အချိန်နဲ့နေရာဗိမာန်
Vol. 23 Ch. 313
ရှယန်ယွိသည် သူ ခဲရောင်နဂါးအစွမ်းအား လှုပ်နှိုးနိုင်ခဲ့စဥ်က မောက်မာခဲ့ပုံများကို ပြန်တွေးမိကာ အလွန် အရှက်ရသွားသလို အလွန်လည်း ဒေါသထွက်သွား၏။
သို့သော် သူ ချက်ချင်း အံကြိတ်ပြီး သူ့ကိုယ်သူ စိတ်ထဲမှ ပြန်နှစ်သိမ့်လိုက်သည်။
" ဒီကောင်လေးမှာ လျှို့ဝှက်နဂါးကျောက်ပြား ကို ကြိုပြီး လှုပ်နှိုးနိုင်တဲ့ ထူးခြားတဲ့ နည်းလမ်း ရှိထားလို့ပဲ ဖြစ်ရမယ် ။ သူက နောက်ဆုံးအထိ ခဲရောင်နဂါးအစွမ်းကိုပဲ လှုပ်နှိုးနိုင်တာ ဖြစ်နေနိုင်တာပဲလေ "
ထိုဖြစ်နိုင်ချေမှာ အလွန်နည်းကြောင်းကို သိသော်လည်း သူ့ကိုယ်သူ ထိုသို့သာ တွေးလိုက်၏။
ထိုစဥ် လောထျန်းက ရှေ့သို့ ခြေလှမ်း အနည်းငယ် ဆက်တိုးလိုက်သည်။
လျှို့ဝှက်နဂါးကျောက်ပြား မှာ အဆက်မပြတ်ပင် တုန်ခါနေ၏။
ထို့နောက်တွင်မူ .. အစိမ်းရောင် နဂါးစွမ်းအင်တန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားပြန်သည်။
" ဒါ .. အစိမ်းရောင် နဂါးစွမ်းအင်ပဲ "
" သူက ရှေ့ကို ခြေနှစ်လှမ်းပဲ တိုးရသေးတယ် ၊ အစိမ်းရောင် နဂါးစွမ်းအင်ကိုတောင် လှုပ်နှိုးလိုက်နိုင်ပြီလား "
" ဒီ ကောင်လေးက ဘယ်သူလဲ "
အာလုံး အံ့သြတုန်လှုပ်နေကြတော့၏။
သို့သော် ၎င်းမှာ အစသာ ရှိသေးကြောင်းကိုလည်း အားလုံး သိကြပါသည်။
လောထျန်းက ရှေ့သို့ ခြေလှမ်းအနည်းငယ် ထပ်တိုးပြီးနောက် ..
ဝီ ..
လျှို့ဝှက်နဂါးကျောက်ပြား မှ အပြာရောင် နဂါးအစွမ်း ရုတ်တရက် ထွက်လာပြန်သည်။
ထိုမြင်ကွင်းကို ကြည့်ကာ အားလုံး စကားမဆိုနိုင်ဘဲ ဆွံ့အနေကြ၏။
ထို့ထက် ပိုအံ့သြတုန်လှုပ်စရာ ကောင်းသည့် အရာများ ထပ်လာဦးမည်ကိုလည်း သူတို့ သိနေသယောင် ။
ထို့နောက် ..
ဝီ ..
လျှို့ဝှက်နဂါးကျောက်ပြား မှ ခရမ်းရောင် နဂါးအစွမ်းများ ကောင်းကင်ယံသို့ ထပ်တက်သွားပြန်သည်။ လောထျန်းမှာ ထိုအချိန်အထိ ကျောက်ပြားနှင့် ခြေလှမ်း ၅ လှမ်းစာ အကွာတွင်သာ ရှိနေပါသေး၏။
" ခရမ်းရောင် နဂါးအစွမ်းပါလား "
ရှယန်ယွိ၏ မျက်နှာတပြင်လုံး ဖြူဖျော့သွားပြီး သူ့ရင်တစ်ခုလုံးလည်း လေးလံသွားတော့သည်။
အစောက မောက်မာမှုများကလည်း သူ့မျက်နှာထက်မှ လုံးဝ ပျောက်ကွယ်သွားခဲ့ကြလေပြီ ။
သူသည်သာ မက ၊ ချူကျန့်မှာလည်း ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အလွန်အံ့သြတုန်လှုပ်နေ၏။
သူသည် လျှို့ဝှက်နဂါးကျောက်ပြား ရှေ့တွင် ကိုယ်တိုင် စမ်းသပ်ခဲ့သည်ဖြစ်ရာ သူတို့ကြားမှ ကွာခြားချက်ကို သိပါသည်။
သူ ခရမ်းရောင် နဂါးအစွမ်းအား လှုပ်နှိုးနိုင်ခဲ့ချိန်၌ သူ့အစွမ်းများ အားလုံးနီးပါးပင် ကုန်ဆုံးသလို ဖြစ်နေခဲ့ပါ၏။
သို့သော် .. လောထျန်းကမူ ထိုသို့ လုံးဝ ဟုတ်မနေပါ ..
