အခန်း (၉၅၅-၉၅၇)
Vol. 64 Ch. 955-957
အခန်း(၉၅၅)
မျက်စိရှေ့မှ အံသြထိတ်လန့်စရာ ပုံရိပ်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းသည် ကွင်းပြင်ထဲတွင် မတ်မတ်ရပ်နေသော ပုံရိပ်ကို မှင်တက်စွာ ကြည့်နေခဲ့ကြပြီး အချိန်အတော်ကြာသည်အထိ အသိ ပြန်မဝင်ခဲ့ကြပေ။
ယွဲ့ခွင်းယွင်သည် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူဖြစ်ပြီး ဧကရာဇ်အဆင့် ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။
ကျန်းချန်က ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရည် စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး ယွဲ့ခွင်းယွင်ကို ပြန်လည် တိုက်ခိုက်နိုင်စွမ်းမရှိသည် အထိ ဖြစ်စေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
အဆုံးသတ်တွင် ယွဲ့ခွင်းယွင်သည် ကျန်းချန်ကို အသနားခံ စကားပင် ပြောဆိုခဲ့ရသည်။
ကျန်းချန်နှင့် ယွဲ့ခွင်းယွင်တို့၏ တိုက်ပွဲကိုကြည့်ရင်း ကျန်းချန်က သိုင်းသခင်နယ်ပယ် ပထမအဆင့်ဖြင့် အဘယ်ကြောင့်ဧကရာဇ်အဆင့် သိုင်းပညာရပ်ကို အမွေဆက်ခံနိုင်ခဲ့သလဲဆိုသည်ကို သူတို့ အဆုံးသတ်တွင် နားလည်လိုက်ကြ၏။
"ဒီကလေးက သာမန်အတွေးနဲ့ ဖော်ပြလို့မရတဲ့ မွန်းစတားပဲ"
-----------------
"စီနီယာအမချိုး ကျွန်တော်သွားတော့မယ်"
မီးအဆောင်လက်ဖွဲ့ နှစ်သောင်းကို ရရှိပြီးနောက်တွင် ကျန်းချန်သည် ယွဲ့ခွင်းယွင်တို့ လူစုကို လှည့်ကြည့်ရန် စိတ်မဝင်စားတော့ဘဲ ယခုအချိန်ထိ အံ့အားသင့်နေဆဲ ဖြစ်သော ချိုးရူယွဲ့တို့အဖွဲ့ကို ချက်ချင်း နှုတ်ဆက်ကာ ရှန်းဝူခန်းမကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
"ခွေးသား.. မင်း ငါ့ကိုစောင့်နေ မင်းဘယ်သူပဲ ဖြစ်နေဖြစ်နေ ငါ ယွဲ့ခွင်းယွင်က ပြန်လည်ပေးဆပ်စေမယ်"
ကျန်းချန် ထွက်ခွာသွားသည်ကို မြင်လျှင် ယွဲ့ခွင်းယွင်၏ မျက်နှာထက်တွင် အလွန်ဆိုးရွားသော အမူအရာများ ပေါ်ထွက်လာခဲ့သည်။
သူက ယန်ဒီမြို့၏ ဧကရာဇ်အဆင့် တပည့်တစ်ဦး ဖြစ်ပြီး သူ၏နောက်တွင် အလွန် အစွမ်းထက်သည့် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ရှိနေသောကြောင့် ယွဲ့ခွင်းယွင်သည် အမြဲတမ်းလိုလို သူတစ်ပါးအား အထက်စီးကနေသာ ဆက်ဆံခဲ့သည်။
ဆိုရလျှင် ယန်ဒီမြို့တွင် ဧကရာဇ်အဆင့် ပါရမီရှင် အလွန်တရာ နည်းပါးသောကြောင့် အင်ပါယာအဆင့် ပါရမီရှင်က လွဲလျှင် ယွဲ့ခွင်းယွင်သည် မည်သူ့ကိုမျှ ဂရုမစိုက်ခဲ့ပေ။
