အခန်း (၅၈၁-၅၈၅)
Vol. 24 Ch. 581-585
အပိုင်း(၅81) တစ်ချက်ကို သုံးချက်နှင့် လက်တုန့်ပြန်သည်
~~~~~~~~~~~~~~~~~~~~~~~~~
သူတို့ဘက်ကလို့ ထင်နေတဲ့လူက ရုတ်တရက်ကြီး သူတို့ဘက်မှ မသေမျိုးအဆင့် ပညာရှင်လေးယောက်ကို ပြတ်သတ်သွားခဲ့လေ၏။ မသေမျိုးအဆင့် ပညာရှင် လေးယောက်ဆိုသော အားက ပေါ့သေးသေး မဟုတ်ရာ ထိုလေးယောက်၏ သေဆုံးခြင်းသည်လည်း မိသားစုကြီး (၈)ခုဘက်ကို ပြင်းပြင်းထန်ထန် အထိနာသွားစေခဲ့လေ၏။
သို့သော်ငြား မိသားစုကြီး(၈)ခုကို ရတက်မအေး ဖြစ်စေသည်မှာ ရန်ကိုင်ဘာလုပ်ချင်နေလဲ ဆိုသည်ကို မသိရခြင်းပင်ဖြစ်၏။
“အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် (၁၇)ယောက်လား”
ရန်ကိုင်နား ရှိနေသော အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်စုဖွဲ့မှုကိုကြည့်ရင်း မန်ရှီပင်း၏ နှုတ်ခမ်း တဆတ်ဆတ် တုန်ရီနေခဲ့လေ၏။
သွေးစစ်သည်တော်(၁၃)ယောက်၊ နတ်ဆိုးအိုကြီး၊ လင်းတိုင်ရှု၊ လီယွမ်ချွန်နှင့် လူစီ၊ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်သို့ ရောက်ရှိနေသော ပညာရှင် စုစုပေါင်း(၁၇)ယောက်။
ထိုပမာဏက မိသားစုကြီး(၈)ခုကို ရှက်ရွံ့မှုကြောင့် လဲသေသွားစေနိုင်၏။ မိသားစုကြီးရှစ်ခုအနေဖြင့် မျိုးရိုး စဉ်ဆက်တိုင်အောင် မနားမနေကြိုးစားခဲ့သော်ငြား အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် လေးငါးယောက်သာ ပြုစုပျိုးထောင်နိုင်၏။ ရန်ကိုင် စံအိမ်ရှိ ပညာရှင်အရေအတွက်နှင့် နှိုင်းယှဉ်လိုက်လျှင်မူ သူတို့တစ်တွေသည် ကောင်းကင်ပေါ်သို့ မော့ကြည့်နေသည့် သေမျိုးနှင့် မခြားနားတော့ချေ။
ထိုလူများ၏ ခွန်အား မည်ကဲ့သို့ ယခုလိုမျိုး ရုတ်ချည်း တိုးတက်လာခဲ့ရသည် ဆိုသည်ကို သူတို့ထဲက မည်သူမှ နားမလည်နိုင်ခဲ့။
“ရင်းဂျု၊ ငါ့နောက်လိုက်ခဲ့၊ ကျန်တဲ့လူတွေအကုန်လုံး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နှင့်ကြ”
ပြောပြီးသည်နှင့် ပရမ်းပတာ ဖြစ်နေသော တိုက်ပွဲထဲသို့ ရင်းဂျုနှင့်အတူ ပြေးဝင်သွားခဲ့လေ၏။
ကျန်သော မသေမျိုးအဆင့်ပညာရှင် (၁၆)ယောက်မှာမူ စကားတစ်ခွန်းမျှပင် မဆိုတော့ပဲ တိမ်မိစ္ဆာနယ်မြေမှ ပညာရှင်များဆီ ပျံသန်းသွားခဲ့ကြလေ၏။
မိသားစုကြီး(၈)ခုမှ အင်အားစုများသည်လည်း တစ်ခဏမျှ တွေဝေနေပြီးသည့်နောက် ရန်ကိုင် အင်အားစုများနှင့်အတူ တိမ်မိစ္ဆာနယ်မြေမှ ကျင့်ကြံသူများကို စဝင်ဝိုင်းရံ တိုက်ခိုက်ကြတော့လေ၏။
“ပြန်ဆုတ်ဖို့ အမိန့်ပေးလိုက်တော့”
ရန်ပိုင် ရုတ်တရက် ထွက်ပေါ်လာပြီး မိစ္ဆာဘုရင် ငါးပါးကို တည်တည်ငြိမ်ငြိမ်ဖြင့် အမိန့်ပေးလိုက်လေ၏။
မိစ္ဆာဘုရင်ငါးပါး၏ အမူအရာသည်လည်း မိသားစုကြီး ရှစ်ခုမှ မိသားစုခေါင်းဆောင်များ၏ အမူအရာထက် ပိုမကောင်းကြ။ ရန်ကိုင်အဖွဲ့သားများ၏ အရေအတွက်နှင့် ခွန်အားကို မြင်လိုက်ရပြီးသည့်နောက် အခြေအနေက ပိုဆိုးလာသည်ဟု မိစ္ဆဘုရင်ငါးပါးစလုံး ခံစားလိုက်ကြရ၏။
ရန်ကိုင် ပူးပေါင်းလိုက်သည့်ဘက်က အခြားတစ်ဖက်ကို အနိုင်ယူလွှမ်းမိုးနိုင်ပေလိမ့်မည်။
မိစ္ဆာဘုရင်ငါးပါးကို စိတ်သက်သာရာ ရသွားစေသည်က ရန်ကိုင်သည် တိမ်မိစ္ဆာနယ်မြေက ကျင့်ကြံသူများကို သာမက မိသားစုကြီးရှစ်ခုဘက်မှ မသေမျိုးအဆင့် ပညာရှင်လေးယောက်ကိုပါ သတ်ပစ်ခဲ့ခြင်းဖြစ်၏။ ယခုလောလောဆယ်တွင် ရန်ကိုင်က မည်သည့်ဘက်ကိုမှ မပူးပေါင်းချင်သေးသည့်ပုံပင်။ သူ့ကို စိတ်ခေါ်သည့် မည်သူ့ကိုမဆို သတ်ပစ်ပေလိမ့်မည်။
ရန်ပိုင်၏ အမိန့်ပေးသံကို ကြားလိုက်ပြီးသည်နှင့် မိစ္ဆာဘုရင်ငါးပါးစလုံး တွေဝေခြင်းအရှင်းမရှိ၊ သူတို့၏ အဖွဲ့သားများကို ပြန်ဆုတ်ဖို့ အမိန့်ပေးလိုက်လေ၏။
ခပ်အုပ်အုပ်ဟွန်းသံတစ်သံ တိုက်ပွဲကွင်းပြင်အနှံ့ ပျံ့နှံ့သွားခဲ့လေ၏။
အချက်ပြသည်ကို မြင်လိုက်သည်နှင့် တိမ်မိစ္ဆာနယ်မြေမှ ပညာရှင်များအားလုံး ဖြည်းဖြည်းချင်း ပြန်ဆုတ်ကြတော့လေ၏။
ရန်ကိုင်အဖွဲ့သားများနှင့် မိသားစုကြီးရှစ်ခုမှ ပညာရှင်များသည် ထိုပညာရှင်များနောက် လိုက်လံ ခဲ့သော်ငြား အရမ်းကြီးတော့ မလိုက်ရဲခဲ့ချေ။ မကြာခင်မှာပဲ သူတို့၏ ပင်မတပ်စခန်းဆီ ပြန်လာခဲ့ကြလေ၏။
ရန်ကိုင် ရောက်ရှိလာခဲ့သည်မှ လက်ဖက်ရည် တစ်ခွက်ဆူစာပင် မရှိသေးချေ။ သို့သော် တိုက်ပွဲကမူ ပြီးဆုံးသွားခဲ့လေပြီ။ နှစ်ဖက်စလုံးမှ အသေအကြေ အကျအဆုံး များပြားခဲ့သော်လည်း ရန်ကိုင်ဘက်ကမူ လူတစ်ယောက်ပင် သေဆုံးခြင်း မရှိခဲ့ချေ။ အများဆုံးမှ ဒဏ်ရာအနည်းငယ် ရရုံလောက်သာ ရှိ၏။
အားလုံးသည် ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးလျက် ရန်ကိုင်စံအိမ်ဘေးတွင် ရပ်နေခဲ့ကြလေ၏။
ရန်ကိုင်ကိုယ်တိုင်သည် တိုက်ပွဲကွင်းပြင်တစ်ဝိုက် လျှောက်ပတ်သွား၍ သေဆုံးသွားသော ပညာရှင်များ၏ စိတ်စွမ်းအင်များကို ရသလောက်စုစည်းခဲ့၏။ ပြီးသည်နှင့် ရင်းဂျုနှင့်အတူ စံအိမ်ထဲသို့ ပြန်ဝင်သွားလေ၏။
စံအိမ်ထဲရောက်သည်နှင့် စုဆောင်းရရှိထားသော စိတ်စွမ်းအင်များကို သန့်စင်ဖို့ရာ ချက်ချင်း တံခါးပိတ်ကျင့်စဉ် တန်းဝင်သွားခဲ့လေ၏။ မိသားစုကြီး ရှစ်ခုကို နှုတ်ဆက်ဖို့ပင် နည်းနည်းလေးမှ မစဉ်းစားခဲ့။
ရန်ကိုင်သည် သူတို့တစ်တွေအား နည်းနည်းမျှပင် လေးစားသမှု မပြပဲ တိုက်ရိုက်ကြီး လျစ်လျူရှုထားသည်ကို ကြည့်ရင်း မိသားစုကြီးရှစ်ခုမှ မိသားစုခေါင်းဆောင်တို့၏ မျက်နှာများသည် ဘီလူးသံပုရာသီး ကိုက်ထားသလို ရှုံ့မဲ့နေခဲ့ကြလေ၏။
“ညီအစ်ကိုရန်၊ မင်းတို့ရန်မိသားစုက ကောင်စုတ်လေးက နည်းနည်း မမောက်မာလွန်းဘူးလား”
သူတို့အဖွဲ့သားတွေ အားလုံးကို ပြန်ဆုတ်ခိုင်းပြီးနောက် ခန်ရူက ရန်ရင်ဟောင်ကို ကြည့်၍ သုန်မှုန်နေသည့် မျက်နှာထားဖြင့် မေးလိုက်လေ၏။
“သူမှာ အဲ့လိုမောက်မာဖို့ အရည်အချင်း ရှိတယ်လေ”
ရန်ရင်ဟောင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်၏။
“ဒါပေမယ့် သူက ရန်မိသားစုရဲ့ ဂျူနီယာတစ်ယောက် ဖြစ်နေတုန်းပဲလေ။ မိသားစုခေါင်းဆောင်ဆိုတဲ့ အဆင့်အတန်းနဲ့ သူ့ကိုသွားထိန်းချုပ်လို့ မရဘူးလား”
“သောက်ပိုတွေ လာပြောနေပြန်ပြီ။ စစ်ပွဲမြို့တော်မှာ ဖြစ်ပျက်သွားခဲ့တဲ့ အဖြစ်အပျက်တွေ ပြီးတဲ့နောက် ငါတို့ ရန်မိသားစုကို သူက သောက်ဂရုစိုက်ဦးမယ် ထင်နေတာလား”
ရန်ရင်ဟောင်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။
မန်ရှီပင်းက သက်ပြင်းချ၍
“ဟူး… ငါတို့ အတွက်အချက် မှားယွင်းသွားခဲ့တဲ့ပုံပဲ။ ငါတို့သူ့ကို ဖိအားမပေးခဲ့လိုက်သင့်ဘူး။ ငါတို့သာ ပိုပြီး စဉ်းစဉ်းစားစားနဲ့ လုပ်ခဲ့ရင်…”
ရီကွမ်းရန်က မန်ရှီပင်းကို အေးစက်စက် အမူအရာဖြင့် စူးစူးဝါးဝါး စိုက်ကြည့်၍ အခိုင်အမာ ဆိုလိုက်လေ၏။
“အတိတ်တွေကို ပြန်တွေးနေလို့လည်း ဘာမှရတော့မှာ မဟုတ်ဘူး။ အခုအခြေအနေက ရှင်းနေပြီ။ ငါတို့သာ ရန်ကိုင်ရဲ့ ထောက်ပံ့မှုကို ရလိုက်မယ်ဆိုရင် လဝက်အတွင်း တိမ်မိစ္ဆာနယ်မြေကို ဗဟိုမြို့တော်ဆီကနေ မောင်းထုတ် နိုင်လိမ့်မယ်။ အဲ့အတိုင်းပဲ တိမ်မိစ္ဆာနယ်မြေသာ ရန်ကိုင်နဲ့ ပူးပေါင်းသွားခဲ့ရင် ဗဟိုမြို့တော်တစ်ခုလုံး…”
ပျက်စီးကိန်း ဆိုက်သွားလိမ့်မယ်……
“ဒါပေမယ့် သူက ရှန်မိသားစု၊ နန်မိသားစု၊ ဟွမ်မိသားစု၊ ရှောင်ခြည်ဖြာနန်းတော်က မသေမျိုးအဆင့် ပညာရှင်လေးယောက်ကို သတ်ပစ်လိုက်တာနော်။ ငါတို့ ဒီကိစ္စကို ဘယ်လိုလုပ်ကြမှာလဲ။ ဒါက ပေါ့သေးသေး ကိစ္စတစ်ခု မဟုတ်ဘူး။ အဲ့လေးယောက်က ငါတို့ မိသားစုကြီးရှစ်ခုရဲ့ ထုတ်ပြန်ချက်ကြောင့် ဗဟိုမြို့တော်ဆီ ကူညီပေးဖို့ ရောက်လာခဲ့တာ။ ငါတို့သာ ကောင်းကောင်း မကိုင်တွယ်နိုင်ရင်၊ ဟန်မင်းဆက်တစ်ခုလုံးမှာ ရှိနေတဲ့ အင်အားစုတွေလည်း ငါတို့ကို လာကူဖို့ တွန့်ဆုတ် ကုန်ကြလိမ့်မယ်”
ကောင်းမိုက မျက်မှောင်ကြုံ့၍ ဆိုလိုက်လေ၏။
ထိုစကားကို ကြားသည်နှင့် အားလုံး တိတ်ဆိတ် သွားခဲ့ကြလေ၏။ ယခုလက်ရှိအခြေအနေကို ဖြေရှင်းဖို့ရာ မည်မျှခက်ခဲမှန်း အားလုံး နားလည်သွားခဲ့ကြလေ၏။
ယုတ္တိရှိရှိ ဆိုရလျှင် မသေမျိုးအဆင့် ပညာရှင် လေးယောက်ကို သတ်လိုက်သော ရန်ကိုင်၏ လုပ်ရပ်သည် မိသားစုကြီး(၈)ခုက ခွင့်လွှတ်ပေးနိုင်သော လုပ်ရပ်မျိုး မဟုတ်ချေ။ သူတို့ဘက်က ခွင့်လွှတ်ပေးလျှင်ပင် ဟန်မင်းဆက်ရှိ ကျန်ရှိနေသော အင်အားစုများကို သင့်တင့်မျှတသည့် အကြောင်းပြချက် တစ်ခု ပေးရပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်ကိုသာ အပြစ်ပြု ရန်စမိလိုက်လျှင် ဖြစ်လာမည့် အကျိုးဆက်များသည် သူတို့ ရင်ဆိုင်နိုင်မည့် အရာမျိုးမဟုတ်။
“အဲ့ကောင်စုတ်လေးက ဘယ်လိုလူမျိုးလဲ။ ဒီနေ့လိုမျိုး ဖြစ်လာအောင် သူဘယ်လိုတွေများ လုပ်ခဲ့တာလဲ”
ဟော်ကျန်းက ငေးငိုင်စဉ်းစားနေရင်း သူ့အတွေးတွေကို ထုတ်မေးလိုက်လေ၏။
သူ့အမေးကို ကြားလိုက်သည်နှင့် ခုနှစ်စုံသော မျက်ဝန်းတို့သည့် ရန်ရင်ဟောင်ဆီသို့ တည့်တည့်မတ်မတ် ရောက်ရှိလာခဲ့လေ၏။
သို့သော်ငြား ရန်ရင်ကောင်ကမူ ပုခုံးသားတွန့်ပြ၍
“ငါကို လာကြည့်မနေနဲ့။ ငါလည်း သူ့အကြောင်း များများစားစား သိတာမဟုတ်ဘူး။ သူက တစ်ခုခုကို ဆုံးဖြတ်ပြီးတာနဲ့ ပြန်ပြင်လေ့ရှိတဲ့ လူစားမျိုး မဟုတ်ဘူး ဆိုတာကိုပဲ ငါသိတယ်။ ရန်မိသားစုမှာ ရှိနေတုန်းကတောင် ဘယ်တော့မှ အောက်ကျခံခဲ့တာ မဟုတ်ဘူး”
“သူ့မိဘတွေကို ခေါ်ပြီးမေးကြည့်လိုက်လေ။ သူတို့က ငါတို့ထက် သူ့အကြောင်း ပိုသိမှာပေါ့”
ခန်ရူက ရုတ်တရက် အကြံဝင်ပေးလိုက်လေ၏။
“အဲ့အကြံမဆိုးဘူး။ အဲ့ကောင်စုတ်လေးက ရက်စက်ပြီး ငါတို့မိသားစုကြီး(၈)ခုနဲ့ ပူးပေါင်းဖို့ ငြင်းဆိုမယ် ဆိုရင်တောင် သူ့မိဘတွေကိုတော့ ဂရုစိုက်ဦးမှာပဲမလား”
ရန်ရင်ဟောင်၏ မျက်ခုံးကြောတို့ တွန့်သွားခဲ့ပြီး ခဏကြာပြီးသည့်နောက် ခေါင်းညိတ်လိုက်၍
“ကောင်းပြီလေ။ သူတို့ဆီ မင်းတို့ကို ပို့ပေးမယ်။ ဒါပေမယ့် သူတို့အပေါ် လှုပ်ရှားဖို့ နည်းနည်းလေးတောင် မကြိုးစားနဲ့နော်”
“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။ အဲ့ကိစ္စနဲ့ပက်သက်ပြီး ညီအစ်ကိုရန် စိုးရိမ်စရာ မလိုပါဘူး”
လူခုနှစ်ယောက်စလုံး တစ်ပြိုင်တည်း ခေါင်းညိတ် လိုက်ကြလေ၏။
ယခုကဲ့သို့ အချိန်မျိုး၌ မည်သူကများ ရန်ကိုင်ကို သွားရန်စရဲမည်နည်း။
ရန်ရင်ဟောင်၏ စီမံပေးမှုကြောင့် စစ်ဖြစ်နေစဉ်အတွင်း ရန်မိသားစု၏ လေးယောက်မြောက် သခင်ကြီးနှင့် သူ့မိန်းမတို့သည် ရန်မိသားစု၏ ခြံဝန်း အတွင်း၌သာ နေခဲ့ရ၍ စစ်ပွဲဆီသို့ တစ်ကြိမ်တစ်ခါမျှပင် စေလွှတ်ခြင်း မခံခဲ့ရချေ။ ရန်ရင်ဖုန်းသည် တိုက်ပွဲသို့သွားပါရစေဟု အကြိမ်များစွာ တောင်ဆိုခဲ့သော်လည်း အမြဲတမ်း ပယ်ချခြင်း ခံခဲ့ရ၏။
သူတို့၏ အရင်အပြုအမူတွေအတွက် ရန်ရင်ဟောင် အနေဖြင့် ဤလောက်မျှသာ ရန်ကိုင်အတွက် လုပ်ပေးနိုင်၏။
မကြာခင်မှာပဲ ရန်မိသားစု၏ လေးယောက်မြောက် သခင်ကြီး ရောက်ရှိလာခဲ့လေ၏။
ရန်ရင်ဖုန်းက လက်သီးဆုပ်လိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်လေ၏
“မိသားစုခေါင်းဆောင်၊ ကျုပ်နဲ့ကျုပ်မိန်းမကို ဒီအချိန်ကျမှ ဘာလို့ ဆင့်ခေါ်လိုက်ရတာလဲမသိဘူး”
ရန်ကိုင်သည် ယနေ့၌ ဗဟိုမြို့တော်ဆီသို့ ရောက်ရှိလာ၍ တိမ်မိစ္ဆာနယ်မြေနှင့် မိသားစုကြီးရှစ်ခု ကြားက တိုက်ပွဲထဲ ဝင်ရှုပ်သွားခဲ့သည်ကို ရန်ရင်ဖုန်း မိသသေးချေ။ ထို့ကြောင့် ရန်ရင်ဟောင်က သူတို့ကို ရုတ်တရက်ကြီး ဆင့်ခေါ်လိုက်သည့်အခါ ရန်ရင်ဖုန်း စိတ်ထဲ သံသယရေလှိုင်းတို့ ဖြတ်ပြေးသွားသည်မှာ သဘာဝပင် ဖြစ်လေ၏။
“ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး။ ကျုပ်နဲ့ ကျန်တဲ့ မိသားစုခေါင်းဆောင်တွေက ရန်ကိုင်ရဲ့ စိတ်နေစိတ်ထား၊ စရိုက်အကြောင်း နည်းနည်းလေး ပိုသိချင်ရုံလေးပါပဲ”
ရန်ရင်ဟောင်က အသာအယာ ချောင်းဟန့်၍ ပြန်ပြောလိုက်လေ၏။
“ကိုင်အာလား”
ထိုစကားကို ကြားလိုက်သည်နှင့် ရန်ရင်ဟောင်၏ မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး သူ့မျက်နှာထက် စိတ်ရှုပ်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေ၏။
“ကိုင်အာဘာဖြစ်သွားလို့လဲ”
ဒေါင်စုကျုမှာမူ ချက်ချင်းဆိုသလို ပျာသလဲလဲ ဖြစ်သွားခဲ့ပြီး စိုးရိမ်တကြီးဖြင့် အလျင်စလို မေးလိုက်လေ၏။
