အခန်း (၁၅၄)
Vol. 11 Ch. 154
လင်းဖေးဟန် တစ်ဆတ်ထဲ အရင်ပြန်နှင့်ပြီဖြစ်ကြောင်း လုမုံ့ဟန်ကို မက်ဆေ့ ပို့ပေးဖို့လဲ မမေ့ခဲ့ပေ။
ဒီအခြေအနေမှာ သူမနဲ့ အတူပြန်လို့ မရတော့ဘူး။
ပထမအချက်က မိန်းကလေး တစ်အုပ်က အနောက်က လိုက်ခံနေရတာမို့ အန္တာရယ် များသည်။ ဒုတိယကတော့ လုရွှယ်ယင်နဲ့ လုမုံ့ဟန်ကို ပေးတွေ့လိုက်လို့ မဖြစ်ဘူး။
လုရွှယ်ယင်က မျက်နှာများတဲ့ ယောက်ျားတွေကို မုန်းတာ သိတယ်မလား? လုမုံ့ဟန်နဲ့ အတူရှိနေတာကိုသာ လုရွှယ်ယင် မြင်သွားရင် သူမရဲ့ သူ့အပေါ် အမြင်က ထိုးကျသွားလိမ့်မည်။
ဒီရက်ပိုင်းထဲ သူ့ကြိုးစားထားသမျှ အကုန် သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။
ထိုအချိန်မှာ အနုပညာဋ္ဌာနရဲ့ ဋ္ဌာနမှူးက လင်းဖေးဟန်ရဲ့ နောက်ခံကို မှတ်မိသွားသည်။
“ မစ္စတာလင်း! ဥက္ကဋ္ဌလင်း!”
ပြောစရာ စကားလုံးအပြည့်နဲ့ အော်ခေါ်နေတဲ့ ဋ္ဌာနမှူးကို မြင်တာနဲ့ လင်းဖေးဟန် စင်နောက်ကို ပြေးဖို့ အမြန်ပြင်လိုက်သည်။
လင်းဖေးဟန် သူ့ရဲ့လက်ညိုးကို ဋ္ဌာနမှူးရဲ့ နှုတ်ခမ်းပေါ်တင်လိုက်ပြီး
“ ရှူး ဘာမှမပြောနဲ့”
ဋ္ဌာနမှူးချက်ချင်းပဲ ပြောတော့မည့် စကားများကို ပြန်ရုတ်သိမ်း အောင့်အည်း ထားလိုက်သည်။ သူ့ရဲ့မျက်နှာက တစ်ဖြည်းဖြည်း ခရမ်းရောင်သန်းလာသည်။
ပွဲခင်းရှိ လူအုပ်သည် ဆူညံပွက်လောရိုက်နေဆဲ ဖြစ်သည်။
လုရွှယ်ယင်တစ်ယောက်သာ ထိုင်ခုံမှာ ထိုင်မြဲအတိုင်း ရှိနေပြီး ထူးခြားတဲ့ မျက်နှာထားမျိုး မပြဘဲ တည်ငြိမ်နေတာပင်။ ဒါပေမဲ့ သူမရဲ့ မျက်လုံးများက လင်းဖေးဟန် ထွက်သွားတဲ့ဘက်ကို စူးစိုက်ကြည့်နေခဲ့သည်။
ထိုအချိန်မှာ လီယွင်လုံရဲ့ မျက်လုံးမှ သွေးများ ထွက်ကြမတတ် ဖြစ်နေသည်။ ပြင်းထန်တဲ့ ဒေါသအပြင် သူအလွန်အမင်း အံ့သြနေမိပြီး တစ်ကယ်ကို မသက်မသာ ခံစားနေရသည်။
လင်းဖေးဟန် ဘာကိုဆိုလိုလိုက်တာလဲ? သူ့ရဲ့ စကားတွေမှာ တစ်ခုခုရှိနေတယ်!
“ မင်းလာမှာသိလို့ ငါစောင့်နေတာ”
သူ လုရွှယ်ယင်ကို ဒီလိုပြောသွားတာလား?
