အခန်း (၁၅၁)
Vol. 11 Ch. 151
စကားသံအဆုံးမှာ လုမုံ့ဟန် ပိုပြီး ရင်ထဲထိသွားကာ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ လင်းဖေးဟန်ရဲ့ လက်ကို ပိုတင်းနေအောင် ဆုတ်ကိုင်လိုက်တော့သည်။
လင်းဖေးဟန် ခပ်ဖွဖွ ပြုံးလိုက်ပြီး
“ ဘာမှမဖြစ်ဘူး။ သူတီးသွားတာ တော်တော်ကောင်းတယ်။ စည်းချက်ကျပြီး သံစဥ်လဲကိုက်တယ်။ ဒါပေမဲ့ တစ်ခုလေးပဲ။ သူ့ရဲ့တီးကွက်က အရမ်းခိုင်မာနေတော့ ခံစားချက် မပေါ်လွင်ဘူး”
“ ပြောရရင် ပျားပိတုန်း တိုက်ပွဲ သံစဥ်ရဲ့ အရိုင်းဆန်တဲ့ခံစားချက်ကို မပေးစွမ်းနိုင်ဘူး။ ကို့အမြင်မှာ ဒီပွဲက သူတီးတတ်တဲ့ အရည်အချင်း ပြသွားတဲ့ ပွဲတစ်ခုပဲ”
လင်းဖေးဟန်ရဲ့ စကားအပြီးမှာ လုမုံ့ဟန် မျက်လုံးများ လက်သွားပြီး
“ အစ်ကိုလဲ စန္ဒရားအကြောင်း သိတာလား?”
လင်းဖေးဟန် ပြုံးလိုက်ပြီး
“ ကို နည်းနည်းပဲ သိတာပါ”
လင်းဖေးဟန်တို့ ဘေးခုံရှိ ကျောင်းသားများသည် လုမုံ့ဟန်၏ လင်းဖေးဟန်ကို လေးစားအားကျနေသော အကြည့်ကိုမြင်တဲ့အခါမှာ မနေနိုင်စွာ မနာလို သွားရသည်။ ထို့ကြောင့် ထိုကောင်လေးက ဝင်ပြောလာသည်။
“ အစ်ကိုက စန္ဒရားအကြောင်း သိတယ်ဆိုမှတော့ စင်ပေါ်တက်ပြီး တီးလိုက်လေ။ ဘာလို့သူများကို လက်ညိုးထိုး ဝေဖန်နေရတာလဲ? သခင်လေးကျောက် တီးသွားတာကို ငါကြားတာတော့ တော်တော်လေး ကောင်းပါတယ်။ မင်း ပြောနေပုံကကျ မသိရင် သူတီးသွားတာပဲ နားမခံသာ ဖြစ်နေတာလိုလိုနဲ့”
လင်းဖေးဟန် ဒေါသမထွက်ခဲ့ပေ။ ထိုအစား ပြုံးပြီး ပြန်မေးလိုက်သည်။
“ ဒီနေ့ပွဲက မင်းတို့ အနုပညာကျောင်းရဲ့ ပွဲလေ။ ငါ စင်ပေါ်တက်ပြီး တီးပြတော့ကော ဘာထူးမှာလဲ? မင်းကငါ့ကို စင်ပေါ်တက်ပြီး ပွဲဖျက်ဖို့ တောင်းဆိုနေတာလား?”
ထိုကျောင်းသားက မျက်နှာကို မဲ့လိုက်ပြီး
“ ဘာ? မင်းပြောချင်တဲ့သဘောက မင်းသာ စင်ပေါ်တက်ပြီးတီးရင် သခင်လေးကျောက်ထက် ပိုကောင်းမယ် လို့ ပြောလိုက်တာလား?”
