← Chapters

အခန်း (၉၅၂-၉၅၄)

Vol. 64 Ch. 952-953

အခန်း (၉၅၂-၉၅၄)

Vol. 64 Ch. 952-953

အခန်း(၉၅၂)

"ကောင်လေး မင်းငါ့လူတွေကို တိုက်ခိုက်ရဲတယ်လား"

ယွဲ့ခွင်းယွင်က တစ်ခဏမျှ အံ့အားသင့်သွားပြီး နောက်တွင် သူ၏ မျက်နှာထက်၌ သုန်မှုန်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဤကောင်လေး၏ ဓားစိတ်ဆန္ဒသည် အလွန်ပင် အားကောင်းပြီး အကြည့်တစ်ချက်ဖြင့်ပင် သူ၏ နောက်လိုက်နှစ်ယောက်ကို အပြင်းအထန် ထိခိုက်စေခဲ့သည်။

သို့သော် ဤကောင်လေးတွင် အင်အားတချို့ ရှိနေလျှင်ပင် သူ့ကို မည်ကဲ့သို့ လုပ်ဆောင်နိုင်ပါအံ့နည်း။

ခွေးကိုရိုက်လျှင် သခင်ကို ကြည့်ရသည် ဟူသော ဆိုရိုးစကား ရှိသည်။

သူက ဧကရာဇ်အဆင့် တပည့်တစ်ဦး ဖြစ်ပြီး သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကျင့်ကြံသူလည်း ဖြစ်သည်။

ထို့အပြင် ယန်ဒီမြို့မှ နာမည်ကျော် ဘုရင်အဆင့် တပည့်အချို့ပင် သူ့ကို ယဥ်ယဥ်ကျေးကျေး ဆက်ဆံရ၏။

သူ၏ ရှေ့မှကောင်လေးကမူ ယန်ဒီမြို့ကို ယခုမှသာ ရောက်လာသည့် တပည့်သစ်လေး တစ်ဦးသာ ဖြစ်သည်။

သို့ဖြစ်ရာ ထိုကောင်လေးတွင် စွမ်းရည်တချို့ ရှိနေလျှင်ပင် သူ့ရှေ့တွင် မောက်မာနိုင်သည့် အခွင့်အရေး မည်ကဲ့သို့ ရှိနိုင်ပါအံ့နည်း။

"ဒီနှစ်ကောင်က အမှိုက်ပဲ.. ငါက ဘာလို့ မထိရဲရမှာလဲ"

ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။

ထို့နောက်တွင် ချက်ချင်းဆိုသလို စိတ်မရှည်သော အမူအရာဖြင့် ထပ်ပြောလိုက်၏။

"မင်းနဲ့ စကားများနေဖို့ ငါ့မှာအချိန်မရှိဘူး.. မင်း မီးအဆောင်လက်ဖွဲ့ နှစ်သောင်းကို ပေးမှာလား မပေးဘူးလား"

"ဟားဟား.. ယန်ဒီမြို့ကို အခုမှ ရောက်လာတဲ့ အမှိုက်ကောင်ကများ ငါ့ရှေ့မှာ ဝင့်ကြွားရဲတယ်လား"

ယွဲ့ခွင်းယွင်က ကျန်းချန်ကို အထင်သေးစွာကြည့်ရင်း ပြောလိုက်သည်။

"ငါအစောပိုင်းက ပြောခဲ့တဲ့အတိုင်းပဲ.. မင်း ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို ပြသနိုင်သ၍ ငါ့ရဲ့ မီးလျှံ အဆောင်လက်ဖွဲ့ နှစ်သောင်းကို ကြည်ကြည်ဖြူဖြူ ပေးလိုက်မယ်.. မဟုတ်ရင်တော့ တတ်နိုင်သမျှ ငါနဲ့ ဝေးဝေးကို သွားဖို့ အကြံပေးချင်တယ်"

"ကောင်းပြီလေ.. မင်းက လောင်းကြေးပေးဖို့ စိတ်မပါဘူး ဆိုမှတေ့ာ မင်းစိတ်ပါလာတဲ့အထိ တိုက်ခိုက်ပေးရမှာပေါ့"

စကားဆုံးသည်နှင့် ထက်ရှသော ဓားစိတ်ဆန္ဒတစ်ခုသည် ကျန်းချန်၏ ပတ်ပတ်လည်တွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင် အပူချိန်ကလည်း ရုတ်တရက် ကျဆင်းသွားခဲ့၏။

