အခန်း (၉၄၆-၉၄၈)
Vol. 64 Ch. 946-948
အခန်း(၉၄၆)
ရှန်းဝူခန်းမ အပြင်ဘက်ရှိ လူများသည် မှင်တက်နေကြဆဲ ဖြစ်သော်လည်း ကျန်းချန်သည် လျှို့ဝှက်ဆန်းကြယ်သော အလင်းစက်ဝန်းထဲသို့ စုပ်ယူခံရပြီးနောက် မကြာမီမှာပင် မီးခိုးရောင်မြေပြင် ရှိသည့် ထူးဆန်းသော နေရာတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
"ဒီအလင်းစက်ဝန်းရဲ့ အတွင်းဘက်က မမျှော်လင့်ဘဲ နေရာလွတ်တစ်ခု ဖြစ်နေတာပဲ"
ကျန်းချန်က သူ့ရှေ့မှမြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့သည်။
ယန်ဒီမြို့သည် နှစ်ထောင်ပေါင်းများစွာ ကတည်းက တည်ရှိခဲ့သည့် ကြယ်လေးပွင့်သူတော်စင်နယ်မြေ ဟူသောဂုဏ်ပုဒ်နှင့် ထိုက်တန်မှု ရှိသည်။
အကြောင်းရင်းမှာ ရှန်းဝူခန်းမရှိ သိုင်းပညာ အမွေအနှစ် စမ်းသပ်မှုသည် တကယ်ကို မယုံကြည်နိုင်စရာ ကောင်းသောကြောင့်ပင်။
ကျန်းချန်က အံ့အားသင့်နေခဲ့သည်။
သူက အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာရန် ပြင်ဆင်နေစဥ်မှာပင် အာဏာရှင်ဆန်သော အသံတစ်သံသည် ကမ္ဘာတစ်ခွင်လုံးကို ပဲ့တင်ထပ်လာခဲ့၏။
"ငါက ကောင်းကင်မီးလျှံ ဓားဧကရာဇ်ပဲ.. မင်းက ဒီဧကရာဇ်ရဲ့ပြိုင်ဘက်ကင်း သိုင်းပညာဖြစ်တဲ့ မီးလျှံတစ်သောင်းကောင်းကင် လောင်ကျွမ်းသိုင်းကို အမွေဆက်ခံချင်တယ် မဟုတ်လား.. ဒါဆို ဒီစမ်းသပ်မှုကို ခံယူကြည့်လိုက်"
အာဏာရှင်ဆန်သောအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
မူလကရှိနေသော မီးခိုးရောင်မြေပြင်ပေါ်တွင် ကြီးမားကျယ်ပြန့်သော မီးပင်လယ်ကြီးတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်
မီးပင်လယ်ထဲသို့ ရောက်ရှိသွားခဲ့သည်။
မြေပြင်တစ်ခုလုံးက အဆုံးမဲ့မီးပင်လယ် အဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လျှင် ကျန်းချန်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက လျှပ်တပြက်အတွင်း လေထဲသို့ ဆယ်ပေကျော် အထိ ခုန်တက်လိုက်သည်။
သို့သော်လည်း ထိုအချိန်မှာပင် မူလက ငြိမ်သက်နေသောလေထုထဲ၌ အရောင် အမျိုးမျိုးရှိသည့် မီးလျှံဓားရှည်များဖြင့် ပြည့်နှက်သွားခဲ့၏။
ထို့နောက်တွင် မီးလျှံဓားရှည်များသည် မိုးသီးမိုးပေါက်များကဲ့သို့ လေထဲကနေ ပျံဝဲ၍ ဆင်းသက်လာခဲ့သည်။
ထိုမီးလျှံဓားရှည်များသည် လေထုကို ပွတ်တိုက်သွားသောကြောင့် အဆုံးမဲ့ ဖျက်ဆီးနိုင်သော မီးလျှံမုန်တိုင်းများကိုပင် ဖြစ်ပေါ်စေခဲ့သည်။