လုရွှယ်ယင်ကို ထပ်လိုက်ဖို့ ကြံနေတာလား?
လီယွင်လုံ တွေးမိတာနဲ့ မတတ်နိုင်စွာ နှလုံးသားထဲမှ တုန်ယင်သွားသည်။ တစ်ကယ်ပဲ ဒီလိုသာဆိုရင် လင်းဖေးဟန် သူနဲ့ ယှဥ်ပြိုင်တော့မှာလား….
ဒါဆို သူလင်းဖေးဟန်ကို ဘယ်လို ယှဥ်ရတော့ မှာလဲ?
ငါက လုံးဝမယှဥ်နိုင်တာကို!
မိန်းမတစ်ယောက်ကို လိုက်တဲ့နေရာမှာ လီယွင်လုံ အယောက်တစ်ရာလောက် ရှိရင်တောင် လင်းဖေးဟန်ကို နိုင်မှာ မဟုတ်ဘူး!
လီယွင်လုံ မပျော်တော့ပေ။ သူ နောက်ဆုံးမှ လုရွှယ်ယင်ကို အပြင်ခေါ်ထုတ်နိုင်ဖို့ ကြိုးစားနိုင်ခဲ့တာ။ ဒါသူ့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ ဒါပေမဲ့ လင်းဖေးဟန်ဆီကနေ ဖြတ်ရိုက် ခံလိုက်ရသည်!
ဒါကြီးက သူတွေးထားတာနဲ့ လုံးဝကို မတူနေဘူး။
ဒီကိစ္စက သူ့ရဲ့ရည်မှန်းချက်နဲ့ တစ်ကယ်ကို ဆန့်ကျင်ဘက် ဖြစ်သွားခဲ့ပေမဲ့ အခုအခြေအနေက ပိုဆိုးသထက် ဆိုးလာပြီ။
သူ တားမှ ဖြစ်တော့မည်။
လီယွင်လုံ အမြန်ပြောလိုက်သည်။
“ မစ္စလု ကျွန်တော်တို့ နေရာပြောင်းပြီး စကားထပ်ပြောကြမလား?”
ဒီအချိန်မှာ လီယွင်လုံစိတ်ထဲ အလွန်ကို စိတ်ရူးဖောက်နေခဲ့သည်။ ဒါပေမဲ့ မျက်နှာထက်တွင် အပြုံးတစ်ခုကို အတင်းအကျပ် တပ်ဆင်ထားဆဲပင်။
ပိုပိုများတဲ့ ကောင်မလေးတွေက စင်ပေါ်ကိုပဲ အပြေးသွားနေတာကို ကြည့်နေရင်း လုရွှယ်ယင် လုပ်စရာ ပျောက်ဆုံးနေခဲ့သည်။
လင်းဖေးဟန် ဒီကောင်..