ထိုကျောင်းသားက သေချာ ရန်စကားပြောနေခဲ့တာ ဖြစ်သည်။ လင်းဖေးဟန်နဲ့ လုမုံ့ဟန်ကြားက ကြင်နာရိပ်သန်းတဲ့ အကြည့်တွေကို သူ တွေ့ထားပြီးပြီ။
သူတို့ရဲ့ စကားကို နားထောင်ပြီးနောက်မှာ လင်းဖေးဟန်ရဲ့ အနောက်မှာ ထိုင်နေတဲ့ ကောင်မလေးသည် ချက်ချင်း အံ့သြမှုတို့ ပြည့်သွားတော့သည်။ ဘယ်လိုတောင်လဲ? ဒီလောက်ရုပ်ချောတဲ့သူက စန္ဒရားလဲ တီးတတ်သေးတာလား? ဒါကြီးက စောက်ရမ်းလွန်လွန်းတယ်။
ဒီလိုနဲ့ ရဲတင်းတဲ့ မိန်းကလေးတစ်ချို့က စတင် အော်ဟစ်ကြတော့သည်။
“ အစ်ကိုကြီးရေ ကျေးဇူးပြုပြီး တစ်ပုဒ်လောက် တက်တီးပြပါလား? တစ်ကယ် နားထောင်ချင်လို့ပါ”
မိန်းကလေးတစ်စုရဲ့ အသံထွက်လာပြီး နောက်မှာ ပွဲခင်းတစ်ခုလုံး ကြောက်မက်ဖွယ် တိတ်ဆိတ်သွားသည်။ ဒီသတင်းကို သိလိုက်ရတော့ ကျန်တဲ့ မိန်းကလေးများ အကုန် အံ့သြသွားကြပြီး တောက်ပနေတဲ့ မျက်လုံးများနဲ့ စတင် အော်ကြတော့သည်။
“ တစ်ပုဒ်လောက် တီးပြပါ”
ဘာလဲ? ဒီရုပ်ချောတဲ့ ဘဲက စန္ဒရား တီးတတ်တာလား? မတောက်တစ်ခေါက် တတ်တာ နေမှာပါ။
ပရော်ဖက်ရှင်နယ်ကျကျ သင်ဖူးလို့လား? သာမာန်အဆင့်လောက်နဲ့လူက ပရော်ဖက်ရှင်နယ်ကို ဘယ်ယှဥ်နိုင်မှာလဲ?
ပွဲခင်းထဲရှိ ယောက်ျားများစွာက ထိုသို့ တွေးနေပေမဲ့ မိန်းကလေးများကတော့ မျက်လုံးများ လက်ထနေကြသည်။
လင်းဖေးဟန်ရဲ့ ချောမောလွန်းတဲ့ ရုပ်ရည်ကို မြင်ပြီးနောက်မှာ အနုပညာဋ္ဌာနရဲ့ မိန်းကလေး တိုင်းတွင် ဒီလူက ကောလိပ်တစ်ခုလုံးမှာ အချောဆုံးပဲဆိုတဲ့ အတွေးတစ်ခု သာ ရှိသည်။ မဟုတ်ဘူး၊ ကျင်းပိုင် တစ်မြို့လုံးမှာ အချောဆုံးသူပဲ။ သူ့ထက်သာတဲ့သူ တစ်ယောက်မှ မရှိနိုင်တော့ဘူး။
အလွှမ်းမိုးနိုင်ဆုံး အချက်ကတော့ လင်းဖေးဟန်ရဲ့ အထက်တန်းကျပြီး ကျက်သရေရှိတဲ့ ဟန်ပန်များပင် ဖြစ်သည်။
လင်းဖေးဟန်လိုမျိုး ချောမောတဲ့သူက စင်ပေါ်မှာပါ စန္ဒရား ဖျော်ဖြေပြတာ ကြည့်ရမယ်ဆိုရင် ဒါဘယ်လောက်တောင် ကံကောင်းလိုက်တဲ့ ရှားပါးမြင်ကွင်းမျိုး ဖြစ်လောက်မလဲ?
ဘယ်လောက်တောင် ပျော်ဖို့ ကောင်းလိုက်မလဲ?
ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ?
ဒီလိုဆို အသက်ရှင်ရတာ တန်သွားပြီမလား?
မိန်းကလေးများစွာသည် မတတ်နိုင်စွာ ရင်ထဲ ဗလောင်ဆူလာရသည်။
ရှက်ဖို့ကောင်းလိုက်တာ!
“ အစ်ကိုကြီး စန္ဒရားတစ်ပုဒ်လောက် တီးပြပါ”
“ တစ်ပုဒ်လောက် တီးပြပါ!”
“ တစ်ပုဒ်လောက် တီးပြပါ!”
“ တစ်ပုဒ်လောက် တီးပြပါ!”
ကောင်မလေးများ စတင်အော်ဟစ်ကြတော့သည်။
တူရိယာ ထိန်းသိမ်းခန်းရှိ အနည်းငယ် လှသော မိန်းကလေးတစ်ချို့သည် စန္ဒရားကြီး တစ်ခုကို စင်အလယ်ကို မလာပေးခဲ့သည်။ လူထုရဲ့ အော်ဟစ်သံတွေကို ကြားနေရတော့ ထိုကောင်မလေးရဲ့ မျက်နှာသည် အောက်ကို ငုံ့သွားသည်။ သူမက လင်းဖေးဟန်ကို တစ်ချက် ပြန်မော့ကြည့်လာပြီး အကြည့်ချင်း ဆုံသွားတော့ ချက်ချင်းပဲ ရှက်သွားသည်။ သူမရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ပြီး စန္ဒရားကြီးကို လျစ်လျူရှုကာ ထွက်ပြေး သွားတော့သည်။
မြင်ကွင်းတစ်ခုလုံး အနည်းငယ် ပရမ်းပတာ ဖြစ်နေခဲ့သည်။
“အစ်ကိုရေ တစ်ပုဒ်လောက် တီးပြပါ!”