ဤမြင်ကွင်းကြောင့် ကျန်းချန်၏ မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူက ချက်ချင်းဆိုသလို လေဆန္ဒ တတိယအဆင့် ခွန်အားကို အစွမ်းကုန် ဖော်ထုတ်လိုက်ပြီး ကောင်းကင်မှ ကျဆင်းလာသော မီးလျှံဓားရှည်များကို လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။
"ဒင်.. သင်က ကောင်းကင်မီးလျှံ ဓားနယ်မြေနဲ့ တိုက်ခိုက်ခံရပြီး မီးဆန္ဒ အတွေ့အကြုံရမှတ် ၆၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က ကောင်းကင်မီးလျှံဓားနယ်မြေနဲ့ အနည်းငယ်တိုက်ခိုက်ခံရပြီး ဓားစိတ်ဆန္ဒ အတွေ့အကြုံရမှတ် ၆၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
ကျန်းချန်က သူ၏စိတ်ထဲမှ စနစ်၏ အချက်ပေးသံများကို ကြားလျှင် အသက်ရှုပင် ရပ်တန့်မတတ် ဖြစ်သွားခဲ့သည်။
ဧကရာဇ်အဆင့် ပါရမီရှင်များသည် ဧကရာဇ်အဆင့် သိုင်းပညာရပ်တစ်ခုကို ရရှိရန် အဘယ်ကြောင့် ခက်ခဲသည်ကို ကျန်းချန်သည် ယခုအခါ၌ နားလည်သွားခဲ့သည်။
အကြောင်းရင်းမှာ ဧကရာဇ်အဆင့် သိုင်းပညာရပ်၏ အမွေအနှစ် စမ်းသပ်မှုတွင် နတ်သန္ဓေအင်ပါယာ၏ အင်ပါယာပိုင်နက် စွမ်းအားကို ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ပင်။
ဤသည်မှာ ပိုင်နက်စွမ်းအား၏ အနည်းငယ်မျှသော အင်အား အစိတ်အပိုင်းသာ ဖြစ်သော်လည်း သာမန် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများ ခံနိုင်ရည်ရှိသောအရာ မဟုတ်ပေ။
ကျန်းချန် ဤတစ်ကြိမ် ရွေးချယ်ခဲ့သော သိုင်းပညာရပ်နှင့်ပတ်သက်၍ ကျန်းချန်သည် ဓားဆန္ဒနှင့် မီးဆန္ဒ၏ စမ်းသပ်မှုဖြင့် ဖွဲ့စည်းထားသော အင်ပါယာပိုင်နက် နယ်မြေ၏ စွမ်းအားကို ရင်ဆိုင်ရမည် ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်က မပေါ့ဆရဲဘဲ တိမ်တိုက်ဝါးမျိုနည်းစနစ်နှင့် နဂါးပြာ သန္ဓေခန္ဓာကိုယ် အပြင် သူ၏ အမျိုးမျိုးသော သိုင်းပညာရပ်များ၏ စစ်မှန်သောအဓိပ္ပါယ် အားလုံးကို အပြည့်အဝ ဖော်ထုတ်ကာ ပတ်ဝန်းကျင်ရှိ အင်ပါယာပိုင်နက် စွမ်းအားကို အပြင်းအထန် ဆန့်ကျင်တိုက်ခိုက်လိုက်သည်။
"ဒင်.. သင်က ကောင်းကင်မီးလျှံဓားနယ်မြေ ပိုင်နက်စွမ်းအားရဲ့ တိုက်ခိုက်မှုကို ခံရပြီး မီးဆန္ဒ အတွေ့အကြုံရမှတ် ၆၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်..သင်က ကောင်းကင်မီးလျှံဓားနယ်မြေ ပိုင်နက်စွမ်းအားရဲ့ တိုက်ခိုက်မှုကိုခံရပြီး ဓားစိတ်ဆန္ဒ အတွေ့အကြုံရမှတ် ၆၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"........"
