ၏ “ဒီလောက်တောင် သွေးအေးပြီး အသည်းမာရလားကွာ”
ထိုကဲ့သို့အော်ဟစ်နိုင်ဖို့ရာ ရှိသမျှအားအကုန်အစင်ကို အသုံပြုခဲ့ရပုံပင်၊ အော်ပြီးသည်နှင့် မြေကြီးပေါ်သို့ ပျော့ခွေ ကျသွားခဲ့ပြီး “မဟုတ်ဘူး။ ငါတို့မိသားစုကြီး(၈)ခုကပဲ မင်းအပေါ် မတော်မတရား ဆက်ခံမိခဲ့တာ… မင်း… မြန်မြန် ပြေးပေတော့။ အချိန်တောင် လုံလောက်သေးရဲ့လား ငါမသိတော့ဘူး…”
သူ့အသံက တဖြည်းဖြည်းသိမ်ဝင်သွားခဲ့ပြီး နောက်ဆုံး လုံးဝကို ပျောက်ကွယ်သွားခဲ့လေ၏။ လူအိုကြီး၏ မျက်ဝန်းအစုံထဲ အလင်းရောင်တို့ ဆိတ်သုဉ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း တောင့်တင်းသွားခဲ့လေ၏။
“အကြီးအကဲချုပ်” ဟော်ရှင်းချန် ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားခဲ့ပြီး ဝမ်းနည်းစွာဖြင့် အော်ဟစ် ငိုကြွေးလိုက်လေ၏။
အချိန်တိုအတွင်းမှာပဲ အကြီးအကဲချုပ် (၇)ယောက် အသတ်ခံလိုက်ရလေပြီ။
လူပေါင်းများစွာ၏ လေးစားအားကျခြင်း ခံရသည့် စည်းတံဆိပ်တော်ဘုရားကျောင်းမှ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်များသည် အမှန်အကန်ကိုပင် အားနည်းလှပေသည်။ လှောင်ပဲ လှောင်ပြောင်ရမလား၊ သက်ပြင်ကိုပဲ ချရလေမလား ရန်ကိုင် မခွဲခြားနိုင်တော့။
စည်းတံဆိပ်ဘုရားကျောင်းရှိ လူအိုကြီး (၇)ယောက်သည် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူများထဲတွင် အားအနည်းဆုံး ဖြစ်သည့်ပုံပင်။
သို့သော်ငြား သူကိုယ်တိုင်သည်လည်း အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်သို မရောက်ဖူးသေးရာ ၎င်းအဆင့်၏ နက်နဲဆန်းကြယ်မှုများအား နားမလည် နိုင်သေးသဖြင့် တစ်ဖက်ရန်သူနှင့် လူအိုကြီ(၇)ယောက်၏ ခွန်အားအတိုင်းအဆကို အတိအကျ မတွက်ချက် တတ်ပါချေ။
မတ်တပ်ရပ်၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ လူ(၃)ယောက်နှင့် သားရဲတစ်ကောင်အား မြင်တွေ့လိုက်ရ လေ၏။
တိုက်တန်ခွန်အားဘုရင်၊ အလင်းအရိပ်ဘုရင်၊ မိုးကြိုးသားရဲဘုရင်နှင့် အဆင့်၇သားရဲဖြစ်သော၊ ပင့်ကူအမေကြီး…
ရွှစ်… ရွှစ်…
တစ်ဖက်ဆန့်ကျင်ဘက် အရပ်ဆီမှ ပုံရိပ်နှစ်ခု အလျင်အမြန် ပျံသန်းလာခဲ့ပြီး လေထဲဝဲနေလိုက်၏။
အဆိပ်ဘုရင်နှင့် ယင်တစ္ဆေဘုရင်တို့ ရောက်လာခဲ့လေပြီ။
မိစ္ဆာဘုရင်ငါးယောက်သည် အထင်အမြင်သေးသေးဖြင့် ရန်ကိုင်၏ စံအိမ်အား ငုံ့ကြည့်နေခဲ့၏။ အားလုံး၏ အမူအရာသည် လုံးဝကို လွတ်လပ်ပေါ့ပါးနေခဲ့သော်ငြား သူတို့၏ စိတ်ထဲတွင်မူ သိလိုစိတ်တို့က ကြီးစိုးနေခဲ့လေ၏။
ယခုအိမ်ထဲ၌ ရှိနေသည့်လူများ မည်သည့်အတွက် ကြောင့်ထွက်ပြေးဖို့ မကြိုးစားသည်ကို သူတို့တစ်တွေ နားမလည်နိုင်ဖြစ်နေခဲ့လေ၏။
စစ်ပွဲမြို့တော် တစ်ခုလုံးရှိ လူပေါင်းများစွာတို့သည် အသက်ရှင်ခွင့်ရလိုရငြား ခြေကုန်သုတ်ပြေးနေချိန် ဒီလူအုပ်ကမူ ယခုနေရာက သူတို့အား လုံခြုံမှု ပေးစွမ်နိုင်သည်ဟု တွေးထင်နေပုံရ၏။
တိုက်တွန်ခွန်အား ဘုရင်က ရက်စက်သည့်အပြုံးကို ဆင်မြန်ရင်း အောက်ရှိ ရန်ကိုင်အား စိတ်ဝင်စားသည့် အကြည့်ဖြင့် ငုံကြည့်လိုက်လေ၏။ ထိုလူငယ်လေးသည် အကြောက်အလန့် ကင်းကင်းဖြင့် သူ့ကိုပင်ပြန်၍ စစ်ဆေးနေလိုက်သေး၏။
သို့သော်ငြား မိစ္ဆာဘုရင်(၅)ပါးနှင့် ရင်ဆိုင်ရသည့်အခါ မည်သူမဆို ဖိအားအကြီးကြီး ခံစားရမည်မှာ မလွဲဧကန်ပင်။
ယခုအချိန်၌ ရန်ကိုင်စံအိမ်ထဲတွင် ရှိနေသေည့် လူအားလုံး စိုးရိမ်ကြောက်လန့် နေခဲ့ကြလေ၏။
လီယွမ်ချွန်သည် ပို၍ပင် စိုးရိမ်ပူပန်နေခဲ့၏။ ရန်ကိုင်အား ယခုနေရာမှ အချိန်မရွေး ဆွဲခေါ်သွားနိုင်အောင် လည်း သူ့စိတ်ထဲ ပြင်ဆင်ထားခဲ့လေ၏။
“ဘဏ္ဏာထိန်းမန်၊ အချိန်ကျပြီ။ ခင်ဗျားသာ အခုနေ မလှုပ်သေးရင် ကျုပ်တို့အားလုံး သေရလိမ့်မယ်” ရန်ကိုင်က လေထဲဝဲနေသည့် မိစ္ဆာဘုရင်ငါးပါးအား ဝေ့ကြည့်လိုက်ပြီး မန်ဝူရအား လေသံတိုးတိုးဖြင့် သတိပေးလိုက်၏။
ယခုအချိန်ထိတိုင် စံအိမ်တစ်ခုလုံးရှိ လူများ၏ လုံခြုံမှုကို အာမခံပေးနိုင်သော မည်သည့်ဝှက်ဖဲမျိုးအား မန်ဝူရ ဖုံးကွယ်ထားသည်ကို ရန်ကိုင် မသိသေးချေ။ သို့သော်ငြား မည်ကဲ့သို့သော ဝှက်ပဲပင်ဖြစ်ပါစေ၊ ယခု ထိုဝှက်ဖဲအား ထုတ်ဖို့ အချိန်ရောက်လာခဲ့လေပြီ။
မန်ဝူရက အသာအယာလေး ခေါင်းညိတ်လိုက်၍ သူ့လက်ကို ဆန့်ထုတ်ကာ နန်းတော်သေးသေးလေး တစ်ခုအား ဆင့်ခေါ်လိုက်၏။
ထိုလက်နက်သည် တလက်လက် တောက်ပနေခဲ့ပြီး နန်းတော် သေးသေးလေး တစ်ခုနှင့် တကယ်ကို တူပေ၏။ အလှပဆုံးသော ကျောက်တုံးကျောက်သားမှ ထွင်းထု ထားသည့်အလား နန်းတော်တစ်ခုလုံးသည် လွန်စွာကိုပင် လက်ရာမြောက်လှချေ၏။
နန်းတော်လေး ပေါ်လာသည်နှင့် ၎င်းကအားလုံး၏ အာရုံကို တစ်မုဟုတ်ချည်း ဆွဲဆောင်သွားခဲ့လေ၏။
ရန်ကိုင်သည်လည်း အတော့်ကို အံ့အားသင့်နေခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ထိုနန်းတော်လေးသည် သူတွေ့ခဲ့ ဖူးသော လက်နက်များနှင်း လုံးဝကို ကွဲပြားသောကြောင့်ပင် ဖြစ်ချေ၏။ သူပိုင်ဆိုင်ထားသည့် ဆန်းကြယ်အဆင့် လက်နက်များပင်လျှင် ထိုနန်းတော်လေးရှေ့၌ ထိုင်ငို သွားရပေလိမ့်မည်။
မန်ဝူရ ဆင့်ခေါ်လိုက်သော လက်နက်လေးသည် မည်သည့် အဆင့်ရှိမည်မှန်း ရန်ကိုင် မသိချေ။ သို့သော် လွန်စွာကို အံ့အားသင့်ဖို့ကောင်းလိမ့်မည် ဆိုသော အချက်ကိုမူ သူသိ၏။
မိစ္ဆာဘုရင်(၅)ပါးပင်လျှင် နန်းတော်လေးအား လောဘတကြီး အငမ်းမရ ငေးကြည့်နေခဲ့ကြလေ၏။
မန်ဝူရတစ်ယောက်သည်သာ ထူးမခြားနားဟန်ဖြင့် ရှိနေခဲ့ကာ ထိုလက်နက်ထဲသို့ အစစ်အမှန်ချီများအား ရူးသွပ်စွာ စတင်ပို့လွှတ်တော့လေ၏။
မန်ဝူရ၏ အစစ်အမှန်ချီနှင့် ပေါင်းစပ်သွားသည့်အခါ နန်းတော်လေးသည် မြန်ဆန်စွာပင် ကြီးမားလာခဲ့၏။ အသက်တစ်ကြိမ် ရှူရှိုက်စာ အချိန်တွင်းမှာပင် နန်းတော် ကြီးသည် တိုက်တန်းကြီးတစ်ကောင်အလား ကြီးမားသွားခဲ့၏။
ရုပ်စိုင်ရုပ်ခဲမရှိသော်ငြား ၎င်းက ရန်ကိုင်စံအိမ် တစ်ခုလုံးအား အပြည့်အဝအား ဖုံးအုပ်ထားသည်ကို အားလုံး မြင်တွေ့နေခဲ့ရ၏။
အပြင်ဘက်မှ ငေးကြည်လျှင် ရန်ကိုင်၏ ခြံဝန်း တစ်ခုလုံးအား ထွင်းဖောက်မြင်နိုင်သော အရံအတား တစ်ခုက လွှမ်းခြုံထားသည်ကို မြင်တွေ့နိုင်ပေ၏။ စံအိမ်ထဲကို မြင်တွေ့နေရသေးသော်ငြား ကောင်းကင် စိတ်အာရုံသုံး၍ စစ်ဆေးခြင်း မပြုနိုင်တော့ချေ။
မိစ္ဆာဘုရင်(၅)ပါးစလုံး အူကြောင်ကြောင် ဖြစ်နေခဲ့၏။
“ဒီအရံအတားကို သုံးပြီး မင်းအဖေဖြစ်တဲ့ ငါ့ကို တားချင်နေတာလား။ အိမ်မက်သာမက်နေလိုက်”
တိုက်တန်ခွန်အားဘုရင်က မာန်သွင်းအော်ဟစ်၍ အရံအတားဆီ ပြေးဝင်သွားခဲ့လေ၏။
*အုန်း…*
ဧရာမပေါက်ကွဲသံကြီးတစ်သံ စစ်ပွဲမြို့တော်တစ်ခွင် မြည်ဟည်းသွားခဲ့ပြီး မြေပြင်သည်ပင် တုန်ခါသွားခဲ့ရလေ၏။
တိုက်တန်ခွန်အားဘုရင်သည် ဒီလောကကြီး၌ ကြောက်မက်ဖွယ် အကောင်းဆုံး ခွန်အားကို ပိုင်ဆိုင်ထား၏။
သူသာ အားကုန်သုံး တိုက်ခိုက်မည်ဆိုလျှင် သူ့၏ တိုက်ခိုက်မှုတစ်ချက် စီတိုင်းက မြေကမ္ဘာတစ်ခုလုံး တုန်ခါ သွားစေနိုင်၏။ ခွန်အားအရာတွင် နတ်ဆိုးအရှင်သခင် ရန်ပိုင်ပင်လျှင် သူ့ပြိုင်ဘက်မဟုတ်ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅67) ကောင်းကင်နန်းတော်
~~~~~~~~~~~~~~~~~~~~~~~~~
တိုက်တန်ခွန်အားဘုရင်၏ ခွန်အားအောက်၌ ဤလောကကြီးရှိ အကာအကွယ်အားလုံး အချည်းနှီး ဖြစ်သွားခဲ့ရ၏။
သူ့ခွန်အားသည် စွမ်းအားကို ပုံစံပြောင်းထားခြင်း ဖြစ်သည်ဟုပဲ ဆိုရပေမည်။
တိုက်တန်ခွန်အားဘုရင်၏ လက်သီးချက်ကို ကြည့်ရင်း ကျန်တဲ့ဘုရင်(၄)စလုံး သွားပေါ်အောင် ပြုံးနေခဲ့ကြလေ၏။
သူတို့စိတ်ထဲ တိုက်တန်ခွန်အားဘုရင်၏ လက်သီးချက် ကြောင့် မန်ဝူရဖန်တီးထားသည့် အရံအတား တစ်စစီ ဖြစ်သွားတော့မှာကို ကြိုတင်မြင်ယောင်နေသည့် ပုံပင်။
ဤသည်ကား တိုက်တန်ခွန်အားဘုရင်အပေါ်ထားသည့် သူတို့၏ ယုံကြည်ချက်ပင်။
သို့သော်ငြား ထွက်ပေါ်လာသော အစစ်အမှန် ရလဒ်သည် သူတို့ ထင်မှတ်ထားသည်နှင့် တစ်ခြားစီ ဖြစ်နေခဲ့လေ၏။
တိုက်တန်ခွန်အားဘုရင်၏ လက်သီးချက် အရံအတားပေါ် ကျသွားသည်နှင့် အရံအတား မျက်နှာပြင်ထက် လှိုင်းတွန့်လေးသာ ဖြစ်ပေါ်သွားခဲ့ပြီး စံအိမ်ထဲရှိ လူအားလုံးဟာတော့ အကောင်းပကတိ ရှိနေဆဲပင်။
တိုက်တန်ခွန်အားဘုရင်မှာမူ တန်ပြန်အားကြောင့် မီတာထောင်ဂဏန်းအထိ လွင့်စင်သွားခဲ့ရ၍ နောက်ဆုံးမှပဲ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်နိုင်ခဲ့၏။
မိစ္ဆာဘုရင်(၄)ပါးစလုံး မျက်လုံးပြူးမျက်ဆံပြူးနှင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြ၏၊ ထိတ်လန့် တုန်လှုပ်သွားခဲ့ရာ အချိန်အတော်ကြာသည်အထိ အသိပြန်ဝင်မလာခဲ့ကြချေ။
တိုက်တန်ခွန်အားဘုရင်အနေဖြင့် သူ့ကိုယ်သူ အရှက်ကွဲအောင်လုပ်လိမ့်မည်ဟု သူတို့ထဲက မည်သူမှ မထင်မှတ်ထားခဲ့ချေ။ သူ့ခန္ဓာကိုယ်သည် အခြား မိစ္ဆာဘုရင်များထက် အနည်းဆုံး(၂)ဆလောက် ကြီး၏။ သူတို့ထဲက မည်သူမှ တိုက်တန်ခွန်အားဘုရင်၏ ကြောက်မက်ဖွယ်ခွန်အားကို သံသယမရှိချေ။ အဆိပ်ဘုရင်နှင့် တစ္ဆေဘုရင်ပင် သူနှင့် တစ်ယောက်ချင်း ယှဉ်မတိုက်ချင်ကြချေ။
သူ၏ယခုလက်သီးချက်သည် သူ့ခွန်အား အကုန်အစင် အားထုတ်သုံး၍ တိုက်ခိုက်ခဲ့သော တိုက်ခိုက်မှုတစ်ခု မဟုတ်သော်ငြား သာမန်လက်သီးချက်တော့ မဟုတ်ချေ။ ထိုသို့ဆိုရင် အရံအတားမျက်နှာထက် မည်သည့် အတွက်ကြောင့် လှိုင်းတွန့်လေးသာ ထသွားခဲ့ရသနည်း။
မိစ္ဆဘုရင်(၅)ပါးစလုံး၏ အမူအရာ လေးနက်သွားခဲ့၏။
ရန်ကိုင်စံအိမ်ထဲမှာတော့ သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်ကြ၏။ သူတို့ရဲ့ လုံခြုံရေးကို သူတာဝန်ယူ မယ်လို့ မန်ဝူရပြောခဲ့သော်ငြား နန်းတော်လေး၏ ကြောက်မက်ဖွယ် ခွန်အားကို မျက်စိနှင့်တပ်အပ် မမြင်ခင် အချိန်ထိ မည်သူကမှ မန်ဝူရအား အပြည့်အဝ မယုံကြည်ရဲကြချေ။
