← Chapters

အရူးတွေ များလှချည်လား

Vol. 23 Ch. 310

အရူးတွေ များလှချည်လား

Vol. 23 Ch. 310

နျိုထျဲ့ချုက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ကျောက်ပြားပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။

ဝီ ...

လျှို့ဝှက်နဂါး ကျောက်ပြားပေါ်၌ စိတ်စွမ်းအင်အလင်းတန်းတစ်ခု ရုတ်ချည်း လင်းလက်လာပြန်၏။

" ဟင် .. နောက်တစ်ယောက်လဲ လာပြန်ပြီ .. မဖြစ်နိုင်တာ "

" ချီး .. သုံးယောက်ဆက်တိုက်တောင်ပါလား .. ၊ သူကရော ကျောက်ပြားရဲ့ အသိအမှတ် ပြုတာကို ခံရပြန်ပြီလား "

" ဒီတစ်ခေါက် ရလဒ်က ဘယ်လိုလာမလဲ မသိဘူး  "

အားလုံးမှာ အံ့အားသင့်နေသည့် မျက်လုံးများဖြင့် တစ်ခုခု လွတ်သွားမည်ကို စိုးသည့်အလား လျှို့ဝှက်နဂါး ကျောက်ပြားကိုသာ စူးစိုက်ကြည့်နေကြသည်။

ထိုအချိန်မှာပင် ကျောက်ပြားထဲမှ နဂါးစွမ်းအင်တိုးထွက်လာ၏။

ခဲရောင် ... ပြီးနောက် .. အစိမ်းရောင် .. ပြီးနောက် .. အပြာရောင် ..

ထိုမြင်ကွင်းကို ကြည့်ကာ အားလုံး အံ့သြမှင်သက်နေကြသည်။

" အပြာရောင် နဂါးစွမ်းအင်ပဲ ထပ်လာပြန်ပြီ .. အပြာရောင် နဂါးအစွမ်းကို ရဖို့ အဲ့လောက် လွယ်နေတာလားကွာ .. "

" စိတ်တိုလိုက်တာကွာ ။ငါ့မှာတော့ အကောင်းဆုံး ကြိုးစားခဲ့ရဲ့သားနဲ့ ခဲရောင်နဂါးအစွမ်းလေးတောင် မရခဲ့ဘူး။ ဒါပေမယ့် ဒီကောင်တွေက .."

သူတို့ အားလုံး စိတ်ပျက်လက်ပျက်လည်း ဖြစ်သွားကြ၏။

သို့သော် .. ထိုမျှနဲ့ ပြီးမသွားသေးပါချေ။

ဝုန်း ..

လျှို့ဝှက်နဂါး ကျောက်ပြးမှ အစွမ်းထက် အရောင်အဝါတစ်ခု ထပ်ထွက်လာပြီး ..

အပြာရောင် နဂါးအစွမ်းက အစွမ်းတိုးလာကာ ခရမ်းရောင်အဖြစ် ပြောင်းသွားတော့သည်။

" ဘယ်လို .. "

၎င်းကို မြင်လိုက်ရသူများအားလုံး ​အံ့သြတုန်လှုပ်သွားကုန်ကြသည်။

ခရမ်းရောင် နဂါးအစွမ်း .. ဆိုသည်မှာ နျိုဝူဖုန်းနှင့် ဘုရင်ကျင်းဖန်တို့ ရထားသည့် အပြာရောင် နဂါးအစွမ်းထက် ပိုအစွမ်းထက်သည်ဟု အဓိပ္ပါယ်ရပါသည်။

" ခရမ်းရောင် နဂါးအစွမ်းပါလား .. ဒါ .. ပါရမီရှင်လို့ ပြောလို့ မရတော့ဘူး ၊ ဘီလူးလို့ပဲ ခေါ်သင့်နေပြီ .. "

" ငါ မှတ်မိသလောက် ပြောရရင်တော့ ကျုံ့ကျိုး မြင့်မြတ်နယ်မြေက နတ်ဘုရား သားတော်တွေ ၊ နတ်ဘုရားမတွေ ကြားထဲမှာတောင် ခရမ်းရောင် နဂါးအစွမ်းကို လှုပ်နှိုးနိုင်တဲ့သူ နည်းနည်းလေးပဲ ရှိတာ "