"ဒင်.. သင့်ရဲ့မီးဆန္ဒက တတိယအဆင့်ကို တိုးမြှင့်ခံလိုက်ရပါပြီ"
"ဒင်.. သင့်ရဲ့ဓားဆန္ဒက တတိယအဆင့် အထွတ်အထိပ် ဖြစ်တဲ့ မဟာအဆင့်ဓားဆန္ဒကို ရောက်ရှိသွားပါပြီ"
ကောင်းကင်မီးလျှံ ဓားနယ်မြေ ပိုင်နက်စွမ်းအားနှင့် ရင်ဆိုင်တိုက်ခိုက်နေစဥ် အတွင်း ကျန်းချန်၏ မီးဆန္ဒနှင့် ဓားဆန္ဒတို့သည် များပြားလှသော အတွေ့အကြုံရမှတ်များကို ရရှိခဲ့သည်။
ထို့ကြောင့် မကြာမီမှာပင် ကျန်းချန်၏ မီးဆန္ဒသည် တတိယအဆင့်ထိ ထိုးဖောက်သွားခဲ့သည်။
ထို့အပြင် သူ၏ ဓားဆန္ဒသည်လည်း မဟာဓားဆန္ဒ အဆင့်သို့ တိုးတက်သွားခဲ့သည်။
မီးဆန္ဒနှင့် ဓားဆန္ဒတို့၏ တိုးတက်မှုများကို ခံစားရသောအခါတွင် ကျန်းချန်သည် အလွန်တရာ ပျော်ရွှင်သွားခဲ့သည်။
ဤဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ်၏ စမ်းသပ်မှုကြောင့် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်များက အလျင်အမြန် တိုးတက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ယနေ့တွင် သူက စမ်းသပ်မှု မအောင်မြင်ဘဲ ဧကရာဇ်သိုင်းပညာရပ်ကို မရရှိခဲ့လျှင် အကျိုးရှိသော စမ်းသပ်မှုတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။
အခန်း(၉၄၆)ပြီး၏။
အခန်း(၉၄၇)
သူ၏မီးဆန္ဒနှင့် ဓားဆန္ဒတို့ တိုးတက်လာခဲ့သော်လည်း ကျန်းချန်သည် ပျော်ရွှင်မှုတွင် သာယာမနေခဲ့ဘဲ တည်ငြိမ်မှု ရှိနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ် စမ်းသပ်မှုသည် ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သောကြောင့်ပင်။
သို့သော်လည်း သူ၏ မီးဆန္ဒနှင့် ဓားဆန္ဒတို့ တိုးတက်လာသည်နှင့်အမျှ ကောင်းကင်မီးလျှံဓားနယ်မြေ ပိုင်နက်စွမ်းအားကို ခုခံရာတွင် ဖိအားသိသိသာသာ လျော့ကျသွားခဲ့သည်။
ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် မတော်တဆမှု မရှိသ၍ ကျန်းချန်သည် စမ်းသပ်မှုကို အောင်မြင်ကာ ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို ရယူနိုင်မည်ဟု ယုံကြည်မှု ရှိသည်။
ပြင်ပမှလူများ မသိလိုက်ခင်မှာပင် ကျန်းချန်သည် ဧကရာဇ်အဆင့် သိုင်းပညာရပ် စမ်းသပ်မှုထဲတွင် အမွှေးတိုင် တစ်တိုင်စာ လောင်ကျွမ်းချိန်မျှ ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။
ကျန်းချန်က ရှန်းဝူခန်းမထဲတွင် မယုံကြည်နိုင်လောက်အောင် ကြာမြင့်နေသည် ဖြစ်ရာ ခန်းမအပြင်ဘက်ရှိ လူတိုင်းနီးပါးသည် လေထုထဲရှိ ရှန်းဝူခန်းမကို အံ့သြတုန်လှုပ်သော အမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။
သူတို့၏မျက်လုံးထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။
"ဟ.. ညီလေးကျန်းက အမွှေးတိုင် တစ်တိုင်စာလောက်တောင် ခံနိုင်ရည်ရှိနေပါလား.. ဒါ.. ဒါက တကယ်ကို မယုံနိုင်စရာပဲ.. ညီလေးကျန်းက ယန်ဒီမြို့သမိုင်းရဲ့ နှစ်ထောင်ပေါင်း များစွာအတွင်း သိုင်းသခင်နယ်ပယ် ပထမအဆင့်နဲ့ ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို ရရှိတဲ့ ပထမဆုံးလူအဖြစ် စံချိန်ချိုးတော့မလား မသိဘူး"
ချိုးရူယွဲ့၏ နောက်မှ တပည့်နှစ်ယောက်သည် အချိန်အတော်ကြာသည်အထိ အံ့အားသင့်မှုကနေ မသက်သာသေးပေ။
"မဖြစ်နိုင်ဘူး.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."