အထူးသဖြင့် ချိုးရူယွဲ့၏ အနောက်ရှိ တပည့်များသည် သူတို့၏ ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ အေးစက်လာသလို ခံစားနေရသည်။

"ဒါက ဘယ်လို ဓားစိတ်ဆန္ဒအစွမ်းလဲဟ.. ဒီကောင်လေးက ဓားစိတ်ဆန္ဒကို ဒီလောက် အားကောင်းတဲ့အဆင့်ထိ ကျင့်ကြံနိုင်ခဲ့တယ်လား"

သူ၏ပတ်ဝန်းကျင်မှ ဖိအားပေးလာသော ကြောက်မက်ဖွယ်ဓားစိတ်ဆန္ဒကို ခံစားမိသောအခါတွင် ယွဲ့ခွင်းယွင်၏ အမူအရာသည် အဆုံးသတ်တွင် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက အတွေးတစ်ချက်ဖြင့်ပင် အလွန်ပူပြင်းသော အရှိန်အဝါများ ပါရှိသည့် မီးဆန္ဒကို ထုတ်ဖော်လိုက်ကာ ကျန်းချန်၏ ဓားစိတ်ဆန္ဒအား တိုက်ခိုက်လိုက်သည်။

"ဝုန်း.."

မတူညီသော ကိုယ်ခံပညာနှစ်ခု၏ တတိယအဆင့် အင်အားနှစ်ခုသည် လေထဲတွင် ထိပ်တိုက် ဆုံမိသွားကြပြီး မမြင်နိုင်သော လေလှိုင်းများသည် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။

ဤအကြိမ်တွင် ချိုးရူယွဲ့ အပါအဝင် တပည့်အားလုံး နီးပါးသည် ထိုမမြင်နိုင်သော လေလှိုင်းများအောက်တွင် ဆယ်ပေကျော်ခန့် နောက်သို့ ဆုတ်လိုက်ရသည်။

မမြင်နိုင်သော လေလှိုင်းများ၏ သက်ရောက်မှုကို မခံလိုက်ရသော ဝမ်ယုံသည် တစ်စုံတစ်ရာကို သတိပြုမိကာ အံ့အားသင့်သွားခဲ့သည်။

"မဟာအဆင့် ဓားစိတ်ဆန္ဒပါလား.."

သူ၏အဆင့်ဖြင့် ကျန်းချန်၏ ဓားစိတ်ဆန္ဒက မဟာအဆင့်ဓားစိတ်ဆန္ဒ ဖြစ်ကြောင်း မြင်နိုင်ရန်မခက်ခဲပေ။

ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ရန်မှာ အလွန်တရာ ခက်ခဲပြီး မဟာအဆင့် စိတ်ဆန္ဒကို နားလည်ရန်မှာ ပို၍ပင် ခက်ခဲသည်။

ရှင်းလင်းစွာဆိုရလျှင် ရှန်းဝူတိုက်ကြီးမှ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများ၏ အနည်းဆုံး ထက်ဝက်ခန့်သည် တတိယအဆင့် စိတ်ဆန္ဒကို နားမလည်ခဲ့ကြပေ။

သိုင်းသခင်နယ်ပယ်တွင် မဟာအဆင့်အထိ ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်ကို နားလည်သူများသည် အလွန်ရှားပါးသော ကျင့်ကြံသူများ ဖြစ်ကြသည်။

သူကိုယ်တိုင်နှင့် ဥပမာပြရလျှင် နတ်ဝိညာဥ်ဘုရင် တစ်ပိုင်းအဆင့် အင်အားကို ပိုင်ဆိုင်ထားသောသူသည် ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ် တစ်မျိုးတွင်သာ တတိယအဆင့်ထိ ရောက်ရှိနေသေးသည်။

ယခု သူ့ရှေ့မှကောင်လေးသည် သိုင်းသခင်နယ်ပယ် ပထမအဆင့်ကို ထိုးဖောက်ရုံသာ ရှိသေးသော်လည်း ဓားစိတ်ဆန္ဒတွင်မူ မဟာအဆင့် ဓားစိတ်ဆန္ဒသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ဤကဲ့သို့ ထူးဆန်းသော ပါရမီရှင်မျိုးသည် ယန်ဒီမြို့တွင် ဒုတိယတစ်ဦး လုံးဝမရှိနိုင်ပေ။

