← Chapters

ကျိုးပဲ့နေသည့် နဂါးအမြုတေ

Vol. 23 Ch. 311

ကျိုးပဲ့နေသည့် နဂါးအမြုတေ

Vol. 23 Ch. 311

ရှယန်ယွိသည်  အစောကတည်းကလည်း လောထျန်းအား ပါရမီမပါဟု နှိမ်ချပြောဆိုကာ ရန်စကား ပြောခဲ့ပါသေး၏။

သို့သော် .. မျှော်လင့်မထားစွာပင် လောထျန်းလက်အောက်မှ နတ်ဘုရားသားရဲ သုံးယောက်က အလွန်အစွမ်းထက်နေခဲ့ကြသည်။

ထို သားရဲ တစ်ယောက်စီတိုင်းက သူ့ထက်များစွာ ပို၍ အစွမ်းထက်နေပါ၏။

သို့ဖြစ်ရာ အကယ်၍ လောထျန်းသာ  နောက်ပိုင်းတွင် ထိုသားရဲများကို သုံးပြီး သူ့ကို တိုက်ခိုက်လာခဲ့ပါက သူ့အတွက် ဒုက္ခများသွားနိုင်ပါသည်။

သို့သော် .. ယခု လောထျန်းက ချူကျန့်အား မလေးမစားပြောလာခဲ့သည်ဖြစ်ရာ .. သူတို့နှစ်ယောက်ကြားတွင် ပြဿနာဖြစ်သွားအောင် သွေးထိုးပြီး .. ချူကျန့်က လောထျန်းအား ဒေါသတကြီး သတ်ပစ်အောင် လုပ်၍ ရသွားလေပြီ ။ သို့ဆိုလျှင် သူလည်း မျက်နှာ မပျက်တော့ပေ။

" ဒူးထောက်ပြီး တောင်းပန်ရမယ်..ဟုတ်လား "

လောထျန်းက ရှယန်ယွိအား လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများကလည်း တဖြည်းဖြည်း အေးစက်လာကြ၏။

အကယ်၍သာ အခြားနေရာတွင် ဆိူပါက သူ ရှယန်ယွိအား ချက်ချင်း အသေရိုက်သတ်မိမည်ဖြစ်ပါသည်။

ရှယန်ယွိသည်  အစပိုင်းတွင် မျက်နှာထားတင်းတင်း ရှိနေသော်လည်း လောထျန်းအကြည့်ကို ခံရပြီးချိန်တွင်မူ ...  သူ ရုတ်တရက် ရေခဲဂူထဲ ရောက်သွားကာ အကြိမ်ပေါင်များစွာ အသတ်ခံနေရသကဲ့သို့ ခံစားလိုက်ရ၏။ သူ့ နဖူးတွင် ဇောချွေးများ ပြန်သွားပြီး စကားတစ်ခွန်းမှ ထပ်မဟရဲတော့ပါချေ။

တဖက်မှ ချူကျန့်ကမူ ထိုအရာများကို သတိထားမိဟန် မတူဘဲ လောထျန်းကို ကြည့်ကာ အပြုံးဖြင့် ပြောလာသည်။

" တောင်းပန်စရာ မလိုပါဘူးကွာ ။ ကြည့်ရတာ ဒီသားရဲတွေက မင်းအတွက် အင်မတန် အရေးကြီးတဲ့ပုံပဲ ၊ အဲ့တော့ မင်းဘက်က အရှုံးမရှိအောင် ငါ စီစဥ်ပေးပါ့မယ် "

သူက ထိုသို့ပြောပြီး လက်တစ်ဖက် ဝေ့ယမ်းလိုက်ရာ သူ့လက်ထဲတွင် ကျောက်စိမ်းဓားတစ်လက် ပေါ်လာ၏။

ချွှင် ..

