အခန်း (၁၄၇)
Vol. 11 Ch. 147
ယန်ရှောင်းရွှယ် မျက်လုံးလှိမ့်လိုက်ကာ
“ မဖြစ်နိုင်ဘူး။ ဒီပုံနဲ့ဆို လုံးဝ မဖြစ်နိုင်ဘူး။ သေချာပေါက် ပြဿနာကြီးပဲ”
“ ရှင်တစ်ကယ်ပဲ ကောလိပ်က ဘွဲ့ရထားတာလား? ဆောရီး၊ ကျွန်မ ရှင့်ကို အထင်သေးဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ရှင့်ရဲ့ လက်ရေးက ကောလိပ်ကျောင်းသား အနေအထားနဲ့တစ်ကယ်ကို မသက်ဆိုင်နေလို့”
“ ရှင်သာ ဒီဖောင်ကို သွင်းလိုက်ရင် အင်တာဗျူးတဲ့သူတွေက သေချာပေါက် တစ်ခုခု မှားနေတယ်လို့ ယူဆပြီး စဦး စစ်ဆေးချက်တောင် အောင်မှာ မဟုတ်ဘူး”
ယဲ့ဖန်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“ တောင်းပန်ပါတယ်။ တစ်ကယ်တော့ ဒီစာရွက်ထဲက ဘွဲ့စာတမ်းက အတုပါ။ ကျွန်တော်က မိဘမဲ့တစ်ယောက်ပါ။ မူလတန်း အောင်လတ်မှတ်တောင် မရှိပါဘူးဗျာ”
ပြောပြီးနောက်မှာ ယဲ့ဖန်း တစ်ချက်ရယ်လိုက်သည်။
ယန်ရှောင်းရွှယ် ယဲ့ဖန်းကို ကြည့်လိုက်ပြီး မတတ်နိုင်စွာ ရင်ထဲခံစားသွားရသည်။ သူမရဲ့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ယဲ့ဖန်းကို တောင်းပန်လာခဲ့သည်။
“ ဆောရီးပါ။ ကျွန်မ မသိခဲ့လို့.. ဆောရီးပါနော်”
ဘယ်တော့မှ ကိုယ်ရေးကိုယ်တာ အကျိုးအတွက် အာဏာကို မသုံးခဲ့တဲ့ ယန်ရှောင်းရွှယ်ရဲ့ အရှေ့မှာ ဒီကောင်လေးက သူ့ရဲ့ဘွဲ့စာတမ်းက အတုဖြစ်ကြောင်း ရိုးသားစွာ ဝန်ခံလာခဲ့သည်။ မသိလိုက်ဘာသာနဲ့ ယဲ့ဖန်းက သူမရဲ့ အခြေခံစည်းမျဥ်းတွေကို ဆက်တိုက် တိုက်ခိုက်နေတာပဲ။
ယဲ့ဖန်းက လူများစွာ ရှိနေတဲ့ လမ်းပေါ်မှာ ကူညီသူ မရှိတဲ့ သူမကို ရှေ့ထွက်ပြီး ကူညီခဲ့သည်။ ဒီအချက်နဲ့တင် ဒီလူက လူဆိုးတစ်ယောက် မဟုတ်တာကို သက်သေ ပြနိုင်သည်။
ဒါ့အပြင် ယဲ့ဖန်းနဲ့ စကားပြောပြီးနောက်မှာ ထိုသူက စာအုပ် တွေ မဖတ်ထားတာတောင်မှ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာ မရှိတာကို သေချာမြင်နိုင်သည်။
ပြီးတော့ ယဲ့ဖန်းရဲ့ တိုက်ခိုက်ရေးကလဲ အရမ်း ထူးချွန်သည်။ ၆ ပေလောက် အရပ်ရှည်တဲ့ BMW ကားနဲ့သူကို အဝေးကြီး လွင့်သွားအောင် ကန်ပစ်လိုက်တည်းက သူ့ရဲ့ သန်မာမှုကို သက်သေပြပြီးသားပင်။
ယန်ရှောင်းရွှယ်ကို စိတ်ပူစေတဲ့ တစ်ခုတည်းသော အချက်က လူတွေကို ရိုက်နှက်တဲ့အချိန်မှာ သွေးဆိုးတတ်တဲ့ ယဲ့ဖန်းရဲ့ အကျင့်စရိုက်ပင်။ ပြီးတော့ သူမ အပေါ် အနည်းငယ် မရိုးမသား ဖြစ်နေပုံပေါ်တဲ့ ယဲ့ဖန်းရဲ့ အကြည့်တွေပဲ။
