နောက်ထပ် ပါရမီရှင်တစ်ယောက်
Vol. 23 Ch. 315
အားလုံး လျှို့ဝှက်နဓါးကျောက်ပြားအား လှည့်ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ကျောက်ပြားမှ ရွှေရောင်နဂါးအစွမ်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်နေ၏။
ကျောက်ပြားရှေ့တွင်ကား အမည်းရောင် ဝတ်ရုံနှင့် လူတစ်ယောက် ရပ်နေသည်။
ကျောက်ပြားမှ နဂါးအစွမ်းက ထိုလူကြောင့် ဖြစ်ပေါ်လာမှန်း သိသာပါ၏။
" ငါ အမြင်မှားနေတာ များလားကွာ ။ ဒါ .. ရွှေရောင်နဂါးအစွမ်း မဟုတ်လား "
" ဒီ လျှို့ဝှက်နဂါးကျောက်ပြားက တစ်ခုခု မှားနေတာများလား "
" အရင်ကဆို နှစ် ရာပေါင်းများစွာကြာမှ ရွှေရောင်နဂါးအစွမ်းကို လှုပ်နှိုးနိုင်တဲ့သူ တစ်ယောက်လောက် ပေါ်လာတတ်တာ။ ဒီနေ့က တစ်ရက်တည်း သုံးယောက်တောင် ပေါ်လာတာပါလား "
" အဲ့လူက ဘယ်သူလဲ "
အားလုံးက ထိုလူအား တအံ့တသြ ကြည့်လိုက်ကြသည်။ သို့သော် သူ့အား မည်သူကမှ မမှတ်မိပါချေ။
ထိုအချိန်တွင် .. ထိုအမည်းရောင်ဝတ်ရုံနှင့်လူက ရုတ်တရက် လောထျန်းဘက် လှည့်လာပြီး သွေးနီရောင် တောက်နေသော မျက်လုံးများဖြင့် သူ့အား စူးစူးရဲရဲ စိုက်ကြည့်လာသည်။
သူ့ကိုယ်မှ ထွက်နေသည့် လူသတ်အရိပ်အငွေ့မှာလည်း သိပ်သည်းလွန်း၍အစိုင်အခဲအဖြစ် ပြောင်းလုမတတ်ပင် ဖြစ်နေ၏။
သူ့အသွင်မှာ လောထျန်းအား အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် လုပ်ချင်နေဟန်ပင် ။
လောထျန်းမှာ ထိုလူကို ကြည့်ကာ အံ့အားသင့်နေပြီး အဘယ့်ကြောင့် သူ့အား ထိုသို့ ကြည့်နေရသည်ကိုလည်း နားမလည်နိုင် ဖြစ်နေသည်။
ထိုလူက မည်သည့်အတွက် သူ့အပေါ် ဤမျှ မုန်းတီးဟန် ပေါက်နေရပါသနည်း။
သူကမူ ထိုလူအား လုံးဝ မသိပါချေ။
" သခင်လေး .. ကျုပ် မူးဝေဝေ ဖြစ်လာပြန်ပြီ "
ထိုအချိန်တွင် ဘုရင်ကျင်းဖန်က ပြောလာသည်။
" ဟင် .. ဘာဖြစ်လို့လဲ "
လောထျန်းက တအံ့တသြ ပြန်မေး၏။
ဘုရင်ကျင်းဖန်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးမှ ပြန်ပြောသည်။
" ကျုပ်ကိုယ်ထဲက မသထီစရာ ကောင်းတာတစ်ခုခုက လာပြီး အကျိုးသက်ရောက်နေသလို ခံစားနေရတယ်ဗျ ။ ဟိုတစ်ခါ သခင်လေး ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ သွားပြိုင်တုန်းက ခံစားခဲ့ရတဲ့ပုံမျိုးပဲ "