သို့သော်လည်း ယနေ့တွင် သူသည် ရှန်းဝူခန်းမရှေ့တွင် သိုင်းသခင်နယ်ပယ် ပထမအဆင့် ကောင်လေးတစ်ယောက်ကြောင့် အရှက်ရခဲ့သည် ဖြစ်ရာ မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
ယွဲ့ခွင်းယွင်က ကျန်းချန်၏ ကျောပြင်ကို တိတ်ဆိတ်၍ ကြည့်လိုက်ပြီး နောက်တွင် သူ၏ နောက်လိုက် နှစ်ဦးနှင့်အတူ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
အစောပိုင်းက ရှန်းဝူခန်းမ၏ ထူးခြားသော မြင်ကွင်းသည် လူအများအပြား၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ထို့ကြောင့်ပင် ရှန်းဝူခန်းမ ဆီသို့ ရောက်လာကြသည့် အရှိန်အဝါ များစွာကို သူ ခံစားမိလိုက်၏။
သို့ဖြစ်ရာ ယွဲ့ခွင်းယွင်သည် သူ၏ လက်ရှိပုံစံဖြင့် ဤနေ ရာတွင် မည်ကဲ့သို့ ရှိနေနိုင်ပါမည်နည်း။
"ဒီကောင်က အခုထိ ဟိုကောင်လေးရဲ့ အထောက်အထားအမှန်ကို မမြင်နိုင်သေးတဲ့ပုံပဲ.. သူ့ကို ပြဿနာသွားရှာရင်တော့ သေခြင်းတရားနဲ့ဘဲ ကြုံရလိမ့်မယ်"
ယွဲ့ခွင်းယွင် ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝမ်ယုံက မထီမဲ့မြင် ပြုံးလိုက်သည်။
ထိုအချိန်တွင် ရှန်းဝူခန်းမ ဆီသို့ ဦးတည်နေသော အရှိန်အဝါပေါင်း များစွာကို ခံစားမိသောအခါ ဝမ်ယုံ၏ မျက်နှာ အသွင်အပြင်သည် တည်ငြိမ်သွားခဲ့သည်။
နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့သော နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီသည် ယန်ဒီမြို့သို့ ပြန်ရောက်လာပြီး ထိုကဲ့သို့သော မွန်းစတား ဆန်လွန်းသော တပည့်တစ်ဦးကို ခေါ်ဆောင်နိုင်ခဲ့သည်။
ကြည့်ရသည်မှာ မကြာခင် အချိန်ကာလအတွင်း ယန်ဒီမြို့၏ ကောင်းကင်က ပြောင်းလဲလာတော့မည် ဖြစ်သည်။
ဝမ်ယုံ အတွေးထဲ နစ်မြောနေစဥ်မှာပင် အစွမ်းထက်သော အရှိန်အဝါများ ရှိသည့် လူငယ်တပည့် အချို့သည် ဝမ်ယုံ၏ ရှေ့သို့ ဆင်းသက်လာခဲ့ကြသည်။
"ဝမ်ယုံ.. ခုနက ရှန်းဝူခန်းမရဲ့ ထူးဆန်းတဲ့ မြင်ကွင်းကြောင့် ငါတို့တွေ ရောက်လာကြတာပဲ.. ဘယ်စီနီယာအကိုက ဧကရာဇ်သိုင်းပညာရပ်ကို ရရှိခဲ့တာလဲ သိပါရစေ"
ငွေရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက ဝမ်ယုံကို ခပ်အေးအေး မေးလိုက်သည်။
"စိတ်မကောင်းပါဘူး.. အဲဒီ အကိုကြီးက လျှို့ဝှက်ထားဖို့ ထပ်ခါတလဲလဲ မှာကြားထားလို့ပါ.. ငါ့ကို အခက်တွေ့အောင် မလုပ်ပါနဲ့"
ဝမ်ယုံက ထိုစကားကို ပြောပြီးနောက်တွင် ရှန်းဝူခန်းမ ဘက်ဆိီသို့ လျင်မြန်စွာ ပြန်လှည့်သွားခဲ့သည်။