လင်းဖေးဟန်ကို စိတ်ထဲမှာ ဆဲရေးလိုက်ပြီး နောက်မှ တစ်ဖြည်းဖြည်း သူမခေါင်းကို လီယွင်လုံဘက်ကို လှည့်ကာ အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။
“ မစ္စတာလီရဲ့ တစ်မနက်ခင်းလုံးကို အချိန်ဖြုန်းလိုက်မိလို့ ဆောရီးပါ”
“ ကျွန်မအခု လုပ်စရာလေး ရှိနေလို့ပါ။ နောက်တစ်ခေါက်ကျရင် ကောင်းမွန်တဲ့ တွေ့ဆုံမှု ဖြစ်ဖို့မျှော်လင့်ပါတယ်”
ပြောပြီးတာနဲ့ အနောက်ကို တစ်ချက်လှည့် မကြည့်ဘဲ လုရွှယ်ယင် ထွက်သွားခဲ့သည်။
ဒီအချိန်မှာ လုရွှယ်ယင်ရဲ့ နှလုံးသားထဲတွင် ရှုတ်ထွေးနေသည်။ ရှုတ်ထွေးလွန်းလို့ ဘယ်သူနဲ့ ဘာအကြောင်းမှကို မပြောချင်နေဘူး။
လီယွင်လုံ ကြောင်အနေပြီး လုရွှယ်ယင် ပြောသွားသော စကားလုံးများကို ဦးနှောက်က လိုက်မတုံ့ပြန်နိုင်သေးပေ။ သူ့ရဲ့ ဦးနှောက်ထဲမှာ တောင်းပန်တဲ့အနေနဲ့ ပြုံးပြသွားတဲ့ လုရွှယ်ယင်ရဲ့ လှပတဲ့ အပြုံးလေးပဲ စွဲထင် နေခဲ့သည်။
ပေါ့ပါးသော အပြုံးတစ်ပွင့်ကပင် လီယွင်လုံရဲ့ နှလုံးသားကို ထိုမျှ ဝေဝါးသွားစေပြီး ထုထည်ကြီးမားလှတဲ့ ပျော်ရွှင်မှု လှိုင်းဂယက်သည် လီယွင်လုံရဲ့ တစ်ကိုယ်လုံးကို ဝင်ရောက်တိုက်ခိုက် သွားတော့သည်။
လုရွှယ်ယင်နဲ့ အပြင်ထွက်ဖူးတာ ဒါပထမဆုံး အကြိမ်ဖြစ်သလို သူမရဲ့ အပြုံးကို အခုလို အနီးကပ်တွေ့ဖူးတာလဲ ဒါပထမဆုံးပင်။
အေးစက်တဲ့ နတ်ဘုရားမ လုရွှယ်ယင်က သူ့ကို တစ်ကယ် ပြုံးပြသွားတယ်။ အပြုံးလေးက အရမ်းလှတာပဲ!
စောက်ရမ်းပျော်တာပဲ!
ငါတို့ကြားမှာ လူတစ်ကိုယ်စာလောက်ပဲ ခြားတယ်။ မီတာတစ်ဝက်တောင် မဝေးတဲ အကွာအဝေးကနေ သူမငါ့ကို ပြုံးပြသွားတယ်ဟ!
ထိုအချိန်မှာ လီယွင်လုံရဲ့ နှလုံးသားက အပြင်းအထန် တုံ့ပြန်နေသည်။ သူတို့ရဲ့ ကြားက အကွာအဝေးကို ဒီထက်လျှော့ချ ချင်သည်။ ဆန့်ကျင်ဘက် အကွာအဝေး တစ်ခုကိုပင် သူ စိတ်ကူးယဥ်နေခဲ့သည်။ သူတို့နှစ်ယောက် အလွန်နီးကပ်စွာ ရှိနေကြပြီး ခန္ဓာကိုယ်နှစ်ခုက တစ်ခုတည်းဖြစ်သည်အထိ ပူးကပ်နေသလိုမျိုးပေါ့….
ဒါပေမဲ့ ထိုအကွာအဝေးကို ရနိုင်ဖို့က သူ့အတွက် အရမ်းကို ဝေးကွာလွန်းသည်။
လီယွင်လုံ ချက်ချင်းပဲ အိပ်မက်က ပြန်နိုး လာတော့သည်။
အခု ဘာဖြစ်သွားတာလဲ?
သူ့စိတ်ကူးထဲမှာ လုရွှယ်ယင်ရဲ့ နောက်ကျောကိုပဲ မြင်လိုက်ရပြီး အခုသူမ ဘယ်ရောက်သွားမှန်း သူ မသိတော့ဘူး။
လုရွှယ်ယင် ပျောက်သွားခဲ့ပြီ။
သူ့ကို နောင်တ တစ်စက်မရှိဘဲ ခံစားချက်မဲ့တဲ့ မျက်နှာနဲ့ ထားသွားခဲ့သော အမျိုးသမီးရဲ့ ထွက်သွားတဲ့လမ်းကြောင်းကို လီယွင်လုံ ကြည့်နေခဲ့သည်။ သူ့ရဲ့ နှလုံးသားထဲတွင် အတွေးနှစ်ခုက ပြိုင်ပွဲရှိ မြင်းရိုင်းနှစ်ကောင် ကဆုန်ပေါက်ပြေးနေသလို အင်အားကြီးစွာ ထွက်ပေါ်လာပြီး ရှောင်လွဲမရတဲ့ စွဲလန်းစိတ် အဖြစ် ပြောင်းလဲသွားသည်။
လုရွှယ်ယင် ငါမင်းကို ပိုင်ကိုပိုင်ရမယ်!
