အခန်း (၅၉၁-၅၉၅)
Vol. 24 Ch. 591-595
အပိုင်း(၅၉၁) ဗဟိုမြို့တော် အောက်ဘက်ရှိ မြေကမ္ဘာချီကြောမကြီး
~~~~~~~~~~~~~~~~~~~~~~~~~
အနီးအနားတွင် ရှိနေသော အဆိပ်ဘုရင်သည်လည်း အဆိပ်ငွေ့ များစွာကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့၏။ သို့သော်ငြား ပညာရှင် များစွာ၏ ဝိုင်းရံမှုအောက်၌ သူ၏ ကြိုးစားအားထုတ်မှုသည် မလုံလောက်နိုင် ဖြစ်နေခဲ့ရ၏။ အမောတကော အသက်ရှူလျက် ရူးသွပ်စွာ ရယ်မောလိုက်၍ ရေရွတ်လိုက်၏ “ဟုတ်တယ်၊ ဆာနတ်ဆိုးအရှင်သခင်က ငါတို့ရဲ့ အသက်တွေကို ဂရုမစိုက်ဘူး။ မဟုတ်ရင် အခုလိုအခြေအမျိုးမှာ ငါတို့ကို လာမကူပဲ နေမှာ မဟုတ်ဘူး။ သူထွက်ပြေးသွားလောက်ပြီ”
“မဟုတ်တရုတ်တွေ” တိုက်တန်ခွန်အားဘုရင်က ချောက်ချား တုန်လှုပ်စွာဖြင့် “ဆာနတ်ဆိုးအရှင်သခင်က ဘယ်လိုလုပ်ပြီး ထွက်ပြေး သွားမှာလဲ။ သူက ဗဟိုမြို့တော်က ခွေးတွေကို အပြတ်ရှင်းနိုင်မယ့် အပြီးသတ် တိုက်ကွက်တစ်ခုကို ပြင်ဆင်နေတာပဲ ဖြစ်ရမယ်”
“အရူးပဲ” အဆိပ်ဘုရင်နှင့် တစ္ဆေဘုရင်တို့ နှစ်ယောက်စလုံး ပြိုင်တူ လှောင်ပြောင်ရယ်မောလိုက်ကြ၏။
မိစ္ဆာဘုရင် ရာထူးကို ရရှိပိုင်ဆိုင်ထားသည် လူတိုင်းသည် သာမန် ရိုးရှင်းသည့် ပုဂ္ဂိုလ်များ မဟုတ်ကြချေ။ တစ်ယောက်ချင်းစီက ဥာဏ်များ၊ ပရိယာယ်ကြွယ်ဝကာ ဦးနှောက်မရှိသည့် သူများ မဟုတ်ကြချေ။ တိုက်တန် ခွန်အားဘုရင်တစ်ယောက်သည်သာ တစ်ခေါင်းလုံး ကြွက်သားများဖြင့် ပြည့်နေသူ ဖြစ်၏။
ယခုအချိန်ထိတိုင် နတ်ဆိုးဘုရင်သည် ဗဟိုမြို့တော်ကို ဖျက်စီးဖို့ တိုက်ကွက်တစ်ခုအား ပြင်ဆင်နေသည်ဟု ယုံမှတ်နေဆဲ။
မိစ္ဆာဘုရင် ငါးပါးသည်သာ ရန်ပိုင် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိသည်သာမဟုတ်။ မိသားစုကြီး ရှစ်ခုသည်လည်း ရန်ပိုင် ဘယ်ရောက်နေလဲ ဆိုသည်ကို မသိကြချေ။
လူပေါင်းများစွာသည် ရန်ပိုင်ကို အားတက်သရော ကြိုးစား ရှာဖွေနေသော်ငြား မည်သူမှ ရန်ပိုင်ကို ရှာမတွေ့ခဲ့။ မသေမျိုး တတိယအဆင့် ပညာရှင် တစ်ယောက်သာ သူ့ကိုယ်သူ ဖုံးကွယ်ချင်လျှင် မည်သူမှ သူ၏ တည်နေရာအား အာရုံခံနိုင်လိမ့်မည် မဟုတ်ချေ။
အခြေအနေက နိုင်ဖို့ရာ မျှော်လင့်ချက် မရှိတော့သည့် အတွက်ကြောင့် ရန်ပိုင်လည်း ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု လူပေါင်း များစွာကပင် ခန့်မှန်းနေခဲ့ကြလေ၏။
သို့သော်ငြား အဖြစ်အပျက်ကြီး တစ်ခုခု ဖြစ်တော့မည်ဟု ရန်ကိုင်စိတ်ထဲ အလိုလို ခံစားနေခဲ့ရ၏။
ကျဆုံးသွားသော အင်မော်တယ် တက်လှမ်းခြင်း အဆင့်များ၏ စိတ်စွမ်းအင်များကို စုပ်ယူနေခြင်းအား ရပ်တန့်၍ မိသားစုကြီး ရှစ်ခုမှ ခေါင်းဆောင်ဟောင်းများကို အလျင်အမြန်ပဲ သွားရှာလိုက်လေ၏။
တိုက်ပွဲအနည်းငယ်လောက် တိုက်ခိုက်ပြီးနောက် မိသားစုရှစ်ခု၏ ခေါင်းဆောင်များသည် တိမ်မိစ္ဆာနယ်မြေအား အမြစ်မဖြတ်ခင် နောက်ဆုံး တိုက်ပွဲအတွက် ပြန်လည် အားပြန်ဖြည့်နေခဲ့ကြ၏။ ရန်ကိုင် ရောက်ရှိလာသည့် အချိန်၌ သူတို့အားလုံး အားပြန်ဖြည့်လို့ ပြီးသွားခဲ့ပြီ ဖြစ်၏။
“ဦးလေးကြီး” ရန်ကိုင်က ရန်ရင်ဟောင်ဆီ တိုက်ရိုက် လျှောက်သွားလိုက်ပြီး လေးနက်တည်ကြည်သည့် အမူအရာဖြင့် “ရန်ကိုင်က ဗဟိုမြို့တော်ဆီ ရုတ်တရက်ကြီး ဘာလို့ ကျူးကျော် စစ်ပြုရတာလဲ ဆိုတာကို သိလား။ သူဘာလုပ်ချင်နေတာလဲ”
ရန်ရင်ဟောင်လည်း ကြောင်သွားခဲ့ပြီး ပြန်မေးလိုက်၏ “မင်းဘာပြောချင်တာလဲ”
ရန်ကိုင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ဆက်ပြောလိုက်၏ “အပေါ်ယံမှာသာ မိသားစုကြီးရှစ်ခုက တိမ်မိစ္ဆာနယ်မြေကို တောက်လျှောက် ဝန်းရံထားခဲ့လို့ ရန်ပိုင်နဲ့ မိစ္ဆာဘုရင်ခြောက်ပါးက တန်ပြန်တိုက်ခိုက် ခဲ့တာပေါ့။ အဲ့အကြောင်းပြချက်ကလည်း ယုတ္တိရှိတယ်လေ။ နှစ်တွေအများကြီး ကြာပြီးနောက် မိသားစုကြီးရှစ်ခုနဲ့ တိမ်မိစ္ဆာနယ်မြေကြားက ရန်ငြိုးက မကျေအေးနိုင်တဲ့အထိကို ကြီးထွားလာခဲ့တာကိုး။ ဒါပေမယ့် ဒီလို အကြောင်းပြလေး အတွက်ကြောင့် ရန်ပိုင်က ဗဟိုမြို့တော်ကို မတိုက်ခိုက်လောက်ဘူးလားလို့ ကျုပ်ထင်တယ်။ နိုင်ပွဲရမယ်ဆိုရင်တောင် ကြီးကြီးမားမား ပေးဆပ်ပြီးမှ နိုင်ပွဲရနိုင်မယ် ဆိုတာကို သူသိသင့်တယ်။ သူက ပျင်းလွန်းနေလို့၊ သတ်ဖြတ်ရတာကို အရမ်းကြိုက်လို့ ဆိုရင်တော့ တစ်မျိုးပေါ့။ အဲ့ဒါကြောင့် မဟုတ်ရင်တော့ မိသားစုကြီးရှစ်ခုမှာ သူအသည်းအသန် လိုချင်နေတဲ့ တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်”
ရန်ကိုင် ပြောသည်ကို နားထောင်ပြီးနောက် မိသားစုကြီးရှစ်ခု ခေါင်းဆောင်ဟောင်းများ အတွေးထဲ နစ်မြောသွားခဲ့ကြလေ၏။ ထို့နောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး နောက်ဆုံး၌ ရီကွမ်းရန်က ပြောလာခဲ့လေ၏ “ငါတို့ တွေးမိတာဆိုလို့ မင်းတို့ ရန်မိသားစုရဲ့ လျှို့ဝှက်ချက်ပဲ ဖြစ်လောက်မယ်”
“ဟုတ်တယ်။ မိသားစုကြီးရှစ်ခုရဲ့ အမွေအနှစ်တွေက တော်တော်လေး ပေါကြွယ်ဝပေမယ့် ငါတို့ ပိုင်ဆိုင်ထားတဲ့ ဘယ်အရာကမှ ရန်ပိုင်ရဲ့ စိတ်ဝင်စားမှုကို မဆွဲဆောင်နိုင်ဘူး”
ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့၏။ သူတို့ ဝိဥာဉ်အုတ်မြစ် ဘုရားကျောင်းကို ရည်ညွှန်း ပြောဆိုနေမှန်း ရန်ကိုင် သိပေ၏။
ရန်ပိုင်၏ ရည်ရွယ်ချက်သည် ဝိဥာဉ်အုတ်မြစ်ဘုရားကျောင်း ဖြစ်မည်ဆိုပါက မည်သည့်အတွက်ကြောင့် သူထိုကဲ့သို့ နားလည်နိုင်၏။ သို့သော်ငြား မကြာခင်မှာပင် ရန်ကိုင် ခေါင်းခါရမ်း၍ “မဖြစ်နိုင်ဘူး။ ရန်မိသားစု၏ လျှို့ဝှက်အမွေအနှစ်ကို လိုချင်တယ်ဆိုရင် မြောက်ဘက်ကနေ မကျူးကျော်ပဲ တောင်ဘက်ကနေပဲ တစ်ခါတည်း ကျူးကျော်လိုက်မှာပေါ့”
အစောပိုင်းတုန်းက တိမ်မိစ္ဆာနယ်မြေ၏ စစ်တပ်သည် လွန်စွာကိုမှ ကြောက်မက်ဖွယ်ကောင်း၏။ သူတို့သာ တိုက်ခိုက်မည် ဆိုပါက မည်သူမှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သာ ရန်မိသားစု၏ ဝိဥာဉ်အုတ်မြစ်ဘုရားကျောင်းကို အပိုင်သိမ်းချင်သည် ဆိုပါက မြောက်ဘက်ကနေ မဟုတ်ပဲ တောင်ဘက်ကနေသာ ကျူးကျော်ပေလိမ့်မည်။
ပြီးတော့ ဝိဥာဉ်အုတ်မြစ်ဘုရားကျောင်း၏ အုတ်မြစ်ကို ရန်မိသားစု ခေါင်းဆောင်များသာ သိ၏။ သေတော့မည့် အားကောင်းသော မသေမျိုးအဆင့် ပညာရှင်များအကြောင်းကို ရန်ပိုင် မည်သည်မှ ကြားသိနိုင်မည်နည်း။
“သေသေချာချာ နောက်တစ်ကြိမ် ထပ်စဉ်းစားကြည့်လိုက်။ မိသားစုကြီး ရှစ်ခုမှာ သူလုံးဝကို လိုချင်တပ်မက်နေတဲ့ တစ်ခုခု ရှိလား။ သေသေချာချာ ထပ်စဉ်းစားကြည့်ပါဦး” ရန်ပိုင်က မိသားစုခေါင်းဆောင် ရှစ်ခုကို ဝေ့ကြည့်လိုက်၏။
မိသားစုကြီးရှစ်ခုစလုံး၏ အမူအရာ လေးနက်တည်ကြည် သွားခဲ့ပြီး ထိုကိစ္စကို နောက်တစ်ကြိမ် သေသေချာချာ ထပ်စဉ်းစားကြည့်လိုက်၏။ သို့သော်ငြား နောက်ဆုံးအချိန်ထိတိုင် အဖြေတစ်ခုကို စဉ်စားမရခဲ့ချေ။
အခြေအနေက ယခုအတိုင်းအတာထိ ဖြစ်လာရာ မိသားစုကြီး ရှစ်ခုထဲမှ တစ်ခုခုတွင် ရန်ပိုင် စိတ်ဝင်စားနေသော အရာရှိမည်ဆိုပါက သူတို့သည်လည်း ထိုအရာကို ဖုံးကွယ်ထားဖို့ ကြိုးစားနေလိမ့်မည် မဟုတ်ချေ။ အားလုံး၏ အမူအရာကို ကြည့်လျက် ရန်ကိုင် အနည်းငယ် စိတ်ပျက်သွားခဲ့ရ၏။
သူပဲ အထင်မှားနေခြင်းလား။ ရန်ပိုင် ဗဟိုမြို့တော်ကို မည်သည့် ရည်ရွယ်ချက်နှင့် ကျူးကျော်လာရသနည်း။
ထိုအခိုက်အတန့်မှာပင် အချိန်အတော်ကြာအောင် ပျောက်ကွယ်နေသော ရန်ပိုင်၏ အရှိန်အဝါက ရုတ်တရက် ပြန်လည် ထွက်ပေါ်လာခဲ့လေ၏။
အားလုံး မော့ကြည့်လိုက်ရာ လေထဲတွင် ဝဲနေသော ရန်ပိုင်ကို ရုတ်တရက် တွေ့လိုက်ရ၏။ သူ၏ အေးစက်စက် မျက်ဝန်းများသည် ဗဟိုမြို့တော်ရှိ လူအားလုံးကို အထက်စီးဖြင့် ငုံ့ကြည့်နေခဲ့ပြီး မိုးချိန်းသံတမျှ ကျယ်လောင်သည့် ရယ်မောသံတို့က သူ၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာနေခဲ့၏။
အားလုံးသည် တိုက်ခိုက်နေခြင်းအား ရပ်တန့်လိုက်ပြီး ရယ်သံ ထွက်ပေါ်လာရာဆီ လှမ်း၍ ကြည့်လိုက်၏။
“အချိန်ရောက်လာခဲ့ပြီကွ” ရုတ်တရက် ရယ်မောနေခြင်းအား ရပ်တန့်လိုက်၍ အော်ပြောလိုက်၏။
ရန်ကိုင် နှလုံးသား တင်းကြပ်သွားခဲ့၏။ ရန်ပိုင် မည်သည်ကို လုပ်ချင်နေမှန်း သူမသိချေ။ သို့သော်ငြား ယခုကဲ့သို့ ကိုယ်ထင် ပြရဲမှဖြင့် သူလုပ်ချင်သည်ကို ပြီးမြောက်အောင် လုပ်ပြီးသွားမှန်း သိသာနေခဲ့လေပြီ။
“မိသားစုကြီးရှစ်ခုတဲ့လား… မင်းတို့ မလောက်လေး၊ မလောက်စား သနားစရာ တည်ရှိမှုလေးတွေက ကိုယ့်ကိုယ်ကို ဒီလိုကြီးမြတ်တဲ့ ဂုဏ်ပုဒ်တွေ ပေးရဲတယ်ပေါ့၊ တကယ်ကို ယုတ္တိမရှိလိုက်တာကွာ။ ဂိုဏ်းတူတူလေး၊ မင်းက တကယ့်ကို ရှားပါးတဲ့ ဂျီးနီးယပ်တစ်ယောက် ဆိုပေမယ့် ရေရှည်ကို ကြိုမမြင်တတ်ခဲ့ဘူး။ ဒီလို ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ လုံးပန်းနေမယ့်အစား ပိုမြင့်တဲ့ အမြင့်တစ်ခုဆီ တက်လှမ်းဖို့ ကြိုးစားခဲ့သင့်တာ။ ဂိုဏ်းတူဦးလေး ဒီနေ့ မင်းကိုပြောမယ်… ဒီလောကကြီး၊ မင်းတို့အားလုံး နေနေတဲ့ လောကကြီးက တကယ်ဆို ဘာဆိုဘာမှ မဟုတ်တာကွ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဂိုဏ်းတူဦးလေးက မင်းကို တကယ်ပဲ ကျေးဇူးတင်ရလိမ့်မယ်။ မင်သာ ရုတ်တရက် ထွန်းတောက်လာခဲ့တာကြောင့်သာ မဟုတ်ရင် အခုလိုမျိုးတွေ ဖြစ်လာခဲ့မှာ မဟုတ်ဘူး။ ဒီလို သေးနုပ်တဲ့ လုံလောက်တဲ့ ပုရွက်ဆိတ် အရေအတွက်ကို သတ်ဖို့က မင်းရဲ့ ဂိုဏ်းတူဦးလေးအတွက် တော်တော်လေးကို ခေါင်းစားစရာ ဖြစ်နေခဲ့တာကွ”
ရန်ပိုင်သည် လွန်စွာကိုမှ တည်ငြိမ်နေခဲ့၏။ အလွန်အမင်း မောက်မာသော ဟန်ပန်ဖြင့် လေထဲဝဲလျက် မည်သူကိုမှ အရှင်းဂရုစိုက်ခြင်း မရှိပဲ သူပြောချင်ရာကိုသာ ပြောနေခဲ့၏။
ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး ရန်ပိုင်ကို စိုက်ကြည့် နေလိုက်၏။ ရန်ပိုင် ပြောခဲ့သော စကားများအရ အဓိက အကြောင်းအရာ အချို့ကို သူခန့်မှန်း နိုင်ခဲ့လေပြီ။
ဤလောကကြီးရဲ့ ဆန်းကြယ်မှုနဲ့ ဤလောကကြီး အထက်၌ မည်ကဲ့သို့သော အရာများ တည်ရှိနေလဲ ဆိုသည်ကို ရန်ပိုင် သိနေခဲ့ခြင်းပေလား။
ရန်ကိုင်အား စဉ်းစားချိန် မပေးတော့ပဲ ရန်ပိုင်က ရုတ်တရက် အော်ဟစ်လိုက်၏ “မိစ္ဆာဘုရင်တွေ၊ ငါ့ဆီလာခဲ့”
တိုက်တန်ခွန်အားဘုရင်က ရန်ပိုင်ဆီ တုန့်ဆိုင်းတွေဝေခြင်း မရှိပဲ ပြေးဝင်သွားခဲ့လေ၏။
အဆိပ်ဘုရင်၊ တစ္ဆေဘုရင်၊ အလင်းအရိပ်ဘုရင်နှင့် သားရဲတို့ကမူ တုန့်ဆိုင်းတွေဝေနေခဲ့ပြီး ဘာဆက်လုပ်၍ လုပ်ရမှန်းမသိ ဖြစ်နေခဲ့လေ၏။
ရန်ပိုင်က ထိုလေးယောက်ဆီ လှမ်း၍ ကြည့်ကာ ရယ်မောလျက် မေးလိုက်၏ “ဘာဖြစ်လို့လဲ။ မင်းတို့က ငါ့အမိန့်ကို ဖီဆန်ချင်နေတာလား”
အဆိပ်ဘုရင် သုန်မှုန်စွာ ပြုံးလိုက်၍ ပြန်ပြောလိုက်၏ “ဆာနတ်ဆိုးအရှင်သခင်၊ ကျုပ်မှာ မေးချင်တာ တစ်ခုရှိတယ်။ ဆာကို မနေ့တိုက်ပွဲစကတည်းက ဘာလို့ မတွေ့ရတာလဲ။ ထွတ်မြတ်နယ်မြေက အင်အားစုတွေက ဆာမရှိလို့ ကြီးကြီးမားမား သေကြေပျက်စီးခဲ့ရတယ်”
“ဘာလို့လဲ ဆိုတော့ သူတို့ သေဖို့လိုလို့ပဲ။ သူတို့သာ မသေရင် ငါလိုချင်တဲ့ ပန်းတိုင်ကို ဘယ်လိုလုပ်ပြီး ရယူနိုင်မှာလဲ” ရန်ပိုင်က သာမန်ကာလျှံကာ ပုံစံဖြင့် ပြန်ပြောလိုက်၏။
“ကျုပ်နားလည်ပြီ” အဆိပ်ဘုရင်က ခေါင်းညိတ်၍ လက်သီးဆုပ်ကာ “ဆာနတ်ဆိုးအရှင်သခင်၊ ဂရုစိုက်ပါ။ ကျုပ်တို့ ဆာ့ကို ဆက်ပြီး အဖော်မပြုပေးတော့ပါဘူး”
မိစ္ဆာဘုရင်လေးယောက်စလုံး ရန်ပိုင်နောက်လိုက်၍ ဗဟိုမြို့တော်ကို တိုက်ခိုက်ခဲ့ရခြင်းသည် သူတို့တစ်တွေက ဗဟိုမြို့တော်အား အမှန်အကန်ပင် ဖျက်စီးချင်သောကြောင့် ဖြစ်၏။ သူတို့၏ ရည်ရွယ်ချက်လည်း မဖြစ်မြောက်နိုင်တော့၊ ရန်ပိုင်သည်လည်း အခြေအနေအား မသိကျေးကျွံပြုထားရာ သူတို့တစ်တွေသည် မည်သည့် အတွက်ကြောင့် ဆက်ရှိနေရမည်နည်း။
တစ်ယောက်ချင်းစီတိုင်းသည် တစ်ကိုယ်ကောင်းဆန်း၊ ကောက်ကျစ်၊ ဥာဏ်များသူများ ဖြစ်ရာ သစ္စာရှိမှုနှင့် ဂုဏ်သိက္ခာတရားသည် သူတို့အတွက် အရေးမပါလှချေ။
ပြောပြီးသည်နှင့် အဆိပ်ဘုရင်၊ တစ္ဆေဘုရင်၊ သားရဲဘုရင်နှင့် အလင်းရိပ်ဘုရင်တို့သည် လှည့်ထွက်ဖို့ ပြင်လိုက်ကြ၏။ သူ့လက်အောက် ငယ်သားများ၏ သေခြင်းရှင်းခြင်းကို ဂရုမစိုက်ဟု ပြောခဲ့ရာ သူတို့၏ သေခြင်း၊ ရှင်ခြင်းကိုလည်း ဂရုမစိုက်ဟု ဆိုလိုက်ခြင်း ဖြစ်၏။ သူတို့သည် ကိုယ့်အသက်ကိုသာ ဂရုစိုက်သော သူများဖြစ်ကြရာ သူတို့ အသက်ရှင်ဖို့သည်သာ အရေအကြီးဆုံးဖြစ်၏။