လက်ရှိအချိန်တွင် ဝမ်ယုံသည် ကျန်းချန်၏ လျှို့ဝှက်ချက်ကိုထိန်းသိမ်းပေးထားရန် ရွေးချယ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယန်ဒီမြို့ရှိ ပါရမီရှင်များစွာသာ ကျန်းချန်ထံတွင် ဧကရာဇ်အဆင့် သိုင်းပညာရပ် ရှိနေကြောင်း သိရှိသွားခဲ့လျှင် ကျန်းချန်အတွက် ပြဿနာများစွာ ဖြစ်ပေါ်စေမည်ကို စိုးရိမ်သောကြောင့်ပင်။
ကျန်းချန်၏ ပါရမီသည် သူ့တစ်သက်တာလုံး မြင်ဖူးသမျှထဲတွင် အံ့သြဖို့အကောင်းဆုံး ဖြစ်သည်။
ကျန်းချန်၏ အနာဂတ် အောင်မြင်မှုများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိလာမည်မှာ သေချာသလောက်ဖြစ်ပြီး မီးလျှံဓားအင်ပါယာ ရှောင်တုလီကိုပင် ကျော်လွန်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာမည်ကို သူ နားလည်ခဲ့သည်။
သူ့အနေဖြင့် ဤကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးကို မိတ်ဆွေဖွဲ့ရန် အတွက် မည်မျှပင် ပေးဆပ်ရပါစေ၊ ထိုက်တန်မှု ရှိပေသည်။
အခန်း(၉၅၅)ပြီး၏။
အခန်း(၉၅၆)
ရှန်းဝူခန်းမအပြင်ဘက်ရှိ ယန်ဒီမြို့မှ တပည့်များစွာသည် ရှန်းဝူခန်းမ၏ ထူးခြားသော မြင်ကွင်းကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ဧကရာဇ်အဆင့် သိုင်းအမွေအနှစ်ကို မည်သူက ရရှိသွားသလဲ သိချင်နေခဲ့ကြသည်။
သို့သော်လည်း သူတို့သည် ကျန်းချန်တို့ ထွက်သွားပြီးမှသာ ရောက်လာခဲ့ပြီး ရှန်းဝူခန်းမ၏ အစောင့်ဖြစ်သည့် ဝမ်ယုံ ထံတွင် စုံစမ်းရန် ကြိုးစားခဲ့ကြသည်။
သို့ရာတွင် ဝမ်ယုံက အမှန်အတိုင်း မပြောခဲ့ပေ။
အဆုံးသတ်တွင် ၎င်းတို့အားလုံးသည် ဆန္ဒမပြည့်ဝဘဲ ပြန်လှည့်သွားခဲ့ရသည်။
သို့သော်လည်း ဤယန်ဒီမြို့မှ တပည့်များသည် ဧကရာဇ် အဆင့် ကိုယ်ခံပညာ အမွေအနှစ်ကို မည်သူ ရရှိသွားမှန်း မသိသော်လည်း ဤကိစ္စအပေါ် ၎င်းတို့၏ စိတ်ဝင်စားမှုမှာ လျော့မကျသွားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ယန်ဒီမြို့၏ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ဒုတိယမြောက် ထူးခြားသော ဧကရာဇ်အဆင့် ကိုယ်ခံပညာ အမွေအနှစ် ဖြစ်နေသောကြောင့်ပင်။
ထို့ကြောင့် ရက်အနည်းငယ်ကြာပြီး နောက်မှာပင် ဤကိစ္စသည် တပည့်အများစု ပြောဆိုနေသည့် ခေါင်းစဥ်တစ်ခု ဖြစ်လာခဲ့သည်။
လူတိုင်းက ထိုကိစ္စကိုသာ ဂရုစိုက်နေကြပြီး ဧကရာဇ်အဆင့် ကိုယ်ခံပညာ အမွေအနှစ်ကို မည်သူရရှိသွားသလဲ ဆိုသည်ကို ခန့်မှန်းနေကြချိန်တွင် ကျန်းချန်သည် အေးအေးဆေးဆေးသာ ရှိနေခဲ့သည်။
သူက ရှန်းဝူခန်းမကနေ ပြန်လာပြီး ကတည်းကပင် ခြံဝင်းထဲတွင်သာ အပတ်တကုတ် ကျင့်ကြံနေခဲ့သည်။
