နဂါးသင်္ချိုင်းဂူ
Vol. 23 Ch. 316
လောထျန်း မျက်မှောင်ကြုံ့သွား၏။ မည်သို့ဖြစ်နေသည်ကိုလည်း သူ နားမလည်နိုင်တော့ပါချေ ။
သို့သော် ဤနေရာသို့ပင် ရောက်နေခဲ့ပြီဖြစ်ရာ .. အခွင့်အရေးကိုလည်း လက်လွတ် မခံနိုင်ပါ ။
" အရင်ဆုံး အထဲဝင်ပြီး ဘာတွေဖြစ်နေလဲ သွားကြည့်ကြတာပေါ့ "
လောထျန်းက ထိုသို့ ပြောပြီး သူ့လူများကို ခေါ်ကာ နဂါးသင်္ချိုင်းမြေထဲသို့ ဝင်လိုက်သည်။
" နတ်ဘုရားမလေး "
ထိုအချိန်တွင် ပါးရေတွန့်နေသည့် အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်က ရွှေယွဲ့ချီဘေးတွင် ရုတ်တရက် ပေါ်လာ၏။
" ကျွန်မတို့လဲ သွားကြစို့ "
ရွှေယွဲ့ချီက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
သူမက ထိုသို့ ပြောပြီးသည်နှင့် အဆောင်တစ်ခုကို ထုတ်ကာ လေထဲသို့ ပစ်လိုက်ပြီး သူမတစ်ကိုယ်လုံးကို ကာကွယ်ထားလိုက်၏။
သူမ၏ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သော်လည်း ဤနည်းလမ်းဖြင့် နဂါးသင်္ချိုင်းမြေမှ အငွေ့အသက်ကို ကာကွယ်နိုင်ပါသည်။
နဂါးသင်္ချိုင်းမြေမှ အရောင်အဝါကို ကျင့်ကြံခြင်း အဆင့်နိမ့်သည့် လူများအနေဖြင့် ခံနိုင်ရန် မဖြစ်နိုင်ပေရာ ...
အခြားအဖွဲ့များမှ လူငယ်အများစုမှာလည်း ထိုနည်းလမ်းကိုပင် သုံးကြပါ၏။
သို့သော် .. လုံလောက်သည့် ကျင့်ကြံခြင်းအဆင့် မရှိသည့်တိုင် အဆင့်မြင့် မှော်လက်နက် ရှိသူများ နှင့် မသေမျိုးအစွမ်း ရှိထားသူများကမူ ၎င်းကို ဂရုစိုက်စရာ မလိုပါချေ။
ဤသို့ဖြင့် မကြာမီမှာပင် အားလုံးက နဂါးသင်္ချိုင်းမြေထဲသို့ ရောက်သွားကြတော့သည်။
လောထျန်းတို့ လူစုမှာလည်း ဝင်ပေါက်မှ တဆင့် နဂါးသင်္ချိုင်းမြေထဲသို့ ရောက်သွားခဲ့ကြ၏။
အထဲသို့ ရောက်သည်နှင့် နဂါးသင်္ချိုင်းမြေက ဖျက်ဆီးခံထားရသည့် ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေသည်ကို လောထျန်း တွေ့လိုက်ရသည်။
မြေပြင်ကြီးက ပြိုကျပျက်စီးနေပြီး ကောင်းကင်ကလည်း အက်ရာများဖြင့် ပြည့်နေကာ အဆုံးမဲ့သည့် ကြောက်မက်ဖွယ်ဖိအားကြီး တစ်ခုက ကောင်းကင်ယံမှ တဟုန်ထိုး ကျနေပါ၏။
နျိုထျဲ့ချူနှင့် ကျန်သားရဲနှစ်ယောက်မှာ မျက်နှာများ ချက်ချင်း ပျက်သွားပြီး ဖိအားကို မခံနိုင်ဟန် ပေါက်သွားကြသည်။
" မင်းတို့ ကိုယ်ထဲက နတ်ဘုရားသွေးကို အသက်ဝင်လာအောင် လှုပ်နှိုးလိုက် "
လောထျန်းက ပြောလိုက်သည်။
" ဟုတ်ကဲ့ "
နျိုထျဲ့ချူက ချက်ချင်း ပြန်ပြော၏။ ထို့နောက် သူတို့ သုံးယောက်လုံး လောထျန်းပြောသည့်အတိုင်း သူတို့ကိုယ်ထဲမှ နတ်ဘုရားသွေးများကို အသက်ဝင်လာအောင် နှိုးဆွလိုက်ကြသည်။
ဝီ ..