သို့သော်ငြား ရန်ပိုင်က ရုတ်တရက် လှောင်ပြုံးပြုံးလိုက်၍ “မင်းတို့ထဲက ဘယ်သူမှ ထွက်သွားလို့မရဘူး။ အားလုံး ငါ့ကို စောင့်ကြပ်ပေးကြစမ်း”
သူ့အသံ ထွက်ပေါ်လာသည်နှင့် ထွက်ခွါဖို့ ပြင်နေသေည့် မိစ္ဆာဘုရင် လေးပါးစလုံး ရုတ်တရက် နေရာမှာတင် အေးခဲသွားခဲ့ကြပြီး သူတို့ မျက်နှာထက် နာကျင်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေ၏။ တစ်ခဏကြာပြီးနောက် သူတို့၏ အမူအရာများသည် ဖြည်းဖြည်းချင်း ပြေလျော့သွားခဲ့ပြီး ရန်ပိုင်ဆီ ပြန်၍ ပျံသန်းသွားကာ သူ့ကို စောင့်ကြပ် ကာကွယ်ပေးလိုက်ကြ၏။
ထိုမြင်ကွင်းကို ကြည့်နေသည့် မိသားစုကြီး ရှစ်ခုမှ ပညာရှင်များ သွေးဆုတ်ဖြူလျော် သွားခဲ့ကြလေ၏။
မိစ္ဆဘုရင်လေးယောက် ဘာဖြစ်သွားမှန်း သူတို့ မသိသော်ငြား ရန်ပိုင်က နည်းစနစ်တစ်ခုခုကို သုံး၍ ထိုလေးယောက်အား အတင်းအကြပ် ထိန်းချုပ်ခဲ့မှန်း သူတို့ နားလည်ပေ၏။
နောက်ဆုံးတွင်တော့ ရန်ပိုင် စတင်လှုပ်ရှားလာခဲ့လေပြီ။ သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ ဆန်းကြယ်သည့် စွမ်းအင်တစ်ခုသည် ဗဟိုမြို့တော် တစ်ခုလုံးကို အလျင်အမြန် လွှမ်းခြုံသွားခဲ့လေသည်။
“သူ့ကိုတား” ရန်ကိုင်က အော်ပြောလိုက်လေ၏။ ရန်ပိုင်၏ ရည်ရွယ်ချက်ကို သူမသိသော်လည်း ယခု အရေးအကြီးဆုံးသည် ရန်ပိုင်ကို တားဖို့ပင်ဖြစ်၏။
သူအမိန့်ပေးလိုက်သည်နှင့် တိုက်ခိုက်နိုင်သေးသည့် မသေမျိုးအဆင့် ပညာရှင်အားလုံး ရန်ပိုင်နှင့်မိစ္ဆာဘုရင် ခြောက်ပါးဆီ ပြေးဝင်သွားခဲ့ကြလေ၏။
“မင်းအရမ်းကို နောက်ကျသွားပြီ” ရန်ပိုင်က အော်ဟစ် ရယ်မောလိုက်ပြီး “ငါပေါ်လာတဲ့ အချိန်ကတည်းက မင်းတို့ လုပ်နိုင်တာ ဘာမှကို မရှိတော့တာကွ”
ပြောပြီးသည်နှင့် ဗဟိုမြို့တော်အတွင်း၌ သေဆုံးသွားသော ကျင့်ကြံသူများနှင့် မြေကြီးထဲသို့ စိမ့်ဝင်သွားသော ကျင့်ကြံသူများ၏ သွေးများကို ဆန်းကြယ်သည့် စွမ်းအင်တစ်ခုကို စတင်ဆွဲယူတော့လေ၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ပိုင် မျက်နှာသည် ပျော်ရွှင်မှုတို့ဖြင့် ဝင်းလက်တောက်ပသွားခဲ့ပြီး သူ့အကြည့်သည် အဝေး တစ်နေရာဆီ ရောက်ရှိသွားခဲ့ကာ သူ၏ လက်ကို ဝှေ့ရမ်းလိုက်၏။
မြေကြီးထဲသို့ စိမ့်ဝင်သွားသည့် သွေးများအားလုံးသည် ထိုနေရာဆီသို့ စီးသွားကြလေကုန်၏။
ထိတ်လန့်တုန်လှုပ်ဖွယ် သွေးအရှိန်အဝါတို့ ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့လေ၏။
ရန်ကိုင် ဘေးနား၌ ရပ်နေသည့် နတ်ဆိုးအိုကြီး မျက်နှာသည် ရုတ်တရက် လေးနက်တည်ကြည် သွားခဲ့ပြီး ရန်ကိုင်အား အလျင်အမြန် ပြောလိုက်လေ၏ “သခင်လေး၊ ဒါက သွေးပူးဇော်နေတာ ဖြစ်ရမယ်”
နတ်ဆိုးအိုကြီးသည် သွေးပူးဇော်ခြင်း၊ သွေးစတေးခြင်းနှင့် ပက်သက်လာလျှင် လွန်စွာကိုမှ ဆရာကျသော ပညာရှင်တစ်ယောက် ဖြစ်၏။ ထို့ကြောင့် ရန်ပိုင် လုပ်နေသည်ကို မြင်လိုက်ရုံဖြင့် သဲလွန်စ အချို့ကို ချက်ချင်း ကောက်ယူဖမ်းဆုပ် လိုက်နိုင်ခြင်း ဖြစ်၏။ သူနှင့် ရန်ပိုင်၏ နည်းလမ်းသည် ကွဲပြားခြားနားသော်လည်း လူပေါင်းများစွာ၏ သွေးကို လိုအပ်သည့် အချက်ကမူ တူညီကြပေ၏။
တိမ်မိစ္ဆာနယ်မြေနှင့် ဗဟိုမြို့တော်မှ အင်အားစုများကြား လွန်ခဲ့သော လအတွင်း တိုက်ပွဲပေါင်းများစွာ ဖြစ်ပွါးခဲ့ရာ ထိုတိုက်ပွဲများအတွင်း လူပေါင်းများစွာ သေကြေပျက်စီးခဲ့ကြရလေ၏။ ရန်ပိုင်သည် ထိုသွေးများကို သုံးကာ တစ်မျိုးမျိုးသော သွေးပူဇော်မှုကို လုပ်ဆောင်နေပုံ ရ၏။ အနည်းဆုံး သူ၏ သွေးပူဇော်မှုပုံစံသည် နတ်ဆိုးအိုကြီး နတ်ဆိုးတစ္ဆေသူတော်စဉ် ပညာရပ်ကို အသုံးပြုစဉ်ကထက် များစွာ ကြီးကျယ်ခမ်းနားလေ၏။
ဟိုးမြေအောက် အတွင်းပိုင်းမှ နားပင်းမတတ် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး စစ်ပွဲမြို့တော်တစ်ခုလုံးကို တုန်ခါသွားစေခဲ့လေ၏။
အားလုံး၏ မျက်နှာများသည် ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်သွားခဲ့လေ၏။
ရန်ရင်ဟောင်က ရုတ်တရက် တစ်ခုခုအား တွေးမိသွားပုံရာ ထိတ်လန့်တကြား ဆိုလိုက်လေ၏ “အိုး၊ မကောင်းတော့ဘူး။ ရန်ပိုင်က ဗဟိုမြို့တော် အောက်ခြေမှာရှိတဲ့ အရာကို လိုချင်နေတာလား”
“ဘာကိုလဲ” ရန်ကိုင်က အလျင်စလို ပြန်မေးလိုက်ရာ ရန်ရင်ဟောင်က အလျင်စလို ပြန်ရှင်းပြလိုက်လေ၏။
“ဒီအကြောင်းကို မိသားစုကြီးရှစ်ခုရဲ့ ရှေးဟောင်းသမိုင်း မှတ်တမ်းတွေထဲမှာပဲ ဖော်ပြထားတာ။ တကယ်ရှိ၊မရှိကိုတော့ ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် ဗဟိုမြို့တော်အောက်ဘက်မှာ မြေကမ္ဘာ ချီကြောမကြီး အကြီးကြီးတစ်ခု ရှိတယ်လို့ ပြောကြတယ်။ အဲ့မြေကမ္ဘာ ချီကြောမကြီး ရှိနေလို့ပဲ မိသားစုကြီး ရှစ်ခု ဒီနေရာမှ အခြေချဖို့ ဆုံးဖြတ်ခဲ့ကြတာ။ ရန်မိသားစု တစ်ခုတည်းမှာတင် မဟုတ်ဘူး။ ကျန်တဲ့ မိသားစုကြီး ခုနှစ်ခုစလုံးမှာလည်း ဒီအကြောင်းနဲ့ ပက်သက်တဲ့ မှတ်တမ်းမှတ်ရာတွေ ရှိတယ်”
ချူရှို့ချန်က ထိုအကြောင်းကို တစ်ချက် စဉ်းစားကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကာ “ဟုတ်တယ်။ ဒီအကြောင်းကို ငါတို့ မိသားစုရဲ့ ရှေးဟောင်းမှတ်တမ်းတွေထဲ ငါဖတ်ခဲ့ဖူးတယ်”
“ဒါပေမယ့် ငါတို့ ဘိုးဘေးတွေက မျိုးဆက်အစဉ်အစဉ် အဆက်ဆက် တိုင်အောင် အဲ့မြေကမ္ဘာချီကြောမကြီးကို ရှာခဲ့ပေမယ့် နှစ်ပေါင်း များစွာကြာပြီးတာတောင် ရှာလို့မတွေ့ခဲ့ဘူး။ အဲ့မြေကမ္ဘာချီကြောမကြီးက တကယ်တည်ရှိနေပြီး ငါတို့ကပဲ ရှာမတွေ့ခဲ့တာလား” မန်ရှီပင်း သုန်မှုန်နေသည့် အမူအရာဖြင့် မေးလိုက်လေ၏။
မိသားစုကြီးရှစ်ခု ဗဟိုမြို့တော်တွင် အခြေချခဲ့သည်မှ နှစ်ပေါင်း များစွာ ကြာညောင်းခဲ့လေပြီ။ မြေကမ္ဘာချီကြောမကြီးနှင့် ပက်သက်၍ မှတ်တမ်းတွေ ရှိခဲ့သော်ငြား မည်သူမှ အမှန်အကန် မမြင်ဖူးခဲ့။ ထို့ကြောင့် နတ်ဆိုးအရှင်သခင် ရန်ပိုင်က ထိုချီကြောမကြီး၏ တည်နေရာအား ခန့်မှန်း နိုင်ခဲ့ခြင်းသည် သူတို့တစ်တွေအား တော်တော့်ကို စိတ်မသက်မသာ ဖြစ်စေခဲ့၏။
“မြေကမ္ဘာချီကြောမကြီးလား” ရန်ကိုင် ကြက်သေသေသွားခဲ့၏။
ရန်ကိုင် ကိုယ်တိုင်သည်လည်း မြေကမ္ဘာချီကြောမကြီးတစ်ခုကို ကြုံ့တွေ့ခဲ့ဖူးကာ ထိုချီကြောမကြီးမှ ချီစွမ်းအင်များကိုပင် စုပ်ယူခဲ့ဖူး၏။
သို့သော်ငြား ထိုချီကြောမကြီးသည် ခမ်းခြောက်လုနီးနီး ဖြစ်နေခဲ့ရာ လွန်စွာကိုမှ နည်းပါးသည့် စွမ်းအင်ပမာဏတို့သာ ကျန်ရှိတော့လေ၏။
ဗဟိုမြို့တော် အောက်ဘက်ရှိ မြေကမ္ဘာ ချီကြောမကြီးသည် သူတွေ့ခဲ့ဖူးသည် မြေကမ္ဘာချီကြောမကြီးထက် အရွယ်အစား ပိုမို ကြီးမာရုံမက အကောင်းအတိုင်း ရှိနေသေးသည့်ပုံပင်။ တစ်ယောက်ယောက်သာ ထိုမြေကမ္ဘာချီကြောမကြီးထဲ လေ့ကျင့်နိုင်ခဲ့လျှင် မယုံကြည်နိုင်ဖွယ်ရာ အကျိုးအမြတ် များစွာကို ရရှိနိုင်ပေလိမ့်မည်။
“သူရှာနေတာ ဒီမြေကမ္ဘာချီကြောမကြီး ဖြစ်နိုင်ချေ ရှစ်ဆယ် ရာခိုင်နှုန်းရှိတယ်” ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်၏။
ရန်ပိုင်သည် မသေမျိုး တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ရာ နောက်ထပ် ဆက်လက်၍ တိုးတက်နိုင်ခြင်း မရှိတော့ချေ။ သူ့ခွန်အားကိုသာ ဆက်လက်တိုးတက်အောင် လုပ်ချင်သည်ဆိုလျှင် ပြင်ပ အကူအညီများအပေါ် မှီခိုရပေတော့မည်။ မြေကမ္ဘာချီကြောမကြီးထဲ ပါဝင်နေသည့် စွမ်းအင်များသည့် သူ့ကို ကူညီပေးနိုင်မည့် အကောင်းဆုံး အထောက်အပံ့ပင် ဖြစ်ချေ၏။
ခန့်မှန်းချက်သာ ဆိုသော်ငြား အမှန်နှင့် အရမ်းကြီး မကွာလောက်ချေ။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၉၂) မြေအောက်ထဲ စူးစမ်းလေ့လာခြင်း
~~~~~~~~~~~~~~~~~~~~~~~~~
ဗဟိုမြို့တော်တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါနေခဲ့၍ အဆောက်အအုံ အကြီး၊အသေးမှန်သမျှ ပြိုကျကုန်ကာ လေထုတစ်ခုလုံး ဖုန်များ၊ မီးခိုးလုံးများဖြင့် မှိုင်းဝေနေခဲ့လေ၏။ အများအမြင်၌ ဤလောက ပျက်ကိန်းကြီး စတင်နေသလားဟုပင် ထင်မှတ်ရလေ၏။
ဘာတွေ ဖြစ်ပျက်နေလဲ ဆိုသည်ကို မသိသောသူများပင် ဤနေရာသည် မလုံတော့မှန်း သိနေခဲ့ကြလေပြီ။
မိသားစုကြီးရှစ်ခုနှင့် ရန်ကိုင်စံအိမ်မှ ပညာရှင်များသည် ရန်ပိုင်၏ အစီအစဉ်အား တားဆီးရန် သူတို့၏ တိုက်စစ်အင်အားကို တိုးမြှင့် လိုက်လေ၏။ သို့သော်ငြား မိစ္ဆာဘုရင်ခြောက်ပါးသည် သူ့ကို စောင့်ကြပ် ကာကွယ်ပေးနေရာ ထိုခြောက်ယောက်၏ ခံစစ်ကို မချိုးဖျက်နိုင်သရွေ့ ဗဟိုမြို့တော်မှ အင်အားစုများသည် ရန်ပိုင်ကို ရပ်တန့်နိုင်လိမ့်မည် မဟုတ်ချေ။
ရှန်ချင်းလော့ တစ်ယောက်မှလွဲ၍ ကျန်သူများသည် မသေမျိုး ဒုတိယအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။ အလင်းအရိပ်ဘုရင်နှင့် ခွန်အား ဘုရင်ကမူ မသေမျိုး ဒုတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိ နေခဲ့လေပြီ။ သူတို့အားလုံးသည် ရန်ပိုင်အား အသည်းအသန် ကာကွယ်ပေးနေလေရာ ရန်ပိုင်၏ ခံစစ်သည် လွန်စွာကိုမှ ကျစ်လစ်တောင့်တင်း နေခဲ့လေ၏။
ရှန်ချင်းလော့ကိုလည်း အထင်သေး၍ မရချေ။ သူမက ယပ်တောင်ပုံစံ ဆန်းကြယ်အဆင့် လက်နက်ထဲသို့ အစစ်အမှန်ချီများ တရစပ် ဖြည့်သွင်း၍ ရှုပ်ထွေးသည့် ပုံစံအတိုင်း လွှဲရမ်းနေလေရာ တလက်လက် တောက်ပသည့် အလင်းရောင်တို့ ပေါက်ကွဲထွက်လာနေခဲ့လေ၏။
သူမ၏ ယပ်တာင်ပေါ်တွင် တကယ် အသက်ရှိဟန် ထင်ရသည့် အမျိုးမျိုးသော မိန်းမလှလေးများ၏ ပန်ချီကားချပ်တို့ ရှိနေခဲ့၏။ သူမ၏ လက်နက်ကို လွှဲရမ်းလိုက်ရာ ယပ်တောင်ပေါ်မှ ထိုမိန်းမလှလေးများသည် အပြင်သို့ ခုန်ထွက်လာသလားဟုပင် ထင်မှတ်ရ၏။ တစ်ယောက် ချင်းစီတိုင်းသည် မပေါ့်တပေါ် ဝတ်ဆင်ထားကြရာ လွန်စွာကို စွဲမက်နှစ်လိုဖွယ်ကောင်း၍ ညို့ချက်ပြင်းလှပေသည်။
ရီဝေသွားစေနိုင်သော တီးတိုးပြောသံတို့သည် အားလုံး၏ နားထဲ ပျံ့လွင့်လာခဲ့ပြီး သူတို့ နှလုံးသားထဲ ကိန်းအောင်နေသည့် စိတ်ဆန္ဒရိုင်းများကို နိုးဆွပေးကာ သူတို့တစ်တွေအား တိုက်ခိုက်ရာ၌ အာရုံမစိုက်နိုင်အောင် လုပ်နေခဲ့၏။
ထိုဆန်းကြယ်အဆင့် လက်နက်သည် ညို့ကဝေနတ်ဆိုးဘုရင်မက အမွေခံလက်နက် တစ်ခုဖြစ်သည့်အပြင် ထိုလက်နက်ကို သူမ၏ ညို့ယူခြင်းကျင့်စဉ်နှင့်ပါ တွဲးသုံးလိုက်ခြင်း ဖြစ်သည့်အတွက် ပစ်မှတ်ထားခံရသူများမှ အနည်းငယ်သည်သာ သူတို့၏ ဆင်ခြင်တုံတရားကို ထိန်းသိမ်းထားနိုင်စွမ်း ရှိကြ၏။
အသန်မာဆုံးသော မသေမျိုးအဆင့် ပညာရှင်များသည်ပင်လျှင် စိတ်လွတ်သွားခဲ့ကြ၍ တစ်ခဏတာမျှ အာရုံမစိုက်နိုင် ဖြစ်သွားခဲ့ရ၏။
ထို့အပြင် ယခုအချိန်၌ ရှန်ချင်းလော့၏ ပစ်မှတ်သည် ရန်ပိုင်နှင့် နတ်ဆိုးဘုရင်ငါးပါး ဖြစ်နေခဲ့၏။
တိုက်တန်ခွန်အားဘုရင်သည် အားလုံးထဲ အရိုးသားဆုံး လူတစ်ယောက် ဖြစ်၏။ ရုတ်တရက် သူ့မျက်ဝန်း အစုံသည် သွေးရောင်သန်းသွားခဲ့ပြီး အသက်ရှူလိုက်တိုင်း လေပူများ ထွက်ထွက်လာခဲ့ကာ သူ၏ အောက်ဘက်ပိုင်းသည်လည်း ဧရာမ တဲလေးတစ်လုံးအလား ထောင်တက်လာခဲ့လေ၏။
ကျန်သော မိစ္ဆာဘုရင် လေးပါးသည်ပင် မျက်ခုံးနှစ်ခု ထိစပ်လုမတတ် မျက်မှောင် ကြုံ့နေခဲ့ကြ၏။
“မိန်းမပျက်မ” ခွန်အားဘုရင် ရုတ်တရက် အသိဝင်လာခဲ့၏။ သူ၏ ကြီးစွာသော ခွန်အားနှင့် ရိုးရှင်းသော အတွေးများကြောင့် ရှန်ချင်းလော့၏ ညို့ငင်ခြင်းမှ အလျင်အမြန် နိုးထလာနိုင်ခဲ့၏။ အသိပြန်ဝင်လာသည်နှင့် ဒေါသတကြီး အော်ဟစ်လိုက်၍ ရှန်ချင်းလော့အား အကုန်သုံး ထိုးနှက်လိုက်၏။
ညို့ကဝေနတ်ဆိုးဘုရင်မ၏ မျက်နှာလှလှလေး ဖြူလျော်သွားခဲ့၏။ ထိုလက်သီးကို မခုခံနိုင်မှန်း သိသည်နှင့် အလျင်စလို ရှောင်းတိမ်းလိုက်၏။ သို့သော်ငြား လက်သီးချက် သူမအား ရှပ်ထိသွားခဲ့ရာ ရှန်ချင်းလော့၏ ခန္ဓာကိုယ်လေးမှာ လွင့်ပျံထွက်သွားခဲ့ရလေသည်။
ရန်ပိုင်က လွင့်ပျံထွက်သွားသော ရှန်ချင်းလော့အား ထူမခြားနားဟန်ဖြင့် ကြည့်လိုက်ပြီး ခေါင်းခါရမ်းလိုက်လျက် “ချင်းလော့၊ ဒါက နင့်ရဲ့ ရွေးချယ်မှုလား။ နင့်ငါ့ကို စိတ်ပျက်အောင် လုပ်လိုက်တာပဲ”
ရှန်ချင်းလော့က မြေပြင်ထက်သို့ ပြုတ်ကျနေစဉ် ရန်ပိုင်အား ထူးမခြားနားဟန်ဖြင့် ပြန်စိုက် ကြည့်လိုက်ပြီး အော်ပြောလိုက်၏ “ကျွန်မ ရှင့်ကို ပြောခဲ့ပြီးသားလေ။ ကျွန်မက သူရဲ့ အမျိုးသမီး ဖြစ်နေပြီလို့။ သူရဲ့ အမျိုးသမီး ဖြစ်နေမှတော့ ရှင့်ကို ကူပြီး သူ့ကို ဘာလို့ တိုက်ခိုက်ပေးရမှာလဲ”