ယန်ဒီမြို့သည် ရှန်းဝူတိုက်မှ ကိုယ်ခံပညာရှင်များအတွက် အိပ်မက်ဆန်သော ကျင့်ကြံခြင်း နယ်မြေတစ်ခု ဖြစ်ရာ ဤနေရာမှ ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအားများသည် စိတ်ကူးပင် မယဥ်နိုင်လောက်သည် အထိ ကြွယ်ဝ၏။
ထို့အပြင် ကျန်းချန် ထံတွင် အဆတစ်ရာစနစ်ဖြင့် အတွေ့အကြုံရမှတ် အဆတစ်ရာကို ရရှိနိုင်မည့် ကောင်းချီးလည်း ရှိနေခဲ့သည်။
သို့ဖြစ်ရာ ရက်အနည်းငယ် အတွင်းမှာပင် သိုင်းသခင်နယ်ပယ် ဒုတိယအဆင့်ကို တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် ကျန်းချန်သည် သိုင်းသခင်နယ်ပယ် ပထမအဆင့်ကနေ ဒုတိယအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသောကြောင့် ဝမ်းသာမနေခဲ့ဘဲ သူ၏ စိတ်ကို တည်ငြိမ်အောင် ကြိုးစားကာ စီမံနေခဲ့သည်။
သုံးလအကြာတွင် အင်ပါယာအမွေအနှစ် နယ်မြေက ဖွင့်လှစ်တော့မည် ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် ကျုံးကျ်ိုးကုန်းမြေ၏ မြင့်မြတ်သော မြို့တော် ငါးမြို့မှ ထိပ်တန်း ပါရမီရှင်များ စုဝေးလာကြမည် ဖြစ်သည်။
သူ၏ လက်ရှိစွမ်းအားဖြင့် ဆိုလျှင် ရွယ်တူများထဲတွင် အားအကောင်းဆုံးဟု သတ်မှတ်နိုင်သော်လည်း ကျုံးကျိုးကုန်းမြေ၏ မြို့တော်ငါးခုထဲမှ ပါရမီရှင်များနှင့် နှိုင်းယှဥ်လျှင်မူ သူတို့ ကြားထဲတွင် ကြီးမားသော ကွာဟချက် ရှိနေပါသေးသည်။
ဤယန်ဒီမြို့တွင် အင်ပါယာအဆင့်ပါရမီရှင် ငါးဦးရှိသည်။
ထိုငါးဦးလုံး၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းသခင် နယ်ပယ် အဆင့်ခုနစ် အထက်တွင် ရှိကြသည်။
၎င်းတို့၏ စွမ်းရည်သည် ပြိုင်ဘက်ကင်းပြီး သာမန် သိုင်းသခင် နယ်ပယ် နဝမအဆင့် ကျင့်ကြံသူကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိကြသည်။
အင်ပါယာအဆင့် ပါရမီရှင် ငါးဦးသည် သိုင်းသခင်နယ်ပယ် တွင် ပြိုင်ဘက်ကင်းသည်ဟုပင် ဆိုနိုင်သည်။
တချို့သော ကောလဟလများအရ ယန်ဒီမြို့၏ အင်အားအကြီးဆုံး အင်ပါယာအဆင့် ပါရမီရှင်သည် နတ်ဝိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူကိုပင် တုန်လှုပ်သွားစေနိုင်လောက်သည်အထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထထားသည်ဟုပင် ဆိုကြ၏။
ကျန်းချန်၏ လက်ရှိစွမ်းရည်ဖြင့် ဤကဲ့သို့ ပြိုင်ဘက်ကင်းသည့် ပါရမီရှင်နှင့် ရင်ဆိုင်ရလျှင် အချိန်နှင့် အာကာသ ဓားနယ်မြေကို ထုတ်သုံးခဲ့သည်တိုင် အနိုင်ရမည် မဟုတ်ပေ။
"အင်ပါယာအမွေအနှစ် နယ်မြေ မဖွင့်ခင်မှာ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို စတုတ္ထအဆင့်ထိ မြှင့်တင်ထားရမယ်"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ဆက်လက်ကျင့်ကြံရန် အတွက် မျက်လုံးမှိတ်လိုက်သည်။
