မသေမျိုးဓားကို သန့်စင်ခြင်း
Vol. 23 Ch. 314
လောထျန်းက သူ့ရှေ့မှ ရှေးဟောင်းဓားကို ကြည့်ကာ တအံ့တသြ မေးလိုက်သည်။
" ဒါ အချိန်နဲ့နေရာ ဗိမာန် ဆိုတာလား "
တဖက်လူက ချက်ချင်း ရှင်းပြ၏။
" မဟုတ်ဘူး ၊ အဲ့ဒါက အချိန်နဲ့နေရာ ဗိမာန်အတွက် အဓိက သော့ချက်ပဲ ။ တကယ့် အချိန်နဲ့နေရာဗိမာန်အစစ်က နဂါးသင်္ချိုင်းမြေထဲမှာ သခင်ကြီး ထျန်းလုံနဲ့အတူ မြှုပ်နှံထားတယ် ။ ဒါပေမယ့် ဒီသော့ မပါဘဲ အချိန်နဲ့နေရာ ဗိမာန်ကို ဖွင့်လို့ မရဘူး "
ထိုစကားကို ကြားသောအခါ လောထျန်း အနည်းငယ် စိတ်လှုပ်ရှားသွား၏။
ပိုင်လန်ထျန်းက နဂါးသင်္ချိုင်းမြေထဲတွင် ထျန်းယွမ်ကမ္ဘာကို ဘေးဒုက္ခမှ ကာကွယ်ပေးနိုင်မည့် ရတနာတစ်ခု မြှုပ်နှံထားသည်ဟု သူ့အား ပြောခဲ့ပါသေးသည်။
သို့သော် ပိုင်လန်ထျန်းက ထိုတနာအကြောင်း သေချာ မရှင်းပြနိုင်ခဲ့ပါ။
ယခု ကြည့်ရသည်မှာ ထို ရတနာ ဆိုသည့်အရာက အချိန်နဲ့နေရာ ဗိမာန်ကို ရည်ညွှန်းခြင်း ဖြစ်ဟန်ပင် ။
သို့သော် ထိုရတနာကို ဖွင့်နိုင်မည့် သော့က လျှို့ဝှက်နဂါးကျောက်ပြား၌ ရှိနေမည်ဟု ပိုင်လန်ထျန်းတို့ လုံးဝ သိခဲ့ဟန်မတူပေ။
မြောက်များစွာသော မသေမျိုးများက ထိုတနာအား နှစ်ပေါင်များစွာကြာ ရှာဖွေခဲ့ကြသည့်တိုင် အစအနကိုပင် မတွေ့ခဲ့ကြသည်မှာ မထူးဆန်းတော့ပါ။
သူတို့ နေရာမှား၍ ရှာနေခဲ့ကြခြင်း ဖြစ်နေပါ၏။
" ဒီဓားကို ယူပြီး သန့်စင်လိုက်ပါ သခင်လေး။နောက်တစ်ခေါက် နဂါးသင်္ချိုင်းမြေ ဖွင့်တဲ့အချိန်မှာ ဒီဟာရဲ့ အနည်းဆုံး ၃၀ % လောက်ကို သန့်စင်ပြီးသား ဖြစ်နေမှ ရမယ် "
နဂါးအစောင့်အကြပ်ကြီးက ပြောလိုက်သည်။
သူ ထိုသို့သာ ပြောလိုက်ရသော်လည်း သူ့ရင်ထဲတွင်မူ သက်ပြင်း ကြိတ်ချလိုက်၏။
အဘယ့်ကြောင့်ဆိုသော် နောက်ထပ် နဂါးသင်္ချိုင်းမြေ ဖွင့်ရန် နှစ်ပေါင်း ရာကျော် လိုနေသေးသည်ကို သူ သိသောကြောင့် ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ .. ဤမျှ အချိန်ကြာကြာ ရသည့်တိုင် ထိုဓားကို ၃၀ % သန့်စင်ပြီးရန်မှာ အလွန်ခက်ခဲသည့် အရာတစ်ခု ဖြစ်နေဆဲပင် ။
သို့သော် .. ထိုစဥ် လောထျန်းက လက်ဆန့်ပြီး ဓားရိုးကို သေချာ ဆုပ်ကိုင်လိုက်၏။
ဝီ ..