“နင်နောင်တရလိမ့်မယ်” ရန်ပိုင်က အသာအယာ သက်ပြင်းချ၍ “သိုင်းတာအိုရဲ့ အထွဋ်အထိပ်ကို လျှောက်လှမ်းရမယ့် ခရီးလမ်းက အေးစက်ပြီး အထီးကျန်ဖွယ် အတိပါပဲလား”
ပြောနေသော်ငြား သူ့လက်ကမူ နည်းနည်းမျှပင် ရပ်တန့်သွားခြင်း မရှိခဲ့။
မိသားစုကြီးရှစ်ခုမှ ပညာရှင်များသည် ရှန်ချင်းလော့၏ အသက်ကို ယူဖို့ရာ ကြိုးစားခဲ့သော်လည်း တန်ယုရှန်၏ တားဆီးခြင်း ခံလိုက်ရ၏။
သွေးစစ်သည်တော်များသည် ရန်ကိုင်နှင့် ရှန်ချင်းလော့ကြားက ဆက်ဆံရေးကို သိထားရာ တန်ယုရှန်းအနေဖြင့် ရှန်ချင်းလော့ကို ဒုက္ခရောက်စေ၍ မဖြစ်ချေ။
တန်ယုရှန်းက ရှန်ချင်းလော့ကို မြေပေါ်မကျမီ လှမ်းဖမ်း၍ တိုက်ပွဲကွင်းပြင်မှ ခေါ်ထုတ်သွားသည်ကို မြင်ရမှပဲ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့၏။
ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအင်တို့ မြေကြီးအောက်မှ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။ ထိုစွမ်းအင်များသည် လွန်စွာကိုမှ သိပ်သည်းနေခဲ့ရာ သာမန်မျက်လုံးနှင့်ပင် မြင်နိုင်၍ ဗဟိုမြို့တော် တစ်ခုလုံးကို အလျင်အမြန် ဖုံးအုပ်သွားခဲ့လေ၏။
တစ်ယောက်ယောက်သာ အဝေးသို့ဆုတ်၍ တိုက်ပွဲအခြေအနေကို လေ့လာကြည့်မည်ဆိုလျှင် ဗဟိုမြို့တော်တစ်ခုလုံးကို ရောင်ခြည်းအလင်း တစ်ခုက လွှမ်းခြုံထားသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။ ကြောက်မခန်းလိလိ များပြားလှသော မိုးမြေစွမ်းအင် အလင်းတန်းများ သည်လည်း ကောင်းကင်ထက်သို့ ထောင်တက်နေခဲ့လေ၏။
ရန်ပိုင်က ပျော်ရွှင်စွာ ရယ်မောလိုက်၍ ပေါက်ကွဲမှု ထွက်ပေါ်လာရာ နေရာဆီ ပြေးထွက်သွားလိုက်၏။ ရန်ပိုင်သည် အားလုံး၏ မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး မိစ္ဆာဘုရင်ငါးပါးသာ ကျန်ရစ်ခဲ့လေ၏။
“ဒီမှာ မြေကမ္ဘာချီကြောမကြီးတစ်ခု တကယ် ရှိနေတာပဲ” ရန်ရင်ဟောင်က အလန့်တကြား အော်ပြောလိုက်၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ဗဟိုမြို့တော်အောက်ခြေ၌ မြေကမ္ဘာချီကြောမကြီး ရှိနေမှန်း မိသားစုကြီးရှစ်ခု၏ ခေါင်းဆောင်ဟောင်းများ သိလိုက်ကြလေ၏။
ယနေ့ မြေကမ္ဘာချီကြောမကြီးကို ရန်ပိုင်က ဖော်ထုတ်သွားခဲ့လေပြီ။
“မြေကမ္ဘာချီကြောမကြီးနဲ့ သူဘာပဲ လုပ်ချင်နေလုပ်ချင်နေ၊ ငါတို့ သူ့ကို အောင်မြင်ခွင့်ပေးလိုက်လို့ မဖြစ်ဘူး” ရန်ရင်ဟောင်က လေးနက်တည်ကြည်သည့် မျက်နှာထားဖြင့် ပြောလိုက်ပြီး ရန်ပိုင်နောက် ပြေးလိုက်သွားခဲ့၏။ ကျန်သော ခေါင်းဆောင်ဟောင်း (၇)ယောက်သည်လည်း အလင်းတန်း ပေါက်ကွဲထွက်လာရာ နေရာဆီသို့ ပြေးထွက်သွားခဲ့ကြလေ၏။
ရန်ကိုင် မျက်လုံးကြုံ့လိုက်ပြီး “ကျုပ်တို့ကော သွားကြမလား”
နတ်ဆိုးအိုကြီးက ရန်ကိုင်နောက် အလျင်စလို လိုက်သွားလိုက်၏။
----------------------------------
ရန်ကိုင် စံအိမ်အတွင်း၌…
ဗဟိုမြို့တော်သို့ ရောက်ရှိကတည်းက ကောင်းကင်နန်းတော် အရံအတားကို ထိန်းသိမ်းထားနိုင်ဖို့အတွက် မန်ဝူရသည် ရန်ကိုင်စံအိမ်မှ ခြေတစ်ဖဝါးပင် မခွါခဲ့ချေ။ အလင်းတန်း ပေါက်ကွဲထွက်လာသည့်အခါ သူ့မျက်နှာထက် အံ့အားသင့်၊ စိတ်လှုပ်ရှားသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့၏။ လေထဲသို့ ခုန်တက်လိုက်ပြီး ဗဟိုမြို့တော်ကို စီးမို့ ကြည့်လိုက်ရာ မြေကမ္ဘာချီကြောမကြီးကို တွေ့လိုက်သည်နှင့် သူ့မျက်နှာထက်က အပြုံးသည် ပိုမိုကြီးမားကျယ်ပြန့် လာခဲ့ပြီး အလန့်တကြား ဆိုလိုက်၏ “မြေကမ္ဘာချီကြောမကြီးတစ်ခုလား”
မကြာခင်မှာပဲ သူ့ဆီကနေ ဝါးလုံးကွဲရယ်မောသံတို့ ထွက်ပေါ်လာခဲ့ပြီး “ဖိနပ်ဝတ်ပြီး ကိုယ့်ခြေထောက်ကို လိုက်ရှာနေသလို ဖြစ်နေတာပါလား။ ဒီလို ကံကောင်းမှုကြီးက ငါ့ခြေထောက်အောက်မှာ ရှိနေတာကို ငါတကယ်ကို မမြင်နိုင်ခဲ့ဖူး။ နန်ချန်ရေ၊ ဆရာနဲ့လိုက်ခဲ့။ နင့်ဆရာရဲ့ ပထမစည်းအလွှာကို ဖြေဖို့ အချိန်ကျပြီ”
ထိုစကားကို ကြားသည်နှင့် ရှနင်းချန် ထိတ်လန့်တုန်လှုပ် သွားခဲ့ပြီး ခပ်မြန်မြန်ပဲ ခေါင်းပြန်ညိတ်ပြလိုက်လေ၏။
မန်ဝူရ၏ တပည့် ဖြစ်လာသည့်အချိန်မှစ၍ မန်ဝူရ၏ ခွန်အားကို ချုပ်နှောင်ထားသည့် စည်းတံဆိပ်ကို ဖြေပေးနိုင်ဖို့ရာ အားသွန်ခွန်စိုက် ကြိုးစားအားထုတ် လေ့ကျင့်ခဲ့၏။
ပထမအလွှာကို ဖြေနိုင်ဖို့ရာ ကြောက်မခန်းလိလိ များပြားလှသော စွမ်းအင်ပမာဏကို မန်ဝူရလိုမှန်း ရှနင်းချန်သိ၏။ စွမ်းအင်အရင်းအမြစ်က မည်သည်ပဲ ဖြစ်နေပါစေ အရေးမကြီးချေ။ လုံလောက်သော စွမ်းအင် ပမာဏသာ ရှိနေသရွေ့ သူမ၏ အထူးခန္ဓာကိုယ်ကို အသုံပြုကာ ထိုစွမ်းအင်များကို မန်ဝူရ၏ ကိုယ်ထဲစီးဆင်းစေလျက် စည်းတံဆိပ်အား လူသားဆေးမီးဖိုထဲ ရှိနေသည့် စိတ်ဝိဥာဉ်ဆေးပင်တစ်ပင်ပမာ သန့်စင်၍ ဖျက်စီးပစ်နိုင်လေသည်။
လူတစ်ယောက်ကို ဆေးမီးဖိုတစ်ခုအသွင်ယူ၍ များစွာသော စွမ်းအင်များကို ဆေးအမယ်များဖြစ် အသုံးပြုခြင်းသည် ထွတ်မြတ် စိတ်ဝိဥာဉ်ဆေးခန္ဓာကိုယ်သာ လုပ်ဆောင်နိုင်စွမ်းရှိသော အရာပင် ဖြစ်၏။
ဆရာတပည့်အတွဲသည့် စွမ်းအင်အလင်းတန်း ထွက်ပေါ်လာရာ အက်ကြောင်းမှတစ်ဆင့် မြေအောက်ထဲသို့ ထိုးဖောက်ဝင်သွားခဲ့ကြ၏။
မိသားစုကြီးရှစ်ခုနှင့် ရန်ကိုင်စံအိမ်မှ ပညာရှင်များကမူ တိမ်မိစ္ဆာနယ်မြေက ကျင့်ကြံသူများကို ဝန်းရံတိုက်ခိုက်မြဲ တိုက်ခိုက် နေခဲ့၏။ ယခုအချိန်၌ တိမ်မိစ္ဆာနယ်မြေဘက်မှ တစ်ရာကျော်ကျော် မိစ္ဆာကျင့်ကြံသူများနှင့် အကွဲကွဲ အပြားပြား ဖြစ်နေသော မိစ္ဆာသားရဲ အချို့သာ ကျန်ရှိတော့လေ၏။
မိစ္ဆာဘုရင်ငါးပါးသည် အသည်းအသန် ခုခံနေသော်ငြား မသေမျိုးအဆင့် ဒါဇင်ကျော်၏ ဝန်းရံပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ပြေးပေါက်ပိတ်ကာ သေမင်းလာခေါ်မည်ကိုသာ စောင့်ဆိုင်းနေခဲ့ရ၏။
တိုက်ပွဲရလဒ်သည် တဖြည်းဖြည်းနှင့် ရှင်းလာနေခဲ့လေပြီ။
ရန်ကိုင်နှင့် နတ်ဆိုးအိုကြီးတို့ နှစ်ယောက်သည် အလင်းတိုင်မှ တစ်ဆင့် အောက်သို့ ဆင်းနေခဲ့၏။ ဤမြေအောက်လိုဏ်ခေါင်းသည် ရှည်လွန်းလှရာ အဆုံးပင်ရှိပါ့မလားဟု ထင်မှတ်ရ၏။ သူတို့သည် မိုးမြေစွမ်းအင်ထဲ စိမ်လျက် ဆင်းနေသော်ငြား အမည်၊အနက် မသိသည့် ချောက်ထဲသို့ ခုန်ဆင်းနေရသည် ဖြစ်ရာ သူတို့စိတ်ထဲ အနည်းနှင့် အများတော့ စိုးရိမ်စိတ် ဝင်မိလေ၏။
အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးသည့်နောက် ရန်ကိုင်နှင့် နတ်ဆိုးအိုကြီးတို့ နှစ်ယောက် မြေကြီးပေါ် အခြေချလိုက်မိ၏။
မြေပြင်ပေါ်မှ အနက်မည်မျှအထိ သူတို့ ရောက်ရှိလာသည်ကို နှစ်ယောက်စလုံး မသိကြချေ။ မြေပြင်ထက်တွင် ဖြစ်ပွါးနေသော တိုက်ပွဲသံများကိုပင် မကြားရတော့ရာ နှစ်ယောက်စလုံး အတော် နက်နက်ထိ ခုန်ဆင်းလာခဲ့ပြီ ဆိုသည်မှာ သေချာ၏။ ဘေးပတ်ဝန်းကျင် တစ်ဝိုက်ကို စူးစမ်းကြည့်လိုက်သည်ရာ ပတ်ဝန်းကျင်တစ်ခွင်သည် မိုးမြေစွမ်းအင် စီးကြောင်းတို့ဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရ၏။
ထိုမိုမြေစွမ်းအင်စီးကြောင်းများသည် မြင်နိုင်၊ ထိတွေ့နိုင်၍ အရောင်မှိန်မှိန် တောက်နေခဲ့၏။ ထို့အတွက်ကြောင့် မြေအောက်သို့ ရောက်နေသည် ဆိုလျှင်ပင် ဘေးပတ်ဝန်းကျင် တစ်ခုလုံးသည် မှောင်မိုက်၍ မနေချေ။
“ဟိုရှစ်ယောက် ဘယ်ရောက်သွားတာလဲ မသိဘူး” ဟိုကြည့်၊ ဒီကြည့် လုပ်လိုက်သော်လည်း ရန်ရင်ဟောင်နှင့် ကျန်(၇)ယောက်ကို မတွေ့ခဲ့ရချေ။
“အဲ့ဘက်မှာ” မြေကြီးပေါ် ထင်ကျန်ရစ်နေသည့် ခြေရာများကို သတိပြုမိသည်နှင့် ရန်ကိုင်က နေရာတစ်ခုစီ ညွှန်ပြလိုက်လေ၏။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကြည့်ကြည့်လိုက်ရာ ပတ်ပတ်လည် မီတာ(၃၀၀)ကိုသာ စစ်ဆေးနိုင်ကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရ၏။
လွန်စွာကိုမှ သိပ်သည်းလှသော မိုးမြေစွမ်းအင်များသည် သူ၏ ကောင်းကင်စိတ်အာရုံကို တားဆီးနေခဲ့၏။
တစ်ခဏတာ လမ်းလျှောက်လိုက်ပြီးသည့်နောက် ခွဆုံတစ်ခုကို တွေ့လိုက်ရာ ရန်ကိုင် မျက်မှောင် ကြုံ့မိသွားလိုက်၏။
ဗဟိုမြို့တော် အောက်ဘက်ရှိ မြေကမ္ဘာချီကြောမကြီးသည် အဘက်ဘက်သို့ ခွဲဖြာနေခဲ့ပြီး မြေအောက်လမ်းကြောင်းများသည်လည်း တွန့်လိမ့်ကွေ့ကောက် နေလေရာ ဧရာမဝင်္ကပါကြီးနှင့်ပင် တူနေသေး၏။ ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်နိုင်သည့် အကွာအဝေးသည်လည်း ကန့်သတ်ထားခံရရာ ရန်ရင်ဟောင်နှင့် ကျန်(၇)ယောက်ကို ရှာဖို့ လွယ်ကူမည် မဟုန်မှန်း ရန်ကိုင် သိလိုက်၏။
သူလုပ်နိုင်သော အရာဆို၍ မြေကြီးပေါ် ထင်ကျန်ရစ်နေသော ခြေရာတိမ်တိမ်လေးများ အတိုင်း လိုက်သွားရုံသာ ရှိတော့၏။
လိုဏ်ခေါင်းများစွာနှင့် လမ်းခွဆုံများစွာကို ကျော်ဖြတ်ပြီးနောက် မိသားစုခေါင်းဆောင်ဟောင်း ရှစ်ယောက်၏ ခြေရာများသည်ပင်လျှင် ပျောက်ကွယ်သွားခဲ့လေပြီ။
ရန်ကိုင်နှင့် နတ်ဆိုးအိုကြီးတို့ နှစ်ယောက်စလုံး ကျန်သူများနှင့် လုံးဝကို အဆက်ပြတ်သွားခဲ့လေပြီ။ ထို့ကြောင့် ရန်ကိုင် အနေဖြင့် ရှေ့ဆက်လျှောက်ရုံသာ ရှိတော့လေ၏။
ရုတ်တရက် ရန်ကိုင်ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ပြီး နောက်ပြန်လှည့်၍ ကြည့်လိုက်၏။
“ဘာဖြစ်လို့လဲ သခင်လေး”
ရန်ကိုင်က စကားတစ်ခွန်းမှ ပြန်မပြောခဲ့ချေ။ လာခဲ့ရာလမ်းကိုသာ စိုက်ကြည့်နေခဲ့၏။ တစ်ခဏကြာပြီးသည့်နောက် သွယ်လျသည့် ပုံရိပ်တစ်ခု သူတို့နောက်မှ ပြေးထွက်လာခဲ့၏။ နတ်ဆိုးအိုကြီး ထိတ်လန့်သွားခဲ့ပြီး ထိုလူအား ရပ်တန့်ချင်ခဲ့သော်လည်း ရန်ကိုင်က သူ့အား အလျင်အမြန်ပဲ ဟန့်တားလိုက်လေ၏။
အနီးရောက်တော့မှာပဲ ထိုလူက သူ့သခင်လေး၏ စီနီယာအစ်မ စုယန်ဖြစ်နေမှန်း နတ်ဆိုးအိုကြီး သိလိုက်ရ၏။
“နင်ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာရတာလဲ” ရန်ကိုင်က စုယန်ကို သူ့ဆီ အလျင်စလို ဆွဲခေါ်လိုက်၏။
စုယန်နှင့် ကျန်သည့် ကောင်းကင်စံအိမ် အဖွဲ့သားများသည် ကောင်းကင်နန်းတော်ထဲတွင် နေနေခဲ့ခြင်း ဖြစ်ပြီး တိမ်မိစ္ဆာနယ်မြေနှင့် နောက်ဆုံးအပြီးသတ်တိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲခဲ့ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် စုယန် ဤနေရာတွင် ထွက်ပေါ်လာသည်ကို မြင်သည့်အခါ ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားခဲ့ရခြင်း ဖြစ်သည်။
“ဘဏ္ဏာထိန်းမန်နဲ့ ဂျူနီယာညီမလေးရှနောက် လိုက်လာခဲ့တာ” စုယန်က ပြန်ရှင်းပြလိုက်၏။
“ဒီနေရာရောက်တော့ ရုတ်တရက်ကြီး နင့်ရဲ့ အရှိန်အဝါကို ခံစားမိလို့ နင်နဲ့တွေ့ဖို့ ဆုံးဖြတ်လိုက်တာ”
“ဘဏ္ဏာထိန်းမန်နဲ့ စီနီယာမမလေးလည်း ဒီကို ရောက်နေတာလား” ရန်ကိုင် ကြောင်သွားခဲ့ပြီး “အိမ်ကကော”
“အိပ်က အဆင်ပြေတယ်။ ကောင်းကင်နန်းတော်ရဲ့ အရံအတားက အိမ်ကို ကာကွယ်ပေးထားတုန်းပဲ”
ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်ပြီး ခေါင်းရှုပ်နေဟန်ဖြင့် “ဘဏ္ဏာထိန်းမန်က ဒီကို လာဖို့ ဘာလို့ ရုတ်တရက်ကြီး ဆုံးဖြတ်လိုက်တာလဲ မသိဘူး။ စီနီယာမမလေးကိုတောင် သူနဲ့အတူ ခေါ်သွားတယ်”
မန်ဝူရ၏ အပြုအမူသည် ရန်ကိုင်အား အတော့်ကို ခေါင်းရှုပ်သွားစေခဲ့၏။ မန်ဝူရသည် သူ၏ စည်းကို ယာယီဖြေ၍ မသေမျိုးအဆင့် ခွန်အားကို ရရှိနိုင်သော်လည်း ထိုကဲ့သို့ လုပ်လိုက်လျှင် ဘေးထွက်ဆိုးကျိုးများစွာကို ခံစားရနိုင်ပေ၏။ ထို့ကြောင့် ရန်ကိုင်သည် မန်ဝူရအား တိုက်ပွဲတွင် ဝင်မပါစေချင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မန်ဝူရသည် ဤတိုက်ပွဲအတွင်း အိမ်ထဲတွင်သာ နေနေခဲ့ခြင်း ဖြစ်သည်။
မန်ဝူရသည် ဤမြေအောက် ဝင်္ကပါကြီးထဲသို့ သူ၏ တပည့်ကိုပါ ခေါ်၍ ခုန်ဆင်းလာလိမ့်မည်ဟု ရန်ကိုင် မထင်မှတ်ထားခဲ့ချေ။
“နင်လည်း လာမှတော့ အတူတူသွားကြတာပေါ့” ရန်ကိုင်က ပြုံးလိုက်၏။
စုယန်က အသာအယာ ခေါင်းပြန်ညိတ်ပြလိုက်လေ၏။