ထို့ကြောင့် ဤကောင်လေးက နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီ၏တပည့် ဖြစ်လာနိုင်သည်မှာ အံ့သြစရာမရှိတော့ချေ။

ဤကောင်လေးသည် ရှန်းဝူခန်းမ၏ စံချိန်ကို ချိုးဖျက်ပြီး သိုင်းသခင်နယ်ပယ် ပထမအဆင့် ကျင့်ကြံမှုဖြင့် ဧကရာဇ်သိုင်းပညာရပ် အမွေအနှစ်ကို အောင်မြင်နိုင်ခဲ့သည်မှာ အဆုံးသတ်တွင် အံ့သြစရာ မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဤကောင်လေးသည် နှစ်ထောင်ပေါင်း များစွာ အတွင်း ရှားပါးစွာ ထွက်ပေါ်လာသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်နေသောကြောင့်ပင်။

ဝမ်ယုံက စိတ်ထဲတွင် အံ့သြထိတ်လန့်နေစဥ်မှာပင် အသံတစ်သံသည် ဝမ်ယုံကို ချက်ချင်းဆိုသလို အသိဝင်လာစေခဲ့သည်။

သူက ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ဖြင့် တိုက်ပွဲဝင်နေကြသော ကျန်းချန်နှင့်ယွဲ့ခွင်းယွင်တို့ နှစ်ဦးကို ကြည့်လိုက်သည်။

အခန်း(၉၅၂)ပြီး၏။

အခန်း(၉၅၃)

ဝမ်ယုံက ကွင်းပြင်ထဲတွင် ထိပ်တိုက်ရင်ဆိုင်နေကြသော ကျန်းချန်တို့ နှစ်ယောက်ကို ကြည့်နေခဲ့သည်။

ထိုအခါ ကျန်းချန်၏ ဓားစိတ်ဆန္ဒနှင့် တိုက်ခိုက်ရန် မီးစိတ်ဆန္ဒ တတိယအဆင့်ကို အသုံးပြုခဲ့ပြီးနောက် ယွဲ့ခွင်းယွင်၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားသည်ကို သူမြင်လိုက်ရသည်။

နောက်ထပ် တခဏမှာပင် ယွဲ့ခွင်းယွင်၏ ပုံရိပ်က တုန်လှုပ်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ခြေဆယ်လှမ်းကျော်အထိ နောက်သို့ ဆုတ်လိုက်ရသည်။

"လခွမ်း ဒီကောင်လေးက မဟာအဆင့် ဓားစိတ်ဆန္ဒကို ဘယ်လို ဘယ်လိုလုပ်ပြီး နားလည်နေရတာလဲ"

ယွဲ့ခွင်းယွင်က သူ၏ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော အသက်စွမ်းအင်များကို အတင်းအကြပ် ထိန်းချုပ်လိုက်ပြီး သူ၏ အခြေအနေကို တည်ငြိမ်အောင် ထိန်းထားခဲ့သော်လည်း မျက်နှာထက်တွင်မူ အံ့သြထိတ်လန့်သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ယွဲ့ခွင်းယွင်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် တတိယအဆင့်ကို နားလည်ရန် မည်မျှခက်ခဲမှန်း ကောင်းစွာသိသည်။

ယန်ဒီမြို့၏ ဧကရာဇ်အဆင့် ပါရမီရှင်တစ်ဦး အနေဖြင့် ယွဲ့ခွင်းယွင်သည် မီးဆန္ဒကို တတိယအဆင့်ထိ နားလည်ခဲ့သည်။

ယခု သူက သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ၏ မီးဆန္ဒ တတိယအဆင့်သည် အလယ်အလတ် အဆင့်နှင့် အလှမ်းကွာဝေးနေဆဲပင်။

သို့သော်လည်း သူ့ရှေ့က ကောင်လေးကမူ ဓားစိတ်ဆန္ဒ တတိယအဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိသွားပြီး မဟာအဆင့် ဓားစိတ်ဆန္ဒကိုပင် နားလည်နေခဲ့ပြီ မဟုတ်ပါလား။

