လောင်းကြေး
Vol. 23 Ch. 312
" ဒီကောင်က တော်တော် ကြောက်စရာ ကောင်းတာပဲ "
လောထျန်းကိုယ်ပေါ်မှ နဂါးအရိပ် ရှောက်လုံသည်ပင် မနေနိုင်ဘဲ သက်ပြင်းချလိုက်၏။
သူတို့ နဂါးမျိုးနွယ်စုထဲတွင်ပင် ရွှေရောင်နဂါးအစွမ်းကို လှုပ်နှိုးနိုင်သူမှာ များစွာ မရှိလှပေ။
လူသားတစ်ယောက်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပါ။
ချူကျန့်က သူ့လက်ထဲမှ ကျိုးပဲ့နေသည့် နဂါးအမြုတေလုံးကို အချိန်အတန်ငယ်ကြာ သေချာကြည့်နေပြီး နောက်မှသာ နောက်လှည့်၍ လောထျန်းဆီသို့ ပျံသန်းလာသည်။
" ကဲ .. အခု ငါအစွမ်းထက်တယ် ဆိုတာကို ယုံပြီလား "
ထို့နောက် သူက နျိုထျဲ့ချူဘက် လှည့်ကြည့်ကာ ဆက်ပြော၏။
" မင်း အနေနဲ့ ငါ့အပေါ် သစ္စာစောင့်သိပြီး တိုက်ပွဲဝင်သားရဲ ဖြစ်ဖို့ ဆန္ဒရှိတယ်ဆိုရင် မင်းကို ဒီ နဂါးအမြုတေ ပေးမယ်လေ "
" ဘယ်လို ... "
ထိုစကားကို ကြားလိုက်ရသူများအားလုံး အံ့သြတုန်လှုပ်သွားကြရပြန်သည်။
နဂါးအမြုတေက ကျိုးပဲ့နေသည် ဖြစ်ပါစေ .. မည်မျှ အဖိုးတန်ကြောင်း သူတို့အားလုံး သိထားကြပြီး ဖြစ်ပါသည်။
တကယ်၍ ချူကျန့်ကသာ ထိုအရာအား ရောင်းမည်ဟု ပြောလာပါက ရှိသမျှ စည်းစိမ် အကုန်သုံးပြီး ဝယ်မည့်သူ မနည်းမနောပင် ။
သို့သော် .. သူက ထိုအရာအား နျိုထျဲ့ချူကို ပေးမည်ဟု ပြောနေသည်လား ။
မည်မျှ အဖိုးတန်လှသော အခွင့်ကောင်းကြီးပါနည်း။
" ဟေ့ နတ်ဆိုးကောင် ၊ ဘာလို့ အဲ့တိုင်း ရပ်နေသေးတာလဲ ။ မြန်မြန် သဘောတူလိုက်လေ "
" ဟုတ်တယ် ၊ ဒါ အင်မတန်ကို ထူးတဲ့ အခွင့်ကောင်းကြီးပဲ ။ ဒါကိုမှ ဆက်ပြီး တွန့်ဆုတ်နေရင် မောက်မာလွန်းရာ ကျသွားမယ်နော် "
" ဒီ အမြုတေကို ကြည့်ပြီး ငါတောင် နတ်ဘုရားသားရဲ ဖြစ်ချင်စိတ် ပေါက်သွားရတယ်ကွာ .. "
အနီးနားမှ လူများ သက်ပြင်းချလိုက်ကြသည်။
သို့သော် နျိုထျဲ့ချူကမူ မတုန်မလှုပ် ရှိနေ၏။
" ငါ မင်းအပေါ် ဘယ်လိုသစ္စာမျိုးမှ မရှိနိုင်ဘူးလို့ ပြောပြီးပြီလေ "
" ဒီ ဘဝမှာ ငါ အမိန့်နာခံပြီး သစ္စာစောင့်သိမယ့် လူက တစ်ယောက်ပဲ ရှိတယ် "
သူမက ထိုသို့ပြောကာ လောထျန်းအား လှမ်းကြည့်လိုက်သည်။
" ဘယ်လို ပြောလိုက်တာ .. "
ကြားလိုက်ရသည့် စကားကြောင့် အားလုံး အံ့သြမှင်သက်သွားကုန်၏။
နဂါးအမြုတေကပင် သူမကို စိတ်ယိုင်လာအောင် မလုပ်နိုင်ဘူးတဲ့လား ။
