← Chapters

စိတ်ဝိဥာဥ်အစွမ်း ပါရမီရှင်

Vol. 23 Ch. 322

စိတ်ဝိဥာဥ်အစွမ်း ပါရမီရှင်

Vol. 23 Ch. 322

လောထျန်း၏ မျက်လုံးများ အရောင်လက်သွားပြီး မေးလာ၏။

" ရေအိုင်ထဲမှာ နဂါးသွေးအစစ် ပါတယ် .. ဟုတ်လား "

သူတို့ နောက်ဆုံး ရောက်ခဲ့သည့် နဂါးသင်္ချိုင်းဂူထဲမှ နဂါးအလောင်းတွင် နဂါးအစွမ်းအချို့ ပါနေသော်လည်း နဂါးသွေးကမူ လုံးဝ ရှိမနေခဲ့ပါ ။

အရိုးအချို့တွင် နဂါးသွေးများ အနည်းငယ် စွန်းနေသည့်တိုင် ၎င်းက နဂါးသွေးအစစ် အဆင့်မဟုတ်ဘဲ သွေးများကလည်း ခြောက်ကပ်နေခဲ့လေပြီ ။

ထို့ကြောင့် လောထျန်းသည် အစောလေးကပင် နဂါးသွေးအား မည်သို့ ရှာမည်ကို စိုးရိမ်နေခဲ့သေးပါ၏။ သို့ဖြစ်ရာ ရှောက်လုံ၏ စကားကို ကြားပြီးနောက် သူ စိတ်မလှုပ်ရှားဘဲ မည်သို့ နေနိုင်ပါမည်နည်း။

ရှောက်လုံက ခေါင်းညိတ်ပြီး ပြန်ပြောသည်။

" ပါတာပေါ့ဗျ ။ နဂါးသွေးတင်မကဘူး ၊ တစ်ပိုင်းတစ ကျိုးပဲ့နေတဲ့ နဂါးအမြုတေလုံးတွေနဲ့ နဂါးကြေးခွံ အစစ်တွေပါ ရှိသေးတယ် ။ အဲ့အရာတွေက ကျုပ်တို့ နဂါးမျိုးနွယ်ရဲ့ ဘိုးဘေးတွေ အသက်ဆုံခါနီးမှာ နောက်လူငယ်မျိုးဆက်အတွက် ရည်ရွယ်ပြီး ချန်ထားခဲ့ကြတဲ့ အရာတွေပဲ "

လောထျန်းက စိတ်လှုပ်ရှားစွာ ပြော၏။

" ဒါဆို ဘာတွေ စောင့်နေသေးတာလဲ ၊ သွားကြမယ်လေ "

" ကောင်းပါပြီဗျာ ၊ ကျုပ်နောက်လိုက်ခဲ့ကြပါ "

ရှောက်လုံ၏ စကားဆုံးသည်နှင့် သူတို့လူစု ထိုနေရာမှ အလွန်လျင်မြန်သော အရှိန်ဖြင့် ထွက်လာခဲ့လိူက်ကြသည်။

မကြာမီ ... မိုးထိုးနေသော ရှေးဟောင်း သစ်ပင်ကြီး များစွာက မျက်စိတဆုံး ရှိနေသည်ကို သူတို့ လှမ်းမြင်လိုက်ရ၏။

ကြည့်ရသည်မှာ တောအုပ်ကြားမှ ကမ္ဘာငယ်တစ်ခု တိုးထွက်နေသယောင် တူနေသည့်အတွက် လောထျန်းတို့ လူစု ၎င်းကို ကြည့်ကာ အံ့အားသင့်သွားကြသည်။

" နဂါးအသွင်ပြောင်းရေအိုင်က အဲ့တောအုပ်ထဲမှာ ရှိတာဗျ ။  ကြည့်ရတာ ဝင်ပေါက်က မကြာခင် ဖွင့်တော့မယ်နဲ့တူတယ် ။ သွားကြစို့ "

ရှောက်လုံက ပြောလိုက်သည်။

လောထျန်းက ခေါင်းညိတ်ပြပြီး အရှိန်တင်လိုက်၏။ ဤသိူ့ဖြင့် မကြာမီမှာပင် သူတို့ နဂါးအသွင်ပြောင်းရေအိုင်ရှေ့ ရောက်လာခဲ့ကြသည်။

သူတို့ ရောက်သွားသည့် အချိန်တွင် နဂါးအသွင်ပြောင်းရေအိုင်ဘေး၌ လူများစွာလည်း စုဝေးရောက်ရှိနေခဲ့ကြလေပြီ ။