ယန်ဒီမြို့မှ အင်ပါယာအဆင့် ပါရမီရှင်ငါးဦးနှင့် ယှဥ်လျှင် သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်သည် အလွန်တရာပင် အားနည်းနေခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သာ သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် သို့မဟုတ် စတုတ္ထအဆင့် အထက်ကို ရောက်ရှိနိုင်ခဲ့လျှင်သူ၏ လက်ထဲမှာရှိသည့် နည်းစနစ်ပေါင်းများစွာနှင့် ပေါင်းစပ်ကာ ကျန်းချန်သည် ထိုပြိုင်ဘက်ကင်း ပါရမီရှင်များကို ယှဥ်ပြိုင်ရန် အရည်အချင်း လုံလောက်ပြီဟု ယုံကြည်မှုရှိသည်။
"ကျန်းချန် ငါရှောင်ကြွယ်ကို ထွက်တွေ့စမ်း.. မင်း ငါ့နေရာကို ဘာလို့ ခိုးယူရတာလဲ"
ကျန်းချန်က ဆက်လက် ကျင့်ကြံရန် ပြင်ဆင်နေစဥ်မှာပင် ခြံဝင်း အပြင်ဘက်ကနေ ဒေါသတကြီး မကျေမနပ် ရေရွတ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဆရာ မှန်းထားတဲ့အတိုင်းပဲ.. လူတချို့က ငါ ဧကရာဇ်အမွေအနှစ် နယ်မြေထဲ ဝင်ခွင့်ရထားတာကို မကျေနပ်ကြဘူး ထင်တယ်"
ခြံဝင်း အပြင်ဘက်မှ ဒေါသတကြီး အော်ဟစ်သံကို ကြားလျှင် ကျန်းချန်သည် အေးစက်စက် ပြုံးလိုက်သည်။
သူက မတ်တပ် ထရပ်လိုက်ပြီး ခြံဝင်းအပြင်ဘက်ကို တန်းတန်းမတ်မတ်ပင် လျှောက်သွားခဲ့၏။
သူ့ဆရာ ရှောင်တုလီက အင်ပါယာအမွေအနှစ် နယ်မြေ ဝင်ခွင့် တစ်နေရာကို ရရှိအောင် ကူညီပေးခဲ့သည့် အတွက် သူက သူ့ဆရာကို အရှက်မရစေလိုခဲ့ပေ။
ရှင်းလင်းစွာ ဆိုရလျှင် ကောင်းကင်မင်းကြီး ကိုယ်တိုင်လာခဲ့လျှင်ပင် ဤနေရာကို မည်သူ့ဆီမျှ ပေးအပ်မည်မဟုတ်ချေ။
အခန်း(၉၅၆)ပြီး၏။
အခန်း(၉၅၇)
တစ်ချိန်တည်းမှာပင် ကျန်းချန်နေထိုင်သည့် ခြံဝင်းအပြင်ဘက်တွင် ယန်ဒီမြိုမှ တပည့်ဒါဇင်ပေါင်း များစွာသည် စုဝေးနေခဲ့ကြပြီ ဖြစ်သည်။
ထိုအုပ်စု၏ အလယ်တွင် အသက်နှစ်ဆယ်ခန့်ရှိပြီး နီရဲသောဆံပင်နှင့် လူငယ်တစ်ဦးသည် ခြံဝင်း အတွင်းဘက်ကို အေးစက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေခဲ့သည်။
"ဒါက ဘယ်လိုအခြေအနေမျိုးလဲ.. စီနီယာအကို ရှောင်ကြွယ်က ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ.. ဒီခြံဝင်းထဲကလူက စီနီယာအကို ရှောင်ကြွယ်ရဲ့ အင်ပါယာအမွေအနှစ် နယ်မြေဝင်ခွင့်ကို လုယူသွားတယ်လို့ ပြောနေကြတယ်.. ခြံဝင်းထဲမှာ ရှိနေတဲ့သူက နှလုံးလောင်ကျွမ်း ဓားအင်ပါယာရဲ့ တပည့်လေ.. စီနီယာအကို ရှောင်ကြွယ်က အတော်လေးကံဆိုးတာပဲ"
"..........."
