အခန်း (၁၄၆)
Vol. 11 Ch. 146
ယဲ့ဖန်းရဲ့ အသံက တိုးဖျော့ပေမဲ့ သူ့အသံမှာ ပဲ့သင်ထပ်သံတစ်ချို့ ရှိနေပုံပဲ။ တောက်ပတဲ့ နေရောင်လေးက ထိုခိုင်မာပြတ်သားတဲ့ မျက်နှာ ထက်တွင် ဖြတ်ပြေးနေတော့ မိန်းကလေးရဲ့ နှလုံးသားက တုန်ယင်သွားသည်။ အချိန်တစ်ခဏလောက် သူမရဲ့ နှလုံးသား သံစဥ်ကြိုးလေးတွေကို တစ်စုံတစ်ယောက်ဆီမှာ ဆော့ကစား ခံလိုက်ရသည်။
ယဲ့ဖန်းရဲ့ ဖုန်းနံပါတ်ကို သူမ အမြန်ချရေးလိုက်ပြီးနောက်မှာ အလွန် ရိုးသားစွာ ပြောလိုက်သည်။
“ ကျွန်မနာမည်က ယန်ရှောင်းရွှယ်ပါ။ ဒီတစ်ခေါက် အကူအညီ အတွက် တစ်ကယ်ကို ကျေးဇူးတင်ပါတယ်။ အစ်ကို့ကြောင့်သာ မဟုတ်ရင် ကျွန်မ တစ်ကယ်ကို ဘာလုပ်ရမယ် မသိတော့ဘူး”
ယန်ရှောင်းရွှယ်ရဲ့ မျက်လုံးထဲတွင် ကျေးဇူး တင်ရိပ်တို့ ပြည့်နေခဲ့သည်။
ယဲ့ဖန်း လက်ယမ်းပြလိုက်ပြီး အမှုမထား သလို ပြောလိုက်သည်။
“ တစ်ကယ်တော့ ဒါက ဘာမှမဟုတ်ပါဘူး။ တရားမျှတမှုကို လိုလားတဲ့ ဘယ်သူမဆို အခုလိုလုပ်မှာပါပဲ။ ရိုးရှင်းတဲ့ အကူအညီ လေးပါ”
“ ကျွန်တော်တို့က အသက် အတူတူ လောက်ပဲထင်ပါတယ်။ ကျွန်တော့်နာမည်ကိုပဲ ရင်းရင်းနီးနီး ခေါ်ပါ”
ယန်ရှောင်းရွှယ် ပြုံးလိုက်သည်။ သူမရဲ့ အပြုံးက အလွန်ဆွဲဆောင်မှုရှိတာမို့ ယဲ့ဖန်း မှင်သက်သွားခဲ့သည်။ ယန်ရှောင်းရွှယ် ပြောလာသည်။
“ ဟုတ်ပြီ ဒါဆိုရှင်လဲ ကျွန်မကို ရှောင်းရွှယ်လို့ပဲ ခေါ်နိုင်ပါတယ်”
ပြောပြီးတာနဲ့ ယန်ရှောင်းရွှယ် တစ်ခုခုကို အမှတ်ရသွားပုံပင်။ သူမလက်ထဲက ကားသော့ကို အမြန်ငုံ့ကြည့်လိုက်ကာ အလျင်စလို ပြောလာသည်။
“ အိုး ကျွန်မ အလုပ်နောက်ကျတော့မယ်။ တစ်ကယ် စိတ်မကောင်းပါဘူးနော်။ ကျွန်မ ညနေပိုင်း အချိန်ရရင် သေချာပေါက် ညစာ ဝယ်ကျွေးပါ့မယ်။ ဖုန်းကိုင်ဖို့တော့ သတိရအုံး”
ယဲ့ဖန်း အလွန်ဖြူစင်စွာ ပြုံးပြလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီ”
ထို့နောက်မှာ ယန်ရှောင်းရွှယ်ကို လက်ယမ်း ပြလိုက်ပြီး နှုတ်ဆက်လိုက်သည်။
“ ဘိုင်ဘိုင်”
ယန်ရှောင်းရွှယ်ကလဲ ပြန်လက်ပြလိုက်သည်။ ထို့နောက်မှာ Audi ကားလေးက မြင်ကွင်းကနေ ထွက်သွားခဲ့သည်။
မြေပြင်ပေါ်လှဲနေတဲ့ ယောက်ျားကိုတော့ ယဲ့ဖန်း အဖက်မလုပ်တော့ဘဲ နီးစပ်ရာ လမ်းကြောင်းကနေ လုကုမ္ပဏီကို ထပ်သွားဖို့ ပြင် လိုက်သည်။