ချက်ချင်း ဆိုသလိုပင် သူတို့ကိုယ်မှ စိတ်စွမ်းအင် အလင်းတန်းများ လင်းလက်လာပြီး ဖိအားကို ခံနိုင်သွားကြ၏။
လောထျန်းကမူ သူတို့ဘေးတွင် ရပ်၍ အပြင်လူများ ချုံခို တိုက်ခိုက်လာမည့်ရန်မှ ကာကွယ်ပေးနေသည်။
" သခင်လေး လောထျန်း ၊ ကျုပ် ဂိုဏ်းက လူတွေနဲ့ အရင်သွားလိုက်ဦးမယ် ၊ နောက်မှ တွေ့ကြမယ်ဗျာ "
ခပ်လှမ်းလှမ်းမှ ချူကျန့်က အော်ပြောလာ၏။
သူ့ဘေးတွင်မူ ကျန့်ဟွမ်တောင်မှ ဂိုဏ်းသူဂိုဏ်းသားများ ကြီး၊ငယ် ၊ ကျား ၊ မ အရွယ်စုံ လူစုံ ရှိနေကြသည်။
ချူကျန့်၏ ခေါင်းပေါ်တွင်ကား မှော်ဓားတစ်လက် မျောလွင့်နေပြီး ဖိအားများကို သူ့အတွက် ကာကွယ်ပေးနေ၏။
လောထျန်းက ခေါင်းညိတ်ပြလိုက်သည်။
" ကောင်းပါပြီ ၊ သွားပါ "
ချူကျန့်က သူ့အား ဦးညွှတ်အရိုအသေပေးပြီး သူ့ဂိုဏ်းမှ လူမျာနှင့်အတူ နဂါးသင်္ချိုင်းမြေ အတွင်းပိုင်းဘက်သို့ ဆက်ဝင်သွား၏။
" ဟမ့် "
ထိုစဥ် သူတို့နှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသည့် အမည်းရောင်ဝတ်ရုံနှင့် လူအား လောထျန်း တွေ့လိုက်ရသည်။ ထိုလူက လောထျန်းအား နှာခေါင်းရှုံ့ကာ လူသတ်အရိပ်အငွေ့များ ပြည့်နေသော မျက်လုံးဖြင့် ကြည့်နေ၏။ ထို့နောက်တွင်မူ သူ့ကိုယ်က အမည်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားကာ အထဲသို့ ဝင်သွားတော့သည်။
သူတို့ဘေး၌ လူများ သိပ်မရှိတော့သည့် အချိန်တွင်မူ နျိူထျဲ့ချူ၏ မျက်နှာပေါ်တွင် အပြစ်ရှိသကဲ့သို့ ခံစားနေရဟန် ပေါ်လာသည်။
" အကိုကြီး ၊ တောင်းပန်ပါတယ်ရှင် ။ ကျွန်မတို့ကြောင့် အကိုကြီး ဒုက္ခများရပြီ "
သူမက ဆိုသည်။
သူမတို့ကြောင့်သာ မဟုတ်လျှင် လောထျန်းက အတွင်းပိုင်းထဲသို့ မြန်မြန်သွားနိုင်မည် မဟုတ်ပါလား ။
လောထျန်းက နှုတ်ခမ်းတွန့်ရုံ ပြုံးကာ ပြန်ပြော၏။
" ကိစ္စမရှိပါဘူးကွာ ။ မင်းတို့ ကိုယ်ထဲက နတ်ဘုရားသွေးကိုသာ ဆက်ပြီး အသက်သွင်းကြပါ "
နျိုထျဲ့ချူက ခေါင်းညိတ်လိုက်ပြီး သူမကိုယ်ထဲမှ နတ်ဘုရားသွေးအား ဆက်လှုပ်ရှားစေလိုက်သည်။