လင်းဖေးဟန် ငါမင်းကို သတ်မယ်!
လုရွှယ်ယင် သူမရဲ့ ကားဆီကို ပြန်သွားလိုက်ပြီး ချက်ချင်းပဲ ဖုန်းထုတ်လိုက်သည်။
ဝီချက်မှ အသိပေးချက်များ တစ်သီတစ်သန်း ကျလာခဲ့ပေမဲ့ အကုန်လုံးက အလုပ်နဲ့ သက်ဆိုင်တဲ့ မက်ဆေ့များပင်။
သူမကို ပရောဂျက် အမှီလုပ်နိုင်ဖို့ လောထားသော မက်ဆေ့များသာ ရှိသည်။
ထိုအချိန်မှာ လုရွှယ်ယင် ရှုတ်ထွေးနေတဲ့ ခံစားချက် ဖြစ်ပေါ်နေခဲ့သည်။ ဘာတွေ ဖြစ်နေလဲ သူမကိုယ်တိုင်လဲ မသိတော့ဘူး။
သူမ သတိလက်လွတ်နဲ့ လင်းဖေးဟန်ကို ဖုန်းခေါ်မိတော့မလို ဖြစ်သွားသေးသည်။
လင်းဖေးဟန်ရဲ့ ပရိုဖိုင်က အရင်လို ကလေးဆန်တဲ့ anime ဇာတ်ကောင်ပုံ ဖြစ်နေဆဲပဲ။
လုရွှယ်ယင် သုံးစက္ကန့်လောက် တွန့်ဆုတ် နေသည်။
သုံးစက္ကန့်ကျော်တာနှင့်…
သူမ ချက်ချင်းပဲ အပေါင်းခလုတ်ကို နှိပ်ပြီး ဗီဒီယိုကောလ် ခေါ်လိုက်တော့သည်။
ထိုအချိန်မှာ လင်းဖေးဟန်က အရေးပေါ် ထွက်ပေါက်က ထွက်ပြီးပြီမို့ လမ်းပေါ် ရောက်နေခဲ့ပြီပင်။ သူ အလွန်ကို သက်တောင့် သက်သာရှိနေခဲ့ပြီး အစောပိုင်းက လုပ်ရပ်တွေနဲ့ ပတ်သတ်ပြီး အထူးတလည် ဘာခံစားချက်မှ မခံစားနေရဘူး။
စတိုးဆိုင် တစ်ခုထဲဝင်ပြီး ပျော်နေသော မြင်းပုံစတစ်ကာပါတဲ့ ရေသန့်ဗူးအကြီးတစ်ဗူးကိုပင် ဝယ်သောက် လိုက်သေးသည်။
တံတားထိပ်မှာ ရပ်နေကာ တံတားအောက်မှာ တသွင်သွင်စီးဆင်းနေသော မြစ်ရေကိုလဲ ရပ်ကြည့်သည်။ မြစ်ထဲတွင် ကူးလာနေသော ဘဲတစ်ချို့ရှိသည်။ ဒီရှုခင်းကလင်းဖေးဟန်ကို ချက်ချင်းပဲ ကဗျာဆန်တဲ့ ခံစားချက်မျိုး ပေးစွမ်းနေပြီး သီချင်းဆိုချင်စိတ်ပင် ပေါက်လာခဲ့သည်။
ဂျီရှီမြို့ရဲ့ အရှေ့ဘက်.. အာ မှားလို့ အစမှားသွားတယ်။
“ ဒန့်ဒီလီဒန်း လီဒန်း လီဒန်း ဒန့်ဒီလီဒန်း”
“ အိမ်တံခါးရှေ့က တံတားငယ်လေးရေ.. ဖြတ်သွားတဲ့ ဘဲတစ်အုပ်နဲ့ စုံညီလို့နေတယ်..