လုံခြုံရေးအလုပ်ဆိုတာ ဘယ်လောက်တောင် မွန်မြတ်ပြီး ကြီးမားတဲ့ အသက်မွေးကြောင်း ဖြစ်လိုက်သလဲ? ကဲ ငါလာပြီကွ။
ဒီတစ်ကြိမ်မှာ လုံခြုံရေးလေးက ယဲ့ဖန်း လာနေတာကို တွေ့လိုက်သည်။ အရင်တစ်ခေါက် အဖြစ်အပျက်ကနေ သင်ခန်းစာ ရထားခဲ့တာမို့ ယဲ့ဖန်း လုကုမ္ပဏီအတွင်း ဝင်မှာကို မတားရဲတော့ပေ။
ယဲ့ဖန်း ကုမ္ပဏီထဲကို ဝင်လိုက်ပြီး မေးမြန်းကြည့်ပြီးနောက်မှာ လူသစ် ခန့်အပ်ဋ္ဌာနဘက်ကို သွားခဲ့လိုက်သည်။ အချိန်သည် မနက်ခင်း အစော ၈ နာရီခွဲဖြစ်ပြီး သာမာန်သူတွေ အလုပ်တက်ချိန်အစ မလို့ လူသစ်ခန့်အပ်ဋ္ဌာနမှာ လူများမယ်လို့ ယဲ့ဖန်း မထင်ထားမိပေ။ ဒါပေမဲ့ သူရောက်သွားတဲ့အခါမှာ လုံခြုံရေး လာလျှောက်ထားကြသူ အတန်းလိုက်ကြီးကို သူမြင်လိုက်ရသည်။
ဒီခေတ်မှာ လုံခြုံရေး လုပ်ရတာ ဒီလောက် ဖိအားများလာပြီလား?
နံရံတွင် ကပ်ထားသော အဖြူရောင် စာရွက်လေးကို ကြည့်ပြီးနောက်မှာ ယဲ့ဖန်း မျက်မှောင်ကြုတ်သွားပြီး မတတ်နိုင်စွာ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
စာရွက်တွင် ရှင်းလင်းစွာ ရေးသားထားသည်။
“ လျှောက်ထားရန် အချက်အလက်”
“ ပထမအချက်- ကုမ္ပဏီတွင် လက်ရွေးစင် လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းဖို့ လုံခြုံရေးအသစ်များကို ခန့်အပ်နေပါသည်။ ပညာရေးအရည်အချင်း လိုအပ်ချက်က မာစတာ ဘွဲ့ရ သို့မဟုတ် မာစတာထက် မြင့်သော ဘွဲ့ရှိဖို့ လိုအပ်သည်။”
“ ဒုတိယအချက်- သင်သည် စစ်တပ်မှ တာဝန် ထမ်းဆောင်းဖူးသော တပ်သားဟောင်း ဖြစ်လျှင်တော့ ဦးစားပေးခံရမည်။ ထိုသို့ဆိုရင် ပထမအချက်ကို သာမာန်ဘွဲ့ရအနေအထားထိ လိုက်လျောပေးမည်”
“ တတိယအချက်- အသက် ၁၈နှစ်မှ ၃၅ နှစ် အတွင်းသာ ဖြစ်ရမည်။ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကောင်းဖို့ လိုအပ်ပြီး ဆိုးသွမ်းသည့် အကျင့်မရှိရ၊ ထို့အပြင် ခိုင်မာသော တာဝန်ယူစိတ်ရှိပြီး အဖွဲ့လိုက် လုပ်ဆောင်နိုင်စွမ်းရှိသူ ဖြစ်ရမည်”
“ အချက်လေး- သတ်မှတ်အချိန်အတွင်းမှာ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုကို ပြီးမြှောက် အောင်မြင်ရမည်”
“ အချက်ငါး- ဥပဒေ အကြောင်း နားလည်သင့်သလောက် နားလည်ပြီး အလုပ်အတွေ့အကြုံ နှစ်နှစ်အထက်နဲ့ အရေးပေါ် အချိန်မှာလဲ ကောင်းကောင်း တုံ့ပြန်နိုင်စွမ်းရှိသူ ဖြစ်ရမည်”
“အချက်ခြောက်-.....”