ယွဲ့ခွင်းယွင်က သူ၏ မျက်လုံးကိုပင် မယုံနိုင် ဖြစ်နေခဲ့၏။

သူ့လို ဂုဏ်သရေရှိ ဧကရာဇ်တပည့် တစ်ယောက်ကိုကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်တွင် သူ အလွန်တရာ အထင်သေးထားသည့် ကောင်လေးတစ်ယောက်က လွှမ်းမိုးထားသည် မဟုတ်ပါလော။

"ဒါ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

ယွဲ့ခွင်းယွင်က စိတ်ထဲတွင် တုန်လှုပ်နေသော အချိန်မှာပင် ကျန်းချန်သည် လေဆန္ဒ တတိယအဆင့် ခွန်အားကိုအစွမ်းကုန် ထုတ်ဖော်လိုက်သည်။

ထိုအခါသူ၏ ခန္ဓာကိုယ်က လေနှင့်အတူ လှုပ်ရှားသွားပြီး ယွဲ့ခွင်းယွင်၏ ဘေးကို လျှပ်တပြက် ရောက်ရှိလာခဲ့သည်။

သူက ယွဲ့ခွင်းယွင်ကို တုန့်ပြန်ဖိို့ အခွင့်အရေးပင် မပေးခဲ့ချေ။

ကျန်းချန်က ရုတ်တရက် လက်သီးကို ဆုပ်လိုက်ပြီး နဂါးပြာ သန္ဓေ ခန္ဓာကိုယ်၏ သွေးစွမ်းအားများ ပါဝင်သော ရွှေရောင် လက်သီးချက်ဖြင့် ယွဲ့ခွင်းယွင်ကို တိုက်ရိုက် ထိုးနှက်လိုက်သည်။

အစောပိုင်းက ရှန်းဝူခန်းမထဲတွင် ဧကရာဇ်အဆင့် သိုင်းပညာရပ် အမွေအနှစ် စမ်းသပ်မှုကို ရင်ဆိုင်စဥ်က ကျန်းချန်သည် တိမ်တိုက်ဝါးမျို နည်းစနစ်ကို ထုတ်ဖော်ခဲ့သည်။

ယခုခါတွင် တိမ်တိုက်ဝါးမျို နည်းစနစ်ကို ထုတ်ဖော်ခဲ့သည့်အချိန်က တစ်ဝက်ကျော် ကြာသွားပြီ ဖြစ်ရာ ကျန်းချန်သည် ယွဲ့ခွင်းယွင်နှင့် အချိန်ဖြုန်းနေမည် မဟုတ်ပေ။

မည်သို့ပင် ဖြစ်စေ ယွဲ့ခွင်းယွင်သည် ယန်ဒီမြို့၏ ဧကရာဇ်အဆင့် ပါရမီရှင်တစ်ဦး ဖြစ်သည့်အပြင် သူ၏ ပါရမီနှင့် အင်အားသည် ပိုင်မင်မြို့ရှိ ရှောင်ပုဖန်ထက် လုံးဝမနိမ့်ပေ။

၎င်းကို တစ်ကြိမ်တည်းဖြင့် မဖြေရှင်းနိုင်လျှင် နောက်ပိုင်းတွင် အလွန်တရာ ဒုက္ခရောက်နိုင်ပေသည်။

"ဝုန်း"

ထိတ်လန့်စရာကောင်းသော လက်သီးချက်က ကြီးမားသောဖိအားဖြင့် သူ့ကို ထိုးနှက်လာလျှင် ယွဲ့ခွင်းယွင်သည် ချက်ချင်းဆိုသလို မှင်တက်နေရာကနေ ချက်ချင်း အသိဝင်လာခဲ့သည်။

သို့သော်လည်း လေဆန္ဒ တတိယအဆင့်၏ ကောင်းချီးပေးမှုအောက်တွင် ကျန်းချန်၏ ပုံရိပ်သည် အလွန်တရာ မြန်ဆန်စွာဖြင့် သူ့ရှေ့ကို ချက်ချင်းနီးပါး ရောက်လာခဲ့သည်။

ယွဲ့ခွင်းယွင်ကို ပိုပြီး တုန်လှုပ်စေသည်မှာ သူ့ကို ထိုးနှက်လာသည့် ကြိီးမားသော လက်သီးအင်အားထဲတွင် ရှောင်မျိုးနွယ်စု၏ ကြယ်လေးပွင့် အင်ပါယာသွေးစွမ်းအားထက် မနိိမ့်သည့် ကြောက်မက်ဖွယ်ရာ သွေးစွမ်းအားက်ို ခံစားလိုက်ရခြင်းပင်။

