အခန်း (၅၉၆-၆၀၀)
Vol. 24 Ch. 596-600
အပိုင်း(၅၉၆) ဒေါင်းများကို စောင့်ရှောက်ပေးသည့် မိန်းကလေး
~~~~~~~~~~~~~~~~~~~~~~~~~
မနက်ခင်းပိုင်း၊ ရှေးဟောင်တိမ်တိုက်ကျွန်း…
ရှေးဟောင်းတိမ်တိုက်ကျွန်းသည် အဆုံးမဲ့ပင်လယ်ရှိ ပထမအဆင့် အင်အားစုးများထဲမှ တစ်ခုဖြစ်၏။ ထိုဂိုဏ်းသည် ကျွန်းပေါင်း ဒါဇင်ကျော်ကို ပိုင်ဆိုင်၏။ ထိုကျွန်းများတွင် မိုးမြေစွမ်းအင်များ ပေါကြွယ်ဝသလို မရေမတွက်နိုင်သော အဖိုးတန်ရတနာများလည်း ရှိနေခဲ့၏။
ရှေးဟောင်းတိမ်တိုက်ကျွန်းသည် မဟာထွတ်မြတ်တော်ဂိုဏ်းနှင့် နှိုင်းယှဉ်မရသော်ငြား ၎င်းတွင် ကင်းမဲ့သည်ဆို၍ မသေမျိုးအဆင့် ပညာရှင်သာ ရှိ၏။
ယခင် နှစ်အနည်းငယ်က ရှေးဟောင်းတိမ်တိုက်ကျွန်းသည် ၎င်းတို့၏ လွန်ခဲ့သော နှစ်သုံးရာက ပျောက်ဆုံးသွားခဲ့သော ဂိုဏ်း၏ ထွတ်မြတ် ကျင့်စဉ်ဖြစ်သည့် ကျိုးပျက်လပြောင်းလဲခြင်း ကျင့်စဉ်အား ပြန်လည် ရှာတွေ့ခဲ့၏။ ထိုအချိန်မှစ၍ ရှေးဟောင်းတိမ်တိုက်ကျွန်း၏ ဂိုဏ်းချုပ် ဂူဖုန်းသည် မသေမျိုးအဆင့် ပညာရှင်တစ်ယောက် မွေးထုတ်ပေးနိုင်မလား ဟူသော ရည်ရွယ်ချက်ဖြင့် သူကိုယ်တိုင်လည်း ကြိုးစားပမ်းစား လေ့ကျင့်၊ ဂိုဏ်းမှ ပါရမီရှိသော လူငယ်ဂျီးနီးယပ်များကိုလည်း အားတက်သရော ပြုစု ပျိုးထောင်ပေးလေ၏။
သူ့ရည်မှန်းချက်သည် လွန်စွာကိုမှ အလှမ်းဝေးကာ ရေတိုအတွင်း ဖြစ်မြောက်ရန် မဖြစ်နိုင်သော်လည်း ကျိုးပျက်လပြောင်းလဲခြင်း ကျင့်စဉ်၏ အကူအညီဖြင့် တစ်နေ့ကျ ထိုရည်ရွယ်ချက်ကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်မည်ဟု သူယုံကြည်နေခဲ့၏။
ယနေ့ လေညင်းတို့ တသုန်သုန် တိုက်ခတ်နေခဲ့ပြီး သင်းပျံ့လတ်ဆတ်သည့် ရနံ့တို့ကို သယ်ဆောင်လာခဲ့၏။
ရှေးဟောင်းတိမ်တိုက်ကျွန်း၏ လက်ရွေးစင်တပည့်ဖြစ်သော ကျုံးမြောင်သည် တစ်ညတာ ကျင့်စဉ်ဈာန်ဝင်နေရာမှ နိုးထလာခဲ့ပြီး အိပ်ရာပေါ်မှထ၍ အခန်းတံခါးကိုဖွင့်ကာ အပြင်သို့ လမ်းလျှောက် ထွက်သွားလိုက်လေ၏။
သူမ၏ နေအိမ်မှ ထွက်လာပြီးနောက် အနီးအနားရှိ တဲတစ်လုံးဆီ သွားလိုက်ကာ တံခါးကို အသာအယာလေး ခေါက်လိုက်လေ၏ “ဂျူနီယာမောင်လေး၊ ဂျူနီယာမောင်လေး၊ ထချိန်တန်ပြီနော်”
အခန်းတံခါး ပွင့်သွားသည့်အခါ အခန်းထဲမှ လူငယ်လေးတစ်ယောက် ထွက်ပေါ်လာခဲ့၏။
တစ်ဖက်လူရဲ့ အသက်အရွယ်နှင့် မလိုက်အောင် ရင့်ကျက်သော မျက်ဝန်းအစုံကို စိုက်ကြည့်ရင်း ကျုံးမြောင် အနည်းငယ် ကြောင်ငေးငေး ဖြစ်သွားခဲ့ရ၏။ အသက်က (၂၀)ပင် မပြည့်သေးသော်လည်း မည်သည့် အတွက်ကြောင့် ဤမျှ ရင့်ကျက်နေရလည်း ဆိုသည်ကို ကျုံးမြောင် နားမလည်နိုင်ချေ။
သူ၏ အပြုအမူနှင့် အလုပ်လုပ်ပုံကအစ လူငယ်တစ်ယောက်ဟု ထင်ရက်စရာ မရှိ။ ပြောလိုက်သည့် စကားများပင် တစ်ခါတစ်ရံ နက်နဲအတွေးများစရာ ဖြစ်နေတတ်၏။
“မင်္ဂလာနံနက်ခင်းပါ စီနီယာအစ်မ” လူငယ်လေးက ချိုသာစွာ ပြုံးလျက် ပြန်ပြောလိုက်၏။
ကျုံးမြောင်က အသာအယာ ခေါင်းပြန်ညိတ်ပြ၏။ သူမ၏ မို့မောက်သော ရင်အစုံသည် နိမ့်ချည်မြင့်ချည် ဖြစ်နေလေရာ လွန်စွာကိုမှ စွဲမက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပေတည်း။ အသာအယာ ပြန်ပြုံးပြလျက် “နင်အိပ်နေတုန်းပဲလို့ ငါထင်နေတာ။ မြန်မြန် အဆင်သင့် ပြင်တော့။ အကြီးအကဲဟန်က ဒီနေ့ သူ့ရဲ့ဒေါင်းတွေကို လာကြည့်မှာ။ အဲ့ကောင်လေးတွေကို ငါတို့ ဆေးကြောသန့်ရှင်းပေးရမယ်။ မဟုတ်ရင် အကြီးအကဲဟန် ရောက်လာတဲ့အခါကျ ငါတို့ကို အပြစ်ပေးလိမ့်မယ်”
“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်၍ အခန်းထဲ ပြန်ဝင်ကာ အဆင်သင့်ပြင်လိုက်၏။
ရှေးဟောင်းတိမ်တိုက်ကျွန်းရှိ ကျုံးမြောင်၏ အလုပ်သည် အနည်းငယ်သော ဒေါင်းတို့ကို စောင့်ရှောက်ရသည့် အလုပ်ဖြစ်၏။
ထိုဒေါင်းများသည် အဖိုးတန် တိရစ္ဆာန်များ မဟုတ်သလို မိစ္ဆာသားရဲများပင် မဟုတ်ချေ။ ထိုဒေါင်များသည် ရှေးဟောင်တိမ်တိုက်ကျွန်း၏ အကြီးအကဲ ဟန်ချောင်ပိုင်ဆိုင်သော သာမန်ဒေါင်းများပင် ဖြစ်၏။
ဟန်ချောင်သည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇ ပညာရှင်တစ်ယောက် ဖြစ်၍ ရှေးဟောင်းတိမ်တိုက်ကျွန်းထဲရှိ အားကောင်းသော ပညာရှင်တွေထဲ မပါသလို အားနည်းသည့် ပညာရှင်တွေထဲလည်း မပါချေ။ သို့သော် သူသည် ဂိုဏ်းတစ်ခွင် တော်တော်ကို ကျော်ကြားပေသည်။
အဘယ်ကြောင့်ဆိုသော် ထိုဒေါင်းများကို သူ၏ သေဆုံးသွားသော ဇနီးက ပြုစုပျိုးထောင်ခဲ့သောကြောင့် ဖြစ်၏။ ဟန်ချောင်သည် ထိုဒေါင်းများကို အဖိုးတန်ရတနာများပမာ ဆက်ဆံပြီး ဂိုဏ်းမှ တပည့်အချို့ကိုပင် ထိုဒေါင်းများအား စောင့်ရှောက်ထားခိုင်းလိုက်သေး၏။
ရန်ကိုင်သည် ရေသန့်ကို သယ်လျက် ကျုံးမြောင်နှင့်အတူ ဒေါင်းများ ရှိရာသို့ ရောက်ရှိလာခဲ့သည်။ ရောက်သည်နှင့် ထိုဒေါင်းများ၏ အမွှေးအတောင်များကို စတင်တိုက်ချွတ် ဆေးကြောပေးတော့လေ၏။
တစ်မျိုးတစ်ဖုံ ရင်းနှီးနေသော ကျွန်းကို ဝေ့ဝိုက်ကြည့်လိုက် ပြီးနောက် ရန်ကိုင် မရယ်ပဲမနေနိုင်အောင် ဖြစ်သွားခဲ့၏။
လေဟာနယ်လျှောက်လမ်း ပြိုကျသည့်အခါ ဤနေရာသို့ အပို့ခံလိုက်ရမည်ဟု ရန်ကိုင် မထင်မှတ်ထားခဲ့ချေ။
လွန်ခဲ့သော နှစ်ဝက်က ကျုံးမြောင်သည် အပြင်ထွက် လမ်းလျှောက်နေစဉ် သူ့အား ရှေးဟောင်းတိုမ်တိုက်ကျွန်းအနီးရှိ ပင်လယ်ထဲ တွေ့၍ ကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။
လေဟာနယ်လျှောက်လမ်း ပြိုကျသည့်အခါ လေဟာနယ်၏ စွမ်းအားကြောင့် သူ့တစ်ကိုယ်လုံး တစ်စီဖြစ်လုမတတ် ဖြစ်သွားခဲ့ရ၏။ အရိုးဒိုင်းကြောင့်သာ မဟုတ်လျှင် သူသေသွားခဲ့သည်မှာ ကြာခဲ့လေပြီ။
ကျုံးမြောင်၏ ကယ်ဆယ်ခြင်း ခံရပြီးနောက် သူ့ဒဏ်ရာများကို နှစ်ဝက်ကြာသည်အထိ ဖြည်းဖြည်းချင်း ပြန်လည်ကုသခဲ့ရ၏။
သို့သော်ငြား ဗဟိုမြို့တော်သို့ ပြန်ဖို့ရာ ရန်ကိုင် အလျင်မလိုသေးချ။ တိုက်ပွဲသည် ပြီးဆုံးသွားခဲ့လေပြီ။ သူပြန်ပြန်၊ မပြန်ပြန် ထူးခြားသွားလိမ့်မည် မဟုတ်ရာ ဤနေရာတွင် တစ်ခဏလောက် ဆက်လက် အပန်းဖြေဖို့ကိုသာ ရန်ကိုင် ရွေးချယ်လိုက်၏။
ကျုံးမြောင်၏ အသနားခံ တောင်းဆိုမှုကြောင့် အကြီးအကဲ ဟန်ချောင်သည် ရန်ကိုင်အတွက် ရှေးဟောင်းတိမ်တိုက်ကျွန်းတွင် အဆင့်အတန်းတစ်ခု စီစဉ်ပေးခဲ့လေ၏။ ဤသို့ဖြင့် ရန်ကိုင်သည် အကြီးအကဲဟန်ချောင်၏ ဒေါင်များကို ပြုစုစောင့်ရှောက် ပေးရသော တရာမဝင်တပည့်တစ်ယောက် ဖြစ်လာခဲ့လေ၏။
ငါတို့တွေက မိတ်ဆွေဖြစ်ဖို့ တကယ်ကို ကံကြမ္မာပါလာတဲ့ပုံပါလား ယခင်အကြိမ်က ရှေးဟောင်းတိမ်တိုက်ကျွန်းဆီ ရောက်ခဲ့သည့် အကြောင်း ပြန်စဉ်းစားရင်း ရန်ကိုင် တိတ်တဆိတ် တွေးလိုက်၏။
“စီနီယာအစ်မ၊ နင်က လက်ရွေးစင်တပည့် တစ်ယောက်မလား။ လက်းရွေးစင် တပည့်တစ်ယောက်က ပိုပြီးအဆင့်မြင့် ကောင်းမွန်တဲ့ နေရာမှာ လေ့ကျင့်သင့်တာကို ဘယ်လိုလုပ်ပြီး ဒေါင်းတွေကို လာစောင့်ရှောက်နေရတာလဲ။ ဒါက တစ်မျိုးကြီး ဖြစ်မနေဘူးလား” ရန်ကိုင်က သူ့ရှေ့တွင် ရှိနေသော ဒေါင်းအား သန့်စင်ဆေးကြေားပေးရင် ကျုံးမြောင်ကို မေးလိုက်၏။
“အင်း” ကျုံးမြောင်က အသာအယာ ခေါင်းပြန်ညိတ်ပြလိုက်၏။ သူမသည် မဟာအလှရှင်တစ်ပါးမဟုတ်။ သူမ၏ မျက်နှာထက် တင်းတိပ် အချို့ ရှိနေခဲ့၏။ သို့သော်လည်း သူမသည် ကျက်သေရေရှိ ကျော့ရှင်း၍ သူမ၏ အမွှာရင်အစုံသည်လည်း ပြည့်ဖြိုးမို့မောက်နေရာ သူမနှင့် အချိန်ဖြုန်းရခြင်းသည် လုံးဝကို ပျင်းစရာမကောင်းချေ။
အရေးအကြီးဆုံး အနေဖြင့် ဤစီနီယာအစ်မသည် တစ်ပါးသူအပေါ် ကြင်နာတတ်၏။ ရန်ကိုင်ကို ပင်လယ်ထဲမှ ကယ်၍ သူမ၏ ကိုယ်ပိုင် အဆက်အသွယ်ကိုသုံးကာ ရှေးဟောင်းတိမ်တိုက်ကျွန်းတွင် သူ့အတွက် နေရာတစ်ခုရအောင် စီမံပေးခဲ့သည်ကို ကြည့်လျှင် သိနိုင်၏။
ရန်ကိုင်ကမူ သူသည် တံငါသည် တစ်ယောက်ဖြစ်ပြီး ပင်လယ်ထဲသို့ ပြုတ်ကျကာ လှေတစ်ခြား၊ လူတစ်ခြား ဖြစ်သွားခဲ့ခြင်းဟု ညာပြောထားခဲ့၏။
“အဆုံးမဲ့ပင်လယ်ကျွန်းက အကြီးအကဲတွေနဲ့ ကျွန်းသခင်က ငါ့ကို မိုးမြေစွမ်းအင် ပိုပြီးသိပ်သည်း ပေါကြွယ်ဝတဲ့ ရှန်ဖုန်းကျွန်းဆီ ပြောင်စေချင်ပေမယ့် ငါက မသွားခဲ့တာ”
“ဘာလို့လဲ။ ရေတောင် မြစ်တွေ၊ ချောင်းတွေဆီကနေ ပင်လယ်ထဲကို စီးဝင်တာပဲ။ လူတွေကလည်း နိမ့်ရာကနေ ပိုမြင့်တဲ့နေရာကို သွားချင်တာ သဘာဝပဲလေ။ စီနီယာအစ်မက ဒီဒေါင်းတွေနဲ့ မခွဲချင်တာလား” ရန်ကိုင်က စနောက်လိုက်၏။
“မဟုတ်ဘူး” ကျုံးမြောင်က ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်ကာ တဖြည်းဖြည်းချင်း အတွေးထဲ နစ်မြောသွားခဲ့၏။ အချိန်အတော်ကြာမှသာ စကားပြန်ပြောလာခဲ့လေ၏ “ကျေးဇူးကြွေးကို ပြန်ဆပ်ချင်လို့ ဒီမှာ နေရစ်ခဲ့ဖို့ ရွေးချယ်ခဲ့တာ”
“ကျေးဇူးကြွေးကို ပြန်ဆပ်ဖို့လား” ရန်ကိုင် အံ့အားသင့်သွားခဲ့လေ၏။
“အရင်းတုန်းက ဂိုဏ်းထဲမှာ စီနီယာအစ်မရဲ့ အဆင့်အတန်းက တော်တော်လေးကို နိမ့်ကျတယ်။ ငါ့ရဲ့ အဆင့်အတန်းက နိမ့်ကျရုံမကလို့ အခြားသူတွေကလည်း ငါ့ကို အနိုင်ကျင့်လေ့ ရှိကြတယ်”
ရန်ကိုင် ခေါင်းညိတ်လိုက်၏။
“တစ်နေ့ကျ အားလုံး ပြောင်းသွားခဲ့တယ်” ကျုံးမြောင်က ထိုင်ရာကနေ ထ၍ နဖူးထက်ရှိ ချွေးစေးများကို သုတ်လျက် အတိတ်အကြောင်းကို ပြန်စဉ်းစားရင်း ပြောလိုက်၏ “တစ်နေ့၊ ငါနိုးလာပြီး ဒေါင်းတွေကို အစာကျွေးဖို့ လုပ်နေတဲ့ အချိန်မှာပဲ ငါ့တံခါးမှာ ဓါးမြောင် တစ်ချောင်းစိုက်နေတာကို ငါတွေ့လိုက်ရတယ်။ အဲ့ဓါးမြောင်မှာ စာလေး တစ်စောင်ပါ ပါသေးတယ်”
“စာတစ်စောင်လား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး “အဲ့စာထဲမှာ ဘာတွေ ရေးထားတာလဲ”
“စာအိတ်ပေါ်မှာ စာတစ်ကြောင်းပဲ ရှိတယ်။ စာအိတ်ထဲမှာတော့ အဝါရောင်စာရွက်လေး တစ်ရွက်ပါတယ်” ကျုံးမြောင်က ယဲ့ယဲ့လေး ပြုံးလိုက်ပြီး “အဲ့စာအိတ်ထဲမှာ ပါတဲ့စာရွက်ကို ကျွန်းက အကြီးအကဲတွေနဲ့ ကျွန်းသခင်ဆီပေးဖို့ စာထဲမှာ ရေးပြောထားတယ်”
ထိုစကားကို ကြားလိုက်သညနှင့် ရန်ကိုင် မျက်နှာအမူအရာ အနည်းငယ် ထူးဆန်းသွားခဲ့လေ၏။ ဤပုံပြင်သည် သူနှင့် အနည်းငယ် ရင်းနှီးနေသလိုပင်။
“အဲ့အဝါရောင်စာရွက်လေးကို ဖတ်ပြီးတာနဲ့ ငါလည်း အဲ့စာထဲမှာ ပြောတဲ့အတိုင်း လိုက်လုပ်လိုက်တာပေါ့”
ကျုံးမြောင်က သွားပေါ်အောင် ပြုံးဖြီးလိုက်၍ “ပြီးတာနဲ့ စာထဲမှာ ပြောထားတဲ့အတိုင်း ကျွန်းသခင်ရယ်၊ အကြီးအကဲတွေရယ်က တိမ်တိုက်နီကျွန်းမှာ လွန်ခဲ့တဲ့နှစ်၃၀၀ရာတုန်းက ငါတို့ဂိုဏ်းက ပျောက်သွားခဲ့တဲ့ ကျိုးပျက်လပြောင်းလဲခြင်း ကျင့်စဉ်ကို ပြန်တွေ့ခဲ့တယ်လေ။ အဲ့အတွက်ကြောင့်ပဲ ကျွန်းသခင်က ဆေးခန်းမကနေ ငါ့ကို ဆေးလုံးတွေ အများကြီး ယူခွင့်ပေးခဲ့သလို တိမ်ဝိဥာဉ်လိုဏ်ဂူ မှာလည်း တစ်နှစ်ကြာအောင် လေ့ကျင့်ခွင့် ပေးခဲ့တယ်။ အဲ့ဆုလာဒ်တွေ ကြောင့်ပဲ ငါ့ရဲ့ ကျင့်ကြံခြင်းက အခုအတိုင်းအတာထိ တိုးတက် လာခဲ့ရတာ”
ပြောနေစဉ်အတွင်း ကျုံးမြောင်၏ အသံသည် ပိုပိုကျယ်လာခဲ့၍ ပိုပိုပြီး စိတ်လှုပ်ရှားလာခဲ့လေ၏။ သူမ၏ မျက်ဝန်းများသည်လည်း တဖျက်ဖျတ် လင်းလက် တောက်ပလာခဲ့၍ သူမ၏ လက်အစုံကို နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်မို့မို့အစုံပေါ်တွင် တင်လျက် ဆက်ပြောလိုက်၏ “အဲ့စာအိတ်လေးကြောင့်သာ မဟုတ်ရင် ငါလည်း အခြားသူတွေ အနိုင်ကျင့်ဗိုလ်ကျတာ ခံရတဲ့ လူတစ်ယောက် ဖြစ်နေဦးမှာပဲ။ ငါ့တံခါးပေါ်မှာ အဲ့စာအိတ်ကို ဘယ်သူလာစိုက်သွားလဲ ဆိုတာကို ငါမသိပေမယ့် သူ့ကြောင့်ပဲ ငါ့ရဲ့ဘဝ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရတာမှန်း ငါသိတယ်။ အဲ့အတွက်ကြောင့် ငါသူကို ကျေးဇူးတင်ချင်တယ်။ ငါ့ရဲ့ နှလုံသားထဲကနေ လှိုက်လှိုက်လှဲလှဲကို ကျေးဇူးတင်ချင်တာ”
ရန်ကိုင်က ကိုးယိုးကားယား အမူအရာဖြင့် ချောင်းဟန့်လိုက်ပြီး အနည်းငယ် မဲ့ရွဲ့နေသည့် မျက်နှာ အမူအရာဖြင့် “တကယ်ကို တိုက်ဆိုင်မှု အကြီးကြီးနဲ့ တူတယ်နော်”
