အခန်း (၉၄၉-၉၅၁)
Vol. 64 Ch. 949-951
အခန်း(၉၄၉)
ရှောင်မိသားစု၏ ခေါင်းဆောင်ဖြစ်ပြီး နတ်သန္ဓေ အင်ပါယာအဆင့် ကျင့်ကြံသူဖြစ်သည့် ရှောင်ထျန်းဟန်၏ အမြင်အာရုံသည် အလွန်ပင်စူးရှသည်။
ရှန်းဝူခန်းမနှင့် အကွာအဝေး ပေတစ်ထောင်ကျော် နေရာကပင် ကောင်းကင်ပေါ်သို့ ထိုးတက်နေသည့် အလင်းတန်းတွင် ကျန်းချန်၏ အရှိန်အဝါကို သူခံစားမိခဲ့သည်။
ယမန်နေ့က ရှောင်တုလီ တပည့်ခံယူပွဲ ပြုလုပ်စဥ် ကတည်းကပင် ရှောင်ထျန်းဟန်သည် ကျန်းချန်၏ ထူးခြားမှုများကို သတိပြုမိခဲ့သည်။
ထိုအချိန်က ထိုကောင်လေးကို ဧကရာဇ်အဆင့် ပါရမီရှင်တစ်ဦးထက် မနိမ့်သည့် ပါရမီရှင်တစ်ဦးဟုသာ သတ်မှတ်ခဲ့သည်။
သို့သော်လည်း ယခုအခါတွင် ရှောင်ထျန်းဟန်သည် ထိုကောင်လေးကို အနည်းငယ် လျှော့တွက်ခဲ့မိကြောင်း သဘောပေါက်လိုက်သည်။
ရှန်းဝူခန်းမထဲရှိ ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ်စမ်းသပ်မှုသည် မည်မျှ ခက်ခဲမှုရှိသည်ကို ရှောင်မိသားစုဝင်များထဲတွင် သူက အသိဆုံး ဖြစ်သည်။
ဆိုရလျှင် ထိုစမ်းသပ်မှုသည် နတ်သန္ဓေအင်ပါယာတစ်ပါး၏ ချိတ်ပိတ်ထားသော အင်ပါယာပိုင်နက် နယ်မြေစွမ်းအားကို ရင်ဆိုင်ရခြင်း ဖြစ်သည်။
ထိုအင်ပါယာပိုင်နက် နယ်မြေစွမ်းအားက တကယ့် စွမ်းအား၏ အနည်းငယ်မျှသာ ဖြစ်သော်လည်း သာမန်သိုင်းသခင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် ရင်ဆိုင်ရန် အတော်ခက်ခဲ၏။
အဘယ်ကြောင့်ဆိုသော် အင်ပါယာပိုင်နက် နယ်မြေ၏ စွမ်းအားသည် သိုင်းသခင်နယ်ပယ်နှင့် အဆင့်ချင်း မတူညီသောကြောင့် ဖြစ်သည်။
ယေဘုယျအားဖြင့် ယန်ဒီမြို့၏ ဧကရာဇ်အဆင့် ပါရမီရှင်များသည် ဧကရာဇ်အဆင့် သိုင်းပညာရပ်တစ်ခု၏ အမွေ အနှစ်ကို စမ်းသပ်ချင်လျှင် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကို အနည်းဆုံး ရောက်ရှိရန် လိုအပ်သည်။
ယနေ့ ယန်ဒီမြို့၏ အစွမ်းအထက်ဆုံး ဧကရာဇ်အဆင့် ပါရမီရှင်ဖြစ်သည့် ရှောင်ချင်းချန်သည်ပင် သိုင်းသခင် နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်မှသာ ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို အမွေဆက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုကောင်လေး ကျန်းချန်ကမူ သိုင်းသခင်နယ်ပယ် ပထမအဆင့်ဖြင့်ပင် ထိုကဲ့သို့သော အောင်မြင်မှုကြီးကို လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။
ကျန်းချန်၏ ပါရမီက ရှောင်ချင်းချန်ထက်ပင် သာလွန်နေမည်ဟု ရှောင်ထျန်းဟန် မမျှော်လင့်ထားခဲ့ပေ။