သူတို့သုံးယောက်သည် မြေအောက် ဝင်္ကပါကြီးကို ဆက်လက် စူးစမ်းနေခဲ့လေ၏။ သွားနေစဉ် ဘေးပတ်ဝန်ကျင်ကို အဆက်မပြတ် စူးစမ်းသွားခဲ့သော်လည်း မည်သည် တစ်ဦးတစ်ယောက်၏ အရှိန်အဝါကိုမှ မခံစားမိခဲ့ချေ။ စုယန် ရန်ကိုင်၏ တည်နေရာကို အာရုံခံနိုင်ခဲ့ခြင်းမှာ ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်၏ အစွမ်းကြောင်ပင် ဖြစ်သည်။ သို့သော်ငြား ထိုနည်းလမ်းသည် သူမနှင့် ရန်ကိုင် ကြားအတွ၍်သာ အကျိုးသက်ရောက်မှု ရှိ၏။
ရန်ကိုင် ဦးတည်ရာမဲ့ လမ်းလျှောက်နေစဉ် မိုးမြေစွမ်းအင် စီးကြောင်းတို့ ဆင်းကဲပြောင်းလဲသွားသည်ကို ရန်ကိုင် ရုတ်တရက် ခံစားမိလိုက်လေ၏။
မူလက စီးဆင်းချင်ရာသို့ စီးဆင်းနေသော စွမ်းအင်စီးကြောင်း များသည် ယခုမူ ဦးတည်ရာ တစ်ခုစီသို့ လျင်မြန်စွာ စီးဆင်းနေခဲ့လေသည်။
စုပ်ဝဲကြီးတစ်ခုက ထိုစွမ်းအင်များကို အရူးအမူ စုပ်ယူနေသလား ဟုပင် ထင်မှတ်ရ၏။
“တစ်ချက်သွားကြည့်ရအောင်” ရန်ကိုင်က မိုးမြေစွမ်းအင်များ စုဝေးနေရာ အရပ်ဆီ လှမ်း၍ ကြည့်လိုက်ပြီး အလျင်အမြန် ပြေးထွက်သွားလိုက်လေ၏။
အကြမ်းဖျင်း နာရီဝက်လောက် ကြာပြီးနောက် ရုတ်တရက်ဆိုသလို ရင်းနှီးနေသည့် အရှိန်အဝါ နှစ်ခုကို ရန်ကိုင် အာရုံခံမိလိုက်၏။
လိုဏ်ခေါင်းပေါင်း များစွာ ဆက်သွယ်ထားသည် အနီးအနားရှိ လိုဏ်ဂူတစ်ခုအတွင်း၌ မန်ဝူရနှင့် ရှနင်းချန်တို့ နှစ်ယောက်ကို ရန်ကိုင် တွေ့လိုက်ရ၏။
မန်ဝူရသည် အပြုံးကြီး ပြုံးဖြီးလျက် တင်ပလင်ခွေ ထိုင်နေခဲ့ပြီး ရှနင်းချန်ကမူ သူ၏ နောက်တွင်ရပ်လျက်ဆန်းကြယ်သော စည်းတံဆိပ် များစွာကို ဖန်တီးနေခဲ့၏။ စည်းတံဆိပ် တစ်ခုပြီးသွားသည့် အခါတိုင်း မြေကမ္ဘာချီကြောမကြီး အတွင်းရှိ မိုးမြေစွမ်းအင်များသည် မန်ဝူရ၏ ကိုယ်ထဲသို့ လှိုင်းလုံးပမာ တိုးတိုးဝင်လာခဲ့လေသည်။
တစ်ယောက်ယောက် ချဉ်းကပ်လာနေသည်ကို သတိပြုမိသည်နှင့် မန်ဝူရက စိုးရိမ်တကြီးဖြင့် လှမ်း၍ ကြည့်လိုက်သလို ရှနင်းချန်၏ လှုပ်ရှားမှုများကမူ အနည်းငယ် မတည်မငြိမ် ဖြစ်သွားခဲ့လေ၏။
ရန်ကိုင်၏ မျက်နှာကို မြင်လိုက်ရသည့် အခါမှပင် နှစ်ယောက်စလုံး စိတ်သက်သာရာ ရသွားခဲ့ကြ၏။
“ဘဏ္ဏာထိန်းမန်၊ ခင်ဗျားတို့ ဒီမှာ ဘာလုပ်နေတာလဲ” ရန်ကိုင်က မန်ဝူရို အံအားသင့်၊ သိလိုစိတ်ဖြင့် ငေးစိုက်ကြည့်လိုက်၏။
“ငါ့စည်းကို ဖြေနေတာလေ” မန်ဝူက ပြန်ပြောလိုက်၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၉၃) လေဟာနယ်လျှောက်လမ်း နောက်တစ်ခု
~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကိုင် မျက်ဝန်းအစုံ တောက်ပသွားခဲ့၏။ ဘဏ္ဏာထိန်းမန်သည် စကားများများစားစား မပြောခဲ့သော်လည်း သူဘာကို ဆိုလိုချင်လဲ ဆိုသည်ကို ရန်ကိုင် နားလည်ပေ၏။
သူ့ခွန်အားကို ချိတ်ပိတ်ထားသည့် စည်းကြောင့် မန်ဝူရသည် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ခွန်အားကိုသာ ထုတ်သုံးနိုင်၏။ သူသာ ထိုစည်းကို ဖြေလိုက်နိုင်လျှင် သူ့ကျင့်ကြံခြင်းသည် မသေမျိုး ဒုတိယအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
“ဂုဏ်ပြုပါတယ်ဗျာ… မန်ဝူရရေ” ရန်ကိုင်လည်း မန်ဝူရအတွက် ပျော်ပေ၏။ နတ်ဆိုးဘုရင် ရန်ပိုင်၏ အစီအစဉ်ကြောင့် မန်ဝူရလည်း အမြတ်ထွက်သွားသည့်ပုံပင်။
“ဘဏ္ဏာထိန်းမန်၊ ရန်ပိုင် ဒါမှမဟုတ် မိသားစုခေါင်းဆောင်ဟောင်း ရှစ်ယောက်ကို တွေ့မိသေးလား” ရန်ကိုင်က အလျင်စလို မေးလိုက်ရာ မန်ဝူရက ခေါင်းခါရမ်း၍ ပြန်ပြောလိုက်၏ “မတွေ့ဘူး။ သူတို့ကို ရှာချင်ရင် နင်းချန်ကို အကူအညီ တောင်းလို့ရတယ်”
ရန်ကိုင်က ရှနင်းချန်ဆီ လှမ်း၍ ကြည့်လိုက်သည်။
ရှနင်းချန်က စကားပြန်မပြောခဲ့။ ခေါင်းသာ ညိတ်၍ သူမ၏လက်ကို အသာအယာ ဝေ့ရမ်းလိုက်ရာ စွမ်းအင်အမျှင်တန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုစွမ်းအင် အမျှင်တန်းသည် လျှပ်စီးတန်းတစ်ခုပမာ မြေအာက်လိုဏ်းခေါင်းအနှံ့သို့ ရောက်ရှိသွားခဲ့လေ၏။
တစ်ခဏကြာပြီးနောက် ထိုစွမ်းအင်အမျှင်တန်းလေး သူမ၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ထိုစွမ်းအင် အမျှင်တန်းကို ရရှိလိုက်သည်နှင့် ရှနင်းချန်က သူမ၏ မျက်ဝန်းအစုံကို တစ်ခဏလောက် ပိတ်လိုက်ပြီး ပြန်ဖွင့်လိုက်ကာ အရပ်မျက်နှာတစ်ခုဆီ ညွှန်ပြလိုက်၏။ ရန်ကိုင်က ကျေးဇူးတင်စွာ ပြုံး၍ သူမ ညွှန်ပြရာ အရပ်ဆီသို့ တုန့်ဆိုင်းခြင်းမရှိ ပြေးထွက်သွားလိုက်၏။
“ရန်ကိုင်၊ ဘဏ္ဏာထိန်းမန်နဲ့ ဂျူနီယာညီမလေးရှကို ကာကွယ်ပေးဖို့ ငါဒီမှာ ကျန်နေခဲ့မယ်” စုယန်က တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်လေ၏။
ရန်ကိုင်နှင့် အတူသွားချင်သော်ငြား မန်ဝူရနှင့် ရှနင်းချန်တို့ကို ကာကွယ်ပေးဖို့ လူလိုအပ်နေရာ သူမအနေဖြင့် သူတို့နှင့်အတူ ကျန်ခဲ့ဖို့ ရွေးချယ်လိုက်လေ၏။
စုယန်သာ နေခဲ့လျှင် သာမန် ပြဿနာများကို သူမ တစ်ယောက်တည်းနှင့်တင် ဖြေရှင်းနိုင်ပေလိမ့်မည်။
ရန်ကိုင်က ခေါင်းညိတ်လိုက်၍ “ဂရုစိုက်ဦး”
“နင်လည်း ဂရုစိုက်ဦး” စုယန်က နွေးထွေးစွာ ပြုံးလိုက်လေ၏။
မန်ဝူရနှင့် ရှနင်းချန်တို့ကို နှုတ်ဆက်ပြီးသည်နှင့် ရန်ကိုင်နှင့် နတ်ဆိုးအိုကြီးတို့သည် စီနီယာမမလေး ညွှန်ပြရာအရပ်ဆီ ပြေးထွက်သွားလိုက်ကြ၏။ ပြေးသွားနေစဉ် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်အား အဆက်မပြတ် စစ်ဆေးသွားခဲ့လေ၏။
မကြာခင်မှာပဲ အရှိန်အဝါများစွာကို ရန်ကိုင် အာရုံခံလိုက်မိလေ၏။ ထိုအရှိန်အဝါများကို အာရုံခံလိုက်မိသည်နှင့် ရန်ကိုင်နှင့် နတ်ဆိုးအိုကြီး တို့သည်လည်း ထိုအရပ်ဆီ အလျင်အမြန် ပြေးထွက်သွားလိုက်ကြလေ၏။
မကြာခင်မှာပဲ သူတို့နှစ်ယောက်ရှေ့ ပုံရိပ်ကိုးခု ထွက်ပေါ်လာခဲ့၏။
ရှစ်ယောက်သည် မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်ဟောင်းများ ဖြစ်ကြပြီး ကျန်တစ်ယောက်သည် နတ်ဆိုးအရှင်သခင် ရန်ပိုင် ဖြစ်ပေ၏။
ရန်ကိုင်နှင့် နတ်ဆိုးအိုကြီးတို့ ရောက်ရှိလာသည့် အချိန်၌ ထိုနှစ်ဖက်သည် မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့နေခဲ့ကြလေ၏။
မိသားစုကြီးရှစ်ခုဘက်၌ အရေအတွက် အသာရထားသော်လည်း နတ်ဆိုးအရှင်သခင် ရန်ပိုင်လို ပုဂ္ဂိုလ်တစ်ယောက်ကို မည်သူမှ အလျင်စလို ပြေးဝင်၍ မတိုက်ခိုက်ရဲကြချေ။ ရန်ပိုင်နှင့် ရင်ဆိုင်ရခြင်းသည် မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်ဟောင်း ရှစ်ယောက်အတွက် အတော့်ကို ဖိအားများပေ၏။
သို့ရာတွင် ရန်ပိုင်ကမူ ရှေးဟောင်းကန်ရေပြင်တစ်ခုပမာ တည်ငြိမ် နေခဲ့၏။ သူ့မျက်ဝန်းနက်တွေထဲ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင် အချို့ကိုပင် မြင်တွေ့နိုင်ပေသေး၏။ သူ့၏ နည်းလမ်းများစွာသည် လွန်စွာကိုမှ အားကောင်း၍ သူ့ခွန်အားအပေါ် ယုံကြည်ချက် အပြည့်ရှိသော်လည်း ထိုရှစ်ယောက်အား ချက်ချင်း မတိုက်ခိုက်သေးပဲ မထိတထိ အကြည့်ဖြင့်သာ လှောင်ပြောင် ကြည့်နေခဲ့လေ၏။
ရန်ကိုင်နှင့် နတ်ဆိုးအိုကြီးတို့ ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လိုက်သည်နှင့် ရန်ပိုင် မျက်နှာထက်မှ အပြုံးသည် ပိုမိုတောက်ပ သွားခဲ့ပြီး နွေးထွေးစွာဖြင့် လှမ်း၍ အော်ခေါ်လိုက်လေ၏ “ဂိုဏ်းတူတူလေးလည်း ဒီကို ရောက်နေတာပါလား။ ကောင်းတယ်၊ ကောင်းတယ်။ ဒီအခိုက်အတန့်ကို ကြည့်ဖို့ ဘယ်သူမှမရှိမှာကို ဂိုဏ်းတူဦးလေးက စိုးရိမ်နေတာ။ ဒါပေမယ့် ကြည့်ရသလောက်တော့ စိုးရိမ်စရာ မလိုတာကို လိုက်ပြီး စိုးရိမ်နေတဲ့ပုံပဲ။ ရောက်လာတဲ့ လူပိုးများလေ ပိုကောင်းလေပဲ”
ရန်ကိုင်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၍ လေးနက် တည်ကြည်သည့် အမူအရာဖြင့် ရန်ပိုင်ကို စိုက်ကြည့်လိုက်ပြီး “ဂိုဏ်းတူဦးလေး၊ အချိန်တွေ ဒီလောက်အကုန်ခံပြီး လူပေါင်းများစွာရဲ့ အသက်ကို စတေးခဲ့တာက ဗဟိုမြို့တော် အောက်ဘက်မှာ ရှိနေတဲ့ မြေကမ္ဘာချီကြောမကြီးကို ရှာဖို့အတွက်ပဲပေါ့၊ ဟုတ်လား”
“အတိအကျပဲ”
“ဘာလို့လဲ” ရန်ကိုင်လည်း မမေးပဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏ “မြေကမ္ဘာချီကြောမကြီးက ဗဟိုမြို့တော်ရဲ့ အောက်ဘက်မှာ အသေ တည်ရှိနေတာလေ။ တွေ့တယ်ဆိုရင်တောင် အချိန်တိုအတွင်း ဒီမှာရှိနေတဲ့ စွမ်းအင်တွေကို စုပ်ယူနိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးကျရင် မိသားစုကြီးရှစ်ခု ယူသွားတာ ခံလိုက်ရမှာပဲလေ။ ဂိုဏ်းတူဦးလေးက ကိုယ့်အတွက် အကျိုးမဖြစ်မယ့် အလုပ်ကို လုပ်မယ့်လူမျိုး မဟုတ်လောက်ဘူးမလား”
ရန်ပိုင်ကမူ ရန်ကိုင်အား မလျော့မတင်း အမူအရာဖြင့်သာ ပြန်စိုက်ကြည့်လိုက်ပြီး အသာအယာ ခေါင်းညိတ်လိုက်၍ “ဂိုဏ်းတူတူလေးက ဒီက ဘာမှမသိတဲ့ လူအိုကြီးရှစ်ယောက်ထက် ပိုတော်တာပဲ။ ငါက ဒီမြေကမ္ဘာချီကြောမကြီးထဲက စွမ်းအင်တွေကို စုပ်ယူဖို့ ကြိုးစားနေတယ်လို့ သူတို့ ထင်နေကြာဩတာ။ တကယ်ကို သောက်တလွဲ အထင်အမြင်တွေပါကွာ။ မင်းတို့တွေ အကုန်လုံးရဲ့ အကြည့်အောက်မှာ ဒီမြေကမ္ဘာချီကြောမကြီးထဲက စွမ်းအင်တွေကို ငါဘယ်လိုလုပ်ပြီး စုပ်ယူနိုင်မှာလဲကွ။ ပြီးတော့ ငါက အဲ့လိုလုပ်ဖို့ စဉ်းကို မစဉ်းစားထားတာ”
ထိုစကားကို ကြားလိုက်သည်နှင့် ရန်ရင်ဟောင်နှင့် ကျန်(၇)ယောက်စလုံး ဇဝေဇဝါ ဖြစ်သွားခဲ့ကြလေ၏။
ရန်ပိုင်သည် မြေကမ္ဘာချီကြောမကြီးထဲတွင် ရှိသော စွမ်းအင်များကို မျက်စိကျနေသည်ဟု ရန်ရင်ဟောင်နှင့် ကျန်(၇)ယောက်တို့ ထင်မှတ် နေခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း မိုးမြေစွမ်းအင် အတွက်ကြောင့်သာ မဟုတ်လျှင် သူ၏ ရည်ရွယ်ချက်သည် ဘာများ ဖြစ်နေမည်နည်း။
ရန်ပိုင်က ရိုးရိုးလေး ရယ်မောလိုက်လိုက်လျက် “မင်းတို့ သက်သက်နဲ့တင် ငါ့ကို သတ်ချင်နေတယ်ပေါ့။ မင်းတို့မှာ အဲ့လိုမျိုး စွမ်းရည် မရှိပါဘူးကွာ။ ငါသာ ဆန္ဒချင်ရင် မင်းတို့အသက်တွေကို ကြိုက်တဲ့အချိန် နှုတ်ယူပစ်လိုက်လို့ ရတယ်”
“ဂိုဏ်းတူဦးလေးက အရမ်းကို ယုံကြည်ချက် ရှိနေမှတော့ ဘာလို့ အပိုစကားတွေ ရပ်ပြောနေရသေးတာလဲ” ရန်ပိုင်က အထင်အမြင် သေးသေးဖြင့် ပြန်၍ လှောင်ပြောင်လိုက်လေ၏။
“မင်းရောက်လာတုန်းက ငါပြောခဲ့တယ်လေ။ ဒီအဖြစ်အပျက်ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို ငါလိုအပ်နေခဲ့တာ။ အစကတော့ ရှန်ချင်းလော့ကို ရွေးထားခဲ့တာပဲ။ ဒီအခိုက်အတန့်ကို သူနဲ့ အတူတူ ဝေမျှဖို့ကိုတောင် ပြင်ဆင်ထားခဲ့တာ။ ဒါပေမယ် ဘယ်သူသိမှာလဲ။ သူက ငါ့ရဲ့ ကြင်နာမှုကို ငြင်းပယ်ပြီး ဒီလို အခွင့်ကောင်းတစ်ခုကို လက်လွှတ်လိုက်တယ်လေ” ရန်ပိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်း၍ စိတ်ပျက်နေသည့် အမူအရာဖြင့် ပြောလိုက်၏။
“ဂိုဏ်းတူဦးလေးက အကြိုက်က တကယ်ကို မနှစ်မြို့စရာပဲနော်”
“အဲ့ဒါတွေက အရေးမကြီးပါဘူး” ရန်ပိုင်က ပခုံးတွန့်လိုက်၍ ဆက်ပြောလိုက်လေ၏ “ဘာလို့လဲဆိုတော့ မကြာခင်မှာပဲ ငါက ဒီနေရာကနေ အခြား ပိုအဆင့်မြင်တဲ့ လောကတစ်ခုဆီ တက်လှမ်းတော့မှာလေ”
“ပိုအဆင့်မြင့်တဲ့ လောကတစ်ခုလား” မိစ္ဆာသားခေါင်းဆောင် ရှစ်ယောက်စလုံး ကြောင်အသွားခဲ့ကြလေ၏။ ရန်ပိုင် မည်သည်ကို ပြောနေမှန်း သူတို့ တကယ်ကို နားမလည်နိုင်ခဲ့ကြချေ။
နတ်ဆိုးအိုကြီးနှင့် ရန်ကိုင်တို့ နှစ်ယောက်ကမူ အတွေးထဲ နစ်မြောသွားခဲ့ကြလေ၏။
“ဘာမှမသိတဲ့ အရူးတွေပါလား” ရန်ပိုင်က ဂရုဏာသက်နေသည့် အမူအရာဖြင့် ရေရွတ်လိုက်၍ “အင်မော်တယ် တက်လှမ်းခြင်း အဆင့်က သိုင်းတာအိုရဲ့ အထွဋ်အထိပ်လို့ မင်းတို့ ထင်နေတာလား။ မင်းတို့ ထင်နေတာတွေ အကုန်လုံးက အမှားတွေပဲ။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ဆိုတာ ဘာဆိုဘာမှကို မဟုတ်တာကွ။ ပြီးတော့ မင်းတို့ ခေါ်ခေါ်နေတဲ့ ‘အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်’ ဆိုတာကလည်း တကယ့် နာမည်အစစ် မဟုတ်သေးဘူး”
မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်းဟောင်း ရှစ်ယောက်စလုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ကြလေ၏။ ထိုအကြောင်းကို သူတို့တစ်တွေ ဘယ်သောအခါမှ မကြားခဲ့ဖူးကြချေ။ ရုတ်တရက် ဆိုသလို အားလုံးသည် ရန်ပိုင် ဆက်ပြောလာမည့် အရာကို စိတ်ဝင်စားသွားခဲ့ကြ၏။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်နှင့် ပက်သက်၍လည်း သူတို့ ပို၍ နားလည်ချင်မိလာ၏။