ဤသို့ဖြင့် ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်တွင်မူ နျိုထျဲ့ချူတို့ သုံးယောက် သိသိသာသာပင် တိုးတက်လာကြပြီး ဖိအားဒဏ်နှင့် အသားကျသွားကြ၏။
" ကဲ .. ဒါဆို သွားကြစို့ "
ထိုအချိန်မှသာ လောထျန်းက ပြောလိုက်သည်။
" ဟုတ်ကဲ့ "
သူတို့ သုံးယောက်လုံး ပြန်ပြောလိုက်ကြပြီး လောထျန်းနောက်မှနေ၍ နဂါးသင်္ချိုင်းမြေထဲသို့ ဝင်သွားကြ၏။
" သခင်လေး ၊ တခြားတစ်နေရာကို အရင်သွားရအောင်ဗျာ "
ထိုစဥ် ရှောက်လုံက ရုတ်တရက် ပြောလာသည်။
ရှောက်လုံသည် နဂါသင်္ချိုင်းမြေမှ ထွက်လာခဲ့သူ ဖြစ်ရာ ဤနေရာအကြောင်းကို သူသာ အသိဆုံးဖြစ်ကြောင်း လောထျန်း သဘောပေါက်ပါ၏။ ထို့ကြောင့် ရှောက်လုံက ပြောသည်ကို သူ့ဘက်မှ ငြင်းနေစရာ အကြောင်းမရှိပါချေ။
ထို့နောက်တွင်မူ ရှောက်လုံက ရှေ့ဆုံးမှ ဦးဆောင်ပြီး လောထျန်းနှင့် ကျန်လူများက နောက်မှလိုက်ကာ တစ်နေရာသို့ ဦးတည်ထွက်သွားလိုက်ကြသည်။
ဤသို့ဖြင့် သူတို့ မိုင်ပေါင်းရာချီ ခရီးဆက်လာခဲ့ကြသည်။ ရှောက်လုံမှာ လမ်းတလျှောက်လုံး မျက်နှာသုန်မှုန်နေပြီး အလွန်စိုးရိမ်ဟန် ပေါက်နေ၏။
နောက်ဆုံးတွင်မူ သူတို့ ကန္တာရတစ်ခုဆီ ရောက်လာကြသည်။
" မိတ်ဆွေကြီး ၊ ဒီမှာ ရှိနေသေးလား "
ရှောက်လုံက ကန္တာရဆီသို့ ကျယ်လောင်စွာ အော်မေး၏။
သို့သော် .. မည်သည့် တုန့်ပြန်သံမှ ပြန်မလာပေ ။
" သခင်ကြီးလုံ ၊ ဘာလုပ်နေတာလဲဗျ "
နျိုဝူဖုန်းက တအံ့တသြ မေးလိုက်သည်။
ရှောက်လုံက မျက်မှောင်ကြုံ့လျက် ပြန်ပြော၏။
" ဒီနေရာမှာ ငါ့မိတ်ဆွေတစ်ယောက်ကို မြှုပ်ထားတယ် ။ သူ့မှာလဲ ငါ့လိုပဲ အကြွင်းအကျန် စိတ်ဝိဥာဥ် ကျန်နေသေးတယ်ကွ ။ သူက ဒီ နဂါးသင်္ချိုင်းမြေကနေ ပြန်ရှင်သန်ဖို့ အခွင့်အရေးကို မျှော်လင့်နေတာ "
နျိုဝူဖုန်းက ခေါင်းကုတ်ပြီး ပြန်ပြောသည်။
" ဒါဆို ..အခု သူက ဘာလို့ ထွက်မလာတာလဲ ။ သူ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိဥာဥ်က ဖျက်ဆီးခံလိုက်ရတာများလား "