တစ်ဖက်တွင်လည်း ယွဲ့ခွင်းယွင်သည် ရှန်းဝူခန်းမကို မှင်တက်စွာ စိုက်ကြည့်နေရင်း မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
သူက သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်သည့်အပြင် ဧကရာဇ်အဆင့် ပါရမီရှင်တစ်ဦးလည်းဖြစ်သည်။
ဧကရာဇ်အဆင့် သိုင်းပညာရပ် စမ်းသပ်မှုကို ရင်ဆိုင်ရာတွင်သူသည် အသက်ရှုကြိမ် နှစ်ဆယ်မှ သုံးဆယ်အတွင်းသာ ခံနိုင်ရည် ရှိခဲ့သည်။
သို့ဖြစ်ရာ သိုင်းသခင်နယ်ပယ် ပထမအဆင့်သာ ရှိပြီး ပိုင်မင်မြို့မှ အမှိုက်တစ်ဦးဟုပင် သတ်မှတ်၍ ရလောက်သည့် ထိုကောင်လေးသည် ဧကရာဇ်အဆင့် သိုင်းပညာရပ်၏ စမ်းသပ်မှုတွင် ဤမျှအထိကြာအောင် အဘယ်ကြောင့် ခံနိုင်ရည် ရှိနေရပါသနည်း။
"စီနီယာအကိုယွဲ့.. ရှန်းဝူခန်းမက တစ်ခုခုမှားနေတာ သေချာတယ်.. ဧကရာဇ်အဆင့် သိုင်းပညာရပ်ရဲ့ အမွေအနှစ် စမ်းသပ်မှုကို ဒီကောင် လုံးဝ မစတင်ခဲ့တာ ဖြစ်နိုင်တယ်"
"အမှန်ပဲ.. ဒီကောင်က ဧကရာဇ်သိုင်းပညာရပ်ရဲ့ အမွေအနှစ်စမ်းသပ်မှုကို ခံနိုင်ရည်ရှိဖို့ မဖြစ်နိုင်ဘူး.. ရှန်းဝူခန်းမက မှားယွင်းသွားတာပဲ ဖြစ်ရမယ်"
ယွဲ့ခွင်းယွင်၏ နောက်လိုက်နှစ်ဦးက မထီမဲ့မြင် အမူအရာဖြင့်လှောင်ပြောင်လိုက်ကြသည်။
သူတို့က ဧကရာဇ် သိုင်းပညာရပ် အမွေအနှစ်၏ စမ်းသပ်မှုအောက်တွင် အမွှေးတိုင်တစ်တိုင်စာမျှ ကြာသည်အထိ ကျန်းချန် ခံနိုင်ရည်ရှိသည်ဟု မယုံကြည်ကြပေ။
"ရှန်းဝူခန်းမက ပြဿနာရှိတယ်တဲ့လား.."
ထိုနှစ်ဦး၏ စကားကိုကြားလျှင် ဝမ်ယုံသည် ခါးသီးစွာ ပြုံးလိုက်သည်။
သူက ရှန်းဝူခန်းမကို ဆယ်နှစ်ကြာ စောင့်ကြပ်ခဲ့သောသူ ဖြစ်ပြီး မည်သည့် အမှားအယွင်းကိုမျှ မတွေ့ခဲ့ရပေ။
ထို့ကြောင့် ကျန်းချန်က ရှန်းဝူခန်းမ၏ ထူးခြားဖြစ်စဥ်ကို ဖြစ်ပေါ်စေခြင်းသည် ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ် ၏ စမ်းသပ်မှုကို စတင်လိုက်ခြင်းကြောင့်သာ ဖြစ်ကြောင်း သူကောင်းစွာ သိသည်။
"နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီက ယန်ဒီမြို့ရဲ့ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ယောက်ပဲ.. သူ့ရဲ့သိုင်းသခင်နယ်ပယ် ပထမအဆင့်ပဲ ရှိတဲ့တပည့်က ရှန်းဝူခန်းမကို ပထမဆုံးအကြိမ် ဝင်ရောက်ပြီး ဧကရာဇ်သိုင်းပညာရပ် စမ်းသပ်မှုကို စတင်ခဲ့တဲ့အပြင် ဒီလောက် အချိန်ကြာတဲ့အထိ ခံနိုင်ရည်ရှိနေခဲ့တယ်"