“အဲ့အဆင့်ကို မသေမျိုးအဆင့်လို ခေါ်တယ်။ ဘာလို့လဲဆိုတော့ အဲ့အဆင့်ကို ရောက်တဲ့လူက သေမျိုးရဲ့ ခြုံလွှာကို ချွတ်ချလိုက်နိုင်တဲ့ လူတွေ ဖြစ်နေကြလို့ပဲ” ရန်ပိုင်က ရှုတ်ချသည့် လေသံဖြင့် ရန်ပိုင်၏ ကြွားစကားကို ကြားဝင်ဖြတ်ပြောလိုက်၏။ ခေါင်းခါရမ်းလိုက်ပြီး ဆက်၍ ပြောလိုက်လေ၏ “ဂိုဏ်းတူဦးလေး၊ ခင်ဗျားက ရည်မှန်းချက် ကြီးမားတဲ့ ပညာရှင်ကြီး တစ်ယောက်လို့ ကျုပ်ထင်နေခဲ့တာ။ ဒါပေမယ့် ခင်ဗျားပြောတာကို နားထောင်ပြီးတော့မှပဲ ခင်ဗျားက သနားစရာကောင်းတဲ့ အရူးတစ်ယောက်မှန်း ကျုပ်နားလည်သွားခဲ့တယ်”
ရန်ပိုင်၏ မျက်ဝန်းအစုံ ရုတ်ချည်း အေးစက်သွားခဲ့လေ၏။ ရန်ကိုင်သည်လည်း ထိုအဆင့်အပေါ် နားလည်ထားလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ချေ။ သို့သော်ငြား သူ့အမူအရာအား အလျင်အမြန် ပြန်ထိန်းလိုက်၍ ခေါင်းညိတ်ကာ “ဂိုဏ်းတူတူလေးကို မင်းရဲ့ နောက်မှာ ရပ်နေတဲ့လူက ပြောပြခဲ့တာလား”
နတ်ဆိုးအိုကြီးက မိစ္ဆာဆန်ဆန် ပြုံးဖြီးလိုက်၍ ပြန်လည် ငြင်းဆိုခြင်း မပြုသလို ထောက်ခံသဘောတူခြင်းလည်း မပြုခဲ့ချေ။ ရန်ပိုင်ကိုသာ လှောင်ပြောင် ထေ့ငေါ့ဟန်ဖြင့် စိုက်ကြည့်နေခဲ့လေ၏။
နတ်ဆိုးအိုကြီးရဲ့ တုန့်ပြန်မှုကို မြင်လိုက်သည်နှင့် ရန်ပိုင်က ရိုးရိုးသားသားပဲ ပြောလိုက်၏ “ငါ့ရဲ့ ရောင်းရင်းရေ၊ ပြောပြီးတာလည်း ပြောပြီးသွားပြီ။ လုပ်ပြီးတာတွေလည်း လုပ်ပြီးသွားခဲ့ပြီ။ ငါတို့ နှစ်ယောက်က အရင်းအမြစ် တစ်ခုတည်းက လာခဲ့တာလေ။ ငါ့ရဲ့ အောင်မြင်မှုတွေက မင်းရဲ့ မူရင်းခန္ဓာကိုယ်ပိုင်ရှင်ဆီကနေ အဖျားခံနေခဲ့တာ။ ဒါကြောင့် ငါတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ပိုပြီး နားလည်သင့်တယ်လို့ ငါထင်တယ်။ မင်သာ ဆန္ဒရှိရင် ငါတို့ နှစ်ယောက် အတူပူးပေါင်းလို့ ရတယ်နော်”
“မလိုပါဘူး၊ ကျေးဇူးပါပဲ” နတ်ဆိုးအိုကြီးက အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “သခင်းနားမှာ ကပ်နေတာက ပိုပြီး အခြေအနေ ကောင်းတယ်လို့ ဒီလူအိုကြီး ထင်တယ်”
“မင်းအဲ့လိုထင်တာလား” ရန်ပိုင်က စိတ်ပျက်နေသည့် လေသံဖြင့် ပြန်ပြောလိုက်၍ လက်လျှော့သေးခြင်း မပြုပဲ “ငါ့ဂိုဏ်းတူတူလေးရဲ့ အရည်အချင်းက တကယ်ကို ကောင်းလွန်းတယ် ဆိုပေမယ့် သူရဲ့ အနာဂတ်က ဒီနေရာမှာတင် ရပ်တန့်သွားခဲ့ပြီ။ မင်သာ ငါနဲ့လိုက်မယ်ဆိုရင် ပိုပြီး ကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို ငါမင်းကို ပြသပေးနိုင်တယ်”
ပြောပြီးသည်နှင့် ရန်ပိုင်က သူ၏ နောက်ဘက်တွင် ရှိနေသော လိုဏ်ဂူနံရံကို လက်နှင့်ထိကပ်၍ ထိုထဲသို့ အစစ်အမှန်ချီများကိူ အရူးအမူး ဖြည့်သွင်းလိုက်လေ၏။
တစ်ခဏကြာပြီးသည့်နောက် ရန်ပိုင် လက်ထိထားသည့် နေရာမှ အနက်ရောင် အစက်လေးတစ်စက် ထွက်ပေါ်လာခဲ့ကာ ထိုအနက်ရောင် အစက်လေးသည် ဘေးပတ်လည်သို့ လျင်မြန်စွာ ကျယ်ပြန့်လာခဲ့လေ၏။ အသက်ရှူစာ အချိန်သုံးရှိုက်စား အတွင်းမှာပင် ထိုအနက်ရောင် အစက်လေးသည် အချင်းမီတာအနည်းငယ် ရှိသည့် အနက်ရောင် အပေါက်တစ်ပေါက်အဖြစ် ကြီးမားလာခဲ့လေ၏။
ဤလောကကြီး တစ်ခုလုံးကို ဝါးမြိုပစ်နိုင်သယောင် ထင်ရသည့် အနက်ရောင် အစက်အပေါက်ဆီမှ နက်နဲကြောက်မက်ဖွယ် ကောင်းသည့် ဖိအားတို့ ဖြာထွက်နေခဲ့လေ၏။
မိသားစုကြီးရှစ်ခု၏ ခေါင်းဆောင်ဟောင်း ရှစ်ယောက်သည် ထိုအနက်ရောင် အပေါက်အား စိုက်၍ ကြည့်နေလျက် အလျင်စလို နောက်ပြန်ဆုတ်လိုက်ကြလေ၏။
ရန်ပိုင်နှင့် နတ်ဆိုးအိုကြီးတို့ နှစ်ယောက်၏ မျက်လုံးများသည် ပြုတ်ထွက်လုမတတ် ပြူးကျယ်သွားခဲ့ပြီး အလိုလို အော်ပြောလိုက်ကြလေ၏ “လေဟာနယ်လျှောက်လမ်းလား”
ယခုတစ်ကြိမ်တော့ ရန်ပိုင် အံ့အားသင့်ရမည့် အလှည့်ဖြစ်၏။ ယခုနေရာတွင် ရှိနေသည့် မည်သူကမှ ၎င်းကိုသိလိမ့်မည်မဟုတ်ဟု သူထင်နေခဲ့ခြင်း ဖြစ်သည်။ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၍
“အမှန်ပဲ။ ဒီဟာက လေဟာနယ်လျှောက်လမ်း တစ်ခုပဲ။ ငါတို့ လောကကြီးထက် ပိုပြီးကြီးကျယ်ခမ်းနားတဲ့ လောကတစ်ခုစီကို ခေါ်သွားပေးမယ့် အရာပေါ့။ အဲ့နေရာယှဉ်ရင် ဒီနေရာက လူရိုင်းတွေ နေတဲ့ တောသာသာပဲ ရှိတယ်။ ဒီနေရာက မိုးမြေစွမ်းအင်တွေက အရမ်းကို ပါးလျပြီး မရှိသလောက်ပဲ။ ဟိုနေရာကတော့ ဒီနေရာနဲ့ မတူဘူး။ ဟိုမှာဆိုရင် မိုးမြေစွမ်းအင်တွေက ပိုပြီး များပြားကြွယ်ဝသလို ကောင်းကင်လမ်းစဉ်နဲ့ သိုင်းတာအိုကိုလည်း ဒီမှာထက် ပိုပြီး လွယ်လွယ်ကူကူ နားလည်နိုင်တယ်။ ရောင်းရင်းရေ၊ မင်းသာ ဆန္ဒရှိသရွေ့ ငါနဲ့အတူ မင်းကို ခေါ်သွားပေးလို့ ရတယ်နော်”
“အဲ့လိုလား” နတ်ဆိုးအိုကြီး ရုတ်တရက် နားလည်သွားခဲ့ပြီး “ကြည့်ရတာက မင်းက ကျင့်ကြံခြင်း သက်သက်ကို လက်ခံရရှိထားတာ မဟုတ်ပဲ မှတ်ဥာဏ်ကိုပါ ရရှိထားတာကိုး”
“ဟုတ်တယ်” ရန်ပိုင်က ငြင်းဆိုခြင်း မပြုခဲ့ချေ။
ကောင်းကင်စံအိမ်၏ ရစ်ခွေနဂါးစမ်းချောင်းအောက်ခြေတွင် ရှိနေသည့် မိစ္ဆာအရှင်သခင်၏ ခန္ဓာကိုယ်ကို နတ်ဆိုးအိုကြီးက ရရှိခဲ့ပြီး သူ၏ မှတ်ဥာဏ်နှင့် အမွေအနှစ်ကိုမူ ရန်ပိုင်က ရရှိသွားခဲ့၏။ ထို့ကြောင့်ပင် ရန်ပိုင် ဤမျှ အဆင့်တက် မြန်နေခဲ့ရခြင်း ဖြစ်သည်။
ထိုမှတ်ဥာဏ်ကနေမှတစ်ဆင့် လေဟာနယ်လျှောက်လမ်း ရှိနေသည့် နေရာကို ရန်ပိုင်သိခဲ့သည့် ပုံပင်။
သူ့ရည်ရွယ်ချက်သည် ဗဟိုမြို့တော်ကို ဖျက်စီးဖို့ရာ မဟုတ်သလို မြေကမ္ဘာချီကြောမကြီးကို ရယူရန်လည်း မဟုတ်ချေ။ ရန်ပိုင် လုပ်ခဲ့သမျှ အရာအားလုံးသည် လေဟာနယ်လျှောက်လမ်းကြောင့်ပင် ဖြစ်သည်။
သူသည် ဤလောကမှထွက်၍ ပိုမြင့်သည့် လောကတစ်ခုဆီသို့ တက်လှမ်းကာ သိုင်းတာအို၏ အထွဋ်အထိပ်ဆီ တက်လှမ်းချင်ခဲ့၏။
“ဒါပေမယ့်… မင်းရဲ့ မှတ်ဥာဏ်တွေက မပြည့်စုံတဲ့ပုံပဲ” နတ်ဆိုးအိုကြီးက ရုတ်တရက် လှောင်ပြုံးပြုံးလိုက်၏။
“ရောင်းရင်းက ဘာလို့ အခုလိုပြောရတာလဲ” ရန်ပိုင် မျက်မှောင်ကြုံ့လိုက်၏။
“ကျဲ ကျဲ ကျဲ… အဲ့မှာရှိနေတဲ့ အရင်းအမြစ်တွေကို အလွယ်တကူ ရနိုင်မယ်လို့ မင်းထင်နေတာလား။ အဲ့မှာ ရှိနေတဲ့ ပညာရှင်တွေကို အလွယ်တကူ သွားအနိုင်ကျင့်နိုင်မယ်လို့ မင်းထင်နေတာလား။ ဟတ်၊ တကယ်ကို ရယ်စရာပါလား။ ဒီနေရာက အဲ့နေရာနဲ့ယှဉ်ရင် အရိုင်းမြေ တစ်ခုဆိုပေမယ့် အဲ့မှာရှိနေတဲ့ အန္တရာယ်တွေက ဒီမှာရှိနေတဲ့ အန္တရာယ်တွေထက် ပိုများတယ်ကွ။ မင်းရဲ့ ကျင့်ကြံခြင်းက သိပ်မဆိုးဘူး ဆိုပေမယ့် ဒီနေရာမှာပဲ ဘုရင်တစ်ပါးလို ပြုမူလို့ရမယ်။ အဲ့ရောက်ရင်တော့ မင်းက အဓိကဂိုဏ်းကြီးတစ်ခုရဲ့ အရေးမပါတဲ့ ဂိုဏ်းသားတစ်ယောက်၊ ဒါမှမဟုတ် ဂိုဏ်းသေးသေးလေးတွေရဲ့ အကြီးအကဲ တစ်ယောက်လောက်ပဲ ဖြစ်လာနိုင်လိမ့်မယ်။ ငါသာ မင်းနေရာမှာဆိုရင် အကျိုးအမြတ် နည်းနည်း အတွက်နဲ့ အဲ့နေရာဆီ သွားမယ့်အစား ဒီမှာပဲ အေးအေးဆေးဆေး နှပ်နေလိုက်မှာ” “ နတ်ဆိုးအိုကြီးက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်၏။
“မင်းဘယ်လိုလုပ်ပြီး ဒီလောက် အများကြီး သိထားတာလဲ” နောက်ဆုံး၌ ရန်ပိုင်လည်း တည်ငြိမ် မနေနိုင်တော့ချေ။ “မဖြစ်နိုင်ဘူး။ အဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မှတ်ဥာဏ်တွေ အကုန်လုံးကို ငါက ဆက်ခံခဲ့တာလေ။ မင်း ရနိုင်စရာအကြောင်း လုံးဝ မရှိဘူး”
“ဒီလူအိုကြီးက ဒီခန္ဓာကိုယ်က မှတ်ဥာဏ်တွေကို မရခဲ့သလို ရဖို့လည်း မလိုဘူး။ ဘာလို့လဲ ဆိုတော့ ဒီလူအိုကြီးက… အဲ့လောကကြီးကနေ လာခဲ့တာ မို့လို့ပဲ” နတ်ဆိုးအိုကြီးက လှောင်ပြုံးပြုံး၍ သူ့ကိုယ်သူ လက်ညိုးထိုးကာ မောက်မာစွာဖြင့် “ဒီခန္ဓာကိုယ်ရဲ့ မူရင်း ပိုင်ရှင်က ဒီလူအိုကြီးထက် အနည်းဆုံး မျိုးဆက်နှစ်ခုလောက် ငယ်တယ်ကွ”
ရန်ပိုင်မျက်နှာ ဖြူလျော်သွားခဲ့ပြီး နတ်ဆိုးအိုကြီးကို ကြောက်မက်ဖွယ် မွန်းစတားအိုကြီး တစ်ကောင်ကို စိုက်ကြည့်နေသလို စိုက်ကြည့်လိုက်၏။ သူ့မျက်ဝန်းနက်များထဲလည်း ကြောက်ရွံ့ရိပ်၊ မျှော်လင့်ရိပ်တို့ဖြင့် ပြည့်နေခဲ့လေ၏။
သူ၏ လက်ရှိခွန်အားနှင့် အောင်မြင်မှုများသည် ထိုအလောင်းဆီမှ သူရရှိခဲ့သည့် အမွေအနှစ်များနှင့် သက်ဆိုင်နေပေသည်။ သို့သော်ငြား နတ်ဆိုးအိုကြီးက ထိုအရှင်သခင်ကို သူ့ရဲ့ ဂျူနီယာတစ်ယောက်ပါဆိုပြီး လာ၍ လှောင်ပြောင်နေခဲ့လေ၏။ နတ်ဆိုးအိုကြီး စကားကြောင့် ရန်ပိုင်မှာ စိတ်ရှုပ်သွားခဲ့ရသလို သူနားလည်ထားသမျှ အရာအားလုံးသည်လည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်*ကုန်တော့လေ၏။
“မင်းကများ ငါ့ကို လှည့်စားရဲတယ်” ရန်ပိုင်က အေးစက်စက်ဖြင့် ကြုံးဝါးလိုက်၍ “ဒီလို ကလေးတောင် ယုံမှမဟုတ်တဲ့ အလိမ်အညာကို ငါယုံမယ် ထင်နေတလား။ မင်းဘယ်သူပဲဖြစ်ဖြစ်၊ အခြေအနေက အခုအတိုင်းအတာအထိ ဖြစ်လာမှတော့ အဲ့မှာရှိနေတဲ့ လောကကြီးက ဘယ်လိုပုံစံရှိလဲဆိုတာကို ငါ့မျက်လုံးနဲ့ တပ်အပ်ပဲ ကြည့်လိုက်မယ်”
နတ်ဆိုးအိုကြီးက ဖြည်းဖြည်းချင်း ခေါင်းခါရမ်း၍ “ဘာမှမသိတဲ့ အရူးတစ်ယောက် ပါပဲလား”
“အဲ့ဒါ မင်းဆုံးဖြတ်နိုင်တဲ့အရာ မဟုတ်ဘူး” ရန်ပိုင်က ပြန်အော်ပြောလိုက်လေ၏။ သူ့ခန္ဓာကိုယ်မှ သိပ်သည်းလှသည့် နတ်ဆိုးချီတို့ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ကာ တည်ငြိမ်နေသည့် သူ၏ မျက်နှာသည်လည်း လွန်စွာကိုမှ မဲမှောင်အရုပ် ဆိုးနေခဲ့လေ၏။
“မိစ္ဆာအသွင်ပြောင်းလဲခြင်း” ရန်ပိုင်က သူ့လက်ချောင်းကို နဖူးထက် ရေပြင်ညီအတိုင်း ဖြတ်ဆွဲလိုက်ရာ သူ့တစ်ကိုယ်လုံး အနက်ရောင် တက်တူးတို့ဖြင့် ပြည့်သွားခဲ့ပြီး ရန်ပိုင်၏ နတ်ဆိုးချီအောက် နိမ့်ကျခြင်း မရှိသည့် နတ်ဆိုးချီတို့ သူ၏ ကိုယ်မှ ပေါက်ကွဲထွက်လာခဲ့လေ၏။ ရန်ကိုင်၏ နတ်ဆိုးချီသည် နတ်ဆိုးအရှင်သခင် ရန်ပိုင်၏ နတ်ဆိုးချီထက် ပို၍ပင် သိပ်သည်းသန့်စင်နေလေ၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၉၄) ဂိုဏ်းရဲ့ နာမည်ဆိုးကို ရှင်းလင်းမယ်
~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကိုင်ကို စိုက်ကြည့်နေသည့် ရန်ပိုင် မျက်ဝန်းထဲ အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး သူ့အမူအရာသည်လည်း တဖြည်းဖြည်း လေးနက်တည်ကြည် သွားခဲ့ကာ “ဂိုဏ်းတူတူလေး၊ မင်းအခုလိုခွန်အား ပိုင်ဆိုင်ထားတာက တကယ်ကို အထင်ကြီးစရာပဲ။ ဒါပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ ကျင့်ကြံခြင်း အဆင့်လေးနဲ့တော့ ဒီမှာ ဘာမှဘာလုပ်လို့ ရမှာမဟုတ်ဘူးကွ”
“တကယ်လား” နတ်ဆိုးအိုကြီးက ရှေ့တစ်လှမ်းတိုး၍ ရန်ကိုင်ရှေ့ ပိတ်ရပ်လိုက်၏။ တစ်ချိန်တည်းမှာပင် ရန်ပိုင်အောက် မနိမ့်ကျသည့် နတ်ဆိုးချီတို့ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့လေ၏။
မိသားစုကြီးရှစ်ခု၏ ခေါင်းဆောင်ဟောင်း ရှစ်ယောက်ကလည်း သူတို့၏ အစစ်အမှန်ချီကို တစ်ပြိုင်တည်း စုစည်းလိုက်ကြလေ၏။
သို့သော်ငြား ရန်ပိုင်ကမူ ရယ်ရယ်ပြုံးပြုံးဖြင့်သာ “လူအရေအတွက် ပိုများရုံနဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေကြတာလား။ မင်းတို့ အားလုံးက အရမ်းကို တုံးကြတာပါလားကွာ။ ငါထွက်မသွားခင်လေး မသေမျိုး တတိယအဆင့်ရဲ့ အစွမ်းကို မင်းတို့သိသွားအောင် ပေးမြည်းရသေးတာပေါ့။ ရောင်းရင်း၊ ငါမင်းကို အခွင့်အရေး တစ်ခုပေးခဲ့တယ်။ ဒါပေမယ့် မင်းက ငါ့ရဲ့ ကြင်နာမှုကို ခေါင်းမာမာနဲ့ ငြင်းဆန်နေမှတော့ မင်းကိုယ်ထဲမှာ ရှိနေတဲ့ နတ်ဆိုးချီကို ငါက ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံပေးရတော့မှာပေါ့”
သူသည် နတ်ဆိုးအိုကြီးကို ရည်ရွယ်၍ ပြောလိုက်ခြင်း ဖြစ်၏။
ရစ်ခွေနဂါးစမ်းချောင်းမှ ထွက်လာခဲ့စဉ်က ထိုနတ်ဆိုးအရှင်သခင်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော နတ်ဆိုးချီ အားလုံးကို သူမစုပ်ယူခဲ့ချေ။ သူကျင့်ကြံခြင်းကို တည်ငြိမ်သွားအောင် လုပ်ဆောင်ပြီးမှ ထိုနတ်ဆိုးချီများကို သွားပြန်စုပ်ယူဖို့ စီစဉ်ထားခြင်း ဖြစ်သည်။ သို့သော်ငြား သူ၏ နှောင့်နှေးနေမှုသည် နတ်ဆိုးအိုကြီးအတွက် အခွင့်ကောင်းတစ်ခုကို ဖန်တီးပေးလိုက်သလို ဖြစ်သွားခဲ့၏။
ယခု ထိုနတ်ဆိုးချီများကို သန့်စင်ဖို့ နောက်ထပ် အခွင့်အရေးတစ်ခု ထပ်မံရရှိလာပြီဖြစ်ရာ ရန်ပိုင်ကလည်း မည်သည့်အတွက်ကြောင့် လက်လွှတ်လိုက်ရမည်နည်း။
ပြောပြီးသည်နှင့် ရန်ပိုင်က သူ၏လက်ကို အသာအယာ ဝှေ့ရမ်းလိုက်ရာ ပါးလျသော ရောင်စုံအမြှေးပါးတစ်ခုသည် ကိုယ်ကြပ် ချပ်ဝတ်တစ်ခုပမာ သူ့ခန္ဓာကိုယ်ကို ဝန်းရံသွားခဲ့လေ၏။