ရန်ရင်ဟောင်က ခပ်မြန်မြန်ပဲ ခေါင်းခါရမ်း၍
“ရန်ကိုင်က လုံခြုံပါတယ်။ မရီး စိုးရိမ်စရာ မလိုပါဘူး”
“အဲဒါဆိုရင် ဘာဖြစ်လို့လဲ။ ဘာလို့ ကိုင်အာအကြောင်း ရုတ်တရက်ကြီး သိချင်နေရတာလဲ”
ဒေါင်ချင်းဟုန် ချက်ချင်း သတိချပ်လိုက်၏။ သူမ၏ ထက်ရှသည့် မျက်ဝန်းအစုံက ကျန်မိသားစုခေါင်းဆောင် ခုနှစ်ယောက်ကို ဝေ့ကြည့်လိုက်သည့်အခိုက်၊ ယခင်က မာနတစ်ခွဲသားဖြင့် မောက်မာအထက်စီးဆန်ခဲ့သော မိသားစုခေါင်းဆောင်များသည် ယခုအချိန်၌ သူမတို့ လင်မယားနှစ်ယောက်အား သတိတကြည့်ကြည့်ဖြင့် ပြန်စိုက်ကြည့်နေခဲ့ကြပြီး အချို့ဆို ဖားယားသည့် အပြုံးကိုပင် ဆင်မြန်းထားကြသည်ကို တွေ့လိုက်ရလေ၏။
မိသားစုကြီးရှစ်ခု၏ ခေါင်းဆောင်များ ယခုကဲ့သို့ ပြုမူသည်ကို တစ်ကြိမ်မျှပင် မမြင်ဖူးခဲ့သည့်အတွက် ဒေါင်စုကျုမှာ ချက်ချင်းဆိုသလို စိတ်ရှုပ်သွားခဲ့ရလေ၏။
ရန်ရင်ဟောင်က ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ပြီး ယခုလေးတင် ဘာတွေဖြစ်ပျက်သွားခဲ့သည် ဆိုသည်အား အကျဉ်းချုံး ရှင်းပြလိုက်၏။
ရန်ရင်ဟောင် ရှင်းပြသည်ကို ကြားပြီးသည့်နောက် ရန်ရင်ဖုန်းက ဒေါသတကြီးဖြင့် ဆူပူကြိမ်းမောင်းစကား ဆိုတော့လေသည်
“ဒီမသိတတ်တဲ့ သားကတော့ကွာ…။ ဗဟိုမြို့တော်ဆီ ပြန်ရောက်တာတောင် မိသားစုဆီ ဘာလို့ ပြန်မလာရတာလဲ မသိဘူး။ သူ့ကို မမျှမတ ဆက်ဆံခဲ့လို့ မိသားစုကြီးရှစ်ခု အပေါ် အငြိုးထားနေသေးတာလား”
မိသားစုကြီးရှစ်ခုစလုံးမှ ခေါင်းဆောင်များ၏ အမူအရာ ချက်ချင်းဆိုသလို အရုပ်ဆိုးသွားခဲ့ကြလေ၏။
ရန်ရင်ဖုန်းသည် ရန်ကိုင်အား ဆူပူကြိမ်းမောင်းဟန် လုပ်ပြနေသော်လည်း သူက သူ့သား မတရား ခံစားခဲ့ရသည်များကို ဖွင့်ထုတ်ပြောဆိုနေမှန်း သူတို့တစ်တွေ အကုန်လုံး နားလည်ထားကြပေ၏။
မိသားစုကြီးရှစ်ခုသည်သာ ရန်ကိုင်အပေါ် မမျှမတ မဆက်ခံခဲ့လျှင် ရန်ကိုင်သည် ရန်မိသားစုဝင် တစ်ယောက် ဖြစ်နေပေဦးမည်။
“မိသားစုခေါင်းဆောင် ကျုပ်ကိုခွင့်လွှတ်ပေးပါ။ ကျုပ်သားက တဇွတ်ထိုးနိုင်တော့ အမှားကြီးကြီးတစ်ခုကို လုပ်မိသွားတယ်။ နောက်တစ်ကြိမ် သူ့ကိုပြန်တွေ့ခဲ့ရင် အားလုံးကိုယ်စား သေသေချာချာ ဆုံးမပေးလိုက်ပါ့မယ်”
“မလိုပါဘူး”
ခန်ရူက ပျာတီးပျာယာဖြင့် ဝင်ပြောလိုက်လေ၏။ ရန်ကိုင်သာ ရန်ရင်ဖုန်း၏ ဆူပူကြိမ်းမောင်းခြင်း ခံရသဖြင့် ဒေါသထွက်သွား၍ သူ့ဒေါသကို သူတို့အပေါ် လာဖောက်ထုတ်နေမှဖြင့်၊ အခြေအနေတွေက ယခုထက်ပင် ပို၍ ဆိုးရွားသွားနိုင်ပေသည်။
“ကျုပ်တို့က ရန်ကိုင်အကြောင်း ပိုသိချင်ရုံလေးပါ။ ခင်ဗျားတို့က သူ့ကို ပြုစုပျိုးထောင်လာပေးခဲ့တဲ့ လူတွေ ဆိုတော့ ကျန်တဲ့လူတွေအားလုံးထက် သူ့အကြောင်း ပိုသိလောက်မှာပေါ့၊ ဟုတ်တယ်မလား”
“ဒါက…”
ရန်မိသားစု လေးယောက်မြောက်သခင်ကြီး တုန့်ဆိုင်း တွေဝေသွားခဲ့ပြီး
“ပြောရမှာ ရှက်ပေမယ့် ကျုပ်က ကျုပ်သားနဲ့ သိပ်ပြီး စကားပြောဖြစ်တာ မဟုတ်ဘူး။ ဒါကြောင့် သူ့အကြောင်း ကျုပ်လည်း အများကြီး မသိလှဘူး”
“ကျွန်မသိတယ်”
ဒေါင်စုကျုက လက်မြှောက်၍ အော်ပြောလိုက်လေ၏။
အားလုံးသည် မျှော်လင့်ရိပ်တို့ ရစ်သိုင်းနေသည့် အမူအရာဖြင့် ဒေါင်ကျုစုဆီ ချက်ချင်း လှမ်းကြည့်လိုက် ကြလေသည်။
ဤသို့ဖြင့်… ရန်ကိုင်ငယ်စဉ်အခါက အရေးမပါလှသည့် အကြောင်းအရာများကို စတင်၍ အပြောစခန်း ဖွင့်တော် မူလေရာ အချိန်ကြာလာသည်နှင့်အမျှ မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်များ၏ အမူအရာများသည်လည်း ပိုပို၍ ကိုးယိုးကားယား ဖြစ်လာခဲ့လေ၏။
ဒေါင်စုကျု၏ ပုံပြင်အား နာရီဝက်ကျော် နားထောင်ပြီးသော်လည်း အရေးပါလောက်မည့် အချက်အလက် တစ်ခုတစ်လေမျှပင် မရရှိခဲ့။
“ရပြီ…”
ဒေါင်စုကျုက ဆက်ပြောဖို့လုပ်နေသည်ကို မြင်သည်နှင့် ရန်ရင်ဟောင်က အလျင်အမြန်ပဲ ကြားဖြတ်၍ ပြောလိုက်၏
“ကျုပ်တို့ သိသွားပြီ”
ဒေါင်စုကျုက အသာအယာ ရယ်မော၍ ဆက်ပြောလိုက်၏
“ကျွန်မရဲ့သားက ကလေးဆိုးလေး မဟုတ်ပါဘူးနော်။ ကိုယ့်ကိုတစ်ကြိမ်လေးစားရင် ဆယ်ကြိမ်ပြန်လေးစားရမယ်၊ တစ်ကြိမ် လာရိုက်ရင်၊ ဟဲဟဲ… သုံကြိမ် ပြန်ရိုက်ဖို့ ငယ်ငယ်လေးကလည်း သင်ပေးထားခဲ့တာ”
မိသားစုကြီးရှစ်ခု၏ ခေါင်းဆောင်များအားလုံး လေးနက် တည်ကြည်သည့် အမူအရာဖြင့် ငယ်ရွယ်၊ ရိုးသား၊ အပြစ်ကင်းစင်ဟန် ထင်ရသည့် ဒေါင်စုကျုအား စူးစိုက်၍ ကြည့်လိုက်ကြလေ၏။
ဒေါင်စုကျုကမူ အပြုံးကြီးပြုံးလျက် ထိုခေါင်းဆောင် ရှစ်ယောက်အား မကြောက်စတမ်း ပြန်စိုက်ကြည့်လိုက်၏။
ထိုအချိန်၌ ရန်မိသားစု၏ လေးယောက်မြောက် သခင်ကြီးသည် ကျောက်ရုပ်ကြီးတစ်ရုပ်ပမာ သူ့မိန်းမဘေး၌ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရပ်နေခဲ့လေ၏။
“ကျုပ်တို့နားလည်ပြီ”
ခန်ရူက အသာအယာခေါင်းညိတ်၍ လေးနက်စွာ ဆိုလိုက်၏။
“ခင်ဗျားတို့ အားလုံး နားလည်သွားပြီဆိုမှတော့ ကျုပ်တို့ ဇနီမောင်နှံလည်း ပြန်လိုက်ပါဦးမယ်”
ပြောပြီးသည်နှင့် ရန်မိသားစု လေးယောက်မြောက် သခင်ကြီးသည် ဒေါင်စုကျုနှင့်အတူ ထွက်သွားလေသည်။
ရန်မိသားစု လေးယောက်မြောက် သခင်ကြီးနှင့် သူ့မိန်းမ ထွက်သွားပြီးသည့်နောက် မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်များ၏ အမူအရာ တင်းမာခက်ထန် သွားခဲ့လေ၏။ ငယ်ရွယ်ရိုးသားဟန် ထင်ရသည့် လေးယောက်မြောက် သခင်မကြီးသည် ရိုးရှင်းသည့် လူတစ်ယောက် မဟုတ်သည့်ပုံပင်။ ရန်ကိုင်၏ လက်ရှိ အပြုအမူ၊ စိတ်နေစိတ်ထားနဲ့ စရိုက်သည် သူမ၏ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရသည့် အတွက်ကြောင့် ဖြစ်နိုင်လောက်ပေ၏။
“တစ်ကြိမ်လေးစားရင်၊ ဆယ်ကြိမ်ပြန်လေးစားရမယ်၊ ဟုတ်တယ်မလား”
အားလုံး အတွေးရေယာဉ်ကြော ကိုယ်စီထဲ နစ်မြောသွားခဲ့လေ၏။
----------------------------------
ရန်ကိုင်စံအိမ်၌…
ရွှေရောင်မျက်လုံးမှ သန့်စင်ပေးထားသည့် စိတ်စွမ်းအင် များကို နှစ်ရက်ကြာအောင် စုပ်ယူပြီသည့်နောက်၌ ရန်ကိုင်သည် အင်မော်တယ် တက်လှမ်းခြင်းအဆင့်၅သို့ ချိုးဖျက်သွားနိုင်ခဲ့လေ၏။ သူနှင့်စုယန်ကြားတွင် ကွာဟချက်တို့ မရှိတော့လေပြီ။
ထိုအဆင့်သို့ ရောက်ရှိလာသည်နှင့် ရန်ကိုင် သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်၏။ စုယန်နှင့် စတွေ့သည့်အချိန်မှစ၍ သူမ၏ ခွန်အားသည့် သူ့ထက် အမြဲတစေ သာလွန်နေခဲ့လေ၏။ ယောကျာ်းတစ်ယောက် ဖြစ်ရာ သူချစ်ရသည့် မိန်းမကလေးထက် ပိုမိုသာလွန်သည့် ခွန်အားကို ပိုင်ဆိုင်ချင်သည်မှာ သဘာဝင်ပင်ဖြစ်၏။
ဒါက ပြိုင်ဆိုင်လိုခြင်း မဟုတ်သလို၊ မာနာကြောင့်လည်း မဟုတ်ချေ။ စုယန်၏ ပါရမီနှင့် အလားအလာ မည်မျှကောင်းသည်ကို အားလုံးထက် ရန်ကိုင် ပိုနားလည်၏။ သူသာ ပေါ့ပေါးပါးပါးဖြင့် အနားယူနေမည်ဆိုပါက စုယန်နှင့် သူ့ကြားက ကွာဟချက်သည် ကြီးမားသည်ထက် ကြီးမား လာပေလိမ့်မည်။
တံခါးပိတ်ကျင့်စဉ်ဝင်ရာမှ ထွက်လာပြီးသည့်နောက် ရန်ကိုင်သည် သူ့အိမ်မှ ပညာရှင်များကို ဦးဆောင်၌ တိမ်မိစ္ဆာနယ်မြေမှ အဖွဲ့သားများကို သွားတိုက်ခိုက်လေ၏။
တစ်ကြိမ်ခံရပြီးပြီဖြစ်ရာ တိမ်မိစ္ဆာနယ်မြေသည် နောက်တစ်ကြိမ် အလစ်အငိုက် အတိုက်ခိုက်မခံတော့။ ထို့ကြောင့် ရန်ကိုင်၏ ယခုတစ်ကြိမ် တိုက်ခိုက်မှုသည် တိမ်မိစ္ဆာနယ်မြေအား ကြီးကြီးမားမား ထိခိုက်ဆုံးရှုံး သွားစေခဲ့ခြင်း မရှိပဲ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်နှင့် မိစ္ဆာသားရဲ အနည်းငယ်ကိုသာ ဆုံးရှုံးသွားခဲ့စေလေ၏။
ထိုကိစ္စနှင့်ပက်သက်ပြီး ရန်ကိုင် မစိုးရိမ်ချေ။ အစကတည်းကပင် ရွှေရောင်မျက်လုံးမှ ရသည့် အကျိုးအမြတ်များကို အကူပစ္စည်းတစ်ခုအဖြစ်သာ မှတ်ယူထားခဲ့ခြင်း ဖြစ်၏။ သူသာ ယခုထက် ပိုမို သန်မာလာချင်သည် ဆိုပါက သူ၏ မဆုတ်မနစ်သော ဇွဲလုံလဝီရိယ အအပေါ်မှ မှီခိုအားထားရုံသာ ရှိ၏။
မကြာခဏ တိုက်ခိုက်ရသည်မှာလည်း အကြောင်းပြချက် နှစ်ချက်ရှိ၏၊ တစ်ခသည် သေဆုံးသွားသော အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်များ၏ စိတ်စွမ်းအင်ကို စုပ်ယူဖို့ဖြစ်၍ ဒုတိယ တစ်ချက်သည် တိုက်ပွဲအတွေ့အကြုံ ရလို၍ဖြစ်၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၈၂) အားလုံးပြောင်းလဲပစ်ရမယ်
~~~~~~~~~~~~~~~~~~~~~~~~~
တစ်လကြာပြီးသည့်နောက် ရန်ကိုင်၏ တရစပ် ထိုးစစ်ဆင်မှုကြောင့် တိမ်မိစ္ဆာနယ်မြေမှ အဖွဲ့သားများစွာ ကျဆုံးခဲ့ရလေ၏။ မိစ္ဆာအရှင်သခင် ရန်ပိုင်သည် သူ့အဖွဲ့သားများကို တပ်ပြန်ဆုတ်ထားရန် အမိန့်ပေးထားခဲ့ပြီး ထပ်မံ၍ လက်ဦးမှုရယူ တိုက်ခိုက်ရန် မကြိုးစားတော့ချေ။
ရန်ကိုင်သည် တိမ်မိစ္ဆာနယ်မြေမှ အင်အားစုများကို ဖိနှိပ်နေရာ မိသားစုကြီးရှစ်ခုမှာ တစ်ခဏတာ အနားရနေခဲ့လေ၏။ သို့သော်လည်း တစ်ခါတစ်ရံ ရန်ကိုင်နှင့်ပူးပေါင်း၍ တိမ်မိစ္ဆာနယ်မြေကို တိုက်ခိုက်သည့် အခါမျိုးတော့ ရှိတတ်၏။ ကြီးကြီးမားမား တိုက်စစ်ဆင်သည်မျိုးကိုမူ မပြုလုပ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ရန်ကိုင် ယခုနေရာဆီ မည်သည့်အတွက်ကြောင့် ရောက်လာခဲ့မှန်း သူတိုမသိသေးသောကြောင့် ဖြစ်၏။
ဤသို့ဖြင့် ဗဟိုမြို့တော်ကြီး၏ စစ်ပွဲအခြေအနေသည် အင်အာစုကြီး သုံးခုကြားမှ အားပြိုင်မှုတစ်ခု ဖြစ်လာခဲ့လေ၏။
ထိုအင်အားစုသုံးခုကြားက ဆက်ဆံရေးသည် မရှင်းမလင်းနှင့် ရှုပ်ထွေးနေခဲ့၏။
မိသားစုကြီးရှစ်ခုနှင့် တိမ်မိစ္ဆာနယ်မြေသည် ကမ္ဘာမကြေရန်သူများ ဖြစ်ကြ၏။ ရန်ကိုင်သည် ထိုအင်အားစုနှစ်ခုကြား ပိတ်ရပ်နေ၍ တိမ်မိစ္ဆာနယ်မြေအား မကြာခဏ တိုက်ခိုက်ခဲ့သော်လည်း မိသားစုကြီး ရှစ်ခုကို မျက်နှာသာပေးသည်တော့ မဟုတ်။ မိသားစုကြီးရှစ်ခုမှ အင်အားစုများ ရန်ကိုင်အား သွန်းရန်စသည့်အခါ ရန်ကိုင်သည် ပြင်းပြင်းထန်ထန် ပြန်၍ တုန့်ပြန်တတ်လေ၏။
ကံကောင်းစွာဖြင့် မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်များသည် သူတို့၏ မဟာမိတ်အဖွဲ့သားများနှင့် သူတို့မိသားစုဝင်များကို ရန်ကိုင်၏ အဖွဲ့သားများအား သွားရန်မစဖို့ရာ အမိန့်ပေးထားခဲ့လေ၏။ တိုက်ပွဲအတွင်း၌ သူတို့ကြား အချင်းများခဲ့လျှင်ပင် အံတင်းတင်းကြိတ်၊ ရေငုံနှုတ်ပိတ်၍ ငြိမ်ခံနေရပေမည်။
ယခုလို အချိန်မျိုးတွင် မိသားစုကြီးရှစ်ခုသည် ရန်ကိုင်နှင့် နည်းနည်းမျှပင် ပြဿနာမတက်ချင်ကြချေ။
အကျိုးဆက်အနေဖြင့် စစ်ပွဲဖြစ်လာရာမှ ရရှိကျန်ရစ်ခဲ့သော အကျိုးအမြတ်များကို ရန်ကိုင်၏ အင်အားစုများက အကုန်အစင် ရိတ်သိမ်းသွားခဲ့လေ၏။ တိမ်မိစ္ဆာနယ်မြေမှ ပညာရှင်များ သေဆုံးသွားသဖြင့် ကျကျန်ရစ်ခဲ့သော ဆေးလုံးများ၊ လက်နက်များကို ရန်ကိုင်၏ အင်အားစုများက အကြွင်းအကျန်ပါမချန် အကုန် သယ်မသွားခဲ့လေသည်။
ရန်ကိုင်စံအိမ်၏ ဂုဏ်သတင်းသည်လည်း ဟန်မင်းဆက်တစ်ခွင် နေလပမာ ထွန်းပြောင်လာခဲ့လေ၏။
တစ်လကြာပြီးသည့်နောက် များစွာသော ကျင့်ကြံသူများသည် ရန်ကိုင်စံအိမ်၏ အပြင်ဘက်၌ စုဝေးနေခဲ့ကြလေ၏။ ထိုအခြင်းအရာကို မြင်လိုက်သော် ချူရီမန်သည် ရန်ကိုင်အား ချက်ချင်း သွားသတိပေးလေ၏။
“ဘာဖြစ်လို့လဲ”
“စံအိမ်အပြင်ဘက်မှာ လူတွေအများကြီးပဲ”
“ဘယ်သူတွေလဲ”
ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့လေ၏။ မည်သူကများ သူ့အား လာပြဿနာရှာရဲတာလဲဟု တွေးရင် သူ့အမူအရာလည်း အနည်းငယ် မကြည်မလင် ဖြစ်သွားခဲ့လေ၏။
“နင့်ဆီမှာ လာခိုလှုံချင်နေတဲ့လူတွေလေ”
“ငါ့ဆီမှာ လာခိုလှုံတာလား” ရန်ကိုင် ကြက်သေသေသွားခဲ့ပြီး ရယ်မောလိုက်ကာ “ဒါက အမွေခံတိုက်ပွဲမှ မဟုတ်တာ”
ချူရီမန်က မျက်စလေးပင့်လိုက်၍ “အပြင်မှာရှိနေတဲ့ လူအားလုံးက မိသားစုကြီးရှစ်ခု၏ အမိန့်ကို ရရှိခဲ့တဲ့ ပထမအဆင့် အင်အားစုတွေချည်းပဲ”
“သူတို့ကို ခေါ်လိုက်တဲ့လူက မိသားစုကြီးရှစ်ခုလေ။ ဘာလို့ ငါ့ဆီလာတာလဲ” ရန်ကိုင်က နားမလည်နိုင်သည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။
“အချင်ယောင် ဆောင်မနေနဲ့” ချူရီမန်က နှာခေါင်းရှုံ့လိုက်၍ “ဒီနေရာက ပိုလုံခြုံတော့ ဒီနေရာဆီကိုပဲ လာကြမှာပေါ့။ ငါတို့မလာခင်က ဗဟိုမြို့တော်ဆီ လာကူညီပေးခဲ့တဲ့ ပထမအဆင့် အင်အားစု အချို့ရှိတယ်။ ဒါပေမယ့် အဲ့အင်အားစုတွေအကုန်လုံး စစ်ပွဲမှာတင် အကုန်ကျသွားခဲ့တာ=။ အရှေ့မှာ ဒီလောက်ဥပမာတွေ အများကြီး ရှိနေတာကို သူတို့တွေက မိသားစုကြီးရှစ်ခုရဲ့ အရိပ်အောက် ဘာလို့ ဝင်ခိုလှုံနေရဦးမှာလဲ”