"ဒီလိုတုနှိုင်းမဲ့ပါရမီရှင်က အနာဂတ်မှာ ရှောင်တုလီထက် ဘယ်လိုမှ ညံ့မှာမဟုတ်ဘူး.. သိပ်မကြာခင် ယန်ဒီမြို့မှာ နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီထက် မနိမ့်တဲ့ ပါရမီရှင် ပုဂ္ဂိုလ်တစ်ဦး ထပ်မံ ပေါ်ထွက်လာတော့မှာ အသေအချာပဲ"
ဝမ်ယုံက စိတ်ထဲတွင် အတွေးများဖြင့် နစ်မြောနေစဥ်မှာပင် လေထုထဲရှိ ရှန်းဝူခန်းမသည် ရုတ်တရက် အနည်းငယ် တုန်ခါသွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ဝမ်ယုံ၏ မျက်လုံးများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့၏။
သူ၏ အတွေ့အကြုံအရ ကျန်းချန်က အကန့်အသတ်ကို ရောက်ရှိနေပြီး ရှန်းဝူခန်းမကနေ ထွက်လာတော့မည်ကို သူသိခဲ့သည်။
ကျန်းချန်၏ အထောက်အထား အစစ်အမှန်ကို သိရပြီးနောက်တွင် ဝမ်ယုံသည် ကျန်းချန်နှင့် ရင်ဆိုင်ရန် လုံးဝ မဝံ့ရဲတော့ပေ။
သူက ကျန်းချန် ထွက်လာသည်နှင့် တောင်းပန်ရန်ပင် ပြင်ဆင်ထားခဲ့ပြီ ဖြစ်သည်။
သူက ကျန်းချန်၏ ခွင့်လွှတ်မှုကို မည်ကဲ့သို့ တောင်းခံလျှင် အဆင်ပြေနိုင်မလဲ စဥ်းစားနေစဥ်မှာပင် လေထုထဲရှိ ရှန်းဝူခန်းမကနေ သွေးနီရောင် အလင်းတန်း တစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့သည်။
"ဒါ.. ဒါက.."
ကောင်းကင်သို့ ထိုးတက်သွားသော သွေးနီရောင်အလင်းတန်းကို မြင်လျှင် ဝမ်ယုံ၏ မျက်လုံးထဲတွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူက စကားများပင် ထစ်ငေါ့သွားခဲ့၏။
ရှန်းဝူခန်းမထဲကနေ အလင်းတန်းတစ်ခု ကောင်းကင်ပေါ်သို့ ထိုးတက်သွားခြင်းသည် ဧကရာဇ်အဆင့် သိုင်းပညာရပ်ကိုအမွေဆက်ခံနိုင်ခြင်း၏ သင်္ကေတပင် မဟုတ်ပါလော။
အခန်း(၉၄၇)ပြီး၏။
အခန်း(၉၄၈)
ရှန်းဝူခန်းမကနေ ရုတ်တရက် ထွက်ပေါ်လာသည့် အလင်းတန်းကို ကြည့်ရင်း ဝမ်ယုံ တစ်ဦးတည်းသာမက ယွဲ့ခွင်းယွင်နှင့် အခြားသူများပါ အလွန်ပင် အံ့သြတုန်လှုပ်သွားခဲ့ကြသည်။
"ဒါ.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.."