" နတ်ဘုရားသားတော်တွေ သမီးတော်တွေ မပြောနဲ့ ၊ တချို့ မြင့်မြတ်နယ်မြေတွေရဲ့ နတ်ဘုရားသခင်ကြီး တစ်ဝက်လောက်တောင် ဒီလို ခရမ်းရောင်နဂါးအစွမ်းကို မလှုပ်နှိုးနိုင်ကြဘူး။  ကမ္ဘာပေါ်က မသေမျိုးတွေကတော့ ဘယ်လိုအစွမ်းမျိုး လှုပ်နှိုးနိုင်ကြလဲ မသိ .. "

" အဲ့ဒါကတော့ စကားထဲကို ထည့်ပြောနေစရာ မလိုပါဘူးကွာ .ငါသိသလောက်တော့. ကမ္ဘာပေါ်က မသေမျိုး အားလုံးနီးပါးက ရွှေရောင်နဂါးအစွမ်းကို လှုပ်နှိုးနိုင်ကြတာချည်းပဲ "

" အမှန်ပဲ ၊ ဒါပေမယ့် အခု ဒီကောင်ကြီး ခရမ်းရောင် နဂါးအစွမ်းကို လှုပ်နှိုးနိုင်တာကတောင် တော်တော်ကြောက်စရာ ကောင်းနေပြီ။ သူက ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်မလာနိုင်ရင်တောင် .. မသေမျိုးတစ်ယောက်က သူ့ကိုယ်ကို မသေမျိုးအစွမ်းတွေ ဖြည့်ပေးလိုက်တာနဲ့ မသေမျိုးအဆင့်ကို လွယ်လွယ်ရောက်သွားနိုင်တယ် "

အားလုံးက သူတို့ထင်ရာကို ပြောဆိုလိုက်ကြသည်။

ထိုစဥ် လောထျန်းအနီးတွင် ရပ်နေသည့် ရှယန်ယွိ၏ မျက်နှာကြီးကမူ ပိုပို၍ ရုပ်ဆိုးလာ၏။

အပြာရောင် နဂါးအစွမ်း နှစ်ခုသည်ပင် လွန်နေခဲ့ပြီ ဖြစ်ပြီး ..

ယခု ခရမ်းရောင် နဂါးအစွမ်းပါ ထပ်ထွက်လာသတဲ့လား ။

ခဲရောင် နဂါးအစွမ်းကိုသာ လှုပ်နှိုးနိုင်ခဲ့သော သူ၏ မောက်မာခဲ့ပုံများကိုလည်း ပြန်တွေးမိကာ .. မြေကြီးထဲ တွင်းတူးပြီး ပုန်းနေချင်စိတ်ပင် ပေါက်နေတော့သည်။

သူ့ဘေးနားမှ ရွှေယွဲ့ချီမှာလည်း အလွန်အံ့အားသင့်နေဟန် တူ၏။

လောထျန်းနှင့်အတူ ပါလာကြသည့် နတ်ဘုရားသားရဲ သုံးကောင်ကို သူမ အစောတည်းကပင် သတိထားမိပြီး ဖြစ်ပါသည်။

ပုံမှန်ဆိုလျှင် .. နတ်ဘုရားသားရဲများသည် အပြင်ကမ္ဘာ၌  အလွန်ရှားပါးသော သားရဲများ ဖြစ်၏။

သို့သော် မြင့်မြတ်နယ်မြေတစ်ခုဖြစ်သည့် သူမတို့ ယောင်ချီဂိုဏ်းတွင်မူ နတ်ဘုရားသားရဲများက နေရာအနှံ့ဖြစ်နေသဖြင့် ရှားပါးစာရင်းဝင် မဟုတ်ပါချေ။

ထို့ကြောင့် သူမ ထွေထွေထူထူး မတွေးမိခဲ့ခြင်းဖြစ်သည်။

သို့သော် ..ယခု ထိုသားရဲ သုံးယောက်၏ ရလဒ်များကို တွေ့ပြီးနောက်တွင်မူ သူမ အံ့သြတုန်လှုပ်သွားခဲ့ရ၏။

သူမတို့ ယောင်ချီတွင်ပင် လွန်ခဲ့သော နှစ်များအတွင်း အပြာရောင်နဂါးအစွမ်းကို လှုပ်နှိုးနိုင်သည့် နတ်ဘုရားသားရဲ အနည်းငယ်မျှသာ ရှိခဲ့ပါသည်။