စိတ်စွမ်းအင်များ ရုတ်ချည်းပင် တိုးလာကြသည်။
နဂါးအစောင့်အကြပ်ကြီးမှာ စစချင်း အံ့သြမှင်သက်နေသေးသော်လည်း တခဏအကြာတွင်မူ လောထျန်း ဘာလုပ်နေသည်ကို နားလည်သွား၏။
လောထျန်းက ဓားကို ယခုချက်ချင်း သန့်စင်နေခြင်းပင် ။
" သခင်လေး၊ ဒီကိစ္စက အလောတကြီး လုပ်လို့ မရဘူးနော် ။ အဲ့ဒီဓားက မသေမျိုးလက်နက်တစ်ခု ဖြစ်တာမို့ အချိန်တိုလေးအတွင်း သန့်စင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး "
သူ နားချလိုက်သော်လည်း ..
ဝီ .
ရုတ်တရက် .. ရှေးဟောင်းဓားဆီမှ စိတ်စွမ်းအင်အလင်းတန်းတစ်ခု တိုးထွက်လာသည်။
" ဟင် .. "
အစောင့်အကြပ်ကြီး အလွန်အံ့သြတူန်လှုပ်သွား၏။
ထိုသို့ စိတ်စွမ်းအင်အလင်းတန်း လင်းလက်လာရခြင်းမှာ ရှေးဟောင်းဓားကို အတိုင်းအတာတစ်ခုအထိ သန့်စင်ပြီးသွားပြီဆိုသည့် အဓိပ္ပါယ်ပင် ။
ယခုအတိုင်းဆိုလျှင် လောထျန်းက ဓားအား ရက်အနည်းငယ်အတွင်း သန့်စင်၍ ပြီးသွားနိုင်ပါသည်။
ထို့နောက်တွင်မူ ..
ချွှင် ..
ရှေးဟောင်ဓားမှ စိတ်စွမ်းအင်အလင်းတန်းများ ထပ်တိုးလာပြန်ပြီး ရှေးဟောင်း ဓားစိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာ၏။
လောထျန်းက လက်တစ်ဖက် ယမ်းလိုက်ရာ ရှေးဟောင်းဓားက လောထျန်းရှေ့တွင် လွင့်မျောပြီး သူ့ကို စိတ်ကျေနပ်အောင် ဖျော်ဖြေနေသည့်အလား တချွှင်ချွှင် အသံပေးလာသည်။
" ဒါ ... "
နဂါးအစောင့်အကြပ်ကြီး အံ့သြမှင်သက်သွားရပြန်တော့သည်။
ထို ရှေးဟောင်းဓားက သူ့လက်ထဲသို့ ရောက်နေခဲ့သည်မှာ နှစ်ပေါင်း မည်မျှ ကြာသွားပြီပင် မသိတော့ပါချေ။
ထို့ကြောင့် ၎င်းက မည်မျှ မောက်မာခက်ထန်သည်ကို သူ သေချာကြီး သိထားပါ၏။
သူ ထိုဓားအနားသို့ ကပ်ရန် ကြိုးစားလျှင်ပင် ၎င်းက သူ့အား တစ်ခါတစ်ရံ တိုက်ခိုက်တတ်ပါသေးသည်။
သို့သော် .. ဤမျှ မောက်မာခက်ထန်သည့် ဓားက ယခု လောထျန်း စိတ်ကျေနပ်အောင် ကြိုးစားနေသတဲ့လား ။
ထို့ထက်ပို အရေးကြီးသည်မှာ ... ဓားပေါ်မှ စိတ်စွမ်းအင်အလင်းတန်းကို ကြည့်ခြင်းအားဖြင့် ၎င်းက လုံးဝ သန့်စင်၍ ပြီးသွားခဲ့ပြီဖြစ်ကြောင်း သိသာနေခြင်း ဖြစ်ပါသည်။
အစပိုင်းတွင် သူသည် လောထျန်းအနေဖြင့် နှစ်ပေါင်း ရာကျော်အချိန်အတွင်း ဓား၏ ၃၀ % အား သန့်စင်၍ မပြီးမှာကို စိုးရိမ်နေခဲ့သေးပါ၏။
သို့သော် ယခုတွင်မူ .. ရှက်စရာပင် ကောင်းနေလေပြီ ။
သူ ပြောချင်နေသည့် စကားများ ပြော၍ မပြီးခင်မှာပင် လောထျန်းက ဓားကို အလုံးစုံ သန့်စင်၍ ပြီးသွားသတဲ့လား ။
ထိုစဥ် လောထျန်းက လက်ဆန့်ကာ ဓားကို ကိုင်လိုက်ပြီး လေထဲတွင် အကြိမ်အနည်းငယ် ဝေ့ယမ်း၏။ ဓားစိတ်ဆန္ဒက ချက်ချင်း တိုးထွက်လာသည်။