“ဟုတ်တယ်” ကျုံးမြောင်က ထပ်တလဲလဲ ခေါင်းညိတ်လိုက်၍ “အားလုံးက တိုက်တိုက်ဆိုင်ဆိုင်ကို ဖြစ်သွားခဲ့တာ။ တကယ်တော့ ရှေးဟောင်းတိမ်တိုက်ကျွန်းဆိုတာ အကြီးကြီးပဲလေ။ ဒါပေမယ့် သူထားရစ်ခဲ့တဲ့ စာစောင်က ငါ့ဆီကို ရောက်နေခဲ့တယ်။ ဒါကြောင့်ပဲ လက်ရွေးစင်တပည့် တစ်ယောက် ဖြစ်လာခဲ့တာတောင် ဒီနေရာကနေ ငါထွက်မသွားချင်ခဲ့တာ။ ဒီမှာနေပြီး အဲ့လူ ပြန်ပေါ်လာမှာကို ငါစောင့်နေချင်တယ်”
“သူပြန်ပေါ်လာတာကို စောင့်နေမှာလား” ရန်ကိုင် ရှုံ့မဲ့သထက်ကို ရှုံ့မဲ့သွားခဲ့လေ၏။
“ဟုတ်တယ်။ သူ့ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောချင်တာ” ကျုံးမြောင်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်ပြီး နောက်မှာတော့ သူမ၏ အသံက တိုးညင်သွားခဲ့၍ ပါးလေးများသည်လည်း နီးမြန်သွားခဲံကာ “သူသာဆန္ဒရှိရင်… သူ့ကိုပါ ငါလက်ထပ်ချင်တယ်”
“ဘယ်…” ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး အလျင်စလို ပြန်ပြောလိုကလေ၏ “ဒါပေမယ့် သူက ယောကျ်ားလား၊ မိန်းမလား ဆိုတာကိုတောင် စီနီယာအစ်မ သိတာမဟုတ်ဘူးလေ”
သူမကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ကျုံးမြောင်က ရန်ကိုင် ပြောသည့် အကြောင်းအရာနှင့် ပက်သက်၍ တစ်ခဏလောက် စဉ်းစားလိုက်၏။ ထို့နောက် “သူက မိန်းမတစ်ယောက် ဆိုရင်… သူနဲ့ သွေးသောက် ညီအစ်မဖွဲ့မယ်။ ပြီးရင် ငါ့လက်ကျန်ဘဝတစ်လုံးကို သူ့နောက်ပဲ လိုက်တော့မယ်။ သူသာ ယောကျာ်းတစ်ယောက် ဆိုရင်တော့… ဟဲဟဲ…”
ထိုစကားလုံးကို ပြောပြီးသည့်နောက် သူမ၏ မျက်နှာထက် ကြင်နာရိပ်တို့ဖြင့် ပြည့်သွားခဲ့ပြီး သူမ၏ မျက်ဝန်းများသည်လည်း နွေးထွေးသည့် အရိပ်အယောင်တို့ဖြင့် လက်သွားခဲ့လေ၏။
ယခု ရန်ကိုင်၏ နဖူးတစ်ခုလုံး ချွေးအေးတို့ဖြင့် ရွှဲစိုနေခဲ့လေပြီ။ ရန်ကိုင်က အလျင်စလိုပဲ ပြန်၍ ကန့်ကွက်စကား ဆိုလိုက်လေ၏ “ဒါပေမယ့် သူက ဇနီးသုံးယောက်၊ ကိုယ်လုပ်တော် လေးယောက်နဲ့ အရမ်းကို မိန်းမပွေရှုပ်တဲ့ လူတစ်ယောက် ဖြစ်နေရင်ကော။ သူက ကောက်ကျစ်ဥာဏ်များပြီး ရုပ်ဆိုးဆိုးနဲ့ လူကြီး ဖြစ်နေရင်ကော။ အခြားလူတွေကို မျက်တောင် တစ်ချက်တောင် မခတ်ပဲ ရက်ရက်စက်စက် သတ်ဖြတ်တတ်တဲ့ လူတစ်ယောက်…”
“ဂျူနီယာမောင်လေး၊ သူ့အကြောင်း မကောင်းကြောင်း မပြောနဲ့” ကျုံးမြောင်က ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး “သူ့စိတ်နေ စရိုက် ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူ့ရုပ်က ဘယ်လောက်ပဲ အကျည်းတန်ရုပ်ဆိုး နေပါစေ၊ သူက ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ။ သူကပဲ ငါ့ကို အခွင့်အရေး ပေးခဲ့တာ။ ငါ့အတွက်တော့ သူက ဒီလောကကြီးမှာ အကောင်းဆုံး လူတစ်ယောက်ပဲ။ သူသာ ငါ့ရှေ့ နောက်တစ်ကြိမ် ထပ်ပြီး ထပ်ပေါ်လာသရွေ့ ငါသူနဲ့ ကျိန်းသေလိုက်သွားမှာ”
ရန်ကိုင်က သူ့နဖူးထက်မှ ချွေးအေးများကို သုတ်၍ ရေရွတ်လိုက်၏ “သူက စီနီယာအစ်မရှေ့ နောက်တစ်ကြိမ် ထပ်ပေါ်လာမှာ မဟုတ်ဘူး”
“ဂျူနီယာမောင်လေး၊ နင်ဘာပြောချင်တာလဲ” ကျုံးမြောင်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါ ရုတ်ချည်း ပြင်းထန် အန္တရာယ်များသွားခဲ့ပြီး ခက်လိုခက်ထန်စွာဖြင့် ရန်ကိုင်ဆီ တိုးသွား၍ သုန်မှုန်နေသည့် မျက်နှာ အမူအရာဖြင့် “စီနီယာအစ်မက အဲ့လူရဲ့ အမြင်အာရုံကို ဖမ်းမစားနိုင်ဘူးလို့ ပြောချင်နေတလား”
“ကျွန်တော် အဲ့လို မပြောခဲ့ပါဘူး” ရန်ကိုင်က အလန့်တကြား ပြန်အော်ပြောလိုက်လေ၏။
“အဲ့လိုမဟုတ်ရင် စီနီယာအစ်မက ရုပ်ဆိုးတယ်လို့ ပြောချင်နေတာပေါ့။ ဟွန့်၊ စီနီယာအစ်မက လှဧကရီတစ်ယောက် မဟုတ်ရင်တောင် သူ့ရဲ့ အစေခံမလေး ဖြစ်ဖို့တောင် မထိုက်တန်လို့လား”
“မဟုတ်ပါဘူး၊ စီနီယာအစ်မက တော်တော်လေးကို လှပြီးသားပါ” ရန်ကိုင်က ဆန်ကောက်နေသည့် ကြက်ပမာ မာန်ပါပါဖြင့် ထပ်တလဲလဲ ခေါင်းညိတ်လိုက်၏။
“အဲ့ဒါအမှန်ပဲ၊ ဟဲဟဲ” ကျုံးမြောင်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ရန်ကိုင်အား ပြဿနာမရှာတော့ပဲ အသာအယာလေး ပြောလိုက်၏ “ဒီကောင်တွေကို ဆေးကြောနေတာ မြန်မြန် အပြီးသတ်လိုက်တော့။ အကြီးအကဲဟန် မကြာခင် ရောက်လာတော့မယ်”
ရန်ကိုင်က ခေါင်းညိတ်မည် အပြုတွင် သူ၏ အမူအရာ ရုတ်ချည်း ရှုံ့မဲ့သွားခဲ့လေ၏။ ထို့နောက် ခါးသီးနေသည့် အမူအရာဖြင့် ကောင်းကင် ထက်ဆီသို့ တစ်ခဏကြာအောင် ငေးစိုက်ကြည့်လိုက်၏။
“စီနီယာအစ်မ” ရန်ကိုင်က အော်ခေါ်လိုက်လေ၏။
“ဘာလဲ” ကျုံးမြောင်က ရန်ကိုင်ဆီ နားမလည်နိုင်သည့် အမူအရာဖြင့် လှမ်း၍ ကြည့်လိုက်၏။ ရန်ကိုင်နှင့် အကြည့်ချင်း ဆုံးသွားသည့်အခိုက် သူမ၏ အသိစိတ်တစ်ခုလုံး ရီဝေသွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်လေးသည်လည်း ဖြည်းဖြည်းချင်း ပျော့ခွေကျသွားလေ၏။
ရန်ကိုင်က သူမအား အသာအယာ လှမ်း၍ ဖမ်းလိုက်ပြီး ကျုံးမြောင်ကို သူ့လက်ထဲ ထည့်ပိုက်ကာ သူမ၏ အခန်းဆီ ညင်သွာစွာဖြင့် ခေါ်သွားလိုက်ပြီးနောက် ပြန်လာလိုက်၏။
သွယ်လျသည့် ပုံရိပ်နှစ်ခု ရန်ကိုင်ရှေ့ ထွက်ပေါ်လာခဲ့လေ၏။ ဦးဆောင်လာသည့် ပုံရိပ်သည် နှစ်လိုစွဲမက်မှု၏ ပြယုဂ်တစ်ခုဖြစ်သည့် လွန်စွာကိုမှ စွဲမက်ဖွယ် ကောင်းလွန်းလှသော အလှထွတ်ခေါင် တစ်ပါးပင် ဖြစ်ချေသည်။ ထိုသူသည် ညို့ကဝေနတ်ဆိုးဘုရင်မ ရှန်ချင်းလော့မှ လွဲ၍ အခြာမးဟုတ်ချေ။ သူမနှင့်အတူ လိုက်ပါလာသောသူသည် သူမ၏ အယုံကြည်ရဆုံးသော လက်ထောက်ဖြစ်သည့် ပီလော့ပင် ဖြစ်လေ၏။
ရန်ကိုင်က တစ်ခဏကြာသည်အထိ တိတ်တဆိတ် ငေးစိုက် ကြည့်နေလိုက်ပြီးသည့်နောက် ရှန်ချင်းလော့က အံတင်းတင်းကြိတ်၍ ပြောလိုက်၏ “အစုတ်ပလုတ်ကောင်စုတ်၊ ဗဟိုမြို့တော်တစ်ခုလုံးမှာ ရှိနေတဲ့ လူတွေအားလုံးက နင့်ကို သေမတတ် စိုးရိမ်စိတ်ပူနေလိုက်ရတာ။ နင်ကတော့ ဘယ်ကမှန်းမသိရတဲ့ မိန်းမတစ်ယောက်နဲ့ လာပျော်နေတယ်ပေါ့။ ဟွန့်၊ ဘယ်ကိုရောက်ရောက်က နင့်စရိုက်က ဘယ်တော့မှကို ပြောင်းလဲမသွားဘူး”
ပြောနေစဉ် သူမ၏ မျက်နှာတစ်ခုလုံး ပြစ်တင်လိုသည့် အမူအရာ တို့ဖြင့် ပြည့်နေခဲ့လေ၏။
“ဘာလဲ၊ မဟုတ်တာတွေ” ရန်ကိုင်က ဒေါသတကြီး ပြန်ပက်လိုက်လေ၏ “ငါ့ကိုများ ဒီလောက် ရက်ရက်စက်စက် ဘယ်လိုများ စွပ်စွဲရက်ရတာလဲလို့”
“ဟွန့်၊ သခင်မ၊ သူ့ကို သတ်သာသတ်ပစ်လိုက်။ သူသေသွားရင် ပြဿနာအားလုံး ရှင်းသွားလိမ့်မယ်” ပီလော့က နှာခေါင်းရှုံ၍ ကျားပေါက်မလေး တစ်ကောင်ပမာ ခြိမ်းခြောက်ဟန် လုပ်ပြပြီး ရန်ကိုင်ကို မုန်းတီးစွာ စူးစူးရဲရဲ စိုက်ကြည့်လိုက်လေ၏။
ရန်ကိုင်၏ အကြည့်က ပီလော့၏ နှုတ်ခမ်းဖူးဖူးလေးဆီ အလိုလို ရောက်ရှိသွားခဲ့ပြီး ထူးထူးဆန်းဆန်း ပြုံးဖြီးလိုက်လျက် “ငါ့မိန်းမ တစ်ယောက်ကို မထိရတာ အချိန်တော်တော် ကြာနေပြီနော်။ ငါ့နဲ့ လာရှုပ်ဖို့ မကြိုးစားနဲ့။ မဟုတ်ရင် အဆုံးသတ် ကောင်းလိမ့်မှာ မဟုတ်ဘူး”
ပီလော့၏ မျက်နှာလှလှလေး ချက်ချင်းဆိုသလို ဖြူလျော်သွားခဲ့ပြီး ရှန်ချင်းလော့နောက် အလျင်အမြန် ပြေးပုန်းလိုက်လေ၏။ “သခင်မ ရှိနေမှတော့ နင်လည်း ငါ့ကို လာအနိုင်ကျင့်လို့ မရတော့ဘူး”
“တော်လောက်ပြီ” ရှန်ချင်းလော့က ကြားဝင်ဖြတ်ပြောလိုက်၏။ ထို့နောက် ရှေ့တက်၍ ရန်ကိုင်မျက်ဝန်းတည့်တည့်ကို စိုက်ကြည့်ပြီး ပြောလိုက်လေ၏ “အားလုံးက နင်သေသွားပြီလို့ ထင်နေကြတာ။ နင်အသက်ရှင်နေမှန်း ငါတစ်ယောက်ပဲ သိတယ်။ ကောင်စုတ်လေး၊ အခြားသူတွေကို ဘယ်လိုစိတ်ပူအောင် လုပ်ရမလဲ ဆိုတာကို နင်ကတယ် သိတာပဲနော်”
ရန်ကိုင် ကိုယ်ထက်၌ ရှန်ချင်းလော့၏ ဝိဥာဉ်ရှာ အမှတ်အသား ရှိနေခဲ့၏။ သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ထိုအမှတ်အသားကို အလွယ်တကူ ဖျက်စီးပစ်၍ ရသော်လည်း ရန်ကိုင် ထိုကဲ့သို့ မလုပ်ခဲ့။ ထို့ကြောင့် ရှန်ချင်းလော့က သူ့ကို ရှာတွေ့ခဲ့ခြင်း ဖြစ်၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၉၇) သူဘယ်သူလဲ
~~~~~~~~~~~~~~~~~~~~~~~~~
“အဲ့ကောင်မလေးကကော” ရှန်ချင်းလော့က အနီးအနား တစ်ဝိုင်ရှိ အဆောက်အအုံများကို ဝေ့ကြည့်လျက် မေးလိုက်၏။
“သူနဲ့ငါက ဟိုလိုလို ဒီလိုလို လေးတွေပေါ့။ ဟိုတစ်လောကပဲ သူငါ့ကို ကယ်ခဲ့တာလေ” ရန်ကိုင်က ဖြစ်သလို ရှင်းပြလိုက်လေ၏။
“သူ့အပေါ် လှုပ်ရှားပြီးသွားပြီလား” ရှန်ချင်းလော့က မျက်လုံးလေး မှေးစဉ်းလျက် နှုတ်ခမ်းလေးကို ကွေးရင်း မေးလိုက်လေ၏။
“ငါကို ဘယ်လိုလူမျိုးလို့ ထင်နေလို့လဲ။ သားရဲ တစ်ကောင်လား” ရန်ကိုင် မျက်ခွံလှန်ပြလိုက်ပြီး သူ၏ အမူအရာသည် အလျင်အမြန် လေးနက်သွားခဲ့ကာ “ဗဟိုမြို့တော်ကော အခြေအနေ ဘယ်လိုရှိလဲ”
“နင်ပျောက်နေတာက လွဲလို့ အားလုံး အဆင်ပြေတယ်။ ပြီးတော့ နင်နဲ့ ရင်းနှီးတဲ့ လူအချို့လည်း ပျောက်ကွယ်သွားခဲ့တယ်။ နင့်အကြောင်း သိရအောင် တော်တော်များများ သူတို့ကို လိုက်ရှာကြပေမယ့် ဘယ်သူကိုမှ မတွေ့ခဲ့ရဘူး”
ရန်ကိုင် အသာအယာ ခေါင်းညိတ်လိုက်လေ၏။ အခြေအနေသည် သူထင်ထားသကဲ့သို့ပင် ဖြစ်နေလေ၏။
ရန်ကိုင် အရမ်းကြီး ဝမ်းနည်းနေခြင်း မရှိသည်ကို မြင်လိုက်ရာ ရှန်ချင်းလော့ အလျင်အမြန်ပဲ နားလည်သွားခဲ့လေ၏။ သူနှင့် ရင်းနှီးသော ကျန်သူများသည် သေဆုံးသွားခြင်း မရှိပဲ ပျောက်သွားသည်သာ ဖြစ်နိုင်၏။ ထို့ကြောင့် ရန်ကိုင် အေးအေးသက်သာဖြင့် ရှိနေခြင်း ဖြစ်၏။
“အဲ့နေ့တုန်းက… ဗဟိုမြို့တော်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ။ ရန်ပိုင်ရော ဘာဖြစ်သွားသေးလဲ” ရှန်ချင်းလော့ တစ်ခဏတာ တုန့်ဆိုင်း နေပြီးနောက် စိုးရိမ်စွာဖြင့် မေးလိုက်၏။
“ပြောပြရင် အရှည်ကြီးပဲ” ရန်ကိုင်က အားတင်ပြုံးလိုက်၍ ခပ်တိုတိုသာ ပြောချလိုက်၏ “ရန်ပိုင်ကတော့ သေသွားပြီ”
“သေသွားတာလား” ရှန်ချင်းလော့၏ မျက်ဝန်းအစုံထဲ ပျော်ရွှင်သည့်၊ စိတ်လှုပ်ရှားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေ၏။
“ဟုတ်တယ်။ သူသေသွားခဲ့တာကို ငါကိုယ်တိုင် တွေ့ခဲ့ရတာ” ရန်ကိုင်က သွားပေါ်အောင် ပြုံးဖြီးလိုက်လေ၏။
ပီလော့က လက်သီး တင်းတင်းဆုပ်၍ စိတ်ရှုပ်စွာဖြင့် အော်ဟစ်လိုက်၏ “ကောင်းလိုက်တာ”
“ရန်ပိုင်သေပြီး နင်အသက်ရှင်နေမှတော့ ဒီနှစ်ဝက်အတွင်း ဗဟိုမြို့တော်ဆီ ဘာလို့ ပြန်မလာခဲ့ရတာလဲ။ ဘာလို့ ဒီမှာပဲ နေနေတာလဲ” ရှန်ချင်းလော့က ရန်ကိုင်ကို စိုက်ကြည့်၍ “နင်ဘာကို ရှောင်ဖို့ ကြိုးစားနေတာလဲ”
“ဘာကိုမှ ရှောင်နေတာ မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါရမ်း၍ တည်တည်ငြိမ်ငြိမ်ဖြင့် “ငါပြန်သွားခဲ့ရင် အားလုံးက ငါ့လက်ထဲ ရောက်လာခဲ့မှာလေ။ ချူရီမန်နဲ့ ကျန်တဲ့သူတွေ အကုန်လုံးက ငါ့ကို ခေါင်းဆောင်အဖြစ် သဘောထားပြီး သူတို့ရဲ့ သဘော၊ အထင်အမြင် အတိုင်း လုပ်ကြတော့မှာ မဟုတ်ဘူး။ ငါသာမရှိရင် သူတို့ရဲ့ ကိုယ်ပိုင် စွမ်းရည်ကို အပြည့်အဝ ထုတ်ပြနိုင်လိမ့်မယ်”
ထို့ပြင် နောက်ဘာဆက်လုပ်ရမည်ကို ရန်ကိုင် သေသေချာ စဉ်းစားရပေဦးမည်။ ထို့ကြောင့် အဆုံးမဲ့ပင်လယ်ထဲ နှစ်ဝက်ကြာအောင် ယောင်ပေယောင်ပေ လုပ်နေခဲ့ခြင်း ဖြစ်၏။
“ဗဟိုမြို့တော်မှာ ရှိနေတဲ့ လူတွေဆီကနေ ပျောက်ကွယ် သွားချင်တာလား” ရှန်ချင်းလော့က တွေးတွေးဆဆဖြင့် မေးလိုက်၏။
“အဲ့လိုပြောလို့ရတယ်” ရန်ကိုင်က ငြင်းဆိုခြင်း မပြုခဲ့ချေ “ဘာလို့လဲဆိုတော့ မကြာခင်မှာပဲ ဒီနေရာကနေ ငါထွက်သွားတော့မှာလေ။ ဒါကြောင့် သူတို့တွေကို ငါ့အပေါ် အရမ်း မမှီခိုစေချင်တာ။ ငါထွက်သွားတဲ့အခါကျ အဲ့လို မှီခိုတာမျိုးက သူတို့အတွက် မကောင်းလှဘူး”
“နင်ဘယ်ကို သွားဖို့ စီစဉ်ထားတာလဲ” ညို့ကဝေနတ်ဆိုးဘုရင်မ၏ စိတ်ထဲ စိုးရိမ်စိတ်တို့ ချင်းနင်း ဝင်ရောက်လာခဲ့လေ၏။ ရန်ကိုင် ထွက်သွားခဲ့သည့်အခါ သူအား ဘယ်သောအခါမှ နောက်တစ်ကြိမ် ထပ်မတွေ့ရတော့ဘူးဟု သူမ၏ မသိစိတ်က သူမအား ပြောနေခဲ့၏။ ထို့ကြောင့် သူမစိတ်ထဲ ဝမ်းနည်းမှု၊နောင်တတို့ဖြင့် ပြည့်လာခဲ့လေ၏။