လူအုပ်ထဲတွင် ယောင်ချီမှ နတ်ဘုရားမလေး  ရွှေယွဲ့ချီကလည်း လှပကျော့ရှင်းစွာ ရပ်နေ၏။ သူမ ခေါင်းပေါ်တွင်ကား အစိမ်းရောင် ကြာပွင့်တစ်ပွင့် ရှိနေသည်။

သူမက လောထျန်းလာသည်ကို မြင်သည်နှင့် ချက်ချင်း ပြုံးပြီး လှမ်းနှုတ်ဆက်၏။

" သခင်လေးလောထျန်းလဲ ရောက်လာပြီပဲ "

လောထျန်းက ခေါင်းအသာ ညိတ်ပြကာ သူမကို ကြည့်ပြီး ပြန်မေးလိုက်သည်။

" နတ်ဘုရားမလေးရော ဒီ ခရီးမှာ ဘာတွေရခဲ့လဲ "

ရွှေယွဲ့ချီက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်သည်။

ထိုဓား ပေါ်လာသည်နှင့် အေးစက်စက် အလင်းတန်းတစ်ခု ရုတ်ချည်း ထွက်ပေါ်လာ၏။  ၎င်းနှင့်အတူ တွဲပါလာသည့် ဓားအစွမ်းကလည်း ကြောက်မက်ဖွယ် ကောင်းနေသည်။

" ကျွန်မတို့ ရှေးဟောင်းသင်္ချိုင်းဂူတစ်ခု ရှာတွေ့သွားပြီးတော့ အထဲကနေ ဒီဓားကို ရခဲ့တာပဲရှင့် ။ ကြည့်ရတာတော့ ဒါကို နဂါးချိုတွေနဲ့ လုပ်ထားတဲ့ပုံပဲ ၊ အဆင့်ကလဲ အဆင့် ၉ ရှိမယ်ထင်တယ် "

ရွှေယွဲ့ချီက အပြုံးဖြင့် ဆိုလိုက်သည်။

လောထျန်းက ဓားကို ကြည့်ကာ ခေါင်းအသာ ညိတ်လိုက်၏။  ထို့နောက် သူ မည်သည့်မေးခွန်းမှ ထပ်မမေးတော့ချေ။

ရွှေယွဲ့ချီက သူ့ကို ကြည့်ကာ အပြုံးဖြင့် မေးလာသည်။

" သခင်လေး လောထျန်းကရော .. ဒီ နဂါးအသွင်ပြောင်းရေအိုင်ကို ဘာရည်မှန်းချက်နဲ့ လာခဲ့တာလဲ "

လောထျန်းက တုန့်ဆိုင်းမနေဘဲ ချက်ချင်း ပြန်ဖြေ၏။

" နဂါးသွေးအစစ် ရဖို့ "

သူ့စကားကြောင့် ရွှေယွဲ့ချီ အံ့အားသင့်သွားပြီး ပြောသည်။

" နဂါးသွေးအစစ် ဟုတ်လား ..  အဲ့ဒါ ရဖို့ဆို နည်းနည်းလေးတော့ ခက်လိမ့်မယ်နော် "

" ဟင် .. ဘာဖြစ်လို့လဲ "

လောထျန်းက တအံ့တသြ ပြန်မေး၏။

ရွှေယွဲ့ချီက မျက်မှောင်ကြုံ့၍ ရှင်းပြသည်။

" နဂါးသွေးအစစ်ဆိုတာ ဒီ နဂါးအသွင်ပြောင်းရေအိုင်မှာတောင် အင်မတန်ရှားတဲ့ ရတနာစာရင်းထဲမှာ ပါတယ်ရှင့် ။ ဒီကနေ နဂါးသွေးအစစ်ကို ရခဲ့တာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်က နောက်ဆုံးပဲ ထင်တယ် ။ အဲ့တော့ သခင်လေးအနေနဲ့ စိတ်ကို  ကြိုပြင်ဆင်ထားသင့်တယ် "

လောထျန်းက သဘောမတူဟန်ဖြင့် ပြန်ပြော၏။

" ခုလို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ ဒါပေမယ့် ကျုပ် နဂါးသွေးအစစ်ကို ဒီနေ့ သေချာပေါက် ရမှာ "

သူ့စကား ဆုံးသည့်အချိနမှာပင် လူတစ်ယောက်က အသံကျယ်ကြီးဖြင့် အော်ရယ်ကာ ပြောလာသည်။

" ဟားဟား .. တော်တော် အရှက်မဲ့တဲ့ ကောင်ပါလားကွာ "

" ဟင် ... "