ထိုသွေးစွမ်းအား၏ ဖိအားအောက်တွင် ယွဲ့ခွင်းယွင်၏ ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအားများသည် မတည်ငြိမ်တော့သလို ယွဲ့ခွင်းယွင် ခံစားခဲ့ရ၏။

ယွဲ့ခွင်းယွင်က သူ့ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအားများကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး သွေးအရှိန်အဝါ ဖိအားကနေလွတ်မြောက်ရန် အတင်းအကြပ် ရုန်းကန်လိုက်သည်။

ယွဲ့ခွင်းယွင်က သွေးအရှိန်အဝါ ဖိအားကနေ အဆုံးသတ်တွင်လွတ်မြောက်ခဲ့သော်လည်း ထိုတခဏ အချိန်တွင်းမှာပင် ရှောင်တိမ်းနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်။

ဤသို့ဖြင့် သူနှင့် တဖြည်းဖြည်း နီးကပ်လာသည့် လက်သီး ချက်ကို ကြည့်ရင်း ယွဲ့ခွင်းယွင်၏ ရင်ထဲတွင် ကြောက်ရွံခြင်းများ ကိန်းအောင်းသွားခဲ့ပြီး အသက်စွမ်းအင် အကာအကွယ်ကို အလျင်အမြန် ထုတ်ဖော်ကာ ခုခံလိုက်သည်။

"ဝုန်း"

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချန်၏ ရွှေရောင် လက်သီးချက်သည် ယွဲ့ခွင်းယွင်၏ အကာအကွယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး ပေါက်ကွဲသံပင် ထွက်ပေါ် လာခဲ့သည်။

ကျန်းချန်၏ လက်သီးချက်အောက်တွင် ယွဲ့ခွင်းယွင်၏ ပုံရိပ်သည် ခြေဆယ်လှမ်းကျော် နောက်သို့ ဆုတ်လိုက်ရသည်။

"မင်း.. မင်း ဘယ်သူလဲ"

ကျန်းချန်၏ လက်သီးချက်ကြောင့် ထပ်မံ နောက်ဆုတ်လိုက်ရလျှင် ယွဲ့ခွင်းယွင်၏ မျက်နှာထက်တွင် အံ့အားသင့် ထိတ်လန့်သော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

သိုင်းသခင်နယ်ပယ် ပထမအဆင့်သာ ရှိသည့် နုနယ်သော ကောင်လေး တစ်ယောက်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်နှစ်မျိုးကို တတိယအဆင့်ထိ နားလည်ထားရုံတင်မက ရှောင်မျိုးနွယ်စု၏ သွေးစွမ်းအားထက် မနိိမ့်သော အင်ပါယာ သွေးစွမ်းအားကိုပင် ပိုင်ဆိုင်ထားခဲ့သည်။

အခန်း(၉၅၃)ပြီး၏။

အခန်း(၉၅၄)

ယွဲ့ခွင်းယွင်က ကျန်းချန်ကို စူးစိုက်၍ ကြည့်နေရင်း ရင်ထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့သည်။

သူက ကျန်းချန်နှင့် နှစ်ကွက်မျှသာ ရင်ဆိုင်ခဲ့ရသေးသော်လည်း အစောပိုင်းက ထိပ်တိုက် တွေ့ဆုံခဲ့မှုတွင် ထိုကောင်လေး၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုစွမ်းရည်ကို နက်နက်ရှိုင်းရှိုင်း ခံစားမိခဲ့သည်။

ပထမတစ်ကြိမ်က ကျန်းချန်သည် သူ၏ မီးဆန္ဒကို မဟာအဆင့် ဓားစိတ်ဆန္ဒဖြင့် လွှမ်းမိုးခဲ့ပြီး သူ့ကို ဒဏ်ရာ အပြင်းအထန် ရရှိစေခဲ့သည်။

ဒုတိယအကြိမ်တွင်လည်း ကျန်းချန်သည် လေဆန္ဒ တတိယအဆင့်၊ ရုပ်ပိုင်းဆိုင်ရာအင်အားနှင့် ကြောက်မက်ဖွယ် သွေးစွမ်းအားများကို ပေါင်းစပ်ကာ သူ့ကို ထပ်မံ ဒဏ်ရာရစေခဲ့သည်။