ထိုဓားရှည် ပေါ်လာသည်နှင့် ဓားသံတစ်သံ ထွက်လာပြီး ဓားစွမ်းအင်များကလည်း တဝီဝီ မြည်သံပေးလာသည်။ ထိုမြင်ကွင်းမှာ အလွန်ပင် ကြောက်စရာကောင်းနေ၏။

" ဟိုသားရဲတွေကို ပေးဖို့ သဘောတူတာနဲ့ ဒီ အဆင့် ၉ ဓားက မင်း အပိုင် ဖြစ်သွားပြီ ။ ဒါတင်မကသေးဘူး ၊ ငါတို့ ကျန့်ဟွမ်တောင်က ဓားကျင့်စဥ်တွေထဲက မင်းကြိုက်တဲ့ဟာ တစ်ခုကိုလဲ ပေးဦးမှာ "

ချူကျန့်က ထိုသို့ပြောကာ လောထျန်းအား အပြုံးဖြင့် ကြည့်လိုက်သည်။

သူ့စကား ဆုံးသည်နှင့် အနီးတဝိုက်တွင် ရှိနေသူများအားလုံး ဝိုးခနဲ ဖြစ်သွားကြပြန်၏။

" အဆင့် ၉ ဓားတစ်လက် ပေးရုံတင်မကဘူး ၊ ကျန့်ဟွမ်တောင်က ဓားကျင့်စဥ်တစ်ခုကိုပါ ပေးဦးမှာတဲ့ ။ တော်တော် သဘောကောင်းတာပဲ "

" ကောင်လေး ၊ မြန်မြန်သဘောတူလိုက်ဖို့ ငါ အကြံပေးချင်တယ် ။ ကျန့်ဟွမ်တောင်က ဓားကျင့်စဥ် ဆိုတာ တကယ့် အခွင့်ကောင်းကြီးပဲကွ "

" ဟုတ်တယ် ၊ ကောင်လေး .. ဒီလို အခွင့်ရေးမျိုးက တစ်သက်လုံးနေလို့တောင် တစ်ခါရဖို့ မလွယ်ဘူးနော် "

ခပ်လှမ်းလှမ်းမှ လူများ ကျယ်လောင်စွာ လှမ်းအော်လ်ုက်ကြသည်။

ထိုစဥ် လောထျန်းအနီးတွင် ရှိနေသည့် ရှန့်မင်၏ မျက်လုံးများကမူ မနာလိုမှုဖြင့် ပြည့်နေ၏။

သူတို့ ဂိုဏ်းမှ အကိုကြီး တစ်ယောက်သည်ပင် ကျန့်ဟွမ်တောင်မှ ဓားကျင့်စဥ်ကို အလွန်သင်ယူတတ်မြောက်ချင်ခဲ့ပြီး ကျန့်ဟွမ်တောင်သို့ လူကိုယ်တိုင် သွားကာ ဓားသိုင်းပညာရပ်ကို သင်ယူနိုင်ရန် တောင်းဆိုခဲ့ဖူးပါသည်။

သို့သော် .. ကျန့်ဟွမ်တောင်က သူ့အား လုံးဝ မျက်နှာသာ မပေးခဲ့ပါချေ။

ယခုတွင်မူ .. ချူကျန့်ဘက်မှ စပြီး လောထျန်းအား ကျန့်ဟွမ်တောင်၏ ဓားကျင့်စဥ်ကို ပေးနေသတဲ့လား ။

သူ မနာလိုမဖြစ်ဘဲ မည်သို့ နေနိုင်ပါမည်နည်း ။

သို့သော် ..

" ကျုပ် ခုနတည်းက စိတ်မဝင်စားဘူးလို့ ပြောပြီးပြီလေ "

လောထျန်းက မျက်နှာသုန်မှုန်စွာဖြင့်သာ ပြန်ပြောလာသည်။

" ဟင် .. သူက ငြင်းလိုက်တယ် .. "

" ငါ နားကြားများ လွဲသွားသလား ။ ဒီကောင်လေးက ဦးနှောက်ရော ကောင်းသေးရဲ့လား "

" ဟား ဟား .. ငါ ကြားတာတော့ အဲ့ကောင်လေးက မြောက်ပိုင်းဒေသက တဲ့ ။ သူက ဒီကမ္ဘာကြီးအကြောင်း ဘာမှ မသိတာ မထူးဆန်းတော့ပါဘူးကွာ "

" မြောက်ပိုင်းဒေသက ဟုတ်လား .. ၊ သူက ​ဟို ခြောက်ကပ်နေတဲ့ နတ်ဘုရားမြို့တော် မြင့်မြတ်နယ်မြေကလား ၊ အဲ့လောက် အတွေးအခေါ်မဲ့နေတာ မဆန်းတော့ပါဘူး "

