အခန်း (၁၅၀)
Vol. 11 Ch. 150
လင်းဖေးဟန် သူ့ရဲ့လက်မောင်းကြားက လုမုံ့ဟန်ကို ငုံ့ကြည့်ကာ ပြုံးလိုက်ပြီး
“ ဒီချန်ကျွမ်းက တစ်ကယ်ကို ယင်ကောင်လို ကောင်ပဲ။ သူမင်းကို ပြဿနာ ပေးအုံးမယ် ထင်တယ်။ လိုလာရင် ကို့ကို ဖုန်းဆက်လိုက်နော်”
“အွန်း” လုမုံ့ဟန် ပြုံးကာ ခေါင်းညိတ်လိုက်သည်။
သူမတို့နှစ်ယောက် ပွဲထဲ ပြန်ရောက်တာနဲ့ ပွဲစတော့သည်။
ကျင်းပိုင်မြို့ တက္ကသိုလ်ရှိ အနုပညာဋ္ဌာနရဲ့ ကျောင်းသူ ကျောင်းသားတွေက တော်တော်လေး ထူးချွန်သည် ပြောရမည်။
စင်ပေါ်တွင် ချောမောတဲ့ အမျိုးသားတွေ၊ လှပတဲ့ အမျိုးသမီးတွေက ကောင်းမွန်စွာ ဖျော်ဖြေနိုင်ရုံတင်မကပဲ ဂီတာသမား၊ စန္တယားသမား၊ အကသမား အကုန်လုံးကလဲ အရည်အချင်းရှိကြသည်။
ဒါပေမဲ့ ဟာသ သဘောဖြစ်နေသည့် အစီအစဥ် တစ်ခုတော့ရှိသည်။
ရှေးဂီတနဲ့ အနောက်တိုင်းဂီတကို ပေါင်းစပ်ထားသော ဖျော်ဖြေမှုပင် ဖြစ်သည်။ တူရိယာတွေရဲ့ အသံက အရမ်းကျယ်နေတော့ သံစဥ်မကိုက်တော့ပဲ နားထောင်ရတာ ကိုးလိုးကန့်လန့် ဖြစ်နေသည်။
သံစဥ်တွေ ရှုတ်ကုန်ခဲ့သည်။ မူလက အနောက်တိုင်း ဂီတဘက်ကို တီးနေတဲ့ ကျောင်းသားတွေက သတိထားမိပြီး ပြင်ဖို့ လုပ်ကြပေမဲ့ သူတို့ကြိုးစားလေ သံစဥ်က ပိုပြီး ရှုတ်ထွေးလေ ဖြစ်နေသည်။ ဒါပေမဲ့ အဆုံးတွင် ရှေးဂီတရဲ့ တူရိယာတွေနဲ့ သဟဇာတဖြစ်စွာ ပေါင်းစပ်နိုင်ပြီး ဟာမိုနီ ကျသွားခဲ့သည်။
ကြီးမားတဲ့ စင်ပေါ်မတော်တဆမှု တစ်ခု ဖြစ်ခဲပေမဲ့ ပွဲကြည့်သူတွေအတွက် စိတ်လှုပ်ရှားဖွယ် မြင်ကွင်းတစ်ခုဆိုလဲ မမှားပေ။ ဒီအချိန်တွင် ရှေးဂီတရဲ့ လှပတဲ့ ဆွဲဆောင်နိုင်စွမ်းကို အပြည့်အဝ သရုပ်ဖော် နိုင်သွားခဲ့သည်။
လင်းဖေးဟန် ခါးသက်စွာ ပြုံးလိုက်သည်။ တစ်ကယ်ကို တယောသံကြောင့် မပူဆွေးရသူ မရှိသလို ခရာသံကြောင့် စိတ်မလွင့်မြောသူဆိုတာ မရှိဘူးပဲ။
ထိုဖျော်ဖြေမှု ပြီးသွားသည့်နောက်မှာ ကျောက်တရှောင်းဆိုတဲ့ ကောင်လေးက ဝတ်စုံပြည့်နဲ့ စင်ပေါ်ကို ရောက်လာခဲ့သည်။
ကျောက်တရှောင်းက လူအုပ်ကို ဦးညွတ်နှုတ်ဆက်ပြီးနောက်တွင် စန္တယားခုံရှေ့၌ ဝင်ထိုင်လိုက်သည်။