မိသားစုခေါင်းဆောင်ဟောင်း ရှစ်ယောက်၏ တိုက်ခိုက်မှုများသည် ရန်ပိုင်ဆီသို့ တစ်ပြိုင်နက်တည်း တိုးဝင်သွားခဲ့ကြ၏။ သို့သော်ငြား ထိုတိုက်ခိုက်မှုများသည် ရန်ပိုင်၏ အကာအရံကို တုန်ခါသွားစေရုံသာ တတ်နိုင်ခဲ့ပြီး သူ၏ ခံစစ်ကို မချိုးဖျက်နိုင်ခဲ့ချေ။
ရန်ပိုင်သည် လွန်စွာကိုမှ အားကောင်းသည် ဆိုသည်ကို သူတို့ သိထားသော်ငြား နဖူးတွေ့ဒူးတွေ့ မြင်တွေ့လိုက်ရပြီးနောက် မိသားစုကြီးရှစ်ခု၏ ခေါင်းဆောင်းဟောင်း ရှစ်ယောက်စလုံး မထိတ်လန့်၊ အံ့အားမသင့်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကြရလေ၏။
နတ်ဆိုးအိုကြီးလည်း အလျင်အမြန် တိုက်ခိုက်လိုက်လေ၏။ သွေးနီရောင်အလင်းတန်းတစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး သွေးမြူတိမ်တိုက် တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရန်ပိုင်ကို ဝန်းရံလွှမ်းခြုံ သွားခဲ့လေ၏။ ထိုသွေးမြူထဲ နတ်ဆိုးအိုကြီး၏ သိုင်းတာအိုအပေါ် နှစ်ပေါင်းများစွာကြာအောင် လေ့လာထားသည့် ဥာဏ်အလင်းတို့ ပါဝင်နေခဲ့ကာ ခုခံဖို့ခက်ခဲ၍ ဤလောကကြီးရှိ မည်သည့်အရာကိုမဆို တိုက်စားနိုင်စွမ်း ရှိ၏။
သို့သော်ငြား ရန်ပိုင်က အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ထိုသွေးမြူတိမ်တိုက် တစ်ခုလုံးကို ပျက်စီးပျောက်ကွယ် သွားစေခဲ့၏။
နတ်ဆိုးအိုကြီးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၍ နောက်သို့ ခြေသုံးလှမ်း ပြန်ဆုတ်လိုက်ကာ ရန်ပိုင်အား တည်ကြည် လေးနက်သည့် အမူအရာဖြင့် စိုက်ကြည့်နေလိုက်၏။
သူတို့ကြားမှ ကျင့်ကြံခြင်းအဆင့် ကွာခြားချက်ကို အတွေ့အကြုံဖြင့် သွားအစားထိုး၍ မရချေ။ နတ်ဆိုးအိုကြီးသည် နတ်ဆိုးတစ္ဆေသူတောင်စင် ပညာရပ်ကို ထုတ်သုံး၍ သူ့ခွန်အားကို မြှင့်တင်နိုင်သော်လည်း သေဆုံးသွားသော၊ ဒဏ်ရာရသွားခဲ့သော ကျင့်ကြံသူများဆီမှ သွေးများကို ရန်ပိုင်က အသုံးပြုပြီးသွားပြီ ဖြစ်ရာ သူ့အနေဖြင့် မည်သည့်နေရာဆီမှ သွေးများကို သွား၍ အသုံးပြုရမည်နည်း။
နဂါးဟိန်းသံတစ်သံ မြေအောက်လိုဏ်ခေါင်းထဲ ပဲ့တင်ထပ်သွားခဲ့ပြီး ရန်ကိုင်ကျောဘက်မှ ဧရာမအနက်ရောင်နဂါးတစ်ကောင် ထွက်ပေါ်လာခဲ့လေ၏။ ခေါင်းကိုရမ်း၊ အမြီးကို လှုပ်ခါလျက် ပါးစပ်ကြီးကို ဖွင့်ကာ ရန်ပိုင်အား ကိုက်ချလိုက်၏။
“ရေနဂါးတစ်ကောင်လား” ရန်ပိုင်က နှစ်ကြိမ်ပင် မကြည့်ဘဲ သူ့လက်အား အသာအယာ ဝေ့ရမ်းလိုက်၍ ခုနှစ်ရောင်ခြယ် စပါးအုံးတစ်ကောင်ကို ဆင့်ခေါ်လိုက်၏။ ခုနှစ်ရောင်ခြယ် စပါးအုံးသည် တရှူးရှူးလုပ်လျက် အနက်ရောင်နဂါးဆီ တိုးဝင်သွားခဲ့၏။ ပြီးသည်နှင့် ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်တို့ ပါဝင်နေသည့် ခုနှစ်ရောင်ခြယ်အလင်းတန်းကို မှုတ်ထုတ်လိုက်ရာ ရန်ကိုင်၏ နဂါးပုံရိပ်လည်း ချက်ချင်း အဖျက်စီးခံလိုက်ရလေသည်။
“ဘာမှ မဟုတ်ပါလား” ရန်ပိုင်က လှောင်ပြုံးပြုံး၍ ထေ့ငေါ့ လှောင်ပြောင်လိုက်လေ၏ “ဆက်လုပ်လေ၊ အားကုန်သုံး တိုက်လိုက်စမ်းပါ။ ဒီနေ့ မင်းတို့ထဲက ဘယ်သူကများ ငါ့ကို ရပ်တန့်နိုင်မလဲ ဆိုတာကို ငါသိချင်သေးတယ်။ ငါ… ရန်ပိုင်က… သိုင်တာအိုရဲ့ အထွဋ်အထိပ်ကိုပဲ ရှာဖွေတာကွ။ အကောင်းလား… အဆိုးလား… ငါ့ခွန်အားကို တိုးတက်စေနိုင်သရွေ့ ဘာတွေကို ဂရုစိုက်နေရမှာလဲ။ ငါ့လမ်းကို လာပိတ်ရင် ဘယ်သူ့ကိုမှ သနားကြင်နာပြနေမှာ မဟုတ်ဘူး”
“ခင်ဗျားကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဆရာကိုတောင်မှပေါ့” ရန်ကိုင်က ရန်ပိုင်ကို အေးစက်စက် မျက်ဝန်းအစုံဖြင့် စိုက်ကြည့်လိုက်၏။ အခြေအနေသည် လွန်စွာကိုမှ အန္တရာယ်များနေသော်လည်း သူ့မျက်ဝန်းထဲ တုန်လှုပ်ကြောက်လန့်နေသည့် အရိပ်အယောင် စိုးစဉ်းမျှမရှိ၊ အေးစက်မှု တို့ဖြင့်သာ ပြည့်နေခဲ့၏။
နတ်ဆိုးအိုကြီးက အခြေအနေကို တည်တည်ငြိမ်ငြိမ်ဖြင့် ဆန်းစစ် နေခဲ့လေ၏။ ရန်ကိုင်တွင် အားကိုးအားထားပြုစရာ ဘာရှိနေလဲ ဆိုသည်ကို သူမသိသော်လည်း ရန်ကိုင်နောက်သို့ နှစ်ပေါင်းများစွာကြာအောင် လိုက်လာခဲ့ပြီးနောက် သူ့သခင်လေးသည် အောင်မြင်ဖို့ ယုံကြည်ချက် မရှိလျှင် မည်သည့်အခါမှ အရဲစွန့်လှုပ်ရှားမည် မဟုတ်သည်ကို သူသိ၏။
ထွက်ပြေးချင်သည့် စိတ်ကို အလျင်အမြန် ပြန်လည် ဖိနှိပ်ထားလိုက်ပြီး မတော်တဆ တစ်ခုခု ဖြစ်လိုဖြစ်ငြား ရန်ကိုင်အား တိတ်တဆိတ် ကာကွယ်ပေးနေလိုက်၏။
“ဆရာလား” ရန်ပိုင်က လှောင်ပြုံးပြုံးလိုက်၍ “ငါ့မှာ ဆရာမရှိဘူး”
စကားပြောနေစဉ်အတွင်း သူ့ကိုယ်မှ မိစ္ဆာစွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့ကာ မိသားစုခေါင်းဆောင်ဟောင်း ရှစ်ယောက်၏ မျက်နှာများသည် ဖြူလျော်လာ၍ သူတို့၏ ဒူးများသည်လည်း မခိုင်ချင် ဖြစ်လာခဲ့လေ၏။ တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာများသည် ဖြူလျော်နေခဲ့၍ သူတို့၏ အစစ်အမှန်ချီနှင့် အသက်စွမ်းအင်များသည် ခန္ဓာကိုယ်မှ အလျင်အမြန် စီးထွက်ကာ ရန်ပိုင်ဆီသို့ စီးဝင်နေခဲ့လေ၏။
မသေမျိုးတတိယအဆင့် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ယခုမှပင် သူတို့တစ်တွေ နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လိုက်ရလေ၏။ ဤနေရာတွင် စုဝေးနေသည့် လူအရေအတွက်အားကိုးဖြင့် ရန်ပိုင်ကို အနိုင်ယူဖို့ရာ မဖြစ်နိုင်ကြောင်း မိသားစုခေါင်းဆောင်ဟောင်း ရှစ်ယောက်စလုံး နားလည်လိုက်ကြလေပြီ။
“ရန်ကိုင်၊ ဒီနေရာကနေ မြန်မြန် ထွက်သွားတော့။ ငါတို့ ရှစ်ယောက်စလုံးက လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး…” ရန်ရင်ဟောင်က ရန်ကိုင်ကို အဆောတလျင် တိုက်တွန်းလိုက်၏။ သူ့အသံသည် လွန်စွာကိုမှ အားနည်းတိုးလျ နေခဲ့လေ၏။
ရန်ပိုင်၏ ခွန်အားသည် ဤမျှကြောက်မက်ဖွယ်ကောင်းကြောင်း ယခင်ကတည်းမှ သိခဲ့လျှင် သူတို့ရှစ်ယောက်တည်းနှင့် ရန်ပိုင်နောက်သို့ လိုက်ခဲ့လိမ့်မည် မဟုတ်ချေ။
သူတို့ရှစ်ယောက် အင်အားနှင့်ဆိုလျှင် သူတို့ကိုယ်သူတို စဝေး၍ ရန်ပိုင်ကိုပါ မရဏကမ္ဘာသို့ တစ်ခါတည်း ခေါ်ဆောင်သွားနိုင်မည်ဟု သူတို့တစ်တွေ ထင်နေခဲ့ကြခြင်း ဖြစ်၏။ သို့သော်ငြား သူတို့၏ အတွေးများသည် စိတ်ကူးယဉ် အိမ်မက်မက် သက်သက်သာ ဖြစ်သည်ကို မိသားစုခေါင်းဆောင်ဟောင်း ရှစ်ယောက်စလုံး နားလည်သွားခဲ့ကြလေပြီ။
ယခု သူတို့ လုပ်နိုင်သော အရာဆို၍ သူတို့၏ အသက်ကို စတေးကာ ရန်ကိုင်ထွက်ပြေးနိုင်ဖို့အတွက် အချိန်ဆွဲပေးဖို့သာ ရှိတော့၏။
“ဒီနေ့ ဒီနေရာကနေ ဘယ်သူမှ လွတ်မြောက်မှာ မဟုတ်ဘူးကွ” ရန်ကိုင်က ခေါင်းခါရမ်းလျက် တည်တည်ငြိမ်ငြိမ်ဖြင့် ကြုံးဝါပြောဆိုလိုက်၏။ သူ့လက်ချောင်းကို မြှောက်၍ ရန်ရင်ဟောင်၏ ပခုံးဆီသို့ နတ်ဆိုးချီအလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်ရာ ရန်ရင်ဟောင်၏ ပခုံဆီမှ သွေးရေပန်းတို့ ဖြာထွက်လာခဲ့လေ၏။
“ရန်ပိုင်၊ ခင်ဗျားက ခင်ဗျားရဲ့ အကြီးအကဲတွေကို သတ်ဖြတ်ပြီး ကောင်းကင်စံအိမ်ကို အရှက်ရအောင် လုပ်ခဲ့တယ်။ ဒီနေ့ ဆရာဖိုးဖိုး ကိုယ်စား ကျုပ်၊ ရန်ကိုင်က ဂိုဏ်းရဲ့ နာမည်ဆိုးကို ရှင်းလင်းရလိမ့်မယ်” ရန်ကိုင်က ဒေါသတကြီး အော်ဟစ်လိုက်၏။
ရန်ကိုင်ကို စကားကို ကြားကြားချင်း ရန်ပိုင် တစ်ခဏတာ ကြက်သေသေသွားခဲ့၏။ မကြာခင်မှာပဲ အသိပြန်ဝင်လာခဲ့ပြီး လှောင်ပြုံးပြုံး၍ “မင်းလို သေးနုပ်တဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၅ ကျင့်ကြံသူတစ်ယောက်ကို ငါ့ကို အခုလိုမျိုး လာပြောရဲတယ်ပေါ့။ လူငယ်တွေက မိုးမြေဘယ်လောက် မြင့်မားနက်ရှိုင်းလဲ ဆိုတာကို မသိကြတာပါလား။ ဂိုဏ်းတူတူလေးရေ၊ မင်းက မကြာခင်မှာပဲ သေတော့မှာကိုတောင် အဲ့ခွေးအိုကြီးအတွက် တစ္ဆေဘဝနဲ့တောင် ဂိုဏ်းရဲ့ နာမည်ကို ရှင်းလင်ပေးချင်နေသေးတာလား”
တစ်ဂိုဏ်းတည်းက လာခဲ့သော်လည်း ရန်ပိုင်သည် ရန်ကိုင်အား တော်တော့်ကို အထင်သေး၏။ သူ့ရဲ့ ဂိုဏ်းတူတူလေးသည် ယခု လက်ရှိခွန်အားကို ပိုင်ဆိုင်နိုင်ဖို့အတွက် ပြင်ပအကူအညီကို မှီခိုနေရသည်ကို သူတွေးနေခြင်း ဖြစ်၏။
“ဟားဟား…” ရန်ကိုင်က ဟက်ဟက်ပက်ပက် အော်ဟစ် ရယ်မောလိုက်ပြီးနောက် သူ့၏ ပြုံးဖြဲနေသော မျက်နှာသည် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့လေ၏။ ထို့နောက် နတ်ဆိုးအိုကြီးကို လှမ်းအော်ခေါ်လိုက်လေ၏ “နတ်ဆိုးအိုကြီး”
ရန်ကိုင်၏ အော်သံကို ကြားသည်နှင့် နတ်ဆိုးအိုကြီးသည် ရန်ပိုင်ဆီသို့ တုန့်ဆိုင်းခြင်းမရှိ ပြေးဝင်သွားလိုက်လေ၏။
ရန်ကိုင်က အထင်အမြင်သေး လှောင်ပြောင်လိုသည့် အကြည့်ဖြင့် ကြည့်လျက် သူ့လက်ကို နတ်ဆိုးအိုကြီး ရှိရာဘက်ဆီ အသာအယာ ဝှေ့ရမ်းလိုက်၏။ နတ်ဆိုးအိုကြီး အနေဖြင့် ရန်ပိုင်၏ တိုက်ခိုက်မှုအား အနည်းငယ်မျှပင် ခုခံနိုင်ခဲ့ခြင်းမရှိပဲ ချက်ချင်းဆိုသလို နောက်ဘက်သို့ ကျွမ်းပြန်လွင့်ထွက်သွားခဲ့ရလေသည်။ သို့သော်ငြား လွင့်ထွက်ပြီးသည်နှင့် ချက်ချင်းဆိုသလို ‘ဘာမှမဖြစ်သည့်ဟန်ဖြင့်’ ပြန်ထလာခဲ့လေသည်။
သူအကောင်းပကတိပင် ရှိနေပေသေး၏။
ထိုအခြင်းအရာကို မြင်လိုက်ရသည့်အခါ မိသားစုခေါင်းဆောင်ဟောင်း ရှစ်ယောက်သည် သာမက ရန်ပိုင်သည်ပင်လျှင် ထိတ်လန့် တုန်လှုပ် သွားခဲ့ရလေ၏။ သို့သော်ငြား သူ့ဟန်ပန်အမူအရာအား အလျင်အမြန် ပြန်ထိန်းလိုက်ပြီး ခေါင်းညိတ်၍ “အဲ့ခန္ဓာကိုယ်ကို တကယ်ကို ကောင်းတာပဲ”
နတ်ဆိုးအိုကြီးက ရယ်မောလိုက်လျက် “ဒီလူအိုကြီးက အခု မင်းကို အနိုင်မယူနိုင်ပေမယ့် မင်လည်း ဒီလူအိုကြီးကို အနိုင်မယူနိုင်ဘူး။ ဒီခန္ဓာကိုယ်က မင်းဖျက်စီးနိုင်တဲ့ အရာမျိုးမဟုတ်ဘူး”
ရစ်ခွေနဂါးစမ်းချောင်း အောက်ခြေတွင် နှစ်ပေါင်းများစွာ ကြာအောင် တည်ရှိလာခဲ့ပြီးနောက် နတ်ဆိုးအိုကြီး၏ လက်ရှိခန္ဓာကိုယ်သည် ယုတ်လျော့ ယိုယွင်းသွားခြင်း မရှိရုံမက၊ ပို၍ပင် အားကောင်းလာသေး၏။
ရန်ပိုင်၏ လက်ရှိကျင့်ကြံခြင်း သက်သက်ဖြင့် နတ်ဆိုးအိုကြီး၏ ခန္ဓာကိုယ်ကို မဖျက်စီးနိုင်ချေ။
“ဘာကိုများ အားကိုးနေလဲလို့ စဉ်းစားနေလိုက်ရတာ။ လတ်စသတ်တော့ ဒါဖြစ်နေတာကိုး” ရန်ပိုင်က လှောင်ပြုံးပြုံးလျက် “ဒီလောက်ပဲ ဆိုရင်တော့ မင်းတို့နဲ့ ဆက်မကစားတော့ဘူး”
နတ်ဆိုးအိုကြီးက နှာခေါင်းရှုံ့၍ ရန်ပိုင်ဆီ နောက်တစ်ကြိမ် ပြေးဝင်သွားလိုက်၏။
ရန်ပိုင်၏ နှုတ်ခမ်းအစုံ ရက်စက်ဟန်ဖြင့် ကွေးတက်သွားခဲ့ပြီး အထင်အမြင်သေးသေးဖြင့် “တကယ်ကို လူကြမ်းနည်းနဲ့ပါလား။ မင်းရဲ့ ခန္ဓာကိုယ်ကို မာကျောနေရင်တောင်မှ ငါ့ကို အနိုင်မယူနိုင်ပါဘူး။ ပြီးတော့ ငါပိုင်ဆိုင်သင့်ခဲ့တဲ့ အရာကို ငါ့ဆီ ပြန်ပေးရလိမ့်မယ်”
ပြောပြီးသည်နှင့် ရန်ပိုင်ဆီမှ ရက်စက်ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်အဝါတို့ ဖြာထွက်လာခဲ့ပြီး သူ့လက်ကို ဆန့်ထုတ်၍ နတ်ဆိုးအိုကြီး၏ ဦးခေါင်းကို ဖမ်းကိုင်ဖို့ လုပ်လိုက်၏။
သို့သော်လည်း နတ်ဆိုးအိုကြီးက ရှောင်တိမ်းဖို့ မကြိုးစားခဲ့ချေ။
“ဟန့်၊ ကိုယ့်သေလမ်းကိုယ်ရှာနေတာပဲ” ရန်ပိုင် အူမြူးသွားခဲ့လေ၏။ ချက်ချင်းဆိုသလို သူ၏ နတ်ဆိုးကျင့်စဉ်အား လှည့်ပတ်ကာ နတ်ဆိုးအိုကြီး ကိုယ်တွင်းရှိ နတ်ဆိုးချီများကို အရူးအမူး စတင်စုပ်ယူတော့လေ၏။ သူတို့ နှစ်ယောက်စလုံးသည် အရင်းအမြစ် အတူတူမှဖြစ်ရာ နတ်ဆိုးအိုကြီး၏ ခွန်အားကို သူ့ကိုယ်ပိုင်ခွန်အားအဖြစ် လွတ်လွတ်လပ်လပ် စုပ်ယူအသွင်ပြောင်းနိုင်၏။ နတ်ဆိုးအိုကြီးဆီမှ နတ်ဆိုးချီများကို စုပ်ယူပြီးသည်နှင့် သူ့ခွန်အားသည်လည်း နောက်တစ်ကြိမ် ထပ်မံ တိုးတက်လာပေလိမ့်မည်။
တားမြစ်ပညာရပ်အချို့ကို သုံးပြီး နတ်ဆိုးအိုကြီး၏ ခန္ဓာကိုယ်ကို ရုပ်သေးရုပ်တစ်ခုပ် အဖြစ်တောင် သန့်စင်နိုင်ပေလိမ့်မည်။
“သခင်လေး” နတ်ဆိုးအိုကြီးက လှမ်းအော်လိုက်လေ၏။ အသည်းအသန် ခုခံနေသော်ငြား သူ့ကိုယ်တွင်းမှ စွမ်းအင်များ ရန်ပိုင်ဆီသို့ စီးဆင်းနေခြင်းကို မဟန့်တားနိုင်ခဲ့ချေ။
ရန်ကိုင် မည်သည့်အရာကိုပဲ စီစဉ်နေပါစေ၊ ယခုအချိန်သည် လှုပ်ရှားဖို့ရာ အကောင်းဆုံး အချိန်ဖြစ်၏။ ရန်ကိုင်အပေါ် ၏ အကြွင်းမဲ့ ယုံကြည်မှုကြောင့်သာ နတ်ဆိုးအိုကြီး ယခုကဲ့သို့ ပြုမူရဲခြင်း ဖြစ်သည်။
