← Chapters

အပြာရောင် နဂါးအစွမ်း

Vol. 23 Ch. 309

အပြာရောင် နဂါးအစွမ်း

Vol. 23 Ch. 309

" နဂါးအစွမ်းအဆင့် ပါရမီရှင် .. ဟုတ်လား "

တစ်ခါမှ မကြားဖူးသည့် စကားကြောင့် နျိုထျဲ့ချူ အံ့အားသင့်သွားသည်။

ရှယန်ယွိက အပြုံးဖြင့် ပြန်ပြော၏။

" ဟုတ်တယ် ၊ ငါက လျှို့ဝှက်နဂါးကျောက်ပြားရဲ့ အသိအမှတ်ပြုတာကို ခံခဲ့ရတာလေ။ ဒါ နဂါးအစွမ်းအဆင့် ပါရမီရှင်ပဲပေါ့ "

နျိုထျဲ့ချူက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

" အဲ့လို ဘာမဟုတ်တဲ့ကိစ္စလေးကို ရေးကြီးခွင်ကျယ် လုပ်ပြီး ကြွားနေဖို့ လိုလို့လား "

ရှယန်ယွိက လက်နှစ်ဖက် နောက်ပစ်ကာ အပြုံးဖြင့် ပြော၏။

" ဘာမဟုတ်တဲ့ ကိစ္စလေးဟုတ်လား .. ဒီအဆင့်က မင်းတစ်သက်လုံး ကြိုးစားရင်တောင် ဘယ်တော့မှ မရမယ့် အဆင့်ကွ ။ ငါ ပြောတာမယုံရင် မင်းရဲ့ သခင်ကို လျှို့ဝှက်နဂါးကျောက်ပြားရဲ့ အသိအမှတ်ပြုတာ ခံရအောင်ပဲ အရင်လုပ်ခိုင်းလိုက်ပါဦး "

" ဒါမှမဟုတ်ရင်လဲ မင်းကိုယ်တိုင်သွားလေ ။ မင်းနဲ့ ငါနဲ့ကြားက ကွာဟချက်က ဘယ်လောက်ကြီးတယ်ဆိုတာ ကြည့်ကြတာပေါ့ "

" ဒါပေမယ့် .. မင်း ငါ့ကို ကျော်နိုင်မှာတော့ မဟုတ်ဘူးကွ ။ မင်းက ယောင်ချီညီလာခံ ဖိတ်စာတောင် ရဖို့ မထိုက်တန်ဘူးလို့ပဲ ငါ ထင်တယ် "

သူက ထိုသို့ပြောကာ လောထျန်းအား လှောင်ပြုံးဖြင့် ကြည့်လိုက်ပြန်သည်။

လောထျန်းမှာမူ ထိုအချိန်တွင် ပြောစရာ စကားမဲ့ကာ ဆွံ့အနေတော့၏။

အကယ်၍ ချင်းလုံကျွန်း ပြိုကျသွားမည်ကိုသာ စိုးရိမ်စရာ မလိုပါက ပါရမီရှင် နှစ်ယောက်အတွဲ ဖြစ်ကြသည့် ရှယန်ယွိနှင့် ရှန့်မင် တို့အား သူ အသေရိုက်သတ်ခဲ့သည်မှာ ကြာနေလောက်လေပြီ။

သို့သော် ..ယခုတွင်မူ သူ မည်သို့မှ မတတ်နိုင်ပါချေ။

တဖက်မှ နျိုထျဲ့ချူမှာ ရှယန်ယွိစကားကြောင့် အလွန်ဒေါသထွက်သွားသည်။

" ဟားဟား .. ဘာမဟုတ်တဲ့ ခဲရောင်နဂါးအစွမ်းလောက်လေးနဲ့ မောက်မာနေတာ ကြည့်ပါဦး ။ မင်းက ယှဥ်ပြိုင်ချင်တယ်ပေါ့လေ ..ဟုတ်လား ။ မင်းယှဥ်ချင်ရင် ငါ့အကိုကြီးနဲ့တောင် ယှဥ်စရာ မလိုဘူး ။ ငါတို့ သုံးယောက်တည်းနဲ့ မင်းကို ဖိချေပစ်လိုက်လို့ ရတယ် "