ရှောက်လုံက သူ့အား စူးစူးရဲရဲ ပြန်စိုက်ကြည့်ကာ ပြော၏။
" သူ့စိတ်ဝိဥာဥ်က ငါ့ထက်တောင် ပိုအစွမ်းထက်သေးတယ် ။ တကယ်ဆို သူက နောက်ထက် နှစ်ထောင်ချီပြီးတော့တောင် ဆက်နေနိုင်ဦးမှာ "
လောထျန်းက ဝင်ပြောလိုက်သည်။
" ဒါဆို ကျုပ်တို့တွေ အဲ့ကိုပဲ အရင်သွားကြည့်ကြတာပေါ့ "
ရှောက်လုံက ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှသာ ခေါင်းညိတ်၍ ပြန်ပြော၏
" ကောင်းပါပြီ "
ထို့နောက်တွင်မူ သူတို့လူစု ကန္တာရ အလယ်ပိုင်းသို့ ရောက်လာခဲ့ကြသည်။
သို့သော် .. ထိုနေရာသို့ ရောက်သည်နှင့် သူတို့အားလုံး တုန့်ခနဲ ရပ်သွားကြ၏။
" ဘာ ...ဘာတွေ ဖြစ်နေတာလဲ "
ရှောက်လုံ အလွန်အံ့သြတူန်လှုပ်သွားသည်။
ကျန်သူများမှာလည်း သူ့နည်းတူပင် အံ့အားသင့်နေကြ၏။
အဘယ့်ကြောင့်ဆိုသော် ကန္တာရအလယ်တွင် မြေကြီးထဲမှ တူးထုတ် ခံထားရဟန် တူသည့် နဂါး သင်္ချိုင်းဂူတစ်ခု ရှိနေပြီး ထိုသင်္ချိုင်းဂူ ရှိထားခဲ့နေရာတွင်လည်း တွင်းနက်ကြီးတစ်ခု ရှိနေသောကြောင့်ပင် ။
ထိုတွင်းနက်ကြီး၏ ဘေးပတ်လည်တွင်ကား ကျိုးပဲ့ပျက်စီးနေသည့် သင်္ချိုင်း မှတ်တိုင် ကျောက်ပြား အပိုင်းအစများနှင့် နဂါးအရိုးများ တစ်စစီ ပြန့်ကျဲနေသည်။
" ဘယ်လိုဖြစ်ပြီး ... ဘာတွေ ဖြစ်သွားခဲ့တာလဲ ။ ဒီနေရာကို ဘယ်သူ ဖျက်ဆီးလိုက်တာလဲ "
ရှောက်လုံ ဒေါသတကြီး အော်လိုက်သည်။
သို့သော် ယခင်ကအတိုင်း မည်သည့်တုန်ပြန်မှုမျိုးမှ ပြန်မကြားရပါချေ။
လောထျန်းက သူ့စိတ်ဝိဥာဥ်ကို ချက်ချင်း ထုတ်၍ စစ်ဆေးကြည့်ကာ ပြောလာ၏။
" ဒီမှာ မိစ္ဆာဝိဥာဥ် အငွေ့အသက်တွေ ရှိနေတယ် "
" မိစ္ဆာဝိဥာဥ် ဟုတ်လား .. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ရှောက်လုံက တအံ့တသြ ပြန်ပြောသည်။
လောထျန်းက တည်တည်ငြိမ်ငြိမ်ပင် ပြော၏။
" ဘာလို့ မဖြစ်နိုင်မှာလဲ ၊ ကျုပ် မှတ်မိသလောက်ဆိုရင် ခင်ဗျားတို့ နဂါးအရိုးက မိစ္ဆာဝိဥာဥ်တွေ အလွယ်တကူ ထိန်းချုပ်ပြီး ကျူးကျော်လို့ရတဲ့အရာ မဟုတ်လား "