ယန်ဒီမြို့၏ နှစ်ပေါင်းတစ်သောင်းနီးပါး သမိုင်းတစ်လျောက်တွင် ဤကဲ့သို့ ပါရမီရှိသူမှာ မရှိသလောက် ရှား၏။
"ဒီကောင်လေးက တကယ်ကို လူတစ်သန်းမှာ တစ်ယောက် မရှိနိုင်တဲ့ ပြိုင်ဘက်ကင်းပါရမီရှင်ပဲ.. သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက ရှောင်တုလီထက် ဘယ်လိုမှ နိမ့်ကျနိုင်မှာမဟုတ်ဘူး"
ရှောင်ထျန်းဟန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
သူ၏မျက်လုံးများတွင် အလင်းရောင်များ တောက်ပလာခဲ့သည်။
"ဒီကလေးကိုသာ အစွမ်းကုန် လေ့ကျင့်ပေးလိုက်မယ်ဆိုရင် နောက်ထပ် နှစ်တစ်ရာအတွင်း ယန်ဒီမြို့မှာ ခြေလှမ်းတစ်ဝက်ပကတိအင်ပါယာအဆင့် ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာနိုင်တယ်"
ရှောင်ထျန်းဟန်က ကျန်းချန်၏ ပါရမီကြောင့် အံ့အားသင့်နေသောအချိန်တွင် ယန်ဒီမြို့၏ မြို့လယ်ရှိ အခြားသော အိမ်တော် တစ်ခုတွင် မီးလျှံဓားဘုရင် ရှောင်ရှင်းဟဲသည် ရှန်းဝူခန်းမမှ ပေါက်ကွဲထွက်လာသော အလင်းတန်းကို စိုက်ကြည့်ကာ မျက်နှာတစ်ခုလုံး သုန်မှုန်သွားခဲ့သည်။
"ဒါက ရှောင်တုလီတပည့်ရဲ့ အရှိန်အဝါပဲ.. ဒီကလေးက တကယ်ပဲ ဧကရာဇ်အဆင့် သိုင်းပညာရပ်အမွေအနှစ်ကို ရရှိခဲ့တာလား.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ရှောင်ရှင်းဟဲက အလင်းတန်းအတွင်းရှိ အရှိန်အဝါကို ခံစားမိခဲ့ပြီး သူ၏ အိုမင်းသော မျက်လုံးများတွင် မယုံကြည်နိုင်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်ဟူသော ကောင်လေး၏ ပါရမီက မညံ့မှန်းသိသော်လည်း ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
"ဒီကောင်လေးက တကယ်ကို နတ်ဆိုးဆန်အောင် ထူးချွန်လွန်းတယ်.. သူ့ကို ဖယ်ရှားဖို့ နည်းလမ်းရှာမှ ဖြစ်တော့မယ်"
ရှောင်ရှင်းဟဲ၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ရှောင်ရှင်းဟဲနှင့် ရှောင်တုလီတို့သည် မျိုးဆက်တူ ပါရမီရှင်များ ဖြစ်ကြသည်။
ယန်ဒီမြို့သို့ ရောက်ရှိလာချိန်မှစ၍ ရှောင်ရှင်းဟဲသည် ရှောင်တုလီ၏ လောင်းရိပ်အောက်တွင် အမြဲရှိနေခဲ့ပြီး ရှောင်တုလီသည် သူ့ကို ကဏ္ဍတိုင်းတွင် လွှမ်းမိုးခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ရှောင်တုလီ ရုတ်တရက် ပျောက်ကွယ်သွားသောအချိန်တွင် ရှောင်ရှင်းဟဲသည် ရှောင်တုလီ၏ အင်အားစုများကို သိမ်းပိုက်ရန် အခွင့်အရေး ရရှိခဲ့သည်။