ထို့နောက်တွင် လင်းဖေးဟန်နဲ့ လုမုံ့ဟန်ဘက်ကို ကြည့်လာခဲ့သည်။ တိုးညှင်းသော ကျောက်တရှောင်းရဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။
“ ဒီနေ့ရဲ့ ဖျော်ဖြေမှုက ပရိတ်သတ်ထဲက ကောင်မလေးတစ်ယောက် အတွက်ပါ”
ကျောက်တရှောင်းရဲ့ စကားဆုံးတာနဲ့ လူအုပ်ကြီးသည် ပွက်လောပွက်လော ဖြစ်လာပြီး တီးတိုးပြောသံတွေ တစ်ယောက် တစ်ပေါက် ထွက်လာတော့သည်။ ဒီနေ့ အနုပညာပြပွဲကို လာကြည့်ရင်းနဲ့ အခုလို ဖရဲသီးအကြီးကြီး စားရမယ်လို့ သူတို့ မထင်ထားမိခဲ့ဘူး။
သခင်လေးကျောက်ဆီက ကြိုက်တာခံရတာ ဘယ်လောက်ကံကောင်းတဲ့ မိန်းကလေး ဖြစ်လိုက်သလဲ? သခင်လေးကျောက်က ပိုက်ဆံ ချမ်းသာရုံတင်မကပဲ ရုပ်လဲ တော်တော် ကြည့်ကောင်းသည်။ သခင်လေးကျောက်ရဲ့ ကောင်မလေးဖြစ်ရတာ အသေအချာကို ဘိုးဘေးတွေရဲ့ ချီးမြှောက်ခြင်း ခံလိုက်ရတာပဲ။
ဒါပေမဲ့ လူအုပ်ထဲတွင် လုံးဝ မအံ့သြသော လူနှစ်ယောက် ရှိသည်။ လုမုံ့ဟန်နဲ့ လင်းဖေးဟန်ပင်။
သခင်လေးကျောက်က ဘယ်သူ့ကို ပြောနေလဲ ဆိုတာ သူတို့နှစ်ယောက်လုံး ကောင်းကောင်း သိသည်။
လုမုံ့ဟန် ပိုပြီး မျက်မှောင်ကြုတ်သွားသည်။ အလွန်အမင်း ရွံရှာနေပုံပင်။
ကျောက်တရှောင်းက လူအုပ်ကို ငြိမ်သွားအောင် လက်တစ်ချက် ပြလိုက်ပြီးနောက်တွင် ချက်ချင်း ပြောလိုက်သည်။
“ အဲ့ဒီလူတစ်ယောက်အတွက် အခုလို အခွင့်အရေး ရနိုင်အောင် ငါ စန္တယားကို ငါးနှစ်တောင် လေ့ကျင့်ခဲ့တယ်”
“ ငါ့ရဲ့ လက်တွေက စန္ဒရားကွက်တွေကို သေချာ မှတ်မိပြီး အသားမာတက်တဲ့အထိ ငါလေ့ကျင့်ခဲ့တယ်။ ငါကြိုးစားလေ့ကျင့်ပြီး ငါ့ရဲ့အရည်အချင်းကို တိုးတက်အောင် လုပ်ခဲ့တာက ဒီနေ့အတွက်ပဲ။ သူမငါနဲ့ သီချင်းတစ်ပုဒ် အတူဆိုပေးခွင့်ရဖို့ အတွက်ပေါ့”
ကျောက်တရှောင်းရဲ့ စကားအဆုံးမှာ လူအုပ်ထဲက လူအများကြီးထံမှ ‘ဝိုး’ ဆိုပြီး သြဘာတွေ ထွက်လာတော့သည်။ အရမ်းရိုတာပဲ။ ဒီနေ့ဖရဲသီးက တစ်ကယ် ချိုတယ်!
“ လုပ်ထားဟေ့ လုပ်ထား”
“အခုခေတ် လူငယ်တွေများ အံံ့သြစရာပဲ”
“ အရမ်းချိုတာပဲဟာ။ နင်လဲအရင်က စန္ဒရား တီးတယ်မလား? နင်ငါ့ကိုကျ ဘာလို့အခုလို ချစ်ခွင့်မပန်ခဲ့လဲ?”