“အချိန်ကျလာရင် ပြောပြမယ်” ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလျက် “ဒါပေမယ့် ဒီနေ့ နင်ငါ့ကို တွေ့သွားမှတော့ ငါလည်း ဗဟိုမြို့တော်ဆီ ပြန်ပြီး အခြေအနေကို တစ်ချက်လောက် သွားကြည့်ရမှာပေါ့”
ပြောပြီးသည်နှင့် ဘေးဘက်သို့ လှည့်၍ အော်ပြောလိုက်၏ “အကြီးအကဲဟန်၊ ရောက်လာမှတော့ ထွက်လာခဲ့လေ”
ရှန်ချင်းလော့သည်လည်း ညို့ငင်စွာ ပြုံးလျက် သူမ၏ မျက်ဝန်း လှလှလေးများနှင့် ရန်ကိုင်ကြည့်ရာ ဘက်သို့ တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်လေ၏။
ဟန်ချောင်သည် ရှန်ချင်းလော့နှင့် တစ်ပြိုင်တည်းလိုလို ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ သို့သော်ငြား ရှန်ချင်းလော့လို မြင်သူတကာ မှင်သက်သွားနိုင်သည့် ရင်သက်ရှူမောဖွယ်လေး အလှဂဟေးတစ်ယောက် ရှေးဟောင်းတိမ်တိုက်ကျွန်းထဲသို့ မည်သူမှ သတိမပြုမိဘဲ ဝင်ရောက် လာနိုင်ခြင်းသည် ဟန်ချောင်အား စိုးရိမ်စိတ် ဝင်သွားစေခဲ့၏။ ထို့ကြောင့် သူမအား ဆန်းစစ်လေ့လာလိုသော ရည်ရွယ်ချက်ဖြင့် အနီးအနားတွင် ပုန်းအောင်းနေခြင်း ဖြစ်လေ၏။
သူ့ကိုယ်သူ လူလုံးထွက်မပြခင် ရှန်ချင်းလော့ မည်သူဆိုသည်ကို သူဖော်ထုတ်ချင်မိ၏။
သို့သော်ငြား သူမသည် သူ၏ တည်ရှိမှုအား သတိပြုမိခဲ့သည်မှာ ကြာနေခဲ့လေပြီ။
ဟန်ချောင် ထိတ်လန့်သွားခဲ့ပြီး ထိုမိန်းမလှလေး၏ ခွန်အားသည် သူ့ထက် အများကြီး ပိုမြင့်မှန်း ချက်ချင်း နားလည်သွားခဲ့လေ၏။ မဟုတ်လျှင် သူမအနေဖြင့် သူအား မည်သည့်အတွက်ကြောင့် အလွယ်တကူ ရှာတွေ့သွားမည်နည်း။ ထို့ကြောင့် ဟန်ချောင်းလည်း တုန့်ဆိုင်းမနေတော့ပဲ ပုန်းနေရာမှ ခုန်ထွက်၍ ထွက်ပြေးဖို့ရာ ကြိုးစားလိုက်လေ၏။
တစ်ချိန်တည်းမှာပင် အားလုံးကို သတိပေးလိုသည့် ရည်ရွယ်ချက်ဖြင့် အကျယ်ကြီး အော်ဟစ်လိုက်လေ၏။
ရန်ကိုင်က ရှန်ချင်းလော့အား ကူကယ်ရာမဲ့စွာဖြင့် ကြည့်၍ ခေါင်းညိတ်ပြလိုက်၏။
တခစ်ခစ် ရယ်မောလျက် ရှန်ချင်းလော့က သူမ၏ လက်လေးအား အသာအယာ ပင့်မြှောက်လိုက်၍ ဟန်ချောင် ရှိရာဘက်ဆီ လက်ညိုးလေး ညွှန်လိုက်၏။ ပိုးမျှင်တစ်ခု ထွက်ပေါ်လာ၍ ထွက်ပြေးဖို့ ကြိုးစားနေသော ဟန်ချောင်အား ချက်ချင်းဆိုသလို ရစ်ပတ်သွားခဲ့လေ၏။
သူ၏ အစစ်အမှန်ချီ လုံးဝ ပိတ်ဆို့ခံလိုက်ရရာ ဟန်ချောင်မှာ ပျံမပြေးနိုင်တော့ဘဲ မြေပေါ် ပြုတ်ကျသွားခဲ့ရလေ၏။ လဲကျနေရာမှ ကတုန်ကရင်ဖြင့် ထလိုက်ပြီး ရှန်ချင်းလော့ကို ကြောက်လန့်တကြားဖြင့် ကြည့်လိုက်ကာ အက်ရှရှအသံဖြင့် အော်ပြောလိုက်လေ၏ “အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်လား”
ဟန်ချောင်သည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇ ကျင့်ကြံသူ တစ်ယောက်ဖြစ်ရာ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်သည်ပင်လျှင် သူ့အား တိုက်ခိုက်မှုတစ်ခုဖြင့် လုံးဝ လှုပ်မရအောင် မလုပ်ဆောင်နိုင်ချေ။ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်သို့ ချိုးဖျက်သွားသော သူမှသာလျှင် သူ့အား ယခုကဲ့သို့ ဖြစ်အောင် လုပ်နိုင်ပေလိမ့်မည်။
ဟန်ချောင်သည် ငတုံးမဟုတ်ရာ ရှန်ချင်းလော့၏ ကျင့်ကြံခြင်းအား ချက်ချင်းပဲ ခန့်မှန်းလိုက်နိုင်လေ၏။
သူ့နှလုံးသားတစ်ခုလုံး ကြောက်ရွံ့မှုတို့ဖြင့် လှိုင်းထန်နေခဲ့လေ၏။ မြင်သူတကာ ငေးမောရလောက်သည့်၊ လွန်စွာကိုမှ အားကောင်းလှသည့် ခွန်အားကို ပိုင်ဆိုင်ထားသော သူမကဲ့သို့ မဟာထွတ်ခေါင် အလှရှင် တစ်ပါးသည် မည်သည့်အတွက် ရှေးဟောင်းတိမ်တိုက်ကျွန်းသို့ ရုတ်တရက် ရောက်ရှိလာခဲ့မှန်း သူနားမလည်နိုင်အောင် ဖြစ်နေခဲ့လေ၏။
ရန်ကိုင်က ဟန်ချောင်းဆီ လမ်းလျှောက်သွားလိုက်ပြီး သူနှင့် (၁၀)မီတာ အကွာတွင် ရပ်လိုက်လေ၏။
“သူ့ကို သွားခွင့်ပေးလိုက်ပါ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ညို့ကဝေ နတ်ဆိုးဘုရင်မကို တောင်းဆိုလိုက်လေ၏။
ရှန်ချင်းလော့က နှစ်လိုစွာ ပြုံးလျက် လက်တစ်ချက် လှုပ်ခါ၍ ဟန်ချောင်အား ချုပ်နှောင်ထားသော ပိုးမျှင်အား ဖြည်ပေးလိုက်လေ၏။
ဟန်ချောင်က ရှန်ချင်းလော့အား ခက်ထန်သည့် အမူအရာဖြင့် တစ်ခဏကြာသည်အထိ စိုက်ကြည့်နေလိုက်ပြီးနောက် သူမဆီမှ မည်သည့် အန္တရာယ်အငွေ့အသက်ကိုမှ မခံစားရသဖြင့် စိတ်သက်သာရာ ရသွားခဲ့ပြီး ယဉ်ယဉ်ကျေးကျေးဖြင့် “အရှင်သခင်မ၊ ရှေးဟောင်းတိမ်တိုက်ကျွန်းဆီ ဘာလို့ ရောက်လာရလဲ ဆိုတာကို သိလို့ရမလားမသိဘူး”
“သူက ကျုပ်ကိုလာရှာတာ” ရန်ကိုင်က ပြန်ပြောလိုက်၏ “အကြီးအကဲဟန် စိုးရိမ်နေစရာ မလိုပါဘူး။ သူ ရှေးဟောင်း တိမ်တိုက်ကျွန်းကို ဒုက္ခရောက်အောင် လုပ်မှာမဟုတ်ဘူး”
“မင်းကို လာရှာတာလား” ဟန်ချောင် ကြက်သေသေသွားခဲ့ပြီး သာမန်နှင့် နည်းနည်းမျှပင် ကွာခြားမှုမရှိသည့် သူ့ရှေ့တွင် ရှိနေသော လူငယ်လေးအား ဝေ့ကြည့်လိုက်၏။ တစ်ခဏ ကြာသည်အထိ လက်ရှိ အခြေအနေအား မည်သို့မှ နားမလည်နိုင်အောင် ဖြစ်နေခဲ့လေ၏။
ရှေးဟောင်းတိမ်တိုက်ကျွန်းထဲသို့ ဝင်လာစဉ်က ရန်ကိုင်သည် ကျင့်ကြံခြင်း မရှိသည့် သာမန်သေမျိုးတစ်ယောက်နှင့် နည်းနည်းမျှပင် ခြားနားမှုမရှိရာ ဟန်ချောင်သည်လည်း ရန်ကိုင်သည် သာမန်တံငါသည် တစ်ယောက်ဟုသာ ယုံကြည်သွားခဲ့လေ၏။ ကျုံးမြောင်က တောင်းဆိုခဲ့သည့် အတွက်ကြောင့် ရန်ကိုင်အား သူ့ဒေါင်းများကို စောင့်ရှောက်စေရင်း ရှေးဟောင်းတိမ်တိုက်ကျွန်းတွင် နေခွင့်ပေးခဲ့ခြင်း ဖြစ်လေ၏။ ထို့ကြောင့် ထိုကဲ့သို့ လူတစ်ယောက်ကို အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်က ရုတ်တရက်ကြီး လာရှာလိမ့်မည် သူဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။
ထို့ပြင် ထိုအင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်သည် သူ့စကားကို တော်တော်လေး နာခံနေပုံရ၏။
သူဘယ်သူများလဲ ဟန်ချောင်း မစဉ်းစားပဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။
ပါစပ်ဟပြီး စကားထပ်ပြောဖို့ လုပ်မည်အပြုမှာပင် အဝတ်စ လှုပ်ခတ်သံတို့ ထွက်ပေါ်လာခဲ့လေ၏။ ဟန်ချောင်၏ အစောပိုင်းတုန်းက အော်သံသည် ကျွန်းတွင်ရှိနေသော အခြားပညာရှင်များစွာကို နိုးကြား သွားစေခဲ့ရာ ကျွန်းသခင်နှင့် အကြီးအကဲများစွာတို့သည် ဟန်ချောင် ရှိရာဆီသလို့ အလျင်စလို ပြေးလာခဲ့ကြလေ၏။
ဂူဖုန်းသည် အရပ်ရှည်၍ ထွားကြိုင်းသော လူတစ်ယောက် ဖြစ်၏။ သူသည် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင် တစ်ယောက်ဖြစ်၍ ကျန်အကြီးအကဲများသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၈၊ အဆင့်၉ ကျင့်ကြံသူများ ဖြစ်ကြလေ၏။
ထိုလူများသည် ရှေးဟောင်းတိမ်တိုက်ကျွန်း၏ အားအကောင်းဆုံး လူများဖြစ်ကြ၍ သူတို့တစ်တွေသည် ရှေးဟောင်းတိမ်တိုက်ကျွန်း၏ အခြေခံ အုတ်မြစ်များ ဖြစ်ကြပေ၏။
“အကြီးအကဲဟန်၊ ဘာဖြစ်လို့လဲ” ရောက်သည်နှင့် ဂူဖုန်းက အလျင်စလို မေးလိုက်၏။ ကျန်သည့် အကြီးအကဲများသည်လည်း သိချင်စိတ်ဖြင့် ဟန်ချောင်အား ကြည့်လိုက်ကြ၏။
ဟန်ချောင်က ပြန်ပြောမည်အပြု၊ ဂူဖုန်းသည် ရှန်ချင်းလော့အား မြင်သွားခဲ့ပြီး အလန့်တကြား လေသံဖြင့် “ဒီလောလှတဲ့ မိန်မလှလေး တစ်ယောက် ဒီလောကကြီးမှာ တကယ်ပဲ ရှိတာလား”
ဂူဖုန်းသာမက ကျန်အကြီးအကဲများသည်လည်း လျှပ်စစ်နှင့် အတို့ခံလိုက်ရသည့်အလား မှင်သက်အံ့ဩ နေခဲ့ကြလေ၏။ ရှန်ချင်းလော့၏ ညို့ဓါတ်သည် လွန်စွာကိုမှ အားကောင်းလှရာ မည်သည့် ယောကျာ်းသားကမှ သူမ၏ဆွဲဆောင်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ထိုစကားများကို ပြောပြီးသည်နှင့် ဂူဖုန်းက သည်းလှိုက်အူလှိုက် ရယ်မောလိုက်ပြီး “သူ့ကို အကြီးအကဲဟန် ဘယ်ကနေ ရှာလာတာလဲ။ ဒီကျွန်းသခင်က သူ့ကို ငါ့ရဲ့ ကိုယ်လုပ်တောင်အဖြစ် ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံပေးရမှာပေါ့”
ပြောပြီးသည်နှင့် ရှန်ချင်းလော့ဆီ ပြေးသွားလိုက်လေ၏။
“ကျွန်းသခင်၊ ခင်ဗျားအဲ့လို မလုပ်ရ…” ဟန်ချောင် မျက်နှာပြင် တစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ဂူဖုန်းကို အသည်းအသန် ကြိုးစားဟန့်တား လိုက်လေ၏။
ဘုန်း…
ခပ်သဲ့သဲ့ မြည်သံနှင့်အတူ မည်သူမှ မတုန့်ပြန်နိုင်သေးခင်မှာပင် ဂူဖုန်းသည် နာနာကျင်ကျင် အော်ဟစ်လျက် လေထဲကျွမ်းပြန်ရင်း အနီးရှိ ပင်လယ်ထဲသို့ ပြုတ်ကျသွားခဲ့လေ၏။
ဂူဖုန်း မည်ကဲ့သို့ တိုက်ခိုက်ခံလိုက်ရသည်ကို မည်သူမှ မတွေ့ခဲ့ကြချေ။ သူတို့ မြင်လိုင်ရသည်ဆို၍ ရှန်ချင်းလော့ သူမ၏ လက်လေးအား လှုပ်ရမ်းလိုက်သည်သာ ဖြစ်၏။
“အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်လား” ကျန်သည့် အကြီးအကဲအားလုံး ထိတ်လန့်တကြား ထအော်လိုက်၍ ရှန်ချင်းလော့အား ကြောက်ရွံ့တုန်လှုပ်မှုအပြည့်ဖြင့် စိုက်ကြည့်လိုက်ကြ၏။ ထိုငယ်ရွယ်လှပသည့် မိန်းမပျိုလေးကို မည်သူမှ သွားအထင်မသေးရဲကြတော့ချေ။
ဟန်ချောင်သည် ပါးစပ်အဟောင်းသာဖြင့် ဂူဖုန်း ပြုတ်ကျသွားသည့် နေရာဆီ ငေးကြည့်နေလိုက်လေ၏။ သူနဖူးတစ်ခုလုံးသည်လည်း ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့လေ၏။
သွားပြီ… ကျွန်းသခင်သည် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်အား တကယ်ပင် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုခဲ့လေသည်။ ယနေ့ ရှေးဟောင်းတိမ်တိုက်ကျွန်း တစ်ခုလုံး သွေးပင်လယ် ဝေပေတော့မည်။
“အကြီးအကဲတို့၊ နောက်တစ်ကြိမ် ကျုပ်မိန်းမကို ထပ်စော်ကား ရဲမယ်ဆိုရင် အခုလိုမျိုး လွင့်ပျံထွက်သွားတာလောက်နဲ့ အဆုံးသတ်မှာ မဟုတ်တော့ဘူးနော်” ရန်ကိုင်က ရှေ့တက်၍ အကြီးအကဲများအား စူးစူးရဲရဲ စိုက်ကြည့်လျက် သွားကြားထဲမှ ထွက်သည့် လေသံဖြင့် ပြောလိုက်၏။
ရန်ကိုင်စကား ကြားသည့်အခါမှပင် ဟန်ချောင်း အသိပြန်ဝင်လာခဲ့ပြီး အလျင်စလို ပြန်ပြောလိုက်လေ၏ “ကျုပ်တို့ နားလည်ပါတယ်”
တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲမှ သံသယလှိုင်းတို့သည် ပို၍ ပြင်းထန်သထက် ပြင်းထန်လာခဲ့လေ၏။ သာမန်သာ ထင်ရသော ထိုလူငယ်လေးသည် အားကောင်းလှပြီး မှင်သက်ဖွယ် ကောင်းလောက်အောင် လှပေသော ထိုအမျိုးသမီးကို သူ၏ မိန်းမအဖြစ် ပြောဆိုရဲပေ၏။ တစ်ဖက်လူသည်လည်း ကန့်ကွက်ဖို့ရာ နည်းနည်းမှပင် ကြိုးစားခြင်း မပြုခဲ့ချေ။
ရှန်ချင်းလော့ဆီ တစ်ချက် ချောင်းကြည့်လိုက်ရာ ရှန်ချင်းလော့၏ မျက်နှာတစ်ခုလုံးသည် အပြုံးပန်းတို့ဖြင့် ဝေဆာနေသည်ကို ဟန်ချောင် အံ့အားသင့်စွာ တွေ့ရှိလိုက်ရလေ၏။
“အရှင်သခင်က ဘာရည်ရွယ်ချက်နဲ့ ရှေးဟောင်းတိမ်တိုက်ကျွန်းဆီ ရောက်လာရလဲ ဆိုတာကို ဒီလူအိုကြီးဟန် မေးလို့ရမလား” ဟန်ချောင်က ကြောက်စိတ်ကို တတ်နိုင်သလောက် ထိန်းထားရင်း မေးလိုက်လေ၏။ ထိုလူငယ်လေး ရှေးဟောင်းတိမ်တိုက်ကျွန်းတွင် ရှိနေသည်မှာ (၆)လလောက် ရှိနေခဲ့လေပြီ။ သို့သော် ယခုမှ သူ၏ အဆင့်အတန်းကို သူသိရ၏။ သူဘာတွေ ကြံနေသနည်း။ ရှေးဟောင်းတိမ်တိုက်ကျွန်းသည် သူတို့လို ပုဂ္ဂိုလ်ကြီးများကို ဆွဲဆောင်နိုင်သော ပစ္စည်းတစ်ခုခုကို ပိုင်ဆိုင်ထားလေသလော။
ကျန်သည့် အကြီးအကဲများသည်လည်း ရန်ကိုင်၏ ရည်ရွယ်ချက်နှင့် ပက်သက်၍ လွန်စွာကိုမှ စိုးရိမ်နေခဲ့ကြလေ၏။ ထိုလူများစွာသည် လွန်စွာကိုမှ စိုးရိမ်နေရာ ပင်လယ်ထဲ ကျသွားသည့် ဂူဖုန်းကိုပင် မကယ်နိုင်သေးချ။
“ဒဏ်ရာရသွားပြီး ရှေးဟောင်းတိမ်တိုက်ကျွန်းဆီ မတော်တဆ ရောက်လာခဲ့တာ။ ကျုပ်ဒီကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတာ မဟုတ်ဘူးဆိုတာကို အကြီးအကဲဟန် စိတ်ချထားလို့ရတယ်” ရန်ကိုင်က ပြန်ပြောလိုက်၏။ တစ်ခဏတာ တုန့်ဆိုင်းတွေဝေ နေပြီးသည့်နောက် ဆက်၍ ပြောလိုက်လေ၏ “ကဲ၊ အားလုံးက ဒီအတိုင်းအတာအထိ ဖြစ်လာပြီ ဆိုမှတော့ လီယွမ်ချွန်ကို ကျုပ်တွေ့ချင်တယ်။ ခင်ဗျားတို့ထဲက ဘယ်သူကမျာ သူ့ဆီ သတင်းစကား ပါးပေးလို့ ရမလဲ”