တိုက်တန်ခွန်အားဘုရင်၏ တိုက်ခိုက်မှုသည် လုံးဝကို အကျိုးသက်ရောက်မှု မရှိမှန်း သိလိုက်သည်နှင့် ရန်ကိုင် စံအိမ်ထဲရှိနေသည့် လူအား မန်ဝူရကို အလေးစားကြီး လေးစားသွားခဲ့ကြလေ၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် တစ္ဆေဘုရင်က ကြိတ်ရယ်၍ “ခွန်အားဘုရင်၊ ဒီလိုမျိုးလေး အရှက်ကွဲသွား တာမင်းအတွက် လုံလောက်ပြီလား။ နည်းနည်းလောက် အားထပ်ထည့်လိုက်စမ်းပါ ငါ့ကောင်ကြီးရာ”
အဆိပ်ဘုရင်ကလည်း ရယ်ရယ်မောမောဖြင့် “ခွန်အား ဘုရင်ရဲ့ ခွန်အား ဒီအဆင့်ပဲနဲ့တူပါတယ်ကွာ”
ကျန်ရှိနေသော မိစ္ဆာဘုရင်များက တိုက်တန်ခွန်အား ဘုရင်၏ အဖြစ်ကိုကြည့်ရင်း ကြိတ်ရယ် လှောင်ပြောင် နေခဲ့ကြလေ၏။
“သောက်ရေးမပါတာတွေ” တိုက်တန်ခွန်အားဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်ရင်း “အရံအတားကိုက ထူးဆန်းနေတာကွ”
ပြောပြီးသည်နှင့် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မာန်သွင်းအော်ဟစ်လိုက်ရာ သူ၏ သွေးစွမ်းအားသည်လည်း မြန်ဆန်စွာ မြင့်တက်သွားခဲ့လေ၏။
အဆိပ်ဘုရင်နှင့် တစ္ဆေဘုရင်တို့သည် အရယ်တိတ်သွား ခဲ့ကြ၍ သူတို့၏ အမူအရာသည်လည်း လေးနက် တည်ကြည်သွားခဲ့လေ၏။ ခွန်အားဘုရင် အတည်ပေါက်ဖြင့် ကျွေးတော့မည်ကို သူတို့ သိနေခဲ့လေ၏။
အစောပိုင်းတုန်းက လက်သီးချက်သည် သူ့ခွန်အား၏ (၅၀)ရာခိုင်နှုန်းသာ သုံးထားခြင်းဖြစ်၏။ ယခုမူ သူ့ခွန်အား အကုန်အစင်ကို ထုတ်သုံးပြီး တိုက်ချေတော့မည်။
သူ၏ လက်သီးချက်အား မည်သည့် မိစ္ဆာဘုရင်မှ ထိပ်တိုက်ရင်မဆိုင်ရဲချေ။
သို့သော်ငြား သူ့လက်သီးချက်က အရံအတားကို ချိုးဖျက်နိုင်မှာလား။ မိစ္ဆာဘုရင်တစ်ယောက်ချင်းစီက မျှော်လင့်ချက် အပြည့်ဖြင့် စောင့်စားနေခဲ့လေ၏။
ရုတ်တရက် ခွန်အားဘုရင်က သူ့လက်သီးချက်အား ပစ်လွှတ်လိုက်၏။ အစောပိုင်းတုန်းက လက်သီးချက်နှင့် တူညီခြင်းမရှိပဲ ယခုလက်သီးချက်သည် (၃)နှစ်သား ကလေးတစ်ယောက်ပင် ရှောင်ရှားနိုင်သည်အထိ နှေးကွေး လေးလံလှ၏။
သို့သော်ငြား လက်သီးဖြတ်သန်းသွားရာ လမ်းတစ်လျှောက် လေဟာနယ်ပင် အက်ကွဲသွားရပြီး ကောင်းကင်ပင် တုန်ခါသွားရ၏။
လက်သီးချက်သည် အရံအတားမျက်နှာပြင်နှင့် ထိပ်တိုက်တွေ့သွားသည်နှင့် မြေကမ္ဘာတစ်ခုလုံးကို သိမ့်သိမ်တုန် တုန်ခါသွားစေနိုင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့လေ၏။
ဒီတစ်ကြိမ်တွင်မူ အရံအတားမျက်နှာပြင်ထက် ထွက်ပေါ်လာသည့် လှိုင်းတွန့်လေးများသည် အရင်ကထက် ပို၍ ကြီးမားနေ၏။ လှိုင်းတွန့်လေးများ ပိုကြီးသွားရုံပင် ဖြစ်ကာ အရံအတားကမူ အကောင်းအတိုင်း ရှိနေသေး၏။
နောက်တစ်ကြိမ် ခွန်အားဘုရင် နာနာကျင်ကျင် အော်ဟစ်၍ လေးကိုင်းမှလွှတ်လိုက်သည့် မြှားတစ်စင်းပမာ မျက်တောင်တစ်ခတ်အတွင်း အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ရလေ၏။
အဆိပ်ဘုရင်၊ အရိပ်ဘုရင်၊ သားရဲဘုရင်နှင့် တစ္ဆေဘုရင်တို့ နောက်တစ်ကြိမ် မှင်သက်သွားခဲ့ ရပြန်လေပြီ။
ရန်ကိုင်စံအိမ်ထဲ ရင်တထိတ်ထိတ်နှင့် စောင့်စားနေသည့် ကျင့်ကြံသူများ အားလုံး ရုတ်တရက် ပျော်ရွှင်စွာထအော်ကြပါတော့လေ၏။
“အတားအဆီးက… တကယ်ကို သာမန်မဟုတ်ဘူး” အဆိပ်ဘုရင်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
“ဒီလက်နက်က ငါမြင်ဖူးခဲ့တဲ့ လက်နက်တွေနဲ့ တစ်မျိုးတစ်ဖုံ ကွဲပြားနေသလိုပဲ” တစ္ဆေဘုရင်က မန်ဝူရဆီ စူးစိုက်ကြည့်ရင်း ပြောလိုက်၏။
ခွန်အားဘုရင်သည် အားကုန်ထုတ်သုံးခဲ့သော်ငြား ထိုလက်နက် ဖန်တီးထားသည့် အရံအတားအား ခြစ်ရာ တစ်ခုမျှပင် ထင်အောင်လုပ်သွားနိုင်ခြင်း မရှိခဲ့။ ဒီလောကကြီးမှာ ယခုကဲ့သို့လက်နက်မျိုး တကယ်ပဲ ရှိနေ၏လော။ ဒီလူအိုကြီး၏ အကန့်အသတ်ကို တစ္ဆေဘုရင် နားမလည်နိုင်သလို မည်သည့်သို့သော အမွေအနှစ်မျိုး ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ယခုခဲ့သို့ လက်နက်မျိုး ပိုင်ဆိုင်ထားရသည်ကို သူနားမလည်နိုင်ချေ။
တစ်ခဏကြာပြီးသည့်နောက် တိုက်တန်ခွန်အားဘုရင် ပြန်ရောက်လာခဲ့၏။ သို့သော်ငြား ယခုတစ်ကြိမ်၌မူ တိုက်တန်ခွန်အားဘုရင်၏ နှုတ်ခမ်းထောင့်စွန်း၌ သွေးစတို့ ရှိနေခဲ့လေ၏။ တန်ပြန်အားကြောင့် အတွင်းဒဏ်ရာအချို့ ရသွားခဲ့သည့်ပုံပင်။
“ငိုးပဲ။ ကောင်းကင်ဘုံအောက်မှ ငါမချိုးဖျက်နိုင်တဲ့ အတားအဆီးရှိတယ်ဆိုတာ မင်းအဖေမယုံဘူးကွ” တိုက်တန်ခွန်အားဘုရင်၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့နေခဲ့ပြီး ကောင်းကင်ပေါ်မော့ကာ အသံကုန် အော်ဟစ်လိုက်လေသည်။
“ခွန်အားဘုရင်၊ မေးလိုက်တော့။ ဒီအရံအတားက အကြမ်းနည်းသုံးပြီး ချိုးဖျက်လို့ ရတာမျိုး မဟုတ်ဘူးကွ” အဆိပ်ဘုရင်က သတိပေးလိုက်၏။
“မင်းပါးစပ်ကို ပိတ်ထားလိုက်” ခွန်အားဘုရင် အဆိပ်ဘုရင်ကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်ပြီး အော်ပြောလိုက်၏။ သူ့အမူအရာကို ကြည့်လျှင် အရံအတား ကိုသူ့လက်သီးနှင့် မချိုးဖျက်နိုင်မခြင်း ရပ်တန့်မည့်မပေါ်။ အရံအတားဆီ နောက်တစ်ကြိမ် ပြေးဝင်သွားလိုက်ပြန်၏။
“ငတုံးပဲ” ယင်တစ္ဆေဘုရင်က အထင်အမြင်သေးသေး ဖြင့်လှောင်ပြောင်လိုက်လေ၏။
မိစ္ဆာဘုရင်(၆)ပါးထဲ တိုက်တန်ခွန်အားဘုရင်၏ ခွန်အားသည် ထိပ်ဆုံးအဆင့်ထဲ ပါပေ၏။ သို့သော်ငြား ထိုကောင်သည် တစ်ခေါင်းလုံးကြွက်သားများဖြင့် ပြည့်နေသောသူသာ ဖြစ်၏။ သူစိတ်ဆုံးဖြတ်ပြီးသည်နှင့် နတ်ဆိုးအရှင်သခင်ရန်ပိုင်ကလွဲပြီး အခြားမည်သူကမှ သူ့စိတ်ကို ပြောင်းလဲအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား နတ်ဆိုးအရှင်သခင်က ယခုနေရာ၌ မရှိသဖြင့် တိုက်တန်ခွန်အားဘုရင်က နောက်တစ်ကြိမ် ကြိုးစားချင်နေသည့်အခါ ကျန်တဲ့ဘုရင်(၄)ပါးစလုံး ရပ်ကြည့်နေရုံပဲ တတ်နိုင်ခဲ့၏။
တတိယအကြိမ်မြောက်၌ တိုက်တန်ခွန်အား ဘုရင်၏ အမူအရာက လုံးဝကို လေးနက်နေခဲ့လေ၏။
အရံအတားဆီ ပျံသန်းသွားလိုက်ပြီး ခွန်အားဘုရင်က သူ့လက်သီးအား တရစပ်ဝှေ့ရမ်းလိုက်၏။ များစွာသော လက်သီးရိပ်တို့ထွက်ပေါ်လာခဲ့ပြီး အရံအတားဆီ တစ်ပြိုင်တည်း တိုးတင်သွားခဲ့လေ၏။
ခွန်အားဘုရင်၏ လက်သီးသည် အရံအတားနှင့် ထိတွေ့သွားတော့မည့် အချိန်မှာပင် အရံအတား မျက်နှာပြင်ထက် အပေါက်တစ်ပေါက် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး မန်ဝူရ၏ နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားခဲ့လေ၏။
ခွန်အားဘုရင်သလည်း ကြောင်အသွားခဲ့၏။ သို့သော်ငြား သူ့အရှိန်ကို မထိန်းနိုင်တော့သည်ဖြစ်ရာ သူ့ရှေ့တွင် ရှိနေသည့် အပေါက်ထဲ တစ်ခါတည်း တိုးဝင်သွားခဲ့ရလေ၏။ သူ့နောက်၌ ရှိနေသည့် အရံအတား သည်လည်း အလျင်အမြန်ပင် ပြန်လည်ပိတ်ဆို့လာခဲ့၏။
တစ်ချိန်တည်းမှာပင် တလက်လက် တောက်ပနေသည့် အလင်းတန်းတစ်ချက် ရိပ်ခနဲလက်သွားခဲ့ပြီး ပုံရိပ်တစ်ခု ခွန်အားဘုရင်ဘေး ထွက်ပေါ်လာခဲ့ကာ သူ့အားပခုံးမှ ဆွဲကိုင်ပြီး တဖြည်းဖြည်းကျဉ်းလာနေသည့် အပေါက်ထဲမှ ပြန်ဆွဲခေါ်သွားခဲ့လေ၏။
အပေါက်ပိတ်သွားသည့် အချိန်၌ တိုက်တန်ခွန်အား ဘုရင်သည် အပြင်ဘက် မီတာပေါင်းများစွာအကွာ၌ ပြန်လည်ထွက်ပေါ်လာခဲ့၏။ အလင်းအရိပ်ဘုရင်ကတော့ ခွန်အားဘုရင်၏ ပခုံးအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲ။
“တော်တော် မြန်တာပဲ” မန်ဝူရက အလင်းအရိပ် ဘုရင်ကို လှမ်းကြည့်လိုက်သည့်အခါ သူ့မျက်ဝန်းအစုံ မှေးကျဉ်းသွားခဲ့ရလေ၏။ သူကိုယ်တိုင်ပင် အရိပ်ဘုရင်၏ လှုပ်ရှားမှုအား အသေအချာ မမြင်နိုင်ခဲ့ချေ။
ရန်ကိုင်သည်လည်း ကြောင်သွားခဲ့ပြီး အချိန်အတော် ကြာမှ အသိပြန်ဝင်လာနိုင်ခဲ့လေ၏။
ဖြစ်ပျက်သွားခဲ့သည်အရ မန်ဝူရသည် တိုက်တန်ခွန်အား ဘုရင်ကို အရံအတားထဲ ဆွဲခေါ်ချင်သည့်ပုံပင်။
အရံအတားကို မန်ဝူရက ဖန်တီးထားသည်ဖြစ်ရာ အရံအတားအတွင်း၌ ရှိနေသည့်လူများအား ကိုင်တွယ်နိုင်သည့် နည်းလမ်းများစွာ သူ့တွင် ရှိနေပေလိမ့်မည်။ မိစ္ဆာဘုရင်တစ်ပါးအား ယခုနေရာ၌ လတ်စဖျောက်ပစ်နိုင်လျှင် လက်ရှိအခြေအနေအား တော်တော်လေးကို လွယ်ကူသက်သာသွားစေနိုင်ပေ၏။
ကံမကောင်းစွာဖြင့် အလင်းအရိပ်ဘုရင်က မြန်ဆန်စွာ လှုပ်ရှားနိုင်ခဲ့သည့်အတွက် တိုက်တန်ခွန်အားဘုရင်ကို အရံအတားထဲမှ လက်မတင်လေး ကယ်တင်သွားနိုင်ခဲ့၏။
သက်ပြင်းတစ်ချက်ချလိုက်ရင်း သူ့စိတ်ထဲတွင်တော့ အနည်းငယ် နှာမြောမိနေခဲ့၏။
“ငါ့ကိုများလာဆော့ကစားရဲတယ်ပေါ့” ခွန်အားဘုရင်က အရိပ်ဘုရင်ဘက်လှည်ပြီး အော်ဟစ်ကျိန်ဆဲလိုက်လေ၏ “ငါ့ကို ဘာလို့ဆွဲထုတ်လာရတာလဲ။ ငါသာ အထဲ ရောက်သွားရင် အဲ့ကောင်တွေ အကုန်လုံးကို သတ်ပစ် လိုက်လို့ရတယ်ကွ”
သို့သော်ငြား အလင်းအရိပ်ဘုရင်ဟာတော့ ထူးမခြားနားဟန်ဖြင့် ခေါင်းခါရမ်းလိုက်ပြီး “မဖြစ်နိုင်ဘူး။ မင်းသာ အထဲမှာပိတ်မိသွားရင် သေမယ့်လူက မင်းပဲ ဖြစ်သွားခဲ့မှာ”
တစ်ဖက်လူက တိုက်တန်ခွန်အားဘုရင်ကို အထဲသို့ ဆွဲခေါ်ချင်နေသဖြင့် သူ့တွင် ခွန်အားဘုရင်အား ကိုင်တွယ် နိုင်မည့်နည်းလမ်းတစ်ခုခု ရှိနေသည့်အတွက်ကြောင့်ပဲ ဖြစ်ရပေမည်။ ကျန်သည့် မိစ္ဆာဘုရင်(၄)ယောက်စလုံး နားလည်ခဲ့ပေမယ့် ဦးနှောက်မရှိသည့် သားကောင် ကိုယ်တိုင်ကမူ ရွှေရောင်အခွင့်အရေးကို လက်လွှတ် လိုက်ရသည်ဟု တွေးထင်နေတုန်းပင်။
တစ်ဖက်လူက အမှန်ကို ပြောနေမှန်း သိသည့်အတွက် ခွန်အားဘုရင်သည်လည်း ပြန်လည်ငြင်းဆိုခြင်း မပြုတော့ပဲ အထင်အမြင်သေးသေးဖြင့်သာ “ဒီလိပ်ခွံကာ တော်တော် မာတာပဲ။ ငါမချိုးဖျက်နိုင်ဘူး”
ခွန်အားသက်သက်သုံးပြီး ဒီအရံအတားအား ဖျက်စီး၍ ရနိုင်မည့်ပုံမပေါ်။
“ငါတို့ကြိုးစားကြည့်မယ်” အဆိပ်ဘုရင်နှင့် တစ္ဆေဘုရင်တို့က အေးစက်စွာပြုံးလိုက်ပြီး သူတို့၏ ကိုယ်ပိုင်နည်းလမ်းများကို တစ်ပြိုင်တည်း ထုတ်သုံးကြလေ၏။ ချက်ချင်းဆိုသလို အရံအတား တစ်ခုလုံးအား အဆိပ်ငွေ့ များနှင့် တစ္ဆေအော်သံများက ဝန်းရံသွားခဲ့လေ၏။