“ ကောင်လေး မင်း ကံကောင်းပါစေကွာ! လုပ်ထားဟေ့”
ကျောက်တရှောင်းရဲ့ စကားတွေကို ကြားတော့ လူအုပ်ထဲက လူတော်တော်များများ စိတ်လှုပ်ရှား ကုန်ကြသည်။
လူအုပ်ရဲ့ တုံ့ပြန်သံတွေကို နားထောင်ပြီးနောက်မှာ သခင်လေးကျောက်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ အဲ့ဒီလူက မစ္စလုမုံ့ဟန်ပါ”
ဒါကိုကြားတော့ လူများစွာက လုမုံ့ဟန်ကို အာရုံစိုက်သွားကြသည်။ လုမုံ့ဟန်ကို သိတဲ့သူတွေအများကြီး ရှိသလို မသိတဲ့သူတွေလဲ ရှိသည်။
မသိတဲ့သူတွေလဲ လုမုံ့ဟန်ကို လှည့်ကြည့်ပြီးသွားတော့ ထိုကောင်မလေးက သူတို့ရဲ့ ဋ္ဌာနဝင်ပေါက်မှာ တွေ့ခဲ့ရတဲ့ နတ်ဘုရားမလေးဆိုတာ မှတ်မိသွားကြသည်။ သူမဘေးမှာ ထိုင်နေတာက အကိုဖြစ်သူပဲ။
ချက်ချင်းပဲ စိတ်လှုပ်ရှားနေတဲ့ လူထုရဲ့ အမြင်က ပြောင်းသွားတော့သည်။
“ ဘာလား? မင်းက နတ်ဘုရားမလေးကို မှန်းနေတာလား? မင်းရဲ့ရုပ်က မဆိုးဘူး ဆိုပေမဲ့ မင်းက နတ်ဘုရားမနဲ့ ထိုက်တန်တယ်လို့ မဆိုလိုဘူး”
“ မင်းကိုယ်မင်း တန်ရာတန်ရာ မှန်းနေတယ် ထင်လား?”
သခင်လေးကျောက်ရဲ့ တော်ကီတွေမှာ လုမုံ့ဟန် ကြွေသွားပြီး သူတို့အတွက် အခွင့်အရေး မရှိတော့မှာကို ကျောင်းသားများစွာက ကြောက်ရွံ့နေခဲ့သည်။ သေချာပေါက် လုမုံ့ဟန် မကြွေသွားဘဲ သူတို့မှာ အခွင့်အရေးရခဲ့ရင်တောင် သူတို့ကို ရွေးမှာမဟုတ်တာကို သဘောပေါက်တာပေါ့။ ဒါပေမဲ့လဲ သူတို့မရတဲ့အရာကို သူများကိုပါ မရစေချင်ဘူး။ ဒါသဘာဝပဲလေ။
တစ်ဖက်က မိန်းကလေးတွေလဲ မပျော်မရွှင် ဖြစ်လာတော့သည်။ ဘာတွေဖြစ်နေတာလဲ? အသေအချာကို ဒီသခင်လေးကျောက်က လုမုံ့ဟန်ရဲ့ ချောမောလှတဲ့ ငါတို့ ကိုကို ကို မျက်နှာသာမပေးပဲ အကိုအရှေ့မှာ ညီမကို ကြောင်တောင်နှိုက်ချင်နေတာပဲ။
“ မေ့လိုက်တော့ ကောင်လေးရေ! ငါတို့ရဲ့ နတ်ဘုရားနဲ့ နင်က ဘယ်ယှဥ်နိုင်မှာလဲ? နင်က အရမ်းရုပ်ဆိုးတယ်။ ငါတို့ယောင်းမလေးကိုများ လိုချင်နေ သေးတယ်။ ကိုယ့်ရုပ်ကို သေချာလေး ပြန်ကြည့်လိုက်အုံး”
လူအုပ်ရဲ့ တုံ့ပြန်ပုံက ဒီလောက်ပြင်းထန််မယ်လို့ ကျောက်တရှောင်း မမျှော်လင့်ထားမိဘူး။ စင်ပေါ်ကို ရေသန့်ဗူးတွေ ပစ်ပေါက်မှာ ဆိုးလို့ ကျောက်တရှောင်း တစ်ခွန်းတောင် ထပ်မဟရဲတော့ပေ။
သခင်လေးကျောက် ချက်ချင်းပဲ စန္ဒရား တီးလိုက်တော့သည်။
လင်းဖေးဟန် စင်ပေါ်က သခင်လေးကျောက်ကို အာရုံမစိုက်စွာ လုမုံ့ဟန်ရဲ့ နားနားကို ကပ်လိုက်ပြီး
“ မင်းကော စန္ဒရား တီးတတ်လား?”