ရုတ်တရက် ရွှေရောင်ချိန်းကြိုး တစ်ခုထွက်ပေါ်လာပြီး ပတ်ပတ်လည် တစ်ခွင်ကို ပူပြင်းတောက်လောင်သည့် အရှိန်အဝါတို့ဖြင့် ပြည့်သွားစေခဲ့၏။ ထိုအရှိန်အဝါ ဝဲဂယက် ပျံ့နှံ့သွားသည့်အခါ၊ နတ်ဆိုးအိုကြီးနှင့် ရန်ပိုင်တို့၏ ကိုယ်ထဲတွင် ရှိနေသော နတ်ဆိုးချီတို့ ပြင်းပြင်းထန်ထန် တုန်ရင်သွားခဲ့ကြလေ၏။
ချိန်းကြိုးသည် မရှည်သလို အမြင်ဖမ်းစားနိုင်စွမ်းလည်း မရှိချေ။ သို့သော်ငြား မည်သူမှ လျစ်လျူမရှူနိုင်သည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်၍ ရန်ပိုင်ဆီသို့ ပြေးဝင်သွားလေ၏။
“မိစ္ဆာချုပ်နှောင်ချိန်းကြိုး” ရန်ပိုင်မျက်နှာ ချက်ချင်းဆိုသလို ဖြူလျော်သွားခဲ့ပြီး အလန့်တကြား ထအော်လိုက်လေသည်။ နတ်ဆိုးအိုကြီးကို အလျင်အမြန် လွှတ်ပေးလိုက်ပြီး အလျင်စလို ထွက်ပြေးဖို့ ကြိုးစားလေ၏။
ရန်ပိုင်က လှောင်ပြုံးပြုံးလျက် ကောင်းကင်စိတ်အာရုံကိုသာ မိစ္ဆာချုပ်နှောင်ချိန်းကြိုးကို ရန်ပိုင်ဆီ ညွှန်ပေးလိုက်ရာ ချိန်းကြိုးသည် မြွေတစ်ကောင်ပမာ ရန်ပိုင်ကို ချက်ချင်း ချုပ်နှောင်လိုက်လေ၏။
ရှဲ… ရှဲ…
မီးထဲရေကျသွားသည့် အသံတို့ ထွက်ပေါ်လာခဲ့လေ၏။ ရန်ပိုင်က နတ်ဆိုးချီကို လှည့်ပတ်၍ လွတ်မြောက်ဖို့ရာ ကြိုးစားခဲ့သော်လည်း မိစ္ဆာချုပ်နှောင်ချိန်းကြိုးဆီမှ မလွတ်မြောက်နိုင်ခဲ့ချေ။ သူ့ခန္ဓာကိုယ်မှ အနက်ရောင်မီးခိုးတို့သာ အဆက်မပြတ် ထွက်ပေါ်လာနေခဲ့၏။
ရွှေရောင်ချိန်းကြိုးသည် အသွင်သဏ္ဍာန် မရှိသည့်အလား ရန်ပိုင်၏ ခန္ဓာကိုယ်တွင်းသို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။
“ဂိုဏ်းတူဦးလေးက အရမ်းကို သတိမဲ့တာပဲ” ရန်ပိုင်ကိုကြည့်၍ ရန်ကိုင်က လှောင်ပြောင်ထေ့ငေါ့လိုက်၏ “မိစ္ဆာအရှင်သခင်ရဲ့ ခန္ဓာကိုယ်ကို ရမှတော့ မိစ္ဆာချိန်းကြိုးကလည်း ကျုပ်လက်ထဲ ရောက်လာမှာပေါ့။ ဒီချိန်းကြိုးက ဂိုဏ်းတူဦးလေးရဲ့ အိမ်မက်ဆိုးပဲမလား”
ရန်ပိုင် မျက်နှာတစ်ခုလုံး ရှုံမဲ့နေခဲ့ပြီး ရန်ကိုင်ကို ဒေါသတကြီး စူးစူးရဲရဲ စိုက်ကြည့်လိုက်လေ၏။
မိစ္ဆာချုပ်နှောင် ချိန်းကြိုးသည် နတ်ဆိုးချီကို ဖိနှိပ်ဖို့ရာအတွက် သီးသန့် ပြုလုပ်ဖန်တီးထားသော လက်နက်တစ်ခုဖြစ်သည်။
ထိုချိန်းကြိုးသည် မူလမိစ္ဆာအရှင်သခင်ကိုပင် ချုပ်နှောင်နိုင်ခဲ့ရာ ရန်ပိုင်ဆိုလျှင် ပြောစရာ မလိုတော့ချေ။ ထို့အပြင် ရန်ပိုင်ဖြစ်စေ၊ နတ်ဆိုးအိုကြီးဖြစ်စေ၊ နှစ်ယောက်စလုံး၏ လက်ရှိခွန်အားသည် မူလ မိစ္ဆာအရှင်သခင်မှ အရင်းခံလာခဲ့ခြင်း ဖြစ်၏။
မိစ္ဆာချုပ်နှောင်ချိန်းကြိုးကြောင့် ရန်ပိုင်၏ အရှိန်အဝါသည်လည်း ယခင်ကလို ကြောက်မက်ဖွယ် မကောင်းတော့။ သူ့ခွန်အား တော်တော်များများသည်လည်း သူ့ကိုယ်ထဲ ချိတ်ပိတ်ခံလိုက်ရချေပြီ။
အခြေအနေသည် ရုတ်ချည်းဆိုသလို တဆစ်ချိုး ပြောင်းလဲသွားခဲ့လေ၏။ ရန်ပိုင်မှလွဲ၍ ကျန်သူအားလုံး ပျော်လည်းပျော်၊ အံ့လည်းအံ့အားသင့်သွားခဲ့ကြ၏။ ယခုလို ဖြစ်လာလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြချေ။
နတ်ဆိုးအိုကြီးသည် ရန်ကိုင်အား ပျော်ရွှင်ထိတ်လန့်သည့် အကြည့်ဖြင့် လှမ်း၍ ကြည့်လိုက်၏။ သူ့စိတ်ထဲတွင်သည်း သခင်လေးကို ယုံကြည်သည်မှာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်ဟူ၍ တွေးနေခဲ့လေ၏။
သူပင် မိစ္ဆာချုပ်နှောင်ချိန်းကြိုး၏ တည်ရှိမှုကို မေ့လျော့နေခဲ့လေပြီ။ ထို့ကြောင့် ရန်ကိုင်က မိစ္ဆာချုပ်နှောင်ချိန်းကြိုးကို ရုတ်တရက်ကြီး ထုတ်လိုက်သည့်အခါ သူလည်း သတိလက်လွတ် ဖြစ်သွားခဲ့ရ၏။
“ဂိုဏ်းတူဦးလေး ခင်ဗျားခွန်အားရဲ့ ဘယ်လောက်များများကို အသုံးပြုနိုင်သေးလဲ” ရန်ကိုင်က ဟိတ်ဟန်တကြီးဖြင့် ရှေ့တစ်လှမ်း လှမ်းလိုက်၍ “ခင်ဗျားကြောင့် ကောင်းကင်စံအိမ်တစ်ခုလုံး အပျက်အစီးပုံ ဘဝရောက်နေခဲ့ရပြီ။ ဆရာဖိုးဖိုးလည်း ခင်ဗျားသတ်တာ ခံရဖို့ နီးနီးလေးပဲ။ ပြီးတော့ ကျုပ်အဖေလည်း နှစ်ပေါင်းများစွာကြာအောင် မကျင့်ကြံနိုင်ခဲ့တော့တာ။ ဗဟိုမြို့တော်တစ်ခုလုံးကို စိတ်ရှိသလို ဖျက်စီးသွားတာကို အသာထား။ ကောင်းကင်စံအိမ်ကို အခုလို အခြေအနေမျိုး ရောက်အောင် လုပ်ခဲ့တာနဲ့တင် ခင်ဗျားအနေနဲ့ သေကိုသေရလိမ့်မယ်”
“အိမ်မက်သာ မက်နေလိုက်” ရန်ပိုင်က သွေးရူးသွေးတန်းဖြင့် ပြန်၍ အော်ဟစ်လိုက်ပြီး “ဘာမဟုတ်တဲ့ မိစ္ဆာချုပ်နှောင်ချိန်းကြိုးက ငါ့ကို ချုပ်နှောင်မယ်လို့ ထင်နေတာလား။ မင်းက ဒီထက်ပိုသန်မာနေခဲ့ရင် ငါ့ကို ခြိမ်းခြောက်ကောင်း ခြိမ်းခြောက်နိုင်လိမ့်မယ်။ ဒါပေမယ့် မင်းရဲ့ လက်ရှိကျင့်ကြံခြင်း အဆင့်နဲ့ဆိုရင်တော့ အဲ့လိုအခွင့်အရေး ရလိမ့်မှာ မဟုတ်ဘူး။ လက်နက်တစ်ခုရဲ့ စွမ်းအားဆိုတာ အသုံးပြုသူနဲ့ တိုက်ရိုက် ဆက်စပ်တယ်ကွ။ ဒီလောက် အခြေခံကျတဲ့ အချက်လေးကိုတောင် မင်းနားမလည်ဘူးလား”
ပြောပြီးသည်နှင့် ရန်ပိုင်က သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ခုနှစ်ရောင်စဉ်ရောင်ခြည်တန်းတို့ ဖြာထွက်လာခဲ့ပြီး ဘေးပတ်ဝန်းကျင် တစ်ခုလုံးကို ကသောင်းကနင်း ဖြစ်သွားစေခဲ့၏။ တစ်ချိန်တည်းမှာပင် ပုံရိပ်တစ်ခုသည် လေဟာနယ်လျှောက်လမ်းဆီသို့ ပြေးခုန်ဝင် သွားလိုက်လေသည်။
ရန်ပိုင်သည် ဤနေရာမှ အရင်ထွက်၍ နောက်ကျမှ လက်စား လာပြန်ချေဖို့ စီစဉ်နေခြင်း ဖြစ်ပေသည်။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၉၅) လေဟာနယ်၏ စွမ်းအား
~~~~~~~~~~~~~~~~~~~~~~~~~
“ဘယ်ပြေးဖို့ ကြိုးစားနေတာလဲ” ရန်ကိုင်က အော်ဟစ်၍ အရှိန်ကုန် မြှင့်ကာ ရန်ပိုင်နောက် ပြေးလိုက်သွားလိုက်၏။ လေဟာနယ်လျှောက်လမ်း ရှေ့ရောက်သည်နှင့် ရန်ပိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၍ သူ၏ အစစ်အမှန်ချီကို အဆုံးစွန်ထိ တိုးမြှင့်လိုက်လေ၏။
“ငါ့လမ်းကဖယ်စမ်း” ရန်ပိုင်က ဒေါသတကြီး အော်ဟစ်၍ ရန်ကိုင် ရင်ဘတ်ကို ရိုက်ချုလိုက်လေ၏။ သူ့လက်သည် ရန်ကိုင်ဆီသို့ မြေလိမ်မြွေကောက်ပမာ တိုးဝင်သွားခဲ့လေ၏။
ဘုန်း ဆိုသော မည်သံနှင့်အတူ ရန်ကိုင် နောက်ဆုတ်လိုက်ရပြီး သူ့9ပါးစပ်ထောင့်စွန်းမှ သွေးစီးကျလာခဲ့လေ၏။ သို့ရာတွင် ရန်ပိုင်သည်လည်း ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်လိုက်ရလေ၏။
“ဟားဟားဟား” ရန်ကိုင်က အကျယ်ကြီး အော်ရယ်လိုက်ကာ “ဂိုဏ်းတူဦးလေးက မသေမျိုးပထမအဆင့်နဲ့ တူညီတဲ့ ခွန်အားကိုပဲ ထုတ်ဖော်နိုင်တော့တာပဲ။ အဲ့ခွန်အားလေးနဲ့ ဘယ်လိုထွက်ပြေးမလဲ ကြည့်ရသေးတာပေါ့”
အော်ဟစ်ပြီးသည်နှင့် ရန်ကိုင်ဆီမှ အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ့အသိစိတ်ပင်လယ် အတွင်းရှိ ဓါးတိုလေးသည်လည်း ရေခဲတမျှ အေးစက်ချောက်ချားဖွယ် အရှိန်အဝါကို ထုတ်လွှတ်၍ ရန်ပိုင်ဆီ တိုးဝင်သွားလေသည်။
ထိုရုတ်တရက် တိုက်ခိုက်မှုကြောင့် ရန်ပိုင်လည်း ထိတ်လန့် သွားခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုပဲ အလျင်စလို နောက်ပြန်ဆုတ်လိုက်လေ၏။
နတ်ဆိုးအိုကြီးက ညစ်ကျယ်ကျယ် ရယ်ပြုံး၍ သွေးနီရောင် အလင်းတန်းတစ်ခု အသွင်ပြောင်းကာ ရန်ပိုင်ကို တိုက်ခိုက်လေသည်။
အသိပြန်ဝင်လာသည်နှင့် မိသားစုကြီးရှစ်ခု၏ ခေါင်းဆောင်ဟောင်း များသည်လည်း တတ်နိုင်သမျှ ရန်ကိုင်ကို ဝင်ကူပေးလေ၏။
ချက်ချင်းဆိုသလို ရန်ပိုင်သည် အဘက်ဘက်မှ ဝန်းရံခြင်း ခံလိုက်ရလေ၏။
မိစ္ဆာချုပ်နှောင်ချိန်းကြိုးကြောင့် ရန်ပိုင်သည် မသေမျိုး ပထမအဆင့်နှင့် တူညီသော ခွန်အားကိုသာ ထုတ်ဖော်နိုင်တော့၏။ ထို့ကြောင့် သူသည် ရန်ကိုင်တို့အဖွဲ့၏ ပြိုင်ဘက် မဟုတ်တော့ချေ။
လေဟာနယ်လျှောက်လမ်းဆီသို့ ထွက်ပြေးရန် ကြံလိုက်တိုင်း တစ်ယောက်မဟုတ်၊ တစ်ယောက်က သူ့ကို ဟန့်တားခဲ့လေ၏။
ရန်ပိုင်မျက်နှာ တိမ်ညိုတိမ်မည်းတို့ဖြင့် အုံ့ဆိုင်းမှိုင်းဝေ နေခဲ့လေ၏။ ရစ်ခွေနဂါးစမ်းချောင်းအောက်ရှိ မိစ္ဆာအရှင်သခင်၏ အမွေအနှစ်နှင့် မှတ်ဥာဏ်ကို ရရှိပြီးသည့် အချိန်မှစ၍ နောက်လောကကြီးတစ်ခုဆီသို့ တက်လှမ်းရန် သူစောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။ တိမ်မိစ္ဆာနယ်မြေ တစ်ခုလုံးကို သူ့လက်အောက်သို့ သိမ်းသွင်းပြီး ဆေးဘုရင်တောင်ကြားကို ကျူးကျော်ခဲ့ရခြင်းသည် မိသားစုကြီးရှစ်ခုနှင့် တိုက်ပွဲ ဆင်နွှဲဖို့အတွက် ဖြစ်ပေ၏။
ထိုအတွက်နှင့် အချိန်အတော်ကြာအောင် ယခင်ကတည်းကမှ အကွက်ချစီစဉ်နေခဲ့တာ ဖြစ်၏။ ယခု သူ၏ ရည်ရွယ်ချက် ဖြစ်မြောက်ခါနီး ဆဲဆဲမှာမှ မိစ္ဆာချုပ်နှောင်ချိန်းကြိုး၏ ချုပ်နှောင်ခြင်း ခံလိုက်ရသလို အဆက်မပြတ် နောက်ဆုတ်ရအောင် တွန်းအားပေးခံ နေခဲ့ရလေသည်။ သူ့စိတ်ထဲ မည်မျှ ယူကြုံးမရ ဖြစ်နေမည်ကို တွေ့ကြည့်နိုင်ပေသည်။
သို့သော်လည်း အဆုံး၌ သူသည် မသေမျိုး တတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်နေဆဲပင် ဖြစ်သည်။ ထို့ကြောင့် ပညာရှင်များစွာ၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံနေရသော်လည်း ရန်ပိုင် အလွယ်တကူ ရှုံးနိမ့်သွားခြင်း မရှိခဲ့။ အမျိုးမျိုးသော နက်နဲဆန်းကြယ်သည့် နည်းလမ်း များကို သုံး၍ ရန်ကိုင်တို့အဖွဲ့ကို တန်ပြန်တိုက်ခိုက်နိုင်ခဲ့၏။
ရန်ကိုင် မျက်မှောင် ကြုံ့သွားခဲ့လေ၏။ တိုက်ပွဲချိန် ကြာလာသည့်အခါ ရန်ကိုင်သည် ရန်ပိုင်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုတော့ပဲ ဝိဥာဉ်လက်နက်ပေါ်မှာသာ အပြည့်အဝ အာရုံစိုက်၍ ဒေါသထွက် ချောင်ပိတ်မိနေသည့် ရန်ပိုင်ကို အသေအချာ စူးစမ်းနေလိုက်၏။
ရုတ်တရက် အားကောင်းလွန်သော အရှိန်အဝါတစ်ခု အဝေး တစ်နေရာဆီမှ သူတို့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာခဲ့လေ၏။ ထိုအရှိန်အဝါကို ခံစားမိလိုက်သည်နှင့် ရန်ကိုင် ချက်ချင်း ပြုံးလိုက်ပြီး ထိုအသစ်ရောက်လာတဲ့ လူရှိရာအရပ်ဆီ လှမ်း၍ ကြည့်လိုက်၏။
တစ်ခဏကြာပြီးသည့်နောက် အားလုံးရှေ့ မန်ဝူရ ထွက်ပေါ်လာခဲ့၏။ သူ့မျက်နှာတစ်ခုလုံး ပြုံးဖြီးနေခဲ့ပြီး သူ့ကိုယ်မှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် လွန်ခဲ့သော လများစွာက သူ၏ စည်းကို ဖြေလိုက်စဉ်ကထက်ပင် ပို၍ အားကောင်းနေခဲ့လေ၏။
သူ့နောက်တွင်မူ စုယန်နှင့် ရှနင်းချန်တို့ ရှိနေခဲ့လေ၏။
မန်ဝူရသည့် စည်းကို ဖြေလိုက်နိုင်ပြီး သူ၏ မသေမျိုးအဆင့် ကျင့်ကြံခြင်းကို ပြန်လည် ရရှိသွားသည်မှာ သေချာ၏။ မန်ဝူရသည် မသေမျိုး တတိယ အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက် ဖြစ်နေပြီဟု ရန်ကိုင် ကောက်ချက်လိုက်လေ၏။
ဝိုးတိုးဝါးတားသာ အာရုံခံမိသော်လည်း သူ့ခန်းမှန်ချက် မှန်ကန်သည်ဟု ရန်ကိုင် ယုံကြည်နေဆဲ။
ရောက်ရှိလာသည်နှင့် မည့်သည့် အပိုစကားမှ ပြောမနေပဲ သူ့လက်ကို ဆန့်ထုတ်၍ ရန်ပိုင်အား ချက်ချင်း ဖိနှိပ်လိုက်၏။ ဧရာမ တောင်ကြီးတစ်လုံး သူ့အပေါ် ပိကျလာသည့်အလား ရန်ပိုင်မှာ သူ၏ ခြေလက်များကိုပင် လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ မိသားစုကြီးရှစ်ခု၏ ခေါင်းဆောင်ဟောင်းများနှင့် နတ်ဆိုးအိုကြီးသည် ရန်ပိုင်အား ဝိုင်း၍ တိုက်ခိုက်လိုက်ကြလေ၏။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ရန်ကိုင်က ယခုလေးတင် ထွက်ပေါ်လာသည့် မန်ဝူရကို မယုံကြည်နိုင်သည့် အကြည့်ဖြင့် ငေးစိုက်ကြည့်နေခဲ့လေ၏။ လပေါင်းများစွာ သတင်းမကြားခဲ့ရသည့် လူသည် သူ့ခွန်အား အထွဋ်အထိပ်ရောက်စဉ်ကနှင့် တူညီသော ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ရန်ပိုင် အိမ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ဖူးချေ။
“ဂိုဏ်းတူဦးလေး၊ ခင်ဗျား သေနေ့စေ့ပြီ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ကြုံးဝါးပြောဆိုလိုက်၏။
ရန်ပိုင်မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူ့မျက်ဝန်းအစုံတို့သည် ရူးသွပ်သည့် အရိပ်အယောင်တို့ဖြင့် ပြည့်သွားခဲ့လေ၏။ သေရတော့မည့် အဆုံးသတ်သို့ ရောက်ရှိလာသည်နှင့် အရူးတစ်ယောက်ပမာ အော်ဟစ် ရယ်မောလိုက်၍ “မသိမိုက်မဲတဲ့ အရူးတွေ။ ငါဒီနေ့ သေရမယ်ဆိုရင် မင်းတို့အားလုံးလည်း ငါနဲ့အတူ ငရဲကို လိုက်ခဲ့ရမယ်ကွ”