“အဲ့ဒါကြောင့်ပဲ သူတို့က ငါ့ဆီလာခဲ့တယ်ဆိုပါတော့” ရန်ကိုင်၏ အမူအရာ ထပ်မံထူးဆန်းသွားခဲ့လေပြန်၏။
“ဟုတ်တယ်” ချူရီမန်က အသာအယာ ခေါင်းညိတ်၍ “ပြီးတော့ စံအိမ်ထဲမှာ နောက်ထပ်နမူနာယူလို့ရတဲ့ ဥပမာတစ်ခု ရှိသေးတယ်လေ”
“လူမိသားစုကို ပြောချင်တာလား” ရန်ကိုင် ချက်ချင်းပဲ နားလည်သွားခဲ့လေ၏။
“ဟုတ်တယ်။ လူမိသားစုလည်း မကြာသေးခင်ကမှ ဗဟိုမြို့တော်ဆီ လာခဲ့တာ။ ဒါပေမယ့် သူက မိသားစုကြီးရှစ်ခုနဲ့ မပူးပေါင်းပဲ နင်နဲ့ လာပူးပေါင်းခဲ့တယ်။ စစ်ပွဲမှာတုန်းက သူ့ဘက်က တစ်ယောကမှတောင် မဆုံးခဲ့ဘူး” ချူရီမန်က ကောက်ကျစ်စဉ်းလဲစွာဖြင့် ရယ်မောလိုက်ပြီး “နင်က အစဉ်အလာတစ်ခုကို ဖန်တီးပေးလိုက်တော့ အားလုံးက အဲ့ဒါကို အမြတ်ထုတ်ချင်နေကြပြီ။ ဒီကိစ္စကို နင်ဘယ်လိုကိုင်တွယ်မယ် စဉ်းစားထားလဲ”
“ဒါက…” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့လေသည်။
လူမိသားစုကို သူနှင့် ပူးပေါင်းခွင့်ပြုခဲ့ရသည့် အကြောင်းအရင်းသည် သူနှင့်လူစီကြားက မိတ်ဆွေဆက်ဆံရေးနှင့် လူမိသားစုဝင်များ၏ နှိမ့်ချ ရိုကျိုးသည့် အပြုအမူကြောင့်ပင် ဖြစ်သည်။ ဗဟိုမြို့တော်ဆီလာသည့် အင်အားစုတိုင်းသည်လာ သူ့ဆီလာခိုလှုံမည်ဆိုပါက သူ့စံအိမ်တွင် နေရာမရှိသည်ကို အသာထား၊ နေရာရှိလျှင်ပင် တစ်နေရာတည်း၌ လူပေါင်းများစွာ စုဝေးနေသည့်အတွက် ပဋိပက္ခတို့ ဖြစ်လာမည်မှာ မလွဲမသွေပင်ဖြစ်၏။
တစ်ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင် ရုတ်တရက်ကြီး ပြုံးလိုက်၍ “သူတို့ကိုယ်တိုင် ရောက်လာမှတော့ အကုန်လုံးကို ဝင်ခိုင်းလိုက်ပေါ့”
ချူရီမန် ကြက်သေသေသွားခဲ့လေ၏။ ရန်ကိုင် အရဆိုလျှင် ထိုလူအားလုံးကို မောင်းထုတ်ပစ်ရမှာဖြစ်၏။ သို့သော်ငြား ရန်ကိုင်က ထိုလူအားလုံးကို မောင်းမထုတ်ပဲ သူ့စံအိမ်ထဲ ဝင်ခွင့်ပြလိုက်သည့်အတွက် ချူရီမန် အံ့အားသင့်သွားခဲ့ရခြင်း ဖြစ်လေ၏။
မျက်မှောင်ကြုံ၍ တစ်ခဏတာ စဉ်းစားလိုက်ပြီဂသည့်နောက် ချူရီမန်က ရုတ်တရက် သွားပေါ်အောင် ပြုံးလိုက်ကာ ခေါင်းညိတ်လိုက်၍ “နင်က တကယ်ကို လောဘကြီးတာပဲ”
“ဒါက အခွင့်အရေးတစ်ခုပဲ” ရန်ကိုင်က ပြန်လည်၍ လှောင်ပြောင် ပြောဆိုလိုက်လေ၏ “ဗဟိုမြို့တော်က မိသားစုကြီးရှစ်ခုစလုံး သွေးသစ်လောင်းသင့်နေပြီ”
ချူရီမန်၏ မျက်ဝန်းအစုံ တလက်လက် လက်ဖြာသွားခဲ့လေ၏။ ထိုကဲ့သို့ ဖြစ်လာမည့်အချိန်အား မျှော်လင့်နေလျက် အခန်းထဲမှ အလျင်အမြန် ထွက်သွားလိုက်လေ၏။
မိသားစုကြီးရှစ်ခုဘက်မှ လူတိုင်းကမူ ရန်ကိုင်စံအိမ်အပြင်ဘက်တွင် စုဝေးနေသော လူအုပ်ကြီးအား ဘီလူးသံပုရာသီးကိုက်သည့် အမူအရာဖြင့် ငေးကြည့်နေခဲ့ကြ၏။ ထိုအင်အားစုများသည် မိသားစုကြီးရှစ်ခု၏ အမိန့်ကြောင့် ဗဟိုမြို့တော်ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်သော်ငြား မိသားစုကြီးရှစ်ခုဆီ သွားရောက်ပူးပေါင်းခြင်း မရှိပဲ ရန်ကိုင်နှင့်သာ သွားရောက်ပူးပေါင်းကြလေ၏။
သူတို့အတွက် ပြင်ဆင်ထားသည့် အစာကို အခြားတစ်ယောက်က လုစားသွားသလို မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်များအားလုံး ခံစားလိုက်ကြရ၏။
“အချိန်တွေ ပြောင်းလဲကုန်ပြီ” ခန်ရူက အသာအယာ သက်ပြင်းချလျက် ရောက်ရှိလာတော့မည့် အနာဂတ်အား စိတ်ထဲမှနေ၍ ကြိုတင်ပုံဖော်ကြည့်လိုက်၏။
ဟန်မင်းဆက် တစ်ခုလုံးရှိ အင်အားစုများသည် မိသားစုကြီးရှစ်ခုအား ပြောင်ပြောင်တင်းတင်း ဆန့်ကျင်၍ ရန်ကိုင်နှင့် သွားရောက်ပူးပေါင်းခဲ့၏။
ယခုအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုလျှင် မိသားစုကြီးရှစ်ခု၏ဂုဏ်ကို ရန်ကိုင်က အစားထိုးယူသွားပေလိမ့်မည်။
ယခုကပ်ဆိုးကြီး ပြီးဆုံးသွားသည်နှင့် ဗဟိုမြို့တော်သည် မည်သူ၏ လက်ထဲသို့ ရောက်ရှိလာမည်နည်း။
“မင်းတို့ ရန်မိသားစုက ကြောက်ဖို့ကောင်းလွန်းတဲ့ လူတစ်ယောက်ကို မွေးထုတ်ပေးလိုက်တာပဲ” ကျန်သော မိသားစုကြီး(၇)ခုမှ မိသားစုခေါင်းဆောင် ခုနှစ်ယောက်စလုံး ရန်ရင်ဟောင်ကို မနာလိုအားကျစွာဖြင့် ကြည့်လိုက်ကြ၏။
ရန်ရင်ဟောင့် ပါးစပ်မဲ့ရွဲ့သွားခဲ့ပြီး သက်ပြင်းလေးတစ်ချက်ချလျက် “သူ့သွေးမျိုးဆက်ကို လုံးလုံးကြီး လျစ်လျူမရှုဖို့ မျှော်လင့်ရတာပဲ”
ထိုအချိန်အတွင်း ရန်ကိုင်၏ စံအိမ်သည် လွန်စွာကိုမှ အလုပ်များလာခဲ့လေ၏။ ရန်ကိုင်ဆီ လာရောက်ခိုလှုံသည့် အင်အားစု အားလုံးကို ကောင်းကင်နန်းတော်ထဲသို့ ရန်ကိုင်က ဝင်ခွင့်ပြုလိုက်၏။ ထိုအရံအတားထဲ ဝင်ပြီးသည်နှင့် မည်သည့်အင်အားစုမဆို စိတ်သက်သာရာ ရသွားခဲ့ကြ၏။ နောက်ဆုံး၌ သူတို့၏လုံခြုံရေးကို အာမခံပေးနိုင်မည့် တစ်ခုခုကို ရှာတွေ့သွားခဲ့လေပြီ.
ရန်ကိုင် အင်အားစုများ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို မြင်တွေ့လိုက်ပြီးသည့် နောက်တွင် ထိုအင်အားစု အားလုံး လွန်စွာကိုမှ ရိုကျိုးနေခဲ့လေ၏။ ချူရီမန်၏ အမိန့်နှင့် စီမံခန့်ခွဲပေးမှုများကိုလည်း မည်သူမှ အထွန့်မတက်ခဲ့ကြ။
ထိုလူတွေရောက်လာသည်နှင့် ယခင်က နေရာလွတ်များစွာ ရှိခဲ့သော ရန်ကိုင်၏စံအိမ်သည် လူပေါင်းများစွာဖြင့် ပြည့်သွားခဲ့လေသည်။
ထိုအင်အားစုအားလုံးကို ခြံဝန်းတစ်ခုစီ၌ နေရာချထားပေးခဲ့လေ၏။ ထိုနေရာ၌ မိမိအတွက် ထိုင်လေ့ကျင့်နိုင်မည့် နေရာတစ်ခု ရရုံသာရခဲ့၏။ အခန်းများခွဲ၍နေဖို့ပင် အခန်းအလုံအလောက်၊ အိပ်ရာ အလုံအလောက် မရှိခဲ့ချေ။
သို့သော်ငြား မည်သည်ကမှ စောဒက မခက်ခဲ့ကြချေ။ ရန်ကိုင်၏ လက်အောက်၌ ခိုလှုံခွင့်ရသည်ကိုပင် သူတို့တစ်တွေ ကျေနပ်နေခဲ့လေပြီ။
ရန်ကိုင်ဆီ လာရောက်ပူးပေါင်းသည့် အင်အားစုများ တစ်နေ့တက် တစ်နေ့ ပိုပို၍ တိုးများလာခဲ့ကာ ရန်ကိုင်သည်လည်း ထိုအင်အားစု အားလုံးကို လက်ခံပေးခဲ့လေ၏။
ထိုအင်အားစုများသည် တိမ်မိစ္ဆာနယ်မြေကို တိုက်ခိုက်ဖို့အတွက် လိုလိုလားလားဖြင့် လာရောက်ကူညီပေးကြခြင်း ဖြစ်သည့်အတွက် မိသားစုကြီး ရှစ်ခုအနေဖြင့် ထိုသူတို့၏ လုပ်ရပ်နှင့်ပက်သက်၍ အစာမကြေ ဖြစ်နေလျှင်ပင် သူတို့အား တားဆီးဖို့ရာ မကြိုးစားခဲ့ချေ။
အချိန်တွေ ကြာလာသည်နှင့်အမျှ ရန်ကိုင်၏ စံအိမ်သည် တဖြည်းဖြည်း ငြိမ်သက်လာခဲ့လေ၏။ ယခု ရန်ကိုင်စံအိမ်အတွင်း၌ ပညာရှင် အရေအတွက် စုစုပေါင်း(၂၀၀၀)ကျော် ရှိနေခဲ့လေပြီ။ သူ့အတွက် ယခင်က မသေမျိုးအဆင့် ပညာရှင်(၁၇)ယောက် ရှိခဲ့သော်လည်း နောက်ထပ် (၁၀)ယောက်က သူနှင့်ထပ်မံ ပူးပေါင်းလာသည့်အတွက် စုစုပေါင်း(၂၇)ယောက် ဖြစ်သွားခဲ့လေ၏။
ရန်ကိုင် စံအိမ်၏ ခွန်အားသည် ကြောက်မခန်းလိလိ အမြန်နှုန်းဖြင့် တိုးတက်လာနေသည်ဖြစ်ရာ မိသားစုကြီးရှစ်ခုနှင့် တိမ်မိစ္ဆာနယ်မြေတို့ ဖင်ဂနာမငြိမ်နိုင်တော့ချေ။
ညအချိန်သမယသို့ ရောက်ရှိလာသည့်အခါ အဖွဲ့နှစ်ဖွဲ့က ရန်ကိုင်၏ စံအိမ်ရှေ့သို့ ရောက်ရှိလာခဲ့၏။
နှစ်ဖွဲ့စလုံး ရန်ကိုင်စံအိမ်၏ အပြင်ဘက်တွင် ပြိုင်တူ ထိပ်တိုက် တွေ့သွားခဲ့ကြ၏။
ဘယ်ဘက်၌ အမျိုးသမီးနှစ်ယောက် ရှိနေခဲ့၍ တစ်ယောက်သည် မြင်သူတရာကို မူးမေ့ရစ်မူးသွားစေနိုင်သည့် ပြိုင်ဘက်ကင်း အလှဘုရင်မ တစ်ပါးဖြစ်ပြီး ကျန်တစ်ယောက်သည် ငယ်ရွယ်တက်ကြွစွဲမက်ဖွယ် ကောင်းလှသော မိန်းမငယ်လေး တစ်ယောက်ဖြစ်၏။ ထိုနှစ်ယောက်သည် ညို့ကဝေနတ်ဆိုးဘုရင်မ ရှန်ချင်းလော့နှင့် သူမ၏ လက်အောက်ငယ်သား ပီလော့တို့ပဲ ဖြစ်လေသည်။
အခြားတစ်ဖက်သည် ကျန်တစ်ဖက်နှင့် ဆန့်ကျင်ဘက်ဟု ဆိုရပေမည်။ ညာဘက်တွင် မိသားစုကြီးရှစ်ခု၏ လက်ရှိမိသားစု ခေါင်းဆောင်များ ဖြစ်ကြသော လူကြီးရှစ်ယောက် ရှိနေခဲ့လေ၏။
တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်တွေ့သည်နှင့် ရီကွမ်းရန်က ဒေါသတကြီး အော်တော့လေ၏ “ညို့ကဝေနတ်ဆိုးဘုရင်မ”
ပြောပြီးသည်နှင့် သူ့ကိုယ်မှ အစစ်အမှန်ချီတို့သည် လှိုင်းလုံးပမာ ထွက်ပေါ်လာခဲ့လေသည်။ ကျန်ရှိနေသော မိသားစုခေါင်းဆောင် (၇)ယောက်သည်လည်း ရှန်ချင်းလော့အား ရက်စက်တော့မည့် အကြည့်ဖြင့် ဝိုင်း၍ ကြည့်နေကြ၏။
ရှန်ချင်းလော့ အလျင်စလို နောက်ပြန်ဆုတ်လိုက်ပြီး သူမ၏ အစစ်အမှန်ချီကို တိတ်တဆိတ် လှည့်ပတ်လိုက်လေ၏။ သူမရင်ထဲ တော်တော်လေး စိုးရိမ်သွားခဲ့သည်။ ထိုလူကြီးရှစ်ယောက်နှင့် ဤနေရာ၌ တည့်တည့်လာတိုးလိမ့်မည်ဟု ရှန်ချင်းလော့ မထင်မှတ်ထားခဲ့ချေ။ သူမ၏ အရှိန်အဝါကို လုံလုံခြုံခြုံ ဖုံးကွယ်၍ လာခဲ့သော်ငြား ကံမကောင်းစွာဖြင့် ထိုလူကြီးရှစ်ယောက်နှင့် တိုက်တိုက်ဆိုင်ဆိုင် ပက်ပင်းသွားတိုးခဲ့၏။
“နတ်ဆိုးမိန်းမ၊ နင်ဒီမှာ ဘာလုပ်နေတာလဲ” ခန်ရူက ရှန်ချင်းလော့ကို မြင်သည်နှင့် ချက်ချင်းပဲ မေးလိုက်၏။
ရှန်ချင်းလော့ကမူ ရေငုံနှုတ်ပိတ်နေ၍သာ ထိုရှစ်ယောက်အား သတိတကြည့်ကြည့်ဖြင့် စိုက်ကြည့်နေလိုက်၏။
“အပိုစကားတွေ ပြောနေစရာမလိုဘူး။ သူမက ကိုယ့်ကိုယ်ကို ငါတို့ရှေ့ အရောက်ပို့လာမှတော့ ငါတို့ကလည်း သတ်လိုက်ရုံပဲပေါ့” ကောင်းမိုက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။
အားလုံးက ခေါင်းညိတ်လိုက်ကြပြီး လှုပ်ရှားဖို့ ပြင်နေစဉ်မှာပဲ ရန်ကိုင်စံအိမ်တွင်းမှ လူတစ်ယောက် လမ်းလျှောက်ထွက်လာခဲ့ပြီး အားလုံးကိုကြည့်ကာ ပြောလိုက်၏ “အားလုံး၊ ကျေးဇူးပြုပြီး ဝင်လာပေးကြပါ။ ဒီကို ရောက်လာတဲ့လူတိုင်းက ဧည့်သည့်ဖြစ်လို့ အိမ်အပြင်ဘက်မှာ ပြဿနာမရှာဖို့ ရန်ကိုင်က ပြောလိုက်ပါတယ်”
ထိုအသံကို ကြားလိုက်သည်နှင့် မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင် များ၏ အမူအရာ တစ်မျိုးတစ်ဖုံ ထူးဆန်းသွားခဲ့လေ၏။ ထွက်လာသည့် လူအား မြင်လိုက်သည်တွင် ချူရှို့ချန်က “မန်အာ”
“အဖေ” ချူရီမန်က နွေးထွေးစွာ ပြုံး၍ ချူရှို့ချန်အား ယဉ်ကျေးစွာ ဦးညွှတ်လိုက်ပြီး ကျော့ရှင်းသိမ်မွေ့စွာဖြင့် ဆက်၍ ပြောလိုက်၏ “အားလုံးက ရန်ကိုင်နဲ့ ဆွေးနွေးဖို့ ဒီကို ရောက်နေတာမလား။ ရန်ကိုင်က အားလုံးကို အဓိကခန်းမထဲမှာ စောင့်နေပါတယ်။ ကျေးဇူးပြုပြီး ဝင်လာခဲ့ပေးပါ”
ပြောပြီးသည်နှင့် ခြေတစ်လှမ်းဆုတ်၍ လမ်းပေါက်ဖယ်ပေးလိုက်၏။
“ဟန့်” ရီကွမ်းရန်က နှာခေါင်းရှုံ့၍ ရှန်ချင်းလော့အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီး “ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်။ နောက်တစ်ကြိမ် ထပ်မတွေ့ရစေနဲ့”
ခြိမ်းခြောက်စကား ဆိုပြီးသည်နှင့် စံအိမ်ထဲ ခပ်မြန်မြန်ပဲ လမ်းလျှောက် ဝင်သွားလိုက်လေသည်။
ကောင်းကင်နန်းတော်၏ အရံအတား မျက်နှာပြင်ထက် အပေါက်လေး တစ်ပေါက် ထွက်ပေါ်လာခဲ့ပြီး မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်များသည် ထိုအပေါက်လေးထဲမှ စံအိမ်တွင်းသို့ ဝင်လာခဲ့ကြလေ၏။ ချူရီမန်က ရှန်ချင်းလော့ဘက်လှည့်၍ ပြုံးကာ “အစ်မချူလည်း ဝင်လာခဲ့လေ”
“ငါလာမယ်ဆိုတာကို ရန်ကိုင် သိနေတာလား” ရှန်ချင်းလော့က အပြုံးတစ်ခုကို ဖျစ်ညစ်ပြုံး၍ မေးလိုက်၏။
“သူမသိဘူး။ အပြင်မှာ ဧည့်သည့်တွေ ရောက်နေလို့ သွားကြိုဖို့ပဲ ပြောခဲ့တာ။ ဧည့်သည့်တွေက… အခုလိုမျိုး ဧည့်သည့်တွေ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး” ချူရီမန် စိတ်ထဲကနေ ကြိတ်၍ ကျိန်ဆဲလိုက်လေ၏။
ရောက်လာသည့် လူများသည် မိသားစုကြီးရှစ်ခုမှ မိသားစု ခေါင်ဆောင်များ ဖြစ်သည်ဆိုသည်ကို သိပါက ယခုလို လာကြိုဖို့အား ခေါင်းမာမာဖြင့် ငြင်းဆန်ခဲ့မှာပဲ ဖြစ်၏။ တကယ်တော့ ထိုဧည့်သည်တွေထဲ သူမ၏ အဖေကိုယ်တိုင်လည်း ပါဝင်နေခဲ့သည်လေ။
“အဲ့ကောင်စုတ်လေး၊ အမြဲတမ်းကို ဆန်းကြယ်ပြနေတာပဲ” ရှန်ချင်းလော့က တခစ်ခစ်ဖြင့် ရယ်မောလိုက်လေ၏။
ရုတ်တရက် ချူရီမန်က ရှန်ချင်းလော့ကို ငေးကြောင်ကြည့်နေ မိလိုက်၏။ သူမ၏ မျက်ဝန်းအစုံသည်လည်း ရွှန်းဖြာသည့် အလင်းရောင် တို့ဖြင့် တလက်လက်တောက်ပနေခဲ့လေ၏။
ချူရီမန်၏ အမူအရာကို မြင်လိုက်သည်နှင့် ရှန်ချင်းလော့က သူမ၏ အမူအရာအား အလျင်စလို ပြန်လည်ပြင်ဆင်၍ သူမ၏ အရှိန်အဝါကို အလျင်အမြန်ပင် ပြန်ရုတ်လိုက်လေ၏။