ယဲ့ဖန်း ဆဲမိတော့မည်။
အပေါက်က လုံခြုံရေး အစောင့်က သူ့ကို အရူးလုပ်သွားတာပဲ။ ဘွဲ့ရရင် ရပြီလို့ ပြောခဲ့တာ မဟုတ်ဘူးလား? ဒါကြောင့်မို့ ဘွဲ့အတုတောင် သူပြင်ဆင်ခဲ့တာလေ။ မာစတာ ဘွဲ့ဆိုတာကိုသာ သိခဲ့ရင် သူ ကြိုတင် ပြင်ဆင်ထားခဲ့မှာပေါ့။
ဒီ လုကုမ္ပဏီကကော လာနောက်နေတာလား? လုံခြုံရေး အစောင့်ရာထူးအတွက်ကို အဲ့လောက် မြင့်တဲ့ ဘွဲ့က လိုအပ်လို့လား? တံခါးစောင့်လုပ်ရမှာ မဟုတ်ဘူးလား?
ယဲ့ဖန်း အနည်းငယ် ပြောစရာ ပျောက်ဆုံး လာတော့သည်။ သူ မူလတန်းကျောင်းတောင် မတက်ခဲ့ရတာ မာစတာဘွဲ့ကနေ ဘယ်ကနေ ရမှာလဲ?
ဒုတိယအနေနဲ့ သူ့အသက် ၂၄ နှစ်လုံးကို တောင်ပေါ်မှာပဲ ကြီးပြင်းခဲ့တဲ့ သာမာန် နိုင်ငံသားမို့ ဘယ်က စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖူးမှာလဲ?
ဒါပေမဲ့ အခု ရောက်လဲလာခဲ့ပြီ။ အနောက်မှာ ထပ်ရောက်လာတဲ့ လူတန်းကလဲ အများကြီးပဲ။ ဒီအခွင့်အရေးကို လက်လွတ်မခံနိုင်ဘူး။ ရတဲ့ အချိန်အတွင်းမှာ အဖြေထုတ်ရမယ်။
ယဲ့ဖန်း စဥ်းစားနေတုန်းမှာပဲ ရင်းနီးနေနဲ့ ရနံ့တစ်ခုကို ရလိုက်သည်။
ယဲ့ဖန်း မော့ကြည့်လိုက်တဲ့အခါမှာ ပင်မ ဝင်ပေါက်ကနေ လျှောက်လာနေတဲ့ ယန်ရှောင်းရွှယ်ကို မြင်လိုက်ရသည်။
အစက ယန်ရှောင်းရွှယ် အလွန်လျင်မြန်စွာ လျှောက်နေခဲ့ပေမဲ့ မတတ်နိုင်စွာ အရှိန်လျော့သွားသည်။ အသိအသာကို သူမလဲ ယဲ့ဖန်းကို မြင်သွားပုံပင်။
“ ရှင်.. ရှင်လဲဒီရောက်နေတာလား?”
ယန်ရှောင်းရွှယ်ရဲ မျက်လုံးတွင် အလင်းတစ်ချို့ ဖြတ်ပြေးသွားပြီး သူမ အရှိန်တင်ကာ ယဲ့ဖန်းဆီကို လျှောက်လာလိုက်သည်။
ယန်ရှောင်းရွှယ်လို လှပတဲ့ မိန်းကလေးက တောသားတစ်ကောင်ဆီ လျှောက်လာနေတာကို မြင်လိုက်ရတော့ လုံခြုံရေးလာလျှောက်ကြတဲ့ လူတစ်အုပ် မနာလိုသွားပြီး မခံချိမခံသာ ခံစားလိုက်ရသည်။
တစ်ကယ်ကို ရုပ်ချောရတာ အရမ်းကောင်းတာပဲ။
ယန်ရှောင်းရွှယ်ကို တွေ့ရတာ ယဲ့ဖန်း ရှက်ရွံ့သလို မခံစားရပေ။ သူမ အချိန်မှန် ရောက်လာတာလို့တောင် တွေးနေခဲ့သည်။
ထိုအချိန်မှာ ယဲ့ဖန်း ပြုံးကာ ပြောလိုက်သည်။
“ ကျွန်တော်ဒီကို လုံခြုံရေးအစောင့်နေရာ လျှောက်ဖို့လာခဲ့တာ။ မင်းကို ဒီမှာတွေ့မယ် မထင်ထားဘူး။ ဒီမှာ အလုပ်လုပ်တာလား?”
ယန်ရှောင်းရွှယ် ပြုံးလိုက်ကာ
“ ဟုတ်တယ်”
ပြောပြီးနောက်မှာ ယန်ရှောင်းရွှယ်က ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ အသိတစ်စုံတစ်ယောက်ကို မတွေ့တာ တွေ့လိုက်ရတော့ သူမက ယဲ့ဖန်းကို လက်ယက်ပြလာပြီး
“ ဒီကိုလာခဲ့ပါ။ ကျွန်မရှင့်ကို ပြောစရာ ရှိတယ်”
“ ကောင်းပြီ”
ယဲ့ဖန်း အနည်းငယ် ရှုတ်ထွေးနေခဲ့သည်။ ယန်ရှောင်းရွှယ်နဲ့ သူနဲ့ အစောကမှ တွေ့ထားတာမို့ ဘာပြောစရာရှိမှာလဲ? BMW ကားနဲ့လူ သူမဆီလာပြီး ထပ်ပြဿနာ ရှာလို့များလား?