အော်ပြောပြီးသည်နှင့် ရန်ပိုင်၏ နတ်ဆိုးချီအရှိန်အဝါတို့ ရုတ်တရက် မတည်မငြိမ် ဖြစ်သွားခဲ့လေ၏။ သူ့ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း ဖောင်းကားလာခဲ့၍ သူ့အသားအရေသည်လည်း နီမြန်းလာခဲ့ကာ ဒွါရပေါက်ခုနှစ်ပေါက်မှ သွေးတွေ စီးကျလာခဲ့လေ၏။
သူ့ဆီမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် ဖိအားကြောင့် အားလုံးရဲ့ ကျောပြင်တစ်ခုလုံး ချမ်းစိမ့်သွားခဲ့လေ၏။
မန်ဝူရအမူအရာ ရုတ်တရက်ဆိုသလို လေးနက်တည်ကြည်သွားခဲ့ပြီး အားလုံးကို အလျင်စလို အော်ဟစ်သတိပေးလိုက်လေ၏ “သူ့ကိုတားကြ။ ဒီကောင် ကိုယ့်ကိုယ်ကို ဖောက်ခွဲဖို့ ကြိုးစားနေပြီ”
ရန်ကိုင် မျက်နှာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ဓါးတိုလေးထဲ သူ၏ စိတ်စွမ်းအင် အကုန်အစင်ကို ထည့်သွင်း၍ ရန်ပိုင်ခေါင်းကို ရိုက်ချလိုက်လေ၏။ ကံမကောင်းစွာဖြင့် ရန်ပိုင်၏ စိတ်စွမ်းအင်သည် လွန်စွာကိုမှ အားကောင်းနေရာ ရန်ကိုင်၏ တိုက်ခိုက်မှုသည် ရန်ပိုင်၏ အသိစိတ်ပင်လယ် အကာအကွယ်ကို ချိုးဖျက်နိုင်ခဲ့ခြင်း မရှိချေ။
မန်ဝူရသည်လည်း ဖိအားကိုတိုးမြှင့်ကာ ရန်ပိုင်၏ လည်ပင်းကို ချိုးဖို့ရာ ကြိုးစားလိုက်၏။
ရန်ပိုင်၏ ရူးသွပ်ဖွယ် ရယ်မောသံတို့ ရုတ်တရက်ကြီး တိတ်ဆိတ်သွားခဲ့ပြီး သူ့မျက်ဝန်းအစုံသည်း အသက်အရိပ်အယောင် ကင်းမဲ့သွားခဲ့လေ၏။ ပြီးသည်နှင့် ပြင်းထန်လှသည် နတ်ဆိုးချီတို့ ပေါက်ကွဲထွက်လာခဲ့လေ၏။
အုန်း…
ရန်ပိုင်နှင့် အနီးကပ်တွင် ရှိနေသော မိသားစုကြီးရှစ်ခုမှ ခေါင်းဆောင်ဟောင်းတို့ သွေးအန်ကာ လွင့်ပျံထွက်သွားခဲ့ရပြီး နတ်ဆိုးအိုကြီးကမူ နာနာကျင်ကျင် အော်ဟစ်ရင် လေဟာနယ် လျှောက်လမ်းထဲသို့ လွင့်ထွက်သွားခဲ့ရလေ၏။
ရန်ပိုင်၏ နတ်ဆိုးချီပေါက်ကွဲမှုကြောင့် မြေကမ္ဘာချီကြောမကြီးထဲ ရှိနေသည့် မိုးမြေစွမ်းအင်တို့သည်း မတည်မငြိမ် ဖြစ်လာခဲ့လေ၏။
တစ်ချိန်တည်းမှာပင် ထူးဆန်သော အားလုံးတစ်ခု ပျံ့နှံ့သွားခဲ့၏။
ထိုထူးခြားသော ခံစားမှုကြောင့် မန်ဝူရ မှင်သက်သွားခဲ့ပြီး ဘေးပတ်လည်သို့ စူးစမ်းကြည့်လိုက်ရာ လေဟာနယ်လျှောက်လမ်းကို မြင်သွားခဲ့ပြီး အလန့်တကြား ထအော်ပြောလိုက်လေ၏ “ဒီမှာ လေဟာနယ်လျှောက်လမ်းတစ်ခု ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ”
လေဟာနယ်လျှောက်လမ်းကို မြင်လိုက်သည်နှင့် လွန်စွာကိုမှ အားကောင်းလှသော မန်ဝူရသည်ပင် ကြောက်ရွံ့မှုကြောင့် ဖြူလျော် သွားခဲ့ရလေ၏။
အသိပြန်ဝင်လာသည်နှင့် စုယန်နှင့် ရှနင်းချန်တို့ဆီ အလျင်စလို ပြေးသွားလိုက်ပြီး အစစ်အမှန်ချီကို လှည့်ပတ်၍ သူတို့အား ကာကွယ်ပေးလျက် ရန်ကိုင်အား လှမ်းအော်ပြောလိုက်လေ၏ “ရန်ကိုင်၊ ငါ့နောက်ကနေ မြန်မြန်လိုက်ခဲ”
ပြောပြီးသည်နှင့် လေဟာနယ်လျှောက်လမ်းထဲ ပြေးဝင်သွားခဲ့၏။
မန်ဝူရ မည်သည့်အတွက်ကြောင့် ဤမျှ ထိတ်လန့်တုန်လှုပ် နေသည်ကို သူမသိသော်လည်း အခြေအနေသည် လွန်စွာကိုမှ အန္တရာယ် များနေသည် ဆိုသည်ကိုတော့ ရန်ကိုင် နားမလည်ပဲ မနေခဲ့ချေ။
ရန်ပိုင်၏ နတ်ဆိုးချီပေါက်ကွဲမှုသည် မြေကမ္ဘာချီကြောမကြီးအား ကြောက်မက်ဖွယ် ကပ်ဘေးတစ်ခု အသွင်အဖြစ်သို့ ပြောင်းလဲ သွားစေခဲ့လေ၏။
အသက်ရှင်ချင်လျှင် လေဟာနယ်လျှောက်လမ်းထဲ ဝင်၍ အခြားလောကကြီးတစ်ခုဆီ သွားဖို့ပင် ဖြစ်၏။
မန်ဝူရ၏ အလျင်လိုနေသည့် အော်သံကို ကြားသည်နှင့် ရန်ကိုင်က လေဟာနယ်လျှောက်လမ်းဆီ တုန့်ဆိုင်းတွေဝေခြင်းမရှိ ပျံသန်းသွားလိုက်ပြီး ပျံသန်းသွားနေစဉ်အတွင်း လှမ်း၍ အော်ပြော သွားလေ၏ “စီနီယာတို့ ရှစ်ယောက်လည်း ကျုပ်နောက်လိုက်ခဲ့”
အော်ပြောပြီးသည်နှင့် ရန်ကိုင် လေဟာနယ်လျှောက်လမ်းထဲသို့ ဝင်သွားလိုက်လေ၏။
ထိုအခိုက်အတန့်၌ အနက်ရောင် လေဟာနယ်လျှောက်လမ်းသည် မတည်မငြိမ် ဖြစ်လာခဲ့ပြီး အက်ကြောက်များစွာတို့က လေဟာနယ် လျှောက်လမ်းထက် ထွက်ပေါ်လာခဲ့လေ၏။
ထူးဆန်သော စွမ်းအင်တစ်ခုလုံး လေဟာနယ်လျှောက်လမ်းဆီမှ စတင်၍ ထွက်ပေါ်လာခဲ့လေ၏။
လေဟာနယ်လျှောက်လမ်း ပြိုကျပျက်စီးခြင်း၏ ထိတ့်လန့်ဖွယ် စွမ်းအားကို ရန်ကိုင် တစ်ကြိမ် မြင်တွေ့ခဲ့ဖူး၏။ ရစ်ခွေနဂါစမ်းချောင်း အောက်ခြေရှိ လေဟာနယ် လျှောက်လမ်း ပြိုကျပျက်စီးသွားသောကြောင့် ချူမိသားစုမှ ပညာရှင်များစွာ အရှင်လတ်လတ် နှစ်ပိုင်းဖြတ်ခံရသည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ဖူး၏။
ခန္ဓာကိုယ်တစ်ပိုင်းသည် လေဟာနယ်၏ ဝါးမြိုခြင်းခံရပြီး ကျန်တစ်ပိုင်းသည် တိမ်မိစ္ဆာနယ်မြေဆီသို့ ရောက်ရှိလာသည့် မြင်ကွင်းကို ရန်ကိုင် အမှတ်ရနေဆဲ။
လေဟာနယ်၏ စွမ်းအားသည် လူတွေ တောင့်ခံနိုင်သော အရာ မဟုတ်ချေ။
ယခုအချိန်၌ သူ့ရှေ့ရှိ လေဟာနယ်လျှောက်လမ်းသည် မြေကမ္ဘာ ချီကြောမကြီး၏ မိုးမြေစွမ်းအင် မတည်ငြိမ်မှုကြောင့် စတင် ပြိုကျနေခဲ့လေပြီ။
ရန်ကိုင် အမူအရာ မည်းမှောင်သွားခဲ့ပြီး အရိုးဒိုင်းကို အလျင်အမြန် ဆင့်ခေါ်၍ ဒိုင်းထဲ အစစ်အမှန်ချီ အကုန်အစင်ကို ထည့်သွင်းလိုက်ကာ သူ့ကိုယ်သူ ကာကွယ်ထားလိုက်၏။
သူ့ရှေ့မှာ စိုးရိမ်တကြီး အော်ခေါ်သံတစ်သံ ထွက်ပေါ်လာခဲ့သော်ငြား လူကို မမြင်တွေ့ခဲ့ရချေ။
ပေါက်ကွဲထွက်လာသည့် လှိုင်းလုံးတို့သည့် ရန်ကိုင်အား ရိုက်ခတ်လာခဲ့ပြီး သူ့အမြင်တစ်ခုလုံးကို မှောင်မိုက်သွားစေခဲ့၏။ အရိုးဒိုင်းကို ခုန်ပိုင်းနေသည့် ထက်ရှသော ဓါးသွားပေါင်း များစွာကြောင့် ရန်ကိုင်မှာ အကြိမ်ကြိမ် နောက်ပြန်ဆုတ်နေခဲ့ရ၏။
မခံမရပ်နိုင်သည့် နာကျင်မှုကြောင့် ရန်ကိုင်၏ အသိစိတ်လည်း တဖြည်းဖြည်း ဝေဝါးလာခဲ့ပြီး မကြာခင်မှာပင် သတိလစ်သွားတော့လေ၏။
----------------------------------
တိမ်မိစ္ဆာနယ်မြေ စစ်ပွဲပြီးဆုံးသွား၍ မိစ္ဆာဘုရင်လေးပါး သေဆုံသွားခဲ့ကာ မိစ္ဆာအရှင်သခင်ရန်ပိုင်သည် သဲလွန်ပင် မကျန်ရစ်ပဲ ပျောက်ကွယ်နေသည်မှာ ခြောက်လကြာမြင့်ခဲ့လေပြီ။
ထို(၆)လ အတောအတွင်း ဗဟိုမြို့တော် တစ်ခုလုံးသည် အပျက်အစီးပုံအဖြစ် ဆက်လက် တည်ရှိခဲ့ရ၏။
တိုက်ပွဲကြီးအပြီးတွင် မြေအောက်၌ ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွါးခဲ့ကာ ဗဟိုမြို့တော်တစ်ခုလုံးသည် မီတာ ရာပေါင်းများစွာ အနက်သို့ ပြိုကျသွားခဲ့ရလေ၏။ ယခု တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့သော ဗဟိုမြို့တော်ကြီးသည် ချိုင်းဝှမ်းနက်ကြီး တစ်ခုသို့ ပြောင်းလဲသွားခဲ့လေပြီ။
မြို့ထဲတွင် ရှိနေသော အဆောက်အအုံတိုင်းနီးပါး ပြိုကျခဲ့ပြီး မရေမတွက်နိုင်သော လူပေါင်းများစွာတို့ သေကြေဒဏ်ရာ ရခဲ့ကြ၏။
ကောင်းကင်နန်းတော်၏ ကာကွယ်ထားခြင်း ခံရသည် ရန်ကိုင်၏ စံအိမ်တစ်ခုသည်သာ အကောင်းပကတိအတိုင်း ရှိနေခဲ့၏။
ထိုတိုက်ပွဲတွင် မိသားစုကြီးရှစ်ခု၏ ခေါင်းဆောင်ဟောင်းရှစ်ယောက် ပျောက်ကွယ်သွားခဲ့ကာ ယနေ့ထိတိုင် သူတို့နှင့် ပက်သက်သော သတင်း အစအနလေးကိုပင် မရသေးချေ။ သူတို့ ဘယ်နေရာသို့ ရောက်နေလဲ ဆိုသည်ကိုလည်း မည်သူမှ မသိကြချေ။ သို့သော် သူတို့တစ်တွေသည် အချိန်မတိုင်သေးသည် အဆုံးသတ်နှင့် ကြုံတွေ့လိုက်ရကောင်း ကြုံတွေ့လိုက်နိုင်သည် ဆိုသည်ကိုတော့ အားလုံး သိနေခဲ့ကြ၏။
မိသားစုကြီးရှစ်ခုကို ပို၍ နောင်တရစေခဲ့ရသည့် အချက်မှာ ရန်ကိုင်သည်လည်း ထိုတိုက်ပွဲအတွင်း ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။
ဗဟိုမြို့တော်၏ တက်သစ်စကြယ်ပွင့်သည် အမွေခံတိုက်ပွဲကို ကြီးစိုးချယ်လှယ် နိုင်ခဲ့၏။ ဆန်းကြယ်မှုများ တစ်ခုပြီးတစ်ခုကို ဖန်တီး၍ ကျန်ရန်သခင်လေးများ အားလုံးကို ဖိနှိပ်နိုင်ခဲ့၏။ ဗဟိုမြို့တော်မှ မိသားစုကြီး ခုနှစ်ခု၏ စုပေါင်းတပ်ကို သူ့အင်အားစုဖြင့် ပြန်လည် တွန်းလှန်တိုက်ခိုက် နိုင်ခဲ့ပြီး ကျူးကျော်လာသည့် တိမ်မိစ္ဆာနယ်မြေမှ အင်အားစုများကိုပင် ဖျက်စီးနိုင်ခဲ့၏။
အသက်(၂၀)သာ ရှိသေးသောလည်း သူသည် ဒဏ္ဏာရီလာ ပုံရိပ်တစ်ခု ဖြစ်နေခဲ့လေပြီ။
မိသားစုခေါင်းဆောင်ဟောင်းနှင့် တက်သစ်စ မိသားစုခေါင်းဆောင်ပါ ပျောက်နေသည့် အတွက်ကြောင့် ရန်မိသားစု၏ ဒုတိယသခင်လေး ဖြစ်သည့် ရန်ကျောင်းသည် ရန်မိသားစု၏ ခေါင်းဆောင် ဖြစ်လာခဲ့လေ၏။ ရန်ကျောင်းသည် ကျန်သော လူငယ်မိသားစုခေါင်းဆောင် (၇)ယောက်နှင့်အတူ ဗဟိုမြို့တော်ကို ပြန်လည်တည်ဆောက်ဖို့ စီစဉ်တော့လေသည်။
သို့သော်လည်း ဗဟိုမြို့တော် တစ်ခုလုံးသည် လုံးဝကို ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ ပြန်လည် တည်ဆောက်ချင်သည် ဆိုပါက ရာစုနှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။
တိုက်ပွဲပြီးနောက် တစ်ခုတည်းသော ကောင်းကျိုးကို ဆိုရလျှင် ဗဟိုမြိုတော် တစ်ခုလုံးသည် ကျင့်ကြံသူတွေအတွက် သုခဘုံကြီးတစ်ခု ဖြစ်လာသည်ကိုသာ ဆိုရပေမည်။ ဗဟိုမြို့တော် တစ်ခုလုံးရှိ မိုးမြေ စွမ်းအင်သည် ယခင်ကထက် အဆပေါင်းများစွာ ပို၍ သိပ်သည်း သွားခဲ့လေပြီ။ ထိုအကြောင်းကြောင့် မရေမတွက်နိုင်သော ဂိုဏ်းနှင့် မိသားစုများသည် ဗဟိုမြို့တော်အား ပြန်လည် တည်ဆောက်၍ ထိုနေရာတွင် ကျင့်ကြံနိုင်ရန် ဗဟိုမြို့တော်ဆီသို့ အပြေးနှင်ကြတော့လေ၏။
အပျက်အစီးပုံပဲ တိတ်တဆိတ် ရပ်နေသာ ချူရီမန်၊ သူမ၏ အကြည့်ကို ဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်၏။ သူမ၏ မျက်ဝန်းနက်တွေထဲ ဝမ်းနည်းနေသည့် အရိပ်အယောင်တို့ကို အထင်းသာ မြင်တွေ့နေခဲ့ရ၏။
သူမနောက်တွင်မူ ဗဟိုမြို့တော်၏ မြေခွေး ရှိနေခဲ့၏။
ယခင်လတွေနှင့် စာလျှင် ဟော်ရှင်းချန်သည် အတော့်ကို ရင့်ကျက်လာခဲ့လေပြီ။ ချူရီမန်နောက်တွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရပ်နေ၍ အချိန်အတော်ကြာသည့် အခါမှသာ စကားစပြောလိုက်၏ လူကောင်းတွေက အသက်ရှင်ရှင် မနေရပေမယ့် လူဆိုးလူသွမ်းတွေ ကတော့ နှစ်ထောင်ပေါင်းများစွာ ကြာတဲ့အထိ အသက်ရှင်နေနိုင်တယ်တဲ့။ ဒီလောက်ကြီးလည်း စိတ်ပူမနေစမ်းပါနဲ့။ သခင်လေးကိုင်က တစ်နေရာရာမှ ပုန်းအောင်းပြီး ငါတို့တွေကို သုတ်သီးသုတ်ပျာ ဖြစ်နေတာကို စောင့်ကြည့်နေတာ နေမှာပါ”
ထိုစကားကို ကြားသော် ချူရီမန်က “တကယ်လား။ ဒါဆိုရင် သူဘာလို့ ပေါ်မလာရသေးတာလဲ။ နှစ်ဝက်တောင် ရှိနေခဲ့ပြီလေ”
ဟော်ရှင်းချန် တိတ်ဆိတ်နေခဲ့၏။
ရန်ကိုင်သာ အဆင်ပြေနေသည် ဆိုလျှင် သူပေါ်လာသင့်တာ ကြာခဲ့လေပြီ။ သို့သော်လည်း နှစ်ဝက်ရှိသွားသည့်တိုင် သူ့အရိပ်ကိုပင် မမြင်ရသေးချေ။
ရန်ကိုင်အကြောင်း သတင်းမကြားရရုံမက၊ ဆန်းကြယ်သော ပညာရှင် ဖြစ်သည် မန်ဝူရ၊ စုယန်၊ ရှနင်းချန်နှင့် နတ်ဆိုးအိုကြီး တို့သည်လည်း ယခုတိုင် ထွက်ပေါ်မလာခဲ့သေးချေ။
ထိုတိုက်ပွဲကြီးအတွင်း အကုန်လုံး လေထဲပျောက်သွားသလားဟုပင် ထင်မှတ်ရလေသည်။
မြေအောက်၌ ဘာတွေ ဖြစ်ပျက်ခဲ့လဲ ဆိုသည်ကို သိချင်သော်လည်း မေး၍ရမည့်သူ တစ်ယောက်မှပင် ရှာမတွေ့ခဲ့။
“ရှင်းချန်၊ သူသေသွားပြီလို့ နင်ထင်လား” ချူရီမန်က နှုတ်ခမ်းလေးကို ကိုက်လျက် မေးလိုက်၏။ သူမ၏ မျက်ဝန်းအစုံသည် မျက်ရည်များဖြင့် ရွှဲနစ်နေခဲ့လေ၏။
“ရန်ကိုင်၊ သေသွားတာလား” ဟော်ရှင်းချန်က ရယ်မောလိုက်ပြီး “သခင်လေးကိုင်သာ သေသွားခဲ့ရင် ဒီနေရာမှာ ရှိနေတဲ့ လူအားလုံး သေသွားလောက်ပြီ။ သူ့ကို ဒီလောက်ကြီး စိုးရိမ်မနေစမ်းပါနဲ့ဟာ။ နင့်ကိုယ်နင်သာ ကောင်းကောင်း ထိန်းသိမ်းထားပြီး သူပြန်လာတာကို စောင့်နေလိုက်။ တစ်နေ့ သူပြန်လာတဲ့အခါက အိမ်ပြန်လက်ဆောင်အဖြစ် နင့်ခန္ဓာကိုယ်ကို သူ့ဆီ ပေးအပ်လို့ ရတာပေါ့”
“အရှက်ကိုမရှိဘူး” ချူရီမန်က ဟော်ရှင်းချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
ဟော်ရှင်းချန်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး သူ့ရှေ့ရှိ အပျက်အစီးပုံကြီးကို လှမ်း၍ ကြည့်လိုက်၏။ သူ့မျက်ဝန်းထဲဝယ် စိတ်ရှုပ်နေသည့်၊ တစ်ခုခု ပျောက်ရှနေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေ၏။
သခင်လေးကိုင်… သခင်လေးကိုင်… မင်းဘယ်တွေများ ရောက်နေတာလဲကွာ။ မင်းသေသွားရင်လည်း ပြီးတာပဲ။ အားလုံးက မင်းအတွက် အမျှဝေပေးလို့ ရတာပေါ့။ မသေဘူး ဆိုရင်လည်း မြန်မြန် ပေါ်လာတော့ပါကွာ။ လူအများကြီးက မင်းအတွက် စိတ်ပူနေကြတယ်ကွ
ဟော်သခင်လေး၏ မျက်လုံးများသည်ပင်လျှင် မျက်ရည်တို့ဖြင့် ဝဲတက်လာခဲ့လေ၏။
================================