“လီယွမ်ချွန်လား” ဟန်ချောင် မျက်ခုံးကြုံးသွားခဲ့ပြီး တစ်ခဏ ကြာပြီးသည့်နောက် အံ့အားသင့်တကြီး ပြန်အော်မေးလိုက်လေ၏ “မဟာထွတ်မြတ်တော်ဂိုဏ်းက စီနီယာလီကို ပြောချင်တာလား”
“မဟာထွတ်မြတ်တော်ဂိုဏ်းဆီ သူပြန်ရောက်လောက်ပြီလား၊ မရောက်သေးဘူးလား” ရန်ကိုင်က မေးလိုက်လေ၏။
“စစ်ပွဲပြီးလို့ တစ်လလောက်ကြာတဲ့အထိ နင်ပေါ်မလာတော့ လီယွမ်ချွန်နဲ့ ကျန်တဲ့လူတွေလည်း ဗဟိုမြို့တော်ကနေ ပြန်ထွက်သွားခဲ့ကြတယ်” ရှန်ချင်းလော့က အသာအယာ ပြန်ပြောလိုက်၏။
“အဲ့လိုဆို ကောင်းတာပေါ့” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၍ ဟန်ချောင်ကို လှမ်း၍ ကြည့်လိုက်လေ၏။
ဟန်ချောင်က သူ့နဖူးထက်ချွေးအေးများကို အလျင်စလိုသုတ်၍ စိုးရိမ်တကြီးဖြင့် ပြန်ပြောလိုက်လေ၏ “ ဒီဟန် မလေးစားသလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးပါ အရှင်သခင်မ။ အရှင်သခင်မ ဘယ်သူ ဆိုတာကိုမသိပဲ စီနီယာလီကို ဘယ်လို အကြောင်းကြားပေးရမှာလဲ။ ပြီးတော့ မဟာထွတ်မြတ်တော်ဂိုဏ်းက အဆုံးမဲ့ပင်လယ်ကျွန်းရဲ့ မဟာအင်အားစုကြီး တစ်ခုဆိုတော့ ကျုပ်တို့ လွတ်လွတ်လပ်လပ် သွားလို့လာလို့ ရတဲ့ နေရာတစ်ခုလည်း မဟုတ်ဘူး။ မဟာထွတ်မြတ်တော် ဂိုဏ်းသားတွေထဲမှာတောင် စီနီယာလီက အဆင့်အတန်း အမြင့်ဆုံးထဲ ပါတယ်။ ကျုပ်ကြောက်တာက… ကျုပ်တို့ အဆုံးမဲ့ပင်လယ်ကျွန်းက လူတွေအနေနဲ့ စီနီယာလီနဲ့တောင် တွေ့ခွင့်မရမှာကိုပါ။ အရှင်သခင်မသာ စီနီယာလီနဲ့ သိရင်၊ ကိုယ်တိုင်သွားလိုက်တာ ပိုမကောင်းဘူးလားဟင်”
ယဉ်ယဉ်ကျေးကျေး ပြောနေသော်ငြား သူ၏ ရည်ရွယ်ချက်သည် ရန်ကိုင်အား ဤနေရာမှ မြန်နိုင်သမျှ မြန်မြန် ထွက်သွားစေဖို့ပါ။
“ရန်ကိုင် သူ့ကို တွေ့ချင်နေတယ်လို့သာ ပြောလိုက်။ သူလာတာ၊ မလာတာက သူ့ကိစ္စပဲ”
“မသွားသေးဘူးလား” ရှန်ချင်းလော့ ဟန်ချောင်းဆီ မျက်လုံးမှေးစဉ်း၍ လှမ်းကြည့်လိုက်၏။
“သွား၊ သွားပါတော့မယ်…” ဟန်ချောင်းလည်း လေထဲ ခုန်တက်လိုက်ပြီး မဟာထွတ်မြတ်တော်းဂိုဏ်း ရှိရာဆီ အလျင်စလို ပျံသန်းသွားလိုက်လေ၏။
ရှန်ချင်းလော့ဆီကနေ ခံစားနေရသည့် ဖိအားသည် လွန်စွာကိုမှ ပြင်းထန်လှရာ ဟန်ချောင်အနေဖြင့် ဘာဆိုဘာမှ မလုပ်နိုင်ချေ။ ယခု ထိုနေရာမှ ထွက်လာနိုင်မည့် အခွင့်အရေးကို ရရှိလိုက်ပြီဖြစ်ရာ ဟန်ချောင်းလည်း ထိုအခွင့်အရေးကို မည်သည့်အတွက်ကြောင့် လက်လွှတ်ခံရမည်နည်း။
အရှိန်မြှင့် ပျံသန်းနေသည့်အခါမှပဲ သူ့တစ်ကိုယ်လုံး ချွေးအေးတို့ဖြင့် စိုရွှဲနေသည်ကို ဟန်ချောင် နားလည်သွားခဲ့လေ၏။
ဟန်ချောင် ထွက်သွားပြီးနောက် ကျန်သည့် အကြီးအကဲများ အားလုံး အကြည့်ချင်း ဖလှယ်လိုက်ကြ၍ သူတို့ထဲက တစ်ယောက်မှ ရှေ့တက်ကာ “အကြီးအကဲဟန်ပြန်မလာခင်၊ အရှင်သခင်မအနေနဲ့ အဓိကဘုရားကျောင်း ခန်းမထဲမှာ နားနေချင်လား မသိဘူး။ ဒါမှပဲ အိမ်ရှင်အနေနဲ့ ဧည့်ဝတ်ကျေမှာပေါ့”
“ကောင်းပြီလေ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်၏။
“နောက်က လိုက်ခဲ့ပေးပါ”
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၉၈) မျက်ကန်း ခွေးတစ်သိုက်
~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကိုင်သည် စားပွဲခုံထိပ်ဘက်တွင် ထိုင်နေခဲ့ပြီး ရှန်ချင်းလော့နှင့် ပီလော့သည် အစေခံများပမာ သူ၏ နောက်ဘက်တွင် တူယှဉ်တွဲ ရပ်နေခဲ့ကြ၏။
ရှေးဟောင်းတိမ်တိုက်ကျွန်းမှ အကြီးအကဲများ အားလုံးသည် ရင်တထိတ်ထိတ်ဖြင့် ထိုင်နေလျက် ရန်ကိုင်အား တတ်နိုင်သမျှ မရိုမသေ မဖြစ်မိအောင် ဂရုစိုက်နေခဲ့ကြ၏။
အစေခံများသည် သူတို့တစ်တွေကို လက်ဖက်ရည်ကြမ်း ငှဲ့ပေး၍ စားကောင်းသောက်ဖွယ်များ တည့်ခင်းပေးခဲ့သလို အကြီးအကဲများကမူ အမျိုးမျိုး နှုတ်ဆက်စကားတို့ကို ဆိုခဲ့ကြ၏။ သို့သော်ငြား ရန်ကိုင်က စကားအနည်းငယ်သာ ပြော၍ နောက်တစ်ကြိမ် ထပ်မံ တိတ်ဆိတ်သွားခဲ့ လေပြန်ရာ အခန်းတစ်ခုလုံး၏ အခြေအနေသည် တစ်မျိုးတစ်မည် ထူးဆန်းနေခဲ့လေ၏။
ထိုတိတ်ဆိတ်မှုကြောင့် အကြီးအကဲများ၏ မျက်နှာထက် ချွေးသီးတို့ ဖြင့် လှိုက်သီးနေခဲ့ပြီး တံခါးပေါက်ရှိရာဆီ အကြည့်တကြည့်ကြည့် လုပ်နေခဲ့ကြလေ၏။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးခဲ့ကြသလို ဟန်ချောင် မြန်မြန်ပြန်လာပါစေ ဟုလည်း စိတ်ထဲမှ အဆက်မပြတ် ဆုတောင်းနေခဲ့လေ၏။
နှစ်နာရီလောက် စောင့်ဆိုင်းပြီးသည့် အချိန်ထိပင် ဟန်ချောင် ပေါ်မလာသေးချေ။
ခန်းမထဲတွင် ရှိနေသော အကြီးအကဲ အားလုံး ပင်အပ်၊ သံချောင်း တွေပေါ် ဖင်ခုထိုင်နေရသလို ခံစားခဲ့ရ၏။ သူတို့၏ လက်ဝါးများသည် ချွေးစေးတို့ဖြင့် စိုရွှဲနေခဲ့သော်လည်း စိတ်ခိုင်ခိုင်ထား၍ ဟန်ချောင် ပြန်လာမည်ကို ဆက်လက် စောင့်ဆိုင်းနေခဲ့၏။
ဘုရားကျောင်းခန်းမ အပြင်ဘက်တွင် ဂူဖုန်းသည် ဘေးပတ်လည်ကို စိုးရိမ်တကြီးဖြင့် လှည့်ပတ်ကြည့်နေခဲ့၏။ သူ့မျက်နှာတစ်ခုလုံး နောင်တ၊ ကြောက်ရွံ့မှု၊ တွေဝေမှုတို့ဖြင့် ရောထွေး ပြည့်နှက်နေခဲ့လေသည်။
အစောပိုင်းတုန်းက သူသည် မစဉ်းမစား မဆင်ခြင်ပဲ ရှန်ချင်းလော့ဆီ ပြေးဝင်သွားခဲ့ရာ စိတ်ပျက်ဖွယ်ရာ ယင်ကောင်တစ်ကောင်ပမာ လွင့်ပျံ ထွက်သွားခဲ့ရသည်နှင့် အဆုံးသတ်ခဲ့ရ၏။ ပင်လယ်ထဲမှ ပြန်တက်လာ၍ ရှေးဟောင်းတိမ်တိုက်ကျွန်းဆီသို့ ရောက်ရှိလာပြီးနောက် သူ့အား လွင့်ပျံထွက်အောင် လုပ်ခဲ့သော မိန်းမငယ်လေးသည် ရှေးဟောင်း တိမ်တိုက်ကျွန်း၏ အဓိကခန်းမတွင် ဧည့်သည်တစ်ယောက်အဖြစ် ရှိနေသည်ကို သူကြားသိလိုက်ရ၏။
သူမ ဘယ်သူဘယ်ဝါ ဆိုသည်အား မခန့်မှန်းနိုင်သလို သူမ၏ နောက်ခံကိုလည်း မသိသေးရာ ဂူဖုန်းအနေဖြင့် ခန်းမထဲသို့ မဝင်သွားရဲချေ။ ထိုကဲ့သို့သော မိန်းမတစ်ယောက်ကို ကြံရွယ်မိသည့် သူကိုယ်သူသာ တိတ်တဆိတ် အပြစ်တင်ကျိန်ဆဲ နေခဲ့လေ၏။
တစ်ခဏကြာပြီးနောက် အရှိန်အဝါနှစ်ခု အလျင်အမြန် ချဉ်းကပ် လာနေသည်ကို တုဖုန်း အာရုံခံမိလိုက်၏။
ခေါင်းမော့ကြည့်လိုက်ရာ ဟန်ချောင်းနှင့် မဟာထွတ်မြတ်တော် ဂိုဏ်းမှ လီယွမ်ချွန်ကို တွေ့လိုက်ရ၏။
ဂူဖုန်း ရုတ်တရက် ဆိုသလို အလွန်အပျော်သွားခဲ့ကာ သူ့မျက်နှာထက် လေးစားကြည်ညိုသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေ၏။ သို့သော်ငြား သူ့ဘက်မှ မနှုတ်ဆက် ရသေးခင်မှာပင် လီယွမ်ချွန်က သူ့ကို ကြည့်၍ ဒေါသတကြီး အော်ဟစ်လိုက်ပြီး “ဂူဖုန်း၊ မင်းက တော်တော်ကို ရဲနေတယ်ပေါ့”
“အာ” ဂူဖုန်း ကြက်သေသေသွားခဲ့၏။ မဟာထွတ်မြတ်တော် ဂိုဏ်း၏ အကြီးအကဲချုပ်ဖြစ်သော လေးစားရသည့် စီနီယာလီက မည်သည့် အတွက်ကြောင့် သူ့အား ရုတ်တရက်ကြီး ဆူပူကြိမ်းမောင်းနေသည်ကို ဂူဖုန်း နားမလည်နိုင်ခဲ့ချေ။
မျက်တောင် တစ်ခတ်အတွင်းမှာ လီယွမ်ချွန် ဂူဖုန်းရှေ့ ရောက်ရှိ လာခဲ့၏။ ရောက်ရောက်ချင်းမှာပင် လီယွမ်ချွန်က စကားတစ်ခွန်းမှပင် မဆိုပဲ ဂူဖုန်း၏ပါးကို ဖြတ်ရိုက်ချလိုက်လေသည်။
“ဟန့်၊ ဒါက သင်ခန်းစာ သေးသေးလေးပဲ ရှိသေးတယ်” လီယွမ်ချွန်က အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “မင်းကို ဘယ်လို အပြစ်ပေးရမလဲ ဆိုတာကတော့ သခင်လေးရဲ့ စိတ်အခြေအနေ ပေါ်မှာပဲ မူတည်လိမ့်မယ်။ မနက်ဖြန် နေထွက်တာကို မြင်ရပါစေလို့သာ ကြိတ်ဆုတောင်းထားပေတော့”
“စီနီယာလီ…” ဂူဖုန်းက ရောင်ကိုင်းတက်လာသည့် ပါးကိုထိရင်း လီယွမ်ချွန်အား ထိတ်လန့်တကြားဖြင့် ကြည့်လိုက်လေ၏။ သူ့စိတ်ထဲတွင် လီယွမ်ချွန် ရှေးဟောင်းတိမ်တိုက်ကျွန်းသို့ ရောက်ရှိလာသည်မှာ သူတို့အား ကူညီဖို့ရာဟု ထင်နေခဲ့ခြင်း ဖြစ်၏။ တကယ်တော့ သူတို့ အားလုံးသည် အဆုံးမဲ့ပင်လယ်ကျွန်းသားများပင် ဖြစ်လေသည်ကိုး။
လီယွမ်ချွန်သာ ရှိနေခဲ့လျှင် ထိုစုန်းမသည်လည်း ဇွတ်တရွတ် လှုပ်ရှားဝံ့လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား ရောက်ရောက်ချင်း လီယွမ်ချွန် လုပ်လိုက်သည်အား သူကို ဆူပူကြိမ်းမောင်းခြင်းနှင့် သူ့ပါးကို ဖြတ်ရိုက်ချလိုက်ခြင်းပင် ဖြစ်၏။
ထိုကဲ့သို့ အဆက်ဆံခံရလျှင်ပင် ဂူဖုန်းအနေဖြင့် ပြန်ပြီး စောဒက မတက်ရဲပါချေ။ အဘယ်ကြောင့်ဆိုသော အဆုံးမဲ့ပင်လယ်ကျွန်းတွင် မဟာထွတ်မြတ်တော်ဂိုဏ်းသည် တစ်ဦးတည်းသော အရှင်သခင် ဖြစ်နေသောကြောင့်ပင် ဖြစ်၏။ ထိုဂိုဏ်းတွင် အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် သုံးယောက်ပင် ရှိနေခဲ့၏။ ထိုသုံးယောက်ကို သာမန်လူတွေအနေဖြင့် မြင်ရခဲ၏။ ယခု လီယွမ်ချွန် ရှေးဟောင်းတိမ်တိုက်ကျွန်းသို့ ခြေချလာသည်ကပင် ဂူဖုန်းကို မျက်နှာသာ ပေးရာ ရောက်နေခဲ့လေပြီ။
ဟန်ချောင်ကမူ ထိုရယ်စရာ မြင်ကွင်းအား ဘေးကနေသာ တိတ်တဆိတ် ကြည့်နေခဲ့၏။ ထိုမြင်ကွင်းကို ကြည့်လျက် ဟန်ချောင် မပြုံး၍ မနေနိုင်အောင် ဖြစ်သွားခဲ့၏။
မဟာထွတ်မြတ်တော်ဂိုဏ်းသို့ သွား၍ လီယွမ်ချွန်ကို သွားရှာသည့် အခါ သူမျှော်လင့်ထားသလိုပင် အပြင်ဘက် ဝင်ပေါက်မှာတင် တားဆီး ခံခဲ့ရ၏။
ဟန်ချောင်းလည်း ရွေးချယ်စရာ မရှိသည်နှင့် အတင်းအကြပ် တိုးဝင်ခဲ့ရာ မဟာထွတ်မြတ်တော်ဂိုဏ်းမှ လက်ရွေးစင် ကာကွယ်သူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလေ၏။
သို့သော်ငြား ထိုဆူညံသံများသည် များစွာသော အကြီးအကဲများကို အလန့်တကြား ဖြစ်သွားစေခဲ့လေ၏။ ဟန်ချောင်လည်း သူမည်သည့် အတွက်ကြောင့် ရောက်ရှိလာရသည်ကို ရှင်းပြလိုက်ရာ သူကို ချက်ချင်း လွှတ်ပေးခဲ့ပြီး အကြီးအကဲများသည် လီယွမ်ချွန်အား ချက်ချင်း သွားအသိ ပေးခဲ့လေ၏။
ဗဟိုမြို့တော်ဆီသို့ သွားခဲ့သော အဆုံးမဲ့ပင်လယ်ကျွန်း အဖွဲ့သား တွေထဲတွင် ရှေးဟောင်းတိမ်တိုက်ကျွန်းမှ တစ်ဦးတစ်လေပင် မပါဝင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ထွတ်မြတ်ရတနာဖြစ်သည့် ကျိုးပျက်လပြောင်းလဲခြင်း ကျင့်စဉ်အား ပြန်လည် ရှာတွေ့ခဲ့ပြီးပြီ ဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် သူတို့အနေဖြင့် ဗဟိုမြို့တော်ဆီ သွားရန် မလိုခဲ့ချေ။ သို့သော်ငြား မဟာထွတ်မြတ်တော် ဂိုဏ်းကမူ ထိုကဲ့သို့ မဟုတ်ခဲ့ချေ။
ရှေးဟောင်းတိမ်တိုက်ကျွန်းမှ လူများသည် ရန်ကိုင်နှင့် ရှန်ချင်းလော့ အကြောင်း မသိနိုင်သော်ငြား မဟာထွတ်မြတ်တော်ဂိုဏ်းကမူ ထိုနှစ်ယောက်အကြောင်း ကောင်းစွာသိ၏။
ရန်ကိုင် ရောက်နေသည်ဟု ကြားလိုက်သည်နှင့် လီယွမ်ချွန်လည်း ရှေးဟောင်းတိမ်တိုက်ကျွန်းဆီသို့ အလျင်စလို ပြေးထွက်သွားလေ၏။ လမ်းတစ်လျှောက်တွင်လည်း ထိုကဲ့သို့သော အရေးကြီးကိစ္စကို ရှင်းရှင်းလင်းလင်း မပြာပဲ နှောင့်နှေးနေရသလားဟု ဟန်ချောင်ကို တရစပ် ပြစ်တင်ပြောဆိုသွားခဲ့လေ၏။
လီယွမ်ချွန်၏ လွန်လွန်ကဲကဲ အပြုအမူကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်နှင့် ရှန်ချင်းလော့တို့သည် ရိုးရှင်းသောလူများ မဟုတ်ကြောင်း ဟန်ချောင် နားလည်လိုက်၏။
လီယွမ်ချွန် ရှေးဟောင်းတိမ်တိုက်ကျွန်းသခင်အား ပါးရိုက်ခဲ့သည့် အဖြစ်အပျက်ကို ကြည့်ရုံနှင့်ပင် ထိုလူငယ်နှင့် မိန်းမပျိုလေး မည်မျှ အရေးပါသည်ကို သိနိုင်၏။
စီနီယာလီပင် သူတို့တစ်တွေအား ယခုကဲ့သို့ ဆက်ဆံရအောင် သူတို့၏ နောက်ခံကာ မည်မျှကြီးကျယ်လိုက်လေမည်နည်း။
“ဒီလူအိုကြီးနဲ့ အထဲကိုလိုက်ခဲ့ အသုံးမဝင်တဲ့ကောင်” လီယွမ်ချွန်က ဒေါသတကြီး အော်ပြောလိုက်ပြီး အထဲကို ဝင်သွားလိုက်လေ၏။
ဂူဖုန်းသည် ပါးလေးကိုပွတ်လျက် နာကျင်ကို အောင့်အည်းခံရင်း လီယွမ်ချွန်နောက်ကနေသာ လိုက်သွားခဲ့လေ၏။
ဟန်ချောင်လည်း အသက်ပြင်ပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး အထဲသို့ လိုက်ဝင်သွားခဲ့လေ၏။