အိမ်မက်တစ်ခုမှ နိုးလာသည့်အလား ချူရီမန်၏ မျက်ဝန်းအစုံသည် ဦးတည်ချက် ပြန်လည်ရရှိသွားခဲ့၍ သူမ၏ နှလုံးသားလေးထဲ ကြောက်ရွံ့မှု တို့ဖြင့် ပြည့်သွားခဲ့လေ၏။ ရှန်ချင်းလော့၏ ညို့ဓါတ်သည် မိန်းမများကိုပင် သက်ရောက်မှုရှိသည့် ပုံပင်။
အဓိကခန်းမအတွင်း၌ မိသားစုရှစ်ခုမှ ခေါင်းဆောင်များသည် သူတို့၏ ထိုင်ခုံနေရာအသီးသီး၌ ထိုင်နေခဲ့ကြ၏။ ရှန်ချင်းလော့သည် အေးအေးလူလူဖြင့် ခန်းမထဲ လမ်းလျှောက်ဝင်လာခဲ့ပြီး သူတို့နှင့် ဆန့်ကျင်ဘက်၌ ထိုင်ချလိုက်၏။ ထိုမိသားစုခေါင်းဆောင် ရှစ်ယောက်သည် သူမအပေါ် ကောင်းမွန်သည့် ရည်ရွယ်ချက် မရှိသော်ငြား ဤနေရာ၌ ရှိနေသရွေ့ ရန်ကိုင်သည် မည်သူ့ကိုမှ သူမအား ရန်ပြုခွင့် ပြုလိမ့်မည် မဟုတ်ချေ။
ထို့အပြင် ယခုအချိန်၌ မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်များသည် ရှန်ချင်းလော့အပေါ် ပြဿနာရှာဖို့ရာ အာရုံမရှိသေး။ အားလုံးသည် စားပွဲထိပ်၌ ထိုင်နေသည့် ရန်ကိုင်ကိုသာ အာရုံစိုက်နေခဲ့၏။ အခန်း တစ်ခုလုံးသည် လုံးဝကို တိတ်ဆိတ်နေခဲ့လေ၏။
ဤဆွေးနွေးပွဲကို မည်ကဲ့သို့ ကိုင်တွယ်လျှင် ကောင်းမည်နှင့် ပက်သက်၍ အကုန်လုံး ခေါင်းရှုပ်နေခဲ့၏။ ရန်မိသားစု၏ တိုက်ရိုက်မျိုးဆက် တစ်ယောက်သာ ဖြစ်သည့် လူငယ်လေးသည် သူတို့နှင့် တစ်တန်းတည်းနေ၍ စကားပြောနိုင်သည့် အဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။
တစ်နှစ်အတွင်းမှပင် ရန်မိသားစု၏ တိုက်ရိုက်မျိုးဆက်ဆိုသော အဆင့်အတန်းမှ ယခုအဆင့်အတန်းသို့ ရောက်ရှိလာခဲ့၏။ မျိုးဆက်တူ လူငယ်အားလုံးသည် သူ့အား မော့ကြည့်ရုံသာ တတ်နိုင်တော့၏။ သူနှင့် မျိုးဆက်တူထဲမှ မည်သူကမှ သူ့အား ဤတစ်သက် လိုက်မမှီတော့သည် လည်းဖြစ်နိုင်၏။
ဗဟိုမြို့တော်၏ နံပါတ်လူငယ်သခင်းလေးအဖြစ် လူသိများသော လျူချင်းယောင်သည်ပင်လျှင် ရန်ကိုင်နှင့် တန်တစ်တည်း မဟုတ်တော့ချေ။
ရန်ကိုင်နှင့် ရင်ဆိုင်ရသည့်အခါ မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်များ၏ စိတ်ထဲ အံ့ဩမှု၊ ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နေခဲ့၏။
အစေခံများ လက်ဖက်ရည် လာရောက် ချပေးသည့်အခါ လူကြီး ရှစ်ယောက်စလုံး တစ်ငုံလောက် သောက်လိုက်ကြ၏။ သို့သော် မည်သည့်ကိုမှ မခံစားနိုင်ခဲ့။ သူတို့လျှာဖျားထက် ခံစားနေရသည့် တစ်ခုတည်းသော အရသာမှာ ခါးတတ အရသာလေးပင် ဖြစ်ပေ၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၈၃) ပိုင်ရှင်ပြောင်းလဲတော့မည်လား
~~~~~~~~~~~~~~~~~~~~~~~~~
ခါးရှရှ လက်ဖက်ရည်ကြမ်းတစ်ခွက် သောက်ပြီးနောက် ခေါင်းဆောင် ရှစ်ယောက်တို့ တဖြည်းဖြည်း စိတ်မရှည်ဖြစ်လာခဲ့လေ၏။ မည်သို့ပင် ဆိုစေကာမူ သူတို့သည် မိသားစုကြီးရှစ်ခု၏ မိသားစုခေါင်းဆောင် အသီးသီး ဖြစ်နေချေသေး၏။
အဆင့်အတန်းအရ ဖြစ်စေ၊ ကျင့်ကြံခြင်းအရဖြစ်စေ သူတို့အားလုံးသည် သာမန်လူတွေထက် သာလွန်ကြ၏။ သူတို့တွေသည် မောက်မာ၍ အထက်စီးဆန်လေ့ ရှိကြသူများ ဖြစ်၏။ သို့သော်ငြား ရန်ကိုင်စံအိမ်ထဲသို့ ရောက်ရှိလာပြီးနောက် အားလုံး သတိချပ်၍ လှုပ်ရှားပြောဆို နေခဲ့ကြရ၏။ ထို့ကြောင့် သူတို့စိတ်ထဲ မကျေမနပ် ဖြစ်မိသလို ဒေါသလည်း ထွက်မိသည်မှာ သဘာဝပင်ဖြစ်ချေ၏။
အထူးသဖြင့် တည်ငြိမ်ပြီး ယုံကြည်ချက်ရှိသည့် ရန်ကိုင်၏ မျက်နှာ အမူအရာသည် ယခုအချိန်၌ သူတို့အား လှောင်ရယ်နေသလို လူကြီး ရှစ်ယောက်စလုံး ခံစားနေခဲ့ရ၏။ ခေါင်းဆောင်ထိုင်ခုံတွင် ထိုင်၍ စကားတစ်ခွန်းမှ အရင်စဆိုခြင်း မရှိပဲ သူတို့ ပြောလာမှာကိုသာ စောင့်ဆိုင်းနေခဲ့လေ၏။
ဆက်လက်၍ သည်းမခံနိုင်တော့သည်နှင့် ကောင်းမိုက ရုတ်တရက် မတ်တပ်ရပ်၍ အော်ပြောလိုက်၏ “တူလေးရေ၊ ငါတို့ မိသားစုခေါင်းဆောင် တွေက မိသားစုကြီးရှစ်ခုကို ကိုယ်စားပြုပြီး မင်းနဲ့ အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးဖို့ ဒီကို လာခဲ့တာ။ ဒါပေမယ့် ဒါပေမယ့် မင်းက ဒီစုန်းမကိုပါ ဒီမှာ ထိုင်းခိုင်းတယ်ပေါ့။ မင်းဘာလုပ်ချင်နေတာလဲ”
“စုန်းမလား” ရှန်ချင်းလော့၏ မျက်လုံးထဲ အေးစက်စက် အလင်းရောင်တို့ လက်သွားခဲ့ပြီး ရေခဲတမျှအေးစက်သည့် အပြုံးအား ဆင်မြန်း၍ “မိသားစုခေါင်းဆောင်ကောင်း၊ ကိုယ်ပြောတဲ့စကားကို သေချာ ဂရုစိုက်ရင် ကောင်းမယ်။ အခုလို စော်ကားခံရပြီးရင် ကျွန်မကလည်း ငြိမ်ခံနေမှာ မဟုတ်ဘူးနော်”
“ဟန့်၊ တစ်ကြိမ် စုန်းမဖြစ်ပြီးရင် အမြဲတမ်း စုန်းမဖြစ်နေမှာပဲ။ တူလေးရန်ကို မျက်နှာသာပေးနေတာကြောင့်သာ မဟုတ်ရင် ငါတို့ လူအိုကြီးတွေက နင့်ရဲ့ သနားစဖွယ် အသက်လေးကို ချက်ချင်း နှုတ်ယူပစ်လိုက်တာ ကြာပြီ။ ငါတို့ရဲ့ ကြင်နာမှုကို ကျေးဇူးတင်တင်နဲ့ လက်ခံပြီး ခပ်မြန်မြန် ထွက်သွားသင့်တယ်။ ဒါမှမဟုတ် ဒီလူအိုကြီးတွေ လှုပ်ရှားလာအောင် တွန်းအားပေးချင်နေတာလား”
ကောင်းရန်ဖုန်းသည် အဆိပ်ဘုရင်နှင့် တစ္ဆေဘုရင်တို့ နှစ်ယောက်၏ လက်ထဲတွင် သေသွားခဲ့ရသည့်အတွက် ကောင်းမိုသည် တိမ်မိစ္ဆာနယ်မြေ၏ မိစ္ဆာဘုရင်များကို ခါးခါးသီးသီး မုန်းတီးနေခြင်း ဖြစ်လေ၏။
“ကျုပ်စံအိမ်ထဲမှာ ကျုပ်ရဲ့ခွင့်ပြုချက် မရပဲ ဘယ်သူမှ လှုပ်ရှားခွင့် မရှိဘူး” ရန်ကိုင်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့၍ လက်ဖျောက် တီးလိုက်လေ၏။
သူလက်ဖျောက်တီးလိုက်သည်နှင့် မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်များ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေ၏။ ဆန်းကြယ်သည့် စွမ်းအင်တစ်ခုသည် အမည်မသိ နေရာမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူတို့အား အစစ်အမှန်ချီကို အသုံးပြု၍ မရစေရန် ဖိနှီပ်ထားလိုက်လေ၏။
အကုန်လုံး ကြောက်လန့်အံ့အားသင့်တကြီးဖြင့် ရန်ကိုင်အား လှမ်း၍ ငေးကြည့်လိုက်ကြလေ၏။
မည်ကဲ့သို့ နည်းလမ်းများကို သုံးလိုက်၍ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်၏ ကျင့်ကြံခြင်းကိုပင် ဖိနှိပ်ထားနိုင်သည်ကို သူတို့တစ်တွေ လုံးဝကို မစဉ်းစားတတ်ခဲ့။ တကယ်ကို ကြောက်ဖို့ ကောင်းလွန်းပေ၏။
ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့် ရှိနေခဲ့၏။ ဤသည်ကား သတိပေးရုံ သက်သက်ပင်။ မကြာခင်မှာပဲ မန်ဝူရကို အချက်ပြ၍ သူတို့အား ချုပ်နှောင်ထားသည်ကို ပြန်လွှတ်ပေးလိုက်လေ၏။
ကောင်းကင်နန်းတော်ထဲတွင် မန်ဝူရသည် အရာရာကို ထိန်းချုပ်နိုင်၏။ ဤနေရာထဲသို့ ဝင်လာသူသည် မသေမျိုးအဆင့် ပညာရှင် ဖြစ်နေလျှင်ပင် သူတို့၏ သေခြင်းရှင်ခြင်းသည် မန်ဝူရ၏ လက်ထဲတွင်သာ ရှိ၏။ ထိုအချက်ကြောင့်ပင် မန်ဝူရသည် တိုက်တန်ခွန်အားဘုရင်ကို ကောင်းကင်နန်းတော်ထဲသို့ ဆွဲသွင်းရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် အလင်းအရိပ်ဘုရင်သည် အလှုပ်ရှားမြန်သွားခဲ့ရာ မန်ဝူရ၏ အစီအစဉ်သည်လည်း ကျရှုံးသွားခဲ့ရ၏။
သူ့ရင်ထဲ ဒေါသမီးတောက်တို့ လောင်မြိုက်လာခဲ့ပြီး ကောင်းမိုက ရန်ကိုင်အား ခေါင်းမာမာဖြင့် စိုက်ကြည့်နေလိုက်၏။ သို့သော်လည်း ယခုအချိန်၌ ဒေါသထွက်ရန် အချိန်ကောင်းမဟုတ်သည်ကို သိထားရာ သူ့ဒေါသကို ပြန်လည် ချုပ်တည်း၍ အရုပ်ဆိုးနေသည့် အမူအရာဖြင့် မေးလိုက်လေ၏ “တူလေး၊ မင်းက ရန်မိသားစုဝင် တစ်ယောက် ဟုတ်သေးလား၊ မဟုတ်တော့ဘူးလား။ မင်းက တိမ်မိစ္ဆာနယ်မြေနဲ့ ပူးပေါင်းချင်နေတာလား”
ကျန်တဲ့ မိသားစုခေါင်းဆောင် ခုနှစ်ယောက်သည်လည်း လေးနက် တည်ကြည်သည့် အမူအရာြဖင့် ရန်ကိုင်အား စိုက်ကြည့်လိုက်ကြ၏။
“မိစ္ဆာတွေ၊ နတ်ဆိုးတွေနဲ့ ပူးပေါင်းတာ၊ မိစ္ဆာကျင့်စဉ်တစ်ခုကို လေ့ကျင့်တာ၊ ဗဟိုမြို့တော်ရဲ့ စည်းမျဉ်းစည်းကပ်တွေးကို မှောက်လိုမှောက်၊ လှန်လိုလှန်လုပ်ဖို့ ရည်ရွယ်တာ…” ရန်ကိုင်က တစ်ချက်ချင်းစီက စီတန်း၍ “ဒါတွေအားလုံးက မိသားစုကြီးရှစ်ခုရဲ့ တစ်ဖက်သတ် စွပ်စွဲချက်တွေပဲလေ။ အခု ကျုပ်က တိမ်မိစ္ဆာနယ်မြေနဲ့ တစ်ဖက်တည်း အတူရပ်တည်နေချင်တာလားဆိုပြီး တစ်ဖက်သတ်ကြီး မေးလာပြန်ပြီ။ ကျုပ်ရဲ့ ဦးလေးကောင်းကြီးရေ၊ ကျုပ်မှာ ရွေးချယ်စရာကော ရှိသေးရဲ့လား” ရန်ကိုင်က လူကြီးရှစ်ယောက်ကို အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်လေ၏။
မိသားစုရှစ်ခုမှ ခေါင်းဆောင်ရှစ်ယောက်စလုံး၏ အမူအရာ ကိုးယိုးကားယား ဖြစ်သွားခဲ့လေ။ သူတို့ မျက်နှာများသည်ပင် ရှက်လွန်းသဖြင့် ပူရှိန်းရှိန်း ဖြစ်လာခဲ့လေ၏။
ထိုအချိန်က မိသားစုကြီးရှစ်ခုသည် ရရာနည်းလမ်းအစုံကိုသုံး၍ ရန်ကိုင်ကို နာမည်ဆိုးတွင်အောင် လုပ်ခဲ့၏။ ထိုအချိန်က ရန်ကိုင်တွင် သူတို့အား ခုခံဖို့ရာ အင်အားမရှိခဲ့။ သို့သော် ယခုမူ၊ ရန်ကိုင်သည် မိသားစုကြီးရှစ်ခုနှင့် အဆင့်တူတွင် ထိုင်ဖို့ရာ အရည်အချင်း ရှိနေခဲ့ပြီ ဖြစ်လေ၏။
အမှန်အတိုင်း ဆိုရလျှင် ရန်ကိုင်လက်ထဲ ကိုင်စွဲထားသည့် စွမ်းအားသည် မည်သည့် မိသားစုကြီးရှစ်ခုကိုမဆို အမြတ်ပြတ် ရှင်းထုတ်ဖို့ရာ လုံလောက်၏။
ရန်ကိုင်၏ အေးစက်စက်လေသံသည် မိသားစုကြီး ရှစ်ခုမှ ခေါင်းဆောင်များကို ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့လေ၏။
“ဒါပေမယ့် ကောလဟာလတွေထဲက တစ်ခုက မှားမနေဘူး။ ကျုပ်က တိမ်မိစ္ဆာနယ်မြေက လူတွေနဲ့ တကယ်ပဲ ပူးပေါင်းခဲ့တယ်”
မိသားစုကြီးရှစ်ခုစလုံးမှ ခေါင်းဆောင်များ၏ မျက်နှာများ ချက်ချင်း သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်အား ကြောက်လန့်တကြား စိုက်ကြည့်နေလိုက်ကြ၏။
ရန်ကိုင်က ညို့ကဝေနတ်ဆိုးဘုရင်မကို ညွှန်၍ သွားပေါ်အောင် ပြုံးလိုက်ပြီး “ရှန်ချင်းလော့နဲ့ ကျုပ်က အသိအကျွမ်းတွေပဲ။ တိမ်မိစ္ဆာနယ်မြေထဲရောက်ပြီး ပြဿနာတွေနဲ့ ရင်ဆိုင်ရတုန်းက သူမက ကျုပ်ကို ကြီးကြီးမားမား ကူညီပေးခဲ့တာ။ ကျေးဇူးတိုင်းကို ကျေးဇူးတရားနဲ့ တုန့်ပြန်ရပြီး ရန်ငြိုးရန်စတိုင်းကို လက်စားချေပြီး တုန့်ပြန်ရတယ်တဲ့။ တစ်ယောက်ယောက်က သူမကို တိုက်ခိုက်ဖို့ ကြိုးစားလာခဲ့ရင် ကျုပ်လည်း သူတို့ကို မျက်နှာသာ မပေးဘူးဆိုပြီး လာအပြစ်မတင်နဲ့နော်”
ထိုစကားကို ကြားလိုက်သည်နှင့် ရှန်ချင်းလော့ မျက်နှာထက် အပြုံးပန်းပေါင်းများစွာ ဝေဆာလာခဲ့ပြီး သူမ၏ နှလုံးသားထဲလည်း ဂုဏ်ယူဝံ့ကြွားသလို ခံစားလိုက်ရ၏။
သူမ ရွေးချယ်ခဲ့သော လူသည် သူမအား ကာကွယ်ဖို့ရာ မိသားစုကြီး ရှစ်ခုကိုပင် အတိုက်အခံပြုခဲ့၏။ ထိုအကြောင်းအား သူမစိတ်ထဲ တွေးရင်း ရှန်ချင်းလော့၏ မျက်ဝန်းအစုံတို့ ရီဝေလာခဲ့ရလေသည်။
“ဒါက တူလေးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေပဲလေ၊ ဒီလို… နတ်ဆိုးဘုရင်မနဲ့ တူလေးတို့ နှစ်ဦးကြားက ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးကို နတ်ဆိုးတွေ၊ မိစ္ဆာတွေနဲ့ ပူးပေါင်းတယ်လို့ သတ်မှတ်လို့ မရဘူးလေ။ ကိုယ်ရေးကိုယ်တာနဲ့ အပြင်ကိစ္စတွေဆိုတာ သက်သက်စီလေ။ ကျုပ်တို့ အားလုံးက အဲ့လောက်တော့ နားလည်ပါတယ်” ခန်ရူက ခပ်မြန်မြန်ပဲ ရန်ကိုင်ဘက်ကနေ ခုခံကာကွယ် ပြောဆိုပေးလိုက်လေ၏။
ရန်ရင်ဟောင်က အသာအယာ သက်ပြင်းချ၍ ဆက်ပြောလိုက်၏
“ရန်ကိုင်၊ လွန်ခဲ့တဲ့၆လတုန်းက ငါတို့ ရန်မိသားစုနဲ့ မိသားစုကြီးရှစ်ခုက မင်းအပေါ် မတရားခဲ့တဲ့အတွက် ငါတောင်းပန်ပါတယ်။ ဒီခက်ခဲနေတဲ့ အချိန်ကို ကျော်ဖြတ်ပြီးတာနဲ့ ငါတို့လုပ်ခဲ့တာတွေအတွက် မင်းကျေနပ် လောက်စေမယ့် လျော်ကြေးကို ပေးမှာပါ”
“ဦးလေးကြီး” တစ်ခဏာ တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင်က တည်ကြည်လေးနက်စွာဖြင့် ပြန်ပြောလိုက်၏ “လွန်ခဲ့တဲ့ နှစ်ဝက်က ကိစ္စတွေကို မေ့လိုက်တော့။ အဲ့ကိစ္စတွေကို ကျုပ်ဆက်ဂရုစိုက်တော့တာ မဟုတ်ဘူး။ ကျုပ်တစ်ခုခုကို လိုချင်ရင် ကျုပ်ဘာသာ ရအောင်ယူမယ်။ မိသားစုကြီးရှစ်ခုရဲ့ အကူအညီကို ယူနေစရာ မလိုဘူး”
ရန်ရင်ဟောင်လည်း ဆက်မပြောတော့ပဲ ခေါင်းသာညိတ်လိုက်၏။ ရန်ကိုင်၏ ပြောစကားအရ သူသည် မိသားစုကြီးရှစ်ခုက နည်းနည်းမျှ အယုံအကြည် မရှိတော့သလို လွန်ခဲ့သော နှစ်ဝက်မှ ကိစ္စကိုလည်း ဂရုမစိုက်တော့ဟု အဓိပ္ပါယ်ရလေ၏။