အရံအတားကို ဝန်းရံထားသည့် အဆိပ်ငွေ့များနှင့် တစ္ဆေအော်သံများကို နားထောင်ရင်း ရန်ကိုင်စံအိမ်ထဲ ရှိနေသည့် လူအားလုံး ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့လေ၏။
သို့သော်ငြား အဆိပ်ငွေ့နှင့် တစ္ဆေဝိဥာဉ်များကို အရံအတားက အပြည့်အဝ တားဆီးထားနိုင်ခဲ့၏။ တစ္ဆေဘုရင်နှင့် အဆိပ်ဘုရင်တို့ မည်သို့ပင် ကြိုးစား စေကာမူ အရံအတားကို ထိုးဖောက်နိုင်မည့် နည်းလမ်း တစ်ခုပင် ရှာမတွေ့ခဲ့ချေ။
တစ်ခဏကြာပြီး တစ္ဆေဘုရင်နှင့် အဆိပ်ဘုရင်တို့ နှစ်ဦးစလုံး လက်ပြန်ရုတ်လိုက်ကြပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေ၏။
သူတို့သည်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ပါချေ။
တစ်ခဏကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် တစ္ဆေဘုရင်က ပြောလိုက်လေ၏ “ဆရာနတ်ဆိုးအရှင်သခင် လည်းရောက်တော့မှာ။ ဒီမှာဆက်ပြီး တုန့်နှေးနေစရာ မလိုတော့ဘူး။ ငကြောက်ကောင်တွေက ထွက်လာဖို့ ငြင်းဆန်နေမှတော့ သူတို့တွေနဲ့ နောက်မှ ဇယားရှင်း ကြတာပေါ့။ စောင့်ရင်း အခြားအမှိုက်တွေကို သွားရှင်း ထားနှင့်ကြမလား”
“ကောင်းပြီလေ” အဆိပ်ဘုရင်က ခေါင်းညိတ်၍ “ဆာနတ်ဆိုးအရှင်သခင် ရောက်လာတော့မှပဲ ဒီအတားအဆီးကို ချိုးဖျက်ကြတာပေါ့”
မိစ္ဆာဘုရင်(၅)ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်၍ အရပ်မျက်နှာ အဘက်ဘက်ဆီ ခွဲထွက်သွားခဲ့ကြာ မကြာခင်မှာပင် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့၏။ ဧရာမပင့်ကူအမေကြီးပင် မိုးကြိုးသားရဲဘုရင်နောက်မှ လိုက်သွားခဲ့လေ၏။
သူတို့ ထွက်သွားပြီးနောက် ရန်ကိုင်စံအိမ်ထဲ ရှိနေသည့် လူအားလုံး စိတ်သက်သာရာ ရသွားခဲ့ကြ၏။
ရန်ကိုင်က မန်ဝူရာကို ကြည့်၍ မေးလိုက်၏ “ဘဏ္ဏာထိန်းမန်၊ ဒီအရံအတားက နတ်ဆိုးအရှင်သခင်ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မှာလား”
ရန်ကိုင်အမေးအား ကြားသော် မန်ဝူရက ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်၏ “နတ်ဆိုးအရှင်သခင်ဆိုတဲ့ ကောင်က ဘာမို့လို့လဲ။ ဒီလူအိုကြီးရဲ့ ကောင်းကင်နန်းတော် ကိုယ်ဘယ်သူမှ မချိုးဖျက်နိုင်ဘူးကွ”
“ကောင်းကင်နန်းတော်လား” လင်းတိုင်ရှုက မျက်ခုံးပင့်လိုက်၍ “ဒီလက်နက်ရဲ့ နာမည်ကို ကောင်းကင်နန်းတော်လို့ ခေါ်တာလား။ တကယ်ကို နာမည်နဲ့ ထိုက်တန်ပါတယ်။ အစ်ကိုမန် ဒီလောက် ယုံကြည်ချက်ရှိနေတာလည်း အံ့ဩစရာ မဟုတ်တော့ ပါဘူးလေ။ ဒီလိုလက်နက်မျိုး ပိုင်ဆိုင်ထားတာကိုး”
ကောင်းကင်နန်းတော်၏ အကာအကွယ်အောက်၌ ရှိနေခဲ့ပင် ရန်ကိုင်၏စံအိမ်သည် လုံးဝကို လုံခြုံပေ၏။
“ဒီအရံအတားကို ဘယ်လောက်အထိ ထိန်းထားလို့ ရလဲ” ရန်ကိုင်က တုန့်ဆိုင်းတုန့်ဆိုင်းဖြင့်မေးလိုက်၏။
“စိတ်ရှိသလောက်ပေါ့”
ယခုတစ်ကြိမ်တော့ ရန်ကိုင် အကြီးအကျယ်ကို ထိတ်လန့် အံ့အားသင့်သွားခဲ့ရလေပြီ။ ကောင်းကင်နန်းတော် ၏အစွမ်းကို တော်တော်ကိုပင် အထင်သေးထားခဲ့မိလိုက်မှန်း ယခုမှပဲ ရန်ကိုင် နားလည်သွားခဲ့လေ၏။
သို့သော်ငြား လုံခြုံနေသည် ဆိုလျှင်ပင် ရန်ကိုင် အနည်းငယ် စိတ်ဓါတ်ကျနေခဲ့သေး၏။ ယခုနေရာ၌ လိပ်လို အချိန်ပြည့် သူပုန်းအောင်းမနေနိုင်ချေ။ ဗဟိုမြို့တော် ရှိရာ အရပ်ဆီ စိုးရိမ်စွာဖြင့် လှမ်း၍ ကြည့်လိုက်လေ၏။
တိမ်မိစ္ဆာနယ်မြေက ကျူးကျော်သည်ဆိုသည့် အကြောင်းကို ဗဟိုမြို့တော်ရှိ မိသားစုကြီး(၈)ခု ကြားသိပြီးလောက်ပေပြီ။ သို့ပေမယ့် မိသားစုကြီး(၈)ခုက တိမ်မိစ္ဆာနယ်မြေ၏ အင်အားပြည့်တိုက်စစ်အား ခုခံနိုင်မည်လား၊ မခုခံနိုင်ဘူးလား ဆိုသည့်အချက်ကိုမူ ရန်ကိုင် မသိသေးချေ။ နှစ်ဖက် တိုက်ပွဲစသည်နှင့် နောက်ဆုံးရလဒ်ကို မည်သူမှ အတပ် မပြောနိုင်။
သူမိဘများ၏ ယခုလက်ရှိခွန်အားသည် မဆိုးလှသည်ဟု ပြောနိုင်သော်ငြား မိစ္ဆာဘုရင်များနှင့် ယှဉ်ရင် လွန်စွာကို အားနည်းနေသေး၏၊ နတ်ဆိုးအရှင်သခင် ဆိုလျှင်မူ ဆိုဖွယ်ရာ မရှိတော့ချေ။
စစ်ပွဲမြို့တော်တစ်ခုလုံး အပျက်အစီးပုံကြီးတစ်ခု ဖြစ်သွားခဲ့၍ မြို့ထဲရှိ လူအားလုံးသည်လည်း သေလျှင်သေ၊ မသေလျှင် ထွက်ပြေးသွားကြသည်ချည်းဖြစ်၏။
မိစ္ဆာဘုရင်(၅)ပါး မြို့တော်ထဲသို့ ရောက်ပြီး မကြာခင်မှာပဲ မိစ္ဆာသားရဲတို့ စစ်ပွဲမြို့တော်ဆီသို့ ရောက်ရှိလာခဲ့လေ၏။ နာရီအတွင်းမှာပင် ရန်ကိုင် စံအိမ်မှလွဲ၍ စစ်ပွဲမြို့တော်ထဲ သက်ရှိတို့ ကင်းမဲ့ သွားလေတော့၏။
ထွက်ပြေသွားသော ကျင့်ကြံသူများပင်လျှင် မိစ္ဆာဘုရင်နှင့် မိစ္ဆာသားရဲတို့၏ လိုက်လံသတ်ဖြတ် မှုကြောင့် သေဆုံးသွားခဲ့ရလေ၏။
စစ်ပွဲမြို့တော် တစ်ခုလုံးအား ကောင်းကင်စိတ်အာရုံ ဖြင့်စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့စိတ်ထဲ မပျော်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရ၏။
ကံကောင်းစွာဖြင့် သူနှင့်သူ့မဟာမိတ်များသည် မန်ဝူရ ပိုင်ဆိုင်သည့် ကောင်းကင်နန်းတော်၏ အကာအကွယ်ကို ရရှိထားလေ၏။ သူသာ သူ့မဟာမိတ်များကို ဦးဆောင်ပြီး စစ်ပွဲမြို့တော်မှ ထွက်သွားမည်ဆိုလျှင် လူပေါင်းများစွာ သေကြေပျက်စီးရမည်မှာ မလွဲမသွေပင်ဖြစ်၏။
မန်ဝူရပြောခဲ့သလိုပင် ထွက်ပြေးဖို့ ရွေးချယ်မည် ဆိုပါက စုစုပေါင်းလူအရေအတွက်၏ (၁၀)ရာခိုင်နှုန်းသာ ရှင်သန်နိုင်ပေလိမ့်မည်။
ယခုတစ်ကြိမ်တွင် တိမ်မိစ္ဆာနယ်မြေသည် မိသားစုကြီး (၈)ခု သတိပြုမမူမိသည့် အချိန်ကို အခွင့်ကောင်းယူ၍ လျှပ်တပျက် ထိုးစစ်ဆင်ခဲ့လေ၏။
ညနေစောင်းအချိန်ရောက်သည့်အချိန်တွင် မိစ္ဆာ အရှင်သခင်ရန်ပိုင်နှင့် ရှန်ချင်းလော့တို့ ဦးဆောင်လာသည့် တိမ်မိစ္ဆာနယ်မြေ၏ တပ်ရင်း စစ်ပွဲမြို့တော်ဆီသို့ ရောက်ရှိလာခဲ့လေ၏။
ဘေးပတ်လည်သို့ ဝေ့ကြည့်လိုက်ရရာ တောင်လို ပုံထပ်နေသည့် အလောင်းများနှင့် မြစ်ချောင်းများပမာ စီးဆင်းနေသည့် သွေးများအား မြင်တွေ့လိုက်ရသည်နှင့် ရှန်ချင်းလော့ ဝမ်းနည်းသွားခဲ့လေ၏။ သို့သော်ငြား သူမ၏ စိတ်ထဲတွင်လည်း လွန်စွာကိုမှ စိုးရိမ်နေရလေ၏။ အဘယ်ကြောင့်ဆိုသော် ရန်ကိုင်၏ တည်ရှိမှုကို စစ်ပွဲမြို့ထဲ အာရုံခံမိနေသောကြောင့်ပင် ဖြစ်လေ၏။
မိစ္ဆာဘုရင်(၅)ပါးနှင့် ပြန်လည်းပေါင်းစုံပြီးနောက် သူတို့ ရန်ပိုင်အား ပြန်ပြောသည်ကို နားထောင်ပြီးသည့်အခါ ရှန်ချင်းတော့ တိတ်တဆိတ် သက်ပြင်းချလိုက်လေ၏။
“မင်းတို့တောင် အဲ့အရံအတားကို မချိုးဖျက်နိုင်ဘူးလား” ရန်ပိုင် မိစ္ဆာဘုရင်(၅)ပါးအား မေးခွန်းထုတ်လိုသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေ၏။
ရန်ပိုင်၏ စူးရှသည့်အကြည့်ကြောင့် မိစ္ဆာဘုရင် (၅)ပါးစလုံး တုန်ရီသွားခဲ့ပြီး အဆိပ်ဘုရင်က အလျင်အမြန်ပဲ ထပ်ပြောလိုက်လေ၏ “ဆာနတ်ဆိုးအရှင်သခင်၊ အဲ့အရံအတားက တကယ်ကို ပုံမှန်မဟုတ်ပါဘူး။ ကျုပ်တို့ ကြိုးစားခဲ့ပေမယ့် အဲ့အရံအတာကို ဘယ်လိုမှ မချိုးဖျက် နိုင်ခဲ့ဘူး။ ဆနတ်ဆိုးအရှင်သခင်တစ်ယောက်ပဲ အဲ့အရံအတားကို ချိုးဖျက်နိုင်လောက်လိမ့်မယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅68) First Under Heaven
~~~~~~~~~~~~~~~~~~~~~~~~~
သူတို့ပြောစကားအရ မိစ္ဆာဘုရင်(၅)ပါးသည် ရန်ပိုင်အပေါ် အကြွင်းမဲ့ယုံကြည်နေပုံပင်။
ရန်ပိုင်က ထူးမခြားနား အမူအရာဖြင့် ပြန်ပြောလိုက်၏ “ကြည့်ရတာပေါ့”
အမှန်အတိုင်း ပြောရလျှင် သူသည်လည်း မိစ္ဆာဘုရင် (၅)ပါး၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်သည့် အကာအကွယ် လက်နက်ကို အနည်းငယ် စိတ်ဝင်စားနေမိ၏။
ရန်ကိုင် စံအိမ်အပြင်ဘက်သို့ ရောက်ရှိလာပြီးနောက် ထိုထွင်းဖောက်မြင်နိုင်သည့် အရံအတားအား စိုက်ကြည့်၍ ကောင်းကင်စိတ်အာရုံဖြင့် အဖန်တလဲလဲ စစ်ဆေးလိုက်၏။
မိစ္ဆာဘုရင်(၆)ပါးအားလုံးသည် အေးအေးလူလူ ငြိမ်သက်စွာ နောက်၌ရပ်စောင့်နေခဲ့ကြလေ၏။
တစ်ခဏကြာပြီးသည့်နောက် ရန်ပိုင်က ခေါင်းခါရမ်း၍ “ငါလည်း ဒီအရံအတားကို မချိုးဖျက်နိုင်ဘူး”
“ဘယ်လို” သူ့နောက်၌ ရှိနေသည့် လူအုပ်ကြီးတစ်ခုလုံး အံ့အားသင့် တုန်လှုပ်သွားခဲ့လေ၏။
နတ်ဆိုးအရှင်သခင် မည်မျှ ကြောက်ဖို့ကောင်းသည်ကို မိစ္ဆာဘုရင်အကုန်လုံး သိထား၏။ သူသည် ဤလောက၏ အားအကောင်းဆုံး ပညာရှင်တစ်ယောက် ဆိုသည်ကို သူတို့ထဲက မည်သူမှ သံသယမရှိချေ။ ထို့ကြောင့် ရန်ပိုင် ကိုယ်တိုင်က ယခုကဲ့သို့ ပြောလာသဖြင့် သူတို့လည်း အလွန်အမင်း တုန်လှုပ်သွားခဲ့ရခြင်းဖြစ်၏။
သူတို့၏ အရှင်သခင်ပင်လျှင် ဤအရံအတားအား ချိုးဖျက်နိုင်ခြင်း မရှိသည်လော။
“စိတ်ဝင်စားစရာပဲ၊ ဒီလက်နက်က ဒီလောကကြီးနဲ့ နည်းနည်းမှ မသက်ဆိုင်ဘူး။ ဒါက ငါတို့နယ်ပယ်က လူတွေ ပိုင်ဆိုင်သင့်တဲ့ အရာမျိုးမဟုတ်ဘူး။ ဒီလက်နက်ကို ဘယ်သူ ပိုင်ဆိုင်တာလဲ” ရန်ပိုင်က ဖွဖွလေးပြုံးရင်း မေးလိုက်လေ၏။
“အဲ့လူပဲ” အဆိပ်ဘုရင်က မန်ဝူရဆီ လက်ညိုးထိုး ညွန်ပြလိုက်လေ၏။
ရန်ပိုင်သည် မန်ဝူရဆီ ချက်ချင်း လှမ်းကြည့်လိုက်၏။ လူနှစ်ယောက်က အပြန်အလှန် စိုက်ကြည့်နေခဲ့၏။ သို့သော်ငြား ထူးဆန်းသည်က နတ်ဆိုးအရှင်သခင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့မျက်ဝန်းအစုံ ဆိုလျှင်လည်း လေးစားအားကျမှုတို့ဖြင့် ပြည့်နေခဲ့၏။
မန်ဝူရမှာမူ တိမ်တွေထက် ရပ်နေသည့် သာမန်သေမျိုး တစ်ယောက်အလား အေးအေးလူလူ၊ အရေးစိုက်ခြင်း မရှိသည့် အမူအရာဖြင့်၊ ရှိနေခဲ့၏။
ရန်ပိုင်က နတ်ဆိုးအိုကြီးဆီ လှမ်းကြည့်လိုက်သည့်အခါ သွားပေါ်အောင် ပြုံးပြလိုက်၍ အသာအယာ ခေါင်းညိတ်ကာ “နှုတ်ဆက်ပါတယ်”
“ကျဲ ကျဲ ကျဲ ကျဲ…” နတ်ဆိုးအိုကြီးက အသာအယာ ရယ်မောလိုက်၏။