လူများ တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

ထိုစဥ် ချုကျန့်၏ မျက်နှာမှာလည်း သုန်မှုန်လာခဲ့လေပြီ ။

" ညီငယ်လေး ၊ ရိုင်းသလို ဖြစ်သွားရင်လဲ ခွင့်လွတ်ကွာ ။ မင်းရဲ့ နတ်ဘုရားသားရဲ သုံးကောင်လုံးက ထိပ်တန်းအဆင့် ပါရမီရှင်တွေပဲ ။ သူတို့ကို မင်းနောက်ကိုသာ တစ်ချိန်လုံး လိုက်ခိုင်းနေရင် သူတို့ရဲ့အစွမ်းက ဖုန်တက်ပြီး ကြီးကျယ်တဲ့ အောင်မြင်မှုမျိုးလဲ ရနိုင်မှာ မဟုတ်ဘူး "

" ဒါပေမယ့် .. ငါ့နောက်လိုက် ဖြစ်သွားရင်တော့ ဒီကောင်တွေက အနာဂါတ်မှာ တခြားသားရဲတွေ အားလုံးထက်သာတဲ့ အစွမ်းထက် သားရဲတွေ ဖြစ်သွားကြမှာ "

လောထျန်း နှုတ်ခမ်းမဲ့သွားသည်။

သူ့ရှေ့မှ လူက အဘယ့်ကြောင့် သူ့ကိုယ်သူ ဤ

မျှ အထင်ကြီးနေရပါသနည်း ။

သားရဲများက သူ့နောက်လိုက် လုပ်လျှင် ဖုန်တက်ပြီး ထိုသူ၏ နောက်လိုက် ဖြစ်မှသာ အခြားသူများထက် သာနိုင်မည်တဲ့လား ။

" မင်းက အဲ့လောက် အစွမ်းထက်တယ်ပေါ့ "

လောထျန်းက ထိုလူကို ကြည့်ကာ မျက်နှာမသာမယာဖြင့် မေးလိုက်သည်။

ချူကျန့်က ဂုဏ်ယူနေသည့် မျက်နှာထားဖြင့် ပြန်ပြော၏။

" ဒါပေါ့ကွ။ ငါပြောတာကို မယုံရင် စောင့်ကြည့်နေလိုက်ပါ "

သူက ပြောပြောဆိုဆိုပင် နောက်လှည့်ပြီး လျှို့ဝှက်နဂါးကျောက်ပြားဆီသို့ ပျံသန်းသွားလိုက်သည်။

" ဟင် .. သူက ဘာလုပ်မလို့လဲ "

" သူက လျှို့ဝှက်နဂါးကျောက်ပြားဆီ သွားနေတာလား "

" ကျန့်ဟွမ် နတ်ဘုရားသားတော်က .. လျှို့ဝှက်နဂါးကျောက်ပြားမှာ  စမ်းသပ်မလို့လား ။ ကောင်းတယ်ကွာ .. ငါတို့ ထျန်းယွမ်ကမ္ဘာရဲ့ အစွမ်းအထက်ဆုံး လူငယ်လေးယောက်က ဘယ်လိုအစွမ်းမျိုး ရှိကြလဲ သိချင်နေတာ "

ထိုအချိန်တွင် အားလုံး၏ အကြည့်က ချူကျန့်အပေါ်တွင်သာ ကျနေပါ၏။

ချူကျန့်က လျှို့ဝှက်နဓါးကျောက်ပြားရှေ့တွင် ဆင်းသက်ကာ ခေါင်းအသာ ညိတ်ပြီး ကျောက်ပြားပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။

ဝီ ..

ကျောက်ပြားဆီမှ စိတ်စွမ်းအင်အလင်းတန်းတစ်ခု လင်းလက်လာ၏။

ချက်ချင်း ဆိုသလိုပင် နဂါးစွမ်းအင်များလည်း တိုးထွက်လာကြသည်။

သို့သော် ၎င်းကို မည်သူကမှ မအံ့သြကြပါချေ။

သူ့ဂုဏ်သတင်းက နာမည်ကျော်ထားပြီး ဖြစ်ရာ ကျောက်ပြားမှ နဂါးအစွမ်းကို လှုပ်နှိုးခြင်းက မထူးဆန်းပါ။

နဂါးစွမ်းအင်ကို မလှုပ်နှိုးနိုင်မှသာ ထူးဆန်းမည် ဖြစ်ပါသည်။

သူက မည်သို့သော နဂါးအစွမ်းအား လှုပ်နှိုးနိုင်မည်ကိုသာ အားလုံးက စိတ်ဝင်တစား ကြည့်နေကြ၏။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ ..