လေထုတစ်ခုလုံးလည်း ပြင်းထန်စွာ စတင်တုန်ခါလာ၏။
" သခင်လေး ၊ ထိန်းပါဦး ဗျာ။ ဒီတိုင်း ဆက်လုပ်နေလို့ရှိရင် လျှို့ဝှက်နဂါးကျောက်ပြားကြီး လုံးဝ ပျက်စီးသွားလိမ့်မယ် "
နဂါးအစောင့်အကြပ်ကြီးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
" အိုး .. တောင်းပန်ပါတယ်ဗျာ ၊ ကျုပ် မေ့သွားတယ် "
သူ့အသံကို ကြားမှသာ လောထျန်း ချက်ချင်း လက်ပြန်ရုတ်လိုက်၏။
ထို့နောက် လောထျန်းက မေးသည်။
" ဒါဆို အခု ကျုပ် နဂါးသင်္ချိုင်းမြေကို သွားလို့ ရပြီလား "
နဂါးအစောင့်အကြပ်ကြီးက အံ့အားသင့်သွာ ပြန်ပြော၏။
" ရတာပေါ့ ၊ သခင်လေးက ဓားကို အလုံးစုံ သန့်စင်ပြီးသွားပြီဆိုတော့ အချိန်နဲ့နေရာ ဗိမာန်ကို ဖွင့်နိုင်ဖိူ့ကလဲ ၁၀၀ % သေချာသွားပြီ "
" ဒါပေမယ့် .. အဲ့မတိုင်ခင် ကျုပ် သခင်လေးကို မေးစရာ တစ်ခုတော့ ရှိသေးတယ် "
အစောင့်အကြပ်ကြီးက အလေးနက် ဟန်ဖြင့် ပြောလာသည်။
" မေးပါဗျာ "
လောထျန်းက ပြန်ပြော၏။
နဂါးအစောင့်အကြပ်ကြီးက အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီးမှ ပြန်ပြောသည်။
" ကျုပ်တို့ သခင်ကြီး ထျန်းလုံ တစ်ခါ ပြောခဲ့တာတော့ အချိန်နဲ့နေရာ ဗိမာန်ထဲမှာ ကျုပ်တို့ နဂါးမျိုးနွယ် ပြန်ရှင်သန်နိုင်မယ့် မျှော်လင့်ချက်ကိုလဲ ချန်ထားခဲ့တယ်တဲ့ ။ ဒီတော့ သခင်လေးအနေနဲ့ အချိန်နဲ့ နေရာ ဗိမာန်ကို ဖွင့်တဲ့အခါ ကျုပ်တို့နဂါးမျိုးနွယ်ကို ကူညီပေးနိုင်မလား "
လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြော၏။
" ကူညီပေးရမှာပေါ့ဗျာ ။ ကျုပ်က ခင်ဗျားရဲ့ ပစ္စည်းတွေကို ယူခဲ့တာဆိုတော့ ကျုပ်ဘက်က ခင်ဗျားကို အကြွေးတင်နေတယ်လေ ။ အဲ့တော့ နဂါးမျိုးနွယ်စုကို ပြန်အသက်သွင်းပေးဖို့က ကျုပ် တာဝန်ပေါ့ဗျာ "
သူ့စကားကြောင့် နဂါးအစောင့်အကြပ်ကြီး အလွန်ကျေးဇူးတင်သွားရသည်။
ထို့နောက်တွင် .. လောထျန်းရှေ့၌ ရှေးဟောင်းမြေပုံတစ်ခု မျောလွင့်လာ၏။
" သခင်လေး ၊ အဲ့ဒါ နဂါးသင်္ချိုင်းမြေရဲ့ အသေးစိတ် မြေပုံပဲဗျ ။ အဲ့ထဲမှာ ရနိုင်တဲ့ အခွင့်ကောင်းတွေကိုရော ၊ မမြင်ရတဲ့ အန္တရာယ်တွေကိုရော ကျုပ် သေချာ မှတ်ထားတယ် ။ ဒီ မြေပုံနဲ့ဆို သခင်လေး နဂါးသင်္ချိုင်းမြေကနေ အဖိုးတန်အရာတွေ အများကြီး ရနိုင်မှာ သေချာတယ် "
လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကာ မြေပုံကို ယူလိုက်သည်။
" ကျေးဇူးအများကြီး တင်ပါတယ်ဗျာ "
" နှုတ်ဆက်ပါတယ် သခင်လေး "
ထို့နောက်တွင်မူ ... အားတစ်ခုက လောထျန်း၏ အသိစိတ်အား အပြင်သို့ ပြန်တွန်းပို့လိုက်ရာ သူ့ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားသည်။