ထိုနေ့က ထျန်ရှန့်နိုင်ငံ၏ မြို့တော်သို့ ဝင်ခါနီးတွင် ဘုရင်ကျင်းဖန်ကို အစွမ်းတစ်ခုက ရုတ်တရက် ဖိနှိပ်လာပြီး မြို့ထဲသို့ မဝင်နိုင် ဖြစ်ခဲ့ရသည်ကို လောထျန်း ပြန်အမှတ်ရသွားသည်။
ထိုအချိန်က ဖိနှိပ်မှု၏ အရင်းမြစ်ကို သူ ရှာမတွေ့ခဲ့ပါချေ။ ယခု ..မမျှော်လင့်ဘဲ ထိုအဖြစ်မျိုး ထပ်ဖြစ်လာခဲ့ပြန်လေပြီ ။
" ဘယ်လိုလဲ .. ဖိနှိပ်အစွမ်းကို မင်း ခံနိုင်ရဲ့လား "
လောထျန်း မေးလိုက်သည်။
ဘုရင်ကျင်းဖန်က ခေါင်းညိတ်ကာ ပြန်ပြော၏။
" အဆင်ပြေတယ်သခင်လေး ၊ ဖိနှိပ်ခံထားရတယ် ဆိုပေမယ့် ကျုပ် ခုခံနိုင်နေပြီ "
လက်ရှိတွင် ဘုရင်ကျင်းဖန်မှာ ထျန်းရှန့်နိုင်ငံသို့ သွားခဲ့စဥ် အချိန်ကထက် များစွာ ပိုအစွမ်းထက်နေခဲ့လေပြီ ။
ထို့ကြောင့် သူ ဖိနှ်ပ်မှုကိုလည်း ခံနိုင်ရည် ရှိနေခဲ့ပြီဖြစ်သည် ။
လောထျန်းက ခေါင်းအသာ ညိတ်လိုက်ပြီး အမည်းရောင် ဝတ်ရုံနှင့် လူအား ထပ်ကြည့်လိုက်သည်။
ထိုအချိန်တွင် တဖက်လူ၏ လူသတ်အရိပ်အငွေ့မှာ များစွာ တိုးနေခဲ့ပြီဖြစ်ပြီး အချိန်မရွေး တိုက်ခိုက်လိုက်တော့မလိုပင် ဖြစ်နေပါ၏။
သူ့ကို ကြည့်ကာ လောထျန်း အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
သို့သော် သူ ထိုလူ့ကို ကြောက်၍ မဟုတ်ပါချေ ။ သူတို့ နှစ်ယောက်ကြားတွင် တိုက်ပွဲ ဖြစ်သွားခဲ့ပါက ဤနေရာအား ဖျက်ဆီးလိုက်သလို ဖြစ်မည်ကို စိုးသောကြောင့် ဖြစ်ပါ၏။
ကံကောင်းစွာပင် တဖက်လူက လောထျန်းအား အချိန်အတန်ကြာ စိုက်ကြည့်နေပြီး နောက် ရုတ်တရက် အခြားဘက်လှည့်၍ ထွက်ခွာသွားသည်။
" ဒီလူက .. "
လောထျန်း မှာ ထွက်ခွာသွားသော အမည်းရောင်ဝတ်ရုံနှင့် လူ၏ နောက်ကျောကို ကြည့်နေရင်း ထိုလူ မည်သူမှန်း ဝေခွဲမရနိုင် ဖြစ်နေ၏။
" အဲ့လူက မင်းတို့ ကျုံ့ကျိုးကလား "
လောထျန်းက သူ့ဘေးတွင် ရှိနေကြသည့် ရွှေယွဲ့ချီနှင့် ချူကျန့်တို့ဘက် လှည့်ကာ မေးလိုက်သည်။
ထိုနှစ်ယောက်က တစ်ပြိုင်တည်းနီးပါးပင် ခေါင်းယမ်းပြပြီး ပြန်ပြော၏။
" ကျုပ် သူ့ကို မသိဘူးဗျ "