ရှောက်လုံမှာ ထိုအချိန်တွင် မိုးကြိုးပစ် ခံထားရသည့်အလား တစ်ကိုယ်လုံး တုန်နေပြီး ပြောသည်။
" မှန်တော့ မှန်ပါတယ် ။ ဒါပေမယ့် အဲ့တုန်းကတော့ ကျုပ်တို့ရဲ့ နဂါးအရိုးနဲ့ အကြွင်းအကျန် စိတ်ဝိဥာဥ်က မကောင်းတာတစ်ခုခု ဖြစ်သွားမှသာ မိစ္ဆာဝိဥာဥ် မွေးဖွားနိုင်တယ်လို့ပဲ ထင်နေခဲ့တာ "
လောထျန်းက ပြန်ပြော၏။
" အခု ကြည့်ရတာတော့ .. ဒီကိစ္စက မတော်တဆ မဟုတ်ဘူးနဲ့တူတယ် "
နျိုထျဲ့ချူက ဝင်ပြောသည်။
" မဟုတ်မှလွဲရော .. တစ်ယောက်ယောက်က နဂါးသင်္ချိုင်းမြေကို ချောက်ချဖို့ ကြံစည်ပြီး ဒီ မိစ္ဆာဝိဥာဥ်တွေကို တမင် ဝင်ခိုင်းခဲ့တာများလား "
ဘုရင်ကျင်းဖန်ကလည်း ပြော၏။
" နဂါးမျိုးနွယ်ဆိုတာ ကမ္ဘာပေါ်မှာ ' ယန် ' အစွမ်း အကောင်းဆုံး သားရဲတွေ ဖြစ်ပြီးတော့ နဂါးစိတ်ဝိဥာဥ်ကလဲ သဘာဝ စိတ်ဝိဥာဥ်နဲ့ အနီးစပ်ဆုံးလို့ ပြောလို့ရတယ် ။ ဒါပေမယ့် နဂါးတွေ သေသွားတဲ့ အချိန်မှာတော့ ဗီဇပြောင်းလဲမှု ဖြစ်သွားပြီး ' ယင် ' အစွမ်း ပေါများတဲ့အရာ ဖြစ်သွားတယ် ။ အဲ့ကျရင် နဂါး စိတ်ဝိဥာဥ်ကလဲ မိစ္ဆာဝိဥာဥ်တွေအတွက် အကောင်းဆုံး အဟာရလို ဖြစ်သွားတာပေါ့ "
" ကျုပ်တို့ နတ်ဆိုးမျိုးနွယ်စုရဲ့ ဘိုးဘေးတစ်ယောက်ဆီကနေ ကြားဖူးတာတော့ ဟိုး အရင်တုန်းက နဂါးမျိုးနွယ်စုရဲ့ အင်မတန်အစွမ်းထက်တဲ့ နဂါးကြီးတစ်ကောင် သေသွားပြီးတဲ့အခါမှာ အရမ်း ကြောက်စရာကောင်းတဲ့ မိစ္ဆာဝိဥာဥ် နဂါးကြီးတစ်ကောင် ဖြစ်သွားခဲ့ပြီးတော့ ကျုပ်တို့ ထျန်းယွမ်ကမ္ဘာ တစ်ခုလုံးကို ဖျက်ဆီးပစ်တော့မလိုတောင် ဖြစ်ခဲ့ရတယ်တဲ့ "
ရှောက်လုံက ခေါင်းညိတ်ပြီး ပြောသည်။
" အမှန်ပဲကွ ။ အဲ့ကိစ္စက ငါတို့ နဂါးမျိုးနွယ်အတွက်လဲ အရှက်ရစရာ အဖြစ်ပျက် တစ်ခုပဲ ။ သခင်ကြီး ထျန်းလုံက ဒီ နဂါးသင်္ချိုင်းမြေကို ဖွင့်ခဲ့တုန်းကတောင် သူ သေသွားတဲ့အချိန်မှာ သူ့ ခန္ဓာကိုယ်နဲ့ တခြားနဂါးတွေရဲ့ ခန္ဓာကိုယ်က ဗီဇပြောင်းသွားမှာကို စိုးရိမ်နေခဲ့တာ "