ပြီးနောက်တွင်ကား .. လောထျန်း လျှို့ဝှက်ကျောက်ပြားရှေ့သို့ ပြန်ရောက်သွား၏။
ထိုစဥ် လျှို့ဝှက်နဂါးကျောက်ပြားမှ ရွှေရောင် နဂါးအစွမ်း အလင်းတန်းတစ်ခု လင်းလက်နေပြီး ကောင်းကင်နှင့် မြေကြီးသို့ပင် ထိုးဖောက်နေပါသည်။
သူ့ရှေ့တွင်ကား ရှေးဟောင်းဓားတစ်လက်နှင့် မြေပုံတစ်ခု ရှိနေ၏။
ထိုအချိန်တွင် အနီးတဝိုက်မှ မြောက်များစွာသော မျက်လုံးများကလည်း ထိုအရာနှစ်ခုကို သေချာ စိုက်ကြည့်နေကြသည်။
၎င်းတို့မှာ မည်သည့်အရာများ ဖြစ်သည်ကို သူတို့ သေချာ မသိကြသော်လည်း ထိပ်တန်းအဆင့် အရာများ ဖြစ်သည်မှာ သံသယ ဝင်စရာ မလိုပါချေ။
၎င်းအရာများက လျှို့ဝှက်နဂါးကျောက်ပြားမှ ရွှေရောင်နဓါးအစွမ်အတွက် ပေးလာသည့် ဆုများ မဟုတ်ပါလား ။
သူ့ဘေးမှ လူများ၏ မနာလို ဝန်တိုမှုနှင့် လောဘကို လောထျန်း ချက်ချင်းပင် ခံစားမိလိုက်သည်။
ထို့ထက်မက ဆိုးသည့် အကြံအစည်များပါ ရှိနေကြသည်ကိုလည်း လောထျန်း သတိထားမိလိုက်ပါသေး၏။
သို့သော် .. သူ သိပ်ဂရုမစိုက်လှဘဲ ထိုအရာနှစ်ခုကိုသာ သူ့ဟင်းလင်းပြင်လက်စွပ်ထဲ သိမ်းလိုက်သည်။ ထို့နောက် လေထဲသို့ ပျံတက်ကာ သူ့ မူလနေရာသို့ ပျံသန်းသွား၏။
" နဂါးမျိုးနွယ်ရဲ့ ရတနာကို ရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် သခင်လေးလောထျန်း "
ရွှေယွဲ့ချီက လောထျန်းအား ဆီးကြိုပြောလာသည်။
" ဟင် .. "
လောထျန်းက တုန့်ပြန်သည့်အနေဖြင့် ခပ်တိုးတိုးသာ ရေရွတ်၏။
ထို့နောက် သူ ချူကျန့်ဘက် လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် ချူကျန့်မှာ အလွန်မျက်နှာပျက်နေပြီး သူ့မျက်နှာထက်မှ မောက်မာခက်ထန်မှုများ လုံးဝ ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သည်။
" ချူကျန့် .. လောင်းကြေးထပ်တာမှာ ဘယ်သူနိုင်သွားလဲ "
လောထျန်းက သူ့ကို ကြည့်ကာ မေးခွန်းထုတ်၏။
ချူကျန့်မှာ အချိန်အတန်ငယ်ကြာ တုန့်ဆိုင်းနေပြီးမှသာ အောင့်သက်သက်ပြုံး၍ ပြန်ပြောလာသည်။
" ကောင်းပါပြီ ၊ ကတိပေးထားတဲ့အတိုင်း ငါ့အရှုံးကို ဝန်ခံပါတယ် ။ ခုချိန်က စပြီးတော့ ချူကျန့်ဆိုတဲ့ ကျုပ်က သခင်လေးလောထျန်းရဲ့ သစ္စာခံ တစ်ယောက်အဖြစ် နေပါ့မယ် "
သူ့စကားဆုံးသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။
" မဖြစ်နိုင်တာ ..ကျန့်ဟွမ်တောင်ရဲ့ နတ်ဘုရားသားတော် တစ်ယောက်က တခြားတစ်ယောက်ရဲ့ သစ္စာခံအဖြစ် နေဖို့ တကယ်ကြီး သဘောတူလိုက်တာလား .. "
" ဒါ .. တော်တော်ကြီးတဲ့ သတင်းပဲကွ ။ ဒီကိစ္စသာ အပြင်ကို ရောက်သွားရင် အလယ်ပိုင်းဒေသ တစ်ခုလုံးကိုတောင် လှုပ်ခတ်သွားနိုင်တယ် "