" ဟင် .. မင်းတို့တောင် မသိကြဘူးလား "
လောထျန်း အံ့အားသင့်သွားရသည်။
ရွှေယွဲ့ချီက မျက်မှောင်အနည်းငယ် ကြုံ့ကာ ပြော၏။
" ရွှေရောင်နဂါးအစွမ်းကို လှုပ်နှိုးနိုင်တဲ့သူ ဆိုတော့ တော်တော်လေး ပါရမီထူးတယ်လို့ ပြောရမယ် ။ တကယ်ဆို .. အဲ့လို လူကို ကျွန်မ သိနေသင့်တာ ၊ ဒါပေမယ့် အခု .. လုံးဝ မသိဘူး ဖြစ်နေတယ် "
ချူကျန့်ကလည်း ပြောသည်။
" ကျုပ်လဲ သူ့ကို အရင်က တစ်ခါမှ မမြင်ဖူးဘူး ။ ဒါပေမယ့် သူ့ပုံစံကို ကြ ည့်ရတာ .. တော်တော်လေး အန္တရာယ်များတဲ့လူလို့ ခံစားရတယ် ။ ပြီးတော့ သူက သခင်လေးကိုလဲ တော်တော်ရန်လိုနေတဲ့ပုံပဲ "
ထို့နောက် ချူကျန့်က ပြောလက်စကို ခဏရပ်ပြီး လောထျန်းကို ကြည့်ကာ စိုးရိမ်နေသည့် မျက်နှာဖြင့် မေး၏။
" သခင်လေး လောထျန်း ၊ သခင်လေးနဲ့အတူ ကာကွယ်ပေးမယ့် အစောင့်အကြပ် ပါခဲ့လား ။ အဲ့လူက ဘယ် ကျင့်ကြံခြင်းအဆင့်မှာလဲ "
လောထျန်းက ပြန်ပြောသည်။
" ဘယ်သူမှ မပါလာဘူး ၊ အခု ဒီမှာ ရှိနေတာ လူစုံပဲ "
ချူကျန့် မျက်မှောင်ကြုံ့သွားပြီး ပြောသည်။
" ဒါဆိုရင် .. သခင်လေးကို နဂါးသင်္ချိုင်းမြေထဲ မဝင်ဖို့ ကျုပ် အကြံပေးချင်တယ် "
" ဟင် ..ဘာဖြစ်လို့လဲ "
လောထျန်းက တအံ့တသြ ပြန်မေး၏။
ချူကျန်က ပြန်ပြောသည်။
" လျှို့ဝှက်နဂါးကျောက်ပြားကြောင့်ပေါ့ဗျာ ။ အခုဆို သခင်လေးဆီမှာ နဂါးမျိုးနွယ်ရဲ့ ရတနာ ရှိမှန်း အားလုံးက သိနေကြပြီလေ ။ ဒီ ကျွန်းမှာ ရှိနေတဲ့ လူတွေရဲ့ တစ်ဝက်လောက်က သခင်လေးကို ပစ်မှတ်ထားနေကြလောက်ပြီ .. "
" သူတို့တွေက အခု မတိုက်ခိုက်လောက်သေးဘူး ဆိုပေမယ့် နဂါးသင်္ချိုင်းမြေထဲကို ရောက်တာနဲ့ ချက်ချင်း လှုပ်ရှားကြမှာ သေချာတယ် ။ အဲ့ကျရင် ကောင်ကင်ဘုံ တံခါးဝအဆင့်က အစွမ်းထက် ကျင့်ကြံသူတွေအများကြီး သခင်လေးကို တိုက်ခိုက်လာကြမှာပဲ ။ အဲ့ထက် ပိုအစွမ်းထက်တဲ့ သူတွေတောင် ရှိနိုင်သေးတယ် "
လောထျန်း အံ့အားသင့်သွားကာ ချက်ချင်း ပြန်မေး၏။
" ပိုအစွမ်းထက်တဲ့သူတွေ .. ကျုပ် ကြားတာတော့ ဒီနေရာက မသေမျိုးအစွမ်းရဲ့ ဒဏ်ကို မခံနိုင်ဘူးဆို "
ချူကျန့်က ခေါင်းညိတ်ကာ ပြန်ဖြေသည်။