သူမ ဒေါသတကြီး ပြန်ပြောလိုက်သည်။

" မင်းနဲ့ ..ဟုတ်လား ၊ မင်းက ငါနဲ့ ယှဥ်ရအောင် တန်လို့လား "

ရှယန်ယွိက အထင်သေး ရွံရှာဟန်ဖြင့် ပြန်ပြော၏။

နျိုထျဲ့ချု နှာခေါင်းရှုံ့၍ အေးစက်စက် ပြန်ပြောလိုက်သည်။

" မင်းမယုံရင် စောင့်ကြည့်နေလိုက်ပါ "

သူမက ထိုသို့ ပြောပြီးသည်နှင့် အနောက်တွင် ရှိနေကြသည့် နျိုဝူဖုန်းနှင့် ဘုရင်ကျင်းဖန်ဘက် လှည့်ကြည့်ကာ ပြော၏။

" သွားကြစို့ "

" ကောင်းတယ်"

ထိုနှစ်ယောက်မှာလည်း အစောကတည်းက ဒေါသထွက်နေခဲ့ကြပြီး ဖြစ်သည့်အတွက် နျိုထျဲ့ချူ၏ စကားကို ကြားသည်နှင့် ချက်ချင်း ပျံသန်းလိုက်ကြသည်။

" မင်းက ဘာလို့ သုတို့ကို မတားလိုက်တာလဲ ။ သူတို့ ဘာမှ မရဘဲ ပြန်လာကြရင် မင်းအတွက် ရှက်စရာကြီး ဖြစ်သွားမှာနော် "

ရှယန်ယွိက လောထျန်းအား လှောင်ပြုံးဖြင့် ကြည့်ကာ ပြောလာ၏။

လောထျန်းက ရှယန်ယွိအား အေးစက်စက်အကြည့်ဖြင့် လှည့်ကြည့်ကာ ပြောလိုက်သည်။

" မင်းရဲ့ နံစော်ပုပ်ဟောင်နေတဲ့ ပါးစပ်ကြီးကို ပိတ်ထားစမ်းပါ ။ နံစော်နေတာပဲ "

ရှယန်ယွိ ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် ဒေါသတကြီး ပြောလာ၏။

" မင်း .. ဘာစကားပြောလိုက်တယ် "

လောထျန်းက သူ့ကို လှည့်ကြည့်ကာ အေးစက်စက် ပြန်ပြောသည်။

" ငါက မင်းပါးစပ်ထဲမှာပဲ ချီး ရှိတယ် ထင်နေတာ ။ တကယ်တော့ မင်း နားထဲမှာပါ ချီးတွေနဲ့ ပိတ်နေတာပဲ။ ဒါလေးတောင် ရှင်းရှင်းလင်းလင်း မကြားလိုက်ဘူးလား "

" မင်း ... "

ရှယန်ယွိ၏ ကိုယ်မှ အရောင်အဝါက ဝုန်းခနဲ အသံတစ်သံနှင့်အတူ ပေါက်ကွဲထွက်လာ၏။

" ကောင်လေး .. မင်း သေချင်နေပြီထင်တယ် "

သူ ဒေါသတကြီး ပြောလိုက်သည်။

ထိုအခြင်းအရာကို  မြင်သောအခါ ရွှေယွဲ့ချီ ချက်ချင်း မျက်မှောင်ကြုံ့သွား၏။

ရှယန်ယွိနှင့် လောထျန်းတို့ အချင်းများနေကြစဥ် သူမ စကားဝင်မပြောခဲ့ရခြင်း အကြောင်းရင်းမှာ  လောထျန်းက လျှို့ဝှက်နဂါးကျောက်ပြား၌ စမ်းသပ်လျှင် မည်သို့သော ရလဒ် ရလာမည်ကို သူမ သိလို၍ ဖြစ်ပါသည်။