" ကျန့်ဟွမ်တောင်က နတ်ဘုရားသားတော် တစ်ယောက်က မြောက်ပိုင်းဒေသက လူတစ်ယောက်ကို တကယ်ကြီး သစ္စာခံလိုက်တာပဲ ။ ဒီကိစ္စကို ကျန့်ဟွမ်တောင်က အရင်ဆုံး ကန့်ကွက်မယ်နဲ့တူတယ် ။ ဒီတိုင်းဆို .. ကျန့်ဟွမ်တောင်နဲ့ မြောက်ပိုင်းဒေသကြားမှာ တိုက်ပွဲကြီးတောင် ဖြစ်လာနိုင်တယ်ကွ "
အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
လောထျန်းမှာမူ အနည်းငယ် အံ့အားသင့်နေ၏။
သူသည် အစက ချူကျန့်ဘက်မှ တာဝန်မယူသည့် အနေဖြင့် ဉာဏ်နီဉာဏ်နက် သုံးပြီး သူတို့နှစ်ယောက်လုံးရွှေရောင်နဂါးအစွမ်း ရခဲ့ကြသည်ဟု ပြောလာမည်ဟုပင် ထင်ထားခဲ့ပါသည်။
သို့သော် .. မျှော်လင့်မထားစွာပင် ထိုလူက သူ့စကားသူ တာဝန်ယူကာ သဘောတူလာသတဲ့လား ။
ထိုလူငယ်က စိတ်ဓာတ်ဖြောင့်မတ်သည့် သူပင် ။
" သိပ်ကောင်းတယ် ၊ ခုချိန်ကစပြီးတော့ မင်း ငါနဲ့အတူ လိုက်ခဲ့လို့ရတယ် ။ အချိန်ကျရင်လဲ ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုကို အပြောင်ရှင်းတဲ့အခါ မင်းကိုပါ ခေါ်သွားမယ် "
လောထျန်းက ပြောလိုက်သည်။
သူ့စကားကို ကြားသည်နှင့် ချူကျန့်၏ မျက်လုံးများ အရောင်လက်သွား၏။
" သခင်လေးကရော အဲ့လို ရည်ရွယ်ချက် ရှိနေခဲ့တာလား "
လောထျန်းက ခေါင်းညိတ်ပြကာ ပြန်ပြောလိုက်သည်။
" ဒါပေါ့ကွ "
သူသည် အစောပိုင်းက ချူကျန့်အား သူ့သစ္စာခံ လုပ်ရန် လောင်းကြေးထပ်ခဲ့ရခြင်းမှာလည်း ချူကျန့်၏ ကောင်းကင်ဘုံပျက်စီးခြင်း ၉ ခုအပေါ် ထားသည့် သဘောထားကို သဘောကျခဲ့၍ ဖြစ်ပါသည်။
ထိုစကားကို ကြားသောအခါ ချူကျန့်က အသံထွက်၍ အော်ရယ်ပြီး ကျေနပ်စွာ ပြောလိုက်သည်။
" ကောင်းတယ်ဗျာ ၊ ဒါဆိုရင် ကျုပ် သခင်လေးကို သစ္စာခံဖို့ ကျေကျေနပ်နပ် သဘောတူပါတယ်။ ကျုပ် ကျင့်ကြံထားရတာတွေကလဲ အချည်းနှီး မဖြစ်တော့ဘူး "
အမှန်တိုင်း ဆိုရပါက သူ ကျန့်ဟွမ်တောင်တွင် အလွန် အထီးကျန်ခဲ့ရပါသည်။
အဘယ့်ကြောင့်ဆိုသော် ကျန့်ဟွမ်တောင်မှ အခြားသူများ အားလုံးက ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခုအပေါ် အမြဲတမ်း ဂရုမစိုက်သည့်ပုံ ပြနေခဲ့သောကြောင့်ပင် ။
ယခုတွင်မူ .. သူနှင့် ရည်မှန်းချက်ချင်း တူသည့် လောထျန်းနှင့် တွေ့ခဲ့ရလေပြီ ။သူ့ရင်ထဲတွင် ရှိနေခဲ့သည့် သံသယနှင့် မကျေနပ်မှုများလည်း ချက်ချင်းပင် ပျောက်ကွယ်သွားပြီး လောထျန်းအား ရင်းရင်းနှီးနှီး မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်လိုက်၏။
သူတို့ နှစ်ဦး ထိုသို့ ပြောနေကြစဥ်မှာပင် ..
ဝီ ..
ခပ်လှမ်းလှမ်းရှိ လျှို့ဝှက်နဂါးကျောက်ပြားဆီမှ အသံတစ်သံ ထွက်လာသည်။