ထို လောထျန်း ဆိုသူက ဘာတွေများ လုပ်ထား၍ပါနည်း။
ချူကျန့် မျက်မှောင်ကြုံ့သွားပြီး ပြောလာသည်။
" ငါကတော့ မင်းကို ထပ်စဥ်းစားဖို့ အကြံပေးချင်တယ် ။ ငါ ခုနက ရွှေရောင်နဂါးအစွမ်းကို လှုပ်နှိုးလိုက်နိုင်တာ မင်းလဲ အမြင်ပဲလေ ။ ငါက ဒီကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်ဖို့ ကံပါလာတဲ့ သူပဲကွ "
" ငါ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်လာရင် မင်းအတွက်လဲ အကျိုးကျေးဇူးတွေ အများကြီး ရမှာ ။ အဲ့ကျရင် မင်းအနေနဲ့ ငါ ကမ္ဘာပတ်ပြီး ခရီးသွားတာကို လိုက်ခဲ့လို့ ရမယ့်အပြင် ငါက ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုကိုပါ အပြောင်ရှင်းပြီး ငါတို့ ထျန်းယွမ်ကမ္ဘာကို အများက အားကျရတဲ့ နေရာကြီးတစ်ခုဖြစ်အောင် လုပ်ဦးမှာ "
" အဲ့ကျရင် .. နောက်နှစ်တွေ သောင်းချီကြာတဲ့အထိတောင် ထျန်းယွမ်ကမ္ဘာသားတွေက ငါ့အောင်မြင်မှုကို ပြန်ပြောင်း အမှတ်ရနေကြမှာကွ။ မင်း ငါ့နောက်လိုက် မလုပ်ချင်တာ သေချာရဲ့လား "
ချူကျန့်က နျိုထျဲ့ချုအား စူးရှသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
သူ့စကားဆုံးသည်နှင့် လူအုပ်ဆီမှ တအံ့တသြ ရေရွတ်သံများ ထပ်မံထွက်ပေါ်လာပြန်၏။
" ဘယ်လို .. သူက ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုကို ဖျက်ဆီးပစ်ချင်တယ် ... သူ့မှာ အဲ့လို ရည်ရွယ်ချက်မျိုး ရှိထားတာလား "
" ပြီးခဲ့တဲ့ နှစ်တွေမှာ ကျန့်ဟွမ်တောင်က ကာင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်ဘက်ကမှ မပါဘဲ နေလာခဲ့တာ ။ အခု ချူကျန့်က အဲ့လို ရွေးချယ်မယ်လို့ ထင်တောင် မထားမိဘူး "
" ဒါ .. ချူကျန့်တစ်ယောက်တည်းရဲ့ သဘောထားလား ၊ ကျန့်ဟွမ်တောင်ရဲ့ သဘောထားလား "
" ဘယ်လိုပဲ ဖြစ်ဖြစ် သူ့မှာ အဲ့လို စိတ်မျိုး ရှိနေတာ ငါတို့ ထျန်းယွမ်ကမ္ဘာအတွက် ကောင်းတဲ့ကိစ္စပဲကွ "
" ဟုတ်တယ်ကွ ၊ ချုကျန့်က အမှန်တရားရဲ့ ဘက်တော်သားပဲ ။ လေးစားစရာ ကောင်းလိုက်တာ "
အာလုံးက ချူကျန့်အား ချီးကျူးစကား ဆိုလိုက်ကြသည်။
ထိုစဥ် .. လူအုပ် နောက်နားလေးတွင် ရှိနေသည့် ရှန့်မင်တစ်ယောက်ကမူ မျက်နှာ ပျက်နေ၏။