ဝုန်း ..

လျှို့ဝှက်နဂါးကျောက်ပြား တုန်ခါသွားကာ နဂါးအစွမ်းက အစိမ်းရောင် ပြောင်းသွားသည်။

စက္ကန့်အနည်းငယ် ထပ်ကြာပြီးနောက်  .

ဝုန်း ..

နဂါးအစွမ်းက အပြာရောင် ပြောင်းသွားပြန်၏။

ထိုအချိန်မှသာ လူအုပ်ကြ အနည်းငယ် စလှုပ်ရှားလာကြသည်။

ထိုအချိန်မှာပင် ..

ဝုန်း ..

ကျောက်ပြားကြီးက ထပ်မံလှုပ်ခါသွားပြီး ခရမ်းရောင် နဂါးအစွမ်း ကောင်းကင်ယံသို့ တက်လာ၏။

၎င်းကို မြင်သောအခါမှသာ လူအုပ်ဆီမှ တအံ့တသြ ရေရွတ်သံများ ထွက်လာကြတော့သည်။

" ခရမ်းရောင် နဂါးအစွမ်ပါလား .. နောက်ထပ် ခရမ်းရောင် နဂါးအစွမ်းပဲဟေ့ "

" ချူကျန့်က တကယ့်ကို ထပ်သီး ပါရမီရှင်တစ်ယောက်ပဲ "

အားလုံး အံ့အားသင့်နေကြ၏။

သို့သော် ချူကျန့်ကမူ မကျေနပ်သေးဟန်ဖြင့် ဒေါသတကြီး အော်လိုက်သည်။ သူ့ကိုယ်မှ ဓားအစွမ်းက ကောင်းကင်ယံသို့ ထိုးတက်သွား၏။

ထို့နောက် ..

ဝုန်း ..

ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု တိုးထွက်လာသည်။ ၎င်းမှာ လေထုကြီး တစ်ခုလုံးကို တုန်ခါသွားအောင် မလုပ်နိုင်သည့်တိုင် ချင်းလုံကျွန်း တစ်ကျွန်းလုံးကိုမူ တုန်ခါသွားစေပါ၏။

" တော်တော်အစွမ်းထက်တဲ့ အရောင်အဝါပါလား ။ သူ့ အသက်နဲ့ ကျင့်ကြံခြင်းအဆင့်ကို ထည့်တွက်ရင် .. ဒီလောက်အစွမ်းမျိုး ရှိနေတာ မယုံနိုင်စရာပဲ "

" နောက်ထပ် နှစ်နည်းနည်းသာ ကြာရင် ဘယ်လိုဖြစ်သွားမလဲ မသိဘူး "

အားလုံးမှာ ထိုမြင်ကွင်းကို ​ထိတ်လန့်တုန်လှုပ်စွာ  ကြည့်နေကြစဥ်မှာပင် လျှို့ဝှက်နဂါးကျောက်ပြား ဆီမှလည်း ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများ ထွက်ပေါ်လာသည်။

နဂို ခရမ်းရောင် ရှိနေသည့် နဂါးအစွမ်းမှ ရွှေရောင်အစွမ်း အငွေ့အသက်အချို့ ထွက်ပေါ်လာ၏။

" ဒါ .. ရွှေရောင် နဂါးအစွမ်းများလား .. "

" ဒီမျိုးဆက်ထဲမှာ တောင်ပိုင်းဒေသက ဟို မိစ္ဆာကျင့်စဥ်ကိုကျင့်ကြံတဲ့ သူက လွဲပြီး ရွှေရောင်နဂါးအစွမ်းကို လှုပ်နှိုးနိုင်တဲ့သူ မရှိသေးဘူး မဟုတ်လား ။ ငါတို့ ဒီနေ့ သမိုင်းဝင် အဖြစ်ပျက်ကြီးတစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံရတော့မယ်နဲ့တူတယ် "

" ရွှေရောင်နဂါးအစွမ်းကို ငါ့တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးသေးဘူး .. ဒီနေ့တော့ သေချာကြီးကို ကြည့်ရတယ် "

" လုပ်လိုက်စမ်းပါ နတ်ဘုရားသားတော် ချူကျန့်ရေ . "