" ငါ သူ့လောက်တောင် မကောင်းမှန်း သိသာနေပြီလား "
သူ့ရင်ထဲ တွေးမိလိုက်သည်။
ထိုအချိန်မှာပင် လောထျန်းက ကျောက်ပြားရှေ့သို့ ရောက်သွား၏။
ဝုန်း ..
လျှို့ဝှက်နဂါးကျောက်ပြား မှ ရွှေရောင် နဂါးစွမ်းအင်တန်းတစ်ခု ကောင်းကင်ယံသို့ ရုတ်တရက် ထိုးတက်သွားသည်။
" ရွှေရောင် နဂါးအစွမ်းပါလား .. တကယ်ကြီး ရွှေရောင်နဂါးအစွမ်းပဲဟေ့ "
" ရွှေရောင်နဂါးအစွမ်း နောက်တစ်ခု လာပြန်ပြီ ၊ ဒီနှစ်လူငယ်တွေက ဘယ်လိုတွေလဲဲကွာ "
" ဒီတစ်ယောက်ကလဲ ကမ္ဘာပေါ်က မသေမျိုး ဖြစ်လာမယ့် သူပဲလား "
" ဒါတင် မကသေးဘူးကွ ၊ သေချာကြည့်လိုက်ဦး ။ လောထျန်းက ခုထိ ပုံမှန် စမ်းသပ်မှုမျိုး လုံးဝ မလုပ်ရသေးဘူး ။ သူ ကျောက်ပြားပေါ်ကိုသာ လက်တင်လိုက်ရင် ဘာဖြစ်သွားမလဲ ဘယ်သူမှ မသိနိုင်ဘူး "
အားလုံး အံ့သြတုန်လှုပ်စွာ ဆိုလိုက်ကြသည်။
ထိုအချိန်တွင် ချူကျန့်တစ်ယောက်မှာ အီးမှန်ထားသည့် မျက်နှာကြီး ဖြစ်နေခဲ့လေပြီ ။
သူ ရှုံးနိမ့်သွားခဲ့ရပြီ ဆိုသည်ကိုလည်း သိလိုက်ရပြီ ဖြစ်၏။
သူသည်လည်း ရွှေရောင်နဂါးအစွမ်းကို လှုပ်နှိုးနိုင်ခဲ့သည့်တိုင် ..
လောထျန်း လှုပ်နှိုးနိုင်သည့် အစွမ်းပမာဏနှင့် အကွာကြီး ဖြစ်ပါသည်။
ထို့ထက်ပို ဆိုးသည်မှာ လောထျန်းက ယခုထိ စမ်းသပ်မှုကို တရားဝင် မစရသေးခြင်းပင် ။
" ဟင် .. ရွှေရောင်နဂါးအစွမ်းတောင် ဖြစ်သွားပြီလား "
ထိုအချိန်တွင် လောထျန်းမှာလည်း လျှို့ဝှက်နဂါးကျောက်ပြား၏ ပုံမှန်မဟုတ်သော တုန့်ပြန်မှုကို သတိထားမိသွား၏။
" ချီး .. ခုနက ကောင်က ချီးတစ်နေသလိုကို အော်သွားတော့ ငါက ရွှေရောင်နဂါးအစွမ်းကို လှုပ်နှိုးဖို့ တော်တော်လေး ခက်မယ် ထင်နေတာ "
သူ ခေါင်းယမ်း၍ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
လောထျန်းသည် ထိုစကားကို ကျယ်ကျယ်ပြောလိုက်ခြင်း မဟုတ်သော်ငြား ချူကျန့်တစ်ယောက် သေချာ ရှင်းရှင်းလင်းလင်း ပင် ကြားသွားပါ၏။
ထိုအချိန်တွင် ချူကျန့်၏ မျက်နှာကြီးက အလွန်ရုပ်ဆိုးနေကာ တစ်ခုခု ပြန်ပြောချင်နေဟန် ရှိသည် ။ သို့သော် ချေပစရာ စကားလုံးကိုလည်း သူ ရှာမတွေ့ပါချေ ။
" သခင်လေး လောထျန်း ၊ အစွမ်းကို ထိန်းမထားဘဲ ရှိသမျှသာထုတ်သုံးလိုက်ပါ "
ခပ်လှမ်းလှမ်းမှ ရှောက်လုံက အော်ပြောလာ၏။
လောထျန်းက ခေါင်းညိတ်ပြလိုက်သည်။
" ကောင်းပြီ ၊ ဒါဆို စလိုက်တော့မယ် "
သူ ထိုသို့ပြောပြီးသည်နှင့် ကျောက်ပြားပေါ် လက်တင်လိုက်၏။
ဝုန်း ..