" ကျန့်ဟွမ်တောင်က .. ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခုကို ဆန့်ကျင်ဖို့ တကယ်ကြီး ရွေးချယ်လိုက်ကြတာလား ။ အဲ့လိုဆို ငါတို့က ရန်သူတွေ ဖြစ်သွားကြပြီပဲ။ ပြီးတော့ ချူကျန့်က ပါရမီ ထူးလွန်းတော့ နောင်အနာဂါတ်မှာ ကမ္ဘာပေါ်က မသေမျိုး ဖြစ်လာနိုင်ချေ ရှိတယ် ။ ဒီကိစ္စကို ဂိုဏ်းက အကြီးအကဲတွေဆီ သတင်းပို့ပြီးတော့ ရန်သူကို ဒီ နဂါးသင်္ချိုင်းမြေမှာပဲ အပြတ်ရှင်းတာ ကောင်းလိမ့်မယ် "
သူ့ စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ထိုစဥ် တဖက်မှ နျိုထျဲ့ချူက ခေါင်းယမ်း၍ ပြောလာ၏။
" မင်းကို သစ္စာမခံနိုင်ပါဘူးလို့ ငါ ပြောပြီးသွားပြီလေ ။ မင်းက တော်တော်လေး ထူးချွန်တယ်ဆိုတာ ငါ ဝန်ခံပါတယ် ။ ဒါပေမယ့် ငါ့ အကိုကြီး လောထျန်းနဲ့ ယှဥ်လိုက်ရင်တော့ မင်းက သူ့နောက် အဝေးကြီးမှာပဲ "
" နံစော်နေတဲ့ သားရဲကောင် ၊ မင်း ဘာပြောလိုက်တယ် "
" အဓိပ္ပါယ် မရှိတာ ၊လောထျန်းကိုများ ချူကျန့်နဲ့ လာယှဥ်ရဲနေတယ်ပေါ့လေ "
" ရယ်လိုက်ရတာကွာ .. တော်တော်ရယ်စရာ ကောင်းတာပဲ "
အားလုံးထံမှ ဒေါသတကြီး ပြောဆိုသံများ ထွက်လာသည်။
ထိုအချိန်တွင် ချူကျန့်က မျက်မှောင်အနည်းငယ် ကြုံ့သွားကာ လောထျန်းအား လှည့်ကြည့်လာသည်။
သူ့မြင်တွင်မူ .. သူ့ရှေ့မှ လောထျန်း၏ ကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်နေပြီး သူ့ထက် များစွာ ဆိုးရွားသည်ဟု ထင်နေပါ၏။
ထို့ကြောင့် သူ လောထျန်းအား လုံးဝ အလေးနက် မထားခဲ့ပါချေ ။
သို့သော် .. ယခု နျိုထျဲ့ချူ၏ စကားကို ကြားပြီးနောက်တွင်မူ သူ ဒေါသထွက်သွားရတော့သည်။
" သခင်လေးလောထျန်း .. ဟုတ်တယ်နော် ၊ သူ ပြောတာတော့ မင်းက ငါ့ ထက် ပိုအစွမ်းထက်တယ်တဲ့ ။ မင်းအနေနဲ့ ဘာပြောစရာ ရှိသေးလဲ "
ချူကျန့်က ကျယ်လောင်စွာ အော်မေးလိုက်သည်။
လောထျန်းက အေးအေးဆေးဆေးပင် ပြန်ပြော၏။
" သူပြောတာ မှန်တယ် "
ထို စကားတစ်ခွန်းဖြင့်ပင် ချူကျန့်တစ်ယောက် ကြက်သေ သေသွားရသည်။
လူအုပ်ဆီမှ လှောင်ပြောင်အော်ဟစ်သံများ ချက်ချင်း ထွက်လာ၏။
ချူကျန့်က အားလုံးကို လက်ကာပြ၍ တိတ်တိတ်နေကြရန် အချက်ပြလိုက်သည်။ ထို့နောက် သူ လောထျန်းကို ကြည့်ကာ ပြော၏။