ထိုအချိန် အားလုံးပင် အလွန်စိတ်လှုပ်ရှားနေကြသည်။

ချူကျန့်မှာလည်း နဖူးကြောကြီးများ ထောင်နေကာ ပေါက်ကွဲထွက်သွားတော့မလိုပင် ဖြစ်နေပြီး သူ့ကိုယ်မှ ဓားစွမ်းအင်ကလည်း အဆက်မပြတ်ပင် ထွက်ပေါ်နေ၏။

" ထွက်လာခဲ့စမ်း "

သူ အစွမ်းပြည့်သုံးကာ အော်လိုက်သည်။

နောက်ဆုံးတွင်မူ ..

ဝုန်း ..

လျှို့ဝှက်နဂါးကျောက်ပြား ပေါ်၌ ရွှေရောင်နဂါးအစွမ်း ထွက်လာခဲ့တော့သည်။

နဂို ခရမ်းရောင် နဂါးအစွမ်း နေရာတွင်လည်း ရွှေရောင်နဂါးအစွမ်းက လုံးဝ အစားထိုးသွား၏။

ချုကျန့်က ထိုအချိန်မှသာ ရပ်လိုက်ပြီး အသက်ဝအောင် ရှုလိုက်ရသည်။

အစောက  သူ့အစွမ်းများစွာ ထုတ်သုံးခဲ့ရသည်မှာ သိသာပါ၏။

သို့သော် ကျောက်ပြားပေါ်မှ ရွှေရောင်နဂါးအစွမ်းကို ကြည့်ကာ ချူကျန့်၏ မျက်နှာထက်တွင် ကျေနပ်နေသည့် အပြုံးတစ်ခု ပေါ်လာသည်။

" ရွှေရောင်နဂါးအစွမ်းကွ .. ငါ လုပ်နိုင်ခဲ့ပြီ "

သူ တစ်ကိုယ်တည်း ရေရွတ်ပြီး ပြုံး၏။

ဝီ ..

ထိုအချိန်မှာပင် လျှို့ဝှက်နဂါးကျောက်ပြား မှ အရာတစ်ခု တဖြည်းဖြည်း မျှောလွင့်လာပြီး ချူကျန့်၏ လက်ထဲတွင် ဆင်းသက်လိုက်သည်။

" အဲ့ဒါ ဘာကြီးလဲ ... "

" ပျက်စီးနေတဲ့ နဂါးအမြုတေ လုံးပါလား "

" နဂါးအမြုတေ .. ဟုတ်လား ၊ မဖြစ်နိုင်တာ .. ။ နဂါးအမြုတေဆိုတာ နဂါးတစ်ကောင်ရဲ့ အဓိကအကျဆုံး အရာလို့တောင် ပြောလို့ရတယ်လေ ။ နဂါးအမြုတေကို သန့်စင်လိုက်နိုင်တာနဲ့ နဂါးအစစ်တစ်ကောင်ရဲ့ ကျင့်စဥ်တွေအားလုံးကို ရနိုင်မယ် မဟုတ်လား ။ ခုဟာက ပျက်စီးနေတယ် ဆိုရင်တောင် ကျင့်စဥ်တစ်ဝက်တော့ ရနိုင်မှာပဲ "

" နဂါးအစစ်တစ်ကောင်ရဲ့ ကျင့်စဥ် တစ်ဝက်လောက်နဲ့ကို အဆုံးအစမဲ့အဆင့်ကို ရောက်ဖို့ လုံလောက်သွားပြီ မဟုတ်လား ၊ ကောင်းကင်ဘုံ တံခါးဝ အဆင့်ကိုတောင် ရောက်သွားနိုင်သေးတယ် "

" ဒီအတိုင်းသာဆို .. အသက် ၃၀ တောင် မရှိသေးတဲ့ ကောင်းကင်ဘုံ တံခါးဝအဆင့် အစွမ်းထက် ကျင့်ကြံသူ ပေါ်လာတော့မှာပဲ ။ ကြောက်စရာကောင်းလိုက်တာ ... "

" ရွှေရောင်နဂါးအစွမ်းက ပေးတဲ့ ဆုက တကယ် ကြောက်စရာကြီးပါလားကွာ .. "

အားလုံး အံ့သြတုန်လှုပ်ကုန်ကြသည်။

All Chapters