သူ့လ်ို သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်သည့် ဧကရာဇ်အဆင့် ပါရမီရှင် တစ်ယောက်ကို သူ့ရှေ့မှ ကောင်လေးသည် လုံးဝ လွှမ်းမိုးထားနိုင်ခဲ့သည်။

ယန်ဒီမြို့တွင် ဤကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက် ဘယ်ကတည်းက ထွက်ပေါ်လာသလဲ ဆိုသည်ကို ယွဲ့ခွင်းယွင် အမှန်တကယ် မသိခဲ့ပေ။

သူ့ရှေ့မှ ကောင်လေး၏ ပါရမီသည် ယန်ဒီမြို့ရှိ မည်သည့်ဧကရာဇ်အဆင့် ပါရမီရှင်မျိုးနှင့် မဆို အရည်အချင်း မနိိမ့်သည်မှာ သေချာသည်။

"ငါဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးဘူး.. အရေးကြီးတာက မင်းငါ့ကို ကတိမတည်ရင် မင်းက ဧကရာဇ်အဆင့် ပါရမီရှင်ဖြစ်နေရင်တောင် ငါအလွှတ်ပေးမှာ မဟုတ်ဘူး "

ကျန်းချန်က စကားဆုံးသည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်များ တောက်ပလာခဲ့ပြီး ချက်ချင်းဆိုသလို အမြင့်ပေ တော်တော်များများသို့ မြင့်တက်သွားခဲ့သည်။

ကျန်းချန်သည် ယွဲ့ခွင်းယွင်ကို အနားယူဖို့ အခွင့်အရေးပေးရန်ပင် စိတ်ကူးမရှိခဲ့ပေ။

"တောင်တန်းနှင့်မြစ်များလှုပ်ခါစေ"

ကျန်းချန်က အေးစက်စက် ရေရွတ်လ်ိုက်ပြီး ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်၏ ပထမ တိုက်ကွက်ဖြင့် ယွဲ့ခွင်းယွင်ကို တိုက်ခိုက်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော လက်သီးအင်အားသည် လေထုကို ချက်ချင်း ထိုးဖောက်သွားခဲ့ပြီး ယွဲ့ခွင်းယွင်၏ ပတ်ဝန်းကျင် တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်၏ လက်သီးချက်ကြောင့် အသက်ပင် ရှူမဝသလို ဖြစ်နေသည့် ယွဲ့ခွင်းယွင်၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်များကို အလျင်အမြန် စုစည်းကာ ပြန်လည် တိုက်ခိုက်လိုက်သည်။

သို့သော် ကျန်းချန် နဂါးပြာ သန္ဓေ ခန္ဓာကိုယ်၏ သွေးစွမ်းအားသည် ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်နှင့် ပေါင်းစပ်လိုက်သည့် အခါတွင် အလွန်တရာ အားကောင်းနေခဲ့သည်။

ယွဲ့ခွင်းယွင်၏ အင်အားဖြင့်ပင် အလျင်အမြန် ရောက်ရှိလာသော ကျန်းချန်၏ လက်သီးချက်ကို ခုခံရန် မဖြစ်နိုင်ခဲ့ပေ။

လက်သီးချက်၏ ပြင်းထန်သော တုန်ခါမှုစွမ်းအားသည် လေထုကို တိုက်ရိုက် ထိုးဖောက်သွားခဲ့ပြီး ယွဲ့ခွင်းယွင်၏ ခန္ဓာကိုယ်ပေါ်သို့ တန်းတန်းမတ်မတ် ကျရောက်သွားခဲ့သည်။

ယွဲ့ခွင်းယွင်က အသံတိုးတိုးလေးသာ ညည်းနိုင်တော့ပြီး တစ်ကိုယ်လုံးသည် သဲအ်ိတ် ကဲ့သို့ လွင့်စင်သွားခဲ့သည်။

"ဟင်းလင်ပြင်ချိုးဖျက်"

လွင့်စင်ထွက်သွားသော ယွဲ့ခွင်းယွင်ကို ကြည့်နေသော ကျန်းချန်၏ မျက်နှာက အေးစက်နေခဲ့သည်။

ထို့နောက်တွင် သူက ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်၏ ဒုတိယတိုက်ကွက်ကို ထုတ်ဖော်လိုက်၏။

"ဝုန်း"