အစက လင်းဖေးဟန်ကို ဆွဲခေါ်ပြီး ထွက်သွားမလို့ လုမုံ့ဟန် တွေးထားခဲ့သည်။ အခြေအနေတွေက ဒီလောက်မြန်မြန် ပြောင်းလဲသွားမယ်လို့ သူမ မထင်ထားမိခဲ့ဘူး။ ထွက်သွားလို့ မရမှတော့ လင်းဖေးဟန်ကို ပြောကြည့်ဖို့အပြင် သူမမှာ ရွေးစရာ မရှိတော့ပေ။
“ ကောင်းပါပြီ”
လင်းဖေးဟန် ခါးသီးစွာပြုံးလိုက်ပြီး သဘော တူလိုက်ရတော့သည်။
လင်းဖေးဟန် လုမုံ့ဟန်ဘက်ကို ကြည့်ကာ ခပ်ဖွဖွ ပြုံးပြလိုက်သည်။ လင်းဖေးဟန်ရဲ့ မျက်နှာထက်တွင် ယုံကြည်ချက်တို့ ရှိသည်။
လင်းဖေးဟန်ရဲ့ ပတ်ပတ်လည်က မိန်းကလေးတွေက အငမ်းမရ မျက်စိ အစာ ကျွေးနေကြသည်။
လင်းဖေးဟန်ရဲ့ အပြုံးကို မြင်လိုက်ရချိန်မှာ အနားက ကောင်မလေးတွေ အကုန် မှင်သက် သွားသည်။
ဒီအပြုံးကို သူမတို့ကို လာ ဖလစ်နေတာလို့ သတ်မှတ်လို့ရတယ်မလား?
ရည်ရွယ်ပြီး ပြုံးတာဖြစ်ဖြစ်၊ မရည်ရွယ်ဘဲ ဖြစ်ဖြစ် ဒါက ညစ်တာပဲမလား?
ဒီလိုမျိုး ပြုံးပြသွားမှတော့ စန္ဒရားတီးတာ ကောင်းကောင်း၊ မကောင်းကောင်း သူမတို့ ထောက်ပံ့ပေးမှ ဖြစ်တော့မည်!
ကောင်မလေးများစွာ စိတ်ထဲမှ တွေးနေခဲ့ကြသည်။
“ ဖိုက်တင်း”
လင်းဖေးဟန် သဘောတူလိုက်တာ မြင်တော့ လုမုံ့ဟန် ပြုံးသွားပြီး လက်သီးဆုတ်လေး နှစ်ဖက်ကို မြှောက်ကာ အားပေးလာခဲ့သည်။
စန္ဒရားတီးပြဖို့ ဆုံးဖြတ်လိုက်တော့ လင်းဖေးဟန် တန်းပြီးပဲ မတ်တပ်ထရပ်လိုက်သည်။
လင်းဖေးဟန် မတ်တပ်ရပ်လိုက်တာနဲ့ ပွဲခင်း တစ်ခုလုံး ဝမ်းမြှောက်စွာ လက်ခုတ်တီး ကြတော့သည်။
ဒီလူက တစ်ကယ်ကို ချောတာပဲ။
“ ဝိုး! အရမ်းချောတယ်ဟေ့!”
ကောင်လေးတွေက မနာလိုမှုတွေ အားမနာတမ်းထုတ်ပြနေပေမဲ့ ကောင်မလေးတွေကလဲ အားမနာတမ်း ကျယ်သထက် ကျယ်အောင် အော်ဟစ် နေကြသည်။
လင်းဖေးဟန် ခပ်ဖွဖွသာ ပြုံးထားပြီး တည်ငြိမ်စွာ သွားလိုက်သည်။
မပြောင်းမလဲ ရုပ်နဲ့ပဲ ဖြည်းဖြည်းချင်း စင်ပေါ်ထိ သွားလိုက်သည်။
လူတစ်ချို့ရှိနေသော ထောင့်တစ်ထောင့်တွင် အလွန်နာမည်ကြီးနေသော လင်းဖေးဟန်ကို တစ်စုံတစ်ယောက်က မြင်သွားပြီး မတတ်နိုင်စွာ ရှုတ်ထွေးသော ခံစားချက် တစ်စုံနဲ့အတူ သူမ မျက်မှောင်ကြုတ် သွားခဲ့သည်။
လင်းဖေးဟန်က ဘယ်တုန်းက အရမ်း နာမည်ကြီးသွားတာလဲ?