" ဟုတ်တယ်ဗျ ၊ တကယ့် မသေမျိုးအဆင့်ကို ရောက်ထားတဲ့သူရဲ့ ခန္ဓာကိုယ်မှာက မသေမျိုးအစွမ်းတွေ အပြည့်ဖြစ်နေတာ ။ အဲ့လို လူတစ်ယောက်က ဒီနားကို ကပ်တာနဲ့ လေထုတစ်ခုလုံး ပြိုကျသွားလိမ့်မယ် "
" ဒါပေမယ့် နှစ်တွေအများကြီး ကြာလာတဲ့ အချိန်မှာတော့ အင်အားကြီးတဲ့ အဖွဲ့တွေကလဲ နည်းလမ်းတွေ အမျိုးမျိုး ရှာတွေ့လာကြတယ် "
" ဥပမာ ပြောရရင်တော့ .. တချို့က မသေမျိုးအစွမ်း ပါဝင်တဲ့ မှော်လက်နက်တွေ၊ ပစ္စည်းတွေကို သူတို့ရဲ့ ဟင်းလင်းပြင်လက်စွပ်ထဲမှာ ဖွက်ပြီး သယ်လာတတ်ကြတယ် ။ တချို့ကျတော့လဲ မသေမျိုးလက်နက်တွေကို သယ်လာကြတာပဲ "
" အဲ့ထက် ပိုဆိုးတာက .. တချို့ဆို မသေမျိုးအဆင့်ရှိတဲ့ သူတို့ဘိုးဘေးရဲ့ ကိုယ်ပွားပုံရိပ်ကိုပါ သယ်လာတတ်ကြသေးတယ် "
" ပြီးတော့ ကျုပ်တို့တွေ ..နဂါးသင်္ချိုင်းမြေထဲ ရောက်သွားတာနဲ့ ဘာကန့်သတ်ချက်မှ မရှိတော့ဘူးဗျ ။ အဲ့ကျရင် လူတွေက သူတို့ ဖွက်ယူလာတာတဲ့ အစွမ်းထက်ပစ္စည်းတွေနဲ့ တိုက်ခိုက်ကြတော့တာပဲ "
ထိုစကားကို ကြားသောအခါ လောထျန်းက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
" အဲ့လိုလား .. ကောင်းတာပေါ့ "
လောထျန်း၏ တုန့်ပြန်ပုံကြောင့် ချူကျန့်တစ်ယောက် ပို၍ပင် မျက်မှောင်ကြုံ့သွား၏။
သူ့ဘေးမှ ရွှေယွဲ့ချီက ဝင်ပြောသည်။
" အကိုချူ ၊ သခင်လေးလောထျန်းက တစ်ခါက မသေမျိုးအဆင့်ရှိတဲ့ မိုးကြိုးဘုရင်ကို သူ့လက်နဲ့ သတ်ခဲ့ဖူးတယ်ရှင့် "
ချူကျန့်ကမူ သူမ၏စကားကို မယုံဘဲ နောက်နေသည် အထင်ဖြင့် နှုတ်ခမ်းမဲ့သွား၏။
သို့သော် လောထျန်းက အလွန်တည်ငြိမ်နေသည့်အတွက် သူ့ကိုယ်သူ ကာကွယ်မည့် နည်းလမ်း ရှိသည်ဟု ယူဆကာ သူ ဘာမှ ထပ်မပြောတော့ချေ ။
ထိုနေ့ နောက်ပိုင်းတွင် လူပေါင်း မြောက်များစွာပင် လျှို့ဝှက်နဂါးကျောက်ပြားသို့ သွားခဲ့ကြပြီး သူတို့ အစွမ်းကို စမ်းသပ်ခဲ့ကြပါ၏။
သို့သော် အားလုံးထဲမှ အစွမ်းအထက်ဆုံး သူသည်ပင် အပြာရောင် နဂါးအစွမ်းကိုသာ လှုပ်နှိုးနိုင်ခဲ့ပါသည်။
ပုံမှန်ဆိုလျှင် ထိုရလဒ်က လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားအောင် လုပ်နိုင်မည် ဖြစ်သော်လည်း ...