လူတိုင်းက ရှန်းဝူခန်းမကို မှင်တက်စွာ စိုက်ကြည့်နေခဲ့ကြပြီး မယုံနိုင်လောက်အောင် ဖြစ်နေခဲ့ကြသည်။
သူတို့အားလုံးက ယန်ဒီမြို့၏ တပည့်များ ဖြစ်သည့်အလျောက် ရှန်းဝူခန်းမ၏ မြင်ကွင်းသည် မည်ကဲ့သို့သော အဓိပ္ပါယ်ကို ဆောင်ကြဥ်းနေမှန်း ကောင်းစွာသိသည်။
ရှန်းဝူခန်းမထဲကနေ အလင်းတန်းတစ်ခု ကောင်းကင်ပေါ်သို့ ထိုးတက်သွားခြင်းသည် ဧကရာဇ်အဆင့် သိုင်းပညာရပ်၏ အမွေအနှစ် စမ်းသပ်မှုကို အောင်မြင်မှသာ ပေါ်ထွက်လာနိုင်သည့် မြင်ကွင်းဖြစ်သည်။
"ဂျူနီယာညီလေးကျန်းက တကယ်ပဲ ဧကရာဇ်အဆင့် သိုင်းပညာရပ်ရဲ့ အမွေအနှစ်စမ်းသပ်မှုကို အောင်မြင်ပြီး ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို ရရှိခဲ့တယ်လား"
"ဒီမြင်ကွင်းက ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ် စမ်းသပ်မှုကို အောင်မြင်သွားတဲ့ လက္ခဏာရပ်ပဲ.. ဂျူနီယာညီလေးကျန်းက တကယ်ပဲ ဧကရာဇ်အဆင့် သိုင်းပညာရပ် တစ်ခုကို ရရှိသွားခဲ့ပြီထင်တယ်"
"ဂျူနီယာညီလေးကျန်းက တကယ်ကို အံ့သြစရာကောင်းတာပဲ.. အမှန်ပဲ ယန်ဒီမြို့ရဲ့ အင်ပါယာအဆင့် ပါရမီရှင်တွေတောင် ညီလေးကျန်းချန်လောက် အစွမ်းမရှိလောက်ဘူး"
ချိုးရူယွဲ့၏ ဘေးမှ တပည့်အချို့သည် ရှန်းဝူခန်းမကို အံ့သြတကြီး စိုက်ကြည့်နေခဲ့ကြသည်။
သူတို့၏ မျက်လုံးများတွင် လေးစားမှုအပြည့်ရှိသည့် အမူအရာများ ပေါ်လွင်နေခဲ့သည်။
သိုင်းသခင်နယ်ပယ် ပထမအဆင့် အင်အားမျှဖြင့် ရှန်းဝူခန်းမကို ပထမဆုံးအကြိမ် ဝင်ရောက်ပြီး ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ် စမ်းသပ်မှုကို အောင်မြင်ခဲ့သော ကျန်းချန်၏ ယနေ့ လုပ်ဆောင်ချက်သည် ရှန်းဝူခန်းမ၏ စံချိန်ကို ချိုးဖျက်ပြီး ရှန်းဝူခန်းမ သမိုင်းတွင် ထိုသို့ စွမ်းဆောင်နိုင်သည့် ပထမဆုံးလူပင် ဖြစ်လာသည်ဟု ဆိုနိုင်သည်။
ယန်ဒီမြို့တွင် နှစ်ပေါင်းတစ်သောင်းနီးပါးအတွင်း ပြိုင်ဘက်ကင်းပါရမီရှင်များစွာ ပေါ်ပေါက်လာခဲ့သော်လည်း ကျန်းချန် လုပ်ဆောင်ခဲ့သည့် အဆင့်မျိုးကို မည်သူမှ မရောက်ရှိခဲ့ဖူးပေ။
"မောင်လေးကျန်းက တကယ်ကို ပြိုင်စံရှားပါရမီရှင်ပဲ.."
ချိုးရူယွဲ့က ရှန်းဝူခန်းမထဲကနေ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည့် အလင်းတန်းကို အံ့သြထိတ်လန့်သော အမူအရာဖြင့် စိုက်ကြည့်နေရင်း အချိန်အတော်ကြာသည်အထိ စိတ်လှုပ်ရှားနေခဲ့သည်။
ကျန်းချန်က အဘယ်ကြောင့် နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏ သဘောကျခြင်းကို ခံရပြီး ရှောင်တုလီ၏ တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်လာရသည်ကို ယခုအခါတွင် သူမ ကောင်းစွာ နားလည်သွားခဲ့သည်။
မောင်လေးကျန်း၏ ပါရမီသည် တကယ်ကို ကြောက်စရာကောင်းသည်။
ယန်ဒီမြို့ရှိ ဧကရာဇ်အဆင့် ပါရမီရှင်အချို့ပင် မောင်လေးကျန်းနှင့် ရင်ဆိုင်ရလျှင် လျှပ်တပြက်အတွင်း ရှုံးနိမ့်သွားနိုင်ပေသည်။