ဒါပေမဲ့ ယဲ့ဖန်းက သူမကို ကယ်တင်ခဲ့တဲ့ သူပဲလေ။ မိန်းမ တစ်ယောက်ရဲ့ နူးညံ့သနားတတ်တဲ့ အတွင်းစိတ်က ယန်ရှောင်းရွှယ်ကို လျင်မြန်တဲ့ ဆုံးဖြတ်ချက် တစ်ခုဆီကို တွန်းပို့ခဲ့သည်။
ယန်ရှောင်းရွှယ် ဖြေးညှင်းစွာ အသက်ရှုသွင်း လိုက်ပြီးနောက်တွင် ပြောလိုက်သည်။
“ ဒါဆို ရှင့်ရဲ့ ကိုယ်ရေးအချက်အလက်ကို ကျွန်မကို ပေးလိုက်။ ကျွန်မ နောက်မှ အသစ် ရေးပေးမယ်။ ကျွန်မ တစ်ခု ပြောပြမယ်။ ရှင်သာ နေ့လည်နှစ်နာရီအထိ စောင့်ပြီး ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုကို ကျော်လွှား နိုင်သရွေ့ မနက်ဖြန် အလုပ်လာလို့ရမယ်။ အဲ့လိုမှ မဟုတ်ရင်တော့ ကျွန်မလဲ ကူညီပေးနိုင်တာ မရှိတော့ဘူး”
ယဲ့ဖန်းရဲ့ မျက်လုံးများ လက်သွားခဲ့သည်။ ယန်ရှောင်းရွှယ်မှာ နည်းလမ်းရှိတာ သေချာသလောက် ရှိပြီ။ ကံကောင်းစွာနဲ့ ဒီတစ်ခေါက် ကောင်းမွန်တဲ့ တွေ့ဆုံမှု ဖြစ်ခဲ့တာပဲ။ တစ်ကယ်ကို လူကောင်းတွေက ချီးမြှင့်ခံရတယ်ဆိုတာ ဒါကိုပြောတာနေမယ်။ မကြာမကြာ ကောင်းတာလေးတွေ လုပ်ပေးတာလဲ မဆိုးပါဘူး။
ယဲ့ဖန်း မငြင်းဆိုဘဲ အသံနိမ့်နဲ့ပဲ ပြောလိုက်သည်။
“ ဒါဆိုရင်… ကျေးဇူးအရမ်းတင်ပါတယ်”
“ မလိုပါဘူး။ တစ်ကယ်တော့ ရှင်က ကျွန်မကို ကူညီခဲ့တာပဲ”
ယန်ရှောင်းရွှယ် ပြုံးပြလိုက်ပြီး ယဲ့ဖန်းရဲ့ စာရွက်ကို လေးခေါက်ခေါက်ကာ သူမရဲ့ အိတ်ထဲ ထိုးထည့်လိုက်သည်။
“ ဒါဆိုရင် ကျွန်မ လုပ်စရာရှိလို့ အရင်သွားနှင့်မယ်။ နောက်မှ ဆက်သွယ် ကြတာပေါ့”
ထွက်သွားတော့မဲ့ ယန်ရှောင်းရွှယ်ရဲ့ နောက်ကျောကို ကြည့်လိုက်ပြီး ယဲ့ဖန်း အလျင်စလို အော်ပြောလိုက်သည်။
“ ဒါဆို.. ကျွန်တော်တို့ရဲ့ ညစာကကော အရင်အတိုင်းပဲမလား?”
အခုတင် ယန်ရှောင်းရွှယ်က ရှင်လဲ ကူညီခဲ့တာပဲဆိုတဲ့ သဘောကို ပြောသွားခဲ့တာ မဟုတ်ဘူးလား? အကယ်လို့ ဒါကို ကျေးဇူးဆပ်ပြီးပြီလို့ သဘောထားလိုက်ရင် ဘယ်လိုလုပ်မလဲ? အနာဂတ်မှာ သူမကို ဆက်သွယ်လို့ ရပါအုံးမလား? ဒါဆိုရင် ငါ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်သွားမှာပေါ့။
အလှလေးတိုင်းမှာ နည်းဗျူဟာ ကိုယ်စီ ရှိသည်။
လူမှုလောကထဲ ကျင်လည်နေတာ နှစ်များစွာ ကြာခဲ့ပြီဖြစ်တဲ့ ယန်ရှောင်းရွှယ်က ယဲ့ဖန်းရဲ့ ဆိုလိုရင်းကို နားမလည်ဘူးဆိုတာ ဘယ်ဖြစ် နိုင်မှာလဲ?