သို့သော် .. ထိုနှစ်ယောက်ကသာ သူမကြောင့် ဤနေရာတွင် အမှန်တကယ် တိုက်ခိုက်ကြပါက ... မည်သူ နိုင်နိုင် ရှုံးရှုံး ၊ သူတို့ ယောင်ချီဂိုဏ်း၏ ဂုဏ်သတင်းအတွက် မကောင်းပါချေ။

ထိုသို့တွေးကာ သူမ ချက်ချင်း ဝင်ပြော၏။

" သခင်လေး ရှ ၊ ဒီနေရာက ချင်းလုံ ကျွန်းနော် ။ ကျွန်မတို့ မြင့်မြတ်နယ်မြေတွေကြားမှာ ထားထားတဲ့ သဘောတူညီချက်ကို မမေ့ပါနဲ့ ။  ဒီနေရာမှာ ဘာအကြောင်းကြောင့်နဲ့မှ တိုက်ခိုက်လို့ မဖြစ်ဘူး ၊ တကယ်လို့ တိုက်ခိုက်ချင်တယ်ဆိုရင် နဂါးသင်္ချိုင်းမြေ ဖွင့်တဲ့အထိ စောင့်ပါ "

သူမစကားကို ကြားသည်နှင့် အစောက ဒေါသူပုန် ထနေခဲ့သည့် ရှယန်ယွိက သူ့အရောင်အဝါကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။

" တောင်းပန်ပါတယ် နတ်ဘုရားမလေး ၊ ကျုပ် ရိုင်းပျသလို ဖြစ်သွားခဲ့ပါတယ် "

သူ ထို့သို့ပြောကာ လောထျန်းအား အေးစက်စက် လှည့်ကြည့်သည်။

" ကောင်လေး၊ မင်း ကံကောင်းသွားတယ်မှတ်ပါ ။ ဒါပေမယ့် .. နဂါးသင်္ချိုင်းမြေ ဖွင့်သွားရင်တော့ မင်းကို နောင်တ ဆိုတာ ဘယ်လိုဟာလဲ သိအောင် ပြပေးမယ် "

" ကိစ္စမရှိဘူး "

လောထျန်းက အေးအေးဆေးဆေးပင် ပြန်ပြော၏။

ထိုနှစ်ယောက်၏ ရန်ပွဲက သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသဖြင့် နံဘေးမှ ရှန့်မင် စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်သည်။

သူ ရှယန်ယွိအား အသုံးချပြီး လောထျန်း၏ အစွမ်း မည်မျှရှိသည်ကို စမ်းသပ်ရန် တွေးထားခဲ့သည် မဟုတ်ပါလား။

ထိုစဥ် လျှို့ဝှက်နဂါးကျောက်ပြားရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် စမ်းသပ်လာကြသည်မှာ လူ ဆယ်ယောက်ကျော်ခန့် ရှိလာပြီဖြစ်သည်။

သို့သော် .. ထိုလူများထဲတွင် ကျောက်ပြားမှ နဂါးအစွမ်းကို အနည်းငယ်လေးပင် လှုပ်နှိုးနိုင်သူ တစ်ယောက်မှ မပါဝင်ပါ။

ထိုမြင်ကွင်းကို ကြည့်နေသော ရှယန်ယွိ၏ မျက်နှာထားက ပိုပို၍ ဂုဏ်ယူနေဟန် ရှိ၏။

နောက်ဆုံးတွင်မူ .. နျိုထျဲ့ချူတို့ သုံးယောက်အလှည့် ရောက်လာသည်။

" ဟား ဟား .. နောက်ဆုံးတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲနေတဲ့ ဟို သားရဲ သုံးကောင်အလှည့် ရောက်လာပြီ ။ နတ်ဘုရးမလေး ၊ အဲ့လို ဘာမဟုတ်တဲ့ ကောင်တွေနဲ့ ကျုပ်လို ပါရမီရှင် အစစ်တစ်ယောက်ကြားက ကွာဟချက်က ဘယ်လောက်ကြီးတယ် ဆိုတာကို သေချာကြည့်ထားနော် "