မြေပြင်ပေါ်သို့ မရောက်သေးသည့် ယွဲ့ခွင်းယွင်သည် ကျန်းချန်၏ လက်သီးချက်အောက်တွင် နောက်တစ်ကြိမ် ထပ်မံ လွင့်စင်သွားခဲ့သည်။

ကျန်းချန်၏ ပြင်းထန်သော လက်သီးချက်ဖြင့် ဆက်တိုက် ဆိုသလို ထိခိုက်ခံရပြီးနောက်တွင် နဂိုကတည်းက ဒဏ်ရာရနေပြီးသား ယွဲ့ခွင်းယွင်သည် ဆက်လက် မတောင့်ခံနိုင်တော့ဘဲ သွေးများကို အန်ထုတ်လိုက်ရသည်။

သူက ကျန်းချန်၏ ရွှေရောင်လက်သ်ီးကို ထိတ်လန့်တကြား ကြည့်နေခဲ့သည်။

ထို့နောက်တွင် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည့် အားပြင်းသော လက်သီးချက်က သူ့ဆီသို့ ဦးတည်လာနေသည်ကို မြင်လျှင် သူ၏ စိတ်ထဲတွင် ရုတ်တရက် သေခြင်းတရား၏ အရိပ်အမြွက်ကို ခံစားလိုက်ရ၏။

"ငါ ငါအရှုံးပေးတယ်.. မင်းကို မီးလျှံအဆောင်လက်ဖွဲ့ နှစ်သောင်းပေးဖို့ ငါဆန္ဒရှိတယ် "

ယွဲ့ခွင်းယွင်က ထိတ်လန့်တုန်လှုပ်သည့် အမူအရာဖြင့် ကျန်းချန်ကို အလျင်အမြန် အော်ပြောလိုက်သည်။

ယွဲ့ခွင်းယွင်သည် သူ့ကိုယ်သူ နစ်နာသလို ခံစားလိုက်ရသည်။

သူ၏ ပေါ့ဆမှုကြောင့် ကျန်းချန်နှင့် ပထမအကြိမ် ထိပ်တိုက်တွေ့ဆုံမှုတွင် ကျန်းချန်၏ မဟာအဆင့် ဓားစိတ်ဆန္ဒကြောင့် ဒဏ်ရာရရှိသွားခဲ့ပြီး တိုက်ပွဲဝင်စွမ်းရည် ခုနှစ်ဆယ် ရာခိုင်နှုန်းလောက်သာ ထုတ်သုံးနိုင်ခဲ့သည်။

ထို့အပြင် အစောပိုင်းတွင် ကျန်းချန်သည် သူ့ကို အသက်ရှူဖို့ပင် အခွင့်အရေးပေးဘဲ လက်သီးချက်ဖြင့် ထပ်မံ တိုက်ခိုက်ခဲ့သေးသည်။

ထို့ကြောင့် သူ၏ ဒဏ်ရာများက ယခုအခါ ပိုမို ဆိုးရွားလာသည် ဖြစ်ရာ ကျန်းချန်၏ လက်သီးချက်ကို ခုခံရန် ပို၍ ခက်ခဲလာခဲ့၏။

ဤအတိုင်းသာ ဆက်တိုက်နေလျှင် ယနေ့တွင် ဤကောင်လေး၏ လက်ထဲ၌ အမှန်တကယ် အဆုံးသတ်သွားနိုင်ပေသည်။

ယွဲ့ခွင်းယွင်၏ စကားကိုကြားလျှင် ကျန်းချန်၏ ဖျက်ဆီးအားပြင်းသော လက်သီးသည် ယွဲ့ခွင်းယွင်၏ ဦးခေါင်းနှင့် သုံးပေပင် မဝေးတော့သော အကွာအဝေးတွင် ရပ်တန့်သွားခဲ့သည်။

သူက ယွဲ့ခွင်းယွင်ကို အထက်စီးဆန်စွာ ကြည့်လိုက်ရင်း အေးစက်စက် ပြောလိုက်၏။

"ထုတ်ပေးစမ်း"

ယွဲ့ခွင်းယွင်က သွားများကို အံကြိတ်လိုက်ပြီး သူ၏ သက်သေခံ တံဆိပ်ပြားကို ထုတ်ယူကာ မီးလျှံ အဆောင်လက်ဖွဲ့ နှစ်သောင်းကို လိမ်လိမ်မာမာပင် လွှဲပေးလိုက်သည်။

အခန်း(၉၅၄)ပြီး၏။

All Chapters