ချက်ချင်း ဆိုသလိုပင် .. လျှို့ဝှက်နဂါးကျောက်ပြား မှ စိတ်စွမ်းအင် အလင်းတန်းပေါင်း မြောက်များစွာ ဝုန်းခနဲ ထွက်လာကြပြီး ..
နဂါးအစွမ်းကလည်း အဆပေါင်းများစွာ ရုတ်ချည်း တိုးလာသည်။
" ဟင် ...နဂါးအစွမ်းက ပိုအစွမ်းထက်လာပါလား "
" ဒီ နဂါးအစွမ်းက ချူကျန့် တုန်းကထက် အများကြီး ပိုအစွမ်းထက်တယ် "
အလုံး အံ့သြတုန်လှုပ်ကုန်ကြသည်။
ထိုစဥ် ကျောက်ပြားပေါ် လက်တစ်ဖက် တင်ထားသည့် လောထျန်းကမူ စိတ်ထဲမှ ကြိတ်ရွတ်နေ၏။
" သတိထားရမယ် ၊ လေထုကြီး ပြိုကွဲသွားလို့ မဖြစ်ဘူး ။ အစွမ်းနည်းနည်းလေး ထပ်ထည့်မယ် "
ထို့နောက် သူ လက်ထဲသို့ အစွမ်းအနည်းငယ် ထပ်မံ ပို့လွှတ်လိုက်သည်။
ဝုန်း ..
ရွှေရောင်နဂါးအစွမ်များ ရုတ်ချည်း တိုးလာပြန်သည်။
ထို ရွှေရောင်နဂါးအစွမ်းနှင့်အတူ အမဲရောင် အစွမ်းများလည်း တဖြည်းဖြည်း ထွက်လာကြ၏။
" ဟင် .. ရွှေရောင်နဂါးအစွမ်း ပြီးသွားရင် အမည်းရောင် နဂါးအစွမ်းဆိုပြီး ထပ်ရှိသေးတာလား "
လောထျန်း အတအံ့တသြ ပြောလိုက်သည်။
" မဟုတ်ဘူး .. အဲ့ဒါ .. လျှို့ဝှက်နဂါးကျောက်ပြား က မင်းရဲ့ အစွမ်းကို မခံနိုင်လို့ မီးခိုးတွေ စထွက်နေတာ .. "
လောထျန်း နားထဲတွင် အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။
" ဘယ်လို .. "
လောထျန်း လန့်သွားပြီး ချက်ချင်း လက်ပြန်ရုတ်လိုက်သည်။
ထို့နောက်တွင်မူ သူ့ အသိစိတ်ကို ထူးဆန်းသော နေရာတစ်ခုဆီသို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရ၏။
လောထျန်း အံ့အားသင့်သွားပြီး ချက်ချင်း ပြန်ထွက်ရန် ကြိုးစားလိုက်သည်။
ဝုန်း ...