ယဲ့ဖန်းက ဒီအခွင့်အရေးကို သုံးပြီး သူမနဲ့ ဒိတ်ချင်နေတာပဲ။
ယန်ရှောင်းရွှယ် သူမရဲ့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခဏလောက် တုံ့ဆိုင်းသွားသည်။ ထို့နောက်မှာ
“ စိတ်မပူပါနဲ့။ ညစာအတူ စားကြတာပေါ့”
ယန်ရှောင်းရွှယ် ပြောပြီးတာနဲ့ နောင်တ ရသွားခဲ့သည်။ ဒိတ်မလို့လား? တစ်ရက်မှာ လုံခြုံရေး တစ်ယောက်နဲ့ ဒိတ်ရမယ်လို့ သူမ တစ်ကြိမ်မှ မတွေ့ခဲ့မိဘူး။ ဒီနှစ်တွေမှာ သူမကို လိုက်ပိုးပန်းပြီး ညစာ အတူစားခွင့်ရဖို့ စောင့်ဆိုင်းနေကြသူ အများအပြား ရှိသည်။
အဲ့ဒီသူတွေထဲမှာ ဘယ်တစ်ယောက်က သူဋ္ဌေး မဟုတ်တဲ့သူ၊ နာမည်ကြီး မဟုတ်တဲ့သူ ပါလို့လဲ? ဘယ်သူမဆို ယဲ့ဖန်းထက်တောင် သာသည်။ ဒါပေမဲ့ အခု သူမက လုံခြုံရေး တစ်ယောက်ကို တစ်ကယ်ကြီး လိုက်လျော ပေးလိုက်တာပဲ။ သူများတွေကိုသာ ဒီကိစ္စ ပြောပြရင် သေချာပေါက် ယုံကြမှာ မဟုတ်ဘူး။
ယန်ရှောင်းရွှယ် အမြန်ခေါင်းရမ်းလိုက်ပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်သည်။
“ဒါတွေ အရေးမကြီးပါဘူး။ ချမ်းသာတဲ့ သူတွေအများကြီးနဲ့ ငါ ဆက်သွယ်ခဲ့ပြီးပြီပဲ။ ကြင်နာတတ်တဲ့ သူ ဘက်ကို တစ်ကြိမ်လောက် လှည့်ကြည့်တာလဲ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းပဲ။ ယဲ့ဖန်းမှာ ပိုက်ဆံ အများကြီး မရှိပေမဲ့ သူက တရားမျှတစိတ်လဲ ရှိတဲ့အပြင် အရမ်းလဲချောတယ်။ မကောင်းတာဆိုလို့ နည်းနည်းလေး မောက်မာပြီး နည်းနည်း ဆိုးသွမ်းတာလေးပဲ”
“ ဒါပေမဲ့ လူတိုင်းမှာ မကောင်းတဲ့ အချက်ဆိုတာ ရှိတာပဲမလား? လောကမှာ ပြီးပြည့်စုံတဲ့လူရယ်လို့မှ မရှိတာ”
ထိုအချိန်မှာ ယန်ရှောင်းရွှယ်ရဲ့ ဦးနှောက်ထဲတွင် အတွေးများ အပြိုင်အဆိုင် ပေါ်ပေါက်နေသည်။ ကော်ရစ်ဒါမှာ လျှောက်သွားနေရင်း တစ်ဖြည်းဖြည်းနဲ့ သူမ အတွေးလွန်နေတာကို ပြန်ဖိနှိပ်နိုင်ခဲ့သည်။
ယဲ့ဖန်း သူမဆီက သဘောတူချက်ကို ရသွားတော့ ကျေနပ်စွာ ပြုံးလိုက်ပြီး ကော်ရစ်ဒါကနေ ထွက်သွားလိုက်သည်။
သူ့ရဲ့ သန်မာမှုတွေကိုသာ ထပ်ချပြလိုက်ရင် ယန်ရှောင်းရွှယ်တစ်ယောက် သူ့ရဲ့ ဆွဲဆောင်မှုတွေမှာ လုံးဝ မြောပါသွားမယ်လို့ သူ့ထံတွင် ယုံကြည်ချက်ရှိသည်။