သူတို့ကြား မည်သည်ကို ပြောသွားသည်မှန်း မည်သူမှ နားမလည်ခဲ့။ မသိသော လူသာဆိုလျှင် ထိုနှစ်ယောက်ကို အသိအကျွမ်းများဟု ထင်မှတ်မိမှာပင်။ ရန်ကိုင် တစ်ယောက်သာ အနည်းအကျဉ်း နားလည်ထား၏။
သူထင်သည်သာ မှန်မည်ဆိုလျှင် နတ်ဆိုးအရှင်သခင် ရန်ပိုင်၏ နတ်ဆိုးကျင့်စဉ်သည် ရစ်ခွေနဂါးစမ်းချောင်း အောက်ခြေရှိ မိစ္ဆာအရှင်ဆီမှ အရင်းခံလာခြင်း ဖြစ်ရပေမည်။
အရင်နှစ်များအတွင်း ရစ်ခွေနဂါးစမ်းချောင်း အောက်ခြေ၌ အကျဉ်းချခံထားရစဉ် မိစ္ဆာအရှင်သခင်၏ ခန္ဓာကိုယ်မှ ဥာဏ်အလင်းနည်းနည်းပါးပါ ရရှိ၍ ယခုအမြင့်သို့ တက်လှမ်းလာနိုင်ခဲ့ခြင်းပဲ ဖြစ်ရပေမည်။
သို့သော်ငြား မိစ္ဆာအရှင်သခင်၏ အလောင်းကို နတ်ဆိုးအိုကြီး၏ ဝိဥာဉ်က ထိန်းချုပ်ထားခဲ့၏။
တစ်ယောက်က မိစ္ဆာအရှင်၏ နည်းလမ်းများကို အမွေဆက်ခံခဲ့ပြီး အခြားတစ်ယောက်ကမူ ခန္ဓာကိုယ်အား အပိုင်စီးခဲ့၏။ နှစ်ယောက်စလုံး ပိုင်ဆိုင်ထားသည့် လက်ရှိ ခွန်အား၏ အရင်းခံသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေ၏။
ရန်ပိုင်က လင်းတိုင်ရှုဘက်လှည့်၍ လေးနက်သည့် အမူအရာဖြင့် အသာအယာ ခေါင်းညိတ်ကာ အမြန်အဆန်ပဲ ပြောလိုက်၏ “ဆရာ”
လင်းတိုင်ရှုကတော့ နှာခေါင်းရှုံ့၍သာ “ငါ့မှာ မင်းလို့ တပည့်မျိုး မရှိဘူး”
ရန်ပိုင်က ခါးမတ်လိုက်၍ လေသံတိုးတိုးဖြင့် ပြန်ပြော လိုက်၏ “တစ်ရက်ဖြစ်ခဲ့ရင် တစ်သက်လည်း ဆရာပဲ။ ဆရာ အသိမှတ်ပြုပြု၊ မပြုပြု ဒီရန်ပိုင်မှာ ဆရာ့ကိုပဲ ဆရာအဖြစ် ရှိခဲ့ဖူးပါတယ်”
လင်းတိုင်ရှုနှင့် လက်ရှိ နတ်ဆိုးအရှင်သခင်သည် ဆရာတပည့် ဖြစ်ကြမှန်း ရန်ကိုင်စံအိမ်ထဲတွင် ရှိနေသည့် လူအားလုံး ရုတ်တရက် အမှတ်ရလိုက်ကြ၏။
ယခုကဲ့သို့ တပည့်မျိုးကို ပြုစုပေးထောင်ပေးနိုင်လျှင် ခေါင်းမော့ရင်ကော့၍ ဂုဏ်ယူနိုင်သော်ငြား လင်းတိုင်ရှု၏ လေသံထဲရှိ နောင်တ၊ ဒေါသတရားကို သူ့စကားအား ကြားလိုက်သည့် လူတိုင်း အတိုင်းသား ခံစားမိနိုင်၏။
ထိုနေ့တုန်းကသာ ထိုကောင့်၏ ကျင့်ကြံခြင်းအား ဖျက်စီးပစ်မည့်အစား သူ့ကို တိုက်ရိုက်သတ်ပစ်ခဲ့လျှင် မရမတွက်နိုင်သော အပြစ်မရှိသည့် လူပေါင်းများစွာတို့ အသက်ချမ်းသာရာ ရသွားနိုင်၏။
“ဆရာနှလုံးသားထဲက ဖုထုံးပြေသွားပြီလို့ ကြားလိုက်တဲ့ အချိန်တုန်းက ဒီရန်ပိုင် အရမ်း ပျော်သွားခဲ့တာ” နတ်ဆိုးအရှင်သခင်က လင်းတိုင်ရှုအား စိုက်ကြည့်ရင်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။
“မင်းပေးခဲ့တဲ့ လက်ဆောင်ပဲလေ။ ကံကောင်းစွာနဲ့ပဲ ငါက ကံဆိုးမှုကို ကံကောင်းမှုအဖြစ် ပြောင်းလဲနိုင်ခဲ့တာ” လင်းတိုင်ရှုက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်၏။
“ဆရာက တပည့်ကို နှစ်ပေါင်းများစွာကြာအောင် သင်ကြားပေးခဲ့မှတော့ တပည့်ကလည်း ဆရာကို လက်ဆောင်လေး ပြန်ပေးသင့်တာပေါ့” ရန်ပိုင်က အတိတ်တုန်းက သူပြုခဲ့သည့် လုပ်ရပ်နှင့် ပက်သက်ပြီး စိုးစဉ်းမျှ နောင်တရခြင်း မရှိသည့် လေသံအမူအရာဖြင့် ပြောလိုက်ရာ ကောင်းကင်စံအိမ် အဖွဲ့သားများ အားလုံး စိတ်မရွှင် ဖြစ်သွားခဲ့ကြရ၏။
လင်းတိုင်ရှုက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့၍ ရန်ပိုင်အား အေးစက်စက်အကြည့်ဖြင့် စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။
အတိတ်တုန်း၏ သူ၏ ဒုတိယတပည့်အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ဖူး၏။ သူ၏ ပထမတပည့်နှင့်ဆိုလျှင် တစ်နေ့ကျ သိုင်းတာအို၏ အထွဋ်အထိပ်သို့ နှစ်ယောက်စလုံး ရောက်ရှိလိမ့်မည်ဟု လင်းတိုင်ရှု မျှော်လင့်ထားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်ပင် နှစ်ယောက်စလုံးအား ကြိုးစားပမ်းစားဖြင့် သင်ကြား ပြုစုပျိုးထောင်ပေးခဲ့၏။ သို့သော်ငြား ဒုတိယတပည့်၏ လုပ်ရပ်သည် သူ့အား လွန်စွာကိုမှ စိတ်ပျက်သွားစေခဲ့၏။
“မင်းက ငါ့ရဲ့ ဆရာတူ တူလေးဖြစ်ရမယ်၊ ဟုတ်တယ် မလား” ရန်ပိုင်က ရန်ကိုင်ကို ရုတ်တရက် စိုက်ကြည့်၍ တောက်ပသည့် မျက်ဝန်းအစုံဖြင့် “တွေးကြည့်ရ သလောက်တော့ ဒါက ငါတို့ပထမဆုံးအကြိမ် တွေ့တာ မလား”
“ဆရာတူဦးလေးအကြောင်း ကျုပ်အများကြီး ကြားဖူးပါတယ်” ရန်ကိုင်က ရန်ပိုင်အား သွားပေါ်အောင် ပြန်ပြုံးပြလိုက်၏။
ရန်ပိုင်က အသာအယာ ခေါင်းညိတ်၍ “မင်းအဖေကော ဘယ်လိုနေလဲ”
ရန်ကိုင် လှောင်ပြုံးပြုံးလိုက်ပြီး သူ့မျက်ဝန်းအစုံက ရေခဲတမျှ အေးစက်သွားခဲ့ကာ အေးစက်စက်လေသံဖြင့်ပင် ပြန်ပြောလိုက်လေ၏ “ဆရာဦးလေး စိတ်ပူပေးလို့ ကျေးဇူး အများကြီးတင်ပါတယ်။ ကျုပ်အဖေက အခုလောလောဆယ် တော့ လုံးဝကို အဆင်ပြေနေပါတယ်”
“အရမ်းကောင်းတယ်” ရန်ပိုင်က ခေါင်းညိတ်လိုက်၍ ဆက်ပြီး မပြောတော့ချေ။
နှုတ်ဆက်သင့်သူများကို နှုတ်ဆက်ပြီးသွားခဲ့ပြီ။ အရံအတားကိုလည်း မချိုးဖျက်နိုင်တော့သည်ဖြစ်ရာ ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့ဟု ရန်ပိုင် တွေးနေသည့်ပုံပင်။
“ချင်းလော့၊ နင်ဒီမှာနေကျန်ခဲ့ပြီး သူတို့ကို စောင့်ကြည့် နေလိုက်။ ကျန်တဲ့လူတွေ အကုန်လုံး ငါနဲ့လိုက်ခဲ့” ရန်ပိုင်က အလေးမထားသည့် လေသံမျိုးနှင့် ပြောလိုက်၍ လင်းတိုင်ရှုအား နောက်တစ်ကြိမ် အလျင်စလို ဦးညွှတ် လိုက်ပြီးသည်နှင့် ကျန်သည့် မိစ္ဆာဘုရင်(၅)ပါးကို ဦးဆောင်ကာ ထွက်သွားတော့လေ၏။
ရှန်ချင်းလော့တစ်ယောက်သာ အနည်းငယ် ကိုးယိုးကားယား အမူအရာဖြင့် ကျန်နေရစ်ခဲ့၏။
ရန်ပိုင်က ဒီနေရာကို စောင့်ကြည့်ရုံသက်သက်နှင့် သူမအား ယခုနေရာ၌ ချန်ထားခဲ့သည်လား၊ သို့မဟုတ် သူ့တွင် အခြားအဓိပ္ပါယ်များ ရှိနေသေးသည်လား သူမ မသိချေ။
မကြာခင်မှာပဲ တိမ်မိစ္ဆာနယ်မြေမှ မိစ္ဆာသားရဲများနှင့် ကျင့်ကြံသူများအားလုံး စစ်ပွဲမြို့အတွင်း၌ စုဝေးလိုက်ကြပြီး ရန်ပိုင်နှင့် မိစ္ဆာဘုရင်(၅)ပါး၏ ဦးဆောင်မှုအောက်၌ ဗဟိုမြို့တော်ဆီ စတင်ချီတက်ကြလေတော့၏။ မိသားစုကြီး (၈)ခုပြင်ဆင်ချိန် မရသည်ကို အခွင့်ကောင်းယူချင်သည့် ပုံပင်။
အားလုံး ထွက်ခွါသွားပြီးနောက် ရှန်ချင်းလော့က ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ပြီး ကောင်းကင်နန်းတော်၏ အကာအရံဆီ စတင် လမ်းလျှောက်လာလေတော့၏။
သူမနား မည်သည့်အချိန်ပင် ရောက်နေမှန်း မသိသည့် ပီလော့ကပါ ရှန်ချင်းလော့နောက်မှ အလျင်အမြန် လိုက်လာခဲ့၏။
ရန်ကိုင်စံအိမ်ထဲရှိ၊ လူကြီးလူငယ်၊ ကျားမမရွေး အားလုံး ဤလောကတစ်ခွင် လျှမ်းလျှမ်းတောက် ကျော်ကြားသည့် ညို့ကဝေနတ်ဆိုးဘုရင်မအား ငေးမော ကြည့်လိုက်ကြ၏။ သူမ၏ ညို့ငင်သော ပညာရပ်အား အသုံးမပြုလျှင်ပင် သူမ၏ စွဲမက်ဖွယ်ကောင်းလှသည့် ဆွဲဆောင်မှု သက်သက်နဲ့တင် သာမန်လူများအား ရူးသွပ် သွားစေနိုင်၏။
ရှန်ချင်းလော့ကို ငေးကြည့်နေရင်း လူငယ်များစွာ တို့သည် သူတို့၏ ဝိဥာဉ်ဆွဲထုတ်ခံလိုက်ရသည့်ပမာ ငေးငိုင်မိန်းမော သွားခဲ့ကြ၍ အမျိုးသမီးများဟာတော့ သူမတို့၏ ရှေ့တွင် ရှိနေသည့် ရှန်ချင်းလော့နှင့် မိမိကိုယ်ကို နှိုင်းယှဉ်ကြည့်နေခဲ့ကြလေ၏။
ရန်ကိုင်စံအိမ်ထဲတွင် စုယန်၏ မှင်သက်ဖွယ် အလှသည်သာ ရှန်ချင်းလော့နှင့် ရင်ဘောင်တန်းနိုင်၏။
ရှနင်းချန်သည်လည်း သူတို့နှင့် ရင်ဘောင်တန်းကောင်း တန်းနိုင်၏။ သို့သော်ငြား ယခုနေရာတွင် ရှိနေသည့် မည်သူကမျှ သူမ၏ မျက်နှာအစစ်အမှန်အား မမြင်တွေ့ ဖူးကြချေ။ ရန်ကိုင်သည်ပင် မမြင်တွေ့ခဲ့ရာ မည်သူကမျှ သူမမည်ရွေ့မည်မျှ လှသည်ကို မသိချေ။ သို့ရာတွင် ညို့ငင်ဆွဲဆောင်မှုပိုင်းတွင်တော့ ရှန်ချင်းလော့အား မည်သည့် မိန်းကလေးကမှ ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
“မြေခွေးမလေးပဲ” ဟူညီအစ်မ နှစ်ယောက်စလုံး အထင်အမြင် သေးသေးဖြင့် ဆိုလိုက်လေ၏။ နှစ်ယောက်စလုံး၏ စိတ်ထဲ တော်တော့်ကို မကျေမနပ် ဖြစ်နေခဲ့ကြ၏။ ဤအမျိုးသမီးအား ယခင်က မတွေ့ခဲ့ ဖူးသော်လည်း တွေ့လိုက်သည်နှင့် ချက်ချင်းပင် ‘ဒီအမျိုးသမီးက ပြည်ဖျက်ကပ်ဘေးတစ်ခုပဲ’ ဟု ကောက်ချက်ချလိုက်လေ၏။
ပျော့ပျောင်းသိမ်မွေ့ပြီး အရိုးမရှိဟန် ထင်ရသည့် ခါးသိမ်သိမ်လေးသည် မြွေတစ်ကောင်ပမာ ကွေ့ကောက် ယိမ်းနွှဲ့နေခဲ့ပြီး မြင်သူတိုင်း၏ နှလုံးသားကို သိမ်းကျုံး ယူငင်ပစ်နေခဲ့၏။ မည်သူမျှ သူမဆီမှ အကြည့်မလွှဲနိုင်ခဲ့။ အနီရောင်ဝတ်စုံများကြောင့် သူမ၏ ဆွဲဆောင်ညို့ပင် နိုင်စွမ်းသည် ပိုမို စွဲမက်ဖွယ်ကောင်းသွား ခဲ့ရလေ၏။
ကောင်းကင်နန်းတော် အပြင်ဘက်သို့ ရောက်သည်နှင့် ရှန်ချင်းလော့က ရိုးရှင်းစွာ ပြုံးလိုက်၍ ရန်ကိုင်ဆီ ကျော့ရှင်းစွာဖြင့် လှမ်းကြည့်လိုက်၏။
“ဘဏ္ဏာထိန်းမန်၊ သူ့ကို ဝင်ခွင့်ပေးလိုက်ပါ” ရန်ကိုင်က ပြောလိုက်၏။
ထိုစကားကို ကြားသော် မန်ဝူရသည် ရန်ကိုင်အား အံဩစွာဖြင့် ငေး၍ ကြည့်လိုက်၏။
“ကျုပ်နဲ့သူက အသိမိတ်ဆွေဟောင်းတွေပဲ။ သူက ကျုပ်တို့ကို ဒုက္ခပေးမှာ မဟုတ်ဘူး” ရန်ကိုင်က ရှင်းပြလိုက်၏။
ထိုစကား ပြောလိုက်သည်နှင့် မရေမတွက်နိုင်သော မျက်ဝန်းအစုံတို့သည် ရန်ကိုင်အပေါ်သို့ ရောက်ရှိလာခဲ့၏။ ရန်ကိုင်နှင့် ထိုကဲ့သို့သော အမျိုးသမီးကြား ဆက်ဆံရေး တစ်ခုရှိနေလိမ့်မည်ဟု သူတို့ထဲက မည်သူမျှ မယုံကြည်နိုင် ဖြစ်နေခဲ့လေ၏။
“မင်းဘယ်လို…” မန်ဝူက သူ့တစ်ဘဝလုံး ပြောခဲ့ရသည်နှင့် တူညီသော ချီးကျူးစကားတို့အား ဆိုလိုက်ပြီး သူ့လက်အား အသာအယာ ဝှေ့ရမ်လိုက်၍ အရံအတားထက် အပေါက်လေးတစ်ပေါက် ဖန်တီးလိုက်၏။
ရှန်ချင်းလော့နှင့် ပီလော့တို့ နှစ်ယောက်စလုံး အရံအတားထဲ တွေဝေတန်ု့ဆိုင်းနေခြင်းမရှိ ဝင်သွားလိုက်ပြီး သည်နှင့်ချက်ချင်းဆိုသလို ထိုအပေါက်လေးက တစ်ဖန် ပြန်ပိတ်သွားခဲ့လေ၏။
အားလုံးရှေ့မှာပင် ရှန်ချင်းလော့က တင့်တယ် ကျော့မောစွာ ဦးညွှတ်၍ နှုတ်ဆက်လိုက်၏ “စီနီယာလင်းကို နှုတ်ဆက်ပါတယ်”