တကယ်တော့ သူ့အား ပွင့်ပွင့်လင်းလင်း ထိပ်တိုက်ဆန့်ကျင်ခဲ့သူ အားလုံး သေသွားခဲ့ပြီလေ။
“ကျုပ်ရဲ့ ဦလေးတွေက ဘာကိစ္စရှိလို့ ဒီနေ ရောက်လာရတာလဲ၊ ဆိုပါဦး” ရန်ကိုင်က လိုရင်းကိစ္စကို ဦးတည်လိုက်၏။
လူအိုကြီး ရှစ်ယောက်စလုံးက သူတို့၏ အမူအရာကို ပြင်လိုက်၍ ရန်ရင်ဟောင်က အသာအယာ ချောင်းဟန့်ကာ “အရေးကြီးတာ မဟုတ်ပါဘူး။ ညို့ကဝေနတ်ဆိုးဘုရင်မလည်း ဒီကို ရောက်လာမှတော့ သူ့မှာလည်း မင်းနဲ့ ဆွေးနွေးစရာ ရှိလို့နေမှာပေါ့။ သူ့နဲ့ဘာလို့ အရင် မဆွေးနွေးကြည့်တာလဲ”
ရန်ကိုင်က အသာအယာ ပြုံးလိုက်၏။ မည်သည့် ရည်ရွယ်ချက်ဖြင့် ရှန်ချင်းလော့ ဤနေရာသို့ ရောက်နေမှန်းမသိရာ သူမပြောလာမည်ကို သူတို့ အရင်ကြားချင်၏။ ပြီးမှ သူတို့လှုပ်ရှားပေမည်။
ရှန်ချင်းလော့သည့် လှည့်ကြည့်လိုက်သည့်အခါ ရှန်ချင်းလော့က ပြုံး၍ သူမ၏ ရည်ရွယ်ချက်ကို နည်းနည်းမျှပင် ဖုံးကွယ်ထားဖို့ရာ ကြိုးစားခြင်း မပြုခဲ့ပဲ ပွင့်ပွင့်လင်းလင်းသာ ပြောချလိုက်၏ “ရန်ကိုင်၊ ငါဒီနေ့ လာရတာက နတ်ဆိုးအရှင်သခင်ရဲ့ အမိန့်အရ နင့်ကို ငါတို့ဘက် ဆွဲခေါ်ဖို့ပဲ”
ရန်ရင်ဟောင်နှင့် ကျန်သော မိသားစုကြီးခုနှစ်ခု ခေါင်းဆောင်များ၏ အမူအရာ အရုပ်ဆိုးသွားခဲ့လေ၏။ သူတို့စိတ်ထဲ ခန့်မှန်းထားခဲ့သော်လည်း ရှန်ချင်းလော့ ကိုယ်တိုင် ပြောလာသည်ကို ကြားသိပြီးနောက် သူတို့ စိတ်မပူပဲ မနေနိုင်ခဲ့ချေ။ အားလုံးက နားစွင့်၍ အသေအချာ နားစိုက်ထောင်နေခဲ့ကြ၏။
“ဆာနတ်ဆိုးအရှင်သခင်က နင့်ကို သူနဲ့အတူ ပူးပေါင်းပြီး မိသားစုကြီးရှစ်ခုကို ဖျက်စီးပစ်စေချင်နေတယ်” ရှန်ချင်းလော့က သူမ၏ စကားလုံးများအား နည်းနည်းမျှပင် ဖုံးကွယ်ထားဖို့ရာ မကြိုးစားခဲ့ပဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး အမူအရာဖြင့်သာ ပြောချလိုက်၏။
ရန်ကိုင်က မျက်ခုံးပင့်လိုက်ပြီး စိတ်ဝင်စားသွာသည့် အမူအရာဖြင့် “အကျိုးအမြတ်ကကော”
“ဒီတိုက်ပွဲပြီးတာနဲ့ ဒီလောကကြီးတစ်ခုလုံးက နင့်အပိုင်ပဲတဲ့”
ရန်ကိုင် ကြောင်အသွားခဲ့ပြီး “ဆာနတ်ဆိုးအရှင်သခင်က မိသားစုကြီး ရှစ်ခုစလုံးကို ရှင်းထုတ်ပစ်ချင်ရုံသက်သက်ပဲ”ရှန်ချင်းလော့က မျက်မှောင်လေးကြုံ၍ ပြန်ပြောလိုက်၏။ ရန်ပိုင် ဗဟိုမြို့တော်ဆီ ကျူးကျော်ရသည့် အကြောင်းအရင်းသည် သတ်ဖြတ်ချင်ရုံ သက်သက် ဖြစ်သည်ကို သူမလည်း မယုံချေ။ မည်သည့် အကျိုးအမြတ်မှ မရှိပဲ ယခုကဲ့သို့ လုပ်မည်လား။
“ဆာနတ်ဆိုးအရှင်သခင်က ထပ်ပြောလိုက်သးတယ်…” ရှန်ချင်းလော့၏ ပါးပြင်လေးများ နီမြန်းသွားခဲ့ပြီး ရန်ကိုင်ဆီ လှမ်း၍ ကြည့်ကာ “နင်သာသူနဲ့ပူးပေါင်းရင် ညို့ကဝေနတ်ဆိုးဘုရင်မကို ကျေးဇူးတင်လက်ဆောင်အဖြစ် အရင်ပေးလိုက်မယ်တဲ့”
“ဟားဟားဟား” ရန်ကိုင် ရှန်ချင်းလော့အား အဓိပ္ပါယ်ပါပါ ပြန်စိုက်ကြည့်လိုက်ကာ “နင်က ငါ့အပိုင်ပဲ မဟုတ်ဘူးလား။ နင့်ကို ငါ့ဆီပေးရအောင် သူက ဘာကောင်မို့လို့လဲ”
“ငါလည်း အဲ့လိုပဲ ထင်တယ်” ရှန်ချင်းလော့က စွဲမက်နှစ်လိုဖွယ် ကောင်းစွာ ပြုံး၍ ခေါင်းလေး ညိတ်လိုက်၏။
မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်များ၏ အမူအရာ ရုတ်တရက် ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့လေ၏။ ရန်ကိုင်နဲ့ ညို့ကဝေနတ်ဆိုးဘုရင်မ ကြားက ဆက်ဆံရေးသည် မည်သည့်အတွက်ကြောင့် လွန်စွာကိုမှ… ရင်းနှီးနေသည်ဟု သူတို့ ခံစားနေခဲ့ရသနည်း။
“အဲ့လိုဆိုရင် သူ့တောင်းဆိုချက်ကို နင်လက်ခံမှာလား” ရှန်ချင်းလော့က မေးလိုက်၏။
“လက်ခံရမှာပေါ့၊ လက်ခံရမှာပေါ့။ ဒီလို အခွင့်အရေးကောင်းကြီးကို ဘာလို့ လက်မခံပဲ နေရမှာလဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။
ရန်ရင်ဟောင်နှင့် ကျန်သော မိသားစုခေါင်းဆောင် ခုနှစ်ယောက်တို့ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်အား သတိအပြည့်ဖြင့် စိုက်ကြည့် လိုက်ကြလေ၏။ ရှန်ချင်းလော့၏ ဆွဲဆောင်မှုထဲ ဤမျှ အလွယ်တကူ မျှောပါသွာလိမ့်မယ်လို့ သူတို့အားလုံး မထင်ထားခဲ့ကြချေ။
သို့သော်ငြား သူတို့ပြောဖို့ လုပ်နေစဉ်မှာပင် ရန်ကိုင်၏ မျက်နှာ အမူအရာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး “ဒါပေမယ့် ငါ့မှာ အခြေအနေ တစ်ရပ်ရှိတယ်”
“ပြောလေ၊ ငါသူ့ဆီ ပြန်ပို့ပေးလိုက်မယ်”
“ကောင်းပြီ။ သူ့ခေါင်းကို ငါလိုချင်တယ်လို့ နင့်ရဲ့ နတ်ဆိုးအရှင်သခင်ကို သွားပြန်ပြောလိုက်။ ဆရာဖိုးဖိုးက သူ့ခေါင်းကို အရမ်းစိတ်ဝင်စားနေတာ။ သူ့ခေါင်းကိုသာ ငါ့ဆီပေးမယ်ဆိုရင် ငါဘက်က သူနဲ့အတူပူးပေါင်းဖို့ အဆင့်သင့်ပဲ’
ရှန်ချင်းလော့၏ အမူအရာသည် စိုးစဉ်းမျှပင် ပြောင်းလဲသွားခဲ့ခြင်း မရှိ၊ အသာအယာသာ ခေါင်းညိတ်၍ “အဲ့လိုဆိုရင် နင့်စကားကို သူ့ဆီ ပြန်ပို့ပေးလိုက်မယ်။ ဒါပေမယ့် သူသဘောမတူလောက်ဘူးလို့ ငါထင်တာပဲ”
ပြောပြီးသည်နှင့် ကျော့ကျော့မော့မော့ဖြင့် မတ်တပ်ရပ်၍ ရန်ကိုင်ပြောလိုက်သည့် သတင်းစကားအား နတ်ဆိုးအရှင်သခင် ရန်ပိုင်ဆီ အတည်ပေါက်ကြီး သွားပို့ပေးမည့်ဟန်ဖြင့် ရန်ကိုင်အား တိုက်တွန်းဖို့ရာ နည်းနည်းမျှပင် မကြိုးစားခဲ့ပဲ ပီလော့နှင့်အတူ ခန်းမထဲမှ ထွက်သွားလေ၏။
သူမ ထွက်သွားပြီးသည့်နောက် မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်များ သက်ပြင်းအရှည်ကြီး ရှူထုတ်လိုက်ကြ၏။ ရန်ကိုင်နှင့် နတ်ဆိုးအရှင်သခင် အတူရှိနေဖို့ရာ မဖြစ်နိုင်မှန်း သူတို့ နားလည်သွားခဲ့လေပြီ.
နတ်ဆိုးအရှင်သခင်သည် ကောင်းကင်စံအိမ်မှ လာခဲ့သည်ဖြစ်ရာ ရန်ကိုင်၏ ဂိုဏ်းတူဦးလေးဟု ဆိုနိုင်၏။ သို့သော်ငြား ကောင်းကင်စံအိမ် ဂိုဏ်းချုပ် လင်းတိုင်ရှုထက် ရန်ပိုင်၏ အသက်ကို ပိုလိုချင်သောသူ ရှိမနေခဲ့။ ရန်ကိုင်နှင့် ရန်ပိုင်ကြား ထိုကဲ့သို့သော ဆက်ဆံရေး တည်ရှိနေသရွေ့ သူတို့နှစ်ဦး မဟာမိတ်ဖြစ်နိုင်စရာအကြောင်း လုံးဝ မရှိချေ။
ထိုအချက်ကို သိလိုက်သည်နှင့် လူအိုကြီးရှစ်ယောက်စလုံး တိတ်တဆိတ် စိတ်သက်သာရာ ရသွားခဲ့ကြ၏။
“ကဲ၊ ဦးလေးတို့ကကော ကျုပ်နဲ့ ဘာအကြောင်းများ ဆွေးနွေးချင်တာလဲ၊ ပြောကြည့်လေ” ရန်ကိုင် မိသားစုခေါင်းဆောင် ရှစ်ယောက်ဘက် လှည့်လိုက်၏။
တစ်ခဏတာ တွေဝေတုန့်ဆိုင်းနေပြီးသည့်နောက် ရန်ရင်ဟောင်က စကားစလိုက်၏ “ရန်မိသားစုဆီ မင်းကို ပြန်လာစေချင်တာ။ တကယ်တော့ မင်းက ရန်မိသားစုဝင်တစ်ယောက် ဖြစ်နေတုန်းပဲလေ”
ယခုအချိန်၌ ဗဟိုမြို့တော်ကြီးသည် အပိုင်းသုံးပိုင်း ကွဲနေ၏။ ရန်ကိုင်စံအိမ်သည် တိမ်မိစ္ဆာနယ်မြေနှင့် မိသားစုကြီးရှစ်ခုကြား တည်ရှိနေလေရာ သူမည်သည့်ဘက် ပါမည်ဆိုသည်ကား မရှင်းမလင်း ဖြစ်နေခဲ့၏။ ထို့ကြောင့် မိသားစုကြီးရှစ်ခုသည် ရန်ကိုင် သူတို့ဆီ ရွေ့လာဖို့ရာ မျှော်လင့်နေခြင်း ဖြစ်၏။
ယခင်လအတွင်း ရန်ကိုင်ဆီ လာရောက်ပူးပေါင်းခဲ့သည့် ဟန်မင်းဆက်က လက်ရွေးစင်ပညာရှင်ပေါင်း များစွာရှိ၏။ မသေမျိုးအဆင့် ပညာရှင်(၁၀)ယောက်ပင် ပါဝင်၏။ သူသာ မိသားစုကြီးရှစ်ခုနှင့် ပြန်ပူးပေါင်းမည် ဆိုပါက တိမ်မိစ္ဆာနယ်မြေကို ဗဟိုမြို့တော်မှ မောင်းထုတ်ဖို့သည် ခက်ခဲတော့လိမ့်မည် မဟုတ်ချေ။
“ဦးလေးကြီးရေ၊ ကျုပ်ပြန်သွားမှာ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၏။
“ဘာလို့လဲ”
“ကျုပ်လက်ထဲ စွဲကိုင်ထားတဲ့ စွမ်းအားက ကျုပ်ကို ပြောပိုင်ခွင့် ပေးတာပဲ။ ဒါပေမယ့် ကျုပ်သာ ဦးလေးကြီးတို့ဆီ ပြန်သွားလိုက်ရင်… အခုလိုမျိုး ပြောနိုင်ဆိုနိုင်ဦးမှာလား” ရန်ကိုင်က ပြန်လည် လှောင်ပြောင် ပြောဆိုလိုက်လေ၏။
ရန်မိသားစုဆီ ပြန်ရောက်သည်နှင့် သူ့လက်တွင်းမှ အင်အားစုများကို မိသားစုကြီးရှစ်ခုဆီ အပ်ရပေလိမ့်မည်။ ထိုအချိန်က ရန်ကိုင်ဆိုသည်ကို သူတို့ ဂရုစိုက်တော့လိမ့်မည် မဟုတ်။
“ကျုပ်ရဲ့ ဆရာဖိုးဖိုးက ရန်ပိုင်ရဲ့ အသက်ကို ယူချင်နေလို့ ကျုပ်က သူ့ရည်ရွယ်ချက် အထမြောက်အောင် ကူညီပေးနေတာ။ ဂိုဏ်းနာမည်ကို ရှင်းလင်းဖို့ အလုပ်ကလည်း ကျုပ်ဘာသာ လုပ်လိုက်လို့ရတယ်။ ဦးလေးတို့၊ ကျုပ်သာ ရန်မိသားစုဆီ ပြန်သွားလိုက်ရင်း မိသားစုကြီးရှစ်ခုကို ကျုပ်လက်ထဲ ထည့်ပေးနိုင်မှာလား။ အဲ့လို လုပ်နိုင်တယ်ဆိုရင် ရန်မိသားစုကို ပြန်သွားဖို့ ကိစ္စမရှိဘူး”
“မဖြစ်နိုင်ဘူး” ကောင်းမိုက ပြတ်ပြတ်သားသားဖြင့် ပြန်အော်ပြောလိုက်၏ “အများဆုံးမှ မင်းကိုပြောခွင့်ပေး၊ လုပ်ခွင့်ပေးရုံပဲ ရှိမှာ။ စစ်ပွဲနဲ့ပက်သက်လာရင်တော့ နောက်ဆုံးလုပ်ပိုင်ခွင့်က ငါတို့ လက်ထဲမှာပဲ”
ကောင်းမို၏ အမြင်တွင် ရန်ကိုင်ဆိုသည်မှာ ငယ်ရွယ်ပြီး ဇွတ်တရွတ် နိုင်လှသည့် လူငယ်လေးတစ်ယောက်သာ ဖြစ်၏။ ထိုကဲ့သိုသော စိတ်လိုက်မာန်ပါ လှုပ်မှုမျိုးနှင့်ဆိုလျှင် အလွယ်တကူ အမှားလုပ်နိုင်၏။ မိသားစုကြီးရှစ်ခုကို ထိုကဲ့သို့သော လူတစ်ယောက်၏ လက်ထဲသို့ ထည့်ပေးလိုက်ရမည်လား။
“အဲ့လိုဆိုတော့ ဆွေးနွေးစရာ မလိုတော့ဘူးပေါ့။ ကျုပ်က တဇွတ်ထိုး လုပ်ရတာကို ကြိုက်တာဗျ” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်း၍ ပြောလိုက်၏။
“အဲ့လိုလုပ်ရမှကို ဖြစ်မှာလား” ရန်ရင်ဟောင်က မေးလိုက်၏။
“ဟုတ်တယ်” ရန်ကိုင်က အခိုင်အမာကို ခေါင်းညိတ်ပြလိုက်၏။
ရန်ရင်ဟောင် အတွေးထဲ မျောသွားခဲ့ပြီး တစ်ခဏကြာ တိတ်ဆိတ် နေပြီးသည့်နောက် ပြန်ပြောလိုက်လေ၏ “အကြီးအကဲခန်းမဆီ သွားပြီး ဒီကိစ္စကို သွားဆွေးနွေးရလိမ့်မယ်။ မိသားစုကြီးရှစ်ခုကို မင်းလက်ထဲ ထည့်ပေးဖို့က ငါဆုံးဖြတ်နိုင်တာမျိုး မဟုတ်ဘူး။ ဒါပေမယ့် ရန်မိသားစု သက်သက်ဆိုရင်တော့ ငါလက်ခံပေးလို့ရတယ်”
“ညီအစ်ကိုရန်” ကောင်းမိုက ရန်ရင်ဟောင်အား အရူတးစ်ယောက်ကို ကြည့်သလို ကြည့်လိုက်၏။ ရန်ရင်ဟောင် ယခုကဲ့သို့ ပြောလာမည်ဟု သူတစ်ခါမှ မထင်ထားခဲ့ချေ။
သူ့စကားအရ ရန်မိသားစု၏ အုပ်စိုးသူရာထူးသည် ပိုင်ရှင် ပြောင်းလဲတော့မည်ဟု ဆိုလိုက်ခြင်းပင် ဖြစ်ပေသည်။
“တစ်ကြိမ်မမြင် အဆင်ပြေတယ်၊ နှစ်ကြိမ်မမြင် အဆင်ပြေတယ်။ ဒါပေမယ့် တစ်ဘဝလုံးတော့ အမြင်ကန်းနေလို့ မရဘူးကွ… ရန်ကိုင်၊ မင်းဘာပြောချင်လဲ” ရန်ရင်ဟောင်က အဓိပ္ပါယ်ပါပါ မေးလိုက်၏။
“ဦးလေးကြီးပြောတာ အမှန်ပဲ” ရန်ကိုင်က ယုံကြည်ချက်ရှိစွာ ပြန်ပြုံးပြလိုက်၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၆၅) တစ်ပြိုင်တည်း ပြောင်းလဲသွားခဲ့ကြပြီ
~~~~~~~~~~~~~~~~~~~~~~~~~
ရန်ရင်ဟောင်၏ စကားကို ကြားပြီးနောက် ကျန်သည့် မိသားစုခေါင်းဆောင် (၇)ယောက်စလုံး အတွေးထဲ နစ်မြောသွားခဲ့တယ်။
“ငါတို့တို့ သွားတော့မယ်နော်” ရန်ရင်ဟောင်က ပြောပြီး မတ်တပ်ရပ်လိုက်၏။ ကျန်သော လူအိုကြီးခုနှစ်ယောက်သည်လည်း မတ်တပ်ရပ်လိုက်ကြပြီး တစ်ယောက်ချင်းစီတိုင်းက ရန်ကိုင်အား ခက်ထန်စွာ လှမ်းကြည့်လိုက်၍ သက်ပြင်းချ ခေါင်းခါရမ်း၍ အခန်းထဲမှ ထွက်သွားလိုက်ကြလေ၏။
ရန်ကိုင်နှင့် လာရောက်ဆွေးနွေးတွေ့ဆုံခဲ့ပေမယ့် စိတ်ပျက်ပျက်နဲ့သာ ပြန်ထွက်လာခဲ့ရလေ၏။
“ဦးလေးကြီး” ရန်ကိုင်က ရုတ်တရက် အော်ခေါ်၍ “ကျုပ် မိဘတွေကော ဘယ်လိုနေလဲ”
“လေးယောက်မြောက် ညီလေးနဲ့ မင်းအမေကို စိုးရိမ်စရာ မလိုဘူး။ ရန်မိသားစု ဖျက်စီးခံရရင်တောင် သူတို့ကို အန္တရာယ်မဖြစ်စေရဘူး”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်၍ အနည်းငယ် စိတ်သက်သာရာ ရသွားသည့် အမူအရာဖြင့် “ဦးလေးကြီးကို ကျေးဇူးအများကြီး တင်ပါတယ်”
“ဒါက ငါတို့ လုပ်သင့်တာပဲလေ” ရန်ရင်ဟောင်က ခေါင်းပြန်ညိတ်ပြလိုက်လေ၏။
မိသားစုခေါင်းဆောင်များ ခန်းမထဲမှ ထွက်သွားသည့်အခါ ချူရီမန်နှင့် ဟော်ရှင်းချန်က အပြင်မှ စောင့်နေသည်ကို သူတို့တစ်တွေ တွေ့လိုက်ရ၏။ သခင်မလေးနှင့် သခင်လေး နှစ်ယောက်သည် သူတို့တွေကို စောင့်နေသည့် ပုံပင်။
“ဦးလေးတို့ကို နှုတ်ဆက်ပါတယ်” ချူရီမန်က ဦးညွှတ်၍ နှုတ်ဆက်လိုက်လေ၏။
ဟော်ရှင်းချန်ကတော့ လှောင်ပြုံးပြုံး၊ လက်ပြိုက်လျက် ဆရာကြီး ဘဝင်ခိုက်နေသည့် ဟန်ပန်ဖြင့် ရပ်နေလျက်ရှိရာ ဟော်ကျန်း မျက်လုံးထဲ စိတ်ပျက်၊ စိတ်ညစ်သည့် အလင်းရောင်တို့ တောက်လောင်လာခဲ့လေ၏။
ဗဟိုမြို့တော် တစ်ခုလုံးတွင် ယခုကဲ့သို့ စည်းမရှိ၊ ပြုမူသော မိသားစုကြီး ရှစ်ခုမှ သခင်လေးဆို၍ ဟော်ရှင်းချန် တစ်ယောက်သာ ရှိ၏။