ရှယန်ယွိ၏ မျက်နှာထက်မှ အပြုံးက ပိုပို၍ ကြီးလာ၏။

သူ့စိတ်ထဲတွင်လည်း နျိုထျဲ့ချူတို့ သုံးယောက်က သူ့ကို ယှဥ်နိုင်စရာအကြောင်း လုံးဝ မရှိဟုသာ ထင်နေသည်။

ထိုစဥ် လျှို့ဝှက်နဂါး ကျောက်ပြားရှေ့၌ ..

" မင်းတို့နှစ်ယောက် ခဏစောင့်နေခဲ့ဦး ၊ ငါ အရင် သွားလိုက်မယ် "

ဘုရင်ကျင်းဖန်က နျိုထျဲ့ချုတို့ သားအမိကို ကြည့်ကာ ပြောလိုက်သည်။

" ကောင်းပြီလေ ၊ ဒါဆို မင်းနဲ့ပဲ စလိုက်ကြတာပေါ့ "

နျိုထျဲ့ချူက ခေါင်း အသာညိတ်လိုက်သည်။

ဘုရင်ကျင်းဖန်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ လျှို့ဝှက်နဂါး ကျောက်ပြားဆီသို့ လျှောက်သွား၏။

သူသည် နတ်ဘုရားသွေးပါသည့် သားရဲတစ်ကောင် ဖြစ်သည့်တိုင် အစစ်အမှန် နဂါးအစွမ်းနှင့် ရင်ဆိုင်ရမည် ဖြစ်သဖြင့် အနည်းငယ် စိုးရိမ်နေသည်မှာ အမှန်ပင်။

ထို့နောက်တွင်မူ သူ ကျောက်ပြားပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။

" ဟားဟား .. ဒီကောင်က ငါ့လို ပါရမီရှင်တစ်ယောက်နဲ့ ယှဥ်နိုင်မယ်လို့ သူ့ကိုယ်သူ ထင်နေသေးတယ် ။ အခု ဘယ်လိုအရှက်ကွဲမလဲ ဆိုတာ သေချာကြီးကို ကြည့်လိုက်ဦးမယ် "

ရှယန်ယွိက အပြုံးဖြင့် ပြောလိုက်သည်။

ခဏအကြာတွင်မူ .. သူ့ မျက်နှာပေါ်မှ အပြုံးက ရုတ်ချည်း ပျောက်ကွယ်သွားတော့၏။

ထိုစဥ် .. အချိန်အတန်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် လျှို့ဝှက်ကျောက်ပြားမှ အလင်းတန်းတစ်ခု တိုးထွက်လာသည်။

ထို့နောက်တွင်မူ နဂါးအစွမ်း စတင်စီးဆင်းလာသည်။

" ဟင် .. ဒီကောင်က ငါ့လို ပါရမီမျိုး ရှိနေတယ် ... '

ရှယန်ယွိ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွား၏။

သို့သော် .. ထိုအချိန်မှာပင် ကျောက်ပြားပေါ်၌ စိတ်စွမ်းအင် အလင်းတန်းတစ်ခု ထပ်မံ လင်းလက်လာပြီး နဂါးအစွမ်းများ ရုတ်တရက် တိုးသွားသည်။

" ဟင် .. ဒါ ခဲရောင်နဂါးအစွမ်းမဟုတ်ဘဲ .. အစိမ်းရောင် နဂါးအစွမ်းပါလား "