ယခုအခါတွင် ရှောင်တုလီက ပြန်လည် ရောက်ရှိလာခဲ့ချေပြီ။
သို့သော်လည်း ယန်ဒီမြို့တွင် သူ၏ အင်အားသည် ရှောင်ရှင်းဟဲနှင့် နှိုင်းယှဥ်၍ မရတော့ပေ။
သို့တိုင် ရှောင်တုလီ လက်ခံခဲ့သော တပည့်အသစ်သည် ရှောင်ရှင်းဟဲ၏ စိတ်နှလုံးကိုပင် တုန်လှုပ်စေသော ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့သည်။
ဤကောင်လေးကိုသာ မဖယ်ရှားပစ်လျှင် ရှောင်တုလီသည် ဤကောင်လေးနှင့်အတူ တဖန် ပြန်လည် လွှမ်းမိုးလာပြီး ရှောင်ရှင်းဟဲကို ထပ်မံ နင်းချေနိုင်ဖွယ်ရှိသည်။
သို့ဖြစ်ရာ မည်သို့ပင် ဖြစ်စေ ရှောင်ရှင်းဟဲသည် ဤကဲ့သို့ ဖြစ်ပျက်လာမည်ကို လုံးဝ ခွင့်ပြုမည်မဟုတ်ပေ။
ယန်ဒီမြို့ရှိ နတ်သန္ဓေ အင်ပါယာ နှစ်ဦး တစ်ယောက် တစ်မျိုးစီ အတွေးလွန်နေချိန် ကျန်းချန်သည် ယွဲ့ခွင်းယွင်နှင့် တခြားသူများ၏ အကြည့်အောက်မှာပင် ရှန်းဝူခန်းမထဲကနေ ထွက်လာခဲ့သည်။
"ဂျူနီယာညီလေးကျန်းက နှစ်တစ်ထောင်မှာ တစ်ယောက်ပဲ ပေါ်ပေါက်နိုင်တဲ့ ပြိုင်ဘက်ကင်းပါရမီရှင်ပဲ.. အစောပိုင်းက ငါမျက်စိကန်းနေလို့ အထင်သေးခဲ့မိတာကို ဂျူနီယာညီလေးကျန်း စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်"
ကျန်းချန်က လေထဲကနေ ဆင်းသက်လာသည်ကို မြင်သည်နှင့် ဝမ်ယုံသည် လျင်မြန်စွာ ဦးညွတ်လိုက်ပြီး တောင်းပန်စကား ဆိုလိုက်သည်။
အခန်း(၉၄၉)ပြီး၏။
အခန်း(၉၅၀)
ဝမ်ယုံသည် ရှန်းဝူခန်းမတွင် ဆယ်နှစ်ကြာအောင် စောင့်ကြပ်ခဲ့သူဖြစ်၍ အခြေအနေ အရပ်ရပ်ကို ထိုးထွင်းသိမြင်နိုင်စွမ်းတွင် ပြီးပြည့်စုံသောအဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဆိုရလျှင် ကျန်းချန် ယခုပြသခဲ့သော အရည်အချင်းသည် ယန်ဒီမြို့တစ်ခုလုံးကိုပင် ကျော်လွန်သွားနိုင်သည့် အရည်အချင်းမျိုး ဖြစ်သည်။
ထို့အပြင် ကျန်းချန်၏ နောက်တွင် နှလုံးလောင်ကျွမ်း ဓားအင်ပါယာရှောင်တုလီ ကဲ့သို့ ပုဂ္ဂိုလ်တစ်ပါး ရှိနေခဲ့သည် ဖြစ်ရာ ဝမ်ယုံသည် ကျန်းချန်ကို ဆန့်ကျင်ရန် စိတ်ကူးပင်မရှိတော့ပေ။
ဝမ်ယုံသည် ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ အရှေ့တွင် မြေးတစ်ယောက်ကဲ့သို့ ယဥ်ကျေးသွားခဲ့ပြီး အလွန်အမင်း ရိုသေပြခဲ့သည်။
သူက အစောပိုင်းတွင် ကျန်းချန်ကို တရားလက်လွန် စော်ကားခဲ့၏။
သို့ဖြစ်ရာ ကျန်းချန်၏ ခွင့်လွှတ်မှုကိုမရလျှင် နောင်အနာဂတ်၌ ယန်ဒီမြို့တွင် သူ့အတွက် နေရာ မရှိတော့မည်ကို သူ စိုးရိမ်နေမိ၏။
ကျန်းချန်ကမူ ဝမ်ယုံကို လှည့်ကြည့်ဖို့ပင် စိတ်မဝင်စားခဲ့ပေ။