“ကောင်စုတ်လေး၊ ငါနဲ့လိုက်ခဲ့၊ မင်းကို ပြောစရာရှိတယ်” ဟော်ကျန်းက ဟော်ရှင်းချန်ကို အော်ပြောလိုက်လေ၏။
ထိုစကားကို ကြားလိုက်သည်နှင့် ဟော်ရှင်းချန်က အဓိပ္ပါယ်ပါပါ ပြုံး၍ ဟော်ကျန်းနောက် လိုက်သွားခဲ့လေ၏။
တစ်ဖက်တွင်မူ ချူရှို့က စိတ်ပင်ပန်းနေသည့် အမူအရာဖြင့် ချူရီမန်အား အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် သက်ပြင်းချကာ “မန်အာ၊ သမီးက မြော်မြင်နိုင်စွမ်းက အဖေ့ထက် ပိုတော်နေတာပဲ”
အမွေခံတိုက်ပွဲ မစခင်၌ ချူရီမန်သည် ချူမိသားစုမှ ယာယီခွဲထွက်၍ ရန်ကိုင်အား သွားရောက်ထောက်ပံ့ပေးခဲ့၏။ ချူရှို့ချိန်နှင့် ချူဇိရိုကမူ ရန်မိသားစု၏ ခြောက်ယောက်မြောက် သခင်လေးရန်ရှန်းကို သွားရောက် ထောက်ပံ့ပေးခဲ့၏။
နောက်ဆုံးတွင် ချူရီမန်၏ ရွေးချယ်မှုသည် မှန်ကန်သော ရွေးချယ်မှု တစ်ခုဖြစ်နေခဲ့လေ၏။
အမွေခံတိုက်ပွဲအတွင်း၌ ရန်ကိုင်သည် ပထမညမှာပင် ထွက်ရမည်ဟု ထင်ကြေးပေးခံရသည့် အခြေအနေမှ အားလုံးအထက်သို့ အချိန်တိုအတွင်း တက်လှမ်းလာနိုင်ခဲ့၏။
အမွေခံတိုက်ပွဲ၏ အဆုံးသတ်အချိန်၌ ချူရှို့ချန်က ချူရီမန်ကို ဆောင်းဦးမိုးစက်ခန်းမနှင့်အတူ မိသားစုဆီ ပြန်လာဖို့ အမိန့်ပေးကာ ရန်ကိုင်နှင့် ဆက်ဆံရေး ဖြတ်တောက်ဖို့ ပြောခဲ့လေ၏။
သို့သော်ငြား ချူရီမန်ကမူ ရန်ကိုင်ဘက်တွင်သာ ထပ်မံ၍ ရပ်တည်ခဲ့လေ၏။ နောက်ဆုံးတော့ မည်သူမှန်လဲဆိုသည့် အဖြေ ထွက်ပေါ်လာခဲ့လေပြီ။
ယခုအချိန်တွင် ဗဟိုမြို့တော်သည် အတွင်းရေး၊ အပြင်ရေး ပြဿနာ မျိုးစုံကို ရင်ဆိုင်နေရခြင်း ဖြစ်၏။ ထိုအချိန်အတွင်း ချူရီမန်သည် ရန်ကိုင်နှင့် ပူးပေါင်း၍ သူ၏ လက်ရုံးတစ်ယောက်အဖြစ် ဆောင်ရွက်နေသည်မှာ ချူရှို့ချန်အား နည်းနည်းမှ စိတ်မပျက်စေသည့် အပြင် သူ့အား ပျော်ပင်ပျော်သွားစေခဲ့လေ၏။
ချူရီမန်က ခေါင်းမာမာဖြင့် ရန်ကိုင်နောက်သို့ ဆက်လိုက်ခြင်းသည် ကံကောင်းမှု တစ်ခုပေတည်းဟု ချူရှို့ချန် မှတ်ယူလိုက်လေ၏။
သူ၏ ဤသမီးသည် သူမ၏အဖေ မြင်နိုင်သည်ထက် ကြိုတင် ချင့်တွက် မျှော်တွေးနိုင်သလို သူမ၏ အဖေထက်လည်း ပို၍ အရည်အချင်း ရှိပေ၏။ သူ့စိတ်ထဲ အိုးမင်းပင်ပန်းလာသလို ချူရှို့ချန် ရုတ်တရက် ခံစားလိုက်ရလေ၏။
“အဖေ” ချူရီမန်၏ မျက်ဝန်းအစုံ တဖျတ်ဖျတ် လင်းလက်တောက်ပ သွားခဲ့လေ၏။ သူမ၏အဖေသည် သူမအပေါ်ယခုကဲ့သို့ စိတ်ထဲရှိသလို ပွင့်ပွင့်းလင်းလင်း ချီးကျူးစကားဆိုသည်မှာ ပထမဆုံး အကြိမ်ဖြစ်၏။
ချူရီမန်က လွန်စွာကိုမှ ကောင်းမွန်စွာ စွမ်းဆောင်ပြသော်လည်း ချူရှို့ချန်က သနားစဖွယ် အမူရာမျိုး လုပ်ပြသည့် အခါမျိုးတောင် ရှိသေး၏။
သူ့စိတ်ထဲ သူမက မိန်းကလေးတစ်ယောက် အဖြစ် မွေးထွားလာခဲ့သည်ကို ဝမ်းနည်းပူဆွေးနေခဲ့ခြင်း ဖြစ်၏။
ယခုမူ သူမ၏ အဖေဆီမှ ချီးကျူးစကား ကြားခဲ့ရလေပြီ။
ချူရီမန်ရင်ထဲ ကိန်းအောင်းခိုဝင်နေသည့် ခါးသီးမှုတို့သည် စိတ်အားတက်ကြွမှုတို့ဖြင့် ရုတ်တရက် အစားထိုး ခံလိုက်ရလေ၏။
“နင့်အဖေက အိုလာပြီ။ အခုကနေစပြီး ချူမိသားစုရဲ့ တာဝန်ကို သမီးအပေါ်ပဲ လွှဲအပ်ပေးရတော့မယ်” ချူရှို့က အသာအယာ သက်ပြင်းချ၍ ပြောလိုက်လေ၏။
ချူရီမန်၏ မျက်ဝန်းအစုံး စိုးစွတ်လာခဲ့ပြီး နှုတ်ခမ်းလေးကို အသာအယာ ကိုက်၍ “အဖေက ငယ်ရွယ်နေတုန်းပဲလေ”
“ငါမငယ်တော့ဘူး” ချူရှို့ချန်က ရုတ်တရက် အော်ရယ်လိုက်ပြီး ကျန်သည့် မိသားစုခေါင်းဆောင် ခုနှစ်ယောက်ဘက် လှည့်၍ “သူတို့တွေလည်း အတူတူပဲ။ သူတို့တွေ အကုန်လုံး မငယ်ကြတော့ဘူး”
ထိုစကားကို ကြားလိုက်သည်နှင့် ခန်ရူ၊ မန်ရှီပင်းနှင့် ကျန်သော မိသားစုခေါင်းဆောင်များ၏ အမူအရာ ရှုံမဲ့သွားခဲ့ကြလေ၏။
တစ်ဖက်တွင်မူ ဟော်ကျန်းနှင့် ဟော်ရှင်းချန်သည် တိုးတိုး တိုးတိုး ဆွေးနွေးပြောဆိုနေကြရာ သူတို့ မည်သည့် အကြောင်းအား ပြောနေသည်ကို မည်သူမှ မသိခဲ့ကြ။ အချိန်အတော် ကြာပြီးနောက် ဟော်ရှင်းချန်က မောပန်းနွမ်းနယ်နေသည့် အမူအရာဖြင့် သက်ပြင်းချလိုက်လေ၏။
“လူအိုကြီး” ဟော်ရှင်းချန်က ရုတ်တရက် လေးနက်သွားသည့် အမူအရာဖြင့် ဟော်ကျန်း၏ ပုခုံးလေးကို ပုတ်လိုက်ပြီး “ခင်ဗျား အသက်က မိသားစုခေါင်းဆောင် ရာထူးကို စွန့်လွှတ်ပြီး အေးအေးချမ်းချမ်း နေဖို့ အသက်အရွယ်ကို ရောက်နေပြီဗျ။ ခင်ဗျားအနေနဲ့ မိသားစုကိစ္စတွေနဲ့ ပက်သက်ပြီး ခေါင်းပူ၊ ခေါင်းရှုပ် မနေသင့်တော့သလို တိုက်ပွဲထဲ ဟိုးပြေး၊ ဒီပြေးပြီး တိုက်ခိုက်စရာလည်း မလိုတော့ဘူး။ ခင်ဗျား အချိန်ရှိတုန်း နောက်မိန်းမ နည်းနည်းပါးပါးလောက် ထပ်ရှာပြီး ကျုပ်ကို ညီငယ်လေး တစ်ယောက်လောက် မွေးပေးစမ်းပါဗျာ။ ကျုပ်မှာ ညီအစ်မတွေ အများကြီး ရှိနေပြီ။ သူတို့တွေ လက်ထပ်တဲ့အခါ သူတို့အမျိုးသားဘက်ကို ပေးရမယ့် ပစ္စည်းတန်ဖိုးက ကျွန်တော်တို့ ဟော်မိသားစုကို တော်တော်လေး ဝန်းပိသွားစေမှာ”
“ခွေးသူတောင်းစားကောင်” ဟော်ကျန်းက ဟော်ရှင်းချန်၏ ခေါင်းကို ပိတ်ရိုက်ချလိုက်ပြီး အော်ဟစ်ဆူပူတော့လေ၏ “မင်းက မင်းအဖေကို ဒီလို စကာမျိုး ပြောရဲတယ်ပေါ့”
ဟော်ရှင်းချန်က ခေါင်းလေးကိုပုတ်ပြီး ရယ်မောလိုက်၏။ ဟော်ကျန်း၏ အော်ဟစ်ဆူပူစကားကို နည်းနည်းမျှပင် အမှုထားခြင်း မရှိပဲ ဆက်ပြောလိုက်၏ “ကျွန်တော်က အဖေ့အတွက် ပြောနေတာလေဗျာ။ အဖေသာ တိုက်ပွဲမှာ ဆက်ပြီး ပြေးလွှားနေရင် ဟော်မိသားစုမှာ ဆက်ခံသူဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ကျန်တော့မှာဗျ။ အဖေက ငယ်ရွယ်ပြီး တက်တက်ကြွကြွ ရှိသေးတုန်းဆိုတော့ အိပ်ယာထဲမှာလည်း စွမ်းဆောင်ရည် မကျလောက်သေးဘူးမလား။ အဖေအနေနဲ့ အချိန်ရှိတုန်း ကျုပ်ကို နည်းစနစ်လေး နည်းနည်းပါးပါးလောက် သင့်ပေးထားသင့်တယ်”
“မင်းရဲ့ ခွေးပါးစပ်ကို ပိတ်ထားလိုက်စမ်း” ဟော်ကျန်းက ဒေါသတကြီး ပြန်အော်ပြောလေ၏။
ဟော်ရှင်းချန် ချက်ချင်း မျက်နှာပိုးသတ်လိုက်ပြီး တည်ငြိမ်လေးနက်သည့် အမူအရာဖြင့် “လူအိုကြီး၊ ကျုပ်မှာ ဟော်မိသား ခေါင်းဆောင်ရာထူးကို ဆက်ခံဖို့ အရည်အချင်း မရှိဘူးဆိုတာ ဖြစ်နိုင်တယ် ဆိုပေမယ့် ကျုပ်နဲ့ ရန်ကိုင်ကြားက ရင်းနှီးမှုကြောင့် ကျုပ်ကို မိသားစု ခေါင်းဆောင် ရာထူးပေးလိုက်လို့ ဟော်မိသားစု၏ အနာဂတ် တိုးတက်ရေးကို စိတ်ပူစရာ မလိုဘူးလို့ ကျုပ်ထင်တယ်”
ဟော်ကျန်းက ဟော်ရှင်းချန်က သုန်မှုန်နေသော မျက်နှာထားဖြင့် စိုက်ကြည့်၍ အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေ၏ “မင်းကိုယ်တိုင်သာဆို ဒီလိုမျိုး ထွင်းဖောက်မြင်တတ်မှာ မဟုတ်ဘူး။ မင်းကို ဘယ်သူညွှန်ကြားပေးလိုက်တာလဲ”
“ချူရီမန်လေ” ဟော်ရှင်းချန်က သွားပေါ်အောင် ပြုံး၍ မရှက်စတမ်း ပြန်ပြောလိုက်လေ၏။
“တကယ်ကိုပဲ… အဲ့မိန်းကလေးက မင်းတို့အာလုံးထက် အပုံကြီးကို သာတယ်” ဟော်ရှင်းချန်က ချူရီမန်ဆီ လှမ်းကြည့်၍ စိတ်ဓါတ်မကျပဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ သူ့တွင် ရှိနေသည့် သမီး အများကြီးထဲတွင် ချူရီမန်နှင့် ယှဉ်နိုင်သည့် သမီး တစ်ယောက်လောက်ပင် အဘယ်ကြောင့် မရှိရလေသနည်း။
ထိုမြေခွေးအိုကြီးသည် ချူရှို့ချန်၏ သမီးသည် လွန်စွာကိုမှ ကြောက်မက်ဖွယ် ကောင်းပေ၏။ သူမက လက်ရှိအခြေအနေအား အပြည့်အဝ နားလည်ထားပြီး ယခုကဲ့သို့ ဖြစ်လာမည်လည်း ကြိုတင်ခန့်မှန်းထားခဲ့သည်မှာ ဖြစ်နိုင်ချေများ၏။
ရန်ကိုင် မိသားစုကြီးရှစ်ခုနှင့် တွဲမလုပ်ချင်ချေ။ အဘယ်ကြောင့် ဆိုသော် ထို့ကဲ့သို့ တွဲလုပ်လိုက်သည်နှင့် သူ့လက်ထဲ ကိုင်ဆွဲထားသည့် စွမ်းအားကို ဆုံးရှုံးလိုက်ရမှာကြောင့်ပဲ ဖြစ်လေ၏။ မိသားစုကြီး ရှစ်ခုသည်လည်း သူတို့လက်ထဲ ကိုင်စွဲထားသည့်စွမ်းအားကို ရန်ကိုင် လက်ထဲ ထည့်မပေးချင်ကြချေ။
သူတို့သည်သာ သူတို့၏ အခွင့်အာဏာကို ရန်ကိုင်လို ဂျူနီယာ တစ်ယောက်၏ လက်ထဲသို့ ထည့်ပေးလိုက်လျှင် အများ လှောင်ရယ်စရာ ဖြစ်ကုန်ပေလိမ့်မည်။ ပြီးတော့ မိသားစုကြီး ရှစ်ခုသည် ယခင်က ရန်ကိုင်ကို မိစ္ဆာကောင်အဖြစ် သတ်မှတ်ခဲ့ကြသူများ ဖြစ်၏။
သို့သော်ငြား မိသားစုခေါင်းဆောင် ရာထူး ပြောင်းလဲသွားခဲ့လျှင် အားလုံး အဆင်ပြေသွားပေမည်။ အထူးသဖြင့် ထိုရာထူးများကို လူငယ်မျိုးဆက်များ၏ လက်ထဲသို့ ထည့်ပေးလိုက်လျှင် ပိုအဆင်ပြေ သွားပေလိမ့်မည်။ လူငယ်မျိုးဆက်များသည် ရန်ကိုင်နှင့် အဆက်အဆံ များစွာလုပ်ဖူးရာ သူနှင့်အတူ ပူးပေါင်းလုပ်ဆောင် နိုင်ပေလိမ့်မည်။
ဥပမာ၊ ဟော်ရှင်းချန်နှင့် ချူရီမန်သည်သာ ဟော်မိသားစုနှင့် ချူမိသားစု ခေါင်းဆောင်ရာထူး အသီးသီးကို ဆက်ခံခဲ့လျှင် သူတို့အနေဖြင့် ရန်ကိုင်နှင့် မျှမျှတတ ပူးပေါင်းလုပ်ဆောင် နိုင်ပေလိမ့်မည်။
ကျန်သော သခင်းလေးများသည် ရန်ကိုင်နှင့် ရင်းနှီးမှု မရှိသော်လည်း သူတို့သည် လူငယ်မျိုးဆက်များ ဖြစ်ကြ၏။ သူတို့၏ ကိုယ်ပိုင် အတွေးများသည် ပိုပြီး ရိုးသားပွင့်လင်း၊ တိုက်ရိုက်ဆန်၏။ သူတို့ မကြိုက်သည့်အရာ တိုက်ရိုက်ပဲ ဖွင့်ပြောပေလိမ့်မည်။
အားလုံးသည် အပေါ်ယံရွေမှုန်ကြဲခြင်းသာ ဖြစ်၏။ သို့သော်ငြား ရှောင်လွှဲဖို့ရာ မဖြစ်နိုင်တော့ချေ။ ရှောင်လွဲဖို့တော့ ဖြစ်နိုင်သေး၏။ သူတို့သည် ရန်ကိုင်ဆီမှ အကူအညီတောင်းခံရန် မဆုံးဖြတ်လျှင်ပေါ့။
မိသားစုခေါင်းဆောင် ရှစ်ယောက်သည် စိတ်ဓါတ်
နွမ်းနယ်နေသည့် အမူအရာဖြင့် ရန်ကိုင် စံအိမ်ထဲမှ အလျှိုအလျှို ထွက်ခွာသွားကြလေ၏။ ဟော်ရှင်းချန်နှင့် ချူရီမန်သည် သူတို့အား အပေါက်ဝအထိ လိုက်လံပို့ဆောင် ပေးခဲ့လေ၏။
အားလုံးသည် တစ်ဖန် ပြန်လည် တည်ငြိမ်သွားခဲ့ပြန်လေသည်။
ရန်ကိုင်စံအိမ် ဗဟိုမြို့တော်ဆီသို့ ရောက်လာ၍ သူမတူသော စွမ်းပကားကို ထုတ်ပြလိုက်သည့် အချိန်မှစ၍ တိမ်မိစ္ဆာနယ်မြေသည် ယခင်နှင့်မတူ ငြိမ်ကျသွားခဲ့၏။ မိသားစုကြီးရှစ်ခုသည်လည်း လက်ဦးမှု ရယူ၍ ပြဿနာမီးစပျိုးခြင်း မလုပ်ကြ။ ရန်ကိုင်သည် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်များကို သတ်ဖြတ်ချင်သော်လည်း ထိုကဲ့သို့ အခွင့်အရေးမျိုး ထပ်မရတော့ချေ။ ထို့ကြောင့် စံအိမ်ထဲ စုယန်နှင့်အတူ တူနှစ်ဖြာကျင့်ကြံရုံသာ ရှိတော့၏။
ကျင့်ကြံနှုန်းသည် မြန်ဆန်ခြင်း မရှိတော့သော်ငြား ပို၍ တည်ငြိမ် လာခဲ့လေ၏။
ရန်ကိုင်စံအိမ်ဆီသို့ လာရောက်ခိုလှုံသည့် အင်အားစုများသည်လည်း ယခုအခြေအနေနှင့် ပက်သက်၍ တော်တော်လေး ကျေနပ်နေခဲ့ကြ၏။ သူတို့တစ်တွေသည် မိသားစုကြီးရှစ်ခုအား အကူအညီပေးရန် ဗဟိုမြို့တော်ဆီသို့ လာခဲ့သော်လည်း တိမ်မိစ္ဆာနယ်မြေကို တိုက်ခိုက် ချင်လွန်း၍ လာခဲ့သည်မဟုတ်။ ပြဿနာမဖြစ်၊ တိုက်ပွဲမဖြစ်ရပဲ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနေရလျှင် ပိုအဆင်ပြေ၏။
ရက်နည်းငယ် ကြာပြီးသည့်နောက် မိသားစုကြီးရှစ်ခုသည် ရန်ကိုင်အား နှစ်ထောင်းအားရ ကျေနပ်စေနိုင်မည့် သတင်းနှင့်အတူ သူ့ဆီ နောက်တစ်ကြိမ် ထပ်မံလာရောက် တွေ့ဆုံခဲ့၏။
ချူရှို့ချန်သည် ချူမိသားစု ခေါင်းဆောင်ရာထူးကို ချူမိသားစု၏ အကြီးဆုံး သခင်မလေး ချူရီမန်အား လွှဲပြောင်းပေးခဲ့ပြီး ခေါင်းဆောင် ရာထူးလွှဲပြောင်းသည့် အခမ်းအနားသို့ တက်ရန် ချူမိသားစုဆီ ပြန်ဖို့ အမိန့်ပေးခဲ့၏။
တစ်ချိန်တည်းမှာပင် ဟော်ကျန်းသည်လည်း ဟော်မိသားစု ခေါင်းဆောင်ရာထူးကို ဟော်ရှင်းချန်ဆီ လွှဲပြောင်းပေးခဲ့လေ၏။
မန်ရှန်ပင်းသည် သူ့ရာထူးကို မန်ရှန်းရီဆီ လွှဲပြောင်းပေးခဲ့၏။
လျူချင်းယောင်သည်လည်း လျူချူရွှမ်ဆီမှ မိသားစုခေါင်းဆောင် ရာထူးကို ဆက်ခံရရှိခဲ့လေ၏။
ခန်ရူ၏ ရာထူးသည် ခန်ကျန့်လက်ထဲသို့ ရောက်ရှိလာခဲ့လေ၏။
ကောင်းရန်ရှန်းသည် ကောင်းမိုဆီမှ ကောင်းမိသားစုခေါင်းဆောင် ရာထူးကို လက်ခံရရှိခဲ့၏။
ရီကွမ်းရန်သည် ရီမိသားစုခေါင်းဆောင် ရာထူးကို ရီကျင်းလီ လက်ထဲသို့ လွှဲပြောင်းပေးခဲ့လေ၏။
မိသားစုကြီးခုနှစ်ခု၏ မိသားစုခေါင်းဆောင် ရာထူးများသည် လူငယ်မျိုးဆက်များ လက်ထဲသို့ တစ်ပြိုင်တည်း ရောက်ရှိလာခဲ့လေပြီ။
မိသားစုခေါင်းဆောင် အသစ်များကြား မန်ရှန်းရီနှင့် လျူချင်းယောင်သည် ရန်ကိုင်နှင့် အသိအကျွမ်းဟောင်းများ ဖြစ်ကြလေ၏။