ထိုသားရဲများကလည်း နောက်ပိုင်းတွင် အလွန်အစွမ်းထက်သူများ ဖြစ်လာခဲ့ကြ၏။

သို့သော် .. ခရမ်းရောင် နဂါးအစွမ်းအား လှုပ်နှိုးနိုင်သည့် သားရဲကမူ လုံးဝ မရှိခဲ့ပါ။

တစ်နည်းအားဖြင့် ဆိုရသော် .. နျိုထျဲ့ချူက သူမတို့ ယောင်ချီမှ နတ်ဘုရားသားရဲများ အားလုံးထက် ပိုအစွမ်းထက်သည်ဟု ပြောရပါမည်လား ။

ရွှေယွဲ့ချီက လောထျန်းဘက် လှည့်ကာ သူ့မျက်နှာထား အပြောင်းအလဲ ရှိ မရှိိကို ကြည့်လိုက်သည်။

သို့သော် .. လောထျန်းကမူ ထိုအချိန်တွင် တဝါးဝါးသန်းဝေ၍ နှာခေါင်းပင် နှိုက်နေပါသေး၏။

၎င်းကို ကြည့်ခြင်းဖြင့်ပင်  လောထျန်းက ထိုအရာများကို သိပ်ဂရုမစိုက်လှကြောင်း သိသာနေပါသည်။

ထိုစဥ် နျိုထျဲ့ချူက ကျောက်ပြားပေါ်သို့ အစွမ်းများ ထပ်မံထုတ်လွှတ်လိုက်သေးသာ်လည်း ကျောက်ပြားပေါ်မှ နဂါးအစွမ်းက အပြောင်းအလဲ မရှိတော့ပါချေ။

သူမ စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်ဖြင့် ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။

" ငါက ရွှေရောင်နဂါးအစွမ်းကို လှုပ်နှိုးနိုင်မယ်တောင် ထင်နေခဲ့တာ ၊ မရပါလား .. "

သူမ ဖြစ်ပျက်သွားသည့် ပုံကို မြင်လိုက်ရသော အနီးနားမှ လူများ ဆွံ့အကုန်ကြ၏။

ဤမျှ ရထားသည်အထိ မကျေနပ်သေးဘူးတဲ့လား  .

" အမေ ၊ ဘယ်လိုဆုမျိုး ရခဲ့လဲဗျ "

နျိုဝူဖုန်းက မေးလိုက်သည်။

ခရမ်းရောင် နဂါအစွမ်းက သူ ရထားသည့် အပြာရောင်ထက် များစွာပိုအစွမ်းထက်ပေရာ သူသိချင်နေသည်မှာ မဆန်းပေ။

" နဂါးမျိုးနွယ်ရဲ့ မှော်အစွမ်း "

နျိုထျဲ့ချူက ပြန်ဖြေလိုက်သည်။

" နဂါးမျိုးနွယ်ရဲ့ မှော်အစွမ်း .. ဟုတ်လား "

နျိုဝူဖုန်းနှင့် ဘုရင်ကျင်းဖန်တို့ အံ့အားသင့်သွားကာ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။

နဂါးမျိုးနွယ်၏ မှော်အစွမ်းကို ရခြင်း အဓိပ္ပါယ်ကို သားရဲများဖြစ်သည့် သူတို့ ကောင်းကောင်းကြီး သိထားပါသည်။

ဤတစ်ကြိမ် နျိုထျဲ့ချူ ပွပေါက်ကြီး တိုးသွားလေပြီ ။

" အရင်ဆုံး ပြန်သွားရအောင် "

နျိုထျဲ့ချူက ပြောလိုက်သည်။

ကျန်သားရဲနှစ်ယောက်ကလည်း ခေါင်းညိတ်ပြပြီး ထွက်ခွာရန် ပြင်လိုက်ကြ၏။

သို့သော် .. ထိုအချိန်တွင် ..