ယဲ့ဖန်း သံသယတစ်ချို့နဲ့ ယန်ရှောင်းရွှယ်ရဲ့ အနောက်ကို လိုက်သွားလိုက်သည်။ နောက်ဆုံးတွင် လူမရှိသော ကော်ရစ်ဒါထောင့်ကို ရောက်လာကြသည်။ ထို့နောက်မှာ ယန်ရှောင်းရွှယ်က ယဲ့ဖန်းဘက်ကို အပြုံးတစ်ခုနဲ့ လှည့်ကြည့်လာခဲ့ပြီး
“ ရှင့်ရဲ့ ကိုယ်ရေးအချက်အလက်ကို ပြပါ။ ကျွန်မကြည့်ချင်တယ်”
ထိုအချိန်မှာ ယဲ့ဖန်း အလိုအလျောက်ပဲ ချိတ်ဆက်မိပြီး ယန်ရှောင်းရွှယ် ဘာကို လုပ်ချင်နေတယ်ဆိုတာ သဘောပေါက်သွားသည်။ ဒါပေမဲ့ သူ မသိချင်ယောင် ဆောင်ကာ အံ့သြတကြီး မေးလိုက်သည်။
“ မင်းက ကျွန်တော့်ရဲ့ ကိုယ်ရေးအချက်အလက်ကို ကြည့်ချင်တယ်? မင်းက အင်တာဗျူးတဲ့သူလား?”
ယဲ့ဖန်း ယန်ရှောင်းရွှယ်ကို မေးခွန်းထုတ်တဲ့ အကြည့်နဲ့ အပေါ်အောက် စူးစမ်းသလို ကြည့်လိုက်သည်။ သူမရဲ့ ကိုယ်လုံးက တော်တော် မျက်စိပသာဒ ဖြစ်စေတာပဲ။
ယဲ့ဖန်း အကြာကြီးမကြည့်ခဲ့ပေ။ သူပြုံးပြီး လက်ထဲရှိ စာရွက်စာတမ်းတွေကို ယန်ရှောင်းရွှယ်ကို ကမ်းပေးလိုက်သည်။
စာရွက်ကို ယူလိုက်တာနဲ့ ယန်ရှောင်းရွှယ်ရဲ့ မျက်လုံးထဲကို တန်းဝင်လာတဲ့အရာက ယဲ့ဖန်းရဲ့ ခန့်ညားလှတဲ့ ဓာတ်ပုံပင်။ တစ်ချက် လေးကြည့်လိုက်မိရုံနဲ့တင်ကို ယန်ရှောင်းရွှယ်ရဲ့ ပါးမို့လေးတွေ ရဲတက်လာပြီး သူမရဲ့ နှလုံးက အရိုင်းဆန်စွာ ခုန်ပေါက်သွားခဲ့သည်။
ယဲ့ဖန်းက တော်တော် ချောတာပဲ။
ဒါပေမဲ့ သူမ ဘာမှ ထုတ်မပြောခဲ့ပေ။ စာရွက်များကို သေချာ စစ်ဆေးလိုက်သည်။ ယဲ့ဖန်းရဲ့ လက်ရေးက တော်တော်ဆိုးရွားသည် ပြောရမည်။ ဖတ်ရင်းဖတ်ရင်းနဲ့ သူမ ပိုပြီး မျက်မှောင်တွေ ကြုတ်လာခဲ့ပြီး နောက်ဆုံးတွင် မနေနိုင်စွာ ထုတ်မေးလာခဲ့သည်။
“ ရှင်ဘာတွေ ရေးထားတာလဲ? ကျွန်မ နားမလည်ဘူး။ ရှင်ဒီစာရွက်နဲ့ အလုပ်လာလျှောက်တာ သေချာပါတယ်နော်?”
ယဲ့ဖန်း မတတ်နိုင်စွာ နှာခေါင်းကို ထိလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ ဟုတ်တယ်။ ဒီစာရွက်နဲ့ အလုပ်လျှောက်မလို့။ ဒါပေမဲ့ အခု မင်းရဲ့ တုံ့ပြန်ပုံကို ကြည့်ပြီးနောက်မှာ ကျွန်တော့်အတွေး မှားခဲ့တာကို သဘောပေါက်သွားပြီ”