သူက ယွဲ့ခွင်းယွင်ကိုသာ စေ့စေ့ကြည့်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
"ယွဲ့ခွင်းယွင်.. ငါရှန်းဝူခန်းမကနေ သိုင်းပညာရပ်ကို ရရှိခဲ့ရုံတင် မကဘူး.. ဧကရာဇ်အဆင့် သိုင်းပညာရပ်ကိုပါ ရရှိခဲ့ပြီ.. ဒါကြောင့် ဒီအလောင်းအစားမှာ မင်းငါ့ကို ရှုံးနိမ့်သွားပြီ"
"မဖြစ်နိုင်ဘူး.. ဒါလှည့်စားတာပဲ ဖြစ်ရမယ်.. မင်းက ရှန်းဝူခန်းမထဲကနေ ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ"
ယွဲ့ခွင်းယွင်က မယုံကြည်နိုင်သော အမူအရာဖြင့် ပြောလိုက်သည်။
"အကိုယွဲ့ ပြောတာမှန်တယ်.. မင်းလိမ်နေတာပဲ ဖြစ်ရမယ်.. သိုင်းသခင်နယ်ပယ် ပထမအဆင့်နဲ့ ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ် စမ်းသပ်မှုကို အောင်မြင်တယ်ဆိုတာ ယုံရအောင် မင်းငါတို့ကို ဂေါက်သီးတွေလို့ ထင်နေလား"
ယွဲ့ခွင်းယွင်၏ နောက်လိုက် နှစ်ယောက်ကလည်း ချက်ချင်းဆိုသလိုပင် ယွဲ့ခွင်းယွင်ကို ထောက်ခံ ပြောဆိုခဲ့ကြသည်။
"ရှန်းဝူခန်းမမှာ ပေါ်ထွက်လာတဲ့ မြင်ကွင်းက ဧကရာဇ်သိုင်းပညာရပ် အမွေအနှစ် စမ်းသပ်မှုကို အောင်မြင်သွားတဲ့ လက္ခဏာပဲ"
ဝမ်ယုံက ချက်ချင်းဆိုသလို ရှေ့တက်ပြီး ကျန်းချန် ဘက်ကနေ ပြောဆိုလိုက်သည်။
"မင်းတို့က ယန်ဒီမြို့က တပည့်တွေဖြစ်ပြီး ဒါလေးတောင် မသိဘူးလား"
ဝမ်ယုံက အခြေအနေကို လိုက်၍ ဘက်ပြောင်းကာ ကျန်းချန်ဘက်ကနေ စကားပြောပေးနေသည်ကို မြင်လျှင် ယွဲ့ခွင်းယွင်၏ မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူက ဝမ်ယုံကို မဲ့ပြုံးပြုံး၍ စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဝမ်ယုံ.. ဒီကိစ္စက မင်းနဲ့ဘာမှ မပတ်သက်ဘူး..မင်းဘာမှဝင်ပါဖို့ မစဥ်းစားနဲ့"
ဤအချိန်တွင် ဝမ်ယုံသည် ကျန်းချန်၏ နားလည်မှုကိုသာ လိုချင်နေသည် ဖြစ်ရာ ယွဲ့ခွင်းယွင်ကို မျက်နှာသာပေးရန် မစဥ်းစားတော့ပေ။
သူက ယွဲ့ခွင်းယွင်ကို လှောင်ပြောင်သရော်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"စီနီယာအကိုယွဲ့.. စီနီယာအကိုယွဲ့လို ဧကရာဇ်အဆင့် ပါရမီရှင် တစ်ယောက်က မီးအဆောင်လက်ဖွဲ့ နှစ်သောင်းကိုတောင် လောင်းကြေး မပေးနိုင်ဘူးလား"
"အိုး.. ဧကရာဇ်အဆင့် တပည့်ဖြစ်ပြီး အရှုံးကို ရင်မဆိုင်ရဲဘူးဟ"
"အေးလေ အရှုံးမခံနိုင်ရင် အလောင်းအစား မလုပ်နဲ့ပေါ့.. အခုလို လောင်းကြေးကို မပေးဘဲ မျက်နှာပြောင်တိုက်နေတာက တကယ်ကို ရှက်စရာကောင်းလိုက်တာ"
"............."