လင်းတိုင်ရှု မျက်ခုံးပင့်သွားခဲ့ပြီး အလျင်စလိုပဲ ပြန်ပြောလိုက်လေ၏ “ယဉ်ကျေးနေစရာ မလိုပါဘူး။ ညို့ကဝေနတ်ဆိုးဘုရင်မဆိုတာ ကျော်ကြားတဲ့ ပညာရှင် တစ်ယောက်ပဲလေ။ ကျုပ်တို့ နှစ်ယောက်စလုံးက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေ ဖြစ်နေမှတော့ ဘယ်သူက စီနီယာဆိုပြီး ပြောနေစရာ မလိုပါဘူး”
ရန်ပိုင်နောက် လိုက်နေသည့် မိစ္ဆာဘုရင် မှန်သမျှကို သူသတိထား၏။ ရှန်ချင်းလော့သည် ရန်လိုသည့် အရိပ်အယောင် မပြသော်ငြား သတိထားသည်က အကောင်းဆုံးပင် ။
သို့ပေမယ့် ရှန်ချင်းလော့က နွေးထွေးစွာ ပြန်ပြုံးပြ လိုက်ပြီး ခေါင်းခါရမ်း၍ “စီနီယာလင်းက ရန်ကိုင်ရဲ့ ဆရာဖိုးဖိုးလေ။ ဒီတော့ စီနီယာကလည်း ကျွန်မရဲ့ စီနီယာပဲပေါ့။ ရန်ကိုင်နဲ့ ကျွန်မရဲ့… ဆက်ဆံရေးကလေ… ဟဲဟဲ…”
ရှန်ချင်းလော့က စကားကို ဆုံးသည်အထိ ပြောမသွားခဲ့။ သို့သော် စကားထဲက အဓိပ္ပါယ်ဟာတော့ နေလို၊ လလို ထင်ရှားနေခဲ့လေ၏။
ရှန်ချင်းလော့၏ ဟိုလိုလို၊ သည်လိုလို စကားကြောင့် စံအိမ်ထဲရှိ လူအားလုံး ကြောင်အသွားခဲ့ရ၏။
ဟော်ရှင်းချန်နှင့် ဒေါင်ချင်းဟန်တို့ နှစ်ယောက်၏ မျက်နှာများဆိုလျှင်ဖြင့် ဘီလူးပင် အရှုံးပေးရလောက် သည်အထိ အရုပ်ဆိုးနေခဲ့လေပြီ။
“ဒီလို နားလည်မှုလွဲနိုင်တဲ့ စကားတွေ မပြောနဲ့လေ” ရန်ကိုင်က မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။
ရန်ကိုင်၏ စကားကို ကြားသော် ရှန်ချင်းလော့က နှုတ်ခမ်းလေး ဆူလိုက်လေ၏။ နှုတ်ခမ်းလေးဆူနေသည့် သူမ၏ အမူအရာဟာ လွန်စွာကိုမှ ချစ်ဖို့ကောင်းလှပေ၏။
ထိုအချိန်အတွင်း၌ ရှန်ချင်းလော့၏ နောက်၌ရှိနေသည့် ပီလော့က အံတင်းတင်းကြိတ်လျက် ရန်ကိုင်အား ခြိမ်းခြောက်သည့်ဟန် လုပ်ပြလိုက်၏။
“ဒါတွေက ဘာတွေလဲ” ရန်ကိုင် အသံကို အနည်းငယ်မြှင့်၍ မေးလိုက်၏။
“ဘာတွေလဲဟုတ်လား၊ နင်မြင်တဲ့ အတိုင်းပဲလေ” ရှန်ချင်းလော့က အရိုးအပြစ်ကင်းစင်ဟန်လေးဖြင့် ပြန်ပြောလိုက်၏။
“တိမ်မိစ္ဆာနယ်မြေက ရုတ်တရက်ကြီး ဘာလို့ အင်ပြည့် အားပြည့်နဲ့ ချီတက်တိုက်ခိုက်ရတာလဲလို့ မေးနေတာ”
ဒီတစ်ကြိမ် အဖြစ်အပျက်များသည် လွန်စွာကိုမှ ရုတ်တရက် ဆန်လွန်းသဖြင့် အားလုံး အံ့အားမသင့်ပဲ မနေနိုင်အောင် ဖြစ်ခဲ့ကြရ၏။
ရှန်ချင်းလော့က သက်ပြင်းလေးချလျက် “ဆာနတ်ဆိုးအရှင်သခင်အတွက် အခုလို အခွင့်ကောင်းမျိုး ဖန်တီးပေးလိုက်တာ နင်ကိုယ်တိုင်ပဲလေ။ အခြားသူတွေကို လိုက်အပြစ်တင်မနေနဲ့”
“အမွေခံတိုက်ပွဲကို ပြောချင်တာလား”
“ဟုတ်တယ်။ အမွေခံတိုက်ပွဲကြောင့် မိသားစုကြီး (၈)ခုရဲ့ ခွန်အား နှစ်ဖွဲ့ကွဲသွားခဲ့ရတယ်လေ။ ပြီးတော့ နောက်ဆုံးအကြိမ် ထွတ်မြတ်နယ်မြေကို လာတိုက်တုန်းက နင်တို့ဘက် အဆုံးအရှုံး နည်းတာမှ မဟုတ်တာ။ အခု၊ နင်တို့ အားပြန်မပြည့်ခင် အခိုက်အတန့်ကို ဆာနတ်ဆိုးအရှင်သခင် က အခွင့်ကောင်းယူလိုက်တာပဲ”
“နင်တို့ အောင်မြင်နိုင်မှာလား” ရန်ကိုင်က လှောင်ပြောင်လိုက်၏။
“အောင်မြင်မှာလား၊ မအောင်မြင်ဘူးလား ဆိုတာကို ငါမသိဘူး” ရှန်ချင်းလော့က ခေါင်းခါရမ်းလျက် “ဒါပေမယ့် ဆာနတ်ဆိုးအရှင်သခင်ရဲ့ လက်ရှိကျင့်ကြံခြင်းနဲ့ဆိုရင် နင်တို့ မိသားစုကြီး(၈)ခုထဲက ဘယ်သူကမှ သူ့ကို ရပ်တန့် နိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ ငါသိတယ်”
ရန်ကိုင်အမူအရာ မဲမှောင်သွားခဲ့ပြီး မန်ဝူရဘက် လှည့်၍ “သူဘယ်လောက်တောင် သန်မာတာလဲ” ဟူ၍ မေးလိုက်လေလျှင် မန်ဝူရက “ကောင်းကင်ဘုံအောက် နံပါတ်တစ်ပဲ” ဟု ပြန်ဖြေလိုက်လေ၏။
“နင်တို့ မိသားစုကြီး(၈)ခုက အရမ်းအရမ်းကို စည်းလုံး ကြတာလည်း မဟုတ်ဘူး။ ဗဟိုမြို့တော်ဆိုတာ အကျယ်ကြီး ပဲ။ မိသားစုကြီး(၈)ခုက ထောင့်တစ်ခုစီကို အပိုင်စိုးထား ကြတာ။ တိမ်မိစ္ဆာနယ်မြေက အင်အားစုတွေဿာ မိသားစုကြီး (၈)ခုထဲက တစ်ခုကို ဦးတည်တိုက်ခိုက်မယ် ဆိုရင် ကျန်မိသားစုတွေက တုန့်ဆိုင်းမနေပဲ အဲ့မိသားစုကို သွားကူပေးမှာလား” ရှန်ချင်းလော့က ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ပြီး သွားပေါ်အောင် ပြုံးပြလိုက်လေ၏။
ရန်ကိုင်ကတော့ အေးစက်စက်ဖြင့်သာ နှာခေါင်း ရှုံပြလိုက်၏ “တိမ်မိစ္ဆာနယ်မြေကကော စည်းလုံးလို့လား”
ရှန်ချင်းလော့က အမြန်အဆန်ပဲ ခေါင်းညိတ်ပြလိုက်ပြီး “အမှန်ပဲ။ ထွတ်မြတ်နယ်မြေက အင်အားစုတွေက နင်တို့ မိသားစုကြီး(၈)ခုထက်တောင် ပိုပြီး တစ်ကိုယ်ကောင်း ဆန်သေးတယ်။ ဆာနတ်ဆိုးအရှင်သခင်ကြောင့်သာ မဟုတ်ရင် မိစ္ဆာဘုရင်(၆)ပါးစလုံးက တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြဦးမှာ။ ဒါပေမယ့် ဆာနတ်ဆိုးအရှင်သခင် ရှိနေတော့ မတူတော့ဘူးလေ။ ရန်ကိုင် အခုအခြေအနေကို အကောင်းဘက်ကအနေ အရမ်း ဇွတ်တွေးမနေနဲ့။ ဆာနတ်ဆိုးအရှင်သခင်က ဗဟိုမြို့တော် တစ်ခုလုံးကို မြေလှန်ပစ်ဖို့ စဉ်းစားထားတာ။ အဲ့လိုလုပ်နိုင်ဖို့ အတွက် ထွတ်မြတ်နယ်မြေက ကျင့်ကြံသူတွေ ဘယ်လောက်ပဲသေသေ သူဂရုစိုက်မှာ မဟုတ်ဘူး။ ငါတို့မိစ္ဆာဘုရင်တွေရဲ့ အသက်တောင် သူ့အတွက် အရေးပါလှတာ မဟုတ်ဘူး။ လိုအပ်ရင် ငါတို့ကိုတောင် စတေးပစ်လိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး”
“နင်တို့က သူအသုံးချနေတာကို ဒီအတိုင်းပဲ ငြိမ်ခံနေတာလား”
“ငြိမ်မခံချင်ရင်တောင် ငါတို့ဘက်က ခုခံနိုင်တာမှ မဟုတ်တာ” ရှန်ချင်းလော့က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်၏။
ရန်ကိုင်က ရှန်ချင်းလော့အား တွေဝေတုန့်ဆိုင်းနေသည့် အမူအရာဖြင့် တစ်ခဏကြာအောင် စိုက်ကြည့်နေလိုက် ပြီးသည့်နောက် “ဒီမှာနေလေ။ ဒီမှာသာနေရင် ရန်ပိုင်လည်း နင့်ကိုဘာမှ လုပ်နိုင်မှာမဟုတ်ဘူး”
သို့သော်လည်း ရှန်ချင်းလော့က ခါးခါးသီးသီး ပြုံး၍ “ငါသာ ဒီမှာနေလိုက်ရင် ငါလုံခြုံလိမ့်မယ်ဆိုတာကို သံသယ ရှိစရာမလိုဘူး။ ဒါပေမယ့် သင်းရနံ့မြို့တော်ထဲက ငါ့နန်းတော်ထဲမှာ ရှိနေတဲ့လူတွေကကော”
ရန်ကိုင်က ကြောင်သွားခဲ့ရလေပြီ။ ရှန်ချင်းလော့၏ နန်းတော်ထဲ နေနေသည့် အချိန်တုန်းက သူ့အား ဂရုစိုက် ပေးခဲ့သည့် အမျိုးသမီး(၃)ယောက် ဖြစ်သည် ရင့်ကျက်သော အမျိုးသမီး ယွန်လီနှင့် မိန်းမလှလေး နှစ်ယောက် ဖြစ်သည့် ရိုယုနှင့် ရို့ရင်အား ပြန်အမှတ်ရလိုက်၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅69) အကျိုးအမြတ်ကြီးများ
~~~~~~~~~~~~~~~~~~~~~~~~~
ရှန်ချင်းလော့သာ ပုန်ကန်ခဲ့လျှင် တိမ်မိစ္ဆာနယ်မြေ၏ လက်စားချေပုံအရ သင်းရ့နံ့မြို့တော်တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခြင်း ခံရပေလိမ့်မည်။
အခြားမိစ္ဆာဘုရင်များနှင့် မတူညီသည့် အချက်က ရှန်ချင်းလော့သည် သွေးအေးသည့် လူတစ်ယောက် မဟုတ်ခြင်းပင် ဖြစ်၏။ ရန်ကိုင်၏ အကြံပေးချက်အတိုင်း ဤနေရာတွင် လာနေချင်သော်ငြား သူမ၏ ဆန္ဒအတိုင်း လိုက်မလုပ်နိုင်ခဲ့။
“နင်အခု ထွက်သွားရင်သွား၊ မသွားရင် ဒီမှာပဲ ပုန်းနေပေတော့” ရှန်ချင်းလာ့က သက်ပြင်းချလိုက်၍ “ဒီနည်းလမ်းနဲ့ဆိုရင် နင်လုံခြုံလိမ့်မယ်”
ပြောပြီးသည်နှင့် ရန်ကိုင်အား ကြွေကွဲဝမ်းနည်းစွာ လှမ်း၍ကြည့်လိုက်ပြီး ပီလော့နှင့်အတူ ထွက်သွားလေ၏။
ရန်ကိုင်၏ အမှုမဲ့အမှတ်မဲ့နှင့် သူမ၏စိတ်ထဲ ချစ်စေ့တို့ စိုက်ပျိုးသွားခဲ့၏။ သူတို့နှစ်ယောက်၏ ခွဲခွါချိန် ကြာမြင့်လာသည်နှင့်အမျှ ထိုအစေ့လေးဟာ တဖြည်းဖြည်း အပင်ပေါက်လာပေလိမ့်မည်။ နောက်ဆုံးအခါကျ အစေ့အပင်ပေါက်သည် ပွင့်လန်းတော့ဖို့ရာ အဆင့်သင့် ဖြစ်နေသည့် ပန်းဖူးလေးတစ်ဖူးနှင့် အပင်တစ်ပင် ဖြစ်လာလိမ့်မည်။ ထိုအခါကျ အဆိပ်မုဆိုးမခန္ဓာကိုယ်၏ ဘေးထွက်ဆိုးကျိုးတို့ ပေါက်ကွဲထွက်လာလိမ့်မည် ဖြစ်၏။
ထိုအချိန်ရောက်လာသည့်အခါ သူမသည် ရန်ကိုင်အား တမ်းတမ်းစွဲ စွဲမက်လွန်းမည်ဖြစ်ရာ၊ ရန်ကိုင်အား ထွက်၍ ရှာပေလိမ့်မည်။ ရန်ကိုင်နှင့် ‘ထိုအရာကို’ ပြုပြီးသည့်အခါ အဆိပ်မုဆိုးမခန္ဓာကိုယ်၏ အဆိပ်ဒဏ်ကြောင့် ရန်ကိုင် သေရပေလိမ့်မည်။
ရှန်ချင်းလော့သည် ရန်ကိုင်နှင့် အချိန်ကြာကြာ မနေရဲချေ။ အဘယ်ကြောင့်ဆိုသော် ရန်ကိုင်နှင့် အဆက်ဆံ များလေ သူ့အပေါ် ချစ်စိတ်တို့က ပို၍မြန်မြန် ကြီးထွားလာသောကြောင့်ပင် ဖြစ်၏။
ရန်ကိုင်နှင့် ခပ်ဝေးဝေး နေနိုင်ရန် အလို့ငှာ ယခုနေရာမှ မြန်နိုင်သမျှ မြန်မြန် ထွက်သွားရပေမည်။
မန်ဝူရသည်လည်း သူမအား တားဆီးခြင်း မပြုခဲ့၊ အရံအတားကို ဖွင့်ပေး၍ သူမကို ထွက်သွားခွင့် ပေးလိုက်၏။
ရှန်ချင်းလော့ ထွက်သွားပြီးသည့်နောက် အားလုံး၏ စိတ်ထဲရှိ ဝမ်းနည်းပူဆွေးမှုတို့သည်လည်း ကင်းစင် ပပျောက်သွားခဲ့ရလေ၏။
သူမပြောခဲ့သလိုပင် ဤနေရာမှ ထွက်သွားနိုင်မည့် နည်းလမ်းနှစ်ခုသာ ရှိ၏။ တစ်ခုသည် ဤအရံအတား အတွင်း၌ ပုန်းအောင်းနေရန် ဖြစ်၍ ကျန်တစ်ခုသည် နတ်ဆိုးအရှင်သခင်နှင့် ကျန်သော မိစ္ဆာဘုရင်များ ထွက်သွားနေချိန် ထွက်ပြေးရန် ဖြစ်၏။
ထိုနည်းဖြင့်သာ သူတို့၏ အသက်ကို အာမခံနိုင်ပေမည်။
“မင်းမထွက်သွားနိုင်ဘူးလား” မန်ဝူရက ရန်ကိုင်ကို ကြည့်၍ မေးလိုက်၏။
“ထွက်သွားပြီးရင် ဘယ်သွားရမှာလဲ” ရန်ကိုင်က ပြန်ပြုံးပြလိုက်၏။ ဗဟိုမြို့တော်ကြီးသည်သာ ပျက်စီး သွားခဲ့လျှင် ဤလောကမြေကမ္ဘာကြီးသည် ကြီးမားလွန်းသည့် အတွက်ကြောင့် အားလုံးအတွက် အခြေချ နေစရာရှိလိမ့်မည် မဟုတ်။
ခွေဝဲစားတွေလို ထိတ်လန့်ချောက်ချားစွာ အမြီးကုတ် ထွက်ပြေးနေရသည့် သူ့မိတ်ဆွေတွေ၊ သူကိုယ်တိုင်ကို ရန်ကိုင် မမြင်ချင်ပေ။
“ထွက်မသွားနိုင်မှတော့ ဒီမှာနေဖို့ပဲ ရှိတော့တာပေါ့။ ဒါပေမယ့် မင်းနောက်လိုက်တွေရဲ့ ခွန်အားကို မြန်မြန် မြှင့်တင်သင့်တယ်” မန်ဝူရက တစ်ဖက်သို့လှည့်၍ လှည့်ပတ်ကြည့်လိုက်၏။ အမွေခံတိုက်ပွဲအတိုင်း ရန်ကိုင် နောက်လိုက်နောက်ပါများ၏ ခွန်အားတိုးတက်လာမှုသည် သူ့အား ကြီးကြီးမားမား အကူအညီ ပေးစွမ်းနိုင်ခဲ့။
သို့သော်ငြား တိမ်မိစ္ဆာနယ်မြေနှင့် ရင်ဆိုင်ရသည့် အခါတွင်မူ ထိုခွန်အားသည် မပြောပလောက်သော ပမာဏအထိ သေးငယ်သွားရ၏။