" ဒါ့ကြောင့်လဲ သခင်ကြီး ထျန်းလုံးက အဲ့လိုမဖြစ်အောင် ကာကွယ်ဖို့အတွက် အစီအစဥ်တွေ အများကြီး လုပ်ထားခဲ့တယ် ။ ဒါပေမယ့် .. အခုတော့ သူ စိုးရိမ်ခဲ့တဲ့အရာက တကယ် ဖြစ်လာခဲ့ပြီ "
ထိုအချိန်တွင် ရှောက်လုံသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသည့်အလား အလွန်ကြောက်ရွံ့နေဟန် ဖြစ်သွား၏။
နျိုထျဲ့ချူက သူ့အမူအရာ ပြောင်းလဲသွားပုံကို သတိထားမိကာ မေးလာသည်။
" ဘာဖြစ်လို့လဲ သခင်ကြီး ရှောက် "
ရှောက်လုံက တုန်ယင်နေသည့် အသံဖြင့် ပြန်ပြော၏။
" ငါ .. .. သခင်ကြီး ထျန်းလုံရဲ့ စိတ်ဝိဥာဥ်ကနေ မိစ္ဆာဝိဥာဥ် မွေးဖွားလာပြီလား လို့ စိုးရိမ်နေတာ ... "
သူ့စကားကို ကြားသည်နှင့် နျိုထျဲ့ချူအပါအဝင် ကျန်သူများအားလုံး ကျောချမ်းသွားကြသည်။
ရှေးခေတ်မှ သာမာန် အစွမ်းထက် နဂါး တစ်ကောင်၏ ဗီဇပြောင်းလဲမှုသည်ပင် ထျန်းယွမ် ကမ္ဘာကြီးအတွက် ဆိုးရွားသော ဒုက္ခကပ်ဘေးများ ယူဆောင်လာနိုင်ခဲ့ပါသည်။
ယခု .. အကယ်၍ ထျန်းယွမ်ကမ္ဘာ၏ သမိုင်းတစ်လျှောက်တွင် အစွမ်းအထက်ဆုံး နဂါးကြီးကသာ ဗီဇပြောင်းပြီး .. မိစ္ဆာဝိဥာဥ် ဖြစ်သွားခဲ့ပါက ....
ကောင်းကင်ဘုံ ပျက်စီးခြင်း ၉ ခု ထက်ပင် ပို၍ အန္တရာယ်များနိုင်မည် ဖြစ်ပါ၏။
" သခင်လေး လောထျန်း ၊ ဒီမှာ ဖြစ်သွာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ကို ကျုပ် အကူအညီ တောင်းပါရစေဗျာ "
ရှောက်လုံက လောထျန်းအား ဦးညွှတ်အရိုအသေပေး၍ ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ လောထျန်းက ခေါင်းညိတ်ပြီး ပြန်ပြော၏။
" ကျုပ် သေချာ စုံစမ်းပေးပါ့မယ် "
အခြားသူတစ်ယောက်ထံမှ အကူအညီကို လက်ခံရယူပြီးပါက မိမိဘက်မှလည်း ထိုလူအတွက် ပြန်လုပ်ပေးရမည် မဟုတ်ပါလား ။
သူသည် နဂါးမျိုးနွယ်၏ ရတနာကို ရတော့မည် ဖြစ်ရာ .. ယခုကိစ္စတွင် ပြန်ကူညီရမည့် တာဝန် ရှိပါသည်။
ထိုအချိန်တွင် နျိုဝူဖုန်းက ရုတ်တရက် ပြောလာ၏။
" ဟို ... ဦးလေး .. ကျုပ် ဟိုဟာတွေကို .. သန့်စင်လို့ ရမလားဟင် "