ချိုးရူယွဲ့၏ နောက်မှ တပည့်များသည် ယွဲ့ခွင်းယွင်ကို မထီမဲ့မြင် အမူအရာများဖြင့် ကြည့်ကာ လှောင်ပြောင်ခဲ့ကြသည်။
သူ၏နားထဲတွင် လှောင်ရယ်သံများကို ကြားလျှင် ယွဲ့ခွင်းယွင်၏ မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များ ပေါ်ထွက်လာခဲ့၏။
"တော်ကြစမ်း"
ယွဲ့ခွင်းယွင်က အော်ဟစ်လိုက်ပြီး လူတိုင်းကို ဝေ့ကြည့်လိုက်သည်။
"မင်းတို့တွေ ငါ့ကို နောက်တစ်ခါ မလေးမစား ထပ်ပြောရင် ငါ့ကို မယဥ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့"
ဒေါသအိုး ပေါက်ကွဲနေသော ယွဲ့ခွင်းယွင်၏ အမူအရာကိုမြင်လျှင် အစောပိုင်းက လှောင်ပြောင်နေသော ချိုးရူယွဲ့၏ အနောက်မှ တပည့်များသည် ပါးစပ်ပေါက်များကို ပိတ်လိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ ယွဲ့ခွင်းယွင်သည် ဧကရာဇ်အဆင့် ပါရမီရှင်တစ်ဦး ဖြစ်သည်။
သူသာ ဒေါသထွက်လာလျှင် သူတို့၏ ကံကြမ္မာက အလွန်ပင်ဆိုးရွားသွားပေလိမ့်မည် မဟုတ်ပါလား။
"ဟားဟား.. စီနီယာအကိုယွဲ့က တကယ်ကို အာဏာရှင်ဆန်တာပဲ.. ဝေဖန်ခွင့်လေးတောင် မရှိတော့ဘူးလား.. အရှုံးကို လက်မခံနိုင်ဘူး ဆိုရင်လည်း အစကတည်းက အလောင်းအစား လာမလုပ်နဲ့လေ"
ထိုအချိန်မှာပင် ကျန်းချန်၏ ခပ်ထေ့ထေ့ ရယ်မောသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး.. ရှန်းဝူခန်းမမှာ ထူးခြားတဲ့ မြင်ကွင်း ထွက်ပေါ်လာတာလောက်နဲ့ ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ် စမ်းသပ်မှုကို မင်းအောင်မြင်သွားပြီလို့ ငါ ယုံကြည်မယ်မထင်နဲ့.. ရှန်းဝူခန်းမက တစ်ခုခု မှားယွင်းနေတာပဲ ဖြစ်ရမယ်.. မင်းကတကယ်ပဲ ဧကရာဇ်အဆင့် သိုင်းပညာရပ်ရဲ့ အမွေအနှစ်ကို ဆက်ခံရရှိတယ်ဆိုရင် ငါ့ကို ပြသကြည့်လိုက်လေ"
ယွဲ့ခွင်းယွင်က ကျန်းချန်ကို မဲ့ပြုံးပြုံး၍ စိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်းသာ ဧကရာဇ်သိုင်းပညာရပ်ကို ပြသနိုင်ရင် မီးအဆောင်လက်ဖွဲ့နှစ်သောင်းကို ငါကျေကျေနပ်နပ်ကြီး ပေးလိုက်မယ်"
ယွဲ့ခွင်းယွင်၏ စကားကိုကြားလျှင် လူတိုင်းသည် ယွဲ့ခွင်းယွင်ကို အထင်သေးသွားခဲ့ကြသည်။
ဧကရာဇ်အဆင့် သိုင်းပညာရပ် ဆိုသည်မှာ ဘုရင်အဆင့် သိုင်းပညာရပ်ထက် များစွာ လေ့ကျင့်ရန် ခက်ခဲသည့် အဆင့်မြင့် သိုင်းပညာရပ် ဖြစ်သည်။
ကျန်းချန်က ဧကရာဇ်သိုင်းပညာရပ်ကို ရရှိခဲ့သည် ဆိုလျှင်ပင် တခဏအတွင်း အောင်မြင်အောင် လေ့ကျင့်နိုင်ဦးမည် မဟုတ်ပေ။
ရှင်းလင်းစွာဆိုရလျှင် ယွဲ့ခွင်းယွင်သည် ရှက်ရှမ်းရမ်း၍ ကျန်းချန်ကို ညစ်ပတ်နေခြင်းသာ ဖြစ်၏။
အခန်း(၉၅၀)ပြီး၏။
အခန်း(၉၅၁)
"မင်းက အရှုံးကို ဝန်မခံချင်ဘူးကိုး"
ကျန်းချန်က ယွဲ့ခွင်းယွင်ကို စေ့စေ့ကြည့်လိုက်သည်။
သူ၏နှုတ်ခမ်းထောင့်က မသိမသာ ကွေးညွှတ်သွားခဲ့၏။
ယွဲ့ခွင်းယွင်က မောက်မာသော အမူအရာဖြင့် လှောင်ပြောင်လိုက်သည်။
"ငါဝန်မခံတော့ရော မင်းဘာလုပ်နိုင်မှာမို့လဲ.."