သို့သော် လေထုက ချက်ချင်း ပြင်းထန်စွာ တုန်ခါလာကာ ပြိုကျသွားတော့မည့် အရိပ်အယောင်များ ပြလာ၏။
" ခဏ .. ခဏ နေပါဦးကွာ ။ ငါ့မှာ မကောင်းတဲ့ အကြံ မရှိပါဘူး ။ လေထုကို ဆက်ပြီး မတိုက်ခိုက်ပါနဲ့တော့ "
ရုတ်တရက် စိုးရိမ်နေသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
၎င်းကို ကြားမှသာ လောထျန်း ဆက်မခုခံတော့ဘဲ ရပ်လိုက်၏။
ထို့နောက် လောထုကြီး တစ်ခုလုံးလည်း ပြန်တည်ငြိမ်သွားသည်။
ထိုအချိန်မှသာ အစောက အသံပိုင်ရှင် သက်ပြင်းရှည်ကြီး ချနိုင်သွား၏။
သူ အလွန်လည်း အံ့သြတုန်လှုပ်နေရပါသည်။
ထိုလူငယ်လေးက အစွမ်းထက်လွန်း၍ လေထုတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်တော့မလို ဖြစ်သွားခဲ့ရပေသည် ။
" ခင်ဗျားက ဘယ်သူလဲ ၊ ပြောစရာရှိရင် မြန်မြန်ပြော ။ မရှိဘူးဆို ကျုပ် သွားတော့မယ် "
လောထျန်းက စိတ်မရှည်ဟန်ဖြင့် မျက်မှောင်ကြုံ့ပြီး ပြော၏
" အမ် .. ကျုပ်က လျှို့ဝှက်နဂါးကျောက်ပြားပေါ်မှာ နဂါးအစောင့်အကြပ်ကြီး ချန်ထားခဲ့တဲ့ နတ်ဘုရား အသိဉာဏ်ပါ "
အသံက ပြန်ပြောသည်။
" နတ်ဘုရား အသိဉာဏ် ... နဂါးအစောင့်အကြပ် .. ကျုပ်ကို ဘာလို့ ဒီနေရာကို ခေါ်လာရတာလဲ "
လောထျန်း မေးလိုက်သည်။
" ကျုပ်က နဂါးသခင်ကြီးရဲ့ အမိန့်အတိုင်း ၊ ကျုပ်တို့ နဂါးမျိုးနွယ်စုကို ကူညီပြီး နဂါးမျိုးနွယ် ပြန်လည်နိုးထလာအောင် လုပ်ပေးနိုင်မယ့် သူကို ရှာနေရတာပါ။ အဲ့ဒါမှ ကျုပ်တို့ နဂါးမျိုးနွယ်က ထျန်းယွမ်ကမ္ဘာကြီးကို ကာကွယ်ပေးနိုင်မှာ ။ အဲ့လို ကူညီပေးတဲ့သူကိုလဲ ကျုပ်တို့ နဂါးမျိုးနွယ်ရဲ့ ရတနာတစ်ခု ပေးမှာပါ "
" ဒါပေမယ့် ဒီလောက် နှစ်တွေအများကြီး ကြာခဲ့တာတောင် ဒီအလုပ်ကို လုပ်နိုင်မယ့် နဂါးတစ်ကောင်မှ ပေါ်မလာခဲ့ဘူး ။ အဲ့နောက်မှာတော့ ကျုပ်တို့ နဂါးတွေ တဖြည်းဖြည်း မျိုးတုန်းပြီး လူသားမျိုးနွယ်က ထျန်းယွမ်ကမ္ဘာရဲ့ အရှင်သခင်တွေ ဖြစ်လာခဲ့ကြတာပဲ ။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်တွေမှာ ဒီရတနာကို ထိန်းချုပ်နိုင်တဲ့ လူသားလဲ တစ်ယောက်မှ ပေါ်မလာခဲ့ကြဘူး "
" အစကတော့ ကျုပ် တစ်သက် နေလို့တောင် ကျုပ်တို့ ရှာတဲ့ လူမျိုးနဲ့ တွေ့ရမှာ မဟုတ်ဘူးလို့ပဲ တွေးထားခဲ့တာ ။ အခု မမျှော်လင့်ဘဲ သခင်လေးနဲ့ တွေ့လိုက်ရတာပဲ။ သခင်လေးရဲ့ အစွမ်းနဲ့သာဆိုရင် ဒီ ရတနာကို သေချာပေါက် ထိန်းချုပ်နိုင်တယ် "
နဂါးအစောင့်အကြပ် အသိဉာဏ်၏ အသံမှာ အနည်းငယ်ပင် တုန်ယင်နေသည်။