ခန်းမအတွင်း၌ ရှိနေသူများသည် အပြင်ဘက်မှ ဆူညံသံများအား ကြားခဲ့လေ၏။ ရှေးဟောင်းတိမ်တိုက်ကျွန်း အကြီးအကဲအားလုံး၏ အမူအရာများသည်လည်း အရုပ်ဆိုး မဲမှောင်နေခဲ့ကြလေ၏။ သူတို့၏ ကျွန်းသခင်ကို ပါးရိုက်သွားသော လူသည် လီယွမ်ချွန် ဖြစ်နေလေရာ မည်သူကမှ သူ့ကို သွား၍ အပြစ်တင်မပြောဆိုရဲချေ။
ရန်ကိုင်နှင့် ရှန်ချင်းလော့ကို ကြည့်သည့် သူတို့၏ အကြည့်များသည်လည်း ပို၍ လေးနက်တည်ကြည်လာသလို ထိုအကြည့်တွေထဲ လေးစားသည့် အရိပ်အယောင်တို့လည်း ပါဝင်လာခဲ့လေ၏။
တစ်ဖက်တွင်မူ ရန်ကိုင်က ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်လေ၏။ လီယွမ်ချွန် အနေဖြင့် ဂူဖုန်းအား ဒေါသတကြီး အော်ဟစ်ဆူပြ ကြိမ်းမောင်ခြင်းသည် ရန်ကိုင်အစား ပြစ်တင်ပြောဆို ပေးသလို ဖြစ်သလို ဂူဖုန်းအား တစ်ဖက်တစ်လှမ်းမှ ကာကွယ်ခြင်း မည်ပေ၏။ လီယွမ်ချွန်သည် ရန်ကိုင်၏ စရိုက်အကြောင်း ကောင်းကောင်းသိထားရာ သူသာ ဤနေရာမှ ကိစ္စများကို ကောင်းကောင်း စီမံမကိုင်တွယ်နိုင်ပါက ရှေးဟောင်းတိမ်တိုက်ကျွန်း ဖျက်စီးခံရပေလိမ့်မည်။
ပါးရိုက်ခံရခြင်းသည် မျက်နှာ ပျက်ရသည် ဆိုသော်ငြား အသတ်ခံရသည်ထက်တော့ ပိုကောင်းသေး၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် ခေါင်းခါရမ်းလိုက်၏။ လီယွမ်ချွန်သည် လွန်စွာကိုမှ အကဲပိုနေသည်ဟု သူခံစားရသည်။ သူသည် ထိုကဲ့သို့သော ဘာမဟုတ်သည့် ကိစ္စများကို အမှန်ပင် ဂရုမစိုက်ချေ။
ဟက်ဟက်ပက်ပက် ရယ်မောသံနှင့်အတူ လီယွမ်ချွန် ခန်းမထဲသို့ လမ်းလျှောက် ဝင်လာခဲ့လေ၏။ ရန်ကိုင်နှင့် ရှန်ချင်းလော့ကို မြင်ပြီးနောက် လီယွမ်ချွန်က ပျော်ရွှင်စွာ ပြုံးလျက် “တကယ်ကို သခင်လေးရန်ပဲကိုး။ သခင်လေးရန်လို လူမျိုးက ဒီလောက်ငယ်ငယ်နဲ့ သေမှာမဟုတ်မှန်း ဒီလူအိုကြီး သိသားပဲ။ အခု သခင်လေး အကောင်းအတိုင်း ရှိနေသေးတာကို မြင်ရတော့ ဒီလူအိုကြီးလည်း စိတ်သက်သာရာ ရသွားတာပေါ့”
“အခုလို စိုးရိမ်ပေးတဲ့အတွက် စီနီယာလီကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျုပ်လည်း ကံကောင်းပြီး သေဘေးကနေ သီးသီးလေး လွတ်လာခဲ့တာလေ” ရန်ကိုင်က မတ်တပ်ရပ်၍ နှုတ်ဆက်လိုက်လေ၏။
“မိန်းမပျို ရှန်ပါလား” လီယွမ်ချွန်က ရှန်ချင်းလော့ဘက်လှည့်၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။
“စီနီယာလီက အရမ်း ယဉ်ကျေးတာပဲ” ရှန်ချင်းလော့ ကျော့ရှင်းစွာဖြင့် ပြန်၍ နှုတ်ဆက်လိုက်လေ၏။
ရန်ကိုင်နှင့် လီယွမ်ချွန်တို့ နှစ်ယောက် မိတ်ဟောင်းဆွေရင်းပမာ ဆက်ဆံပြောဆိုနေသည်ကို တွေ့ရသည့်အခါ ရှေးဟောင်းတိမ်တိုက်ကျွန်းမှ အကြီးအကဲတို့၏ အမူအရာ ထူးဆန်းသွားခဲ့လေ၏။ လီယွမ်ချွန်လို ပုဂ္ဂိုလ်မျိုးကို အဆုံးမဲ့ပင်လယ်ကျွန်းတွင် ရှိသည့် လူတိုင်းလိုလိုက လေးလေးစားစား ဆက်ဆံကြရ၏။ ဂူဖုန်းလို လူမျိုးသည်ပင်လျှင် လီယွမ်ချွန်နှင့် တွေ့သည့်အခါ လေးလေးစားစား ဆက်ဆံရ၏။ သို့သော်လည်း ထိုလူငယ်လေးသည် လီယွမ်ချွန်နှင့် တန်းတူညီတူ ပြောဆိုဆက်ဆံနေခဲ့လေ၏။
ထိုလူငယ်လေးက ဘယ်သူများလဲ။ သူ့ရဲ့ နောက်ခံကကော ဘာများ ဖြစ်လေမလဲ… လူတိုင်း သိချင်မိသွားခဲ့လေ၏။
“မျက်ကန်းနေတဲ့ ခွေးတစ်သိုက်ပဲ” လီယွမ်ချွန်က ဒေါသတကြီး အမူအရာဖြင့် ခန်းမထဲတွင် ရှိနေသူအားလုံးကို အော်ဟစ်လိုက်လေ၏ “ဒီသခင်လေးက ဘယ်သူလဲ ဆိုတာကို မင်းတို့ သိကြရဲ့လား”
“ကျုပ်ကို ရှင်းပြပေးပါ စီနီယာလီ” အားလုံးက လီယွမ်ချွန်အား လေးလေးစားစားဖြင့် မေးလိုက်လေ၏။
“ဒီသခင်လေးက ဗဟိုမြို့တော် ရန်မိသားစုရဲ့ သခင်လေး၊ လက်ရှိ ရန်မိသားစုခေါင်းဆောင်ပဲကွ”
“ဗဟိုမြို့တော် ရန်မိသားစုလား” အားလုံး၏ ပါးစပ်ဖျားဆီမှ အလန့်တကြား အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်အား ထိတ်လန့် တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြလေ၏။
“မင်းတို့ ရှေးဟောင်းတိမ်တိုက်ကျွန်းက ကုန်းတွင်းပိုင်း ခရီးစဉ်တုန်းက မပါဝင်ခဲ့တော့ ဟန်မင်းဆက်အကြောင်း အသေစိတ်ကျကျ မသိထားကြဘူး။ ဒါကြောင့် မသိမိုက်မဲတဲ့ မင်းတို့တွေကိုလည်း ဒီလူအိုကြီး အပြစ်တင်လို့ မရဘူး။ ဒါပေမယ့် ဗဟိုမြို့တော် ရန်မိသားစု၏ မဟာဂျီးနီးယပ် အကြောင်းတော့ ကြားဖူးလောက်မှာပေါ့။ အဲ့ဂျီးနီးယပ်က မင်းတို့ ရှေ့မှာ ရှိနေတဲ့ သခင်လေးပဲကွ”
လီယွမ်ချွန်က ထူးဆန်းစွာ ပြုံးလျက် “အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင် အယောက်(၂၀)ကျော်ရဲ့ ခေါင်းဆောင်က ဒေါင်းတွေကို ပြုစုစောင့်ရှောက်ပေးရတဲ့ တရားမဝင်တပည့် လုပ်နေရတယ်ပေါ့… အဲ့ဒေါင်းတွေက ဘယ်လောက်တောင် ကြီးမြတ်နေလို့ သခင်လေးရန်ကိုယ်တိုင် ပြုစုစောင့်ရှောက် ပေးနေရတာလဲ။ ဟန်ချောင်၊ မင်းဘယ်လို ပြစ်မှုကို ကျူးလွန်ခဲ့လဲ ဆိုတာကို မင်းနားလည်လား”
ဟန်ချောင် ကိုယ်အနှံ့ရှိ မွှေးညင်းပေါက်များမှ ချွေးအေးတို့ စီးထွက်လာခဲ့လေ၏။ အလျင်အမြန် ရှေ့တက်လိုက်၍ ကတုန်ကရင်ဖြင့် “စီနီယာလီ၊ သခင်လေးရန်မှာ ဒီလောက် မြင့်မားတဲ့ အဆင့်အတန်း ရှိမှန်း ကျုပ်မိသခဲ့ဘူး။ သူက သာမန်တံငါသည် တစ်ယောက်လို့ပဲ ကျုပ်ထင်နေခဲ့တာ”
“အဲ့လိုတွေးခဲ့တာလား” လီယွမ်ချွန်က ပြန်၍ လှောင်ပြောင်လိုက်၏ “ဘယ်လောက်တောင် မမြင်တတ်တာလဲကွာ”
“စီနီယာလီ၊ ကျေးဇူးပြုပြီး ဒေါသကို ထိန်းပါဦး” ဟန်ချောင်း မျက်ဝန်းထဲ နာကျင်နေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး စိတ်ဓါတ် ဒုံးဒုံးကျသွားသည့် အမူအရာဖြင့် “ဒီဟန်က အဲ့ဒေါင်းတွေကို ချက်ချင်း သွားသတ်ပစ်လိုက်ပါ့မယ်”
“အဲ့လိုလုပ်ဖို့ မလိုပါဘူး” ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းခါရမ်းလျက် “ကျုပ်ကိုယ်တိုင်ကတော့ ရည်ရွယ်ချက် ရှိရှိနဲ့ ကျုပ်နာမည်ကို ဖုံးကွယ်ပြီး ဒီနေမှာ လာပုန်းနေခဲ့တာ။ အကြီးအကဲဟန် ဘာအမှားမှ မလုပ်ခဲ့ပါဘူး”
“ကျေးဇူးအများကြီး တင်ပါတယ်၊ သခင်လေးရန်ကို ကျေးဇူးအများကြီး တင်ပါတယ်” ဟန်ချောင်က ပြုံးပျော်နေသည့် မျက်နှာဖြင့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်လေ၏။ ထိုဒေါင်းများသည် အဖိုးမတန်သော်လည်း ထိုကောင်တွေက ဟန်ချောင်အတွက် လွန်စွာကိုမှ အရေးကြီးလှပေ၏။ ထို့ကြောင့် ထိုဒေါင်းများကို သူတကယ် မသတ်ရက်ချေ။ ရန်ကိုင်က ယခုလို ပြောလာသည့်အတွက် ဟန်ချောင် ရန်ကိုင်ကို ကျေးဇူးတင်ခဲ့တာ သဘာဝပင် ဖြစ်၏။
“သခင်လေးရန်က အခုလို ပြောနေမှတော့ ကျုပ်ကလည်း ဒီကိစ္စကို ဒီအတိုင်းပဲ ရှိစေလိုက်ရတော့တာပေါ့။ ဂူဖုန်း၊ ဒီကိုလာစမ်း” လီယွမ်ချွန်က ရှေးဟောင်းတိမ်တိုက် ကျွန်းသခင်ဘက်လှည့်၍ အော်ခေါ်လိုက်လေ၏။
“ဂျူနီယာဂူဖုန်း သူ့အပြစ်သူသိပါတယ်” ဂူဖုန်းက လီယွမ်ချွန် ပြစ်တင်ပြောဆိုလာမှာကိုပင် မစောင့်တော့ပဲ သူ့အမှားကို အရင်ဝန်ခံလိုက်လေ “စီနီယာပေးတဲ့ အပြစ်မှန်သမျှကို ဒီဂျူနီယာက တစ်ခွန်းတစ်လေမှ စောဒက မတက်ပဲ ခံယူပါ့မယ်”
ပြောပြီးသည်နှင့် ရှန်ချင်းလော့ဆီ တစ်ချက်လှမ်းကြည့်လိုက်၏။ သူ့တစ်ကိုယ်လုံး မသိမသာလေး တုန်ရင်သွားခဲ့ပြီး ချက်ချင်းဆိုသလို အကြည့်လွှဲပစ်လိုက်လေ၏။
“ခွေးကောင်” လီယွမ်ချွန်က ဒေါသတကြီး အော်ဟစ်လိုက်လေ၏ “စကားနည်းနည်းပါးပါး ပြောလိုက်ရုံနဲ့ မင်းအပြစ်တွေ ကျေသွားမယ် ထင်နေတာလား။ ငါ့လခွမ်းမှပဲ၊ မင်းလို့ ကျွန်းသခင် တစ်ယောက်က ဒီလို စကားမျိုးကို ပြောထွက်ရဲတယ်ပေါ့။ ကောင်းပြီလေ၊ မင်းက အဲ့လို ယူဆထားမှတော့ သခင်လေးရန်သာ အမိန့်ပေးလိုက်သရွေ့ ဒီလူအိုကြီး ကိုယ်တိုင် မင်းကို နောက်ဘဝ ပို့ပေးလိုက်မယ်”
ဂူဖုန်း တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့ပြီး စကားတစ်ခွန်းမှပင် ထပ်မပြောရဲတော့ချေ။
“စီနီယာလီ၊ ဒီကိစ္စလေးတွေနဲ့ အလုပ်ရှပ်ခံနေစရာ မလိုပါဘူး” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ ပြောလိုက်လေ၏။ တကယ်တော့ သူကိုယ်တိုင်ကကို သူ့ကိုယ့်သူ ဖုံးကွယ်ပြီး ကျွန်းတွင် နှစ်ဝက်ကြာသည် အထိ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်၏။ ဂူဖုန်းသည် မမြင်တတ်ခဲ့သော်လည်း သူ၏ အပြုအမူသည် သူ့အား သေမိန့်ပေးရလောက်သည်အထိ မပြင်းထန်ခဲ့ချေ။
လီယွမ်ချွန်က တုန့်ဆိုင်းနေသည့် အမူအရာဖြင့် အသာအယာ ခေါင်းညိတ်လိုက်၍ “သခင်လေးရန်က အခုလို ပြောလာမှတော့ ကြီးတဲ့အမှု ငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေရတာပေါ့”
ဂူဖုန်းက အလျင်စလို ပြောလိုက်လေ၏ “အခုလိုမျိုး ညှာတာပေးလို့ သခင်လေးရန်ကို ကျေးဇူးအများကြီး တင်ပါတယ်”
ရန်ကိုင်က ခေါင်းညိတ်လိုက်၍ ထိုကိစ္စအကြောင်း ဆက်ပြောမနေတော့ချေ။ အဲ့အစား လီယွမ်ချွန်ကို ကြည့်လိုက်၍ “ကျုပ် ခင်ဗျားကို ဘာလို့ ခေါ်လိုက်ရလဲ ဆိုတာကို စီနီယာလီ နားလည်မှာပေါ့”
လီယွမ်ချွန်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး အလျင်အမြန် ခေါင်းညိတ်လိုက်လေ၏ “အင်း၊ သခင်လေးရန် အဆုံးမဲ့ပင်လယ်ကျွန်းဆီ ရောက်လာတယ်လို့ ကြားလိုက်ကတည်းက သခင်လေးရန် ဘာလို့ ရောက်လာလဲ ဆိုတာကို ဒီလူအိုကြီး နားလည်ပြီးသားပါ။ သခင်လေးရန်က ပြောတဲ့အတိုင်း လုပ်တဲ့ လူတစ်ယောက်ပဲ။ အဆုံးမဲ့ပင်လယ်ကျွန်းက ဂိုဏ်းတွေကိုယ်စား ဒီလူအိုကြီးကပဲ သခင်လေးရန်ကိုင်ကို ကျေးဇူးတင်ပါတယ်”
“စီနီယာလီက အရမ်းယဉ်ကျေးနေတာပဲ။ အခက်အခဲတွေ အားလုံးကို ရင်ဆိုင်ကျော်ဖြတ်ပြီးတာနဲ့ အားလုံးကို ပြန်ပေးမယ်လို့ ကျုပ်ပြောခဲ့ပြီးသွားပဲလေ။ ကျုပ်စကားကို မတည်လို့ ဘယ်ဖြစ်ပါ့မလဲ”
လီယွမ်ချွန်မျက်နှာ အပျော်များဖြင့် ပြည့်သွားခဲ့ပြီး ဟက်ဟက် ပက်ပက် ရယ်မောလိုက်လျက် “အဲ့လိုဆိုရင် သခင်လေးကို ဒီမှာ ခဏစောင့်ဖို့ ဒီလူအိုကြီး တောင်းဆိုပါရစေ။ ဒီကို မလာခင်ကတည်းက အဆုံးမဲ့ပင်လယ်ကျွန်းက အခြားဂိုဏ်းတွေဆီ ဒီလူအိုကြီး လူလွှတ် အကြောင်းထားပြီးသားပါ။ နေ့တစ်ဝက်အတွင်း သူတို့တွေ အားလုံး ဒီလို ရောက်လာပါလိမ့်မယ်”
“အလျင်လိုစရာ မလိုပါဘူး” ရန်ကိုင်က ခပ်ယဲ့ယဲ့ ပြန်ပြုံးပြလိုက်၏။
ရှေးဟောင်းတိမ်တိုက်ကျွန်းမှ အကြီးအကဲများသည် ရန်ကိုင် ကိုင်ဆွဲထားသော အင်အားစုများ၏ စွမ်းအားကို သိရှိသွားပြီဖြစ်ရာ သူ့ကို ဆက်၍ အထင်မသေးရဲတော့ချေ။ စားသောက်ပွဲတစ်ခုဖြင့် ရန်ကိုင်ကို တည်ခင်းဧည့်ခံ၍ ထပ်တဲလဲ ခွက်ချင်းတိုက်၊ ခွက်မြှောက်ကြလေ၏။
ရန်ကိုင်သည်လည်း သူတို့၏ ဖိတ်ခေါ်မှုကို မငြင်းဆိုခဲ့ချေ။
မကြာခင်မှာပင် ရန်မိသားစု သခင်လေးသည် မောက်မာပြီး အထက်စီးဆန်သည့် လူငယ်လေးတစ်ယောက် မဟုတ်သည်ကို ရှေးဟောင်းတိမ်တိုက်ကျွန်းမှ အကြီးအကဲများ နားလည်သွားခဲ့ကြ၏။ သင်သာ သူ့ကို လေးလေးစားစား ဆက်ဆံမည်ဆိုလျှင် သူကလည်း လေးလေးစားစားဖြင့် ပြန်၍ ဆက်ဆံပေလိမ့်မည်။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၅၉၉) အဆုံးမဲ့ကျွန်းမှ ဂိုဏ်းများ၏ ထွတ်မြတ်ရတနာများကို ပြန်ပေးခြင်း
~~~~~~~~~~~~~~~~~~~~~~~~~
ဝိုင်တွေသောက်၊ ခွက်တွေမြှောက်လျက် စားသောက်ပွဲကြီး ကျင်းပနေခဲ့၏။
ရှန်ချင်းလော့နှင့် ပီလော့သည်ပင်လျှင် အပျော်အနေဖြင့် ဝိုင်အနည်းငယ်လောက် ဝင်သောက်ကြလေ၏။ ခွက်အနည်းငယ်မျှ သောက်ပြီးသည့်နောက် ညို့ကဝေနတ်ဆိုးဘုရင်၏ မျက်နှာလေးသည် ရီဝေရစ်မူးလာခဲ့၍ ပန်းနီရောင် သန်းလာခဲ့ရာ လွန်စွာကိုမှ ဆွဲဆောင်အား ကောင်းသွားခဲ့သဖြင့် မည်သူမှ သူမ၏မျက်ဝန်းအစုံနှင့် အကြည့်ချင်း မဆုံရဲခဲ့ချေ။
ဝိုင်းသုံးခွက်လောက် သောက်ပြီးနောက် အဆုံးမဲ့ပင်လယ်ကျွန်းမ ကိုယ်စားလှယ်များ ရောက်ရှိလာခဲ့လေ၏။
အသူရာဂိုဏ်းမှ ရီဖုန်း၊ ပန်းကြွေဘုရားကျောင်းမှ ဟွာတွမ့်ဟွန်၊ ရိုးရာနီဂိုဏ်းတော်မှ ရှုချန်ရှီ၊ တိမ်နဂါးကျွန်း၊ ဂျီမနီကျွန်း… စသဖြင့်…
တစ်ယောက်ချင်းစီတိုင်းသည် ရှေးဟောင်းတိမ်တိုက်ကျွန်းတွင် စုဝေးနေခဲ့ကြလေ၏။ အားလုံးသည် လူသိများကျော်ကြားသော အဆုံးမဲ့ပင်လယ်ကျွန်း၏ လက်ရွေးစင်များ ဖြစ်ကြပြီး အများစုသည် ကုန်းတွင်းပိုင်းသို့ ခရီးထွက်ခဲ့စဉ်တွင် ပါဝင်ခဲ့ကြသူများ ဖြစ်၏။