သေချာပေါက် လုမုံ့ဟန် စန္ဒရား တီးတတ်တာကို လင်းဖေးဟန် သိတာပေါ့။
လုမုံ့ဟန် ထံတွင် ငယ်စဥ်တည်းက အနုပညာပိုး ပါခဲ့ပေမဲ့ မိသားစုအခြေအနေက ခွင့်ပြု မပေးခဲ့ပေ။ လုမေမေက သူမအတွက် အီလက်ထရောနစ် ကီးဘုတ်လေး တစ်ခုသာ ဝယ်ပေးနိုင်ခဲ့သည်။
လုမုံ့ဟန် ငယ်ငယ်ကတည်းက ကြိုးစားလေ့ကျင့်ခဲ့တာမို့ သူမ နည်းနည်းတော့ တီးတတ်သည်။ အရွယ်ရောက်လာတော့ သူငယ်ချင်းတွေဆီကနေ အကူအညီတောင်းပြီး သင်ခိုင်းခဲ့သည်။ လုမုံ့ဟန်က ကိုယ်တိုင် လေ့လာခဲ့တယ် ဆိုပေမဲ့ သူများထက်တော့ မလျော့တဲ့ အရည်အချင်း ရှိသည် ပြောလို့ရသည်။
သူမရဲ့ ကြိုးစားခဲ့မှုကြောင့်ပင်။
လင်းဖေးဟန်ရဲ့ မေးခွန်းကိုကြားတော့ လုမုံ့ဟန် အနည်းငယ် ရှက်သွားပြီး
“ တစ်ကယ်တော့ ကျွန်မက ရံဖန်ရံခါ လေ့ကျင့်တာမို့ သိပ်ပြီးတန်းမမှီပါဘူး”
လင်းဖေးဟန် ပြုံးရုံပြုံးပြီး အများကြီး မမေးခဲ့ပေ။
ကျောက်တရှောင်း စန္ဒရား တီးနေတာကိုပဲ ကြည့်နေလိုက်သည်။
ကျောက်တရှောင်းရဲ့ အခြေခံက တော်တော်လေး သန်မာသည်လို့ ပြောရသည်။ သူ တီးသွားတာ ‘ ပျားပိတုန်းတိုက်ပွဲ’ သီချင်းပင်။
ထိုသံစဥ်ကို တီးနိုင်ဖို့ လျင်မြန်တဲ့အရှိန်ကိုလဲ လိုအပ်သလို အခြေခံကောင်းရှိဖို့လဲ လိုအပ်သည်။
ကျောက်တရှောင်းရဲ့ တီးခတ်သွားပုံက အလွန် သက်တောင့်သက်သာ ရှိတာ သိသာလှသည်။
ကျောက်တရှောင်းရဲ့ တီးခတ်မှုအပြီးမှာ လူတိုင်းက ချက်ချင်းပဲ ချီးကျူးကြပြီး လူအုပ်ထဲမှ ကြောက်မက်ဖွယ် လက်ခုတ်သြဘာသံတို့ လျှံထွက်လာခဲ့သည်။
ကျောက်တရှောင်းရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် အပေါ်တက်နေခဲ့သည်။ ဂုဏ်ယူနေသည်မှာ သိသာလှသည်။ ထို့နောက်မှာ သူက လင်းဖေးဟန်နဲ့ လုမုံ့ဟန်ဘက်ကို လှမ်းကြည့်လိုက်သည်။ လင်းဖေးဟန်ကို ကြည့်တဲ့ ကျောက်တရှောင်းရဲ့ အကြည့်များတွင် ရန်စမှုတို့ ပြည့်နေခဲ့သည်။
လုမုံ့ဟန် ပိုပြီး မျက်မှောင်ကြုတ်သွားကာ လင်းဖေးဟန်ရဲ့ လက်မောင်းကို ဆွဲပြီးပြောလိုက်သည်။
“ အစ်ကို သွားရအောင် ဒီလူက တစ်ကယ် စိတ်ရှုတ်ဖို့ကောင်းတယ်”
လင်းဖေးဟန် မသွားခဲ့ပေ။ ထိုအစား သူ့ရဲ့ နှာခေါင်းကိုထိကာ ခပ်ပြုံးပြုံး ပြောလာသည်။
“ ကိုတို့က ပွဲလာကြည့်တာမလား? ဘာလို့ ထွက်သွားမှာလဲ?”
လုမုံ့ဟန်ရဲ့ မျက်နှာက အနည်းငယ် ရှက်နေခဲ့ပြီး ခေါင်းငုံ့သွားကာ
“ တစ်ကယ်တော့.. အစ်ကို့ကို ပြဿနာ တက်စေမှာ စိုးလို့…”
“ ကို ပြဿနာတက်မှာ စိုးလို့ပေါ့?”
လင်းဖေးဟန် ပြုံးပြီး လုမုံ့ဟန်ရဲ့စကားကို ဖြတ်ပြောလိုက်သည်။
ဒါကိုကြားတော့ လုမုံ့ဟန်ရဲ့ ခေါင်းက ပိုငုံ့သွားသည်။ ရင်ဘတ်နားထိလုမတတ် ငုံ့သွားခဲ့ပြီး တိုးညှင်းတဲ့ အသံလေးနှင့် ‘အင်း'ဟု ဆိုလာသည်။
လင်းဖေးဟန် ခေါင်းအသာရမ်းလိုက်ကာ
“ ဘာမှမဖြစ်ပါဘူး ငတုံးမလေးကလဲ။ ကို ဒီမှာရှိနေမှတော့ ဘယ်ယောက်ျားမှ မင်းကို ကို့အနားက ခေါ်ထုတ်သွားလို့ မရဘူး”