ယန်ဒီမြို့တွင် မီးအဆောင်လက်ဖွဲ့ကို ရှာဖွေရန်မှာ မလွယ်ကူပေ။
မီးအဆောင်လက်ဖွဲ့ နှစ်သောင်း ဟူသည့် ပမာဏက မနည်းသလို သာမန် ယန်ဒီမြို့၏ တပည့်များ တစ်နှစ်အတွင်း ရှာဖွေနိုင်သော ပမာဏလည်း မဟုတ်ချေ။
ဆိုရလျှင် မီးအဆောင်လက်ဖွဲ့သည် ရှန်းဝူခန်မကို လေးကြိမ်ဝင်ရောက်မည့် ကုန်ကျစရိတ်နှင့် ညီမျှ၏။
သာမန် ကျင့်ကြံခြင်း ပစ္စည်းများဖြင့် လဲလှယ်မည်ဆိုလျှင် ယွဲ့ခွင်းယွင်၏ အင်အားကို များစွာ တိုးတက်လာစေရန် လုံလောက်သည်။
ယွဲ့ခွင်းယွင်လို ဧကရာဇ်အဆင့် တပည့်တစ်ယောက် အနေဖြင့်ပင် မီးအဆောင်လက်ဖွဲ့ နှစ်သောင်း ဟူသော ပမာဏသည် အလွန်များပြားသော ပမာဏ ဖြစ်သည်။
သို့ဖြစ်ရာ ယွဲ့ခွင်းယွင်သည် နှုတ်ဖြင့် လောင်းထားသည့် လောင်းကြေး တစ်ခုအတွက်ဖြင့် မီးအဆောင်လက်ဖွဲ့ နှစ်သောင်းကို ကျန်းချန်ဆီ မည်ကဲ့သို့ ပေးနိုင်ပါအံ့နည်း။
"သွားကြစို့"
ယွဲ့ခွင်းယွင်က ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်ကို မထီမဲ့မြင် တစ်ချက်ကြည့်လိုက်ကာ ချက်ချင်းဆိုသလို လှည့်ထွက်သွားခဲ့သည်။
ကျန်းချန်သာ ဧကရာဇ်အဆင့် ပါရမီရှင်တစ်ယောက် ဆိုလျှင် ယွဲ့ခွင်းယွင်သည် မပေးဘဲ နေရဲမည်မဟုတ်ပေ။
သို့သော်လည်း ဤကောင်လေးသည် သိုင်းသခင်နယ်ပယ်ပထမ အဆင့်လောက်သာရှိသည့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။
ကျန်းချန်သည် ရှန်းဝူခန်းမတွင် ထူးခြားသော မြင်ကွင်းကို မည်ကဲ့သို့ဖြစ်ပေါ်စေခဲ့မှန်း ယွဲ့ခွင်းယွင် မသိသော်လည်း ကျန်းချန်က ဧကရာဇ်အဆင့် ပါရမီရှင်တစ်ဦးထက် မနိမ့်သည့် ပါရမီရှင်မှန်း သူယုံကြည်မည် မဟုတ်ချေ။
ထို့အပြင် ဤကောင်လေးက သူ့ကို တစ်စုံတစ်ရာ လုပ်နိုင်မည်ဟုလည်း သူ မယုံကြည်ခဲ့ပေ။
သို့သော်လည်း ယွဲ့ခွင်းယွင် တစ်ဖက်သို့ လှည့်ထွက်လိုက်သည့်အချိန်မှာပင် ကျန်းချန်၏ပုံရိပ်သည် ယွဲ့ခွင်းယွင်၏ ရှေ့ကို ထူးခြားစွာ ရောက်ရှိလာခဲ့သည်။
"ဂျူနီယာညီလေးကျန်း.. မင်းဒါဘာလုပ်တာလဲ အခြေအနေကို နားလည်ရင် ငါ့ရှေ့ကနေ ချက်ချင်းဖယ်လိုက်စမ်း"
သူ၏ရှေ့မှ ကျန်းချန်ကို ကြည့်ကာ ယွဲ့ခွင်းယွင်၏ မျက်နှာသည် အနည်းငယ် မည်းမှောင်သွားခဲ့ပြီး ကျန်းချန်ကို အော်ဟစ်လိုက်သည်။
ကျန်းချန်က လက်ပိုက်၍ ရပ်နေခဲ့ပြီး ယွဲ့ခွင်းယွင်ကို အထက်စီးဆန်သော အမူအရာဖြင့် ကြည့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"ဘာမှမလုပ်ပါဘူး.. ငါပိုင်ဆိုင်တဲ့အရာကို ပြန်တောင်းနေတာပဲ.. မင်းဒီက ထွက်သွားမယ်ဆိုရင် မီးအဆောင်လက်ဖွဲ့ နှစ်သောင်းကို ထုတ်ပေးပြီးရင် ထွက်သွားလို့ရတယ်"