ထိုအဆုံးမဲ့ပင်လယ်ကျွန်း၏ လူသိများ ကျော်ကြားသော လက်ရွေးစင် များသည် အခန်းထဲ ဝင်လာသည့်နှင့် ရန်ကိုင်အား လွန်စွာကိုမှ ရိုရိုသေသေ ဆက်ဆံနေသည်ကို ဂူဖုန်း တွေ့လိုက်ရ၏။
ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် သူ့စိတ်ထဲ ကြွင်းကျန်ရစ်သော မကျေနပ်ချက်တို့ အရှင်း ပျောက်ကွယ်သွားခဲ့ပြီး ကြောက်ရွံ့မှုကော စိတ်သက်သာရာ ရမှုကိုပါ တစ်ပြိုင်တည်း ခံစားလိုက်ရလေ၏။
အဆုံးမဲ့ပင်လယ်ကျွန်းတွင်၊ ထိုတစ်ယောက်ချင်းစီတိုင်းသည် ဂူဖုန်းနှင့် အဆင့်အတန်း အတူတူပင် ဖြစ်၏။ အချို့ဆိုလျှင် သူ့ထက်ပင် ပို၍ အားကောင်း ကျော်ကြားကြလေ၏။ သို့သော်လည်း ထိုသူအားလုံးသည် သခင်လေးရန်ရှေ့၌ လွန်စွာကိုမှ ယဉ်ယဉ်ကျေးကျေးဖြင့် ပြုမူနေလေရာ ဂူဖုန်းလည်း ရှက်ရွံ့စရာ အကြောင်းမရှိချေ။
တစ်ခဏတာမျှ ပြောဆိုဆွေးနွေးပြီးသည့်နောက် ရှေးဟောင်း တိမ်တိုက်ကျွန်း၏ ကျိုးပျက်လပြောင်းလဲခြင်း ကျင့်စဉ်ကို ပြန်ရှာတွေ့ရသည့် အကြောင်းအရင်းမှ ရန်ကိုင်ကြောင့် ဖြစ်ကြောင်း ဂူဖုန်း သိလိုက်၏။
ဂိုဏ်း၏ ထွတ်မြတ်ရတနာ ဖြစ်သော လွန်ခဲ့သည့် နှစ်သုံးရာခန့်က ပျောက်သွားခဲ့သော ကျိုးပျက်လပြာင်းလဲခြင်း ကျင့်စဉ်ကို ရန်ကိုင်က သူတို့ဆီ ပြန်ပေးခဲ့လေ၏။ ထိုအချက်နှင့်ပင်လျှင် သူတို့အနေဖြင့် ရန်ကိုင်ကို လုံးဝ ကျေးဇူးတင်သင့်ပေသည်။
ရန်ကိုင်သည် ထွတ်မြတ်ရတနာများအား တစ်ခုပြီးတစ်ခု ဆက်၍ ထုတ်ယူနေခဲ့လေ၏။ မဟာထွတ်မြတ်တော်ဂိုဏ်း၏ မဟာထွတ်မြတ် တံဆိပ်တော်၊ ပန်းကြွေဘုရားကျောင်း၏ ပွင့်ချပ်တစ်ထောင် သွေးပန်း၊ အသူရာဂိုဏ်း၏ အသူရာဓါး၊ ရိုးရာနီဂိုဏ်းတော်၏ ဂိုဏ်းချုပ်တံဆိပ်ပြား၊ တိမ်နဂါးကျွန်း၏ တိမ်နဂါးကျောက်စိမ်း တံဆိပ်တော်၊ ဂျီမနီကျွန်း၏ ပြန်လည်ဝင်စားခြင်း ရုပ်ပုံတော်…
ထိုထွတ်မြတ်ရတနာများ ထွက်ပေါ်လာသည်နှင့် လူအုပ်ကြီး၏ အသက်ရှူသံ မြန်ဆန်လာခဲ့ပြီး ထိုရတနာများကို စိတ်လှုပ်ရှားစွာ ငေးကြည့်နေခဲ့ကြ၏။
ရန်ကိုင်လည်း မည်သည့် အပိုစကားမှ ပြောဆိုနေခြင်း မပြုပဲ ပစ္စည်းများကို ပိုင်ရှင်အသီးသီးဆီသာ ပြန်ပေးလိုက်လေ၏။
“အသူရာဓါးနဲ့ ပွင့်ချပ်တစ်ထောင် သွေးပန်းကိုတော့ ကျုပ်တစ်ကြိမ် သန့်စင်ထားခဲ့တယ်။ ကျန်တဲ့ ပစ္စည်းတွေကိုတော့ တစ်ချက်ကလေးတောင် မထိရသေးဘူး။ စိတ်ထင့်သလို ခံစားရရင် စစ်ဆေးကြည့်လို့ ရတယ်နော်” ရန်ကိုင်က ပြုံးလျက် လူအုပ်ကြီးကို ကြည့်၍ ပြောလိုက်လေ၏။
“မလိုပါဘူး၊ သခင်လေးရန်ကိုယ်တိုင်က ပြောလာမှတော့ ကျုပ်တို့ဘယ် စစ်ဆေးစရာ လိုပါတော့မလဲ” လီယွမ်ချွန်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေ၏။ ထိုပစ္စည်းများသည် သူတို့အတွက် အဖိုးတန်သော်ငြား ရန်ကိုင်အတွက်တော့ အသုံးမဝင်သည့် ပစ္စည်းများသာ ဖြစ်၏။ ထို့ကြောင် လီယွမ်ချွန်လည်း တော်တော်လေး ယုံကြည်ချက် ရှိခြင်းဖြစ်၏။
ကျန်သူ အားလုံးသည်လည်း ထိုပစ္စည်းများကို စစ်ဆေးစရာ မလိုကြောင်း၊ ရန်ကိုင်ကို အပြည့်အဝ ယုံကြည်ကြောင်း ပြောလိုက်ကြ၏။
နှစ်ရာပေါင်းများစွာ ကြာအောင် ပျောက်ဆုံးနေသော ထွတ်မြတ် ရတနာများကို ပြန်လည် ရရှိပြီးသည့်နောက် အားလုံးသည် ယဉ်ကျေးစွာ ခေါင်းညိတ်လျက် ရန်ကိုင်ကို ကျေးဇူးတင်စကား ဆိုလိုက်လေ၏။
“သခင်လေးရန်၊ ကျုပ်တို့ အဆုံးမဲ့ပင်လယ်ကျွန်းက သခင်လေးအပေါ် အကြွေးအကြီးကြီး တင်သွားခဲ့ပြီ။ နောက်ပိုင်း သခင်လေးရန် လိုတာရှိရင် ကျုပ်တို့ဆီ အကူအညီတောင်းဖို့ တုန့်ဆိုင်းမနေပါနဲ့။ ကျုပ်တို့ဘက်က တတ်စွမ်းသမျှ ကူညီပေးမှာပါ” လီယွမ်ချွန်က ပြောလိုက်လေ၏။ အဆုံးမဲ့ပင်လယ်ကျွန်း၏ ထွတ်မြတ်ရတနာများကို ပြန်ပေးသည့် အတွက်ကြောင့် ယခုကဲ့သို့ ကျေးဇူးတင်စကား ဆိုရခြင်း ဖြစ်သလို ရန်ကိုင်သည် လွန်စွာကိုမှ အလားအလာ ရှိသောကြောင့် ယခုလို ဆိုလိုက်ရခြင်း ဖြစ်၏။
အဆုံးမဲ့ပင်လယ်ကျွန်းသည် ကုန်းတွင်းပိုင်းနှင့် သိပ်၍ အဆက်အဆံ မရှိသော်လည်း ရန်ကိုင်နှင့် မိတ်ဆွေဖွဲ့ထားခြင်းသည် သူတို့အတွက် အကျိုးအမြတ်သာ ရှိ၏။
“အဲ့လိုအချိန် ရောက်လာတဲ့တစ်နေ့ ကျုပ်ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေ၏။
“လုပ်သာလုပ်ပါ”
“စီပွါးရေးကိစ္စလေးတွေ ပြီးသွားပြီဆိုတော့ ကျုပ်လည်း သွားရတော့မှာပေါ့” ရန်ကိုင်လည်း ရှည်ရှည်ဝေးဝေး ပြောမနေတော့ပဲ မတ်တပ်ရပ်၍ ထွက်သွားဖို့ ပြင်လိုက်လေ၏။
လီယွမ်ချွန် အံ့အားသင့်သွားခဲ့ပြီး အလျင်စလို ပြန်ပြောလိုက်လေ၏ “သခင်လေးရန် ဒီလောက်အစောကြီး ပြန်သွားတော့မလို့လား။ ဒီလူအိုကြီးက သခင်လေးရန်ကို မဟာထွတ်မြတ်တော်းဂိုဏ်းဆီ ရက်အနည်းငယ်လောက် ဖိတ်ချင်နေတာ”
“စီနီယာလီရဲ့ ဖိတ်ခေါ်သမှုအတွက် ကျေးဇူးတင်ပေမယ့် စစ်ပွဲပြီးကတည်းက ဗဟိုမြို့တော်ဆီ မပြန်ရသေးတော့ ဆက်ပြီး နှောင့်နှေးမနေသင့်တော့လို့ပါ”
“အဲ့လိုလား…” လီယွမ်ချွန်က နောင်တရနေသည့် အမူအရာဖြင့် “အဲ့လိုဆိုမှတော့ ဒီလူအိုကြီးလည်း ဆက်ပြီး တိုက်တွန်း မနေတော့ပါဘူး။ ဒီနေ့ သခင်လေးရန်ကိုင် ကျုပ်ကိုယ်တိုင် လိုက်ပို့ပေးမယ်။ နောင်ပိုင်း အဆုံးမဲ့ပင်လယ်ကျွန်းကို လာလည်ဖြစ်ရင်းလည်း ကျုပ်တို့ မဟာထွတ်မြတ်တော်ဂိုဏ်းဆီ လာလည်ဖို့ မမေ့နဲ့ဦးနော်”
“အင်း” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
ရန်ကိုင် ဦးဆောင်သည့် လူတစ်အုပ် ဘုရားကျောင်းထဲမှ ထွက်ခွါလာခဲ့လေ၏။ ဘေးပတ်ဝန်းကျင်မှ ရှေးဟောင်းတိမ်တိုက်ကျွန်း၏ တပည့်များသည်လည်း ရန်ကိုင်တို့ အဖွဲ့ကို ကြည့်လျက် တိုးတိုး တိုးတိုးဖြင့် ပြောနေခဲ့ကြလေ၏။
လူအုပ်ကြီးရှေ့ ဦးဆောင်လာသည့် ရန်ကိုင်ကို ထိုလူငယ်များသည် ထူးဆန်းသော အမူအရာမျိုးစုံဖြင့် ငေးကြည့်နေခဲ့ကြလေ၏။
ရန်ကိုင်သည် ရှေးဟောင်းတိမ်တိုက်ကျွန်းတွင် နေသည့် အချိန်အများစုကို အကြီးအကဲ ဟန်ချောင်၏ ဒေါင်များအား ပြုစုစောင့်ရှောက် ပေးရင်းဖြင့်သာ အချိန်ကုနေသည့်အတွက် ရှေးဟောင်းတိမ်တိုက်ကျွန်း၏ တပည့်များစွာသည် ရန်ကိုင်ကို မတွေ့ဖူးကြချေ။ ထို့ကြောင့် တရားမဝင်တပည့် တစ်ယောက်သည် လူအများလေးစားခံရသည့် ပုဂ္ဂိုလ်တစ်ဦး မည်သည့်အတွက်ကြောင့် ဖြစ်လာရသည်ကို သူတို့တစ်တွေ နားမလည်နိုင်အောင် ဖြစ်နေခဲ့လေ၏။
ထို့အပြင် ထိုပညာရှင်များသည် ရန်ကိုင်အား တော်တော့်ကို လေးစားယဉ်ကျေး နေခဲ့ကြပြီး အကုန်လုံးသည် ပြုံးရယ်မော နေခဲ့ကြလေ၏။
မနီးမဝေး တစ်နေရာ၌ တင်းတိပ်အချို့နှင့် မိန်းကလေး တစ်ယောကသည် ထိုမြင်ကွင်းအား လုံးဝကို နားမလည်နိုင်စွာ ငေးကြည့်နေခဲ့လေ၏။ ဤနေရာ လူများ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေသဖြင့် ဘာတွေများ ဖြစ်နေသလဲဟု သိရအောင် စိတ်လှုပ်ရှားတကြီးဖြင့် လာကြည့်ရင် ရောက်လျှင်ရောက်လျှင် ချက်ချင်းဆိုသလို ကြက်သေသေသွားခဲ့ရလေ၏။
သူမနှင့် နှစ်ဝက်ကြာအောင် အတူရှိခဲ့သော ဂျူနီယာမောင်လေးသည် အဆုံးမဲ့ပင်လယ်ကျွန်းမှ နာမည်ကျော် ပညာရှင်များနှင့် အတူတူ ရယ်မောလမ်းလျှောက် နေသည်ကို ကျုံးမြောင် တွေ့လိုက်ရ၏။ ထို့ပြင် သူသည် စိတ်လက်ပေါ့ပါးစွာဖြင့် ထိုပညာရှင်များနှင့်ပင် ပြန်၍ စကားပြောနေလိုက်သေး၏။
မိန်းမငယ်လေးသည် ခေါင်ခါ၍ မျက်လုံးကို အကြိမ် အနည်းငယ်လောက် ပွတ်သပ်လိုက်ကာ ပြန်ကြည့်လိုက်သော်လည်း သူမရှေ့မှ မြင်ကွင်းသည် ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။
သူမနှင့် နီးကပ်ရာနေရာသို့ ထိုလူအုပ်ကြီး ရောက်လာသည့်အခါ မိန်းမငယ်လေးက လူအုပ်ကြီးထဲမှ ပြေးထွက်၍ သူတို့၏ လမ်းကိုပိတ်ကာ ရန်ကိုင်ကို စိုက်ကြည့်နေလိုက်၏။
လီယွမ်ချွန် မျက်မှောင် ကြုံ့သွားခဲ့လေ၏။ ရှေးဟောင်းတိမ်တိုက်ကျွန်း၏ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ပြေးထွက်လာသည်ကို သူလည်း မသိရာ ဂူဖုန်းကိုသာ ပြစ်တင်လိုသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
ဂူဖုန်းလည်း အလျင်စလို ပြန်အော်ပြောလိုက်လေ၏ “လမ်းလာပိတ်မနေနဲ့၊ လမ်းဖမ်းစမ်း”
သို့သော်ငြား ကျုံးမြောင်က ငေးကြောင်နေဆဲ။ လက်ရှိ အခြေအနေကို သူမအနေဖြင့် လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့၏။ ကျွန်းသခင်ကပါ သူမအား ရုတ်တရက်ကြီး ပြစ်တင်ပြောဆို လာသောအခါ သူမမှာ ပို၍ စိတ်ရှုပ်သွားခဲ့ရလေ၏။ ရန်ကိုင်ကို ကြည့်၍ တုန်ုတုန်ရီရီဖြင့် ရေရွတ်လိုက်လေ၏ “ဂျူနီယာမောင်လေး… ဒါက… ဘာတွေ ဖြစ်နေတာလဲဟင်။ ဘယ်လို… ဘာလို့ နင်က….”
သူမပါးစပ်ထဲမှာ စကားလုံးများစွာ ရေရွတ်ခဲ့သော်ငြား မည်သို့မည်ပုံ မေးမြန်းရမှန်း မသိ ဖြစ်နေခဲ့၏။
ရှန်ချင်းလော့က နှစ်လိုဖွယ်ကောင်းစွာ ပြုံးလျက် ရန်ကိုင်အား လှမ်း၍ ကြည့်လိုက်လေ၏။ ယခုအခြေအနေကို ရန်ကိုင် မည်ကဲ့သို့ ကိုင်တွယ်မည်ကို သူမစိတ်ထဲ စဉ်းစားတွေးတောကြည့်နေခဲ့၏။
“ရိုင်းလိုက်တာ” ဂူဖုန်း ဒေါသတကြီး အော်ဟစ်လိုက်လေ၏။ ယခင်က ရန်ကိုင်၏ အစစ်အမှန် အဆင့်အတန်အား မသိသဖြင့် သူ့ကို တရားမဝင်တပည့်ဖြစ် အသိအမှတ်ပြုကာ အကြီးအကဲဟန်ချောင်၏ ဒေါင်းများကို ပြုစုစောင့်ရှောက် ခိုင်းခဲ့လေ၏။ ထိုလုပ်ရပ်သည် ရှေးဟောင်းတိမ်တိုက်ကျွန်း၏ မဟာအမှားကြီးပင် ဖြစ်ချေ၏။
ယခု ရန်ကိုင်၏ အစစ်အမှန် အဆင့်အတန်းကို သိသွားခဲ့ပြီဖြစ်ရာ ရန်ကိုင် ထွက်သွားသည်နှင့် ရှေးဟောင်းတိမ်တိုက်ကျွန်းသည် အဆုံးမဲ့ ပင်လယ်ကျွန်းရှိ ကျန်ဂိုဏ်းများ၏ လှောင်ပြောင်ရယ်မောခြင်းကို ရှောင်ရှားနိုင်ရန် ရန်ကိုင် တရားမဝင်တပည့်အဖြစ် နေခဲ့သည့် မှတ်တမ်းမှတ်ရာ အားလုံးကို ရှင်းထုတ်ပစ်မည်ဟု ဂူဖုန်း စဉ်းစားနေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း အရေးကြီးသည့် အခိုက်အတန့်မှ ကျုံးမြောင်သည် သူတို့လမ်းကို ပိတ်၍ ရန်ကိုင်ကို ‘ဂျူနီယာမောင်လေး’ဟု ခေါ်လိုက်ပေသည်။
ယခု ထိုအကြောင်းကို မည်ကဲ့သို့ ဖုံးဖိရတော့မည်နည်း။
“တစ်ယောက်ယောက် ဒီမိန်းကလေးကို မြန်မြန်ဖမ်းပြီး မီးတောက်ပြာ လိုဏ်ဂူထဲ ပစ်ထည့်ထားလိုက်” ဂူဖုန်းက ရက်ရက်စက်စက် အော်ပြောလိုက်လေ၏။
ထိုစကားကို ကြားသည်နှင့် ကျုံးမြောင်၏ ဒူးများ ပျော့ခွေကျသွားခဲ့ပြီး မြေကြီးပေါ် လဲပြိုကျလုမတတ် ဖြစ်သွားခဲ့ရ၏။
မီးတောက်ပြာလိုဏ်ဂူသည် တစ်နှစ်ပတ်လုံး လောင်ကျွမ်းနေသည့် မီးတောက်အပေါက် တစ်ခုဖြစ်၏။ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများပင် ထိုနေရာ၌ ရှင်သန်ရန် ခက်ခဲလေရာ သူမသာ ထိုနေရာထဲ ပစ်ချခံလိုက်ရပါက သုံးရက်အတွင်း ဗလာနတ္ထိအဖြစ် လောင်ကျွမ်းခံလိုက် ရပေလိမ့်မည်။
သူမ၏ မရည်ရွယ်ပဲ လုပ်မိလိုက်သော အပြုအမူသည် ကျွန်းသခင်ကို သူမအား သေမိန့်ချစေသည်အထိ စိတ်ဆိုးဒေါသထွက်သွား စေလိမ့်မည်ဟု ကျုံးမြောင် အိမ်မက်ပင် မမက်ခဲ့ဖူးချေ။
ရုတ်တရက် ကြောက်ရွံ့မှု၊ ဝမ်းနည်းမှုတို့က သူမ၏ နှလုံးသားထဲ တိုးဝင်ရောက်လာခဲ့လေ၏။
ရှေးဟောင်းတိမ်တိုက်ကျွန်းမှ စည်းကမ်းထိန်းသိမ်းရေး တပည့်နှစ်ယောက်သည် အလျင်အမြန် လမ်းလျှောက်လာလိုက်ပြီး ကျုံးမြောင်ကို ဖမ်းကိုင်လိုက်၏။
ကျုံးမြောင်ကို အထင်အမြင်သေး၊ အနိုင်ကျင့် ဗိုလ်ကျလေ့ ရှိသည့် တပည့်များကမူ ကျုံးမြောင်၏ ကံမကောင်းစွာကို ကြိတ်၍ ရယ်မော လှောင်ပြောင်နေခဲ့ကြ၏။
ထိုအခွင့်အရေးကြောင့်သာ မဟုတ်လျှင် ကျုံးမြောင်သည် သာမန် အဆင့်နိမ့် တပည့်တစ်ယောက် ဖြစ်နေပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင် ပေးခဲ့သည့် စာကြောင့် သူမသည် လက်ရွေးစင် တပည့်တစ်ယောက် ဖြစ်လာခဲ့ရ၏။
ထိုအဖြစ်အပျက်ကြောင့် သူမသည် လူပေါင်းများစွာ မနာလိုဝန်တိုခြင်းကို ခံခဲ့ရသည်။ သူမ၏ အရည်အချင်း၊ ပါရမီနှင့် လက်ရွေးစင်တပည့်တစ်ယောက် ဖြစ်မလာသင့်ဟု လူပေါင်းများက တွေးထင်နေခဲ့ကြခြင်း ဖြစ်၏။
ယခု သူမ ကံဆိုးမိုးမှောင်ကျပြီ ဖြစ်ရာ ထိုလူများသည် ကြိတ်၍ ဝမ်းသာနေခဲ့ကြလေပြီ.