ချိုးရူယွဲနှင့် အခြားသူများ ရှန်းဝူခန်းမရှိ မြင်ကွင်းကြောင့် စိတ်လှုပ်ရှားနေစဥ်တွင် ယန်ဒီမြို့တစ်ဝန်းလုံးရှိ တပည့်များနှင့် အဆင့်မြင့် အကြီးအကဲများသည်လည်း ထိုဖြစ်စဥ်ကို ချက်ချင်း ဆိုသလို ခံစားမိခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ရှန်းဝူခန်းမသည် ပထဝီဝင် အနေအထားအရ အထူးခြားဆုံး နေရာတစ်ခု ဖြစ်ပြီး ယန်ဒီမြို့၏ ဗဟိုနေရာတွင် တည်ရှိသည်သာမက လေထုထဲတွင် မီတာ ရာနှင့်ချီ မြင့်အောင် တည်ဆောက်ထားသောကြောင့်ပင်။
ထို့ကြောင့် ရှန်းဝူခန်းမကနေ ကောင်းကင်ထက်သို့ အလင်းတန်း ထိုးတက်သွားသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ မျက်နှာထက်တွင် အံ့သြတုန်လှုပ်များဖြင့် ပြည့်နှက်နေခဲ့၏။
ဤသည်မှာ ဧကရာဇ်အဆင့် သိုင်းပညာရပ်၏ အမွေအနှစ်ကို ဆက်ခံရရှိသည့် လက္ခာဏာ ဖြစ်သည်။
ဆိုရလျှင် ယန်ဒီမြို့တွင် ဧကရာဇ်အဆင့် သိုင်းပညာရပ်၏ အမွေအနှစ် စမ်းသပ်မှုကို တစ်စုံတစ်ယောက်က အောင်မြင်သွားခဲ့ပြီ ဖြစ်၏။
ယန်ဒီမြို့တွင် လွန်ခဲ့သော ဆယ်နှစ်အတွင်း အစွမ်းထက်ဆုံး ဧကရာဇ်အဆင့် ပါရမီရှင်တစ်ဦးတည်းသာ ထိုကဲ့သို့ ရှန်းဝူခန်းမ၏ မြင်ကွင်းကို ဖြစ်ပေါ်စေခဲ့ပြီး ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ်ကို ရရှိခဲ့ဖူးသည်။
ယခုအခါတွင် ထိုကဲ့သို့မြင်ကွင်းသည် အဆုံးသတ်၌ ထပ်မံ ပေါ်ပေါက်လာခဲ့ချေပြီ။
"ရှန်းဝူခန်းမမှာ ထူးခြားတဲ့မြင်ကွင်း ပေါ်ထွက်လာခဲ့ပြီ.. ဧကရာဇ်အဆင့် သိုင်းပညာရပ်ရဲ့ အမွေအနှစ်စမ်းသပ်မှုကို ဘယ်သူအောင်မြင်သွားတာလဲ မသိဘူး.. ဘယ်ဧကရာဇ် အဆင့် ပါရမီရှင်က ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ်ကို ရရှိခဲ့တာလဲ ဆိုတာ သိရအောင် ငါတို့တွေ အမြန်သွားကြည့်ကြစို့"
ချက်ချင်းဆိုသလိုပင် ရှန်းဝူခန်းမ၏ ထူးခြားသော မြင်ကွင်းသည် ယန်ဒီ တစ်မြို့လုံးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့သည်။
ယန်ဒီမြို့၏ အားလပ်နေသော တပည့်များအားလုံးသည် ရှန်းဝူခန်းမ ဆီသို့ အပြေးအလွှား သွားရောက်ခဲ့ကြ၏။
သူတို့အားလုံးက ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို ရရှိခဲ့သည့် ပါရမီရှင်က မည်သူဖြစ်ကြောင်းကို သိရှိလိုခဲ့ကြသည်။
"စိတ်ဝင်စားစရာပဲ.. သိုင်းသခင်နယ်ပယ် ပထမအဆင့်နဲ့ ဧကရာဇ်အဆင့် သိုင်းပညာရပ်ရဲ့ အမွေအနှစ် စမ်းသပ်မှုကိုတောင် အောင်မြင်သွားခဲ့တယ်.. ရှောင်တုလီ ဆိုတဲ့ကောင် ကတော့ ဒီတစ်ကြိမ်မှာ မယုံနိုင်စရာ တပည့်တစ်ဦးကို လက်ခံရရှိလိုက်တာပဲ"
ယန်ဒီမြို့လယ်ရှိ နေအိမ်တစ်လုံးတွင် ရှောင်မိသားစု ခေါင်းဆောင် ရှောင်ထျန်းဟန်သည် ရှန်းဝူခန်းမရှိရာ ဘက်သို့ မော့ကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လွင်နေခဲ့၏။
အခန်း(၉၄၈)ပြီး၏။