" ကောင်းပြီလေ ၊ မင်းက ငါ့ထက် ပိုအစွမ်းထက်တယ်လို့ ပြောတာဆိုတော့ လျှို့ဝှက်နဂါးကျောက်ပြား ဆီ သွားပြီး စမ်းသပ်ကြည့်လိုက် ။ တကယ်လို့ မင်း က ငါ့ထက်ပိုအစွမ်းထက်တာ မှန် နေခဲ့တယ်ဆိုရင် ငါ ဘာမှမပြောဘဲ နောက်လှည့်ပြီး ထွက်သွားပေးမယ် ။ ဒါပေမယ့် .. မင်း ရှုံးသွားခဲ့ရင်တော့ မင်းရဲ့ နတ်ဘုရားသားရဲ သုံးကောင်ကို ငါ့ကို ပေးရမယ် "
ထို့နောက် သူ လောထျန်းအား ရန်စသည့်အကြည့်ဖြင့် ကြည့်ကာ ဆက်ပြောသည်။
" ဘယ်လိုလဲ .. လောင်းရဲလား "
လောထျန်းက သူ့ကို တစ်ချက်ကြည့်ကာ ချက်ချင်း ခေါင်းယမ်း၏။
" မလောင်းနိုင်ဘူး "
ချူကျန့် အံ့အားသင့်သွားရပြန်ပြီး မေးလိုက်သည်။
" ဘာလို့လဲ. .. ကြောက်နေပြီလား "
လောထျန်းက ခေါင်းယမ်းပြီး ပြန်ပြော၏။
" ဘယ်ဟုတ်မလဲကွ ၊ မင်းပြောတာက မမျှတလို့ ပြောနေတာ ။ မင်းက နိုင်ရင်ကျတော့ ငါ့သားရဲတွေကို အကုန်ယူပြီး မင်း ရှုံးရင်ကျတော့ ငါ့ကို ဘာမှ ပြန်မပေးဘူးလေ ။ ဒါကို မျှတတယ်လို့ ခေါ်လား "
ချူကျန့် စဥ်းစားကြည့်လိုက်ရာ အမှန်တကယ်လည်း ထိုသို့ ဖြစ်နေကြောင်း သိလိုက်သည်။
ထို လောင်းကြေးက သူ့အတွက် ကောင်းသော်လည်း လောထျန်းအတွက် မကောင်းပေ။
" ဒါဆို မင်းက ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ "
သူ လောထျန်းကို ကြည့်ကာ မေးလိုက်သည်။
လောထျန်းက အေးအေးဆေးဆေး ပြန်ပြော၏။
" ဒီလိုလုပ်လေ ၊ လောင်းကြေးကို ပြောင်းလိုက်ကြမယ် ။ တကယ်လို့ မင်း ရှုံးသွားခဲ့ရင် မင်း ငါ့ကို သစ္စာခံပြီး ငါ့နောက်လိုက် လုပ်ရမယ် ။ တကယ်လို့ ငါ ရှုံးသွားခဲ့ရင်တော့ ငါ့သားရဲတွေကို မင်းကို ပေးမယ်။ ဘယ်လိုလဲ "
" ဒါ .. "
ချူကျန့်တစ်ယောက် ခေတ္တမျှ အံ့သြမှင်သက်သွားရသည်။
သူ ရှုံးသွားခဲ့ပါက လောထျန်း၏ သစ္စာခံ နောက်လိုက် လုပ်ရမည်တဲ့လား ။
သူ ထိုသို့သော အရာမျိုးကို လုံးဝပင် မစဥ်းစားခဲ့ဖူးပါချေ။
လောထျန်းက သူ့ကို ကြည့်ကာ မေးလာသည်။
" ဘယ်လိုလဲ ၊ မလောင်းရဲတော့ဘူးလား "
တခဏအတွင်း လောထျန်းက အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့လေပြီ ။
ချူကျန့်အနေဖြင့် ထိုသို့သော ရန်စ စော်ကားမှုကို မည်သို့ သည်းခံနိုင်ပါမည်နည်း ။
ချူကျန့် ချက်ချင်း ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
" ကောင်းပြီလေ ၊ ဒီလောင်းကြေးကို ငါ လက်ခံတယ် "
သူ့စိတ်ထဲမှလည်း ကြိတ်တွေးလိုက်၏။
" ရွှေရောင်နဂါးအစွမ်း .. ငါက ရွှေရောင်နဂါးအစွမ်းတောင် ရခဲ့တာ ။ ဒီကောင်က ငါ့ထက် ပိုအစွမ်းထက်တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး "
လောထျန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
" ကောင်းပြီလေ ၊ ဒါဆို စောင့်ကြည့်နေလိုက်ပါ "
ထို့နောက် သူ ချက်ချင်းပင် လျှို့ဝှက်နဂါးကျောက်ပြား ဆီသို့ ပျံသန်းသွား၏။
ထိုအခြင်းအရာကို ကြည့်ကာ ချူကျန့် နှင့် ရှယန်ယွိတို့ နှစ်ဦးလုံး၏ ရင်ထဲ လေးလံသွားကြသည်။
လောထျန်းပုံက မိမိကိုယ်ကို ယုံကြည်မှု အပြည့် ရှိနေဟန်ပင် ။ သူက အမှန်တကယ်ပင် အစွမ်းပို ထက်နေပါသလား ။
သို့သော် ... ၎င်းက မဖြစ်နိုင်ပါချေ ။
လောထျန်း၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ချူကျန့်ထက် ပိုအစွမ်းထက်ရန်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စတစ်ခုပင် ။
ထိုအချိန်တွင် လောထျန်းက လျှို့ဝှက်နဂါးကျောက်ပြား ရှေ့နားသို့ပင် ရောက်နေလေပြီ ။
သူနှင့် ချူကျန့်တို့ကြားမှ ကိစ္စမှာ အားလုံး၏ အာရုံစိုက်ခြင်း ခံရသည့် ကိစ္စကြီးတစ်ခု ဖြစ်လာခဲ့သည့် အတွက် အားလုံးက လောထျန်းအား အသင့် လမ်းဖယ်ပေးထားကြ၏။
ထိုအနီးတဝိုက်တွင် လျှို့ဝှက်နဂါးကျောက်ပြား ဆီသို့ သွားနေသူဆို၍ လောထျန်းတစ်ယောက်တည်းသာ ရှိပါသည်။
" ဟား ဟား .. အင်မတန် အစွမ်းထက်တဲ့ပုံ ဟန်ဆောင်နေပြီးမှ ငါ့ထက်ဆိုးတဲ့ ရလဒ်မျိုးတော့ မရစေနဲ့နော် "
ရှယန်ယွိက လှောင်သံဖြင့် လှမ်းအော်ပြော၏။
သို့သော် .. ထိုအချိန်မှာပင်
ဝီ ..
လျှို့ဝှက်နဂါးကျောက်ပြား မှ အသံတစ်သံ ကြားလိုက်ရပြီး နဂါးစွမ်းအင် အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
" ဟင် .. ခဲရောင် နဂါးအစွမ်းပါလား .. ၊ ဒီကောင်က ခဲရောင် နဂါးအစွမ်းကို တကယ်ကြီး လှုပ်နှိုးလိုက်နိုင်တာလား .. "
" ဟင် .. ဒီ လောထျန်းက ကျောက်ပြားနဲ့တောင် ခြေလှမ်း ဆယ်လှမ်းကျော်လောက် ဝေးနေသေးတာလေ ။ ကျောက်ပြားကို ထိတောင် မထိရသေးဘဲနဲ့ ခဲရောင်နဂါးအစွမ်းကို လှုပ်နှိုးနိုင်လိုက်တာလား "
အားလုံး တအံ့တသြ ရေရွတ်လိုက်ကြသည်။
ချူကျန့်မှာ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ခံစားမိလိုက်ကာ မျက်မှောင်ကြုံ့သွား၏။
ရှယန်ယွိမှာလည်း အလွန်ရုပ်ဆိုးသော မျက်နှာကြီး ဖြစ်နေသည်။
သူ့အသွင်မှာ ခပ်ပြင်းပြင်း ပါးချ ခံထားရပုံပင် ။