" ဘုရားရေ .. အဲ့ကောင်ကြီးက အစိမ်းရောင် နဂါးအစွမ်းကို တကယ်ကြီး လှုပ်နှိုးလိုက်နိုင်တယ် ။ ဒါ .. ပြီးခဲ့တဲ့ သုံးရက်အတွင်းမှာ အကောင်းဆုံး ရလဒ် မဟုတ်လား "

" သူက .. နတ်ဆိုးသားရဲတစ်ကာင်လား .. သူက ဘယ်ကလဲ ၊ ဘာလို့ အဲ့လောက် အစွမ်းထက်နေရတာလဲ "

ထိုအချိန် လျှို့ဝှက်နဂါးကျောက်ပြားရှေ့တွင် ရှိနေသူများအားလုံး အလွန်စိတ်လှုပ်ရှားနေကြ၏။

ရှယန်ယွိတစ်ယောက်မှာမူ မျက်နှာကြီးပျက်၍ ရှုံ့မဲ့နေသည်။

သို့သော် .. ထိုမျှနှင့် မပြီးသေးပါချေ ...

ရုတ်တရက် ..လျှို့ဝှက်နဂါး ကျောက်ပြားပေါ်တွင် စိတ်စွမ်းအင် အလင်းတန်းတစ်ခု ထပ်မံလင်းလက်လာပြီး ..

နဂါးအစွမ်း၏ အရောင်က ထပ်ပြောင်းသွားပြန်၏။

" အပြာရောင် နဂါးအစွမ်းပါလား .. အပြာရောင်နဂါးအစွမ်းဟေ့ .. "

" ဒီလိုအဆင့်ရှိတဲ့ နဂါးအစွမ်းကို ငါ အခုမှ ပထမဆုံး မြင်ဖူးတာပဲ "

" ငါကတော့ အဲ့လိုအရောင်နဲ့ နဂါးအစွမ်းကို နည်းနည်း မြင်ဖူးတယ် ။ ဒါပေမယ့် ငါ မြင်ဖူးသမျှ သူတွေတိုင်းက တကယ့် နာမည်ကျော် အစွမ်းထက် ကျင့်ကြံသူတွေကွ ။ အခု ဒီကောင်ကြီးကို အရင်က ဘာလို့ တစ်ခါမှ မမြင်ဖူးရတာလဲ ။ သူက နတ်ဆိုးမျိုးနွယ်က နတ်ဘုရားသားတော် တစ်ယာက်လား "

ထိုတခဏတွင် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်နေတော့သည်။

ထိုစဥ် လျှို့ဝှက်နဂါးကျောက်ပြားမှ စိတ်စွမ်းအင် အလင်းတန်းအချို့ အကြိမ်အနည်းငယ် ထပ်မံလင်းလက်လာကာ နောက်ဆုံး အလင်းတန်း ပြန်ငြိမ်သွားတော့သည်။

ထိုအချိန်မှသာ ဘုရင်ကျင်းဖန် မျက်လုံးများ ပြန်ဖွင့်လိုက်သည်။ သူ့ မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားမှု အပြည့်ရှိနေ၏။

" ဘယ်လိုလဲ ၊ မင်း ဘာတွေ ရခဲ့လဲ '

သူ့အနောက်မှ နျိုထျဲ့ချူက မေးလိုက်သည်။

" နဂါးမျိုးနွယ်ရဲ့ သိုင်းပညာရပ်တစ်ခုဖြစ်တဲ့ အပြာရောင် နဂါးအချုပ်အနှောင်ကို ရခဲ့တယ်ကွ ။ အဲ့ဒီ သိုင်းပညာက ငါ့ရဲ့ ကျင့်ကြံခြင်းနဲ့ အင်မတန် လိုက်ဖက်ညီပြီးတော့ အရမ်းလဲ အစွမ်းထက်တယ် "

ဘုရင်ကျင်းဖန်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။

ထိုသိုင်းပညာရပ်ကိုသာ လေ့လာပြီးသွားပါက သူ့အစွမ်း သေချာပေါက် တိုးလာမည်မှာ ယုံမှားဖွယ် မရှိပါချေ။

" ဟုတ်ပြီ ၊ ဒါဆို အခု ငါ့အလှည့် "

ထို့နောက်တွင်မူ နျိုဝူဖုန်းက ရှေ့တိုးလာပြီး လျှို့ဝှက်နဂါးကျောက်ပြားပေါ်တွင် လက်တင်လိုက်၏။

ဝီ ..