လောထျန်း အံ့အားသင့်သွားပြီး ချက်ချင်း ပြန်မေး၏။
" နဂါးမျိုးနွယ်ရဲ့ ရတနာ ..ဟုတ်လား ၊ ဘယ်လို ရတနာမျိုးလဲ "
နဂါးအစောင့်အကြပ်ကြီးက အနည်းငယ်တည်ငြိမ်အောင် ပြန်လုပ်ပြီးမှ ပြောလာသည်။
" အချိန်နဲ့နေရာဗိမာန် ပါ "
" အချိန်နဲ့နေရာဗိမာန် ... ဟုတ်လား "
လောထျန်း အံ့အားသင့်သွား၏။
" ဟုတ်တယ်ဗျ ၊ အဲ့ဒီ ရတနာကို ကျုပ်တို့ နဂါးမျိုးနွယ်ရဲ့ သခင်ကြီး ထျန်းလုံက ခက်ခက်ခဲခဲ ရထားခဲ့တာ။ ဒီထဲမှာ အချိန်နဲ့ နေရာရဲ့ အစွမ်းတွေ ပါနေတယ်။ သခင်ကြီး ထျန်းလုံ သေဆုံးသွားခဲ့ရတဲ့ အကြောင်းကလဲ ဒီအရာနဲ့ပဲ ပတ်သက်နေတာ ။ သခင်ကြီး ထျန်းလုံ သေဆုံးသွားပြီးကတည်းက ကျုပ်တို့ နဂါးမျိုးနွယ်ထဲမှာ ဒီရတနာကို ထိန်းချုပ်နိုင်တဲ့သူ ပေါ်မလာတော့တာပဲ "
" သခင်ကြီး ထျန်းလုံ တစ်ခါ ပြောဖူးတာတော့ ဒီ ရတနာကို သေချာ ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်သွားမှသာ ကျုပ်တို့ ထျန်းယွမ်ကမ္ဘာ ကြုံနေရတဲ့ အကြီးဆုံး ဒုက္ခကပ်ဘေးကြီးကို အပြီးသတ် ဖြေရှင်းနိုင်မယ်တဲ့ "
လောထျန်း မျက်မှောင်ကြုံ့သွားပြီး ပြန်ပြောသည်။
" အကြီးဆုံး ဒုက္ခကပ်ဘေးကြီး .. ဟုတ်လား ၊ ခင်ဗျားက .. ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုကို ဆိုလိုတာလား "
တဖက်အသံပိုင်ရှင်က ပြော၏။
" မဟုတ်ဘူး ၊ သခင်ကြီး ထျန်းလုံ သေဆုံးသွားတဲ့အချိန်က ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု သေချာတောင် မစသေးဘူး ။ သူဆိုလိုတာ အဲ့ဒါ မဟုတ်ဘူး ၊ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုထက်တောင် ပိုဆိုးတဲ့ ကပ်ဘေးကြီးကို ပြောတာ "
အသံပိုင်ရှင်က ခေတ္တမျှ ရပ်နေပြီးမှ ဆက်ပြောသည်။
" သခင်လေးရဲ့အစွမ်းကို ကျုပ်ကရော လျှို့ဝှက်နဂါးကျောက်ပြားကရော အသိအမှတ် ပြုပါတယ် ။ ဒါပေမယ့် ကျုပ် မေးချင်တာ တစ်ခုတော့ ရှိတယ် ။ သခင်လေး အနေနဲ့ ထျန်းယွမ်ကမ္ဘာက လူတွေအတွက် ကာကွယ်တိုက်ခိုက်ပေးဖို့ ဆန္ဒရှိရဲ့လား "
လောထျန်းက ချက်ချင်း ခေါင်းညိတ်ကာ ပြန်ပြော၏။
" ဒါပေါ့ဗျ "
ဤလက်ရှိဘဝတွင် သူ ချစ်ခင် ဂရုစိုက်ရသည့် လူများအားလုံးက ထျန်းယွမ်ကမ္ဘာ၌ ရှိနေကြသည်ဖြစ်ရာ .. ထျန်းယွမ်ကမ္ဘာ ဖျက်ဆီးခံရမည့်အဖြစ်ကို သူ မည်သို့ ကြည့်နေနိုင်ပါမည်နည်း ။
အသံပိုင်ရှင်သည် ခေတ္တမျှ တိတ်နေပြီး နောက်မှသာ လောထျန်းက လိမ်နေခြင်းမဟုတ်ကြောင်း သေချာသွားဟန်ဖြင့် သက်ပြင်းချသည်။
ထို့နောက်တွင်မူ .. လောထျန်းရှေ့၌ ရှေးဟောင်းဓားတစ်လက် ရုတ်တရက် မျောလွင့်လာ၏။