ခန်ကျန့်၊ ကောင်းရန်ရှန်းနှင့် ရီကျင်းလီတို့သည် ရန်ကိုင်နှင့် မရင်းနှီးကြချေ။
စစ်အေးကာလ ဖြစ်သော်ငြား စစ်ပွဲသည် အချိန်မရွေး ထဖြစ်နိုင်၏။ မိသားစုခေါင်းဆောင် ရာထူးလွှဲပြောင်းသည့် အခမ်းအနားသည် မိသားစုကြီး ရှစ်ခုအတွက် အရေးပါလှဿည် ဖြစ်ရာ မိသားစုကြီးရှစ်ခုသည် ထိုရာထူးလွှဲပြောင်းပွဲနှင့် ပက်သက်၍ ပေါ့တန်တန် သဘောမထားရဲကြ။ အရမ်းကြီး ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်၍ မရသော်လည်း လျော်ကန်သည့် ပုံစံမျိုးတော့ လုပ်ဖို့လို၏။
ထိုကဲ့သို့ ဖြစ်ရပ်မျိုး သမိုင်းကြောင်းတွင် တစ်ကြိမ်တစ်ခါမှ မဖြစ်ပျက်ခဲ့ဖူးချေ။ မဟာအင်အားစုကြီးများသည် ခေါင်းဆောင်ရားထူးကို တစ်ပြိုင်တည်း လွှဲပြောင်းပေးတော့မည်။ ထိုခေါင်းဆောင်အသစ် အားလုံးသည် လူငယ်မျိုးဆက်ဝင် ဂျူနီယာများ ဖြစ်ကြလေ၏။
သို့သော်ငြား အခြေအနေက တွန်းအားပေးလာသည်ဖြစ်ရာ ဗဟိုမြို့တော်မှ မိသားစုကြီးရှစ်ခုတွင်လည်း ရွေးချယ်စရာ မရှိတော့ချေ။
ထိုဂျူနီယာအားလုံးသည် သူတို့မိသားစု အသီးသီး၏ ခေါင်းဆောင် ရာထူးကို ဆက်ခံပြီးသည်နှင့် မိသားစုကြီးရှစ်ခုသည် ရန်ကိုင်စံအိမ်နှင့် ပူးပေါင်းသွားပေလိမ့်မည်။
“ရန်မိသားစုကော။ ရန်မိသားစုခေါင်းဆောင် အသစ်က ဘယ်သူလဲ” မိသားစုကြီးရှစ်ခု ခေါင်းဆောင်၏ စကားလုံးများကို နားထောင်ပြီးနောက် ရန်ကိုင်က ရန်ရင်ဟောင်ကို ရုတ်တရက် ကောက်မေးလိုက်လေ၏။
ရန်ရင်ဟောင်က ယဲ့ယဲ့လေး ပြုံး၍ “မင်းထက် သင့်တော်တဲ့လူ ရှိသေးတယ်လို့ ထင်နေတာလား”
ကျန်တဲ့ လူအိုကြီးခုနှစ်ယောက်စလုံးသည်လည်း ထိုအချက်နှင့် ပက်သက်၍ သဘောတူ ထောက်ခံ ခေါင်းညိတ်ပြလေ၏။
သူတို့အားလုံးသည် ရန်ကိုင်နှင့် ပူးပေါင်းဖို့ရာ သူတို့၏ ရာထူးများကို လူငယ်မျိုးဆက်များဆီ လွှဲပြောင်းပေးခဲ့ရ၏။ ရန်ကိုင်သည်သာ ရန်မိသားစု ခေါင်းဆောင်ရာထူးအား ဆက်ခံခြင်း မပြုခဲ့လျှင် မိသားစုကြီးရှစ်ခုနှင့် ရန်ကိုင်ကြားက ဆက်ဆံရေးသည် နောက်တစ်ဖန် မရေမရာ ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း ရန်ကိုင်က ခေါင်းသာ ခါရမ်းလိုက်၍ “ကျုပ် ရန်မိသားစုခေါင်းဆောင် လုပ်မှာမဟုတ်ဘူး။ အမွေခံတိုက်ပွဲ ဖြစ်နေတုန်းက ဦးလေးကြီးကို ကျုပ်ပြောခဲ့ပြီးသွားပြီလေ”
“မင်းတကယ်ကြီး ပြောနေတာလား” ရန်ရင်ဟောင် အံ့အားသင့် သွားခဲ့လေ၏။ သူသည် အမွေခံတိုက်ပွဲသည် ဂိုဏ်းနာမည်ဆိုးကို ရှင်းလင်းဖို့ အတွက်သက်သက်ကြောင့်ဟု ရန်ကိုင် ရန်ရင်ဟောင်အား ပြောပြခဲ့ဖူး၏။ သို့သော်လည်း ရန်ကိုင်က အလေးအနက် ပြောနေခြင်း ဖြစ်သည်ဟု ရန်ရင်ဟောင် မယုံကြည်ခဲ့ချေ။
ရန်ကိုင်၏ လက်ရှိခွန်အားနှင့် သူ့နောက်ခံအင်အားစုကြောင့် သူသာ ခေါင်းညိတ်လိုက်သရွေ့ ရန်မိသားစုထဲမှ မည်သူမှ သူ့အား ကန့်ကွက်ရဲလိမ့်မည် မဟုတ်ချေ။
“ကျုပ် အတည်ပြောနေတာ” ရန်ကိုင်က “မိသားစုခေါင်းဆောင် ဖြစ်ရတာ အရမ်းကို ငြီးငွေ့ဖို့ ကောင်းတယ်။ အဲ့လိုရာထူးမျိုးကို ကျုပ်စိတ်မဝင်စားဘူး” ဟု အခိုင်အမာ ဆိုလိုက်လေ၏။
“ဒါပေမယ့် မင်းလက်ထဲ ကိုင်ဆွဲထားတဲ့ ခွန်အားက ရန်မိသားစု ထက်တောင် ပိုပြီးအားကောင်းနေပြီလေ။ မင်းက မိသားစုခေါင်းဆောင် မဟုတ်ပဲနဲ့ မိသားစုခေါင်းဆောင်ထက် သာလွန်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာက ကိုးယိုးကားယား ဖြစ်နေလိမ့်မယ်”
“ဒီစစ်ပွဲကြီး ဖြစ်သွားရင် ကျုပ်ရဲ့ မဟာမိတ်တွေလည်း သူတို့ရဲ့ ဂိုဏ်းတွေ၊ မိသားစုတွေဆီ ပြန်သွားကြလိမ့်မယ်။ ဒါပေမယ့် ကျုပ်သာ မိသားစုခေါင်းဆောင် ဖြစ်လာခဲ့ရင် အဲ့ထိုင်ခုံပေါ်မှာ လက်ကျန် တစ်ဘဝလုံး ထိုင်နေရမယ်လို့ ဆိုလိုက်တာနဲ့ အတူတူပဲ။ ကျုပ်က အရူးတစ်ယောက်မှ မဟုတ်တာ။ ရန်မိသားစုဆီမှာ ဘာလို့ တစ်ဘဝလုံး အချိန်ကုန်ရမှာလဲ”
ပြောပြီးသည်နှင့် တစ်ခဏလောက် စဉ်းစားလိုက်ပြီး “အကြီးဆုံး အစ်ကိုကြီး၊ ဒါမှမဟုတ် ဒုတိယအစ်ကိုဆီ လွှဲပေးလိုက်ရင် ပိုကောင်း လိမ့်မယ်။ အထူးသဖြင့် ဒုတိယအစ်ကိုပဲ၊ သူက ဒီရာထူးကို ပျော်ပျော်ကြီး လက်ခံမှာ”
“ရန်ကျောင်းသာ မိသားစုခေါင်းဆောင် ရာထူးကိုရလိုက်ရင် တကယ်ကို ပျော်မှာ။ ပြီးတော့ သူ့မှာ မိသားစုခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းလည်း ရှိတယ်။ ဒါပေမယ့် မင်းရဲ့ တည်ရှိမှုကို လျစ်လျူရှူထားလို့ မရဘူးလေ” ရန်ရင်ဟောင်က ခေါင်းခါရမ်း၍ “မင်းက အရမ်းကို ထွန်းပြောင်တောက်ပ လွန်းနေတာ။ ရန်မိသားစုမှာ မင်းရှိနေသရွေ့ အခြားတစ်ယောက်က ရန်မိသားစုခေါင်းဆောင် ရာထူးကို ရယူဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ဘူး။ ရန်ကျောင်းလည်း… မဖြစ်နိုင်ဘူး”
သူ့သားအတွက် ရန်ရင်ဟောင် နောင်တ ရချင်သွားခဲ့တယ်။
ရန်ကိုင်သာ လွန်စွာကိုမှ အံ့အားသင့်ဖွယ် ကောင်းမနေခဲ့လျှင် ရန်ကျောင်းသည် ရန်ဝေထက် ရန်မိသားစုခေါင်းဆောင် ဖြစ်ဖို့ရာ ပို၍ အလားအလာရှိ၏။ ရန်ဝေသည် တစ်ယောက်တည်း နေခြင်းနှင့် ကျင့်ကြံခြင်းကို နှစ်သက်သော သူဖြစ်၏။ ထိုကဲ့သို့သော လူမျိုးသည် မိသားစုခေါင်းဆောင် ရာထူးအတွက် မသင့်လျော်ချေ။
“ဒီရာထူးကို ဒီလောက် အလောတကြီး ငြင်းမနေနဲ့ဦး” ရန်ရင်ဟောင်က အသာအယာ ပြုံးလိုက်၍ “ငါပြောခဲ့တာကို မှတ်မိသေးလား”
“ဟန်”
“ရန်မိသားစုခေါင်းဆောင် ဖြစ်လာရတာ အားသာချက်တွေလည်း ရှိသေးတယ်လို့ ငါမင်းကို ပြောခဲ့တယ်လေ”
ကျန်သည့် မိသားစုခေါင်းဆောင် ခုနှစ်ယောက်စလုံး ရန်ရင်ဟောင်ဆီ လှမ်း၍ ကြည့်လိုက်၏။ သူမည်သည့်အကြောင်းအား ပြောတော့မည်ကို သူတို့ ကြိုသိနေသည့်ပုံပင်။ အားလုံး မနာလိုအားကျသည့် အမူအရာဖြင့် ကြည့်နေခဲ့ကြလေ၏။
ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။ ထိုကိစ္စနှင့်ပက်သက်ပြီး ရန်ရင်ဟောင် သူ့ကို ပြောခဲ့ဖူးပေ၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၈၅) ငါတို့တွေက ညီအစ်မသုံးယောက်ပဲ
~~~~~~~~~~~~~~~~~~~~~~~~~
“ရန်မိသားစု ခေါင်းဆောင်တိုင်းက ဘာလို့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တွေ ဖြစ်နေရတာလဲ” ရန်ရင်ဟောင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “ရန်မိသားစုခေါင်းဆောင် ဖြစ်လာတဲ့လူတိုင်း အထူးအခွင့်အရေးတစ်ခု ရကြတယ်။ မင်းသာ မိသားစုခေါင်းဆောင် ရာထူးကို လက်ခံလိုက်တာနဲ့ အဲ့ဒါက ဘယ်လို အခွင့်အရေးမျိုးလဲ ဆိုတာကို မင်းနားလည်သွားလိမ့်မယ်”
ရန်ရင်ဟောင် ပြောသည်ကို နားထောင်ပြီးနောက် ရန်ကိုင်၏ အမူအရာ နည်းနည်းမျှပင် ပြောင်းလဲသွားခြင်း မရှိခဲ့သော်လည်း ကျန်သော မိသားစုခေါင်းဆောင် ခုနှစ်ယောက်မူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ကြလေ၏။ ရန်မိသားစု၏ လျှို့ဝှက်ချက်အကြောင်း ကောလဟာလသာ သူတို့ ကြားဖူး၏။ အခွင့်အရေးလို့ ခေါ်တဲ့အရာက မည်ကဲ့သို့သော အရာဖြစ်သည် ဆိုသည်ကိုတော့ သူတို့လည်း မသိကြချေ။
“ဦးလေးကြီးက ဒီနည်းလမ်းသုံးကို ကျုပ်ကို စည်းရုံးဖို့ ကြိုစားနေတာလား”
“အမှန်ပဲ” ရန်ရင်ဟောင်က ငြင်းဆိုခြင်း မပြုခဲ့။ ရန်ကိုင်သည် ဘယ်သောအခါမှ အနစ်နာခံမည့် လူမဟုတ်မှန်း သူသိ၏။ သူ့ကို စည်းရုံးလိုလျှင် လုံလောက်သည့် အကျိုးအမြတ် ရှိနေဖို့လိုပေ၏။ ဒီရန်မိသားစု၏ လျှို့ဝှက်ချက်သည် ရန်ကိုင်စိတ်ကို မလှုပ်ရှားအောင် မလုပ်ဆောင်နိုင်ဟု ရန်ရင်ဟောင် မယုံကြည်ချေ။
“နည်းနည်းလောက် ထပ်ပြောပြလို့ရမလား” ရန်ကိုင် တကယ်ကိုပဲ နည်းနည်းပါးပါးတော့ စိတ်ဝင်စားမိ၏။
ရန်ရင်ဟောင်က ပြုံး၍ ပါးစပ်ဟလိုက်၏။
ရန်ကိုင်အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူ့မျက်နှာထက်က အံ့အားသင့်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေ၏။
ကျန်သော မိသားစုခေါင်းဆောင် ခုနှစ်ယောက်သည် အစွမ်းကုန် နားစွင့်၍ နားထောင်ခဲ့ကြသော်လည်း ဘာဆိုဘာမျှ မကြားခဲ့ရချေ။
“နည်းနည်းတော့ စိတ်ဝင်စားမိပေမယ့် ဦးလေးကြီးရယ်၊ မိသားစုခေါင်းဆောင်တော့ ကျုပ်တကယ်ကို မဖြစ်ချင်တာ” ရန်ကိုင်က မျက်မှောင်ကြုံ့၍ ပြောလိုက်၏။
“ရန်မိသားစုရဲ့ အနာဂတ်ကို မင်းပဲ ပုံသွင်းရမှာ” ရန်ရင်ဟောင်၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့ပြီး “ဗဟိုမြို့တော် မိသားစုကြီးရှစ်ခုက မျိုးဆက်ပေါင်းများစွာ ရုန်းကန်ကြိုးစားလာခဲ့ပေမယ့် ဒီအဆင့်ထိပဲ ရောက်ရှိလာခဲ့တယ်။ တိမ်မိစ္ဆာနယ်မြေက ပွဲသိမ်းကျူးကျော်စစ် စလာတဲ့အခါ ငါတို့ ဗဟိုမြို့တော်ရဲ့ တစ်ဝက်က သူတို့လက်ထဲ ကျသွားခဲ့ရတယ်။ ဒီအချက်ကြောင့် မိသားစုကြီးရှစ်ခုရဲ့ ဂုဏ်သတင်းမှာ အမည်းစက် စွန်းထင်းသွားခဲ့ရတယ်။ ဒါပေမယ့် မင်းက ဗဟိုမြို့တော်ဆီ ပြန်ရောက်ပြီး နှစ်နှစ်အတွင်းမှာပဲ မိသားစုကြီးတွေထက် ပိုပြီးအင်အားစုတောင့်တင်းတဲ့ အင်အားစုတစ်ခုကို တည်ဆောက် နိုင်ခဲ့တယ်။ မင်းစံအိမ်က ဒီလောကကြီးမှာ အတောင့်တင်းဆုံး အင်အားစု တစ်ခုပဲ။ ဒါကြောင့် မင်းက ရန်မိသားစုရာထူးကို ဆက်ခံဖို့ အခြား ဘယ်သူ့ထက်မဆို ပိုပြီးသင့်တော်တယ်လို့ ငါပြောချင်တယ်။ မင်းကြောင့်သာ မဟုတ်ရင် ငါတို့တွေလည်း ငါတို့ရဲ့ရာထူးကို ဒီမရင့်ကျက်သေးတဲ့ ကလေးတွေဆီ လွှဲပြောင်းပေးမယ်လို့ ထင်နေလား။ သူတို့ အခုလိုလုပ်လိုက်တာ သူတို့ကလေးတွေကို စိုးရိမ်လို့ မဟုတ်ဘူး။ မင်းကို ယုံကြည်လို့ပဲ”
အခန်းထဲတွင် ရှိနေသော ကျန်မိသားစုခေါင်းဆောင် (၇)ဦးစလုံး တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြ၏။
ရန်ကိုင် အားတင်းပြီး ပြုံးလိုက်ရ၏။ မိသားစုကြီးရှစ်ခုက သူ့အား မိစ္ဆာကောင်အဖြစ် သမုတ်သည့်အတွက် ရန်ကိုင်သည် မိသားစုကြီးရှစ်ခု၏ ရှင်သန်ရေးအာ အရှင်း ဂရုမစိုက်ခဲ့။ သူတို့တစ်တွေက ယခုကဲ့သို့ ရိုးရိုးသားသားဖြင့် ပြုမူပြောဆိုလာသည့်အခါ ရန်ကိုင် အနည်းငယ် ရှက်သွားခဲ့ရလေ၏။
သူတို့တစ်တွေသည် သူ့အား မည်ကဲ့သို့ပင် ဖိနှိပ်ပြောဆို အပြစ်တင်စေခဲ့ကာမူ၊ မိသားစုကြီးရှစ်ခုသည် တိမ်မိစ္ဆာနယ်မြေအား နှစ်ပေါင်းများစွာကြာအောင် ဦးဆောင်တိုက်ခိုက်ပေးခဲ့သူများ ဖြစ်၏။ ထို့အတွက် သူတို့လည်း ဆုလာဒ်အနည်းငယ်တော့ ရသင့်ပေ၏။
“ဦးလေးကြီးရဲ့ မျှော်လင့်ချက်ကို ကျုပ်စိတ်ပျက်စေမှာ မဟုတ်ဘူး” ရန်ကိုင်က ရိုးရိုးသားသားပင် ပြန်ပြောလိုက်လေ၏ “လက်ရှိ အခြေအနေကြောင့် ရန်မိသားစုကို တစ်ခဏလောက် ထိန်းထားပေးမယ်။ ဒီစစ်ပွဲကြီးပြီးသွားရင် မိသားစုခေါင်းဆောင် ရာထူးကို အစ်ကိုကြီး၊ ဒါမှမဟုတ် ဒုတိယအစ်ကိုလက်ထဲ ပြန်လွှဲပေးလိုက်မယ်။ ကျုပ်အနာဂတ်က ရန်မိသားစု၊ ဗဟိုမြို့တော်နဲ့တင် အဆုံးသတ်သွားမှာ မဟုတ်ဘူး။ ကျုပ်ရဲ့ ခရီးလမ်းက ဒီမှာတင် အဆုံးမသတ်သေးဘူး”
ရန်ကိုင်၏ အကြည့်ထဲ မျှော်လင့်စောင့်စားမှုတို့ဖြင့် ပြည့်နေခဲ့ပြီး “ဦးလေးတို့ ကျုပ်ပြောတိုကို ယုံလောက်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျုပ်ကတော့ယုံတယ်။ ကျုပ်တို့ထက် သန်မာတဲ့ ကျင့်ကြံသူတွေ၊ ဂိုဏ်းတွေ၊ မိသားစုတွေ အများကြီးပဲ ရှိသေးတယ်… သူတို့နဲ့ယှဉ်ရင်၊ မိသားစုကြီးရှစ်ခုဆိုတာ ဘာဆိုဘာမှ မဟုတ်တော့ဘူး”
အနည်းဆုံးတော့ ရေဝိဥာဉ်ဘုရားကျောင်းသည် ရွှေးလင်ကဲ့သို့ ပညာရှင်တစ်ယောက်အား မွေးထုတ်ပေးနိုင်သော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်ကို ရန်ကိုင်သိ၏။
မိသားစုခေါင်းဆောင် ရှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ကြကာ အလျင်အမြန်ပဲ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ရန်ကိုင် မည်သည်ကို ဆိုလိုမှန်း သူတို့ အမှန်အကန်ကို နားမလည်နိုင်ကြချေ။
ဒီလောကကြီးထဲ မည်သည့်အင်အားစုကများ မိသားစုကြီးရှစ်ခုထက် သန်မာအားကောင်းမည်နည်း။ တိမ်မိစ္ဆာနယ်မြေပင်လျှင် သူတို့နှင့် အင်အားတူညီသည် ဆိုရုံသာ ရှိ၏။
“ကောင်းပြီလေ” ရန်ရင်ဟောင် တစ်ခဏတာလောက် တုန့်ဆိုင်း နေပြီးနောက် အသာအယာ ခေါင်းညိတ်ကာ “မင်းမှာ ရည်မှန်းချက် ကြီးကြီးမားမားတွေ ရှိနေတာပဲ။ ဒါကြောင့် ငါမင်းကို တားဖို့ မကြိုးစားတော့ဘူး။ အခုအချိန်အတွင်းတော့ ရန်မိသားစုခေါင်းဆောင် ရာထူးကို ယာယီလက်ခံထားပေးပေါ့”
ရန်ကိုင်က အသာအယာ ခေါင်းညိတ်၍ “ကျုပ်က ယာယီလက်ခံမှာ ဆိုတော့ ရာထူးလွှဲပြောင်းပွဲ အခမ်းအနား ကျင်းပစရာ မလိုတော့ဘူးပေါ့”