ယခုတစ်ကြိမ်တွင် အစွမ်းထက်သူ ပါရမီရှင်များ များစွာ ဖြစ်နေသဖြင့် အပြာရောင်နဂါးအစွမ်းလောက်ကို လူမျာ အထင်မကြီးကြတော့ပေ။
ထိုနေ့အတွင်း လောထျန်းနှင့် ချူကျန့်တို့အား မိတ်ဆွေလာဖွဲ့ကြသူများလည်း များစွာပင် ရှိပါသည်။
ရွှေရောင်နဂါးအစွမ်းကို လှုပ်နှိုးနိုင်သူများက ကမ္ဘာပေါ်မှ မသေမျိုး ဖြစ်လာနိုင်ချေ များပေရာ ယခု သူတို့နှင့် မိတ်ဆွေလုပ်ထားရမည့် အခွင့်အရေးကို လက်လွတ်မခံချင်ကြသည်မှာ မဆန်းပေ ။
လောထျန်းက မိတ်ဆွေလာဖွဲ့သူများကို အေးအေးဆေးဆေးပင် လက်ခံစကားပြောပြီး လက်ဆောင်များလည်း အတော်အတန်ပင် ရခဲ့၏။
သို့သော် ရှယန်ယွိနှင့် ရှန့်မင်တို့ကမူ လောထျန်းက ရွှေရောင်နဂါးအစွမ်းကို လှုပ်နှိုးပြီးသည့်နောက်ပိုင်း အလွန်အရှက်ရနေဟန်ဖြင့် ထွက်သွားခဲ့ကြပြီး လောထျန်းရှေ့သို့ ထပ်ပေါ်မလာကြတော့ပေ။
တဖက်တွင် အမည်းရောင်ဝတ်ရုံ ဝတ်ထားသော လူနှင့် မိတ်ဆွေဖြစ်ရန် ကြိုးစားခဲ့ကြသူများလည်း များစွာပင် ရှိပါသည်။
သို့သော် .. ထို အမည်းရောင်ဝတ်ရုံနှင့်လူ အနားသို့ ကပ်သွားသည့် ပထမဆုံးသူမှာ အဆိပ်ခတ်ကာ အသတ်ခံခဲ့ရပါ၏။
၎င်းမှာ ထိုလူ၏ လုပ်ရပ်မှန်း မည်သူမှ သက်သေမပြနိုင်သော်လည်း .. ထိုလူလက်ချက်မှ လွဲ၍ အခြားမရှိသည်ကို အားလုံး သိလိုက်ကြပါသည်။
ထိုကိစ္စဖြစ်ပြီးနောက်ပိုင်း အားလုံးက သူနှင့် ခပ်ဝေးဝေးတွင်သာ နေကြတော့၏။
ဤသို့ဖြင့် တစ်နေ့တာက လျှင်မြန်စွာပင် ကုန်ဆုံးသွားခဲ့ပြီး နောက်တစ်နေ့မနက်သို့ ရောက်လာခဲ့သည်။
ဝုန်း ..
ရုတ်တရက် သူတို့အထက် ကောင်းကင်ယံမှ တုန်ခါသံများ ထွက်ပေါ်လာပြီး .. ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု ထွက်ပေါ်လာ၏။
" နဂါးသင်္ချိုင်းမြေကို သွားတဲ့ လမ်းကြောင်း ပေါ်လာပြီဟေ့ "
လူအုပ်ကြီး တအံ့တသြ ရေရွတ်လိုက်ကြသည်။
လောထျန်းသည်ပင် မနေနိုင်ဘဲ ခေါင်းမော့ကြည့်လိုက်၏။
" ဟား ဟား .. ငါ အရင်ဆုံး ဝင်မယ် "
လူအုပ်ထဲမှ အဘိုးအိုတစ်ယောက်က ကျယ်လောင်စွာ အော်ရယ်ကာ လေထဲသို့ ချက်ချင်း ပျံတက်လိုက်သည်။
ထို့နောက်တွင်မူ ကျန်လူများလည်း အသိဝင်လာကြကာ ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် အလျင်စလို ဝင်သွားကြ၏။
" သခင်လေး လောထျန်း ၊ ကျုပ်လဲ ရှေ့က ဝင်နှင့်မယ်နော် "
ချူကျန့်က ပြောလာသည်။
လောထျန်း ခေါင်းညိတ်ပြလိုက်၏။
" သွားပါ "
ထို့နောက်တွင်မူ လောထျန်းက ဖြည်းဖြည်းချင်း ထရပ်ကာ နဂါးသင်္ချိုင်းမြေထဲသို့ ဝင်ရန် ပြင်လိုက်သည်။
" သခင်လေး လောထျန်း ၊ တစ်ခုခုတော့ မှားနေပြီဗျ ။ နဂါးမျိုးနွယ်ရဲ့ အငွေ့အသက်ကို ကျုပ် လံဝ အာရုံခံလို့ မရဘူး ဖြစ်နေတယ် "
ထိုစဥ် ရှောက်လုံ၏ တုန်ယင်နေသောအသံက သူ့နားထဲသို့ ရောက်လာသည်။