"ကောင်လေး မင်းဒီမှာ ဘာစကားတွေ လာပြောနေတာလဲ.. စီနီယာအကိုယွဲ့က မင်းကို မီးအဆောင်လက်ဖွဲ့နှစ်သောင်း ဘာအကြောင်းနဲ့ ပေးရမှာလဲ.. အခြေအနေကို နားလည်ရင် ထွက်သွားစမ်း.. ဒီမှာဆက်ပြီး ပြဿနာရှာနေရင် ငါတို့ကို မယဥ်ကျေးဘူး ဆိုပြီး အပြစ်မတင်နဲ့"
ထိုအချိန်တွင် ယွဲ့ခွင်းယွင်၏ နောက်လိုက် နှစ်ယောက်သည် ချက်ချင်းဆိုသလို ရှေ့ကို တက်လာခဲ့ပြီး ကျန်းချန်ကို ဒေါသတကြီး အော်ငေါက်လိုက်သည်။
"မင်းတို့သခင်က ဘာစကားမှ မပြောသေးဘူး.. မင်းတို့ ခွေးနှစ်ကောင်ရဲ့ ဟောင်သံက တကယ်ကို ဆူညံနေတာပဲ"
ကျန်းချန်က ထိုနှစ်ယောက်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
ထိုခဏတွင် သူ၏ မျက်လုံးထဲမှ ထက်ရှသော အလင်းတစ်ခု ထွက်လာခဲ့၏။
ထိုအကြည့်ကို ခံစားမိလိုက်လျှင် ထိုနှစ်ယောက်သည် စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။
တခဏအတွင်းမှာပင် သူတို့၏ ရင်ဘတ်ကို အလွန်အေးစိမ့်ပြီး ထက်ရှသော ဓားတစ်ချောင်းက ဖောက်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဖူး"
သူတို့နှစ်ယောက်က ရင်ဘတ်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်အနည်းငယ် တုန်ယင်သွားကာ ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
"မင်း.. မင်း.."
ထိုနှစ်ယောက်က မျက်နှာဖြူဖျော့စွာဖြင့် ကျန်းချန်ကို မော့ကြည့်လိုက်ကြသည်။
သူတို့၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
ဟုတ်ပါသည်။ ထိုနှစ်ယောက်သာ အံ့သြမှင်တက်နေခြင်း မဟုတ်ပေ။
ယွဲ့ခွင်းယွင်၊ ဝမ်ယုံ၊ ချိုးရူယွဲ့ နှင့် အခြားသူများ အားလုံးလည်း မှင်တက်ကာ စကားပင် မပြောနိုင်ခဲ့ကြချေ။
ဤအချိန်တွင် ရှန်းဝူခန်းမ၏ ပတ်ဝန်းကျင်သည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
သိုင်းသခင်နယ်ပယ် ပထမအဆင့်သာ ရှိသေးသည့် ကောင်လေးတွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းရည်ရှိနေခဲ့သည်။
၎င်းက အကြည့်တစ်ချက်ဖြင့်ပင် ယွဲ့ခွင်းယွင်၏ နောက်လိုက်နှစ်ယောက်ကို ချက်ချင်းဆိုသလို အပြင်းအထန် ထိခိုက်စေခဲ့သည် မဟုတ်ပါလား။
"ဒါ..ဒါက တကယ်ကို တုန်လှုပ်ဖို့ကောင်းတဲ့ စွမ်းရည်ပဲ"
အခန်း(၉၅၁)ပြီး၏။