ထိုသို့ ဆွေးနွေးသံများ ကြားထဲမှာပင် အနက်ရောင်ဝတ် လူငယ်တစ်ဦးသည် ခြံဝန်းထဲကနေ လျှောက်ထွက်လာခဲ့သည်။
"ကျန်းချန် မင်းခြံဝန်းထဲမှာ လိပ်လိုပုန်းနေမယ်လို့ ငါထင်နေခဲ့တာ.. မင်းက ငါနဲ့ ထွက်တွေ့ဖို့အထိ သတ္တိရှိမယ်လို့ မထင်ထားခဲ့ဘူး"
ကျန်းချန် ခြံဝန်းထဲမှ ထွက်လာသည်ကို မြင်လျှင် ရှောင်ကြွယ်က ခနဲ့တဲ့တဲ့ပြုံးကာ ပြောလိုက်သည်။
"ဘာလို့ငါက ခြံဝန်းထဲမှာ လိပ်လိုပုန်းပြီး ထွက်မလာရဲရမှာလဲ"
ကျန်းချန်က ရှောင်ကြွယ်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
"ပြောမှာသာ ပြောစမ်းပါ.. မဟုတ်ရင်လည်း သွားတော့.. ငါမင်းနဲ့ အချိန်ဖြုန်းဖို့ စိတ်မဝင်စားဘူး"
"ကျန်းချန် ငါမင်းနဲ့စကားအပိုတွေ မပြောချင်ဘူး.. မင်းအခုရထားတဲ့ အင်ပါယာအမွေအနှစ် ဝင်ခွင့်နေရာက ငါ့ရဲ့နေရာပဲ.. မင်းကို ငါ့နေရာမှာ အစားထိုးလိုက်တာကို ငါလုံးဝ မကျေနပ်ဘူး.. ဒီနေ့ မင်းဆီလာတာက မင်းမှာ ငါ့နေရာကို အစားထိုးနိုင်မဲ့အရည်အချင်း ရှိမရှိ စမ်းသပ်ဖို့ပဲ"
ရှောင်ကြွယ်က သူ့ရင်ထဲမှ ဒေါသများကို ထိန်းချုပ်လိုက်သည်။
သူ၏ ကျန်းချန်ကို ကြည့်နေသည့် မျက်လုံးထဲတွင် စိန်ခေါ်သည့် အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ရက်အနည်းငယ်အကြာက သူသည် ယန်ဒီမြို့ကနေ မစ်ရှင်တစ်ခုကို ဆောင်ရွက်ရန် မြို့ကနေ ထွက်သွားခဲ့ပြီး မနေ့ကမှသာ ပြန်လည် ရောက်ရှိလာခဲ့သည်။
သို့သော်လည်း ယန်ဒီမြို့ကို ရောက်ရှိသည်နှင့် အင်ပါယာအမွေအနှ စ်နယ်မြေကို ဝင်ခွင့်ရမည့် သူ၏ နေရာအား ကျန်းချန်ဖြင့် အစားထိုးလိုက်သည်ကို သူ့ဆရာဆီကနေ သိခဲ့ရသည်။
အင်ပါယာအမွေအနှစ် နယ်မြေသည် ကျုံးကျိုးကုန်းမြေရှိ မြင့်မြတ်သော မြို့တော် ငါးမြို့မှ နှစ်တစ်ရာတွင် တစ်ကြိမ်သာ ပြုလုပ်သော ပွဲတော် ဖြစ်သည်။
ယခုသူ၏ ဝင်ခွင့်နေရာကို ကျန်းချန်က အစားထိုးသွားသည်ဖြစ်ရာ ရှောင်ကြွယ်သည် အလွန်ပင် မကျေမနပ် ဖြစ်နေခဲ့သည်။
သူ့ဆရာ၏ ရှင်းပြချက်အရ ရှောင်ကြွယ်သည် ကျန်းချန်၏ လက်ချက်မှန်းသိပြီး ဤနေရာသို့ ရောက်ရှိလာခြင်းပင်။
နှလုံးလောင်ကျွမ်း ဓားအင်ပါယာသည် ယန်ဒီမြို့တွင် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည်။
သူက သူ၏တပည့်အတွက် နေရာတစ်ခု ဖန်တီးပေးချင်ခဲ့လျှင် ရှောင်မိသားစုခေါင်းဆောင် ရှောင်ထျန်းဟန်ပင် သူ့ကိုမျက်နှာသာပေးရသည်။