ရန်ရင်ဟောင် သက်ပြင်းချလိုက်ပြီး ရန်ကိုင်အား ဆက်လက် တွန်းအားပေးဖို့ရာ မကြိုးစားတော့ချေ။
မိသားစုကြီးရှစ်ခု၏ မိသားစုခေါင်းဆောင် ရာထူးများသည် တစ်ပြိုင်တည်း ပြောင်းလဲသွားခဲ့ကြ၏။ ထိုသတင်း ထွက်ပေါ်လာသည့်အခါ တစ်လောကလုံး ထိတ်လန့်တုန်လှုပ် သွားခဲ့ကြရလေ၏။ အထူးသဖြင့်၊ ဗဟိုမြို့တော်တွင် ကျန်ရှိနေသူများဖြစ်ကြ၏။ ထိုသတင်းကြောင့် သူတို့မှာ အချိန်အတော်ကြာအောင် ကြက်သေသေနေခဲ့ကြရလေသည်။
မိသားစုကြီးခုနှစ်ခုသည် မိသားစုခေါင်းဆောင်ရာထူး လွှဲပြောင်းသည့် အခမ်းအနားကို တစ်ပြိုင်တည်း ကျင်ပကြပေလိမ့်မည်။ ရန်မိသားစုကမူ ရန်ကိုသည် ရန်မိသားစုခေါင်းဆောင် ရာထူးအား ယာယီလွှဲပြောင်း ယူထားမည်ဟုသာ ကြော်ညာထားခဲ့၏။
ထိုကဲ့သို့သော အခမ်းအနားများသည် မိသားစုအသီးသီး၏ အကြီးများဆုံး အဖြစ်အပျက်များ ဖြစ်ကြ၏။ သို့သော်ငြား တိမ်မိစ္ဆာနယ်မြေ၏ အန္တရာယ်ကို စိုးရိမ်နေရသေးသည် ဖြစ်ရာ မိသားစုကြီး ရှစ်ခုသည် မိသားစုခေါင်းဆောင် ရာထူးလွှဲပြောင်းမည့် အခမ်းအနားကို ခုနှစ်နေရာစီ ခွဲ၍ ကျင်းပမည့်အစား တစ်နေရာတည်းမှာသာ စု၍ ကျင်းပရန် ဆုံးဖြတ်လိုက်၏။
ထိုကဲ့သို့ဆိုလျှင် တိမ်မိစ္ဆာနယ်မြေ၏ အန္တရာယ်ကို ကာကွယ်ဖို့ ပိုမိုလွယ်ကူသွားပေလိမ့်မည်။
ကံကောင်းစွာဖြင့် တိမ်မိစ္ဆာနယ်မြေသည် ယခုတလော ငြိမ်နေသည် ဖြစ်ရာ မိသားစုကြီးရှစ်ခုသည် ထိုကြီးကျယ်ခမ်းနားသည့် အခမ်းအနားကို အလျင်အမြန် စီစဉ်ကြတော့လေ၏။
လုံခြုံရေးတာဝန်ကိုမူ ရန်ကိုင်စံအိမ်ထဲတွင် ရှိနေသည့် ပညာရှင်များအား လွှဲပြောင်းတာဝန်ယူထားခိုင်းခဲ့လေသည်။
ရန်ကိုင်စံအိမ်တွင်း၌ ရှိနေသည့် ပညာရှင်များစွာသည် လုံခြုံရေး တာဝန်အား ယူထားရာ အားလုံသည် အစီအစဉ်အတိုင်း သွားနေခဲ့လေ၏။
အချိန် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး၊ သုံးရက်ကြာပြီးသည့်နောက် ဒေါင်စုကျုနှင့် ရန်ရင်ဟောင်တို့ ရန်ကိုင်စံအိမ်ဆီ ရောက်ရှိလာခဲ့လေ၏။
သူတို့ရောက်ကြောင်း ကြားသည်နှင့် ရန်ကိုင်သည် သူ့မိဘများကို နှုတ်ဆက်ဖို့ရာ စံအိမ်ထဲမှ အလျင်အမြန် ပြေးထွက်လာခဲ့လေသည်။
စုယန်သည်လည်း ရှက်ကိုးရှက်ကန်းဖြင့် ရန်ကိုင်နှင့်အတူ လိုက်ပါလာခဲ့၏။ ရန်ရင်ဖုန်းနှင့် ဒေါင်စုကျုတို့သည့် အတွေ့အကြုံ ရင့်ကျက်သည့် လူများဖြစ်ရာ စုယန်၏ ရှက်နေသော အမူအရာကို မြင်လိုက်သည်နှင့် ရန်ကိုင်နှင့်သူမကြားက ဆက်ဆံရေးကို ချက်ချင်း မျက်မှန်းတန်း မြင်လိုက်လေ၏။
ဒေါင်စုကျုသည် စုယန်အား အနီးအနားရှိ စားပွဲခုံတစ်ခုစီ ချက်ချင်း ဆွဲခေါ်သွားလိုက်ပြီး သူမ၏ ချွေးမလောင်း ဖြစ်လာမည့် ရေခဲနတ်သမီးလေးနှင့် ရင်းနှီးကျွမ်းဝင်ဖို့ရာ စတင်ကြိုးစားတော့လေ၏။
လေးယောက်မြောက် သခင်ကြီးကမူ အနည်းငယ် မနာလိုအားကျပြုံး ပြုံးလျက် ရန်ကိုင်အား လက်မထောင်ပြလိုက်၏။
“ဒေါ်လေး၊ တကယ်တော့ နောက်ထပ် တစ်ယောက် ရှိသေးတယ်” စုယန်က ရုတ်တရက် ဒေါင်စုကျုကို တိုးတိုးလေး ပြောလိုက်၏။
“နောက်တစ်ယောက်လား” သူမပြောသည်ကို နားထောင်ပြီးနောက် ဒေါင်စုကျုက တခစ်ခစ် ရယ်မောလိုက်ကာ အပြုံးကြီးပြုံးလျက် စုယန်ကို နှစ်သိမ့်ပေးလိုက်လေ “သမီး စိတ်ချထားလိုက်၊ အဲ့ကောင်စုတ်လေးကို အန်တီ ကောင်းကောင်း ဆုံးမပေးလိုက်မယ်။ ဟန့်၊ နည်းနည်းလေး သန်မာလာတာနဲ့ မိန်းမလှလေးတွေနဲ့ ဝိုင်းဝိုင်းလည်ချင်နေတယ်”
စုယန်က မနာလိုဖြစ်နေသည်ဟု ဒေါင်စုကျု ထင်မှတ်နေခဲ့ခြင်း ဖြစ်၏။
“မလိုပါဘူး၊ အန်တီ” စုယန်က သူမ၏လက်အား အလျင်အမြန် ဝှေ့ရမ်းလိုက်၍ “ဂျူနီယာညီမလေးက တော်တော်လေး ရှက်တတ်တော့ ထွက်မလာရဲတာကို ပြောချင်တာ။ ပြီးတော့ ဂျူနီယာမောင်လေးက သူ့ကို တစ်ခါမှ ရှင်းရှင်းလင်းလင်း မပြောခဲ့ဖူးဘူး။ ဒီလို အရေးကြီးကိစ္စကို နှောင့်နှေးတော့ ဂျူနီယာညီမလေးဘက်ကိုလည်း မသေချာသလို ဖြစ်သွားရရော… ဒါကြောင့်…”
ဒေါင်စုကျုက စုယန်အား အနည်းငယ် စိတ်ရှပ်သွားသည့် အမူအရာဖြင့် “ယန်အာ၊ သမီး ပြောချင်တာက…”
“ဦးလေး၊ ဒေါ်လေးတို့နဲ့ တွေ့ဖို့ သမီးသူ့ကို ခေါ်လာခဲ့မယ်လေ” စုယန်က ပြန်ပြောလိုက်၏။
ဒေါင်စုကျု အံ့အားသင့်သွားခဲ့လေ၏။ စုယန်က ဤမျှ သဘောထား ကြီးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ရာ တစ်ခဏကြာပြီးမျှပင် ပြန်ပြောနိုင်ကာ “သမီးသာ စိတ်ထဲမထားသရွေ့ အန်တီလည်း သူနဲ့ စကားပြောကြည့်တာပေါ့”
“အဲ့ဒါဆို သမီးသူ့ကို သွားခေါ်လိုက်မယ်” စုယန်က အပြုံးလေးဖြင့် ပြောပြီးသည်နှင့် ရိပ်ခဲနဲ ပျောက်ကွယ်သွားခဲ့လေ၏။
“အမေ၊ စုယန် ဘယ်သွားတာလဲဟင်” ရန်ကိုင်က အနား၌ သူ့အဖေနှင့် စကားပြောနေခြင်း ဖြစ်၏။ စုယန်က ရုတ်တရက်ကြီး ပျောက်သွားရာ သူလည်း သိချင်မိသွားခဲ့ပြီး သူ့အမေကို မေးလိုက်လေ၏။
“ဟွန့်” ဒေါင်ချင်းစုက နှာခေါင်းရှုံးပြလိုက်သဖြင့် ရန်ကိုင်မှာ စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကုတ်လိုက်ရလေ၏။
မကြာခင်မှာပင် စုယန်၊ ရှနင်းချန်နှင့်အတူ ပြန်ရောက်လာခဲ့၏။ ရှနင်းချန်၏ မျက်နှာလေးသည် ရဲရဲတွတ်နီမြန်းနေခဲ့ပြီး လေးယောက်မြောက် သခင်ကြီးနှင့် သူ့မိန်းမအား အတတ်နိုင်ဆုံး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီးနောက် စုယန်ဘေးတွင် ထိုင်လိုက်လေ၏။ ထိုင်ပြီးသည်နှင့် သူမ၏ ပုံစံသည် ကျောက်ရုပ်ထုတစ်ခုပမာ တောင့်တင်း သွားခဲ့လေ၏။ ဒေါင်စုကျုက မေးခွန်းမေးလာသည့် အခါမှသာ ရှက်ရှက်နှင့် ပြန်ဖြေလေ၏။
ထိုမိန်းမငယ်လေး နှစ်ယောက်အားကြည့်ရင်း ဒေါင်စုကျု ကျေကျေနပ်နပ်ဖြင့် ပြုံးလိုက်လေသည်။
ရေခဲနတ်သမီးလေးနှင့် လောကကြီး၏ ကိလေသာ အညစ်အကြေးတို့ စွန်းထင်းခြင်းမရှိသည့် အလှနတ်သမီးလေးအား ရလိုက်ခြင်းသည် သူမသားအတွက် လွန်စွာ လွန်စွာကိုမှ ကောင်းမွန်လှသော ကံတရားပေတည်း။
ရန်မိသားစု၏ လေးယောက်မြောက် သခင်ကြီးသည့် သူ့သား၏ ကံကောင်းမှုအပေါ် မနာလိုအားကျမိသော်လည်း ခက်ထန်သော မျက်နှာထားဖြင့် “ကိုင်အာ၊ မိန်းကလေးနှစ်ယောက်ကို မမျှမတ ဆက်ဆံလို့ မရဘူးနော်။ နေ့ကောင်းနေ့မြတ်ရွေးပြီး မြန်မြန်သာ လက်ထပ်ပွဲ စီစဉ်ပေတော့”
ရန်ကိုင်ကတော့ ရယ်ရယ်မောမောဖြင့် “အဖေကလည်း ဒီလောက် လောမနေစမ်းပါနဲ့ဗျာ။ ကျွန်တော်တို့တွေက ငယ်ငယ်လေးပဲ ရှိသေးတာဗျ”
“မင်းက ငယ်ပေမယ့် မင်းမိဘတွေက မငယ်တော့ဘူးကွ” ရန်ရင်ဖုန်းက ပြန်၍ ငြင်းချက်ထုတ်လိုက်လေ၏။
“ဘယ်သူက အိုလို့လဲ။ အမေ့ကို ကြည့်ကြည့်လိုက်၊ မသိတဲ့သူသာ ဆိုရင် သူတို့သုံးယောက်ကို ညီအစ်မတွေလို့တောင် ထင်သွားကြမှာ” ရန်ကိုင်က ပြုံး၍ သူ့အမေဘက်လှည့်ပြီး ပြောလိုက်၏။
“သားအတည်ပြောနေတာလား” သူမသား၏ အမွှမ်းတင်စကားကို ကြားသည်နှင့် ဒေါင်စုကျုမျက်နှာ ဝင်းပသွားခဲ့လေ၏။
“အတည်ပြောနေတာပေါ့၊ အမေရ” ရန်ကိုင်က တွေဝေတုန့်ဆိုင်းခြင်း မရှိ ချက်ချင်းပဲ ဖားယားပြောဆိုလိုက်၏။
“ကောင်းတယ်၊ ကောင်းတယ်။ ဒီနေ့ကစပြီး ငါတို့သုံးယောက်က ညီအစ်မတွေပဲ” ဒေါင်စုကျုမှာ လွန်စွာကိုမှ စိတ်လှုပ်ရှားသွားခဲ့ပြီး စုယန်နှင့် ရှန်နင်ချန်တို့ နှစ်ယောက်ကို သူမဆီ ဆွဲဖက်လိုက်လေသည်။
စုယန်နှင့် ရှနင်းချန်တို့ နှစ်ယောက်စလုံး ကိုးယိုးကားယား၊ အံ့အားသင့်နေသည့် အမူအရာဖြင့် ဒေါင်စုကျုအား ငေးစိုက် ကြည့်နေလိုက်ကြလေ၏။
ရန်ကိုင်နှင့် လေးယောက်မြောက် သခင်ကြီးတို့၏ မျက်နှာမှာမူ ဆေးခါးကြီးစားလိုက်ရသည့်အလား မဲမှောင်သွားခဲ့ကြလေသည်။
“မင်းအမေက စိတ်ထဲရှိရင် ရှိသလို လွှတ်ခနဲ ပြောတတ်တာ။ အဲ့လိုအခါမျိုးကျ သူပြောတာကို လိုက်ပြီး အာရုံစိုက်မနေနဲ့” ရန်ရင်ဖုန်းက အလျင်စလို ရှင်းပြလိုက်လေ၏။
“အဖေဘာလို့ ဒီနေ့ ဒီကို ရောက်လာတာလဲ” ရန်ကိုင်က ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်၏။
ရန်ရင်ဖုန်းက အသာအယာ ချောင်းဟန့်၍ ဆက်ပြောလိုက်၏ “မင်းဦးလေးကြီးက မင်းကို ဗဟိုမြို့တော်ဆီ ပြန်လာစေချင်နေတယ်”
“ရန်မိသားစုဆီ ပြန်လာဖို့လား”
“ဟုတ်တယ်”
ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့ပြီး “ဘယ်အချိန်လဲ”
“မြန်လေပိုကောင်းလေပဲ”
“ကျွန်တော် နားလည်ပြီ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်၍ “ဘာလို့ မြန်မြန် ပြန်လာစေချင်တာလဲ ဆိုတာကိုကော ဦးလေးကြီး ပြောလိုက်သေးလား”
“အဲ့လောက်တော့ ရှင်းမပြလိုက်ဘူး။ အဲ့ကိစ္စက အရေးကြီးတယ်၊ မင်း ရန်မိသားစုဆီ ပြန်လာတဲ့အခါကျ ရှင်းပြမယ်လို့ ပြောလိုက်တယ်”
“အဲ့လိုဆိုရင်… ကျွန်တော် ချက်ချင်းပဲ သွားလိုက်မယ်လေ” ရန်ကိုင် တစ်ခဏလောက် စဉ်းစားလိုက်ပြီး ပြောလိုက်၏ “ဒီမှာ ခဏလောက် စောင့်နေလိုက်လေ၊ သားအမြန်သွားပြင်လိုက်မယ်”
ပြောပြီးသည်နှင့် စံအိမ်ထဲ လမ်းလျှောက် ဝင်သွားလိုက်ပြီး သူရန်မိသားစုဆီ ပြန်သွားမည့်အကြောင်း အားလုံးကို အသိပေးလိုက်၏။ ချူရီမန်နှင့် ဟော်ရှင်းချန်တို့သည် မိသားစုခေါင်းဆောင် ရာထူးကို လွှဲပြောင်းရယူရန် သူတို့၏ မိသားစုအသီးသီးဆီ ပြန်သွားကြပြီဖြစ်ရာ အိမ်ကို စောင့်ရှောက်ဖို့အတွက် လင်းတိုင်ရှုနှင့် မန်ဝူရတို့ကိုသာ အားကိုးအားထား ပြုရတော့၏။
“သခင်လေး၊ ဒီအစေခံအိုကြီးကို အဆိုးမြင်တယ်လို့ မတွေးပါနဲ့။ ရန်မိသားစုက သခင်လေးကို ဒီလောက်မြန်မြန် ပြန်လာစေချင်နေတာကို ထောက်ရင် သူတို့မှာ အခြားရည်ရွယ်ချက် မရှိတာ သခင်လေး သေချာရဲ့လား” နတ်ဆိုးအိုကြီးက ချက်ချင်း နိုးကြားသတိရှိသွားလေ၏။
“ကိစ္စမရှိဘူး” ရန်ကိုင်က ခေါင်းခါရမ်းလိုက်၍ “ငါက သူတို့နဲ့ပေါင်းပြီး နတ်ဆိုးအရှင်သခင်ကို ခုခံဖို့ သဘောတူထားမှတေ့ သူတို့အနေနဲ့ ငါ့ကို ဆန့်ကျင်စရာ မလိုတော့ဘူး”
“သခင်လေး သတိမမဲ့သင့်ဘူးနော်” နတ်ဆိုးအိုကြီး သုန်မှုန်စွာ ပြုံးလိုက်ပြီး “မိသားစုကြီးရှစ်ခုစလုံးက အရှင်သခင်တွေလို ပြုမူလာကြတာ။ ဒါပေမယ့် အခုလိုအခြေအနေမျိုးရောက်အောင် တွန်းအား ပေးခံခဲ့ရတယ်။ သခင်လေးကို မကျေနပ်တဲ့လူ နည်းလောက်မှာ မဟုတ်ဘူး။ သခင်လေးသာ မတော်တဆ ဖြစ်သွားခဲ့ရင် စံအိမ်ထဲ စုဝေးနေတဲ့ အင်အားစုတွေအကုန်လုံး အကွဲကွဲ အပြားပြား ဖြစ်သွားလိမ့်မယ်။ အဲ့လိုသာ ဖြစ်သွားခဲ့ရင် မိသားစုကြီးရှစ်ခုက ဒီအခြေအနေကို အခွင့်ကောင်းယူဖို့ ကျိန်းသေ ကြိုးစားကြလိမ့်မယ်”
“ဟုတ်တယ်၊ မင်းသတိမမဲ့သင့်ဘူး” မန်ဝူရလည်း ဝင်၍ ထောက်ခံလိုက်၏။
“သူတို့သာ အဲ့လိုလုပ်မယ်ဆိုရင် သူတို့ အရမ်းကို အမြင်ကျဉ်းသွားမှာပေါ့။ အဲ့လို ဖြစ်လာရင် ကျုပ်ဘက်က ဘာမှ ပြောနေတော့မှာ မဟုတ်ဘူး” ရန်ကိုင်က လှောင်ပြောင်လိုက်၏။
တိမ်မိစ္ဆာနယ်မြေ၏က အခွင့်အရေးကို ချောင်းမြောင်းနေဆဲ။ မိသားစုကြီးရှစ်ခုသာ ကိုယ့်ကျိုးအတွက် အတွင်းရေး ပြဿနာများကို ဖန်တီးလာမည်ဆိုလျှင် သူတို့သည်လည် ဤလောကကြီး၌ ဆက်၍ တည်ရှိနိုင်တော့မည် မဟုတ်ချေ။
“ဘာပဲဖြစ်ဖြစ်၊ အစေခံအိုကြီး သခင်လေးနဲ့အတူ လိုက်ခဲ့မယ်” နတ်ဆိုးအိုကြီးက အလျင်အမြန်ပဲ ပြောလိုက်၏။
ရန်ကိုင်က နတ်ဆိုးအိုကြီးကို ကြည့်၍ ပုံမှန်အတိုင်းသာ ပြန်ပြောလိုက်၏ “ကောင်းပြီလေ”
အခြေအနေသည် ကောင်းမွန်လှခြင်း မရှိရာ မိသားစုကြီးရှစ်ခုလည်း ဤမျှလောက် မရူးလောက်ဘူးဟု ရန်ကိုင် ခံစားမိ၏။ မိသားစုခေါင်းဆောင် ရာထူးကို လူငယ်မျိုးဆက်တွေဆီ လွှဲပြောင်းပေးသည်ကို ကြည့်လျှင် သိနိုင်၏။ တိမ်မိစ္ဆာနယ်မြေအား ရင်ဆိုင်နေရရာ သူတို့အနေဖြင့် မလှုပ်ရှားခင် ဥာဏ်ရှိရှိဖြင့် ဆုံးဖြတ်သင့်ပေ၏။
ထိုအချက်ကြောင့်ပင် မိသားစုရှစ်ခုနှင့် ပက်သက်ပြီး ရန်ကိုင်စိတ်ထဲ မျှော်လင့်ချက် အနည်းငယ်တို့ ကျန်ရှိနေသေး၏။ မိုက်မဲမှုကို ကုသပေးနိုင်သည့်ဆေး ဤလောကတွင် အမှန်အကန်ပင် ရှိကောင်း ရှိနိုင်ပေသည်။
စစ်ပွဲထဲသို့ သူဝင်ပါလာခဲ့ရသည်မှာ သေဆုံးသွားသော အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများ၏ စိတ်စွမ်းအင်ကို စုဆောင်းချင်၍ ဖြစ်၏။ သို့သော်ငြား တိုက်ပွဲသည် အဆုံးသတ်သွားသေးခြင်း မရှိရာ သူ့အနေဖြင့် မိသားစုကြီးရှစ်ခုနှင့် ပူးပေါင်းလိုက်သည်သာ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လေ၏။
================================