အခြေအနေ အားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေသည့် ရန်ကိုင်လည်း တော်တော်လေး မကျေမနပ် ဖြစ်သွားခဲ့၏။ လွန်ခဲ့သော (၆)လအတွင်းက ကျုံးမြောင်၏ အပြုအမူကြောင့် ရန်ကိုင်သည် သူမပေါ် တော်တော့်ကို အထင်အမြင် ကောင်းလေ၏။ ထိုမိန်းမပျိုလေးသည် ကြင်နာသည့် စိတ်နှလုံးသာကို ပိုင်ဆိုင်၍ ပြဿနာ ရှာလေ့မရှိ။ ကြိုးစားပမ်းစား လေ့ကျင့်သည်ကလွဲ၍ သူမ၏ ကျန်အချိန်များကို ဒေါင်များအား ပြုစုစောင့်ရှောက်ရင်း ကုန်ဆုံးရသည်ကို နှစ်သက်သူ ဖြစ်၏။
သူမ၏ အရည်အချင်းနှင့် ပါရမီသည် အထင်ကြီးလေးစားစရာ မကောင်းသော်လည်း သူမနှင့် သက်တူရွယ်တူများထက် ပို၍ ကြိုးစား၏။
သူ့စိတ်ထဲ ဒေါသထွက်မိသော်ငြား တစ်ပါးသူ၏ ပိုက်နက်ထဲတွင် ရောက်နေသည်ဖြစ်ရာ ရုတ်တရက် ဝုန်းဒိုင်းကြဲ၍ မကောင်းချေ။ ထို့ကြောင့် သူ့အတွေးများကို ဘေးဖယ်ထားလိုက်ပြီး အလျင်အမြန် ပြောလိုက်လေ၏ “ကျွန်းသခင်ဂူ၊ ခဏနေပါဦး။ သူက ကျွန်တော့်ရဲ့ စီနီယာအစ်မပါ။ ဒါကြောင့် သူကျွန်တော့်ကို အခုလို ခေါ်တာ မမှာပါဘူး။ သူ့ကိုလည်း အပြစ်ပေးစရာ မလိုပါဘူး”
ဂူဖုန်းလည်း အနည်းငယ် ကိုးယိုးကားယား ဖြစ်သွားခဲ့ကာ အလျင်စလို လက်သီးဆုပ်လိုက်၍ “သခင်လေးရန်က နောက်နေတာပဲ။ အရင်တုန်းက ကျုပ်တို့ ရှေးဟောင်းတိမ်တိုက်ကျွန်းက မမြင်ခဲ့လို့လေ။ အခု သခင်လေးရန်ရဲ့ အဆင့်အတန်းကို သီပြီးသွားမှတော့ သခင်လေးကို ရှေးဟောင်းတိမ်တိုက်ကျွန်းရဲ့ တပည့်တစ်ယောက်အဖြစ် ဘယ်လိုလုပ်ပြီး တွေးရဲပါတော့မလဲ။ ဒါပေမယ့် သခင်လေးရန်က အခုလို ပြောလာမှတော့ ကျုပ်လည်း ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ရတော့တာပေါ့”
ရန်ကိုင်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်လေ၏။
ဂူဖုန်းသည် အရူးတစ်ယောက် မဟုတ်ရာ ရန်ကိုင်သာ စကားတစ်ခွန်းသာ ပြောလိုက်သော်လည်း တစ်ဖက်လူ၏ ဆိုလိုရင်းကို သူတန်းသဘောပေါက်လိုက်၏။
“စီနီယာအစ်မ၊ ဒီကိုလာခဲ့လေ” ရန်ကိုင် နွေးထွေးကြင်နာသည့် အပြုံးဖြင့် ကျုံးမြောင်ကို လက်ယပ်ခေါ်လိုက်လေ၏။
ကျုံးမြောင်၏ ကြည်လင်နေသည့် မျက်ဝန်းအစုံထဲ မျက်ရည်စတို့ ဝဲတက်လာခဲ့လေ၏။ ရန်ကိုင် လှမ်းခေါ်စဉ်က ကြောက်လန့် နေသော်လည်း တစ်ခဏလောက် တုန့်ဆိုင်းနေပြီးသည့်နောက် ရန်ကိုင်ဆီ လမ်းလျှောက် သွားလိုက်လေ၏။ ရန်ကိုင်နားတွင် စုဝေးနေသည် နာမည်ကျော် ပညာရှင်များကို ကြည့်ရင်း ကျုံးမြောင်၏ လည်ပင်းလည်း ပုဝင်သွားခဲ့ပြီး ရန်ကိုင်နား ပို၍ တိုးကပ်သွားခဲ့ကာ တိုးတိုးလေး မေးလိုက်လေ၏ “ဘာတွေ ဖြစ်နေတာလဲ”
“ကြောက်နေစရာမလိုပါဘူး စီနီယာအစ်မရယ်” ရန်ကိုင်က နှစ်သိမ့်ပေးလိုက်ပြီးနောက် လီယွမ်ချွန်ဘက် လှည့်၍ “စီနီယာလီ၊ သူက လွန်ခဲ့တဲ့ခြောက်လအတွင်း ကျုပ်နဲ့အတူ နေခဲ့တဲ့ ကျုပ်ရဲ့ စီနီယာအစ်မလေ”
“အိုး” လီယွမ်ချွန် မျက်လုံး ပင့်သွားခဲ့ပြီး မရေရာ၊ မသေချာသည့် အမူအရာဖြင့် ရန်ကိုင်နှင့် ကျုံးမြောင်ကို တစ်လှည့်စီ စိုက်ကြည့်လိုက်၏။
ရန်ကိုင်က ခပ်မြန်မြန်ပဲ ဆက်၍ ပြောလိုက်၏ “ခင်ဗျားထင်နေသလို မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်ဝက်က တိုက်ပွဲတုန်းက ကျုပ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ဒဏ်ပြီး ဒီအနီးအနားက ပင်လယ်ထဲ မျောပါသွားခဲ့တာလေ။ အဲ့တုန်းက စီနီယာအစ်က ကျုပ်ကို ကယ်ခဲ့တာ။ စီနီယာအစ်မကို ကျုပ် အသက်ကြွေး တင်ခဲ့တယ်လို့တောင် ပြောလို့ရတယ်”
လီယွမ်ချွန် ကြောင်သွားခဲ့လေ၏။ ထိုသာမန်သာ ထင်ရသော မိန်းမငယ်လေးသည် ရန်ကိုင်၏ အသက်သခင် ကျေးဇူးရှင်း ဖြစ်နေလိမ့်မည်လို့ သူမထင်ထားခဲ့ချေ။ ဒီတစ်ကြိမ် ကျုံးမြောင်အား ကြည့်သည့် သူ၏ အကြည့်ထဲ ကျေးဇူးတင်လိုသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့လေ။ ခေါင်းညိတ်လိုက်၍ “သခင်လေးရန်ရဲ့ ကျေးဇူးရှင်တင် မဟုတ်ဘူး၊ ငါတို့ အဆုံးမဲ့ပင်လယ်ကျွန်းက ဂိုဏ်းကြီးတွေရဲ့ ကျေးဇူးရှင်ဆိုလည်း ဟုတ်တယ်”
“အမှန်ပဲ” ရီဖုန်းကလည်း ခေါင်းညိတ်လိုက်လေ၏။ ကျုံးမြောင်သာ ရန်ကိုင်ကို မကယ်ခဲ့ရင် သူတို့ဂိုဏ်းအသီးသီး၏ ပျောက်ဆုံးသွားသော ထွတ်မြတ်ရတနာများကို ပြန်ရလိမ့်မည် မဟုတ်ချေ။
“ဒီမိန်းကလေးအပေါ် ငါတို့အားလုံး အကြွေးတင်သွားတာပဲ” ဟွာတွမ့်ဟွန်က ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ် သွယ်သွယ်လေးကို လှုပ်ခါရမ်းလျက် ကျုံးမြောင်ဆီ လမ်းလျှောက် သွားလိုက်ပြီး မေးလိုက်လေ၏ “မိန်းကလေး၊ နင့်နာမည် ဘယ်လိုခေါ်လဲ”
“ကျုံးမြောင်ပါ…”
“အင်း၊ နာမည်လေးက မဆိုးဘူးပဲ၊ ငါတို့ ပန်းကြွေဘုရားကျောင်းဆီ လာချင်လား။ နင်သာ ခေါင်းညိတ်လိုက်သရွေ့ ပန်းကြွေသူတော်စင်မ ရာထူးကို နင့်ဆီ တန်းပေးလိုက်မှာနော်”
“အာ” ကျုံးမြောင် ကြောင်သွားခဲ့ပြီး ဟွာတွမ့်ဟွန်ကို ထိတ်လန့်တကြား စိုက်ကြည့်လိုက်လေ၏။
ပန်းကြွေဘုရားကျောင်းတွင် ပန်းကြွေသူတော်စင်မ လေးယောက် ရှိ၏။ တစ်ယောက်ချင်းစီတိုင်းသည် ကျောင်းသခင်အောက်သာ နိမ့်ကျ၏။ လွန်ခဲ့သော နှစ်များစွာက ပန်းကြွေဘုရားကျောင်း၏ ပန်းကြွေသူတော်စင်မ တစ်ယောက်သည် မတော်တဆ သေဆုံးသွားခဲ့ပြီး ယခုထိတိုင် ထိုနေရာသည် လွတ်လပ်နေဆဲ။ ပန်းကြွေဘုရားကျောင်းမှ မရေမတွက် နိုင်သော တပည့်များသည် ထိုရားထူးကို ပိုင်ဆိုင်နိုင်ဖို့ရာ တတ်စွမ်းသမျှ ကြိုးစားခဲ့သော်လည်း ယခုထိတိုင် ထိုရာထူးကို မည်သူမှ မရသေးချေ။
ယနေ့မှတော့ ဟွာတွမ့်ဟွန်သည် ကျုံးမြောင်ကို ပန်းကြွေဘုရားကျောင်းဆီ ခေါ်ယူဖို့ သက်သက်ဖြင့် သူမအား ပန်းကြွေသူတော်စင်မ ရာထူးကို ပေးမည်ဟု ဆိုခဲ့လေ၏။
================================
Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
မူရင်းစာရေးဆရာ-Mo Mo
ဘာသာပြန်ဆိုသူ- Little Devil
~~~~~~~~~~~~~~~~~~~~~~~~~
အပိုင်း(၆၀၀) ကျုံးမြောင်၏ အခွင့်အရေး
~~~~~~~~~~~~~~~~~~~~~~~~~
ဟွာတွမ့်ဟွန်၏ ကမ်းလှမ်းမှုသည် ကျုံးမြောင်ကိုသာ ထိတ်လန့် သွားစေခဲ့ရုံမက ကျန်အကြီးအကဲ၏ မျက်နှာများကိုလည်း ဝက်ဖင်များပမာ ရှုံ့မဲ့သွားစေလေ၏။
ရီဖုန်းနှင့် ရှုချင်းဟောင်တို့ နှစ်ယောက် တစ်ခဏတာမျှ စဉ်းစားလိုက်ပြီးနောက် ဟွာတွမ့်ဟွန် ဘာတွေ ကြိတ်ကြံနေသည် ဆိုသည်ကို နားလည်လိုက်ကာ သူတို့၏ အဆင့်မြင့်အကြီးအကဲ ရာထူးကို သုံး၍ အကျိုးအမြတ် ကြီးကြီးမားမား ပေးလျက် ကျုံးမြောင်အား အသူရာဂိုဏ်းနှင့် ရိုးရာနီဂိုဏ်းတော်တို့ဆီ ဝင်ရန် ကမ်းလှမ်းတော့လေ၏။
တိမ်နဂါးကျွန်းနှင့် ဂျီမနီကျွန်းမှ အကြီးအကဲများသည်လည်း တူညီသော ကမ်းလှမ်းမှုများကို လုပ်ခဲ့ကြ၏။
ချက်ချင်း ဆိုသလို အဓိကဂိုဏ်းကြီးငါးခုမှ အကြီးအကဲများသည် ကျုံးမြောင်အား မက်လုံးကြီးကြီး ပေး၍ သူတို့ဂိုဏ်းသို့ ဝင်စေရန် စတင် ကမ်းလှမ်းတော့လေ၏။ သာမန်ဟုသာ ထင်ရသော မိန်းကလေးသည် အဖိုးမဖြတ်နိုင်သော ပါရမီရှင် မိန်းကလေး တစ်ယောက်အဖြစ် ပြောင်းလဲသွားသည့်အလား ဖိတ်ခေါ်သူတို့၏ မျက်လုံးများသည် စိုးရိမ်မှု၊ မျှော်လင့်ချက်တို့ဖြင့် ပြည့်နေခဲ့လေ၏။ ဂိုဏ်းအားလုံးသည် ယခုအချိန်၌ သူမအတွက် တံခါးပေါက် ဖွင့်ထားပေးနေခဲ့လေပြီ။
ကျုံးမြောင် မှင်သက်နေခဲ့၏။ သူမအား လှောင်ပြောင် သရော်နေသော ရှေးဟောင်းတိမ်တိုက်ကျွန်းမှ တပည့်များ၏ မျက်နှာများကမူ နွားချီးပုံ တက်နင်းလိုက်ရသည့်အလား ဒယ်အိုးဖင်ပမာ မည်းမှောင်၍ ဝက်ဖင်ပမာ ရှုံ့မဲ့နေခဲ့ကြလေ၏။
ဘာလို့လဲ… ဘာလို့ ဒီဘာမှမဟုတ်တဲ့ တပည့်လေးကို သူတို့တွေက သည်းသည်းလှုပ် ဖြစ်နေကြရတာလဲ…
“ကျွန်းသခင်…” ဟန်ချောင်းက ဂူဖုန်းကို မျက်စပစ်ပြရင်း တိုးတိုးလေး ကြိတ်၍ သတိပေးလိုက်၏။
ဂူဖုန်းလည်း ချက်ချင်းဆိုသလို နားလည်သွားခဲ့ပြီး သူ့ဟန်ပန် အမူအရာကို အလျင်အမြန် ထိန်းလိုက်ကာ အေးစက်စက် အမူအရာဖြင့် အော်ပြောလိုက်လေ၏ “ရောင်းရင်းတို့၊ ဒါက မသင့်တော်ဘူးလို့ မထင်ဘူးလား။ ကျုံးမြောင်က ရှေးဟောင်းတိမ်တိုက်ကျွန်းရဲ့ တပည့်လေ။ ငါ့ဂိုဏ်းက တပည့်ကို ငါ့ရှေ့မှာတင် လုယူဖို့ ကြိုးစားနေတာက၊ ဒီဂူဖုန်းကို လျစ်လျူရှုထားလို့ ရမယ်လို့ မင်းတို့တွေးနေကြတာလား”
“ဟဲဟဲ..” ဟွာတွမ့်ဟွန်က တခစ်ခစ် ရယ်မောလိုက်ပြီး စနောက်လိုသော လေသံဖြင့် “ကျွန်းသခင်က အခုမှ ဘာတွေ လာပြောနေတာလဲ။ ခုဏတုန်းကပဲ ဒီကောင်မလေးကို မီးတောက်ပြာ လိုဏ်ဂူထဲ ပစ်ထည့်လိုက်ဆို။ သူ သေသေရှင်ရှင်ကို ဂရုမစိုက်မှတော့ သူ့ကို ပန်းကြွေဘုရားကျောင်းဆီ ကျွန်မတို့နဲ့အတူ လိုက်ခဲ့ဖို့ ပြောလိုက်သင့်တာပေါ့။ သူမရဲ့ အနာဂတ် လုံးဝ တောက်ပစေရမယ်လို့ ကျွန်မ အာမခံတယ်”
“ဟုတ်တယ်၊ ကျွန်းသခင်ဂူက ဒီကိစ္စနဲ့ ပက်သက်ပြီး မတွန့်တိုသင့်ဘူး” ရှုချင်းဟောင်က အပြုံးကြီး ပြုံးလျက် ပြောလိုက်လေ၏။
“မရဘူး၊ မရဘူး… သူအသက်ရှင်နေသရွေ့ ကျုံးမြောင်က ရှေးဟောင်းတိမ်တိုက်ကျွန်းရဲ့ တပည့်တစ်ယောက် ဖြစ်နေဦးမှာပဲ။ ပြီးတော့ သူသေသွားတဲ့အခါ၊ သူသေသွားရင်တောင်မှ သူ့ရဲ့ တစ္ဆေက ရှေးဟောင်းတိမ်တိုက်ကျွန်းရဲ့ တစ္ဆေဖြစ်နေဦးမှာပဲ။ ဘယ်သူကမှ သူ့ကို ငါ့တို့ဆီကနေ ယူသွားလို့ မရဘူး” ဂူဖုန်းက သူ့ခေါင်းကို ဂျောက်ဂျက် ကစားစရာ တစ်ခုပမာ အဆက်မပြတ် ဝှေ့ရမ်းလျက် ပြောလိုက်၏။
ကျုံးမြောင်ကို ရန်ကိုင် မည်မျှ အလေးထားသည်ကို မြင်နိုင်ရာ ကျုံးမြောင်ကို ရှေးဟောင်းတိမ်တိုက်ကျွန်းထဲ ဆွဲခေါ်ထားနိုင်ခြင်းသည် ရန်ကိုင်နှင့် မိတ်ဆွေဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်ခြင်း မည်ပေ၏။
“ကောင်းမလေးကို သူ့ဘာသာ ဆုံးဖြတ်ခွင့် ပေးလိုက်သင့်တယ်၊ ကျွန်းသခင်ဂူ။ သူက ရှေးဟောင်းတိမ်တိုက်ကျွန်းရဲ့ တပည့်ဖြစ်နေလို့ သူ့ရဲ့ အနာဂတ်ကို သွားပြီး ထိန်းချုပ်ထားလို့ မရဘူး” ဟွမ်တွမ့်ဟွန်က နှာခေါင်းလေး ရှုံ့လျက် ပြောလိုက်လေ၏။ ထို့နောက် ကျုံးမြောင်ဆီ ကြည်ကာ အသာအယာ ပြောလိုက်လေ၏ “မိန်းကလေး၊ မကြောက်နဲ့။ မင်းဝင်ချင်တဲ့ ဂိုဏ်းကို ပြောသာပြောလိုက်။ ဘယ်ဂိုဏ်းကိုပဲ နင်ရွေးရွေး ဒီနေရာမှ ရှိနေတဲ့ ဘယ်သူကမှ နင့်ကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ဘူး”
“ဟုတ်တယ်။ ငါတို့ အားလုံးက နင့်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပြီးသား။ နင်ဝင်ချင်တဲ့ ဂိုဏ်းကိုသာ ရွေးလိုက်” ရီဖုန်းက ခေါင်းညိတ်လိုက်လေ၏။ ကျန်သူများလည်း ထိုနည်းလည်းကောင်းပင်။
ယခုအချိန်၌ ကျုံးမြောင်သည် ဘာကိုလုပ်၊ ဘာကိုင်ရမှန်း မသိအောင်ကို ဖြစ်နေခဲ့၏။ ကိုးယိုးကားယား ပုံစံဖြင့် ခေါင်းလေးကို ငုံ့လျက် ကြောက်ရွံ့ တုန်လှုပ်နေခဲ့လေ၏။ ဘယ်မေးခွန်းကိုမှ ပြန်မပြေရဲခဲ့ဘဲ ရန်ကိုင်ဆီကိုသာ တိုး၍ ကပ်သွားခဲ့လေ၏။
သူမ၏ အချိန်အများစုကို ရှေးဟောင်းတိမ်တိုက်ကျွန်း၏ အစွန်ဖျားတွင် နေလျက် ဒေါင်များကို ပြုစုစောင့်ရှောက်ရင်းဖြင့်သာ ကုန်ဆုံးစေခဲ့ခြင်း ဖြစ်၏။ ယခုလို ကြီးကျယ်ခမ်းနားသည့် အဖြစ်အပျက်မျိုး တစ်ကြိမ်တစ်ခါမှပင် မကြုံခဲ့ဖူးချေ။ ထို့ကြောင့် သူမအတွက် ဆုံးဖြတ်ရ ခက်ခဲနေခဲ့လေ၏။
အထူးသဖြင့် ဂိုဏ်းများစွာက သအား တစ်ပြိုင်တည်း ကမ်းလှမ်း လာခဲ့ရာ ကျုံးမြောင် အနေဖြင့် သူဘာလုပ်သည့်သည်၊ မည်သည့်ဂိုဏ်းကို ရွေးချယ်သင့်သည်ကို တကယ်ပင် မသိတော့ချေ။
“လွန်ဆွဲနေဖို့ မလိုဘူး” လီယွမ်ချွန်က လေးနက်တည်ကြည်သည့် လေသံဖြင့် “ဒီနှစ်အတောအတွင်း ဒီလူအိုကြီးက တပည့်တစ်ယောက် ရှာနေခဲ့တာ။ ဒါပေမယ့် သင့်တော်တဲ့ တစ်ယောက်ယောက် အခုထိ မတွေ့သေးဘူး။ ဒီနေ့မှာတော့ သင့်လျော်တဲ့ တစ်ယောက်ကို တွေ့ခဲ့ပြီ။ သူ့ကို ဒီလူအိုကြီးဆီကနေ ဓါးပြတိုက်ယူဖို့ နည်းနည်းလေးတောင် မကြိုးစားနဲ့”
“စီနီယာလီ” ဂူဖုန်းနှင့် ကျန်သူများအားလုံး မှင်သက်သွားခဲ့ပြီး လီယွမ်ချွန်ကို အလန့်တကြားဖြင့် ငေးစိုက်ကြည့်လိုက်ကြ၏။