ထို့ကြောင့် ရှောင်ကြွယ်က သူ့နေရာကို ပြန်ယူဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက် ခက်ခဲမှန်း ကောင်းစွာသိသည်။
သို့သော် မဖြစ်နိုင်ဟု ဆိုသော်လည်း လျှို့ဝှက်နည်းစနစ် တချို့ကို ထုတ်သုံးရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ယနေ့တွင် သူက ကျန်းချန်ကို စိန်ခေါ်ခဲ့သည်။
ကျန်းချန်ကိုသာ အနိုင်ယူနိုင်ခဲ့လျှင် ဝင်ခွင့်နေရာက အပြောင်းအလဲ ဖြစ်သွားနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေကာမူ ရှန်းဝူတိုက်ကြီးသည် ကိုယ်ခံပညာကို လေးစားသည့် ကမ္ဘာကြီးတစ်ခု ဖြစ်သည်။
ယန်ဒိိမြို့တွင်လည်း ထိုအတိုင်းပင်။
အချိန်ကျသည်နှင့် သူ၏ နောက်ကွယ်ရှိ ဆရာသည် အခွင့်အရေးကို ဖမ်းဆုပ်ကာ လူထု၏ အမြင်နှင့် ရှောင်တုလီကို ဖိအားပေးရန် လျှို့ဝှက်စွာ စတင်မည် ဖြစ်သည်။
ထိုကောင်လေးသည် နှလုံးလောင်ကျွမ်းဓားအင်ပါယာ၏ တပည့်တစ်ဦး ဖြစ်ရာ ထိုကောင်လေးကိုသာ အနိုင်ယူနိုင်ခဲ့လျှင် ရှောင်တုလီသည် ကျန်းချန်ဘက်ကနေ ရပ်တည်ပြီး စကားပြောရန် အခွင့်အရေး မရှိတော့ပေ။
ထို့ကြောင့် သူက ကျန်းချန်ကို အနိုင်ယူနိုင်ခဲ့လျှင် အင်ပါယာအမွေအနှစ် နယ်မြေဝင်ခွင့်ကို ပြန်လည်ရရှိရန် အခွင့်အရေး များသွားနိုငိသည် မဟုတ်ပါလား။
"ညီလေးကျန်းက နှလုံးလောင်ကျွမ်းဓားအင်ပါယာ ရှောင်တုလီရဲ့ တပည့် ဖြစ်ပြီး ငါနဲ့တိုက်ခိုက်ဖို့ သတ္တိတောင် မရှိဘူးလား "
ကျန်းချန် ဘာစကားမှ မပြောသည်ကို မြင်လျှင် ရှောင်ကြွယ်သည် မထီမဲ့မြင်ပြုံးလိုက်သည်။
"ဟားဟား စီနီယာအကိုရှောင်ကြွယ်.. မင်းတော့ သိပ်မကြာခင် ကံဆိုးတော့မယ်.. ငါက ဆရာ့ကို အားကိုးပြီးတော့ မင်းနေရာကို ခိုးယူတော့ရော မင်း ဘာလုပ်နိုင်မှာ မို့လို့လဲ"
"အဟက်. မင်းလို့ သိုင်းသခင်နယ်ပယ် ဒုတိယအဆင့်သာ ရှိသေးတဲ့ ကောင်လေးတစ်ယောက်က ဆရာကောင်းသာ မရှိရင် အင်ပါယာ အမွေအနှစ် နယ်မြေ ဝင်ခွင့်နေရာကို ဘယ်လိုလုပ် ရနိုင်မှာလဲ
"............"
ရှောင်ကြွယ်၏ နောက်လိုက်တပည့် တချို့ကလည်း ကျန်းချန်ကို မထီမဲ့မြင် လှောင်ပြောင်ခဲ့ကြသည်။
"မင်းငါ့ကို ရန်စဖို့အတွက် ဒီလိုအဓိပ္ပါယ်မရှိတဲ့ နည်းလမ်းတွေကို အသုံးပြုစရာ မလိုဘူး.. မင်းစိန်ခေါ်မှာကို ငါလက်ခံတယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
အခန်း(၉၅၇)ပြီး၏။