“စီနီယာလီ၊ အဆုံးမဲ့ကျွန်းဆီ မပြန်ခင် ဒီမှာပဲနေဖို့ စီနီယာကို တောင်းဆိုရတော့မယ်” ရန်ကိုင်က လီယွမ်ချွန် ဘက်လှည့်၍ ပြောလိုက်၏။
လီယွမ်ချွန်၏ မျက်နှာကို မိုးတိမ်းမည်းတို့ ဖုံးလွှမ်းနေခဲ့၏။ ဆန္ဒမရှိသော်ငြား အခြေအနေက ယခုကဲ့သို့ ဖြစ်လာမှဖြင့် ခေါင်းညိတ်သဘောတူရုံသာ ရှိတော့၏ “ကောင်းပြီလေ”
လီယွမ်ချွန်သည် အဆုံးမဲ့ပယ်လယ်တွင် နော်သော်ငြား ကုန်းတွင်းပိုင်း၏ အခြေအနေအား ပိုပြီး စိတ်ပူနေမိ၏။ မမြင်တွေ့ခဲ့ဖူးသော လက်နက်များကို မြင်တွေ့ခဲ့ရုံမက အဆုံးမဲ့ပယ်လင်ကျွန်းတွင်ပါ တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ဖူးသည့် အားကောင်းသော ကျင့်ကြံသူများကိုပါ မြင်တွေ့နေခဲ့ရလေ၏။
ထို့ကြောင့် သူသည်လည်း စူးစမ်းသိလိုစိတ်တို့ဖြင့် ပြင်းပြနေခဲ့၏။ ဤသည်ကား အလွယ်တကူ ရနိုင်သော အခွင့်အရေးတစ်ခုမဟုတ်။ ထို့ကြောင့် ယခုလက်ရှိ အချိန်ကို အခွင့်ကောင်းယူ၍ အသိဥာဏ်ပွင့်လင်းကောင် လုပ်ရမည်ဟု ဆုံးဖြတ်ချက် ချလိုက်၏။
လီယွမ်ချွန်သည် မန်ဝူရကို တော်တော်လေး စိတ်ဝင်စားနေမိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ကျန်ရှိနေသော အခြားသူများနှင့် အနည်းငယ် ကွဲပြားနေသည်ဟု သူခံစားမိသောကြောင့်ပင် ဖြစ်၏။
နန်းတော်ပတ်လည်သည် တစ်ဖန်ပြန်လည် တည်ငြိမ် သွားခဲ့လေသည်။ စစ်ပွဲမြို့တော် တစ်ခုလုံးကတော့ အပျက်အစီးပုံ ဘဝသို့ ဆိုက်ရောက်ခဲ့ရလေပြီ။
အားလုံးတွင် ကိုယ်ပိုင်တာဝန် အသီးသီးရှိနေ၏။ အားလုံး၏ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် အတိုင်းလိုပင်၊ ကျင့်ကြံသူများက ကျင့်ကြံကြ၏။ သူတို့ဆီသို့ ရုတ်တရက် ဆိုက်ရောက်လာမည့် မည်သည့် ကပ်ဘေးမှလည်း မရှိသေး။
ထိုနေ့မှာပင် ရန်ကိုင်သည် များစွာသော ဆေးပေါင်းရည်များကို ရှနင်းချန်ဆီ ပေးခဲ့၏။
ထို့နောက် ရန်ကိုင်က စံအိမ်ထဲရှိ သွေးစစ်သည်တော် အားလုံးကို စုစည်း၍ တစ်ယောက်ချင်းစီအား ဆေးပေါင်း အဆီအနှစ် အနည်ငယ်စီ ပေးခဲ့လေ၏။
ဆေးပေါင်းအဆီအနှစ်ထဲ ကောင်းကင်တာအို တစ်စွန်း တစ်စ ပါဝင်နေသည်ဟု မန်ဝူရ ပြောခဲ့သည်ဖြစ်ရာ ထိုဆေးပေါင်းအဆီအနှစ်အနှင့်ဆိုလျှင် ကောင်းကင်တာအို အားပိုမို၍ လွယ်ကူစွာ နားလည်နိုင်ပေလိမ့်မည်။
ဆေးပေါင်းအဆီအနှစ်သည် အလွန့်အလွန်ကို အဖိုးတန်၏။ သူ့တွင်ပင် များများစားစား မရှိလှချေ။ သို့သော်ငြား ယခုလို အခြေအနေမျိုးတွင် သူ့နောက်လိုက် နောက်ပါများ၏ ခွန်အားကို မြှင့်တင်ဖို့ လိုအပ်နေသည် ဖြစ်ရာ ဆေးပေါင်းအဆီအနှစ်အား ထုတ်သုံးရပေတော့မည်။
အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူများအားလုံး ဆေးပေါင်း အဆီအနှစ်၏ အကူအညီဖြင့် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်၏ ဆန်းကြယ်နက်နဲသော သဘောတရား များကို ထိုးဖောက်မြင်နိုင်ပါစေဟုသာ ရန်ကိုင် မျှော်လင့်ရုံ တတ်နိုင်ခဲ့၏။
အောင်မြင်သွားသည်နှင့် သွေးစစ်သည်တော်များသည် သူ့လက်အောက်ရှိ အားအကောင်းဆုံး ကျင့်ကြံသူများ ဖြစ်လာပေလိမ့်မည်။
ထို့ကဲ့သို့ ဖြစ်လာခဲ့လျှင် မန်ဝူရ၏ ကောင်းကင်နန်းတော် အကူအညီမရှိလျှင်ပင် သူနှင့် သူ့နောက်လိုက်နောက်ပါများကို တိမ်မိစ္ဆာနယ်မြေ၏ နှောင့်ယှတ်တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးနိုင် ပေလိမ့်မည်။
တစ်နေ့ကြာပြီးသည့်နောက် ဗဟိုမြို့တော်မှ ရင်းဂျု ပြန်လာခဲ့၏။ သို့သော်ငြား သူပြန်သယ်လာသော သတင်းကြောင့် ရန်ကိုင်မှာ ထိတ်လန့်တုန်လှုပ် သွားခဲ့ရလေ၏။
သူသယ်လာသော သတင်းသည်ကား တိမ်မိစ္ဆာနယ်မြေ သည် ဗဟိုမြို့တော်အား အနောက်တောင် ဂိတ်ပေါက်မှ ဝန်းရံထား၍ မိစ္ဆာသားရဲများ၏ အကူအညီနှင့် ဖျက်စီး သတ်ဖြတ်နေခဲ့၏။ ထိုရုတ်တရက် ကျူးကျော်တိုက်ခိုက်မှု ကြောင့် ကောင်းမိသားစုတစ်ခုလုံး အဆုံးအရှုံးများပြားခဲ့ပြီး ကောင်းမိသားစု၏ အကြီးအကဲချုပ်သည်လည်း နတ်ဆိုး အရှင်သခင်၏ သတ်ဖြတ်ခြင်း ခံလိုက်ရ၏။ မိသားစု တစ်ခုလုံးသည် ဗဟိုမြို့တော်၏ တောင်ဘက်တွင် ရှိနေသာ ခန်မိသားစုဆီ ဆုတ်ခွါသွားခဲ့လေပြီ။
တိမ်မိစ္ဆာနယ်မြေ၏ ခွန်အားသည် လွန်စွာကိုမှ အံ့အားသင့်ဖွယ်ကောင်း၍ အားလုံး မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့လေ၏။
ကျန်သော မိသားစုကြီး(၆)ခုသည်လည်း ခန်မိသားစုဆီ စစ်ကူပို့ကာ တိမ်မိစ္ဆာနယ်မြေအား ခုခံရင်ဆိုင် တိုက်ခိုက် နေလေ၏။
ရင်းဂျု ဗဟိုမြို့တော်မှ ထွက်လာစဉ်အချိန်က နှစ်ဖက် အဖွဲ့သည် ထိပ်တိုက်ရင်ဆိုင်သည့် အခြေအနေတွင်သာ ရှိနေသေး၏။ မည်သည့်ဘက်ကမှ စတင်လှုပ်ရှားခြင်း မပြုသေးရာ နောက်ဆုံးရလဒ်ကို မည်သူမျှ မသိနိုင်အောင် ဖြစ်နေခဲ့လေ၏။
“ရန်မိသားစုကော ဘယ်လိုနေလဲ” ရန်ကိုင်က အလျင်စလို မေးမြန်းလိုက်၏။
“တိမ်မိစ္ဆာနယ်မြေက တောင်ဘက်ဂိတ်ကို မတိုက်ခိုက် ခဲ့တော့ ရန်မိသားစုကလည်း မလှုပ်ရှားသေးဘူး။ အခု လောလောဆယ်တော့ ပြဿနာမရှိသေးဘူး။ လေးယောက်မြောက် သခင်ကြီးနဲ့ လေးယောက်မြောက် သခင်မကြီးက ဘေးကင်းပါတယ် သခင်လေး။ မိသားစုက သူတို့ကို စစ်ပွဲဆီ မစေလွှတ်ခဲ့ပါဘူး”
သူ့မိဘနှစ်ပါး စစ်ပွဲထဲမပါဝင်မှန်း သိလိုက်ရမှပဲ ရန်ကိုင် သက်ပြင်းချလိုက်နိုင်ပြီး “ဒါဆိုရင် သူတို့ကိုပါ စစ်ပွဲမြို့ဆီ ဘာလို့ တစ်ခါတည်း ခေါ်မလာခဲ့တာလဲ”
ရင်းဂျုက ခေါင်းခါရမ်းလိုက်ပြီး “ဗဟိုမြို့တော်က စစ်ပွဲမြို့တော်ရဲ့ လက်ရှိအခြေအနေကို သတိပြုမိသေးတာ မဟုတ်ဘူး။ ဒါပေမယ့် လေးယောက်မြောက် သခင်ကြီးနဲ့ သခင်မကြီးက သခင်လေးရဲ့ လုံခြုံရေးကို အရမ်းစိုးရိမ်နေတယ်”
ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်၏။ ဤနေရာ တစ်ခုလုံးသည် အပျက်အစီးပုံ ဖြစ်နေခဲ့လေပြီ။ စစ်ပွဲမြို့တော်ထဲ ရန်ကိုင်၏ ခြံဝန်းမှလွဲ၍ သက်ရှိတစ်ကောင် တစ်လေမှ မရှိတော့။ ထို့အတွက်ကြောင့် ဗဟိုမြို့တော် သည်လည်း ဤနေရာမှ သတင်းများကို ရရန်ခက်ခဲသည်မှ ပုံမှန်ပင်ဖြစ်ချေ၏။
“ငါသိပြီ၊ သွားပြန် အနားယူလိုက်တော့” ပြောပြီးသည်နှင့် ဆေးပေါင်းအဆီအနှစ် အနည်းငယ်အား ထုတ်ယူ၍ ရင်းဂျုအား ပေးလိုက်လေ၏။
အနည်းငယ် စဉ်းစားတွေးတော လိုက်ပြီးသည်နောက် ရွှေရောင်ငှက်မွှေးသိမ်းငှက်ကိုခေါ်ကာ စာတစ်စောင် ရေးလိုက်၏။ ရေးပြီးသည်နှင့် ထိုစာကို ရွှေရောင်ငှက်မွှေး သိမ်းငှက်ဆီ ပေးလိုက်ပြီး ရန်မိသားစုစီ သွားပို့ခိုင်းလေ၏။ စာထဲတွင်တော့ ဗဟိုမြို့တော်ဆီ မြန်နိုင်သမျှ မြန်မြန်လာဖို့ သူ့မိဘများအား ပြောထားလေ၏။
သို့သော်ငြား သူ့အဖေရဲ့ စရိုက်အရ ယခုလိုအချိန်မျိုး၌ ရန်မိသားစုကနေ ထွက်လာလိမ့်မည် မဟုတ်သည်ကို ရန်ကိုင် သိ၏။
သို့ရာတွင် တိမ်မိစ္ဆာနယ်မြေသည် အနောက်တောင် ဘက်မှ ချီတက်သွားသည်ဖြစ်ရာ ယခုလောလောဆယ်တော့ ရန်မိသားစု အန္တရာယ်ရှိလိမ့်ဦးမည် မဟုတ်။
မိသားစုကြီးရှစ်ခုသည် လည်စင်းခံနေမည့် သိုးများ မဟုတ်ကြရာ တိမ်မိစ္ဆာနယ်မြေအနေ၏ ကျူးကျော်မှုသည် ချောချောမွေ့မွေ့ဖြင့် အောင်မြင်နိုင်လိမ့်မည် မဟုတ်ချေ။
အားလုံးကို စီမံပြီးသည့်နောက် ရန်ကိုင် တံခါးပိတ် ကျင့်စဉ်ဝင်သွားခဲ့လေ၏။
အခန်းထဲတွင် ရန်ကိုင်က ဝင်လေထွက်လေးကို မှန်မှန် ရှူရှိုက်ရင်း တင်ပလင်ခွေထိုင်နေလေ၏။
ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် သူ၏ အသိစိတ် ပင်လယ်ထဲသို့ ရောက်ရှိသွားခဲ့လေ၏။ ရန်ကိုင်သည် အသိစိတ်ပင်လယ်ထက် ဝဲနေစဉ် သူ့ရှေ့ရှိ အပုံလိုက်ကြီး ရှိနေသော သန့်စင်လှဿည့် စိတ်စွမ်းအင်ထုကြီးအား ငေးကြည့်နေခဲ့လေ၏။
ထိုစိတ်စွမ်းထုကြီးသည် ရွှေရောင်မျက်လုံးက ရီမိသားစု အကြီးအကဲချုပ်၏ ဝိဥာဉ်ကိုယ်ပွါးအား သတ်ဖြတ်ပြီးသည့် နောက် ကျန်ရစ်ခဲ့ခြင်း ဖြစ်လေ၏။
နှစ်ရက်၊သုံးရက် ကြာပြီးသည့်တိုင် ရွှေရောင်မျက်လုံးက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ဝိဥာဉ်ကိုယ်ပွါးအား ရွှေရောင်အလင်းတန်း တစ်ချက်နှင့် သတ်သွားသည်ကို ရန်ကိုင် မယုံကြည်နိုင်သေး။
ရီမိသားစု အကြီးအကဲချုပ် သေသွားပြီးကတည်းကစ၍ ယခုမှပဲ ထိုစိတ်စွမ်းအင်ထုကြီအား ရန်ကိုင်စစ်ဆေးမိခြင်း ဖြစ်၏။
ထိုစွမ်းအင်ထုကြီးသည် အားကောင်းပြီး သန့်စင်ရုံမက ဥပဒေသ အမျှင်တန်းများစွာ ပါဝင်နေသည်ကိုလည်း ရန်ကိုင် တွေ့ရှိလိုက်ရ၏။
ထိုဥပဒေသများသည် ရီမိသားစု အကြီးအကဲချုပ် နှစ်ပေါင်းများစွာ လေ့လာထားခဲ့သည့် ကောင်းကင်တာအိုနှင့် သိုင်းတာအိုအပေါ် နားလည်သဘောပေါက်မှုများပင် ဖြစ်ချေ၏။
ရွှေရောင်အလင်းတန်း၏ သုတ်သင်ခြင်း ခံရပြီးနောက် သူ့မှတ်ဥာဏ်နှင့် အတွေးများအားလုံး သန့်စင်ခံလိုက်ရ၍ သန်စင်သော ကျင့်ကြံခြင်းစွမ်းအင်များသာ ကျန်ရှိတော့လေ၏။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် တစ်ယောက်၏ စိတ်စွမ်းအင်သည် လွန်စွာကို အားကောင်းလှ၏။ တကယ်တော့ ထိုစွမ်းအင်မျိုးရရှိဖို့ရာ နှစ်ပေါင်းများစွာကြာအောင် သူတို့ကျင့်ကြံခဲ့ရခြင်း ဖြစ်၏။ ယခုမူ ထိုစိတ်စွမ်းအင်အားလုံးသည် ရန်ကိုင်၏ အသိစိတ် ပင်လယ်ထဲတွင် ကျန်ရှိနေခဲ့လေ၏။
ရန်ကိုင်သာ ထိုစိတ်စွမ်းအင်ထု ရှိရာဆီ လမ်းလျှောက် သွားလိုက်၍ မျက်နှာချင်းဆိုင် ထိုင်ချလိုက်၏။ အတွေး တစ်ချက်နှင့် ထိုစိတ်စွမ်းအင်ထုကြီးသည် ရန်ကိုင်ကိုယ်ထဲ အဆက်မပြတ် စီးဝင်သွားတော့လေ၏။
ရန်ကိုင်၏ ဝိဥာဉ်ပုံရိပ်သည် သာမန်မျက်စိဖြင့်ပင် မြင်နိုင်လောက်သာ အမြန်နှုန်းဖြင့် အားကောင်းလာနေခဲ့၍ သူ့၏ အသိစိတ်ပင်လယ်သည်လည်း ဆူနာမနီ လှိုင်းလုံးတို့ဖြင့် လှိုင်းထန်နေခဲ့လေ၏။
ထိုစိတ်စွမ်းအင်ထုကြီးသည် ရီမိသားစု အကြီးအကဲချုပ်၏ စိတ်စွမ်းအင် မဟုတ်တော့၊ သန့်စင်သော စွမ်းအင်များသာ ဖြစ်တော့၏။ မည်သူမဆို ထိုစိတ်စွမ်းအင်ကို လွယ်လင့်တကူ စုပ်ယူနိုင်ပြီး သူ့တို့ကိုယ် သူတို့ တိုးတက်သန်မာလာအောင် လုပ်နိုင်၏။ မည်သည့် ဘေးထွက်ဆိုးကျိုးမှ ခံစားရလိမ့်မည်မဟုတ်။