လောထျန်း မျက်မှောင်ကြုံ့သွားပြီး လှည့်ကြည့်လိုက်ရာ ခေါင်းပေါ်တွင် ခြေသုံးချောင်းထောက် မီးဖို အသေးတစ်ခု ရှိနေသည့် လူတစ်ယောက်က ဘေးတွင် လူများ ဝန်းရံ၍ သူရှိသည့်ဘက် လျှောက်လာနေသည်ကို တွေ့လိုက်ရ၏။

သူ ပေါ်လာသည်နှင့် နဂါးအသွင်ပြောင်းရေအိုင်အနီးနားတွင် ရှိနေသူများ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

" လုကျင်းယန် ပါလား "

" သခင်လေး လု က ဒီကို ရောက်နေတယ် "

" သူ့လို ပါရမီရှင်တစ်ယောက်က နဂါးအသွင်ပြောင်းရေအိုင်ကို ဘယ်လက်လွတ်ခံပါ့မလဲကွ "

" ကျုပ်က ဝူမင်ဂိုဏ်းက ဖုန့်ယွိပါ ၊ ဒီကို သခင်လေး လုနဲ့ တွေ့ဖို့ လာခဲ့တာပါ "

" ကျုပ် ၊ ကျန့်လင်ကလဲ သခင်လေးကို အရိုအသေပေးပါတယ် ... "

ထိုတခဏတွင် နဂါးအသွင်ပြောင်းရေအိုင်ဘေး၌ ရှိနေကြသော လူများစွာပင် ကပ်ဖားသည့် အသံများဖြင့် အော်ပြောလာကြသည်။

" ဟင် .. ဒီလူက ဘယ်သူလဲ ၊ သူက ဘာမို့ အဲ့လောက် မောက်မာနေရတာလဲ "

လောထျန်းမှာလည်း သူ့ကို ကြည့်ကာ အံ့အားသင့်သွား၏။

ထိုသူ၏ အရောင်အဝါကို ကြည့်လျှင်လည်း သူက တုကျဲ့အဆင့်သို့ ရောက်ခါနီးတွင်ပင် ရှိသေးပြီး သူ့အစွမ်းမှာလည်း သာမာန်မျှသာ ဖြစ်ပါသည်။

ဤနေရာတွင် သူ့ထက် ပိုအစွမ်းထက်သူများ များစွာ ရှိနေသည့်တိုင် ..

ထိုလူများက သူ့အား ဖားရန် ကြိုးစားနေကြသဖြင့် လောထျန်း အံ့အားသင့်သွားရခြင်းပင် ။

လောထျန်း နားမလည်နိုင် ဖြစ်နေသည်ကို မြင်သွားသော ရွှေယွဲ့ချီက ချက်ချင်း ရှင်းပြ၏။

" လုကျင်းယန်က စိတ်ဝိဥာဥ်အစွမ်းပါရမီရှင်တစ်ယောက်ပဲရှင့် ။ ကျွန်မရဲ့ဆရာ တစ်ခါပြောဖူးတာတော့ စိတ်ဝိဥာဥ်အစွမ်းနဲ့ ပတ်သက်တဲ့ သူ့ ပါရမီက လူငယ်မျိုးဆက်ထဲမှာ ထိပ်ဆုံး အဆင့် ၃ အတွင်း ဝင်တယ် တဲ့ ။ ပြီးတော့ ဒီ နဂါးအသွင်ပြောင်းရေအိုင်မှာ ရတနာတွေ ရှာဖွေဖို့ ဆိုရင် အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်း လိုတယ်လေ ။ ဒီလူတွေ အားလုံးက သူ့ဆီကနေ တစ်ခုခု ကပ်စားရဖို့ မျှော်လင့်နေတဲ့သူတွေ ဆိုတော့ သူ့ကို မြှောက်ပင့်ပြီး ဖားနေကြတာ ဘယ်ထူးဆန်းမလဲရှင် "

သူမ၏ စကားကို ကြားမှသာ လောထျန်း သဘောပေါက်သွားပြီး လုကျင်းယန်အား မျက်မှောင်ကြုံ့ ကြည့်လိုက်သည်။

"ထိပ်ဆုံး အဆင့် ၃ အတွင်းဝင်တဲ့ စိတ်ဝိဥာဥ်အစွမ်း ပါရမီရှင်တဲ့ ။ ကြည့်ရတာတော့ သာမာန်လိုပါပဲ "

လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ထိုအချိန်တွင် လုကျင်းယန်က လောထျန်း ရှေ့နားလေးသို့ပင် ရောက်နေခဲ့လေပြီ ။ သို့သော် သူက လောထျန်းကို မကြည့်ဘဲ ရွှေယွဲ့ချီကိုသာ ကြည့်ပြီး ပြော၏။