" ခဏ .. ကျေးဇူးပြုပြီး ခဏနေပါဦး "

အသံတစ်သံ ထွက်ပေါ်လာပြီး နျိုထျဲ့ချုတို့ရှေ့တွင် လူတစ်ယောက် ဆင်းသက်လာသည်။

ထိုလူ၏ ကိုယ်ထဲတွင် ဓားအစွမ်းများ စီးဆင်းနေကာ ဝေးဝေးမှ ကြည့်နေသူများပင် ထိုအစွမ်းကို ခံစားမိပြီး ပါးများ နာကျင်ရုံမက ကျောရိုးထဲထိတိုင် အအေးဓာတ်ကို ခံစားလိုက်ကြရ၏။

နျိုထျဲ့ချူက ထိုလူကို ကြည့်ကာ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

" မင်းက ဘယ်သူလဲ ၊ ဘာဖြစ်လို့ ငါတို့ကို တားနေရတာလဲ "

ထိုလူက နျိုထျဲ့ချူအား မော့ကြည့်ပြး ခေါင်းတစ်ချက်ညိတ်၏။

" အင်း .. တော်တော်အစွမ်းထက်တာပဲ "

ထို့နောက် သူက ခေါင်းမော့ရင်ကော့၍ ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်။

" ခုနက မင်းတို့လုပ်လိုက်တာကို ငါ တွေ့ခဲ့တယ် ။  ငါ တော်တော် သဘောကျတယ်ကွ ၊ အဲ့တော့ ငါ့ရဲ့ တိုက်ပွဲဝင်သားရဲ လုပ်ကြပါ "

" ဟင် ... "

ကြားလိုက်ရသည့် စကားကြောင့် နျိုထျဲ့ချုတို့ သုံးယောက်လုံး အံ့သြမှင်သက်သွားကြသည်။

ထိုလူက ဘာမိတ်ဆက်စကားမှပင် မဆိုပဲ .. သူတို့ကို သူ့ တိုက်ပွဲဝင်သားရဲများ လုပ်ခိုင်းနေသတဲ့လား ။

ထိုလူက ဦးနှောက်ပင် ကောင်းပါသေးရဲ့လား။

" မင်းကိုယ်မင်း ဘာထင်နေတာလဲ "

နျိုထျဲ့ချူက ဒေါသတကြီး ပြောလိုက်သည်။

ထိုလူက အပြုံးဖြင့် ​ပြန်ပြော၏။

" ငါ့နာမည်က ချုကျန့် လို့ခေါ်တယ် ။ ကျုံ့ကျိုးက မြင့်မြတ်နယ်မြေ တစ်ခုဖြစ်တဲ့ ကျန့်ဟွမ်တောင်ရဲ့ နတ်ဘုရားသားတော် တစ်ယောက်ပဲ "

ထိုကားကို ကြားသောအခါ နျိုထျဲ့ချူတို့ သုံးယောက်က မည်သို့မှ မနေသော်လည်း သူတို့အနီးတဝိုက်တွင် ရှိနေသူများ အားလုံးကမူ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

" ဟင် .. သူက ကျန့်ယွမ်တောင်ရဲ့ အထူးခြား အလျှို့ဝှက်ဆုံး နတ်ဘုရားသားတော် မဟုတ်လား "

" ကျန့်ဟွမ်တောင်က ကျုံ့ကျိုးမှာ မြင့်မြတ်နယ်မြေတစ်ခု စာရင်းဝင်တာ တော်တော်ကြာခဲ့ပြီ ။ ပြီးတော့ သူတို့ရဲ့ လက်ရှိ နတ်ဘုရားသားတော်ကလဲ ဒီ ပြီးခဲ့တဲ့ နှစ်တစ်ထောင်အတွင်းမှာ အစွမ်းအထက်ဆုံးလို့ ပြောတယ်။ ဒါပေမယ့် အဲ့နတ်ဘုရားသားတော်က ကျန့်ဟွမ်တောင်မှာပဲ နေပြီး အပြင်ကို လုံးဝ မထွက်တော့ သူ့နာမည်ကိုပဲ ကြားဖူးပြီး လူကိုတစ်ခါမှ မမြင်ဖူးသေးဘူး ။ အခု သူက နဂါးသင်္ချိုင်းမြေကို ရောက်လာတယ်ပေါ့ ... "

" ကျန့်ဟွမ်တောင်ရဲ့ နတ်ဘုရားသားတော် ... ဟို ကမ္ဘာပေါ်က အစွမ်းအထက်ဆုံး လူငယ်လေးယောက်ထဲမှာ ပါတဲ့ ကျန့်ဟွမ် နတ်ဘုရားသားတော်လား "