ရန်ကိုင် ရွှင်မြူးနေခဲ့၏။ သူစုပ်ယူနေသည့်အချိန်၌ ငါးရောင်ခြယ်ကြာပန်းသည် အရောင်ငါးရောင်ဖြင့် တောက်ပနေခဲ့လေ၏။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို ပြောဖို့ရာ ခက်ခဲ၏။ အသိစိတ်ပင်လယ်တွင်းမှာ စွမ်းအင်ထုကြီးအား အပြည့်အဝ စုပ်ယူပြီးသွားသည်နှင့် လက်ရှိကမ္ဘာဆီ ပြန်သွားလိုက်၏။
အသိပြန်ဝင်လာသည့်အခါ ရန်ကိုင် အကြီးအကျယ် ထိတ်လန့် သွားခဲ့ရလေ၏။
တစ်ခဏတာ တံခါးပိတ်ကျင့်စဉ် ဝင်လိုက်ရုံဖြင့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၃သို့ သူချိုးဖျက် သွားခဲ့လေပြီ။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် တစ်ယောက် ကျန်ရစ်ခဲ့သည့် စိတ်စွမ်းအင်များသည် သူ့အား လွန်စွာကိုမှ အကူအညီပေးနိုင်လေ၏။
သူသာ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်များစွာကို သတ်၍ သူတို့၏ စိတ်စွမ်းအင်များအား စုပ်ယူလိုက်လေလျှင် သူ့ခွန်အား မည်မျှထိတိုင် ရောက်ရှိသွားမည်နည်း။
ထိုကဲ့သို့ တွေးမိရုံဖြင့်လျှင် ရန်ကိုင်၏ သွေးများ ဆူပွက် လာခဲ့ရပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရလေ၏။
ထိုကဲ့သို့ အတွေးမျိုးလူတိုင်း တွေးမိလောက်၏။ သို့သော်ငြား နောက်ဆုံးတွင် ရန်ကိုင်၏ စိတ်အခြေအနေသည် တဖြည်းဖြည်းပြန်လည် တည်ငြိမ် သွားခဲ့လေ၏။
ယခင်အကြိမ်က ရွှေရောင်မျက်လုံးအား အားကိုး၏ ရီမိသားစု အကြီးအကဲချုပ်အား သတ်ခဲ့၏။ သို့သော်ငြား ရွှေရောင်မျက်လုံးအား မည်ကဲ့သို့ ထိန်းချုပ်ရမည်ကို သူမသိသေးပေ။
သူသာ ရွှေရောင်မျက်လုံးအား ထိန်းချုပ်နိုင်လည် သူ့အကြံ ဖြစ်မြောက်လာနိုင်ချေရှိ၏။
ထိုအချက်အား စဉ်းစားပြီးသည်နှင့် ရွှေရောင် မျက်လုံးအား သန့်စင်နိုင်လေမလား ဟူသော ရည်ရွယ်ချက်ဖြင့် ကောင်းကင်စိတ်အာရုံကို သုံးကာ စစ်ဆေးကြည့်လိုက်လေ၏။
ထိုအရာသည် ဝိဥာဉ်အမျိုးအစားလက်နက်တစ်ခု ဖြစ်တန်ရာ၏။ မည်သူကများ ထိုကဲ့သို့သော လက်နက်မျိုးအား ပြုလုပ်ခဲ့သည်ကို ရန်ကိုင် မသိသေး။ သို့သော်ငြား အင်မော်တယ် တက်လှမ်းခြင်းအထက်အဆင့် ပညာရှင်တစ်ယောက်အား အလင်းတန်းတစ်ချက်သာ သုံး၍ သတ်နိုင်သည့်အတွက်ကြောင့် ထိုလက်နက်သည် ဆန်းကြယ်အဆင့်လက်နက် မဖြစ်တန်ရာ။
ဆန်းကြယ်အဆင့် လက်နက်တစ်ခုသည် ထိုကဲ့သို့သော စွမ်းအားမျိုးကို မပိုင်ဆိုင်နိုင်။
ဆန်းကြယ်အဆင့်အထက်တွင်တော့ ဒဏ္ဏာရီတွင်သာ ကြားဖူးသည့် စိတ်ဝိဥာဉ်အဆင့် ရှိလေ၏။
ရန်ကိုင်တွင်သာ စိတ်ဝိဥာဉ်အဆင့် လက်နက်တစ်ခု ရှိနေခဲ့လျှင်… မည်ကဲ့သို့သော အယူအဆနည်း။
ရွှေရောင်မျက်လုံးသည် မန်ဝူရ၏ ကောင်းကင် နန်းတော်အောက် မနိမ့်ကျချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅70) ဘာတွေဖြစ်နေတာလဲ
~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကိုင် စံအိမ်တစ်ခုလုံး လူများစွာဖြင့် စည်ကားနေ၏။
စံအိမ်ထဲရှိ လူအားလုံး ဤလူအုပ်ကြီးအတွင်း၌ စုဝေးနေခဲ့ကြ၏။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်များသည်ပင် ကျင့်ကြံနေခြင်းမပြုပဲ ဤနေရာ၌ ရောက်ရှိနေခဲ့ကြကာ အားလုံး၏ မျက်နှာထက်တွင် မျှော်လင့်စောင့်စားနေသည့် အရိပ်အယောင်တို့ကို မြင်တွေ့ နေခဲ့ရလေ၏။
တိမ်မိစ္ဆာနယ်မြေ ကျူးကျော်စစ်ပြုခဲ့သည်မှာ တစ်လကျော် ရှိသွားခဲ့လေပြီ။ အားလုံးသည်လည်း ရင်တထိတ်ထိတ်ဖြင့် စိုးရွံ့နေခဲ့ရကာ ငြိမ်ချမ်းစွာဖြင့် နေထိုင်နိုင်သည်ဟူ၍ မရှိခဲ့။ ရန်ကိုင်သည် လူအုပ်ကြီးကို ဦးဆောင်၍ ထွက်သွားဖို့ကြံခဲ့သော်လည်း ရီရှင်းရို့၏ အဖွဲ့နှင့် စည်းတံဆိပ်တော်ဘုရားကျောင်းမှ အကြီးအကဲချုပ်များ၏ တားဆီးခြင်းကို ခံခဲ့ရ၏။
အားလုံးသည် ‘ငါတို့သေရတော့မှာပါလား’ဟု ထင်မှတ်နေသည့်အချိန်၌ မန်ဝူရက ကောင်းကင် နန်းတော်လေးကို ထုတ်ကာ အားလုံးကို ကာကွယ်သွားခဲ့၏။
သို့သော်ငြား သူတို့၏ အနာဂတ်သည် မရေရာ၊ မသေချာသေး။ လောကကြီးသည် ကျယ်ပြောသည် ဆိုသော်ငြား ရန်ကိုင်စံအိမ်မှလွဲ၍ (၁၀၀)ရာခိုင်နှုန်း လုံခြုံသည့် နေရာဟူ၍ မရှိ။
သို့ရာတွင် ယနေ့ တစ်လကျော်ကြာပြီးသည့်နောက် ထိုကျင့်ကြံသူအားလုံး စိတ်လှုပ်ရှားမှုကို နောက်တစ်ဖန် ပြန်လည် ခံစားလာခဲ့ရ၏။ အားလုံးမျက်နှာထက်က အပြုံးကိုယ်စီတို့ ရှိနေခဲ့ပြီး တစ်ယောက်ချင်းစီတိုင်းက အားမာန်တို့ဖြင့် ပြည့်ဝနေခဲ့ကာ သူတို့၏ အနာဂတ် အောင်မြင်မှု အလားအလာအတွက် မျှော်လင့်စောင့်စား နေခဲ့ကြ၏။ အရင်တစ်လကလို စိတ်ဓါတ်ကျ၊ စိုးရိမ်ပူပန် နေခြင်းမရှိတော့။
ထိုလူအုပ်ကြီးရှေ့တွင် အမည်မသိသော အရည်တို့ဖြင့် ပြည့်နေသည့် ရေကန်ကြီးနှစ်ခု ရှိနေခဲ့၏။ ထိုရေကန်ထဲ ဆေးပင်မျိုးစုံတို့ မျောနေခဲ့ပြီး ရေကန်တစ်ဝိုက် လေထုအား သင်းပျံ့သည့် ရနံ့တို့ဖြင့် မွှေးထုံနေစေခဲ့၏။ ထိုမွှေးရနံ့သည် လွန်စွာကိုမှ သင်းကြိုင်သည်ဖြစ်ရာ ရန်ကိုင်စံအိမ်ထဲ ရှိနေသည့် မည်သူမဆို ထိုမွှေးရနံ့အား ရကြ၏။ တစ်ချက် ရှူလိုက်ရုံဖြင့် မည်သူမဆိုး တိမ်စိုင်တိမ်တိုက်တွေထက် မျောနေရသလို လွန်စွာကို သက်သောင့်သက်သာရှိသည့် ခံစားချက်ကို ခံစားမိနိုင်ပေ၏။
ယခုအချိန်တွင် ထိုရေကန်နှစ်ခုစလုံးထဲ တင်ပလင်ခွေ ထိုင်နေသည့် လူများဖြင့် ပြည့်နေခဲ့၏။
ကန်ထဲရှိ ဆေးစွမ်းသည် ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲရှိ အညစ်အများအား ဆေးကြောသန့်စင် ပေးနေခဲ့လေ၏။
ကန်အောက်ခြေသို့ ငုံကြည့်လျှင် စိတ်ဝိဥာည်အစီအရင် တစ်ခုကို ဝိုးတဝါး လှမ်းမြင်တွေ့နိုင်ပေသည်။ ယခုအချိန်၌ ထိုစိတ်ဝိဥာည်အစီအရင် (၂)ခုသည် မှိန်ဖျဖျ အလင်းရောင် တို့အား ထုတ်လွှတ်နေခဲ့လေ၏။
ကန်ရေပြင်ထဲတွင် ထိုင်နေသည့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖျက်နေခဲ့ကြလေ၏။
ထိုသို့ အဆင့်ချိုးဖျက်ပြီးသွားတိုင်း ချိုးဖျက်သွားသည့် ကာယကံရှင် ကိုယ်တိုင်သာမက လူအုပ်ကြီးကပါ နှစ်ထောင်းအားရစွာ အော်ဟစ်အားပေးကြလေ၏။
အစဉ်လိုက်ဖြစ်နေသာ အဆင့်ချိုးဖျက်မှုများကြောင့် စစ်ပွဲမြို့တော်ရှိ စိတ်စွမ်းအားများသည်လည်း ပရမ်းပတာ ဖြစ်လာခဲ့ရလေ၏။
“ကောင်းကင်စံအိမ်က မိန်းကလေးရှ ဖန်တီးထားတဲ့ ရေကန်က ရန်မိသားစုရဲ့ နဂါးအသွင်ပြောင်းရေကန် ထက်တောင် ပိုစွမ်းတယ်ဆိုပဲ။ ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုယ်လည်း သန့်စင်ပေးနိုင်တယ်တဲ့။ မင်းရဲ့ အရည်အချင်း ဘယ်လောက်ပဲ ဆိုးရွားနေပါစေ၊ မင်းသာ အဲ့ရေကန်ထဲ ရက်နည်းနည်းလောက် ဝင်စိမ်လိုက်တာနဲ့ မင်းခန္ဓာကိုယ်ထဲက အညစ်အကြေးတွေ သန့်စင်သွားပြီး မင်းရဲ့ ပါရမီလည်း တစ်ဟုန်ထိုးခုန်တက်သွားလိမ့်မှာ” ပိန်ညောင်ညောင် လူငယ်လေးက လက်သီးတင်းတင်း ဆုပ်ရင်း စိတ်လှုပ်ရှားစွာဖြင့် သူ့အနား၌ ရှိနေသည့် လူငယ်လေးကို ပြောလိုက်၏။
“ကောလဟာလတွေ မဟုတ်ဘူး။ အမှန်တကယ်ကို အကျိုးသက်ရောက်မှုရှိတာကွ”
ပိန်ညောင်ညောင် လူငယ်လေးဘေးရှိ လူက ဆက်ပြောလိုက်၏
“တစ်ယောက်ပြီး တစ်ယောက် အဆင့်ချိုးဖျက် နေတာကို မင်းလည်း မြင်တာပဲ။ သခင်လေးပေးတဲ့ ဆေးလုံးတွေနဲ့တင် ငါတို့ရဲ့ အရည်အချင်းကို တော်တော်လေး ပြောင်းလဲ နိုင်ပြီလို့ ထင်မှတ်နေခဲ့တာ၊ ဆက်ပြီးထပ်မြှင့်လို့ ရဦးမယ်လို့ ငါတကယ်ကို မထင်ထားဘူး”
“ရန်မိသားစုရဲ့ နဂါးအသွင်ပြောင်းရေကန်က မှော်ဆန်တဲ့ နေရာတစ်ခုပဲ။ ရန်မိသားစုထဲမှာဆိုရင် အရည်အချင်းရှိတဲ့လူတွေရယ်၊ မိသားစုအတွက် ကြီးကြီးမားမား အကျိုးဆောင်ခဲ့တဲ့လူတွေပဲ နဂါးအသွင်ပြောင်း ရေကန်ထဲ ဝင်ခွင့်ရတာတဲ့။ အကျိုးအမြတ်လေး နည်းနည်းပါးပါး ရနိုင်တာနဲ့တင် ရန်မိသားစုက နဂါးအသွင်ပြောင်းရေကန်ရှိတဲ့နေရာကို ထွတ်မြတ်နေရာတစ်ခုအဖြစ် သတ်မှတ်ထားတာကွ။ ဒါပေမယ့်ကွာ ငါတို့ဆီမှာ ရှိနေတဲ့ရေကန်နဲ့ ယှဉ်လိုက်ရင် နဂါးအသွင်ပြောင်းရေကန်ဆိုတာ… နားစမ်းပါကွာ။ ငါတို့ဟာက အဲ့နဂါးအသွင်ပြောင်းရေကန်ထက်… အပုံကြီး သာတယ်”
တတိယမြောက်တစ်ယောက်ကလည်း စကားဝိုင်းထဲ ဝင်ပါလာလိုက်၏
“သခင်ငယ်လေး ငယ်ငယ်တုန်းက နဂါးအသွင်ပြောင်း ရေကန်ထဲ ဝင်ချင်ခဲ့ပေမယ့် ရန်မိသားစုက အပြီးတိုင် ငြင်းပယ်ခဲ့တယ်တဲ့။ ငါ့အမြင်အရဆို အဲ့ရန်မိသားစုက ကောင်တွေက ကန်းနေတာပဲ ဖြစ်ရမယ်။ ပြိုင်ဘက်ကင်း အရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ သခင်ငယ်လေးလို လူကိုတောင် ငြင်းပစ်လိုက်တယ်တဲ့ကွာ”
“ရန်မိသားစု မကောင်းကြောင်း မပြောနဲ့ဟ။ ရန်မိသားစုက သခင်ငယ်လေးအပေါ် မမျှမတ ဆက်ဆံခဲ့ပေမယ့် သခင်ငယ်လေးက ရန်မိသားစုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေတုန်းပဲ။ သူတို့တွေ မမြင်တတ်တာကို ငါတို့ သွားဝေဖန်မနေသင့်ဘူး”
“ဟုတ်တယ်။ မင်းပြောတာ မှန်တယ်”
“ငါတို့တွေလည်း ကန်ထဲဝင်ဖို့ စောင့်နေခဲ့ရတာ။ မင်းကြည့်… လရောင်ပြန်ဂိုဏ်းကလူတွေဆိုရင် ကန်ထဲ နှစ်ရက်၊ သုံးရက်လောက် စိမ်လိုက်တာနဲ့ အစစ်အမှန် ဒြပ်စင်အဆင့်(၇)ကနေ အစစ်အမှန်ဒြပ်စင် အထွတ်အထိပ် အဆင့်ကို တစ်ခါတည်း တန်းရောက်သွားတာ။ အခုဆို အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်ဝင်ရောက် ဖို့တောင် လုပ်နေကြပြီ။ ငါတို့လည်း နောက်ကျကျန်ရစ်ခဲ့လို့ မဖြစ်ဘူး”
“ဟုတ်တယ်။ နောက်တစ်သုတ်က ငါတို့ ငှက်မွှေးပျံနန်းတော် အလှည့်ပဲ။ ငါတကယ်ကို သိချင်နေပြီ။ ရှန်းယွမ်မြို့တော်က သောက်ရူးတွေ၊ သေလည်းသေ၊ ဒီလို ရွှေရောင်အခွင့်အရေးကြီးကိုလည်း လက်လွှတ်လိုက်ရ၊ နာတာပဲကွာ”
လူပေါင်းများစွာက ရှန်ယွမ်မြို့တော်၏ ကံဆိုးမှုကို လှောင်ပြောင်ရယ်မောနေခဲ့ကြလေ၏။
တိမ်မိစ္ဆာနယ်မြေ မကျူးကျော်ခင်အချိန်တုန်းက ရှန်ယွမ်မြို့တော်သခင်လေးသည် ရန်ကိုင်ဆီကနေ ထွက်ခွါ၍ ရီရှင်းရို့နှင့် သွားရောက်ပူးပေါင်းခဲ့၏။