မဟာထွတ်မြတ်တော်ဂိုဏ်းမှ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူများသည် အဆုံးမဲ့ပင်လယ်၏ မဟာအင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သူတို့တွင် ကိုယ်ပိုင် တိုက်ရိုက်တပည့်များ ရှိကြပြီး လီယွမ်ချွန် တစ်ယောက်တွင်သာ မရှိခြင်း ဖြစ်၏။ ဒီနှစ်အတောအတွင်း လီယွမ်ချွန်သည် တပည့်တစ်ယောက် ရှာနေသည်ဟု သတင်းများ ထွက်နေခဲ့သေး၏။ သို့သော်ငြား ကံမကောင်းစွာဖြင့် မည်သူမှ သူ၏ အမြင်အာရုံကို ဖမ်စားနိုင်စွမ်း မရှိခဲ့ချေ။
သို့သော်ငြား ယနေ့တွင် လီယွမ်ချွန်က ကျုံးမြောင်ကို သူ့တပည့် ဖြစ်လာနိုင်မည့် အခွင့်အရေး ဗြုန်းစားကြီး ပေးလာခဲ့လေပြီ။
“ဟုတ်တယ်။ ဒီလူအိုကြီးက သူ့ကို ငါ့ရဲ့ တိုက်ရိုက်တပည့်အဖြစ် လက်ခံချင်တယ်” လီယွမ်ချွန်က အသာအယာ ခေါင်းညိတ်၍ ပြောလိုက်၏။
ထိုစကား ထွက်လာသည့်အခါ ရှေးဟောင်း တိမ်တိုက်ကျွန်းမှ တပည့်များသာမက ဂူဖုန်းနှင့် ကျန်အကြီးအကဲများပင် ကျုံးမြောင်အား မနာလိုအားကျစွာ ကြည့်လိုက်ကြလေ၏။
အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့် ပညာရှင်တစ်ယောက်ကို ဆရာအဖြစ် လက်ခံရရှိထားသော ကျုံးမြောင်၏ ဘဝခရီးလမ်းသည် မည်မျှ တောက်ပမည်ကို သူတို့ ကြိုတင်စိတ်ကူးယဉ် နေခဲ့ကြလေပြီ။
“ကောင်မလေး၊ ဒီလူအိုကြီးရဲ့ တပည့် ဖြစ်လာချင်လား” လီယွမ်ချွန်က ကျုံးမြောင်ကို ကြင်နာသိမ်မွေ့သည့် လေသံဖြင့် မေးလိုက်လေ၏။
ကျုံးမြောင်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် ရဲရဲနီမြန်း နေခဲ့လေ၏။ သို့သော်ငြား တစ်ခုခုကို ရုတ်တရက် သတိရသွားခဲ့ကာ သူမ၏ စိတ်ကို တည်ငြိမ်အောင် လုပ်၍ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်လေ၏ “ဒါပေမယ့် ဂျူနီယာက ရှေးဟောင်းတိမ်တိုက်ကျွန်း ရဲ့ တပည့်တစ်ယောက် ဖြစ်နေတုန်းပဲလေ…”
“ဂူဖုန်း” လီယွမ်ချွန်က ဂူဖုန်းဘက်လှည့်၍ အေးစက်စက် အပြုံး ပြုံးလျက် “ဒီလူအိုကြီးက သူ့ကို ငါ့တပည့်အဖြစ် လက်ခံချင်တယ်။ မင်းကန့်ကွက်ချင်လား”
ဂူဖုန်းက သူ၏ လက်ကို အလျင်အမြန် ဝှေ့ရမ်း၍ “ဂျူနီယာ မလုပ်ရဲပါဘူး။ စီနီယာက် သူ့ကို တိုက်ရိုက်တပည့် တစ်ယောက်အဖြစ် လက်ခံချင်တာက သူ့ရဲ့ ကံကောင်းမှုပဲလေ။ ဂျူနီယာက ဘာလို့ ကန့်ကွက်ရမှာလဲ”
ပြောပြီးသည်နှင့် ကျုံးမြောင်ဘက် လှည့်၍ အလျင်စလို ပြောလိုက်၏ “အခုအချိန်ကနေစပြီး နင်က ရှေးဟောင်းတိမ်တိုက်ကျွန်းရဲ့ တပည့်တစ်ယောက် မဟုတ်တော့ဘူး။ စီနီယာလီနောက် သစ္စာရှိရှိလိုက်ပြီး စီနီဘာကို အရှက်ရအောင် မလုပ်မိစေနဲ့။ နားလည်လား”
“တပည့် ကျွန်းသခင်ရဲ့စကားတွေကို အသေအချာ မှတ်ထားပါ့မယ်” ကျုံးမြောင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။
လီယွမ်ချွန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေ၏။
ထိုလူတွေအားလုံး ကျုံးမြောင်ကို သူတို့ဆီ ဆွဲခေါ်ဖို့ရာ ကြိုးစားနေသည့် အချိန်တွင် ရန်ကိုင်ကမူ ဘေးကနေသာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။ ကိစ္စအားလုံး ရှင်းလင်းသွားသည့်အခါမှ ရှေ့တက်၍ “စီနီယာအစ်မ၊ ဆရာရလို့ ဂုဏ်ယူပါတယ်။ ဂျူနီယာက စီနီယာအစ်မကို ဂုဏ်ပြုလက်ဆောင် တစ်ခုပေးရတာပေါ့”
“မလိုပါဘူး” ကျုံးမြောင်က သူမ၏ လက်ကို အလျင်အမြန် ဝှေ့ရမ်း၍ ပြန်ပြောလိုက်လေ၏။
“သခင်လေးရန်က လက်ဆောင် ပေးချင်နေမှတော့ သူမျက်နှာ မပျက်ရအောင် လက်ခံရမယ်လေ” ကျုံးမြောင် တကယ် ငြင်းဆန်မှာ စိုး၍ လီယွမ်ချွန်က အလျင်အမြန် တိုက်တွန်းလိုက်လေ၏။
ရန်ကိုင်က အသာအယာ ပြုံးလျက် ကျောက်စိမ်းအိုးလေး တစ်အို ထုတ်လိုက်ပြီး ကျုံးမြောင်ဆီ ပေးကာ အသာအယာ ပြောလိုက်လေ၏ “အခုကနေစပြီး တစ်နေ့တစ်စက်သောက်။ ပြီးရင် စီနီယာလီကို ပေးထားလိုက်။ ဒါကို ဂျူနီယာ အသက်ကယ် လက်ဆောင်လို့သာ သဘောထားလိုက်”
“အင်း” ကျုံးမြောင်က သူမလက်ထဲရှိ ကျောက်စိမ်းအိုးလေးကို သိချင်စိတ်ဖြင့် ကြည့်နေလိုက်၏။ ထိုထဲတွင် ဘာတွေများ ရှိနေ၍ ရန်ကိုင်က သူမအား ဤမျှ အလေးအနက် ပြောနေရသနည်းဟု သူမစိတ်ထဲ တွေးတောမိနေခဲ့၏။
သို့သော်ငြား သူမ မော့ကြည့်လိုက်စဉ်မှာပဲ အကြီးအကဲများစွာက သူမ လက်ထဲရှိ ကျောက်စိမ်းအိုးလေးကို လောဘတကြီး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည့်အခါ ကျုံးမြောင် ထိတ်လန့် သွားခဲ့ရလေ၏။
“သခင်လေးရန်၊ စိတ်ချထားလိုက်ပါ။ ဒီလက်ဆောင်ကို ကျုပ်တပည့်ဆီ ပေးမှတော့ သူကလွဲပြီး ဒီလက်ဆောင်ကို အခြား ဘယ်သူမှ အသုံးမပြုရစေရပါဘူး” လီယွမ်ချွန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေ၏။
“အင်း၊ ကောင်းတယ်” ရန်ကိုင်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်လေ၏။ လီယွမ်ချွန်သည် အပြုအမူသည် သူ့အား တော်တော့်ကို ကျေနပ်သွားစေခဲ့၏။ လူပေါင်းများစွာရှေ့ ပြောပြီးမှတော့ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး လုပ်လောက်မည် မဟုတ်ချေ။
“အင်း၊ ခင်ဗျားတို့ ဒီမှာပဲ နေရစ်တော့လေ။ ကျုပ်သွားတော့မယ်” ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်ပြီးနောက် ရှန်ချင်းလော့နှင့် ပီလော့ကို ခေါင်းညိတ်ပြလိုက်၏။ သုံးယောက်သာ လေထဲသို့ လျှပ်စီးတန်း တစ်ခုပမာ ပျံတက်သွားခဲ့လေ၏။
ရန်ကိုင် ကျောပြင်ကို စိုက်ကြည့်နေစဉ် ဗဟိုမြို့တော်၌ ဖြစ်ပွါးခဲ့သည့် အဖြစ်အပျက်များကို ပြန်သတိရလိုက်သည့်အခါ အဆုံးမဲ့ပင်လယ်ကျွန်း၏ အကြီးအကဲများ သက်ပြင်းချလိုက်ကြ၏။
“စီနီယာ၊ ကျွန်မရဲ့ ဂျူနီယာမောင်လေးက တကယ် ဘယ်သူလဲဟင်” ကျုံးမြောင်၏ မျက်ဝန်းများထဲ မျက်ရည်တို့ ဝဲလာခဲ့၏။ သူမနှင့်အတူ (၆)လလောက် အတူနေထိုင်ခဲ့သည့် ဂျူနီယာမောင်လေးသည် အများ လေးစားရသည့် ပုဂ္ဂိုလ်တစ်ယောက် မည်ကဲ့သို့ ရုတ်တရက်ကြီး ဖြစ်သွားမှန်း ယခုထိတိုင် ကျုံးမြောင် နားမလည်နိုင်ခဲ့သေးချ။
“စီနီယာလို့ ခေါ်နေတုန်းလား” လီယွမ်ချွန်က သူ၏မုတ်ဆိတ်မွှေးကို အသာအယာ ပွတ်၍ ပြုံးလိုက်လေ၏။
“ဆရာ…” ကျုံးမြောင်က အနည်းငယ် ရှက်နေသည့် ပုံစံဖြင့် ပြန်ပြောလိုက်၏။
“ကောင်းတယ်။ နင့်ရဲ့ ဂျူနီယာမောင်လေးက ဗဟိုမြို့တော်က မိသားစုကြီးရှစ်ခုထဲက ရန်မိသားစုရဲ့ မိသားစုခေါင်းဆောင်ပဲ။ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက သူ့ရဲ့ ဦးဆောင်မှုနဲ့အတူ ဗဟိုမြို့တော်က တိမ်မိစ္ဆာနယ်မြေ၏ ကျူးကျော်မှုကို ခုခံနိုင်ခဲ့ပြီး အဲ့မိစ္ဆာတပ်တွေကို ရှင်းထုတ်ပစ်နိုင်ခဲ့တယ်”
“သူက အရမ်းကြမ်းတာလား” ကျုံးမြောင်သည် အတွေ့အကြုံ ပေါကြွယ်ဝသည့် လူတစ်ယောက် မဟုတ်ရာ လီယွမ်ချွန်ပြောပြသည့် ဇာတ်လမ်းကို ကြားရပြီးနောက် အနည်းငယ်သာ အံ့အားသင့်သွားခဲ့၏။
“ဟုတ်တယ်” ဂူဖုန်းက ရုတ်တရက် ကြားဝင်ပြောလိုက်လေ၏ “နင်နဲ့ သူကလည်း တော်တော်လေးကို ရေစက်ပါတာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် တုန်းက နင့်တံခါးမှာ ဓါးမြှောင်စိုက်သွားတဲ့လူက သူပဲ။ ပြီးတော့ (၆)လလည်း ကြာရော နင်က သူ့အသက်က်ကို ပြန်ကယ်ခဲ့တယ်။ ဒါက ကံကြမ္မာစက်ဝန်း တစ်ပတ်လည်တာနဲ့ပဲ တူပါတယ်”
“အာ” ကျုံးမြောင်၏ ကျော့ရှင်းသည့် မျက်နှာလေး အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး အလန့်တကြား အော်ပြောလိုက်လေ၏ “သူလား”
“အမှန်ပဲ။ သူနင့်ကို မပြောခဲ့ဘူးလား” ကျုံးမြောင်က ထူးထူးဆန်းဆန်း မျက်နှာထားဖြင့် မေးလိုက်၏။
ကျုံးမြောင် မျက်ရည်မိုး သွန်းရွာတော့မတတ် ဖြစ်သွားခဲ့၏။ သူမ၏ ပုခုံးလေးများသည် တသိမ့်သိမ့် တုန်ရီနေခဲ့ပြီး ရန်ကိုင် ထွက်ခွါသွားသည့် အရပ်ဆီ ယူကျုံးမရ၊ နောင်တရစွာဖြင့် လှမ်း၍ ငေးကြည့်နေခဲ့လေ၏။
----------------------------------
မြန်နှုန်းမြှင့် ပျံသန်းနေလေရာ ဘေးပတ်ဝန်းကျင် မြင်ကွင်း အဖုံဖုံတို့သည် အလျင်အမြန်စွာပဲ ဝေဝါးသွား၍ နောက်တွင် ကျန်ရစ်ခဲ့လေ၏။
ရန်ကိုင်၊ ရှန်ချင်းလော့နှင့် ပီလော့တို့ သုံးယောက်သည် ဗဟိုမြို့တော်ဆီသို့ အလျင်အမြန် ပျံသန်းနေခဲ့ကြလေ၏။
ရန်ကိုင်၏ ကျောပြင်ကို ကြည့်ရင်း ရှန်ချင်းလော့၏ မျက်ဝန်းအစုံ ဝေဝါးလာခဲ့ပြီး သူမ၏ ထွက်လေသည်လည်း တဖြည်းဖြည်း ပူလောင် လာခဲ့ရလေ၏။
ရှန်ချင်းလော့၏ ပုံမှန်မဟုတ်သည့် ပုံစံကို သတိပြုမိသည်နှင့် ပီလော့က ရှေ့တက်၍ ရှန်ချင်းလော့၏ လက်ကို ဖမ်းကိုင်လိုက်လေ၏။
ရှန်ချင်းလော့က သူမအဆင်ပြေကြောင်း ခေါင်းခါရမ်း၍ ပီလော့အား အချက်ပြလိုက်၏။ ရန်ကိုင်ကို ဆက်မကြည့်ရဲတော့ရာ ချက်ချင်းပဲ အကြည့်ပြောင်းလိုက်လေ၏။
သို့သော်ငြား သူမ၏ နှလုံးသားလေးကမူ အံ့အားသင့်နေလို့။ ကောင်စုတ်လေးသည် အင်မော်တယ် တက်လှမ်းခြင်း အဆင့်၆ ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သော်လည်း သူသည် သူမထက်ပင် ပို၍ မြန်နေသေး။ သူ၏ အစစ်အမှန်ချီ သန့်စင်နှုန်းနှင့် သိမ်သည်းနှုန်သည်လည်း သူမထက်ပင် မြင့်နေသေး၏။
သို့သော်လည်း ရှန်ချင်းလော့သည် စိတ်ပျက်သွားသလို မခံစားရဘဲ ဂုဏ်တောင်ဂုဏ်ယူမိလိုက်သေး၏။
ဤကဲသို့ဖြင့် သုံးယောက်သားသည် ဗဟိုမြို့တော်ဆီသို့ သုံးရက်တိုင်တိုင် ပျံသန်းလာခဲ့လေ၏။
ရှန်ချင်းလော့နှင့် ပီလော့တို့ ရုတ်တရက် ရပ်လိုက်ကြ၏။
၎င်းကို သတိပြုမိသည်နှင့် ရန်ကိုင်လည်း ရပ်တန့်လိုက်ပြီး နောက်လှည့်ကာ မေးလိုက်၏ “ဘာဖြစ်လို့လဲ”
ရှန်ချင်းလော့က သက်ပြင်းအရှည်ကြီး ချလျက် ပြောလိုက်လေ၏ “ငါတို့ ဒီမှာပဲ ခွဲကြတာပေါ့။ နင်ပဲ ဗဟိုမြို့တော်ဆီ ပြန်သွားလိုက်တော့။ ငါက ညို့ကဝေနတ်ဆိုးဘုရင်မ၊ တိမ်မိစ္ဆာနယ်မြေရဲ့ နောက်ဆုံး လက်ကျန် မိစ္ဆာဘုရင်တွေထဲက တစ်ပါးပဲ။ ဒါကြောင့် သင်းရနံမြို့တော်ဆီ ငါပြန်ရလိမ့်မယ်”
ရန်ကိုင်က အသာအယာ မျက်မှောင်ကြုံ့လျက် ပြန်ပြောလိုက်၏ “တိမ်မိစ္ဆာနယ်မြေဆိုတာ ဆက်ရှိတော့တာ မဟုတ်ဘူး။ ဒီလို ကိစ္စလေးတွေအတွက် နင့်ကိုယ်နင် ဘာလို့ စိတ်ရှုပ်ခံနေရတာလဲ။ အဲ့မှာ ရှိနေတဲ့ ဘယ်သူကမှ နင့်ကို အခက်တွေ့အောင် လုပ်လိမ့်မှာ မဟုတ်ဘူး”
သို့သော်ငြား ရှန်ချင်းလော့ကမူ ခေါင်းမာမာဖြင့် ခေါင်းသာ ခါရမ်းလိုက်၏။
ရန်ကိုင်လည်း တစ်ခဏတာလောက် တုန့်ဆိုင်းနေပြီး၍ နောက်ဆုံး၍ “အဲ့လိုဆိုမှတော့ ငါလည်း ဆက်ပြီး တိုက်တွန်းမနေတော့ဘူး။ ဗဟိုမြို့တော်က ကိစ္စလေးတွေ ဖြေရှင်းပြီးသွားရင် နင့်ဆီ လာတွေ့မယ်။ အဲ့ကျမှ ကိစ္စအားလုံးကို တစ်ခါတည်း ရှင်းကြမယ်”
“ငါနင့်ကို စောင့်နေမယ်” ရှန်ချင်းလော့က ပြုံး၍ ခေါင်းညိတ်လိုက်။
ရန်ကိုင်လည်း ဗဟိုမြို့တော်ဆီ အလျင်အမြန် ပျံသန်း ထွက်သွားလေ၏။
သူပျောက်ကွယ်သွားပြီး မကြာခင်မှာပင် ပီလော့က သက်ပြင်း ယဲ့ယဲ့လေး ချလျက် “သခင်မ၊ ဒါ အဆင်ပြေလို့လား”
“ပြေတာပေါ့။ သူသာ အဆင်ပြေနေသရွေ့ အားလုံး အဆင်ပြေတယ်”
“ဒါပေမယ့် သခင်မ နှလုံးသားထဲက…” ပီလော့၏ မျက်ဝန်းအစုံ နီရဲတက်လာခဲ့ပြီး “အဲ့ဒါကို ဖိနှိပ်နိုင်သေးလို့လား။ မဖိနှိပ်နိုင်တော့ရင် သခင်က သေရလိမ့်မယ်နော်။ သူက သခင်မကိုတောင် ဂရုမစိုက်တာ သခင်မကကော ဘာလို့ သူ့ကို ဂရုစိုက်နေရသေးတာလဲ။ သခင်မရဲ့ စိတ်ကို လွှတ်ပေးလိုက်ပြီး သူ့အသက်ကို ယူလိုက်လေ။ အဲ့လိုဆို ကိစ္စတွေ အားလုံး ရှင်းလင်းသွားလိမ့်မယ်”
“ပီလော့” ရှန်ချင်းလော့က အော်လိုက်၏။ အမောတကော အသက်ရှူရင်း နီမြန်းနေသော မျက်နှာလေးဖြင့် “အဲ့လိုမပြောနဲ့။ အဆိပ်မုဆိုးမ ခန္ဓာကိုယ်ရဲ့ မျိုးဆက်က ငါနဲ့တင် ရပ်တန့်သွားသင့်နေပြီ။ မဟုတ်ရင် ငါ့သမီးပါ ငါနဲ့တူတဲ့ ကံကြမ္မာဆိုးကို ခံစားရလိမ့်မယ်”
ပီလော့ ပါးပြင်ထက်သို့ မျက်ရည်စီးကြောင်တို့ တောင်ကျရေပမာ စီးကျလာခဲ့လေ၏။ ရှန်ချင်းလော့အား နောင်တတရား ကြီးစွာဖြင့် ငေးစိုက်ကြည့်လျက် သူမစိတ်ထဲ ရန်ကိုင်အား အမုန်းကြီး မုန်းတီးသွားခဲ့လေ၏။
================================