အနီးနားမှ လူများ၏ ချီးကျူးစကားကို နားထောင်ပြီး နောက် ချူကျန့်က အပြုံးဖြင့် ဆိုသည်။

" အခု .. ငါ ဘယ်သူ ဆိုတာကိုလဲ သိသွားပြီဆိုတော့ ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုပြီး  ငါ့ရဲ့ တိုက်ပွဲဝင်သားရဲအဖြစ် လက်ခံမလား "

နျိုဝူဖုန်းက တစ်ခုခုပြောရင် ပြင်လိုက်စဥ်မှာပင် နျိုထျဲ့ချူက လက်ကာပြပြီး ဝင်ပြော၏။

" စိတ်မကောင်းပါဘူး ၊ ငါတို့မှာ သခင်ရှိထားပြီးသား "

" သူက ဘယ်သူလဲ ၊ ငါ သူနဲ့ သွားပြောလိုက်မယ် "

ချူကျန့်က မထူးခြားဟန်ဖြင့်သာ ပြန်ပြောလိုက်သည်။

နျိုထျဲ့ချု မျက်မှောင်ကြုံ့သွားပြီး လောထျန်းရှိသည့်ဘက်သို့ လှမ်းကြည့်လိုက်၏။

ချူကျန့်က ချက်ချင်း နားလည်သွားဟန်ဖြင့် လောထျန်းဆီသို့ ပျံသန်းရောက်ရှိလာသည်။

ထို့နောက် သူက လောထျန်းရှေ့ လေထဲတွင်ပင် ရပ်နေရင်း မေး၏။

" မင်းက ဟိုနတ်ဘုရားသားရဲ သုံးကောင်ရဲ့ သခင်လား "

လောထျန်းမှာ ထိုလူကို မသိသလို ဘာအတွက်ကြောင့် မေးနေမှန်းလည်း မသိသဖြင့် အံ့အားသင့်သွားသည်။ သို့သော် သူ ခေါင်းညိတ်၍သာ ပြန်ဖြေလိုက်၏။

" ဟုတ်တယ် "

ချူကျန့်က အပြုံးဖြင့် ဆက်ပြောသည်။

" ငါက ကျန့်ဟွမ်တောင်ရဲ့ နတ်ဘုရားသားတော်တစ်ယောက်ဖြစ်တဲ့ ချူကျန့် ပဲ။ ပွင့်ပွင့်လင်လင်းပဲ ပြောမယ်ကွာ ၊ ငါ မင်းရဲ့ နတ်ဘုရားသားရဲ သုံးကောင်ကို သဘောကျတယ် ။ အဲ့တော့ မင်းအနေနဲ့ အဲ့သားရဲ သုံးကောင်ကို ငါ့ဆီ လွှဲပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "

လောထျန်း အံ့သြမှင်သက်သွားရသည်။

ဘာတွေ ဖြစ်နေပါသနည်း။

ထိုလူက သူ့ သားရဲများကို လုရန် တည့်တိုးပင် လာပြောနေသတဲ့လား ။

ချင်းလုံကျွန်းပေါ်တွင် အရူးများ အဘယ့်ကြောင့် များနေရပါသနည်း။

" တခြားဘာမှ ပြောစရာ မရှိဘူးဆိုရက် ထွက်သွားလိုက်တော့ "

လောထျန်း မျက်နှာသေဖြင့်သာ ပြန်ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ..

အားလုံးက သူ့အား အံ့သြတုန်လှုပ်စွာ လှည့်ကြည့်လာကြ၏။

တဖက်လူက ချူကျန့် ဖြစ်ကြောင်း သိနေပါရက် လောထျန်းက ထိုသို့ ပြန်ပြောရဲသည်လား ။

" လောထျန်း ၊ မင်း က ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ ။ မင်းလိုကောင်ကများ နတ်ဘုရားသားတော် ချူကျန့်ကို အဲ့လို ပြန်ပြောရဲနေတယ်ပေါ့လေ ။ ခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်စမ်း "

ထိုစဥ် နံဘေးမှ ရှန့်ယန်ယွိ က လောထျန်းအား မျက်နှာထားတင်တင်းဖြင့် ကြည့်လာကာ အော်ပြောလိုက်သည်။

All Chapters