အိုးဟေ့ ဘဲများရယ်”
“ လာကြ၊ လာကြ၊ ရေတွက်ကြမယ်။ ဘာလို့ သုံးကောင်ပျောက်နေရတာလဲ..”
“ ဂူအားရွား ဂူအားရွား တစ်ကောင်က လှေထဲမှာဗျ!”
“ ဘဲတွေများလို့ မရေတွက်နိုင်၊ ဘဲကောင်ရေ ဘယ်လောက်ရှိလဲ?”
လင်းဖေးဟန် ခက်ခဲစွာနဲ့ ကာရံမညီသော စာကြောင်းလေးကြောင်းသာ ဆိုနိုင်ခဲ့သည်။
ကဗျာကောင်းပဲ။ ငါတော်တယ်။ ငါအရည်အချင်းရှိတာပဲ!
လင်းဖေးဟန် နောက်ထပ် ရေတစ်ငုံကို စတိုင်ကျကျ သောက်လိုက်သည်။
တစ်ထိုင်ထဲနဲ့ လေးလုံးစပ်ကဗျာကို ငါဖန်တီးနိုင်ခဲ့တာပဲ။ ဒီနှုန်းနဲ့ဆို ကမ္ဘာပေါ်က ရှားပါးအရည်းအချင်း ရှိသူလို့ ပြောလို့ ရနေပြီ။
လင်းဖေးဟန် ကူကယ်ရာမဲ့စွာ ခေါင်းရမ်းလိုက်ပြီး လက်တစ်ဖက်ကို အိပ်ကပ်ထဲ ထည့်လိုက်သည်။ ဇိမ်ကျကျနဲ့ တံတားတစ်လျှောက်ကို လမ်းလျှောက် နေလိုက်သည်။
လင်းဖေးဟန်ရဲ့ မျက်လုံးများက နက်ရှိုင်းနေပြီး ပုံမှန်မဟုတ်စွာ ပိုချောနေသည်။ ကောင်းကင်ဘုံကနေ ကမ္ဘာပေါ်ကို မတော်မဆ ကျရောက်လာတဲ့ နတ်ဘုရားတစ်ပါးလိုမျိုး..
အခုက ရှေးခတ်မဟုတ်တာ နည်းနည်း စိတ်မကောင်းစရာပဲ။ ရှေးတုန်းကဆို ယောက်ျားတွေလဲ ဆံပင်ရှည်ထားကြတယ်လေ။ ဒီလို ပူပြင်းတဲ့နွေရာသီမှာ လေပြေက ငါ့ဆံနွယ်ရှည်ကြားတဲ့ ဖြတ်တိုက်သွားမယ်ထား.. ဒါဆိုဘယ်လောက်တောင် မှော်ဆန်လိုက်တဲ့ မြင်ကွင်း ဖြစ်လိုက်မလဲ? ရင်ထဲထိစေမဲ့ သိမ်မွေ့တဲ့ အနုပညာဖော်ပြချက် တစ်ရပ်တောင် ဖြစ်လာနိုင်လောက်တယ်။
မဟုတ်သေးဘူး။ ဒီလောက်ပူတဲ့နွေရာသီမှာ တစ်ကယ်ဆံပင်အရှည်ထားရင် ပူလို့ သေသွားမှာပေါ့။
“ ဘိဘိဘိ”
လင်းဖေးဟန် ဆံပင်အကြောင်း တွေးနေတုန်းမှာပဲ အိတ်ကပ်ထဲမှ ဖုန်းမြည်လာခဲ့သည်။
စာစဉ်ပြီး၏