တောင်အောက်ကို ဆင်းလာခဲ့တာ အခုဆိုရင် ရက်များစွာ ကြာခဲ့ပြီ။ လင်းဖေးဟန်ရဲ့ ဘေးမှာ များပြားလှတဲ့ မိန်းမလှတွေကို တွေ့ခဲ့ရပြီး တစ်ယောက်ချင်းဆီတိုင်းက သူမတူအောင် လှပသည်။ ဒါပေမဲ့ သူနဲ့တော့ လုံးဝ မသက်ဆိုင်ခဲ့ဘူး။ ညတိုင်း ဟွမ်လောင်ပ နောက်ကလိုက်ပြီးပဲ KTV က မိန်းမတွေနဲ့ တွေ့နေရတာက သူ့ကို စိတ်ကုန်စေသည်။
ထိုအချိန်မှာ လင်းဖေးဟန်က လုမုံ့ဟန်ကို သွားတွေ့နေခဲ့တာ ဖြစ်သည်။
လုမုံ့ဟန် ဒီနေ့ ကျောင်းသွားတဲ့ အချိန်မှာ အနုပညာဋ္ဌာနရဲ့ သံစဥ်ပွဲ တစ်ခုနဲ့ ကြုံကြိုက်ခဲ့တာမို့ လင်းဖေးဟန်ကို အတူကြည့်ဖို့ ဖိတ်လာခဲ့သည်။ လင်းဖေးဟန်လဲ သဘော တူလိုက်သည်။
လင်းဖေးဟန် လုမုံ့ဟန်ကို ကျောင်းကို လိုက်ပို့ပေးလိုက်သည်။ အလွန် ချမ်းသာပုံပေါက်တာကနေ ရှောင်ကြဥ်နိုင်ဖို့ သူ့ရဲ့ အရိုးရှင်းဆုံး Audi A6 ကိုတောင် လဲမောင်းလာခဲ့တာ ဖြစ်သည်။
ဒါကိုတောင်မှ လမ်းတစ်လျှောက်လုံး ကျောင်းသားတွေက စပ်စုစွာနဲ့ ကားထဲက ကျောင်းသားက ဘယ်သူလဲဆိုတာ ကြည့်နေကြဆဲပင်။
လုမုံ့ဟန်ရဲ့ အမေက ဆေးရုံမှာ ကုသမှု ခံယူနေရဆဲ ဖြစ်ပြီး လင်းဖေးဟန်က သူနာပြု တစ်ယောက် ငှားပေးထားသည်။
လုမေမေ က သူမရဲ့ တစ်ဘဝလုံး သူများကိုပဲ အလုပ်အကျွေးပြုလာခဲ့တာမို့ အခုလို အထူးဆက်ဆံခံရတာကို အသားမကျပေ။
ထို့အပြင် သူမအကြောက်ဆုံးက လင်းဖေးဟန်ကို ပိုပြီး ပိုပြီး အကြွေးတင် လာမှာကိုပင်။ အချိန်တွေကြာလာရင် မရှင်းမလင်းတွေ ဖြစ်လာနိုင်သည်။
စိတ်ထဲမှာ ဆန့်ကျင်ဘက် အော်ဟစ်နေခဲ့ပေမဲ့ ထိုအချိန်မှာတော့ သူမသည် ဆေးရုံကုတင်ထက်တွင် အားဖျော့စွာပဲ လှဲလျောင်းနေနိုင်ခဲ့သည်။ သူမ ဘယ်လို ငြင်းရတော့မလဲ? လုမုံ့ဟန်က နေ့တိုင်း ကျောင်းသွားရအုံးမည်။ သူမကိုယ်သူမလဲ ဂရုမစိုက်နိုင်ဘူး။ ဒီတော့ သူမ တွန့်ဆုတ်စွာပဲ သဘောတူနိုင်တော့သည်။
တစ်ချိန်ထဲမှာ လုမုံ့ဟန်နဲ့ လင်းဖေးဟန်နဲ့ ကြားက ဆက်ဆံရေးသည်လဲ အနည်းငယ် နက်ရှိုင်းလာသည်။
ပြောရမည်ဆိုရင် သူတို့နှစ်ယောက်သည် တစ်အိပ်ယာထဲ အတူအိပ်ဖူးတဲ့ အတွေ့အကြုံလဲ ရှိသွားပြီမို့ အတွဲတွေလို့ ပြောလို့ရနိုင်သည်။ မတိုးတက်သေးတဲ့ ဆက်ဆံရေးက လင်းဖေးဟန်က မရေမရာ လုပ်နေ၍လား လုမုံ့ဟန်ကပဲ သူမကိုယ်သူမ မထိုက်တန်ဘူးလို့ စိတ်ရဲ့အခြေကနေ ခံစားနေရလို့လား သေချာ မသိနိုင်ပေ။