" နတ်ဘုရားမလေး ၊ မတွေ့တာတောင် ကြာပြီနော် "

ရွှေယွဲ့ချီက ချက်ချင်း ပြုံး၍ ​ပြန်ပြော၏။

" တွေ့ရတာ ဝမ်းသာပါတယ် သခင်လေး လု "

လုကျင်းယန်က ခေါင်ညိတ်ကာ စကားဆက်သည်။

" နတ်ဘုရားမလေး ၊ ကျုပ်က မင်းတို့ ယောင်ချီနဲ့လဲ ရင်းနှီးတဲ့သူမို့ တစ်ခုတော့ သတိပေးစကား ပြောရဦးမယ် ။ ယောင်ချီဆိုတာ ကျုံ့ကျိုးမှာရှိတဲ့ မြင့်မြတ်နယ်မြေတွေထဲက တစ်ခုပဲလေ ။ ပြီးတော့ မင်းကလဲ လက်ရှိ ယောင်ချီရဲ့ နတ်ဘုရားမ တစ်ယောက်ဆိုတော့ အပြင်မှာ ပြုမူတဲ့အခါ သတိထားဖို့ လိုတယ် "

" ဒီလို ဘာမှ သုံးစားမရတဲ့ သူတွေနဲ့ မိတ်ဆွေမလုပ်ပါနဲ့ ၊ မဟုတ်ရင် အပြင်ကို သတင်းပေါက်ကြားသွားတဲ့အခါ ယောင်ချီရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွာလိမ့်မယ်ဗျ "

သူက ထိုသို့ပြောကာ လောထျန်းအား ရန်လိုသည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။

" မင်း ဘာစကားပြောတာလဲ "

နျိုဝူဖုန်းက ဒေါသတကြီး ပြန်​အော်ပြောလာ၏။

လုကျင်းယန်က ခေါင်းလှည့်လာပြီး နျိုဝူထုန်းအား ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီး ပြော၏။

" အိုး .. ငါးရောင်ခြယ် နတ်နွားကြီးပါလား ၊ ဒီကမ္ဘာကြီးမှာ အဲ့လိုသားရဲမျိုး အသက်ရှင် ကျန်နေသေးတာပဲ "

ထိုသို့ပြောပြီးနောက် သူ လောထျန်းဘက် လှည့်လာကာ ရုတ်တရက် ပြောပြန်သည်။

" အဲ့တာ မင်းပိုင်တဲ့ ကောင်လား ၊ အဲ့ကောင်ကို ငါ့ကို ပေးပါ ။ အဲ့ကျရင် မင်းအတွက် နဂါးအသွင်ပြောင်းရေအိုင်ထဲက နဂါးသွေးအစစ်ကို ငါ ယူပေးချင် ယူပေးမှာ "

လောထျန်းက အေးစက်စက် ပြန်ပြော၏။

" မင်း မသေချင်ရင် ဒီကနေ ထွက်သွားလိုက် "

" ဟင် ... မင်းက ငါ့ကို ပြောနေတာလား "

လုကျင်းယန်မှာ လောထျန်းက ထိုသို့ တုန့်ပြန်လာလိမ့်မည်ဟု လုံးဝ ထင်မထားသဖြင့် အလွန်အံ့အားသင့်သွားဟန် တူသည်။

ထိုနေရာ အနီးတဝိုက်ရှိ ကျန်လူများလည်း အံ့သြမှင်သက်သွားကုန်ကြ၏

ထို့နောက် ..

ဝုန်း ..

အသံကျယ်တစ်သံ ထွက်လာပြီး လုကျင်းယန်နောက်မှ လူကြီးတစ်ယောက်က အေးစက်စက် ပြောလာသည်။

" ကောင်လေး ၊ မင်းက တော်တော်မောက်မာပါလားကွ ။ သခင်လေး လုကိုများ အဲ့လို ရိုင်စိုင်းရဲနေတယ် ။ တောင်တော်လေး အသိဉာဏ်မဲ့တဲ့ ကောင်ပဲ ။ ဒီနေ့တော့ သခင်လေး လု ကိုယ်စား မင်းကို သင်ခန်းစာ ပေးမှ ဖြစ်တော့မယ် "

သူက ထိုသို့ပြောကာ လက်တစ်ဖက် ဆန့်ထုတ်ပြီး လောထျန်းအား ဖမ်းဆုပ်ရန် ပြင်လိုက်သည်။

သို့သော် .. ထိုအချိန်မှာပင် ..

ချွှင် ...