ကျောက်ပြားပေါ်၌ စိတ်စွမ်းအင်အလင်းတန်း ချက်ချင်း လင်းလက်လာပြန်သည်။

နဂါးအစွမ်းများလည်း စီးဆင်းလာကာ နောက်ဆုံး အပြာရောင်တွင် ရပ်တန့်သွား၏။

" အင် .. ငါက မင်းထက် ပိုသာမယ် ထင်နေတာ ။ အခုတော့ ရလဒ်က အတူတူပါပဲလား "

နျိုဝူဖုန်းက သူ့ရလဒ်သူ ပြန်ကြည့်ရင်း အနည်းငယ် စိတ်ပျက်နေဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။

ထိုအချိန် ချင်းလုံကျွန်း တစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေလေပြီ ။

" ဘယ်လို .. နောက်ထပ် အပြာရောင် နဂါးအစွမ်းတစ်ခုပါလား ။ ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ။ အပြာရောင် နဂါးအစွမ်းက နှစ်ခုဆက်တိုက်တောင် ပေါ်လာတာ "

" ဒါတင် ဘယ်ကမလဲ ..  နှစ်ယာက်လုံးကလဲ နတ်ဆိုးမျိုးနွယ်စုကတွေ ။ ဒီ နတ်ဆိုးမျိုးနွယ်တွေက ဘာလို့ အဲ့လောက် အစွမ်းထက်နေကြတာလဲ "

ထိုအချိန် ရှယန်ယွိ၏ မျက်နှာကြီးမှာ အရုပ်ဆိုးသထက် ပိုဆိုးနေခဲ့လေပြီ ။

ရှန့်မင်မှာလည်း ဘုရင်ကျင်းဖန်နှင့် နျိုဝူဖုန်းတို့အား မီးဝင်းဝင်းတောက်နေသည့် မျက်လုံးအစုံဖြင့် ကြည့်နေ၏။ သူ မည်သို့ တွေးနေသည်ကိုမူ မည်သူမှ မသိကြပါချေ။

ရေကဲ့သို့ အမြဲတည်ငြိမ်နေခဲ့သော ယောင်ချီဂိုဏ်း၏ နတ်ဘုရားမ ရွှေယွဲ့ချီသည်ပင် ထိုအချိန်၌ အနည်းငယ် စိတ်လှုပ်ရှားနေဟန် ရှိ၏။

ပြီးခဲ့သည့်တစ်ခေါက် .. လျှို့ဝှက်နဂါးကျောက်ပြား ပေါ်လာခဲ့စဥ်တွင်ပင် .. သူမ အပြာရောင်နဂါးအစွမ်းကိုသာ ရခဲ့ပါသည်။

ယခု .. ထိုသားရဲနှစ်ကောင်က သူမနှင့် အဆင့်တူ ပါရမီရှင်များတဲ့လား ။

ထိုအချိန်မှာပင် ..

" ကဲ .. မင်းတို့ နှစ်ယောက် ဖယ်တော့ ၊ ငါ့အလှည့်ရောက်ပြီ "

နျိုထျဲ့ချူက ဘုရင်ကျင်းဖန်တို့ နှစ်ယောက်ကို တွန်းဖယ်ကာ လျှို့ဝှက်နဂါးကျောက်ပြားရှေ့သို့ ရောက်လာသည်။

All Chapters