ထားပါလေ။ သူက လင်းမိသားစုရဲ့ သခင်လေး ဆိုတော့ အရင်တည်းက နာမည်ကြီးပြီးသားပဲ။
ဒါ့အပြင် အမှောင်ထဲက သူမသည် လင်းဖေးဟန်က ပိုချောလာတာလားလို့ တစ်ဆက်ထဲ တွေးမိသွားသည်။ ဒီရက်ပိုင်း လင်းဖေးဟန်ကို ကြည့်ကောင်းတယ်လို့ သူမ မခံစားခဲ့ရပေမဲ့ အခု တစ်ဖြည်းဖြည်း လျှောက်သွားနေတဲ့ လင်းဖေးဟန်ရဲ့ ပုံရိပ်က အရမ်းကို ဝေဝါးဝါးနဲ့ ခန့်ညားနေလွန်းလို့ သူမ မနေနိုင်စွာ နှစ်ကြိမ်မြှောက် ကြည့်လိုက်မိသည်။
စင်ပေါ်ကို ရောက်သွားတော့ ဝတ်စုံပြည့် ဝတ်ထားတဲ့ လင်းဖေးဟန်က စန္ဒရားခုံတွင် ထိုင်လိုက်သည်။
ချောမောတဲ့ အထက်တန်း အမျိုးသား တစ်ယောက်ရယ်၊ ရှေ့တွင် ရှိနေသော စန္ဒရား ဖြူဖြူရယ်ကို ပေါင်းစပ်လိုက်သောအခါမှာ တစ်ကယ်ကို လက်ရာမြောက် ပန်းချီတစ်ချပ်ကို ကြည့်နေရသကဲ့သို့ပင်။
တူရိယာတွေကို တာဝန်ယူရပြီး အစောက စန္ဒရား ချပေးပြီးတာနဲ့ ထွက်သွားတဲ့ ကောင်မလေးသည် စင်နောက်ကို မပြေးသွားဘဲ စင်အရှေ့ကို တန်းပြေးသွားခဲ့တာ ဖြစ်သည်။ လင်းဖေးဟန်ရဲ့ ဖျော်ဖြေမှုကို ကြည့်ရဖို့ သူမ မမေ့လျော့ခဲ့ပေ။
ထိုအချိန်မှာ ထိုမိန်းကလေးရဲ့ နှလုံးသည် အပြင်ကို ခုန်ထွက်မတတ်ကို ခုန်ပေါက်နေသည်။ အသက်ရှုရတာပင် အနည်းငယ် ခက်ခဲလာရသည်။
“ ဟမ့်! ရုပ်ချောနေတာ ဘာတွေများ ကောင်းနေလို့လဲ? ငါ့ထက် နည်းနည်းလောက် ပိုချမ်းသာရုံပဲ! မင်း ငါ့ထက်တော့ စန္ဒရားကို ပိုကောင်းကောင်းတီးတတ်မယ်လို့ ငါမယုံဘူး”
သခင်လေးကျောက် ရင်ထဲမှ မုန်းတီးမှုများနဲ့ ပြောလိုက်သည်။
ပွဲခင်းရှေ့ကနေ စင်ပေါ်ကို ရောက်သွားတာနဲ့ ပရိတ်သတ်ရဲ့ တခဲနက် အားပေးမှုကို လက်ခံ ရနေတဲ့ လင်းဖေးဟန်ကို ကြည့်နေရင်း ကျောက်တရှောင်း မတတ်နိုင်စွာ ရင်ထဲ ချဥ်စူးနေသည်။
ကျင်းပိုင်မြို့ရဲ့ လူငယ်စီးပွားရေး သမား တစ်ယောက်အနေနဲ့ လင်းဖေးဟန်သည် အဘက်ဘက်က ပြီးပြည့်စုံသည်။ ရုပ်ရည်ကိုက သာမာန်လူ သွားယှဥ်လို့ မရတဲ့ အနေအထားမှာရှိသည်။
သခင်လေးကျောက် ရုတ်ချည်းပဲ စော်ကားခံ နေရသလို ခံစားလာရသည်။ အရမ်းကို စော်ကားခံနေရသလိုပဲ!
“ ဒီကောင်က ချမ်းသာတဲ့ဒုတိယမျိုးဆက် သူဋ္ဌေးသား ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ချမ်းသာတာအပြင် သူ့မှာ တစ်ခြားကောင်းတာ ဘာရှိအုံးမှာလဲ? စန္ဒရားတီးတတ်တောင် မတောက်တစ်ခေါက်လောက် တီးတတ်မှာပဲ မလား?”
“ ငါ့ရဲ့နတ်ဘုရားကို စော်ကားဖို့ နင့်ကို ဘယ်သူ ခွင့်ပြုထားလဲ? ငါ့နတ်ဘုရားက အရမ်းကို တော်မှာ! နင်ထပ်ပြီး သူ့ကို အပြစ်ပြောရဲရင် ငါနင့်ကို လုပ်မှာ၊ သတိထားနေ!”