ဓားစွမ်းအင် အစိတ်အပိုင်းတစ်ခုက လူကြီး၏ လက်ဝါးအတွင်းသို့ ထိုးဖောက်ဝင်သွား၏။

သို့သော် ဓားစွမ်းအင်က ထိုမျှနှင့် ရပ်မသွားဘဲ လူကြီး၏ လက်ကို ဖြတ်ပြီးသည်နှင့် သူ့ရင်ဘတ် နှင့် ဗိုက်ကိုပါ ထိုးဖောက်ဝင်ကာ အဆက်မပြတ်တိုက်ခိုက်လိုက်သည်။ ထိုလူကြီးမှာ နေရာတွင်ပင် သေဆုံးသွားတော့၏။

" ဟင် .. "

အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်သက်သွားကြရပြန်သည်။

အစောက တိုက်ခိုက်ခဲ့သည့် လူကြီးမှာ အဆုံးအစမဲ့ အဆင့်မှ အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသည်။

ထိုသို့သော လူတစ်ယာက်ကိုပင် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သော လောထျန်းက မည်မျှ အစွမ်းထက်နေပါသနည်း ။

ရွှေယွဲ့ချီသည်ပင် မျက်လုံးများ ပြူးကျယ်နေတော့၏။

လောထျန်းသည် မသေမျိုးကို သတ်နိုင်သူဟု နာမည်ကျော်မှန်း သူမ သိထားပြီးသည့်တိုင် သူမ၏ ရင်ထဲတွင်ကား ထိုကိစ္စကို အပြည့်အဝ မယုံခဲ့ပါချေ ။

လောထျန်း၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် မသေမျိုးကို သတ်နိုင်ခြင်းက ပုံမှန်တွင် ဖြစ်နိုင်စရာအကြောင်း မရှိပေရာ သူမ မယုံသည်မှာလည်း မဆန်းပါ ။

သို့သော် .. ယခု ကြည့်ရသည်မှာ လောထျန်းက ထိုသို့သော အစွမ်းမျိုး အမှန်တကယ်ရှိဟန်ပင် ။

အဆုံးအစမဲ့အဆင့်တွင် ရှိသည့် လူတစ်ယောက်ကို စက္ကန့်ပိုင်းလေးအတွင်း အသေသတ်ရန်ဆိုလျှင် ကောင်းကင်ဘုံ တံခါးဝအဆင့် ရှိထားမှသာ ရမည်မဟုတ်ပါလား ။

" ငါ နောက်ဆုံးအကြိမ် အနေနဲ့ ပြောလိုက်မယ် ၊ ဒီကနေ ထွက်သွား "

ထိုစဥ် လောထျန်းက လုကျင်းယန်ကို တည့်တည့် စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

လုကျင်းယန်မှာ ရင်ထဲမှ တုန်ယင်သွားသော်လည်း ဟန်ကိုယ့်ဖို့ ထားပြီး ပြန်ပြော၏။

"ကောင်းပြီလေ ၊ မင်းက အင်မတန်ကို ရက်စက်တဲ့ကောင်ပဲ ။ ဒါပေမယ့် သိပ်တော့ ကျေနပ်မနေနဲ့ဦး ၊ ငါက မင်းကို အနိုင်မယူနိုင်ဘူး ဆိုပေမယ့် ခဏနေ နဂါးအသွင်ပြောင်းရေအိုင် ဖွင့်တဲ့အခါ ငါ့ကို ဒူးထောက်ပြီး တောင်းပန်ရင်တောင် ငါ့ဆီက အကူအညီ ရမယ်မထင်နဲ့ "

သူက ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်း လှည့်၍ အခြားတစ်နေရာသို့ ထွက်သွားလိုက်သည်။

ရွှေယွဲ့ချီက ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုံ့ပြီး ပြောလာ၏။

" သခင်လေး လောထျန်း ၊ သူ့ကို အဲ့လို မစော်ကားခဲ့သင့်ဘူးနော် "

" ဘာဖြစ်လို့လဲ "

လောထျန်းက ပြန်မေးသည်။

ရွှေယွဲ့ချီက သက်ပြင်းချ၍ ပြော၏။

" သူ့ အကျင့်စရိုက်က ဒေါသထွက်စရာ ဆိုပေမယ့် သူက စိတ်ဝိဥာဥ်အစွမ်း ပါရမီရှင်တစ်ယောက်လေ ။ ကျွန်မတို့ အဲ့လိုလူမျိုးနဲ့ မိတ်ဆွေပဲ လုပ်ထားသင့်တာ "

စာစဉ်ပြီး၏

All Chapters