အဆိပ်ဘုရင်နှင့် ယင်တစ္ဆေဘုရင်၏ ပူးပေါင်း တိုက်ခိုက်မှုကြောင့် ထိုရှန်းယွမြို့မှ ကျင့်ကြံသူ အားလုံး သေဆုံးသွားခဲ့ရလေ၏။
လူအားလုံးက မျှော်လင့်ချက်အပြည့်ဖြင့် အချင်းချင်း တီးတိုးပြောဆို ဆွေးနွေးနေခဲ့ကြ၏။
ရန်ကိုင် တံခါးပိတ်ကျင့်စဉ်ဝင်နေရာမှ ထွက်လာခဲ့၏။
ရွှေရောင်မျက်လုံးအား သူသန့်စင်ခြင်းမပြုခဲ့၊ အဘယ်ကြောင့်ဆိုသော် သန့်စင်ဖို့ မလိုအပ်ဟု သူထင်မိတာကြောင့်ပင်။
ရွှေရောင်မျက်လုံးအား မသန့်စင်ပင်လျှင် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံကို ရွှေရောင်မျက်လုံးက ငြင်းဆန်ခြင်းမပြု။ သို့သော်ငြား ယခုလောလောဆယ်တော့ ရွှေရောင်မျက်လုံးကို မည်ကဲ့သို့ ထိန်းချုပ်ရမည်မှန် သူမသိသေးချေ။
ထွက်လာလာချင်းမှာပဲ မွှေးပျံ့သင်းထုံလှသည့် ဆေးရနံ့အား ရန်ကိုင် ရလိုက်၏။ အိမ်ထဲပတ်ရှာ လိုက်သော်ငြား မည်သူ့ကိုမှ သူမတွေ့ခဲ့ချေ။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်စစ်ဆေးလိုက်သည့် အခါ လူများစွာ စုပြုံနေသည့် နေရာတစ်ခုအား တွေ့လိုက်ရပြီး ထိုနေရာဆီ ပြေးသွားလိုက်၏။
“ဘာဖြစ်နေတာလဲ”
ရန်ကိုင်က တစ်ခုခု မှားယွင်းနေသည်ဟု ထင်မှတ်ကာ အနီးမှာရှိနေသည့် လူအား အလျင်စလို မေးလိုက်၏။
ရန်ကိုင်၏ အသံကို ကြားလိုက်သည်နှင့် ရေကန်နှစ်ခုစီမှ မဝေးလှသည့် စင်မြင့်ထက်မှ ချူရီမန်က “ရန်ကိုင်၊ ဒီကိုလာဦး”
ရန်ကိုင်၏ ပုံရိပ်သည် လျင်မြန်စွာပဲ စင့်မြင့်ထက်သို့ ပျံသန်းသွားရောက်ရှိသွားခဲ့ပြီး လှည့်ပတ်ကြည့်လိုက်သည့် အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင်း ထိတ်လန့်တုန်လှုပ် သွားခဲ့ရလေ၏။
အားလုံးက ဆေးပင်များဖြင့် ပြည့်နေသည့် ရေကန် ပတ်လည်၌ စုဝေးနေကြပြီး ရေကန်ထဲတွင် ရှိနေသော လူများအား သေချာအာရုံစိုက် ကြည့်လိုက်သည့်အခါ သွေးတိုက်ပွဲဂိုဏ်းမှ လူများဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ချူရီမန်ဘေးတွင်တော့ လူငယ်မျိုးဆက် ခေါင်းဆောင်များ ရှိနေခဲ့ပြီး အားလုံးက ရန်ကိုင်အား ကျေးဇူးတင်စွာ ကြည့်နေခဲ့ကြ၏။
“ဘာတွေဖြစ်နေတာလဲ”
ဘာတွေ ဖြစ်ပျက်ခဲ့မှန်း ရန်ကိုင် နားမလည်ခဲ့ချေ။
သွေးတိုက်ပွဲဂိုဏ်းသားများဆီမှ အစစ်အမှန်ချီလှိုင်းတို့ လှုပ်ခတ်လာလေ၏။ ထိုလူတွေ နောက်တစ်ဆင့် ချိုးဖျက်တော့ဖို့ ပြင်ဆင်နေသည့်ပုံပင်။
“နင့်ရဲ့ စီနီယာမမလေးကိုသာ သွားမေးလိုက်။ သူက ဒါတွေအကုန်လုံးကို လုပ်ခဲ့တဲ့လူပဲ။ ဒီအစီအစဉ်က တကယ်ကို ထူးခြားပြောင်မြောက်တယ် ဆိုတာကိုတော့ ငါသိတယ်”
ချူရီမန်က ပြုံး၍ ကိစ္စအားလုံးကို ရှနင်းချန်ပေါ် ပုံချလိုက်၏။
“စီနီယာမမလေး၊ ဘာတွေ ဖြစ်ခဲ့တာလဲ”
ရန်ကိုင် ဇာပုဝါတပ်ဆင်ထားသည့် ရှနင်းချန်ဘက် လှည့်၍ မေးလိုက်၏။
ရှနင်းချန်က လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏
“နင်ငါ့ကို ဆေးပေါင်းရည်အများကြီး ပေးခဲ့တယ်လေ။ ဆေးဖော်စပ်ရင် အများကြီး မလိုဘူး။ ပြီးတော့ အခု လောလောဆယ်လည်း ဆေးဖော်စပ်ဖို့ သိပ်မလိုသေးဘူး။ ဒါကြောင့် ဆေးပေါင်းရည်ကိုသုံးပြီး နင့်နောက်လိုက်တွေရဲ့ အရည်အချင်းကို တိုးတက်အောင် လုပ်ပေးလိုက်တာ”
“အခြေအနေဘယ်လိုလဲ”
ဆေးပေါင်းရည်က လူတစ်ယောက်၏ ခန္ဓာကိုယ်အား သန့်စင်ပေးနိုင်သည်ကို ရန်ကိုင် သိထားခဲ့တာ ကြာလေပြီ။ သို့သော်ငြား ထိုဆေးရေကန်များ၏ အစွမ်းက ဆေးပေါင်းရည်ကို တိုက်ရိုက်သောက်သုံးသည်ထက်ပင် ပိုမို မြန်ဆန်လို့နေလေ၏။
“လူတွေကို ဆေးလုံးအဖြစ် တွေးကြည့်လိုက်”
ရှနင်းချန်က တိုးတိုးလေး ပြောလိုက်၏။
“ဘယ်လို၊ လူတွေကို ဆေးလုံးတွေအဖြစ် တွေးရမှာလား”
ရန်ကိုင် နောက်တစ်ကြိမ် ထပ်မံထိတ်လန့် သွားခဲ့ရပြန်လေပြီ။
“နင့်ငါ့ကို သင်ပေးခဲ့တဲ့ စိတ်ဝိဥာဉ်အစီအရင် တွေထဲကနေ ဆေးပေါင်းရည်နဲ့ အခြားပစ္စည်းတွေကိုသုံးပြီး ဆေးပေါင်းရည်ရဲ့ အစွမ်းကို အချိန်တိုအတွင်း တိုးမြှင့်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုကို ငါရှာတွေ့ခဲ့တယ်။ အဲ့နည်းလမ်းက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ရှင်းထုတ်ပေးပြီး ခန္ဓာကိုယ်ကို ဆေးဖော်စပ်တဲ့ပုံစံအတိုင်း သန့်စင်ပေးတာ”
ရှနင်းချန်က ရှင်းပြလိုက်၏။
ကျန်သည့် ဆေးပညာရှင်များသည် ဆေးဖော်စပ်ခြင်း တွင်သာ အာရုံစိုက်သော်ငြား သူ့စီနီယာမမလေး၏ အဆင့်ကတော့ ထိုအဆင့်ကို ကျော်လွန်နေခဲ့လေပြီ။ သူမသည် သက်ရှိလူသားများကိုပင် သန့်စင်နေနိုင်လေ၏။
ထိုအချက်ကို ကြည့်ရုံနဲ့တင် စီနီယာမမလေး၏ ထူးချွန်ထက်မြက်သည့် အရည်အချင်းအား မြင်တွေ့နိုင်၏။
ရန်ကိုင်က တိုးတိုးတိတ်တိတ်ဖြင့် မေးလိုက်၏
“ဘေးထွက်ဆိုးကျိုးတော့ မရှိဘူးမလား”
ရှနင်းချန်က ခေါင်းခါရမ်း၍
“မရှိဘူး။ ဒါပေမယ့် ဒီနည်းလမ်းက အကျိုးသက်ရောက်မှု မြန်သလို အဆင့်သေး အများကြီး ကိုလည်း အချိန်တိုအတွင်း ချိုးဖျက်သွားစေနိုင်တယ် ဆိုပေမယ့် ဆေးပေါင်းရည်ကို နေ့စဉ်ပုံမှန် သောက်သုံးပေးတဲ့ နည်းလမ်းက ပိုကောင်းတယ်”
“ဒီလောက်ဆိုလုံလောက်ပြီ”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။ သူ့နောက်လိုက်တွေကို ယခုကဲ့သို့ အခွင့်အရေးမျိုး ပေးနိုင်သည်နှင့်တင် ရန်ကိုင် ကျေနပ်နေလေပြီ။
ရှနင်းချန်က ဆေးပေါင်းရည်ကိုသုံး၍ ယခုကဲ့သို့ နည်းလမ်းတစ်ခုကို ဖန်တီးလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။
ဤနည်းလမ်းဖြင့်ဆိုလျှင် သူ့နောက်လိုက်ငယ်သား တို့၏ အရည်အချင်း အလျင်အမြန် တိုးတက်လာနိုင်သလို သူတို့ကိုယ်သူတို့ ကာကွယ်နိုင်သည့် စွမ်းရည်လည်း ပိုပြီး တိုးတက်လာခဲ့ရလေ၏။
အရေးကြီးဆုံးအနေနှင့် ယခုကဲ့သို့ သူတို့၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည့်အတွက်ကြောင့် တိမ်မိစ္ဆာနယ်မြေ ကျူးကျော်ရာမှ ဖြစ်ပေါ်လာသော စိတ်ဓါတ်ကျမှုတို့ လုံးဝကို ပျောက်ကွယ်သွားခဲ့ရလေ၏။
ကျင့်ကြံသူတွေရဲ့ မျက်နှာတွေကို ကြည့်ရုံဖြင့်ပင် သိနိုင်၏။ သူတို့၏မျက်နှာက် စိတ်ဓါတ်ကျနေသည့် အရိပ်အယောင် စိုးစဉ်းမျှ မရှိတော့၊ အားလုံး၏ မျက်နှာသည် စိတ်လှုပ်ရှားမှုတို့ဖြင့်သာ ပြည့်နေခဲ့၏။
သူတို့နှစ်ယောက် စကားပြောလို့ ပြီသည်နှင့် ချူရီမန်က ပြုံးကာ ပြောလိုက်၏
“သွေးတိုက်ပွဲဂိုဏ်းက ကန်ထဲမှာ ကျင့်ကြံသူနေတာ (၂)ရက်ရှိသွားပြီ။ အဖွဲ့တစ်ခုကို အချိန်(၃)ရက် ပေးထားတယ်။ သုံးရက်ကြာတာနဲ့ နောက်တစ်ဖွဲ့ ကန်ထဲ ဝင်လိမ့်မယ်။ (၃)ရက်ဆိုတာ ကန်ထဲမှာ လေ့ကျင့်လို့ အကောင်းဆုံးအချိန်ပဲ။ (၃)ရက်ထက် ကြာသွားတာနဲ့ အကျိုးရှိတော့မှာ မဟုတ်ဘူး”
ဘေးနားတွင် ရှိနေသည့် ဟော်ရှင်းချန်က စိတ်ပျက်ပျက်ဖြင့်
“ငါ့အဖေကြောင့်သာမဟုတ်ရင် ငါခေါ်လာတဲ့ လူတွေအကုန်လုံး ဒီအခွင့်အရေးကို ရကြမှာ”
“ငါသဘောတူတယ်။ ငါ့အဖေကြောင့်သာ မဟုတ်ရင် ဆောင်းဦးမိုးစက်ခန်းမလူတွေလည်း ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရမှာ မဟုတ်ဘူး”
ချူရီမန်က နောင်တရနေသည့် လေသံဖြင့် ပြောလိုက်၏။
ဆောင်းဦးမိုးစက်ခန်းမက လူများသည် အမွေခံတိုက်ပွဲ အတွင်း ရန်ကိုင်အတွက် များစွာပေးဆပ်ခဲ့သော်ကြား နောက်ဆုံးအခိုက်အတန့်သို့ ရောက်သည့်အချိန်၌ ချူရှို့ချန်၏ ပြန်လည်ဆင့်ခေါ်ခြင်းကို ခံလိုက်ရလေ၏။
သူသာ ရန်ကိုင်စံအိမ်၌ ယခုထိတိုင် ဆက်ရှိနေမည် ဆိုလျှင် သူတို့သည်လည်း ဤအခွင့်အရေးအား ပျော်ပျော်ကြီး ခံစားနေရပေလိမ့်မည်။
“ငါ့လူအိုကြီးက တကယ်ကို အမြော်အမြင်မရှိဘူး။ သူက မိသားစုခေါင်းဆောင်ရာထူးနဲ့ နည်းနည်းလေးမှ မသင့်တော်တော့ဘူး”
ဟော်ရှင်းချန်းက စိတ်ပျက်ပျက်ဖြင့် ပြောလိုက်၏။
“မင်းတို့အားလုံး ဒီမှာစုဝေးနေစရာ မလိုပါဘူး။ လုပ်စရာရှိတာသာ သွားလုပ်ကြ။ အဆင့်သင့်ဖြစ်ဖို့ လူနည်းနည်းလောက်ပဲ စောင့်နေလိုက်။ ဒီညငါ့အခန်းကို လာဖို့မမေ့နဲ့။ ငါ့မှာမင်းတို့ကို ပေးစရာလက်ဆောင်တစ်ခု ရှိတယ်”
ရန်ကိုင်က ပြောလိုက်၏။
ယခုအချိန်တွင် ဆေးပေါင်းရည်၏ တည်ရှိမှုသည် လျှို့ဝှက်ချက် တစ်ခုမဟုတ်တော့။ အမွေခံတိုက်ပွဲ အတွင်း၌ ရန်ကိုင်နောက်သို့ လိုက်ပါခဲ့သည့် လူငယ်မျိုးဆက် ခေါင်းဆောင် အကုန်လုံး ယခုနေရာ၌ ရှိနေခဲ့၏။ မည်သို့ပင် ဖြစ်စေ ထိုသူအားလုံးသည် အမွေခံတိုက်ပွဲအတွင်း၌ ရန်ကိုင်အား အားသွန်ခွန်စိုက် ကူညီပေးခဲ့သည်ဖြစ်ရာ ရန်ကိုင်သည်လည်း သူတို့အား လက်ဆောင်အချို့ ပြန်ပေးဖို့ စဉ်းစားထား၏။
ရန်ကိုင် ပြောသည်ကို ကြားလိုက်သည်နှင့် အားလုံး၏ မျက်ဝန်းအစုံသည် စိတ်လှုပ်ရှားမှုဖြင့် ဝင်းလက်သွားခဲ့၏။
ချူရီမန်က ရန်ကိုင်ဘက်လှည့်၍ ပြောလိုက်လေ၏
“နင့်မှာ အသိစိတ်လေးတော့ ရှိသေးသာပဲ။ မဟုတ်ရင် ငါတို့တွေက အခုလိုမျိုး နင့်ကို သစ္စာရှိနေလိမ့်မှာ မဟုတ်ဘူး”
ချူရီမန် သူ့ကို ဒေါသထွက်နေမှန်း ရန်ကိုင်သိ၏၊ သို့သော်ငြား ရန်ကိုင်ကတော့ မသိချင်ယောင်သာ ဆောင်နေလိုက်၏။ ဒါပေမယ့် ထိုအချိန်မှာပဲ အသံတစ်သံက သူ့အား အော်ခေါ်နေသည်ကို ရန်ကိုင် ကြားလိုက်ရ၏
“သခင်လေးရန်၊ သခင်လေးရန်”
အသံလာရာဆီသို့ လှမ်းကြည့်လိုက်အခါ အဆုံးမဲ့ကျွန်းမှ လီယွမ်ချွန်ဖြစ်နေသည်ကို ရန်ကိုင် တွေ့လိုက်ရ၏။
“စီနီယာလီ၊ တက်လာလေ၊ ဒီမှာပြောကြတာပေါ့”
ရန်ကိုင်က ပြုံးလိုက်၏။
လီယွမ်ချွန်၏ ပုံရိပ် ရိပ်ခနဲဖြစ်သွားခဲ့ပြီး စင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့၏။ ရောက်သည်နှင့် ရယ်ရယ်မောမောဖြင့် တိုးတိုးလေး မေးလိုက်လေ၏
“သခင်လေးရန်၊ မတွေ့ရတာတောင် ကြာပြီနော်”
“ကြာပြီလား”
တံခါးပိတ်ကျင့်စဉ် ဝင်နေစဉ်အတွင်း အချိန် မည်ရွေ့မည်မျှ ကုန်ဆုံးသွားသည်ကို ရန်ကိုင် သတိမပြုမိခဲ့။
“တစ်လတောင် ရှိသွားခဲ့ပြီ”
လီယွမ်ချွန်က ပြန်ပြောလိုက်၏။